သူ ငယ် ချင်း
"ရားရာ" သုံးတန်းနှစ်... မနက်ခင်းတစ်ခုမှာ "ရားရာ" ရုတ်တရက် မူးလဲသွားခဲ့တယ်။ ဆေးရုံပို့ စစ်ဆေးကြည့်တော့ သွေးကင်ဆာလို့ သိလိုက်ရတယ်။
ရားရာတို့မိသားစုက ထိုင်ဝမ်ကျွန်း တောင်ပိုင်းမှာနေကြတယ်။ မိတ်ဆွေတွေပေးတဲ့ အကြံကြောင့် မြောက်ပိုင်း (ထိုင်ပေ) မှာ ဆေးလာကုခဲ့ကြတယ်။ ဆေးရုံ စတက်တဲ့နေ့ကစပြီး ရားရာ မျက်ရည်နဲ့ မပြတ်ခဲ့ဘူး။ အထူးသဖြင့် ခါးအထိရှည်တဲ့ သူ့ဆံပင်တွေ ဓာတ်ကင်လို့ ကျွတ်ကုန်ခဲ့တယ်။ ဆံပင်ကျွတ်ကုန်လို့ ရားရာ စိတ်ဆိုးပြီး တစ်ပတ်တိတိ ဘယ်သူနဲ့မှ စကားမပြောခဲ့ဘူး။ နပ်စ်တွေက ဘယ်လိုပဲ ချော့မော့နှစ်သိမ့်ခဲ့လည်း ရားရာ ငိုပဲငိုနေခဲ့တယ်။ ကျွေးတဲ့အစာတွေကိုလည်း ကုန်အောင်မစားခဲ့ဘူး။ အစာစားတိုင်း အစာတွေကို သူ မပစ်ထုတ်နိုင်အောင် နပ်စ်တွေက အနားမှာစောင့်ကြည့်ခဲ့ရတယ်။
တစ်ခုသော တနင်္ဂနွေနေ့မှာ ကျွန်တော်ဂျူတီကျခဲ့တယ်။ ရိုးတွင်းချဉ်ဆီ ပြောင်းရွေ့ကုသဆောင်ကလည်း ကလေးကင်ဆာဆောင်မှာပဲ ရှိနေတဲ့အတွက် အဲဒီနေ့က ပြောင်းရွေ့ကုသပြီး လူနာခန်းထဲက ကျွန်တော်ထွက်အလာ အခန်းရှေ့မှာ ဂတုံးတုံးထားတဲ့ ကလေးအယောက်(၂ဝ)ကို ရုတ်တရက် တွေ့လိုက်မိတယ်။
"ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်? " လူနာအသစ်တွေ ရောက်လာတယ်ထင်ပြီး ရုတ်တရက် ကျွန်တော် ထိတ်လန့်သွားမိတယ်။
ဒါပေမယ့် ဒီဂတုံးတွေ ကြည့်ရတာ သန်မာဖြတ်လတ်နေတယ်။ ဖျားနာတဲ့ ကလေးတွေနဲ့ တူမနေခဲ့ဘူး။ ယောက်ျားလေးတွေ သာမက မိန်းကလေးတွေပါ ဂတုံးတုံးထားတဲ့အတွက် နပ်စ်ကိုခေါ်ပြီး ကျွန်တော်မေးကြည့်လိုက်တယ်။ လက်စသတ်တော့ သူတို့က ရားရာရဲ့ အတန်းဖော်တွေဖြစ်ပြီး ကျောင်းအားရက်မှာ တောင်ပိုင်းကနေ တကူးတက ရားရာကို လာကြည့်ကြတာဖြစ်တယ်။
ရားရာက ဓာတ်ကင်ထားတဲ့အတွက် ဆံပင်တွေကျွတ်ပြီး စိတ်ထိခိုက်နေမှာ စိုးတဲ့အတွက် အတန်းဖော်အားလုံးကပါ ဂတုံးတုံးပြီး ရားရာကို လာအားပေးကြတာဖြစ်တယ်။
အဲဒီနေ့က ရားရာ ဓာတ်ကင်ပြီးစဖြစ်တဲ့အတွက် သွေးဖြူဥတွေက သာမန်အခြေအနေမှာပဲ ရှိသေးတာကြောင့် ကလေးတွေနဲ့ လက်ခံစကားပြောခွင့်ရခဲ့တယ်။ ဂတုံးအယောက်(၂ဝ)လုံး ရားရာရဲ့ အခန်းထဲမှာ စုပြုံလို့.. ဂတုံးအောက်မှာ ပြုံးရွှင်တဲ့မျက်နှာလေးတွေနဲ့ ရားရာပါ ပြုံးပျော်ရွှင်နေခဲ့တယ်။ ဆေးရုံစတက်ချိန်ကနေ ဒီနေ့အထိ ရားရာဒီလိုပျော်ရွှင်တာကို ကျွန်တော်တို့ မတွေ့ခဲ့ဖူးကြဘူး။
ဂတုံးလေးတွေ နေ့လယ်စာ ထမင်းအတူစားကြတယ်။ အခန်းနဲ့တောင် မဆန့်အောင်ပါဘဲ။ အဲဒီနေ့က ရားရာ အစာတွေ တော်တော်စားဖြစ်ခဲ့တယ်။ ဂတုံးလေးတွေ မပြန်ခင် အုပ်စုလိုက် ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ဂတုံးတိုင်း ပြုံးရီလို့.. ဒါ ဒီတစ်သက် ကျွန်တော်တွေ့ဖူးသမျှ ဓာတ်ပုံတွေထဲက အလှဆုံးဓာတ်ပုံဖြစ်တယ်။ အဲဒီပုံထဲကနေ မေတ္တာစစ်တစ်ခုကို ကျွန်တော်တွေ့ခဲ့ရလို့ပါပဲ.. အဲဒီမေတ္တာစစ်ကို "သူငယ်ချင်း" လို့ ခေါ်ခဲ့တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
မူရင်းရေးသားသူ .. 黃冠誠 Huang Guan Cheng (Blood Cancer Doctor)"全班都光頭"

ဘဝထဲက အပျော်ကိုရှာ
တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးတစ်ပါးဟာ ကိုရင်တစ်ပါးကို တောင်အောက်လွတ်ပြီး ဆီအဝယ်ခိုင်းခဲ့တယ်။ ကိုရင်ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး " ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင် ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်" လို့ သတိပေး မှာကြားလိုက်တယ်။
ကိုရင်က တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။ လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။ ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ ကြောက်လန့်ပြီး လက်တွေတုန်လာခဲ့တယ်။ ဆီခွက်ကို အငြိမ်မကိုင်နိုင်ခဲ့လို့ ဆီခွက်ဟာ မီးဖိုချောင်အရောက်မှာ တစ်ဝက်သာကျန်ခဲ့တော့တယ်။
ဒါကို ဘုန်းကြီးကသိတော့ ကိုရင်ကို စိတ်ဆိုးပြီး "သေချာယူခဲ့ပါလို့ မှာထားရက်နဲ့ ဖိတ်ဖြစ်အောင်ဖိတ်ခဲ့သေးတယ်" ဆိုပြီး ဆူတော့ ကိုရင် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီအဖြစ်ကို တစ်ခြားဘုန်းကြီးတစ်ပါးက သိတော့ ကိုရင်ကိုခေါ်ပြီး နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ကိုရင်ကိုခေါ်ပြီး "ကိုရင်ကို ဆီသွားဝယ်ခိုင်းအုန်းမယ်။ ဒီတစ်ခေါက်သွားရင် လမ်းပေါ်မှာ ကိုရင်တွေ့တဲ့ လူ၊ ပစ္စည်းမှန်သမျှ ဘုန်းကြီးကို ပြန်လျှောက်ရမယ်" လို့ မှာလိုက်တယ်။
ဘုန်းကြီးစကားကို ကြားတော့ ကိုရင်က မသွားချင်ခဲ့ဘူး။ ပထမတစ်ခေါက်က ဆီခွက်ကို မဖိတ်အောင် မယူနိုင်ခဲ့တဲ့အပြင် ဒီတစ်ခေါက်က ဘေးဝဲယာကို ကြည့်ရမယ်ဆိုတော့ ဒီအလုပ်ကို သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ တိုက်တွန်းမှုကြောင့် မဖြစ်မနေ သူသွားခဲ့ရပြန်တယ်။
ဆီဝယ်ပြီး အပြန်လမ်းမှာ ကိုရင်က ဘေးဝဲယာကို ကြည့်ပြီး ပြန်လာခဲ့တယ်။ ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးတွေ၊ တောတောင်ရဲ့အလှကို ခံစားရင်း၊ လယ်သမားတို့ရဲ့ လှေကားထစ် စိုက်ခင်းတွေကို ကြည့်ရှုရင်း စိတ်တွေက ပေါ့ပါးနေခဲ့တယ်။ ပတ်ဝန်းကျင်အလှမှာ နစ်မျှောနေခဲ့လို့ ဘုန်းကြီးကျောင်းရှေ့ သူရောက်လို့ရောက်လာမှန်း မသိခဲ့ဘူး။ မီးဖိုချောင်ရောက်တဲ့အထိ ခွက်ထဲက ဆီက တစ်စက်မှတောင် မဖိတ်ခဲ့ပါဘူး။
သတိထားလေ အမှားလုပ်မိလေပါပဲ။ ဒါကြောင့် သင်ယူချိန်မှာဖြစ်ဖြစ်၊ အလုပ်ချိန်မှာဖြစ်ဖြစ် စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အတွေ့အကြုံအတွက် သင်ယူလေ့လာနိုင်ခဲ့ရင် အကောင်းဆုံးပါ။ အတွေ့အကြုံထဲကနေ ဘဝရဲ့ ပျော်ရွှင်မှုကို ရှာဖွေတတ်သူတွေကမှ စိတ်ရဲ့ဖိစီးမှု၊ စိတ်ညစ်မှုတွေနဲ့ ကင်းဝေးမှာဖြစ်တဲ့အကြောင်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original from :http://www.yukz.com/index203.html

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.