Tuesday, January 6, 2009

[M Y] 1 New Entry: ဦးနာအောက်၊ အောက် မအောက် (၈)

ဦးနာအောက်၊ အောက် မအောက် (၈)

မှတ်တမ်းများအရ ၁၈၃၈ ခုနှစ်က ရန်ကုန်မြို့ မှာ အိန္ဒိယလူမျိုးစုစုပေါင်း ၁၉ ဦးသာရှိခဲ့ပါတယ်။ဒါပေမယ့် နောက်နှစ်ပေါင်း ၂၀ကျော် ခန့် အကြာ ၁၈၆၂ ခုနှစ်မှာ ရန်ကုန်မြို့ နဲ့ အောက်ဗမာပြည်မှာ အိန္ဒိယ လူမျိုးပေါင်းသိန်း နဲ့ ချီရှိခဲ့ပြီဖြစ်ပါတယ်။ (၁၉၃၇ ခုနှစ် ခွဲရေး-တွဲရေးအရေးမှာ အိန္ဒိယက ဗမာပြည် ခွဲထွက်ခဲ့ပီးတဲ့အချိန်အရောက်မှာ ဗမာနိုင်ငံအတွင်းအခြေချလာကြတဲ့ အိန္ဒိယ လူမျိုးပေါင်း လူဦးရေတစ်သန်းကျော်ရှိခဲ့ပါပြီ။)

ဦးနာအောက်အထုပ္ပတ္တိမှာတော့ဦးနာအောက်ဟာ မယ်ဟောင်စွန် သစ်တော ကြိုးဝိုင်းမှာ အောင်မြင်မှုများ စွာရပြီးမိမိနယ် ကော့နတ်ရွာကိုပြန်လာတဲ့အချိန်မှာ "ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ်တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါး ရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။" လို့ ဆိုထားတာတွေ့ ရပါတယ်။
.
.

ဒီနေရာမှာကျွန်တော့်အနေနဲ့ တော့ ဦးနာအောက်ဟာချစ်တီးတွေကိုတိုက်ခိုက်ချင်ရုံသက်သက်နဲ့ စပါး ရောင်းဝယ်ရေး ထဲဝင်လာတယ်လို့ မယူဆ ချင်ပါ။ ဦးနာအောက်ဟာ ဆိုရရင်ကိုလိုနီခေတ် အရင်း ရှင်စီးပွားရေးမှာ စွန့် ဦးတီထွင်တိုင်းရင်းသားလုပ်ငန်းရှင်၊ ကိုယ်တိုင် အရင်းရှင် လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာပြီဖြစ်တဲ့အတွက်၊ကမ္ဘာမှာဆန်စပါးတင်ပို့ ရာနိုင်ငံ အဖြစ် နံပါတ်တစ်ဦးဆောင်ဖြစ်နေတဲ့ဗမာနိုင်ငံမှာ၊ ကမ္ဘာ့စပါးကျီခေါ် တဲ့မြစ်ဝ ကျွန်းပေါ်ဒေသကြီးမှာ အလျင်အမြန်ထွန်းကားလားတဲ့ ဒီ ဆန်စပါးရောင်းဝယ်ရေး ဈေးကွက်ကြီးကိုမမြင်ဘဲနေမှာမဟုတ်တာပါဘဲ။

နောက်တစ်ချက်က အဲဒိကာလမှာ စကော့တလန် နဲ့ ဥရောပကုန်သည်ကြီး တွေကိုယ်တိုင်ကန့်  သတ်မှု တွေများတဲ့ သစ်ထုတ်လုပ်ငန်းဘက်ကို ဦးစားမပေးတော့ပဲ ဆန်စပါးလုပ်ငန်းမှာ အပြိုင် ၀င်တိုးလုပ်ကိုင်နေတဲ့ အချိန်၊ အိန္ဒိယသားတွေဝင်ရောက်ဈေးကစားနေတဲ့ ဒီဆန်စပါးစီးပွားခွင်ထဲကို အဲဒိအချိန်မှာ တိုင်းရင်းသား စီးပွားရှင်တစ်ဦးအနေနဲ့ ခေတ်ပြောင်းလဲမှု၊ ဈေးကွက် တောင်းဆိုမှုတွေ အရဒီ ဆန်စပါး ရောင်းဝယ်ရေးထဲကို ၀င်ကိုဝင်နွှဲရမှာမလွဲပါ။ ဒီလိုဝင်နွဲတာနဲ့ တပြိုင်နက်အထက်က ဦးနာအောက် အရင်၁၀နှစ်ခန့် စောပြီး လက်ဦးမှုယူထားတဲ့ငွေပိုင်ရှင် ၊အရင်းရှင် ချစ်တီး စီးပွားရေးသမားတွေနဲ့ ထိပ်တိုက် တွေ့ ရတော့မှာလဲမလွဲပါဘူး။

ပထမပိုင်းမှာ ဦးနာအောက်ဟာချစ်တီးတွေနဲ့ စပါးပြိုင်ဝယ်ရာမှာ ၊အရှုံးပေါ်ခဲ့တယ်ဆိုပါတယ်။ သူ့ အထုပ္ပတ္တိမှာ တော့ "နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲသို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စတစ်ယောက် ၀င်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏ လုပ်ငန်း ပျက်စီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထိုသို့တိုက်ခိုက်ခံ ရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။" လို့ ဆိုပါတယ်။

ဒီနေရာမှာ ဦးနာအောက်လို တိုင်းရင်းသားအရင်းရှင်ပေါက်စလုပ်ငန်းရှင်တစ်ဦးဝင်လာတာ ကိုဈေးကွက်မှာ လက်ဦးမှုရထားတဲ့လူမျိုးခြား ချစ်တီးတွေက အပြုတ် ၀ိုင်း တိုက်ကြမယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ အကြောင်းက ဦးနာအောက်ဟာ ဒေသခံ တစ်ဦးဖြစ်နေတဲ့ အတွက်တစ်ချိန်မှာ သူတို့ ထက် ပိုလက်သွက် လာနိုင်မယ့်  အန္တရာယ်ကိုနိုင်ငံတကာကူးသန်းရောင်းဝယ်မှုအတွေ့ အကြုံရှိနေတဲ့ချစ်တီးတွေက ကြိုမြင်နေတာကြောင့်ပါ။

ချစ်တီးတွေ ဆိုတာလဲ ဗမာပြည်ကို တိုးပွားရွှေ့ ပြောင်းလာလိုက်တာ ဦးနာအောက် ဆန်လုပ်ငန်း ၀င်တဲ့ကာလ၀န်းကျင်မှာ ရန်ကုန်အခြေစိုက် ချစ်တီးကုမဏီပေါင်း က ၁၆၅၀ ခန့် အထိကို ရှိခဲ့ပါတယ်။ တကယ့်ကို ဘဲအုပ်ကတစ်ရာ နှစ်ရာ၊ မဗေဒါကတစ်ယောက်ထဲဆိုသလိုပါ။

နောက်တစ်ချက်က ဦးနာအောက် ပထမပိုင်းမှာအရှုံးပေါ်ခဲ့တယ် ဆိုရာမှာလဲ ဘဏ်လုပ်ငန်း စနစ်ကို ကျွမ်းကျင်လွန်းတဲ့ ငွေတိုးချေးစားတဲ့ချစ်တီးတွေရဲ့  လုပ်ငန်း လည်ပတ်ပုံ သဘောတရားကို မသိကျွမ်း သေးတဲ့အချက်လဲပါမယ်လို့ သုံးသပ်ချင်ပါတယ်။ မိမိချို့  ယွင်းမှု၊လစ်ဟာမှုများကိုစနစ်တကျသုံးသပ်ပြင်ဆင်ပြီး နောက်ပိုင်းမှာဦးနာအောက် ဟာတကယ်ပဲချစ်တီးတွေကြိုတွက်ခဲ့သလို သူ တို့ ထက်ဆန်စပါးရောင်းဝယ်ရေး ဈေးကွက်မှာ စပါးတန်ချိန်ပေါင်းများစွာပိုမိုဝယ်နိုင်ပြီး လက်သွက်အောင်ပွဲခံလာတာကိုတွေ့ ရပါတယ်။ အောင်မြင်မှု အသေးစိတ်ကိုဦးနာအောက်အထုပ္ပတ္တိမှာပြန်လေ့လာနိုင်ပါတယ်။

အထက်ကပြောခဲ့ပြီးတဲ့အတိုင်း ၁၈၅၂ ခုနှစ်ထဲကပြဌာန်းခဲ့တဲ့ လယ်ယာ မြေပိုင်ဆိုင်ခွင့်၊ ပေါင်နှံခွင့်ဥပဒေ ကြောင့် ဒီဆန်စပါးလုပ်ငန်းထဲဝင်လာတဲ့  ဦးနာအောက်အနေနဲ့ ကလဲ ချစ်တီးများနည်းတူ ငွေတိုးချ ပေးတဲ့၊စပါးစိုက်ဖို့  ငွေရင်းကြို ထုတ် ပေးတဲ့ စနစ်နဲ့ ဝင်ရောက်လုပ်ကိုင်ရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဦးနာအောက်ဟာ တိုင်းရင်းသားလုပ်ငန်း၊ရှင်တစ်ဦး ဖြစ်တဲ့အပြင် ကိုယ်တိုင်လယ်သမား ဘ၀ကာလ တဲ့လူတစ်ဦးဖြစ်တဲ့အတွက် ချစ်တီးကုလားထံ လယ်သမားများ အဆမတန်သော အတိုးဖြင့် ငွေချေးရ သည်ကို တွေ့မြင်ရသည့်အတွက်၊ ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်း သက်သက်သာသာဖြင့် လယ်သမားများအား ငွေချေးခဲ့တဲ့အပြင် လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့ပြီး ၎င်း၏ လုပ်ငန်း များတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေခဲ့ပါတယ် ဆိုပါတယ်။

ဒါကတော့အဲဒိခေတ်ကအိန္ဒိယနိုင်ငံက အလုပ်သမားကန်ထရိုက်တာတွေဟာ ကူလီခေါ်တဲ့ အိန္ဒိယ လုပ်သား တွေကိုတင်သွင်းလာခဲ့ပြီး ဒီ ချစ်တီး လယ်ယာမြေတွေမှာလုပ်သားတွေအဖြစ်ပြန်ငှားစားခဲ့တာ ပါ။ လယ်ကူလီ ယာကူလီ ဆိုတဲ့စကားလဲ ဒီကဆင်းသက်လာပုံရပါတယ်။ ဦးနာအောက် လယ်တွေ၊ လုပ်ငန်းတွေမှာ တိုင်းရင်းသား များသာ ၀င်ရောက် လုပ်ကိုင် စေတယ်ဆိုတဲ့အချက်ကတော့ ဂုဏ်ယူစရာ အမျိုးသားရေး စိတ်ဓာတ်ရှေ့ပြေးအဖြစ်မြင်မယ်ဆိုမြင် နိုင်ပါတယ်။ (တစ်ခုသတိပြုစေ လိုတာက တော့ဦးနာ အောက်ဟာ တော်လှန်ရေးလုပ်နေတာမဟုတ်တာပါဘဲ)

ဒီလယ်ယာလုပ်ငန်းတိုးချဲ့ ခဲ့တာကတော့ဦးနာအောက်တစ်ဦးတည်း သာမက ဒီလုပ်ငန်း လုပ်နေသူ အရင်းရှင်အား လုံးပါနေပါတယ်။ အကြောင်းကဗမာနိုင်ငံက ထွက်တဲ့ ဆန်စပါးကို ကမ္ဘာက၀ယ်လိုအားနဲ့အတူ့စပါးဈေးတွေ ပါ တက်လာခဲ့တာမို့  အဲဒိအချိန်က လယ်ယာလုပ်ငန်းတွေကို တိုးချဲ့ ခဲ့ရာမှာ အရင်က လယ်ယာ မြေမဟုတ်ခဲ့တဲ့  ဒေသ တွေ ဖြစ်တဲ့ရန်ကုန်တိုင်း ၀န်းကျင်၊ပဲခူးတိုင်းဝန်းကျင် တစ်ခွင်မြစ်ဝကျွန်းပေါ် အနီးတ၀ိုက် က မြေတွေ ကို လယ်ယာမြေတွေ အဖြစ်အသုံးပြုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခဲ့တယ်လို့ မှတ်တမ်းများမှာ တွေ့ ရလို့ ပါပဲ။

ဆန်စပါးရောင်းဝယ်မှု၊လယ်ယာမြေလုပ်ငန်းမှာဝင်ရောက် လုပ်ကိုင်အောင်မြင်မှု ရလာခဲ့တဲ့ဦးနာအောက်ရဲ့  နောက်ဆုံး လုပ်ငန်းကြီးတစ်ခုကတော့ မီးသဘောင်္သူဌေးဖြစ်လာခြင်းဆိုတာပါပဲ။ ဒီမီးသဘောင်္ လုပ်ငန်းမှာ ဦးနာအောက်ဝင်ရောက်ရင်းနှီးမြုပ်နှံခြင်းအကြောင်းကလဲ တစ်ချို့ တွေးကြသလို လက်ဝါးကြီးဝင်အုပ်ချင်လို့ မဟုတ်ပါ။ အဓိကအကြောင်းကတော့ ဦးနာအောက် လုပ်ကိုင်အောင်မြင်ခဲ့တဲ့ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းနဲ့  ဆက်စပ်နေတာပါ။

ကာလကို ပြန်တွက်ကြည့်မိတော့ ၁၈၈၅ ခုနှစ် မြန်မာတစ်ပြည်လုံး တပါးလက် အောက် ရောက်သွားချိန်မှာ့ ဦးနာအောက် အသက် က ၅၂ နှစ်ရှိနေပါပြီ။

အဲဒိကာလမှာ ဦးနာအောက် စပါးသွားကောက်ခဲ့တဲ့ဒေသတွေကိုလေ့လာကြည့်မိတဲ့အခါ ကလွီ၊ ဒရယ်၊ သဲကုန်း၊ ကျုံတော်၌ လည်းကောင်း၊ ဟံသာဝတီ ပဲခူးဘက်၌ လည်းကောင်း၊ ခရမ်းသုံးခွတို့၌ လည်းကောင်း၊ သံလွင်မြစ်တစ်လျှောက် လက်ပံတော၊ မှော်ဘီ၊ ထုံးအိုင်ဘက်၌ လည်းကောင်း၊ ဂျိုင်းမြစ်ဘက် ကရနာ၊ ကော့တက်၊ ကော့ဘိန်း၊ ကော့လမု၊ ဇာသပြင်၊ ဂျိုင်း၊ သရက်တော၊ ဂန္ဓီတိုင်အောင်တို့၌ လည်းကောင်း၊ ကျိုက်မရော၊ အတ္ထရံမြစ်ကမ်းရှိ ရွာတို့၌ လည်းကောင်း စပါးများ ၀ယ်ယူပြီးဆန်စပါးရောင်းဝယ်ရေးလုပ် ခဲ့တယ်ဆိုပါတယ်။ဒီစပါးတွေကို မည်သည့် နည်းလမ်းဖြင့် ဦးနာအောက် တစ်ယောက် သယ်ယူပါမည်နည်း။

(အပိုင်း ၉ ဆက်ပါမည်)
မောင်ရင်
..


You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.