Tuesday, January 6, 2009

[Mogok Media] 2 New Entries: သခင်သာခင် (သို့) မိုးကုတ်နယ်သား ထူးချွန်သော နိုင်ငံရေးသမား

သခင်သာခင် (သို့) မိုးကုတ်နယ်သား ထူးချွန်သော နိုင်ငံရေးသမား



သခင်သာခင် ကို ၁၉၁၉-ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် မိုးကုတ်မြို့နယ် ကင်းရွာ၌ မွေးဖွားခဲ့ပြီး ကျပ်ပြင်တွင် နေထိုင်ကြီးပြင်းခဲ့ပါသည်။ ၁၉၃၆-ခုနှစ်တွင် ကျောင်းမှထွက်၍ ၁၉၃၉-ခုနှစ်တွင် လူငယ်များသမဂ္ဂအသင်း နှင့် တို့ဗမာအစည်းအရုံး သို့ ၀င်ရောက်ခဲ့ပြီး အသက်(၂၀)အရွယ်ကတည်းကပင် နိုင်ငံရေး ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၀-၄၁ ခုနှစ် အထက်ဗမာပြည် နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေးတွင် တာဝန်ခံခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုစဉ်က သခင်သာခင်သည် အထက်ဗမာပြည်လုံးဆိုင်ရာ BIA အုပ်ချူပ်ရေးအဖွဲ.၏ ဖွဲ.စည်းရေးမှုးအဖွဲ.တွင် တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။ ၁၉၄၁ တွင်ဖွဲ.စည်းခဲ့သည့် မြေအောက်တော်လှန်ရေးအဖွဲ.ခွဲတွင် မိုးကုတ်ဒေသတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၁-၄၅ ဂျပန်ခေတ်တလျှောက်လုံးတွင် အစိုးရဖက်၌ ခရိုင်ရဲ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် စစ်တိုင်းအမှတ်(၆)မှ ဗိုလ်မှူးရဲထွတ် ဦးစီးသော ဘယကျော်ထင်တပ်ဖွဲ.တွင် တောင်ပိုင်းရှမ်းပြည်၊ ပျဉ်းမနားနယ်စပ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် အဖမ်းခံရပြီး ထောင်တွင်း အကျဉ်းကျခံခဲ့ရပါသည်။

၁၉၄၇-ခု ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ခေတ်တွင် မိုးကုတ်မြို့နယ် ဖဆပလ အဖွဲ့တွင် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ရန်ကုန်ရှိ ဗဆပလ ဗဟို ဌာနချုပ်တွင် တိုင်းအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ မိုးကုတ်မြို့နယ် ဖဆပလ ကို စတင်ဖွဲ့စည်းရာ၌ ဥက္ကဌအဖြစ် သခင်ဘသိန်းအတွင်းရေးမှူးအဖြစ် သခင်သာခင် တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။ သခင်ဘသိန်းသည် ၁၉၄၇-ခုနှစ်တွင် မိုးကုတ်မဲဆန္ဒနယ်မှနေ၍ တိုင်းပြုပြည်ပြုလွတ်တော်အမတ် အဖြစ်ရွေးချယ်ခံရပြီး သခင်သာခင်သည် ပြည် ကျေးလက်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံခဲ့ပါသည်။ ထိုစဉ်က ယှဉ်ပြိုင်ဖက်မရှိပဲ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး တိုင်းပြုပြည်ပြုလွတ်တော်အမတ် ဖြစ်လာခဲ့သည်။ ထို့နောက် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးဌာနများနှင့် ၀န်ကြီးချုပ်ရုံးတို့တွင် ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၁-ခု ရွေးကောက်ပွဲတွင် သခင်သာခင်သည် မိုးကုတ်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံရသော ပါလီမန်အမတ် ဖြစ်လာခဲ့ပြီး အစိုးရအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်ဖြန့်ဖြူးရေးနှင့် သမ၀ါယမ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၄-ခုနှစ် သြဂုတ်လတွင် ကျန်းမာရေး ချို့ယွင်းသည့်အတွက် အစိုးရအဖွဲ့မှ ခေတ္တနှုတ်ထွက်ခဲ့ပါသည်။ ထိုနောက်ပိုင်း သခင်သာခင်သည် ဖဆပလ အဖွဲ့ချုပ်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူးအနေဖြင့် အမြင့်ဆုံးတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု ရွေးကောက်ပွဲတွင် မိုးကုတ်မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် ဆက်လက်အရွေးခံခဲ့ရပြီး အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းမကွဲမှီအချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇-ခု ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သခင်နုသည် ဖဆပလ အဖွဲ့ကြီး၏ ဥက္ကဌဖြစ်လာခဲ့သည်။ သခင်နု ဖဆပလ ဥက္ကဌ ဖြစ်ခဲ့ပြီး (၁၁)နှစ်ကျော်အကြာ ၁၉၅၈-ခုနှစ် မေလတွင် ဖဆပလ အဖွဲ့ကြီးသည် နှစ်ခြမ်းကွဲခဲ့ရပါသည်။ ထိုစဉ်က ဖဆပလ အဖွဲ့ကြီးတွင် အဓိကခေါင်းဆောင်များမှာ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်တင်နှင့် ဦးဗဆွေ တို့ ဖြစ်ကြသည်။ ဦးကျော်ငြိမ်းသည် ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားပြီး သခင်သာခင်မှာ ဦးကျော်ငြိမ်း၏ ညာလက်ရုံးဖြစ်ခဲ့သည်။ ဖဆပလ နှစ်ခြမ်းကွဲသွားသည့်နောက် ဦးနုနှင့် သခင်တင်၏ အုပ်စုကို သန့်ရှင်း ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ လူစုကို တည်မြဲ ဟု ပြည်သူလူထုက ကင်ပွန်းတပ်ခဲ့ကြသည်။

၁၉၅၈-ခုနှစ်မှစ၍ သခင်သာခင်သည် တည်မြဲ ဖဆပလအဖွဲ့တွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တော်လှန်ရေးကောင်စီ၏ အဖမ်းအဆီးမခံရမီအချိန်တိုင်အောင် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀-ခု ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် အိမ်စောင့်အစိုးရမှ ကျင်းပပေးသည့် ရွေးကောက်ပွဲ၌ တည်မြဲအဖွဲ့သည် သန့်ရှင်းအဖွဲ့ကို ရှုံးနိမ့်ခဲ့ပါသည်။ ၁၉၆၀-ခုနှစ် ရွေးကောက်ပွဲတွင် သခင်သာခင်သည် မိုးကုတ်အမတ်အဖြစ် အနိုင်ရရှိခဲ့ပြီး ပါလီမန်လွှတ်တော်တွင် တည်မြဲဖက်မှ အတိုက်အခံခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော အိမ်စောင့်အစိုးရ လက်ထက်တွင် သခင်သာခင်သည် လွတ်လပ်ရေးမော်ကွန်းဝင်တံဆိပ် (ပထမအဆင့်) ကို ချီးမြှင့်ခြင်းခံရသည်။ သခင်သာခင်သည် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ အင်ဒိုနီးရှားသို့ လက်နက်အကူအညီများ သွားရောက်ပေးပို့ရာတွင် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

သခင်သာခင်သည် ၁၉၈၆-ခုနှစ် ဧပြီလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။ သခင်သာခင်၏ ဇနီးမှာ ဒေါ်မြသန်းတင် ဖြစ်ပြီး သားသမီး(၇)ဦး ထွန်းကားခဲ့သည်။ ၄င်းတို့၏ အမည်များမှာ ဒေါ်ခင်ပြုံး၊ ဒေါ်ရီရီ၊ ဦးအောင်ခင်၊ ဦးညီညီ၊ ဒေါ်ညိုညို၊ ဒေါ်ဥမ္မာသာခင်နှင့် ဦးနန္ဒသာခင် တို့ ဖြစ်ကြသည်။
S.T.A

ကိုးကားချက် -

(၁) ဦးနုရေး တာတေစနေသား
(၂) မောင်ထွန်းဦး(မိုးကုတ်)၏ ကမ္ဘာကသိတဲ့ မြန်မာ့ပတ္တမြားမြေ
(၃) သခင်သာခင်၏ ၁၉၆၀ ရွေးကောက်ပွဲအတွက် မဲဆွယ်လက်ကမ်းကြော်ငြာ
(၄) ဦးနန္ဒသာခင်၏ ပြောပြချက်

Bye Bye 2008


မိတ်ဆွေများအားလုံး ၂၀၀၉ နှစ်သစ်တွင် အကြပ်အတည်းများ၊ အဆင်မပြေမှုများမှ လွတ်မြောက်ကြပြီး ပျော်ရွှင်နိုင်ကြပါစေ...။

You received this email because you are subscribed to the real_time feed for http://mogokmedia.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.