Sunday, October 19, 2008

[ဒေါက်တာလွဏ်းဆွေ] 1 New Entry: ရာမယနဇာတ်နဲ့ အာရှတန်ဖိုးတိုး

ရာမယနဇာတ်နဲ့ အာရှတန်ဖိုးတိုး

ရာမယနဇာတ်နဲ့ အာရှတန်ဖိုးတိုး
မောင်စွမ်းရည်

နယူးယောက်မှာ မြန်မာရာမ ဇာတ်အဖွဲ့ရှိတယ်ကြားရတော့ အံ့သြသွားတယ်။ ရွှေမန်းတင်မောင်ရဲ့သား ရွှေမန်း ၀င်းမောင် ဦးဆောင်လေ့ကျင့်ထားတဲ့ အဖွဲ့လို့ကြားရတော့ ၀မ်းမြောက်မိတယ်။ လက္ခဏာမင်းသားက ရန်ကုန် စမ်းချောင်း အထက (၁) က ကျောင်းသားဟောင်း မိတ်ကပ်မောင်မောင်ချို ဆိုတာဖြစ်ကြောင်း သိရတဲ့အပြင် သူဟာ ကျနော့် တပည့်တဦး ဖြစ်နေပြန်တယ်။

သူတို့ ရာမဇာတ်အဖွဲ့ ကပြမယ်ဆိုတော့ မိတ်ဆွေစာပေသမား ဆရာဝန်တဦးက ၀ါရှင်တန်မှာနေတဲ့ ကိုဝင်းဖေ (ဒါရိုက်တာ၊ ပန်းချီဆရာ၊ စာရေးဆရာ) နဲ့ နယူးယောက်မှာနေတဲ့ ကျနော်တို့ သူ့အိမ်မှာ ဆုံပေးပြီး၊ ရာမဇာတ် ကြည့်ဖြစ်အောင် စီစဉ်ပေးပါတယ်။ ဒါကြောင့် ကျနော်တို့ (၃) ယောက် ရာမဇာတ်ကို ကြည့်ဖြစ်သွားပါတယ်။ ကြည့်ပြီးသွားတော့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

ရာမဇာတ်ဟာ အိန္ဒိယပြည်က ၀ါလမိကိဆိုတဲ့ စာဆိုကြီးရဲ့ လက်ရာပါ။ အာရှတခွင်ကို ပျံ့နှံ့သွားပြီး ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ စတဲ့နိုင်ငံတွေမှာလည်း ထွန်းကားခဲ့ ပါတယ်။ ကျနော်တို့နိုင်ငံမှာ ဖျာပုံရာမ၊ အိုးဘိုရာမ၊ ပုဏ္ဏားရာမ၊ ပသျူးရာမ စသဖြင့် ကြားဖူးပါတယ်။ ဗမာပြည်မှာ ရာမဇာတ်ကို လက်ကုန် နှိုက်ပြီး လေ့လာထားသူအနေနဲ့ ဆရာဇော်ဂျီတယောက်ပဲ ရှိပါတယ်။ တွဲဖက်လေ့လာသူက "ကေ" ကလောင် အမည်ခံတဲ့ ဦးခင်ဇော် ဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ ရန်ကုန်တက္ကသိုလ် ပိဋကတ်တိုက်မှူးတွေ ဖြစ်ကြပါတယ်။ ဆရာ "ကေ" က ဂီတဗေဒပညာရှင်ဖြစ်လို့ ဆရာဇော်ဂျီကို ရာမဆိုင်းပညာဘက်က လေ့လာဖြည့်ဆည်းပေးခဲ့ ပါတယ်။ နှစ်ဦးလုံးဟာ နိုင်ငံတကာ ရာမယန ညီလာခံတွေကို တက်ရောက်ဖူးပါတယ်။ ကျနော်တို့ ဗမာလူမျိုး တိုင်းဟာ ရာမယနကို သိရှိကြပါတယ်။ ခုအခါ ဆရာဇော်ဂျီရဲ့ ရာမယန လေ့လာချက် ဆောင်းပါးပေါင်းချုပ် ထွက်နေပါပြီ။

မြန်မာရာမဇာတ်မှာ မြန်မာမှုပြုပုံတွေဟာလည်း စိတ်ဝင်စားစရာပါ။ ရာမမင်းသားက ခရီးကြားမှာ လက္ခဏာရဲ့ ပေါင်ပေါ်ကို ခေါင်းအုံးပြီး အိပ်စက်နားနေခိုက်မှာ လက္ခဏာရဲ့ကျောကို မှက်ကောင်ကိုက်လို့ သွေးတောင် ထွက်ပါတယ်။ နောင်တော် အိပ်နေတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ လုံးဝမလှုပ်ရှားဘဲ သည်းခံနေပါတယ်။ ဒီအခန်းဟာ မူလရာမဇာတ်မှာ မပါဘူးလို့ ဆရာဇော်ဂျီက ထောက်ပြပါတယ်။ မွန်ရာမလည်း ရှိလိမ့်မယ်လို့ ဆရာဇော်ဂျီက ထောက်ပြခဲ့ပေမယ့် ဆရာဇော်ဂျီကိုယ်တိုင် ဖတ်မသွားခဲ့ရပါ။ မွန်ပဏ္ဍိတ် နိုင်ပန်းလှထံမှာ ရှိ တာကို ဂျပန်ပါမောက္ခ အိုးနိုးတိုးရုဖတ်ရလို့ တင်ပြမှ ကျနော်တို့ သိရပါတယ်။ ရာမဇာတ်တော်တွေထဲမှာ ဓဟ ရဋ္ဌဇာတ်ဆိုတာပါတယ်။ အဲဒါဟာ ရာမမင်းရဲ့ ဖခင်အမည်ပါ။ အမျိုးသားပညာဝန် ဦးဖိုးကျား ဘာသာပြန်ထား တဲ့ ဇာတက ၀တ္ထုတွေထဲက ထုတ်ယူပြီး သတ္တမတန်း ကျောင်းသုံးဖတ်စာထဲမှာ ရွေးထည့်ထားပါတယ်။ ရာမ၊ လက္ခဏာ၊ သီတာ၊ ဘာရတ စတာတွေ တူပါတယ်။ သတ္တမတန်း အောင်ဖူးတဲ့ ကျောင်းသားတိုင်း ရာမကို ကြားဖူးကြမှာပါ။ ဆက်စပ်ပေမယ့် မူလဟိန္ဒူရာမနဲ့ မတူပါဘူး။

ညပေါင်းများစွာ ကပြရတဲ့ ရာမဇာတ်ကို နာရီပိုင်းနဲ့ တပေါင်းတည်းကြည့်ရအောင် မြ၀တီမင်းကြီးရဲ့ မူလ တေးဂီတနဲ့ပါ ပေါင်းစပ်ပြီး ဆရာဇော်ဂျီနဲ့ ဆရာ "ကေ" တို့ နှစ်ဦးပေါင်းပြီး အကျဉ်းချုပ် လုပ်ပေးထားပါ တယ်။ အဲဒီကောက်နုတ်ချက်အကျဉ်းချုပ်ဟာ ယဉ်ကျေးမှုဌာန ဇာတ်အဖွဲ့မှာ လေ့ကျင့်သင်ကြားစေပြီး ပြည်ပမှာ နမူ နာအဖြစ် ကပြစေတယ်လို့ ကြားဖူးပါတယ်။ ဇာတ်ကွက်တွေ အကျဉ်းချုပ်ပုံနဲ့ တီးလုံးတီးကွက်တွေ စီစဉ်ပုံဟာ အထူးကောင်းမွန်တယ်လို့ တွေးမိပါတယ်။ မူရင်းကို ကြည့်ခွင့်မကြုံခဲ့ရတဲ့ ကျနော့်အဖို့တော့ ဒါနဲ့ပဲ အထူးအားရ ကျေနပ်မိပါတယ်။ ဒီခေတ်ဗမာပြည်မှာ ယဉ်ကျေးမှုကိစ္စတွေကို နားမလည်တဲ့ စစ်အစိုးရ အုပ်ချုပ်နေသမျှတော့ မူလ ရာမာယနဇာတ်တော်ကြီး ကြည့်ဖို့ဝေးပါပြီ။

အာရှတခွင်မှာ သြဇာအကြီးဆုံးဖြစ်တဲ့ ရာမဇာတ်ကို ဆုပ်ကိုင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်က "အာရှတန်ဖိုး" ကို ချင့်တွက်ပြခဲ့ပါတယ်။ မြက်ပင်ရင်းကနေ နန်းတော်ထိပ်ဖျားအထိ လွှမ်းမိုးနိုင်တဲ့ ရာမဇာတ်ဟာ အာရှပြည် သူတွေရဲ့ ကိုယ် နုတ် နှလုံး သုံးပါးလုံးကို သြဇာညောင်းခဲ့ပြီး အာရှပြည်သူတွေအတွင်းက မင်းနဲ့ ပြည်သူ တွေရဲ့ စံထားရာ ဖြစ်ခဲ့ပါတယ်။ "အာရှတန်ဖိုး" လို့ အသံကျယ်ကျယ်ဟစ်ကြတဲ့ အာရှခေါင်းဆောင် တွေဟာ ရာမဇာတ်ကို မေ့ထားခဲ့ကြပါတယ်။ ဓဟရဋ္ဌမင်းကြီးဟာ မင်းကောင်းမင်းမြတ် ဖြစ်ပါတယ်။ မင်းမြတ်ဟာ ကတိတည်ရပါတယ်။ သူဟာ မိဖုရားတပါးကို နှုတ်ကျွံပြီး ကတိတခု ပေးလိုက်မိတယ်။ အဲဒီမိဖုရားရဲ့ သား တော် ဘာရတကို နန်းမွေဆက်ခံစေမယ်လို့ ကတိပေးမိတာပါပဲ။ တကယ်က အသက်အရွယ်လည်း ပိုကြီးပြီး လက်ရုံးရည်ရော၊ နှလုံးရည်ပါ သာလွန်တဲ့ ရာမမင်းသားကြီးကို နန်းမွေဆက်ခံစေရမှာပါ။ ဒါပေမယ့် အချိန်တန် လို့ ထီးနန်းလွှဲရမယ့်အခါ ကျရောက်လာတော့ သားတော် ဘာရတကိုပဲ ကတိအတိုင်း လွှဲအပ်လိုက်ပါတယ်။ ဒီမှာပဲ သင်ခန်းစာ နှစ်ခုရတယ်။"မင်းတပါးဟာ ကတိစကားတခုကို အမှတ်မဲ့ မပြောရဘူး။ ပေးမိရင်လည်း က တိတည်ရတယ်" ဆိုတာပါပဲ။ ဒါဟာ အာရှတန်ဖိုးတခုဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဟာ ဒီတန်ဖိုးကို ဖျက်ခဲ့ပါ ပြီ။

သားတော် ဘာရတဟာ ခမည်းတော်ပေးတဲ့ ထီးနန်းကို လက်မခံဘဲ နောင်တော် ရာမကိုပဲ ပေးသင့်တယ်လို့ သိမြင်တောင်းဆိုတယ်။ ရာမမင်းသားက ဖခင်ကတိတည်စေဖို့ရာ သားတော်တွေမှာလည်း တာဝန်ရှိတယ်လို့ ယူဆပြီး ငြင်းဆိုတယ်။ ဖခမည်းတော်ရဲ့ အမိန့်အတိုင်း မှော်ရုံတောထဲမှာ (၁၄) နှစ် သွားနေဖို့ နန်းတော်ကနေ ထွက်ခွာခဲ့ပါတယ်။ ဘာရတကတော့ နောင်တော်ရာမရဲ့ ခြေနင်း(ဖိနပ်) တရံကိုပဲ ရာဇပလ္လင်ပေါ်တင်ထားပြီး သူကိုယ်တိုင်က ရာမမင်းသားကြီးရဲ့ ကိုယ်စားအဖြစ်နဲ့ တိုင်းပြည်ကို တရားနဲ့အညီ ယာယီအုပ်ချုပ်နေရစ်ပါ တယ်။ ဒီကဏ္ဍမှာလည်း သားတော်တွေဟာ ထီးနန်းကို မမက်ကြဘူး။ သားတော်ကြီးက ခမည်းတော်ရဲ့ ကတိ တည်ရေးကိုသာ အဓိကထားပြီး သားတော်ငယ်ကလည်း သားတော်ကြီးရဲ့ ဆောင်ရွက်ချက်ကို ဖြည့်ဆည်းကူ ညီတဲ့အနေနဲ့ နောင်တော်ရဲ့ ကိုယ်စားအဖြစ်နဲ့သာ နေပါတယ်။

ဒီပြုမူဆောင်ရွက်ချက်တွေဟာလည်း မင်းကြီးရဲ့ ကတိတည်ရေးကိုပဲ ဦးတည်တဲ့အပြင်၊ တိုင်းပြည်အုပ်ချုပ်ဖို့ ထီးနန်းရယူရေးဟာ ပုဂ္ဂိုလ်ရေးကိုယ်ကျိုးရှာဖို့၊ ဂုဏ်ရှိဖို့ မင်းစည်းစိမ်ခံဖို့မဟုတ်ဘဲ ကိုယ့်ထက်သင့်တော်သူ၊ နိုင်ငံအတွက် စွမ်းဆောင်နိုင်သူသာလျှင် ရရှိရေးကို တန်ဖိုးထားကြောင်း သိသာထင်ရှားလှပါတယ်။

မြန်မာ့သမိုင်းမှာ ကျန်စစ်သားဟာ သူ့ကို မှူးမတ်တွေက နန်းတင်ပေမယ့် အစဉ်အလာအရ ထီးနန်းဆက်ခံခွင့်ရှိ သူ စောလူးမင်းကိုသာ နန်းတင်ဖို့ သက်စွန့်ဆံဖျား ကြိုးစားခဲ့ပါတယ်။ သားတော်အရင်း ရာဇကုမာရ် ရှိမှန်းမသိ လို့ မြေးတော်အလောင်းစည်သူကို ထီးနန်းဆက်ခွင့်ပေးခဲ့တဲ့ ကတိကိုလည်း မပျက်ဘဲ တည်စေခဲ့ပါတယ်။ သားတော်ကလည်း ဖခင်ရဲ့ အုပ်ချုပ်ရေး၊ တိုင်းပြည်စီးပွား တိုးတက်ရေး၊ သာသနာရေးတို့ကို ဖခင်အလို အတိုင်း တသက်လုံး ဆောင်ရွက်သွားခဲ့ပါတယ်။ မြန်မာ့သမိုင်းဟာ ဒီလို လှလှပပ ကြက်သရေရှိရှိ ကောင်းခဲ့ ပါတယ်။

နောင်တော်ရာမကို ခမည်းတော်က တောထဲမှာ (၁၄) နှစ် နေစေဖို့ နှင်ထုတ်လိုက်တဲ့အခါ ညီတော်လက္ခဏာ ဟာ လုံးဝမပါရှိခဲ့ပါဘူး။ ဒါပေမယ့် နောင်တော်ကို စောင့်ရှောက်ဖို့ဆိုပြီး လိုက်ပါသွားခဲ့ပါတယ်။ သီတာဒေ၀ီကို ရရှိဖို့ လေးတင်ပွဲမှာလည်း လက္ခဏာဟာ စွမ်းဆောင်နိုင်သူ ဖြစ်ပေမယ့် နောင်တော်ရာမကို ဦးစားပေးပြီး လေး တင်ပွဲ အရှုံးခံခဲ့လို့ ရာမကရော ဘိုးတော်ကရော စိတ်ဆိုးကြိမ်းမောင်းကြတာ ခံခဲ့ရပါတယ်။ ဒါပေမယ့် ခေါင်း ငုံ့ခံခဲ့ပြီး ရာမနဲ့ ဒဿဂီရိတို့ရဲ့ စစ်ပွဲမှာလည်း အသက်စွန့်ပြီး နောင်တော်ရာမကို ကူညီခဲ့ပါတယ်။ ဒီအပြုအမူ တွေဟာလည်း နောင်တော် ညီတော်တို့ရဲ့ အပြန်အလှန် မေတ္တာတရားကို ထင်ရှားစေပါတယ်။ အထူးသဖြင့် ညီငယ်က နောင်တော်အပေါ် ထားရှိတဲ့ မေတ္တာတရားနဲ့ သစ္စာတရားဟာ အထူးလေးစား စံထားဖွယ်ဖြစ်ပါ တယ်။

ရာမမင်းသားကြီးဟာ ဒဿဂီရိကို နိုင်လိုက်ပါတယ်။ ဒဿဂီရိ ခိုးယူသွားတဲ့ သီတာဒေ၀ီကိုလည်း ပြန်ရခဲ့ပြီး အချိန်တန်တော့ နန်းတော်ကို ပြန်ပြီး တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ ဒါပေမယ့် တိုင်းသူပြည်သားတွေက သီ တာဒေ၀ီဟာ ဒဿဂီရိလက်ကို ပါသွားပြီးသားဖြစ်လို့ မသန့်စင်တော့ဘူး။ မိဖုရားမမြှောက်သင့်ဘူးလို့ ကန့် ကွက်ကြတယ်။ ရာမကလည်း ပြည်သူ့အဆိုကိုလေးစားတယ်။ ပြည်သူကို မဆန့်ကျင်ဘူး။ အပရိဟာနိယတ ရားနဲ့ ညီတယ်။ သီတာကို မြတ်နိုးပေမယ့် လက်လွှတ်ရတော့မယ်။ ဒါပေမယ့် သီတာက မီးပုံထဲကိုဆင်းပြီး သစ္စာဆိုတယ်။ သစ္စာဆိုပေမယ့် သူများလက်ကို ရောက်ပြီးသား မိန်းမမို့ လက်မခံပါနဲ့လို့ ပြည်သူတွေ ဆန္ဒပြ ကြတော့ ရာမမင်းသားကြီးလည်း ပြည်သူ့ဆန္ဒနဲ့အညီပဲ သီတာကို နှင်ထုတ်လိုက်ရရှာတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်အမြင်က ခုခေတ်လိုသာ သတင်းစာတွေ၊ ရေဒီယို၊ တီဗွီ စတဲ့သတင်းဌာန တွေ ရှိရင်တော့ သီတာဒေ၀ီဟာ အသက်စွန့်ပြီး မီးပုံထဲဆင်းပြပြီးပြီမို့ ယုံကြည်ရမှာပေါ့လို့ သီတာဒေ၀ီရဲ့ဘက် က ၀ိုင်းပြောကြမှာပေါ့တဲ့။ သတင်းဌာနတွေရဲ့ ကဏ္ဍကိုလည်း ထည့်သွင်းပြောပြသွားပါတယ်။ ပြည်သူတွေရဲ့ ဘက်ကလည်း ပြင်ဆင်ပေးစရာတွေ၊ လမ်းကြောင်းပေးစရာတွေ ရှိမှာပါပဲတဲ့။ ခေတ်နောက်ခံနဲ့တကွ ရှင်းပြ သွားခဲ့ပါတယ်။

သီတာဒေ၀ီဟာ ရာမနဲ့ ပါသွားတဲ့ ကိုယ်ဝန်နဲ့ပဲ တောထဲမှာ သားနှစ်ယောက် အမြွှာမွေးပါတယ်။ မှူးမတ်တွေ လာခေါ်တော့ မလိုက်တော့ဘဲ သူလာရာ မူလနေရာဖြစ်တဲ့ မြေကြီးထဲကိုပဲ ပြန်သွားခဲ့ပါတယ်။ မူရင်းဇာတ်မှာ ရာမနဲ့ သီတာ ပြန်မပေါင်းခဲ့ပါဘူး။

ရာမာယနဇာတ်တော်ကြီးဟာ မေတ္တာ သစ္စာတရားကို အဓိကထားပါတယ်။ အထူးသဖြင့် တိုင်းပြည်အုပ်ချုပ်သူ တွေရဲ့ သစ္စာတရားကို အလေးထားပါတယ်။ မိဘနဲ့ သားသမီး၊ နောင်တော်နဲ့ ညီတော်၊ မင်းနဲ့ ပြည်သူ၊ မင်းနဲ့ မိဖုရားတို့ကြား ဆက်ဆံရေးတို့ကို တန်ဖိုးစံချိန်ပြုသွားခဲ့ပါတယ်။ ဒီတန်ဖိုးတရားတွေဟာ အာရှပြည်သူတွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းတည်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထောက်ပြသွားသလိုပဲ "အာရှတန်ဖိုး" ဆိုပြီးပြောကြရင် ရာမယန ဇာတ်တော်ကြီးကို မသိမမြင်ဟန်ဆောင်ပြီး ထားလို့မရပါဘူး။ ဒါဟာ အာရှခေါင်းဆောင်တွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြခဲ့တာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူရင်းမိန့်ခွန်းကို ရှာဖွေပြီး အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာ သာ အစရှိတဲ့ ဘာသာတွေနဲ့ရော ပြန်ဆိုတင်ပြကြဖို့ ကောင်းပါတယ်။

ကျွန်တော် အထူးပြုပြီး ပြောချင်တာကတော့ အမှန်တရားဆိုတာ အာရှ၊ ဥရောပ မရွေး၊ အရှေ့အနောက်မရွေး၊ နေရာမရွေး၊ အချိန်မရွေး မှန်တာချည်းပါပဲ။ ဥပမာ ရွေးကောက်ပွဲနိုင်သူကိုသာ အာဏာအပ်ရမယ်ဆိုတာ အ နောက်နိုင်ငံက သဘောတရားသက်သက် မဟုတ်ပါဘူး။ ထီးနန်း သို့မဟုတ် အုပ်ချုပ်မှုအာဏာဆိုတာ ကိုယ်နဲ့ မထိုက်တန်ရင် (ကိုယ်မစွမ်းဘူးဆိုရင်) ထိုက်တန်သူကိုသာ အပ်ရမယ်ဆိုတာဟာလည်း "ဥရောပတန်ဖိုး" "အ မေရိကန်တန်ဖိုး" မျှသာ မဟုတ်ပါဘူး။ "အာရှတန်ဖိုး" လည်းဖြစ်၊ နိုင်ငံတကာရဲ့ တန်ဖိုးလည်းဖြစ်ပါတယ်။

ဗမာဗိုလ်ချုပ်တွေဟာ ရာမဇာတ်ကို ကြားဖူးနားဝ ရှိကြမှာပါ။ ဘာမှ မကြားဖူးတောင်မှ ကတိဆိုတာ တည်မှ ကောင်းတယ်ဆိုတာလောက်တော့ သိဖို့ကောင်းပါတယ်။

ရာမဇာတ်တော် အဓွန့်ရှည်ပါစေ။
အာရှတန်ဖိုးအမှန်ကို မြှင့်တင်နိုင်ကြပါစေ။

မောင်စွမ်းရည်
(၂၀၀၈ ခုနှစ်၊ စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ …)

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.