Sunday, October 19, 2008

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: အတိတ် + ပစ္စုပ္ပန် + အနာဂတ် = အတိတ်

အတိတ် + ပစ္စုပ္ပန် + အနာဂတ် = အတိတ်

နားလည်တယ်ဆိုတဲ့ မင်းစကားတစ်ခွန်း နားမှာကြားနိုင်ဖို့ တစ်ခုတည်း အတွက်နဲ့ နားလည်ပေးပါလို့ ငါတောင်းပန်ခဲ့တာမှ မဟုတ်တာ...။ အတိတ်ဆိုတာ အတိတ်မှာဘဲ သူ့ဟာသူ နေနေတာပါ... အခုငါတို့တွေရဲ့ ပစ္စုပ္ပန်ဟာ တချိန်မှာ အတိတ်ဖြစ်သွားမှာလေ.. လာမယ့်အနာဂတ်ဆိုတဲ့ အရာဟာလည်း ငါတို့ရဲ့ ပစ္စုပ္ပန်ဖြစ်လာဦးမှာ... အချိန်တွေရွေ့လာတာနဲ့အမျှ အတိတ်တွေသာ ထပ်လာဦးမှာ....။ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတာ တစ်ကယ်တမ်းတော့ အချိန်ရဲ့ လှည့်စားမှု တစ်ခုလား....!! ငါမဲ့ပြုံးမပြုံးတတ်ဖူး လွတ်လပ်စွာကြေကွဲတတ်သူ....။

"ငါ့ ကောင်းကင်မှာ ကြယ်တွေတောက်ဖူး သလို
ငါ့ မျက်နှာကျက်ဟာ ကြပ်ခိုးတွေနဲ့ မွန်းကြပ်ခဲ့ဖူးတာလေ.."

"ငါ့ နံရံမှာ ပန်းတစ်ခင်းချယ်သဖူး သလို
ငါ့ အသက်ရှူသံတွေလည်း ဘီလူးစီးခဲ့တာပဲ မဟုတ်လား..!!"

"မင်းရယ်သံတွေဟာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ သလို
ငါ့ အလွမ်းတွေနဲ့ ငါ့ ဝိညာဉ်ဟာ ထွက်ပေါက်မဲ့ခဲ့ဖူးတယ်.."

မှော်အတတ်ကို ငါမတတ်ပေမယ့် ငါဟာ တကယ်တော့ ၁၂ ကြိုးအောင်တဲ့ ကဝေမ ဖြစ်ခဲ့ဖူးတယ်ထင်ရဲ့.. အနာဂတ်ကို မြင်နိုင်တဲ့ ပညာရှင်တွေကို မေးစရာမလိုပဲ ငါသိနေတယ်... အကောင်းနဲ့ အဆိုးတွေကြားမှာ ဒွန်တွဲနေတဲ့ ကြိုးတွေအကြောင်း မင်းတို့ တကယ်နားလည်နိုင်လို့လား..!! ငါ့ကိုယ်ငါ ရယ်ချင်တယ်.. ရင်ခုန်နေတယ်.. ကြေမွနေတယ်.. မျက်ရည်ဝိုင်းနေတယ်.. ငါပြုံးနေတယ်.. ကြေကွဲနေတယ်.. မကြာခင် ငါဟားတိုက်ရယ်ဖြစ်မလား..! Self Control တဲ့..!! ဘာကိုပြောချင်တာလဲ.. ငါမသိ ငါ့မှာမရှိ... ချစ်ခြင်းမှာ ငါ့လိပ်ပြာငါ လုံခဲ့တယ်... တပ်မက်မှုတွေကင်းခဲ့တယ်.. လောဘကင်းစွာ ရူးသွပ်ဖူးတယ်... အတွေးတွေကို ထင်ရာစိုင်းနေတတ်တဲ့ မိန်းမဟာ ငါမဟုတ်ဖူး..။ သေချာတယ် ငါဟာတစ်စုံတစ်ရာကို ကျေနပ်စွာ အလိုက်သင့် စီးမျောတတ်သူလည်း မဟုတ်ပြန်ဘူး..။ ထပ်တူပြုမှုတွေမှာ တစ်သားတည်းကျရင်း ကပ်ပါးကောင်လေး တစ်ကောင်လို တွယ်ကပ်ဖူးသူ....။

ငါဘာကို ကုစားဖို့ ဒါတွေရေးနေတာလဲ...!! လိုလို့လား..!! ငါ့မှာ ဒဏ်ရာရှိနေတာလား..!! ငါဘယ်သူ့ကို မေးနေတာလည်း..!! ငါ့ကိုယ်ငါလား..!! ဒါမှမဟုတ် ငါ့လက်ထဲက ဖန်ခွက်မှာ ပုံရိပ်ပေါ်နေတဲ့ ငါ့မျက်နှာနဲ့ မိန်းမကိုလား..!! သွားစမ်းပါ.. အသက်မဲ့လိုက်တာ... အော်ဂလီဆန်လိုက်တာ... ပေါက်ကွဲလိုက်စမ်းပါ.. ဘာကိုထိန်းချုပ်နေတာလဲ.. ဘာကိုလဲ..!! အဲဒီမိန်းမပေါ့.. ငါ့ကိုပြန်ထောက်ပြနေတာ.. "မင်းဟာ ခမ်းနားတဲ့ စာလုံးတွေကိုသုံးပြီး ရူးသွပ်နေသူ" ဟုတ်လားးးးး...!! ဟာ...ဟ... မင်းငါ့ကို ခပ်ထွေထွေ မျက်လုံးတွေနဲ့ နားစွင့်နေတာ ငါသိတယ်.. အေး ငါပြောမယ် နားထောင်လိုက်....။

"အခုအချိန်မှာ ငါဟာရူးသွပ်နေတယ် ဆိုဦးတော့ ဒီပစ္စုပ္ပန်ဟာ တစ်ချိန်ချိန်မှာ အတိတ် ဖြစ်သွားဦးမယ် ဒီစာသားတွေ ကင်းသွားမဲ့ အနာဂတ်ဟာလည်း ငါ့ပစ္စုပ္ပန် ဖြစ်လာဦးမှာ ဆိုတာ..."

အတိတ်ဖြစ်လာတော့မယ့် အရာရာဟာ နှင်းမှုံတွေလို တဖွဲဖွဲနဲ့....
၁ ~~~~~~ ထပ်ကျ
၂ ~~~~~~~~ ထူထပ်
၃ ~~~~~~~~~~ သိပ်သည်း
၎ ~~~~~~~~~~~~~ ကျစ်လစ်
၅ ~~~~~~~~~~~~~~~~ ပုံသထက်ပုံလာဦးမှာပေါ့.....။
~~~~~~ အဲဒီနောက်မှာတော့ ~~~~~~
၆ ~~~~~~
၇ ~~~~~~~~~~
၈ ~~~~~~~~~~~~~~
၉ ~~~~~~~~~~~~~~~~~~~
####~~ ကိန်းဂဏန်းတွေ ဘယ်လောက်ပဲဖြစ်ဖြစ်~~ ငါမငိုဘူး~~ သိလား~! မျက်ရည်ဝဲရုံလေးပါ...။

(ခင်လေးငယ်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.