အချစ်အကြောင်း ပြောကြည့်ပါရစေ
အချစ်ဆိုသည်မှာတဲ့...
အရွယ်ရောက်လာတဲ့ လူတိုင်းလိုလို ခံစားဖူးကြပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုရ သိပ်ကိုခက်ခဲတဲ့ အဲဒီအချစ်အကြောင်းကို ကျွန်မ နားလည်မိ တွေးမိတာလေးတွေနဲ့ ရင်ထဲကလာတဲ့ ခံစားချက်တချို့ ပေါင်းစပ်ပြီး ရေးကြည့်လိုက်ပါတယ်ရှင်။ ကျွန်မရဲ့ပုဂ္ဂလိကအမြင်တွေ သက်သက်ပဲ ဖြစ်ပါတယ်။ ဒီပို့စ်ရေးဖို့ TAG ခဲ့ကြတဲ့ မမမေအိခင်၊ ကိုရွာသားလေး(YTU)နဲ့ ကိုဟန်သစ်ငြိမ်တို့လည်း ခင်မင်သတိရစွာနဲ့ TAG တဲ့အတွက် ကျေးဇူးတင်ပါတယ်း) ပို့စ်ကိုဖတ်ပြီး ကျေနပ်နိုင်ကြမယ်လို့ တကယ်မျှော်လင့်မိပါတယ်။ ကျွန်မရဲ့ အချစ်အပေါ် အမြင်လေးတွေကတော့...
ကလေးဘ၀...
သိတတ်စအရွယ်မှာတော့ အချစ်ဆိုတာ ရုပ်ရှင်ထဲကလို အစ်ကိုကြီးချောချောတွေနဲ့ အစ်မကြီးချောချောတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး ရည်စားဖြစ်သွားကြတာမျိုး ဆိုတာထက် ဘာမှပိုမသိခဲ့သလို စိတ်လည်းမ၀င်စားခဲ့ပါဘူး။ အချစ်(စစ်စစ်)ဆိုတာ ရုပ်ရည်နဲ့နည်းနည်းလေးမှ မသက်ဆိုင်ဘူးဆိုတာကိုလည်း ဘယ်သိခဲ့ပါ့မလဲနော်...
ဆယ်ကျော်သက်အရွယ်...
သီချင်းတွေထဲက အချစ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားမလည်ပေမယ့် အချစ်သီချင်းတွေကို သဘောတကျ နားထောင်တတ်လာခဲ့ပါပြီ။ အချစ်အတွက် ရုပ်ရည်ရဲ့ အရေးပါမှုက သိပ်နည်းပါလားလို့ တွေးတတ်လာပေမယ့် လူတစ်ယောက်ရဲ့အရည်အချင်းကို အထင်ကြီးမိတာမျိုးဟာ အချစ်များလားလို့ ခပ်ရောရောတွေးမိခဲ့တဲ့ အရွယ်ပါပဲ... (အခုနေ ပြန်တွေးကြည့်တော့ အဲဒီအရွယ်မှာ အချစ်ကို စူးစမ်းမိလို့ မှားနိုင်တဲ့အမှားတွေ အများကြီးပါလားဆိုတာ ပိုသဘောပေါက်လာပါတယ်။ လူကြီးမိဘတွေ စိတ်ပူရင်လည်း ပူစရာပဲဆိုတာ လက်ရှိအရွယ်ရောက်တော့မှ ပိုနားလည်မိပါတယ်...)
၂၀ကျော်အစိတ်ပိုင်း...
ဘုရားရေ... အချစ်ဆိုတာ... ရုပ်ရည်နဲ့ရော အရည်အချင်းနဲ့ရော တခြားဘာဆိုဘာနဲ့မှ မဆိုင်တဲ့ စွဲလမ်းခြင်းသက်သက် ပါလားဆိုတာ အလန့်တကြားသိခဲ့တဲ့ အရွယ်ပါ။ အဲဒီအရွယ်တုန်းက အချစ်နဲ့ မကြာခဏခိုင်းနိုင်းမိတာက (လန့်တော့ မသွားကြပါနဲ့နော်း) မူးယစ်ဆေးဝါးပါ။ ကျွန်မမူးယစ်ဆေးဝါး သုံးဖူးလို့ မဟုတ်ပါဘူး။ ဒါပေမယ့် တွေးမိတာက အချစ်ဆိုတာ မူးယစ်ဆေးလိုပဲလို့။ သူမရှိခင်ကလည်း အေးအေးဆေးဆေး ရှင်သန်နေတာပါပဲ။ စွဲလမ်းမိတဲ့အခါကျမှ မရှိမဖြစ်လိုမျိုး ဖြစ်လာပြီး ဖြတ်ရခက်ရော (ရုပ်ရှင်တွေထဲမှာ မူးယစ်ဆေးဝါးဖြတ်တဲ့သူတွေကို ကြည့်ပြီးပြောတာပါး) ဖြတ်ပြီးရင်လည်း ဒုက္ခတွေဝေပြီး ကျန်ခဲ့ရော။ ပြီးတော့ ဘ၀က သူမရှိခင်တုန်းကနဲ့လည်း မတူတော့ဘူးလို့ ထင်မိလို့ပါ။ အဲဒီအရွယ်က တွေးမိတဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးပါ။ အချစ်ကို တန်ဖိုးထားသူတွေကတော့ ကျွန်မရဲ့ခိုင်းနှိုင်းပုံကို သဘောကျချင်မှကျကြပါလိမ့်မယ်။ စိတ်မရှိကြပါနဲ့နော်။ အဲဒီတုန်းက တွေးမိတာလေးကို သတိရလို့ ပြန်ရေးလိုက်တာပါ...
အပျိုကြီးပေါက်စဘ၀ (၂၅နှစ်ကျော်ခါစ)
အချစ်ဆိုတာ ဖန်တီးယူလို့လည်းမရ အလွယ်တကူဖျက်ဆီးလို့လည်း မရနဲ့ ထိန်းချုပ်ရအခက်ဆုံးသော ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုလို့ တွေးမိလာတာကြောင့် စကြောက်တတ်လာပါတယ်။ တချိန်ထဲမှာပဲ အချစ်ကို ပိုပြီးအသက်ဝင်နူးညံ့စေတဲ့ အရာတစ်ခုကိုပါ ရှာတွေခဲ့ပါတယ်။ မေတ္တာပါ။ ချစ်ပါတယ် ဆိုမှ မေတ္တာပါရှိပြီပေါ့လို့ ပြောနိုင်ပေမယ့် တကယ်တမ်းကျတော့ မတူပါဘူး။ အချစ်နဲ့မေတ္တာဒွန်တွဲနေတာ လက်ခံပေမယ့် သူတို့ရဲ့ ရာခိုင်နှုန်းအနည်းအများပေါ်မှာ မူတည်ပြီး အချစ်ရဲ့ အရောင်တွေကွဲသွားတယ်လို့ ထင်မိပါတယ်။ အဲဒီရာခိုင်နှုန်းတွေကြောင့်ပဲ အချစ်ဟာ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ စတဲ့ ခေါင်းစဉ်တွေ အတပ်ခံလာရတာလို့ တွေးမိလာပါတယ်။
၂၈ နှစ် ပြည့်လုပြည့်ခင် လက်ရှိအရွယ် (အများအခေါ် အပျိုကြီးပေါ့ကွယ်...း)
အချစ်ဆိုတာ သူလွှမ်းမိုးတာခံနေရတုန်းတော့ နှလုံးသားကို နွေးထွေးစေတဲ့ အနွေးဓာတ်လေးလို့ ထင်ရပေမယ့် တကယ်တမ်းကတော့ အပူစစ်စစ်လေး ဖြစ်နေတာပါလားလို့ မြင်လာမိပါတယ်။ ဒါပေမယ့် ပုထုဇဉ်တွေပီပီ အချစ်နဲ့ မကင်းနိုင်ကြသရွေ့ ဆောင်ရမယ့် အပူသက်သာဆေးကိုလည်း သိလိုက်ရပြန်ပါတယ်။ မေတ္တာပါပဲ။ မေတ္တာဟာ အရင်ကတွေးမိသလို အချစ်ကို ပိုပြီးအသက်ဝင်နူးညံ့စေရုံသာ မကဘဲ အအေးဓာတ်တွေပါ သမမျှတအောင် ရောပေးတဲ့အရာလို့ မြင်မိပါတယ်။ မင်းသမီး စိုးမြတ်သူဇာပြောတဲ့ "အချစ်ဆိုတာ စေတနာပါ" ဆိုတာလေးကိုလည်း သဘောကျမိပါတယ်။ အဲဒီစကားမှာ မေတ္တာရဲ့အရိပ်အငွေ့တွေ အများကြီးပါနေလို့ပါ။ မေတ္တာအင်အားကြီးလေ နားလည်နိုင်စွမ်းများလေ အနှောင်အဖွဲ့မဲ့တဲ့ စေတနာတွေ ထားနိုင်လေပါပဲ။ ဒါကြောင့် မေတ္တာတွေအများကြီးပါတဲ့ အချစ်နဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်နိုင်ကြရင် အားလုံးပိုပြီး စိတ်ချမ်းသာနိုင်ကြမှာပါ။ အခုလက်ရှိအချိန် မှာတော့ အချစ်သက်သက်ကို မျက်နှာချင်းဆိုင်ရင်ဆိုင်ဖို့ သတ္တိတွေ သိပ်နည်းနေခဲ့ပြီမို့ ရှောင်လွှဲမရဘဲ ကြုံလာခဲ့ရင်လည်း မေတ္တာတွေအများကြီးနဲ့ ရောမွှေဖို့ ကြိုးစားမိမှာပါပဲ...
အဆုံးသတ်အနေနဲ့ အသက်သိပ်ငယ်သေးတဲ့ မောင်ငယ်ညီမငယ်လေးတွေကို သတိပေးချင်တာလေး ရှိပါသေးတယ်။ ညီမလေးတို့ မောင်လေးတို့ရေ အချစ်ဆိုတာ အချိန်တန်ရင် သူ့ဟာသူ ဖြစ်တည်လာတတ်တဲ့အရာဆိုတော့ မတားမြစ်ပါဘူး။ ဒါပေမယ့် ကြားမှာထရံပါးပါးလေးပဲ ခြားပေမယ့် လုံးဝမတူတဲ့ ချစ်တာနဲ့ကြိုက်တာကို ကွဲကွဲပြားပြားသိဖို့ သတိထားကြပါနော်။ အချစ်ဟာ ဘ၀ရဲ့ ချစ်စရာအကောင်းဆုံး အစိတ်အပိုင်းဖြစ်ချင်ဖြစ်နိုင်ပေမယ့် ကိုယ့်ရဲ့ သိက္ခာ၊ တိုးတက်ရေးနဲ့ ရှင်သန်မှုတွေကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ ဘ၀ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတော့ ဘယ်တော့မှ အဖြစ်မခံပါနဲ့လို့လည်း သတိပေးချင်ပါသေးတယ်...
အားလုံးပဲ မေတ္တာတွေနဲ့ ထုံမွမ်းထားတဲ့ အချစ်ကို ထွေးပိုက်ရင်း စစ်မှန်တဲ့ ကိုယ်ရဲ့တခြမ်းနဲ့အတူ အမြဲ ပျော်ရွှင်နိုင်ကြပါစေရှင်...း)
မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို My Intimate Refuge ကနေ ကူးယူထားတာ ဖြစ်ပါတယ်။
ဖြစ်သလိုစားသူအကြောင်း
"ကျွန်မချက်တာကို သေချာပေါက် မြိန်ရည်ရှက်ရည်စားနိုင်တဲ့ လူတစ်ယောက်ပဲ ရှိပါတယ်။ အဲဒီလူကတော့ ကျွန်မပါပဲ" လို့ ကျွန်မဟာသလုပ်ပြီး ပြောလေ့ရှိပါတယ်။ "ဖြစ်သလို" စားပုံလေးကို ရေးဖို့ ကိုနေလင်းက TAG တော့ ခေါင်းစဉ်က ကျွန်မနဲ့ကွက်တိပဲလို့ ချက်ချင်းတွေးမိလိုက်ပါတယ်။ ရှက်ရှက်နဲ့ ၀န်ခံရရင် ထမင်းဟင်း အချက်အပြုတ်မှာ ကျွန်မရဲ့အရည်အချင်းက "သုည"မို့လို့ ကိုယ့်ဘာသာချက်စားတဲ့ အကြိမ်တိုင်းဟာ "ဖြစ်သလို" တွေဖြစ်နေတာကြောင့်ပါး) "ဗိုက်ဆာနေရင် ဘာဖြစ်ဖြစ် စားလို့ဝင်တယ်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အစားအသောက်နဲ့ ပတ်သက်ရင်လည်း သိပ်ဂျီးများလေ့ မရှိတာကြောင့် ကျွန်မရဲ့ အချက်အပြုတ်အရည်အချင်းက တိုးတက်မလာခဲ့တာ ကြာပါပြီ။ မိဘနဲ့နေစဉ်တုန်းကလည်း မီးဖိုချောင်ဝင်ခွင့်မရခဲ့တာကြောင့် ကိုယ့်ဘာသာ နေတဲ့အခါမှာ ဒုက္ခတွေ များပါတော့တယ်။ ပထမဆုံးအကြိမ် အိမ်နဲ့ခွဲပြီး နိုင်ငံခြားကို ထွက်လာခါစမှာ အချက်အပြုတ် အင်မတန်တော်တဲ့ ကျွန်မရဲ့ဦးလေးက ချက်နည်းပြုတ်နည်း အခြေခံတွေ သင်ပေးပါတယ်။ ဦးလေး သင်ပေးသလောက်နဲ့ပဲ စိတ်ထင်သလို ချက်စားနေခဲ့တာ ဒီနေ့အထိပါပဲ။
ကျွန်မရဲ့"ဖြစ်သလို"မှာ မပါမဖြစ်က ကြက်ဥပါ။ Corned Beef ပေါပေါများများ ရနိုင်တဲ့အရပ်မှာ နေခဲ့တုန်းက Corned Beef နဲ့ ကြက်ဥကို ရောကြော်ပြီးစားရတာ ကျွန်မအကြိုက်ဆုံးပါ။ မကြာခဏလည်း စားဖြစ်ပါတယ်။ ဟင်းက ကြည့်ရတာ ရုပ်ဆိုးပေမယ့် ကျွန်မအရမ်းကြိုက်လို့ပါ။ အခုတော့ ကြက်သား ၀က်သားအတုံးလေးတွေကို ကြော်စားတာက ကျွန်မရဲ့ "ဖြစ်သလို" ဖြစ်နေပါတယ်။ နောက်ကျွန်မ Singapore ရောက်မှ လုပ်မစားဖြစ်တာကြာပြီဖြစ်တဲ့ ဖြစ်သလို တစ်ခုရှိပါသေးတယ်။ ခေါက်ဆွဲကြော်ပါ။ အားလုံးသိပြီးတဲ့အတိုင်း ခေါက်ဆွဲခြောက်ကိုပြုတ်ပြီး ပျော့ပျောင်းသွားတဲ့အခါ ပုစွန်သေးသေးလေးတွေရယ်၊ ကြက်ဥရယ် (ပါပြန်ပြီနော်း))၊ ဟင်းခတ်အမှုန့်ရယ် ထည့်ပြီး ကြော်စားတာပါ။ ခေါက်ဆွဲအစား ထမင်းထည့်ကြော်ပြီး ထမင်းကြော်လည်း လုပ်စားတတ်ပါသေးတယ်။ အရသာကတော့ စားလို့ရရုံလို့ ထင်ပါတယ်း) ကျွန်မခေါက်ဆွဲကြော်ကို အရမ်းကြိုက်တဲ့ သူငယ်ချင်း(၁)ယောက်ကိုတော့ ရှားရှားပါးပါး တွေ့ဖူးပေမယ့် ကိုယ်ချက်တာကို တခြားလူကို ကျွေးဖို့ယုံကြည်မှုကတော့ အခုထိမရှိသေးပါဘူး။ ပို့စ်နဲ့ သိပ်မသက်ဆိုင်ပေမယ့် အမှတ်တရအနေနဲ့ လွန်ခဲ့တဲ့(၄)နှစ်ကျော်က ကျွန်မပထမဆုံးချက်ခဲ့တဲ့ ဟင်းကို ဓာတ်ပုံရိုက်ယူထားတာလေး အောက်မှာ တင်ပေးလိုက်ပါတယ်။ သိုးရဲ့နှလုံးကို ချက်တာပါ။ မချက်တတ်ရတဲ့ကြားထဲမှာ သိုးရဲ့နှလုံးကိုမှချက်တော့ အညှီနံ့မပျောက်သလို စားလို့လည်း မကောင်းလှပါဘူး။ ဒါပေမယ့် ပထမဆုံးချက်တဲ့ဟင်းကို ကြည့်မ၀ရှုမ၀နဲ့ ကင်မရာပြေးယူပြီး ဓာတ်ပုံရိုက်ခဲ့တာကိုတော့ ပြန်စဉ်းစားရင် မနေ့တနေ့ကလိုပါပဲ။ တမျိုးလေးတော့ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။
ကျွန်မရဲ့"ဖြစ်သလို"ကို ဖတ်ပြီး အားလုံးစိတ်ညစ်နေကြပြီ ထင်ပါတယ်။ ကျွန်မလည်း ကိုယ့်ရဲ့အချက်အပြုတ် အရည်အချင်းအတွက် အားမရဖြစ်မိတာ အကြိမ်ကြိမ်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ အချက်အပြုတ် မကျွမ်းကျင်တာ မြန်မာထမင်းဟင်း မချက်တတ်တာ တကယ်တော့ ရှက်စရာလည်း ကောင်းပါတယ်။ ဟင်းချက်သိပ်ကောင်းတဲ့ အတူနေ သူငယ်ချင်းတွေကိုလည်း အမြဲအားကျမိရင်း ကိုယ့်ဘာသာပြုပြင်မယ်လို့ တွေးရင်းနဲ့ပဲ ကိုယ်ချက်တာကို ကိုယ်ပဲစားတာကြောင့် Complaint တက်မယ့်သူလည်း မရှိလို့ထင်ပါတယ်... အခုထိဒုံရင်းပါပဲ။ ကိုယ့်ကညံ့နေပေမယ့် အခုထိ ထမင်းဟင်း မချက်ဖြစ်သေးတဲ့ ညီမငယ်လေးတွေကိုလည်း ကျွန်မလိုမျိုး မဖြစ်အောင် အချက်အပြုတ်လေးကိုလည်း အချိန်ရရင် အခွင့်အရေးရရင် လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလို ချက်တတ်နေတော့ ကိုယ့်ဘာသာနေတဲ့အခါမှာလည်း ဖွယ်ဖွယ်ရာရာချက်စားနိုင်သလို ခင်တဲ့မင်တဲ့ သူတွေကို အိမ်မှာချက်တဲ့ ထမင်းဟင်းကျွေးချင်ရင်လည်း အင်မတန် မျက်နှာပန်းလှမှာပါ။ ကျွန်မလည်း အချိန်ရခဲ့ရင် ကြိုးစားရပါဦးမယ်... အားလုံး ကျွန်မဟင်းကိုကြည့်ပြီး ထမင်းစားမပျက်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်း) အားလုံးပဲ နေ့စဉ်နေ့တိုင်း အာဟာရပြည့်ဝတဲ့ ထမင်းကောင်းဟင်းကောင်းတွေကို အလောတကြီး မဟုတ်ဘဲ အေးအေးဆေးဆေး စားနိုင်သူများ ဖြစ်ကြပါစေရှင်...း)
You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.