Sunday, October 19, 2008

[Moehmaung] 1 New Entry: နည်းနည်းလေးတော့ လွဲနေတယ်

နည်းနည်းလေးတော့ လွဲနေတယ်

(၁)
အမြင်မတော် တာလေးတွေ ပြောချင်လာလို့။ ရန်ကုန်မြို့ကြီးမှာပေါ့။ မြို့ထဲကနေ လိုင်းကားစီးသွား မြေနီကုန်း မှတ်တိုင်ကျော်ရင် မီးပွိုင့်ကိုရောက်ရော။ ပြည်လမ်းပေါ်မှာလေ။ ကားစပယ်ယာတွေက ပိုက်ဆံလေး လိပ်ပြီး မီးပွိုင့်က ယာဉ်ထိန်းရဲဆီ ပစ်ပေးနေတာ မြင်ခဲ့ရတယ်။ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်းမဟုတ်။ တစ်စီးတည်းလည်း မဟုတ်။ ဖြတ်သမျှ လိုင်းကားအကုန် ပစ်ပေးနေရတာ။ ဘာကြောင့်လည်း ဘာအတွက်လည်းပေါ့ သိချင်လိုက်တာ။ ရတဲ့ပိုက်ဆံကလည်း ၃၀၀ တောင် ကျော်မယ် မထင်ပါဘူး။ အင်း ဒါပေမယ့် ပေါ့လေ တစ်နေ့လုံးဆိုတော့ ဖြတ်သွားတဲ့ လိုင်းကားတွေက နည်းတာမှမဟုတ်တာ။ မနည်းရမှာပဲနော်။

အဲ့ဒီလိုလုပ်ရပ်က ကိုယ်တိုင်အတွက်လည်း ရှက်စရာတော့ ကောင်းသလားလို့။ အဖွဲ့အစည်း အတွက်လည်း မကောင်းဘူး ထင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း အနေနဲ့တော့ အင်မတန် ရှက်စရာ ကောင်းပါတယ်။ မီးပွိုင့်ဆိုတော့ ကားကရပ်လို့ မရဘူးလေ။ ဖြတ်သွားတုန်း ပိုက်ဆံခေါက်ပြီး ပစ်ပေးရတာ။ တစ်ခါတစ်လေတော့လည်း လိုရာမရောက်တာ ရှိတာပေါ့။ လမ်းမပေါ် ကျတာတို့ ဘာတို့။ အဲ့ဒီအခါမှာ ဘယ်လိုမျက်နှာမျိုးနဲ့များ ထွက်ကောက်လဲ မသိပါဘူး။ ယိုသူမရှက် မြင်သူရှက်ပေါ့လေ။ ဖြစ်လေရာ ဘ၀မှာ မြန်မာနိုင်ငံက ယဉ်ထိန်းရဲ မဖြစ်ပါရစေနဲ့ဘုရား။

(၂)
မိုးမှောင်တို့ ဒီရက်ပိုင်းအတွင်း တော်တော်လေး လွဲနေတယ်။ ထမင်းဆိုင်မှာ ထမင်း ၀င်စားတော့လည်း အမြင်မတော်တာ တွေ့ပြန်ရော။ တခြားဝိုင်းမှာ ရောက်နှင့်နေတာက ဒုရဲအုပ်တစ်ယောက်ရယ်၊ မရက အဖွဲ့ဝင်ဆိုသူ နှစ်ယောက်ရယ်၊ အပူသည်ရုပ်နဲ့ အမျိုးသမီးတစ်ယောက်ရယ်။ သူတို့ ပြောဆိုနေသံကြားရတာက အဲ့ဒီမိန်းမရဲ့ ယောင်္ကျား (ဆိုက်ကားသမား ထင်တယ်) အဖမ်းခံထားရတယ်။ မူးပြီးရမ်းကားမှုနဲ့။ မူးပြီးရမ်းတယ် ဆိုတာကလည်း ရပ်ကွက်တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာပါ။ ပုံမှန်ဆိုရင်တော့ ရပ်ကွက်က တာဝန်ရှိသူတွေ ထိန်းသိမ်းပြီး အဆင်ပြေသွားတာပဲ။ အခုတော့ မတည့်တဲ့သူ တစ်ယောက်ယောက်က တိုင်လိုက်ပုံရပါတယ်။ ရဲအရေးပိုင်ထဲ ရောက်သွားပြီး အဖမ်းခံရရော။ ဒါမျိုးကလည်း အကြာကြီးချုပ်လို့ မရပါဘူး။ တစ်ရက်တန်သည် နှစ်ရက်တန်သည် ချုပ်ထားပြီး ပြန်လွှတ်မှာပါ။ မိန်းမဖြစ်သူကတော့ စိုးရိမ်ရှာမှာပေါ့လေ။ ဒါကြောင့်လည်း ဒီနေရာရောက်နေတာပေါ့။

သူတို့ပြောနေကြတာက ဒုရဲအုပ်မှ ၅၀၀၀၀ နှင့်အပြီး ဖြေရှင်းပေးမှာဖြစ်ကြောင်း၊ အမျိုးသမီးလည်း ငွေပေးလိုက်တာကို တွေ့လိုက်ပါတယ်။ မရက အဖွဲ့ဝင်တွေ ဆိုတာကလည်း ဘေးကနေ ညော်ပေးကြပေါ့ဗျာ။ ခဏနေကျတော့ ဒုရဲအုပ်လည်း လစ်သွားရော။ တာဝန်ကရှိသေးတာကိုး။ နောက်ဒုရဲအုပ်တစ်ယောက် ရောက်လာပြန်ရော။ ခုနက ကိစ္စကို လာမေးနေသံကြားရတယ်။ အမျိုးသမီးကတော့ ပထမရဲနဲ့ မရကတွေ စားထားတာရှင်းပြီး ပြန်သွားတယ်။ ဒုတိယရဲက ဘယ်လိုလုပ်မှာလည်း ဘာညာ လာမေးနေတယ်။ မရကတွေကလည်း ပထမရဲကို အပြီးအစီး အပ်လိုက်ပြီဖြစ်ကြောင်း၊ ဆရာ့ကိုလည်း နောက်နေ့ မနက်စာဧည့်ခံပြီး သတ်သတ်မှတ်မှတ် ဂါရ၀ပြုဖို့ ပြောထားကြောင်း၊ မနက်ဖြန်အားရင် လာခဲ့ဖို့ ပြောသံကြားလိုက်ရပါတယ်။ အဲ့ဒီတော့မှာ ဒုတိယရဲလည်း စိတ်ချလက်ချ ထွက်သွားတော့တယ်။

အဆိုပါရဲလည်း ထွက်သွားရော မရကအဖွဲ့ဝင် ဆိုသူနှစ်ယောက် ပြောနေသံ ကြားရတာတော့
"သူတို့ချင်းကလည်း အဲ့ဒီလိုကွ" တဲ့။ ပြီးတော့ နှစ်ယောက်သား ရပ်ကွက်ထဲက အကြောင်းတွေ ပြောနေကြသေးတယ်။ အရင်က အမှုသည်ဆီက လက်ဘက်ရည် တစ်ခွက်တောင် မသောက်ဘူးကြောင်း၊ အခုကြတော့လည်း လိုက်လံဆောင်ရွက် ပေးနေရကြောင်း၊ ကြေကြေကွဲကွဲကို ပြောနေကြတာ ဟိဟိ။ သူတို့အခုစားလိုက်တာလည်း နည်းတာမှတ်လို့။

ဘာရယ်တော့ မဟုတ်ပါဘူး နည်းနည်းလေး လွဲနေတာလေးတွေ တွေ့တော့ လက်ယားလာလို့။ အဲ့ဒါကြောင့် အဲလက်စ်ကပြောတာနေမှာ
"တော်ပြီကွာ စိတ်ကုန်တယ် တောထဲက သစ်ပင်ပေါ်သွားနေမယ်.. ကျားကြီးပဲကိုက်သေသေ ကျေနပ်တယ် အားလုံးအေးဆေးပဲ"

You received this email because you are subscribed to the real_time feed for http://moehmaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.