Sunday, October 19, 2008

[စိတ်မီးအိမ်] 1 New Entry: အတွေးများ

အတွေးများ

အချိန်တွေက ပြောင်းလဲ နေတယ် ဆိုတာ စဉ်းစားကြည့်မိတယ်။


တခါတလေမှာ စိတ်ထဲမှာ ဖြစ်နေတာတွေ အကုန် အန်ချချင်မိတယ်။

အဲလို အန်ချဖို့တောင် အချိန်မရှိခဲ့ရင်။ ဒါမှမဟုတ် အန်ချတာကို နားထောင်မယ့်သူများ မရှိခဲ့ရင်။ ဘ၀အတွက် ဖြေစရာ ထွက်ပေါက်လေးတောင် မရှိသလိုဖြစ်နေတတ်ပြန်တယ်။

ဒီလိုနဲ့ လူတိုင်းပြောပြောနေတတ်တဲ့ ဒီလိုပါပဲ ဆိုတဲ့ စကားစုလေး ပြောဖို့တောင် ဒီလိုပါပဲ ဖြစ်နေတတ်ပြီ။ ဒါဆို လူဆိုတာ သဘာဝလား။ သဘာဝ ထက် ဘာသာလဲ။ သဘာဝကို စဉ်းစားသင့်ပြန်ပြီ။

သဘာဝမှာ အရာရာဟာ သဘာဝပဲ။ ဥပမာ မြစ် ဆိုပါစို့။ ကောက်ကွေ့ တဲ့ မြစ်ပဲ ဖြစ်ဖြစ်၊ ရိုးစင်းတဲ့ မြစ်ပဲ ဖြစ်ဖြစ် ချောင်းလက်တက်တွေက စတင် တယ်တဲ့။ ပြီးတော့ ပင်လယ်၊သမုဒ္ဒရာ ရောက်သွားရင် အားလုံး အတူတူပဲ တဲ့။ ကျယ်ပြောတဲ့ သဘော၊တူညီတဲ့ သဘော နဲ့ လောက ကို အလှဆင်တယ်တဲ့။ တကယ်တော့ သဘာဝတခု ဖြစ်တဲ့ ပထ၀ီဝင် မြေကြီးက အလေးနက်ဆုံးဖြစ်မယ်ထင်တယ်။ တွေးကြည့်တာပါ။ ဘာပဲဖြစ်ဖြစ် ချောင်းတွေဆိုတာ မြေကြီးမရှိရင် မရှိနိုင်သလို၊ မြစ်တွေ လည်း ဒီသဘောပါပဲ။ လှပကျယ်ပြောတဲ့ မဟာ သမုဒ္ဒရာတွေ ကို ထမ်းပိုးထားတာလည်း ဒီမဟာပထ၀ီမြေကြီးပဲ ဖြစ်နေပြန်တယ်။ အဲဒါဆို မြေကြီးဟာ အရေးကြီးဆုံးလား။ ဒီလို လည်း မဟုတ်ပြန်ဘူးလေ။

မြေကြီးတာ ရှိပြီး နေမင်း ကြီး မရှိရင်လည်း ရာသီဥတု မရှိနိုင်သလို မြစ်တွေ၊ချောင်းတွေ လည်း မရှိပြန်ဘူး။ ဒါဆို နေမင်းကြီးက အားလုံးကို ဖန်တီးနေတာလား။


တကယ်တွေးရင်း မဟုတ်ပြန်ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ နေမင်းရှိပြီး လေထု မရှိရင် ပူချင်သလောက်ပူ၊လင်းချင်သလောက်လင်း ရာသီဥတုဆိုတာ ဖြစ်မလာနိုင်ဘူးလေ။

ဒါဆို ဘာက ဘာကို ထိန်းချူပ်တာလဲ။ သေချာ စဉ်းစားကြည့်ရင် ဘယ်တခုတည်းသော အရာကမှ ဤလောက ကို ဖြစ်ထွန်းပေးနိုင်စွမ်း မရှိပြန်ဘူး။ ဒါဆိုဘယ်လိုလဲ။


နောက်ဆုံးအဖြေက အပြန်အလှန်တည်ရှိနေမှု နဲ့ အပြန်အလှန် မှီခိုနေမှု လို့ ပြောရမယ် ထင်တယ်။ အဲဒီ ထဲက ဟန်ချက်တခုခု လွှဲသွားရင် ကမ္ဘာကြီးလည်း တခုခု ဖြစ်မယ်။ ဒါပေမယ့် အဲဒီ ဟန်ချက်ပျက်မှု က နေမင်းကြီးကိုတော့ သိပ်ပြီး ထိရောက်မှု မပြင်းနိုင်ဖူးလို့ ထင်ရပြန်တယ်။ ဒါဆို ကမ္ဘာကြီးလုံးလုံးပျက်သွားရင် နေမင်း ဘာဖြစ်မလဲ။ လေထု ရော ဘယ်လို နေမလဲ။ တခြား ဂြိုလ်တွေ နဲ့ စင်္ကြာဝဠာ တခုလုံး ရောဘယ်လို နေမလဲ။ အသေအချာ မပြောနိုင်ပေမယ့် ကမ္ဘာပျက်သလို၊ ဒီပြင် စင်္ကြာဝဠာထဲက အရာအားလုံး ပြိုင်တူပျက်ကြရင်တော့ ဒီစင်္ကြာဝဠ ကြီးရဲ့ ဟန်ချက်ပျက်နိုင်သလို၊ လုံးလုံးလဲ ပျက်သွားနိုင်ပြန်တယ်။ ဒါဆို အခြားစင်္ကြ၀ဠာတွေလည်း ခုလို ပြိုင်ပျက်ကြရင် ဘာဖြစ်မလဲ။

အဲဒါဟာ အားလုံးရဲ့ အဆုံးသတ်နေ့ဖြစ်မယ်ထင်တယ်။ တွေးနိုင်သလောက် ချဲ့တွေးကြည့်တာပါ။


ဒါဆို မြစ်တွေက ကောက်ကွေ့လည်း ဒီသဘော၊ ဖြောင့်လည်း ဒီသဘောပဲ။နေမင်းနဲ့ စင်္ကြ၀ဠာလည်း ဒီသဘောပဲ။ နောက်ဆုံး စဥ်းစားတော့ အားလုံးဟာ သင်္ခါရ ဖြစ်သလို နတ္ထိပဲ ဖြစ်နေပြန်တယ်။


ဒါဆို လူသားတွေရော ဘယ်လိုလဲ။ လူသားဟာ စိတ်ကလေး တစ်ခု ရှိနေတာပဲ ပိုပြန်တယ်။ ဒါဆို စိတ်က ရုပ်ပိုင်းဆိုင်ရာထက် ဘာတွေ ပိုစွမ်းသလဲ။ ရှင်းရှင်းလေးပါ။ ဖြစ်ချင်တိုင်း ဖြစ်နေပြီး၊ပျက်ချင်တိုင်း ပျက်နေတဲ့ ရုပ်ကို စိတ်က သာ နိုင်အောင် ထိန်းနေနိုင်ရင် ကိုယ့်တကိုယ်ရေ ကမ္ဘာလေးကတော့ အေးချမ်းနေမှာ အမှန်ပဲ။ ဒါဆို စင်္ကြာဝဠာတွေ တစ်ခုလုံး ဆုံးသွားတဲ့နေ့မှာ အဲဒီ စိတ်နဲ့ ကိုယ်ဟာ ဘယ်လို ပျက်စီးသွားမလဲ ဆိုတာ ဘယ်သူမှ မတွေးနိုင်၊ မသိနိုင်ပြန်ဘူး။


အကောင်းဆုံးက တော့ တကယ်ကို အနှစ်သာရ ရှိရှိ နဲ့ အတွင်းကျတဲ့ အေးချမ်းမှု အစစ် လူတိုင်းလူတိုင်းမှာ ရှိနေဖို့ပဲ ထင်တယ်။ခုအချိန်လေးမှာ အေးချမ်းနေဖို့ အရေးကြီးဆုံးပဲထင်တယ်။ ဒါပေမယ့် တဦးချင်တောင် ဖြစ်နိုင်၊ ရနိုင်ဖို့ ခဲယဉ်းရင် လူတိုင်းအတွက်ဆိုတာ ဘယ်လိုမှ မလွယ်ကူပြန်ဘူးလေ။ ဒါဆို အကောင်းဆုံးက ဘာလုပ်မလဲ။ တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာရမလား။ သေချာတာက တစ်ကိုယ်တည်း အေးချမ်းနေလို့ မဖြစ်ပြန်ဘူး။ အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်လေးပါ အေးချမ်းဖို့ လိုပြန်တယ်။


ဒါဆို အရင်ဆုံး တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာ။ မိမိကိုယ်တိုင်က အရင် လွှတ်မြောက်စေရမယ်။ ပြီးမှ အနီးကလူတွေ ကိုလည်း အေးချမ်းအောင် ကူညီနိုင်ရမယ်။ သူတို့ကို်လည်း သူတို့ ကိုယ်တိုင်က လွှတ်မြောက်ဖို့ ကူညီရမယ်။ ဒါဆို အဲလို ကနေ တဖြည်းဖြည်း ပြောင်းလဲယူလာရင် နောက်ဆုံးမှာ တကယ် တလောကလုံး အေးချမ်းမှု အတွက် ကိုယ်က အနည်းအပါးဖြစ်ဖြစ် ကိုယ့်တာဝန် ကို ထမ်းနေသလို ခံစားရမယ် ထင်တယ်။


ဒါ့အတွက် အရင်ဆုံးလုပ်သင့်တာတွေ တန်းစီ စဉ်းစာလိုက်တော့ အဖြေက ရှင်းရှင်းလေးပဲ။

၁။ လောကီကို မစွန့်နိုင်သေးသမျှ ကိုယ်ကျရာ နေရာမှာ ကျရာ အလုပ်ကို တာဝန် ကျေနေရမယ်။

၂။ မိမိပတ်ဝန်းကျင်မှာ တန်းဖိုးရှိတဲ့လူ၊ တကယ် ဦးကြိုချင်စရာ ကောင်းတဲ့လူဖြစ်အောင် လုပ်ရမယ်။

၃။ အပြန်အလှန်လေးစားပြီးကူညီရမယ်။

ဒီအခြေခံ အချက်သုံးခု သာ တကယ် ဖော်ဆောင်နိုင်ရင် အားလုံးဟာ ကိုယ့်အတွက် အေးချမ်းလာတော့မယ်။ တကယ်တမ်း ဖော်ဆောင်ဖို့ ဆိုရင် ပထမဆုံး ကိုယ်မကြိုက်တဲ့၊ ကိုယ့်စိတ် ထဲကဖြစ်ချင်တာနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ အလုပ်ကြိုးစားမှု ကနေ စရမယ်။ အချိန်ပြည့် ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ အဲဒီအထဲမှာစိတ်မြုပ်ပြီး လုပ်ရတော့မယ်။


ဒါဆို အန်ချစရာတွေဟာ ကိုယ့်အတွက် မဟုတ်ပဲ အများအတွက် ဖြစ်လာတော့မယ်။ ကိုယ်ရဲ့ ဖိစီးမှုများလို့ အန်ချလိုမှုဟာ ကိုယ်က အားလုံးကို နိုင်နေအောင် ကြိုးစားလို့ အောင်မြင်မှုအတွက်သူများတွေ အန်ချ ချီးမွမ်းရမယ့် အရာမျိုးဖြစ်လာတော့မယ်။


ဒါပေမယ့် အဲလို အချိန်သာ ရောက်နိုင်ခဲ့ရင် အဲဒီ ချီးမွမ်းမှုမျိုးနဲ့ သာတဲ့ တစ်ကိုယ်ရေ အတွင်းကျ အေးချမ်းမှု လေးနဲ့ ပဲ ကိုယ်ကပျော်မွေ့ နေတော့မယ် ထင်တယ်။


ပထမတော့ ကြိုးစားကြည့်ကြတာပေါ့ဗျာ။ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ အချိန်ပြည့် ကြိုးစားကြတာပေါ့။


လောကသားတွေ အေးချမ်းပါစေ။ နှလုံးသား အနာ၊စိတ်အနာ ကင်းကြပါစေ။

You received this email because you are subscribed to the real_time feed for http://seitmeeain.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.