Sunday, October 19, 2008

[ဆုံဆည်းရာ] 3 New Entries: ၁၄ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ကျင်းပပြီးစီး (ဗိုလ်ချုပ်)စောတာမလာဘော အား ဥက္ကဌသစ်အဖြစ် ရွေးချယ်တင်မြှောက်

၁၄ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ကျင်းပပြီးစီး (ဗိုလ်ချုပ်)စောတာမလာဘော အား ဥက္ကဌသစ်အဖြစ် ရွေးချယ်တင်မြှောက်

NEJ/၁၈ အောက်တိုဘာ ၂၀၀၈။ ။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ၁၄ကြိမ်မြောက်ကွန်ဂရက်တွင် (ဗိုလ်ချုပ်) စောတာမလာဘောအား ဥက္ကဌအဖြစ် ရွေးချယ်တင် မြောက်လိုက်သည်။

KNUစတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ဥက္ကဌ (၇)ဦးရှိပြီဖြစ်သည်။ ၄င်းတို့မှာ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာတာ မွေး၊ မန်းဘဇန်၊ စောဘိုမြ၊ ပဒိုစောဘသင်စိန်နှင့် ပဒိုစောတာမလာဘော တို့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဒု ဥက္ကဌအဖြစ် ပဒိုဒေးဗစ်သာကပေါ်ကို တင်မြှောက်လိုက်ပြီး ကွယ်လွန်သူ ပဒိုမန်းရှာနေရာတွင် အထွေထွေအတွင်းရေးမှုးအဖြစ် နော်စီဖိုးရာစိန်ကို ရွေးချယ်လိုက်သည်။

၁၄ကြိမ်မြောက်ကွန်ဂရက်ကို ယခုလ ၆ရက်နေ့မှ ၁၈ ရက်နေ့ထိ ကရင်အမျိုးအစည်းအရုံးလက်အောက်ခံ ခရိုင်တခုတွင်ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဗဟို၊ ခရိုင်များနှင့်တပ်မဟာအသီးသီးမှ ကိုယ်စားလှယ်များက ဒီမိုကရေစီနည်းဖြင့်ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သည်။

KNU ၏၁၄ ကြိမ်မြောက်ကွန်ဂရက်တွင် ပြီးခဲ့သည့်သက်တမ်းနှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူး ပဒိုထူးထူးလေး တင်သွင်းသည့် လုပ်ငန်းအစီရင်ခံစာကို ညီလာခံကိုယ်စားလှယ်များက ပြန်လှန်သုံးသပ်ဆွေးနွေးခဲ့ကြပြီး လာမည့်သက်တမ်းအတွက် ရှေ့လုပ် ငန်းစဉ်များ ချမှတ်ခဲ့သည်။

ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားထုအတွင်း သို့လောသို့လော ပြောဆိုနေကြသည့် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် မူလေးချက်ကို ပြင်ဆင်မည့်ကိစ္စ၊ တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ သဘောထားများနှင့် အခြားမူဝါဒရေးရာများအပေါ် ဝေဖန် သုံးသပ်မှုများနှင့်ပတ်သက်၍ ယခု ကွန်ဂရက် တွင် KNU အနေဖြင့် စုစည်းကျစ်လစ်ညီညွတ်မူကို ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး KNU ဗဟို၏ ဦးဆောင်မှု မူဝါဒအတိုင်း ရှေ့လုပ်ငန်းစဉ်များကို ယခုကွန်ဂရက်တွင် ချမှတ်နိုင်ခဲ့သည်ဟု ညီလာခံ တက်ရောက်ခဲ့ သည့် ကရင်အမျိုးသား အစည်းအရုံး ဖားအံခရိုင်ဥက္ကဌ ပဒိုစောအားတိုးက ခေတ်ပြိုင်သို့ ပြောကြား သည်။

ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့်မူ (၄) ချက်ကို ယနေ့အထိ အခိုင်အမာ ကိုင်စွဲထားပြီး ၎င်းမူလေးချက်မှာ -(၁) လက်နက်ချစကားအလျှဉ်း မပြောရ။ (၂) ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်။ (၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်။ (၄) ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဟူသည့် အချက်(၄)ချက် ဖြစ်သည်။ အဆိုပါမူ (၄) ချက်အား KNU ဥက္ကဌစောဘဦးကြီးသည် ၁၉၅၀ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖာပွန်မြို့တွင် ကျင်းပသော ကရင် အမျိုးသား ညီလာခံအပြီးတွင် ၎င်းအချိန်က မော်ချီးတွင်ရှိသည့် ကော်သူးလေ အသံလွင့်ဌာနမှ ကြေညာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်၌ ပထမဆုံး ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ပြီး ထိုစဉ်က အုပ်ချုပ်ခဲ့သည့် မြန်မာအစိုးရမှ ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ကရင်အမျိုးသားအစည်း အရုံး KNUနှင့် ကရင့် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDOကို မတရားအသင်း ကြေညာခဲ့အပြီး ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်ဖြစ်ပေါ်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက်ကို ပုံမှန်(၄)နှစ်တကြိမ် ကျင်းပပြီး စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပေါ်မူတည်၍လည်း ပြောင်းလဲကျင်းပမှုများရှိခဲ့သည်။ ယခုကွန်ဂရက်သည် (၁၄) ကြိမ်မြောက်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှအရပ်ဘက်၊ စစ်ဘက် ကိုယ်စားလှယ်များ ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇)ခုမှ ကိုယ်စားလှယ်များ ဖားအံခရိုင်၊ သထုံခရိုင်၊ ဖာပွန် ခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ဒူးပလာယာခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်မှ ကိုယ်စားလှယ်များ ကရင်အမျိုးသမီးအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုံညီစွာ တက်ရောက် ခဲ့ကြသည်။

လာမည့်ရက်ပိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံးမှ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ် မည်ဟု သိရှိရသည်။

မုန်တိုင်းသင့် ကလေးငယ်များ၏ ပညာရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး ထိရောက်စွာ ပံ့ပိုးသင့်

ဧရာဝတီ-အောင်သက်ဝိုင်း | အောက်တိုဘာ ၁၇၊ ၂၀၀၈

မုန်တိုင်းသင့် ကလေးငယ်များကို စိတ်ဓာတ်ရေးရာ မြင့်တက်စေရေး ဆောင်ရွက်ရန် များစွာ လိုအပ်သကဲ့သို့ ပညာရေးနှင့် စားဝတ်နေရေးပိုင်းတွင် ထိရောက်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် လိုနေသေးကြောင်း လပွတ္တာရှိ ဒေသခံများက ပြောဆိုကြသည်။

"လပွတ္တာကျေးရွာ မူလတန်းကျောင်းတွေက ကလေးတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ တာလပေါ်လင်စကို ပတ်ပတ် လည်ကာပြီး သွပ်မိုးထားတာ။ ပြီးတော့ ထိုင်စရာမရှိဘူး။ ကလေးတွေက မြေကြီးမှာ ဖျာခင်းထိုင်ပြီး စာသင်ရတာပါ" ဟု လပွတ္တာမြို့ခံများကပြောသည်။

ကျေးရွာပေါင်း ၅၀၀ နီးပါးရှိသော လပွတ္တာမြို့နယ်တွင် အစိုးရ မူလတန်းနှင့် ပုဂ္ဂလိက တွဲဘက်မူလတန်း ၃၆၅ ကျောင်း ရှိပြီးသော ကျောင်းအများစုမှာ တာပေါ်လင်စ ပတ်ပတ်လည် ကာရံပြီး သွပ်မိုးထားသည့် လုံခြုံမှုမရှိသော ကျောင်း အဆောက်အအုံများသာ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

"ကုမ္ပဏီတွေကလည်း အဖြစ်သဘောပဲ လုပ်ပေးသွားတာလေ။ ကျောင်းဆောက် ပေးတယ် ဆိုပြီး တာပေါ်လင်စ ကာပြီး သွပ်မိုးပေးသွားတာ။ ဒီလိုကျောင်းမျိုးတွေဟာ ကလေးငယ်တွေ အတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ ပြီးတော့ စာအုပ်စာတမ်း လိုအပ်ချက်၊ သင်ကြားရေးဆရာ၊ ဆရာမ လိုအပ်ချက်တွေလည်း အများကြီး" ဟုလပွတ္တာမြို့နယ်ရှိ ပညာရေးဝန်ထမ်း တဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း နေထိုင်သည့် ကလေးငယ် အများစုမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ၅ လနီးပါး ကြာလာ သည့်တိုင် မုန်တိုင်း တိုက်ခတ်စဉ် ကြုံတွေ့ရသည့် အဖြစ်ဆိုးံများကြောင့် စိတ်ဝေဒနာ ခံစား နေရဆဲဖြစ်ပြီး ပုံမှန်အနေ အထား ပြန်လည် မရောက်ရှိနိုင်သေးဘဲ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး များတွင်လည်း အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ အန်ဂျီအို များထံမှ သိရှိရ သည်။

ဧရာဝတီတိုင်းမှ နာဂစ်ဒဏ်ခံခဲ့ရသည့် ကလေးငယ်များမှာ ကလေး သဘာဝ ပြေးလွှား ဆော့ကစားခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း၊ စူးစမ်းမေးမြန်းခြင်း များကို လုပ်ဆောင်မှုနည်းပါးပြီး တဦးတည်း ငေးငိုင်ခြင်း၊ စာသင်ခန်းများတွင် စိတ်ပါ လက်ပါ ပညာသင်ကြားနိုင်မှုမရှိကြကြောင်း သိရသည်။

၎င်းဒေသရှိ ကလေးငယ်များသည် ရာသီဥတုအခြေအနေကို လွန်စွာသတိထားပြီး အနည်းငယ် လေတိုက်ခြင်းနှင့် ကောင်းကင်အုံ့မှိုင်းခြင်းများ ရှိလာချိန်တွင် ငိုယိုခြင်း၊ အလွန်အမင်း ကြောက်ရွံ့ခြင်းများလည်း ဖြစ်နေသည် ဟု မုန်တိုင်းသင့် ဒေသများတွင် ကလေးသူငယ် အရေးဆောင်ရွက်နေသည့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF) ဧရာဝတီ တိုင်းရုံးခွဲများမှ မြန်မာဝန်ထမ်းများက ပြောသည်။

"ခုထက်ထိကလေးငယ်တွေ မှာ စိတ်ဝေဒနာတွေရှိနေပါတယ်။ မုန်တိုင်းသင့်ဒေသက ကလေးတွေက သာမာန်ကလေး တွေလို ကစားပျော်ရွှင်တာနေကြတာ မျိုးနည်းတယ်။ သူတို့မှာ အကြောက်တရား အရမ်းကို ကြီးစိုးနေတယ်" ဟု လပွတ္တာ မြို့နယ်ကျေးရွာများရှိ မုန်တိုင်းသင့် ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာ လုပ်ငန်းခွင်များတွင် ပါဝင်ဆောင်ရွက် နေသည့် စေတနာ့ဝန်ထမ်း တဦးက ပြောသည်။

မုန်တိုင်းကြောင့် စိတ်ဝေဒနာ ခံစားနေရသော ကလေးငယ်များသည် ပညာရေးတွင် စိတ်ဝင်စားမှု နည်းပါးသည့်အပြင် လှုပ်ရှားမှုနည်းပါးသည့်အတွက် ကိုယ်ခန္တာ ကြံ့ခိုင် ဖွံ့ဖြိုးမှုပိုင်းနှင့် ကျန်းမာရေး အပိုင်းတွင်လည်း ထိခိုက်မှုများ ရှိလာ သည်ကို တွေ့ရကြောင်း အဆိုပါ လူငယ်ကရှင်းပြသည်။

လပွတ္တာမြို့နယ် အခြေစိုက် Save the Children အဖွဲ့ကမူ လပွတ္တာ မြို့နယ်ရှိ ကျေးရွာ များတွင် ကလေး ပျော်ဌာန အခု ၂၀ ထားရှိမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ဌာနများတွင် ကလေးများအတွက် ကစားနည်းအမျိုးမျိုး၊ ကာတွန်းစာအုပ်၊ ပုံပြင် စာအုပ်များ၊ ပန်းချီဆွဲ ပစ္စည်းများ ထားပေးမည်ဖြစ်ပြီး ကလေးငယ်များ၏ စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် စနစ်တကျသင်တန်း ပေးထားသည့် ဆရာ၊ ဆရာမများ ထားရှိမည့်အပြင် လာရောက်သည့် ကလေးငယ်များကို အာဟာရ ကျွေးမွေးနိုင်ရန်လစဉ်ငွေကြေး ထောက်ပံ့ သွားမည်ဟု သိရသည်။

မုန်ုတိုင်းဒဏ်သင့် ကလေးငယ်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေများ မူလ အနေအထား ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ရန် အထူးလိုအပ်နေချိန်တွင် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့ အစည်းများက ယင်းလိုအပ်ချက်ကို တစိတ်တပိုင်း ပါဝင်ဖြည့်ဆည်း နေသော်လည်း စစ်အစိုးရကမူ တစုံတရာ ဆောင်ရွက်ခြင်း မရှိကြောင်း ပြည်တွင်း အန်ဂျီအိုများမှ စေတနာ့ဝန်ထမ်း လူငယ်များကပြောသည်။

"ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပ အန်ဂျီအိုတွေက တတ်နိုင်သလောက်လုပ်နေကြတယ်။ ဒါပေမယ့် အစိုးရပိုင်းကတော့ တအားကိုငြိမ်သက်လွန်းတယ်။ မုန်တိုင်းဖြစ်ပြီး ၃ လကျော် လောက်ကတည်းက ဘာဆိုဘာတခုမှ မလုပ်တော့ဘူး" ဟု လပွတ္တာမြို့နယ်၊ ကျေးရွာတခုရှိ တွဲဘက်မူလတန်း ကျောင်းဆရာတဦးက သုံးသပ်သည်။

ဧရာဝတီတိုင်းရှိ မုန်တိုင်းသင့် ကလေးငယ်များ၏ စိတ်ဝေဒနာကို ကုစားရန်အတွက် စီမံကိန်းများ ယခုထက်ပိုမို အရေးပေးဆောင်ရွက်ရန် လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပ အန်ဂျီအိုများနှင့် အစိုးရပိုင်းက အားတက်သရော အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်အခြေစိုက် ကလေးသူငယ်များ အရေး ဆောင်ရွက် နေသည့် ပြည်တွင်း အန်ဂျီအို ဝန်ထမ်းများက ပြောသည်။

အခြေခံပညာ ဦးစီးဌာန ၀န်ထမ်းတဦးကလည်း "ကလေးတွေရဲ့ စိတ်ဝေဒနာကို ကုသဖို့ ကလေးကစားကွင်း၊ ဥယျာဉ်နဲ့ ကလေးပျော် နေရာဌာနလေးတွေအ များကြီး ဖန်တီးပေးဖို့ အရေးကြီးတယ်။ ပြီးတော့ ကလေးတွေရဲ့ စိတ်ဝေဒနာတွေကို ကုသပေးဖို့ စနစ်တကျ သင်တန်းပေးထားတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီး လိုအပ်ပါတယ်" ဟု ပြောသည်။

မုန်တိုင်းသင့်ဒေသမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် အခမဲ့ပညာရေး စနစ် ဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ကလေးငယ်၏ မိသားစု စားဝတ်နေရေး ပြေလည်ရန်လည်း အရေးကြီးကြောင်း အဆိုပါ ပညာရေးဝန်ထမ်းက ပြောပြသည်။
"ခုဆိုရင် တဖြည်းဖြည်း ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေက ရိက္ခာထောက်ပံ့တာတွေနဲ့ တခြားကူညီရေး အစီအစဉ်တွေကို ရပ်ဆိုင်းလာကြပြီ။ မိသားစုတွေ စားဝတ်နေရေး ခက်ခဲလာရင် ကလေးတွေ ပညာ သင်ကြားရေးကလည်း လုံးဝထိခိုက် လာမှာပါ။ အဲဒီတော့ မိသားစုတွေရဲ့စားဝတ်နေရေး ခိုင်မာမှု ရှိလာတဲ့ အချိန်ထိ ကူညီထောက်ပံ့မှုတွေ ပေးဖို့ လိုပါတယ်" ဟု မုန်တိုင်းသင့် ဒုက္ခသည်များကိုကူညီနေသည့် ရန်ကုန်သား လူငယ်တဦးက ဆိုသည်။

ကိုဇာဂနာ့ ကျန်းမာရေးအတွက် မိသားစု စိုးရိမ်

မဇ္ဈိမ-သန်းထိုက်ဦး။ အောက်တိုဘာလ ၁၇ ရက် ၂၀၀၈

ချင်းမိုင်။ ။ အကျဉ်းကျခံနေရသည့် ဟာသ သရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရသည် ပြီးခဲ့သည့် ၂ ရက်က မိသားစုထံ ဆေးဝါးများ မှာယူနေသဖြင့် သူ့ကျန်းမာရေးအတွက် မိသားစုဝင်များက စိုးရိမ် ပူပန်နေကြသည်။

ယခုလ ၁၅ ရက်နေ့က ကိုဇာဂနာအား ဖမ်းဆီး ထိန်းသိမ်းထားသည့် ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်ရှိ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ သူက လုံခြုံရေးဝန်ထမ်းမှတဆင့် အသဲအားတိုးဆေးနှင့် အစာအိမ်ဆေးများ မှာကြားခဲ့သဖြင့် မိသားစုဝင်များမှ စိုးရိမ်မကင်း ဖြစ်နေခြင်း ဖြစ်သည်။

"ရောဂါအခြေအနေက စိတ်ပူလို့ပေါ့နော်။ ကာကွယ်တဲ့ အနေနဲ့ ဒီဆေးကို သုံးချင်လို့လား၊ ရုတ်တရက်ဖြစ်လာရင် သောက်မလို့လား။ မသိဘူးပေါ့နော်။ သူနဲ့မှ မတွေ့ရဘဲ ရဲနဲ့ပဲ တွေ့ရတာကိုး။ ရဲက ''အဲဒီဆေး၊ အဲဒီဆေး၊ ကိုသူရ မှာတယ်'' ဆိုတဲ့အခါကျတော့။ သွားတဲ့အကိုကလည်း မမေးခဲ့ဘူးလေ" ဟု ဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်ကြည်ဦးက ဆက်ပြီး ''လူကတော့ နည်းနည်း ပိန်သွားတယ်ပေါ့။ အန်တီတို့ကတော့ သွားမကြည့်ဘူးလေ။ မသွားနိုင်ဘူး။ ဝေးလို့လေ။ သားကိုပဲ လွှတ်တာပေါ့။ လူကတော့ ပိန်သွားတယ်ပေါ့။ မှာတဲ့ဆေးကို တနင်္လာနေ့ကို ပို့လို့ရတယ်လေ။ အဲဒီနေ့ကို သွားပို့မယ်'' ဟု ပြောသည်။

အကျဉ်းထောင်အတွင်း၌ ဆေးဝါး မစုံလင်သလို၊ ကုသမှု အပိုင်းတွင်လည်း ချို့တဲ့သောကြောင့် ထောင်ပြင်ပရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများက သူတို့၏ စိုးရိမ်ပူပန်မှုကို မကြာခဏဆိုသလို ယခုလို ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က "ထောင်ထဲမှာက လူနာတွေ၊ နေမကောင်းတဲ့ လူတွေကို ပေးတယ်ဆိုတာ ဒါမျိုးဆေးတွေ ပေးလေ့ မရှိပါဘူး။ ပါရာစီတမောတို့ပဲ ထောင်ထဲမှာ ပေးလေ့ ရှိပါတယ်'' ဟု ဆိုသည်။

''အိုင်စီအာစီ (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့) ၀င်လို့ မရတော့တဲ့ နောက်ပိုင်းကာလက စပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေက တော်တော် ဆိုးဝါးလာတယ်။ ကျနော်တို့ဆီမှာ အယောက် ၅၀ ကျော် စာရင်းပြုစုထားတာ ရှိတယ်လေ။ ရောဂါအလိုက် တော်တော်လေး ကျန်းမာရေး မကောင်းတဲ့ လူတွေပေါ့နော်''

အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်မောင်ရှိန်က ရုံးထုတ်စဉ်က ကိုဇာဂနာ၏ ကျန်းမာရေး ကောင်းမွန်သည်ဟု ပြောဆိုနိုင်သော်လည်း ရောဂါအခံများ ရှိနေသည်ကို ထောက်ပြ ပြောဆိုသည်။

ကိုဇာဂနာတွင် ယခင်ကတည်းက သွေးတိုး၊ အစာအိမ်၊ ကျီးပေါင်းတက်သည့် ရောဂါ၊ နှလုံးရောဂါ စသဖြင့် ရှိသလို အဖမ်းမခံရခင်က သွေးတိုးသောကြောင့် မူးလဲပြီး မဟာမြိုင် ဆေးခန်းသို့ သူ၏ အပေါင်းအသင်းများက လိုက်လံ ပို့ဆောင်ခဲ့ရသေးသည်။

ယခုနှစ် ဇွန်လဆန်းက အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီမှ တာဝန်ရှိသူ ၉ ဦးတို့က ကိုဇာဂနာ၏ နေအိမ်အတွင်း ရှာဖွေမှုများ ပြုလုပ်ကာ၊ လူကိုပါ ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရချိန်တွင် ကိုဇာဂနာသည် နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်းမှ ဒုက္ခသည်များအား ထောက်ပံ့ကူညီရေးအတွက် အားတက်သရော ပြုလုပ်နေခဲ့သည်။ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများကို နအဖ စစ်အစိုးရက ရုတ်တရက် ငြင်းဆန်ခဲ့ကာ၊ ဆိုးရွားလှသည့် ပျက်စီး သေဆုံးမှုများအား လျှော့ပေါ့ပြောဆို သတင်းထုတ်လွှင့်ချိန်တွင် ကိုဇာဂနာတို့ကဲ့သို့ စေတနာရှင်များက ပြည်ပမီဒီယာများမှတဆင့် အခြေအနေမှန်ကို ဖော်ထုတ်ခဲ့ကြသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များအား ထင်ရှားသည့် နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်၊ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူတို့နှင့်အတူ သူက ရေနှင့် ဆွမ်း ကပ်လှူခဲ့သည်။

နိုင်ငံတော် အာဏာပိုင်များ၏ မတရားဖိနှိပ်မှုများအပါအ၀င် လုပ်ကိုင်ဆောင်ရွက်မှု ညံ့ဖျင်းလွဲချော်နေမှုများကို အများပြည်သူ ရှေ့မှောက်၌ ဖွင့်ဟထုတ်ဖော် ပျက်ရယ်ပြုလေ့ ရှိသဖြင့်လည်း အာဏာပိုင်များက မကြာခဏ ခေါ်ယူစစ်ဆေးမှုနှင့် ဖမ်းဆီးချုပ်နှောင်မှု ခံခဲ့ရသူလည်း ဖြစ်သည်။

ယခုအခါ သူ့ကို နိုင်ငံတော်အား အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့တဲ့ ၂ ရက်က ရုံးထုတ်ရာတွင် အခြားသော နိုင်ငံရေး အကျဉ်းသားများနည်းတူ သူ၏ မိသားစုဝင်များလည်း တရားရုံး၏ စစ်ဆေးမှုကို ၀င်ရောက်ကြားနာခွင့် မရခဲ့ပေ။

အလားတူပင် ယခုတပတ်အတွင်း အင်းစိန်တရားရုံးတွင် ထိန်းသိမ်းထားသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အဖမ်းဆီးခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များက တရားခွင်အတွင်း ကြားနာခွင့် ရရှိရေးအတွက် နေပြည်တော်တွင် ရုံးထိုင်သည့် နိုင်ငံတော် တရားသူကြီးချုပ်ထံသို့ တောင်းဆို ထားခဲ့ကြသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.