ခြိမ်းခြောက်နေတဲ့ စီးပွားရေးကပ်
၂၀၀၈ ခုနှစ် အောက်တိုဘာ လထုတ် ခေတ်ပြိုင် ဂျာနယ်တွင် ဖော်ပြခဲ့သော ရဲဘော် ဖိုးသံချောင်း၏ ထင်မြင်ချက် ဆောင်းပါး။
ဒီနေ့အခါမှာ တကမ္ဘာလုံးက အာရုံအစိုက်ဆုံး ကိစ္စဟာ အမေရိကန် နိုင်ငံမှာ စတင်ဖြစ်ပေါ်နေတဲ့ စီးပွားရေး ကသောင်းကနင်း ဖြစ်မှုတွေပဲ ဆိုရင် မမှားပါဘူး။ ဒီကိစ္စဟာ သတင်းစာတိုင်းရဲ့ မျက်နှာဖုံးသတင်း၊ ရုပ်သံလွှင့်နဲ့ အသံလွှင့် သတင်းအစီအစဉ် တွေရဲ့ ပထမဆုံး သတင်းအဖြစ် အကြာကြီး နေရာယူခဲ့သလို နောက်ထပ်လည်း နေယာ ယူဦးမဲ့ အခြေအနေမှာ ရှိပါတယ်။
အိမ်ဖြူတော်က ထွက်ခွာလုဆဲဆဲ သမ္မတဘုရှ်ဟာ ကမ္ဘာ့အနောက်ဖျားမှာ ချွေးပြန်အောင် လုံးပန်းနေရသလို ကမ္ဘာ့ အရှေ့ဖျားက တရုတ်သမ္မတ ဟူကျင်းတောင် ဟာလည်း အိုလံပစ် အောင်မြင်မှုနဲ့ ယစ်မူး မနေနိုင်ပါဘူး။ ဒီပြဿနာကို အမေရိကန်က ကိုင်တွယ်ဖြေရှင်းနေတာ ကိုပဲ တကမ္ဘာလုံးက ရင်တမမနဲ့ စောင့်ကြည့်နေ ကြပါတယ်။ တစ်ဆက်စပ်တည်း ဥရောပတိုက် တခွင်လုံးမှာတော့ ၀ါရှင်တန်ကို အမျိုးမျိုး ဝေဖန်ပြောဆိုသံတွေ စီစီညံနေပါတယ်။
ကမ္ဘာ့အနိုင်နိုင်ငံက စီးပွားရေး ပညာရှင်တွေ ကတော့ ဒီစီးပွားရေး အကျပ်အတည်းဟာ ဘယ်အတိုင်းအတာထိ ဖြစ်မလဲ၊ ၁၉၂၉-၃၀ ကာလ အကျပ်အတည်းနဲ့ နှိုင်းစာရင် ဘယ်လိုနေမလဲ စသဖြင့် ချိန်ဆ တွက်ချက် နေကြပါတယ်။ ဝေါလ်စထရိ ဂျာနယ် (The World Street Journal) က "အကြွေးဒဏ်ရာ အားလုံး၏ မိခင်ကြီး" လို့ ကင်ပွန်းတပ်ခံရတဲ့ ဒီပြဿနာကြီး စပေါ်လာကတည်းက တချို့သော ပညာရှင်တွေက ဒါဟာ ၁၉၂၉-၃၀ နောက်ပိုင်းမှာ အဆိုးဝါးဆုံး စီးပွားရေး ကပ်ကြီး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ကြပါတယ်။
တချို့ကတော့ အခုအခါမှာ "ဝေါလမ်းမရဲ့ အကျပ်အတည်း" လို့သာ ပြောဆိုနေကြသေးတဲ့ ဒီငွေကြေးကပ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှာ ဖြစ်ပေါ်တာ မို့လို့ မကြာခင်မှာ ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ အတိုင်းအတာ အနေနဲ့ရော ထိခိုက်တဲ့ နက်ရှိုင်းမှု အနေနဲ့ပါ ၁၉၂၉-၃၀ တုန်းကထက် ပိုဆိုးနိုင်တယ်လို့ တွက်ဆ ပြောဆိုနေကြပါတယ်။ ဒါ့ကြောင့်မို့ပဲ တချို့ ပညာရှင်တွေဟာ အစိုးရတွေကို အထွေထွေကပ်ကြီး တစ်ခုအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
လောလောဆယ်အားဖြင့် အမေရိကန် သမ္မတက ပြဿနာတက်တဲ့ ဘဏ်ကြီးတွေကို ကယ်ထုတ်ဖို့ နည်းနာ တစ်ခု အနေနဲ့ နိုင်ငံ့ဘဏ္ဍာ ထဲကနေ ဒေါ်လာ ဘီလီယံ ၇၀၀ ထုတ်သုံးဖို့ တင်ပြတော့ သူ့ပြည်တွင်းက ဆီနေတာ အမတ်တွေရော သူ့မိတ်ဆွေ နိုင်ငံ့ ထိပ်သီးတွေကပါ ဒီအစီအစဉ်ကို ခေါင်းယမ်းနေကြတာ တွေ့ရပါတယ်။ ဆိုလိုတာက အဖြေကို လွယ်လွယ်နဲ့ ရှာမတွေ့နိုင်ဘူး ဆိုတာပါပဲ။ အမေရိကန်နိုင်ငံ အတွင်းက တချို့က ဒါဟာ သူဌေးတွေရဲ့ ဒုက္ခကို အခွန်ဆောင်သူတွေရဲ့ ငွေနဲ့ ကယ်တင်တာ ဖြစ်တယ်လို့ ထောက်ပြ ကန့်ကွက်ကြတာ ကိုလည်း တွေ့နေ၊ ကြားနေရပါတယ်။
ထုံးစံကတော့ တိုင်းပြည်တစ်ပြည်မှာ စီးပွားရေး ကပ်တစ်ခု ပေါ်လာရင် ချမ်းသာတဲ့ နိုင်ငံတွေဟာ ၀န်ထုပ် ၀န်ပိုးကို ဆင်းရဲတဲ့ နိုင်ငံတွေ အပေါ် ပခုံးလွှဲပေးကြပါတယ်။ နောက်ပြီး တနိုင်ငံချင်း အတွင်းမှာလည်း အဲဒီ ဒုက္ခကို သူဌေး သူကြွယ်တွေက ဆင်းရဲသားတွေရဲ့ ခေါင်းပေါ်ကို လွှဲချကြပါတယ်။ နောက်ဆုံးတော့ ဆင်းရဲတဲ့ နိုင်ငံတွေက ဆင်းရဲသားတွေဟာ အဆိုးဝါးဆုံး ခံရသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။
ဒီလို တကမ္ဘာလုံးက ဗြောင်းဆန်အောင် ပြောဆို ပူပင်နေကြချိန်မှာ ဒီဖြစ်လာနိုင်တဲ့ ကမ္ဘာစီးပွားရေး ကပ်ကြီး အတွက် နည်းနည်းမှ စိုးရိမ် ပူပင်ခြင်း မရှိပဲ လေချွန်နေတာကတော့ ဗမာပြည်က နအဖ စစ်ဗိုလ်ချုပ် တွေပါပဲ။ သူတို့ရဲ့ သတင်းစာတွေကို ကြည့်လိုက်ရင် ဒါဟာ အမေရိကန် နိုင်ငံရဲ့ ဒုက္ခပဲ ဆိုပြီး ၀မ်းသာနေဟန်တောင် ပြနေပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေ မျက်စိကန်း တစ္ဆေမကြောက် အူမြူး နေကြတာလား၊ ဒါမှမဟုတ် သူတို့မှာ အကြံအစည် တစ်ခုခု ရှိနေလို့လား ဆိုတာ စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ သူတို့ မိုက်မဲလို့၊ တကိုယ်ကောင်း ဆန်တတ်လို့ပဲ ဒီကိစ္စကြီးဟာ ဗမာပြည်သူတွေ အဖို့ ပို စိတ်ပူစရာ ဖြစ်နေပါတယ်။
သမိုင်း အတွေ့အကြုံ တစုံတရာ ရှိသူ၊ တစုံတရာ လေ့လာ လိုက်စားဖူးသူတွေကတော့ စီးပွားရေး ကပ်တွေ တကယ်တမ်း ကြီးထွားလာရင် ပြဿနာတွေဟာ စီးပွားရေး နယ်ပယ်မှာတင် ရပ်မနေတော့ပဲ လူမှုရေး၊ နိုင်ငံရေး၊ ဒါ့အပြင် စစ်ရေးနယ်ပယ် အထိ ပျံ့ထွက်လာတတ်တယ် ဆိုတာကို သတိပြုမိကြပါတယ်။ ၁၉၂၉-၃၀ စီးပွားရေး ကပ်ကြီးနဲ့ ဆက်ပြီး ဂျာမနီနိုင်ငံမှာ နာဇီပါတီ ပေါ်ပေါက်လာတာ၊ ဟစ်တလာလို တက်လာတာ၊ ဒီကနေ ကမ္ဘာစစ်ကြီး ဖြစ်ခဲ့တာ စတဲ့ အဖြစ်အပျက်တွေဟာ သမိုင်းသဘောအရ ပြောရရင် ဘာမှ မဝေးသေးတဲ့ ကာလက အဖြစ်အပျက်တွေပါ။
နအဖ စစ်ဗိုလ်ချုပ်တွေဟာ ကမ္ဘာ့ စီးပွားရေး ကပ်ရယ်လို့ ဖြစ်လာရင် သူတို့ကိုယ် သူတို့ အလွတ် ရုန်းထွက်နိုင်ကြမယ် လို့ ယူဆနေဟန်တူပါတယ်။ တလောက တရုတ်ပြည်က နို့မှုန့် ပြဿနာတက်တော့ နအဖက တွေ့သမျှ ဖမ်းသိမ်းမယ် ဆိုတဲ့ ကြေညာချက် တစ်ခု ထုတ်လိုက်တာနဲ့ သူတို့ တာဝန်ကျေသွားပြီလို့ စဉ်းစားနည်း မျိုးစုံနဲ့ စဉ်းစားနေလားနေလား မပြောတတ်ပါဘူး။ နို့မှုန့်တွေ ဖမ်းသိမ်း၊ ဖျက်ဆီးပစ်လိုက်လို့ နအဖ စစ်ဗိုလ်တွေမှာ ဘာမှ မနစ်နာပါဘူး။ (သူတို့အထင်) နာမည်ကောင်း ရတာပဲ ရှိပါတယ်။ ဒါပေမဲ့ အသိမ်းခံရတဲ့ ဈေးဆိုင်ရှင်၊ ကုန်သည် စသူတို့မှာတော့ အကြီးအကျယ် ထိခိုက် နစ်နာတာ ဖြစ်ပါတယ်။ နောက်ပြီး စားသုံးသူတွေရဲ့ နေရာက ကြည့်ရင်လည်း နို့မှုန့်တွေ ပြတ်လပ်ကုန်တာ (နအဖမှာ ရှိတဲ့ နိုင်ငံခြားငွေဟာ ကလေးတွေ အတွက် နို့မှုန့် ၀ယ်သွင်းဖို့ မဟုတ်ပါ။ လက်နက်ဝယ်ဖို့ ဖြစ်ပါတယ်)၊ ဈေးတက်ကုန်တာနဲ့ ကြုံရပါတယ်။
နအဖ စစ်အစိုးရဟာ သူတို့ဖာသာ သူတို့ ဥခွံလေးထဲမှာ အောင်းနေရင် ကမ္ဘာ့စီးပွားရေး ကပ်လို အန္တရာယ်တွေ ကနေ လွတ်လိမ့်မယ်လို့ ထင်နေသလား မပြောတတ်ပါ။ ၂၀ရာစုနှစ် ကုန်ခါနီးမှာ ထိုင်းနိုင်ငံက စလိုက်တဲ့ ငွေကြေး ကပ်ဟာ ရုရှနိုင်ငံမှာသာ မက တောင်အမေရိက တိုက်အထိပါ ပျံ့နှံ့သွားတယ် ဆိုတာ မမေ့သင့်ပါဘူး။ ဒါတောင်မှ အဲဒါဟာ ကမ္ဘာ့ ငွေကြေး လောကမှာ ပြောပလောက်အောင် အရေးမပါတဲ့ ထိုင်းနိုင်ငံက စလိုက်တဲ့ ကပ်လေးပါ။ အခုဟာက ကမ္ဘာ့ အကြီးဆုံး စီးပွားရေး အဆောက်အအုံကြီးလို့ ဆိုရမဲ့ အမေရိကန် နိုင်ငံမှာ မုန်တိုင်း ချက်မက ဗဟိုပြုနေတာ ဖြစ်ပါတယ်။ အဲဒီ အမေရိကန် နိုင်ငံမှာ ၁၉၂၉-၃၀ တုန်းက စီးပွားပျက်ကပ်ကြီး ဖြစ်လိုက်တာကြောင့် ဗမာပြည်က လယ်သမားတွေရဲ့ ဘယ်တွေ ဧကပေါင်း ထောင်နဲ့ သောင်းနဲ့ ချီပြီး ချစ်တီးတွေ လက်ထဲ ရောက်ခဲ့ရတာဟာ ညောင်ဦး ကမ်းပါးပြိုလို့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးတာ မဟုတ်ပါဘူး။
ဒါ့အပြင် နအဖ သိသင့်တာက အဲဒီလို လူထု အပေါ် ဖိစီးမှုတွေကြောင့် ဆရာစံ လယ်သမား သူပုန်ထမှုကြီး ပေါ်ပေါက် ခဲ့ရတယ် ဆိုတာပါပဲ။
ရဲဘော်ဖိုးသံချောင်း

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.