Sunday, October 19, 2008

[Nine Nine SaNay] 1 New Entry: Madame Tussauds ဖယောင်းပြတိုက်

Madame Tussauds ဖယောင်းပြတိုက်


Madame Tussauds ဖယောင်းရုပ်တုပြတိုက် လုပ်ခဲ့တဲ့ Madame Tussauds ကို ၁၇၆၁ ခုနှစ် ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့တယ်။ နှစ်ပေါင်း ၂ဝဝကျော်ခဲ့သည့်တိုင် သူမကို အိမ်စေသမီးဘဝကနေ နန်းတွင်းဆရာအထိ အဲဒီကမှတစ်ဆင့် ဖယောင်းရုပ်တုတွေ ဖန်ဆင်းခဲ့တဲ့ အမျိုးသမီးအဖြစ် နာမည်ကျော် လူသိများခဲ့တယ်။

Madame Tussauds ရုပ်တု

Madame Tussauds ရဲ့ နာမည်အရင်းက Marie Grosholtz ဖြစ်တယ်။ ပြင်သစ်စစ်ပွဲမှာ ဖခင်ကျဆုံးပြီး ၂လအကြာမှာ အိမ်စေမိခင်နဲ့အတူ Dr. Philippe Curtius အိမ်ကို ရောက်လာခဲ့တယ်။ ဒေါက်တာ ဖီးလစ်ဟာ ဖယောင်းရုပ်တု ပြုလုပ်တဲ့နေရာမှာ တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသူဖြစ်ပြီး Madame Tussauds ကို ပညာအမွေပေးသူ၊ ကူညီစောင့်ရှောက်သူလည်း ဖြစ်ခဲ့တယ်။

ဒေါက်တာဖီးလစ်ဟာ ၁၇၇ဝခုနှစ်မှာ ပထမဆုံးသော ဖယောင်းပြတိုက်ကို ပဲရစ်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး Madame Tussauds ကို ပွဲထုတ်ခဲ့တယ်။ သူမ ၁၇နှစ်အရွယ်မှာ ဒဿနိက ပညာရှင်၊ ပြဇာတ်ပညာရှင် Francois Voltaire ရဲ့ ရုပ်တုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တယ်။ အဲဒီနောက် ပဲရစ်မြို့မှာရှိတဲ့ အမေရိကန် သံအမတ် Benjamin Franklin ရဲ့ ရုပ်တုကို လုပ်ခဲ့တယ်။ သူမ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ရုပ်တုနှစ်ခုကို ယနေ့ထက်တိုင် လန်ဒန်မြို့ရှိ ဖယောင်းပြတိုက်မှာ ပြသထားရှိနေဆဲဖြစ်တယ်။

ဖယောင်းရုပ်တု ပညာရှင် Madame Tussauds ရဲ့ နာမည်ဟာ တခဏချင်း နာမည်ကျော်ကြားခဲ့တယ်။ ပဲရစ်မြို့ ပြတိုက်ထဲက သူလက်ရာတွေအားလုံး အောင်မြင်မှုရခဲ့တယ်။ ပြင်သစ်ဘုရင် King Louis ၁၆ (King Louis XVI) နဲ့ Queen Mary တို့ရဲ့ ဖိတ်ကြားမှုကို ရရှိခဲ့ပြီး နန်းတော်တွင်းမှာ ၉ နှစ်ကြာ အမှုထမ်းခဲ့တယ်။ အမှုထမ်းခဲ့တဲ့ အတောအတွင်းမှာ Madame Tussauds က ဘုရင့် နှမတော်ကို ပညာတွေ သင်ပေးခဲ့ရတယ်။ ပြင်သစ်နိုင်ငံရေး မငြိမ်မသက်ချိန်၊ စစ်ပွဲရှုံးနိမ်ချိန်မှာ Madame Tussauds ကို ပဲရစ်မြို့သို့ ထွက်ပြေးစေခဲ့တယ်။ ထွက်ပြေးလွတ်မြောက်လာတဲ့ Madame Tussauds ဟာ ပဲရစ်မြို့ကို ရောက်တာနဲ့ စစ်ပွဲမှာ ရှုံးနိမ့်သေဆုံးသွားတဲ့ ဘုရင် Louis ၁၆ နဲ့ အမှုထမ်းတစ်ချို့ရဲ့ မျက်နှာဖုံးတု (Death mask) ကို ပြုလုပ်ခဲ့ရတယ်။ တစ်ချို့မျက်နှာဖုံးတုကို ယနေ့ထက်ထိ လန်ဒန်ပြတိုက်မှာ ပြသထားပါတယ်။

နှစ်ပေါင်း ၂ဝဝကျော်ခဲ့သည့်တိုင် Madame Tussauds စတင်တည်ထောင်ခဲ့တဲ့ ဖယောင်းပြတိုက်က မယိုင်လဲခဲ့ပါဘူး။ ရှေးယခင်က နာမည်ကြီးခဲ့တဲ့ အနုပညာရှင်၊ နိုင်ငံရေးသမားတွေရဲ့ ရုပ်တုနဲ့ နောင်လာနောင်သားတွေကို မိတ်ဆက် ပြသနိုင်ခဲ့တယ်။ ၁၈၅ဝ ခုနှစ်မှာ သူမကွယ်လွန်သွားခဲ့ပေမယ့် သူမရဲ့ နာမည်နဲ့ အနုပညာက ဆက်လက် ရှင်သန်နေဆဲဖြစ်ပါတယ်။

Madame Tussauds ဖယောင်းပြတိုက်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ တည်ထားတဲ့အပြင် အမေရိကုန်နိုင်ငံ နယူးယောက်မြို့၊ နယူးဝါရှင်တန်၊ Amsterdam, Berlin, Las Vegas၊ တရုတ်နိုင်ငံ ရှန်ဟိုင်းနဲ့ ဟောင်ကောင်မှာလည်း တည်ထားပါသေးတယ်။

ရှိတ်စပီးယားရုပ်တု

ကျွန်မရောက်ဖူးတဲ့ လန်ဒန်က ဖယောင်းပြတိုက်မှာတော့ ကမ္ဘာ့အရပ်ရပ်က ကွယ်လွန်ခဲ့တဲ့၊ လက်ရှိထင်ရှားတဲ့ နာမည်ကြီး အဆိုတော်၊ ရုပ်ရှင်မင်းသား မင်းသမီး၊ နာမည်ကျော် ဘောလုံးသမား၊ နိုင်ငံရေးခေါင်းဆောင်၊ စာရေးဆရာ အစရှိတဲ့ လူတွေရဲ့ပုံတွေ ပါရှိပါတယ်။ ကျွန်မ နှစ်ခေါက်ရောက်ခဲ့ဖူးတဲ့ လန်ဒန်ပြတိုက်မှာတော့ နာမည်ကြီးသူတွေရဲ့ ဖယောင်းရုပ်တုတွေ အသစ်အသစ် ထပ်တိုးလာတာကို တွေ့ခဲ့ရတယ်။ ဝင်ခက ကျောင်းသားကတ်ဆိုရင် တစ်ယောက် ပေါင်၂ဝကျပါတယ်။ အင်္ဂလန်ရောက်နေသူများ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ကြောင့် သတင်းပါးလိုက်ပါတယ်။

ရုပ်တုပုံတွေ ကြည့်ချင်ရင် ဂူဂယ်လ်မှာ
image >> Madame Tussauds လို့ ရိုက်ထည့်ပြီး ရှာကြည့်နိုင်ပါတယ်။ ကျွန်မ သွားလည်တုန်းက ရိုက်ထားတဲ့ ပုံတွေ ဘယ်ထဲထည့်မိလဲ မသိဘူး.. ရှာမတွေ့လို့..

နိုင်းနိုင်းစနေ

Ref: http://en.wikipedia.org/wiki/Madame_Tussauds
http://baike.baidu.com/view/165809.htm

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.