Saturday, February 21, 2009

[ခင်မင်းဇော်] 3 New Entries: အော်စလို မှာ (၂)

အော်စလို မှာ (၂)

အော်စလိုက အကျော်ကြားဆုံးနေရာ တနေရာ

နော်ဝေးက ဓါတ်ပုံတချို့တင်တော့ လူမတွေ့ရဘူးပြောတယ်။ တကယ်ပဲ နော်ဝေးမှာ လူကတော့ ရှားတယ် ။ သူတို့ရာသီဥတုကအေးတော့ ရထားချိန် ကားချိန် ကွက်တိရောက်အောင်ထွက် ပြီး လိုရာသွားဆိုတော့ လမ်းပေါ်မှာ သိပ်မတွေ့ရဘူး။ နောက်ပြီးတနိုင်ငံလုံးမှ လူဦးရေက လေးသန်းခွဲပဲ ရှိတာဆိုတော့ ရန်ကုန်မြို့လောက်တောင် လူမရှိဘူးဖြစ်နေတယ် မဟုတ်လား။ အိမ်တွေ တိုက်တွေကလဲ ခေတ်ဟောင်းပုံစံပါပဲ။ အထပ်အမြင့်ကြီးတွေ သိပ်မတွေ့ရဘူး။ လမ်းကလဲ အဝေးပြေးလမ်းလောက်ပဲ ခြောက်လမ်းသွားရှိတာ။ မြို့ထဲမှာတော့ ခပ်ကျဉ်းကျဉ်းပါပဲ။ သူတို့ကို အများဆုံးတွေ့ရတာက စနေနေ့ပဲ။ စနေနေ့ဆိုရင် မြို့လည်လို့ခေါ်ရမယ့် ဈေးတွေ မောလ်တွေ ရှိတဲ့ နေရာမှာတော့ ကျမတို့ဆီက ပွဲတော်တခုခုရှိနေသလိုပဲ။ ကော်ဖီဆိုင်တွေ လူပြည့်၊ လမ်းပေါ်အားလုံးလူပြည့် နေတာပါပဲ။ နောက်နေ့ တနင်္ဂနွေကျပြန်တော့ ခြောက်ကပ်လို့။ ရထားတောင်မှ လူမရှိဘူး ။

နောက် ကျမရောက်ချိန်က တကယ့်အမှောင်ဆုံး ကာလဖြစ်နေတော့ အလင်းရောင်ကောင်းကောင်းရတာ မနက် ၉ နာရီလောက်ကနေ ညနေ ၃နာရီခွဲ လောက်ဆိုတော့ နေ့အချိန်က တော်တော်နည်းတယ်။ တနေ့ ကျမ အော်စလိုရဲ့ အထင်ကရ ရုပ်တုတွေ ချည်း ရှိတဲ့ ပန်းခြံသွားဖို့ ညနေ ၃ နာရီမှာ အိမ်ကထွက်လိုက်တာ အဲဒီနေရာရောက်တော့ မှောင်နေလို့ ပြန်လာရတယ်။ ရောက်သွားတာ အများဆုံးရှိ ၃ နာရီခွဲပေါ့။ ပန်းခြံက အကျယ်ကြီးလေ။ ဒါနဲ့ တယောက်တည်းသွားရတာ အဆင်မပြေကြောင်းကို မိတ်ဆွေ စုံတွဲကို ပြောပြတော့ သူတို့က နောက်တပတ် တနင်္ဂနွေမှာ နေ့လည် ၁၁ နာရီလောက် လိုက်ပို့ကြတယ်။

ဒီလောက်နာမည်ကြီးတဲ့ ပန်းခြံထဲမှာ ရောက်ရောက်ချင်း အကျယ်ကြီးပဲ ဆိုတာတွေ့ရပြီး ဘယ်အထိကျယ်သလဲ ဆိုတာကို မသိတော့ အ၀င်ဝကနေ လှမ်းမြင်နေရတဲ့ ခေါင်းတိုင်ကြီးထိလားလို့ လိုက်ပို့တဲ့ မိတ်ဆွေ စုံတွဲကို မေးတော့ သူတို့ဆိုတာ ရယ်လိုက်တာ။ အဲဒီနားထိ ရောက်မှ သိလိမ့်မယ် အဲဒီနားထိသွားမယ် တဲ့။ ပန်းခြံအကျယ်ကြီးမှာ တဖြည်းဖြည်းသွားရင်း ဓါတ်ပုံရိုက်လိုက် ကြည့်လိုက်နဲ့ အဲဒီနားကို ရောက်သွားတော့ တကယ့်ကို အံ့မခန်းနဲ့ အော်စလိုမှာ ကျမသဘောအကျဆုံးနေရာ ဖြစ်နေတာတွေ့ရတယ်။ အဲဒီပန်းခြံကို သွားခဲ့မိတဲ့အတွက်လဲ အော်စလိုရောက်ရတာ တန်တယ်လို့ တွေးမိတယ်။ ဘာ့ကြောင့် နာမည်ကြီးတယ်၊ ကမ္ဘာကျော်တယ် ဆိုတာ လဲ သိသွားခဲ့တယ်။ ဘာတွေ ရှိသလဲ ဆိုတော့ ရိုးရိုးလေးပါပဲ။ ကျောက်တုံးတွေကို ရုပ်တုတွေ ထုထားတာကို တွေ့ရတယ်။ ကြေးသွန်းရုပ်တုတွေ ကလဲ သိပ်ကို လက်ရာမြောက်နေတယ်။ ကျမပြောတာကို လက်ခံမခံနဲ့ ကျမကို ဘာကဆွဲဆောင်သလဲ ဆိုတာ ဓါတ်ပုံတွေ ကြည့်လိုက်ရင် သိရပါလိမ့်မယ်။ (ဓါတ်ပုံများများတင်ပါတဲ့။ စာဖတ်ရတာ စိတ်ရှည်ပုံမရဘူးထင်ပါရဲ့။ ဒါနဲ့ ဒီပို့စ်မှာတော့ ဓါတ်ပုံတင်ပေးလိုက်တယ်)

အဝေးကကြည့်တော့ခေါင်းတိုင်ကြီးလားလို့လေ ဟိ
အနီးကပ် မှာတော့ ခုလို ရုပ်တုတွေနဲ့ ပြည့်နေတဲ့ ကျောက်တိုင်ကြီးပေါ့
ကလေးတွေကို ကျောက်တုံးကြီးတတုံးထဲမှာ ထွင်းထုထားတာ
မိခင်မေတ္တာ ဆိုတာ ဒါပဲပေါ့

သားကို အမေဖြစ်သူက ဘယ်လိုပြောပြော နားမ၀င်ပေါင်
ကျောက်တိုင်ပတ်လည်မှာ အဲလိုရုပ်တုတွေချည်းပဲ ၊ ရုပ်တုတိုင်းမှာလဲ အဓိပ္ပါယ် အပြည့်နဲ့
ခိုးသွားခံရဖူးတဲ့ဒေါသထွက်နေတဲ့ ကလေးလေးကြေးရုပ်တုအဖေနဲ့သား ဆော့ကစားနေပုံ ကြေးရုပ်တု
နော်ဝေး လူမျိုးဆိုတာ ရေနဂါးကနေ ပေါက်ဖွားလာသတဲ့အဲဒီနေ့က အနှုတ် ၁၅ တဲ့။ ကြည့်ပါလား ပန်းခြံထဲက ရေကန်မှာ ရေခဲနေပြီ
အဲဒီပန်းခြံကို နော်ဝေးလိုနာမည် မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျမတို့ ဗမာတွေပေးထားတဲ့ နာမည်ကတော့ ခုထိမှတ်မိနေတယ်။ ဘာလဲ သိလား။
ကိုယ်တုံးလုံးပန်းခြံတဲ့။
ကွက်တိပဲမဟုတ်လား။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

ဒီနေ့မနက်ခင်းစာ

အားမနာနဲ့ စားသွားလို့ရတယ်

မနက်စောစော ထမင်းကြမ်းနဲ့ အကြော်စားချင်တယ်ပြောလို့လေ။ ကိုယ့်ပီအေကို ရှိတာလေးနဲ့ ကြော်ပေးထားတာလေး ဘလော့ပေါ်တင် ကြွားလိုက်တယ်။ အာလူးရယ် ကြက်သွန်နီ ရယ်ပဲ အိမ်မှာက အဆင်သင့်ရှိတာပါ။ ရေနွေးကြမ်းတခွက်တည်းကို နှစ်ယောက်သောက်တယ် သိလား။ ကြက်သွန်ဖြူ ဥတလုံးလေးကို လေးစိတ်ခွဲပြီး ထည့်ထားတယ်။ အချဉ်ကလေ ထိုင်း ကထုတ်တဲ့ ငရုတ်သီးဆော့ က ကောင်းတယ် ။ အဲဒါနဲ့ အချဉ်ရည် သီးသန့်မဖျော်ဖြစ်တော့တာ။ ထမင်းကြမ်း ထည့်ပြီး ဓါတ်ပုံမရိုက်မိလို့ပါ။ တကယ့်ကို ထမင်းကြမ်းနဲ့ စားခဲ့တာ သိလား။(သားဖို့မပါဘူးနော်။ သားသားက အိပ်ယာတောင်မနိုးသေးဘူး)
(တီဇက်အေတို့ ဘွိုင်းဇ် တို့က သူတို့ ချက်တာတွေ မဟုတ်ပဲလဲ အစားအသောက်တွေ တင်တင်နေလို့ အားကျမခံ တင်ကြည့်ရင်း ဆားချက်လိုက်ပါတယ်၊)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Rest of your post

အော်စလိုမှာ နေစဉ်ဝယ်..

အော်စလိုမှာ နေစဉ်ဝယ် တွေ့မြင်ခဲ့တာ ရေးပါ့မယ်

နောက်နေ့အိပ်ယာနိုးတော့ မိုးကမလင်းသေးဘူး။ ပထမဆုံး နော်ဝေးရောက်ကြောင်း ရေးထားဖူးတဲ့ ပို့စ်ထဲမှာလိုပဲ အရင်ရောက်နေသူတွေကို ဘယ်နှစ်နာရီ မိုးလင်းမလဲ မေးရတော့တယ်။ သူက မနက် ၇ နာရီထိုးလဲ အလင်းရောင်မမြင်ဘူးကိုး။ အိပ်ယာက ထပြီးတော့ ရေသောက်တဲ့ အကျင့်ကြောင့် သောက်ရေ ဘယ်မှာ ထားသလဲ လိုက်ရှာတယ် မတွေ့ဘူး။ ရေခဲသေတ္တာထဲမှာ ရေဘူးရှာတယ်။ မတွေ့ဘူး။ ဘယ်လိုလုပ်ရမလဲ ဆိုပြီး နန္ဒာ့ကို မေးတော့ ရေပိုက်ကပဲ ဖွင့်သောက်တယ် အမရဲ့ တဲ့။ ဟမ် ဆိုတော့ သူတို့က ရေကို PH 7 လုပ်ပြီးမှ ပေးတာတဲ့။ ဒါ့ကြောင့် ဒါပဲ သောက်တာတဲ့။ ရေပူရေအေး ၂ ခုမှာ ရေပူက ပန်ကန်ဆေးဖို့ လက်ဆေးဖို့ ဖြစ်နိုင်တယ်လို့ ကိုယ့်ဖာသာ စဉ်းစားရတယ်။ ဘာ့ကြောင့်ဆို ရေသောက်ဖို့ ရေအေးပိုက်ကို ဖွင့်တော့ ရေခဲရေအလားပဲ ။ ဒီရေနဲ့ ဘယ်လိုလက်ဆေး ပန်ကန်ဆေးမလဲလေ။

ဒါပေမယ့် ကြားဖူးထားတာက နော်ဝေးနိုင်ငံက ရေဟာ ကမ္ဘာမှာ အသန့်ဆုံး အကောင်းဆုံးတဲ့။ ဟုတ်မဟုတ်တော့ မသိ။ သောက်ကြည့်တာမှာတော့ ထိုင်းက ရေသန့်တွေထက် အရသာ ကပိုကောင်းနေသလိုပဲ။ ထိုင်းက သောက်ရေသန့်တွေ သောက်ရတာ စိတ်ထဲမှာ ရေအရသာ မတွေ့သလိုပဲ။ နော်ဝေးမှာ နေခဲ့တဲ့ တောက်လျှောက်တော့ ရေကို အဲလိုပဲ သောက်လာခဲ့သလို စားသောက်ဆိုင်တွေမှာလဲ ရေတောင်းလိုက်ရင် ရိုးရိုးရေပဲ လာချတော့ အခက်အခဲမရှိဘူး။ (ဆွီဒင်မှာ ဖြစ်ခဲ့တဲ့ ရေအခက်အခဲကို သက်ဆိုင်ရာ ပို့စ်မှာ ဖတ်ရပါဦးမယ်)
မနက်ပိုင်း ဘူတာလေးမှာ စောင့်နေကျနေရာလေးပါ။ အခုရိုက်ထားတာ မနက် ၇ နာရီခွဲ

မနက်စောစောဆိုပေမယ့် တကယ်နာရီနဲ့ဆို မနက် ၈ နာရီခွဲ ဝေလီဝေလင်းအချိန်လေးမှာ အိမ်နားက ဘူတာလေးကနေ ရုံးကို ရထားစီးသွားကြတယ်။ (အဲဒီဓါတ်ပုံလဲ တင်ပေးပြီးသားနော်) မြေအောက် မြို့ပတ်ရထား ဆိုပေမယ့် မြို့လည်မှာပဲ မြေအောက်။ မြို့ ဆင်ခြေဖုံးမှာတော့ မြေပေါ်ပါပဲ။ ရထားက ထိုင်းက မြေအောက်ရထားလောက်တော့ မသစ်တော့ဘူး။ ဒါပေမယ့် သန့်တယ်။ ဘာအမှိုက်တစမှကို မတွေ့ရဘူး။ ထိုင်းက ဘေးတိုက်ထိုင်ရတယ်။ နော်ဝေးမှတော့ ဗမာပြည်ကလိုပဲ ရှေ့လှည့် နောက်လှည့် မျက်နှာချင်းဆိုင် စီးရသလို ခုံတွေနဲ့။ (ဓါတ်ပုံရိုက်ထားတာမှာ သတင်းထောက်မမအနေနဲ့ လူပုံမပါပဲ ရိုက်ခဲ့ဖို့မေ့သွားလေတယ်ကွယ်။ ဒါ့ကြောင့် မတင်ဖြစ်)

ညက ၀ယ်ပေးထားတဲ့ ရထားလက်မှတ်က တလစာ ခရောင်း ၅၅၀ နဲ့ ၀ယ်ပေးထားတယ်။ အော်စလိုမြို့ထဲက မြို့ပတ်ရထား၊ မြို့ပတ်လိုင်းကား၊ မြို့ပတ် စက်လှေ သဘောင်္ ဘာစီးစီး ဒီလက်မှတ်ပြယုံပဲ။ ဒါ့ကြောင့် ရောက်တဲ့နေ့က ကိုသက်က အမ မှတ်ပုံတင်လိုပဲ ဒီကဒ်ကလေး ဘယ်နေရာ သွားသွားယူသွား မပျောက်စေနဲ့။ မေ့မကျန်ရစ်စေနဲ့တဲ့။ လက်မှတ်စစ်အဖွဲ့ တက်လာလို့ လက်မှတ်မပြနိုင်ရင် နော်ဝေးခရိုနာ ၉၀၀ ခရောင်းပဲ။ ဒဏ်ကြေးကလေ။ ဒါ့အပြင် နာမည်ဆိုးစာရင်းကလဲ ၀င်သွားဦးမယ်။ လက်မှတ်ကို ညက ပြန်လာကတည်းက လက်မှတ်ကဒ်ကို စသုံးတဲ့အချိန်မှတ်တဲ့စက်ထဲ ထိုးထားခဲ့တာမို့ အဲဒီအချိန်က စပြီး အသက်ဝင်သွားပြီပေါ့။

ရထားစီးလာရင် ဘယ်နှစ်ဘူတာ စီးရမယ်၊ ရှေ့ဆိုက်မယ့် ဘူတာကို ဘယ်နေရာမှာ စာတမ်းထိုးထားတယ်။ ဘယ်လိုအသံထွက်နဲ့ ကျေညာမယ်။ ကိုယ်ဆင်းရမယ့် ဘူတာ နာမည်တွေ အကုန်မှတ်ရတော့တယ်။ နောက်နေ့ တယောက်တည်းလာရတော့မှာကိုး။ စီးရမှာက ကိုးဘူတာ။ မြန်သလားမမေးနဲ့ ကိုးဘူတာကို ၁၂ မိနစ်ပဲ ကြာတယ်။ ရထားပေါ်မှာ တွေ့ရတဲ့ နော်ဝေးအဖိုးကြီး အဖွားကြီးနဲ့ လူငယ် လူလွတ်တွေ။ ကျောင်းလိုက်ပို့ခံရတဲ့ အရွယ် ကလေးတွေကို သေချာ လိုက်ကြည့်မိနေတယ်။ ရထားက ၁၅ မိနစ်ကို တစီးလာတာမို့ ခရီးသည် ကျပ်သိပ်နေတာမျိုးမတွေ့ရဘူး။ ခပ်ချောင်ချောင်ဖြစ်နေတဲ့အပြင် သူတို့ လူမျိုးတွေက ဆူညံညံလဲ သိပ်မရှိတော့ ရထားစီးရတာ တိတ်ဆိတ်ငြိမ်သက် နေတာပါပဲ။ လူငယ်အများစုက အမ်ပီသရီး နားကျပ်ကလေးတွေ ကိုယ်စီ ကျောပိုးအိတ်တွေ ကိုယ်စီနဲ့ပါပဲ။ ကောင်မလေးတွေကတော့ ဘေးအိတ်လွယ်ရင်လဲ အကြီးကြီးတွေ လွယ်ကြတယ်။

ထူးခြားချက်ကတော့ ကောင်မလေးတိုင်းရဲ့ မျက်တောင်လေးတွေကို မက်ကာရာနဲ့ သေချာဆိုးထားပြီး ကော့နေအောင် လုပ်ထားတာပဲ။ ကောင်မလေး ၁၀ ယောက်ဆို ၉.၅ လောက်နီးပါး အဲလိုလုပ်ထားတယ်။ မျက်နှာမှာ ဘာခြယ်သမှုမှ မပါပဲ မျက်တောင်တမျိုးတည်း လှပနေအောင် လုပ်ထားကြတယ်။ နှုတ်ခမ်းနီဆိုးတာ သိပ်မတွေ့ရပဲ နှုတ်ခမ်းအဆီကိုတော့ မကြာခဏထုတ်ဆိုးတတ်ကြတယ်။ အဘွားကြီးတွေက နှုတ်ခမ်းနီ လက်သည်းနီ တွေနဲ့ သေချာလှလှပပပြင်ဆင်ကြတယ်။ လူငယ်တွေထက် သူတို့က ပိုပြီးစမတ်ကျကျလဲ ၀တ်တယ်။ နောက်ပိုင်းအနေကြာလာတော့ အဲဒီထူးခြားချက်ကို ဒီကလူခံတွေ မေးကြည့်မိတော့ ပင်စင်စားတွေက ဘာမှ အလုပ်မရှိတော့ သူတို့ကိုယ် သူတို့ပြင်ဆင်ပြီး သူငယ်ချင်းတွေနဲ့ အဲလိုပဲလျှောက်လည်ကြတာပဲတဲ့။ သူတို့ဆီက အသက် ၆၅ နှစ်မှာ ပင်စင်ယူတာနဲ့ အကုန်အစိုးရက တာဝန်ယူလိုက်တာပဲလေ။ ဘ၀ရဲ့ ဆည်းဆာကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နောက်ဆံတင်းစရာမလိုပဲ နေကြရတာမို့ သူတို့ရဲ့ မျက်နှာတွေက ကြည်ရွှင်နေတာပဲတွေ့ရတယ်။

ကလေးကျောင်းတွေကိုလဲ ၈ နာရီလောက်မှာ ဖွင့်တော့ ကျမ ရုံးစောစောထွက်တဲ့နေ့တွေဆို ရထားပေါ်မှာ ကျောင်းပို့ရင်း ရုံးဆက်သွားမယ့် အမေတွေ အဖေတွေကို တွေ့ရတတ်တယ်။ အရမ်းအေးတဲ့ နိုင်ငံဆိုတော့ ကလေးတွေ ၀တ်ထားတာ အ၀တ်ထပ်များနေပြီး လုံးလုံးလေးတွေ ဖြစ်နေတယ် လက်ကားကားလေးတွေလေ။ လက်အိတ် ကလေးတွေ ကိုယ်စီနဲ့ ကလေးတွေက ကျောင်းဝတ်စုံဝတ်တာ မတွေ့လို့ မေးကြည့်မိတော့ ဒီက ကလေးတွေက ကျောင်းဝတ်စုံမရှိဘူးတဲ့။ ကလေးတွေက မွေးကတည်းက ကလေးအခွင့်အရေးက အပြည့်နဲ့။ အိမ်ထဲမှာ ဟီတာ ဖွင့်ထားရတဲ့ ဒေသဆိုပေမယ့် မွေးစကတည်းက တနေ့ ၁နာရီ ကလေးတွန်းလှည်းလေးနဲ့ အပြင်ကို ထွက်ပေးရတယ်။ ကလေး ၁ လကျော် ၂ လလောက်ဖြစ်သွားရင် တနေ့ ၂ နာရီသူတို့ကို ပြင်ပလေရှုစေဖို့ အပြင်ထွက်ပေးရသတဲ့။ ကလေးက ဆံပင်ညှပ်ပေးတာ မကြိုက်လို့ မညှပ်ချင်ရင် ကလေး ၇ နှစ်ကစပြီး ညှပ်ပေးခွင့်မရှိတော့ဘူး။ သူ့အကျီ င်္ကို သူ့ဖာသာ ကြိုက်ရာ ၀တ်စေရမယ်။ ဆောင်းတွင်းမှာတော့ မှောင်မှောင်ထဲ မမြင်ရမှာစိုးလို့ အနုမြူရောင် ဝေ့စကုဒ်လေးတေါ ထပ်ဝတ်ပေးထားတာ ကလေးတိုင်းပဲ။ ကလေးက သူ့နာမည်ကို မကြိုက်ရင် အသက် ၁၂ နှစ်မှာ ပြောင်းခွင့်ပေးတယ်။ နာမည်မကြိုက်လို့ကတော့ ကြိုက်ရာပြောင်းပဲ။
ကျောင်းတက်ကြတဲ့ကလေးတွေ
အသက် ၁၈ နှစ်ပြည့်ပြီးတာနဲ့ သူ့ကိုဘာမှ ၀င်ရောက် စွက်ဖက်ခွင့်မရှိတော့ဘူး။ အဲဒီလို ဖြစ်ဖို့ကိုလဲ သူတို့က အသက်အလိုက် ပညာပေးမှုတွေ အကုန်လုပ်ပေးတယ်။ ကျမ မိတ်ဆွေတယောက်ရဲ့ သမီးက အဲဒီနိုင်ငံကို ၁၆နှစ်မှာရောက်တော့ သူ့ကို ကျန်းမာရေး ပညာပေးအစီအစဉ် အရ ပညာပေးတော့ အမေကိုလဲ ခေါ်ထားတယ်တဲ့။ အမေရှေ့မှာပဲ သမီးကို ယောက်ျားမိန်းမတွေအကြောင်း၊ လိင်ဆက်ဆံတဲ့ အကြောင်းတွေအပြင် ကွန်ဒုံးကို ဘယ်လိုသုံးရမယ် ဘာ့ကြောင့်သုံးသင့်တယ် ဆိုတာတွေကိုပါ သေချာ သင်သတဲ့။ အမေကတော့ သမီးကို ရှေ့မှာထားပြီး မျက်နှာပူနေတယ် ဆိုပဲ။ အဲဒီအမ ပြန်ပြောပြတာ။ ခုသူ့သမီးက ၁၈ နှစ်ပြည့်ပြီးတော့ အဆောင်မှာ သွားနေပြီ။ နောက်မိတ်ဆွေတယောက်ရဲ့ သမီးကတော့ သမီး၁၈နှစ်ပြည့်တော့မယ်၊ သမီး၁၈ နှစ်ပြည့်တော့မယ် ပြောပြောနေတော့ အဖေလုပ်သူက ရိုက်လိုက်တော့ အဖေနော် သမီးတိုင်လိုက်ရင် အဖေအချုပ်ခံရမယ် ပြောသတဲ့။ (ရေးတာကတော့ လမ်းချော်သွားပြန်ပြီ)

ကိုယ်ဆင်းရမယ့် ဘူတာရောက်တော့ ဆင်းပြီး လမ်းပြနောက်ကိုလိုက်ရသပေါ့။ အမညာဖက်ကိုကွေ့ပြီး အပေါ်ကိုတက် နောက် ဘက်ဖက်ကိုဆက်သွား။ သူပြောတာတွေ မှတ်။ ကားစီးမယ်ဆို ဒီမှတ်တိုင်က စောင့်ရမယ်။ ဆေးဆေးကတော့ နေ့တိုင်း တမှတ်တိုင် လမ်းလျှောက်တယ်တဲ့။ ကားကတော့ အချိန်အမျိုးမျိုးပဲ ။ တချို့ကားက ၁၅မိနစ်တစီး တချို့က၁၀မိနစ်တစီး ။ ကားမစီးပဲ လမ်းပဲလျှောက်ကြတယ်။ လမ်းမှာ ရထားချိန်မှီအောင် ပြေးလွှားနေကြတဲ့ နော်ဝေးသူနော်ဝေသားတွေ ကြည့်မိပြီး ရယ်ချင်တယ်။ သူတို့လမ်းလျှောက်တာ တကယ်မြန်တယ်။ မြန်မာပြည်မှာဆို ကျမလမ်းလျှောက်တာ မြန်တယ်လို့အပြောခံရသူတောင် သူတို့နဲ့ ယှဉ်ရင်မမြန်ဘူး။ တရက်ဆို နော်ဝေးမ ချောချောတယောက် စကပ်ရှည်ရှည်မှာ နောက်ခွဲက ဒူးခေါင်းအထက်လောက်ရှိတဲ့ စကပ်နဲ့ ပြေးလွှားနေတာများ ရေရေလည်လည် လှတယ်။ ကျမတောင် လမ်းဆက်မလျှောက်ပဲ သူ့ကိုနောက်ပြန်လှည့်ငေးနေရတဲ့ ထိအောင်ပဲ။ အများစုက စကပ်မ၀တ်ကြဘူး။ တိုရင်လဲ တဆက်တည်းအကျီ င်္ရှည်ရှည်လေးကို အောက်က ဘောင်းဘီအသားကပ်နဲ့ အပေါ်ကမှ ကုတ်အရှည်တွေ ၀တ်ကြတာပဲ။ နောက်သူတို့အားလုံး လည်ပင်းမှာ ပုဝါပတ်ကြတယ်။ မာဖလာ ပတ်ကြတယ်။ လက်အိတ် ခေါင်းစွပ်အကုန်ဝတ်တယ်။ ကျမက လက်အိတ်ဝတ်ရတာ စိတ်ရှုပ်လွန်းလို့ အရမ်းအေးပြီးမခံနိုင်လွန်းမှ ၀တ်တယ်။
သတင်းစာတိုက် ရှေ့မှာ ထိုင်ပြီး စာဖတ်နေတဲ့ကြေးရုပ်ရယ် မတ်တပ်ဖတ်တဲ့လူတွေရယ်
ကျမရဲ့ ရုံးကို ဘူတာကနေ သွားတိုင်း သတင်းစာတိုက်ကြီးတခုကို ဖြတ်ရတယ်။ အဲဒီသတင်းစာက နိုင်ငံခြားသားတွေအတွက် အဓိကထား ထုတ်ဝေတဲ့ သတင်းစာဖြစ်တယ်။ သတင်းစာတိုက်ရှေ့မှာ လမ်းသွားလမ်းလာတွေ ဖတ်ဖို့ သတင်းစာတွေ ဘုတ်ပြားမှာ ကပ်ထားပေးတယ်။ နောက် ပလက်ဖောင်းဘေးက သတင်းစာတိုက်ရှေ့မှာ လူတယောက်သတင်းစာ ထိုင်ဖတ်နေပုံ ကြေးသွန်းရုပ်တခု လဲ ရှိတယ်။ အဲဒီသတင်းစာတိုက် တည့်တည့်မှာ ကားမှတ်တိုင်ရှိပြီး ကားမှတ်တိုင်ရဲ့ နောက်ဖက်မှာတော့ ၀န်ကြီးများရုံးရှိနေတယ်။ နေ့တိုင်း ၊အဲဒီသတင်းစာတိုက်ရှေ့က ဖြတ်သွားတိုင်း မတ်တပ်ရပ်ပြီး သတင်းစာဝင်ဖတ်နေသူတွေ ရှိတယ်။ သူတို့ဆီမှာတော့ အင်တာနက် ဘယ်လောက်ခေတ်စားစား ပုံနှိပ်သတင်းစာကို ဖတ်နေတဲ့ ဦးရေက လျော့ကျမသွားဘူးတဲ့။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

You received this email because you are subscribed to the real_time feed for http://khinminzaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.