Saturday, February 21, 2009

[Yan Aung] 4 New Entries: နှစ်ကိုယ်မခွဲဖြစ်တော့တဲ့ လမ်းဆုံ...

နှစ်ကိုယ်မခွဲဖြစ်တော့တဲ့ လမ်းဆုံ...



ကျွန်တော်ငယ်ငယ်တုန်းက အပြေးပြိုင်ပွဲဝင်ခဲ့ဖူးတယ်.

လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့၊ အာဇာနည်နေ့တို့ စသဖြင့် နေ့ထူးနေ့မြတ်တွေမှာပေါ့. ရပ်ကွက်လေးတွေထဲမှာ ဆိုင်ရာဆိုင်ရာ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပွဲ၊ ယပ်တောင်ရိုက်ပွဲ၊ ပူဖောင်းဖောက်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပွဲ၊ ဖားခုန်ပွဲ စတဲ့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲလေးတွေ လုပ်ပေးတတ်ကြတယ်.

ဆုလေးတွေကတော့ ထမင်းဗူးတို့၊ ရေဗူးတို့၊ ခဲတံကဒ်လိုက်လေးတွေ ပေးတာတို့ စတဲ့အပြင် ပိုက်ဆံလေးတွေလည်း စာအိတ်ထဲထည့်ပြီး ဆုချတတ်ပါသေးတယ်.

ကျွန်တော်နေခဲ့တဲ့ ကျောက်တံတားရပ်ကွက်ထဲမှာ ပြိုင်ပွဲလေးတွေလုပ်တိုင်း ကျွန်တော်တစ်ယောက် ထိပ်ဆုံးက ပါတတ်ပါတယ်.

အပြေးလား..

ကျင့်စရာမလိုပါဘူး. ကျွန်တော်စွန်လိုက်တိုင်း ပြေးနေကျ၊ ဘောလုံးကန်တိုင်း ပြေးနေကျဆိုတော့ အထွေအထူး မကျင့်ဖြစ်ပါဘူး. ကျင့်ရအောင်လည်း ကိုယ်က ပရော်ဖက်ရှင်နယ် ဖြစ်အောင် လုပ်နေတာမှ မဟုတ်တာ.

ဒါကြောင့် ကျွန်တော်အပြေးပြိုင်ရင် နောက်ကောက်ကျလောက်အောင် မရှုံးတတ်ပေမယ့် ပထမဆုလောက်ထိလည်း မရခဲ့ဖူးပါဘူး…

အစ်မတို့တွေကျတော့ ဖယောင်းတိုင်မီးထွန်းပြီး ပြေးရတဲ့ ပြိုင်ပွဲလေးတွေထဲမှာ ပါတတ်ကြတယ်.

ပြိုင်ပွဲမစခင်မှာ ပြိုင်ပွဲဝင်တွေတစ်ယောက်စီရဲ့ လက်ထဲကို ဖယောင်းတိုင်တစ်တိုင်စီ ထည့်ပေးတယ်. မီးခြစ်ဘူးလေးလည်း ပေးထားတယ်.

ဒိုင်က "ရွှီ" ခနဲ ခရာမှုတ်လိုက်တာနဲ့ မီးခြစ်ကိုခြစ်၊ ဖယောင်းတိုင်ကို မီးထွန်း၊ ပြီးတာနဲ့ ကျန်တဲ့လက်ဝါးတစ်ဖက်နဲ့ ဖယောင်းတိုင် မီးမငြိမ်းအောင် ကာပြီး ပြေးရတဲ့ ကစားနည်းလေးတစ်ခုပါ.

မီးကိုမငြိမ်းအောင် သိပ်ဂရုစိုက်ပြီး ဖြည်းဖြည်းလေးပဲ သွားခဲ့ရင် မီးမငြိမ်းပေမယ့် ပြိုင်ပွဲကိုတော့ နိုင်မှာ မဟုတ်ပါဘူး. သူများတွေထက် ပိုပြီး မြန်မြန်ပြေးမိခဲ့ရင်လည်း ဖယောင်းတိုင်မီးငြိမ်းသွားပြီး ပြိုင်ပွဲက ထွက်ရမှာ ဖြစ်ပါတယ်.

ဒါဟာ ဘ၀တစ်ခုအတွက် တန်ဖိုးရှိတဲ့ အတွေးအခေါ်လေးတွေ တစ်ချို့ပဲဆိုတာကို ကျွန်တော်ကြီးပြင်းလာတဲ့ အချိန်၊ ရင်ဘတ်ထဲက ဒဏ်ရာတွေကို ဦးနှောက်နဲ့ ဆေးကြောသုတ်သင်နိုင်တဲ့ အချိန်မှာ နားလည်လက်ခံလာခဲ့ရပါတယ်.

စိန်ခေါ်မှုတွေကို ကြောက်ရွံ့ပြီး ငြိမ်ကုပ်နေခဲ့ရင် ဘ၀မှာ ထွန်းပြောင်ထင်ပေါ်လာနိုင်မှာ မဟုတ်သလို သိပ်ပြီး အရဲကိုးစွန့်စားလွန်းရင်လည်း ပျက်စီးဒုက္ခရောက်ကာ ဘ၀တစ်ခုကို အရှုံးနဲ့ အဆုံးသတ်သွားရနိုင်တယ် ဆိုတာကိုပေါ့…

နောက်ပြိုင်ပွဲတစ်ခုကတော့ ပူဖောင်းဖောက်ပွဲပါ.

ပြိုင်ပွဲဝင်တွေ များနိုင်သလောက်များပါစေ. လက်ခံပါတယ်. ပြိုင်ပွဲဝင်တဲ့ ကလေးတွေအားလုံးကို စည်းဝိုင်းကြီးထဲကို ၀င်ခိုင်းပါတယ်. ပြီးတော့ သူတို့လေးတွေရဲ့ ခြေထောက်တစ်ဖက်စီမှာ လေမှုတ်ထည့်ထားတဲ့ ပူဖောင်း တစ်လုံးစီကို ကြိုးနဲ့ ချည်ပါတယ်.

ပြိုင်ပွဲစတာနဲ့ ကျွန်တော်တို့တွေ ဘာလုပ်ရလဲဆိုတော့ ပြိုင်ဖက်ရဲ့ ပူဖောင်းကို ကိုယ့်ခြေထောက်နဲ့လိုက်နင်းပြီး ဖောက်ရပါတယ်.

နောက်ဆုံးမှာ ပူဖောင်းမပေါက်ဘဲ ကျန်နေခဲ့တဲ့ တစ်ယောက်သာ အနိုင်ဖြစ်ပါတယ်.

ကျွန်တော် ရှုံးခဲ့ဖူးပါတယ်. ပြိုင်ပွဲစစချင်းမှာပဲ ပူဖောင်းအဖောက်ခံလိုက်ရလို့… အတွေ့အကြုံမရှိသေးတာလည်း ပါမှာပေါ့လေ.

ကျွန်တော် နိုင်မလို ရှုံးမလိုဖြစ်ခဲ့ဖူးပါတယ်. သူများပူဖောင်းကို သူ့အလစ်မှာ ၀င်ဖောက်လိုက်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူကျေနပ်စွာ ပြုံးနေဆဲမှာပဲ ကျွန်တော့်ရဲ့ ပူဖောင်းကို တစ်ခြားတစ်ယောက်က ၀င်ဖောက်သွားတာ ခံလိုက်ရပါတယ်.

ကျွန်တော် နိုင်ခဲ့ဖူးပါတယ်. သူများပူဖောင်းကို ဖောက်ဖို့ချည်းသက်သက်ပဲ စိတ်ထဲမှာ မထားဘဲ ကိုယ့်ပူဖောင်းကို လုံခြုံအောင် ထိန်းနိုင်သမျှထိန်း၊ တစ်ဖက်လူ သတိပေါ့လျော့ခိုက်မှာ အခွင့်ကောင်းယူပြီး သူ့ပူဖောင်းကို နင်းဖောက်ပစ်၊ တစ်ချိန်တည်းမှာပဲ ပေါ်လာနိုင်တဲ့ ကိုယ့်ရန်သူကို ကျီးကန်းတောင်းမှောက်ကြည့်…

ဟုတ်.. ကျွန်တော်နိုင်ခဲ့ဖူးပါတယ်.

ဒါပေမယ့် နောက်ဆုံးကျတော့ စည်းဝိုင်းအလယ်မှာ ကျွန်တော်တစ်ယောက်တည်းရယ်….

စည်းဝိုင်းအပြင်ဖက်က လက်ခုပ်သံတွေကို ခံယူနိုင်ဖို့အတွက် စည်းဝိုင်းထဲမှာ အတူတူရှိနေခဲ့တဲ့ ပြိုင်ဖက်တွေကို နင်းချေဖျက်ဆီးလိုက်ပြီး ရလာတဲ့ အောင်မြင်မှုမှာ အထီးကျန်ဆန်မှုတွေ တွဲပါလာနေခဲ့တယ်…

အင်းပေါ့လေ… ပြိုင်ဖက်ဆိုတာ မိတ်ဆွေမှမဟုတ်တာ. ကိုယ်က နိုင်အောင် မတိုက်နိုင်ရင် ကိုယ့်ကို နိုင်အောင်တိုက်သွားမှာပဲ မဟုတ်လား…

ဒီတော့လည်း ကိုယ်မှန်တယ်ထင်ရင် တစ်ယောက်တည်းလည်း နေတတ်အောင် ကျွန်တော် ကျင့်ကြံကြိုးစားနေထိုင်လာတတ်တယ်…

ဂုန်နီအိတ်စွပ်ပြေးပွဲကတော့ စိတ်ဝင်စားစရာကောင်းပါတယ်.

ပြိုင်ပွဲဝင်တွေဟာ တာမလွှတ်ခင် ဂုန်နီအိတ်ထဲကို ခြေစုံပစ်ဝင်ပြီး ဂုန်နီအိတ်ကို လက်နှစ်ဖက်နဲ့ ဆွဲမထားရပါတယ်.

ပြိုင်ပွဲစတာနဲ့ ပြိုင်ပွဲဝင်တွေဟာ သူတို့ရဲ့ ဂုန်နီအိတ်တွေကို မလို့ ခုန်ခုန်ပြီး ပြေးရပါတယ်. လမ်းမလျှောက်ရပါဘူး. လမ်းလျှောက်ရင် ရှုံးပါတယ်. စာကလေးတွေလို ခြေထောက်နှစ်ချောင်းလုံးကို ခုန်ခုန်ပြီး ပြေးရတဲ့ ဂုန်နီအိတ်ခုန်ဆွပြေးနည်းလို့ ခေါ်ချင်ရင်လည်း ခေါ်နိုင်မယ်ထင်ပါတယ်.

အဲဒီ့ကစားနည်းကို ကျွန်တော်အိမ်မှာ ကျင့်ပါတယ်. နိုင်ချင်တာကိုး

အရင်ခေတ်တုန်းက ဆန်အိတ်တွေကို ဂုန်နီအိတ်ထဲပဲ ထည့်တယ်ဗျ. အခုကျမှ ဆာလာအိတ်တွေ ပေါ်လာတာလေ.. ဒီတော့ အိမ်မှာ ဂုန်နီအိတ် အပိုတွေ ရှိတာပေါ့…

ပြိုင်ပွဲဝင်မှာသေချာနေတော့ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုလည်း သေသေချာချာ ကျင့်တာပေါ့. မပြေးတတ်ရင် ဂုန်နီအိတ်တုပ်ပြီး လမ်းပေါ်ကို ကားယားကြီးကို ပစ်လဲတာဗျား. မယုံမရှိနဲ့.

ဒီတော့ ခြေထောက်ထဲကို အားထည့်ပြီး အဝေးဆုံးခုန်နိုင်အောင် ကျင့်ရတယ်.

ဂုန်နီအိတ်စွပ်ပြေးပွဲမှာ ကျွန်တော်အမြဲတမ်း ပ၊ဒု၊တ တစ်နေရာ ရတတ်တယ်.

လက်တွေ့ဘ၀ထဲမှာကျတော့ ခုန်ပြီးတော့ပဲ သွားရမယ့် ဘောင်တစ်ခုရဲ့ ကန့်သတ်ချက်ကို မလိုက်နာမိဘဲ ကိုယ့်သဘောနဲ့ကိုယ်လမ်းလျှောက်မိလို့ ပြိုင်ပွဲကို မနိုင်တဲ့အပြင် ဘ၀လမ်းခရီးပေါ် ကားယားကြီး မှောက်လဲကျခဲ့မိတယ်.

ကျွန်တော့်ရဲ့ ခြေထောက်တွေကို အပြစ်မတင်မိတော့ပါဘူးလေ. ဘောင်ကနားတွေကို မုန်းတီးတတ်တဲ့ ကျွန်တော့်ရဲ့ ညာဉ်ကိုပဲ အခန်းတံခါးပိတ်လို့ ဆုံးမနေမိတော့တယ်…

အာလူးကောက်ပွဲကျတော့ အာလူးလေးတွေကို အကွာအဝေးတူညီစွာ စီတန်းချထားတယ်.

ပြိုင်ပွဲဝင်တွေရဲ့ လက်ထဲမှာ ခြင်းတောင်းလေး တစ်တောင်းစီကိုင်ထားကြတယ်.

ပြိုင်ပွဲစတာနဲ့ ခြင်းတောင်းလေးကို သတ်မှတ်ထားတဲ့ စည်းလေးထဲမှာချ၊ ပထမဦးဆုံးတွေ့တဲ့ အာလူးလေးကို သွားပြေးကောက်ပြီး ပြန်လာထည့်၊ ပြီးရင် ပြန်ပြေးသွား၊ နောက်ထပ်တွေ့ရတဲ့ ဒုတိယ အာလူးလေးကိုပြေးကောက်ပြီး ပြန်လာထည့်၊ အဲသလို လုပ်သွားရတာပါ.

အာလူးလေးတွေက ဆယ်လုံးလောက် ထားထားတတ်ပါတယ်. ဒီတော့ အမြန်ဆုံးပြေးနိုင်ပြီး သွက်သွက်လက်လက်နဲ့ အမှားအယွင်းမရှိအောင် လုပ်နိုင်တဲ့သူသာ နိုင်တာပေါ့ဗျာ.

နောက်ဆုံး အာလူးလေးကို ကောက်ပြီး ခြင်းတောင်းလေးရှိရာကို ပြန်ပြေးလာရပါတယ်. ပြီးတာနဲ့ ခြင်းတောင်းလေးကို ကိုင်ပြီး ပန်းတိုင်ရောက်အောင် အားကုန်ပြေးရပါတယ်.

တစ်ချို့ ကံမကောင်းလိုက်ပုံများ ပြေးရင်းနဲ့ အာလူးလေးတွေ ခြင်းတောင်းထဲက ပြုတ်ကျကုန်တာ ရှိပါသေးတယ်.

ကျွန်တော့်မှာလည်း ပန်းတိုင်ဆိုတာ ရှိတာပေါ့…

ဒီပန်းတိုင်ကို ရောက်ဖို့အတွက် အောင်မြင်မှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ရယူလိုက်၊ ကိုယ့်ဘ၀အခြေအနေကို ပြန်ပြီး ခိုင်မာလာအောင် လုပ်လိုက်၊ နောက်တစ်ဆင့် တက်ပြီး ကြိုးစားလိုက်၊ ကိုယ့်ကိုယ်ကို ပြန်ပြီး ပြည့်ဝနားလည်လာအောင်လုပ်လိုက်နဲ့ပေါ့…

တစ်ချိန်ချိန်ကျရင်တော့ အောင်မြင်မှုအသီးအပွင့်လေးတွေကို ကျွန်တော့်ရဲ့ လက်နှစ်ဖက်မှာ မြဲမြံစွာ ဆုပ်ကိုင်ထားလို့ ရည်ရွယ်ထားတဲ့ ပန်းတိုင်ဆီကို အရောက်သွားနိုင်မှာပါ.

အဲ… သွားနေရင်းနဲ့ ခြေချော်ကျသွားခဲ့ရင် ပြန်ထနိုင်ဖို့နဲ့ ပြန်ထချင်စိတ်ရှိဖို့ကိုတော့
ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ သတိပေးနေမိတယ်.

အာလူးလေးတွေ ပြုတ်ကျသွားလို့ ပြိုင်ပွဲတစ်ခုက ထွက်လိုက်ရပေမယ့် ဘ၀ဆိုတာ ပြိုင်ပွဲမှမဟုတ်တာ. တိုက်ပွဲလေးတွေ အများကြီး စုစည်းထားတဲ့ စစ်ပွဲတစ်ခုလေ…

တိုက်ပွဲငယ်လေးတွေမှာ ရှုံးတာဟာ စစ်ပွဲတစ်ခုလုံးကို ရှုံးတာမှမဟုတ်တာ. ဒါပေမယ့် အရေးပါတဲ့ တိုက်ပွဲတွေမှာ အောင်မြင်အောင်ကို တိုက်ယူမှဖြစ်မယ်ဆိုတာကိုတော့ အမြဲသတိထားနေရတာပေါ့. ဘယ်တိုက်ပွဲဟာ အရေးပါပြီး ဘယ်တိုက်ပွဲကတော့ အရေးမပါလှဘူးဆိုတာကို မတိုက်ခင်က သိနေနိုင်ဖို့ သိပ်အရေးကြီးပါတယ်. ဒါမှလည်း ၀န်နဲ့အားကို ချင့်ချိန်နိုင်မယ် မဟုတ်ပေဘူးလား…

ကျွန်တော့်ဘ၀ခရီးလည်း တော်တော်လေး ရောက်ခဲ့ပါပြီ.

တစ်ခါတစ်လေမှာ ကိုယ်တိုင်ဝင်ပါနေတဲ့ ကိစ္စတစ်ခုကို ဘေးကနေ ရပ်ပြီး အကဲဖြတ်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်. ကိုယ်တိုင်ဝင်လုပ်နေခိုက်မှာ အမှားအမှန် မသိနိုင်ခဲ့တာတွေကို ဘေးလူအနေနဲ့ ကြည့်ရင် မြင်လာတာမျိုးတွေ ရှိလာတတ်ပါတယ်.

ကျွန်တော် အခု အနာဂတ်ရဲ့ လမ်းဆုံတစ်ခုမှာ မတ်တပ်ရပ်နေခဲ့တယ်.

အဲဒီ့လမ်းဆုံရှိတဲ့နေရာကို ကြိုးစားပြီး လမ်းလျှောက်လိုက်၊ ပြေးလိုက်လုပ်လာနေတဲ့ ဟိုးခပ်လှမ်းလှမ်းက လူတစ်ယောက်ကို ကျွန်တော်လှမ်းကြည့်နေမိတယ်.

မီးမငြိမ်းအောင် လက်ကလေးနဲ့ကာပြီး လမ်းလျှောက်လာလိုက်၊ မီးငြိမ်းသွားလို့ စိတ်ပျက်အားလျှော့သွားလိုက်နဲ့ အမျိုးမျိုး ပြောင်းလဲနေတဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်ကို ကျွန်တော် အကဲခတ်ကြည့်နေမိတယ်.

တစ်ခါတစ်ရံမှာ ဂုန်နီအိတ်စွပ်ပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် လွတ်လပ်စွာ လမ်းလျှောက်ဖို့ ကြိုးစားနေခဲ့ရင်းက လမ်းမပေါ်ကို ပစ်လဲကျသွားတဲ့ သူ့ကို ကျွန်တော် ကရုဏာသက်နေမိတယ်. အပြစ်လည်း တင်နေမိတယ်.

စာအုပ်ကြီးအတိုင်း မလုပ်တတ်တဲ့ သူ့ရဲ့ စိတ်ကူးဥာဏ် ဆန်းသစ်မှုတွေအတွက် ကျွန်တော် အထင်ကြီးလေးစားမိတာတွေ ရှိခဲ့သလို လုပ်ရိုးလုပ်စဉ်ကို သွေဖယ်လုပ်တတ်လို့ သူကြုံတွေ့ရတဲ့ ဆုံးရှုံးပျက်စီးမှုတွေအတွက်လည်း စိတ်မကောင်းဖြစ်ပြီး အပြစ်တင်နေမိတယ်…

ကျွန်တော်အခု သူ့ရှေ့က ကြိုပြေးပြီး လမ်းဆုံမှာ ရပ်နေခဲ့တယ်.

သူမမြင်နိုင်တာတွေကို ကျွန်တော်တွေ့နေရတယ်. သူမကြားနိုင်တာတွေကို ကျွန်တော်ကြားနေရတယ်.

ဘာလို့လည်းဆိုတော့ သူ့ရှေ့အရင် ကျွန်တော်က ဒီလမ်းတွေကိုဖြတ်သန်းခဲ့ပြီးပြီလေ…

ကျွန်တော်သူ့ကို ပြောပြချင်ပါတယ်. ဒီ မှတ်တိုင်တွေအကြောင်းကိုပေါ့…

ကျွန်တော်ရပ်နေခဲ့တယ်. သူပြေးလာနေခဲ့တယ်.

သူရပ်နေခဲ့တယ်. ကျွန်တော်ပြေးသွားလိုက်တယ်.

ကျွန်တော်နဲ့သူနဲ့ ပေါင်းဆုံမိချိန်မှာ ခဏလောက်တော့ ရပ်ပြီး စကားပြောဖြစ်လိုက်ကြသေးတယ်.

ပြီးတော့ ကျွန်တော်တို့နှစ်ယောက် လမ်းဆုံတွေ အများကြီးရှိတဲ့ ကမ္ဘာကြီးထဲကို ဟားတိုက်ရယ်မောလျက် ပြေးဆင်းပျော်ဝင်သွားလိုက်ကြတယ်...



~ ရေခဲငှက် ~

Photo Credit:

ဒီနေ့ဘူတာရုံ...



နှင်းငွေ့တွေ အုံ့ဆိုင်းလို့ မြူတွေမှုန်မှိုင်းနေတဲ့ ဆောင်းညနေခင်းတစ်ခုမှာ ဘူတာအိုဟာ ငိုက်မြည်းနေခဲ့တယ်. ခပ်လှမ်းလှမ်းက ရထားတစ်စင်းက 'ဂျုံးဂျုံးဝုန်းဝုန်း' ဆိုပြီး ဖြတ်သွားရင် သူအလန့်တကြား ထကြည့်မိလိုက်၊ အဝေးရောက်သွားပြီဆိုရင်တော့ သူ့ရင်ဘတ်ကို ဆွဲစေ့လို့ ငိုက်မြည်းမြဲ ငိုက်မြည်းနေခိုက်ပေါ့...

လေယာဉ်ပျံတွေ သူ့ခေါင်းပေါ်က ပျံသန်းဖြတ်သန်းသွားကြတယ်. မထူးဆန်းတော့ပြီပဲ. ဒီအသံတွေနဲ့ သူယဉ်ပါးနေခဲ့တာကြာပေါ့. သူ့ခြေရင်းမှာတော့ ကားသံ၊ လူသံတွေက တဝေါဝေါ တ၀ူးဝူးနဲ့ ဥဒဟို လှုပ်ရှားသွားလာနေကြတယ်.

'ဒီနှစ်ဆောင်းက အေးလိုက်တာနော်...'

အသံထွက်အောင်တောင် သူညည်းညူမိသွားခဲ့တယ် ထင်ရဲ့.

'အေးဗျာ. ခင်ဗျားကမှ အေးအေးဆေးဆေး ငိုက်နေနိုင်အားသေးတယ်. ကျွန်တော်ကတော့ ငိုက်မယ်မှမကြံသေး. အနင်းပဲခံနေရတယ်...'

ဒီအသံကို သူသိနေခဲ့တယ်လေ. မျက်လုံးကို တစ်ဝက်ဖွင့်ကြည့်ရင်း သူ့ရှေ့တည့်တည့်ကို လှမ်းကြည့်လိုက်တယ်.

နှင်းမှုန်တွေအောက်ကနေ အားယူပြီး သူ့ကိုငေးကြည့်နေတဲ့ သံလမ်းတစ်စုံကိုတွေ့လိုက်ရတယ်...

'ဒါကတော့ဗျာ. ခင်ဗျားကိုက သံလမ်းဖြစ်နေတာကိုး. အနင်းခံရမှာပေါ့..'

'ခင်ဗျားလို ဘူတာရုံတစ်ခုဖြစ်ရင် သိပ်ကောင်းမှာ. လူတွေကို လုံခြုံနွေးထွေးမှုပေးတယ်. နားစက်ခိုလှုံရာပေးတယ်. ခင်ဗျားကို လူတွေကလည်း မှတ်မှတ်ရရရှိကြတယ်. ကျုပ်ကိုတော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ကြဘူးဗျာ.'

သံလမ်းရဲ့ စိတ်ပျက်လက်ပျက်စကားကိုကြားတော့ ဘူတာအိုက မေးခွန်းပြန်ထုတ်တယ်.

'နွေးထွေးမှုပေးတယ်ဆိုတာကတော့ ဟုတ်ပါပြီ. မှတ်မှတ်ရရရှိနေကြတယ်ဆိုတာက ဘယ်လိုတုန်းဗျ. လင်းစမ်းပါဦး..'

သံလမ်းလည်း '၀ါးးးး' ခနဲ ပျင်းကြောတစ်ချက် ဆန့်လိုက်ရင်းက သူ့ဘယ်ဖက်ညာဖက်ကို တစ်ချက်စီ ခေါင်းလှည့်ကြည့်လိုက်တယ်.

'အင်း... အေးလို့လားတော့မသိဘူး. ကိုရထားလည်း အလာကျဲနေတယ်. ကောင်းပါတယ်. ခင်ဗျားနဲ့ စကားခဏပြောဖို့ အချိန်ရတာပေါ့..'

.............................


ဘေးနားက လျှပ်စစ်အိုးကြီးပေါ်မှာ တင်ပျဉ်ခွေချိတ်ထိုင်လိုက်ရင်း သံလမ်းက ဆက်ပြောတယ်.

'ဒီလိုဗျ. ကိုရွှေဘူတာရ... ခင်ဗျားမှာ နေရာတစ်ခုရှိတယ်. အမည်နာမတစ်ခုရှိတယ်. ဥပမာဗျာ. လမ်း(၉၀) မှတ်တိုင်၊ ရုစဗဲ့လ်မှတ်တိုင် စသည်ဖြင့်ပေါ့. လူတွေက ပြောရင် ဟိုလေ. ဘယ်မှတ်တိုင်၊ ဘယ်ဘူတာရုံပေါ့လို့ ပြောတတ်ကြတယ်. အဲဒါကို ပြောတာပါ. ကျွန်တော့်ကိုတော့ ဘယ်နားက ဘယ်သံလမ်းဆိုပြီး ပြောတဲ့အသံများ ကြားဖူးလို့လားဗျာ...ဟင်း..ဟင်း...ဟင်း...'

သံလမ်းလည်း ပြောရင်းက အဖျားတစ်ချက်တက်တာပဲလား၊ လောကကြီးရဲ့ အဆီအငေါ်မတည့်ပုံကို လှောင်ပြောင်ချင်လို့ပဲလားမသိ တဟင်းဟင်း ဖြစ်သွားခဲ့တယ်.

ဘူတာအိုလည်း ဟိုဖက်လှည့်အိပ်လိုက်ရင်းက သံလမ်းရဲ့ စကားကို ဘယ်လိုအဖြေပြန်ပေးရင်ကောင်းမလဲ အကြံထုတ်နေခဲ့တယ်.

'လေဒီအင်န် ဂျန်းတဲလ်မင်း.... မန်ဟက်တန်ဘောင်းထရိန်း အစ်စ် အပရိုးချင်း. ဘလာဘလာဘလာ...'

အသံချဲ့စက်က အသံကိုလည်းကြားလိုက်ရော သနားစရာ သံလမ်းခမြာ လျှပ်စစ်အိုးကြီးပေါ်ကနေ ဖြုန်းခနဲ ခုန်ဆင်းလိုက်လို့ သူ့နေရာမှာ စန့်စန့်ကြီး လဲလျောင်းနေလိုက်ခဲ့တယ်.

ဘူတာအိုလည်း သူ့ရင်ခွင်ထဲကနေ ထွက်သွားဖို့ကြံနေသူတွေကို လှမ်းကြည့်လိုက်၊ မကြာခင် ရထားပေါ်ကနေ ဆင်းလာတော့မယ့် ခရီးသည်သစ်တွေကို ကြိုဆိုဖို့ ရင်ခုန်နေလိုက်နဲ့ အလုပ်နည်းနည်းရှုပ်သွားခဲ့တယ်...

'ဟင်... ဟုတ်လား... နင်က ဘာပြန်ပြောလိုက်လဲ. မလုပ်နိုင်ဘူးပြောလိုက်ပေါ့..'
'ဟာ... နင်ကလဲ... ဒီလိုအချိန်ကြီးမှာ အလုပ်တွေ ရှားနေတာ နင်သိသားနဲ့. ငါတော့ ခဏလောက်ဖြစ်ဖြစ် လုပ်ကြည့်ဦးမယ် စိတ်ကူးတယ်. နောက်တစ်ပတ်ဆို ကျောင်းလခသွင်းရတော့မှာဟ..'

'ဟိုးလား... ကောမော့စတာ့စ်..'
'မွေ့ဘီယန်... အီတို..'

'ခွိုင့်တျန်လား...'
'အိယဲ..'

'ရိုက်တ်... အစ်စ် ရစ်ဒစ်ကျုးလပ်စ်... အိုင်ဝယ်လ်ဘီ ဒဲယား အင်အေမိနစ် ဘရို..'
'ကူးလ်... တိတ်ကစ်အီးဇီး. မန်း..'

'ဂျုံး... ဂျုံး.... ဂျုံး.... ဂျုံး.....'
'တင်.............တောင်...'

လူမျိုးပေါင်းစုံရဲ့ အသံစုံ၊ ဗလံစုံတွေကို နားထောင်ရင်း ရထားကြီး ဘူတာရုံထဲ ခုတ်မောင်းဝင်လာခဲ့တယ်. တံခါးတစ်ချက် အပွင့်သွားမှာ ရထားကြီးက ခရီးသည်အသစ်တွေကို အန်ချလိုက်လေရဲ့....

.............................


ဆင်းသူကဆင်း၊ တက်သူကတက်နဲ့ ရထားကြီး ပြန်ထွက်ခါနီးလေးမှာ ဘူတာအိုက တစ်ချက်လှမ်းပြောလိုက်တယ်.

'ကိုရထား... ခင်ဗျား သံလမ်းပေါ် သိပ်မနင်းပါနဲ့ဗျာ. သနားပါတယ်.'

အမြဲတမ်း အချိန်မှန်အောင်ကြိုးစားနေရလို့ စိတ်ဖိစီးမှုတွေ၊ စိတ်ကျဉ်းကြပ်မှုတွေနဲ့ ပြည့်နှက်နေပုံရတဲ့ ရထားကြီးက ဖျတ်ခနဲ ဘူတာအိုဖက် လှမ်းကြည့်ပြီး ခပ်ပြတ်ပြတ်ပြန်ပြောလိုက်တယ်.

'ကိုယ့်အလုပ်ကိုယ်မှန်အောင်လုပ်နေရတာနဲ့ စဉ်းတောင်မစဉ်းစားအားဘူးဗျာ. ကျုပ်မှာ လူများရင် သံလမ်းပေါ်ပိုပိမယ်. လူနည်းရင် နည်းနည်းပဲပိမယ်. သံလမ်းဆိုတာ ရထားနင်းဖို့ဗျ. ခင်ဗျားမသိဘူးလား. သွားတော့မယ်. ဆီးယူ..'

'၀ုန်း....၀ုန်း...၀ုန်း....၀ုန်း...'

ဘူတာအိုလည်း ရေငုံနှုတ်ပိတ်ကျန်ရစ်ခဲ့တယ်...

ရထားကြီးထွက်သွားပြီး တော်တော်ကြာတော့မှ သံလမ်းလည်းစန့်စန့်ကြီးလဲနေရာကနေ ဖုတ်ဖက်ခါ ပြန်ထတယ်... သူ့မျက်နှာကတော့ သိပ်မကောင်းလှဘူး. ခုနက ကိုရွှေရထား ပြောသွားတာကို ကြားလိုက်တယ်ထင်ပါ့လို့ ဘူတာအိုအတွေးနယ်ချဲ့နေခဲ့မိတယ်...

'ကြိုးစားကွာ. တစ်နေ့တော့ မင်းရထားဖြစ်လာမှာပါ... အဲဒီ့အခါကျတော့ မင်းလွတ်မြောက်ပြီပေါ့..'

ဘူတာအိုရဲ့စကားကိုကြားတော့ သံလမ်းလည်း ပြန်ပြောတယ်.

'ဘ၀တူတွေကို ပြန်နင်းရမယ့် နေရာမျိုးကျွန်တော် မလိုချင်ဘူး. ကျွန်တော်ဟာ သံလမ်းဖြစ်ရင်ဖြစ်. မဟုတ်ရင်တော့ ဘာမှမဖြစ်ချင်ဘူး.'

'မင်းမှာ ရည်မှန်းချက်မရှိဘူးလား. ဖြစ်ချင်တဲ့ ဘ၀တစ်ခု မရှိဘူးလား. တစ်သက်လုံး သံလမ်းဘ၀နဲ့ အရိုးထုတ်သွားတော့မှာလား. မင်း သံလမ်းဘ၀က လွတ်မြောက်တဲ့နေ့ မင်းနဲ့ ဘ၀တူ သံလမ်းတွေကို ကယ်တင်ဖို့ မကြိုးစားတော့ဘူးလား...'

ဘူတာအိုလည်း စိတ်နည်းနည်းထွက်သွားပြီး မေးခွန်းတွေ ဆက်တိုက်မေးလိုက်မိတယ်.

'ကျွန်တော်လွတ်မြောက်ချင်ပါတယ်. နင်းပြားဘ၀ကို စက်ဆုပ်လွန်းလို့. ဒါပေမယ့် ကျွန်တော် သံလမ်းအဖြစ် အနင်းခံရတာ ကြာလာတော့ ဒီဘ၀၊ ဒီအကြောင်းတွေကလွဲလို့ ဘာမှမသိဘူး. ဘာကိုရည်မှန်းရမယ်ဆိုတာလည်း ကျွန်တော်မသိဘူးဗျာ...ရထားလာရင် အနင်းခံမယ်. ရထားမလာရင် အေးအေးဆေးဆေး အိပ်စက်အနားယူမယ်. ဒါပဲဗျာ.'

ဘူတာအိုလည်း သံလမ်းရဲ့ စိတ်ပျက်လက်ပျက်စကားကိုကြားတော့ သနားသွားပြီး စကားတစ်ခွန်းကို ချင့်ချင့်ချိန်ချိန်ပြန်ပြောလိုက်တယ်.

'မင်း စာဖတ်သင့်တယ်. '

'ဗျာ...'

'ဟုတ်တယ်. မင်း စာဖတ်သင့်တယ်. စာတတ်သင့်တယ်. ဒါမှ ရှေ့လျှောက်ဘာတွေလုပ်ရမယ် ဆိုတာကို သိလာမယ်. မြော်မြင်တွေးခေါ်တတ်လာမယ်.'

'ကျွန်တော်စာဖတ်တတ်လာရင် သံလမ်းအဖြစ်က လွတ်နိုင်ပြီလို့ ဆိုလိုတာပေါ့နော်..'

'အင်း... အဲလိုလှည့်စဉ်းစားရင်လည်း မှန်တယ်. ဒါမှမဟုတ် မင်း သံလမ်းအဖြစ်ဆက်နေနေသေးရင်တောင် သဘောထားမှန်ကန်တဲ့ သံလမ်းတစ်ခု ဖြစ်လာနိုင်တယ်.'

ဒီလိုနဲ့ ဘူတာအိုလည်း သူသိသမျှ၊ တတ်သမျှ စာအုပ်တွေပေးဖတ်၊ သံလမ်းလည်း အချိန်ရရင်ရသလို စာတွေဖတ်၊ ရထားကြီးလည်း အချိန်မှန်မှန်ဖြတ်သန်း၊ လေယာဉ်ပျံတွေလည်း ဟိုဒီပျံသန်းနဲ့ နှစ်တွေကြာလာခဲ့တယ်.

တစ်ရက်မှာ ဘူတာအိုရဲ့ လက်မောင်းတွေပေါ်ကို အလုပ်သမားတစ်ချို့ စာလာကပ်တယ်. ဘူတာအိုလည်း မှုန်ဝါးနေတဲ့ သူ့မျက်စိကို အားယူရင်း လှမ်းဖတ်ကြည့်လိုက်တော့ လမ်းပိုင်းတစ်ခု ပြင်မှာမို့ ဒီဘူတာရုံကို ခေတ္တပိတ်ထားမယ်လို့ ရေးထားတာကို ဖတ်လိုက်ရတယ်.

အဲဒီ့နေ့မှာပဲ သူ့ရှေ့မှာ အိပ်စက်အနားယူနေတဲ့ သံလမ်းကို အလုပ်သမားတွေက အတင်းလှုပ်နှိုးပြီး တစ်စစီဖြုတ်ခါ ကားရထားတစ်စီးပေါ်တင်ရင်း အဝေးကို ယူဆောင်သွားကြတယ်.

ဘူတာအိုရဲ့ ရင်ထဲမှာ ဆို့နင့်ကြေကွဲလို့၊ သံလမ်းပိုင်းလေးမှာလည်း မျက်ရည်တွေရစ်ဝဲလို့..

'မင်းအမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကွာ...'

'တစ်နေ့ ပြန်တွေ့ကြမယ် ကိုကြီးဘူတာရေ....'

နှင်းမြူတွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားတဲ့ ကားရထားလေးပေါ်က သံလမ်းလေးကို ငေးကြည့်ရင်း ဘူတာအိုဟာ သူ့မျက်ဝန်းက မျက်ရည်စတစ်ချို့ကို မျက်တောင်တစ်ချက်ခတ်ရင်း ပုတ်ထုတ်ပစ်လိုက်တယ်...

.............................


သုံးလေးရက်လောက်ကြာတော့ ဘူတာအိုဟာ ပြန်လည် အသက်ဝင်လာခဲ့တယ်. သူ့ရှေ့မှာ နောက်ထပ်သံလမ်းငယ်တစ်ခု နေရာယူထားတာကိုတွေ့လိုက်ရတယ်...

သံလမ်းငယ်လေးဟာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ သူ့အပေါ် ဖြတ်လျှောက်သမျှ ရထားကြီးတွေကို အံကြိတ်ရင်း ပင့်တင်လို့ အနင်းခံနေတာကို ဘူတာအိုက စိတ်ဝင်တစားငေးကြည့်နေခဲ့မိတယ်.

'မင်း သံလမ်းဖြစ်တာ ကြာပြီလား..'

ဘူတာအိုရဲ့ အမေးကို သံလမ်းငယ်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေတယ်.

'ကျွန်တော် သံရည်ကျိုစက်က ထွက်လာတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်.'

'သံလမ်းဖြစ်ရတာ ပျော်လား..'

'ခုထိတော့ ကျွန်တော်ပျော်တယ်. စက်ရုံမှာ ကျွန်တော့်ဘ၀က မရေမရာနဲ့ သံရည်ဆိုပြီးတော့ပဲ ရှိနေခဲ့တာ. အခုတော့ ကျွန်တော်ဟာ သံလမ်းဆိုတဲ့ နာမည်တစ်ခုရတယ်. ကျွန်တော်ထမ်းဆောင်ရမယ့် တာဝန်တစ်ခု ပီပီပြင်ပြင်တွေ့လာရတယ်. ကျွန်တော့်မှာ ဘ၀တစ်ခုရှိလာသလို ခံစားလာရတယ်. ဒါကြောင့် ကျွန်တော်ပျော်တယ်.'

'မင်း. စာဖတ်တတ်လား..'

'ဟုတ်... သေစာရှင်စာလောက်တော့ ဖတ်တတ်ပါတယ်. ဘာလို့လဲ ဦးကြီး...'

'ဘာမှမဟုတ်ပါဘူးကွာ... တိုက်ဆိုင်လို့ မေးကြည့်တာပါ...'

ဘူတာအိုလည်း သက်ပြင်းရှည်တစ်ချက်ကို 'ဟူးးးး' ခနဲ မှုတ်ထုတ်လိုက်ရင်းက သူ့ဆံပင်တွေထဲ လက်ကိုထိုးထည့်လို့ ခေါင်းငိုက်စိုက်ရင်း တစ်စုံတစ်ရာကို စဉ်းစားနေခဲ့မိတယ်.

လေယာဉ်တစ်စင်း အောက်ကိုနိမ့်ဆင်းလာချိန်မှာ လမ်းထဲက ကလေးတစ်ချို့ ကောင်းကင်ကိုမော့ကြည့်ရင်း အော်ဟစ်ခုန်ပေါက်နေကြတယ်. လေယာဉ်ထဲက လူတစ်ချို့ မြေပြင်ကိုငုံ့ကြည့်လို့ မကြာခင် ရောက်ရှိဆင်းသက်တော့မယ့် ဒီမြို့ကြီးအကြောင်း ရင်ခုန်စွာ စိတ်ကူးယဉ်နေကြတယ်.

အဆောက်အဦးတစ်ခုထဲက စာရေးမတစ်ယောက် ဒီတစ်ပတ် ဘယ်လိုခွင့်တင်ရင်ကောင်းမလဲ စဉ်းစားနေတယ်. ဓာတ်လှေကားထဲမှာ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ပူပူနွေးနွေးဘွဲ့ရကျောင်းသားတစ်ယောက် မကြာခင်ဝင်ရောက်ဖြေဆိုရတော့မယ့် လူတွေ့စာမေးပွဲအတွက် စိတ်လှုပ်ရှားနေတယ်.

ခပ်လှမ်းလှမ်းက အသုဘအိမ်တစ်အိမ်မှာ ပူဆွေးသောကတွေ မိတ်ဖွဲ့ရောက်ရှိနေချိန်၊ ဒီဖက်ခြမ်းက အိမ်တစ်အိမ်မှာ ကလေးငယ်တစ်ယောက် ကင်ပွန်းတပ်မင်္ဂလာလုပ်တယ်.

မျက်ဝန်းထဲမှာ အရောင်တစ်ချက် လက်သွားခဲ့တဲ့ ဘူတာအိုဟာ သူ့ခေါင်းကို တစ်ချက်ပြန်မတ်လိုက်တယ်. ပြီးတော့ တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်လိုက်တယ်.

'လက်လည်းမလျှော့နဲ့. တွေးလည်းမပူနဲ့. ငါဟာ ဒီနေ့ ဘူတာရုံဖြစ်တယ်...'

~ ရေခဲငှက် ~

Photo Credit:

ကြိုး


အိပ်မရဘူး
ထွေထူးဆန်းပြား အတွေးများနဲ့
အဝေးက မအတွက် ပူပင်သောကတွေ
ရင်နှင့်မမျှအောင် ခံစားနေရတယ်.
ဘေးကင်းရန်ကွာ
ကျန်းမာရွှင်လန်းစွာနဲ့
မနက်ဖြန်တွေကို ကြိုဆိုနိုင်ပါစေ မ ရယ်...

Y.K.N

ဘလော့ဂ်နာကျ... လေပွသောခါ... (မော်ဒန်တျာချင်း)

ဘလော့ဂ်နာကျ လေပွသောခါ။
ကီးဘုတ်ကိုဆွဲ၊ စိတ်အားကို ခဲကာ။
ရှည်ကြာထိုင်လစ်၊ ပို့စ်အသစ် ထွက်မလာ
မုဒ်ပျောက်စိတ်ထွေ၊ ဝေလေလေ.
ရေသာသောက်၍ အိပ်သည်နှင့်လေး။ ။

ဂူဂယ်လ်ရီဒါ၊ ပို့စ်သစ်တွေ တက်လာ
သူများတကာရေးပုံ၊ နည်းစုံကြည့်ကာ
ငါလည်း ဒီတစ်ခါ၊ အဟုတ်တကယ်ရေးမှာ
လုပ်မယ်တကယ်ဟ၊ အားမာန်ပြ
နွမ်းလျစိတ်လေ၊ ပို့စ်မရချေ
လိပ်ခွေနုံးလျက်၊ ဂျီတော့ခ်မှာချက်
လက်သာညောင်း၍ အိပ်သည်နှင့်လေး။ ။

စာရွက်ပေါ်ဝယ်၊ အသွယ်သွယ်ရေးခါ
သုတရသ၊ နည်းပညာခွဲရာ
ဝမ်းသာအားရ၊ ရေးပြမည်လေ
စိတ်မထွေတမ်း၊ မရမကဖမ်း
ပွဲကြမ်းသည်ကြောင့်၊ မုဒ်ပြန်ပျောက်
စားပွဲပေါ်မှောက်၍ အိပ်သည်နှင့်လေး။ ။
ယူကျူဘ်ဝင်ချက်၊ ပို့စ်သစ်တွက်ရှာ
ဆားချက်မည်ပေါ့၊ စိတ်ဖော့ထားခါ
နားထောင်လေရာ၊ သီချင်းထောင်တစ်ရာ
ခေါင်းတွင်တွင်ကုတ်၊ ပို့စ်ထုတ်မရပါ
စွေ့စွေ့ကယ်ခုန် လူတောင်တုန်
ရှိသမျှ ဘရောက်ဇာ၊ ပိတ်ခါသိမ်းတော့မည်…
ပြီးလျှင် စောင်ခြုံကာ၊ ထွေးခါအိပ်တော့မည်…

(မော်ဒန်တျာချင်း ... ကန်ယို)

You received this email because you are subscribed to the real_time feed for http://www.yanaung.net/feeds/posts/default. To change your subscription settings, please log into RSSFWD.