Saturday, February 21, 2009

[Better Tomorrow] 5 New Entries: Diphenhydramine (ဒိုင်ဖန်ဟိုက်ဒြာမင်း)

Diphenhydramine (ဒိုင်ဖန်ဟိုက်ဒြာမင်း)


ဟစ်စ်တမင်းတုံ့ပြန်ဆေးတစ်မျိုးဖြစ်သည်။ အအေးမိနှာစေးချောင်းဆိုးခြင်းကို သက်သာစေနိုင်သည်။

အသုံး

အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ လေပြွန်ရောင်ခြင်းတို့ကြောင့်လည်ချောင်းယား၊ နှာရည်ယို၊ နှာချေ၊ ချောင်းဆိုး ခြင်းကို သက်သာစေရန်အသုံးပြုသည်။

ဆေးညွှန်းနှင့် အသုံးပြုပုံ

သလိပ်ဟတ်ထုတ်ရ လွယ်ကူစေသော အမိုနီယမ်ကလိုရိုက်နှင့် အမိုနီယမ်စစ်ထရိတ် သလိပ်ပျော်စေသော ဘရွမ်ဟက်ဆင်း၊ လည်ချောင်းယားခြင်းကို သက်သာစေသော မင်သော်စသော ဆေးများနှင့် ပေါင်းစပ်ပြီး အအေးမိနှာစေး ချောင်းဆိုးပျောက်ဆေးရည်များအဖြစ် ထုတ်လုပ်လေ့ရှိသည်။ များသောအားဖြင့် ၅ စီစီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတစ်နေ့သုံးကြိမ်၊ လေးကြိမ်ခန့်သောက်နိုင်ပါသည်။

သတိပြုရန်

အိပ်ငိုက်စေသဖြင့် ယာဉ်မောင်းနေသူများ၊ စက်ယနရားဖြင့် အလုပ်လုပ်သူများ သတိထားရမည်။ အရက်မ သောက်သင့်ပါ။

ဆေးအပြစ်များ
အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ မျက်စိပြာခြင်း၊ ခေါင်းနောက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ခြေလက်တုန် ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ရှောင်ရန်
ဆေးနှင့်မတည့်သူများ

ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့ 
Broncho Hexal, Diphendryl, Diphenhydramine, Zeet

ဇန်န၀ါရီ ၃၀


ခရီးရှည်ထွက်ရမှာ မို့စောစောထမယ်စိတ်ကူးပေမယ့် မထနိုင်ခဲ့ဘူး။ ၈နာရီ ခွဲကျော်မှပဲထဖြစ်တယ်။ ၉ နာရီ ကနေ ၁၀ နာရီထိ လူထုကျန်းမာရေးသင်တန်း တစ်လပေးဖို့အတွက် ဆရာဝန်ကြီးတွေနဲ့ ထည့်သွင်းသင့်တဲ့ သင်ခန်းစာ တွေပြင်တယ်။ အဲဒီထဲမှာ ထူးထူးဆန်းဆန်း ဘယ်သင်တန်းမှာမှ မသင်တဲ့ သင်ခန်းစာတစ်ခုကို ထည့်သွင်း ခဲ့ပါတယ်။ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအကြား ရေပန်းစား အသုံးများနေတဲ့ အာဆီယံ လို့ခေါ်တဲ့ မူးယစ်ဆေး တစ်မျိုးပါပဲ။ ဆရာဝန်ကြီးများနဲ့ လမ်းခွဲပြီး ကော့ကလွိုင်စာသင်ကျောင်းဘက်ကို ထွက်ခဲ့ပါ တယ်။
စာသင်ကျောင်းမှာ နေမကောင်းတဲ့ ကလေးများကို ကျန်းမာရေးစစ်ဆေးပေးပါတယ်။ အမျိုးသမီးကျန်းမာရေး သင်တန်းအတွက် အလုပ်ကပြန်လာမယ့် အမျိုးသမီးတွေကို စောင့်ရင်း ကလေးများကို ဗဟုသုတအနေနဲ့ ပုံပြင်လေးတွေ ပြောဖြစ်ပါတယ်။ နေ့လည် ၃ နာရီကျော်မှာ မြန်မာအလုပ်သမား အမျိုးသမီးများအတွက် ကျန်းမာရေးပညာပေးသင်တန်းလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီး ၁၃ ဦးတက်ရောက်ခဲ့ပါတယ်။ နှစ်နဲ့ချီပြီး အမြဲတမ်းသွားနေတယ်ဆိုပေမယ့် အဲဒီနေရာလေးမှာ ကျန်းမာရေးပညာပေးတာ ကျွန်တော့်အနေနဲ့ ပထမဦးဆုံးအကြိမ်ပါပဲ။ ဒီနေ့ဟာ ကော့ကလွိုင် ခေတ်တခုထဲမှာပဲ တစ်နေကုန်သွားခဲ့ပါတယ်။ ည ၇နာရီကျော်မှ ရုံးကိုပြန်ရောက်ပါတယ်။

ဇန်န၀ါရီ ၂၉


ဓါးခုတ်ခံထိတဲ့ ညီလေးကမနေ့ကတည်းက ဖုန်းဆက်တိုက်ခေါ်နေတာ ကျွန်တော်လည်း မအားတာနဲ့ မသွားဖြစ်ဘူး။ ဒီနေ့တော့ ဖန်ငဆေးရုံကို ထပ်ရောက်ဖြစ်ပါတယ်။ ကျွန်တော်နေတဲ့ နေရာနဲ့က ဆေးရုံကို တစ်နာရီခွဲနီးပါးသွားရတာ။ အသွားအပြန်ဆိုရင် ၃ နာရီကျော်အချိန်ကုန်တယ်။ ဆေးရုံရောက်တော့သူတို့ဇနီး မောင်နှံနှစ်ယောက် ကျွန်တော့်ကိုထွက်စောင့် နေကြ တယ်။ ဖန်ငဆေးရုံကနေ ကပွန်ဆေးရုံကို လွှဲစာနဲ့ပြောင်း လည်း ကုသခိုင်းထားတယ်။ လက်မှာလည်း IV ပိုက်တန်းလန်းနဲ့ ဆေးရုံထပ် မပြောင်းရင် ရမလားလို့မေးလာ တယ်။ ဘာဖြစ်လို့လည်းမေးတော့ သူမြန်မာပြည်ကို ပြန်ပြီးကုသခြင်တယ်။ သူထိုင်းနိုင်ငံမှာ သူဆေးကုနေရင် သူ့အမျိုးသမီးက သူ့ကိုပြုစုရမှာဖြစ်တဲ့ အတွက် အလုပ်လုပ်ရမှာအခက်အခဲဖြစ်နေကြောင်းနဲ့ သူတို့မှာ ပိုက်ဆံမရှိ တော့တဲ့အကြောင်း၊ နောက်ပြီးတော့လည်း မြန်မာပြည်မှာ နို့ဆို့ကလေးလေးရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြ ပါတယ်။ သူမြန်မာပြည်ပြန်ပြီး ဆေးကုသမှုခံ ယူမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လာပါတယ်။ သူ့ရဲ့လက်ရှိအနာက ဆေးရုံမှာ ဆေးထပ် ကုဖို့ လိုသေးကြောင်း ကျွန်တော်ရှင်းပြပါတယ်။ တကယ်လို့ ကုသမှုမခံ ယူရင် ရောဂါပိုးဝင်ရောက်နိုင်ကြောင်းကိုလည်း သေသေချာချာရှင်းပြပါတယ်။
ကျွန်တော်သူတို့ မိသားစုအပေါ်မှာ တတ်နိုင်သလောက်အကူအညီပေးတယ် ဆိုပေမယ့် မိသားစုအရေးမှာတော့ ၀င်ရောက်ဆုံးဖြတ်ပေးဖို့ခက်ခဲလှပါတယ်။ သူတို့မှာ ဘတ်မရှိတဲ့အတွက် ရုံးကကားနဲ့ လိုက်ခြင်တယ်လို့ ပြောပါ တယ်။ ရုံးကကားကလည်း ဘတ်မရှိသူများတင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ခေါ်လာခဲ့ပါတယ်။ သူတို့ နေထိုင်ရာ အိမ်ရှေ့ ထိလိုက်ပို့ပေးခဲ့ပါတယ်။ သူတို့အတွက် ဆေးဖိုးကို ၆၉၀၀ ဘတ်ကျော်ကို ရှင်းပေးခဲ့ပါတယ်။ နေ့လည် ၂ ကျော်မှ ကျွန်တော်ထမင်းစားခဲ့ရပါတယ်။
ပါဝိစာသင်ကျောင်းမှာ ကျွန်တော့်ရဲ့ ကျန်းမာရေးအဖွဲ့ တီဘီရောဂါအကြောင်းကျန်းမာရေး ပညာပေးစစ်ဆေး နေတာကို ၀င်ကြည့်ခဲ့ပါတယ်။ ၃နာရီခွဲမှာ ရုံးကိုပြန်ရောက်ပြီး ခဏနားပါတယ်။ နောက်ပြီး စာသင်ကျောင်းမှ ကလေးတွေရဲ့ ကျန်းမာရေး စစ်ဆေးချက်တွေကို ၂၀၀၇ နဲ့ ၂၀၀၈ ပြန်ပေါင်းဖို့အတွက် လိုအပ်တဲ့ ဂရပ်တွေပြင် ပါတယ်။
ညနေ ၄ နာရီခွဲဝင်းကျင်မှာ တန်းလျားက လူနာတွေကို ထုပ်ပေးထားတဲ့ (ဘန်ချီ) အကြွေးစာအုပ်တွေကို သွားသိမ်းပါတယ်။ လူနာတွေရဲ့ စာရင်းကို တော့ဒီနေ့ ဘယ်အခန်းမှာ ဘယ်သူနေနေတယ်ဆိုတာကို တိတိကျကျ ကောက်ယူခဲ့ပါတယ်။ ARV ဆေးသောက်နေတဲ့ အေအိုင်ဒီအက်စ် လူနာယောက်ကျားလေး ၁၁ ဦးရယ်၊ အမျိုးသမီး ၃ ဦးရှိပါတယ်။ တီဘီဆေးသောက်နေသူ ၂ ဦး၊ လေဖြတ်သူ ၁ ဦး ၊ အသည်းပြည်တည်နာ ၁ ဦး ၊ ဆိုင်ကယ်တိုက်ပြီး အောက်ပိုင်းမသန်သူ ၁ ဦး ပေါင်း ၁၉ ဦးရှိပါတယ်။ ၁ နာရီကျော်ကျော်လောက်စကားပြောပြီး၊ ရုံးကိုပြန်လာခဲ့ပါတယ်။ (ဘန်ချီ) အကြွေးစာအုပ်ကို တွက်ကြည့်တော့ ၁၂၂၈၇ ဘတ်ဖိုးသုံးထားပါတယ်။ အမှန်တကယ်ဆိုရင် ကျွန်တော့မှာ အဲဒီလောက်သုံးပိုင်ခွင့်ပေးလို့မရပါဘူး။ ဒါပေမယ့်လည်း သုံးပြီးသား တွေဆိုတော့လည်း ရုံးမှာ စကားပြောရတော့မှာပေါ့။ သူတို့ခဗျာမှာလည်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ရိကာဖြတ်ထားတော့ ကျွန်တော်ပေးသုံးတဲ့ ဘတ်သုံးဆယ်ဟာ မလောက်မှန်းသိပါတယ်။ အဲဒီအတွက်လည်း ပြောအားမရှိပါဘူး။
ညပိုင်း ၇ နာရီလောက်ကနေစပြီး အမေရိကားက လုပ်အားပေးဆရာဝန်ကြီးနှစ်ယောက်နဲ့ တစ်လသင်တန်း အတွက် ကြိုတင်ပြင်မှုတွေအတွက် တိုင်ပင်တာ ည ၉ နာရီခွဲကျော်မှပဲ အိမ်ပြန်ရောက်ပါတယ်။

ဇန်န၀ါရီ ၂၈

မနက်ပိုင်းမှာ ရုံးကိုမ၀င်သေးပဲ လူနာများရှိရာ တန်းလျား ကိုဝင်ခဲ့တယ်။ လူနာတွေ စုဝေးစကားပြောလေ့ရှိတဲ့ ကွပ်ပျစ် ပေါ်မှာပဲ စုဝေးထိုင်ပြီးစကားပြောဖြစ်တယ်။ မရောက်ဖြစ်တာ တစ်ပတ်ခန့် ကြာသွားတော့ သူတို့မေးခွန်း တွေက အများသား၊ သူတို့ ဘယ်လိုဆက်လက်နေထိုင်ရမလည်း ဆိုတာက အဓိကပါ။ နောက်တော့ ARV နဲ့ TB ဆေး အကြောင်းထပ်မေးတယ်။ တတ်နိုင်သလောက်ပြန်ဖြေပြီး ကိုယ်မေးချင်တာကို ပြန်မေးဖြစ်ပါတယ်။
လူနာထဲက ကိုစိုးနိုင် အလုပ်မဆင်းတာကြောင့် နေမကောင်းလို့ အလုပ်မဆင်းနိုင် တာလား လို့မေးကြည့်တော့ မျက်ရည်ဝဲပြီးပြောရှာတယ်။ သူပြီးခဲ့တဲ့ နှစ်လကလုပ်ခဲ့တဲ့ လုပ်အားခကို သူဌေးမရှင်းလို့ စိတ်ညစ်ပြီး အလုပ်မဆင်းတော့ဘူးတဲ့။ စိတ်မကောင်းဖြစ်မိတယ် သူ့ခမျာ ARV ဆေးသောက်ပြီး အလုပ်ကိုကြိုးစား လုပ်ခဲ့တာ အခုတော့ နှစ်လစာ လုပ်အားခမရဘူးတဲ့။ ၁၀ ကျော်ကျော်မှာ ရုံးကို ပြန်လာခဲ့တယ်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ က အစ်မတစ်ယောက်နဲ့ ၁၀နာရီ ခွဲလောက်မှာ တန်းလျားက လူနာတွေကိစ စကားပြောဖြစ်တယ်။ သူပြောတာက တန်းလျားမှာ နယ်စည်းမခြားဆရာဝန်များ အဖွဲ့က လူနာ ၁၉ ဦး တန်းလျား မှာနေနေတယ်တဲ့ ၁၆ ဦးက ARV ဆေးသောက်နေတယ်တဲ့ဘုရားဘုရား။ အခါတိုင်းလူနာတန်းလျားကိုသွား လည်တယ် အားလုံးနဲ့ ရင်းနှီးနေတယ် ဆိုပေမယ့် အဲဒီလောက် တိတိကျကျ မမှတ်ထားမိဘူး။ ထင်လည်း မထင်မိ ဘူး လူနာဦးရေတိုးလာနေပါလား။ လူနာများအတွက် စားဝတ်နေရေးနဲ့ ဆေးအတွက် မိနစ် ၂၀ ခန့်ဆွေးနွေး ခဲ့တယ်။ သူ့အမြင်ကိုယ့်အမြင် ဖလှယ်ခဲ့တယ်။


နေ့လည် ပိုင်းမှာ ဘန်နယားစာသင်ကျောင်းမှာ ကလေးတွေကို ကျန်းမာရေးပညာပေးဖို့ သွားတယ်။ ဒါပေမယ့် အခန်းဆုံးစာမေးပွဲစစ်ဆေးတာနဲ့ သွားတိုက်နေလို့။ ကျန်းမာရေး မကောင်းသူများကို ကြည့်ပေးပြီး မူကြိုကျောင်း ကိုဝင်ကြည့်ဖြစ်တယ်။ ကလေးတွေ ချစ်စရာကောင်းလိုက်တာ တန်းစီပြီးအိပ်သူက အိပ်လူသံကြားလို့ ပြူးကြည့် သူကပြူးကြည့်နဲ့။


ဇန်န၀ါရီ ၂၇


(ကျောင်းသူ/သားများနဲ့ ပျော်ရွှင်စွာ)

၈ နာရီခွဲပြီးမှ အိပ်ယာထတာတောင် လူက မူးဝေေ၀၊ မနက် ၉ နာရီ အလုပ်ချိန်မှီဖို့ အရေးအပြေးအလွှား အလုပ်ရောက်တော့ ဘာမှမလုပ်နိုင်သေး ၁၅ မိနစ်လောက် ကြောင်တောင်တောင်ဖြစ်နေတယ်။ ပြီးမှ စာရွက်စာတန်းတွေ သိမ်းသင့်တာ ပြန်သိမ်းရတယ်။ သုံးနှစ်အတွင်းမှာ စုထားတဲ့ ကျန်းမာရေး စာအုပ်တွေကလည်း မနည်းမနော။ နောက်ကျောင်းသားတစ်ဦး ခြင်းစီရဲ့ ကျန်းမာရေးဆေးစစ်ချက် နဲ့ ကျန်းမာရေးသင်တန်း အမေးအဖြေ လွှာတွေကို မနှစ်ကဟာနဲ့ ဒီနှစ်ဟာ ပြန်ခွဲထုတ်တယ်။
နေ့လည်ပိုင်းမှာ တစ်လကျန်းမာရေး သင်တန်းအတွက် အချိန်ဇယားနဲ့ ဘာသာရပ်တွေကို လုပ်အားပေး ရောက်နေတဲ့ ဆရာဝန်ကြီးနှစ်ယောက်နဲ့ တိုင်ပင်ရေးဆွဲတယ်။ နေ့လည် ၂ နာရီ ၁၅ မိနစ်မှာ ပါကလန်ကျောင်း မှာကလေး သုံးဆယ်ကျော်ကို တီဘီ ရောဂါအကြောင်းသိသင့်တဲ့ အချက်တွေကို ပြန်ရှင်းပြပြီး စာမေးပွဲစစ်တယ်။ ၃ နာရီ ခွဲမှာ ရုံးကိုပြန်ရောက်ပြီး ဓာတ်ပုံတွေကို ပြန်စစ်တယ်။ ဓာတ်ပုံအဟောင်းထဲက ကျည်တစ်တောင့်ကို တွေ့ပြီး ကျည်တစ်တောင့်ရဲ့ နောက်ကွယ်မှာ ကိုရေးဖို့စိတ်ကူးမိတယ်။
ညပိုင်းမှာ ပို့စ်တစ်ပုဒ်ရေးပြီးတင်တယ်။ ကိုအောင်ဦး ဘလောက်မှာ တရားနာတယ်။ ဘလောက်တစ်ချို့ ကို လိုက် လည်တယ်။ နယ်စည်းမခြားဆရာဝန်များ အဖွဲ့က အစ်မ တစ်ယောက်ဆီကို ဖုန်းဆက်တယ်။ သူအခု ရနောင်း ကနေပြန်လာတာလမ်းမှာပဲရှိသေးတယ်တဲ့။ အနောက်ကြဆုံးအသုတ်လို့ ထင်ရတဲ့ ရိုဟင်ဂျာ လှေစီးဒုက သည်များ ရနောင်းဘက်မှာ ဖမ်းမိလို့ သွားကြည့်ရတယ်တဲ့။ လူနာ ၄ ဦးကိုလည်း ရနောင်းဆေးရုံကြီးမှာ တင်ပို့ ထားခဲ့ရ တယ်လို့သိရပါတယ်။ဝမ်းနည်းမိပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေခဏခဏကြုံတွေ့နေရပါတယ်။

You received this email because you are subscribed to the real_time feed for http://tomorrowplan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.