Thursday, January 1, 2009

[မင်းဒင်] 1 New Entry: ကျွန်ုပ် နှင့် စာဆိုကျော် စလေဦးပုည အသတ်ခံရမှု

ကျွန်ုပ် နှင့် စာဆိုကျော် စလေဦးပုည အသတ်ခံရမှု



ကျွန်ုပ် နှင့် စာဆိုကျော် စလေဦးပုည အသတ်ခံရမှု

(မင်းဒင် ရေးသည်)

တနေ့ သ၌ ကျွန်ုပ်သည် ယိုးဒယားပြည် ဖူးခက်မြို့ ၊ အမ်မခန် အရပ်ရှိ ဧကဝက်ခန့်  ကျယ်ဝန်းသော ခြံကြီးအတွင်း၊ လွန်စွာ ဟောင်းနွမ်းယိုယွင်းလျက် ရှိသော နှစ်ထပ်အိမ်အို ကြီး တလုံးတွင် မောင်ဖြိုး အမည်ရှိ တပည့်ကျော်တဦးနှင့် အတူနေထိုင်ရင်း၊ ၊အမေရိကန်ပြည်လုပ် ဒဲလ် (DELL) တံဆိပ် ကွန်ပြူတာ ဟောင်း တလုံးဖြင့် ဝါသနာအလျောက် စာတိုပေစ များကို ရေးသား လျက်ရှိ လေ သည်။
အချိန်ကာလကို နှစ်၊လ၊ရက်၊ နေ့ စွဲ ၊ အတိအကျ မမှတ်မိလင့်ကစား ကျွန်ုပ်မှာ မှတ်ဥာဏ် ကောင်းသူ စာရင်းတွင် ပါဝင်သူဖြစ်သည့် အလျောက် လွန်ခဲ့ သော ရက်ပေါင်း သုံးဆယ် ဝန်းကျင် ဖြစ်သည်ကိုမူ ကောင်းစွာမှတ်မိလျက်ရှိပေသည်။

ထိုနေ့ နေ့ လည် နှစ်နာရီခန့် က ကျွန်ုပ်နှင့် ဥရောပတိုက်ရောက် မြန်မာ့ဒီမိုကရေစီ ဘက်တော်သား၊ တော်လှန်ရေး ရဲဘော်ဟောင်း၊ ရဲဇော် ဆိုသူ လူရွယ် တဦးနှင့် ကွန်ပြူတာ ကြေးမုံပြင်တွင် မြန်မာစာ အရေးအသားနှင့် ပါတ်သက်၍ အမှတ်မထင်၊ အချေအတင် အချီအချ ငြင်းခုံ မိကြသော အကြောင်း အရာကား အောက်ပါ အတိုင်း ဖြစ်လေ ၏။
ဇော်။ ။ ဦးမင်းဒင်.. ။ မြန်မာစာမှာ "ကဒဲက" ဆိုတဲ့ စာလုံးရှိတာ သိပြီးပြီလားဗျ။
ကျွန်ုပ်။ ။ ဘယ်လိုများပါလိမ့်မောင်။ "ကဒဲက "ဆိုတာတော့ မကြားဘူးပါဘူးဗျာ။ "ပဒဲကော" တို့ ၊ "ကူးတို့ ခ" တို့ တော့ နားယဉ်နေပါတယ် ။
ဇော် ။ ။ ဦးမင်းဒင် က ဒါလေးတောင် မသိဘူးလားဗျာ။" မြင်ကဒဲက" ၊ "အစကဒဲက" ဆိုတာလေ။
ကျွန်ုပ်။ ။ အမှန်ဆိုရရင်ဖြင့် ကျုပ်မကြားဘူးတာ တော့ သေချာလှသဗျာ။ လုအများ နားလည် သုံးစွဲနေကြတာကတော့ .." မြင်ကတည်းက"၊ "အစကတည်းက " ။လို့  သာကြားဘူးပါတယ်မောင်။
ဇော် ။ ။ ဒါစကားပြော စကားပြေလို့ ခေါ်တယ်ဗျ။
မြန်မာစာပေဟာ သိပ်နက်နဲတယ်ဗျ၊ နောက်ဆုံးပေါ်ဆိုပါတော့ ။
(ဤနေရာ၌ ကျွန်ုပ်မှာ အဆိုပါ လူရွယ်၏ အခြေအနေကို အနည်းငယ် ရိပ်စားမိလာပြီ ဖြစ်သည့်အလျောက် ၊ ဆက်လက်ဆွေးနွေးရန် မသင့်တော့ပြီ ဖြစ်၍ ..)
ကျွန်ုပ်။ ။ ကျုပ်တို့ စကားရပ်လိုက် ကြရင် ကောင်းမယ်မောင် ရယ်။ ကျုပ် ငြင်းတာ ခုံတာတွေကို စိတ်ကုန်လွန်းလို့ ပါ။ ဆက်လည်း မပြောပါရစေနဲ့ တော့ ။ နိုင်တာ ရှုံးတာတွေ ကျုပ်မကြုံချင်တော့လို့ ပါမောင်။
ဟု စကားနည်း ရန်စဲကြပါရန် မေတ္တာရပ်ခံပါသော်လည်း လူရွယ်မှာ ကဒဲက တည်းဟူသော စကားလုံးကို မြန်မာစာပေလောကတွင် အတင်း အဓမ္မ သွတ်သွင်းရန် ဆက်လက်ကြိုးပမ်းနေလေရာ .. ကျွန်ုပ်ဖက်မှ ၎င်းအား မြန်မာစာတတ်မတတ် သံသယဖြစ်ဖွယ်ရှိကြောင်း၊"ကဒဲက " မှတဆင့် "ကဓဲက " "ကဌဲက" "ကဋဲက"စသည်တို့  အပြင် "ခင်ဗျာ" အစား "ခင်ဘြာ"စသည်တို့ ပါ နောက်ဆက်တွဲပေါ်လာနိုင်သည်ကို ပူပင်မိလေ သောကြောင့် မြန်မာစာကို ဆက်လက် လေ့လာစေလိုကြောင်း အစ ရှိသည်ဖြင့် နှုတ်လွန် ကျွံမိလေရာ ငြင်းခုံပွဲတို့  ထုံးစံအတိုင်း အရုပ်ဆိုး လှစွာဖြင့် နိဂုံးချုပ်ခဲ့ ရပေ တော့ သည်။
.......................................................



အဆိုပါ ဖြစ်ရပ်မှာ ရေးကြီးခွင်ကျယ် ကိစ္စတရပ်မဟုတ်သော်လည်း နှစ်ကာလကြာရှည်စွာ ငုတ်လျှိုးနေခဲ့သော ၊ စာအကြောင်း ပေအကြောင်း ငြင်းခုံခြင်း ကို အားသန်ခဲ့သည့်  ကျွန်ုပ်၏ ယမ်းတိုက်နှင့်တူသော စိတ်နေသဘောထား အပေါ်မီးပွားကျဘိသကဲ့ သို့ ရှိလေရာ ကျွန်ုပ်မှာ ထိုင်မရ ၊ထမရ များစွာ အနေခက်လျက် ရှိယုံမက ထိုညတွင် ညဥ့် နှစ်နာရီခန့် တွင်မှ အိပ်ရာဝင်ခဲ့ သော်လည်း ကောင်းစွာအိပ်စက်နိုင်ခြင်း မရှိကြောင်း ဝန်ခံရပေမည်။
ကျွန်ုပ်ငယ်စဉ်က လူဗလံလေး ဖြစ်သည့်အားလျှော်စွာ ရန်ပွဲတိုင်း၌ ခံဘက်ကချည်း နေခဲ့ရ ရာမှ စာပေဖက်သို့ ဦးလှည့်ကာ စာတိုစာစ တချို့ ကို ဖတ်မိ သည့် အခါ၌ စာအကြောင်း ပေအကြောင်းနှင့် ပါတ်သက်၍ ငြင်းခုန်းခြင်းကို နှစ်သက်ယုံမျှမက ငြင်းခုံပွဲတိုင်း၌ လည်း ဒေါသတကြီး အငြင်းသန်ခဲ့သော အဖြစ်တို့ သည် ကျွန်ုပ်၏ ခေါင်းတွင်း သို့ အစီအရီ ချင်းနင်း ဝင်ရောက်လာလေသည်။
အလယ်တန်းကျောင်းသားဘဝတွင် များစွာသော ကျွန်ုပ်နှင့် ရွယ်တူကျောင်းနေဖက်များမှာ ကျွန်ုပ်ကဲ့သို့ စာဖတ်သန်သူများ မဟုတ်လေရာ ကျွန်ုပ်မှာ ကလေးများ သဘာဝ သိသမျှ တတ်သမျှ ဖတ်မိသမျှ တို့ ကို သူမှန်သည်၊ ငါ မှန်သည် ငြင်းခုန်ကြသည့် ငြင်းပွဲခုံပွဲ မှန်သမျှ တွင် ပွဲတိုင်းကျော်ဖြစ် နေ ခဲ့ လေသည်။ ၎င်းတို့ အချင်းချင်း ကျွန်ုပ်ကွယ်ရာ၌ ငြင်းခုံကြလျှင်ပင် ကျွန်ုပ်ကို မတွေ့ တွေ့ အောင် လိုက်လံ ရှာဖွေကြပြီးလျှင် ၎င်းတို့  ဖက်မှ ရပ်တည်ကာ စစ်ကူပေးပါမည့် အကြောင်း တောင်းဆိုခဲ့ကြသည်ချည်း ဖြစ်ပေသည်။
ကျွန်ုပ်မှာ ငြင်းခုံခြင်းကို အားသန်ကျွမ်းကျင်သူ ဖြစ်သည့်အားလျော်စွာ ထို့ သို့  တဖက်နှင့် တဖက် အပြင်းအထန် ငြင်းခုံပွဲများတွင် ပြိုင်ဖက်အဖွဲ့ အား ပိဿလေး ဘေးပစ်၊ ဖြတ်ပိုင်းလှီးချ ၊ အလဲထိုးတတ်လေသောကြောင့်  ရှုံးနိမ့်သူတို့ ဖက်မှ အမုန်းအတေး ခံရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သည်ကို ပြန်ပြောင်းအောက်မေ့ လျက် ရှိလေသည်။
...........................................
.


ငြင်းခုံခဲ့ဘူးသော အကြောင်းခြင်းရာများကား များပြားလှသည် ဖြစ်ရာ အကုန်အစင် မမှတ်မိ သော်ငြားလည်း .. ဘုရားရှင်တွင် မုတ်ဆိပ်မွှေး နှုတ်ခမ်း မွှေးပါမပါ။ ပဉ္စဝဂ္ဂီ ငါးဦးသည် မူလ ကပင် ကတုံးနှင့်ဟုတ်မဟုတ် ဟူသော အကြောင်းများမှ အစ ဦးပေါ်ဦး အမည်ရှိ မြန်မာ ပညာရှိ အမတ်ကြီးမှာ စိတ်ကူး ယဉ် ဇာတ်ကောင်မျှသာ ဖြစ်၍ အမှန်တကယ် ရှိမရှိ ဟူသော ခေါင်းစဉ်များ သာမက ၊မည်သည့် စာအုပ်ကို၊ မည်သည့် စာရေးဆရာက၊ မည့်သည့် ခုနှစ်တွင် ၊ရေးခဲ့သည် ဆိုသည်များပါ မကျန် အကြောင်းအရာ စုံလင်လှကြောင်း ယခုတိုင် သတိတရ ဖြစ်လျက် ရှိဆဲ ပင်ဖြစ်လေသည်။
ထိုသို့ ငြင်းခုံပွဲများတွင် အောင်နိုင်ရန်အတွက် ကျွန်ုပ်မှာ အခြားသော ကျောင်းနေဖက် သူငယ်ချင်းများ ကစားခုန်စား အပျော်အပါး တို့ ဖြင့် မွေ့ လျော်နေ ချိန် ၌ ကျွန်ုပ်မှာ စာအုပ်မျိုးစုံ ကို တကုပ်ကုပ် ရှာဖွေ လှန်လှောရင်း စာတိုပေစမှန်သမျှ နှိုက်နှိုက်ချွတ်ချွတ် စေ့စေ့စပ်စပ် ရှာဖွေ့  ဖတ်ရှုကာ တိုက်ပွဲဝင် စစ်သည်တော်တဦး လက်နက်သစ်စုဆောင်း သည်နှင့်တူလှစွာ သော အထုံအလေ့ဖြင့် ဘဝကို ဖြတ်သန်း ကျော်လွန်ခဲ့လေသည်။ ကျွန်ုပ်၏ အငြင်းသန် သော စရိုက်ကား တက္ကသိုလ်ကျောင်းသားဘဝမှ ကျော်လွန်ကာ လူကြီးပိုင်း အရွယ် ရောက်သည် အထိ ပျောက်ကွယ်မသွား ယုံမက၊ ကျွန်ုပ်၏ မသိ စိတ်တွင် နှစ်သက် မြတ်နိုးမိလေရကား ပျော်ရွှင်စွာ ဆက်လက်ငြင်းခုံမြဲ ၊ ပင်ဖြစ်လေသည်။
ကျွန်ုပ် အသက်သုံးဆယ်ဝန်းကျင် အရွယ်၌ ရာဇာဓိရာဇ် အရေးတော်ပုံ မူရင်းကိုမည်သူ ရေးသနည်း ဟူသော အကြောင်းအရာ အပေါ် အခြေခံလျက် အိန္ဒိယသွေးပါသူ စာဂျပိုးတယောက်နှင့် အငြင်းပွားကြရာ သူ့ ဖက်ကိုယ့်ဖက် မှ ဘေးပရိဿတ်တို့ ပါ ၊ ပါဝင်လာကြပြိး၊ အလောင်းအစားပြုကြရာမှ ထိုခေတ် ကာလက ကျပ်ငွေ နှစ်သိန်းခွဲခန့်  တန်သော ပါဗလစ်ကာမော်တော်ကား တစီးကြေးအထိ လောင်းကြေးကြီးသွားခဲ့သော အဖြစ်ကို ကြုံဘူး ခဲ့လေသည်။
...........................................
ဒေးကာနက်ဂျီ ရေးသားပြီး ကွယ်လွန်သူ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု ဘာသာပြန် ဆိုသော မိတ္တဗလဋီကာကို အလွတ်နီးပါး အာဂုံဆောင် နိုင်လု နီးနီး ရှိသည့်တိုင် ငယ်ကျင့် မဖျောက်နိုင်ခဲ့သော ကျွန်ုပ်မှာ တစတစ ကြီးရင့်လာသည့် အသက်အရွယ် ကြောင့် လည်းကောင်း၊ ခါးသီးလွန်းလှသည့် ဘဝအတွေ့ အကြုံများကြောင့်လည်းကောင်း၊ စာနှင့်ပေနှင့် ပါတ်သက်၍ ငြင်းခုံမှုများကို များစွာ စိတ်ပျက်လာသည့်အလျောက် ယခု အချိန် တွင် ကျွန်ုပ် သည် ငြင်းခုံပွဲများကို ဝေးဝေးမှ ရှောင်ခြင်း အလေ့ ရရှိလာ ခဲ့သည်မှာ နှစ်ကာလအားဖြင့် နှစ်ဆယ်နီးပါးသို့ ချည်းနင်းဝင်ရောက် ခဲ့ပြီးကာမှ အထက်တွင် ဆိုခဲ့သည့်  အတိုင်း အဆိုပါ လူရွယ် နှင့် ငြင်းခုံပွဲကို ကြုံရပြန်ခြင်း ဖြစ်လေသည်။
..........................................
ထို နေ့ ညက ညဉ့် သုံးနာရီထိုးသည့်တိုင် ကောင်းစွာ အိပ်စက်နိုင်ခြင်း မရှိသော ကျွန်ုပ်သည် လွန်ခဲ့သော ငါးနှစ်ဝန်းကျင်က ကျွန်ုပ်နှင့် သိကျွမ်းခင်မင် ခဲ့ ဘူးသူ ကိုသက်ခိုင် ဆိုသူထံမှ နည်းမှီလေ့ကျင့်ထားသည့် အာနာပါနခေါ် နှာသီးဖျားမှ ဝင်သောလေ ထွက်သောလေကို သတိပြုမှတ်သားလျက် ၊ မတည်မြဲ သော ရုပ်နာမ် တို့ ၏ သဘောကို ဆင်ခြင်လေရာ ရုတ်ခြည်းပင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။
ထိုအာနာပါန ၏ စွမ်းအား ကြောင့်ဟု တိကျစွာမဆိုနိုင်သော်လည်း နောက်တနေ့  မနက် ခုနှစ်ခုနှစ်ရီခန့် တွင် ကောင်းမွန် ရွှင်လန်းစွာ အိပ်ရာမှ နှိုးထ လာခဲ့ပေရာ ၊ နိစ္စဓူဝ လုပ်မြဲ ၊ကိုယ်လက် လေ့ကျင့် ခန်းအလို့ ငှာ ခြံဝင်းအတွင်းသို့  ဆင်းလာခဲ့သည်၌ ၊ ခြံနောက်ဖက် တောအုပ်တို့ ဆီမှ ငှက်မျိုး စုံတို့ ၏ တွန်မြည်သံတို့ ကို ကြားရသည့် အခါတွင်လည်းကောင်း၊ နေရောင်ခြည် အောက်တွင် ကြောင်သားအမိ ခုန်ပေါက် ပြေးလွှား ဆော့ကစား နေကြ သည် ကို မြင်ရသည့် အခါ တွင် လည်းကောင်း ၊ ကိုယ်တိုင် စိုက်ပျိုးထားသော အရွက်ဖားဖား စိမ်းလန်းသော အပင်မျိုးစုံ နှင့် ဝေဆာစွာ ပွင့်ဖူးနေသော ပန်းမာလ် မျိုးစုံတို့ ကို မြင်မိ သည့် အခါတွင်လည်း ကောင်း၊ ကျွန်ုပ်၏ စိတ်သည် ပကတိငြိမ်းချမ်းလျက်၊ ယမန်နေ့ က ငြင်းခုံခြင်းမှ ဖြစ်ပေါ်လာ သော ပူလောင်မှု တို့ သည် လုံးဝ ကင်းပျောက်သော အဖြစ်သို့ ရောက် ရှိလေ၏။
ထိုတခဏတွင် ကျွန်ုပ် သည် ကျွန်ုပ်မြတ်နိုးမွေ့ ပျော်ခဲ့သော စာပေရဂုံ၊ မဟာမြိုင်တောကြီးအတွင်း မှ နှိုက်နှိုက်ချွှတ်ချွတ် ရှာဖွေ့  တွေ့ ရှိခဲ့သော ကုန်းဘောင်ခေတ် စာဆိုကျော်စလေ ဦးပုည အသတ်ခံရမှု နှင့်စပ်လျဉ်း၍ လူအများလက်ခံသိရှိထား သကဲ့သို့  လူသတ်သမားသည် မြို့ ဝန် ဦးသာအိုး ဟုတ်မဟုတ် .. ထောက်လှမ်းမှုတခုကို ရုတ်တရက် သတိရမိလေသည်။
အဆိုပါ ဖြစ်ရပ်အား မြန်မာ စာကောင်းပေမွန်တို့  နှင့် ဝေးကွာနေကြပြီး မြန်မာ့  လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ ရန် ၊ နိုင်ငံတကာ သို့ ရောက်ရှိနေ ကြ လေ ကုန်သော မြန်မာ့လူငယ် မျိုးချစ်တို့  သိခွင့်ရအောင် တင်ပြ ပေးပါမူ ငယ်စဉ်က ငြင်းခုံဖက်တို့ ၏ ကျေးဇူးကို ဆပ်ရာကျမည့် အပြင် မျက်မှောက် ခေတ်လူငယ် များအတွက်ပါ အကျိုးတစုံတရာ ရှိမည်ဟု ယူဆမိသည့် အလျောက်၊ ဦးပုညအသတ်ခံရမှု ကိုဖော်ပြလိုက်ရပေသည်။
ဤနေရာ၌ မြန်မာစာပေလောကတွင် ရုရှစာရေးဆရာကြီး တုရဂေညက် ၏ "အချစ်ဦး "ဝတ္ထုကြီးကို မောင်သာရ က "မျိုးမမ ပကာသနီ" ဟူ၍ ၎င်း၊ ဆရာကြီး ရွှေဥဒေါင်း ၏ "ဝင်္ကန္တ "ဝတ္ထုကြီးကို ။ ဆရာ မင်းသိင်္ခ က" မြိုင်ရာဇာ တာတေ" ဟူ၍၎င်း တထပ်တည်း ပုံတူကူးယူမိကြသဖြင့် ဖြစ်ပေါ်လာ သော နောက်ဆက်တွဲ ပြဿနာ မျိုးစုံကို ကျွန်ုပ် အနေဖြင့် မဖြေရှင်းလိုသည့် အလျောက် ယခု စလေဦးပုည အသတ်ခံရမှုမှာ တိုက်စိုး(ဦးသန်းထွတ်) ၏ ဆန်းစစ် ဖော်ထုတ် ချက်ဖြစ်ကြောင်း အလေးအနက် တင်ကြို ဖော်ပြမှသာ နောက်ကြောင်းရှင်းမည် ဖြစ်ပေသည်။
စလေဦးပုည အသတ်ခံရမှုကို တိုက်စိုး ခေါ် ဦးသန်းထွတ် ထောက်လှမ်းပုံမှာ အောက်ပါ အတိုင်း ဖြစ်ပေသတည်း ။
............................................



အဆိုပါ အမှုကို ထောက်လှမ်းတွေ့ ရှိချက် အပြည့်အစုံကား .....

ဦးပုညနှင့် တပယ်မင်းသား

စာဆိုဦးပုညမှာ မြင်းကွန်း မြင်းခုံတိုင်မင်းသားများ ပုန်ကန်ရန် ကိစ္စ၌ ပါဝင် အခါပေးမိသည့် အတွက် မင်းတုန်းမင်း၏ အမိန့် အရ မြို့ သာမြို့ ဝန် ဦးသာအိုး ထံတွင် အကျယ်ချုပ် ခံနေ ရစဉ် အတောအတွင်း ဦးသာအိုး၏ မယားငယ်တစ်ယောက်နှင့် မယုံသင်္ကာ ခံရပြီး ဦးသာအိုး ၏ လက်ချက်ဖြင့် အသက်ဆုံး ရှုံးရသည် ဟူ၍ လူသိများလေသည်။
အမျိုးသားပညာဝန် ဦးဖိုးကျားနှင့် ပညာအုပ် ဦးဖိုးစိန် စသူတို့ ၏ စာအုပ်စာတမ်းများ တွင်လည်း ဤအတိုင်း ရေးသားကြလေသဖြင့် အထက်ပါ အကြောင်းအရာသည် ခိုင်မာတည်မြဲ နေလေသည်။

ဉ်းစားစရာများ

ဤစာရေးသူသည် ထိုအကြောင်းအရာကို မမှန်ဟု မပြောလိုပါ။ သို့ ရာတွင် ဦးပုည အဆုံးစီရင် ခံရပုံနှင့် စပ်လျဉ်း၍ စဉ်းစားစရာများကို တင်ပြလိုပါသည်။ သက်ဦးဆံပိုင်ခေတ် တွင် အရေးအခင်းတို့ သည် မှန်ရာဖြစ်ခဲသည်။ ကြားဘူးသိဘူး သည့်အတိုင်း ဟုတ်ချင်မှ ဟုတ်သည်။
၁၉၃၂ ခုနှစ်တွင် စာရေးဆရာ မဟာဆွေသည် မင်းတုန်းမင်း လက်ထက်ထုတ် " ရတနာပုံ နေပြည်တော်သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရ ကို တွေ့ ဆုံမေးမြန်းကာ " ဘိုးဝဇီရ အတ္ထုပ္ပတ္တိ " စာတစ်အုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ်ထဲတွင် ဦးပုည အဆုံးစီရင်ခံရပုံ နှင့် စပ်လျဉ်း၍ ဘိုးဝဇီရ ပြော သော အချက်တစ်ချက်ပါလေသည်။ ထိုအချက်ကား အခြား မဟုတ်။
ဦးသာအိုး အဖြေ
ဘိုးဝဇီရ သည် ဦးသာအိုး၏ သားဖြစ်သူ မောင်မောင်လေးအား ပညာသင်ကြားပေးရသည် ကို အကြောင်းပြု၍ ဦးသာအိုး နှင့် ခင်မင်ခဲ့လေသည်။ တစ်နေ့ သော် ဦးသာအိုး၏ အိမ်သို့  သူရောက်၍

" နေပါဦး ဘဘ ရဲ့ ။ စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို"

ဟု ဦးသာအိုးကို မေးကြည့်လေသည်။ ထိုအခါ ဦးသာအိုးက ... " အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘ က မြို့ ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့် နဲ့ လက်မရွံ့ တို့ သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်း သိလို့  ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့  သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့လေသည်။

တပယ်မင်းသား

ဘာကြောင့် ဦးပုညကို တပယ်မင်းသားက သတ်ခိုင်းစေဘို့  ဖြစ်ပါသနည်း ဟု မေးစရာ ရှိ၏။ ဤအတွက် နောက်ကြောင်းကို ပြန်ကြည့်ရန် လိုလေသည်။ တပယ်မင်းသားသည် တေးကဗျာ ဝါသနာပါ၍ အတီးအမှုတ် တတ်လေသည်။ သီချင်းကြီး သီချင်းခန့် လည်း စုဆောင်းတတ်သည် ဟု ပညာရှိ ရွှေပြည် ဦးဘတင်၏ အမှတ်အသားရှိသည်။ စကားချပ်ရသော် ၁၉၀၆ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့ မင်းသားနှင့် အဖွဲ့ သည် မြန်မာနိုင်ငံသို့  အလည်အပတ် ရောက်ခဲ့ဘူးလေသည်။ မန္တလေးသို့  သဘောင်္ဖြင့် ထိုအဖွဲ့  ရောက်ရှိလာသည့် အချိန်၌ကား အဖွဲ့ ဝင်တစ်ဦးအား မြန်မာ တစ်ယောက်က တပယ်မင်းသားပိုင် စောင်း ဟူ၍ ရှေးဟောင်း စောင်းတူရိယာ တစ်ခုကို ရောင်းချခဲ့ဘူးလေသည်။
ထိုတပယ် မင်းသားသည် ကဗျာစာဆိုများကိုလည်း တေးကဗျာ ရေးခိုင်းတတ်သော အလေ့ ရှိ၏။ ဤတွင် စာဆို ဦးပုညအား တေးကဗျာ ရေးခိုင်းရာမှ စိတ်မကောင်းစရာ အဖြစ်နှင့်  ကြုံကြိုက် ရလေသည်။ ကြုံရပုံကို နယ်ပိုင်ဝန်ထောက် ဦးမောင်မောင်တင် K.S.M., A.T.M ၏ " ဦးပုည သမိုင်း" စာအုပ် တွင် ဤသို့ မှတ်တမ်းတင်လေသည်။
တပယ်မင်းသားသည် တေးကဗျာ ရေးခိုင်းရန်အတွက် လူပျိုတော်တစ်ဦးကို စေလွှတ်၍ ဦးပုညအား အခေါ်ခိုင်းလေသည်။ ဦးပုညမှာလည်း အခြားမင်းသားတွေက တေးကဗျာ ရေးခိုင်းထားသဖြင့် မအားရပဲ ရှိလေသည်။ ထို့ ကြောင့် သူအလုပ်ပြီးမှ လာနိုင်မည့် အကြောင်းကို ပြန်လျှောက် ခိုင်း လေသည်။ နောက်တစ်နေ့ တွင် တပယ်မင်းသားက အခေါ်ခိုင်းပြန်၏။ အလုပ်မအားရသော ဦးပုညလည်း စိတ်မရှည်တော့ဘဲ ..
" မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသားက ခေါ်တာကို မလာနိုင်အားသေးဘူး။ သည်က ပြီးမှ လာနိုင်ပါမယ့်  အကြောင်းကို လျှောက်ထားလိုက်ပါ" ဟု မချေမငံ ပြန်ပြောခဲ့လေသည်။



မင်းသားအစစ် မဟုတ်

ဤကား တပယ်မင်းသား သိက္ခာကျစရာ စကားပါပေ။ ရုပ်သေး(မင်းသား) ရုပ်ကို ယမနေသား နှင့် ထုလုပ်မြဲဖြစ်၏။ ယမနေသား မင်းသားရုပ်နှင့် တပယ်မင်းသား ကို ခိုင်းနှိုင်းခြင်းမှာ တပယ်မင်းသားသည် မင်းသား အစစ်မဟုတ်ဟု အဓိပ္ပါယ်ထွက် လေသည်။
မှန်လည်းမှန်ပေသည်။ တပယ်မင်းသားသည် မင်းသားအစစ် မဟုတ်ပေ။ သူ့ မိခင် အလ္လကပ္ပမြို့ စားသည် မင်းတုန်းမင်း၏ မိထွေးဖြစ်သော်လည်း တပယ် မင်းသားသည် လေးဗိုလ် ဦးဆိုင် နှင့် အလ္လကပ္ပမြို့ စားတို့ မှ မွေးဖွားခဲ့သော သားသာ ဖြစ်သည်။ သူတို့  တစ်တွေမှာ မင်းသွေးမပါ ။ ဤတွင် မင်းတုန်းမင်း က မိထွေးတော် အလ္လကပ္ပမြို့ စား ကိုလည်း အရေးတယူလုပ်ပြီး သူ့ သားကိုလည်း ချီးမြှောက်ထားလေသောကြောင့်  မင်းသား ဖြစ်နေရ သည်။ သူတစ်ပါး အရှိန်သြဇာ ၊ သူတစ်ပါးအမိန့် ဖြင့် မင်းသားအရာ ရနေသော တပယ်မင်းသားသည် ဦးပုည၏ စကားကို မခံနိုင်ဖြစ်လေသည်။ ထို့ ကြောင့် အမျက်ထား၍ အခွင့်ကြုံကြိုက်သည့် အခါ ဦးသာအိုးမှ တစ်ဆင့် ကွပ်မျက်စေခဲ့ လေသည် ဖြစ်၏။

ရွှေရိုး ၏ အမြင်

ယခုအထိ တပယ်မင်းသားက သတ်စေကြောင်းကို " ဘိုးဝဇီရ အတ္ထုပ္ပတ္တိ" စာအုပ်နှင့် " ဦးပုည သမိုင်း" စာနှစ်အုပ်ကို ကိုးကား၍ ဤစာရေးသူ ဖော်ပြခဲ့ပါ သည်။ ထိုစာ နှစ်အုပ်ပါ အချက်ကို ထောက်ခံသော စာတစ်အုပ် ဖော်ပြစရာ ရှိပါသေးသည်။ ထိုစာအုပ်ကို မန္တလေး ရတနာပုံခေတ်တွင် ဂျိမ်း ဂျော့ စကော့ ဆိုသူ ပုဂ္ဂိုလ်က ရေးထုတ်လေသဖြင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေလေသည်။ ဂျိမ်း ဂျော့ စကော့ သည် ၁၈၇၆ ခုနှစ်လောက်တွင် ဗြိတိသျှ ပိုင် အောက်မြန်မာနိုင်ငံသို့  ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းတွင် ဆရာအဖြစ်လည်းကောင်း ၊ သတင်းထောက်အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင် ခဲ့လေသည်။
သူသည် မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်၏။ မန္တလေးသို့  အရောက်ပေါက် ရှိ၏ ။ ၁၈၈၂ ခုနှစ် သီပေါမင်းလက်ထက်တွင်ကား သူ့ အတွေ့ ကြုံများ ကို စုစည်းလျက် " ရွှေရိုး " ကလောင်အမည် ခံယူ၍ The Burman, His Life and Notions အမည်ဖြင့် နှစ်တွဲပေါင်း စာအုပ် ရေးထုတ်ခဲ့ လေ သည်။ ထိုစာအုပ် ပထမတွဲ စာမျက်နှာ ၃၅၂ တွင် ပါသေးသည်မှာ ..
Oo Hpo Nyah is the most celebrated recent author. He was killed in the late King's reign by the Tabe Mintha. (ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင် ခဲ့လေသည်။) ဟူ၍ ဖြစ်လေသည်။
တပယ်မင်းသား၏ ဓာတ်ပုံကို ၁၉၂၃ ခုနှစ်ထုတ် " ကုန်းဘောင်ဆက် မဟာရာဇဝင် တော်ကြီး" တတိယ အုပ်တွင် တွေ့ နိုင်လေသည်။

ကြည့်ရန်စာ။
၁။ မဟာဆွေ၊ ဘိုးဝဇီရ ။
ရန်ကုန်၊ အမျိုးသားပုံနှိပ်တိုက် ။ ၁၉၃၂ ။
၂။ ဦးမောင်မောင်တင် ၊ ဦးပုည သမိုင်း။
မန္တလေး ၊ သူရိယ သတင်းစာတိုက်၊ ၁၂၉၈ ။
၃။ ရွှေပြည် ဦးဘတင်၊ မြဝတီ စာပေဂီတ၊
ရန်ကုန်၊ ပြည်ချစ်စာပေတိုက်။ ရက်စွဲမပါ။
၎။ J.G.Scott . The Burman , His Life And Notions.
London, Macmillan, 1882 .Vol. 1
၅။ W.G.Burn-Murdoch. From Edinburgh to India and Burmah. London, Routledge [n.d, ]
(မိုးဂျာနယ် ၊ ဇွန်လ ၁၉၉၅)

ဟူ၍ဖြစ်လေသည်။
..........................................

ဤစာကို ရေးသားပြီးချိန်၌ ကျွန်ုပ်၏ တပည့်ကျော်ဖြစ်သူ မောင်ဖြိုးက နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် စားတော်ပဲပြုတ် တွဲစပ်လျက် လာရောက် ချပေးလေရာ ကျွန်ုပ်မှာ ဝမ်းဗိုက် ဟာလှသည် နှင့် ရှမ်းပြည်တောင်ကြီး နယ်ထွက် မောရှမ်းလက်ဖက်ခြောက် အဖန်ရည်ဖြင့် အားပါးတရ မြိန်ရည်ယှက် ရည် စား သောက်လေ၏။
ထိုသို့ စားသောက်နေစဉ်တွင်ပင် ကျွန်ုပ်၏ ပြုမြဲအလေ့အတိုင်း ကြည့်ကန်ရှင်ကြီး ရှင်နန္ဒဓဇ မေး၍ ရွှေတောင်မြို့  ကျီးသဲလေးထပ် ဆရာတော်
ဘုရားကြီး ရှင်မုနိန္ဒဓဇ ဖြေကြားတော်မူအပ်သော စွယ်စုံကျော်ထင်ကျမ်း ပုစ္ဆာအမေး အဖြေတစ်ထောင် စာအုပ်ကြီးကို လှန်လှောဖတ်ရှုရင်း၊ ကျွနု်ပ် အတွေးဝင်မိသည်ကား နောင်အခွင့်ကြုံသော် စာပေစုံထောက်မှုအချို့ ကို ဆက်လက် ရေးသားရန်နှင့်
ရဲဇော်အမည်ရှိ လူရွယ်နှင့် တူလှသောငယ်စဉ်ဘဝ မှ ငြင်းဖော်ငြင်းဖက် တို့ ၏ ကောင်းမှုကြောင့်ပင် စာပေရဂုံ၊ တောမဟာမြိုင်အတွင်းသို့  ရောက်ခဲ့ရပေသည် တကားဟု ယင်းတို့ ၏ ကျေးဇူးတရားကို အထပ်ထပ် ဆင်ခြင် မိပါ တော့သတည်း။

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.