Thursday, January 1, 2009

[Nine Nine SaNay] 3 New Entries: တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၂)

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၂)


တာပြင်းဆိုတဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက် အထူးဒေသ(၄)နယ်မြေထဲ ကျွန်မတို့ စဝင်ပါတယ်။ ညနေ ၄နာရီ ထိုးခါနီးမှာ နယ်စပ်မြို့ မိုင်းလားကို ကျွန်မတို့ ရောက်လာခဲ့တယ်။ အထူးဒေသ(၄)ဖြစ်တဲ့အတွက် မိုင်းလားမှာ ဗမာလူမျိုးတွေကို (လက်ချိုးရေရလောက်အောင်) မတွေ့ခဲ့ရသလို မြန်မာ ကားနံပါတ်တွေကိုလည်း မတွေ့ခဲ့ရပါဘူး။ သူတို့ဒေသသုံး ကားတွေမှာ SR4 (Special Region 4) လို့ သုံးထားတာ တွေ့ခဲ့ရပါတယ်။

မိုင်းလားရောက်တာနဲ့ ဗုဒ္ဓဘာသာလူမျိုးတွေပီပီ ခရီးမနားခင် မြို့ထိပ်မှာတည်ထားတဲ့ ဘုရားကို ကျွန်မတို့ အရင်သွားဖူးခဲ့ကြတယ်။ အဲဒီနောက် တရုတ်တွေ ဖွင့်ထားတဲ့ ဟိုတယ်ကြီးတစ်ခုမှာ ညထွက်လည်ဖို့ အားလုံး ခေတ္တအားယူ နားခဲ့ကြပါတယ်။ မိုင်းလားမြို့ကို တရုတ်တွေ လာပြုပြင်ပေးခဲ့လို့လားမသိ လမ်းတွေက ကျယ်ပြီး သပ်ရပ်သန့်ရှင်းတာကို တွေ့ခဲ့ရတယ်။ လမ်းဘေးဝဲယာမှာ အလှစိုက်သစ်ပင်လေးတွေနဲ့ တိုက်တာအဆောက် အဦးကြီးတွေကြောင့် မိုင်းလားမြို့က သဲကန္တာရထဲက အိုအေစစ်လို့ ဆိုရမလား? လူတွေနဲ့ ကင်းဝေးတဲ့ နေရာမှာ တည်ထားတဲ့သုခဘုံလို့ တင်စားရမလား? မိုင်းလားမြို့က လှသွေးကြွယ်တဲ့ မိန်းမပျိုတစ်ယောက်လို နုပျိုလတ်ဆတ်နေခဲ့ပါတယ်။

ပုံထဲက မြင်ရတာတွေလည်း ရှိပါတယ်။ ဘာတွေရှိတာလဲလို့ ကျွန်မကို မမေးခင် (မမြင်ရရင်) ပုံကိုချဲ့ကြည့်ပါ။ နှလုံးခုန် ရင်တုန်ပြီး နှာခေါင်းသွေးတွေ ထွက်လာပါလိမ့်မယ်.. ဟား.. ဟား နောက်တာပါ။ ဒီလို ဖြောင့်နေတဲ့ ပေါင်တံကြီးတွေ အဲလေ.. လမ်းကြီးတွေလည်း ရှိပါတယ်လို့...

ဟိုတယ်မှာ ရေမိုးချိုး၊ ထမင်းစားပြီး မိန်းမပျိုလေးလို လှနေတဲ့ မိုင်းလားရင်ခွင်ထဲ ကျွန်မတို့ တိုးဝင်ခဲ့ကြတယ်။ မိုင်းလားဂိုက်ရဲ့ လမ်းညွှန်မှုနဲ့ မိုင်းလားမြို့မဈေးကို ကျွန်မတို့ ရောက်လာခဲ့ကြတယ်။ ဈေးမရောက်ခင် ကားပေါ်မှာ ဂိုက်က ဧည့်သည်တွေကို မှာပါတယ်။ ဈေးထဲရောက်ရင် "ရောက်ပုရောက်" (တရုတ်လို ယူမလား) ဆိုပြီး ကောင်မလေးတွေ လာမေးကြလိမ့်မယ်။ ယူမယ်ဆိုရင် "ရောက်ရောက်" လို့ ဖြေပါလို့ မှာပါတယ်။ ဈေးထဲဆိုတော့ လက်ဆောင်ပစ္စည်းတွေ ဝယ်ဖို့ဖြစ်မယ်လို့ပဲ ကျွန်မထင်ခဲ့တယ်။

ညရောက်တာတောင် ဆိုင်ခန်းမပိတ်ကြသေးတဲ့ ဈေးထဲရောက်တော့ ထုံးစံအတိုင်း ဟိုဒီ လျှောက်ကြည့်ဖြစ်ကြတယ်။ ဆိုင်တွေအားလုံးက တရုတ်ဆိုင်တွေချည်းပဲ။ အများဆုံးတွေ့ရတဲ့ဆိုင်က ဖုန်းဆိုင်တွေ ဖြစ်တယ်။ တရုတ်မ ဖြူဖြူသွယ်သွယ် ချောချောဟော့ဟော့လေးတွေ အများကြီးတွေ့ခဲ့ရတယ်။

ဆိုင်လေးငါးဆိုင် ပတ်ပြီးနောက် မိုင်းလားဂိုက်က ဧည့်သည်အမျိုးသားတွေခေါ်ပြီး တစ်နေရာသွားဖို့ ပြင်ကြတယ်။ ကျွန်မကလည်း စပ်စပ်စုစုနိုင်သူမို့ သူတို့ဘယ်သွားမလို့လဲလို့ သူငယ်ချင်းကို မေးတော့ "ရောက်ပုရောက်" သွားကြည့်မလို့ဆိုတာနဲ့
"ရောက်ပုရောက်" ဆိုတာ ဘာလဲသိရအောင် သူတို့နောက် ရောယောင်ပြီး ကျွန်မလိုက်သွားခဲ့တယ်။ ဈေးရှေ့ဆိုင်က လမ်းပေါ်ရောက်တော့ မီးနီလေးတွေနဲ့ စကပ်၊ ဘောင်းဘီ တိုနန့်နန့် ဝတ်ထားတဲ့ တရုတ်မလေးတွေ ထွက်ပြေးလာကြပြီး လမ်းပေါ်မှာ တန်းစီပြီး ရပ်နေကြတယ်။ မယ်ရွေးပွဲများ ကျင်းပနေသလား ထင်ရပါတယ်။ ဆိုင်ထဲကို ကျွန်မလှမ်းကြည့်တော့ ရေးထားတဲ့ ဆိုင်းပုဒ်နဲ့ ကပ်ထားတဲ့ လူမြင်မကောင်းတဲ့ ရုပ်ပုံတွေကြောင့် ဒီကောင်မလေးတွေက ဘာလဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ အော်.. "ရောက်ပုရောက်" ဆိုတာ ဒါမျိုးကိုးလို့.. (ဘာလဲဆိုတာ ဘာလဲလို့ ကျွန်မကို ထပ်မမေးနဲ့နော်း)

ကောင်မလေးတွေက ယောက်ျားသားတွေနား ပူးကပ်ပြီး အိုကေ.. အိုကေဆိုတဲ့ နှစ်လုံးတည်းသာတတ်တဲ့ အင်္ဂလိပ်စကားကို ထပ်သလဲလဲ ပြောပြီး မြူဆွယ်နေတာ တွေ့ရတယ်။ ဘယ်ကလာကြသလဲလို့ သူတို့ကို ကျွန်မမေးကြည့်တော့ နယ်တကာက လာတာဆိုပြီး စကားကို သေချာမဖြေခဲ့ကြဘူး။ အားလုံးက ချောချောလေးတွေပါပဲ။ ကြည့်ရတာ အသက်(၂ဝ) ကျော်ပုံ မရကြဘူး။ ဆိုင်ခန်းတွေက အခန်းပေါင်း ၃ဝလောက် ရှိပါလိမ့်မယ်။ ဆိုင်တစ်ဆိုင်ရှေ့ရောက်တိုင်း ကောင်မလေးတွေက ပြေးထွက်လာပြီး တန်းစီပြကြတယ်။ ကြိုက်ရာရွေးဆိုတဲ့ သဘောထင်ပါတယ်။
တရုတ်နယ်စပ် မိုင်းလားမြို့က ညနက်လေလေ အလှသွေးတွေ ဆူပွက်လေလေပါပဲ....

ဧည့်သည်တစ်ယောက်က မင်းတို့အစိုးရ ခွင့်ပြုထားတာလားလို့ ကျွန်မကို မေးပါတယ်။ ကျွန်မ သေချာမသိကြောင်း၊ အထူးဒေသမို့ အခွင့်ထူးရထားတာလား မသိဘူး.. ဂိုက်ကို မေးပါလို့ပဲ ပြန်ဖြေလိုက်ပါတယ်။
အဲဒီညက ကင်မရာကို ဟိုတယ်မှာ အားသွင်းထားခဲ့တာကြောင့် ကျွန်မပုံတွေ မရိုက်ဖြစ်ခဲ့ပါဘူး။ အဲဒီကောင်မလေးတွေထဲမှာ မြန်မာမလေးတွေ မပါတာကြောင့် မြန်မာတွေ ဒါမျိုးမလုပ်ဘူးဆိုပြီး ကျွန်မလက်မထောင်နိုင်ခဲ့ပါတယ်။

ဈေးထဲမှာ လည်ပတ်ပြီးနောက် နောက်တစ်နေ့အတွက် အားယူဖို့ ကျွန်မတို့ ပြန်နားခဲ့ကြတယ်။ နောက်တစ်နေ့မနက်မှာ မိုင်းလားမြို့ကို လျှောက်လည်ဖို့ ကျွန်မတို့ ဟိုတယ်ကနေ အစောကြီးထွက်ခဲ့ကြတယ်။ မနက်စာဆိုင်ရှေ့မှာ မြွေဟောက်၊ စပါးကြီးမြွေ၊ ဖား၊ လိပ်၊ ကြွက်၊ ရှားပါးငှက်ပေါင်းစုံနဲ့ ရေသတ္တဝါတွေကို တွေ့တော့ ကျွန်မ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ဒါတွေက အလှမွေးထားကြတဲ့ အကောင်တွေ မဟုတ်ပါဘူး။ စားချင်ရင် ဝယ်ယူစားကြဖို့ ဆိုင်ရှေ့မှာ ချထားတာဖြစ်တယ်။ အားလုံးက လှောင်အိမ်ထဲမှာ သေနေ့ကို သနားစဖွယ် စောင့်နေကြပါတယ်။

အဲဒီနောက် ညကရောက်ခဲ့တဲ့ မိုင်းလားဈေးကို ရောက်သွားခဲ့ကြပြန်တယ်။ မနက်ပိုင်းမို့ "ရောက်ပုရောက်"က အိပ်နေဆဲပါ.. ဈေးထဲမှာ ရိုးရိုးသားသား ရှာစားနေကြတဲ့ တိုင်းရင်းသားလူမျိုးတွေကို တွေ့ခဲ့သလို တောကောင်ပေါင်းစုံတို့ရဲ့ သားရေ၊ အရိုး၊ ဂျိုတွေကိုရောင်းတဲ့ တရုတ်တစ်ချို့ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ တစ်ချို့က ပုံမပေးရိုက်ခဲ့ပါဘူး။

(၃ရက်ထဲသွားခဲ့လို့ တစ်ပတ်လောက် သွားခဲ့ရင် ရေးလို့ပြီးတော့မှာ မဟုတ်ဘူး။ ကျန်ပါသေးတယ်။ မနက်ဖြန်မှ ဆက်ပါအုန်းမယ်)

နိုင်းနိုင်းစနေ

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၁)

တောင်ပေါ်မှာ တည်ထားတဲ့ ကျိုင်းတုံမြို့မှာ ကျွန်မတို့ နေလယ်စာစားခဲ့ကြတယ်။ အဲဒီမှာ အမြင်မလှတာလေးတစ်ခု တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ ကားရပ်တော့ ကိုရင်သုံးပါးက အပြေးလေးလာပြီး ခရီးသည်တွေဆီ (အတင်း)အလှူခံပါတယ်။ ဆွမ်းဆန်စိမ်းလို့ ကိုရင်တစ်ပါးက ပြောပါတယ်။ မိတ်ကပ်ပြင်နေတဲ့ ခရီးသည် အမျိုးသမီးတစ်ဦးဆီ အတင်းအလှူခံလို့ ဂိုက်က သူမလောင်ဘူးထင်တယ် ကိုရင်ဆိုပြီး သတိပေးတော့ သူမှ မပြောတာလို့ ကိုရင်က ပြန်ပြောပါတယ်။ ဓာတ်ပုံရိုက်ဖို့ ကျွန်မ ကင်မရာထုတ်တာ မြင်တော့ အဲဒီကိုရင်တွေ ထွက်ပြေးသွားခဲ့ပါတယ်။

ဒီ ကိုရင်သုံးပါးကိုပဲ ကျွန်မတို့ အပြန်လမ်းမှာ ထပ်တွေ့ပါတယ်။ ကျွန်မကို တွေ့တော့ ဓာတ်ပုံရိုက်မယ် သတိထား၊ ဓာတ်ပုံရိုက်မယ် သတိထားဆိုပြီး သပိတ်တွေကို နောက်ကျောဖက် ဖွက်လိုက်တာ တွေ့ရတယ်။

နေ့လယ်စာ စားပြီးနောက် မိုင်းလားမြို့ကို ကျွန်မတို့ ခရီးဆက်ခဲ့ကြပြန်တယ်။ ဆောင်းရာသီ စပါးရိတ်ပြီးစ ဆိုပေမယ့် နောက်တစ်သီးထပ်စိုက်ဖို့ ပျိုးတွေ ကျဲထားတာ တွေ့ရတယ်။ အဝါရောင် ရိုးပြတ်တွေကြားမှာ အစိမ်းရောင် ပျိုးပင်တွေရဲ့ အလှက ဘယ်ပန်းချီမှ မမီခဲ့ပါဘူး။ လမ်းပေါ်က မြင်မြင်သမျှ အရာတွေကို ကင်မရာနဲ့ မလွတ်တမ်း ကျွန်မရိုက်ခဲ့သလို ဦးနှောက် မန်မိုရီထဲလည်း ထည့်သိမ်းထားနိုင်ဖို့ မျက်စိကို ကျွန်မလုံးဝ အနားမပေးရဲခဲ့ပါဘူး။

သပ်သပ်ရပ်ရပ်နဲ့ ရှမ်းအိမ်ကလေးတွေ..
ခေါင်းမိုးကို ပျဉ်စလေးတွေနဲ့ ဆောက်ထားတာ တွေ့ရတယ်။
(*အမှားပြင်ဆင်ချက် ခေါင်မိုးတွေကို အုတ်ကြွပ်တွေနဲ့ မိုးတာပါ။ ပျဉ်စနဲ့ မမိုးပါဘူး။ အမိုးအစွန်းတောက်လျှောက်မှာ ကြည့်လို့လှအောင် ပျဉ်ပြားတွေနဲ့ သပ်ရိုက်ထားတာပါ.. Ko Boyz)

လမ်းတစ်ဝက်က ရှမ်းရွာတစ်ရွာရဲ့ လမ်းဘေးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း တွေ့တာနဲ့ ခရီးသည်တွေက ဝင်ဖူးချင်တယ်ဆိုလို့ ကားခဏ ရပ်ပါတယ်။ အဲဒီမှာ အိမ်တစ်အိမ်က ဖြူးသတ်နေတာနဲ့ ကြုံလို့ ဖြူးကို အပြင်မှာ မမြင်ဖူးတဲ့ကျွန်မ ပုံရိုက်ခဲ့ပါတယ်။ ဖြူးကောင်က သူ့ကို ပုံရိုက်မှတ်တမ်းတင်နေမှန်း မသိအောင် သေနေခဲ့ပါပြီ..

အဲဒီရွာက ရှမ်းလူမျိုးတွေ ရိုးသားဖော်ရွေကြတာကို တွေ့ခဲ့ရတယ်။ ခရီးသည်တွေနဲ့ ပုံအတူတွဲရိုက်ရမှာကို သူတို့ မတွန့်တိုခဲ့ကြဘူး။ ရွာက ကလေးတွေနဲ့ ကျွန်မ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ ပုံထဲမှာ မျက်စိတစ်ဖက် ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးတစ်ယောက်ကို တွေ့ကြပါလိမ့်မယ်။ ရွာမှာ တိုက်ပွဲဖြစ်တုန်းက ကျည်ဆံမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ကံကောင်းလို့ အသက်မသေခဲ့ပေမယ့် သူ့တစ်သက် မျက်လုံးတစ်ဖက် အကန်းနဲ့ပဲ ဖြတ်သန်းသွားရတော့မှာပါ။ သူ့ပါးပြင်ပေါ်မှာ သွေးစတစ်ချို့တောင် ရှိနေပါသေးတယ်။ သူဘယ်လောက်များ နာကျင်ခဲ့မလဲ?

ခရီးဝေးလာလေလေ ရှုခင်းတွေက ပိုလှလာလေလေ၊ တရုတ်နယ်စပ် မိုင်းလားနဲ့ နီးလာလေလေ တရုတ်ယဉ်ကျေးမှု ရှေ့ပြေး စလောင်းအိုးကြီးတွေ များလာလေလေပါပဲ။ အိမ်တိုင်းမှာ စလောင်းတွေ ထိုးထိုးထောင်ထောင် ထောင်ထားကြတာကို တွေ့ခဲ့ရတယ်။ ကျိုင်းတုံ-မိုင်းလားသွား လမ်းမကြီးကို တရုတ်တွေ ပြုပြင်ပေးထားတာကြောင့် ထုံးစံအတိုင်း ညီညာ ဖြောင့်ဖြူးလို့ပေါ့...

နိုင်းနိုင်းစနေ

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်


စနေမ စနေမ ဘယ်သွားနေလဲ စနေမ
ကျိုင်းတုံ မိုင်းလား သွားတယ်ဆို
ဘာတွေ့ခဲ့လဲ စနေမ
အထူးအဆန်းတွေ စုံလို့ကွယ်
ဘာစားခဲ့လဲ စနေမ
တွေ့ရာအကုန် စားတယ်ဆို
ပျော်ခဲ့ရဲ့လား စနေမ
တောတောင်တစ်ခွင် လန်းတယ်ရှင်
ပျော်ပါသပေါ့.. ပျော်တာပေါ့
ဘယ်လောက်ကုန်ခဲ့လဲ စနေမ
အင်း.. တကယ်တော့ စက္ကူတစ်ကျပ် ငွေတစ်မတ်တောင် မကုန်ခဲ့ပါဘူး။

သူငယ်ချင်းတစ်ယောက်က ခရီးသွားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တော့ သူ့အကူအညီနဲ့ ကျိုင်းတုံ-မိုင်းလား ခရီးကို သုံးရက်နှစ်ညအိပ် သွားဖြစ်ခဲ့တယ်။ ထိုင်းနိုင်ငံသားတွေက ဒီ တာချီလိတ်နယ်စပ်ကနေ မြန်မာပြည် မိုင်းလားမြို့အထိ တရားဝင် သွားလာခွင့်ရှိပါတယ်။ မိုင်းလားမြို့ဆိုတာ ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်ပြည်နယ်စပ်မှာရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ကျိုင်းတုံမြို့ကနေ ကားလမ်းနဲ့ သွားရတာဖြစ်တယ်။ ဒီလိုနဲ့ ၂၆ ရက်နေ့မနက်မှာ ထိုင်းနိုင်ငံသားတွေ သွားရောက်လည်ပတ်မယ့် မိုင်းလားခရီးစဉ်မှာ သူငယ်ချင်းအကူနဲ့ ကျွန်မ လားဟူမတစ်ယောက် ရောယောင်ပြီး ကပ်လိုက်သွားခဲ့ပါတယ်။


ထိုင်းနိုင်ငံသားတွေအတွက် ဖြတ်သန်းခွင့်တွေယူ၊ ကားအလာကို စောင့်ပြီးနောက် မနက် ၈နာရီထိုးခါနီးမှာ ကျွန်မတို့ ခရီးစခဲ့ကြတယ်။ ခရီးက တောင်ပေါ်ခရီးဖြစ်တဲ့အတွက် မြင်မြင်သမျှက စိမ်းစိမ်းစိုစိုလေးတွေပါပဲ။ ခရီးစတာနဲ့ သူငယ်ချင်းဂိုက်က လမ်းဘေးဝဲယာ တွေ့သမျှကို ထိုင်းလိုနဲ့ မြန်မာပြည်ရဲ့ တောတောင်ရေမြေ၊ လူနေမှုအကြောင်းကို အော်ခါ.. အော်ခါ.. ဆိုပြီး နိုင်ငံခြားသားတွေကို ရှင်းပြခဲ့ပါတယ်။ ကျွန်မကလည်း သူရှင်းပြသမျှကို (နားမလည်လို့) ခေါင်းတစ်ခါခါနဲ့ လိုက်ပါသွားခဲ့တယ်။ (ခရီးစဉ်ကို စာတွေနဲ့ အသေးစိတ်ရေးရင် ဖတ်ရပျင်းနေမှာစိုးလို့ ပုံနဲ့တကွပဲ ရေးသွားပါတယ်။ ပုံတွေကို ကလစ်ပြီး အကြီးချဲ့ကြည့်နိုင်ပါတယ်။ ကားပေါ်ကနေ လှမ်းရိုက်တာဖြစ်လို့ တစ်ချို့ပုံတွေက ဝါးနေပါလိမ့်မယ်)

ဒီလိုကွေးကွေးကောက်ကောက် စီးဆင်းနေတဲ့ စမ်းချောင်းလေးနဲ့အပြိုင် တောင်တွေကို တစ်တောင်ပြီး တစ်တောင်ဖြတ်ခဲ့တယ်။ တာချီလိတ်-ကျိုင်းတုံ လမ်းမကြီးကို ထိုင်းနိုင်ငံက ပြုပြင်ထားပေးတယ်လို့ သိရပါတယ်။ ဒါကြောင့်လမ်းက ချိုင့်ခွက်မရှိ ညီညာဖြောင့်ဖြူးနေပါတယ်။

အလွမ်းဓာတ်ခံရှိသူတွေအတွက် ဒီလိုရှုခင်း၊ ဒီလိုမြင်ကွင်းမျိုးက ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိ လူကို ပိုလွမ်းမောစေပါတယ်။ ဟိုး.. ဝေးဝေးက လွင်ပြင်ကြီးထဲက တဲလေးလို မြင်သူအဖို့ တစ်ယောက်တည်း အထီးကျန်သလို ခံစားစေပါတယ်။

လမ်းတစ်လျှောက်မှာ ဒီလိုအိမ်လေးတွေနဲ့ ရွာတွေကိုဖြတ်ခဲ့တယ်။

ဒီလို အကွေ့အကောက် အဆင်းအတက် လမ်းတွေရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ (ကျွန်မတို့ ရွာအခေါ်) တောပန်းညိုပွင့်လေးတွေ စီစီရီရီ ပွင့်နေကြတယ်။ ကျွန်မတို့ အလာကို မီးခိုရောင်ပန်းလေးတွေနဲ့ ကြိုဆိုနေသလိုပဲ...

ခရစ္စမတ် ပိတ်ရက်မို့ ရွာထဲက ကျောင်းလေးလည်း တိတ်ဆိတ်လို့...

တောင်ကို ဂတုံးတုံးထားပေးကြတယ်။ ဒီလို ဂတုံးတုံးခံရတဲ့ တောင်တွေ
လမ်းဘေးဝဲယာမှာ အများကြီး တွေ့ခဲ့တယ်။

ဒီလို ဘာစကားလုံးနဲ့ ခိုင်းနှိုင်းပြီး ဖော်ပြရမှန်း မသိတဲ့
သဘာဝရှုခင်းလေးတွေကြောင့် တစ်လမ်းလုံး ကျွန်မ မငိုက်ခဲ့ပါဘူး။

လမ်းမှာ တာလေ၊ မိုင်းဖြတ် စတဲ့ စစ်ဆေးရေးဂိတ်ပေါင်း ငါးဂိတ်ကို ဖြတ်ပြီးနောက်
မနက် ၁၂ နာရီထိုးခါနီးမှာ ကျွန်မတို့ ကျိုင်းတုံမြို့ကို ရောက်လာခဲ့ကြတယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.