Thursday, January 1, 2009

[dawnmanhon(ဒေါင်းမာန်ဟုန်)] 3 New Entries: iPhone ထဲသို့ ဖောင့်ထည့်သွင်းနည်း အင်တာနက်တွင်ကြည့်ရှုနိုင်

iPhone ထဲသို့ ဖောင့်ထည့်သွင်းနည်း အင်တာနက်တွင်ကြည့်ရှုနိုင်

iphone အတွင်းသို့ မြန်မာ font များထည့်သွင်းနိုင်ရန်သော်လည်းကောင်း၊ အခြားမိမိနှစ်သက်သည့် font များကိုထည့်သွင်းနိုင်ရန် code များဖော်ပြပေးထားသောဝက်ဘ်ဆိုက်ကိုအင်တာနက် တွင်ကြည့်ရှုနိုင်ကြောင်းသိရသည်။ ၎င်းင်း ၀က်ဘ်ဆိုက်မှ iphone တွင် မည်ကဲ့သို့ font များထည့်သွင်းနိုင်သည်၊ font အရွယ်အစား၊ Bold တင်မတင်အစရှိသည်တို့ကို ပြုလုပ်နိုင်ရန် code များရေးထည့်ထားပေးကြောင်း သိရှိရသည်။ "" iphone ထဲမှာ မြန်မာ font ထည့်သူတွေအတွက် စမ်းသပ်နိုင်တဲ့ website တစ်ခုဘဲဖြစ်ပါတယ်။ Zawgyi myanmar, myanmar unicode အစရှိတဲ့ မြန်မာစာစနစ်တွေကို ထည့်နိုင်အောင်စမ်းသပ်လို့ရနိုင်ပါတယ်။ code တွေကို အ သေအချာရေးပေးထားတဲ့အတွက် လွယ်ကူနိုင်မှာပါ"" ဟု programmer တစ်ဦးမှရှင်းပြသည်။ iphone မှာ မြန်မာ font များသုံးနိုင်သဖြင့် မြန်မာ font ထည့်သွင်းစမ်းသပ်လိုသူများအတွက် http://blog.gauravgiri.com/2008/08/tutorial-adding-extra -fonts-to-iphone/website တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။ Credit - Internet Journal, Vol(10) issue(1)

နိုင်ငံရေးသမား နောက်တဦး သေဆုံး

ပဲခူးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေးသမားတဦး ယမန်နေ့က သေဆုံးသွားသည်။

သေဆုံးသူ ဦးဌေးလွင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး တီဘီရောဂါဖြင့် ကွန်လွန်သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်က ပြောပြသည်။

"ကိုဌေးလွင်ဦး တနင်္ဂနွေနေ့မနက်က အစောကြီး ဆုံးသွားပြီ။ မန္တလေးထောင်မှာ ဆုံးတယ်။ အဆုတ်ရောဂါဖြစ်နေတာ ခြောက်လ ရှိပြီ။ တခြားရောဂါတွေလည်း ရှိတယ်" ဟု ဒေါ်ခင်လှမြင့်က ဧရာဝတီသို့ ရှင်းပြသည်။

ဦးဌေးလွင်ဦး ခံစားခဲ့ရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ မည်သည့်ဆေးကုသမှုမျှ မရရှိခဲ့ကြောင်း ဒေါ်ခင်လှမြင့်ကဆိုသည်။

ကျောင်းဆရာတဦးဖြစ်သူ ဦးဌေးလွင်ဦး (အသက် ၄၅နှစ်)သည် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အတူ ၂၀၀၃ ခုနှစ်တွင် ထိန်းသိမ်းခံခဲ့ရသည်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ မန္တလေးမြို့တွင်ဖမ်းဆီးခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ် ခံခဲ့ရသည်။

ဦးဌေးလွင်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက စစ်အစိုးရသည် လူသတ်မှုများကို စနစ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်သည်။
"အဆုတ်ရောဂါဆိုတာ ကုလို့ရတဲ့ ရောဂါပဲ။ ကုလို့ရပေမယ့် အာဏာပိုင်တွေက သူ့ကို ဆေးမကုပေးခဲ့ဘူး"ဟု အေအေပီပီအသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပြသည်။

အေအေပီပီအသင်းက ဦးဌေးလွင်ဦး သေဆုံးမှုအကြောင်းကို ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ နအဖစစ်အစိုးရလက်ထက်တွင် ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း အနည်းဆုံး ၁၃၈ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်အပတ်က ပဲခူးထောင်တွင် သေဆုံးခဲ့သူ ကိုမောင်စန်းသည် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးဌေးလွင်ဦး၏ဈာပနကို မန္တလေးမြို့ ကြာနီကန်သုသာန်တွင် ယနေ့ ပြုလုပ်မည်ဟု သိရသည်။ ဦးဌေးလွင်ဦး ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်လှမြင့် နှင့် ၈ နှစ်အရွယ် သားတဦး ကျန်ရစ်ခဲ့သည်။

ဧရာဝတီ


ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုကြောင့် ထောင်ကျနိုင်

ထိုင်းနိုင်ငံ ဘန်ကောက် ဘီဘီစီ အင်္ဂလိပ်လူမျိုး သတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုဖြင့် ထိုင်းရဲအရာရှိတဦးက စွဲချက်တင်ထားရာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁၅) နှစ်ထိ ကျခံရဖွယ်ရှိသည်။

ဂျွန်နသန်ဟက်ဒ်သည် ထင်ရှားသည့် ဘီဘီစီ သတင်းထောက်ဖြစ်ရုံမက ဘန်ကောက် ဘီဘီစီရုံး၏ အကြီးအကဲလည်း ဖြစ်သည်။
၎င်းအား တိုင်တန်းထားသည့် စွဲချက် (၃) ခုအနက် ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်ကို ပီအေဒီ ဆန္ဒပြသူများ သိမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနန်းတော်နှင့် ပီအေဒီ ဆက်နွယ်မှုကို ရေးသားခဲ့သည့် How did Thai protesters manage it? ဆောင်းပါးလည်း ပါဝင်သည်။

အဆိုပါ စွဲချက်များကို ထိုင်းရဲအရာရှိ ၀ါတာနာဆတ်က စွဲချက်တင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုင်းအာဏပိုင်များအနေဖြင့် ဂျွန်နသန်ဟက်ဒ်အား တရားဝင် စွဲချက်တင်မည် မတင်မည်ကို မဆုံးဖြတ်ရသေးပေ။ ထိုအတောအတွင်း ဂျွန်နသန်ဟက်ဒ်အပေါ် စွဲချက်များ ဖယ်ရှားပေးရန် နယူးယော့ခ်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီက တောင်းဆိုထားသည်။

ခေတ်ပြိုင်

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.