အတ္တ၀တ်စုံများနဲ့ ကျနော်တို့
ပြီးခဲ့တဲ့ တနင်္ဂနွေက အပြင်ထွက်ဖို့ပျင်းတာမို့ အိမ်မှာရှိနေတဲ့ ဇာတ်ကားအဟောင်းတွေကို မွှေနှောက်ရင်း စာအုပ်နဲ့ရုပ်ရှင် တွဲပြီးကြည့်နေမိတယ်။ ရုပ်ရှင်ကိုဖွင့်ရင်း စာအုပ်ဖတ်နေမိတာပါ။ ဒီကားကို သူငယ်ချင်းတွေနဲ့ တူတူကြည့်ဖို့ ကြိုးစားရင်းပျက်သွားခဲ့တာမို့ စိတ်နာစွာမကြည့်ဘဲပစ်ထားခဲ့တဲ့ ဇာတ်ကားလေးပါ။
ရှဥ့်ကလေးသုံးကောင်နဲ့ ကာတွန်းကားမဆန်စွာ ရိုက်ထားတဲ့ ဇာတ်ကားလေးကို စကြည့်ရင်းကမှ လက်ထဲကစာအုပ်ကို လွှတ်ချမိခဲ့တယ်။ အရာရာကို ရှုံးနိမ့်နေတဲ့ လူတစ်ယောက်ရယ် ပျော်ပျော်နေပြီး တော်တော်လေးကဲတဲ့ ရှဥ့်လေးသုံးကောင်ရယ်တွေ့တဲ့ပွဲပါ။ အမှတ်မထင်ရောက်လာတဲ့ ရှဥ့်လေးတွေကို Dav က လုံးဝလက်မခံနိုင်ခဲ့ဘူး။ သူတို့ရဲ့ သီချင်းကို မကြားခင်အထိပေါ့။ သာယာတဲ့ အပြင် ဆွဲဆောင်မှုအပြည့်နဲ့ သူတို့သုံးကောင်ရဲ့ ဖျော်ဖြေမှုကိုကြားရတော့ တောင့်မခံနိုင်ရှာတော့ပဲ အပေးအယူစတင်ခဲ့ပါတယ်။ သူ့သီချင်းတွေကို ဆိုပေးရင် ဒီအိမ်မှာနေခွင့်ပေးမယ်ဆိုတာကနေ စပြီး စည်းကမ်းချက်တွေနဲ့ပေါ့။ အစကတော့မညှာမတာ နှင်ထုတ်ခဲ့တယ် ပြီးတော့မှ အပေးအယူတွေနဲ့ ပြန်နေခွင့်ပေးတဲ့ Dav ရဲ့ အတ္တတွေက သိပ်တော့ တရားမလွန်ဘူးလို့ထင်နေမိတယ်။ ကျနော်လည်း အဲလိုအတ္တမျိုးတွေ မရှိဘူးလို့ မငြင်းနိုင်လို့ပါ။
ဒီလောကမှာ အကြင်နာ မေတ္တာအတုတွေကလည်း များပြားလိုက်တာဗျာ။ အနားကိုချဉ်းကပ်တဲ့လူတိုင်းရဲ့ နောက်ကွယ်က ရလိုမှုကို မြင်မှမမြင်နိုင်ပဲ။ ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်လွယ်တဲ့အထဲမှာ ကျနော်က ထိပ်ဆုံးကလေ။ တံလျှပ်ကို ရေထင်ပြီး ရွှေသမင်အလိုက်မှားခဲ့တာလည်း များပါပြီ။
ပြီးတော့ လူတွေထဲမှာ ကိုယ်လိုချင်တာ ကို အပျော့ဆွဲနဲ့ ရအောင်ယူတတ်တဲ့လူတွေကလည်း အများသား။ လိုချင်တာရသွားတော့လည်း သူတစ်ပါးရဲ့ ခံစားချက်ကို ပြန်လည်ဖြည့်ဆည်းပေးရကောင်းတယ်ဆိုတာကို မေ့နိုင်စွမ်းလိုက်ကြတာ။ ကျနော်ကိုယ်တိုင်လည်း ဘယ်နှစ်ခါလောက်မေ့ခဲ့ပြီလဲ မသိနိုင်လောက်အောင်ကို လူသားဆန်မိတယ်ထင်ပါတယ်။
သိပ်ကို အပြင်းအထန်ဇွတ်တရွတ်လုပ်တတ်သူတွေ ကျတော့ အရမ်းကို အရုပ်ဆိုးအကျည်းတန်စေခဲ့တယ်။ ဒဿဂီရိလိုပေါ့။ ကိုယ်လိုချင်တာပဲ သိတယ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ မတုံ့ပြန်ပြန် တုံ့ပြန်ပြန် လိုချင်တာ ရဖို့က အဓိက။ နာမည်ဆိုးနဲ့ ကျော်ကြားပင်မယ့် သူတို့တွေက ရိုးသားတယ်လို့ တစ်ခါတစ်လေ တွေးနေမိပြန်ရော။ သေချာတာတော့ ကျနော်သူတို့လောက် မရိုးသားဘူးဆိုတာပါ။
ရှဥ့်ကလေးသုံးကောင်ကို Dav ဆီကနေ အပျော့ဆွဲနဲ့ ခွဲထုတ်။ ပြီးမှ အမြတ်အစွန်းဆိုတဲ့ အရာအတွက် မနားမနေစေခိုင်းတာကို မြင်ရတော့ ဟိုတစ်လောက လင်းပိုင်ပြပွဲ ကြည့်ရင်းရလာတဲ့ အတွေးကို တွေးမိပြန်ရော။ လူသားတွေ အတွက် ဖျော်ဖြေဖို့ အရမ်းတော်တာပဲဆိုတဲ့ လက်ခုပ်သံတွေ ကြားရဖို့ သင်ကြားလေ့ကျင့်ပေးထားတဲ့ အတိုင်းလှုပ်ရှားနေရတဲ့ လင်းပိုင်တွေရဲ့ ဘ၀တွေကို စာနာမိတယ်။ လက်ခုပ်သံကြားရဖို့ ဘာတွေပေးဆပ်ခဲ့ရပြီလဲ။ အခုကျနော့လက်ရှိ ဘ၀နဲ့ချိန်ထိုးကြည့်ရင် ကိုယ့်ကိုကိုယ် လင်းပိုင်တွေလိုပါလားလို့ ကိုယ်ချင်းစာမိရင်း ရှေ့ဆက်ကြည့်ဖို့ အင်အားမဲ့ခဲ့ရတယ်။
နောက်တစ်ခုက မိသားစုဆိုတဲ့ စကားလုံးလေး။ Davက အစပိုင်းကလက်မခံခဲ့ဘူးလေ။ မိသားစုဆိုတဲ့ စကားလုံးတန်ဖိုးကို သူသိလိုက်ရတော့ တော်တော်လေးနောက်ကျနေခဲ့ပြီ။ ကိုယ့်ဘေးနားမှာ အဆင်သင့်ရှိနေတတ်တဲ့ မိသားစုကို ကျနော်တို့ အမြဲ ပစ်ပယ်ခဲ့ကြတယ်ထင်ပါတယ်။ ဟုတ်မယ်.. အခုလည်း မိသားစုကို ခွဲပြီး ဘာမဟုတ်တဲ့အရာတွေအတွက် အတ္တကြီးစွာ လှုပ်ရှားနေမိတယ်။ တကယ်တမ်းက ငွေရှာနိုင်တဲ့လူတစ်ယောက်ဆိုတဲ့ ဂုဏ်ပကာသနအတွက် ကျနော်ရပ်တည်နေမိတာ။ ပြန်မလားလို့ မမေးပါနဲ့နော်။ ပြန်ချင်ပေမယ့် ဒီဂုဏ်အတွက်ကျနော့ကို ဆက်လက်ခေါင်းမာခွင့်ပေးပါ။
ဒီဇာတ်ကားအပြီးမှာတော့ ကျနော့်ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အတ္တ၀တ်စုံတွေကို ပြန်မြင်မိတယ်။ ဒါပေမယ့် ၀တ်စုံတွေက တစ်သားတည်းကျနေပြီလေ။ ပြန်ချွတ်ရမှာကို နှမြောနေမိတော့တာ။ ဒီအဆင်လေး ငါနဲ့တယ်လိုက်ပါလားဆိုတဲ့ အတ္တနဲ့ပေါ့….
You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.