Thursday, January 1, 2009

[ပန်ဒိုရာ] 1 New Entry: နာမည်

နာမည်

ဘာရယ်မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးပါ။ ဘောလုံးလေးတွေ ပုံကို ဘယ်သူရိုက်သလဲ ပန်ဒိုရီလား လို့ မေးကြလို့ပါ။ အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးတစကို သတိရသွားတယ်။ (ရိုင်းသွားရင်တော့ ခွင့်လွှတ်ပါ။ ဆရာဖေ စတိုင်ကတော့ သိတဲ့အတိုင်းပေါ့)။ "စာကောင်းရင် မအေပေးတွေက စလေရေး ထင်ကြတယ်" တဲ့။ စာကောင်းရင် စလေဦးပုည ရေးတယ်လို့ပဲ လူတွေက ထင်ကြလို့ သူက မခံချိမခံသာ ဖြစ်သွားခဲ့တာ ရယ်စရာတော့ ကောင်းသား။ သူ့စာတပုဒ်ကို ဦးပုညရေးတယ်လို့ လူတွေထင်ခဲ့ကြလို့ ထင်ပါရဲ့။

ပန်ဒိုရီက တကယ်တော့ အနုပညာတွေဘာတွေ တခါမှ ပြောတာမဟုတ်ဘူး။ ၀ါသနာလည်း တခုမှ မပါပါဘူး။ ဒါပေမယ့် တခါတခါတော့ ကိုယ်လုပ်တာတွေကို ဘေးကနေ သူဝေဖန်ပြတာတို့ ဓာတ်ပုံလေးဘာလေး ရိုက်လိုက်တာတို့က မဆိုးဘူး။ (ကိုယ့်လူကိုယ် ချီးမွမ်းနေတယ် :P) ဟိုတခါ ဘန်နာ တွေအကြောင်း တင်တဲ့ပို့စ်မှာ ဦးပိန်တံတားမှာ ပန်ဒိုရီ ရိုက်တဲ့ပုံလေးကို လူတွေ သဘောကျကြပါတယ်။ အမြင်ထောင့်လေး ကောင်းတယ် ဘာညာပေါ့။ ဒါနဲ့ပဲ ဓာတ်ပုံကောင်းရင် သူရိုက်တယ်လို့ ထင်တာလားဟင်။ ဟဲဟဲ။ အခု ဒီပုံတွေကတော့ ပန်ဒိုရာ ရိုက်တာပါ။ နောက်တခါမှ နေရာအတူတူကို ကင်မရာ၂ လုံးနဲ့ တချိန်တည်း ရိုက်ပြီး ပန်ဒိုရီ ပန်ဒိုရာ ဓာတ်ပုံ ပြိုင်ပွဲကြီး လုပ်ဦးမယ်။

ဒါနဲ့ ဆက်စပ်ပြီး ဖေဖေ မကြာခဏ ပြောပြလေ့ရှိတဲ့ ဟာသ ပုံပြင်လေး တပုဒ် ကို သတိရသွားပါတယ်။ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ ကြားဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တနင်္လာနေ့ အပျင်းပြေ ပြောပြလိုက်ပါတယ်။

တခါက ရွာတရွာမှာ ဦးမောင်စိန် ဒေါ်မယ်လှ ဆိုပြီး ဇနီးမောင်နှံ ရှိကြသတဲ့။ ဦးမောင်စိန်က ခပ်အေးအေး ဒေါ်မယ်လှက ခပ်သွက်သွက် အပေါင်းအသင်းလည်း များ ဆိုပါတော့။ သူတို့ လင်မယားနှစ်ယောက် မှာ ဒေါ်မယ်လှကိုပဲ လူသိများကြတယ်။

အစကတော့ ဦးမောင်စိန်က ဘယ်လိုမှ သဘောမထားပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အိမ်ကို လာမေးတာကအစ ဒါ ဒေါ်မယ်လှ အိမ်လား ဆိုတာမျိုး ဖိတ်စာတွေ ဘာတွေ ကမ်းလာတဲ့အခါ ဒေါ်မယ်လှ နှင့် ခင်ပွန်း ဆိုတာမျိုး ဖြစ်လာတော့ နည်းနည်း စိတ်တိုလာတယ်။

ဒါနဲ့ပဲ ဦးမောင်စိန်ကိုယ်တိုင် ဥိးစီးပြီး အိမ်မှာ ဈေးဆိုင်လေး တဆိုင် ထဖွင့်ပါတော့တယ်။ ဒါပေမယ့်လည်း လူတွေက ဒေါ်မယ်လှဆိုင် ဒေါ်မယ်လှဆိုင် လို့ခေါ်ပြီးတော့ပဲ လာဝယ်ကြသတဲ့။ ဒီလိုနဲ့ မဖြစ်သေးဘူးဆိုပြီး ရွာက ချောင်းကူးတံတားလေးကို ပြန်ပြင်ပြီး လင်မယားနှစ်ယောက် ကဗျည်းထိုးလိုက်တယ်။ လူတွေက ဒေါ်မယ်လှတံတား လို့ပဲ ခေါ်ကြသတဲ့။

ဦးမောင်စိန်လည်း ဘုန်းကြီးကျောင်းမှာ ဇရပ်တစ်ဆောင် ဆောက်ပြီး လှူပြန်သတဲ့။ လူတွေက ဒေါ်မယ်လှ ဇရပ် လို့ပဲ ခေါ်ကြပြန်ရော။ ရွာဦးမှာ ထုံးဖြူဖြူစေတီလေး တစ်ဆူ တည်ပြန်တယ်။ ဘုရားတကာ မောင်စိန်တော့ ဖြစ်မလာဘူး။ ဒေါ်မယ်လှဘုရား လို့ပဲ လူသိများပြန်ပါလေရော။

နောက်ဆုံးတော့ ကြံရာမရဖြစ်ပြီး ဘိန်းစားတော့သတဲ့။ ဒီတော့မှပဲ ဘိန်းစားမောင်စိန် မောင်စိန်ဘိန်းစားလို့ ကိုယ်ပိုင်နာမည်တစ်လုံး တွင်သွားပါရောတဲ့ကွယ်။

ရယ်မောနိုင်ကြပါစေ။


You received this email because you are subscribed to the real_time feed for http://pandora-and-pandora.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.