Showing posts with label ဆ - ဆုံဆည်းရာ. Show all posts
Showing posts with label ဆ - ဆုံဆည်းရာ. Show all posts

Wednesday, October 8, 2008

[ဆုံဆည်းရာ] 4 New Entries: တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင် သက်သေများပြော

တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင် သက်သေများပြော

မဇ္ဈိမ-မြင့်မောင်၊ အောက်တိုဘာလ ၀၇ ရက် ၂၀၀၈

နယူးဒေလီ။ ။ ရန်ကုန်တိုင်း မှော်ဘီတွင် အခြေစိုက်သော ခလရ ၇၅၇ မှ တပ်သားတဦးသည် ယင်း၏ တပ်မှူးကို သတ်ပြီး စနေနေ့က မိမိကိုယ်မိမိ အဆုံးစီရင်လိုက်သည်ဟု ဒေသခံများက ပြောပါသည်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်မှာ အနီးရှိ အေးမြသာယာရွာ၌ စစ်သားများအကြား လိပ်ခဲတည်းလည်း အခြေအနေတရပ် ဖြစ်ပေါ်နေခဲ့ပြီးနောက် စနေနေ့ညနေက တပ်သား ကျော်ရွှေမောင်သည် သူ့ကို ကျန်ရဲဘော်များက သူတို့ အရာရှိဗိုလ်ကြီးတဦးကို သတ်ဖြတ်အပြီး ထွက်မပြေးနိုင်အောင် ပိတ်မိသွားပြီးနောက် သတ်သေ သွားသည်ကို ကိုယ်တိုင် မြင်ခဲ့ရကြောင်း ပြောပါသည်။

ထိုဗိုလ်ကြီးကို သတ်ပြီးနောက် ကျော်ရွှေမောင်သည် စနေနေ့ညနေက သူ့တပ်ရင်းမှ ထွက်ပြေးလာခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ဆိုပါသည်။ သို့သော် အနီးအနားတွင် တပ်စွဲထားသော ခလရ ၇ဝ၇၊ ခလရ ၃၅၊ ခလရ ၆၊ ခလရ ၄ နှင့် ခလရ ၅ မှရဲဘော်များက ဒေသခံ ရဲများနှင့်အတူ မော်တော် ဆိုင်ကယ်နှင့် ထွက်ပြေးရန် ကြိုးပန်းစဉ် လျှပ်စစ် ထရန် စဖော်မာ အဆောက်အဦ အနီးတွင် သူ့ကို ပိတ်မိသွားခဲ့သည်ဟု ဆိုပါသည်။

"သူက ၁ဝ ချက်ကျော် မိုးပေါ်ထောင်ပစ်ပြီး ထရန်စဖော်မာတွေ နောက်မှာ ပုန်းနေတာ" ဟု အခြား ဒေသခံများနှင့်အတူ အခင်း ဖြစ်ပွါးရာနေရာသို့ အပြေး သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည့် အဆိုပါ ဒေသခံက ပြောပါသည်။

လိုက်လံရှာဖွေသည့် စစ်သားများကို ကွပ်ကဲလိုက်ပါလာသူ အုတ်ဖိုအခြေစိုက် ခလရ ၇ဝ၇ မှ အရာရှိတဦးနှင့် ခဏကြာ အပြန်အလှန် ပစ်ခတ်ပြီး ထိုသို့ပစ်ခတ်ရာတွင် အဆိုပါအရာရှိမှာ အကြီးအကျယ် ဒဏ်ရာ ရသွားသည်ဟု ဆိုပါသည်။

ထိုသို့ အတန်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေသဖြင့် စစ်သားများက လျှပ်စစ် ထရန်စဖော်မာ ပျက်စီးသွားမည်ကို စိုးရိမ် နေခဲ့ကြသေးသည်ဟု ဆိုပါသည်။ သို့သော် ၁၁ နာရီခန့်တွင် ဆက်တိုက် ပစ်လိုက်သော သေနတ်များ ဆူညံစွာကြားပြီး သွားရောက်ကြည့်ရှုရာ အဆိုပါ ထွက်ပြေးသူ တပ်သားမှာ သေနတ်ဒဏ်ရာများစွာနှင့် သေဆုံးနေသည်ကို တွေ့ရသည် ဟု ဒေသခံက ပြောပါသည်။

"စစ်သားတွေက သူ့ဆီက ကျည်ဆံ ၁၇ဝ ကျော်၊ လက်ပစ်ဗုံးတွေ၊ ၉ မမ ပစ္စတို နဲ့ ရိုင်ဖယ်တလက် တွေ့တယ်။ စစ် သားတွေက သူ့အလောင်းကို သယ်သွားပြီး အနားက ပြည်တော်သာ ရွာမှာ မြှုပ်လိုက်တယ်" ဟု သူက ဆက်လက် ပြောဆို သွားခဲ့ပါသည်။

နောက်ထပ် အုတ်ဖိုဒေသခံ တဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် သူမလည်း ဤအဖြစ်အပျက်ကို ကြားကြောင်း၊ သို့သော် သူမ၏ လုံခြုံရေး အခြေအနေကို စိုးရိမ်၍ ကိုယ်တိုင် သွားမကြည့်ခဲ့ကြောင်း ပြောပါသည်။

အုတ်ဖိုမြို့၏ မြောက်ဘက် မိုင် ၇ဝ ခန့်အကွာရှိ ပြည်မြို့မှ ဈေးဆိုင်ပိုင်ရှင် တဦးကို မေးမြန်းရာတွင် သူမလည်း ဤအဖြစ် အပျက်ကို ရန်ကုန်မှပြန်လာစဉ် စနေနေ့ညနေက ကြားသိခဲ့ရကြောင်း ပြောပါသည်။

"ကျမ ရန်ကုန်က ပြန်လာတော့ ဘတ်စ်ကားအားလုံးကို စစ်သားတွေက လက်ပံတန်းမှာ ရပ်ခိုင်းပြီး ရှာနေတာ တွေ့တယ်။ စစ်သားတွေက သူတို့ စစ်ပြေးတယောက်ကို ရှာနေတာလို့ ပြောပါတယ်" ဟု သူမက ဆက်လက် ပြောဆိုပါသည်။

လက်ပံတန်းသည် ရန်ကုန်ပြည် အဝေးပြေး ကားလမ်းပေါ်တွင်ရှိပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၈၅ မိုင်အကွာတွင်ရှိကာ အခင်းဖြစ်ပွါးရာ အုတ်ဖိုမြို့၏ တောင်ဘက် ၁၅ မိုင် အကွာတွင် ရှိပါသည်။

စစ်သားများ၏ ပြောပြချက်နှင့် ကောလဟလများအရ အဆိုပါ စစ်သားသည် သူ့အထက်အရာရှိကို ပစ်သတ်ပြီး မှော်ဘီ ရှိ တပ်စခန်းမှ ထွက်ပြေးလာခဲ့သည်ဟု ဆိုပါသည်။ အနီးအနား ပတ်ဝန်းကျင်တွင် အခြား တပ်ရင်းများမှ စစ်သားများ ပူးပေါင်း၍ သူ့ကို ဝိုင်းဝန်း ရှာဖွေခဲ့ကြပါသည်။

သို့သော် ဒေသခံ အုတ်ဖိုရဲစခန်းကို မေးမြန်းရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

စစ်သားများအကြား ပြောကြားနေသောကောလဟလများကို ကိုးကားကာ ဒေသခံ မျက်မြင်သက်သေက ပြောကြားရာတွင် ရခိုင်တိုင်းရင်းသား တပ်သား ကျော်ရွှေမောင်သည် သူ့အထက် အရာရှိ ဗိုလ်ကြီးကို သူ့လူမှုရေး ကိစ္စများကို ဝင်ရောက် စွက်ဖက် စော်ကားသဖြင့်သတ်ပစ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် ဤအမှုအတွက် အသေးစိတ် အချက်အလက်များကို အတည်ပြု၍ မရနိုင်ခဲ့ပါ။

ကရင်နီတပ်မတော် လက်နက်ချမည်မဟုတ်ဟု စစ်ဦးစီးချုပ်ပြောကြား

ခေတ်ပြိုင်-ပီတာအောင်/ ၇ အောက်တိုဘာ ၂၀၀၈။ ။

နအဖစစ်အစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသော ကရင်နီတပ်မတော် လက်နက်ချမည်ဆိုသည့် သတင်း မဟုတ် မမှန်ကြောင်းနှင့် အထင်အမြင်လွဲမှားစေရန် စစ်အစိုးရ၏ ၀ါဒဖြန့်မှုသက်သက်ဖြစ်ကြောင်း ကရင်နီတပ်မတော်အကြီး အကဲ ဗိုလ်ချုပ် ဘီထူးက ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အပါအ၀င် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးနှင့် ၎င်း၏တပ်ဖွဲ့များ နအဖ စစ်အစိုးရထံ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရန် စီစဉ်နေသည်ဆိုသည့်သတင်းများ ကရင်နီအသိုင်းအ၀န်း၌ ထွက် ပေါ်နေသည့်အပေါ် ကရင်နီတပ်မတော်စစ်ဦးစီးချုပ်က ပြန်လည်ငြင်းဆိုခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဘီထူးက "ဒီလိုလုပ်တာ မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စပဲ။ ပြည်သူအတွက်လည်း အကျိုးမဖြစ်ဘူး။ ကျနော်တို့က ဘာမှ လက်နက်ချက်ဖို့အကြောင်းမရှိဘူး။ ကျနော်တို့ရပ်တည်ချက်ကတော့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့ ပန်းတိုင်ရောက်အောင်ချီတက်ဖို့ပဲ။ ရည်မှန်းထားတဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည် ထောင်စုတည်ထောင်နိုင်တဲ့အထိပေါ့ ဆက် လုပ်သွားမယ်" ဟု ပြောသည်။

ယင်းသို့လက်နက်ချရေးကိစ္စနှင့် ပတ်သက်၍ နအဖစ်အစိုးရဘက်က ဆက်သွယ်လာခြင်းမရှိသကဲ့သို့ အပစ်အခတ် ရပ်စဲ ရေးအတွက်လည်း နအဖနှင့် ကေအန်ပီပီတို့အကြား ညှိနှိုင်းဆွေးနွေးပြောဆိုမှုများ ယမန်နှစ်ကတည်းက မရှိတော့ ကြောင်း ကေအန်ပီပီ ပါတီအတွင်းရေးမှူး (၂) ခူးဦးရယ်ကလည်း ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက "အဲဒီသတင်းပြန့်နေတာတော့ တပတ်နီးနီးလောက်တော့ရှိပြီ။ လူထုကြားတွေမှာရော အပစ်ရပ်အဖွဲ့ တွေကြားထဲ မှာရော၊ သတင်းလွှင့်ထားတယ်လို့ ကျနော်တို့ကြားရတယ်။ ဒုက္ခသည်စခန်းတွေထဲမှာလည်း ဒီသတင်းတွေဖြန့်နေတယ်။ နအရဲ့လုပ်ကြံသတင်း ဖြန့်ချိရေးသက်သက်ပါ။ အပစ်ရပ်အဖွဲ့တွေကိုလက်နက်ချဖို့ပြောနေတဲ့ တချိန်တည်းမှာတင်ပဲ ကျနော်တို့ဘက်ကို ယိုင်မသွားအောင် ကျနော်တို့ကလည်းဝင်ဖို့ အစီအစဉ် ရှိနေပါတယ်ဆိုတာမျိုး လုပ်နေတာပါ။ လက်နက်ချရုံကလွဲပြီးတော့ ရွေးချယ်စရာလမ်းမရှိဘူး၊ လက်နက်ဆက်လက်ဆွဲကိုင်ပြီးတော့ အားယူဖို့ အဖွဲ့အစည်း နောက်ခံမှာမရှိတော့ဘူးဆိုတဲ့ သဘောမျိုးဖြစ်အောင် တမင်တကာ ၀ါဒဖြန့်ချိတယ်လို့ပဲ နားလည်တယ်" ဟု ပြောသည်။

ကရင်နီတပ်မတော်နှင့် ကေအန်ပီပီပါတီတို့အနေဖြင့် စစ်ရေးနှင့်နိုင်ငံရေး ပုံမှန်ဆက်လက်ဆောင်ရွက်နေပြီး လက်နက်ချ ရေးနှင့် ပတ်သက်၍လည်း ကရင်နီခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုမရှိပါဟု ခူးဦးရယ်က ဆက်လက်ပြော ကြားသည်။

ကေအန်ပီပီနှင့် မြန်မာစစ်အစိုးရအကြား ၁၉၉၅ ခုက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိဖူးသော်လည်း သဘော တူညီချက်ကို နအဖဘက်က ချိုးဖောက်ကာ ကေအန်ပီပီနယ်မြေအတွင်း တပ်များတိုးချဲ့လာသဖြင့် (၃) လခန့်အကြာ၌ သဘောတူညီချက် ပျက်သွားခဲ့ရသည်။ ထို့နောက် ၁၉၉၆ နှင့် ၁၉၉၈ ခုတို့တွင် ရန်ကုန်၌ (၂) ကြိမ်၊ ၂၀၀၇ မတ်လတွင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့၌ (၁) ကြိမ် ကေအန်ပီပီနှင့် နအဖစစ်အစိုးရကိုယ်စားလှယ်အဖွဲ့တို့အကြား ငြိမ်းချမ်း ရေးဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရရှိခဲ့ပေ။

ကရင်နီစစ်တပ်နှင့် နအဖ စစ်တပ်တို့အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီ အမျိုးသားဒီမိုကရက်တစ်တပ်ဖွဲ့ (ကေအန်ဒီအေ) ခေါ် နဂါးတပ်ဖွဲ့ကို ပြီးခဲ့သည့်လဆန်းပိုင်းက စစ်အစိုးရက လက်နက်ချ ခိုင်းခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကြယ်ဖြူတပ်ဖွဲ့များကို လည်း လက်နက်အပ်ရန် ဖိအားပေးလျက်ရှိကြောင်း ကရင်နီတပ်မတော်က ပြောကြားသည်။

ကရင်နီ ပြည်သူများ၏ အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းခြင်းမရှိသည့် အကြွင်းမဲ့လက်နက်ချမှုများကို အလျဉ်းပြုလုပ် မည်မဟုတ်ကြောင်း၊ ကရင်နီအမျိုးသားတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး အမျိုးသားဘ၀လွတ်မြောက်ရေး အတွက် အာဏာရှင်စစ်အုပ်စုကို ဆက်လက်ခုခံ တိုက်ပွဲဝင်သွားမည်ဟု ကရင်နီတပ်မတော်က ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်မှ အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့ဝင်တဦး အဖမ်းခံရ

ခေတ်ပြိုင်-ကိုဝိုင်း/ ၇ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့ဝင် ဦးအေးညွန့်ကို ယခုလ (၄) ရက်နေ့ ည၌ ပြည်ထဲရေးဌာနက လာရောက်ဖမ်းသွားကြောင်း မိသားစုဝင်တဦးက ပြောသည်။

၎င်းက "မေးစရာလေးတွေရှိတယ်ဆိုပြီးတော့ လာခေါ်သွားတာ။ လာတာကတော့ (၉) နာရီခွဲနဲ့ (၁၀) နာရီကြားလောက် ကပေါ့နော်။ ရှာတာဖွေတာ ဘာညာနဲ့ဆိုတော့ (၁၂) ခွဲလောက်ကျတော့ ခေါ်သွားတာပေါ့" ဟု ပြောသည်။

အရပ်ဝတ်များ ၀တ်ဆင်ထားသူ လူ (၃) ဦးပါဝင်သည့်အဖွဲ့က လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အထိ တစုံတရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါမိသားစုဝင်က "ဦးဝင်းမောင်ဆိုတာပါလာတယ်။ ပြည်ထဲရေးကတဲ့။ နောက် (၂) ယောက်ထဲမှာကတော့ ကျော်သူ ရှိန်ဆိုလား တယောက်ပါသေးတယ်။ အကုန်လုံး အရပ်ဝတ်တွေပဲ" ဟုပြောသည်။

မိသားစုအနေဖြင့် မိတ်ဆွေအပေါင်းအသင်းများ၏ အကြံပြုချက်အရ တပတ်ခန့်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဦးအေးညွန့်သည် ဖမ်းဆီးခံရနိုင်လောက်သောလုပ်ငန်းမျိုး လုပ်ကိုင်ထားခြင်းမရှိသောကြောင့် ခေတ္တလာရောက် ခေါ်ဆောင်သွားခြင်းဟုသာ ယူဆထားသည်။

သို့သော် ဦးအေးညွန့်၏ လုပ်ဖော်ကိုင်ဖက်တဦးကမူ အန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးအေးညွန့်သည် ရပ်ကွက် အတွင်းရှိ လူမှုရေးစိတ်ဝင်စားသူများ၊ ပံ့ပိုးကူညီလိုသူများဖြင့် စုဖွဲ့ထားသော တောင်ဥက္ကလာမြို့နယ် လူမှုအထောက် အကူအဖွဲ့၏ လုပ်ငန်းများတွင် တက်ကြွစွာ လှုပ်ရှားသူတဦး ဖြစ်သောကြောင့် လာရောက်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးသည်။

ထို့အပြင် ဦးအေးညွန့်သည် သွေးတိုးနှင့် ဆီးချိုရောဂါခံစားနေရသဖြင့် ဆေးပုံမှန်မှီဝဲနေရပြီး ကျန်းမာရေးနှင့် ညီညွတ် မည့် အစားအသောက်များကိုသာ စားနေရသူဖြစ်ကြောင်း သိရသည်။ အဆိုပါ လူမှုအထောက်အကူအဖွဲ့၏ လုပ်ငန်းများ တွင် နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများကို ပညာသင်စရိတ် ထောက်ပံ့ခြင်းလည်း ပါဝင်ကြောင်း သိရသည်။

အန်အယ်လ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းကမူ အဆိုပါသတင်းနှင့်ပတ်သက်၍ ၎င်းတို့ထံသို့ တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။

အကျဉ်းစံ အရှင်ဂမ္ဘီရ ကျန်းမာရေး ဆိုးဝါးနေ

ဧရာဝတီ-ကိုစိုး | အောက်တိုဘာ ၇၊ ၂၀၀၈

စစ်အစိုးရကဖမ်းဆီးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်သံဃာတော်တပါးဖြစ်သော အရှင်ဂမ္ဘီရသည် အင်းစိန်ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်းသိရသည်။

အဆိုပါ အရှင်ဂမ္ဘီရသည် ကျန်းမာရေးဆိုးဝါးနေပြီး အားနည်းနေသည့်အတွက် ထောင်ဆေးရုံ၌ ဆေးဝါး ကုသမှု ခံယူနေရ သောကြောင့် ယမန်နေ့က အင်းစိန်ထောင် ကမာရွတ်မြို့နယ် သီးသန့်တရားရုံးတွင်ရုံးထုတ် ရှိသော်လည်း မထွက်ရောက် နိုင်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်ကပြောသည်။

"အရှင်ဂမ္ဘီရ ကျန်းမာရေးခြေအနေက ထောင်ဆေးရုံမှာ အားဆေးသွင်းနေရတယ်လို့ ကျနော်တို့သိရတယ်၊ ဆေးရုံကို ဘယ်နေ့က ရောက်တယ်လို့တော့ မသိရသေးဘူး၊ မနေ့ကတော့ ရုံးချိန်း ထွက်မလာနိုင်ဘူး"ဟု ဦးခင်မောင်ရှိန်က ဧရာဝတီသို့ ပြောပြသည်။

လွန်ခဲ့သည့် စက်တင်ဘာလ လ၀က်ခန့်ကလည်း အရှင်ဂမ္ဘီရသည် ရုံးချိန်းတခုတွင် ခေါင်းမူးပြီး အန်ကြောင်း သိရသည်။ အစာမှား၍ဟု ယူဆရကြောင်း၊ သို့သော် ခြေလက်များအေးနေကြောင်း၊ အသားအရေမှာ ၀ါဖန့်ဖန့် ဖြစ်နေပြီး အားအင် နည်းပါးနေသော လက္ခဏာကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းကမာရွတ်မြို့နယ် တရားရုံးတွင် အရှင်ဂမ္ဘီရ တပါးတည်း အမှု ၉ မှုကို ရင်ဆိုင်နေရကြောင်း၊ ၎င်းအမှုများမှာ သင်းဖွဲ့ (၆) ပုဒ်မ တမှု၊ ပုံနှိပ် ၁၇ (၂၀) ပုဒ်မ ၂ မှု၊ မတရားသင်း ၁၇ (၂) ပုဒ်မ ၃ မှု၊ လ၀က ၁၃ (၁) ပုဒ်မ ၃ မှု တို့ဖြစ်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့ ရုံးချိန်းတွင် အာဏာပိုင်များက ထုတ်ပြန်လိုက်သည့် အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေး အကျဉ်းသား များ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပြုတော့ကြောင်းနှင့် ပုံမှန် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက် တွင် ထောင်ဝင်စာတွေ့ခွင့်ပေးနေခြင်းကို စနေ၊ တနင်္ဂနွေသို့ပြောင်းလိုက်ကြောင်း ညွှန်ကြားချက်အား နိုင်ငံရေးအကျဉ်း သားများ၏ မိသားစုဝင်များက ယခင်အတိုင်း ခွင့်ပြုရန် ယမန်နေ့က တောင်းဆိုကြသည် ဟုလည်း ဦးခင်မောင်ရှိန်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချို၏ဖခင်ဖြစ်သူ ဦးဝင်းမောင်ကလည်း "မနေ့က သွားလို့မရဘူး၊ တနင်္ဂနွေနေ့က ပါဆယ်ပေးတော့လည်း တွေ့ခွင့်မရဘူး၊ လုံးလုံး မိသားစုကို တွေ့ခွင့်မပေးဘူး၊ ကျောင်းသားတွေကတော့ လျှောက်လွှာတင် ထားတယ်၊ မိသားစုတွေနဲ့ တွေ့ခွင့် ပေးဖို့၊ စာတင်ထားတယ်၊ မိသားစုတွေစုပြီး စာတင်ဖို့လည်း စီစဉ်ထားတယ်၊ အဲဒါဖြစ် လိမ့်မယ်လို့ထင်တယ်၊ ထောင်အာဏာပိုင်တွေကို နှုတ်နဲ့တော့ ပြောထားတယ်"ဟု ပြောပြသည်။

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးပါက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြားထားသည်။

ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင် ၌ မိသားစုဝင်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန် တို့ကို ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့ကလည်း လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၇၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ယမန်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။
လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ၌ ၁၁၉၂ ဦးရှိကာ ယခု ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း အထက်ပါ ပူးတွဲကြေညာချက်အရ သိရှိရသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Tuesday, October 7, 2008

[ဆုံဆည်းရာ] ရုံးထုတ်ရာတွင် မိသားစုဝင်များ .......

ရုံးထုတ်ရာတွင် မိသားစုဝင်များ ကြားနာခွင့်မရ၍ ၈၈ ကျောင်းသားများက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည် မဟုတ်

ဧရာဝတီ-ကိုစိုး | အောင်တိုဘာ ၆၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးသဖြင့် တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြား ကြောင်းသိရသည်။

အင်းစိန်ထောင် သင်္ဃန်းကျွန်းမြို့နယ် သီးသန့် တရားရုံးတွင် ၎င်းတို့အား ယနေ့ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပေးသောကြောင့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများက ယခုကဲ့သို့ တရားရုံးအား ပြောကြား သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူကိုအောင်ထွန်းကလည်း ပြီးခဲ့သည့် သောကြာနေ့က ရုံးထုတ်ရာမှ အပြန်တွင် ထောင်အာဏာပိုင်တဦးက ယနေ့မှ စ၍ ရုံးထုတ်ရာသို့ မိသားစုဝင်များကိုကြားနာခွင့်မပြု ကြောင်းမှာကြား လိုက်သည်ဟု ပြောပြသည်။

"ပုံမှန်ထောင် ၀င်စာတွေ့နေကြ တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက်ကိုလည်း အဲဒါကို ဖျက်လိုက်ပြီတဲ့၊ စနေ၊ တနင်္ဂနွေ တရက် မှာ လာတွေ့ကြပါဆိုပြီး ပြောင်းလိုက်ပြီဆိုပြီးတော့ ထောင်အရာရှိက အကြောင်းကြားတယ်၊ ဒါ သက်ဆိုင်ရာက ပြောတာ တဲ့၊ အဲဒါ တယောက်က၊ ဒါဆိုရင် အတွင်းထဲက လူတွေ ၂ ပတ်စာ ဒုက္ခရောက်မယ် ဆိုပြီးသွားပြောတော့မှ မနေ့က ပါဆယ် ပို့ခွင့်ရတယ်၊ လူမတွေ့ရဘူး"ဟုလည်း ကိုအောင်ထွန်းက ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလဆန်းမှ စတင်၍ ရုံးထုတ်ရာသို့ မိသားစုဝင်များ ကြားနာခွင့်ရခဲ့ပြီး ယခု မည်သည့် အကြောင်းပြ ချက်မှ မည်မည်ရရ မသိရှိရဘဲ ကြားနာခွင့် ပြန်လည်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

လွန်ခဲ့သည့်အပတ်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကို ရုံးထုတ်ရာတွင်လည်း အာဏာပိုင်များက အစ်မဖြစ်သူ မဌေးဌေးကြည်ကို တွေ့ခွင့်မပြုခဲ့ပေ။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ဦးတိတ်နိုင် က နိုင်ငံရေးအကျဉ်းသားများရုံးထုတ်ရာတွင် မိသားစုဝင်များအနေနှင့် နဂိုအခွင့်အရေးအရ ကြားနာ ခွင့်ရှိသည်ဟု ပြောဆိုသည်။

"ကျနော်တို့ကြားတာက မိသားစုဝင်တွေက တရားရုံးမှာ ကြားနာခွင့်မရှိဘူးလို့ကြားတယ်၊ နောက် ဒီအပတ်ထဲမှာ တနလာင်္နေ့ က သောကြာနေ့အထိ ထောင်ဝင်စာ တွေ့လို့မရတော့ဘူးလို့ကြားတယ်၊ နဂိုရှိပြီးသားအခွင့် အရေး အရ မိသားစုတွေက ကြားနာခွင့်ရှိရပါမယ်၊ ဒါကို ကန့်သတ်နေတယ်ဆိုတာက နအဖ က အခုအချိန်မှာ အရမ်းကို အကြောက် တရားတွေကြီးနေ တယ်လို့ကျနော်တို့ မြင်ပါတယ်"ဟု ဦးတိတ်နိုင် က ပြောသည်။

ယခု အဖမ်းအဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားများက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစု ၀င်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန်တို့ကို ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထား သည်။

ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။

ယနေ့တွင် နိုင်ငံရေးလှုပ်ရှားသူ ကိုစိုးမြင့်ထိန်ကို အာဏာပိုင်များက ထောင်ဒဏ် ၄ နှစ် နှင့် ၆ လ ချမှတ်လိုက်ပြီး မခင်အေး ဆိုသူ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူနှင့် တခြားသော ၂ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ် လိုက်ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် AAPP တို့ကလည်း ယနေ့ ရက်စွဲဖြင့် လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၇၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန် လွှတ်ပေးရန် ပူးတွဲကြေညာချက်ထုတ် ပြန်ထားသည်။

"ကျနော်တို့ အဓိက တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေး ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူတွေကို စနစ်တကျဖြိုခွဲနေတဲ့ ကိစ္စတွေ ကို ရပ်တန်းက ရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနိုင်ရ ပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ် တွေ နဲ့ နအဖ နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အရေးတကြီးလိုနေပြီဆိုတာကို ထောက်ပြ ထားပါတယ်"ဟု ဦးတိတ်နိုင်က ပြောသည်။

ယင်း နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုတွင် ပါဝင်လာရန် အရေး တကြီး လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

"ကျနော်တို့ ကြေညာချက်ကိုပေးထာတာကိုက အမှောင်ထုဆီကို ဦးတည်နေတဲ့ ကျနော်တို့ နိုင်ငံ(The Future in the dark)၊ ဆိုလိုတာက ဒီလိုသာ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဆက်လက် ဖမ်းဆီးနေဦးမယ် ဆိုရင် ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ ကို ဘယ်လိုမှ မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး" ဟု လည်း ဦးတိတ်နိုင်က ဆက်ပြောသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် အရေးကြီး သည့် ၆ နေရာသို့ ဖြန့်ဝေပေးပို့ကြောင်း၊ ဥရောပ သမဂ္ဂ ၊ အာဆီယံ ၊ လူ့အခွင့်အရေး ကောင်စီ စသဖြင့် ၁၇ နေရာကို မိတ္တူပူးတွဲပေးပို့ထားကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၁၁၉၂ ဦးရှိကာ ယခု နှစ် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း ယခုပူးတွဲကြေညာချက်အရ သိရှိရသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, October 6, 2008

[ဆုံဆည်းရာ] 3 New Entries: နိုင်ငံရေးအကျဉ်းသား မိသားစု အင်းစိန်ထောင် စစ်ဆေးမှု နားထောင်ခွင့် ပိတ်ပင်

နိုင်ငံရေးအကျဉ်းသား မိသားစု အင်းစိန်ထောင် စစ်ဆေးမှု နားထောင်ခွင့် ပိတ်ပင်

မဇ္ဈိမ-နန်းဒေဝီ၊ အောက်တိုဘာလ ၀၄ ရက် ၂၀၀၈

နယူးဒေလီ။ ။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ထောင်ဝင်စာတွေ့ခွင့်နှင့် ထောင်တွင်း တရားရုံးများတွင် တက်ရောက်နားထောင်ခွင့်များကို ယမန်နေ့က စတင်ကာ ကန့်သတ်လိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ယခင်က ထောင်ဝင်စာကို တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ စနေနှင့် တနင်္ဂနွေသို့ ပြောင်းလဲလိုက်သလို၊ ထောင်တရားရုံးများတွင် အမှုစစ်ဆေးရာတွင်လည်း နားထောင်ခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဗဟိုတရားရုံးချုပ်ရှေ့နေများက ပြောဆိုကြခြင်း ဖြစ်သည်။အင်းစိန်ထောင် အမှုစစ်ဆေးပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ထွက်လာတော့ ထောင် အဝင်၊ အထွက် စစ်ဆေးတဲ့ ဂိတ်က တာဝန်ကျ အရာရှိ တယောက်က မိသားစုဝင်တွေကို ပြောလိုက်တာ။ အထက်က ညွှန်ကြားထားတယ်လို့ ပြောတယ်။ အကျဉ်းဦးစီးပဲ ရှိတယ်" ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းကလည်း "တခြားအကျဉ်းသားတွေ ပါမပါတော့ မသိဘူး။ အင်းစိန်ထောင် အထူးတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုသည်တွေရဲ့ မိသားစုဝင်တွေ ပေးနားမထောင်တော့ဘူးလို့ ပြောသံကြားတယ်။ အများသဖြင့်တော့ အဲဒီမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ စစ်ဆေးလေ့ရှိတယ်လေ" ဟု ပြောသည်။

ယခုလို ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ အာဏာပိုင်များထံ ယခင် ရပိုင်ခွင့်များအတိုင်း ပြန်လည်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးက ယခုလို ပြောသည်။

"မိသားစုဝင် အားလုံးက မကျေနပ်ကြဘူးခင်ဗျ။ လက်ခံစရာလည်း မရှိဘူး၊ ဒီလိုလုပ်တာကတော့။ ဘယ်သူပိတ်တာလဲဆိုတာ မသိရသေးတဲ့အတွက် တနင်္လာနေ့မှာ ထောင်ရှေ့မှာ ကျနော်တို့ မိသားစုဝင်တွေ သွားအရေးဆိုမယ်" ဟု သူက ပြောသည်။

ရှေ့နေ ဦးခင်မောင်ရှိန်က ဥပဒေအရ အများပြည်သူရှေ့ ပွင့်လင်းမြင်သာသည့် ရုံးတင်စစ်ဆေးမှုများ ရရှိရန် တောင်းဆိုခဲ့သည့်အတိုင်း အာဏာပိုင်များမှ တစိတ်တပိုင်း ခွင့်ပြုခဲ့သော်လည်း ယခုလို ပြန်လည် ရုပ်သိမ်းလိုက်သည့်အတွက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအတွက် နောင်တွင် အမှုတွဲ အခြေအနေ အသေးစိတ် သိရှိရန် အခက်အခဲများ တွေ့လာနိုင်ကြောင်း ယခုလို ပြောဆိုသည်။

"မိသားစုတွေက အမှုကိစ္စတွေ နားထောင်ခွင့်ရတော့ အမှုတွဲအခြေအနေတွေ၊ အစွပ်စွဲခံရသူတွေရဲ့ တရားသူကြီးတွေက ချေပချက်တွေ အသေးစိတ် သိနေမယ်။ ပိတ်လိုက်တော့ နောက်ထပ် အမှုတွဲ တိုးတက်မှုတွေ မျက်ခြေပြတ်သွားမယ်၊ မိသားစုတွေက ဘယ်သိနိုင်တော့မလဲ" ဟု သူက ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP ၏ ထုတ်ပြန်ချက်တရပ်က ဆိုသည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် မြန်မာအာဏာပိုင်များက နိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ အကျဉ်းသား ၉ဝဝ၂ ဦး လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၉ ဦးခန့်သာ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ကြာသပဒေးနေ့က ကမ္ဘာတဝှမ်းရှိ ထိန်းသိမ်းခံနေရသူများအတွက် ရည်ရွယ်ကျင်းပသည့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာနေ့တွင် မကြာသေးခင်က အသစ်ခန့်အပ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီး၏ ကျန်းမာရေး ဆိုးဝါးကြောင်း သတင်းများ ထွက်ပေါ်

ဧရာဝတီ | အောက်တိုဘာ ၃၊ ၂၀၀၈

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက် (၇၅) နှစ်သည် ကျန်းမာရေး အခြေအနေ ဆိုးဝါးသည့် အတွက် ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် စွယ်တော်မြတ် စေတီအနီးရှိ ၎င်း၏ နေအိမ်တွင် ဆေးကုသမှု ခံယူနေ ရကြောင်း မိသားစု နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

"ဗိုလ်ချုပ်မှူးကြီးက စက်တင်ဘာလ နောက်ဆုံးအပတ် ကတည်းက ရန်ကုန်အိမ်မှာ ဆေးကုနေတာ"ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

အသေးစိတ် အချက်အလက်ကိုမူ ၎င်းက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ရှိကျန်းမာရေး အခြေအနေဆိုးဝါးနေမှုကြောင့် မိသားစု ဆရာဝန် အဖွဲ့နှင့် အတူ စင်္ကာပူ နိုင်ငံသို့ ဆေးဝါးကုသမှု ခံယူရန် သွားရောက်ဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း ပြည်တွင်း ပြည်ပ ရှိ နီးစပ်သူများ၏ ပြောဆို ချက်များအရ သိရသည်။ သို့သော် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

ရန်ကုန်မြို့မှ လာသောသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရားဝင်ဖော်ပြထားသည့် အသက်မှာ ၇၅ နှစ် ဖြစ်သော် လည်း အသက်အမှန်မှာ ၇၈ နှစ် နှင့် ၇၉ နှစ် ဖြစ်နိုင်ကြောင်း၊ ၎င်းသည် ပုံမှန်ကျန်းမာရေး စစ်ဆေးမှု များ ရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ မိသားစုဆရာဝန် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့် အပါအ၀င် မိသားစုနှင့် အတူ စင်္ကာပူ နိုင်ငံသို့ ၎င်း၏ အူလမ်းကြောင်း ကင်ဆာ ကုသရန် အတွက် ရက်သတ္တ ၂ ပတ်ကြာ သွားရောက်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အသက်အန္တရာယ် ကျရောက်နိုင်သော ခွဲစိပ်ကုသမှု ခံယူရမည့် ကျန်းမာရေး လက္ခဏာတွေ့ရှိ ရသည့် အတွက် ဆေးရုံတွင် တပတ်ခန့် နေရန် ၎င်း၏ အကြံပေး ဗေဒင်ဆရာက ဟောကြား ခဲ့ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြသော သံဃာများ ကို အကြမ်းဖက်ဖြိုခွဲသည့် လုပ်ရပ်အတွက် ၎င်းကို ၀တ်ကြမ္မာပြန်လည်မည်ဖြစ်ကြောင်း မြန်မာပြည်သူ များကြားတွင် ကောလာဟလ ပြောဆိုမှုများလည်း ပျံ့နှံ့နေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည်လည်း ပြီးခဲ့သည့် မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲထည့်သည့် ဓာတ်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ဆက်လက် ဖော်ပြသည်ကို မတွေ့ရှိ ရသောကြောင့် ကျန်းမာရေး ဆိုးဝါးနေကြောင်း ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိအထူးကုဆရာဝန် ၀င်ရောက်ကြည့်ရှူ

ဧရာဝတီ-ကိုသက် | အောက်တိုဘာ ၃၊ ၂၀၀၈

ယမန်နေ့ညနေပိုင်းက မျက်စိအထူးကု ဒေါက်တာကံညွန့်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
"မနေ့ညနေပိုင်းက … မျက်စိဆရာဝန်က တနာရီလောက်ကြည့်ခွင့်ရတယ်လို့ ကြားတယ်။ ဆရာတင်မျိုးဝင်း ကတော့ အဲဒီထက် ပိုကြာတယ်" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိနှင့် တခြားကျန်းမာရေးအခြေအနေများကို မသိရ သေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လလယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ပါတီဝင်များ ပြင်ပမှပေးပို့သော အစားအစာကို တလခန့်ငြင်းပယ်ခဲ့ပြီးနောက် အာဟာရချို့တဲ့ သည့်ဒဏ်ကို ခံစားခဲ့ရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို ဒေါက်တာတင်မျိုးဝင်း ၀င်ရောက်စစ်ဆေးခွင့် ရခဲ့သည်။

စစ်အစိုးရက ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးစစ်ဆေးရန် တလလျှင် ၂ ကြိမ် ခွင့်ပြုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.