Saturday, January 3, 2009

[ချင်းမလေး] 1 New Entry: ချစ်လွန်းလို့ ပါ

ချစ်လွန်းလို့ ပါ

မောင်ကရေလှိုင်းလေးဆို
ကျွန်မကကမ်းစပ်လေးပေါ့..
မောင်ကလမ်းကလေးဆို
ကျွန်မကပလက်ဖေါင်းလေးပေါ့..
မောင်ကကြောင်နက်လေးဆို
ကျွန်မကကြောင်လေးရွှေဝါပေါ့..
မောင်ကလမင်းလေးဆို
ကျွန်မကကြယ်စင်လေးပေါ့...
မောင်ဘယ်သွားသွား
အနောက်ကတကောက်ကောက်လိုက်လို့ 
အရာရာဟာမောင့်သဘောအတိုင်းဖြစ်ခဲ့တာဟာ
မောင့်ကိုချစ်လွန်းလို့ ပါ...

You received this email because you are subscribed to the real_time feed for http://kiim-dreamangel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Better Tomorrow] 1 New Entry: နေ့သစ်အတွက် နှစ်သစ်ဆုတောင်း

နေ့သစ်အတွက် နှစ်သစ်ဆုတောင်း

မင်္ဂလာရှိသောနှစ်သစ်ပါလို့ နှုတ်ဆက်နေရင်းနေ့သစ်ကိုသွားသတိရမိပါတယ်။ နေ့သစ်အဖွဲ့သားများ အားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အရာအားလုံးကိုရင်ဆိုင်ကျော်လွှားနိုင်ပါစေလို့ဆုမွန်ကောင်း တောင်းမှုပြုအပ်ပါတယ်။ နေ့သစ်ဆိုတာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၀၇ အောက်တိုဘာလ မှာဖွဲ့စည်းခဲ့တဲ့အဖွဲ့လေးတစ်ခုပါ။ အသင်းဝင်ပေါင်း ၂၇ ဦးရှိပါတယ်။ အသင်းဝင်အများစုဟာ အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ရောဂါပိုးကူး စက်ခံထားသူများဖြစ်ပါတယ်။ ဒီလိုပြောလို့ အသင်းဝင် ၂၀ ကျော် သာရှိတယ်လို့ ထင်မြင်စရာဖြစ်နိုင်ပါတယ်။ နယ်စည်းမခြားဆရာဝန်များ အဖွဲ့ (ဘယ်လ်ဂျီယံ)ရဲ့ စစ်တမ်းအရ မြန်မာရွှေ့ ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်သည် ၂၅ ဦးမှာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားရသူ ၁ ဦးရှိနေပါတယ်။ ၁၀၀ မှာ ၄ ဦးနှုန်း၊ ကိုယ်ဝန်ဆောင်သည်များရဲ့ အမျိုးသားများကိုပါထည့် တွက်မယ်ဆိုရင် ၁၀၀ မှာ ၈ ဦးနှုန်းပါ။ ဒါကလည်းပဲ လိင်ဆက်ဆံဖော် နည်းပြီး တလင်တမယား စနစ်ကျင့်သုံး သူများအတွက်ပုံသေတွက်နှုန်းပါ။ တလင်တမယားစနစ်မဟုတ်ပဲ ဖောက်ပြန်မှုတွေသာ ရှိနေမယ် ဆိုရင် ကူးစက် နိုင်မှုရာခိုင်နှုန်းဟာ အတက်ဘက်မှာ ပဲရှိပါတယ်။
ဖန်ငခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ သုံးသပ်ထုပ်ပြန်ချက် အရ ဖန်ငခရိုင်မှာ အလုပ်သမား တစ်သိန်းကျော်အထက်မှာ ရှိပါတယ်။ တစ်ရာ(၁၀၀) မှာ ရှစ် (၈) ယောက်နှုန်းသာ အိပ်ခ်ျအိုင်ဗီ ကူးစက်ပျံ့နှံ့ ခြင်း ကိုခံနေရတယ်ဆိုရင် တစ်ထောင် (၁၀၀၀) မှာ ရှစ်ဆယ် (၈၀) ဦး တစ်သောင်း (၁၀၀၀၀) မှာ ရှစ်ရာ (၈၀၀) ဦး တစ်သိန်း (၁၀၀၀၀၀) မှာ ရှစ်ထောင် (၈၀၀၀) ဦးဟာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခြင်းကို ခံနေရဖွယ်ရှိပါတယ်။ ဒါဆိုရင်ဖန်ငခရိုင်ရောက် ရွှေ့ ပြောင်းမြန်မာ အလုပ်သမား တစ်သိန်းမှာ ရှစ်ထောင် (၈၀၀၀) ကျော်ဟာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ပျံ့ ပွားခြင်းဒဏ် ကိုခံထားနေရပါပြီ။ ဖန်ငခရိုင် လူထုကျန်းမာရေး ပညာပေးဌာန နဲ့ ဇူလိုင်လမှာ ပူးတွဲ ကျင်းပတဲ့ကျန်းမာရေးပညာပေးဆွေးနွေးပွဲအရ ကိုယ်ဝန်ဆောင်သည် ဆယ်ဦးမှာတစ်ဦးသာ အေအာဗွီ ဆေးဝါး လက်ခံ ရရှိပါတယ်တဲ့ ပိုလို့သာဆိုးဝါးလာဖို့ရှိပါတယ်။ ကျွန်တော်စောင့်ရှောက်နေတဲ့ လူနာဦးရေဟာလည်း တစ်နေ့တစ်ခြားတိုးလာနေပါတယ်။ အမျိုးသမီး ၃ ဦး အမျိုးသား ၈ ဦးနဲ့စုစုပေါင်း ၁၁ ဦးရှိလာနေပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ တီဘီ ရောဂါသည် ၅ ဦးကို သွေးဖောက်စစ်ကြည့်ရင် ၃ ဦးဟာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းခံထား ရသူတွေဖြစ်နေပါတယ်။ အိပ်ခ်ျအိုင်ဗွီ နဲ့ တီဘီရောဂါ ဆက်နွယ်နေတယ် ဆိုတာကို လည်း ထင်ရှားစေပါတယ်။



တီဘီရောဂါဘက်ကိုပြန်ကြည့် မယ်ဆိုပြန်တော့လည်း ပိုးအသစ်ကူးစက်ခြင်းခံရတဲ့ တီဘီထက် ဆေးယဉ်ပါး တဲ့တီဘီရောဂါပိုးခံစားရသူ ဦးရေကိုပိုတွေ့ရပါတယ်။ ဘယ်လိုအကြောင်းတွေက ဆေးယဉ်ပါးတဲ့ တီဘီရောဂါ ပိုး ကိုဖြစ်စေနိုင်သလည်း ဆိုတာသေသေချာချာ မသိရပါဘူး။ ကိုထွန်း ရဲ့အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ဆေးသောက်ပြီး ငါးလအကြာမှာ သူဌေးခေါ်ဆောင်မှုကြောင့် လှေပြန်ထွက်ခဲ့ပါတယ်။ ဆေးကုန်ချိန်မှာ ကမ်းမကပ်နိုင်ခဲ့တဲ့အတွက် ဆေးပြတ်ခဲ့ရပါတယ်။ ရောဂါပြန်ထပြီး အခြေအနေဆိုးရွားချိန်မှာ မှ ပြန်တွေ့ဆုံခဲ့တာ ပါ။ အဲဒီအကြောင်းတရားကပဲ သူ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်။



ရင်ထဲမှာ ထိခိုက်ခြင်းများစွာနဲ့ ပဲနှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ရပြီးပါပြီ။ ၂၀၀၉ မှာကောဘယ်လို အဖြစ်ဆိုးမျိုးတွေကိုထပ်မံကြုံတွေ့ရမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး အကျိုးတရားပေါင်းများစွာနဲ့ သက်ဆိုင်နေပါ လိမ့်မယ်။ သူတို့တွေအပေါ်မှာ အကြင်တရားများနဲ့ နားလည်ဖေးကူနိုင်သူများနဲ့တွေ့ဆုံမှသာလျှင်......။

You received this email because you are subscribed to the real_time feed for http://tomorrowplan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[KyiMayKaung] 2 New Entries: Beautiful and authentic Qianlong Emperor's Retirement Palace restored in Beijing -- from New York Times

Beautiful and authentic Qianlong Emperor's Retirement Palace restored in Beijing -- from New York Times

http://www.nytimes.com/slideshow/2008/12/31/arts/design/20090101_FORBIDDEN_index.html

Nothing like the stupid and downright destructive "restorations" done by the junta in Bagan (spelled "Pagan" before) in Burma --

Possibly re-posting -- but it's so beautiful --

Andy Goldsworthy's Rivers and Tides --

http://www.youtube.com/watch?v=L5qrE_rBrJQ

A kind of natural ikebana or action painting or performance art that is environmentally friendly.

Kyi May Kaung

You received this email because you are subscribed to the real_time feed for http://kyimaykaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[K] 1 New Entry: ဆယ်လမွန်ငါးတို့အပြန်

ဆယ်လမွန်ငါးတို့အပြန်

ညက ရေးလက်စ ဆောင်းပါး တပုဒ်ကို ခုမနက်များ လက်စသတ်နိုင်မလားလို့..
မရတော့ဘူး ထင်တယ်။ ကွန်ြပူတာ မျက်နှာပြင် အောက်က 10: 25 am ဆိုတာက.. မျက်စိထဲ ရောက်ရောက်နေတော့..စာကို စိတ်မရောက်နိုင်တော့ပဲ..လောလို့သာနေသည်။ ကဲ- မတတ်နိုင်..အတင်း အဆုံးသတ်လိုက်လို့လည်း..ဖြစ်ကတတ်ဆန်း ကြီး ဖြစ်သွား ဦးမည်။ မုဒ်ကလည်း..လောနေတဲ့ စိတ်ထဲ ရောက်နေပြီ။

ဒီနေ့ နေ့လည် ၁ နာရီ အရောက် သွားရမည့် အစီ အစဉ်က.. သူ့ ရင်ကို ခုန်စေဖို့.. အကြောင်းအရာတွေက.. သိပ်ကို ခိုင်လုံ နေသည်။ တကယ်တော့.. အဲဒီ အစီအစဉ်လေးက..သူတို့ဆင်နွှဲပျော်ရွှင်ရမည့် အတိုင်းအဆကြီး ရဲ့ အပိုင်းအစသေးသေးလေး..တခုပါပဲ။ လွန်ခဲ့တဲ ၁လလောက်တည်းက.. သူတို့အားလုံး ရဲ့ ဘ၀ တွေကို.. အကြီးအကျယ် ပြောင်းလဲ စေခဲ့သည့်..၀မ်းမြောက်ပျော်ရွှင်ဖွယ် အပြောင်းအလဲ ကြီး ထဲမှာ.. အားလုံး မျက်ရည်လည်ရွဲ ပျော်ပွဲ ဆင်ခဲ့ ကြပြီးပြီ မဟုတ်လား..။

ဟား..
ကွန်ပြူတာကို ပိတ်အောင် စောင့်နေရင်း.. သူ့အလုပ်ခန်းလေးကို ကျေနပ်စွာ ကြည့်လိုက်မိသည်။ စားပွဲရဲ့ ရှေ့တူရှုက..မျက်နှာချင်းဆိုင်မှာ မြင်နေရတဲ့.. ပြတင်းပေါက်မှာ..ဘာခန်းဆီးစ မှ မရှိ။ အပြင်ဖက် ခြံစည်းရိုးက.. တွဲလွဲကျနေတဲ့ ဂေါ်သဇင်တွေ ကို.. တိတိပပ ..မွှေးမွှေးမြမြကို ..မြင်နေ..ခံစားနေရသည်။ သရက်ပင် အိုကြီးရဲ့ အရိပ်အောက်က ဖြတ်ပြီး.. အခန်းထဲ ၀င်လာတဲ့..အလင်းရောင်က.. မစူးလွန်း.. မတောက်လွန်း။ ကံကောင်းရင်..လိပ်ပြာလေးတွေ..စာဗူးတောင်းလေး တွေတောင်..ကျီးကျီးကျီကျီ..ရှိနေတတ်သေးသည်။

မကျဉ်းလွန်း မကျယ်လွန်းတဲ့..စာကြည့်ခန်း .. သို့မဟုတ်.. စာရေးခန်းလေးထဲမှာက.. လက်ပ်တော့ တင်ထားတဲ့..ကျွန်းစားပွဲလေးရယ်..စားပွဲဘေးက..ပရင့်တာလေးတလုံးရယ်.. ဘေးနံရံမှာ ကပ်ထားတဲ့..ကမ္ဘာပြားမြေပုံ ကြီးရယ်.. သောက်လက်စ ကော်ဖီခွက်ကလေးရယ်.. စားပွဲပေါ်မှာ ပျံ့ကျဲနေတဲ့.. ခဲတံ တချောင်း..ဘောပင် တချောင်း.. Thumb drive တခု .. hand cream တဗူး..နောက်ပြီး- ချွတ်ထားတဲ့..လက်ပတ်နာရီလေး..။

သပ်သပ်ရပ်ရပ် ရှိနေတာဆိုလို့.. လက်ဆောင်ရထားတဲ့..ကျိုက်ထီးရိုးပုံ ကျောက်စီ ပန်းချီ သေးသေးလေးရယ်.. နောက်..မိသားစု ပုံလေး တွေ..ရယ်။ ထိုင်ခုံဘေးမှာ ယှဉ်ချထားတဲ့..ကော်ဖီ စားပွဲပုလေးပေါ်မှာက.. daily bread စာအုပ်တအုပ်နဲ့.. Times မဂ္ဂဇင်း တအုပ် ၂အုပ်..။ အမြဲတမ်း ... ပို့လို့ ပက်လက် ပွင့်နေတတ်တဲ့..အင်္ဂလိပ် - မြန်မာ အဘိဓါန် စာအုပ်ထူ ကြီးက တော့.. ကြမ်းပြင်ပေါ်မှာ။ မှန်တံခါး မတပ်ထားတဲ့..နံရံကပ် စာအုပ်စင် ပေါ်က.စာအုပ် တချို့ကတော့..အစီ အစဉ် မကျသေး။ မှန်တံခါးပါတဲ့..စာအုပ်ဗီရိုကြီးတွေကို..မုန်းလို့.. ရိုးရိုးစာအုပ်စင် အပွင့်လေးပဲ ထားပေမဲ့.. ဖုန် မှန်မှန် မသုတ်နိုင်ရင်တော့.. မလွယ်လှ။ နေရာ မကျ သေးတဲ့..စာအုပ်တချို့က..အောက်ဖက် ကြမ်းပြင်က..စက္ကူဗုံးတွေထဲမှာ..ထိုးထိုးထောင်ထောင်။ ဒါတွေ..သေချာ အုပ်စုခွဲ ဖို့..စီဖို့.. တရက်..အချိန် သပ်သပ် ပေးရ ဦးမည်။

အခု ချိန်မှာတော့..လုပ်စရာတွေက..သိပ်များနေသည်။ အော- ဒီဖက်က..စက္ကူ ဗုံးတွေက.. ခုနေ့လည် ယူသွားဖို့.. သီးသန့် ဟာတွေ.. ။ စိတ်က..လှုပ်ရှားနေတာနဲ့..မေ့ဦးတော့မယ်။

စိတ်သစ် လူသစ် အကုန်သစ်မယ်ဆိုပြီး ..အသစ်လဲထားတဲ့..ဆိုနီ လက်ပ်တော့ အသစ် ကလေးကို ..တယုတယ အဖုံး ပိတ်လိုက်ရင်း..ကျေနပ် ပီတိ တွေက..အပြုံးကြီးကြီး တခု အဖြစ် စာကြည့်ခန်းလေးထဲကို.. လျှံကျသွားသည်။ ကဲ- နောက်မှ ဆက်ကျေနပ်...သွားဖို့ လာဖို့..ရေချိုးပြင်ဆင်ရတော့မည်။

၁၁ ခွဲလောက်ကျရင်..ပန်ဒိုရာ တို့ လာခေါ်မှာ။ သူတို့ ..စလုံးကျွန်းက..အုပ်စု တနေ့ကမှ..လေယဉ်အပြည့် ပြန်လာကြတာ။ ခုရက်ထဲ..လေယဉ်တွေတောင်..စီးရေမြှင့် ဆွဲပေးနေသည်ဆိုပဲ။ ကောင်းလိုက်တာ။

+++++

၁၇ နှစ်လောက်..ဒီဗီရို လေးထဲမှာ..ခေါက်ရိုးကျိုးနေခဲ့တဲ့..ပင်နီ ရင်ဖုံး အကျီ င်္ လေးကို ၀တ်ကြည့်တော့.. ကြည့်ပါဦး..ကွက်တိ ဖြစ်နေသေးသည် ။ အေးလေ..သူ လည်း..ဒီနှစ်တွေကြားထဲမှာ..နုပျိုမူတွေသာ.. ပါးလျသွားပေမဲ့..ခန္ဓာကိုယ်က.. ဘာမှ မှ သိပ်မပြောင်းလဲသွားပဲ။ အညို နု ရင့် ၂ ရောင်စပ် ဗမာလုံခြည်လေးကလည်း.. ချည်သားအစစ်မို့..၀တ်ရတာ..ချပ်ချပ်ရပ်ရပ်..။ သူ ဒီလိုဝတ် ရင်..သိပ်များ..အိုဗာ ဖြစ်နေမလား မသိ။ သိဘူးကွာ..တတ်နိုင်ဘူး- ၀တ်မှာပဲ။ တွေးရင်း..ပြုံးမိပြန်ပြီ။ ငယ်တုန်းက..ဒီလို ၀တ်ပြီး..မန္တလေးဆောင်မှာ အတန်းတက်တိုင်း..ပြုံးမဲ့မဲ့ကြီးနဲ့..မသိချင်ယောင်ဆောင်တတ်တဲ့.. ဌါနမှူး ဆရာချို ကိုတောင်..သတိရသွားသည်။

ဟော- အိမ်ရှေ့မှာ..ကားရပ်သံ။ ရင်တွေခုန်လာပြန်ပီ။ ပန်ပန့်ကို.. ဓါတ်ပုံထဲမှာသာ မြင်ဖူးတာ။ အပြင်မှာ.. မတွေ့ဖူးသေးဘူးလေ။

အား-- ကားပေါ်က..ဆင်းလာကြတဲ့.. သူတွေ.. မမေ..ညီမလေးစိုး.. ဟောဒါ ပန်ဒိုရာပဲ..။ ဟိုပုဂ္ဂိုလ်က..ပီတိ ဆိုတာပဲဖြစ်မည်။ မမေတို့ပြောပြောနေလို့..သူမှန်းမိနေပြီ။ သူတို့အားလုံး..ဘယ်သူ မှ မိတ်ဆက်ပေးစရာ မလိုပါပဲ နဲ့.. ရင်ထဲက..သိနေကြတာ..ထူးဆန်းလိုက်တာနော်။

` တို့တော့..ဘာမှ ကို မပြောနိုင်တော့ဘူးဟေ့.. ယူတို့အားလုံးကို..တွေ့ရတာ.. ရည်စားနဲ့တွေ့တာထက်တောင်..ရင်ခုန်နေမိတယ်..´ လို့..ခပ်နောက်နောက်ပြော လိုက် မိတော့.. အားလုံး.. ရီမောလိုက်ကြရင်း..သက်တောင့် သက်သာ ဖြစ်သွားကြသည်။ သူ့စာကြည့်ခန်းထဲက..စာအုပ် ဗုံးတွေကို..တယောက်တခု ကားပေါ်တင်မ ကြတော့.. သူ့အခန်းလေးကို သဘောကျ နေတဲ့ မမေက..` ဒေါ်ကြီး..ရှင်- ကတယ်ပဲ..စာရေးတော့မယ်ပေါ့လေ..´ ။ သူ ပြုံးပြီးရင်း..ပြုံး၍သာ နေမိတော့သည်။

+++++

တလမ်းလုံး..စကားမပြတ်အောင် ဖောင်ဖွဲ့လာကြရင်း.. တနာရီ ခွဲ မောင်းရတဲ့...ခရီးက.. တံတားလေး တခုကို ကျော်ဖြတ် အပြီးမှာ.. ချောင်းကမ်းပါး ရွာလေးတခု ထဲကို ၀င်လာပြီ။ ရွာလေးက..အတော်အသင့်ကြီးသားပင်။ ရွာထဲမှာ..ဧည့်သည် ကားတချို့ ရောက်နှင့်နေပုံ ရသည်။

` ဘယ်သူတွေ လာကြမှာ လဲ..သိလား ပန်..´
နားကြီး ..မျက်စိကြီး..အသိမိတ်ဆွေ ပေါတဲ့..ပန့်ကို မေးတော့ ..

` မပြောဘူး..မကေ အံ့သြသွားအောင်..´ ဆိုပြီး..ညစ်ကျယ်ကျယ် လုပ်နေသေးသည်။

နေပေါ့။ ဟွန်း---

` အနာဂါတ် သုတရပ်ဝန်း ´ ဆိုတဲ့.. ဆိုင်းဘုဒ်လေး ကလေးက..နေရောင်အောက်မှာ.. အနီရောင် ဆေးလေးတွေ လွင်တောက်လို့။ ကားတွေ တော်တော်များများ ရပ်ထား သည်။ ကျေးလက် သုံး ဆိုင်ကယ် တွေလည်း အတန်းလိုက် ကလေးတွေ..စီလို့ ။

သူတို့ကားလေး ရပ်သွားတော့.. ဆံပင်ရှည် ဖြောင့်ဖြောင့်လေးနဲ့.. အသက် ၂၀ ကျော် အစိတ်လောက်..ချစ်စဖွယ် မိန်းမငယ်လေးတယောက် ခပ်သွက်သွက် လှမ်းလာသည်။ ဒါ- မေရာ ပဲ ဖြစ်ရမည်။

` အမတို့ အကိုတို့ရေ.. ၀မ်းသာလိုက်တာ..ကျမ မေရာပါ.. အမတို့အားလုံး..ဒီဖွင့်ပွဲကို လာတာ..ကျမ ဘယ်လို ကျေနပ်မှန်း မသိဘူး..အား ရှိလိုက်တာ..´

သေချာတာပေါ့..ခုန်ဆွ..ခုန်ဆွ နဲ့.. လှိုက်လှိုက်လှဲလှဲ ပြောဟန်လေးက..သူရေးတဲ့ စာလေးတွေ အတိုင်းပဲ။

စာအုပ်ဗုံးတွေ..ကားပေါ်က ချရင်း.. နှုတ်ဆက်သံတွေ..နောက်ပြောင်သံတွေ..ဆူညံ နေတော့သည်။

အုပ်တိုက်ခံ အဆောက်အဦ အဖြူလေး ထဲ ကို..၀င်ဝင်ခြင်း လက်ယာဖက် အခန်းမှာ..မှန်ကာ..လေအေးပေးစက် တပ်ထားတဲ့..ကွန်ပြူတာခန်းလေး ။ ကွန်ပြူတာ ၁၀ လုံးလောက်တော့ ရှိမည်.. အတော်ဟုတ်သားပဲ။ အေးလေ..မေရာ ရဲ့.. ဆက်သွယ်လှုပ်ရှားမူနဲ့..အလှူရှင်တွေလည်း တော်တော် ထဲ့ဝင်ထား တာလို့..သူကြားမိသည် ။ လက်ဝဲဖက် အခြမ်းမှာကျ တော့.. ၀ှိုက်ဘုဒ် တခု ချိတ်ထားတဲ့..စာသင်ခန်းလို..အစည်းဝေးခန်းလို..ခပ်ကျဉ်းကျဉ်း အခန်းလေး တခု။ စားပွဲ ပေါ်မှာ .. မေမြို့ပန်း ရောင်စုံတွေ ဝေနေအောင် ထိုးထားတာ မြင်တော့.. ရင်ထဲ နွေးထွေးသွားသည်။

` အမတို့ရေ.. လာလာ- ဒီဖက် စာကြည့်ခန်းမ ကျယ်ထဲမှာ.. ဟောပြောပွဲနဲ့ ဖွင့်ပွဲလုပ်မှာ.. ဟိုမှာ..ကိုအောင်သာငယ်တို့ တောင် ရောက်နေကြပြီ..´

` ဟယ် -- လူတွေ စုံလှချည်လား ..´

သူ အတော် အံ့သြသွားသည်။ ဒီကောင်မလေး..တကယ် မိတ်ဆွေပေါ..တကယ်လုပ်နိုင်တာပဲ။
အခန်းအနား မစသေးတာမို့...အချင်းချင်း..စကားစမြည်ပြောနေသံတွေက..ခန်းမ ထဲမှာ..ခပ်အုပ်အုပ်..ခပ်ဝေါဝေါ။

သူတို့ကို ဦးတည်ခေါ်သွားနေတဲ့..ရှေ့က..၀ိုင်းမှာ အမျိုးသား လေး-ငါးယောက် ထိုင်နေသည်။

`ဒါက..ကိုအောင်သာငယ်.. ဟိုဖက်က.. ကိုယောဟန်အောင်.. ကိုဆောင်းယွန်းလ.. ကိုဇာနည်ဝင်း......

အပြုံးချင်းတွေ ဖလှယ်ကြသည်။ စားပွဲပေါ်မှာ လက်တွေ ရှုပ်ရှက်ခက်သွား သည်။
ကိုအောင်သာငယ် ဆိုတာ..ဆံပင်အရှည်မှန်းတော့..သိသည်။ ခပ်ပိန်ပိန် နဲ့..သဘောကောင်းကောင်းရုပ် လို့ထင်ထားတာ.. ခုတော့..ဘီယာဗိုက် ကြီးနဲ့..မျက်နှာတည်ကြီးပါလား။ ကိုယောဟန်အောင်ကတော့..အင်တာဗျူးတွေမှာ မြင်ဖူးပီးသားမို့.. တန်းသိသည်။ ကိုဆောင်းယွန်းလကိုလည်း..သူ့ပရိုဖိုင်းမှာ တင်ထားတဲ့..သူ့သားလေးနဲ့ခပ်ချောချောပုံ ကို မြင်ဖူးပြီးသားမို့..အပြင်မှာ ..အားလုံး..ခပ်ဖိုင့်ဖိုင့်တွေ ဖြစ်နေတာကလွဲလို့.. သိနေပြီးသား။ သြော- ကိုဇာနည်ဝင်းတယောက်သာ- သူများတွေပြောတော့..ဂျက်လီ ဆိုလို့..ခုကြတော့.. ပိန်ပိန်ရှည်ရှည်..မဂို ကုလား ရုပ်ပါလား။

မေရာကပဲ..လက်ညိုးတွေ ထိုးလို့..ဟိုဖက်စားပွဲကလူတွေကိုပါ..လှမ်းမိတ်ဆက်နေပြန်သည်။
ကလူသစ်တဲ့.. ကိုမောင်ရင်တဲ့.. ကိုအောင် (ပျူနိုင်ငံ) တဲ့.. ကိုသက်ဦး တဲ့..ကိုပေါတဲ့.. ရွာသားလေး တဲ့.....

လူတွေကို...ပြာပြာ..ပြာပြာ နဲ့..အစီအစဉ်စာရွက်လိုက်ဝေ ပေးနေတဲ့..ခပ်ပိန်ပိန်ကောင်လေးက.. မောင်မျိုးတဲ့။ မောင်မျိုးလိုပဲ..စာရွက်တွေ ဝေနေတဲ့ နောက်တယောက်က.. ဇူလိုင် အိမ်မက်..ဒေးဗစ်ချန်းတဲ့..။ သူကလည်း..လူစည်တုန်း..ကျေးလက်ကြောပိုးအိတ် ကြက်ခြေနီ လုပ်ငန်း အကြောင်း.. ပညာပေးစာရွက်တွေ ဝေနေတာ ဆိုပဲ။ လူငယ်လေး တွေ ကြည့်ရတာ..အားရစရာ ကောင်းလိုက်တာ..။ နောက်..လူတွေကို..မေးခွန်းတွေ လိုက်မေးနေတဲ့ ... ဆံပင်ကော့နေအောင်ထောင်ထားတဲ့.. မျက်မှန်လေးနဲ့..ကောင်လေးက..တောကျောင်းဆရာတဲ့..။

` ကျမတော့..တောကျောင်းဆရာကို..သတင်း ဆောင်းပါး ကောင်းကောင်း ရေးခိုင်းထားတယ်..´

မေရာက..အားရပါးရ ပြောရင်း..`အမတို့ထိုင်နော်..ကျမ ပွဲစဖို့.. သွားလုပ်လိုက်အုံးမယ်..´ ဆိုပြီး..လှစ်ကနဲ ထွက်သွား သည်။

သူတို့တွေလည်း..အနားက..စားပွဲလွတ်မှာ ပဲ..ထိုင်လိုက်ကြသည်။ ခဏနေတော့.. စင်ဘေး တဖက် တချက်မှာ ထောင်ထားတဲ့..ဆောင်းဘောက်စ် ၂လုံးက.. ဗမာ့ဆိုင်းသံ ခပ်မြူးမြူးလေး ထွက်လာသည်။ အိုး..ပျော်စရာကောင်းလိုက်တာ။ ဗမာဆိုင်းဝိုင်း ပတ်လုံးသံကို သူ အကြိုက်ဆုံး။ ဘေးက..ညီမလေး စိုးက.. အဲဒါ ဘာတီးတာကြီးလဲတဲ့..။ သူတို့ အားလုံး.. ရီမိကြပြန်ပြီ။

သူတို့ဘေး စားပွဲကပ်ရပ်က..ရွာခံလူကြီးတွေ ဖြစ်ပုံရသည်။ တိုက်ပုံတွေ ဘာတွေနဲ့.. သားသားနားနား။ ခုံတွေက..ကပ်နေတော့..သူလဲ..ဘေးဖက်လှည့်ပြီး.. ` ဦးလေးတို့ ရွာလေးက..ပျော်စရာကောင်းလိုက်တာ..အားလုံး တက်ညီ လက်ညီ နော်..´ လို့ ..ဖောရှော လှမ်း လုပ်လိုက်သည်။

` အေးလကွာ..ဒီအချိန်အခါ မျိုးကတော့.. တနိုင်ငံလုံး ပျော်နေ..စည်းလုံးနေကြတာပဲလကွာ.. ဒါနဲ့..သမီးတို့က.. ကွန်ြပူတာမှာ စာရေးတယ် ဆိုတဲ့..ဟာတွေလား..´

ပန်ပန်ကတော့..တခွိခွိ ရီနေပြီ။

` အေး..ဟိုးထိပ်က.. ခုံတွေက..ဟာလေး တွေလဲ..ကွန်ပြူတာမှာ စာရေးတဲ့ သူတွေတဲ့.. မေရာ ဖိတ်ထားတာ တွေ လေ..ဒီကောင်မလေးကလဲ.. ရွာကို တော်တော်ကူညီရှာတယ်ကွဲ့..´

အဲဒီ ဘကြီး ပြောမှ..လှမ်းကြည့်တော့.. မနော်တို့..မချိုသင်းတို့ကိုလည်း..တွေ့လိုက်သည်။ သူတို့ဘေး..ကပ်ရပ် ၀ိုင်းက.. တသွေးတမွေးပုံစံတွေ နဲ့.. အမျိုးသမီးတအုပ်.. သေချာတယ်..ကွန်ပြူတာမှာ စာရေးတဲ့..လူတွေပဲ ဖြစ်ရမယ်။ ကိုယ့်ဘော်ဒါတွေထဲက..ဘယ်သူတွေ ပါမလဲ..။ စိတ်နဲ့ မှန်းကြည့်နေမိသည်။ လူတွေ ၀ိုင်းနေတဲ့.. ခပ်ချောချော အမျိုးသမီးက..မခင်ဦးမေ များလား မသိဘူး။ စုံတွဲတတွဲက..အတော်ကြည့်ကောင်းသည်။ ကိုဧရာ နဲ့ မသီတာများလား ။

` ဟိုမှာ..အမရယ်..´

စိုးက..အလန့်တကြား ထအော်မှ.. သူလက်ညိုးထိုးနေတဲ့..အ၀င်ပေါက်ကို လည်ပြန် ကြည့်တော့..ဗီဒီယို ကင်မရာကြီး တကားကားနဲ့ အမ ခင်မင်းဇော်။
ဟေး...

သူတို့ကို မြင်တာနဲ့..အမက.. ကင်မရာကို ထိုးချိန်ပြီး..အရင် ရိုက်နေသေးသည်။ ပြီးမှ.. `ဟဲ့..မောလိုက်တာဟယ်...ငါ အတကုန် ပြေးလာရတာ..တတင်းယူစရာတွေကလည်း..တိပ်များနေပြီဟ..´
အမ ကို မြင်တော့မှ..သူတို့အားလုံး..မမေငြိမ်းကို..သတိရကြသည်။

` မမေငြိမ်းတို့ပါ..ပြန်လာရင်..ကောင်းမှာနော်.. ´

` အေးဟ..လာတော့..လာကြမယ် ထင်ပါတယ်´

ဆိုင်းသံ ရပ်သွားပြီး.. ကွီ------------- ကနဲ..မိုက်ကရိုဖုန်းသံ ထွက်လာသည်။ ပွဲစလေပြီ။

စစချင်း..မေရာက..ဒီ အနာဂါတ် သုတရပ်ဝန်း ကို.. သူ စိတ်ကူးယဉ်ခဲ့တာ ကြာပြီဖြစ်ကြောင်း.. သူ့မွေးရပ်ရွာ ဖွံဖြိုးရေး အတွက်.. ရွာလူကြီးတွေရဲ့ ထောက်ခံ တိုက်တွန်းချက်.. သူ အင်တာနက်မှာ ခင်မင်သိကျွမ်းခဲ့တဲ့..မိတ်ဆွေတွေရဲ့..၀ိုင်းဝန်း ထောက်ပံ့ မူနဲ့.. ခုလို..တတိုင်းပြည်လုံး မင်္ဂလာအပေါင်း ခညောင်းနေတဲ့.. အခါသမယ မှာ..အချိန်ကိုက်.. ဖွင့်လှစ် နိုင်ခဲ့ကြောင်း။ ကျေးရွာနေ လူငယ်ထု အတွက်..ဒီလို ပုံစံငယ်လေး တွေကိုလည်း..မြို့တိုင်းရွာတိုင်းမှာ..ပေါ်ပေါက်လာစေခြင်ကြောင်း.. ခပ်တိုတို အဖွင့်ပြောသွားတော့..လက်ခုပ်သံတွေ တဖြောင်းဖြောင်း။

နောက်- အလှူရှင် အသီးသီး ကို ဂုဏ်ပြုလွှာ ပေးအပ်ခြင်း။ သူတို့အဖွဲ့က..လှူဒါန်းတဲ့..စာအုပ်များ အတွက်..မမေ က..ထွက်ယူသည်။ နောက်..ဟောပြောခြင်း..အစီအစဉ်။
ပထမဆုံး..ကိုယောဟန်အောင်ရဲ့.. စွမ်းရည် တည်ဆောက်ခြင်း ( Capacity Building) ဆိုတဲ့..ခေါင်းစဉ်နဲ့.. ဟောပြောချက်။ တော်တော်ပြည့်စုံ လှသည်။ ရွာက..လူငယ်လူရွယ်လေးတွေ အားလုံး..ငြိမ်သက်ပြီး..စိတ်ပါ လက်ပါ နားထောင် နေကြတာ..မြင်ရသည်။
ဒုတိယ ဟောပြောသူက.. စာရေးဆရာမ မနော်ဟရီ ရဲ့..ရသစာပေ၏ အခန်းကဏ္ဌ ။
တတိယ ဟောပြောတာက.. စာရေးဆရာမ မိုးချိုသင်း ရဲ့.. လွတ်လပ်စွာ..ရေးသားဖော်ထုတ်ခြင်း..။

အကြောင်းအရာ တွေက..အကောင်းတွေချည်း မို့.. ရွာခံတွေရော..သူတို့တွေပါ.. ဟောပြောချက်တွေထဲမှာ..နစ်မြောရင်း.. တိတ်ဆိတ် ငြိမ်သက်နေကြသည်။

ညနေ..သုံး နာရီလောက်မှာ..အစီအစဉ်တွေ ပြီးဆုံးသွားတော့ လက်ဖက်ရည် နဲ့ စမူဆာ စားသုံးရင်း..ခန်းမတခုလုံး..ပြန်လည် ကျွတ်ကျွတ်ညံ သွားတော့သည်။ နှုတ်ဆက်သံ.. ချီးမွမ်းသံ.. ရယ်မောသံ.. အားလုံးက..ရင်ထဲက..အသံတွေ.. လွတ်လပ်ပျော်ရွှင်မူ စစ်စစ်ရဲ့.. အသွင်သဏ္ဍန်တွေ.. လှုပ်ရှားမူတွေ။ ခန်းမ ထဲက.. တီဗွီ ကလည်း.. မြန်မာ့အသံက..တိုက်ရိုက်လွှင့်နေတဲ့.. သဘက်ခါ မှာ ကျင်းပမဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. Inauguration Day အတွက်..မြို့တော်ခန်းမရှေ့..ပြင်ဆင်ပုံတွေ..။ အကျဉ်းသားတွေ လွတ်မြောက်လာပုံတွေ.. ကိုမင်းကိုနိုင်တို့..ဦးဝင်းတင်တို့ရဲ့ နဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို... ထပ်ကာ ထပ်ကာ ထုပ်လွှင့်နေသည်။

တချို့လည်း တနာရီ ကျော် မောင်းရမည့် ခရီး အတွက်..ပြန်တဲ့လူတွေ ပြန်ကြပြီ။ သူတို့ အုပ်စုတော့.. မေရာက.. ခုည..ရွာသားတွေ လုပ်မဲ့ မီးပုံပွဲ ကို.. ဆက်နေပါ..ညအိပ်ပါ.. ဆိုလို့.. ဒီည မပြန်တော့ဘူးလို့..ဆုံးဖြတ်လိုက်သည်။

+++++

ဇန်န၀ါရီလမို့.. ရေငွေ့ပါတဲ့..လေအေးလေး တချက် ဖြန်းကနဲ..သုတ်လိုက်တိုင်း..ချောင်းကမ်းစပ်က.. မီးပုံကြီး ရဲ့ အနွေးဓါတ်က..ပိုလို့ ချစ်စရာကောင်းနေတော့သည်။ ကောင်ညှင်းပေါင်း ပူပူ နဲ့နှမ်းထောင်းကလည်း.. အရသာ ရှိလှသည်။ မေရာ့ သူငယ်ချင်း ရွာခံလူငယ် တချို့နဲ့..နေ့လည်က..မပြန်ပဲ ကျန်ခဲ့တဲ့..သူတချို့သာ မို့..လူတော့ သိပ်မများလှ။

ရွာမှာ ရှိတဲ့..ဂစ်တာ ၂လက်ကို..ကိုအောင်သာငယ် နဲ့ ကိုဆောင်းယွန်းလ ... ကြိုးစ ညှိလိုက်ချိန်မှာ..အားလုံး ၀ိုင်းလာကြသည်။

ရေလွှာလည်း+++ ခင်းပြန့်ကြည်လင်စေ++++ မိုးဦးလည်း++လှပ သာယာစေ+++
ဘ၀စေရာ တာဝန်+++ ကျေပွန်ဆောင်ရွက်ခဲ့သူတို့.++++ရေစုန်ကို ဆန်ကာပြန်ခဲ့ပြီ++++++

ဂစ်တာကြိုးတွေကို ထိခပ် ထွက်ပေါ်လာတဲ့..သီချင်းသံက.. သူတို့ နှလုံးသား ခံစားမူ ကြိုးတွေ ကိုပါ..နင့်နင့်နဲနဲ.. ထိခပ် လာတော့...

မိုးဦး ရေဆန်++++မိုးဦးရေဆန်+++ ဆယ်လမွန် ငါးတို့အပြန်++++ ဆယ်လမွန်ငါးတို့အပြန်+++ အပြန်+++ အပြန်++ အပြန်++ ဆယ်လမွန်ငါးတို့အပြန်+++

သူတို့ လက်တွေ အချင်းချင်း ဆုပ်ကိုင်ထားရင်း..သံပြိုင် လိုက်ဆို လိုက်ကြသည်။ မီးရောင်ဟပ်နေတဲ့..မျက်လုံးတွေရဲ့.. အကြည့်တစုံစီမှာ... အဓိပ္ပါယ်တွေ ပြည့်ဝလို့။
-
++++++

(ပန်ဒိုရာ ရဲ့.. တိမ်တွေကြားမှာ မှုန်းထားတဲ့ပန်းချီ နဲ့..ကိုအောင်သာငယ် ရဲ့ တဂ်လို့ရေးတဲ့စာ ၄ ကို ဖတ်ပြီးသကာလ.. ညီမငယ် Mirror ရေးခိုင်းထားတဲ့..စိတ်ကူးအိမ်မက်များ ဆိုတဲ့ ခေါင်းစဉ်လေးအတွက်.. ခံစားရေးဖွဲ့ပါသည်။ ခင်မင် ပြောဆိုနေကြ...မှတ်ချက်ပေး..နေကြ..ဘလော့ဂါ မိတ်ဆွေ တချို့အား..အလျဉ်းသင့်သလို.. ထဲ့သွင်း ထားခြင်းဖြစ်ပါသည်။ တခြားတခြားသော..ခင်မင်သူ မိတ်ဆွေ အပေါင်းလည်း...ဒီပွဲကို တက်ချင်တယ်..ဆိုရင်.. မိန်းမ၀ိုင်းတ၀ိုင်း..ယောက်ကျားဝိုင်းတ၀ိုင်း..အချောင်ကြီး ထားထားတယ်။ mirror ဆီမှာ..စာရင်းပေးလို့ ရပါတယ်။း))

အားလုံးပဲ နှစ်သစ်မှာ စိတ်ကူးတွေ လှလှလေးတွေ ယဉ်နိုင်ကြပါစေ။


You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Yan Aung] 1 New Entry: Happy Old Year 2008...............

Happy Old Year 2008...............

8..........7.............6............5............4............3............2.........1...

Happyyyyyyyyyy Newwwwwwwwww Yearrrrrrrrrrrrrrrr!!!!

ဆိုတဲ့အသံတွေ တစ်လမ်းလုံးညံနေအောင်၊ တစ်မြို့လုံးလျှံနေအောင်၊ တစ်ကမ္ဘာလုံးဝှမ်နေအောင် ကြားနေရတယ်၊ မြင်နေရတယ်၊ ခံစားနေရတယ်၊ တွေးသိနေရတယ်...

အားလုံး ကိုယ်စီကိုယ်ငှ တစ်စုံတစ်ခုကိုတော့ ဆုံးဖြတ်မိကြမှာပဲလေ...

'ဒီနှစ်ကစပြီး ငါ့ကိုယ်ငါ ဘယ်လိုပြောင်းလဲပစ်လိုက်တော့မယ်...'

'ဒီနှစ်မှာ ငါဘယ်လိုလူစားတစ်ယောက်ဖြစ်လာစေရမယ်...'

'ဒီနှစ်မှာ ငါဘာတွေရယူပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်...'

စတဲ့ ပညတ်မတူပေမယ့် ပရမတ္တသဘောတရားအားဖြင့် တူညီနေတဲ့ ဆုံးဖြတ်ချက်အသစ်တွေ၊ စိတ်သစ်တွေနဲ့ လူသစ်တွေ ထွက်လာနေကြတယ်။ စင်မြင့်တွေပေါ်မှာ၊ ရုပ်မြင်သံကြားတွေထဲမှာ၊ လမ်းမကြီးတွေပေါ်မှာ၊ လမ်းကြိုလမ်းကြား လေးတွေထဲမှာ၊ တိုင်းပြည်ကြီးတွေမှာ၊ တိုင်းပြည်ငယ်လေးတွေမှာ၊ မြို့ပြကြီးတွေမှာ၊ ကျေးရွာဇနပုဒ်တွေမှာ အို... ပြည့်လို့လျှံလို့ပေါ့...

ဘာသာရေး ထုံမွှမ်းသူတွေ၊ ကိုင်းရှိုင်းသူတွေကတော့ ဘာသာတရားရဲ့ အရိပ်အာဝါသကို ခိုမှီပြီး သတ္တ၀ါအပေါင်း အေးချမ်းကြည်လင်ကြစေကြောင်း ဆုတောင်းမေတ္တာတွေ အလျှိုအလျှို ပို့သနေကြမယ် ထင်ပါတယ်...

တကယ်တော့ ၂၀၀၉ ဆိုတာ ၂၀၀၈ ရဲ့နောက်မှာ ဧက၀ှစ်ကိန်းတစ်ခု ထပ်တိုးလိုက်ရုံပါပဲ...

မနေ့က ၂၀၀၈၊ ဒီနေ့ ၂၀၀၉ အထွေအထူး ဘာများဖြစ်ပျက်သွားခဲ့မလဲ...

မနေ့ကလိုပဲ ဒီနေ့မနက်ခင်းမှာ ကျွန်တော်တို့ နိုးထလာခဲ့ကြမယ်. မနေ့ကလိုပဲ ဒီနေ့မနက်ခင်းမှာ အထူးထူးအဆန်းဆန်းသော အာရုံသစ်တွေနောက် တကောက်ကောက် ကျွန်တော်တို့ လိုက်ကြမယ်. ဖြားယောင်းကြမယ်. ဖြားယောင်းခံကြမယ်...

ဒီအရှိန်တစ်ခုဟာ တစ်ပတ်ထက် ပိုမခံတတ်ပါဘူး. ပြီးတော့လည်း အရင်လို ဒုံရင်းဒုံရင်း ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်လက်စီးမျောလိုက်ပါနေကြဦးမှာပါပဲလေ...

ဟက်ပီးနယူးရီးယားးးးးးးးးးးးးးးးး လို့ အားလုံးကြားအောင်၊ ရင်ဘတ်တွေပွင့်ထွက်သွားအောင် အားရပါးရ ဟစ်အော်လိုက်တာထက် နာရီလက်တံလေးတစ်ချက် ၁၂ ဂဏန်းပေါ်ကို အရောက်မှာ ၂၀၀၈ ဆိုတဲ့ ဂဏန်းတွဲလေးတစ်ခု ပြက္ခဒိန်စာမျက်နှာပေါ်က လွင့်စင်ကျပျောက်သွားတာကို ကြည့်နေလိုက်ရတာက ပိုပြီးလေးနက်အသက်ဝင်နေစေခဲ့သလိုပဲ...

နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်ဟာ တကယ်တော့ ပျော်ရွှင်မြူးတူးစရာ ကောင်းလှသလို သံဝေဂရစရာလည်း အတော်ကောင်းပါတယ်.

ကိုယ်နဲ့တစ်နှစ်ပတ်လုံး လက်ပွန်းတတီးနေထိုင်လာခဲ့တဲ့ ၂၀၀၈ ဆိုတဲ့ ပညတ်ချက်လေးတစ်ခု ကိုယ့်ဘ၀ထဲက ထွက်ခွာသွားခဲ့တာကို အနုပညာဆန်ဆန်နဲ့ ကြည့်တတ်ခဲ့မယ်၊ ခံစားတတ်ခဲ့မယ်ဆိုရင်တော့ ကိုယ်သိပ်ချစ်ခဲ့ရတဲ့ အဆွေခင်ပွန်းတစ်ယောက် ကိုယ့်ဘ၀ထဲက အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့သလိုပါပဲ... ခံစားကြေကွဲရစေတယ်.

၂၀၀၉ ကို ကြိုဆိုပါတယ်. ဒါပေမယ့် ကျွန်တော်နဲ့တစ်နှစ်ပတ်လုံး အတူနေထိုင်လာခဲ့တဲ့ ၂၀၀၈ ကိုလည်း သိပ်ကျေးဇူးတင်တယ်.

သစ်လွင်နုပျိုမှုကလွဲလို့ ဘာအမှားအယွင်းမှ မမြင်သေးမရှိသေးတဲ့ နှစ်သစ်တစ်ခုကို ပျော်ရွှင်စွာ ကြိုဆိုနှုတ်ဆက်ဖို့ရာ မခဲယဉ်းလှပါဘူး..

နှစ်ဟောင်းတစ်ခု အိုမင်းရင့်ရော်စွာနဲ့ မျက်လွှာလေးအောက်ချလို့ အဝေးကိုထွက်ခွာသွားခဲ့တာကို တည်ငြိမ်အေးချမ်းစွာ၊ နားလည်ခွင့်လွှတ်တတ်လွန်းစွာနဲ့ ကျွန်တော်တို့ ကိုယ်ချင်းစာသင့်ခဲ့တယ်လို့ မထင်မိဘူးလား မိတ်ဆွေရယ်...

တကယ်တော့ နှစ်ဟောင်းတစ်ခုမှာ အမှားအယွင်းမရှိပါဘူး. ကျွန်တော်တို့ကိုယ်တိုင်မှာသာ အမှားအယွင်းတွေ ရှိနေခဲ့ကြတာပါ. ဒါကိုပဲ ၂၀၀၅ အမှား၊ ၂၀၀၆ အပြစ်၊ ၂၀၀၇ အရှုပ်ထုတ်၊ ၂၀၀၈ အသက်မ၀င်....... ဟော... ၂၀၀၉.... ဒီနှစ်ကတော့ ငါ့နှစ်ပဲလို့ ပြောကြဟောကြရောချနေကြတုန်းပါပဲ.... မကြာခင် ၂၀၁၀ လာဦးမယ်. ၂၀၀၉ ကို ကျွန်တော်တို့ ဒီနေ့လိုပဲ အတ္တနံရံတစ်ခုပေါ်မှာ လွယ်ကူစွာနဲ့ ဖောက်ခွဲမေ့ပျောက်ပစ်လိုက်ကြမှာပါပဲလေ...

ကျွန်တော်ပြန်ပြောပါရစေနော်...

နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်ဟာ တကယ်တော့ ပျော်ရွှင်မြူးတူးစရာကောင်းလှသလို သံဝေဂရစရာလည်း ကောင်းလှပါတယ်...

နာရီလက်တံလေးကို စိုက်ကြည့်ရင်း ကျွန်တော့်မျက်ဝန်းတွေ တဖြည်းဖြည်းချင်း စိုစွတ်လာခဲ့ကြတယ်...

ကျွန်တော်အရာရာတိုင်းကို တန်ဖိုးမထားနိုင်၊ ဂရုမစိုက်နိုင်ပေမယ့် ကိုယ်နဲ့ပတ်သက်ခဲ့ဖူးတဲ့ ၂၀၀၈ ဆိုတဲ့ နှစ်ဟောင်းလေးတစ်ခုကိုတော့ ခမ်းနားစွာ နှုတ်ဆက်ချင်တယ်...

.....

၂၀၀၈ ဆိုတဲ့ ငါ့ရင်ထဲက နှစ်ဟောင်းလေးရေ...

ဒီနှစ်လိုပဲ မနှစ်ကလည်း ဒီလိုအချိန်မှာ ဒီလိုအေးမြနေခဲ့တယ်. ဒါပေမယ့် ဒီလိုအချိန်မှာ ငါဟာ ကော်ဖီဆိုင်တစ်ခုမှာ ထိုင်နေခဲ့ရင်း ၂၀၀၇ အကြောင်း ပြန်ပြောင်းစဉ်းစားနေခဲ့ဖူးတယ်...

အဲဒီ့တုန်းကတော့ ၂၀၀၈ ဆိုတဲ့ မင်းလေးက ငါ့ကော်ဖီခွက်လေးဘေးနားက တစ်ရှုးစာရွက်လေးပေါ်မှာ အခန့်သားနေရာယူထားခဲ့တာပေါ့...

မင်းမှတ်မိဦးမလား...

မင်းကို ၁၂ ပိုင်း ငါပိုင်းခဲ့တယ်. တစ်ပိုင်းစီကို ၂ ခုစီ ထပ်ပိုင်းရင်း တစ်ရှူးစာရွက်လေးပေါင်းများစွာမှာ မင်းရဲ့ အခက်အလက်တွေကို ငါတပ်ဆင်ခဲ့တယ်...

မင်းဟာ ငါ့အတွက် လန်းဆန်းဝေဆာတဲ့ သစ်ပင်တစ်ပင် ဖြစ်ခဲ့ဖူးတယ်...

မင်းနဲ့အတူ ဒီနှစ်ထဲမှာ ဘယ်လိုဟာတွေကို ဘယ်နည်းဘယ်ပုံနဲ့ ရယူအကောင်အထည်ဖော်လိုက်မယ်လို့ တွေးတောဆုံးဖြတ်နေခဲ့ချိန်မှာ ငါ့မျက်ဝန်းတွေက ကော်ဖီခွက်ထဲက ကော်ဖီရည်တွေလို ညိုသွားလိုက်၊ မျက်နှာကြက်ပေါ်က မီးပွင့်လေးတွေလို လင်းလက်သွားလိုက်၊ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ နှင်းမှုန်တွေထဲက ဓာတ်မီးတိုင်တစ်ခုလိုေ၀၀ါးသွားလိုက် ဖြစ်နေခဲ့ရတယ်...

ဒါပေမယ့် အဆုံးသတ်မှာ မင်းနဲ့ငါ ပျော်ရွှင်စွာ၊ ပြတ်သားစွာ၊ ရဲရင့်စွာ၊ ခိုင်မာစွာ ပေါင်းစပ်နိုင်ခဲ့တယ်...

အပြန် ကားလမ်းမအလယ်တည့်တည့်ကနေ ပိုင်စိုးပိုင်နင်းနဲ့ ယုံကြည်ချက်ပြင်းပြင်း လှမ်းလျှောက်လာတဲ့ ငါ့ခြေလှမ်းတွေကို ငွေနှင်းမှုန်လေးတွေက နမ်းရှိုက်ဂုဏ်ပြုနေခဲ့ကြတယ်...

အဲဒီ့တုန်းကတော့ မင်းဟာ ငါ့ဂျင်းဘောင်းဘီအပြာရောင်လေးရဲ့ နောက်ဖက်ကျကျ အိတ်ကပ်လေးထဲမှာ ငိုက်မြည်းနေခဲ့တာပေါ့...

ဒီလိုနဲ့ပဲ စက္ကန့်ကို မိနစ်စား၊ မိနစ်ကို နာရီစား၊ နာရီကို ရက်စား၊ ရက်ကိုလစား၊ လကို နှစ်စားနဲ့ မင်းရဲ့ ပီပြင်ပြတ်သားခဲ့တဲ့ ပုံရိပ်လွှာတွေ တဖြည်းဖြည်းေ၀၀ါးခဲ့ရတယ်...

မင်းရဲ့ မနက်ခင်းတွေဟာ ငါ့မျက်ဝန်းတွေကို ထုံးစံအတိုင်း လာရောက်နမ်းရှိုက်ရင်း နိုးထနေစေခဲ့ပေမယ့် ငါ့ရဲ့ခြေလှမ်းတွေကတော့ သံပတ်ပေးခံထားခဲ့ရတဲ့ စက်ရုပ်တစ်ကောင်ရဲ့ ခြေထောက်တွေလို စေရာသွား၊ ထားရာနေဖြစ်ခဲ့ရတယ်....

မင်းရဲ့ ၀မ်းနည်းမျက်ဝန်းတွေ၊ ယူကျုံးမရဖြစ်တဲ့ ချိနဲ့အပြုံးတွေကို နိုဝင်ဘာ (၈) ရက်မနက်ခင်း၊ တစ်နည်းအားဖြင့် ငါ့ရဲ့ မွေးနေ့မှာ တစ်ခါတွေ့လိုက်ရတယ်...

အဲဒီ့ကတည်းက ငါသိပ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်...

တကယ်တော့ ငါဟာ လွတ်မြောက်ဖို့ ကြိုးစားရင်း နှောင်အိမ်ထဲ ပြန်ဝင်နေခဲ့မိတဲ့ အကျင့်ပါနေတဲ့ ငှက်ငယ်တစ်ကောင် ဖြစ်နေပါရော့လား....

အဲဒီ့နောက်ပိုင်း ငါ မင်းနဲ့ သိပ်ကိုရင်းရင်းနှီးနှီးနေခဲ့တယ်ဆိုတာ မင်းသိမှာပါ...

မင်းနဲ့အတူ ငါ့ရှေ့ရေးအတွက် တိုင်ပင်တယ်. မင်းနဲ့အတူ လေးနက်တဲ့ ဘ၀ဒဿနတွေအကြောင်း ဆွေးနွေးဖြစ်တယ်. မင်းနဲ့အတူ ချိုမြတဲ့ ဂီတသံစဉ်တွေကို ဖန်တီးမွေးထုတ်ခဲ့တယ်. မင်းနဲ့အတူ ကဗျာချိုချိုလေးတွေ ထိုင်ရေးဖြစ်ခဲ့တယ်...

ငါ သိပ်ဝမ်းနည်းတယ်. မင်းမှာ တစ်လပဲ အချိန်ရှိတော့တယ်ဆိုတာကို သိလိုက်ရချိန်မှာပေါ့...

မသွားပါနဲ့လို့ ငါတားချင်ပေမယ့်လည်း တားနိုင်ခွင့်မှ မရှိခဲ့တာ...

ဒီတော့လည်း နေရသမျှ အချိန်လေးအတွင်းမှာ မင်းအတွက် ငါ အကောင်းဆုံး နေထိုင်ပေးခဲ့တယ်. ဒီဇင်ဘာနှင်းတွေ ဝေနေချိန်မှာ ငါ မင်းရဲ့ မျက်နှာလေးကို စေ့စေ့ကြည့်ရင်း ငါ့နှလုံးသားကို မြင်အောင် ကြိုးစားကြည့်တယ်. ဒါ မင်းအသိ.. ဆောင်းလေလေးတွေ မြူးနေချိန်မှာ ငါ မင်းရဲ့ ရင်ခွင်ထဲမှာ ချမ်းမြေ့ကြည်လင်စွာ အိပ်စက်အနားယူရင်း ငါ့ဘ၀ရဲ့ အမောတွေကို ခေတ္တမျက်ခြည်ပြတ်စေခဲ့တယ်... ဒါလည်း မင်းအသိ...

ခရစ်စမတ်သစ်ပင်လေးတွေ အစီအရီထောင်လို့ ဓမ္မတေးသီချင်းလေးတွေ အေးမြချိုလွင်စွာ ပျံ့လွင့်စီးဝင်နေချိန်မှာ ငါ မင်းအတွက် ဖဲကြိုးအနီလေးတစ်ခု သစ်ပင်လေးတစ်ပင်နားမှာ ချည်ပေးခဲ့ဖူးတယ်. အဲဒါတော့ မင်းသိချင်မှ သိမှာပါ...

မကြာခင် လာတော့မယ့် ၂၀၀၉ ဆိုတဲ့ ဧည့်သည်တော်တစ်ယောက်ကို ကြိုဆိုဖို့ လူတွေ တက်ကြွလှုပ်ရှားနေချိန်၊ အ၀တ်အစားသစ်တွေ၊ ပစ္စည်းပစ္စယအသစ်တွေနဲ့ လူတွေလူတွေ ငေးမောပျော်ပါးနေချိန်မှာ မင်း ဘယ်လောက် အားငယ်လိုက်ရှာမလဲ....

ငါ မင်းအနားမှာ တစ်ချိန်လုံး ရှိနေခဲ့တယ်ဆိုတာ မင်းသိမှာပါ...

အားမငယ်နဲ့ကွာ... ဒါဟာ ဘ၀ပဲ... ဒါဟာ အသစ်အဆန်းကိုမှ ခုံမင်မက်မောလွန်းတတ်ကြတဲ့ လူတွေရဲ့ သဘောသဘာဝတစ်ခုပဲ...

ငါလား...

ငါလည်း လူတစ်ယောက်ပါပဲ...

ငါလည်း အသစ်အဆန်းကို တွယ်တာတတ်တာပဲပေါ့... ဒါပေမယ့် ငါ့အပေါ် ကောင်းခဲ့ဖူးတဲ့ ဘယ်သူကိုမဆိုတော့ ဘယ်နေရာ ဘယ်အခြေပဲ ရောက်နေပါစေ ငါ တန်ဖိုးထားမယ်၊ အလေးတယူပြုမယ်. ရှေ့တန်းတင်မယ်...

မင်း ငါ့အပေါ် ဖေးမကူညီ ရပ်တည်ပေးခဲ့ဖူးတယ်...

ဒါကြောင့် ဒီနေ့ ဒီဇင်ဘာ (၃၁) ရက်ညမှာ ငါ မင်းရဲ့ ဆတ်ဆတ်ခါတုန်ယင်နေတဲ့ နှလုံးသားငယ်လေးကို ယုယစွာ ပိုက်ထွေးထားရင်း မင်းနဲ့အတူ တစ်ညလုံး ရှိနေခဲ့တယ်...

မင်းနဲ့ငါရေးခြစ်ခဲ့တဲ့ အိပ်မက်တွေ မပြီးဆုံးသေးဘူး. ငါ ဆက်လက်သယ်ဆောင်ရင်း အကောင်အထည်ဖော်သွားမယ်.

အခုချိန်မှာ ငါတစ်စုံတစ်ရာကို သိပ်လွမ်းနေခဲ့တယ်...

မင်းနဲ့အတူ ကော်ဖီဆိုင်ထိုင်ခဲ့တုန်းက မျှော်လင့်ကိုးစားတဲ့ မျက်ဝန်းတွေနဲ့ ငါ့ကို မော့ကြည့်အားပေးခဲ့တဲ့ ၂၀၀၈ ဆိုတဲ့ မင်းရဲ့ပုံရိပ်လေးကိုပဲပေါ့...

အရောင်မှေးမှိန်စပြုနေပြီဖြစ်တဲ့ မင်းမျက်ဝန်းလေးတွေကို ငါမြတ်နိုးစွာ နမ်းရှိုက်ပါရစေ...

ငါ မင်းကို လိုက်ပို့မယ်နော်...

အို... မငိုပါနဲ့ကွာ...

ဘယ်သူတွေ ဘယ်လိုပဲ မင်းကို ပစ်ပယ်စမ်းပါစေ... ဘယ်သူတွေ ဘယ်လိုပဲ မင်းကို မေ့လျော့ချင်စမ်းပါစေ... မင်းကို ငါဘယ်လောက်ထိ တန်ဖိုးထားခင်တွယ်တယ်၊ ယုံကြည်လေးစားတယ်၊ ကိုးစားတွယ်တာတယ်ဆိုတာကို မင်း သိထားလိုက်စမ်းပါကွာ...

ဒါဟာ မင်းနဲ့ငါအတွက် တောက်ပလိုက်တဲ့ ကောင်းကင်ဘုံရဲ့ အလင်းတန်းတစ်ခုပဲ...

မင်းမြင်တတ်မယ်လို့ ငါယုံကြည်တယ်...


....
..
.....
..........
...

ခေါင်းလောင်းသံတွေ ဆူညံနေကြပြီ..

ဒါဟာ တစ်ယောက်သောသူကို ကြိုဆိုနှုတ်ဆက်နေတာဖြစ်ပေမယ့် တစ်ယောက်သောသူအတွက်တော့ နှုတ်ဆက်ခွဲခွာဖို့ အချက်ပြနေတာပဲ ဖြစ်တယ်...

ဝမ်းနည်းလိုက်တာကွာ...

ခဏ...

ငါမင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်နမ်းရှိုက်ပါရစေ....

ဒီလှေကားထစ်လေးတွေရဲ့ အဆုံးမှာ မင်းနဲ့ငါ ထာဝရ ဝေးကွာရတော့မယ်နော်...

မင်းနဲ့ခွဲခွာရတော့မှာမို့လို့ ငါသိပ်ဝမ်းနည်းသလို မင်းကြောင့် ငါ့မှာ ဘ၀အသိတရားတွေ တိုးပွားလာခဲ့ရလို့လည်း ငါ သိပ်ဝမ်းသာတယ်...

ဝမ်းနည်းဝမ်းသာမျက်ဝန်းတွေနဲ့ပဲ မင်းရဲ့ မျက်ရည်လေးတွေကို ငါ မြတ်နိုးစွာ ကောက်ယူလိုက်တော့မယ်ကွာ...

နှုတ်ဆက်ပါတယ်နော်....

Happy.... Old.... Year.... 2008!

.....
..
.
.



Credit: The above picture is used from here.

You received this email because you are subscribed to the real_time feed for http://www.yanaung.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: နှစ်သစ်အတွက် အတွေးလက်ဆောင်

နှစ်သစ်အတွက် အတွေးလက်ဆောင်

ပေါ့ပေါ့လေးဖတ်ပြီး လေးလေးနက်နက် စဉ်းစားစေချင်တဲ့ စကားတချို့ ရှိပါတယ်။
ကျနော်ကတော့ မဖြစ်စလောက် အကြည့်နဲ့ ကြီးကြီးကျယ်ကျယ် မြင်ကြည့်တယ်။
ဖွဖွလေး သိလာတော့ ခပ်ပြင်းပြင်း သက်မချမိသွားတယ်။
တကယ်တမ်းတော့လည်း နည်းနည်း ရေးပြီး များများတွေးရမယ့် စာတွေပါ။
မလုံတလုံ ရေးထားတဲ့ စာကြောင်းတွေကို စေ့စေ့ငှငှ ယူတတ်ပါစေလို့ .....

  1. အရာတချို့ကို ဆုံးရှုံးခဲ့ရတောင် သင်ခန်းစာကို လက်မလွတ်ပါစေနဲ့။
  2. လူမှန် နေရာမှန် မရောက်ခင် မတွေ့ချင်၊ မမြင်ချင်၊ မဆက်ဆံချင်တဲ့ လူတွေနဲ့ အနည်းအကျဉ်းတော့ တွေ့ရမှာပါ။ ဒါမှလည်း လူမှန်နေရာမှန် ရောက်တဲ့အချိန်မှာ အင်မတန် ထူးကဲတဲ့ လက်ဆောင်ပါလား ဆိုပြီး တန်ဖိုး ထားတတ်မှာပေါ့။
  3. နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနယ်ပယ်ထဲက ခံစားချက်တွေ၊ တောင့်တမှုတွေ၊ ရင်ခုန်မှုတွေ ဖယ်ထုတ်လိုက်မယ် ဆိုရင်တောင် ကိုယ်ချစ်တဲ့ သူ့ကို အမှတ်တရ ရှိနေတုန်း၊ ဂရုစိုက်မိနေတုန်း ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒါ အချစ်ပါ။
  4. ပျော်ရွှင်မှု တံခါး ပိတ်သွားခဲ့ရင် နောက်တံခါးတစ်ချပ်တော့ ထပ်ပွင့်လာဦးမှာပါ။ ဒါပေမယ့် အချိန် အတော်တော် များများမှာ ပိတ်သွားတဲ့ တံခါးကို ကျနော်တို့ စေ့စေ့ကြည့် ငေးမောနေကြရင်း နောက်ထပ် တံခါးတွေ ကျနော်တို့အတွက် ပွင့်လာတာကို သတိမထားမိလိုက်ကြဘူး။
  5. ကျနော်တို့ဆီမှာ ဘာတွေ ရှိနေသလဲဆိုတာကို အဲဒီပစ္စည်းတွေ ဆုံးရှုံးသွားမှ ကျနော်တို့ သိလိုက်ရတယ်။ အဲဒီလို နောက် အမှန်တရား တစ်ခုက အရာတချို့ဟာ ကျနော်တို့ဆီကို ရောက်လာမှပဲ အရင်က လစ်ဟာခဲ့ပါလား ဆိုတာ သိလိုက်ရတယ်။
  6. ဒီစကားတစ်ခွန်းကို ဒီလူတစ်ယောက်ဆီက ပြောတာလေး ကြားချင်ပေမယ့် သူ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဒါပေမယ့် အဲဒီစကားတစ်ခွန်းကိုပဲ တခြားတစ်ယောက်က သူတို့ရဲ့ ရင်ဘတ်ကြီးနဲ့ ပြောလာခဲ့မယ်ဆိုရင် မကြားချင်ယောင် ဆောင်သလို မသိသလို မလုပ်လိုက်ပါနဲ့။
  7. အမြင်အာရုံနောက် မလိုက်ပါနဲ့။ ဒါ အချိန်ရဲ့ လှည့်ဖြားမှုပါ။ ဥစ္စာနောက်လည်း မလိုက်လေနဲ့။ ဒါ ကံကြမ္မာရဲ့ လှည့်ဖြားမှုပါ။ သင့်ကို အမြဲ ပြုံးပျော်စေတဲ့ လူကပဲ သင့်ရဲ့ ဘဝကို အမှောင်ခွင်းပြီး အလင်းဆောင်နိုင်မှာပါ။
  8. အိပ်မက်ကို ရဲရဲကြီး မက်လိုက်ပါ။ ကိုယ်ဖြစ်ချင်တာ လွတ်လွတ်လပ်လပ် ဖြစ်လိုက်ပါ။ သွားချင်တဲ့နေရာကို မလျှော့တမ်း သွားပါ။ သင်ဟာ ဘဝ တစ်ခုတည်း ပိုင်ဆိုင်မှာနော်။ အရာအားလုံးကို လုပ်ဖို့ အခွင့်အရေးဆိုတာ ကြုံတောင့်ကြုံခဲ တစ်ခါတည်းပါ။
  9. သတိမပြုမိတဲ့ စကားလုံးတစ်လုံးဟာ ပြဿနာကို မီးမွှေးနိုင်ပါတယ်။ ရိုင်းစိုင်းတဲ့ စကားလုံးတစ်လုံးဟာ ဘဝကို ပျက်ဆီးစေနိုင်တယ်။ အချက်ကျကျ ပြောတဲ့ စကားလုံးတစ်လုံးဟာ သောကကို မြင့်မားစေနိုင်တယ်။ ချစ်စကားတစ်ခွန်းဟာ အားပြည့်စေနိုင်သလို၊ ဆုတောင်းတိုင်းလည်း ပြည့်သွားသလိုပါ။
  10. လောကမှာ အပျော်ရွှင်ဆုံး လူတွေအတွက် အကောင်းဆုံး ဆိုတဲ့ အရာတိုင်းကို မလိုအပ်ပါဘူး။ သူတို့ဟာ အရာအတော်များများကို နေရာတကျ သုံးတတ်ရုံလောက်ပါ။
  11. ငိုကြွေးတဲ့ သူတွေ၊ နာကျင်တဲ့သူတွေ၊ ပျော်ရွှင်မှုကို ရှာဖွေခဲ့တဲ့သူတွေ နဲ့ ရဖို့ ကြိုးစားခဲ့တဲ့ သူတွေအတွက် ပျော်ရွှင်မှုဟာ အမြဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရင်ဘတ်ကို ထိသွားစေတဲ့ လူတွေရဲ့ အရေးပါမှုကို တကယ်တန်ဖိုးထားတတ်မှ ပျော်ရွှင်မှုဟာ ကိုယ်ထင်ပြမှာပါ။
  12. တောက်ပလာမယ့် အနာဂတ်ဟာ မေ့မေ့ပျောက်ပျောက် ထားနိုင်တဲ့ အတိတ်ပေါ်မှာပဲ အခြေတည် ပေါ်ပေါက်တယ်။ အတိတ်ရဲ့ အမှားအယွင်းတွေ၊ နာကျည်းမှုတွေကို မစွန့်လွှတ်နိုင်သရွေ့ ဘဝဟာ ကောင်းလာစရာ မရှိဘူး။

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Friday, January 2, 2009

[ωДЯɱԼў ωƐԼϾσɱƐ Շσ ɳДў Լўɳɳ'ֆ βԼσɠ] 1 New Entry: Wishing you ALL .... Happy New Year 2009

Wishing you ALL .... Happy New Year 2009


မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကူး အကြိုနေ့လေးပါ။ ၂၀၀၈ ခုနှစ် ကန့်လန့်ကာ ချလို့ ၂၀၀၉ ဆိုတဲ့ နှစ်သစ်ကို ဒီနေ့ သန်းခေါင်ကျော်ရင် ရောက်ပါတော့မယ်။ ဒီနေ့ည ၁၀၁ မှာ ၂၀၀၉ နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ မီးရှူးမီးပန်း အလှပြသမှာဖြစ်ပါတယ်။ ကံကောင်းချင်တော့ မိုးတဖွဲဖွဲ ရွာနေတာ ၃ ရက်ဆက်ဆိုက် ရှိနေပါပြီ။ အပူချိန်က အခုဒီစာ ရေးနေချိန်မှာ ၁၄ ဒီဂရီ စင်တီဂရိတ်ရှိနေပါတယ်။ ညကျရင် ၁၁ ဒီဂရီအထိ ကျဆင်းမှာ ဖြစ်လို့ အအေးလုံတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခဲ့ကြဖို့ တီဗွီသတင်းတွေမှာ ကြေငြာနေတာ တွေ့မြင် ရပါတယ်။

ဘလော့ဂါမောင်နှမတွေ အားလုံးနဲ့ အတူ ဒီအောက်က ဗွီဒီယိုလေးထဲက Auld Lang Syne သီချင်းလေး အတူတူဆိုရင်း ၂၀၀၉ နှစ်သစ်ကို ကြိုဆိုလိုက်ကြရအောင်နော်။ အဲဒီ မူရင်း သီချင်းလေးဟာ ခရစ်နှစ် ၁၇၈၈ တုန်းက စကော့တလန်လူမျိုး Robert Burns က ရေးစပ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ် စကားပြောတဲ့ နိုင်ငံတွေမှာ နှစ်သစ်ကူးည (ဒီနေ့ည) သန်းခေါင် ၁၂ နာရီ အချိန်မှာ သံပြိုင်သီဆိုရင်း နှစ်ကူးကို အားပါးတရ ကြိုဆိုတဲ့ အစဉ်အလာရှိပါတယ်။ တစ်ချို့ နိုင်ငံတွေနဲ့ ဒေသတွေမှာတော့ မိတ်ဆွေတွေ ခွဲခါကာနီး နှုတ်ဆက်သီချင်းအနေနဲ့ သီဆိုတတ်ကြပါသေးတယ်။

ဘလော့ဂါမောင်နှမတွေ အားလုံး ၂၀၀၉ နှစ်သစ်မှာ ကိုယ်စိတ်နှလုံး အေးချမ်းသာယာ ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်...


(Ref: wiki)

You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.