Thursday, December 11, 2008

[ရှင်ရဲထွတ်] 1 New Entry: ကိုဝင်းဇော်ရဲ့ CHALLENGER ကို ဆားချက်ကြည့်ခြင်း

ကိုဝင်းဇော်ရဲ့ CHALLENGER ကို ဆားချက်ကြည့်ခြင်း

ကိုဝင်းဇော်ရဲ့ အတွေးအမြင်လေးကို စာရေးသူ အနေနဲ့ သဘောကျပါတယ်။ ရေးသားတင်ပြပုံလေး ကောင်းပါတယ်။ စာ ရေးသူ အနေနဲ့ ဒီပို့စ်ကို ရေးသားရခြင်းဟာလည်း ကိုဝင်းဇော်ရဲ့ အတွေးအမြင်လေးကို သဘောကျလို့ပါ။ ပြီးတော့ စာရေး သူမှ ဒီပို့စ်လေးဖတ်ပြီး စာရေးသူရဲ့ ထင်မြင်မိတဲ့ အတွေးတွေကို ရေးချင်လာတဲ့ စိတ်တစ်ခုထဲပါ။ ( ကိုဝင်းဇော် နားလည် နိုင်ပါစေ။ )

စာရေးသူ အနေနဲ့ အခက်အခဲဆိုတာဟာ စိန်ခေါ်မှုလို့ မမြင်မိဘူး၊ ရင်ဆိုင်ဖြေရှင်းမှုလို့ မြင်မိတယ်။ ဘာလို့လည်းဆို စာ ရေးသူတို့ရဲ့ ဘ၀လမ်း တစ်လျှောက်မှာ မထင်မှတ်တဲ့နေရာ၊ မမျှော်လင့်တဲ့ အခက်အခဲဆိုတာ ကြုံလာတတ်တယ်၊ ကြုံ လာတဲ့ အချိန်မှာ ဖြေရှင်းနိုင်တဲ့ အရည်အချင်းဆိုတာ ရှိရတယ်၊ ( ဖြေရှင်းနိုင် မဖြေရှင်းနိုင် ဆိုတာကတော့ မိမိရဲ့ ပင်ကိုယ် အရည်အချင်းပဲလို့ စာရေးသူ မြင်မိတယ် )

ကြုံလာတဲ့ အခက်အခဲ မှန်သျှကို စိန်ခေါ်မှု အနေနဲ့ သတ်မှတ်ပြီး ရင်ဆိုင်မယ် ဆိုရင် ပထမဆုံး ဒီအခက်အခဲက ဘာ လည်း ? ငါဖြေရှင်းနိုင်မလား? ကွဲပြားအောင် စဉ်းစားသုံးသပ်ပြီးမှ ငါဖြေရှင်းနိုင်တယ်ဆိုရင် စိန်ခေါ်မှုကို လက်ခံလိုက်။ ဘက်မမျှတဲ့ စိန်ခေါ်မှုဆိုရင် ခံစစ်အနေနဲ့ သုံးသင့်ရင်သုံး၊ လိုအပ်ရင် ခွာစစ်ကိုပါ သုံးရလိမ့်မယ်။ ( ဥပမာ ကိုဝင်းဇော်ရေ မိုက်တိုင်ဆန်ရဲ့ လက်သီးကို ခံနိုင်ဖို့ မလွယ်ဘူးလေ )

တစ်ချို့ အခက်အခဲတွေက ကာယနဲ့သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေ ရှိသလို၊ ဥာဏနဲ့ ယှဉ်ပြိုင်ရတဲ့ စိန်ခေါ်မှု ဆိုတာရှိတယ်။ အဓိက ကတော့ ဘက်ပေါင်းစုံကို ကိုယ့်ဖက်က ပြင်ဆင်မှု အားကောင်းလေ အခက်အခဲကို အောင်မြင်အောင် ဖြေရှင်း နိုင် လေပဲ။ လောကကြီးမှာ စိန်ခေါ်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်တာ ကောင်းပါတယ်၊ မိုက်မဲမှု တွဲပါလာရင် အန္တရယ် များတယ် ဆိုတာ မမေ့လေနဲ့။

တိုက်စစ်ဆင်တာဟာ လွယ်ပေမယ့်၊ တစ်ဖက်ရဲ့ စိန်ခေါ်မှု အားအရမ်းသာလာရင် ခွာစစ်ကို သုံးတတ်ရမယ်။ ခွာစစ်ကို အ သုံးချတတ်ဖို့ဆိုတာ ခက်ခဲပါတယ် တော်ရုံ အသုံးမပြုတတ်ပါဘူး၊ တိုက်စစ် ဆင်နွှဲရင်း အသေသာခံသွားကြတာ များပါ တယ်။ ဒီလို လူမျိုးဟာ စိန်ခေါ်မှု တစ်ရပ်ကို ကွဲပြားအောင် မသုံးသပ်ပဲ ရင်ဆိုင်ဖြေရှင်း ကြလို့ပဲ။ ထိုလူမျိုးအတွက်တော့ ဘ၀မှာ ဆုံးရှုံးမှု များတတ်ပါတယ်။ ( ကိုဝင်းဇော်ရေ ဘာရယ်မဟုတ်ပါဘူး ထင်တာလေးကို ဆားချက်ကြည့်တာပါ )

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂရုံး (BPPU) တွင် နှစ်(၆၀)ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့  ကျင်းပစဉ်

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂရုံး (BPPU) တွင် နှစ်(၆၀)ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့  ကျင်းပစဉ်





















အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ ကို ဒီကနေ့  ထိုင်းနိုင်ငံနယ်စပ်တစ်နေရာမှာ
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ (BPPU) မှာကျင်းပခဲ့ပါတယ် ။ ဒီအခမ်းအနား မှာ
ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် များ ဖြစ်တဲ့ ဒေါ်စန်းစန်း ဦးချစ်တင် တို့ က နိုင်ငံ
ရေးတာဝန်များမအားတဲ့ကြား ကြွရောက်ချီးမြှင့်ကြသလို အဖွဲ့အစည်း အသီးသီး မှ
တာဝန်ရှိသူများလည်းကြွရောက်ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ က မြန်မာနိုင်ငံတွင်း ထောင်တွင်း လူ့ အခွင့်အရေး
ချိုးဖောက် နေမှုများ ကိုယ်တိုင်ခံစားခဲ့ရသော ထောင်တွင်း ဖိနှိပ်ခံရမှု များကိုရှင်းလင်း
တင်ပြသွားပါတယ်။ ထို့ အပြင် BWU / FTUB / နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား
သမဂ္ဂမှလည်း လူ့ အခွင့်အရေးဆုံးရှုံးခဲ့ရသည့် မြန်မာပြည်တွင်းမှအခြေအနေများကို
တင်ပြသွားပါတယ်။ မိမိတို့ အသီးသီးရဲ့ခံစားချက် များပြည်သူလူထုရဲ့ ခံစားနေရမှုများ
ရန်သူကို စုပေါင်းအားနှင့် အမြင်ပြတ်ပြတ် တိုက်ခိုက်ရန်နှင့် စစ်အုပ်စုအားကုလသမဂ္ဂ
တွင် ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားနိုင်ရေးမူကို နိုင်ငံရေး အကျဉ်းသားဟောင်း
ကိုအောင်ခိုင်မှ ဆက်လက်ဆောင်ရွက်သင့်ကြောင်းတင်ပြသွားသည်ကို အခမ်းအနား
တက်ရောက်လာသူများမှတစ်ခဲနက်သဘောတူညီခဲ့ကြသည်။
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂရုံးတွင် အင်္ဂလိပ်စာသင်ပေးနေသော သြစတေးလျ
သူ ဆရာမလေးမှ လည်း သူမ အဖွါးမှာ၈ျူးလူမျိုးတစ်ယောက်ဖြစ်ကြောင်း ဂျူးလူမျိုး
များသည်လည်း လူ့ အခွင့်အရေးအများဆုံးအချိုးဖောက် ခဲခဲ့ရသူများဖြစ်သဖြင့် မြန်မာ
နိုင်ငံသားများအား ကိုယ်ချင်းစာမိကြောင်း သို့ အတွက်ကြောင့် ထိုင်းနိုင်ငံနယ်စပ် သို့ 
လာရောက်၍ မြန်မာတို့ အားကူညီဆောင်ရွက်ပေးနေကြောင်း သူမငယ်စဉ်ကတည်း
လူ့ အခွင့်အရေးချိုးဖောက် ခံနေရသူများအား တက်နိုင်သလောက် ကူညီဆောင်ရွက်
နေကြောင်း အင်္ဂလိပ် ဘာသာစကားဖြင့်ပြောရာ BPPU ဥက္ကဌ ကိုဇော်ငြိမ်းလတ် မှ
ဘာသာပြန် ၍ ဧည့်သည်ပရိတ်သတ်တို့ အားရှင်းလင်းတင်ပြခဲ့သည်။
နိဂုံးချုပ်အမှာစကား ကို BPPU မှ သဘာပတိ တစ်ဦးဖြစ်သော ကိုအောင်စိုး(ခ)
ကိုဂါမဏိမှ လူအခွင့်အရေးသည်တောင်းနေရုံ ပြောနေရုံနဲ့မပြီး လူ့ တာဝန်တွေကြေ
ပြွန်ကြရန်အဓိကလိုအပ်ကြောင်း ပြောကြားသွားပါသည်။

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[May Nyane] 1 New Entry: မြသီလာအလွမ်းပြေ(၂၂)

မြသီလာအလွမ်းပြေ(၂၂)

ဘားအံ.. တဲ့။ ကျမ တခါမှမရောက်ဖူးတဲ့ ဒေသလေး။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘားအံက သာမညဆရာတော်ကြီး ကြောင့် ဂုဏ်သတင်းကျော်စော စည်ကားစပြုနေတဲ့ အချိန်။ အဲသည် ၁၉၉၅မှာတုန်းက ဘားအံကို သွားမယ် ဆိုရင် စော်ဘွားကြီးကုန်း ကားဂိတ်ကနေ မြိုင်ကလေးထိ ကားစီး။ မြိုင်ကလေးရောက်ရင် သံလွင်မြစ်ကို ဇာက်သင်္ဘောတို့ ပဲ့ထောင်တို့နဲ့ ဖြတ်ကူးမှ တဘက်ကမ်းက ဘားအံမြို့ကလေးဆီကို ရောက်ပါတယ်။ အဲဒီ ဘားအံမြို့ကလေးဆီ စလာရတဲ့ နေ့က တနင်္ဂနွေနေ့ပါ။ နက်ဖန် တနင်္လာဆို တာဝန်ကျရာကျောင်းမှာ အလုပ်စ၀င်ပါပြီလို့ Duty report လို့ခေါ်တဲ့ သတင်းပို့စာ တင်ရမှာလေ။ အဲဒီ တနင်္လာနေ့မှာပဲ ၁၉၉၅-၉၆ ပညာသင်နှစ်ရဲ့ အတန်းတွေ စဖွင့်မှာလည်း ဖြစ်ပါတယ်။

တခါမှမရောက်ဖူးတဲ့ဒေသကို လာရတာမို့ သားကို သူ့အဖိုးအဖွား(ယောက္ခမတွေ)နဲ့ ထားခဲ့ရပါတယ်။ သားကို လွမ်းတဲ့ အလွမ်းတွေကို ပွေ့ပိုက်ပြီး ထွက်လာရတဲ့ ခရီးက လွမ်းစရာကောင်းသလို စိတ်အားငယ်စရာလည်း ကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဘ၀ကို တယောက်တည်းရင်ဆိုင်နိုင်ဖို့ ကျမ ကျင့်ယူရတော့မယ့်ခရီးလည်း ဖြစ်တာမို့ အားမွေးနေရတာကိုလည်း ခုထိ သတိရနေပါသေးတယ်။ လမ်းခရီးမှာ အားငယ်စိတ်ပေါ်လာတိုင်း ကျမ ဘားအံကို ပြောင်းရမယ်ဆိုတာ သိရတော့ "အမေတယောက်တည်း ဖြစ်ပါ့မလား.. ကျနော်တို့လိုက်ပို့မယ်" ဆိုတဲ့ ၉၄-၉၅ ဘူမိဗေဒပထမနှစ်က သားတွေကို ခေါ်ခဲ့ရကောင်းသားလို့လည်း တွေးမိတယ်။ ဒါပေမဲ့ အညိုရောင် နယ်မြေဆိုတဲ့ ဒေသကို သူများသားသမီးလေးတွေ မခေါ်သင့်တာနဲ့ တမင် ထားခဲ့ရတာလေ။

အဲဒီနေ့မှာ... ကျမစီးလာတာက မနက် ၈နာရီမှာ စထွက်တဲ့ Hilux အမြန်ကားကို ခေါင်းခန်းက။ လမ်းမှာ ဖြတ်ခဲ့သမျှကတော့ ကျမနဲ့ မစိမ်းတဲ့ ၀န်းကျင်တွေ..။ ကျမက နှစ်တိုင်းလိုလို ကျိုက်ထီးရိုးဘုရား ဖူးနေကျဆိုတော့ ကျိုက်ထိုထိက ကျမသိတဲ့ နေရာတွေ..။ အဲဒီနေ့မှာတော့ ကျိုက်ထိုကို ကျော်ပြီး စသွားဖူးတဲ့ ခရီးပေါ့။ ကျိုက်ထို.. ဘီးလင်း သထုံ...။ သထုံကနေ လမ်းခွဲပြီး ချိုးမှ ဘားအံလမ်းပေါ် ဦးတည်တာ။ လမ်းတလျှောက် သစ်ပင်သစ်ရိပ်တွေ စိမ်းစိမ်းစိုစို.. စပါးခင်းတွေ ၀ါဝါ၀င်းဝင်း..။ အဲလိုနဲ့ တနေရာရောက်တော့ ခပ်ဝေးဝေးမှာ တောင်ကြီး တစ်လုံးကို လှမ်းမြင်လိုက်ရတယ်။ သိပ်ထင်ရှားတဲ့ ရှားရှားပါးပါး ပုံသဏ္ဍန်က ထင်းလို့။ ဘယ်သူမှ လာပြောပြစရာမလိုဘဲ သိနိုင်တဲ့ ဇွဲကပင်တောင်ကြီးပေါ့..။ အဲလိုနဲ့ သိပ်မကြာခင်မှာပဲ မြိုင်ကလေးကိုရောက်ပြီ.. တဲ့။ နာရီကြည့်တော့ ၁၁နာရီခွဲ..။ မြန်လိုက်တာပေါ့။

မြိုင်ကလေးကနေ မြစ်ကူးရမယ်လို့တော့ သိပြီးသားပါ။ ကျမအရင် ဘားအံမှာ တာဝန်ကျတဲ့ ကိုမင်းသိုက်မွန်က သေချာပြောပြပြီးသားလေ။ မြိုင်ကလေးရဲ့ ကမ်းနဖူးမှာ ရပ်ရင်း ဟိုတဘက်ကမ်းဆီမှာရှိတယ်ဆိုတဲ့ ဘားအံမြို့ဆီ လှမ်းကြည့်ကာမှပဲ ကျမက အဲဒီမြင်ကွင်းမှာ မင်သက်သွားတော့တာ။ တောတန်း.. တောင်ကုန်း တောင်တန်း.. မြစ်ကမ်း.. ထန်းပင်မြင့်မြင့်တွေ အစီအရီ...။ သံလွင်မြစ်အနားသတ်နဲ့။ နောက်မှာ ဇွဲကပင် တောင်ကြီးက မားမားကြီး ကာရံအုပ်မိုးလို့။ ရင်သွေးကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ရင်း ငုံ့ကြည့်နေတဲ့ မိခင်လို..။ အဲဒီမြင်ကွင်းဟာ ကျမ ဘယ်တော့မှ မေ့မရတော့တဲ့ ဘားအံပေါ့။

သံလွင်မြစ်ကိုကူးဖို့ မြစ်ကမ်းနဖူးကနေ ဆင်းတဲ့အခါမှာတော့ ရန်ကုန်သူ ကျမ အခက်တွေ့တော့တယ်။ လက်ဆွဲသေတ္တာ တဘက်.. လွယ်တဲ့ အိတ်တဘက်နဲ့။ ဆင်းရမယ့် သောင်ခြေက ရွှံ့သက်သက်။ ဆင်းတဲ့သူတွေက ဖိနပ်တွေ ချွတ်ပြီးဆင်းကြတာ။ ကျမက မရွံပေမဲ့ ချော်လဲမှာကို ကြောက်တယ်။ ဒါပေမဲ့ ဒါ.. ကျမ မဖြစ်မနေ ရင်ဆိုင်ရမယ့် ကိစ္စ။ ကျမလည်း ဖိနပ်ချွတ်ပြီး ရွှံ့ထဲ စွပ်ကနဲ စွပ်ကနဲ နင်းရင်း ရေစပ်ထိ ဆင်းရပါတော့တယ်။ ရေစပ်ရောက်တော့ သံလွင်မြစ်ရေအေးအေးမှာ ခြေထောက်မှာ ကပ်နေတဲ့ ရွှံ့တွေကို ဆေးကြရပါတယ်။ ဟော.. ကျမ သံလွင်နဲ့ မိတ်ဆက်ခဲ့ပြီ။

ဘေးဘီကို အကဲခတ်တော့ ပြောသံကြားပါတယ်။ ခုပဲ ဇာက်က ထွက်သွားတာတဲ့..။ နာရီဝက်ကြာမယ်တဲ့။ စက်လှေနဲ့ ကူးမလားတဲ့။ ကျမက ရေလုံးဝ မကူးတတ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲမသိ.. တဟဲဟဲစီးနေတဲ့ သံလွင်ကို ကျမစိတ်ထဲ နည်းနည်းမှ ကြောက်မနေခဲ့ပါ။ အိုကေ.. သွားမယ်ပေါ့.. စက်လှေနဲ့ပဲ..။ စက်လှေပေါ် လူတွေ တက်တာ အယောက်၂၀ မကဘူး ထင်ပါတယ်။ ကျမကြားဖူးတာ လှေအဆင်း မြင်းအတက်.။ ခက်တယ်ပေါ့.. အန္တရာယ်ရှိတယ်ပေါ့။ ကျမအတွက်ကတော့ လှေအတက်လည်း ခက်တာပါပဲ။ ဘေးနားက လူတွေက ကျမရဲ့ အထုပ်အပိုးတွေ ကူသယ်ပေးတာတောင် ကျမက အယိုင်ယိုင် အထိုးထိုးနဲ့ လှေပေါ်တက်ရပါတယ်။ (နောက်ပိုင်းတော့ အရမ်းကျွမ်းသွားတာ)။ စက်လှေထွက်တော့ ကျမ စိတ်တွေ ပေါ့ပါးသွားလိုက်တာ။ မြင်မြင်ရသမျှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး လှလိုက်တာ.. လှလိုက်တာနဲ့။ သောင်ပြင်တွေ.. စိုက်ခင်းတွေ.. ငါးဖမ်းလှေတွေ.. ကျောက်တောင်တွေ.. ထုံးဖြူဖွေးဖွေး စေတီလေး တွေ..။ ကျမဖြင့် ရေမကူးတတ်ပါဘဲနဲ့လည်း ကြောက်ဖို့ သတိမရ။ အဲသလို.. ချစ်တဲ့ ဘားအံက ကျမကို သာတောင့်သာယာ ကြိုခဲ့တာပါ။

+++++

မေလရဲ့ နေ့လယ် မွန်းတည့်နေအောက်မှာ ဘားအံက သိပ်မပူသလိုပဲလို့ ကျမ ခံစားရပါတယ်။ တဘက်ကမ်း ရောက်တော့ ဆိုက်ကားနဲ့ မြင်းလှည်းတွေ ရပ်ထားပါတယ်။ မြင်းလှည်းက ဈေးကြီးတယ်လို့ ဆရာမင်းသိုက်မွန် က မှာလိုက်ပေမဲ့ အင်မတန်စိတ်ကူးယဉ်တဲ့ ရန်ကုန်သူ ကျမက ဒီတခါတော့ မြင်းလှည်းပဲ စီးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဟော... လှေအဆင်းပြီး မြင်းအတက်ပေါ့။ ဒါပေမဲ့ လှည်းဆိုတော့ မခက်လှပါဘူး။ ဘားအံကောလိပ်ကို ဘယ်လောက်ပေးခဲ့ရလဲတောင် မမှတ်မိတော့ပါဘူး။ လမ်းတလျှောက် သတိထားမိတာ ကတော့ ကုန်းတက်ကုန်းဆင်း လမ်းကလေးတွေ.. မြို့ပြမဆန်တဲ့ တိုက်တာအိမ်ခြေကလေးတွေနဲ့ မြို့ရဲ့ တစင်းတည်းသော ဗဟိုလမ်းပေါ်မှာ ကုန်အပြည့်တင်လာတဲ့ ကားအမျိုးမျိုး သွားလာနေတာ...။ "သာမည" ဆိုတဲ့ စာတမ်းပါ ဟိုင်းလတ်ကားလေးတွေ ဖြတ်သွားချိန်ကလွဲရင် မြို့ကလေးက လူခြေ တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်သွေ့သွေ့ ရှင်းရှင်း လင်းလင်း ရှိနေတာ။

+++++

ဘားအံကောလိပ်.. တဲ့။ မြင်းလှည်းပေါ်ကအဆင်းမှာပဲ အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ ကျောင်းဝင်း လေးကို တန်းကနဲ မြင်ရပါတယ်။ ခြံစည်းရိုးက ပုဏ္ဏရိပ်ကြီးနဲ့ စက္ကူပန်းရောင်စုံတွေ..။ ကျောင်းပိတ်ရက်မို့ ကျောင်းဝင်းကလည်း တိတ်ဆိတ်နေပါတယ်။ ဦးဆုံးသွားရမှာက ကျောင်းအုပ်ကြီး 'ဦးစောလောရင့်စ်သော်' ဆီကို..။ အင်မတန် အေးချမ်းနူးညံ့တဲ့ ဆရာကြီးပေါ့။ ဆရာကြီးက ချက်ချင်းပဲ ကျမကို နေဖို့ အိမ်ကလေး စီစဉ်ပေးပါတယ်။ မြန်မာစာဌာနက ဌာနမှူးဆရာတွေ အစဉ်အဆက်နေခဲ့တဲ့ အိမ်..တဲ့။ ဒီတော့မှပဲ ကျမက ဘားအံကောလိပ်မှာ မြန်မာစာဌာနမှူး အနေနဲ့ တာဝန်ယူရမှာလားလို့ မေးရပါတယ်။ ဆရာကြီးက ပြန်ပြောပါတယ်။ Transfer ကျလို့ ရောက်မယ့် ၃ယောက်မှာ ကျမက စီနီယာမို့ ဌာမှူးတာဝန် ယူရမယ်.. တဲ့။

(တကယ်တော့ ကျန်တဲ့ တာဝန်ကျဖော် နှစ်ယောက်ကလည်း အတန်းတူသူငယ်ချင်းတွေပါ..။ လက်ထောက် ကထိက ရာထူးတူ ဆရာမတယောက်နဲ့ နည်းပြဆရာတယောက်.. နောက်ပိုင်း မောင်နှမတွေလို ဖြစ်သွားကြ ရပြီး တက်ညီလက်ညီရှိလှတဲ့ လုပ်ဖော်ကိုင်ဖက်တွေ)။

ကျမ ဒုက္ခပဲ.. လို့ တ-လိုက်မိပါတယ်။ ကျမ လုပ်နိုင်ပါ့မလား။ တခါမှလည်း အုပ်ချုပ်ရေးကို မကိုင်ဖူးတဲ့အပြင် အသက် ၃၀ ဆိုတာကလည်း ဌာနမှူးလုပ်ဖို့အတွက် ငယ်လွန်းပါတယ်။ ဆရာကြီးက တော့ စိတ်မပူပါနဲ့.. အဆင်ပြေမှာပါတဲ့။ ဘားအံကောလိပ်က မော်လမြိုင်တက္ကသိုလ်ရဲ့ လက်အောက်ခံမို့ မော်လမြိုင်တက္ကသိုလ်က ပါမောက္ခရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရုံပါပဲ..တဲ့။ ပြီးတော့ ဘားအံကောလိပ်မှာ ပထမနှစ် ဒုတိယနှစ် နှစ်တန်းပဲ ရှိပြီးတော့ ကျောင်းသားအားလုံးပေါင်းမှ တသောင်းကျော်ပဲ ရှိပါတယ်.. တဲ့။ မြန်မာစာမေဂျာကျောင်းသား အယောက် ၃၀တောင် မပြည့်ပါဘူးတဲ့...။ ဆရာကြီးတို့လည်း ၀ိုင်းကူမှာပေါ့.. တဲ့။ ဒီလိုနဲ့ပဲ ယောင်တိယောင်ကမ်း နဲ့ မြန်မာစာဌာနမှူး လုပ်ရပါလေရောပေါ့။


(ဌာနမှူးလို့ ပြောတာပဲ)
+++++

အဲဒီနေ့က ကျမနေရမယ့် ကျောင်းရှေ့ အောင်နန်းလမ်းသွယ်ထဲက အိမ်ကလေးဆီကို လာတော့ ကျောင်းက စာရေးတယောက်က လိုက်ပို့ပေးပါတယ်။ ဆရာမတွေနေတဲ့ အိမ်ဝင်းလေးက ခြံတံခါးလေး အသာစေ့လို့။ ခြံဝင်းထဲမှာ ခေါင်နိမ့်နိမ့် အုတ်တိုက်ဝါ၀ါလေးတွေ ၅လုံးတွဲ မျက်နှာချင်းဆိုင် ၂တန်း ရှိနေပါတယ်။ တိုက်ကလေးတွေ ရှေ့မှာ သရက်ထည်ပန်းပင်လေးတွေ.. လေးနာရီပန်းပင်လေးတွေ.. ပန်းအိပင်ပုလေး တွေ..။ တိုက်ခန်းတွဲ နှစ်တန်းကြားက လမ်းကလေးအတိုင်းဝင်သွားတော့ လမ်းအဆုံးမှာ ဂိုဒေါင်ပုံစံ အုတ်တိုက်ရှည်ကြီး တစ်လုံး။ အဲဒီ အုတ်တိုက်ဝမှာတော့ ပြူတစ်ပြူတစ်နဲ့ ကျမကို ချောင်းကြည့်နေတဲ့ မိန်းကလေးတွေ.. ကျောင်းသူလေးတွေပေါ့။ နောင်တော့ ကျမကိုယ်တိုင် မွေးထားတဲ့ သမီးတွေလို ချစ်ရတဲ့ ကလေးတွေ ဖြစ်လာ တာပေါ့။

အဲဒီ အုတ်တိုက်ရှေ့နားရောက်မှပဲ အုတ်တိုက်ရဲ့ညာဘက်မှာ ရှိနေတဲ့ ရေနံချေးဝနေတဲ့ သစ်သားအိမ် နိမ့်နိမ့် စုတ်ချာချာကလေးတစ်လုံးကို သစ်ပင်တွေကြားထဲမှာ တွေ့လိုက်ရတာ။ နဘေးမှာက ငှက်ပျောပင်တွေ သင်္ဘောပင်တွေ.. အိမ်ဝမှာက ရွက်လှကျားကျားနဲ့ ဇော်စိမ်းတွေ..။ အိမ်ရှေ့ မျက်နှာစာမှာက ဂမုန်းတွေ..။ အိမ်နောက်ဘက်မှာက ငှက်ပျောပင်နဲ့ ပေါက်ပန်းဖြူပင်... ပွေးမဲဇလီပင်တွေ..။ ကျမနေရမယ့် အိမ်ကလေးတဲ့..။ အဲဒီ ညစ်ပတ်ရှုပ်ပွနေတဲ့ အိမ်ကလေးကို ဘေးကျောင်းသူဆောင်(နောက်တော့ မြမဉ္ဇူဆောင်လို့ နာမည်ပေးလိုက်ပါတယ်)ထဲက သမီးတွေကပဲ အိမ်ကို ရေတွေဆေးချကြ.. ၀ိုင်းရှင်းလိုက်ကြတာ ခဏလေး။ အဲဒီညနေမှာပဲ ဒုတိယနှစ်မြန်မာစာအဓိကတန်းက ကျောင်းသား ၃ယောက်က ကျမကို လာတွေ့ပါတယ်။ အင်မတန် လိမ်မာယဉ်ကျေးပြီး သိမ်မွေ့တဲ့ ယောက်ျားလေးတွေပါပဲ။ ဒုတိယနှစ် မေဂျာ ကျောင်းသား ကျောင်းသူက ၇ယောက်တဲ့။ ကျမပြုံးမိသွားခဲ့ပါတယ်။ မိန်းကလေး ၂ယောက် ယောက်ျားလေး ၅ယောက်တဲ့။ လာတွေ့တဲ့ ကျောင်းသား၃ယောက်က နယ်ခံ ဘားအံဇာတိတွေ..။ အဲဒီ ကလေးတွေ ကျေးဇူးနဲ့ပဲ ကျမရဲ့ မြန်မာစာဌာန တာဝန်ခံဌာနမှူးဆိုတဲ့ တာဝန်ကို သေသေချာချာ ကျေနိုင်ခဲ့တာလို့ ပြောရမယ့် အဖြစ်လေးတွေ ကိုလည်း ရေးဦးမှာပါ။

+++++

အဲဒီညနေမှာပဲ ကလေးတွေက ကျောင်းဝင်းထဲ လိုက်ပြပါတယ်။ လှိုင်ကလာတဲ့ ကျမအတွက်တော့ ဘားအံကျောင်းဝင်းကို ကြည့်ပြီး ကလေးတွေကို သနားနေမိပါတယ်။ ဘားအံကောလိပ်ဆိုတဲ့ ကျောင်းဝင်းက ရန်ကုန်က အထက်တန်းကျောင်းဝင်း တ၀င်းစာ လောက်တောင် မကျယ်ပါဘူး။ လေးထောင့် စတုရန်းပုံကျကျ မျက်နှာချင်း ဆိုင်ထားတဲ့ အဆောက်အဦးတွေက တန်းလျားဆန်ဆန်..။ အဲဒီ လေးထောင့်တန်းလျားတွေထဲမှာမှ စာသင်ဆောင် နှစ်ဆောင်ပဲ ရှိပြီး စာသင်ခန်းအားလုံးပေါင်း ၇ခန်းပဲ ရှိပါတယ်။ practical ခန်း ၂ခန်းပါမှ ၉ခန်းပါ။ နောက် အဲဒီ တန်းလျားအဖွဲ့အစည်းထဲမှာပဲ အဆောင်နေကလေးတွေအတွက် ကျောင်းသားဆောင် ၃ဆောင်နဲ့ ကျောင်းသူဆောင် တဆောင်ပဲ ရှိတဲ့ ကောလိပ်လေးပါ။ ကျန်တဲ့ အခန်းလေးတွေက ဘာသာရပ်ဆိုင်ရာ ဌာန အခန်းတွေ..။ ဒါတောင် တချို့ ဘာသာကလေးတွေဆို ဌာနပေါင်းပြီး ထိုင်ကြရပါတယ်။ ဥပမာ... ပါဠိ (အရှေ့တိုင်းပညာ) ဆိုရင် မြန်မာစာဌာနမှာ လာပြီး ပေါင်း ထိုင်ရပါတယ်။ ကျမတို့ရဲ့ မြန်မာစာဌာနက ကျောင်းအ၀င် ညာဘက်ခြမ်းလေးမှာ။ ကျောင်းရှေ့ဘက် လမ်းမက ကြည့်ရင် လှမ်းမြင်နေရတဲ့ အခန်းလေးပေါ့။ စားပွဲလေး ၅လုံးနဲ့ မတ်ရပ်ဘီဒိုတလုံးပဲ ရှိတဲ့ ဌာနလေး။ ကျောင်းဝင်းခြံစည်းရိုးအပြင်ဘက်မှာ လှမ်းမြင်နေရတဲ့ လယ်ကွင်းတွေ (စိုက်ပျိုးရေးကျောင်းပိုင်)နဲ့ ကြာအင်းတောင်သွယ်လေးကလွဲလို့ တက္ကသီလာမြကျွန်းသာ ဆိုတဲ့ နာမည်မျိုးနဲ့ လိုက်ဖက်တဲ့ မျက်စေ့အေးစရာ မျက်စေ့ပသာဒ ဖြစ်စရာ ဘယ်လို ရှုမျှော်ခင်းမျိုးမှ ရှိမနေတဲ့ အဲဒီ ကျောင်းဝင်း လေးဟာ ကျမ ခံစားချက်ထဲမှာတော့ သနား ကရုဏာ သက်စရာပါပဲ..။

+++++

ဘားအံကောလိပ်ဝင်းရဲ့ ညာဘက်ကတော့ စိုက်ပျိုးရေးကျောင်းပါ။ ဘယ်ဘက်ခြမ်းကတော့ မြို့ပတ်လမ်းပေါ့။ မြို့ပတ်လမ်းလေးအတိုင်း ၀င်သွားရင် စိုက်ပျိုးရေးဌာနပိုင် စိုက်ခင်းတွေ လယ်ကွင်းတွေ.. ငါးမွေးကန်တွေနဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ ကြာကန်တွေ တွေ့မယ်။ အဲဒီကနေ ဆေးရုံကုန်းဘက်ကို ထွက်နိုင်တာပေါ့။ နောက်ပိုင်း ညနေတွေမှာ စိတ်တူကိုယ်တူ သူငယ်ချင်းဆရာမတွေနဲ့ ကျမ မကြာခဏ ထွက်လျှောက်တဲ့ လမ်းလေးပေါ့။ အဲဒီ လမ်းတလျှောက်မှာတော့ ကရင်လူမျိုးတို့ရဲ့ ဓလေ့အတိုင်းဆောက်ထားတဲ့ ခြေတံရှည် အိမ်မြင့်လေးတွေကိုလည်း တွေ့နိုင်ပါတယ်။ အေးချမ်းတဲ့ လမ်းကလေးပေါ့။ အင်မတန် ရိုးစင်းပေမဲ့ ဘားအံဟာ ကျမအတွက်တော့ ရိုးသားရောင့်ရဲခြင်းနဲ့ ဖမ်းစားနိုင်တဲ့ မြို့ကလေးပေါ့။ ဆရာမဘ၀တလျှောက် အင်မတန် ချစ်စရာကောင်းတဲ့... သစ္စာရှိတဲ့.. နောင်ကာလ အကြာကြီးအထိ ကျမကို ချစ်ခဲ့တဲ့ တပည့်လေးတွေနဲ့ တွေ့ခဲ့ ကြုံခဲ့ရတဲ့ မြို့ကလေးလည်း ဖြစ်ပါတယ်။

+++++

တနင်္လာနေ့မှာတော့ ကျမနဲ့အတူ တာဝန်ကျတဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာ ကြပါတယ်။ ဆရာမက ကျမထက် အသက်ကြီးတာမို့ ကျမက "အစ်မ'လို့ ခေါ်ပါတယ်။ နောက်တော့ တကယ့် ညီအမလိုချစ်သွားပြီး သူ့မောင်နှမတွေခေါ်သလို အမကြီးလို့ပဲ ခေါ်တော့တာ။ နောက်တယောက် ဆရာကတော့ တကယ့် ပြောမနာ ဆိုမနာ သူငယ်ချင်း..။ သူကလည်း ကျမထက် အသက် နည်းနည်း ကြီးတယ်။ သူနဲ့ ကျမကတော့ ဆရာ ဆရာမတောင် မခေါ်။ တယောက်နဲ့တယောက် နာမည်ပဲ ခေါ်ကြတာ။ ကျမတို့ ၃ယောက် ဘားအံကောလိပ်မှာ နေခဲ့ကြရတဲ့ ၃နှစ်လုံး တခါမှ စိတ်ဝမ်းမကွဲဘဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ချစ်ချစ်ခင်ခင်ရှိခဲ့ကြတာ သိပ် စိတ်ချမ်းသာစရာ ကောင်းတာပါပဲ။ (ခုတော့ သူတို့နှစ်ယောက်လုံး လည်း အလုပ်ထွက်သွားကြရပါပြီ။)

အဲဒီ တနင်္လာနေ့မှာပဲ ကျမတို့ဆီကို မော်လမြိုင်ဌာနချုပ်က စာရောက်လာပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လုပ်မယ့် သင်ရိုးညွှန်းတန်းအစည်းအဝေးကို တက်ဖို့ မော်လမြိုင်တက္ကသိုလ်ကို အင်္ဂါနေ့မှာ အရောက်လာပါတဲ့။ ဘုရားရေ.. နက်ဖန်ပဲ အဂါင်္..။ သူငယ်ချင်း၃ယောက် ခေါင်းချင်းဆိုင်ကြ..။ ဘယ်လိုလုပ်ရပါ့ပေါ့..။ တယောက်မှ မော်လမြိုင်ကို မရောက်ဖူး..။ တကယ်တမ်းကျတော့ ကျမတို့ မြန်မာစာဌာနတခုတည်း သင်ရိုးအစည်းဝေးမဟုတ်ဘဲ ဘာသာရပ်ဆိုင်ရာဌာနမှူးတိုင်း သူတို့ ဌာနချုပ်တွေဆီ သွားရတာပါ။ ဒီတော့ ပါဠိဌာနက ဆရာမ မဝေ(အင်မတန် ချစ်စရာကောင်းတဲ့ စိတ်ထားဖြူစင်တဲ့ ကရင်အမျိုးသမီး)က သူနဲ့ တူတူသွားမှာပေါ့.. တဲ့။ မြန်မာစာဌာနအရောက် သူလိုက်ပို့ပေးပါ့မယ်.. တဲ့။ (နောက်တော့မှ အဲလိုပဲ မော်လမြိုင်ကို ခဏခဏ သွားရမယ်ဆိုတာကို သိတာပါ)။ ကျမတို့သာ တဌာနလုံး ၃ယောက်တည်းရှိလို့ ၃ယောက်လုံးကို ခေါ်တာလေ။ အဲဒီ အင်မတန်အားကိုးရတဲ့ မြန်မာစာ ဒုတိယနှစ်က ကလေးများက ကျမတို့ရဲ့ ပထမဆုံး ဘားအံ - မော်လမြိုင် ခရီးစဉ်အတွက် သင်္ဘောလက်မှတ် ၀ယ်တာက အစ သင်္ဘောဆိပ်ဆင်းတဲ့အထိ စီစဉ်ပေးပါတယ်။ ဒါနဲ့ပဲ.. နောက်တနေ့ အင်္ဂါနေ့ရဲ့ မနက်၇နာရီထွက်မယ့် အထူးသင်္ဘောနဲ့ မော်လမြိုင်တက္ကသိုလ်ကို သွားခဲ့ကြရပါတယ်။ ကျမကို ဖမ်းစားခဲ့တဲ့ နောက်ထပ် မြို့ကလေးတမြို့ဆီ..................


(မော်လမြိုင်အသွား ပြည်သာယာ ဇာက်သင်္ဘောပေါ်မှာ)


+++++


You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 4 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,10th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,10th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ဖို့ အခက်အခဲရှိနေလို့ မိသားစုတွေ စိုးရိမ်

( 2 )Consolation victory for Myanmar

( 3 )မြန်မာ့အရေး ဆောင်ရွက်မှုအတွက် အမေရိကန် သမ္မတကတော် လော်ရာဘုရှ်အား ဂုဏ်ပြု

( 4 )တောင်ကြီးမှ လူသတ်မှု ၃ လကြာသည်အထိ တရာခံမမိသေး

( 5 )မော်လမြိုင်မြို့ရှိ မြိုင်ရတနာဈေးဆိုင်နှင့် ဆိုင်ခန်းငှားရမ်းခ နှစ်ဆမြင့်တက်

( 6 )Prepaid sim card to be introduced in Myanmar

( 7 )Case of mistaken identity

( 8 )How Burma's opposition lost its fear

( 9 )Singapore and Myanmar take points over rivals

( 10 )More savings, investment stressed in Myanmar in face of global financial crisis

( 11 )Will it have an impact on Myanmar's junta?

( 12 )ရန်ကုန်မှာ ခွဲတန်းစနစ်နဲ့ လျှပ်စစ်မီး ပြန်ရပြီ

( 13 )ထိုင်း-မြန်မာနယ်စပ် ကျောက်ဈေးကွက်ပျက်မှုမြန်မာကျောက်မျက်ဥပဒေနှင့်မဆိုင်

( 14 )Still to do on human rights

( 15 )မော်လမြိုင်ဈေးကိစ္စ ဆိုင်ခန်းပိုင်ရှင်များ စိတ်ပူပန်

( 16 )Audience to envoy's wife

( 17 )ပုဂ္ဂလိက ဘဏ် ၂ ခုတွင် ငွေထုတ်မရကြောင်း ကောလာဟလ ပေါ်ထွက်

( 18 )3rd flower festival to be held in Myanmar N city

( 19 )ဧရာဝတီတိုင်းတွင် နာဂစ်ကြောင့် ဘုန်းကြီးကျောင်း (၂,၀၀၀) နီးပါးပျက်စီး(၇) လကြာသည်ထိ ပြုပြင်မှု နှေးကွေး

( 20 )Turning Back the Clock

( 21 )နိုင်ငံတကာ ဥပဒေစံနှုန်းနှင့်အညီ ကျင့်သုံးရန် စစ်အစိုးရကို တောင်းဆို

နအဖရဲ့ နျူးကလီးယားအိပ်မက်

ဂါမဏိ

နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်

ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုး ပမ်းမယ်လို့ ဗမာစစ်အစိုးရရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထ မြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင်အာရှမှာ စစ်အင်အားအတောင့်ဆုံးနိုင်ငံ ဖြစ်သွားပါလိမ့် မယ်။

ဗမာပြည်ဟာလည်း "စတုတ္ထမြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေး အရခြိမ်းခြောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါးအန္တရာယ်ပြု ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီး ယားဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသနလုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှုသက်သက်သာဖြစ်ပါတယ်။( ဆက်ဖတ်ရန် ) စီမံကိန်းနောက်ခံ

နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင် ခဲ့ပါတယ်။ နဝတဟာ နျူကလီးယားနည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပ ဗေဒပါမောက္ခ ဦးဖိုးစောနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားပညာတော်သင် စေလွှတ်ဖို့ လူရွေးချယ် ရေးကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့်မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့် နှစ်မတိုင်ခင်မှာ နအဖဟာ ရုရှားနျူကလီးယားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖို တည်ဆောက် ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင်တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

 ကျနော်တို့သတင်းရင်းမြစ်ကရတာက စစ်အုပ်စုဟာ နျူကလီးယားနည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင်ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူ ခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်းဖိုလည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယကတောင်းဆို လာလို့ နအဖက ဒီချဉ်းကပ်မှုကို နားပစ်လိုက်ပါတယ်။ နအဖဟာ တရုတ်နိုင်ငံအကူအညီနဲ့ ရုရှားနဲ့သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီး ယားလက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စု ကိုအကြံပေးခဲ့ပြီး ရည်မှန်းသတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင် သေးရင် ဝယ်ယူဖို့အကြံပေးခဲ့ပါတယ်။

၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ် အယောက် (၃၀) စေလွှတ်ပြီး နျူကလီးယားနည်းပညာ လေ့လာသင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖိုတည်ဆောက်ရေးအတွက် လိုအပ်တဲ့စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ် ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေးပျက်ပြားသွားလို့ နျူကလီးယားစီမံကိန်း ရပ်သွားတာမျိုးမဖြစ်ရ အောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာဖြစ်ပါတယ်။ နအဖဟာ နိုင်ငံခြားပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာ ရနိုင်ဖို့ အတွက် သဘာဝသယံဇာတတွေကို ရောင်းထုတ်ခဲ့ပါတယ်။

(အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှား တနိုင်ငံတည်းမှာတင် ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့ အထဲမှာ ကချင်ပြည် ဖားကန့်ဒေသက သိုင်းတောင်က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့ လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေးပြဿနာ တွေကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက်ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီး နောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခုအခါမှာတော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလို ကံ ဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဗမာအစိုးရအ တွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။) နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ ဘက်က သတင်းထပ်ရခဲ့ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်း ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖို ကိုင် တွယ်ရေးဆိုင်ရာ ပါရဂူအဆင့်ပညာသင်ဖို့ ပညာတော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့ စစ်တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံ ဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။

ရုရှားရောက်ပညာတော်သင်

၂၀၀၁ ခုမှာ ပထမအသုတ်ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော် သင်တွေဟာ ကိုယ်သင်မယ့်ဘာသာရပ် ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော်တွေမှာရှိတဲ့ တက္ကသိုလ်နဲ့သိပ္ပံဌာနအမျိုးမျိုးမှာ တက်ရောက် ပညာသင်ကြပါတယ်။

အဲဒီကျောင်းတွေထဲမှာ --

မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET

မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI

မော်စကိုလေကြောင်းသိပ္ပံ MAI

ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU

မော်စကိုအပူနည်းပညာတက္ကသိုလ် MITT

မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI

မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။

MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေးနည်းပညာကို သင်ပေးပါတယ်။ ဒါ့အပြင် ဥမင်လှိုဏ်ခေါင်းတူးဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ်နဲ့ ယူရေနီယမ်သတ္တုရိုင်း သန့်စင်ရေးဘာသာရပ်တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။

 ဒီပညာတော်သင်အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြုသတင်းရထားပါတယ်။ သူတို့ ဟာ ရုရှားကို ဇွတ်အတင်းစေလွှတ်ခံရတယ်၊ လစာကတအားနည်းတယ်၊ ရာသီဥတုကကြမ်းလွန်းလို့ ဒုက္ခ ရောက်ရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက ချို့ငဲ့တယ်လို့သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာသံ ရုံးကိုသွားပြီး တိုင်တန်းတင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ (ထိုစဉ်က) ကကလှမ်းက သူတို့ကို အပတ်စဉ်ညွှန်ကြားချက်တွေပို့ပြီး သင်တန်းပြီးအောင်တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ရည်မှန်းချက် (ဝါ) နျူကလီး ယားလက်နက် ထုတ်လုပ်ရေးကိုဖြည့်ဆည်းဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။

တခါတော့ (ထိုစဉ်က) နိုင်ငံခြား ရေး ဝန်ကြီးဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင်စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြော ခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမတယောက်ကိုလက်ထပ်ပြီး ဗမာပြည်ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆုချီးမြှင့် ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ်ချုပ်မောင်အေးရဲ့အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။ ၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ ဆောင်ရေးဝန်ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ -၂၉ တိုက်လေယာဉ်တွေကို ဗမာ ပြည်ပြန်မောင်းလာဖို့အတွက် နအဖ လေတပ်လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ကိစ္စ စီစဉ်ခဲ့ပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လေယာဉ်တင်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်းပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကို သွားပြီး နျူကလီးယားဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပါတော့ တယ်။

ဓာတ်ပေါင်းဖိုတည်နေရာ

ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖိုတည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုး လို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြုနိုင်သေးပေမဲ့ နအဖက တည်နေရာလျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အ ကြောင်း နောက်ထပ်သတင်းတွေ ရခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ ပညာရပ်သင်တန်းတက်ထား တဲ့ ပညာရှင်တွေတောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက် ကြားမှုတခုဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့အရာရှိတွေ နေပြည်တော်ခေါ်ပြီး စစ်ကြောမေးမြန်းခံခဲ့ရပါတယ်။ အဲဒါ ကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ်ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တ နာက မကွေးမြို့အရှေ့ဘက်က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာ ရှင်တွေတွေ့ခဲ့တယ်လို့ သတင်းရေးခဲ့လို့ဖြစ်ပါတယ်။

အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည် ဆောက်ဖို့ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေ လေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။ ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေက တော့ မြိုင်မြို့နယ်နဲ့ ကျောက်ပုထိုးတို့ပဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့ နအဖဟာ နဂိုမူလကစက်ရုံကို မကွေးဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ဧရာဝတီမဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ်ပြောင်း လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသ ဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာဖြစ်ဖို့တော့ အင်မတန်အလားအလာများနေပါတယ်။

ယူရေနီယမ်လှုပ်ရှားမှုများ

ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေး တဲ့ နောက်ထပ်အချက်အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ် သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်းပြင်နဲ့ ကျောက်ဆင့်ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီ တောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်းနဲ့ ရှမ်းပြည် တောင်ကြီးအနောက်ဖက် တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ်သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ် ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင် ကိတ်မုန့်)ကို ယူ -၂၃၅ အ ဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီလို့ သတင်း ရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာအားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွဲနေပြီဖြစ်ပါတယ်။

၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အ ကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယားဆီကနေ ယူရေနီယမ်သန့်စင် အဆင့်မြှင့်ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ်ထုတ်လုပ်ရာမှာပါသုံးဖို့ နျူကလီးယားဓာတ်လှုံ့ ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိယာအကြောင်းကို ကျနော်တို့ တိတိကျကျမသိသေးပေမဲ့ တ ခြား သတင်းအချက်အလက်တွေအရ အများကြီးဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ) တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။

နောက်ထပ် အတည်ပြုနိုင်တဲ့သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီး ယားနဲ့ ဆက်နွယ်နေတဲ့ စစ်ဘက်သုတေသနဌာနတခု တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ လွန်ကျော်ဒေသ မှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာ တော့ အရပ်ဘက်သုတေသနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှားနျူကလီးယားပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင်တန်းတွေ ပေးနေပါတယ်။

စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး

နအဖ ဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မှီ အောင်လုပ်ဖို့ အကြီးအကျယ်ကြိုးစားနေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြားဝယ်ယူမှု တွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။ ၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ် နိုင်ငံ မြောက်ပိုင်းစက်မှုကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီးကျွန်းရေဒါစခန်း၊ ကိုကိုးကျွန်းရေဒါစခန်းတို့မှာ တပ်ဆင်နေရာချခဲ့ပါတယ်။

ပင်လယ် ပြင်နဲ့ ကမ်းခြေလုံခြုံရေးအတွက်လည်း ဧရာဝတီတိုင်းထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရ ခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း (၈) ကျွန်း တို့မှာ ရေတပ်သုံးရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀) စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။ နအဖဟာ ရေတပ်ကစစ်ဗိုလ်တွေကို အိန္ဒိယနဲ့ရုရှားနိုင်ငံတွေမှာ သင်တန်းတက်ခိုင်းထားပါ တယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည်ပစ်သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ် ဒုံးကျည်ပစ်စင် (၂၈) ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေ ကို အသုတ်လိုက်ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။ ၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ် အမြောက်တွေနဲ့ လေ ကြောင်းရန်ကာကွယ်ရေး တပ်ရင်း (၁၀) ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါ တယ်။

၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်းဌာနချုပ် (ဝါ) အမြောက်တပ်မ (၂) ခုပဲရှိခဲ့ပါ တယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀) ခုနဲ့ဒုံးပျံတပ်မ (၁) ခုအထိတိုးချဲ့ခဲ့ပါတယ်။ စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ် တစ် (အလင်းဖန်မျှင်) ကြိုး တွေအသုံးပြုခဲ့ပါတယ်။ နေပြည်တော်ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန် တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့နေရာတွေ ကိုဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနားကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀) ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တစပ်တည်းဖြစ်တဲ့ ပျဉ်းမနားတောင်ညိုမှာ လေယာဉ်ပစ်တပ်ရင်းတရင်းထားပြီး နောက်လေယာဉ် ပစ်တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ်ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက်ထားပါသေးတယ်။

နေပြည်တော်အတွက် အပိုဆောင်းလုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂) ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃) ရင်းနဲ့ အမြောက်စခန်း ဌာန ချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး - ဘုရားကြီးဒေသမှာ ချထားပါတယ်။ အချက်ပြဆက်သွယ်မှုလုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင်ဝါယာလက် (ကြိုးမဲ့) ဆက် သွယ်ရေးစနစ်တွေ ဖော်ထုတ်နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေးစက်တွေကို သုံး ခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော်ပင်မဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မဆက်သွယ် ရေးအလုပ်ရုံက တရုတ်နည်းပညာအကူအညီနဲ့ ကြိုးမဲ့ဆက်သွယ်ရေးစက် အသစ်တမျိုး ထုတ်လုပ်ခဲ့ပါ တယ်။ ဒါကို 2006M1 လို့ ယာယီနာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာ ကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ် ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။

နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေအတွက်လည်း ကိုယ်တိုင်ချိန်ရွယ်ပစ်ခတ်တဲ့စနစ်ကို အစားထိုးဖို့ ကွန်ပျူတာ ဆော့ဖ်ဝဲ တီထွင်ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ်စနစ်တွေအတွက် ဆော့ဖ်ဝဲ သုတေသနကိုလည်း ဆောင်ရွက်နေပါတယ်။ ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ်ပြန် လည်မွမ်းမံပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုးလဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်းရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး ယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယားပါရဂူ တွေနဲ့ ကပစ ၁၄ ကို ပြင်ဆင်မွမ်းမံခဲ့ပါတယ်။

ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည်ပတ်ထုတ်လုပ်နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ် ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက်ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှား လုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။) နိဂုံး နအဖအနေနဲ့ နျူကလီးယားလက်နက်တွေကို သဲကြီးမဲကြီးကြိုးပမ်းနေတာဟာ (တခြားစီမံ ကိန်းကြီးတွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ်ပူပန်သင့်ပါ တယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုအပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာ ကို လုံးဝပြောင်းပြန်လှန်ပစ်ဖို့ လိုပါတယ်။

နအဖဟာ အဆိုးဆုံးအန္တရာယ်ကြီးဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ် ရပါမယ်။ ရုရှားနဲ့ တရုတ်ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေးကောင်စီဟာ ကိုင်တွယ်နိုင်စွမ်းမရှိတဲ့အတွက် တခြားရွေးစရာဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန်တခုပဲရှိပြီး သူ့ တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြားစိုးရိမ်ပူပန်တဲ့နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာ နိုင်ငံကပြည်သူတွေ မိမိတို့ဖာသာလွတ်မြောက်အောင် ကြိုးပမ်းနေတာကိုကူညီပေးဖို့ လမ်းတခုပဲရှိပါ တယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။

ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ

 ဂါမဏိ

NATIONAL LEAGUE FOR DEMOCRACY(LIBERATED AREA)USA BRANCH

Committee for Promoting People's Activities

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[Maya Magazine] 1 New Entry: နဲတကာထော်၏ လေးဆစ်ငိုပုံရေးသူ- သခင်ဘမောင်

နဲတကာထော်၏ လေးဆစ်ငိုပုံရေးသူ- သခင်ဘမောင်

{ဤကဗျာကို မောင်တင်ရွှေ စုဆောင်းတင်ပြတဲ့ "သခင်ကိုယ်တော်မှိုင်း လက်ရွေးစင် လေးချိုးတရာ" ပထမနှိပ်ခြင်း၊ ၁၉၇၃ မှ ကူးယူဖော်ပြပါတယ်။
"ဤကဗျာမှာ ဓမ္မစေတီဝတ္ထုမှ ကောက်နှုတ်ချက် ဖြစ်သည်။ ဘုရင်မ ရှင်စောပုက သမီးတော်ကြီး နဲတကာထော်အား ဘုန်းကြီးလူထွက် ဓမ္မဓရနှင့် လက်ထပ်ရန် နားချသောအခါ နဲတကာထော်က ခါးခါးသီးသီးညင်းပြီး ဟစ်ငိုပုံဖြစ်သည်" လို့ မောင်တင်ရွှေက သူ့စာအုပ်မှာ မှတ်ချက်ပေးထားပါတယ်။}


ရွယ်တညီ ဘယ်ဆီမှ မရရင်ဖြင့်၊
နွယ်မဒီ ခြယ်စီသပြီဘု၊
(အမယ်မင်း) မယ်သီလလုပ်ပါ့မယ်။

(သြော်) ပျော်လို့ဘဲ ပျက်ကရော့သလ၊
တော်မို့ မရှက်လေခြင်း၊
သူမက်အောင် တရီရီနှင့် ပြုံးရမတဲ့တော်၊
လူထွက်ကောင် သည်ကတုံးကိုလ၊
တကယ်သာ ဘယ်မှာသုံးမယ်တုံး၊
(အမယ်မင်း) နှလုံးမှာပြို့ပြို့ပြီး အလုံးကြီးတောင် ဆို့ဆို့လာပေါ့ (ကျမ) မုန်းလို့ရွံတယ်။

ပေါင်းစီးလို့ ဆက်ကြရင်ဖြင့်လေ၊
သောင်းထီးကနက်မှာ ဘုရင်တကာ အပြေပြေမှာ ညှိုးစေဘို့၊
ကျောင်းကြီးဖျက်မ တွင်ကာ အသရေ မတိုးတဲ့ပြင်၊
ရွှေပကိုးဆီက နန်းညွန့်နွယ်၊
(အို) မှန်းဝံ့ သရမ်းဝံ့တယ်လို့ နောင်ဥဒါန်း။

ပြောကြလိမ့်မယ်၊
လောကမှာ အသွယ်သွယ်ပ၊
ကျောကစိမ့်ဘွယ် တမင်ကြံရက်ပေ့၊
တပင်စံ လင်ကံ မရှုံးပါရစေနဲ့၊
မကြည်ဖြူ သည်လူဖြင့် မုန်းပါရဲ့၊
အမေ့ဟာ အမေ့ဖါသာဘဲ သုံးလေတော့၊
ပလူးပလဲနဲ့ မြှူကာမူကာတော် ထူးထူးကဲကဲ လူတကာထုံးလိုပ၊
လုံးလုံးစီးစီး တူတူစက်ကြတော့လဲ၊
ပြုံးပြုံးကြီး (ကျမ) မူမူယူယူနဲ့ဖြင့် မဆက်နိုင်ဘူး၊
(အို မယ်တော်ဘုရာ့) ကတုံးကြီးဘယ်သူမက်နိုင်ပ၊
တသက်တဘ၀ (ကျမ) အသေသာ မုန်းလိုက်ပါတော့၊
(အမယ်မင်း) ဘုန်းကြီးလူထွက် ပေါ့ပျက်ပျက်ကမှ သမက်အမေဖမ်း။ ။

[ဓမ္မစေတီဝတ္ထု စာမျာက်နှာ ၈၈]
{မောင်တင်ရွှေ စုဆောင်းတင်ပြတဲ့ "သခင်ကိုယ်တော်မှိုင်း လက်ရွေးစင်လေးချိုးတရာ" ပထမနှိပ်ခြင်း၊ ၁၉၇၃ မှ ကူးယူဖော်ပြပါတယ်။}

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: KNU အောင်ပွဲသတင်း

KNU အောင်ပွဲသတင်း

၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။

နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။

၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။

ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။

သတင်းများကို NCGUB မှ ပေးပို့လာပါသည်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 2 New Entries: အမေ

အမေ



ခေတ်မီသူတိုင်း ဘလော့ဂ်တစ်ခုမက ရှိသည်တဲ့.. ဘယ်သူမှ မပြောခဲ့ပါဘူး။ ကျွန်မဘာသာ ပြောကြည့်တာပါ:D ခေတ်မီချင်တဲ့ ကျွန်မမှာလည်း နောက်ဘလော့ဂ်တစ်ခု ရှိပါသေးတယ်။ အဲဒီဘလော့ဂ်ဖက်မှာတော့ ပို့စ်တွေ တင်ဖြစ်လိုက်၊ မတင်ဖြစ်လိုက်ပါပဲ။ အမေအကြောင်း ရေးရေးတတ်တဲ့ကျွန်မကို မိုးလှိုင်ညက အမေကဗျာတွေကို သပ်သပ်စုတဲ့ ဘလော့ဂ်လေးတစ်ခု လုပ်ရအောင်လို့ အကြံပေးလာတာနဲ့ ၂ဝဝ၇ မေလမှာ "အမေ" ဘလော့ဂ်ကို လုပ်ဖြစ်ခဲ့တယ်။ (လူသိ မများခဲ့ပါဘူး)


"အမေ" ဘလော့ဂ်ထဲမှာ မဂ္ဂဇင်းတွေထဲက ကဗျာဆရာတွေရဲ့ ကဗျာတွေအပြင် ဘလော့ဂ်ဂါတစ်ချို့ရဲ့ ကဗျာကိုပါ ကူးယူဖော်ပြခဲ့ပါတယ်။ တစ်ချို့ဘလော့ဂ်ဂါတွေကို ခွင့်တောင်းခဲ့တာရှိသလို တစ်ချို့ကိုလည်း ခွင့်မတောင်းမိခဲ့ပါဘူး။ ခွင့်မတောင်းမိဘဲ ကူးယူဖော်ပြမိခဲ့ရင် နားလည်ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ်။ အမေကို ချစ်တတ်ကြတဲ့ သားသမီးတွေရဲ့ ရင်ထဲကလာတဲ့ အမေ့အတွက် စကား၊ ကဗျာတွေကို စုထားပေးချင်တဲ့ ဆန္ဒတစ်ခုတည်းပါ။ ဘလော့ဂ်ဂါ မဟုတ်သူတွေရော အမေအတွက် ကဗျာလေးတွေကို အမေဘလော့ဂ်ပေါ်မှာ ဖော်ပြစေချင်ရင် ကဗျာတွေကို အီးမေးလ်ကနေတစ်ဆင့် ပို့ပေးကြပါလို့...

http://mompoem.blogspot.com/

နိုင်းနိုင်းစနေ

အောင်မြင်ခြင်းရဲ့ သော့ချက်


ပထမဆုံး ကျောင်းဖွင့်တဲ့ တစ်ရက်မှာပဲ ဂရိဒဿနိက ပညာရှင် ဆိုကရေးတီးက ကျောင်းသားတွေကို " ဒီနေ့ အလွယ်ဆုံး၊ အရှင်းဆုံး သင်ခန်းစာတစ်ခုကို သင်မယ်။ သင်ခန်းစာက ကျောင်းသားတိုင်း ကြိုးအထုံးတစ်ခုယူပြီး အရှေ့၊အနောက်လွှဲနိုင်သမျှ လွှဲဖို့ပါပဲ" လို့ ပြောပြီး ဆိုကရေးတီးက ကျောင်းသားတွေကို သရုပ်ပြခဲ့တယ်။

"ဒီနေ့ကစပြီး တစ်နေ့ကို အကြိမ်၃ဝဝ လွှဲနိုင်ကြမလား? " လို့ ဆိုကရေးတီးက မေးပြန်တော့ ကျောင်းသားတွေက ဝိုင်းရယ်ကြပြီး စိတ်ထဲမှာလည်း "ဒီလောက်လွယ်တဲ့ ကိစ္စ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ"လို့ တွေးမိကြတယ်။

တစ်လကျော်လွန်ပြီနောက် ဆိုကရေးတီး ကျောင်းသားတွေကို "တစ်နေ့ အကြိမ် ၃ဝဝ လွှဲတဲ့လူ လက်ထောင်ပါ" ဆိုတော့ ကျောင်းသား ၉ဝ% က ဂုဏ်ယူတဲ့ဟန်နဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုပြီး လက်ထောင်ကြတယ်။

နောက်တစ်လမှာ ဆိုကရေးတီးက အရင်ကအတိုင်း ကျောင်းသားတွေကို မေးပြန်တယ်။ ဒီတစ်ခေါက် လက်ထောင်တဲ့လူတွေက ၈ဝ% ပဲ ကျန်တော့တယ်။ အချိန် တစ်နှစ်ကြာတဲ့အခါ ဆိုကရေးတီးက မေးပြန်တယ်။
"အလွယ်ဆုံး ကြိုးလွှဲနည်းကို ဘယ်ကျောင်းသားတွေ ကျင့်နေသေးလဲ"


ဒီအချိန်မှာ စာသင်ခန်းထဲရှိတဲ့ ကျောင်းသားအားလုံး ငြိမ်ကျသွားပြီး ကျောင်းသားတစ်ယောက်ပဲ လက်ထောင်ခဲ့တယ်။ အဲဒီကျောင်းသားဟာ နောင်တစ်ချိန်မှာ ဂရိဒဿနိက ပညာရှင်အဖြင့် ကျော်ကြားလာခဲ့တဲ့ "ပလေတို" ပဲဖြစ်တယ်။

လောကမှာ အလွယ်ကူဆုံးနဲ့ အခက်ဆုံးအလုပ်က "ကြံ့ကြံ့ခံနိုင်မှု၊ ဇွဲလုံ့လ" ပဲဖြစ်တယ်။ အလွယ်ကူဆုံးလို့ ပြောရခြင်းက လုပ်ဖို့ဆန္ဒရှိရင် လူတိုင်းလုပ်ဆောင်နိုင်သလို အခက်ဆုံးလို့ ပြောရခြင်းက တကယ့်လုပ်နိုင်တဲ့ လူဦးရေ နည်းပါးတဲ့အတွက်ကြောင့် ဖြစ်တယ်။ အောင်မြင်ခြင်းက ဇွဲလုံ့လရှိသူတွေရဲ့နောက် ထပ်ကြပ်မခွါ လိုက်နေပါတယ်။

ကိုယ့်ကိုယ်ကို အလဲထိုးချက်က တစ်ခြားလူ ကိုယ့်ကိုအလဲထိုးတဲ့ အချက်ထက် များနေခဲ့ပြီလား? တစ်ခုခုကို အရှုံးပေးလို့ လက်လျှော့ဖို့ စဉ်းစားမိတိုင်း ဒီပုံပြင်လေးကို သတိရလိုက်ပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်

http://share.youthwant.com.tw

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.