Monday, December 15, 2008

[goldmyanmar] 1 New Entry: တစ်နှစ်ပြည့်အလွမ်း

တစ်နှစ်ပြည့်အလွမ်း


ဒီနေ့ဆို တစ်နှစ်နဲ့ တစ်လပြည့်ခဲ့ပြီနော်....


လင်းပြီး မမှောင်၊ အေးမြမြစ်တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန်န၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
ယမင်းရဲ့ရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် ယမင်းရဲ့အရိပ်
မေတ္တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘ၀၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ ယမင်း အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။

ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်....

You received this email because you are subscribed to the real_time feed for http://goldmyanmar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Sunday, December 14, 2008

[Maya Magazine] 1 New Entry: အဝေးကပေးစာတစောင်ရေးသူ- ယာတောကသာဗျော

အဝေးကပေးစာတစောင်ရေးသူ- ယာတောကသာဗျော


ကိုဟိုဒင်းရေ-
၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာ ၇ရက်။
၂ဝဝ၈ ခုနှစ် ကုန်ကာနီး လာတာနဲ့အမျှ ဗမာပြည်သာမက နိုင်ငံပေါင်းစုံ၊ ဘာသာ အယူဝါဒပေါင်းစုံတို့နဲ့ သက်ဆိုင်တဲ့ အခါကြီးရက်ကြီးတွေ တခုပြီးတခု ဆက်နေတာ သတိ ထားမိတယ်ဗျာ။ အခုအခါဟာ ဗမာပြည်မှာ စာဆိုတော်လ မဟုတ်လားဗျာ။ ခင်ဗျား မှတ်မိတယ် မဟုတ်လား။ နဂို ဂျပန်ခေတ်၏ စာဆိုတော်နေ့ သတ်မှတ်ကြတုန်းကတော့ နတ္တော်လဆန်း (၁)ရက်နေ့ကိုသာပဲ စာဆိုတော်နေ့ရယ်လို့ သတ်မှတ်ခဲ့တာ၊ နောက်ကျ တော့ စာပေသမားတွေကို မြင်ဖူးချင်၊ သူတို့ ဟောပြောတာတွေကိုကြားချင်လို့ မြို့တကာ နယ်တကာက ဖိတ်တာတွေများလွန်းလာပြီး တနေ့တရက်ထဲနဲ့ မဖြစ်နိုင်တာနဲ့ စာဆိုတော် လလို့ သတ်မှတ်ပြီး တလလုံး လှုပ်ရှားကြတာလေဗျာ။ စာပေသမားတွေဟာ သူတို့ ပြောချင်တာတွေကို ပြဇာတ်တွေ၊ ဟောပြောပွဲတွေလုပ်ပြီး တင်ဆက်ကြ၊ ဟောပြောကြ၊ ပြည်သူလူထုဆီက အသံတွေကို ကိုယ့်နားနဲ့ကိုယ် ဆတ်ဆတ်နားထောင်ကြ၊ အင်မတန် ကျက်သရေမင်္ဂလာရှိတဲ့ အစဉ်အလာတွေပဗျာ။ အခုတော့ နဝတ-နအဖတို့ရဲ့ ဒီမိုကရေစီ အောက်မှာ စာဆိုတော်ပွဲဆိုတာ ဟိုအရင်လို ခြိမ့်ခြိမ့်သဲ မကျင်းပနိုင်ယုံမက ပြိုးပြိုး ပြောက်ပြောက်သာ မသေကောင်းမပျောက်ကောင်း ကျန်တော့တယ်။ ဒါ့အပြင် ဟောပြောရ သူတွေခမျာလည်း "ဓား ဂုတ်ပေါ်မှာဝဲ" ဆိုတဲ့ ငိုချင်းကို ဆိုပြီး ပြောသလို လုပ်နေရတာ။ ဒါ့အပြင် နားထောင်သူတွေကလည်း ကိုယ့်ဘေးကထိုင်နေသူကို ထောက်လှမ်းရေးလားလို့ လှည့်လှည့် ကြည့်နေရသေးတယ်။


ထားပါတော့။ ကျနော် ဒီတခါရေးချင်တာက ဒါအဓိကမဟုတ်ပါဘူး။ ကျနော် ပြောချင်တာက ဒီလိုစာပေသမားများရဲ့ အခါကြီးရက်ကြီးမှာ စာပေသမား၊ မီဒီယာသမား၊ ဘလော့ဂါသမားတွေ မကြားစဖူးထောင်ဒဏ်တွေနဲ့ ထောင်ချခံနေကြရတဲ့အဖြစ်ကိုပါ။ အီးမေးလ်တစောင် ထောင်၁၅နှစ်တဲ့၊ တရားဥပဒေကိုပြက်ရယ်ပြု၊ ဒီမိုကရေစီကို စော်ကား၊ ခေတ်သစ် နည်းပညာအပေါ် အာဃာတတွေ ဖော်ပြနေကြတာ၊ သူတို့ ဘယ်လို လိပ်ပြာ လုံကြပါလိမ့်လို့သာ ကျနော်တော့ မေးလိုက်ချင်တော့တာပဲ။
ဒီရက်ကျော်တော့ ရောက်လာတာက အစ္စလမ်ဘာသာဝင်တွေရဲ့ ဘက္ကရီ အစ်ပွဲတော်ဗျ။ အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ဟာလေဗျာ။ ဒီနေ့ ဒီရက်မှာ အစ္စလမ် ဘာသာဝင်တွေက လူမျိုးမရွေး၊ ဘာသာမရွေး၊ မိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေကို အမဲသား တွေပေးကြ၊ ဆမ်မိုင်တွေဝေကြ၊ ကုသိုလ်ပြုကြ၊ ပြီးရင် ညနေစောင်းကျရင် ဝတ်ကောင်းစားလှနဲ့ လက်ဆောင်တွေ လက်ဆွဲပြီး တအိမ်သားလုံး ထွက်လည်ကြ၊ ကျနော်ဖြင့် မြင်-မြင်ယောင်သေးတော့ဗျာ။ အဲဒီလို "သူတကာကန်တော့ပွဲတွေနဲ့ ရွာထဲမှာ လူယောင်ပြ" ကြချိန်မှာ ၈၈မျိုးဆက် ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအတွက် ပြောဆို၊ တောင်းဆိုသူတွေဟာ မှောင်မိုက်တဲ့တိုက်ခန်းတွေထဲမှာ ဆွေကွဲမျိုးကွဲ၊ ဘယ်လိုနေကြရှာ မလဲ-နော်ဗျာ။ ထောင်ကျဖူးတဲ့ ကျနော်ကတော့ ကောင်းကောင်း ကိုယ်ချင်းစာမိတယ်ဗျာ။
အစ်ပွဲတော်လွန်ရင် ရောက်လာမှာက နာတာလူးပွဲတော်ပေါ့။ ခရစ္စမတ်ပွဲတော် ဆိုတာ အကြင်နာ၊ သဒ္ဒါတွေကိုကိုယ်စားပြုတဲ့၊ ဖော်ပြတဲ့ ပွဲပါ။ မိသားစုအတွင်း နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှုတွေ ဖော်ပြကြ၊ လက်ဆောင်တွေပေးကြ၊ အင်မတန်သိမ်မွေ့တဲ့ ရက်မြတ် ပါပဲ။ နာတာလူးပွဲအကြို ညမှာ မိသားစုအတူတူ ခရစ္စမတ် ညစာစားကြတာကရော၊ ဘယ့်ကလောက် နွေးထွေးပြီး ကြည်နူးစရာကောင်း လိုက်လဲဗျာ။ ဒါပေမဲ့ အကြင်နာ သဒ္ဒါဆိုတာ ချို(ဂျို)နဲ့လားလို့ မေးရမယ့် နအဖ စစ်ဗိုလ်ချုပ်တွေကတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် စာနာမှုတံခါးကိုပိတ်၊ ထောင်တံခါးတွေကိုဖွင့်လို့ ဝေးလံသီခေါင်၊ ချမ်းအေးခိုက်တုံတဲ့ နေရာတွေဆီကို ဒလေဟောပို့ပစ်ကြတယ်။ မိသားစုတွင်း မေတ္တာမျှဝေမှု၊ စည်းလုံးညီညွတ်မှုကို သင်္ကေတပြတဲ့ ရက်မြတ်ကာလမှာ ဒီစစ် အာဏာရှင်တွေဟာ တိုင်းပြည်အတွင်းမှာ ဆယ်စုနှစ်နဲ့ချီတဲ့ သွေးကွဲမှုနဲ့ ရန်ညှိုးတွေ ဖန်တီးနေကြတယ်။ နာတာလူးပွဲတော်လို ကာလမှာ မဲဇာထက်အများကြီးပိုဝေး၊ ပိုအေးတဲ့ အရပ်တွေကို ပို့ပစ်ကြတယ်။ တကယ်တော့ အပို့ခံရသူတွေလည်း ဒီလိုအခါမှာ "ရွှေလည်ဆွဲချင်ရှာလိမ့်ပေမပေါ့ဗျာ။" ဒါကို နအဖက သံခြေချင်းတွေ ဆွဲပေးနေကြတယ် လေ။
ဇန်နဝါရီလ တတိယအပါတ်ကို ရောက်ရင်တော့ တရုတ်နှစ်သစ်ကူးရောက်ပြီ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတပုံနီးပါးရှိတဲ့ လူတွေရဲ့ အမွန်မြတ်ဆုံး ရိုးရာပွဲတော်ပေါ့။ သူတို့ တရုတ်တွေဟာ ဒီနေ့ဒီရက်ကို ရောက်ပတဲ့ဆိုရင် ရောက်ရာအရပ်ကနေ ကိုယ့်အိမ် ကိုယ်ပြန် ကြရတယ်။ ပြီးရင် အိမ်သားတွေစုပြီး ထမင်းအတူစားကြတယ်။ ဒါဟာအဓိကပဲ။ အခေါ်အဝေါ်ကိုက မိသားစုစုစည်းတဲ့ပွဲတဲ့။ ဒါကြောင့် အဲဒီ ထမင်းစားပွဲ မစမီ ပသ သင့်တာတွေ ပသ ရသေးတယ်။ ပြီးတော့မှ "သားမြေးငယ်မာချာ ဘယ်ညာထွေး တော့သည်၊ အလုပ်ကယ် ဧရာ ငုံ့ကာလွေးတော့သည်" ဆိုသလို အပြတ်တွယ်ကြတာပဲဗျို့။ အဲ- နောက်တနေ့ရောက်တော့ ဒီနေ့ဒီရက်အတွက် တမင် တင်ကြိုဝယ်ထားတဲ့ အဝတ် အစားအသစ်တွေ ဝတ်ပြီး လည်စရာ ပတ်စရာ နေရာတွေကို သွားလည်ကြတယ်။ တချို့များဆိုရင် အဖိုးအဖွားကနေ မြေးအထိ မျိုးဆက်သုံးခု၊ ကျောပိုးတန်သူကိုပိုး၊ လက်တွဲတန်သူကို လက်တွဲပြီး တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ၊ အရယ်အပြုံးအတွေနဲ့ လမ်းပေါ်ထွက်လာကြတာ၊ တယ်လဲ မင်္ဂလာရှိသကိုးဗျ။ ကလေးတွေ လက်ထဲမှာလည်း စားစရာမျိုးစုံ၊ ပူပေါင်း-ရဟတ်လို ကစားစရာမျိုးစုံနဲ့။ ကျနော်လို အိမ်နဲ့ နှစ်ရှည်လများ ကွဲနေရသူအဖို့ တကယ့်ကိုအားကျစရာ၊ အိမ်လွမ်းစရာကြီးပေါ့ဗျာ။ ဒါပေမဲ့ အသေအချာ ပြန်စဉ်းစားလိုက်တော့ ကိုယ်ကမှ အဲဒီလို လည်ပတ်၊ ပျော်ပါးနေတဲ့လူတွေကို မြင်နေရသေးတယ်၊ အကျဉ်းကျနေတဲ့ သူတို့တတွေဖြင့် နေ့စဉ်နဲ့အမျှ မျက်နှာပုပ်ကြီးတွေနဲ့ ဆဲရေး ငေါက်ငမ်းသံတွေကိုပဲ မြင်နေ၊ ကြားနေကြရမှာ။ သူတို့အတွက် နှစ်သစ် မကူးသေးတာကတော့ အမှန်ပဲဗျာ။
ပြန်ချုပ်ပြောရရင် အထက်မှာရေးခဲ့သလို လူမျိုးပေါင်းစုံ၊ ဘာသာဝင် ပေါင်းစုံတို့ မေတ္တာတွေ၊ မုဒိတာတွေ ပွားများကြတဲ့ မင်္ဂလာ အချိန်ကာလတွေမှာ နအဖကြောင့် ဗမာပြည်သားတွေဟာ အမျက်တွေပွားရ၊ အံကြိတ်ရ၊ လက်သီးဆုပ်ရတွေ ဖြစ်ကုန်ကြရတယ်။ ထမင်းစားရင် ထမင်းလုပ်မျိုမကျ၊ မျက်ရည်ကျရတာတွေ ဖြစ်ကြ ရတယ်။ ဒီလို အိမ်ထောင်တွေကိုတောင် ခွဲပစ်နေတဲ့အစိုးရတရပ်ဟာ အမျိုးသား စည်းလုံးရေး၊ လူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ရေး စတာတွေကို ဘယ်လိုလုပ်ဆောင် နိုင်ပါ့မလဲ။
ကျနော်တို့ ပြည်သူလူထုတွေကတော့ ဒီလိုနေ့တွေရက်တွေ၊ အခါတော် မင်္ဂလာတွေ ရောက်တိုင်း ထောင်ထဲရောက်နေတဲ့ ဒီပုဂ္ဂိုလ်တွေကို ကိုယ့်အရင်းအချာတွေသဖွယ် သတိရလွမ်းဆွတ်ပြီး သူတို့အတွက် တိုက်ပွဲဝင်ဖို့ သန္နိဋ္ဌာန်တွေချနေမိကြမှာပဲ။ ခရစ္စမတ်တေးတွေ ဆိုရမယ့်အစား "ကမ္ဘာမကြေဘူး" သီချင်းဆိုနေရတာ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ဘာတတ်နိုင်မလဲ။

ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: ၁၃ . ၁၂. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

၁၃ . ၁၂. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အဲန်အယ်လ်ဒီ (လွှတ်မြောက်နယ်မြေ) က နိုင်ငံတကာ လစ်ဘရယ်အဖွဲ့ ၀င်ခွင့်လျှောက် - ဗွီအိုအေ click here
  • နိုဘယ်လ် ထိပ်သီး ညီလာခံ မြန်မာ့အရေး အလေးပေး - ဗွီအိုအေ click here
  • နာဂစ် မုန်တိုင်းဒဏ်ခံဒေသတွင် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာရှိနေ - မဇ္ဈိမ click here
  • တခါသုံး GSM ဖုန်းကဒ်များ အရောင်းသွက်နေ - မဇ္ဈိမ click here
  • ကလေးများ ကူးသန်းရောင်းဝယ်မှု တားဆီးရေး အထိမ်းအမှတ်ပြုလုပ် - မဇ္ဈိမ click here
  • ဒေါက်တာ စင်သီယာမောင် နေရှင်းဆုရရှိ - မဇ္ဈိမ click here
  • ယူရိုငွေနှင့်ပဲရောင်းမည့်ကိစ္စ ကုန်သည်များ ယုံကြည်မှုမရှိ - ခေတ်ပြိုင် click here
  • ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ထားသည့်ကိစ္စ အမှုအဖြစ် သတ်မှတ်ပြီဟု ရှေ့နေပြော - ခေတ်ပြိုင် click here
  • ဒီမိုကရေစီရေးဖွင့်ပေးရန် တရုတ်အစိုးရကို ပညာရှင်များ ဖိအားပေး - ခေတ်ပြိုင် click here
  • အိုဘားမားလုပ်ကြံခံရမည့်ကိန်းအပါအ၀င် ၂၀၀၉ စီးပွားရေး၊ နိုင်ငံရေး ဟောကိန်းများထွက် - ခေတ်ပြိုင် click here
    ဦးသန့်ဂုဏ်ပြု တံဆိပ်ခေါင်းထုတ်မည် - ဧရာဝတီ click here
  • မန္တလေးမြို့ နှစ် ၁၅၀ ပြည့် ဓာတ်ပုံပြပွဲကျင်းပ - ဧရာဝတီ click here
  • ကမ္ဘာ့စီးပွားရေးအကြပ်အတည်း မြန်မာကိုထိခိုက်ဟု ဦးတေဇပြောဆို - ဧရာဝတီ် click here
  • လျှပ်စစ်မီးကို အားကိုးနေရသည့် စီးပွားရေးလုပ်ငန်းရှင်များ ဒုက္ခရောက် - ဧရာဝတီ် click here
  • ဆေးတက္ကသိုလ်ဘွဲ့ရများ ဆေးကုသခွင့်လိုင်စင်ရရေးခက်ခဲ - အာရ်အက်ဖ်အေ click here
  • ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အလုပ်လက်မဲ့တိုးပွား - အာရ်အက်ဖ်အေ click here
  • ဒေါ်စန္ဒာဝင်းပြန်လွတ်လာပြီ - မိုးသီးဇွန် click here
  • အလှူရှင် ၁၃၀၀ကျော် ပါဝင်ခဲ့သော မျက်ကြည်လွှာ ... - လျှပ်တစ်ပြက် click here
  • ၆ဝ ပြည့် သရဖူဆောင်းနိုင်သူ - လျှပ်တစ်ပြက် click here
  • ရွှေတိဂုံရင်ပြင်တော်တွင် တင်လှူပူဇော်မည့် စည်တော်ကြီး- လျှပ်တစ်ပြက် click here
  • စိတ်ချမ်းမြေ့မှု အာရုံ - ဘိုင်ဝိကလီးအလယ်ဗင်း click here
  • ကျောက်ခေတ်ပန်းပုလက်ရာများ ရုရှားတွင် တူးဖော်တွေ့ရှိ - ဘိုင်ဝိကလီးအလယ်ဗင်း click here
  • မော်လမြိုင် အမှတ်(၁)ဈေးကြီး၏ မီးကြွင်းမီးကျန်၊ လောင်ကျွမ်းကျန်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားလျက်ရှိ - ၀ိကလီးအလယ်ဗင်း click here
  • မြန်မာ့ရုပ်သံနှင့် မြ၀တီရုပ်သံတို့တွင် ပုဂ္ဂလိကမီဒီယာများမှ ရိုက်ကူးတင်ဆက်သော အစီအစဉ်ထုတ်လွှင့်မှု ပိုမိုများပြားလာ - ၀ိကလီးအလယ်ဗင်း click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးလှိုင်ည] 2 New Entries: ရန်ကုန်

ရန်ကုန်

မရောက်ဖူးခင်ကတည်းက

ငါမုန်းနေတဲ့မြို့ဟာရန်ကုန်ပေါ့

ငါအရောက်ဖူးချင်ဆုံးမြို့ဟာလည်း

ရန်ကုန်ပဲဖြစ်ပြီး…

ငါ့အောင်မြင်မှုကို အပြည့်အ၀ရယူနိုင်မယ့်မြို့လို့

ငါယုံကြည်ရာမြို့ဟာလည်း

ရန်ကုန်ပါပဲလေ။


ရန်ကုန်ရေ… မိတ်ဆွေကြီးရေ

မင်းရဲ့မြေဆွဲအားပေါ်မှာ

ငါရပ်တည်ခဲ့ပုံတွေကိုအမှတ်ရစွာနဲ့

ခုလိုရေးမိပါရဲ့။

နီးနီးလေးကို ဝေးဝေးဖြစ်အောင်မောင်းပို့တဲ့

ရန်ကုန်မြို့ကြီးရဲ့ သုံးဘီးသမားတွေဟာ

ငါ့မုန်းတီးမှုကို

စတင်အတည်ပြုပေးလိုက်သလိုပါပဲ


ကုန်တိုက်အောက်မှာ

ခြောက်ကပ်နေတဲ့ လင်းပိုင်အသေကို

ဇောက်ထိုးဆွဲလို့

အထဲက အဆီတွေတစ်စက်ပြီးတစ်စက်ကျ

လင်းပိုင်ဆီထုတ်ပြီးရောင်းချနေပုံဟာ

ငါမုန်းတဲ့

လူအတွေကို လှည့်ဖျားတဲ့

ရန်ကုန်ပါပဲလေ။


ရန်ကုန်ကို ငါမုန်းတယ်

ဘယ်အချိန်ထိ မုန်းခဲ့သလဲဆိုရင်

သူ့ကို မေတ္တာသက်ဝင်မချစ်ခင်အထိပေါ့

ပညာရယ် သြဇာရယ် အသပြာရယ်

တစ်ခုခုမပါရင်

ရန်ကုန်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ရာ

မဖြစ်နိုင်ပါဘူး

မင်းနဲ့ပက်သက်ပြီး ဒီလို

ကြားခဲ့ဖူးတယ် ရန်ကုန်ရေ။


ရန်ကုန်ရေ

မင်းဟာမြွေပွေးတွေကိုလက်ခံထားရသလို

ရွှံ့ရုပ်တွေကိုလည်း လက်ခံထားရရဲ့

မင်းဟာဘဏ်တိုက်ကြီးတွေကို လက်ခံထားရသလို

သူတောင်းစားတွေကိုလည်း လက်ခံထားရရဲ့

မင်းဟာ

ရှေးအဖိုးကြီးများကိုလက်ခံထားရသလို

ကမ္ဘာမှာအတော်ဆုံး မော်ဒန်ကဗျာဆရာတွေကိုလည်း လက်ခံထားရပေရဲ့

ညညဆို

မြွေပွေးတွေ နိုက်ကလပ်ကို တရွေ့ရွေ့တွားသွားကြ

ရွှံ့ရုပ်တွေက ပင်လယ်ထဲ ဒိုင်ဗင်ထိုးကြ

နေ့နေ့ဆို

ဘဏ်တိုက်ကြီးတွေ လမ်းလျှောက်ထွက်ကြ

ငရဲပြည်သွားမယ့်လူတွေကြိတ်ကြိတ်တိုးလို့

ကောင်းကင်ဘုံသွားမယ့် ဘတ်စ်ကားကြီးတွေတစ်စင်းပြီးတစ်စင်း

ထိုးဆိုက်လို့

ရှေးအဖိုးကြီးတွေက မော်ဒန်ကဗျာတွေဖတ်ပြီး ပြုံးလို့

အော်- ရန်ကုန်

ညည ဖောင်ပိတ်ချိန်ရောက်ရင်

မဟာဗန္ဒုလလမ်းပေါ် ငါလျှောက်ရင်း

နီယွန်မီးရောင်အောက်က

ရန်ကုန်မြို့ရဲ့လေထုကိုရှုသွင်းရင်း

အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့ဆိုတဲ့

စာသားကို မဆီမဆိုင် သတိရမိပေရဲ့


ညထဲ

အမှိုက်ကားဝင်လာတော့

ကျီးကန်းတွေခုန်ဆင်းလာတဲ့ အချိန်

လမ်းဘေးကဖေးဆိုင်မှာ ငြိမ်ငြိမ်လေးထိုင်လို့

ဒီလိုနဲ့

မင်းကိုငါ အကြောင်းပြချက်မရှိဘဲ

မေတ္တာသက်ဝင်မိတာပါ….။


နေမျိုး


(လူဖြစ်ရတာကောင်းတယ်)ခေတ်ပေါ်ကဗျာစာအုပ်မှ

သေကြောင်း ကြံခြင်း

ပထမဆုံးစလုပ်ရမှာက

ကိုယ့်ကိုယ်ကို ဒေါက်ဖြုတ်ချဖို့ပဲ

သေခြင်းထက်လွတ်လပ်ပေါ့ပါးမယ့်အရာ

တစ်ခုခုလောက်

ငါ့ကိုတွေရှိခွင့်ပေးပါ…။


စီးကရက်ဖင်အစီခံတွေကိုဖြတ်

နီကိုတင်းတွေကို အဆုတ်ထဲတိုက်ရိုက်သွင်းဖူးတယ်

အရက်ပြင်းပြင်းတွေကို

မမြည်းမစမ်းနဲ့ အတွင်းကလီစာတွေလောင်ကျွမ်းသွားအောင်

လည်ချောင်းထဲသွန်လောင်းဖူးတယ်…။


တစ်ကယ်ဆို

ဘ၀ဟာမစွန့်စားသင့်တဲ့စတော့ရှယ်ယာ

မသိမ်းဆည်းထားသင့်တဲ့

ကျိန်စာမိရှေးဟောင်းပစ္စည်း


ဒီနေ့မှာ

ငါဒီလိုငြီးတွားမိပါရဲ့

မနက်ဖြန်

နံရံကငါ့ဓါတ်ပုံကိုဖြုတ်

တစ်ယောက်ယောက်ကခေါင်းထဲထည့်ပိတ်လိမ့်မယ်…။


ကိုယ့်ကိုယ်ကို

သေကြောင်းကြံစီတယ်ဆိုတာလည်း

ပျော်ရွှင်စရာကောင်းတဲ့ ကစားနည်းတစ်မျိုးပေါ့။


မိုးလှိုင်ည

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 3 New Entries: ဒေါ်စန္ဒာဝင်း ပြန်လွတ်လာပြီ

ဒေါ်စန္ဒာဝင်း ပြန်လွတ်လာပြီ

ကွယ်လွန်သူ အာဏာရှင် ဦးနေ၀င်း ရဲ့ သမီး ဒေါ်စန္ဒာဝင်းဟာ မနေ့ က ပြန်လွတ်လာတယ်လို့ သိရပါတယ်။ သူမနဲ့ အတူ အထိမ်းသိမ်း ခံရတဲ့ ခင်ပွန်း အေးဇော်ဝင်း ၊ သား များဖြစ်တဲ့ ဇွဲနေ၀င်း၊ကျော်နေ၀င်း တို့ ကတော့ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးပါဘူး။

ဒေါ်စန္ဒာဝင်းဟာ ၂၀၀၂ခုနစ်မှာ သူဖြစ်သူတွေနဲ့ အတူ အာဏာသိမ်းဖို့ ကြံစည်မှုတွေနဲ့ အထိမ်းသိမ်းခံရသူဖြစ်တယ်။ သူမဟာဦးနေ၀င်းရဲ့ အားကိုးရဆုံး သမီးအဖြစ် လူသိများခဲ့သူ ဖြစ်တယ်။ သူမအဖေနဲ့ စစ်တပ်ကြားမှာ အာဏာဝေခြမ်းရေးလုပ်ငန်းတွေမှာ သူမဟာ ခြေသွက်လက်သွက်လုပ်ပေးခဲ့တယ်။

မဆလခေတ် တလျောက်လုံးမှာတော့ ဒေါ်စန္ဒာဝင်းဟာ ဦးသန်းရွေသမီးလိုပဲ ဟော့ရမ်းမှုတွေနဲ့ လည်း နာမည် ထွက်ခဲ့သူဖြစ်ပါတယ်။ တပ်အတွင်း ဗိုလ်မှုးကြီးရာထူးကို ရရှိခဲ့တယ်လို့ သိရတယ်။ ၈လေးလုံး လူထု အရေး တော်ပုံကြီး ကာလမှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့အတူ အကြမ်းဖက်လုပ်ငန်းတွေ ကိုလုပ်ဆောင်ခဲ့တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကို ခေါင်းဖြတ်မှုတွေ၊ အစာထဲအဆိပ်ခတ်မှုတွေ ကို မီးရှို့မှု ၊ ဂိုလ်ဒေါင်ဖေါက်မှုနဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွေကို လုပ်ဆောင်ခဲ့တယ်။

သူမကို လူထုမြင်ကွင်းမှာ နောက်ဆုံးမြင်ခဲ့ရတဲ့ပွဲတွေ ကတော့ သူမဖခင် ဦးနေ၀င်း အသက်၉၀ ပြည့်မွေးနေပွဲမှာ သူမကိုတွေ့ ခဲ့ရတယ်။ ဦးနေ၀င်း လူရင်းကြီးတွေ သာတက်ရောက်ခဲ့တယ်။ ဒီိထဲက အဖွားကြီးတယောက်က တော့ ဒီလိုသမီးမျိုး ကတော့ရှားတယ် လို့ ချီးကြူးခဲ့တယ်။ နောက်တခုပွဲကတော့ မက်သဒစ်ကျောင်းသားဟောင်းများစုံစည်းတဲ့ ပွဲတပွဲမှာ သူမဟာ ဖိလစ်ပိုင် တီးဝိုင်း တီးတဲ့ တန်ဂို တီးလုံးများ ကြားမှာ လိပ်ပြာ တကေင် လို ၀ဲကာပျံကာ ကခုန်နေတာကိုတွေ့ ရပါတယ်။ ဦးနေ၀င်း ဇရာထောင်းလာတာနဲ့ အမျှ သူမရဲ့ စစ်တပ်အတွင်း သြဇာလွမ်းမိုးမှု တွေကျဆင်းလာတယ်။ နောက်ဆုံးမှာ နေအိမ်မှာ အကျယ်ချုပ် ခံထိမ်းသိမ်းခဲ့ရ ပါတယ်။

ဘာဖြစ်လို့ နအဖ အနေနဲ့  ဒေါ်စန္ဒာဝင်း ကို ပြန်လွတ်လာတာလဲဆိုတာ မေးခွန်း ရှိနေပါါတယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်စေချင်တာလား၊ ဦးသန်းရွေက အာဏာကို ထိမ်းသိမ်းထားနိင်တဲ့ အခြေအနေကို ယုံကြည်မှုရှိနေလို့ လား ဆိုတာတွေကတော့ ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေဖြစ်ပါတယ်။ ဖြစ်နိင်ချေ တခုကတော့ ဒေါ်စန္ဒာဝင်း အပါအ၀င် မဆလအဟောင်းများ၊ စစ်တပ်မှာ ဗိုလ်ချုပ်ဟောင်းများ၊တစည များ၊ ယခင်ထောက်လှမ်းရေး များအားလုံးဟာ အားလုံးဟာ အာဏာ စည်းဝိုင်းအပြင်ဖက် ကို ရောက်ရှိနေကြပြီး လူထုအတွင်း၊ ဒီမိုကရေစီအင်အားစုများ နဲ့စစ်တပ်အတွင်းမှာ သြဇာမရှိ သူများဖြစ်နေကြပါတယ်။





Rest of your post

Sim Card တွေ ကို ဒီနေ့ စရောင်း ပြီ။


Sim Card တွေ ဒီနေ့ စရောင်းတယ်။

နှစ်ပေါင်း ၂၀၀၀ ကျော်က လူသားရဲ့  လူဦးဏှောက်ကိုတွေ့ရှိ


-အေပီ-

နှစ်ပေါင်း၂၀၀၀ကျော် သက်တမ်းရှိတဲ့ ရှေးအကျဆုံး လူ့ဦးခေါင်းခွံ့ တခုကို အင်္ဂလန်နိင်ငံမှာ ဗြိတိသျှ ရှေးဟောင်း သုတေသီတွေက ရှာဖွေတွေ့ခဲ့ကြပါတယ်။ ဒီအရိုးခေါင်းထဲက ဦးဏှောက်ကိုပါ အပြည့်အစုံ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါ တယ်။ ဦးခေါင်းခွံ အများစု ကိုတွေ့ရှိတဲ့အခါမှာ ဦးဏှောက်ပါဝင်လေ့ရှိကြတော့ပါဘူး။

ဒီအရိုးခေါင်းခွံဟာ ရိုမန်တွေ အင်္ဂလန်ကို ကျူးကျော်စဉ်ကာလက ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးခေါင်းခွံကို တွေ့ရှိတဲ့ နေရာကတော့ ယော့ခ်တက္ကသိုလ်အနီး ဆောင်းဦးကာလမှာ တူးဖေါ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သုတေသီ ရစ်ချပ်ဟေလ်က သူတို့ရှာဖွေ့တွေ့ရှိတဲ့ ဦးခေါင်းခွံထဲက ဦးဏှောက်ကို ယောခ့်ဆေးရုံးကို ပေးပို့ပြီး စမ်းသပ်တဲ့ အခါမှာ ဦးဏှောက်တစ်ရူးဖြစ်ကြောင်း အတည်ပြုပေးတယ်လို့ဆိုပါတယ်။

သုတေသနတွေ့ရှိချက်အရ လွန်ခဲ့တဲ့ နစ်ပေါင်း၂ထောင်ကျော်က လူသားရဲ့ ဦးဏှောက်နဲ့ ယနေ့လူသား ဦးဏှောက်ဟာ သိပ်ကွာခြားမှုမရှိဘူး လို့ဆိုတယ်။ ၁၉၈၆ခုနစ်ကလည်း လွန်ခဲ့တဲ့ နစ်ပေါင်း ၈ထောင်ကျော်က ဦးဏှောက်ကို ဖလောရီဒါမှာ ရှာဖွေ့တွေ့ရှိ ခဲ့ဘူးတယ်လို့ဆိုပါတယ်။ ပိုပြီး ထူးဆန်းဖို့ကောင်းတဲ့ သတင်းကတော့ ဦးဏှောက်မရှိတဲ့ ယနေ့ခတ် လူသား တဦးက မြန်မာ့တပ်မတော်ကို အုပ်ချုပ်နေခဲ့တာကို ကြပ်ပြေး နေပြည် တော်မှာ တွေ့ရှိနေခြင်း ဖြစ်ပါတယ်ခင်ဗျား။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စပ်မိစပ်ရာ] 1 New Entry: စပ်မိစပ်ရာ GN’R

စပ်မိစပ်ရာ GN’R

Guns N' Rosesငယ်စဉ်ကာလ လူပျိုငယ်ဘ၀က ကျနော်တို့သူငယ်ချင်းတစ်သိုက် GN’R (Guns N’ Roses) ကို သိပ်ကြိုက်ကြတာပေါ့။ အင်္ဂလိပ်စာသာ ညံရင်နေမယ် စာသားတွေ ရအောင်ရှာကြ့ အသံသေးအသံကြောင်တွေနဲ့ Axl Rose ပုံစံမျိုးတွေဆိုကြပေါ့။ သင်္ကြန်များကျပြီဟေ့ ဆိုရင် ဂျစ်ကားရှေ့မှာ GN’R စတစ်ကာ ကြီးကို ပလတ်စတစ်လောင်း အရိုးခေါင်း အလံတွေ တကားကားနဲ့ အများ အခေါ်တော့ သရုပ်ပျက် အနောက်တိုင်း ယဉ်ကျေးမူယစ်မှူး ကြသူတွေပေါ့။ ဆံပင်ရှည်ရှည် ကိုယ်ကျပ်ဘောင်းဘီများနဲ့ တွေးမိတိုင်းပြုံးမိပါတယ်။ အဲဒီခေတ်အခါကလည်း GN’R သီချင်းတွေကို တုစုပြုပြီး မြန်မာစာသားများ ထည့်ကြဆိုတော့ အင်္ဂလိပ်အသံမနိုင်ကြတဲ့ (အမှန်တော့ အသံကို မထွက်တတ်တာပါ) ကျနော်တို့တစ်သိုက်မှာ အကြိုက်တွေ တွေ့လို့ပေါ့။ အသဲစွဲ သီချင်းများကတော့ Sweet Child O’ mine, November Rain, Don’t Cry, Welcome to the Jungle.အများကြီး ပါဘဲ။

GN’R ကို ၁၉၈၅မှာ Hollywood Rose ဆိုတဲ့နာမည်နဲ့ Axl Rose ကဦးဆောင်ဖွဲ့ခဲ့တာပါ။ စခါစ တော့ ခွေမထုတ်နိုင်သေးဘဲ ဟိုနားလျှောက်တီးဒီနားလျှောက်တီးပေါ့။ နောက်ဆုံးကျတော့ recording company A&R ကသဘောကျလို့ ခွေထုတ်ပါရစေဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတော့ Axl ကပိုက်ဆံကြိုယူတဲ့အပြင် A&R executive အမျိုးသမီးက Sunset Strip ခေါ်တဲ့ Hollywood က နာမည်ကြီးတဲ့ လမ်းမှာ ကိုယ်တုံးလုံးနဲ့ လျှောက်ရင် လက်မှတ်ထိုးပေးမယ်လို့ ပြောလိုက်တယ်။ တကယ်လျှောက်လား မလျှောက်လားတော့မသိဘူး။ နောက်ဆုံး သူတို့လက်မှတ်ထိုးလိုက်ကြတယ်။

သီချင်းများက ကောင်းတော့ ခွေထွက်ထွက်ချင်း ပေါက်တာပါဘဲ။ Rock လောကကြီးမှာ GN’R ဟာ ဟုန်းဟုန်းထ အောင်မြင်လာတယ်။ Axl နဲ့ Slash ဟာ လူငယ်တွေရဲ့ အသည်းစွဲ Rock Hero တွေ။ တခြားသော Rock Bands တွေလဲ အောင်မြင်ပါတယ်။ AC/DC, Metallica, Skid Row အစရှိတဲ့ အဖွဲ့တွေလည်း အောင်မြင်ကြပါတယ်။ သို့သော် Axl နဲ့ Slash လို လူသိမများကြဘူး။ Band အနေနဲ့သာ သိကြတယ်။

အောင်မြင်မူရဲ့ဒဏ်ကိုတော့ GN’R လည်းကြာကြာမခံနိုင်ပါဘူး။ မူးယစ် တွေဝေ ပြီးကွဲကြတာ ပါဘဲ။ အဓိကကတော့ Alx နဲ့ Slash ပါဝါပြိုင်ကြတယ်ဘဲဆိုပါတော့။ ၉၃မှာ ကွဲကြတယ်။ ၈နှစ်တာ ကာလအတွင်း စီးရီး ငါးခု ထွက်တယ်။ အားလုံးမှာ နာမည်ကြီးသီချင်းတွေကိုယ်စီနဲ့။ ကွဲပြီးတဲ့အချိန်ကစပြီး Axl ဟာစီးရီးတခုကို သူဘာသာထုတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး ၁၅နှစ်ကြာပြီးမှာ Chinese Democracy ဆိုပြီးထွက်လာတယ်။

GN’R Chinese Democracy ထွက်မယ်လို့ကြားတာ ၂၀၀၀ခု လောက် ကတည်းက။ Axl ဟိုနားမှာ အမြည်းလေးဆိုပြလိုက်။ အင်တာနက်မှာ ခွေကြမ်းလေးထွက်လိုက်နဲ့။ ငယ်ငယ်က လို အရူးအမူးကြီးမဟုတ်တော့ သိပ်အရေးမထားခဲ့ဘူး။ တခါတလေ ကြုံရင်တော့ သူတို့ဆိုက်မှာ သတင်းလေးဘာလေးဖတ်ပေါ့။ ဒီဇင်ဘာလဆန်းမှာ Chinese Democracy ထွက်လာတော့ အလုပ်တွေများနေတာနဲ့ နားမထောင်ဖြစ်ဘူး။ နောက်ဆုံးကြမှာ နားထောင်ဖြစ်တယ်။ ကောင်းလိုက်တာဗျာ။ ဟိုးတုန်းက အတိုင်း
ကောင်းမြဲကောင်းတုန်း။

ပြောချင်တာက အခုမှလာပြီ။ ရှေ့က စကားတွေခင်းခဲ့တာ။ အခုခေတ်မှာ ၈၀၊၉၀ က နာမည်ကြီးပြီးကွဲခဲ့တဲ့ တီးဝိုင်းတွေဟာ ဘော်ချက်တဲ့အနေနဲ့ ပြန်စုကြ စီးရီးတွေ အသစ်အဟောင်းရောပြန်ထုတ်ကြ။ တချို့လည်း စင်ပေါ်ပြန်ရောက် တချို့လည်း ဒုံရင်းက ဒုံရင်းဘဲ။ အဓိက ကတော့ သူတို့ကို ကြိုက်ခဲ့တဲ့သူတို့ရဲ့ ပရိတ်သတ်ဘဲ။ အသက်တွေကြီးကုန် ပြီလေ။ အရင်တုန်းကလို crazy မဟုတ်တော့ဘူး။ ၃၀-၄၀ တန်းတွေဖြစ်နေပြီ။ အတွေးခေါ်တွေ ပြောင်းကုန်ပြီ။ ငယ်ငယ်တုန်းကလို ရှေ့ဆုံးတန်းမှာ ခေါင်းတွေလက်တွေရမ်းပြီး လိုက်မဆိုတော့ဘူး။ တီးဝိုင်းတွေလည်း ပရိသတ်နဲ့အတူ ပြောင်းလဲဖို့လိုတယ်။ ဘော်ချက်များကတော့ ပရိသတ်ကြီးကို ကလေးတွေလိုဘဲထင်တုန်း။ ခပ်ပေါပေါ ပုံစံတွေလုပ်တုန်း။

GN’R ကတော့ အဲလိုမဟုတ်ဘူး။ ရင့်ကျက်လာတယ်။ စာသားများကတော့ ဟိုးတုန်းကလို ပြောင်မြောက်စေဘဲ။ Axl မမူးတော့ဘူး။ စာသားများဟာ လေးနက်တယ်။ နိုင်ငံရေးအတွေးခေါ်တွေပါတယ်။ သူ့ဘ၀ အကြောင်းတွေပါတယ်။ သူ့ သူငယ်ချင်း Slash အပေါ် မကျေနပ်တာတွေပါတယ်။ အစိုးရကို အစာမကြေတာတွေပါတယ်။ သီချင်းအဆူတွေပါတယ်။် သီချင်းအငြိမ့်တွေပါတယ်။ နားထောင်ပြီးတော့ အတော်ကြီးကျေနပ်တယ်။ စောင့်ရကြိုးနပ်တယ်လို့။

ဒီရောက်ခါစ က ကျနော်တို့မြို့မှာ GNR live show ကြုံတယ်။ ကြည့်ချင်လိုက်တာ ပိုက်ဆံမရှိလို့ မကြည့်ခဲ့ရဘူး။ ဒီတခေါက်တော့ သူတို့များပြန်လာခဲ့ရင် ရှိတာပေါင်နှံပြီး သွားကို ကြည့်အုန်းမယ်။ :)

မြန်မာပြည်မှာတော့ နားထောင်လို့တောင်ရပါမလားမသိဘူး။ Chinese ရယ် Democracy ရယ် ပါတော့ ပြီးပြီးပေါ့။ နားထောင်ချင်တယ် စာသားတွေဖတ်ချင်ရင်တော့
နားထောင်ရန် http://www.deezer.com/#music/album/255900
စာသားဖတ်ရန် http://chinesedemocracylyricsgnr.blogspot.com

GN’R ရှင်သန်ပါစေ။

—ကျော်မိုးဥာဏ်—

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်] 1 New Entry: ရင်သို့ထွင်းဖောက် ၀င်ရောက်ခဲ့သောကဗျာများ

ရင်သို့ထွင်းဖောက် ၀င်ရောက်ခဲ့သောကဗျာများ

ထက်ကောင်းကင် အာကာတခွင်၌ တိမ်မြူခိုးတို့ ကင်းစင်၍ လင်းချင်တိုင်း လင်းနေသော တနင်္ဂနွေ တစ်နေ့ဖြစ်သည့် အားလျော်စွာ ကျွန်ုပ်သည်လည်း အလုပ်အားရက်၏ အရသာကို ဆက်ရက်မင်းတစ်ကောင်၏ စည်းစိမ်မျိုးဖြင့် ယစ်မူးကာ အရသာခံနေလေတော့၏ ။ ယခင့် ယခင်ရုံးပိတ်ရက်များတွင် ကျွန်ုပ်သည် တစ်နေရာမဟုတ် တစ်နေရာ သွားတတ်သည် မှန်သော်လည်း ယနေ့တွင်မူ အပြင်ထွက်ရမှာ ပျင်းသည်က တစ်ကြောင်း၊ အားလပ်ရက်တွင် အိမ်၌ စာအုပ်ဖတ်ကာ စည်းစိမ်ယူလိုလှသည်က တစ်ကြောင်း ၊ လကုန်ရက် ရောက်ခါနီးသည်နှင့်အမျှ အိတ်ကပ်မှ ငွေအသပြာတို့မှာလည်း ပါးသည်ကတစ်ကြောင်း အိမ်၌ပင်နေကာ ပက်လက်ကုလားထိုင်တစ်လုံး ကော်ဖီတစ်ခွက် စာအုပ်တစ်အုပ်နှင့် ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်လှသဖြင့် သွားလေရာ နေရာတိုင်းလိုလို၌ ပါတတ်သော လန်ဒန်ဟု ခေါ်တွင်သည့် စီးကရက်တဗူးကို ဘေး၌ချ၍ စာအုပ်ကိုဖတ်ရင်း လောက၏ အရသာကို ကောင်းမွန်စွာ ခံစားနေလေတော့သည်။ ထိုသို့ စည်းစိမ်ခံစားနေချိန်၌ပင် ကိုလင်းဒီပတစ်ယောက် အိမ်ရှေ့မှ ငိုက်စိုက်ငိုက်စိုက်ဖြင့် တက်လာသည် ကိုလှမ်းမြင်မိလေသည်။ ကျွန်ုပ်လည်း ကိုဒီပကိုမြင်သော် ယင်းဝင်သာအောင် တံခါးထဖွင့်ပေးရင်း နှုတ်ဆက်စကားဆိုလိုက်လေ၏ ။

" ဗျို့ကိုဒီပ မတွေ့တာတောင် အတော် ကြာနေပါပေါ့လား အခုကော ဘယ်လေတိုက်လို့ ရောက်လာပါသလဲဗျာ "

" ဟား ဟား မုတ်သုန်လေ မြောက်ပြန်တိုက်လို့ စိတ်၏စေရာအတိုင်းလိုက် လိုက်တာ မိုးမြင့်တိမ်တိုက်ဆီ ရောက်လာတာပါဘဲဗျာ "

" ကိုဒီပတို့ကတော့ လုပ်ပြီ စာချိုးလေးနဲ့ ပြောလိုက်ရမှပေါ့လေ။ ကိုဒီပနှယ် ဒီလို ပျော်ပျော်နေတတ်လို့ စိတ်ပျို ကိုယ်နု ဖြစ်နေသလား မသိဘူးဗျို့ "

" ကဲ စကားကောင်းနေလိုက်တာ ဧည့်သည်ကို ဧည့်ခံဘို့တောင် မေ့နေတယ် အပူလား အအေးလား ကိုဒီပ "

"ရပါတယ်ဗျာ အပင်ပန်းခံမနေပါနဲ့ နေပါစေ "

" ဘယ်ဟုတ်ပါ့မလဲ ကိုဒီပရဲ့ ကျွန်တော့်ဆီကို ရောက်တုန်းလေးတော့ ဧည့်ဝတ်ကလေး ကျေချင် စမ်းပါဘိနှယ်... ကဲ ခဏစောင့် ကော်ဖီသွားဖျော်လိုက်မယ်"

ကျွန်ုပ်လည်း ထိုသို့ပြောပြီးနောက် ကိုဒီပ သောက်ရန်အလို့ငှာ နောက်ဖေးသို့သွား၍ ကော်ဖီဖျော် ယူလာပြီးလျှင် ကိုဒီပအား ကော်ဖီကမ်းပေးရင်း လှမ်းပြောမိလိုက်၏ ။

" ကဲ ကိုဒီပရေ ကော်ဖီသောက်ရင်း လာရင်းအကြောင်းလေးဆိုပါဦးဗျ "

" ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ ကိုမိုးမြင့်ဆီလည်း မရောက်တာကြာ စာအကြောင်း ပေအကြောင်းလေးလဲ ပြောရအောင် လာတာဗျ။ အခုတလော ကိုယ့်ဆရာလည်း ကဗျာရေးတွေ ကြဲနေပါလား"

" ကြဲဆို ဒီလိုကိုဒီပရဲ့ ။ ကျွန်တော်နှစ်သက်တဲ့ ကဗျာလေးတွေကို ပြန်လိုက်ရှာပြီးစုစည်းနေတာနဲ့ ကဗျာရေးတာ ခဏရပ်ထားတာ "

" ဟာ ဟုတ်လားဗျ။လုပ်စမ်းပါဦး ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာလေးတွေက ဘယ်လိုကဗျာတွေလည်း ကျွန်တော့်ကိုလည်း ပြောပြပါဦး "

" အင်း ကြိုက်တဲ့ကဗျာတွေ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒီထဲက ကျွန်တော်ကြိုက်တဲ့ ပထမဆုံးကဗျာ ကိုပြောရမယ်ဆိုရင်တော့ ရှင်မဟာရဌသာရ ဆုံးမစာ လကာင်္ ပေါ့ဗျာ။ ဒီလကာင်္က ဆရာတော်ကကျွန်တော်တို့ နောင်လာ နောက်သားတွေကို ဆိုဆုံးမထားတဲ့ ကဗျာပေါ့ဗျာ။ ကျွန်တော်တို့ ကျောင်းတုန်းကလည်း သင်ခဲ့ကြရဘူးပါတယ်။ ဒီလကာင်္လေးမှာ မိခင်ဖခင်နဲ့ လူကြီးသူမ ဆရာသမားတွေ အပေါ်မှာ ဘယ်လိုဘယ်ပုံ ရိုသေကိုင်းရှိုင်းရမယ် ၊ လူကြီးမိဘ ဆရာသမားတွေရဲ့ ဆိုဆုံးမစကားကို ဘယ်လိုနာခံရမယ် ၊ ကိုယ့်ထက်အကြီး အကိုအမ တွေကို ဘယ်လိုသဘောထားရမယ် ၊ ဘယ်လိုစည်းလုံးရမယ် ၊ ဘယ်သူမျိုးကိုပေါင်းရမယ် ၊သတ္တ၀ါတွေအပေါ် ဘယ်လိုကြင်နာရမယ် ဆိုတဲ့ အသိတွေ အကျင့်တွေ ဆောင်ရွက်လိုက်နာဖွယ်ရာတွေကို ဆိုဆုံးမထားတဲ့လကာင်္လေးပေါ့ဗျာ။ တန်ဘိုးရှိသလို မှတ်သားလိုက်နာသင့်တဲ့ လကာင်္မို့လို့ ကျွန်တော်မှတ်ထားတယ်ဗျ။ ဒီမှာ"

ရွင္မဟာရဌသာရ ဆံုးမစာ လကာၤ

၁။ လက်သစ်တောင်သာ၊ ယူဇနာပေါင်းတာပြန်လောင်းသော် ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့်
တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။
(မိဘ၊ ဘိုးဘွား၊ ဆရာစကား ချိုချို ခါးခါးနာယူရသည်။)

၂။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနုတ်ထွက်၊ ဆက်၍မဆို၊ ရိုသေကြစေ၊ ကိုကြီး အစ်မ၊ သည်နှစ်ဝကို မိဘကဲ့သို့ မှတ်ကြလေ။

၃။ သေသူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါတယ်လည်း၊ မဖယ်မသွေ၊ ညီညာ ကုန်း၍၊ ရုန်းကြလေ။

၎။ သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ သူမိုက်မဲကို၊ ရှောင်လွဲပါလေ။ ဤသူအမြတ်၊ ဤသူလတ်ဟု၊ညစ်ပတ် ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။

၅။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကိုလည်း၊ ချစ်ပါလေ။

" ဟုတ်ပါတယ် ကိုမိုးမြင့်ရေ။ တကယ်ကို မှတ်သားသင့်တဲ့ လကာင်္လေးပါ။ ကျွန်တော်လည်း ဖတ်ဘူး ၊ သင်ဘူးတယ် "

" ဟုတ်တယ်ကိုဒီပရေ။ ဆရာတော်ရေးခဲ့တဲ့ ကဗျာ၊ လကာင်္ ၊ ရတု တွေအများကြီးပါဘဲ။ ဒီထဲမှာ ကျွန်တော်ကြိုက်တဲ့ ဆရာတော်ရေးတဲ့ ရတုတစ်ပုဒ်ရှိတယ်ဗျ "

" ဟုတ်လား ဘယ်လိုရတုလည်းဗျ "

" ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု တဲ့ဗျ။ ကိုဒီပ နားထောင်ချင်ရင် ကျွန်တော်ရွတ်ပြမယ်"

"ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု"

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
( ဆရာတော်၏ အထ္ထုပတ္တိအကျဉ်းနှင့် မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် )

" တော်တော်ကောင်းတဲ့ ရတုဘဲဗျ ကိုမိုးမြင့် "

" ဟုတ်တယ် ကိုဒီပ "

" နောက်တစ်ပုဒ် ကျွန်တော်ကြိုက်တာကတော့ ဆရာဇော်ဂျီရေးတဲ့ မင့်အိမ် ဆိုတဲ့ ကဗျာလေးဘဲ " "ဒီကဗျာလေးက ဘယ်အရာမဆို ကိုယ်တိုင် ကြိုးကုတ်အားထုတ်ပြီး ကိုယ်တိုင်ကြိုးစားမှာသာ ရနိုင်ဖြစ်နိုင်မယ်ဆိုတာကို ဖော်ကြူးထားတဲ့ ကဗျာလေးပေါ့။ တခြားသူ အောင်မြင်နေတာကို ငေးကြည့်ပြီး အားကျနေမဲ့အစား ကိုယ်ကိုယ်တိုင် သူတပါးလို အောင်မြင်အောင် ကြိုးစားအားထုတ်ရမယ် ဆိုတာကို ဖော်ပြထားတာဘဲ ကိုဒီပရေ။ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတိုင်း ပြန်ပြန်သတိရမိတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။ ဒီမှာလေ ကိုဒီပ ဖတ်ကြည့်လိုက်ပါဦး "


မင့်အိမ်

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်က မင့်အိမ် ၊ လွန်သေးသိမ်ဟု
မငြိမ်မသက် ၊ စိတ်စက်မကောင်း
စိတ်ထောင်း ကိုယ်ကြေ ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။

လှိုင် အိအယောင်
ဆောင်ပြိုင် သာမော ၊ သူ့အိမ်ချောသို့
စကြောသပ်ရပ် စံပယ်ထပ်နှင့်
ပန်း ထပ် ပန်း ကြွ ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း ၊ မင်းရော်ရမ်းသည်
ပန်း အိ နေထိ ကြွေတော့မည်။

မကောင်း မင့်အိမ် ၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို ၊ အမိုးယိုသော်
မငြိုသင့်ပါ ၊ မင့် တက်ဖာပေါ့
အကာ အနင်း ၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင် ၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့ ၊ အရွှဲ့ အစောင်း
မကောင်း မပြေ ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

ကျွန်ုပ်လည်း ကိုဒီပလက်ထဲသို့ ဆရာဇော်ဂျီ၏ ညီသစ်ဆင်း ကဗျာစာစုများ ဆိုသည့် ကဗျာစာအုပ်အား လှမ်းပေးကာ ကိုဒီပ ကဗျာဖတ်နေသော အချိန်အတွင်း၌ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်သည့် ပရီးမီးယားဟု ခေါ်တွင်သည့် ကော်ဖီအားတစ်ငုံခန့်မျှ သောက်၍ လန်ဒန်စီးကရက်အား မီးညှိဖွာရှိုက် လိုက်လေသည်။ ထို့နောက် ကိုဒီပအား

" ဘယ်လိုလဲ ကိုဒီပ ဆရာဇော်ဂျီရေးထားတာ "

" ကောင်းတယ်ဗျာ လူတစ်ယောက်မှာ ရှိသင့်၊ထားသင့်တဲ့ စိတ်ဓါတ်ကို အိမ်နဲ့ ဥပမာ ပေးစပ်ဆိုသွားတာ တကယ့်ကို ကောင်းပြီး တန်ဘိုးရှိတဲ့ ကဗျာတစ်ပုဒ်ပါဘဲဗျာ "

" ဟုတ်တယ်ကိုဒီပရဲ့"

" ဒါနဲ့ ကိုမိုးမြင့် ဒီနေ့ခေတ်ထဲမှာ မော်ဒန်ကဗျာတွေ ခေတ်စားလာတယ်ဗျ။ အဲဒီထဲံမှာ ကော ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာရှိလား "

" ရှိတာပေါ့ ကိုဒီပရယ် ကဗျာဆရာဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတဲ့ အကြောင်းအရာ ကိုယ်ကနေ ကဗျာဖတ်သူတွေကို ပေးချင်တဲ့ အကြောင်းအရာ တွေကို ရေးနည်းရေးဟန်အမျိုးမျိုးနဲ့ ပေးနေကြတာလေ။ ဒါကြောင့်မို့ ကဗျာတိုင်းကို ကျွန်တော် နှစ်သက်တယ်။ ကဗျာဆရာတိုင်းကို ကျွန်တော် လေးစား တန်ဘိုးထားတယ်ဗျ။ ဒီနေ့ခေတ်ထဲမှာလည်း ကျွန်တော်ကြိုက်တဲ့ ကဗျာဆရာတွေ ကဗျာတွေ အများကြီးရှိတယ် ကိုဒီပ။ အဲဒီထဲကနေ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ် ကိုဒီပကို ပြမယ်။အဲဒီကဗျာက တာရာမင်းဝေ ရေးထားတဲ့ နှင်းလူဆိုတဲ့ ကဗျာဘဲ ကိုဒီပ။ ကျွန်တော်လည်း ဆောင်းရာသီနဲ့ ပတ်သက်နေတဲ့ ကဗျာလေးဆိုတော့ မှတ်မိပြီး ကြိုက်နေတာဗျ "

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။

" ကောင်းလိုက်တာ ကိုမိုးမြင့် ၊ ဖတ်ရတာ အရသာ ရှိတယ်ဗျာ "

" ဟုတ်တယ်ကိုဒီက ကျွန်တော်လည်း ဒီကဗျာလေးကို တော်တော်ကြိုက်တယ်ဗျ "

" နောက်ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ်ရှိသေးတယ်။ အဲဒီကဗျာကတော့ ကျွန်တော့်အကိုကြီး ဆိုလည်းဟုတ် ကျွန်တော်ဂျီကျပြီး မေးသမျှကိုလည်း အိပ်ရေးပျက်ခံပြီး မညဉ်းမညူ စဉ်းစားပေးတွေးတောပေး သင်ပြပေးတဲ့ ဆရာဆိုလည်းဟုတ် ကျွန်တော်ရေးတဲ့ကဗျာတွေကို အချိန်ကုန်ခံပြီး စိစစ်အကြံပေးတတ်တဲ့ မိတ်ဆွေဆိုလည်းဟုတ်တဲ့ အကို မင်းသုခရေးပြီး ကျွန်တော့်ကို လက်ဆောင်ပေးထားတဲ့ ကဗျာပေါ့။ ကဗျာနာမည်က ဒီဇင်ဘာလျော်ကြေး တဲ့ ။ ကဗျာကိုတပ်မက်ခုံမင်လွန်းတဲ့ သားနဲ့ သားအပေါ်မှာ မိဘမေတ္တာစိတ်အပြည့်နဲ့ ဖြစ်စေချင်လွန်း အောင်မြင်စေချင်လွန်းတဲ့ အဖေတစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးကို ရေးဖွဲ့ထားတဲ့ ကဗျာလေးပေါ့ ။ ကျွန်တော်တော်တော်ကို နှစ်ခြိုက်မိတဲ့ ကဗျာလေးလေ။ ကျွန်တော်ရွတ်ပြမယ် နားထောင်ကြည့် ကိုဒီပ "


ဒီဇင်ဘာ..လျော်ကြေး

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္တေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့် ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကြွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန် မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်း ခဲ့တာမဟုတ်ဘူး အဖေ..။

ခုံမင်တဲ့ ကဗျာအစလေးတွေနဲ့
တစ်ခါကပေးတဲ့ အိပ်မက်
ဆန်းတက်တဲ့ နေ့ရက်တွေမှာ
မှတ်တမ်းထွက်တဲ့ ပုံနှိပ်စာလုံးတွေက
ကျွန်တော့်ဘ၀အတွက် မမေ့ရက်စရာ
(၇၅) ကျပ်တန် အပျော်တွေပါ..။

မေတ္တာအရောင်တွေ ကြီးစိုး
ကဗျာဆရာဖြစ်မှာ စိုးတဲ့အဖေ
ကျွန်တော့်ကို ရိက္ခာဖြတ်တော့
သပြေနဲ့ ချယ်ရီ ကျွန်တော့်အတွက်တော့ နာရီဖြစ်ခဲ့တယ်..။

ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။

အယက်အကန်ခံလို့ အံခဲမယ့်ဗေဒါလို
စိတ်ဓါတ်ကိုအားတင်း ရဲရင့်ခြင်းနဲ့ နေပါလည်း
ကျွန်တော့်ရင်ထဲ မြတ်နိုးတဲ့ ကဗျာပန်းတွေ
ှနွမ်းလျလို့ ကျေခဲ့တယ် အဖေ..။

အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကေင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှာ
တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

" ကောင်းလိုက်တဲ့ ကဗျာလေး ကိုမိုးမြင့်ရာ။ ဖတ်ပြီးတော့ ရင်ထဲတစ်မျိုးတစ်မည်ကြီး ခံစားလိုက်ရတယ် "

" ဟုတ်တယ်ကိုဒီပရေ ဒါကြောင့်မို့လည်း ကျွန်တော်ကြိုက်တာပေါ့ "

" ကဲ ကိုဒီပရေ ကျွန်တော် ကြိုက်တဲ့ ကဗျာတွေတော်တော်များများလည်း ပြောပြခဲ့ပြီးပြီ။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေ အကုန်သာပြောရရင် ဒီဘလော့ခ်စာမျက်နှာလောက်ပါ့မလားလို့ စိုးရိမ်မိတယ်ဗျို့ ။အဲဒီတော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်မယ်ဗျာ အချိန်လည်း အတော်လင့်နေပြီ။ နောက်တစ်ခါ ကျမှဘဲ ထပ်ပြောကြတာပေါ့ "

" ဟုတ်တယ် ကိုမိုးမြင့်ရေ ကျွန်တော်လည်း ပြန်ဘို့သင့်ပြီဗျ။ အိမ်ကလည်း မျှော်နေလောက်ပြီ ။နောက်တစ်ခါ ကျတော့မှ ဆက်ပြောကြတာပေါ့ဗျာ။ အခုတော့ ကျွန်တော်လည်း ပြန်လိုက်ဦးမယ် ကိုမိုးမြင့်ရေ ။ အခုလို ကဗျာကောင်းတွေဖတ်ရတာ ကျေးဇူးတင်သဗျာ။ ကဲသွားပြီဗျို့ "

ကျွန်ုပ်လည်းပြောပြောဆိုဆိုနှင့် နှုတ်ဆက်ကာ ဆင်းသွားသော ကိုဒီပ၏ ကျောပြင်ကို ငေးကြည့်ကာ ဒီဇင်ဘာ လျော်ကြေး ဆိုသော ကဗျာလေးအား ဒုတိယအကြိမ် ပြန်ဖတ်မိ လိုက်လေတော့သည်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

( ကိုလင်းဒီပရေ ရေးလိုက်ပါပြီဗျာ။ ရေးပေးတာနောက်ကျတဲ့ အတွက်ခွင့်လွှတ်စေလိုပါသည်ခင်ဗျာ )

ပထမတော့ မတက်ခ်တော့ဘူးလို့ နေမလို့။ ဒါပေမယ့် စိတ်ကူးပြောင်းပြီး တက်ခ်ပါမည်။ တက်မည့်သူကတော့ တူများရဲ့ အရှင်ဘုရင်ကြီး ကိုဖိုးမောင်(Happy Cloud) ပါ။ နောက်တစ်ယောက်ကတော့ ညီမ ရွှန်းမီပါ။ နောက်တစ်ယောက်ကတော့ ညီမ Green Girl ပါ။ အားလုံးဘဲ ခင်တယ်ဆိုရင် ရေးပေးကြပါနော်။

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.