Showing posts with label ည - ညီလင်းဆက်. Show all posts
Showing posts with label ည - ညီလင်းဆက်. Show all posts

Tuesday, October 7, 2008

[NYI LYNN SECK 18+ DEN] 1 New Entry: သူတို့ဆီက အတွင်းရေးများ

သူတို့ဆီက အတွင်းရေးများ

သူတို့ဆီက အတွင်းရေးများ


ကျွန်တော်တို့ နာဂစ်အတွက် လပွတ္တာဘက်က ရွာတွေ သွားနေကြတုန်းက အဲဒီက လူတွေနဲ့ တော်တော်ကြီး ရင်းရင်းနှီးနှီး ပေါင်းဖြစ်ခဲ့ကြပါတယ်။ ညစ်ပတ်တာ သန့်ရှင်းတာတွေ ဂရုမထားနိုင်ဘဲ သူတို့ချက်ကျွေးတာစား၊ သူတို့နဲ့အတူ တစ်ခွက်ထဲ အရက်သောက်ပေါ့။ အရက်က ဓာတ်ဆီပုံးကြီးနဲ့ ထည့်ထားတာ။ လှေပေါ်မှာ ဖွက်ထားတတ်ကြတယ်။ အစကတော့ ကျွန်တော်တို့ကို အားနာလို့နဲ့ တူတယ် မထုတ်လာကြဘူး။ နောက်ပိုင်းတော့ ကျွန်တော့်တို့ မြစ်ထဲမှာ လေတွေမိုးတွေ မိပြီး အရမ်းချမ်းလာတော့ တစ်ခွက်တစ်ဖလားလောက် သောက်ရရင် ကောင်းမှာပဲလို့ ညည်းတွားလိုက်တော့မှ ဟာ.. ရှိတာပေါ့ဆိုပြီး ထုတ်လာပေးတယ်။

နာဂစ်ဒဏ်ခံပြီး ပထမဆုံး ပြန်လည်ပတ်တဲ့ဆိုင်က ဘာဆိုင်လဲလို့ မေးရင် အရက်ဆိုင်လို့ ပြောရမလားမသိဘူး။ အထဲမယ် ဖားပြုတ်တွေပါလား၊ ဖိနပ်တွေပါလားတော့ မသိပါဘူး။ အရမ်းချမ်းလွန်းတော့ သောက်ရတာပဲ။ အမြည်းလေးရှိရင် သိပ်ကောင်းမှာပဲဆိုတော့ လှေလေးကို ကမ်းနားထိုး ရေထဲကိုဆင်း ဟိုနှိုက်ဒီနှိုက် လုပ်လိုက်တော့ ပုဇွန်တွေ ရလာတယ်။ လှေလေးထဲက သံပုရာသီးလေး ခွဲပြီး အဲဒီ ပုဇွန်တွေကို ဖြန်းလိုက်တော့ အရသာရှိတဲ့ ပုဇွန်အစိမ်းသုပ် လို ဖြစ်သွားပါလေရော။ ဒီလို မြည်းကြရတယ်။ သောက်ကြတဲ့ ခွက်က ရေသန့်ဗူးကို ဓားနဲ့ဖြတ်ထားတဲ့ လက်ဖြစ်ပလတ်စတစ်ခွက်ပေါ့။ တစ်ရက်တစ်ရက် လှေက အမုန်းစီးရတာလေ။ အသွား နှစ်နာရီခွဲ အပြန် နှစ်နာရီခွဲလောက် လေနဲ့မိုးနဲ့ သွားကြရတာ။ ပထမတော့ ကျွန်တော်တို့က သူတို့ အကြိုက် မသိဘူး။ တစ်နေ့တာ လုပ်ငန်းခွင် ပြီးသွားရင် စားဖို့သောက်ဖို့ ကော်ဖီတွေ၊ မုန့်တွေ ယူလာပေးတယ်။ သိပ်လည်း မစားကြဘူး။ သိပ်လည်း ရင်းရင်းနှီးနှီး မရှိလှဘူး။ အဲ.. နောက်ပိုင်းကျမှ ရွာလူကြီးက ထုတ်ပြောတယ်။ အရက်တိုက်ရတယ်တဲ့။ ဟုတ်ပါ့ဗျား။ စည်ကားလိုက်တဲ့ အရက်ဝိုင်း။ ငါးကြော်လေးတွေနဲ့၊ လက်ဖက်သုပ်နဲ့၊ ဆေးပေါ့လိပ်လေးနဲ့ ရွာထဲက ဆိုးပေတွေလည်း ပါရဲ့။ ရေဒီယိုကနေ ကျွန်တော်တို့ သူတို့ရွာ ရောက်နေတယ်ကြားတော့ သူတို့ ပျော်နေကြတယ်။ ကျွန်တော်တို့အဖွဲ့ကို သူတို့တွေက ခရုမျက်မည်း အဖွဲ့လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ လိုဂို လက်မည်းကြီးက ဘယ်ဘက် ရင်အုံကနေ ကူညီဖို့ ထွက်လာတာပါလို့ သူတို့ မမြင်ဘူး။ ခရုနဲ့ တူလို့တဲ့။ မျက်မည်းကတော့ ယောသားကြီးကိုကြည့်ပြီး ခေါ်တယ် ထင်ပါရဲ့။ ရွာကို လှေဆိုက်ပြီ ဆိုရင် ကလေးတွေက ခရုမျက်မည်းတွေလာပြီလို့ အော်ကြသတဲ့။ ပြောရရင် ကျွန်တော်တို့ ရွာဝင်တာ ဂျပန်ဝင်သလို ဝင်ရတာမျိုးပါ။ အိမ်ဆောက်ဖို့ လူတွေကို မလာလာအောင် ခေါ်ရတယ်။ တချို့က သိပ်အချောင်ခိုတယ်။ ဟိုရှောင်ဒီရှောင် လုပ်နေတတ်တယ်။ မိုးလေး ရွာပြီဆို တသုတ်ပြီး တသုတ် ပျောက်ကုန်ကြတယ်။ မိုးရွာထဲမှာ ကျွန်တော်တို့ လုပ်ပြမှ သူတို့ ပြန်ထွက်လာတတ်ကြတာ။

နောက်ပိုင်း ချက်အရက်ဝိုင်းလေးတွေနဲ့ သူတို့နဲ့ တော်တော်ရင်းနှီးလာမှ ပြောရဆိုရ လုပ်ရကိုင်ရ ကောင်းလာတာ။ ရွာထဲမှာ ဘယ်သူကဘယ်သူ၊ ဘယ်သူ့မိန်းမက ဘယ်သူ့ယောက်ျားနဲ့ ဖြစ်တယ်၊ ဥက္ကဌက ဘယ်လို ဖြတ်ရိတ်တာ၊ ဘုန်းကြီးက ဘယ်လို မောင်ပိုင်စီးတာ စတဲ့ အတွင်းရေးတွေ သိလာရတယ်။ ကျွန်တော်တို့က သူတို့ကို ကူညီနိုင်ဖို့ ဒေတာလေးတွေလည်း ကောက်ဖြစ်တာမို့ တရွာလုံးကို နာမည်တွေတောင် အလွတ်ရတယ်။ ရွာတွေမှာ တော်တော်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကြတယ်။ လျှို့ဝှက် စစ်တမ်းအရ ရွာသားတွေအတွက် အလိုအပ်ဆုံးဟာ လယ်ထွန်စက် မဟုတ်ဘူး၊ ရေသန့်စက် မဟုတ်ဘူး၊ ဆီမဟုတ်ဘူး၊ ဆန်မဟုတ်ဘူး။ မိန်းမပါတဲ့ဗျား။ သနားဖို့ ကောင်းသလို ရယ်လည်း ရယ်ရတယ်။ တချို့ရွာတွေမှာ မိန်းမငယ်တွေ အကုန်သေကုန်တယ်။ ကျန်ခဲ့တဲ့ ၅ယောက်က အသက်ငါးဆယ်ကျော် ဖြစ်နေတော့ ရွာသားတွေ မဲပေါက်မှာ စိုးရိမ်နေကြသတဲ့။ ဒါနဲ့ ဆရာမလေး နှစ်ယောက် စာသင်ဖို့ဆိုပြီး ရောက်လာတယ်၊ ဘယ်လိုတွေ ပျူပျူငှာငှာ ဧည့်ခံလိုက်ကြတယ် မသိဘူး။ မသင်ရဲဘူးဆိုပြီး ပြန်လစ်သွားပါသတဲ့။ တချို့ရွာကျတော့လည်း ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ဖြစ်နေတယ်။

ရွာတစ်ရွာကနေ နောက်တစ်ရွာသွားရင် နာရီဝက်လောက် လမ်းလျှောက်ရတယ်။ လမ်းလျှောက်ရင်း ကျွန်တော်တို့က အတွင်းရေးလေးတွေ မေးကြတယ်။ သူတို့ လူပျိုဘဝ၊ အိမ်ထောင်ရေး၊ ဘာညာကွိကွပေါ့။ ကျွန်တော်တို့ သိချင်တာက ဘာလို့ အဲဒီဒေသတွေမှာ စောစော အိမ်ထောင်ကျကြတာလဲ၊ လိင်ကိစ္စအမြင် ဘယ်လိုရှိတယ် ဆိုတာတွေပေါ့။ ထူးခြားတဲ့ အချက်တွေကို ကျွန်တော် သွားတွေ့ပါတယ်။ ရွာကအိမ်တွေဟာ အခန်းသီးသန့်တွေ မရှိပါဘူး။ ဒီလိုပဲ အကန့်လေးတွေလုပ်ပြီး နေကြရတာ။ တချို့ဆို မိသားစုက ၈ယောက်။ မိဘဘိုးဘွားတွေရော၊ သားသမီးတွေရော အစုံ။ ဘယ်အချိန်မှာ ကိုယ့်မိန်းမနဲ့ အတူအိပ်ဖြစ်သလဲလို့ ကျွန်တော်တို့မေးတော့ တချို့က တရေးနိုးတဲ့၊ တချို့က အားလုံး အိပ်သွားတဲ့ အချိန်တဲ့၊ တချို့က လယ်ထဲမှာပဲတဲ့၊ တချို့က အိမ်ကလူတွေ အပြင်ထွက်တဲ့အချိန်တဲ့။ တချို့က ငါးဖမ်းထွက်ရင်း လှေပေါ်မှာတဲ့။ တခြားလူတွေ မသိဘူးလားဆိုတော့ မသိပါဘူးတဲ့၊ သူတို့ အိပ်နေကြပြီလေတဲ့၊ ခြင်ထောင်ချထားတယ်တဲ့ စုံနေတာပဲ။ တကယ်တမ်း စဉ်းစားကြည့်ဗျာ ဝါးကြမ်းခင်းထားတဲ့ လေးတိုင်စင် အိမ်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် တိုးဝှေ့ အိပ်နေကြရတာ မသိဘဲ ရှိပါ့မလား။ မသိချင်ယောင် ဆောင်နေတာသာ ဖြစ်ပါလိမ့်မယ်။ ကာယကံရှင်တွေကသာ ဘယ်သူမှ မသိလောက်ဘူး ထင်ကြတာ နေမှာပေါ့လေ။ ဒီတော့ ဒီမိသားစုထဲက ကလေးတွေ ငယ်ငယ်နဲ့ အိမ်ထောင်ကျကုန်ကြတာ၊ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် မွေးကြတာတွေဟာ ဒီအကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့ ထင်မိတယ်။ ဒါတွေဟာ ကောင်းတာလား၊ မကောင်းဘူးလား၊ တိုးတက်တာလား၊ ဆုတ်ယုတ်တာလား ဆိုတဲ့ ကိစ္စတွေကတော့ ကျွန်တော် ဉာဏ်မမီတာမို့ သုံးသပ်ချက်တောင် မချနိုင်ဘူး ဖြစ်ခဲ့မိပါတယ်။

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, October 6, 2008

[NYI LYNN SECK 18+ DEN] 1 New Entry: Mandalay

Mandalay

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Sunday, October 5, 2008

[NYI LYNN SECK 18+ DEN] 2 New Entries: 05.10.2008

05.10.2008

၁၅ရက်လောက် အင်တာနက် သုံးနိုင်မည် မထင်ပါ။ အရှိန်လေးရနေတုန်း နာရီခြောက်ဆယ် Access Kit လေးကလည်း ကုန်သွားတယ်။ ၅ရက်လောက်ပဲ သုံးလိုက်ရတယ်။ ပလုံ ၂၈၀၀၀ :( သုံးချင်ဦးဟဲ့ အင်တာနက်!! အခုလည်း ကဗျာလေးတစ်ပုဒ် တင်ချင်လွန်းလို့ ညီမလေးရဲ့ အကောင့်ကနေ လာတင်ရတာ။ စောစောမအိပ်ဖြစ်တဲ့ ညတွေလည်း များနေပါပြီ။ ဒီရက်ပိုင်းမှာ ကျွန်တော့်အတွက် ပင်ပန်းပေမယ့် အလွန်ကောင်းမွန်တဲ့ တွေ့ရှိချက်လေး တစ်ခု တွေ့ခဲ့တယ်။ Scan ဖတ်ထားတဲ့ စာအုပ်တွေကို ဘယ်လို Alignment ညှိပြီး အသေးဆုံးဆိုဒ်ရအောင် ဘယ်လိုချုံ့မယ် ဆိုတာပေါ့။ ကျွန်တော် ဝါသနာနဲ့ စေတနာနဲ့ လုပ်နေတဲ့ အလုပ်တွေကို သူ့အိတ်ထဲ ထည့်နေတာလို့ ပြောတဲ့ ဆရာမကြီး တစ်ယောက်ကိုလည်း တနုံ့နုံ့နဲ့ လည်ပင်းညှစ် သတ်ပစ်ချင်စိတ် ပေါက်နေမိတယ်။ ဒေါသကို ထိန်းလိုက်ပါတယ်။ ပြန်ပြောပြန်ရင်လည်း သူတို့ အထုပ်တွေ ပြေကုန်တော့မယ်။ ဘာကြောင့်လာပြောတယ် ဆိုတာတော့ စဉ်းစားလို့ကို မရဘူး။



ခွေးဇာတ်

ခွေးဇာတ်


ပြောရရင်တော့
ဖင်လေးတခါခါနဲ့
ရာသီချိန်မှာ ဆာပြတတ်တာလောက်နဲ့
ခွေးဇာတ်မခင်းနဲ့
ခွေးဇာတ်ခင်းချင်ရင်
ခွေးနဲ့တူအောင်နေ
ကျွေးထားတဲ့ သခင်တွေအပေါ်တော့ နဲနဲရိုသေ
မည်းမည်းမြင်တိုင်းထိုးဟောင်
တစိမ်းမြင်သွာဖြဲ
ကိုက်တန်ကိုက်
ဖီတန်ဖီ
လူတွေ့ရင် ပြီတီတီ မလုပ်နဲ့
အကန်ခံရရင်တော့ တအီအီ လုပ်ပြတတ်ပါစေ
လတိုင်းဟာ တော်သလင်းမဟုတ်ဘူးဆိုတာလည်းသိထား
ဂိသွားမယ်
အချိန်ကျရင်တော့ အရှက်ကမ်းကုန်ပလေ့စေပေါ့
အူတန်အူ
အိုင်တန်အိုင်
အားလုံးကို ဒိုင်ခံပြီး ဖြေရှင်းသင့်ရှင်း
ရဲရဲကြီး ရင်းရဲရတယ်
ဒါပေမယ့်
သားသမီးကိုလည်း မှတ်ထားဦး
ပြန်မစားနဲ့
မင်းဟာ ခွေးစုန်းကြီးလား ဖြစ်သွားမယ်
တစ်လတည်းအတွက်နဲ့တော့
မတတ်တတတ်နဲ့ ခွေးဇာတ်မခင်းနဲ့
အရပ်ပျက်တယ်
ခွေးဘက်ကလည်းနာတယ်။



Oct 05, 2008
ကဗျာမရေးဖြစ်တာ တော်တော်ကြာပေါ့။ ရေးမယ့် ရေးဖြစ်တော့လည်း တထိုင်တည်းနဲ့ ရေးဖြစ်သွားတယ်။ ဒါပေမယ့် ဒီနာမည်လေးနဲ့ ရေးချင်နေတာတော့ ကြာပေါ့။

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.