Thursday, November 27, 2008

[Road to Freedom] 1 New Entry: ကျနော့်ရဲ့ကံဆိုးမူများ

ကျနော့်ရဲ့ကံဆိုးမူများ

သူ..ချစ်အောင်မနေခဲ့ပါဘူး
သူ..မုန်းအောင်လည်း မလုပ်ခဲ့ဘူး
သူ့သဘောနဲ့သူဝင်လာပြီး
သူ့သဘောနဲ့သူပြန်ထွက်သွားတယ်
ဝင်လာစဉ်ကမသိသာပေမဲ့
သူ..ပြန်ထွက်သွားတဲ့အခါ
ကိုယ့်ဒိုင်ယာရီလေး
မျက်ရည်တွေနဲ့စိုရွှဲသွားတော့တယ်
သွားပြီ.. ဒီဘ၀တော့……။

ဆယ်ကျော်သက်ကရေးခဲ့ဖူးတဲ့ကဗျာလေးပါ..။ သို့ပေမဲ့ ကျနော့်ဘ၀ရဲ့ အစိတ်အပိုင်းတော်တော်များများ ဟာလည်း ကဗျာထဲကအတိုင်းပဲမို့ ပြန်လည်တင်ပြလိုက်ခြင်းပါ..။ အချစ်နဲ့ယက်ဖွဲ့ထားတဲ့ နူးညံ့တဲ့ကဗျာလေးတွေဖတ်ရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ်..။ ပြီးတော့ အပြစ်ကင်းစင်တယ်..။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကောင်းကင်ကို] 1 New Entry: စာအုပ်တစ်ချို့ ထဲက သမိုင်း

စာအုပ်တစ်ချို့ ထဲက သမိုင်း

ဥခွံအရောင်ကိုလိုက်ပြီး ဗားရှင်းအများဆုံးသော ပညာ။
မျက်လုံးတစ်ဘက်တည်း ရှိသူတွေဖတ်ဖို့ 
လက်တစ်ဘက်တည်း ရှိသူတွေ ရေးခဲ့တဲ့စာ။

မိတ်ကပ်လွန်ဝါကျတွေ ဖောင်းပွနေလို့
သရုပ်မမှန်တော့တဲ့ အမြှုပ်တစ်ကန်။
တံခါး အလုံပိတ်ထားတဲ့ စာအုပ်ထဲက
အသက်ရှူကြပ်နေကြသော စကားလုံးများ။

ရုပ်ဖျက်ထားတဲ့ အတိတ်နဲ့ အဝေးမှုန်တတ်တဲ့ လူ့ စိတ်ကြားက
ဘာလင်တံတိုင်း။
နောက်လာနောက်သားတွေ အတွက် စိုက်ခဲ့ကြတဲ့ အဆိပ်ပင်။
အမှန်တရားယောင်ဆောင်ထားတဲ့ အမှန်တရားတစ်မျိုး။

အမျိုးသားရေးယောင်လည်း ဆောင်တတ်သေးတဲ့ အမုန်းကမ်ပိန်း။
လူကိုလူလို့ မမြင်စေနိုင်တော့သော စိတ်ကြွဆေး။
စကားလုံးသင်္ချိုင်းထဲက ဘိန်းခင်းတစ်ခင်း။

တစ်ချို့ ရပ်ဝန်းတွေမှာတော့...
ပြဌာန်းစာအုပ်ဆိုတဲ့ အဆိပ်ရွက်တွေနဲ့ 
ကလေးတွေကို နှိပ်စက်နေတဲ့ ငရဲ။
သွေးအိုင်တွေကို ဆေးပစ်ဖို့အတွက်
စကားလုံးကြီးကြီးတွေ စွတ်ထားတဲ့ အဝတ်တစ်စ။
လူသတ်သမားတွေ လက်ဗွေရာဖျက်ဖို့ သုံးနေကြတဲ့ ကောက်ရိုးတစ်မျှင်။
(သို့ မဟုတ်)
စာအုပ်တစ်ချို့ ထဲက သမိုင်း။

ကောင်းကင်ကို

You received this email because you are subscribed to the real_time feed for http://kaungkinko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[K] 1 New Entry: ပင်နီပေးတဲ့ အမျိုးသားနေ့-ပင်နီဝေးတဲ့ အမျိုးသားနေ့

ပင်နီပေးတဲ့ အမျိုးသားနေ့-ပင်နီဝေးတဲ့ အမျိုးသားနေ့

ခရစ်သက္ကရာဇ်- ၁၉၂၀ ခု- ကောဇာသက္ကရာဇ် ၁၂၈၂ ခု- တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့-

ပင်နီတိုက်ပုံ အသီးသီးဝတ်ဆင် ထား ကြတဲ့..ကိုဘဦးတို့ လူငယ်တစု ရွှေတိဂုံဘုရား ခြေရင်းမှာ စုမိ ကြသည်။ တန်းတူညီခွင့် မရတဲ့- ကျွန်ပညာရေး စနစ်ကို စတင်တွန်းလှန် ကြဖို့- အားတွေ စု ရုံး ကြသည်။ ပထမ ကျောင်းသား သပိတ် ဆိုတာ စတင်ခဲ့ တော့သည်။ ပင်နီရောင် လှိုင်းလုံးကြီးတွေ ရွှေတိဂုံ ဘုရား ပေါ်ကနေ- ဗမာတပြည်လုံးဆီ စီးဆင်း ရိုက်ခတ် သွား ခဲ့သည်။ ၀ံသာနု စိတ်ဓါတ် မိုးရေ တွေ တနိုင်ငံ လုံး တခွင်တပြင်လုံး မိုးလုံးပြည့် ရွာသွန်း ချလိုက်သည်။ အမျိုးသား ကျောင်း ကြီးတွေ- စိမ်းစိမ်းစိုစို .. အပြိုင်းအရိုင်း..ဟိုမှ သည်မှ- မျိုးစေ့ကျ ရှင်သန် လာတော့သည်။ ဖျင်ပင်နီ နဲ့ ယောလုံချည်သည်လည်း.. အင်မတန် တင့်တယ် ကြက်သရေ ရှိလှ သော အမျိုးသားဝတ်စုံ တခု အဖြစ် - အမျိုးသားနေ့ကြီး နှင့် အတူ ပုံဆောင် ရဲရင့် ခဲ့တော့သည်။

++++

သူ ပင်နီကို စ၀တ် ခဲ့တာ..စချစ်ခဲ့တာ.. ၁၉၈၉ ရဲ့ အမျိုးသားနေ့မှာ။

အဲဒီ ရှမ်းပင်နီ တိုက်ပုံလေး ကို ဖေဖေ ၀ယ်လာပေးတာ ကြာတောင်ကြာခဲ့ပြီ။ ဘယ်နေရာမှာ ၀တ်ရမှန်း မသိလို့.. ဒီလိုပဲ သိမ်းထားခဲ့ တာ။ အချိန်အခါ သင့်လာတော့လည်း..သူ့ကိုယ်ပေါ်မှာ..အံဝင်ခွင်ကျ သပ်ရပ်နေတဲ့...ပင်နီ ၀တ်စုံ လေးကို ကြည့်ပြီး..ကြက်သီးတွေ တဖြန်းဖြန်းထအောင် ကြည်နူးကျေနပ် ခဲ့ရသည်။ ပင်နီ လှိုင်းလုံးကြီးတွေ..အရှိန် အဟုန် နဲ့ ကမ်းကပ် လာပြန်ပြီ။ အဲဒီ အခမ်း အနားမှာ..သူတို့လူငယ်လေး တွေအားလုံး..ပင်နီ အသီးသီး နဲ့ ... ယောလုံချည်လေး တွေ တဆင် တမျိုးစီနဲ့။ ယောက်ျားလေးတွေက..ပင်နီ ဗမာတိုက်ပုံ နဲ့ ကချင်ပုဆိုး တွေ ကိုယ်စီ ချပ်ရပ် လို့။ တက်ကြွမူ တွေ..လန်းဆန်းပျိုမြစ်မူတွေ- ပြီးတော့..အားတွေ အင်တွေ..မျှော်လင့် ချက်တွေ အပြည့်။

အဲဒီ နောက်တော့..သူ့မှာ ပင်နီအကျီ င်္ တွေ..တထည်ပြီး တထည် ။ ၁၉၉၀ ရဲ့ နွေရက်တွေ မှာလည်း..ပင်နီ တွေ တနေ့ တမျိုး မရိုးအောင် ၀တ်ဖြစ်ခဲ့သည်။ ၉၁-၉၂-၉၃- သူ ပင်နီ တွေ ၀တ်တုန်းပဲ။ ၉၄-၉၅-၉၆ လုပ်ငန်းခွင် ထဲ တရွေ့ရွေ့ တိုးဝင်သွား ရင်းပဲ..သူ့ပင်နီလေး တွေ.. ဗီရိုရဲ့ အောက်ဆုံး ကို ရောက် သွားနေတာကိုတောင်.. သူ သတိ မထားမိတော့။ ဒါပေမဲ့..တနှစ်မှာ တခါ တော့.. အမျိုးသားနေ့ ရောက်တိုင်း..သူ့ပင်နီလေး တွေ ထုတ်ပြီး..မီးပူ တိုက်ရင်း.. အတော်ဆုံး..တန်နေသေးတဲ့ တထည်ကို စိတ်တိုင်းကျ ရွေး ၀တ်ဖြစ် နေခဲ့သေးသည်။ ရွှေတိဂုံ ဘုရားပေါ် မရောက်ရောက်အောင်သွားရင်း.. အမျိုးသားနေ့ သစ္စာ ဓိဌါန် ကျောက်တိုင် ကြီး ကို..ငေးမော ရင်း မယောင်မလည် အလေးပြု နေခဲ့ရတာ- ၉၇- ၉၈-၉၉- ကနေ သက္ကရာဇ် ၂၀၀၀ ကျော်ခဲ့ပြီ။

+++++

` မေမေ- မနက်ဖန် အမျိုးသားနေ့ အခမ်းအနားရှိတယ် တဲ့..ဆရာမ က..တိုက်ပုံ ၀တ်ခဲ့ ပါတဲ့..´

၁၀ နှစ်သား ၅ တန်းကျောင်းသား ကြီးက..ညနေ ကျောင်းဆင်းတော့..အမောတကောနဲ့ ပြောလာတယ်။

` သြော- အဲဒါ မှ ခက်တာပဲ..သားကို မေမေ တိုက်ပုံ ၀ယ်မပေး ထားမိဘူး´

` ရှိတယ်လေ- မေရဲ့.. ဘိုးဘိုးလက်ဆောင်ပေးထားတာ.. အညိုရောင်လေး..သားတောင် တခါမှ မ၀တ်ဖူးသေးဘူး...´

` အာ- ဟုတ်သားပဲ- အတော်ပဲ.. အဲဒါ ပင်နီ လို့ခေါ်တယ် သားရဲ့.. ကွတ်တိပဲ..အမျိုးသားနေ့ ဆိုတာ..ပင်နီ ၀တ်ရတာ.. ဟုတ်ပီ မေမေ ပြန်ရှာ မီးပူတိုက်ပေးမယ်နော်.. ´

သားတို့ ကျောင်းက..စည်းကမ်းကြီးလှသည်။ ဗမာ့.ပညာရေး စနစ် ကြီး ရဲ့ အုတ်မြစ် အခြေခံ တခုတည်းသော ပညာရေးတက္ကသိုလ်ကြီး ရဲ့ ကျောင်းတော်သူ ကျောင်းတော်သား..ဆရာ-ဆရာမလောင်းတွေ လေ့ကျင့် ကွင်းဆင်းရာ.. စနစ်တွေ သင်ရိုး ညွှန်းတမ်းတွေ လက်တွေ့ အကောင်အထည် ဖော်ရာ..ရန်ကုန်မြို့ရဲ့ အထင်ကရ ကျောင်းကြီး တခု ။ သား ကို ဒီကျောင်း ၀င်ခွင့် ရဖို့..သူ တော်တော့် ကို ကြိုးစားခဲ့ရတာ။ ကိုယ့် ရဲ့ မပြည့်ဝခဲ့တဲ့ လိုအင် ဆန္ဒတွေ..ကို သားသမီး တွေ အပေါ် ပုံချ တာဝန်ပေးနေ မိသလားတော့..သူ မသိ။ သားကို သူချွန်နိုင်သလောက်..အကန့်အသတ်မရှိ..အခက်အခဲ မရှိ ..ထူးချွန်စေချင်သည်။ ဗမာတပြည်လုံးရဲ့ စံပြုစရာ ကျောင်းကြီးမှာ ပညာတွေ သင်ယူစေချင်သည်။ အထူးသဖြင့်..သူတို့ ငယ်ဘ၀က.. နီးစပ်ခွင့် မရခဲ့တဲ့..ဒီကျောင်းကြီး ရဲ့ အစဉ်အလာတွေကို..သူ အားကျ မက်မောခဲ့ဘူးသည်။

နယ်မြို့လေးတမြို့က ၇ တန်းကျောင်းသူ လေး တယောက် အတွက်.. အနယ်အနယ် အရပ်ရပ်က ရောက်လာကြတဲ့ .. ကျောင်းသား ကျောင်းသူ တွေနဲ့..အင်းလေး ခေါင်တိုင်
လူရည်ချွန်စခန်း မှာ ဆုံ မိတော့..အားလုံးက..ရင်သပ်ရှုမောစရာ။ သူတို့ စခန်း ခေါင်းဆောင် သုံးထပ်ကျွမ်းလူရည်ချွန် အကိုကြီး ရဲ့ အတွေ့အကြုံတွေ နားထောင်ရင်း.. အဲဒီ ကျောင်းကြီး ကို..နားရည်ဝ ယဉ်ပါး အားကျ နေခဲ့ ဘူး သည်။ အထူးသဖြင့်.. ဓါတ်ပုံတွေ ထဲ မှာ တွေ့ရတဲ့..အဲဒီ ကျောင်းကြီး ရဲ့.. တူညီ ကျောင်းဝတ်စုံ ပင်နီ တိုက်ပုံလေး တွေ။

ခုတော့..သူ့သား ကြီး က..ဒီကျောင်းကြီး ရဲ့ ကျောင်းတော်သားကြီးဖြစ်နေပြီ။ ခုမှ အလယ်တန်းကို စရောက် လို့..ကျောင်းအခမ်းအနားတွေ တက်ခွင့် ရ လာတဲ့..သားကတော့.. နက်ဖန် တက်ရမဲ့..အမျိုးသားနေ့ အခမ်းအနား အတွက်.. စိတ်တွေ သိပ်လှုပ်ရှားနေ သည်။ အစဉ်အလာ ကျောင်းဝတ်စုံ ဖြစ်ခဲ့တဲ့ ပင်နီ တိုက်ပုံ ကို.. မ၀တ်စေခဲ့တော့တာ.. နှစ်ပေါင်း ၂၀ လောက်ကြာခဲ့ ပေမဲ့..ဒီလို အမျိုးသားနေ့ အခမ်းအနားမှာတော့..သားကို ပင်နီ တိုက်ပုံလေး ဆင်ပေး ရ တော့မည်။ သားအတွက်..ပထမဆုံး ပင်နီဝတ်စုံလေး ပေါ့။

+++++

ပင်နီတိုက်ပုံသေးသေးလေး နဲ့ ချစ်စရာကောင်းလှတဲ့..၅ တန်းကျောင်းသားလေးကို တစိမ့်စိမ့် ကြည့်ရင်း..မျက်ရည်ဝဲ အောင် ပီတိ တွေဖြာ လို့။

သားကျောင်းပြန်လာမဲ့..ညနေ စောင်းကို မျှော်ရင်း.. သူ့အတွေ့အကြုံလေးတွေ မေးဖို့.. တွေးရင်း ပြုံးနေမိသည်။ ၁၀ နှစ်အရွယ် ကလေး တယောက်က..သူမွေးဖွားကြီးပြင်းလာတဲ့ နိုင်ငံကြီး ရဲ့ သမိုင်းတွေကို စာသင်ခန်း ထဲကနေ.. သူချစ်ခင် လေးစားတဲ့ ဆရာ-ဆရာမ တွေရဲ့ အဆို မိန့်ခွန်း တွေထဲကနေပြီး..ဘယ်လိုများ..ရောင်ပြန်ဟပ်ပြီး..တွေးပြ လေဦး မလည်း နော်။ သူလေးကလည်း..မောင်လူမွှေး တို့ အရွယ် ကျော်ကျော် ရှိပြီ ဆိုတော့..မေးခွန်း တထောင်လောက်နဲ့.. အဖြေ တခု စီတိုင်းကို လည်း..အသေအချာ စေ့ငု ဆန်းစစ် တတ်နေ ပြီ။

ဟော- ကျောင်းကားပေါ်က ဆင်းလာတဲ့ သား-- ။
မျက်နှာကလည်း ပြိုတော့မလို..ငိုတော့မလို.. ။
ပင်နီ တိုက်ပုံကလည်း..လက်မှာ ချွတ်ကိုင်လို့..တို့လို့တွဲလောင်းနဲ့။

`ဘယ်လို ဖြစ်သလည်း သား...´

` သားကို ဆရာမက.. အမျိုးသားနေ့..အခမ်းအနားမတက်ရဘူးတဲ့.. တိုက်ပုံက..အဖြူနဲ့ အ၀ါပဲ ၀တ်လို့ ရတယ်..ပင်နီ ၀တ်လို့မရဘူးတဲ့..မေမေ´

ဒုံးကနဲ..ငယ်ထိပ်ကို ဆောင့်တက်လာတဲ့..ဒေါသ။ ..တဖြည်းဖြည်းချင်း.. စိတ်ပျက် ....... ၀မ်းနည်း.......ကြေကွဲ........။ ဖြစ်မှ ဖြစ်ရလေ.. ဟောဒီ နိုင်ငံ ကြီးမှာ ဘာတွေ ဖြစ်ကုန် ပြီလည်း..။ ဟောဒီ အနာဂါတ် ပန်းခင်းကြီး တွေရဲ့ ဥယျဉ်မှူးကြီး တွေ..ဘာတွေ ဖောက်ပြန် ကုန်ပြီလည်း။ ကြေက်ရွံ့မူတွေလား...နာခံမူတွေလား.. အသိခေါက်ခက်..လေပြီလား။ သမိုင်းဖြစ်ရပ်တွေကို..အမှန်တရားတွေကို.. တကယ်ကို ..အရှင်လတ်လတ် မြေမြှုပ်သဂြိုဟ် တော့မှာလား။ လွန်ခဲ့တဲ့ ၈၈ နှစ်..ဒီလို ဒီကာလက.. ကျောင်းသားလူငယ် တစု နဲ့ တိုင်းသူပြည်သားတွေ..မကြေက်မရွှံ့ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့..မတရားမူတွေဟာ.. ဟောဒီ လောက် သေးသိမ် ပမွှား တဲ့..ထမင်းတလုပ်စာ..ကြောက်ရွံ့ နာခံမူလေးတွေ ကြားမှာ.. အမေ့ခံ..အဖျောက်ခံရတော့ မယ် လား။ တတိုင်း တပြည်လုံး.. အမြတ်တနိုး ဂုဏ်ယူ ၀တ်ဆင်ခဲ့တဲ့..၀ံသာနု ဖျင်ပင်နီ က..ဘယ်လို ဖြစ်လို့.. ပိတ်ပင်တားဆီးခံနေ ရ ပြီလည်း။ ပွဲလယ်မတင့်တော့ ပြီ လည်း။ တရားမ၀င် တော့ ပြီလည်း။

သူ့ခေါင်းတခု လုံး ဆူဝေ နေပြီ။ ၁၀ နှစ် အရွယ် သားကို သူဘယ် လို ရှင်းပြ ဖြေ ဖြောက်ပေးရ မလည်း။ သား တက်နေတဲ့ ကျောင်းကြီးက..တခုခု မှားနေ ပြီ လို့..ပြော ရမလား။ သား ဆရာမ တွေက..မသိ လို့..နားမလည်လို့.. စာမတတ်လို့..သမိုင်းမသင်ခဲ့ လို့ လို့ ပြော လိုက် ရမလား။ အဲဆိုလည်း-ပင်နီ မ၀တ် နဲ့ဆိုလည်း..မ၀တ်နဲ့ပေါ့ကွာ လို့.. လွယ်လွယ် ကူကူ ကိစ္စ ဖြတ်လိုက် ရမလား။

နားမလည် နိုင် စိတ်ရှုပ်ထွေး နေတဲ့..သားရဲ့ မျက်နှာလေး ကို ကြည့်ရင်း.. အဖြေတခု ..ရင်ထဲ မှာ ခိုင်မာ သွားသည်။
ဒီလောက် ယုတ်ညံ့လှတဲ့ ကျေးဇူးတရား ကင်းမဲ့လှတဲ့..လောက ရပ်ဝန်း ကြီး ထဲကို..ပင်နီ တွေ..ပိုလို့ လက်ဆင့်ကမ်း ၀တ်ဆင် ပေးရ ဦးမည်။ သား ကြီးလာရင် ၀တ်ဖို့..ပင်နီ တိုက်ပုံ တထည် သူကိုယ်တိုင် အသေအချာ ချုပ်လုပ် ၀တ်ဆင်ပေးရ ပေ ဦးမည်။

ပင်နီ စိတ်ဓါတ် အဓွန့်ရှည်ပါစေ။


( ၂၀၀၈ ခုနှစ် အမျိုးသားနေ့ အခမ်းအနား တခု မှာ ကြုံဆုံခဲ့သော- အဖြစ်မှန် တခု ကို ခံစားရေးဖွဲ့ပါသည်။)


You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Tuesday, November 25, 2008

[အတွေးရပ်ဝန်း] 1 New Entry: လိပ်ပြာလေးတစ်ကောင်သို့…

လိပ်ပြာလေးတစ်ကောင်သို့…

လိပ်ပြာလေးတစ်ကောင်ဆိုတာ ကျွန်မတို့ရဲ့ ဘလော့ဂါညီမငယ်လေး ဆုငယ် ကို ပြောတာပါ။ ကဗျာလေးတွေ၊ စာလေးတွေ၊ ဟင်းချက်နည်းလေးတွေနဲ့ ချစ်စရာကောင်းလှတဲ့ ဘလော့ပိုင်ရှင် ညီမငယ်လေးက ကျွန်မကို tag ထားပါတယ်ဆိုပြီး လာအော်သွားပါတယ်။ ဘာအကြောင်းပါလိမ့်ဆိုပြီး သွားကြည့်လိုက်တော့ အကြိုက်ဆုံးကာတွန်းကား ပါတဲ့။ အဲဒါနဲ့ ကျွန်မလဲ ရေးပေးပါ့မယ်… ခဏတော့ စောင့်နော်…ဆိုပြီး ပြောထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မခေါင်းထဲမှာ ကာတွန်းကားနဲ့ ပတ်သက်ပြီး ဘာရေးရမလဲဆိုတာ အတွေးပေါ်မလာပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်မက ကာတွန်းကားတွေနဲ့ သိပ်မရင်းနှီးတဲ့ သူတစ်ယောက်ပါ။

ကလေးဘ၀ကို ဖြတ်သန်းလာတဲ့သူတိုင်း ကာတွန်းကားတွေကို ကြည့်ဖူးကြမှာပါပဲ။ ကျွန်မကိုယ်တိုင်လဲ ငယ်ငယ်တုန်းက ကာတွန်းကားလေးတွေ ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ စွဲစွဲလမ်းလမ်းတော့ မဖြစ်ခဲ့ပါဘူး။ ကာတွန်းကားမှ မဟုတ်ပါဘူး၊ ရုပ်ရှင်၊ ဗွီဒီယို…ဘယ်အရာကိုမှ ကျွန်မ မစွဲလမ်းခဲ့တာပါ။ စာအုပ်နဲ့ သီချင်းလေးတွေက လွဲရင်ပေါ့…။ ဒါပေမယ့် ကျွန်မသဘောကျတဲ့ ကာတွန်းကားလေးတော့ ရှိပါတယ်။ လူတိုင်းလဲ သိကြမှာပါ။ "ကြောင်နဲ့ကြွက်" ရဲ့ မတည့်တဲ့ သဘာဝကို ပီပီပြင်ပြင် ရိုက်ပြထားတဲ့ Tom & Jerry ဆိုတဲ့ ကာတွန်းကားလေးပါ။

သူက အပိုင်းဆက်တွေနဲ့ ခွဲခွဲပြီး ရိုက်ထားတာဆိုတော့ ဘယ်အပိုင်းတိုလေးကို ကြည့်လိုက် ကြည့်လိုက်၊ ရီရပြီး စိတ်အပန်းပြေစေပါတယ်။ အကောင်သေးသလောက် ဥာဏ်ကောင်းတဲ့၊ ဥာဏ်လဲများတဲ့ ကြွက်ကလေးရဲ့ ကျီစယ်နှိပ်စက်မှုအောက်မှာ ကြောင်ကြီးခမျာ အလဲအကွဲ ခံနေရတာချည်းပါပဲ။ ငယ်ငယ်ကဆို အဲဒီကာတွန်းလေးကြည့်တိုင်း ကြွက်ကလေးရဲ့ ဥာဏ်ကောင်းပုံကို သဘောကျလို့ မဆုံးပါဘူး။ ကိုယ်တိုင်ကလဲ ကြွက်ကလေးလို သေးကွေးသူဆိုတော့ ကိုယ့်ထက် အကောင်ကြီးတဲ့သူတွေကို ကြွက်ကလေးလို ဥာဏ်သုံးပြီး အနိုင်ယူမယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့။ အခုအသက်အရွယ်ထိလဲ Tom & Jerry ကာတွန်းလေးကို ပြန်ကြည့်ဖြစ်တိုင်း ရိုးမသွားဘဲ ကြိုက်နေတုန်းပါပဲ။

ကာတွန်းကားနဲ့ ပတ်သက်လို့ ကျွန်မရဲ့ ရှားရှားပါးပါး ဗဟုသုတလေးကတော့ ဒါပါပဲ။ ဒီထက်ပိုပြီး ပြောပြစရာ မရှိတော့တဲ့အတွက် ကျွန်မကို ရေးပေးဖို့ပြောထားတဲ့ ညီမလေးဆုငယ် ကိုလဲ အားနာမိပါတယ်။ နောက်ထပ်တစ်ခါများ ကြုံကြိုက်ခဲ့မယ်ဆိုရင် စာကောင်းကောင်းလေးတစ်ပုဒ်လောက် ရေးပေးချင်ပါသေးတယ်လို့ ပြောရင်း လိပ်ပြာလေးတစ်ကောင်ကို အားနာစွာနဲ့ tag ပို့စ်လေးကို ဒီလောက်နဲ့ပဲ ကျေနပ်ပါလို့…။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်မြေ] 1 New Entry: ဂူပြောက်ငယ် (မြင်းကပါ)

ဂူပြောက်ငယ် (မြင်းကပါ)







ဂူပြောက်ငယ် (မြင်းကပါ) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၁၉၈) တွင် တည်ခဲ့သည်။ ဂူပြောက်ငယ် (မြင်းကပါ)သည် နားထောင်များ (ထီးလိုမင်းလို) မင်းငယ်စဉ်က စာသင်ပေးသော အကြေတလ အရှေ့ မောလညာရွာ ဇာတိမဟာထေရ် ဓမ္မရာဇဂုရု သီတင်း သုံးသွားသော ဘုရားဖြစ်သည်ဟု အဆိုရှိသည်။

ဂူပြောင်ငယ် (မြင်းကပါ) ဘုရားတွင် နံရံဆေးရေး ပန်းချီဆေးရေးပန်းချီ အင်္ဂတေ ပန်းတော့လက်ရာနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ ကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်ဘုရား အတွင်း အ၀င်ခန်းမ၊ စင်္ကြလမ်းနှင့်  တိုက်မဂူ၏ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိသည်။ တံကဲပုံ၊ ပန်းဘောင်ပုံ၊ ပန်းတောင်ပုံများနှင့် ပုဂံခေတ်ဇာတ ဂြိုဟ်နေကွက်များ ရေးဆွဲထားသည်ကို တွေ့ရသည်။ ဂူပြောက်ငယ်တွင် အေဒီ (၁၃၁၃) နှစ်ရေး ကမ္ပည်းစာ (၁၃)ကြောင်း ရှိပြီး "ကျောင်းဖြူ နန်းကျမင်း ကောင်းမှု ဖြစ်သော ပျက်စီးနေသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုကို သခင်ဖွားစောကြီးက ပြုပြင်ကြောင်း " မှတ်တမ်း ဖြစ်သည်။

ဂူပြောက်ငယ် (မြင်းကပါ)ဘုရား၏ အပြင်ဘက် မျက်နှာစာ တွင် အင်္ဂတေပန်းတော့ လက်ရာများ လေ့လာနိုင်သည်။ ဘုရားအလယ် မဏ္ဍိုင်လေး မျက်နှာရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးများ၏ အနောက်နံရံတွင် ဖောင်းကြွဆေးချယ် အင်္ဂတေ တံကဲများ အလွန်လှပပုံကို လေ့လာနိုင်သည်။

ဂူပြောက်ငယ် (မြင်းကပါ) ဘုရား၏ အလယ်မဏ္ဍိုင် ပတ်လည်တွင် စင်္ကြလမ်းရှိပြီး စင်္ကြပတ်လမ်း၏ အပြင်နံရံရှိ မုခ်ကပ်များတွင် မူလက ဗုဒ္ဓ၀င်ခန်း ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိသည်။ (၁၉၉၃) ခုနှစ်တွင် ဗုဒ္ဓ၀င် ခန်းကျောက်ဆစ် ရုပ်တုရှစ်ဆူကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြုတိုက်သို့ ရွှေ့ပြောင်း ပြသထားသည်။

You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ကျနော့်ရဲ့ကံဆိုးမူများ

ကျနော့်ရဲ့ကံဆိုးမူများ

သူ..ချစ်အောင်မနေခဲ့ပါဘူး
သူ..မုန်းအောင်လည်း မလုပ်ခဲ့ဘူး
သူ့သဘောနဲ့သူဝင်လာပြီး
သူ့သဘောနဲ့သူပြန်ထွက်သွားတယ်
ဝင်လာစဉ်ကမသိသာပေမဲ့
သူ..ပြန်ထွက်သွားတဲ့အခါ
ကိုယ့်ဒိုင်ယာရီလေး
မျက်ရည်တွေနဲ့ရွှဲသွားတော့တယ်
သွားပြီ.. ဒီဘ၀တော့……။

ဆယ်ကျော်သက်ကရေးခဲ့ဖူးတဲ့ကဗျာလေးပါ..။ သို့ပေမဲ့ ကျနော့်ဘ၀ရဲ့ အစိတ်အပိုင်းတော်တော်များများ ဟာလည်း ကဗျာထဲကအတိုင်းပဲမို့ ပြန်လည်တင်ပြလိုက်ခြင်းပါ..။ အချစ်နဲ့ယက်ဖွဲ့ထားတဲ့ နူးညံ့တဲ့ကဗျာလေးတွေဖတ်ရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ်..။ ပြီးတော့ အပြစ်ကင်းစင်တယ်..။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: Ten Things I Hate About Myself

Ten Things I Hate About Myself

တကယ်တော့ ကိုယ့်ကိုကိုယ် တော်တော်ချစ်တာ.. ကိုယ့်ရုပ်ကြီး ဘယ်လောက် ဆိုးဆိုး မှန်ထဲမှာ ကြည့်မိရင် ရင်တောင်ခုန်မိသေး အရမ်းချစ်.. မယုံရင် မှန်ရှေ့မှာ ကိုယ့်မျက်နှာကိုယ် သေချာကြည့်.. မျက်လုံးချင်းဆုံပြီး စကားတွေပြောကြည့် တစ်မျိုးလေး ခံစားရတယ်.. အဲ့.. ရယ်ချင်လာရင်တော့ မအောင့်နဲ့ ရယ်သာ ရယ်လိုက်.. အဟီးး.. ဘယ်သူ့ကို ဘယ်လောက်ချစ်တယ် ပြောပြော အဲ့ဒါ လျှောက်ပြောတာ.. လူတိုင်းက ကိုယ့်ကိုကိုယ် အချစ်ဆုံး.. အဟုတ်..!

ကိုယ့်ကိုကိုယ် မုန်းတာတွေလည်း ရှိတော့ ရှိတာပေါ့လေ.. အဲ့ဒီလို ကိုယ့်ကိုကိုယ် တကယ်.. အရမ်း.. တားမရစီးမရ မုန်းပြီးဟေ့ ဆိုရင်တော့ ကိုယ့်ကိုကိုယ် သတ်သေတော့တာပဲ.. ကိုယ့်ကိုကိုယ်တော့ မမုန်းကြပါနဲ့ သတ်လည်းမသေသင့်ပါဘူး.. ချစ်သထက်သာ ပိုပိုချစ်ကြပါ..။

ကျနော်လည်း ကိုယ့်ကိုကိုယ် အရမ်းချစ်.. ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ် ဖက်ဖက်ပြီးကို နမ်းနေချင်တာ.. အဟေးး.. အဲ့.. အခုတော့ မဖြစ်မနေ မုန်းရတော့မယ်.. ဒီပုဂ္ဂိုလ်ကြီး က Tag ချလိုက်ပြန်ပြီလေ.. ကိုယ့်ကိုကိုယ် မုန်းနေတာတွေ ပြောရမယ်တဲ့ . . ခက်ပြီ.. ကျနော်က ကျနော့်ကို အရမ်းချစ်ပါတယ်ဆိုမှ ကျနော်ကိုယ် ကျနော် ပြန်မုန်းနေတာတွေ ပြောလိုက်ရင်.. ကျနော်က ကျနော့်ကို ပြန်မုန်းသွားမှာပေါ့.. ဘယ်လိုလုပ်မလဲနော်.. အင်း.. Tag တို့ရဲ့ ထုံးစံအတိုင်း ပြောတော့ ပြောပြရတော့မှာပေါ့.. ဆယ်ခုတဲ့.. ရင်နာစွာနဲ့ မုန်းပြလိုက်တော့မယ်..။

အဲ့ဒီလို အာရွှီးပေးနေတုန်း ရုတ်တရက်...............

"ရွှီးးးးးးးးးးးးးးးးးးးးးးးးး............. ဝုန်းးး.. ဟေ့ကောင်.. ရင်နော်.."
"ဟားး.. ဘာသံကြီးလဲ..!!! လန့်လိုက်တာ..! ဗျာ..ဟုတ်..! ဘယ်သူလဲ.. ကျနော့ကို ခေါ်နေတာ ဘယ်သူလဲ..?.."

"ဟားဟား.. ဟားဟား.. ငါဒီမှာကွ.. မင်း အူကြောင်ကြောင်မလုပ်နဲ့ မင်းကို မကျေနပ်လို့ ငါရောက်လာတာကွ..."
"ဟင်းးးးး ခင်ဗျာက ကျနော့် မျက်နှာကြီးနဲ့..!! ခင်ဗျားးး ခင်ဗျားးး..??????.. "

"အေးးး.. ဟုတ်တယ်.. ငါက မင်းပဲ.."
"ဗျာာာာာာာာာာာာာာာ.."

"ဗျာ မလုပ်နဲ့ မင်းကို ငါ သတိပေးချင်လို့ ထွက်လာတာ.. မင်းဟာ ရုပ်ကြည့်တော့ သနားကမားနဲ့ မင်းမှာ အကျင့်ဆိုးတွေရှိတယ်.. အဲ့ဒါ သိလား.. အေ.. မင်းရဲ့ အဲ့ဒီ အကျင့်ဆိုးတွေကြောင့် မင်းဟာ တော်တော် မုန်းစရာကောင်းတဲ့လူ ဖြစ်နေတယ်.. မင်းမုန်းစရာကောင်းတာ အရေးမကြီးဘူး ငါပါ ရောပြီး မုန်းခံနေရတယ် ငါ မခံနိုင်ဘူးကွ.. မင်းကိုလည်း ငါ.. တစ်ဖြေးဖြေးနဲ့ မုန်းချင်လာပြီ.. ဒီနေ့တော့ စာရင်းရှင်းမှဖြစ်မယ်.."
"ကျနော်.. ကျနော်.. ခင်ဗျာဟာကျနော်.. ကျနော်ဟာ ခင်ဗျားး.. ကျနော် ခင်ဗျားကို အရမ်းချစ်တာပါ.. ကျနော့်ကို မမုန်းပါနဲ့ဗျာာ.."

"အေး.. ငါမင်းကို မမုန်းစေချင်ရင် မင်း ငါပြောတာတွေကို ပြင်မှရမယ်.. ဒါဘဲ.."
"ဟုတ်..! ဟုတ်...!! ဟုတ်ကဲ့..!!! ပြောပါ ကျနော် ပြင်ပါ့မယ်.. မုန်းတော့ မမုန်းပါနဲ့..း( "

"အေး.. ဒီမှာ ငါ စာရွက်နဲ့ ရေးထားတယ် မင်းရဲ့ မုန်းစရာကောင်းတဲ့ ........က် ကျင့်တွေ.. ဖတ်..!!! ကိုယ့်ဟာကိုယ်.."
"....................."

ဒီမှာ.. ရင်နော်..!! မင်းဆိုတဲ့ကောင်ဟာ..
  • ရုပ်ချောသလောက် လုပ်ပြောတတ် တဲ့ကောင်
  • အသားဖြူသလောက် အသားယူတတ် တဲ့ကောင်
  • အရပ်ရှည်သလောက် ဖိနပ်ပေစီးတတ် တဲ့ကောင်
  • ဗလကောင်းသလောက် နှစ်ဆတောင်းတတ် တဲ့ကောင်
  • စတိုင်မိုက်သလောက် အပိုင်ရိုက်တတ် တဲ့ကောင်
  • ဆော်ကြည်သလောက် အော်ရီ(ရယ်)တတ် တဲ့ကောင်
  • အသက်ငယ်သလောက် အရက်တွယ်တတ် တဲ့ကောင်
  • ခေတ်ဆန်သလောက် အလစ်ကြံတတ် တဲ့ကောင်
  • ရိုးသားသလောက် ခိုးစားတတ် တဲ့ကောင်
  • ချစ်တတ်သလောက် ညစ်ပတ်တတ် တဲ့ကောင်
  • ၁၀ ခုပဲ ပြောခိုင်းလို့ နောက်ထပ် မုန်းစရာတွေ ရှိသေးတယ်... ဒါဘဲ..။
ပုံ/
ကိုရင်နော်

"ကျနော်.. ကျနော်.."
"အေးးးး... မင်းဘာ ပြောချင်သေးလည်း အေး.. မင်းဒါတွေကို မြန်မြန်ပြင်.. မပြင်လို့ကတော့ မင်းကို လိုက်ကြိုက်တဲ့ ကောင်မလေးတွေကို ငါပြန်မကြိုက်ဘူးးးး.. ဒါဘဲ.. ရွှီးးးးးးးးးးးးးးးးးးးးးးးးး......... ဝုန်းးး.."
"ဟင်းးးးး.... ဘယ်ရောက်သွားပြီလဲ...!!! သေနာကြီးးးး ငါ့ကို အကောင်းမပြောသွားဘူးးး..."

ကယ်... အဲ့ဒီ ကိုရင်နော် ဆိုတဲ့ မကောင်းဆိုးဝါးကြီး... အဲ့ မဟုတ်ဘူး.. သူတော်ကောင်းကြီး လာပြောသွားလို့ ကျနော်ရဲ့ မုန်းစရာကောင်းတဲ့ အကျင့်တွေကို သိလိုက်ရပါပြီ.. ကျနော်မျိုး ကြိုးစားပြီး ပြင်ပါတော့မယ်ခင်ဗျာ...။

အော်.. Tag ထားတာက သုံးယောက်လုံးကိုဗျ.. ကလေးလေး ကတော့ မုန်းစရာကောင်းတာ တစ်ခုမှ မရှိလို့ မရေးတော့ဘူးတဲ့.. ဒေါ်ခင်လေးငယ် ကတော့ မုန်းစရာကောင်းတာတွေကြီးမို့ ရေးရင် အခု (၁၀၀) ကျော် သွားမှာမို့ မရေးတော့ပါဘူးတဲ့.. အဟေးး.. :)

အားလုံးကို ပျော်ရွှင်စေချင်တဲ့ Bye
(ကိုရင်နော်)


You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.