Sunday, November 30, 2008

[ဆောင်း] 1 New Entry: ကိုယ်တွေ့ပုံပြင် - စိတ် -၁

ကိုယ်တွေ့ပုံပြင် - စိတ် -၁


အခုတလော မမြင်ရတဲ့ ဘလော့ရွာမှာ.... ဟိုက ... ဒီက .. အသံတွေ ညံနေလို့ ...

သိရပြန်တော့ .. ရယ်စရာလည်း ဖြစ်မိသလို တဖက်ကလည်း သနားတဲ့စိတ် ၀င်လာ မိပါတယ်။

ကျမ ကျောင်းတက်တဲ့ အခါတုန်းက တွေ့ခဲ့ဘူးတဲ့ ကိုယ်တွေ့ မျက်မြင် အဖြစ်အပျက်လေးကို သတိရမိသွားလို့ပါ။

ကျမ စတွေ့တဲ့ အချိန်မှာ ကျောင်းမှာ အလုပ်လုပ်နေတဲ့
ကိုယ်ဝန်ဆောင်အမ တစ်ဦးဟာ မျက်နာ သိပ်မကောင်းလှပါ။ ၀မ်းနည်းနေတာလား။ ကိုယ်ဝန်ကြောင့် ပင်ပန်းနေတာလားမပြောတတ်ပါဘူး။ ဗိုသီ ဖတ်သီနဲ့ ဘယ်သူနဲ့မှ စကားပြောတာလည်း မတွေ့ပါဘူး။

နောက် အတန်ကြာ ပျောက်သွားပါတယ်။ ကျမအထင်တော့ ကလေးမွေးတာလို့ ထင်ပါရဲ့ ကျမတို့လည်း စာမေးပွဲအပြီး နဲ့ ဆိုတော့ နောက် ၅လ-၆လလောက် မှ အဲဒီအမကို ရုံးမှာ ပြန်တွေ့ပါတယ်။

လုံးဝပြောင်းလဲသွားပါတယ်။ မျက်နာမှာ မိတ်ကပ်တွေ လိမ်းတာမှ ပုံထားတယ်ထင်ရလောက်အောင် ပြင်ပါတယ်။ အ၀တ်အစားတွေက မင်္ဂလာဆောင် သွားသလား အောင်းမေ့ရပါတယ်။

(လက်နာလာပြီ နောက်နေ့မှ ဆက်ရေးမယ်။ စိတ်ရှည်ရှည်နဲ့ သည်းညှည်းခံပေးပါနော်။)

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: ရုန်းထွက်လို့....မဖြစ်နိင်ပါဘူး

ရုန်းထွက်လို့....မဖြစ်နိင်ပါဘူး


စာဖတ်ရင်း ဘလော့ဂ်လည်း ရေးချင်လာတာနဲ့ စိတ်ထဲရှိတာလေး ချရေးမိလိုက်တယ်။ တကယ်တော့ ဘလော့ဂ်ကို စွဲလန်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အဓိက တရားခံကတော့ ဂူဂယ်ပါပဲ။ နောက်ပြီးတော့ အခန်းထဲက သူငယ်ချင်း ၂ ယောက်။ တစ်ယောက်ကတော့ အခုမရေးတော့ပါဘူး။ နောက်တစ်ယောက်က ကိုရင် မှော်ဆရာပါ။ သူတို့ကြောင့် ဘလော့ဂ်လောကထဲကို ခြေစုံပစ်ဝင်လာပေမယ့် ကိုယ်ကလည်း စာရေးချင်စိတ်ကလေးကလည်း ရှိနေတယ်ဆိုတော့ ၀င်ပြီးကတည်းက ပြန်ကို မထွက်နိင်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက်မယ်လို့ စိတ်မကူးတော့ပါဘူး။ ကိုယ်က ကျွမ်းနေပြီကိုး။ မရေးနိင်သေးတဲ့အချိန် ရပ်နေမယ် ၊ အားသွားတဲ့ အချိန်ရေးမယ်။ အခုလည်း လူပျိုဘ၀ကနေ ရေးမယ်။း) ။ နောင်လည်း အိမ်ထောင်သည် ဖြစ်လာရင် ရေးဦးမယ်။ အဘိုးကြီး ဖြစ်တဲ့ အထိရေးမယ်ဗျာ။ နောက်ဆုံး ကျွန်တော်သေရင်တောင် ဓါတ်ပုံကို သားသမီးတွေ ၊ ဇနီးမယားတွေ ရိုက်ခိုင်းပြီး " ဘလော့ဂ်ဂါ ဆိုးသွမ်း အသက် ( ၁၀၂ ) နှစ်တွင် ကွယ်လွန်သည် " ဆိုပြီး ဓါတ်ပုံနဲ့ တင်ဦးမှာပါ။း) မှတ်ပြီလား။ ဒါပေမယ့် အင်တာနက်လေးတော့ ရနေဖို့ လိုတာပေါ့နော်။ ဂူဂယ်လေးကလည်း ဘလော့ဂ်ဆိုတာလေးကို လုပ်ပေးထားနိင်ပါစေလို့ ဆုတောင်းရမှာပဲ။ .com တွေ ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဒ်တွေ ၀ယ်ပြီး လုပ်ချင်ပေမယ့် blogspot.com ကိုခွဲရမှာဆိုတော့ မလုပ်ချင်ဘူး။ စိတ်ထဲမှာ အဲဒီလို လုပ်လိုက်ရင် ဘလော့ဂ်ဂါဆိုတာနဲ့ မလိုက်ဖက်တော့ သလိုပဲ။ ( ဒါက ကျွန်တော့်စိတ်ကူးပါ )။

ဒါနဲ့ပဲ ရေးမိ ၊ တင်မိ ၊ ပြောမိပြန်တယ်။ ဘလော့ဂ်ကို အကြောင်းအမျိုးမျိုးကြောင့် လက်လျော့ချင်ခဲ့တာတွေ ၊ စိတ်ညစ်ခဲ့တာတွေ ၊ ဖျက်ပစ်ချင်မိတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကျရင် ဘလော့ဂ်ကို လုံးဝ လှည့်ကို မကြည့်ဘူး။ ဖျက်ပစ်လိုက်မိမှာ ဆိုးလို့ပါ။ ဖြစ်နိင်ရင် ကျွန်တော် စာတွေ အများကြီး ၊ ကဗျာတွေ အများကြီး ရေးချင်တယ်။ စိတ်ထဲမှာ ရှိတာတွေ ဖွင့်ဟချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ မရေးသင့် ၊ မရေးအပ်တဲ့ အနေအထားတွေ ရှိပါတယ်။ နောင်တစ်ချိန်ကြရင်တော့ ရေးချင်ရေးမှာပေါ့ဗျာ။ ( ၁၀ ) ခါကောင်းခဲ့တာတောင် (၁) ခါလောက် အမှားလုပ်မိရင် လက်ညှိုးဆိုတာ ရှိလာနိင်တော့ ကျွန်တော်တို့ စာရေးရတဲ့ အနေအထားဟာ ဆင်ခြင်ရပါတယ်။ ပြောရင်းနဲ့ ရထားပေါ်မှာ ဆေးကြော်ငြာရောင်းသလို ဖြစ်နေပြီ။ အားလုံးအတွက် စကားလက်ဆောင်လေး ရှာကြံတင်ပေးလိုက်ပါတယ်။


" အထက်လူကြီးရဲ့ လုပ်ရပ်အတွက် ဘာကိုမှ မထောက်ထားဘဲ
ပြောရဲ ၊ ဆိုရဲတယ် ဆိုရင်တော့ ၊ ခင်ဗျားမှာ နောက်အလုပ်အတွက်
နေရာသစ်ရှိနေလို့ပဲတဲ့ "


ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကရွာကလေး

ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကရွာကလေး



ကျနော့်အိမ်က ဟိုင်းဝေးလမ်းမကြီး ဘေးနားမှာ ကပ်ရက်ရှိတယ်။ အိပ်ခန်းနှစ်ခန်းပါပြီး၊ အပေါ်ထပ် အောက်ထပ်နှစ်ထပ်ရှိတဲ့ အလယ်အလတ်မကြီးမသေး အိမ်တစ်လုံးပါ။ ကျနော့်အိမ် ဘေးမှာခေတ်မီပုံစံ ဆောက်လုပ်ထားတဲ့ ရွာလူကြီးရဲ့ ဆေးဖြူသုတ် တိုက်အိမ်ကြီးတစ်လုံး ရှိပါတယ်။ ကျနော့်အိမ်ရဲ့ နောက်ဖက်မှာတော့ ရွာလူကြီးမိဘတွေရဲ့အိမ်၊ အဲဒီအိမ်မှာ အဖိုးကြီးအဖွားကြီး နှစ်ယောက် နေထိုင်ကြတယ်။

ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ အိမ်သုံးလုံးဟာ ဖိုခနောက်ပုံစံမျိုး ဆောက်လုပ်ထားတာပါ။ တကယ်တော့ အိမ်သုံးလုံးစလုံးကို ရွာလူကြီး မိဘတွေကပိုင်ဆိုင်ကြတယ်။ သူတို့ဟာ လယ်ဧကများစွာ၊ အိမ်ခြံမြေများစွာပိုင်ဆိုင်တဲ့ တောသူဌေးတွေဖြစ်ပါတယ်။ အိမ်ရှင်အဖိုးကြီး အဖွားကြီးဟာ ရွာသားတွေအပေါ် သြဇာအလွန် ညောင်းပါတယ်။ သက်ဦးဆံပိုင်စနစ်လွှမ်းမိုးမင်းမူနေဆဲ လူ့ပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့ သူတွေဆီမှာ ပစ္စည်းမဲ့တွေက ရိုကျိုးခယ နေကြဆဲ။

ကျနော့်အိမ်ကလေးက ရွာရဲ့ အစွန်ဆုံး (ရွာထိပ်) မှာရှိပြီး၊ ရွာထဲကိုဝင်တဲ့ အဓိက လမ်းမကြီး ကကျနော့် အိမ်ရှေ့ ကနေ ဖြတ်ဖောက်ထား ပါတယ်။ အိမ်ဒေါင့် ခြံစည်းရိုး အပြင်ဖက်မှာ ပိုက်ဆံ အကြွေစေ့ထည့်ပြီးဆက်ရတဲ့ တယ်လီဖုန်းရုံလေး တစ်ခုရှိတယ်။ တယ်လီဖုန်း ရုံလေးကို ပုဂ္ဂလိက တယ်လီဖုန်း ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာ ဖြစ်ပြီး၊ ဖုန်းရုံလေးရဲ့ အကာမှန်ထူထူ တွေဟာ ရွာခံ ကာလသား လူငယ်တွေရဲ့ ခဲလုံးနဲ့ကျောက်ခဲစာတွေကြောင့် မကြာခဏ ကွဲကြေကြရတယ်။ မကြာခဏ အသစ်လဲလှယ် ရတယ်။

အဲဒီတယ်လီဖုန်းရုံကလေးဟာ ရွာရဲ့အမည်နာမနဲ့တည်ရှိရာကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ ရှိပြီး၊ အဲဒီနေရာတစ်ဝိုင်ဟာ ရွာကာလသား၊ ကာလသမီးတွေ ညပိုင်းအရက်ဝိုင်းဖွဲ့တတ်တဲ့ နေရာလည်းဖြစ်တယ်။ ခြေခင်းလက်ခင်းသာတဲ့ တစ်ချို့ရက်တွေမှာ ရွာထဲက ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေဟာ ညသန်းခေါင်သန်းလွဲအထိ စုဝေးတတ် ကြတယ်။ ၀ိုင်းဖွဲစားသောက် ကခုန်ပျော်ပါးတတ်ကြတယ်။ လူငယ်တွေ ကြားက ဆက်ဆံရေး ဟာတော်တော် ပွင့်လင်းပုံရှိတယ်။ တစ်ခါတစ်ခါတော့လည်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်ကြပြီး၊ အုပ်စုလိုက် တိုက်ခိုက်တတ်ကြတယ်။

ကျနော့်အိမ်ကလေးရဲ့တစ်ဖက် ဟိုင်းဝေးလမ်းမ ဟိုဖက်ခြမ်းမှာတော့ သားသတ်ရုံ တစ်ခုရှိတယ်။ ညနေပိုင်း နေ၀င်ရီတရော အချိန်တွေ ရောက်ရင် ကျွဲတွေ၊ နွားတွေကို သားသတ်ရုံ ကလေးဆီ ကားတွေနဲ့ လာပို့ကြတယ်။ ခေါင်းဖြတ်စက်ထဲကို မရောက်ခင် ငယ်သံပါ အောင်စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့ ကျွဲနွား အသံတွေကို ကျနော့်အိမ်ကလေးကနေ တစ်ခါတရံ ကြားရတတ်တယ်။

သားသတ်ရုံပိုင်ရှင်တွေဟာ ကျွဲနွားတွေကိုသတ်ဖို့ဖြတ်ဖို့နဲ့ ကုန်ချောဖြစ်လာအောင် ခုတ်ဖို့ထစ်ဖို့ မြန်မာ အလုပ်သမား လူငယ်တွေကို ငှားရမ်းထားကြတယ်။ တစ်ချို့နေ့တွေမှာ သားသတ်ရုံ မီးဖို မီးခိုးခေါင်တိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ အသားကင်နံ့ စူးစူးဝါးဝါးကို ကျနော့်အိမ်ကလေးကနေ ရနေတတ်တယ်။ ရောင်းမကုန်တဲ့ အသားတွေ ပုတ်သိုးမသွားအောင် မီးဖုတ်လိုက်ပြီးမှ ပြန်ရောင်းကြတယ်။ အိမ်ကလေး နောက်ဖက် ၀ရံတာကလေးကနေ ဟိုင်းဝေးလမ်းမကိုဖြတ်ပြီး ဟိုဘက်ကိုမျှော်ကြည့်ရင် သားသတ်ရုံက မြင်ကွင်းတွေကို မြင်နေရတယ်။

ကျနော့်အိမ်ကလေးရှိရာဘက်အခြမ်းမှာ ပင်မရွာမကြီးတည်ရှိပြီး၊ သားသတ်ရုံဖက်အခြမ်းမှာ နောက်တိုး အိမ်စုလေးတွေရှိတယ်။ အိမ်စုလေးတွေ ဆိုပေမဲ့ တိုက်အိမ်တွေ၊ ကျွန်းအိမ်ကြီးတွေ၊ အိမ်ကြီးအိမ် ကောင်းတွေ။ သားသတ်ရုံရဲ့နံဘေးဝန်းကျင်မှာ လယ်ကွင်းတွေ ရှိတယ်။ ကျနော့် အိမ်ရှေ့ကနေထွက်၊ ဟိုင်းဝေးလမ်းမ ပေါ်တက် ပြီး ငါးမိနစ်လောက် လမ်းလျှောက်သွားရင် သားသတ်ရုံဖက်အခြမ်းမှာ ကျနော့်ရုံးရှိတယ်။ ကျွန်းတိုင်လုံး တွေနဲ့ အုတ်ပတ်ကားတက်ပြီး ရဲတိုက်ပုံစံဆောက်ထားတဲ့ သုံးထပ်အဆောက်အအုံဟာ ခန့်ညားလှ တယ်။ အိမ်ပိုင်ရှင် ဟာရွာလူကြီးရဲ့ ညီဝမ်းကွဲတော်စပ်ပြီး၊ သူလည်း လယ်မြေများစွာ၊ အိမ်ခြံမြေများစွာ ပိုင်ဆိုင်သူပဲ။ လူအများစုဟာ မြို့နဲ့အတန်ငယ်အလှမ်းဝေးတဲ့ အဲဒီရွာကလေးမှာ မနေလိုကြတဲ့အတွက် အိမ်ငှားခ ဈေးသက်သာတယ်လို့ ဆိုရမယ်။

မကြာသေးခင်နှစ်တွေက ကျနော်တို့ရုံးနဲ့ သားသတ်ရုံအကြားက လယ်ကွင်းတစ်ချို့ကို ငှားပြီး၊ ထိုင်ဝမ်စီးပွားရေး သမားတွေဟာ အထည်ချုပ်စက်ရုံတစ်ခု လာတည်တယ်။ စက်ရုံစတည်တဲ့ အချိန်မှာ မိုးတွေစရွာနေပြီ။ ဂေါ်ထိုးကားကြီးတွေ၊ မြေသယ်ကားကြီးတွေ၊ စက်ပစ္စည်းတွေ အကူအညီနဲ့ လယ်ကွင်းကို မြေခဲတွေဖို့ကြပြီး၊ ကြီးမားတဲ့ စက်ရုံကြီးတစ်ခုကို တက်သုတ်ရိုက် ဆောက်ခဲ့တယ်။ သိန်းပေါင်းများကုန်ကျမဲ့ ဆေးသားအပြာရောင် သုတ် စက်ရုံကြီးဟာ အဲဒီနှစ်က မိုးကုန်သွားတဲ့အချိန်မှာပဲ မြန်မာအလုပ်သမားတွေ ရာပေါင်းများစွာနဲ့ စတင် လည်ပတ် တော့တာပဲ။

စက်ရုံက စွန့်ပစ်ပစ္စည်းတွေ၊ ပြီးတော့ စက်ရုံမှာပဲ အလုပ်သမားတွေက နေထိုင်ကြတာဆိုတော့ သူတို့စွန့်ပစ်တဲ့ အမိုက်တွေ၊ အညစ်အကြေးတွေနဲ့ တစ်ချိန်က သဘာဝအတိုင်းသာယာခဲ့တဲ့ တောသဘာဝအလှအပတွေဟာ အဲဒီပတ်ဝန်းကျင်လေးမှာ ပျောက်ဆုံးသွားတော့မှာပဲလို့ ကျနော်က ကျနော့်ရဲဘော်တွေကို ပြောခဲ့မိ သေးတယ်။ ကျနော်တို့ရုံးအနောက်ဖေး ၀ရန်တာ ကနေပြီးကြည့်ရင် စက်ရုံဝင်းကို အပေါ်စီး ကနေ မြင်နေရတယ်။ စက်ရုံ ဆင်းချိန် တွေမှာဆိုရင် အလုပ်သမားတွေ လူပ်ရှားနေတာကိုပါ မြင်ရတတ်တယ်။

ပြီးတော့ လူတွေများလာရင် ပုလိပ်တွေရူပ်လာပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်လေး ရူပ်ထွေး သွားမှာကို ကျနော်တွေးပူနေခဲ့မိတယ်။ မကြာပါဘူး.. စက်ရုံနောက်ဖေးလယ်ကွင်းထဲမှာ လူသတ်မူတစ်ခုဖြစ်တယ်။ အဲဒီနောက်ပိုင်း စက်ရုံ စတင်လည်ပတ်ချိန်ကစပြီး ရေတွက်ရင် လေးငါးလ အတွင်းမှာပဲ စက်ရုံလည်ပတ်မူတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တော့တယ်။ ဘာကြောင့် ရပ်ဆိုင်းသွားတယ်ဆိုတာ မသိပေမဲ့ စက်ရုံမှာ မှီခိုနေရတဲ့ မြန်မာလုပ်သားတွေ၊ သူတို့ကိုမှီခိုနေရတဲ့ မိသားစုတွေကတော့ ထုံးစံအတိုင်း ရေကြည်ရာမြက်နုရာ အလုပ်အကိုင်ရနိုင်တဲ့ နေရာသစ်ကို ထွက်ခွာသွားကြ ရတော့တယ်...

ညနေပိုင်း အလုပ်ပြီးချိန်တွေမှာ ညောင်းညာပင်ပမ်းမူတွေကို ဖြေဖျောက်ဖို့ ဒုတိယထပ် အနောက်ဖေး ဘက်က ၀ရံတာလေးမှာကျနော် အမြဲတမ်း တိတ်တဆိတ်ရပ်တန့်ပြီး လေညင်း ခံဖြစ်တယ်။ အဲဒီရုံး ၀ရန်တာလေးကနေ ကြည့်ရင် အနောက်ဖေးဘက်မှာ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးကို မြင်တွေ့ရတယ်။ မြင်ကွင်းရှူခင်းတွေက ရာသီလိုက်ပြီးပြောင်းလဲသွားကြတယ်။

မိုးရာသီမှာဆိုရင် စိမ်းလန်းတဲ့ ကတ္တီပါလယ်ကွင်းတွေ.. တမန်းဆီနံ့၊ ကောက်ပင်ရနံ့တွေကို သယ်ဆောင် လာတဲ့လေညင်း.. တစ်ခါတစ်ခါ ကောက်စိုက်သမတွေသီဆိုတဲ့ သီချင်းသံကိုပါ လေညင်းက ဆောင်ယူ လာတတ်သေးတယ်။ လယ်ကွင်းအစပ်မှာ လယ်သမားတွေ စိုက်ထားတဲ့ ကျွန်းသစ်တောဝိုင်း ကလေး တစ်ခုလည်း ရှိသေးတယ်။ မိုးရာသီမှာတော့ လယ်ကွင်းတွေထဲက မြောင်းကလေးတွေနဲ့ ဟိုင်းဝေးလမ်းမဘေးတစ်လျှောက် မြောင်းဘေးတွေမှာ ဒေသခံအမျိုးသမီးတွေ ငါးမျှားတံကိုယ်စီနဲ့ ငါးမျှားနေကြတာတွေ့ကြရတယ်။ ဒီဒေသမှာ အမျိုးသားတွေက ငါးမမျှားပဲ၊ အမျိုးသမီးတွေကပဲ ငါးမျှားတတ်ကြတယ်။

ဆောင်းရာသီတွေမှာဆိုရင် ပဲပင်၊ ပြောင်းပင်၊ ကြံပင်၊ ဆေးရွက်ကြီးပင်၊ ဖရဲပင်တွေကို တမျှော်တခေါ် မြင်နေရတဲ့ မြင်ကွင်းဟာ စိမ်းစိမ်း စိုစိုနဲ့ ဘယ်တော့ကြည့်ကြည့် ရိုးမသွားခဲ့ဘူး။ ဆောင်းစိုက်ခင်းတွေကိုဖြတ်ပြီး တိုက်ခတ် လာတဲ့လေညင်းရနံ့က တမျိုး ထူးခြားတယ်… ညိုးညိုးညံ့ညံ့ကလေး။

အိမ်နောက်ဖေးက မာလကာ၊ သံပရာ၊ နာနတ်၊ မန်ကျည်းပင်တွေပေါ်က ငှက်ကလေးတွေရဲ့ တေးဂီတသံကိုပါ ညနေခင်းတွေမှာ ကြားရ တတ်တယ်။ အဲဒီအခါမျိုးတွေမှာဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတတ်ပြီး၊ ငှက်သံတွေနဲ့အတူ ကျနော်ဟာ အားလုံးကို မေ့နေ တတ်တယ်။

ကျနော်တို့ရုံးနဲ့ အထည်ချုပ်စက်ရုံကြားမှာ မြေနီခင်းထားတဲ့ လမ်းကလေးရှိသေးတယ်။ လမ်းဘေးဝဲယာ မှာရှိတဲ့ တမျှော် တခေါ် လယ်ကွင်း တွေကိုဖြတ်ပြီး မြေနီလမ်းကလေးကနေ ဆယ်မိနစ်လောက် ဆိုင်ကယ်နဲ့ သွားလိုက် မယ်ဆိုရင် ဒေသခံ ကျေးရွာသုံး လေးရွာက စုပေါင်း တည်ထားတဲ့ ထုံးဖြူစေတီကလေး တစ်ဆူရှိတယ်။ နိုဝင်ဘာ လမှာ ဘုရားပွဲ နှစ်စဉ် လုပ်နေကြ။ စေတီတ၀ိုက်ဟာ အေးချမ်းသာယာပြီး၊ သီးပင်စားပင်တွေ၊ တောင်သူတွေ ပိုင်တဲ့ လက်လုပ်ငါးမွေးကန်တွေနဲ့ ပြည့်နေတယ်။ ဆောင်းညနေခင်း တွေမှာဆိုရင်တော့ လယ်သမားတွေရို့တဲ့ တောင်ယာ မီးခိုးငွေ့တွေနဲ့ စေတီပတ်ဝန်းကျင် တစ်ခုလုံးဟာ အုံ့မိုင်းနေတတ်တယ်။

မနက်စောစောအိမ်ကနေရုံးကို လမ်းလျှောက်ပြီးသွားနေကျ။ ညနေမှောင်ရီဖြိုးဖျအချိန်၊ အလုပ်တွေပြီးလို့ ၀ရံတာကလေးမှာရပ်ပြီး အတွေးနယ်ချဲ့လို့ဝတဲ့အချိန်ကျမှ အိမ်ကလေးကို လမ်းလျှောက်ပြန်သွားနေကျ။ နွေနွေမိုးမိုးဆောင်းဆောင်း မပျက်မကွက် စူးစူးနစ်နစ် ကျနော် လုပ်ခဲ့ဘူးတယ်။

ကျနော့်အိမ်ဘေး ဟိုင်းဝေးလမ်းမကြီးကနေ မြောက်ဘက်ကိုဆက်သွားမယ်ဆိုရင် အသီးအနှံ တွေနဲ့ ပန်းအမျိုးမျိုး အများဆုံး ထွက်ရှိရာ ဖြစ်တဲ့ ဖုတ်ဖတ်ဆိုတဲ့ တောင်သူ မြို့ကလေးကို ရောက်တယ်။ အဲဒီကနေဆက်သွားရင် အုန်းဖျန်အမည်ရတဲ့ ဒုက္ခသည်စခမ်းနဲ့ အဲဒီကနေ ဆက်သွားမယ်ဆိုရင် နိုဖိုးဆိုတဲ့ ဒုက္ခသည်စခမ်းရှိတယ်။ နိုဖိုး ဒုက္ခသည်စခမ်းကို သွားမယ် ဆိုရင်တော့ တစ်ရက်ခရီး နီးနီးကြာတယ်။ တောင်ပတ်လမ်းဆိုတော့ အကွေ့ အကောက် တွေများတယ်။ မိုးတွင်းဆိုရင် ကားတွေမကြာခဏ တိမ်းမှောက်တတ်ကြတယ်။

အိမ်ဘေးဟိုင်းဝေးလမ်းမကြီးကနေပြီး တောင်ဘက်ကိုသွားရင်တော့ မြို့တော်တည်ရှိရာကို ရောက်တယ်။ အဲဒီခရီးကလည်း တရက်နီးနီး ကြာတယ်။

အဲဒီပတ်ဝန်းကျင်တ၀ိုက်က ရွာသူရွာသားတွေက တောင်သူလယ်သမားတွေများတယ်။ တောင်သူဆိုပေမဲ့ ငွေကြေးပြည့်စုံကြတယ်။ တနှစ်ကို သုံးသီးစား စိုက်ကြတယ်။ ကားစီး နိုင်ကြတယ်။ လယ်ထဲအထိမြေနီခင်း လမ်းတွေဖောက်ထားတယ်။ ကားတွေ ဆိုင်ကယ် တွေနဲ့ လယ်ထဲကိုသွားတယ်။ ကိုယ်ပိုင်ရေစုပ်စက်တွေနဲ့ ရေတင်ပြီး အသီးအနှံတွေ စိုက်ကြတယ်။

ကျွဲနွားတွေနဲ့ လယ်မလုပ်ကြတော့ဘူး၊ ခေတ်မီစက်ပစ္စည်း နည်းကိရိယာတွေနဲ့ ထွန်ယက် စိုက်ပျိုးကြတယ်။ လူရှိတဲ့နေရာတိုင်းမှာ လျှပ်စစ်မီးရှိတယ်၊ တယ်လီဖုန်းလိုင်းရှိတယ်၊ ရေပိုက်နဲ့ သွယ်ယူထားတဲ့ ကောင်းမွန်တဲ့ ရေပေးဝေရေးစနစ်ရှိတယ်။ နယ်စပ်အစွန်အဖျား ရွာငယ်လေး တစ်ရွာကနေ နိုင်ငံတကာကို အင်တာနက် အီးမေးကနေတစ်ဆင့် အဆက် အသွယ်လုပ်လို့ ရတယ်။ ဖုန်းဆက်လို့ရတယ်။

ရုပ်ဝတ္တူဖွံ့ဖြိုးတိုးတက်ပေမဲ့ ရွာသားတွေရဲ့ အသိပညာကတော့ မြို့ကြီးသားတွေနဲ့ ရင်ဘောင်မတန်း နိုင်သေးတာ ၀န်ခံရမယ်။ ကျေးလက် သဘာဝ ပျော်ပျော်ပါးပါး နေတတ်ကြ တယ်။ အရက်ကလေး တမြမြနဲ့နေကြတယ်။ ရွာက ဆံပင်ညှပ်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာ နေ့လည်နေ့ခင်းဖက်ဆိုရင် သက်လတ်နဲ့ သက်ကြီးပိုင်း အမျိုးသားတွေ စုရုံးစုရုံးနဲ့ နေကြတယ်။ တက္ကသိုလ်ပညာ သင်ယူသူ ရှားပါးနေဆဲပဲ။ လွယ်လွယ်ကူကူ တတ်ဆင်လို့ရပေမဲ့ အင်တာနက် အီးမေးလ်သုံးစွဲသူ အနည်းအကျဉ်းပဲ ရှိနေသေးတယ်။

ရွာကနေ ဟိုင်းဝေးလမ်းမကြီးနဲ့ ဆန့်ကျင်ဘက်ကို သွားမယ်ဆိုရင်တော့ လယ်ကွင်းပြင် တွေကြားထဲမှာ ရွာနဲ့ မြို့ကလေးကို ဆက်သွယ် ထားတဲ့ ကတ္တရာခင်းလမ်းမငယ် တစ်ခုရှိတယ်။ ရွာသားတွေက အဲဒီလမ်းကလေးကနေ မြို့ကိုကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဈေးဝယ် သွားကြတယ်။ အဲဒီရွာငယ်ကလေးထဲမှာကိုပဲ စက်ရုံအလုပ်ရုံ ငယ်ငယ်လေးတွေ လေးငါးခြောက်ခု ရှိတယ်။ အားလုံးမှာ မြန်မာပြည်သား အလုပ်သမားတွေကို ခန့်ထားတယ်။

ရွာကလေးကနေ ဟိုင်းဝေးလမ်းမကြီးကိုဖြတ်ပြီး တောင်ဘက်ကို သွားမယ်ဆိုရင်တော့ ငါးမိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ နောက်ထပ် ရွာကလေး တစ်ရွာရှိသေးတယ်။ အဲဒီရွာဟာ တစ်ချိန်က ဦးနုရဲ့ ပီသုံးလုံး ပါတီရဲဘော်တွေ အခြေစိုက်တဲ့ ဌာနချုပ်စခန်း ဖြစ်တယ်။ ဦးသွင်ဦးဆောင် တဲ့ အလယ်ပိုင်းတိုင်းစခန်းပေါ့။ အဲဒီတုံးက ဦးသွင်တို့အုပ်စုဟာ ရွာထဲမှာတင် အေကေ သေနတ်တွေ ကိုင်တွယ်ပြီး နေထိုင်ကြတယ်လို့ သိရတယ်။

အဲဒီရွာမှာ ရွာနီးချုပ်စပ်ကို ရေပေးဝေတဲ့ ဆည်တစ်ခုရှိတယ်။ ဆည်ထိပ်မှာ ဦးနုတည်ခဲ့တယ် ဆိုတဲ့ ဘုရားတစ်ဆူလည်း ရှိတယ်။ ဘုရားက အတော်အတန် ကြီးပေမဲ့ ဒေသခံ အာဏာပိုင် တွေက ပြန်လည်ပြုပြင်မူ မလုပ်ကြဘူး။ ဦးနုကိုယ်တိုင်လည်း အပြီးသတ်အောင် တည်သွားနိုင်ခဲ့တာ မဟုတ်ဘူး။

ညပိုင်းလူခြေတိတ် ချိန်တွေမှာဆိုရင် ကတ္တရာလမ်းမကြီးပေါ်မှာ အော်ဟစ်ပြေးလွှားနေတဲ့ ကားသံတွေကို ကျနော့်အိမ်ကလေးကနေ ဆူညံစွာကြားနေရ တတ်ပါတယ်။ ပုစင်းရင်ကွဲ သံတွေ.. တစ်ခါတစ်ခါ စူးစူးဝါးဝါး ထိုးဟောင်တတ်တဲ့ ခွေးအူသံတွေကလွဲရင် ရွာကလေး ဟာ အမှောင်ထုအောက်မှာ တိတ်ဆိတ်နေတတ်တယ်။ တစ်ခါတခါမှာတော့ မူးယစ်နေတဲ့ ကားသမားက လမ်းပေါ်က ဆိုင်ကယ် မောင်းသူ၊ လမ်းလျှောက်သူတွေကို ၀င်တိုက်သွားတာ တွေကလွဲရင် ရွာကလေးဟာ အေးချမ်းပါတယ်။

ဒီလိုနဲ့ ကာလတွေကြာလာတော့ ရွာကလေးဟာ ကျနော့်ဇာတိမွေးရပ်လိုဖြစ်လာတယ်။ ဒေသခံရွာသားတွေ ကလည်း ကျနော်တို့ကို သိကြတယ်။ ရန်မမူကြဘူး။ ဖော်ရွေကြတယ်။ ဆောင်းရက်တွေမှာ သခွပ်ပွင့်ကောက်၊ ညနေခင်း မြေနီလမ်းကလေးတွေမှာ လမ်း လျှောက်၊ နွေရက်တွေမှာ တမာရွက်နုခူး၊ စေတီကလေးကိုသွားဖူး၊ မိုးရက်တွေမှာ ဒေသခံတွေဖမ်းလာတဲ့ ဖားငါးတွေကို ချက်ပြုတ် စားသောက်ရင်းနဲ့ ရွာကလေးဟာ ကျနော့်ရဲ့ ဒုတိယအိမ် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ခုတော့ ရွာကလေးဟာ ကျနော့်ဘ၀ထဲကို ထဲထဲဝင်ဝင် တိုးဝင် လာခဲ့ပြီး.. လယ်ကွင်းတွေပတ်လည်ဝိုင်းထားတဲ့ နယ်စပ်အစွန်အဖျားက ရွာငယ်ကလေးအပေါ်မှာ ကျနော့်ရဲ့ ခင်မင်တွယ်တာမူဟာ ကြီးမားသထက် ကြီးမား လာခဲ့တာ ငြင်းဆန်လို့ မရနိုင် တော့ပါဘူး။

မှတ်ချက်။ ။ ဤပိုစ့်တွင်အသုံးပြုထားသောပုံမှာ အင်တာနက်ကနေရှာထားတဲ့ ထိုင်းရွာကလေးတစ်ရွာရဲ့ပုံ ဖြစ်ပါတယ်။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ခင်မင်းဇော်] 1 New Entry: Ten Things I Hate About Myself

Ten Things I Hate About Myself

Tag တော့လဲ ရေးတာပေါ့
ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်ရေးပါ ဆိုပါလား။ tag ထားတာက ၂ ယောက်။ Zerotrash နဲ့ တူးတူးသာ ။ အားရဲ့လားလို့လဲ မမေးမမြန်း ။ tag ထားလိုက်ကြတာ။ မရေးဖြစ်ခဲ့တဲ့ tag ကလေးတွေ တောင် ရှိသေး။ ဒါပေမယ့် အရမ်းနောက်ကျရင်လဲ မရေးချင်တော့ဘူးလေ။ ခုတော့ သိပ်နောက်မကျသေးဘူးထင်တာပဲ။ ၁၀ ချက် ပြည့်မပြည့်တော့ ချရေးကြည့်မှ သိမှာပဲ။ ခုပို့စ်ကို တခါတည်း ရေးတင်နေတာပါ။ ကိုယ့်ကိုယ်ဖော် မသူတော် ပဲ လုပ်ရတော့မှာပေါ့။
ကျမ ကိုယ်တိုင် မုန်းတဲ့ အချက်တွေကတော့..

၁) အချိန်တိကျတာ ဂတိတည်တာကိုပဲ ကြိုက်နေတာ….
( ကိုယ်တိုင်တယောက်တည်းဆို ကိစ္စမရှိပေမယ့် သူများတွေကိုပါ အဲလိုဖြစ်စေချင်တော့ စိတ်ပင်ပန်းရတာပေါ့။)
၂) စကားပြောနိုင်လွန်းနေတာ…
( စကားများတာမဟုတ်ဘူးနော်။ ကိုယ်နဲ့ရှိနေရင် သူများပျင်းနေမှာ စိုးလို့ စကားပြောပေးနေတာ ၊ တကယ်က စိတ်ထဲမှာ လုံးဝမပြောချင်ဘူး)
၃)အရွဲ့တိုက်တတ်တာ..
(တခါတလေ ကိုယ့်အတွက် ဆုံးရှုံးနိုင်တယ် ဆိုတာ သိရက်နဲ့ အရွဲ့တိုက်လုပ်လိုက်တော့ ကိုယ်ပဲ ခံရတာပေါ့။)
၎)ကိုယ်တိုင် သေချာ သိနေတဲ့ အကြောင်းအရာ တခုခုကို လာငြင်းရင် အလျှော့မပေးတတ်ပဲ အငြင်းသန်တာ…
( အဲဒီတော့ အပေါက်ဆိုးတယ် ဖြစ်ရော)
၅) ကိုယ်သိနေ တတ်နေတဲ့အရာတခုကို သူများကိုလဲ သိစေ တတ်စေချင်တာ…
( မမေးပဲ ပြောပြတတ်လွန်းလို့ တချို့တွေက ဆရာကြီး လာလုပ်တယ်ထင်ပြီး ကောတာမျိုး အရေးမစိုက်တာမျိုးခံရတော့မှ မတီးပဲ မမြည်နဲ့ ဆိုတဲ့ စကားကို နားလည်ခဲ့တယ်။ ဒါပေမယ့် အကျင့်ကတော့ မပျောက်သေးဘူး)
၆)စိတ်ထက် ပါးစပ်က မြန်လွန်းနေတာ..
(ပြောချင်တာ ပြောပါစေ။ ခံမပြောသင့်ဘူးလို့ ဦးနှောက်က စဉ်းစားဆုံးဖြတ်တာမပြီးခင် ပါးစပ်က ပြောပြီးနေပြီ။ ဒါ့ကြောင့်လဲ လူမုန်းများတာ)
၇)ကဗျာပဲ ဖတ်ဖတ် ၀တ္ထုပဲ ဖတ်ဖတ် ရုပ်ရှင်ပဲ ကြည့်ကြည့် အငိုလွယ်တတ်တာ..
(ဒါကတော့ ခံစားလွယ်တဲ့ နှလုံးသားရှိသူ ပြောရမယ်)
၈) ဒေါသကြီးတတ်တာ..
(မကောင်းမှန်းသိပေမယ့် ဆတ်ဆတ်ထိ မခံတတ်တဲ့ဒေါသကို နံပါတ်စဉ်ရေပြီး လျှော့ချနေတာ ခုထိမရသေး)
၉) သူများကို သိပ်ကူညီချင်တာ..
( တခုခု သူများအဆင်မပြေတာ မြင်နေကြားနေရရင် အကူအညီမတောင်းပဲကို ပေးချင်နေတာ။ အဲဒီအခါ တချို့က သူတို့ကို နှိမ်တယ် ထင်သွားတတ်ပြန်ရော)
၁၀) အလုပ် လောဘ ကြီးတတ်တာ…
( ကိုယ်မရှိရင်မဖြစ်တော့တဲ့အတိုင်း အလုပ်ကို သိမ်းကြုံး လုပ်နေတတ်တာ၊ ဘယ်ကောင်းမလဲလေ ။ အသာနေတတ်အောင် နေဖို့ စကျင့်နေပြီ။)
ဆက်ရေးရင် ရဦးမယ်.. သူတို့က ၁၀ ချက်ပဲ ရေးဆိုလို့ပါ။ တကယ်က ကိုယ့်ကိုယ်ကို မကြိုက်လို့ ကြိုးစားပြင်နေရတဲ့ အချက်တွေက အများကြီးပါ။ ခေါင်းထဲပေါ်လာတာလေးတွေပဲ ရေးလိုက်တာ..

ကဲ ... အကြွေးတော့ ဆပ်ပြီးလေပြီ။ မည်သူ့ကို ဆက်တက်ရမည် စဉ်းစားသော်....
ဒီတခါတော့ ဆက်လက် လက်ဆင့်မကမ်းတော့ပါဘူး။ (တကယ်က ကမ်းဖို့ လူတောင်မရှိတော့တာ..)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

You received this email because you are subscribed to the real_time feed for http://khinminzaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: နို့စို့ဖက်...

နို့စို့ဖက်...

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
အဲ့ဒီလို နှုတ်ဆက်သံနဲ့ ကျနော် လောကကြီးထဲကို ရောက်လာခဲ့တာပါ..။ ကျနော်ကတော့ လူဖြစ်လာပြီဟေ့လို့ ဟစ်ကြွေးရင်း ဝမ်းသာမြူးထူး ပျော်ရွှင်စွာပေါ့...။ လောကကြီးရဲ့ ကြိုဆိုပုံတွေက ရက်စက်တယ်.. မသင်းဘူး...။ ပထမဦးဆုံး မြင်လိုက်ရတာက ကျနော့်ကိုဖမ်းညှပ်ထားတဲ့ စတီးညှပ်ကြီး.. နောက်သွေးသံရဲရဲနဲ့ ကပ်ကြီးတွေ.. ဇလုံတွေ... ကျနော် စမြင်ဖူးတဲ့ လူသားတွေကလည်း ဇောက်ထိုးတွေ...

ကျနော့် ခြေအစုံကိုမပြီး "ဖြန်း" ကနဲ တင်ပါးကို ရိုက်လိုက်တဲ့ ရိုက်ချက်တွေက "မင်းဟာ လောကဓံရဲ့ အထုအထောင်းတွေကို ခံရတော့မယ်လို့" ပြောနေတာများလား..!! အေးသလို နွေးသလို ရေဇလုံထဲကို အထည့်ခံရပြန်တော့ ပထမဦးဆုံး လောကကြီးထဲကိုယူလာတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်သလို ခံစားရပြန်တယ်။ အနှီးပိတ်ဖြူဖြူလေးကတော့ အမည်းတစ်စက်မှမရှိ ပကတိ ဖြူစင်မှုတွေနဲ့... နီတာရဲလေး ကျနော်ကလည်း သန့်ရှင်းဖြူစင် အပစ်ကင်းလျှက်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..." (( မေမေ.... မေမေရေ ))
နွေးထွေးလွန်းတဲ့ ရင်ခွင်တစ်ခု... ဒါဟာမေမေ့ရင်ခွင်ပါဘဲ...။ မေမေ့ရင်ခွင်ထဲကနေ ကျနော်မော့အကြည့်.. ကျနော့်ကို ငုံ့ကြည့်နေတဲ့ မေမေ့မျက်နှာလေးက မောပန်းနွမ်းနယ်လွန်းနေပေမဲ့ မျက်လုံးတွေက အရောင်တွေလဲ့လို့.. ဝမ်းသာကြည်နူးမှုတွေနဲ့ မေမေ့နှုတ်ခမ်းတွေ ပြုံးနေတယ်..။ မေမေက မျက်လုံးတွေနဲ့ ကျနော့်ကို စကားစပြောခဲ့တယ်... ။

"သားရေ... လောကကြီးထဲမှာ တွေ့ကြုံရမယ့် လောကဓံတရားတွေအတွက် မေ့သားလေး.. ဘာမှ မကြောက်ရဖူးနော်.. သားရှေ့မှာ မေမေအမြဲရှိမယ်" လို့ အားပေးခဲ့တာ မဟုတ်လား မေမေ...!! ဒါဟာ မေမေကျနော့်ကိုပေးတဲ့ ပထမဦးဆုံး စိတ်ဓါတ်အင်အား...။ နူးညံ့ညင်သာတဲ့ အထိအတွေ့နဲ့ ချိုစိမ့်နေတဲ့ မေမေ့နို့ရည် နွေးနွေးတွေက ကျနော့်ကိုပေးတဲ့ ပထမဆုံး အဟာရခွန်အား...။ နို့စို့ရင်း မေမေ့မျက်နှာကို မော့ကြည့်နေရတာ အေးချမ်းလိုက်တာ..။ ကျနော် နို့သောက်ရင်း အိပ်ပျော်သွားခဲ့တယ်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
ခပ်ကျယ်ကျယ် ငိုသံတစ်ခုကြောင့် လန့်ပြီးနိုးလာချိန်မှာ မေမေ့နို့ကိုစို့နေတဲ့ ကျနော့်လို နီတာရဲလေး တစ်ယောက်..။ ကျနော် အရမ်းကို အံ့သြောသွားတယ်.. သူလည်း ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနဲ့လှမ်းကြည့်ပြီး......

"အဲ့... အဲ့... အဲ့..." ((ဟယ်လို... နင်ကဘယ်သူလဲ...))
"အဲ့... အဲ့... အဲ့..." ((အောင်မာ... မင်းကများ ငါ့ကိုမေးရသေးတယ်.. မင်းကဘာလို့ ငါ့အမေနို့ကိုစို့နေရတာလဲ...))

"အဲ့... အဲ့... အဲ့...." ((ဒါနင့်မေမေလား.. ငါမသိဘူး.. ငါ့မေမေကနို့မထွက်လို့ ဒီကိုခေါ်လာပြီးတိုက်တာ...))
"အဲ့... အဲ့... အဲ့...." ((မသောက်နဲ့......))ဲ့

အဲဒီကတည်းက ကျနော်ဟာ မနာလိုခြင်း မကျေနပ်ခြင်းတွေကို စရင်းနှီးခဲ့တော့တာ ယ္ခုထက်တိုင်...။

"အဲ့... အဲ့... အဲ့......" ((ငါအရမ်း ဗိုက်ဆာနေလို့ပါဟယ်...))
"အူဝဲ... အူဝဲ... အူဝဲ.... အူဝဲ..... အူဝဲ... အူဝဲ့ဲ့ဲ့ဲ့ဲ့ဲ"

ကျနော် ဒေါသတကြီးနဲ့ ကျယ်ကျယ်လောင်လောင် ငိုချလိုက်မိတယ်..။ ဖြစ်နိုင်ရင် ကျနော်သူ့ကို လှမ်းပြီး ကန်ထည့်လိုက်ချင်တာ ခြေထောက်တွေကို ယားနေတာဘဲ... အနှီးတွေနဲ့ ကျနော့်ခြေထောက်တွေကို ကောက်ညှင်းထုပ်လို တင်းနေအောင် ထုပ်ထားလို့... မေမေက ကျနော့်ကျောကုန်းလေးကို ပုတ်ပြီး ဖြေသိမ့်ရင်း ချော့သိပ်ပြန်တယ်..။ "သားရယ်.. သူလည်းဆာရှာမှာပေါ့ ပေးတိုက်လိုက်ပါနော်..." လို့ပြောနေသလိုဘဲ ကျနော်ခံစားလိုက်ရတယ်..။

မေမေ့ဆန္ဒတွေ နှစ်သိမ့်မှုတွေရယ်ကြောင့် လိုက်ရောလိုက်ရပေမဲ့ ဒင်းကို အဲ့ဒီအချိန်ကစလို့ မကျေနပ်ခဲ့တာ ခုအချိန်အထိပါဘဲ...။ ဒင်းနဲ့ကျုပ်က လူ့ဘဝထဲကို မတိမ်းမယိမ်း အချိန်လေးအတွင်းမှာ စရောက်ခဲ့ကြတာဆိုရင် အံ့သြကြမယ်ထင်တယ်..။ ကျုပ်ကစပြီး ဒင်းကို အလျှော့ပေးလိုက်ရသလိုဖြစ်ခဲ့တဲ့ ခံစားမှုနဲ့ ကျုပ်ဟာကျုပ် မကျေနပ်ဖူးဗျ...။ ဆော့တတ် ကစားတတ်တဲ့ အရွယ်ရောက်တော့လည်း ဒင်းက မိန်းကလေးဘဲ ဆိုပြီး တစ်ခါတစ်လေ မေမေက အလျှော့ပေးခိုင်းပြန်ရော..။

ကျုပ်မှာသာ မကျေနပ်စိတ်တွေ ထပ်ထပ်လာတာ... ခုလူကြီးတွေ ဖြစ်လာတဲ့အထိဘဲ ဆိုပါတော့..။ ဒင်းနဲ့ မြန်မြန်ဝေးပါရစေလို့ ဆုတောင်းခဲ့တဲ့ ကျုပ်ဆုတောင်းက မူကြိုရောက်တဲ့နှစ်မှာ ပြည့်ခဲ့တယ်...။ ဒင်း ဖေဖေက တာဝန်နဲ့ နယ်ပြောင်းရတော့ ဒင်းလည်းလိုက်ရပြီပေါ့...။ ကျုပ်လေ အတော်လေးကို ပျော်ခဲ့တာဗျ..။ ဒင်းကတော့ နိုင်စားရမဲ့ ကျုပ်နဲ့ဝေးရလို့ အတော်ငိုခဲ့သလားဘဲ.. ဘယ်သူက သူ့ကိုသည်းခံမှာတုန်း...!! သူ့လို စွာတေးတေး ဂျစ်ကန်မကိုများ လူတိုင်းက အော့ကျောလန်..။ အဲ... ကျုပ်ခြောက်တန်းအောင်လို့ ခုနှစ်တန်းတက်တဲ့နှစ်မှာ ကံဆိုးမိုးမှောင်ကျစွာ ဒင်းနဲ့ပြန်ဆုံရတော့တာ..။ ကံတရားက ကျုပ်ကို မျက်နှာသာ မပေးလိုက်ပုံများနော်....!! "သေချင်တယ်.. သေသာသေချင်တယ်.." နဲ့ လူတွေပြောကြတာ အသက်တွေ တော်တော်ကြီးမှပါ... ကျုပ်က အဲဒီ အရွယ်ကတည်းက တစ်ဖွဖွ ငြီးတွားခဲ့မိတာဗျ...။

အချိန်ရရင်တော့ ဒင်းနဲ့ကျုပ် အကြောင်း စာတွေ ထပ်ရေးမိဦးမလားမသိ...!! ကျုပ်မှာ အချိန်တိုင်း ဒင်းကို လက်စားချေလိုစိတ်က တာဝန်တစ်ခုလို အမြဲတွေးနေမိတာ... မေမေ့ နို့ကိုသောက်ခဲ့တဲ့ ဒင်းကို ဘယ်လိုနည်းနဲ့ လက်စားချေရမလည်း အကြိမ်ကြိမ် ကြိုးစားနေမိတာ ခုထက်ထိ...။ နေနှင့်ဦးပေါ့ကွာ.... ကျုပ်တေးထားတယ်...!! ကျုပ်များ မိန်းမရလို့ကတော့ ကျုပ်မိန်းမကို အမွှာပူးကိုမွေးခိုင်းဦးမှာ... ဟီးးး... ပြီးရင် ဒင်းဆီ မရောက်ရောက်အောင်ပို့.... ဒင်းသား ဒါမှမဟုတ် ဒင်းသမီးကို ကျုပ်နီတာရဲဘဝက ခံစားခဲ့ရတဲ့ မနာလိုမှုမျိုး ထပ်တူခံစားခိုင်းဦးမှာ...။ ကျုပ်မေမေ့ နို့ကြွေးကို ပြန်ဆပ်ဖို့... ကျုပ်လက်စားချေတာခံရဖို့ ဒင်းရော ဒင်းမွေးထုတ်မဲ့ နီတာရဲရော အသင့်သာ စောင့်နေကြပေရော့....!!

ဟီးးး.... လက်စားချေတာကနောက်... ခုတော့... ကြောက်လို့ပြေးပြီဗျိုးးးး... အမလေး...!!

(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: စနည်းနာခြင်း

စနည်းနာခြင်း

စနည်း / စနီး၊ စနဲ / နာမ် - ရှေ့ပြေးနိမိတ်အနေဖြင့် ကြားရသောအသံ။
စနည်းနာ / စနဲနာ / ကြိယာ - လူအများ ပြောသံဆိုသံကို ထောက်လှမ်းသည်။

ဒါ မြန်မာစာဌာနက ထုတ်တဲ့ မြန်မာအဘိဓာန်မှာ ဖော်ပြထားချက်ပါ။ ကျနော်တို့ စနည်းနာတယ်လို့ သုံးလေ့ရှိတယ်။ မလုပ်ခင် ထောက်လှမ်းတယ်လို့ ကျနော်တို့ နားလည်ထားကြတယ်။ အဓိပ္ပာယ်ကို ပိုပြီး ရှင်းလင်း နားလည်ချင်တာနဲ့ အဘိဓာန်စာအုပ်ကို လှန်ပြီး ဖတ်ကြည့်မိတယ်။ အဲဒီစာအုပ်နဲ့ အတူ တခြား စာအုပ်တစ်အုပ်ကိုလည်း သွားသတိရမိတယ်။ စနည်းနာခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တင်ပြထားတဲ့ သမိုင်းစာအုပ်ပါ။ စနည်းနာတာနဲ့ သမိုင်းနဲ့ ဘာပတ်သက်သလဲလို့ တွေးမိပါလိမ့်မယ်။ ဘယ်လို ပတ်သက်သလဲ ဆိုတာသိရအောင် ဆက်ဖတ်ကြည့်စေချင်တယ်။ အခု တင်ပြမယ့် စိတ်ဝင်စားစရာ အချက်အလက်တွေကို အဓိကအားဖြင့် ဆရာ ဒေါက်တာသန်းထွန်း ရေးတဲ့ မြန်မာထွေထွေရာရာသမိုင်း ဆိုတဲ့ စာအုပ်ထဲက မြန်မာသမိုင်းတွင် လောကီပညာ အရေးပါပုံ (စာ - ၄၈) စာတမ်းမှ ညွှန်းဆိုလိုပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံကို အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်က ရှင်ဘုရင်တွေဟာ တိုင်းပြည်အုပ်ချုပ်တဲ့ အခါမှာ ဘယ်သူမှ (လို့ ပြောလို့ရပါတယ်) လောကီပညာနဲ့ မလွတ်ကင်းကြပါဘူး။ မှော်ပညာလို့ အလွယ်တကူ ခေါ်တဲ့ မြန်မာတွေရဲ့ လောကီပညာဆိုတာ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင်ယတြာဆိုတာတွေ အားလုံး ပါပါတယ်။ ရန်သူ (သို့) အချစ်မနှစ်သက်သူရဲ့ ရန်ကို အကာအကွယ်ယူဖို့ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့၊ ဂါထာ နဲ့ မန္တန်ကို အသုံးပြုကြတယ်။ ဗေဒင်မေးပြီး ကျရောက်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ဖို့ ဘယ်လိုနေပါ၊ ဘာတွေဆောင်ပါ၊ ဘာတွေ ကြိုတင်လုပ်ထားပါ ဆိုတဲ့ ယတြာဟာ အကာအကွယ်ကို တကယ်ဖြစ်စေတယ်လို့လည်း ယုံကြသေးတယ်။ ဗေဒင်မေးပြီး ယတြာချေတာအပြင် အားကိုးစရာတွေ ရှိနေပါသေးတယ်။ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတွေကို နားထောင်ရတယ်။ အဓိပ္ပာယ်ဖော်ပြီး အန္တရာယ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတယ်။ အတိတ်ကဖြစ်တာ၊ အခု ဖြစ်တာတွေဟာ နောင်အခါ ဖြစ်ဖို့ရှိတယ်လို့ သတိပေးတာ ဖြစ်တယ်လို့ စွဲယူမှတ်သားထားတယ်။ နိမိတ်ဆိုတာကတော့ မကြာခင် ကျရောက်မယ့် ဘေးအန္တရာယ်ကြီးကြီးကို အခု ထင်သာမြင်သာအောင် (အခု ခလုတ်တိုက်တယ် ဆိုသလို) အခက်အခဲတစ်ခုကို ကြုံရတာမျိုး ဖြစ်တယ်။ တဘောင်က နောင် မကြာခင်ကျရောက်မယ့် ဘေးအန္တရာယ်ကို လူအများက ကြိုပြီး ပြောနေတတ်တယ်လို့ ယုံတယ်။ ဘဝေါက သိပ်ကြီးကျယ်တဲ့ ဒုက္ခ တွေ့ရတော့မယ်လို့ ကြောက်လန့်စိတ်ပေါ်အောင် မဖြစ်စဖူး ဖြတ်တဲ့ ကိစ္စဖြစ်ပါတယ်။

ပဒုံမင်း (၁၇၈၂ - ၁၈၁၉) လက်ထက်မှာ ပေါ်ခဲ့တဲ့ စနည်းတွေကို စိတ်ဝင်စားစရာကောင်းလို့ နည်းနည်း တင်ပြလိုပါတယ်။ ဘာလို့ ပဒုံမင်းကိုမှ ရွေးပြီး တင်ပြရသလဲဆိုရင် ပဒုံမင်းလက်ထက်မှာ လောကီအစီအမံတွေနဲ့ အုပ်ချုပ်တဲ့ အလေ့အထဟာ အထွတ်အထိပ်ကို ရောက်နေလို့ပါ။ နောက်ပိုင်း ပဒုံမင်း လက်ထက်မှာပဲ အိန္ဒိယပြည်ကနေ ကူးယူခဲ့တဲ့ လောကီကျမ်းပေါင်း (၂၅၃) ကျမ်းရှိကြောင်း အထောက်အထားနဲ့တကွ တွေ့ရပါတယ်။ ပဒုံမင်းဟာ တိုင်းပြည် အရေးအရာတွေကို ဆုံးဖြတ်တဲ့အခါမှာ စနည်းနာလေ့ ရှိကြောင်း တွေ့ရပါတယ်။ ဒီနေရာမှာ မပြောမဖြစ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့နာမည်က အယူတော်မင်္ဂလာတဲ့။ ၁၆ ဇွန် ၁၇၆၂ ခုနစ်၊ ဒီပဲယင်းမြို့နယ် ကိုးသန်းတိုက်နယ် အရှမ်းကြခပ်ရွာမှာ မွေးပါတယ်။ အဖ ဦးရွှေညို၊ အမိ ဒေါ်မင်းလှ ဖြစ်ပြီး ငယ်နာမည် မောင်နိုးလို့ ခေါ်တယ်။ ၁၇၈၂ ပဒုံမင်း နန်းတက်တော့ အမှာတော်ရေးအဖြစ် ခန့်အပ်ခံရတယ်။ တဘောင်တွေ အဓိပ္ပာယ်ကောက်တာ တော်တယ်လို့ နာမည်ရလာတော့ ပဒုံမင်းဟာ အယူတော်မင်္ဂလာဘွဲ့ ချီးမြှင့်ပြီး အပါးတော်မှာ ခစားစေတယ်။ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတွေကို သဘောအဓိပ္ပာယ် ကောက်တဲ့နေရာမှာ အယူတော်မင်္ဂလာကို မီတဲ့သူ မရှိပါဘူး။ ကဲ ကျနော်တို့ စနည်းနာလိုက်ကြရအောင်။

မိုးတားစား သတိုးမင်းကြီး မင်းထင်ကျော်သူဟာ လွှတ်တော်တရားသူကြီး ဖြစ်တယ်။ အလွန်အမင်း လာဘ်စားတဲ့အတွက် နာမည်ပျက်ပြီး လူအပေါင်းဟာ အဲဒီတရားသူကြီး နှိပ်စက်သမျှကို ကြောက်ရွံ့ပြီး ခံနေကြရပါတယ်။ ပဒုံမင်းက ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အယူတော်မင်္ဂလာကို စနည်းနာစေတယ်။ အယူတော်မင်္ဂလာ နာခဲ့ရတဲ့ စနည်းက ဒီလိုပါ။ အမေက သမီးကို ဆန်ဝယ်သွားတာ ငွေစကို တစ်မူးလည်းမဟုတ်၊ တစ်မတ်လည်း မဟုတ်လေတော့ တစ်ပြည်ပဲ ရတော့တယ်လို့ ကြိမ်းတယ်။ ဒီလိုသာ ဆက်ပြီးလုပ်ရင် နင့်ကို ပြည်တောင်းမှောက်ပြီး ဆန်ချင်ပေးလိ့မ်မယ်လို့ ပြောပြန်တယ်။ ဒီအခြင်းအရာကို စကားတစ်ဆက်တည်း ပြောရင် မူးမဟုတ် မတ်မဟုတ်လို့ ပြည်မှောက်တယ်လို့ ဆိုလိုပါတယ်။ တရားသူကြီးကို ရာထူးက ဖြုတ်လိုက်ပါတယ်။

၁၃ မတ် ၁၈၁၀ နေ့မှာ တရုတ် ငရွှေကြည် အိမ်က စပြီး မီးကြီးလောင်လိုက်တာ နန်းတော်၊ ရွှေတိုက်နဲ့ တစ်မြို့လုံးနီးပါး လောင်ကျွမ်းသွားတယ် အဲဒီ အချိန်မှာပဲ တရုတ်သံအဖွဲ့ဟာ ဝန်တင်လား ခုနစ်ထောင်နဲ့ ငွေရှစ်သိန်းကိုင်ပြီး ကုန်ဝယ်ဖို့ အမရပူရကို ရောက်လာတယ်။ တစ်ည စစ်ကိုင်းမင်းသားရဲ့ လူတွေက တရုတ်သံအဖွဲ့ကို ဓါးပြဝင်တိုက်တယ်။ တရုတ်က ငွေကို ပြန်ပေးပြီး အပြစ်ရှိသူတွေကို ထိုက်သင့်တဲ့ဒဏ် ပေးဖို့ တောင်းဆိုတယ်။ ပဒုံမင်းက မီးထဲ ရွှေတိုက်ပါသွားလို့ ငွေကလည်း မဆပ်နိုင်၊ မြေးတော် စစ်ကိုင်းမင်းသားကိုလည်း ဒဏ်က မပေးချင် ဖြစ်နေတယ်။ ဒါနဲ့ နှုတ်သွက်လျှာသွက်တဲ့ ဦးပေါ်ဦးကို တရုတ်သံနဲ့ ဝင်တွေ့ပြီး ညှိနှိုင်းစေတယ်။ တရုတ် ငရွှေကြည်ရဲ့ မီးကြောင့် ငွေသိန်းသန်းကုဋေ တန်းဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးရလို့ တရုတ်တွေဆီက ပြန်တောင်းဆိုတယ်။ ဒီလို တန်ပြန်လုပ်တာ အောင်မြင်ပါ့မလား သိချင်လို့ စနည်းနာစေတယ်။ တရုတ်စကား မိဘများ လက်သုပ်လည်း စားကိန်းဖြစ်လာ။ ကျေးသားစစ်ပွဲအောင် ပြည်ထောင်လွမ်းခြင်းအေး ကျင်စွမ်လူ့ပဂေး တဲ့။ မင်းမိဖုရားက ယတြာဖြစ်တဲ့ တရုတ်စကားရွက်ကို လက်သုပ်ပြီး ပွဲတော်တည်လို့ ဦးပေါ်ဦး စကားစစ်နိုင်ပြီး တရုတ်တို့ အသာတကြည် ပြန်သွားရတယ်လို့ အယုံအကြည် ရှိပါတယ်။

နောက် စနည်းတစ်ခုနဲ့ သာသနာရေး အငြင်းအခုံတစ်ခုကို ဖြေရှင်းခဲ့ပါသေးတယ်။ ၁၈ ရာစု နှစ်ဦးကစပြီး သံဃာတော်တွေ မညီမညွတ် ရှိခဲ့ကြတယ်။ အပေါ်ဝတ်ရုံကို အလုံခြုံသင့်၊ ပုခုံးတစ်ဖက် လှပ်သင့်ဆိုတဲ့ ငြင်းခုံပွဲ ဖြစ်ပါတယ်။ ပုခုံးတစ်ဖက်ပဲ ဖုံးအုပ်လိုတဲ့ သံဃာကို အတင် (ဧကံသိက)၊ ပုခုံးနှစ်ဖက်လုံး ဖုံးရင် အရုံ (ပရုပဏ) လို့ လွယ်လွယ် ခေါ်လေ့ရှိတယ်။ ၁၈၁၄ ခုနစ်မှာ အဲဒီ အချေအတင်ပွဲကို ပြီးပြတ်စေဖို့ ပဒုံမင်းဟာ ဆွေးနွေးပွဲကြီး ကျင်းပစေပြီး အပြိုင်အဆိုင် ပြောဆိုစေတယ်။ အတုလဆရာတော် (မောင်ပန်းထွေး) ရဲ့ ဧကံသိကအဆို ရှုံးပါတယ်။ အယူတော် မင်္ဂလာ ရထားတဲ့ စနည်းက
ဦးပြည်းယောက်ျား လဘက်စားသည် တိုင်းကားပြည်ရွာ ဆူလတ္တံ့။
ဦးပြည်းမိုးကြိုး ပစ်ခတ်ချိုးက အရိုးနေလ မှိန်လတ္တံ့။
ဦးပြည်းလူမော် ရေကြောင်းပျော်သည် လှေပေါ်တောင်းမှောက် ဖြစ်လတ္တံ့။
ထိုရောအခါ သာသနာသည် ရောင်ဝါနေသို့ ထွန်းလတ္တံ့။
ဒီစနည်းကို ရှင်ဘုရင်က သဘောကျပြီး စနည်းထဲက ပါတဲ့အတိုင်း အတုလ လူထွက် မောင်ပန်းထွေးကို အဝတ်မပါ ဗလာ လှောင်အိမ်ထဲ ထည့်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း သရက်အထိ မျှောချလိုက်တော့တယ်။

ဒီပုံစံအတိုင်းပဲ အင်္ဂလိပ်တွေ တွဲဖက်ရုံးဆောက်ဖို့ မြေတောင်းတဲ့အခါ အယူတော်မင်္ဂလာရဲ့ စနည်းအတိုင်း တောင်းဆိုချက်ကို ငြင်းဆန်ခဲ့တယ်။ နောက်တစ်ကြိမ် အင်္ဂလိပ်တွေက ပုသိမ်မှာ ကုန်တိုက်ဆောက်ဖို့ မြေတောင်းတော့လည်း စနည်းအတိုင်း ပြေပြေလည်လည် ဆက်ဆံ၊ ငွေပေးပြီး ပြန်လွှတ်လိုက်တယ်။ ၁၈၀၆ ခု နန်းသစ်ဆောက်ဆဲ အဆောင်မိုးမှာ လင်းတနားတော့ အများစုက နိမိတ်မကောင်းဘူးလို့ ယူကြတယ်။ ဒါပေမယ့် အယူတော်မင်္ဂလာရဲ့ အမြင်က တမူထူးနေတယ်။ ဂဏန်းဗေဒင်အရ လင်းတဟာ (၄ + ၇) ၁၁ ဖြစ်လို့ ပဒေသရာဇ် မင်းတစ်ပါးပါးက လက်အောက်ခံလိုပါတယ် ဆိုပြီး သမီးကညာဆက်ဖို့ တစ်ဆယ့်တစ်ရက်အတွင်း ရောက်လာလိမ့်မယ်လို့ ဟောတယ်။ အမှန်တကယ်ပဲ တိုလျားစော်ကဲက သမီးကညာ ဆက်တယ်။ ဆန္ဒြကန္တသိင်္ဃကလည်း သမီးကညာ ဆက်လာတယ်။ လောကီပညာကို အသုံးချတဲ့ နေရာမှာ အသုံးများတာက အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်းဖြစ်ပြီး အရေးပါတဲ့ သမိုင်းဝင် ကိစ္စတွေမှာ စနည်းနာပြီးမှ လုပ်လေ့ရှိတာကို တွေ့ရပါတယ်။ စနည်းရဲ့ သဘောက အချင်းချင်း (တခြားလူ မကြားဘူး အထင်နဲ့) မျက်မြင် ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ကောင်းမကောင်း ရဲရဲ ပြောကြပုံကို ချောင်းနားထောင်ပြီး ဝေဖန်ချက်ကို အရေးယူ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတော့တယ်။

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Saturday, November 29, 2008

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ဆိုင်ဘာ အတိုက်အခံ တယောက်၏ အရှုံး - အပိုင်း(၂)

ဆိုင်ဘာ အတိုက်အခံ တယောက်၏ အရှုံး - အပိုင်း(၂)

ဆောင်းပါးရှင် - ဆရာဂါမဏိ

မာဟာ့အပြောအရ အတက်ကြွဆုံး အခိုင်မာဆုံးလူအများအပြားဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ် တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ ကိုင်ရိုကောလိပ် ဒုတိယနှစ်ကျောင်းသူ အစဏရားမူစတာဖာဟာ အသက် ၁၈ နှစ်ရှိပြီး တခါမှဆန္ဒမပြခဲ့ဘူး၊ လှုပ်ရှားမှုတခုခုမှာ မပါခဲ့ဖူး၊ မဲမပေးခဲ့ဖူးပါဘူး။ သူမဟာ ဖေ့စ်ဘွတ်က် အုပ်စုထဲ စကတည်းကပါခဲ့ပါတယ်။ သူမကို ဧပြီ ၆ ရက်မှာ ရဲကခဏထိန်းသိမ်းခဲ့ပါတယ်။ အဲသလို အဖမ်း ခံရလို့ သူမစိတ်ဓာတ်က ပိုခိုင်မာသွားပါတယ်။ "ကျမလုပ်နေတာ ကျမရဲ့ ဥပဒေနဲ့ညီတဲ့အခွင့်အရေးဖြစ် တယ်ဆိုတာ ကျမ သဘောပေါက်သွားတယ်" လို့ မူစတာဖာက ပြောတယ်။

လှုပ်ရှားသူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲက တချို့ကို သဘောပေါက်ကြ ပါတယ်။ စိန်ခေါ်မှုတခုကတော့ အိဂျစ်ပြည်သူ သန်း ၈၀ မှာ လေးပုံတပုံကျော်ဟာ စာမတတ်ဘဲ လူဦးရေ ရဲ့ ၈ ရာခိုင်နှုန်းဘဲ အင်တာနက်သုံးနိုင်တယ်ဆို ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲအကြောင်း သတင်းပျံ့နှံ့ အောင် ဖေ့စ်ဘွတ်က်အုပ်စုဝင်တွေက နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ကြွေးကြော်သံတွေ လှုံ့ဆော်စာတွေ ရေးဖို့၊ နဖူးစည်းစာတမ်းတွေ အလံတွေ တံခွန်တွေလွှင့်ထူဖို့ အားပေးခဲ့ပါတယ်။ ငွေစက္ကူတွေ၊ အထူးသဖြင့် ဆင်းရဲသားပြည်သူတွေ အသုံးများတဲ့ တန်ဖိုးနိမ့်ငွေစက္ကူတွေပေါ်မှာ ကြွေးကြော်သံတွေရေးတာမျိုး လည်း လုပ်ကြပါတယ်။

မေ ၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မာဟာ၊ မူစတာဖာနဲ့ ဖေ့စ်ဘွတ်က်အုပ်စုဝင် နောက်တယောက်ကို ကိုင်ရိုမြို့လယ်မှာ ပထမတော့ နောက်ယောင်ခံလိုက်ခဲ့ပြီး နောက်ပိုင်းမှာ အတင်းလိုက်ဖမ်းခဲ့ပါတယ်။ မာဟာက ဆိုင်တဆိုင်ထဲဝင် ကိုယ်ရောင်ဖျောက်ပြီး လွတ်သွားပါတယ်။ မူစတာဖာကတော့ ကိုင်ရိုမြေ အောက်ရထား ဘူတာရုံ ထဲဝင်ပြေးပြီး အမျိုးသမီးသီးသန့်တွဲပေါ်တက်ပြေးတဲ့အခါ နောက်ကလိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို တခြားရထားစီး အမျိုးသမီးတွေက ပိတ်ဆို့ကာဆီးပေးလို့ လွတ်သွားပါတယ်။ မာဟာဟာမိမိရဲ့  လေးလသမီးနဲ့ ဇနီးကို နှုတ်ဆက်ပြီး မြေအောက်ပုန်းလျှိုးရပါတော့တယ်။

ကိုင်ရို တက္ကသိုလ်

ဝါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်သူလူထုတွေကို အိမ်ပြင်မထွက်ဘဲနေဖို့ ဖေ့စ်ဘွတ်က်အဖွဲ့က ဆော် သြတာကို ပျက်ရယ်ပြုကြပါတယ်။ ဒါဟာ မလှုပ်မယှက် မတက်မကြွလူမျိုးတမျိုးက ပိုပြီးမလှုပ်မယှက် မ တက်မကြွတဲ့နည်းနဲ့ ဆန္ဒပြတာဖြစ်တယ် လို့ဝေဖန်ပါတယ်။

မေ ၄ ရက်နီးလာတာနဲ့အမျှ အစိုးရဘက်ကလည်း လှုပ်ရှားလာပါတယ်။ မဟာလာချည်မျှင်စက်ရုံအလုပ် သမားတွေကို ဘောနပ်စ် ဆုကြေးတွေပေးတာ၊ အစိုးရ၀န်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးပေးတာ တွေလုပ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် မကျေနပ်မှုတွေကို တစုံတရာလျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဆဲလ်ဖုံးကုမ္ပဏီတွေကို မက်ဆေ့ဂ်ျပို့တာတွေအားလုံး ပိတ်ပင်ဖို့၊ နာမည်မှတ်ပုံမတင်တဲ့ ဖုံးပိုင်ရှင် တွေအတွက် အသံပို့ဆက်သွယ်မှုအားလုံးကို ပိတ်ပင်ဖို့အမိန့်ထုတ်ပါတယ်။ မူဘာရတ်ရုပ်ပုံ ကြော်ငြာဘုတ် ကြီးကို ဖြိုလှဲချနေတဲ့ ဓာတ်ပုံတွေ ဖြန့်ချိထုတ်လွှင့်တဲ့ ရုပ်သံလွှင့်သမားတဦးကိုလည်း တရားစွဲခဲ့ပါတယ်။

မေ ၄ ရက်မနက် အိပ်ရာကနိုးလာတော့ ကိုင်ရိုမြို့သားတွေဟာ အဓိကလူစည်ကားရာနေရာတွေမှာ ကြော် ငြာဘုတ်အသစ်ကြီး တွေ့မြင်ရပါတယ်။ "လူငယ်တွေ အိဂျစ်ပြည်ကို ချစ်ကြသည်။" "တွေးခေါ်တတ်သော ပြည်သူများက ဖန်တီးကြသည်၊ မဖျက်ဆီးကြ။" လို့ ရေးထားပါတယ်။

မေ ၄ ရက် နေ့လည် ၂ နာရီမှာ ကိုင်ရိုမြို့လယ်လမ်းတွေပေါ်မှာ ထုံးစံအတိုင်း ကားတွေပြည့်ညပ်နေပါ တယ်။ လူထုဆန္ဒပြပွဲဖြစ် မယ့်လက္ခဏာတော့ လုံးဝမတွေ့ရပါဘူး။ မာဟာကမြို့ထဲ ကားတစီးနဲ့လှည့်ကြည့် နေရင်း ဇနီးဆီကဖုံးခေါ်တာကို ပြန်ဖြေရပါတယ်။ ဇနီးသည်က သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အင်မတန့်ကို စိုးရိမ် ပူပန်နေပါတယ်။ သူမဟာ ကလေးငယ်ကိုခေါ်ပြီး မိဘတွေအိမ် ပြန်သွားနေခဲ့တယ်လို့ မာဟာကို ပြောပြ တယ်။

အဓိကဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ကိုင်ရိုမြို့ထဲကနေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသင့်နေရာယူ ထားပါတယ်။ အဲဒီမှာ အနက်ရောင်တီရှပ်တွေ ၀တ်ထားတဲ့ လူငယ်လေး - ငါးယောက်က လက်ကမ်းစာ ရွက်တွေ ဝေကြပါတယ်။ အမျိုးသမီးတချို့က ရဲတွေ လုံထိန်း တွေဝိုင်းထားတဲ့ကြားထဲက ကြွေးကြော်သံ တွေအော်ကြတယ်။ လူငယ်အမျိုးသားနှစ်ယောက်က အဲဒီအမျိုးသမီးတွေဆီ သွားပေါင်းဖို့လုပ်တဲ့အခါ ရဲ တွေက တွန်းထုတ် ပစ်လိုက်ပါတယ်။ မြို့တော်တွင်း တခြားနေရာတွေမှာလည်း တချို့ကတော့ ဆန္ဒပြဖို့လှုံ့ ဆော်ထားတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။

ဆင်းရဲသားတွေက လူလတ်တန်းစားတွေထက်ပိုပြီး ဆန္ဒပြပွဲရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်လို့ အင်ဘာ ဘာ ဆင်းရဲသားရပ်ကွက်က အသက် ၂၂ နှစ်အရွယ် ဟစ်ဘာအီမမ်က ပြောပါတယ်။ "အင်တာနက် တက်တဲ့လူတွေက တကယ့်ဒုက္ခကို မခံစားရဘူးရှင့်။ ဆန်ရဖို့ တန်းစီတိုးရတာတွေကို သူတို့မသိဘူး" လို့ သူမကပြောတယ်။ သူမဟာ တနင်္ဂနွေနေ့ခင်းကျမှ အိမ်ပြင်ထွက်လာတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က်အကြောင်း သူမကြားဖူးတယ်။ ဒါပေမဲ့ သူမနေတဲ့ ရပ်ကွက်ကလူအများကတော့ ဖေ့စ်ဘွတ်က်ဆိုတာကို တခါ မှမကြားဖူးပါဘူး။

ညနေစောင်းခါနီးတော့ ဖေ့စ်ဘွတ်က်ဝက်ဘ်ဆိုက် ဆန္ဒပြရေးစာမျက်နှာမှာ မှတ်ပုံတင်ထားသူ ၇၄၀၀၀ မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဘဲ လူစုဝေးပြီးဆန္ဒပြဖို့ စိတ်အား ထက်သန်တာ ကျန်ပါတော့တယ်။ အဲဒီထဲမှာ မာဟာ မပါ ပါဘူး။

မူစတာဖာကို ရဲတွေက ပင်မဆန္ဒပြနယ်မြေက မောင်းထုတ် ခံလိုက်ရပြီးနောက် မာဟာဆီဖုံးဆက်ပါတယ်။ "ငါ ဘာလုပ်ရမလဲ။"

"အိမ်ဘဲပြန်လိုက်ပါ" လို့ မာဟာက ပြောလိုက်တယ်။ ညနေစောင်းတဲ့ အခါမှာတော့ မူစတာဖာငိုနေပါပြီ။ နာကျည်း ခါးသီးစွာနဲ့ သူမ နာမည်ကို ဖေ့စ်ဘွတ်အုပ်စုထဲက ပယ်ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ နာရီ အနည်းငယ် ကြာပြီးနောက်မှာ အုပ်စုထဲပြန်ဝင်ဖို့ မှတ်ပုံတင်ပြန်ပါတယ်။

နောက်တနေ့ဖြစ်တဲ့ မေ ၅ ရက်မှာတော့ အိဂျစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းမက တိုးမြှင့်လိုက်ခြင်းဖြင့် အိဂျစ်ပြည်သူတွေကို အငိုက်မိသွားစေခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မာဟာက သူ့မိသားစုမနေတော့တဲ့အိမ်ကို ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အ သွားမှာ ရဲတွေဖမ်းတာကို ခံလိုက်ရပါတယ်။ ဒီနောက် ရဲတွေနဲ့ လုံထိန်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီ ကနေ ကြာသပတေးနေ့ မနက် ၃ နာရီအထိ သူ့ကိုရိုက်နှက်ပါတယ်၊ ကိုယ်တုံးလုံးချွတ်၊ ကြိုးချည်ပြီး ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲပါတယ်၊ ယောက်ျားချင်း မုဒိမ်းကျင့်မယ်လို့လည်း ခြိမ်းချောက်ခဲ့ပါတယ်။ သူတို့က ဖေ့စ်ဘွတ်က် အုပ်စုထဲဝင်တဲ့ ပါ့စ်ဝါဒ်တွေတောင်းတယ်။ အုပ်စုဝင်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ နာမည်ရင်းတွေ တောင်းတယ်။ တကယ်တော့ ဖေ့စ်ဘွတ်က် အုပ်စုတွေမှာ ပါ့စ်ဝါဒ်မလိုပါဘူး။

မာဟာ ပြန်လွတ်လာတဲ့အခါ ပွန်းပဲ့ရာတွေ အသျှိုးရာတွေ ပါလာတဲ့အပြင် နားတဖက်လည်းလေးသွားပါ တယ်။

"ဒီတခါတော့ မင်းနားရွက်ကို ဆွဲရုံဘဲဆွဲလိုက်တာကွ။ နောက်တခါကျရင်တော့ တကယ်ချမှာ" လို့ လုံထိန်း အရာရှိတယောက်က မာဟာကို ပြောလိုက်ပါသတဲ့။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.