Tuesday, November 25, 2008

[Shwe Gyan's ပြောပါရစေရှင် ...] 1 New Entry: ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံ

ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံ

ဒီနေ့ အသိအိမ်က ဖိတ်လို့ ထမင်းသွားစားတယ်။ တစ်ခါတစ်လေလေး အိမ်ချက် မြန်မာထမင်းဟင်း စားရလို့လားမသိ စားလို့ကောင်းပါဘိခြင်း။ သူတို့ ထမင်းစားပွဲမှာ ထိုင်ထိုင်ချင်း ဒါလေးက ချဉ်ပေါင်ကြော်လား၊ ဒါလေးက ခေါက်ဆွဲကြော်လား လုပ်ရင်းနဲ့ ဒီပန်းကန်ထဲကဟာလေးက ပုံးရည်ကြီးဟင်းလားလို့ မေးမိတော့ အိမ်ရှင်တွေက ရီလိုက်ကြတာ။ မျက်စိက မွဲမွဲနဲ့ ခပ်မည်းမည်း အနှစ်တွေလို တွေ့တော့ မှန်းပြောလိုက်တာ လွဲသွားပါလေရော။ ပုန်းရည်ကြီး မဟုတ်ဘူး brownies တဲ့။ ဖြစ်ရမယ်။ ဒီချက်ပုံက ဆန်းတယ်လို့ ထင်တော့ ထင်သား။ ပုန်းရည်ကြီးဟင်းထဲက ဖြူဖြူ အတုံးလေးတွေက ဘာပါလိမ့်လို့လေ။ brownies ပေါ်က marshmallow အတုံးလေးတွေတဲ့။

ကျွန်မလည်း မလင်းနဲ့ တွဲမိတာ မဆန်းဘူး။ တစ်ခါတစ်လေ လွဲချက်က ကမ်းကုန်တယ်။ တစ်ခေါက်က မဂိုလမ်းထဲမှာ ချစ်တီးထမင်းသွားစားပြီး အပြန် ကွမ်းယာဆိုင်လေးတွေရှေ့က ဖြတ်လျှောက်တော့ အစ်မလုပ်တဲ့လူက အပျော်ကွမ်းယာ ၀ယ်စားကြည့်ရအောင်တဲ့။ ကွမ်းယာဆိုင်တွေကလည်း တန်းကိုစီလို့။ ရေခဲစိမ်ကွမ်းယာဆိုပဲ။ ကွမ်းရွက်လေးတွေ အစီအရီဖြန့်ခင်းထားတာ မစားတတ်တဲ့လူတောင် စားချင်စရာ။ ကွမ်းရွက်ပေါ်မှာ ချထားတဲ့ အဆာပလာတွေ ပေါ်မှာ ဖြူဖြူအတုံးလိုလို အဖတ်လိုလိုလေးတွေ။ အော် ရေခဲစိမ်ကွမ်းယာ ဆိုတော့ စိတ်က ရေခဲဆီရောက်ပြီး ရေခဲတုံးလေးတွေ ထည့်ဝါးတာလားလို့ မေးမိတော့ ကွမ်းယာသည်က အစ်မ အဲဒါ ကျောက်ဖရုံယိုတဲ့။

နောက်တစ်ခါကျတော့ ရန်ကင်းကြေးအိုးမှာ သွားစားကြတုန်းကပေါ့။ စားပွဲထိုးကောင်လေးကို တစ်ယောက် တစ်မျိုး ၀ိုင်းမှာနေကြရင်း ဘေးက ကျွန်မတူလေးက ၀က်သားနဲ့ ကြေးအိုးဆီချက် ဦးဏှောက်မပါလို့ မှာလိုက်တယ်။ ကျွန်မအလှည့်ကျတော့ အားကျမခံ အစ်မအတွက်ကတော့ ကြက်သားနဲ့ ကြေးအိုးဆီချက် ဦးဏှောက်မပါ လို့ အားရပါးရမှာလိုက်တာ စားပွဲထိုးက ကြက်သားနဲ့ဆို ဦးဏှောက်မပါဘူး အစ်မဆိုတော့မှ မှာတာ အရှိန်လွန်သွားမှန်း သိလိုက်ရတယ်။ အဲဒီကတည်းက ကြေးအိုးဆိုင်သွားတိုင်း သတိထားမှာ ဖြစ်တော့တယ်။

နောက်တစ်ခါ စကော့ဈေးမှာ အစ်မတစ်ယောက်နဲ့ ဈေးသွားဝယ်ကြတယ်။ ဗေဒင်တွေအတူ သွားမေးဖူးတဲ့ အစ်မပဲပေါ့။ မြန်မာပြည်ကအပြန်လက်ဆောင်ပေးဖို့ ရွှေချည်ထိုးတွေ သွားဝယ်ကြတာ။ မှီအုံးစွပ်ပေါ်မှာ မြင်းပုံတို့ မင်းသမီးပုံတို့ ကိန္နရီပုံတို့ ရွှေချည်ထိုးထားတာလေးတွေက သယ်ရတာ သိပ်မလေးလွန်းသလို မြန်မာ့ လက်မှုပစ္စည်းအဖြစ် လက်ဆောင်ပေးလို့လည်း ကောင်းတယ် မဟုတ်လား။ အစ်မနဲ့ နှစ်ယောက်သား ပုံမျိုးစုံတွေ ရွေးကြ ဈေးဆစ်ကြလုပ်နေရင်းနဲ့ အပေါ်နားမှာ ချိတ်ထားတဲ့ တစ်ခုကိုတွေ့တော့ ဆိုင်ရှင်ကို ကျွန်မက မေးလိုက်တယ်။ ဒီကြက်ပုံလေးကရော ဘယ်လောက်လဲလို့။ ဆိုင်ရှင်က မျက်နှာထားတင်းသွားပြီး အဲဒါ ဒေါင်းဆို ခပ်ဟောက်ဟောက်ပြောတော့မှာ မှားပြန်ပဟဲ့ဆိုပြီး ခပ်သွက်သွက်ဝယ်ရင်း ထွက်ခဲ့ရတယ်။ ဈေးရုံအပြင်ရောက်တော့ အစ်မက ရယ်ရင်း နင်လုပ်လိုက်ရင်လေ ဒေါင်းတောင် ကြက်ဖြစ်ရရှာတယ်ဆိုပြီး ပြောပါလေရော။ သူတို့ ရွှေချည်ထိုး ဒီဇိုင်းက ဒေါင်းနဲ့မှ မတူတာကိုး လို့။
ဒီပို့စ်ကို ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံဆိုပြီး ခေါင်းစဉ်တပ်လိုက်တာကတော့ လုပ်လိုက်ရင် တလွဲဖြစ်တတ်တာလေးတွေ ပြန်သတိရပြီး ရယ်နေမိလို့ပါ။

You received this email because you are subscribed to the real_time feed for http://shwegyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရှင်ရဲထွတ်] 1 New Entry: စင်္ကာပူ၌ ပွင့်သော ချယ်ရီ 2103

စင်္ကာပူ၌ ပွင့်သော ချယ်ရီ 2103

'' မိုင်ဆွန်ခ '' အားလုံးမင်္ဂလာပါ၊ မနေ့ညက 22th, november; 2008 ! ရက်နေ့၊ စင်္ကာပူနိုင်ငံတို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိ နေကြသော ရှမ်း ညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်ခြင်း အင်အားဖြင့် မကြာခင် ရောက်ရှိ လာတော့မည့် 07th, december; 2008 ! ရက်နေ့ ရှမ်းလူမျိုးစုများ၏ ရှမ်းသက္ကရာဇ် 2103 နှစ်ပြည့် ပွဲတော်အား စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပ ပြီးစီး ခဲ့ပါပြီ၊ ( ပွဲတော်ရက်အား အ ကြောင်း အမျိုးကြောင့် ကြိုတင်၍ ကျင်းပရ ပါ ကြောင်း ) သိရှိရပါသည်။ အ သေးစိတ်အား မပြောကြားလိုတော့ပါ။ ဤပွဲတော်အား စာရေး သူမှ ဧည့်သည်အနေဖြင့်သာ တက်ရောက်ခဲ့ပါသည်။ စာ ရေးသူ အနေဖြင့် ဤပွဲတော်အား ထိုင်ခုံ နံပါတ် J 28 မှ ထိုင်၍ ကြည့်ရှု့ရင်း မြင်ရ ထင်ရ ကြားရ သည်များကို စာဖတ်သူ များအား ပြန်လည် ဝေမျှပေးခြင်း မျှသာ ဖြစ်ပါသည်။

စာရေးသူ ပွဲတော်ကျင်းပသည့် နေရာ ( foochwe building ) တို့ မရှိမဲ့ ရှိမဲ့ အသပြာဖြင့်၊ လားရှိုးသား သူငယ်ချင်း လေးဦး ပေါင်း၍ ငတိုက် (ခ) taxi ဖြင့် အချိန်စော၍ ရောက်ရှိခဲ့ပါသည်။ ရှေးဦးစွာ ဧည့်ကြို ရှမ်းမချောချောလေး၏ '' မိုင် ဆွန်ခ '' နှုတ်ဆက်သံ ချိုချို လေးဖြင့်နားဝင်ပီယံ ဖြစ်ခဲ့ရပါသည်။ စာရေးသူ ငမ်းကြောဆွဲသည့် အကြောင်းတော့ မပြော ပြလိုတော့ပါ အဘယ့်ကြောင့်ဆိုသော် စာရေးသူမှာ အင်မတန် အရှက်အကြောက်ကြီးလှပါသည်။ ( ဤကား စကားချပ် ) ထို့နောက် ရွှေပွဲလာသူ ဧည့်ပရိတ်သတ်များအား ရှမ်းစတိုင် စားစရာ ပါကင်ထုပ်များဖြင့် ဧည့်ခံပါသည်။ စားစရာများမှာ ( ကောက်ညှင်းပေါင်း၊ ငါးပေါင်း၊ နမ့်ဖစ်ထောင်း၊ တိုဟူးကြော်၊ ကြက်အူချောင်း ) စ သည့် စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံသည်မှာ စားလို့ အင်မတန်မှ ကောင်းလွန်းလှပါသည်၊ မည်သူမည်ဝါ ချက်မှန်း မသိ သော် ငြားလည်း အမှတ် ပြည့် ပေးမိပါသည်။ ( ချက်ကြီး မြှောက်မသွားပါနှင့်ဦး )

ဟုတ်ကဲ့... ရွှေပွဲလာ ပရိတ်သတ်များလည်း တဖွဲဖွဲရောက်ရှိလာကြပါလေသည်။ ရှမ်းလူမျိုးများ သာမက စင်္ကာပူရောက် မြန်မာလူမျိုး တော်တော်များများ လာရောက်အားပေး ကြတာကိုလည်း မြင်တွေ့ရပါသည်။ ရှေးဦးစွာ ရွှေပွဲလာ ပရိတ် သတ်များအား နှုတ်ခွန်းဆက် မင်္ဂလာစကား အားပြောကြား၍ ရောက်ရှိလာမည့် ရှမ်းသက္ကရာဇ် 2103 မှသည် ကမ္ဘာ တည် သရွေ့ တည်ပါစေသော် ဆိုသည့်အညီ တောင်းဆု မေတ္တာ ပို့သ၍ ဤရှမ်းနှစ်သစ်ကူး ပွဲတော်အား စတင်၍ ဖွင့်လှစ် ကြောင်း ကြေငြာသံ ဆုံးသည်နှင့် တပြိုင်နက် လက်ခုပ်သံ များသည် ခန်းမကြီး တစ်ခုလုံး ပေါက်ကွဲလုခမှန်း ဟိန်း ဟိန်း နှင့် ထွက်ပေါ်လာသည်မှာ စာရေးသူ အနေနှင့် ကြက်သီးများပင် ထမိလေ သည်။

ပထမဆုံး အစီအစဉ်မှာ ရှမ်းမောင်နှမများ၏ စုပေါင်းနှစ်ကူး မင်္ဂလာသီချင်းဖြင့် ဖျော်ဖြေ၍ အိုးစည်ဗုံမောင်း မြိုင်ဆိုင်စွာနှင့် ဓါးသိုင်းအက ကို တင်ဆက်သွားသည်မှာ အင်မတန်မှ ရှု့စားရသည်မှာ ကောင်းလွန်းလှပါသည်။ ပြီးနောက် အထူး ဧည့် သည် အဖြင့်ဖိတ်ခေါ်ထားသောကွယ်လွန်သူ ( စိုင်းထီးဆိုင် ) ၏ ညီငယ် စိုင်းအောင်ထီးခမ်း မှ အစ်ကို ဖြစ်သူ၏ သီချင်း များကိုသာ ဦးစားပေး၍ ဖျော်ဖြေ တင်ဆက်သွား သည်ကို နားဆင်ရပါသည်၊ ပရိတ်သတ် လက်ခုပ်သံမှာ အားရလွန်း လှ ပါဘိ။( အားပေးနေကြသော ရှမ်းမလေးများမှာလည်း ချောလှပါဘိ ဤကား စကားချပ်။ )

စိုင်းအောင်ထီးခမ်း သီဆိုဖျော်ဖြေမှု အပြီးတွင် ကိုကို ကာလသား ပရိတ်သတ်တို့မှာ မျက်လုံးကြီးတွေ ပြူးလို့ သရေတွေ ကျကာ အားပေး လိုက်ကြသည်မှာ အချိုးအဆစ်ကျသော ခန္ဓာ၊ လှပသော အသားအရေ၊ ရဲတင်းသော ၀တ်စား ဆင် ယင် မှု၊ သွက်လက်သော ကဟန်ဖြင့် '' ဒါလေးများ '' ပိုင်ရှင် တင့်တင့်ထွန်း၏ သီဆိုဖျော်ဖြေမှုမှာ အားရဖွယ်ကောင်းလေစွ၊ ကောင်းလေစွ၊ ( ဓါတ်ပုံနှင့် ဗီဒီယို ဖိုင်ရှိသည်၊ မပေးပါ ) စိုင်းအောင်ထီးခမ်းမှ စကားပြောနည်းသည်က တစ်ကြောင်း ဤ ပွဲကို မတင့် တော်တော်လေး ထိန်း၍ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်။

ရှမ်းမမများ ကသွားသည့် မိုင်းယန်းအကမှာလည်း လက်ခုပ်သံ တော်တော်ညံ သွားပါသည်။ ပြီးနောက် (ဆစ်ဆောင် ပန်း နား ) အကမှာ ပရိတ်သတ် ကင်မရာမီးများ လျှပ်စီးများလို တဖျက်ဖျက်နှင့် အားပေးမှု တော်တော်ရလိုက်ပါသည်။ (လှလည်း တော်တော် လှကြပါသည် ) မတွေ့ရ မမြင်ရ မကြည့်ရတာ ကြာပြီဖြစ်သော တိုးနယား အကမှာလည်းစာရေးသူ ငယ်စဉ်ဘ၀ကို ပြန်လည် အမှတ်ရစေခဲ့ပါသည်။ ( ကခဲ့ဖူးပါသည် )

ထပ်မံပြီး စိုင်းထီးဆိုင်ရဲ့ သီချင်းများကိုသာ အဓိက သီဆိုသွားသော၊ စိုင်းအောင်ထီးခမ်း၏ သီဆိုဖျော်ဖြေမှုမှာလည်းပရိတ် သတ်များ အမိမြေကို လွမ်းကြမည်မှာ မလွဲနိုင်ပါ။ မတင့်၏ ဒုတိယ အကျော့ ဖျော်ဖြေမှုမှာ ဂျင်းဖစ်နှင့် ချက်ပေါ်ဘလောက် ၀တ်စုံ ၀တ်ထားသော စတိုင်နှင့် အကနောက်သို့ ကိုကို ကာလသားများ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။( စာရေးသူ မပါပါ၊ ကြည့်ရုံသာ ကြည့် သည် )


နောက်အစီအစဉ်တွင် မတင့် ရှမ်းမလေး ၀တ်စုံဖြင့် စင်ပေါ်တက်လာသည်မှာ အင်မတန်လှပါသည်၊ စာသားမရသောရှမ်း ပဲ ပုတ်လေး သီချင်းကို ရှမ်းမမတွေနှင့် ကပြ ဖျော်ဖြေသွားသည်မှာလည်း ဘ၀င်ခိုက်စရာပင်၊ ဤသီချင်း အဆုံးတွင်စာရေး သူ နေချင်သေးသော် ငြားလည်း နာရီမှ ခွင့်မပြုတော့၍ အိမ်အပြန်လမ်းသို့ စံမြန်းလို့တာ ခြေလှမ်းလိုက်ရတယ်။

စာရေးသူ ဤရှမ်းပွဲသို့ တက်ရောက်ကြည့်ရှု့ခွင့် ရလို့ စင်္ကာပူမှ ရှမ်းတိုင်းရင်းသား/သူ များအားလုံးနှင့် တကွပါဝင် ကူညီ သော မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ စာရေးသူ အကြိုက်ရဆုံးသော အစီအစဉ်များကို ဖော်ပြ လို ပါသည်။

(၁) မိုင်းယန်းအက
(၂) စိုင်းအောင်ထီးခမ်း၏ '' အမေ့ အေးရိပ် သားပြန်ခဲ့ပြီ၊ ပျောက်ဆုံးနေသော နိဗ္ဗန်ဘုံ ''
(၃) မတင့်၏ အစီအစဉ်များ အားလုံး သီချင်းမပါ အကများသာ
(၄) ဆစ်ဆောင်ပန်းနား
အခြား အစီအစဉ်များလည်း ကောင်းပါသည်။

နောင်နောင်သော နှစ်များတွင်လည်း ဤကဲ့သို့ ဤထက်သို့ ဆထက်ကောင်းမွန်သော အစီအစဉ်များ ဖန်တီးနိုင်ပါစေ၊ live show အခွေများလည်း မကြာသော အချိန်တွင် ရှမ်းတောင်တန်း ( ပင်နီဆူလာ ) ဆိုင်တွင် ၀ယ်ယူ အားပေးနိုင်ပါကြောင်း၊ အားလုံးပဲ မိုင်ဆွန်ခပါ

မှတ်ချက်... ရှမ်းမလေးများ တော်တော်ချောပါသည်။ ခင်လို မင်လိုသော ကိုကို ကာလသားများ စာရေးသူထံ အပူကပ်နိုင်ပါသည်။ ( ဤကား စကားချပ် ဖုန်းဆက်လိုက်ပါ )။

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 1 New Entry: ဤခရီး ကြမ်းသတဲ့လား

ဤခရီး ကြမ်းသတဲ့လား



မခင်ဦးမေက ရေးပေးပါလို့ပြောထားတာကြာခဲ့ပါပြီ။ TAG မဟုတ်ဘူးဆိုတာရယ် သိပ်မလောတာကြောင့်ရယ် ပေါက်တတ်ကရတွေရေးထားသမျှ စာဖတ်တဲ့သူတွေ မျက်စိညောင်းအောင်ဖတ်နေရမှာစိုးတာရယ် အဓိက ကိုယ်တိုင်က အပျင်းထူတာရယ် စသော ရယ်ပေါင်းများစွာနဲ့ ဒီစာကိုမရေးဖြစ်ခဲ့ဘူး။ အခုတော့……..

ကျနော့ရဲ့ မွေးရပ်ဇာတိ မုံရွာမြို့ကနေ ဖေတာဝန်ကျတဲ့ မန်းသံပုရာကန်ရေနံချက်စက်ရုံလေးကို ပထမဆုံးလာတဲ့ ခရီးစဉ်လေးပါ။ သုံးနှစ်သားကလေးတစ်ယောက်ရဲ့ မှတ်ဥာဏ်ထဲမှာ ၀ိုးတိုးဝါးတား။ မုံရွာကနေ မန္တလေးကိုတော့ ထုံးစံအတိုင်း ချင်းတွင်းသားကားလေးနဲ့ပါ။ ကျနော်ကတော့ ပေါင်ပေါ်မှာပဲထိုင်ရလို့ ဘ၀င်မကျခဲ့ဘူး။ တစ်နေရာစာအတွက် ဘယ်လောက်ကျသင့်တယ်ဆိုတာ သိမှမသိတတ်သေးတာ။ မန္တလေးရောက်တော့ ဦးလေးဝယ်ပေးထားတဲ့ စေတနာရှင်ဟီးနိုးကားကြီးတွေနဲ့။ လမ်းခရီးအကြောင်းကို တောင်ကညိုပြိုတော့မယ်ဆိုတဲ့ ပို့စ်လေးထဲမှာ အနဲအကျဉ်းရေးထားပါတယ်။

မပါသေးတဲ့ တခြားအကြောင်းအရာတွေကတော့ မိန်းမသားတို့ဘ၀မလုံခြုံမှုတစ်ခုပါ။ ကလေးလေးတစ်ဖက်မို့လဲဖြစ်နိုင်ပါသေးတယ်။ ခရီးရှည်မို့ ဒီတစ်ခါတော့ ကျနော်ထိုင်ခုံတစ်ခုရလိုက်ပါတယ်။ ဒါပေမယ့် လမ်းမှောင်လာတဲ့အချိန်မှာတော့ အခွင့်အရေးယူတတ်တဲ့ နောက်ခုံကလူတစ်ယောက်ရဲ့ ခြေသရမ်းမှုပါပဲ။ အဲဒီရန်ကို မေက ရေကျက်အေးထည့်လာတဲ့ ပုလင်းနဲ့ အားရပါးရ ထုထည့်လိုက်တာပါပဲ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ သကောင့်သားခမျာ အော်တောင်မအော်နိုင်ရှာပါဘူး။ ရေနံချောင်းအဆင်းမှာတော့ ကိုယ်တော်ခမျာ ယောင်နေတဲ့ခြေထောက်တစ်ဖက်နဲ့ ထော့နင်းထော့နင်းဖြစ်သွားရှာပါတယ်။ တက္ကသိုလ်လှေလှော်အသင်းဝင်တစ်ယောက်ရဲ့ လက်ဆဆိုတော့ အင်းတော်တော်လေး အီသွားပါလိမ့်မယ်။ နောက်တစ်ခါ မဆော့ဖြစ်အောင် နောင်ကြဉ်သွားရင် သိပ်ကောင်းမှာပါပဲ။

ဒေါင်းသေချောင်းကြောင့် ခရီးစဉ်နောက်ကျခဲ့ရပါတယ်။ မကွေးကိုရောက်တော့ ဆယ်နာရီကောင်ကို မမှီတော့ပါ။ ဆယ်နာရီကောင်ဆိုတာ မကွေးကနေ ဆယ်နာရီဝန်းကျင်မှာ ထွက်တဲ့ နှစ်ထပ်သင်္ဘောကို ခေါ်တာပါ။ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသမှာ မျက်စိသူငယ်နားသူငယ်နဲ့ မေးရင်းစမ်းရင်း မင်းလှမော်တော်ဆိပ်ကိုရောက်ခဲ့ပါတယ်။ မော်တော်အသေးလေးမှာ လူတင်ကုန်တင်နဲ့ ထွက်ချိန်နောက်ကျသလို မြစ်ရိုးတစ်လျှောက်လည်း ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းလွန်းထိုးတော့တာကိုး။ မင်းလှကိုရောက်တော့ မိုးစုံးစုံးချုပ်ခဲ့ပြီ။ နာမည်ကျော်မင်းလှခံတပ်ကြီးရှိတဲ့မြို့ပေါ့။ ကားဆိုလို့မူးလို့ ရှူစရာတောင်မရှိတော့။ မော်တော်ပေါ်ပါလာတဲ့ ခရီးသွားအချင်းချင်းမိတ်ဖွဲ့ပြီး လမ်းတူတဲ့သူတွေက လမ်းလျှောက်ကြမယ်ဆိုတော့လည်း သားအမိနှစ်ယောက် ချန်မနေခဲ့ရဲ။ ပေတေပြီးလျှောက်နေမိပေမယ့် ခရီးစဉ်တစ်လျောက်လုံး မောပန်းနွမ်းနယ်နေခဲ့ပြီ။ လျှောက်ရမယ့် ခရီးက သုံးမိုင်ကျော်ကျော်။

တက်ဂလောက်ဆိုတဲ့ မြင်းလှည်းသံအကြားမှာ မျက်လုံးတွေလည်း ၀င်းလာခဲ့တယ်။ မြင်းလှည်းက သံပုရာကန်မှာသိမ်းမှာဆိုတော့ တောင်းသလောက်ပေးပြီး စီးခဲ့ကြတာပေါ့။ ဆိုးပေ့ဆိုတဲ့လမ်းမျိုးက ဒါမျိုးလားမသိ။ မြေပဲယိုကိုတုပပြီး ခင်းထားသလား အောက်မေ့ရတယ်။ မရှိမဲ့ ရှိမဲ့ ကတ္တရာ အထက်မှာ ဟိုတစ်ဖက်ထောင် ဒီတစ်ဖက်ထ လမ်းခင်းကျောက်တုံးတွေက ဒုနဲ့ဒေး။ တောင်ကုန်းအမြင့်တစ်ခုအတက်မှာတော့ စီးလာတဲ့မြင်းက ဗွေဖောက်ပါလေရော။ ခိုင်းတဲ့အတိုင်းမသွားတော့ပဲ ကဆုန်ပေါက်လိုက် ဟိုဘက်ယိမ်းလိုက် ဒီဘက်တိုးလိုက်ဖြစ်နေတော့တာ။ တလိုက်ရတဲ့ ဘုရားကလည်း မြန်မာပြည်ရှိသမျှတန်ခိုးကြီးဘုရား ကုန်ပါလေရော။

တစ်နေကုန်ပင်ပန်းရတဲ့ အထဲ ဒီလောက်မြင့်တဲ့ တောင်ကုန်းကို တက်ခိုင်းအုံးဟယ်ဆိုပြီး စိတ်တိုဟန်ရှိပါတယ်။ ခရီးသည်တွေ ခဏဆင်းပြီး မြင်းလှည်းဆရာက သူ့မြင်းကို သူချော့ရှာပါတယ်။တော်ပါသေးတယ် သူအမောပြေသဘောကောင်းပြီဆိုမှ ခရီးသည်တွေ တိတ်တိတ်လေးခိုးတတ်ရပါတယ်။

လမ်းလေးခွဆုံကိုရောက်တော့ ဆယ်နာရီကျော်နေခဲ့ပြီ။ လမ်းဘယ်ညာအစုံမှာ တိုက်ခန်းပုံစံတူတွေ တန်းစီလို့။ ဒါ ၄၀၀စကေးပဲကလေးမဆိုပြီး မြင်းလှည်းဆရာက ထားခဲ့ပါတယ်။ ဘယ်အိမ်မှန်းမသိပေမယ့် အညာအရပ်မို့ တစ်ယောက်တစ်လက်ဆိုတော့ ဖေ့ဆီကိုတော့ ရောက်ဖြစ်သွားတယ်။ နှစ်ခန်းတွဲအိမ်လေးတစ်လုံးမှ စနေရတဲ့ ဘ၀လေးပေါ့။ ဈေးဆိုတာ မရှိ။ အသားငါးဆိုတာမရှိ။ အသားစားချင်ရင် ဟိုးရွာထဲက ကြက်အရှင်ကိုဝယ်လာ ကိုယ်တိုင်သတ်စားမှသာ စားရမယ့် နေရာမျိုးပါ။ လမ်းပန်းဆက်သွယ်ရေး သွားရေးလာရေး ခက်ခဲမှုကတော့ ပြိုင်စံမမှီ။ ခုချိန်ထိ ဖုန်းလိုင်းကအဆင်မပြေသေး။

ဘာပဲဖြစ်ဖြစ် ခြောက်သယောင်းနေတဲ့ ထနောင်းပင်တွေကြားထဲမှာ အမြဲမပြတ်လည်ပတ်နေတဲ့ စက်ရုံကြီးနဲ့အတူအနှစ်နှစ်ဆယ်ကျော်သည်အထိ မခွဲမခွာနေရဖို့ ဒီခရီးစဉ် အစပြုခဲ့တာဆိုတော့ "ဤခရီး ကြမ်းသတဲ့လား" ပေါ့……

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မေမိုးမခ] 1 New Entry: ဇာဂနာရဲ့ ပျက်လုံး

ဇာဂနာရဲ့ ပျက်လုံး

ဇာဂနာရဲ့ ပျက်လုံး


တခါက ကုလသမဂ္ဂကို နိုင်ငံတကာက လူ့စွမ်းအားအရင်းအမြစ်တိုးတက်မှုနဲ့ ပတ်သက်လို့ ပြောကြရာမှာ... အမေရိကန်က စပြောပါတယ်.. အမေရိကန်နိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်ဘယ်လောက်အထိ တိုးတက်သလဲဆိုရင် လက်နှစ်ဖက်မရှိတဲ့လူက အတ္တလန္တိတ်သမုဒ္ဒရာကြီး ကို ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းအထိ ဖြတ်ကူးနိုင်တယ်လို့ ပြောပါတယ်။ ရုရှားကလဲ ပြောပြန်ပါတယ်.. ခင်ဗျားတို့ဆီမှာက ဘာဟုတ်သေး။ ကျွန်တော်တို့ ရုရှမှာဆို.. ခြေထောက်နှစ်ဖက်မရှိတဲ့လူက အေဝရတ်(ပ်) တောင်ထိပ်အထိ တက်နိုင်လို့ ကြွားပြီးပြောပြန်ပါတဲ့။ အဲဒီတော့ တခြားနိုင်ငံတွေလဲ ဘာပြန်ပြောရမှန်း မသိလောက်အောင်ကို ဖြစ်သွားကြသတဲ့။ ဒါပေမယ့် မြန်မာနိုင်ငံက ထပြီးပြောလိုက်တော့ အားလုံးက ပိုပြီးအံအားသင့် တွေဝေသွားကြသတဲ့။ မြန်မာနိုင်ငံက ခေါင်းဆောင်ကြီး ပြောလိုက်တာကတော့ ခင်ဗျားတို့ လက်တွေ၊ ခြေတွေ လောက်က မပြောပလောက်ပါဘူး။ ကျွန်တော်တို့ နိုင်ငံကို ခေါင်းမရှိဘဲ အုပ်ချုပ်လာတာ အနှစ်၂၀ ကျော်သွားပါပြီတဲ့။

You received this email because you are subscribed to the real_time feed for http://thepalaungpeople.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်] 1 New Entry: သူရဇ္ဇ မှာ ယူတတ်ကြပါ

သူရဇ္ဇ မှာ ယူတတ်ကြပါ

ဗေဒင်ပညာဟာမှန်ဖို့ လည်း လိုသလို မမှန်ဖို့ လည်း လိုတယ်




ဆရာရေ . . . မင်္ဂလာပါ . . နေကောင်းရဲ့ လား . .

ကောင်းပါ့သမီးရေ . .ပြော .. ဘာ အကူအညီပေးရမတုန်း . .

ဟုတ်ကဲ့ ဆရာ . . သမီး ဂရင်းကဒ်လျှောက်ထားတာ ၆လကျော်နေပြီ ။ ကုမ္ပဏီက လျှောက်ပေးတာ ။ ခုထိ ဘာသတင်းမှ မကြားရသေးလို့  . . အဲဒါ . . ဘယ်တော့လောက် ရမလဲ သိချင်လို့ . . .

သြော်သမီးရယ် . .လျှောက်ထားရင်တော့ ရမှာပေါ့ သမီးရဲ့ . . ဒါများ ဗေဒင် မေးစရာလား ။ တရားမ၀င်လျှောက်မှသာ စိုးရိမ်ရမှာလေ ။

ဆရာကလည်း . . သမီးက သိချင်လို့ ပါဆိုနေမှ . . ဈေးကိုင်နေပြန်ပြီ ။

အဲ . . . ဖြစ်ရပြန်ပြီ ။ ဈေးကိုင်စရာလားကွဲ့  . . မကုန်သင့်တာ မကုန်အောင် လို့ ပြောတာပေါ့ ။ သမီးစိတ်တိုင်းကျ ဖြစ်စေရမယ် . . ကဲ ပြော . .နာမည် . .

သမီး နာမည်က အင်္ဂါနဲ့ စတယ် ။ စနေနဲ့ ဆုံးတယ် ဆရာရဲ့  . ။ ၀တ်ထားတာက မီးခိုးရောင် နဲ့  အပြာရောင် ။ (အမည်အား နံတူဖြင့်သာ စဉ်းစားကြပါရန်)

ဒီလို သမီးရဲ့  . . အခု သမီးမေးတဲ့အချိန်က တနင်္ဂနွေနေ့ ည ၇း၀၇ မိနစ် . . . ဆိုတော့ကာ . . ဆရာတို့ ပညာမှာတော့ အဲဒီအချိန်ဟာ သူရဇ္ဖ လို့ ခေါ်တဲ့ တနင်္ဂနွေ အခါ ပေါ့ကွယ် ။ဆရာတို့  လက်ဆန်းပညာမှာ နံတော်စဉ်ကိန်းဆိုတာ ရှိတယ် သမီးရဲ့  ။ ဘာတိုင်မှလည်း ထူစရာမလိုဘဲ လက်တန်းပြောနိုင်တာပေါ့ကွယ်။ အဲ . လက်တန်း ဟောပြောနိုင်တယ် ဆိုပြီး လွယ်တယ်လို့  မထင်လိုက်နဲ့ သမီးရဲ့  ။ ဗုဒ္ဓ၀င် ကို ထဲထဲဝင်ဝင် လေ့လာထားမှ ဟောပြောနိုင်တာပေါ့ကွယ် ။ ဆရာကတော့ သေချာတောင်မလေ့လာရသေးဘူး သမီးရဲ့  . . အသက်ကလည်းကြီး . . မှတ်ဥာဏ်ကလည်း လျော့လာတော့ ဖတ်ပြီးမေ့ . . ဖတ်ရင်းနဲ့ အိပ်ပျော်ပေါ့ သမီးရယ် . .

ဟီးဟီး . .ဆရာကလည်း .. နောက်နေပြန်ပြီ . .

သမီးပျင်းနေမှာစိုးလို့  ဟာသလေး ညှပ်ပြောရတာပေါ့ကွယ် . . အဲ.. ခုနက သူရဇ္ဇ လို့ ခေါ်တဲ့ တနင်္ဂနွေအခါ ကို ပြန်ဆက်ရရင် . . တနင်္ဂနွေအခါဟာ . . ဘုရားရှင်ရဲ့ ဓာတ်တော် မွေတော်တွေ လေ ..ခွဲဝေကြတဲ့ အခါပေါ့ကွယ် . . အဲသလို ခွဲဝေတဲ့ အခါမှာ ဒေါနပုဏ္ဏား လားမသိပါဘူး သမီးရယ် .. ဆရာလည်း နာမည်မေ့နေလို့  . .စနေအမည်လို့ ပဲ မှတ်လိုက်တော့ကွယ် .. အဲဒီ စနေအမည်နဲ့ ပုဏ္ဏားက ဓာတ်တော်တွေကို သူ့ ဖို့ ပါ ခိုးယူထားသတဲ့ . .

ဒါကြောင့် .. သမီး လျှောက်ထားတဲ့ Green Card အခြေအနေကို ပြောရရင်တော့ Information ပြန့် ကျဲနေလို့  . . Data တွေ မစုစည်း နိုင်သေးလို့ ကြန့် ကြာနေတယ်လို့  ဆိုနိုင်သပေါ့ကွယ် . . သမီးကို လျှောက်ပေးတဲ့သူဟာ စနေအမည်နဲ့ ဆိုရင် ပိုကြာမှာပေါ့ သမီး။


ဘယ်တော့လောက် ရနိုင်မလဲဆရာ . . .

ဆရာ့ဆရာကြီးစတိုင်လ်ဖမ်းပြီး ပြောရရင် .. အင်း . .ခက်တယ် .. သမီးရယ်.. ယတြာလုပ်ရမယ်ပေါ့ .. . .ဟဲဟဲ.. ဒါပေမဲ့ သမီးသိတဲ့အတိုင်းပဲလေ. . .ပညာကို လေးစားလို့  အကြံအဥာဏ် လာတောင်းခံရင် ဆရာကလည်း အားကြီးကူညီချင်တာ . . . လွယ်ကူမဲ့ဟာတွေကိုလည်း အမြဲစဉ်းစားပြီး ပြောပြနေတာ သမီးလည်း အသိပဲလေ . . .

ဟုတ်ကဲ့ဆရာ . . . ဆရာ့စေတနာကို သမီးနားလည်ပါတယ် . .အဲဒါကြောင့် ဆရာ့ဆီမှာ အကြံဥာဏ်လာတောင်းတာပေါ့ ဆရာကလည်း..

ဟဲဟဲ . . . ကိုယ့်ဆီလာတဲ့ ကမ်စတမ်မာကို စိတ်ချမ်းသာစေဖို့  ဆရာ့မှာတာဝန်ရှိတာပေါ့ သမီးရယ် ။ အဲဒါကြောင့် ဗေဒင်ပညာဟာမှန်ဖို့ လည်း လိုသလို မမှန်ဖို့ လည်း လိုတယ် သမီးရဲ့  . . .

ဟင် . .ဆရာကလည်း . . မမှန်မှတော့ ဘာလုပ်ဖို့ ဟောနေတော့မှာလဲ . . .

သြော်သမီးရယ် . . . သမီးပဲ စဉ်းစားကြည့် . . ဆရာတို့ က အတိုင်ပင်ခံ ဆရာတွေလေ . . . ပျောက်စေဆရာ . . အကြားအမြင်ဆရာမှ မဟုတ်တာ သမီး . . . စီးပွားရေး ပညာရှင်တစ်ယောက်ဆီကို စီးပွားရေး လုပ်ချင်တဲ့ လူတစ်ယောက်က လာပြီး အကြံဥာဏ်တောင်းခံသလိုပေါ့ . . . ပညာရှင်ကတော့ ဒီလထဲမှာ ကုန်ဈေးနှုံးတွေ စာရင်းဇယားအရ တက်နိုင်ချေရှိတယ် . . . ဒီ ကုန်တွေကို လှောင်သင့်တယ်လို့  Historical figures တွေအရ အကြံဥာဏ်ပေးတာပေါ့ .. စီးပွားရေးလုပ်ချင်တဲ့သူကလည်း အဲဒီကုန်တွေလှောင်ပေါ့ . . . ဈေးတက်တက် ဈေးကျကျ . . ကျန်တာက စီးပွားရေး လုပ်ချင်တဲ့သူရဲ့ ကံဥာဏ်ဝီရိယ နဲ့ ပဲ ဆိုင်တော့တယ် . . အကြံပေးယုံပေါ့ကွယ် .. .

ဆိုပါစို့ သမီးရယ် . . . အမေ့အတွက် ကျန်းမာရေး ကိစ္စလာမေးတဲ့ သူတစ်ယောက်ကို တွက်ချက်ကြည့်လိုက်လို့ အနိစ္စ ကို မြင်နေလို့  အခေါင်းသာပြင်ထားပေတော့လို့  ပြောလို့ မရဘူး သမီးရဲ့  . . . တစ်ဖက်သူ စိတ်ဓာတ်ကျသွားမယ် . . . ပူဆွေးဝမ်းနည်းမှုတွေ ပိုများလာမှာပေါ့ ...ဆရာလုပ်တဲ့သူကလည်း (၇) ရက်သားသမီးတွေအပေါ် စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေတာလေ . . . ပူဆွေးဝမ်းနည်းမှုတွေကို လျော့ပါးသွားအောင် တတ်နိုင်တဲ့ဖက်က ဖြည့်ဆည်းပေးရမှာပေါ့ . . ဒါမှ consultant ပီသတော့မပေါ့ သမီးရယ်၊ ပညာထဲမှာမြင်တဲ့အတိုင်း ဒဲ့ ပြောလိုက်ရင် ဒီဆရာဟာ သမားဂုဏ်နဲ့ ဘယ်ညီတော့မလဲ . . . ပညာဂွင်ထဲကလည်း လွတ်မထွက်အောင် . . . တစ်ဖက်သူလည်း လက်ခံနိုင်အောင် ပြောပေးရတာပေါ့ .. . . ဥပမာ တစ်လအတွင်း တော့ ဘာမှ မဖြစ်နိုင်ဘူးဟေ့  . . ၂ ပတ်အတွင်းတော့ အခြေအနေ မဆိုးနိုင်သေးဘူးဟေ့ လို့ ပြောပေးလိုက်ရင် လာမေးတဲ့သူလည်းစိတ်သက်သာရာရတာပေါ့ . .

ဟုတ်ကဲ့ဆရာ . . ဆရာနဲ့ တွေ့ မှပဲ ဗေဒင်ဟာ မှန်ဖို့ လည်း လိုသလို မမှန်ဖို့ လည်း လိုတယ်လို့  ကြားဖူးတော့တယ် . . .

အင်း . . . မမှန်ဖို့ လည်း လိုတယ်ဆိုတာ မှားတယ်လို့ မဆိုလိုဘူးနော် . . အဲဒါလည်း သတိထားအုံး . . . မှန်တော့မမှန်ဘူး . . ဒါပေမဲ့လည်း မမှားဘူး .. အဲသလိုမျိုးပေါ့ . . ဟဲဟဲ .
ခုနက သမီးလေး မေးတာလေးကို ပြန်ဆက်ရအောင် . . သမီးက ဘယ်တော့လောက်ရမလဲ သိချင်သေးတယ်မဟုတ်လား . . . ဒါဆိုရင် သူရဇ္ဖတိုင်ကို ကြည့်ကြရအောင် သမီးရယ် . . . သူရဇ္ဖတိုင်မှာ သမီးက အင်္ဂါဆိုတော့ .. . .

၅ အပြာ (တိုင်ထိပ်)
၂
၆
---
၁
--
၎
ဝ စနေ (အခိုက်)
၃ တိုင်ခြေ (အင်္ဂါအမည်) - မီးခိုးရောင်


အင်္ဂါဆိုတော့ သမီးက တိုင်ခြေမှာ ရောက်နေတာပေါ့ကွယ် . . . တိုင်ခြေ မြေလူး တဲ့ . . . ဆရာလည်း ပြောသာပြောရတာ . . .အဲဒီမြေလူးဆိုတာကို နားမလည်ဘူးသမီး . . ကြားဖူးလို့  သာ ရွတ်ကြည့်လိုက်တာ. . . သမီးဝတ်ထားတာက မီးခိုးရောင် နဲ့ အပြာ ဆိုတော့ တိုင်ဇောက်ထိုး ဖြစ်နေတယ် ။ သမီးက Green Card ကိုမေးတော့ Green Card ဆိုတာ နေထိုင်မှုနဲ့ ဆိုင်တာပေါ့ကွယ် . . အဲဒါကြောင့် ဆရာကတော့ အဋ္ဌလဂ်ကို နည်းနည်း ပြန်ကြည့်မယ်နော် သမီး . . အဋ္ဌလဂ်မှာ . . အင်္ဂါရဲ့  နေထိုင်မှုနဲ့ ဆိုင်တာ ဆိုရင် နာဂရ နဲ့  ဋ္ဌာနပေါ့ကွယ် . ။ အင်္ဂါရဲ့ နာဂရ ဟာ စနေ ပေါ့သမီး ။ဋ္ဌာနကတော့ တနင်္ဂနွေ။ စနေကလည်း တိုင်မှာ အခိုက် ၊ တနင်္ဂနွေကလည်း တိုင်မှာ အလယ်ချာ ဆိုတော့ တစ်ခုမှ မကောင်းဘူး သမီး၊ ဒါပေမဲ့ တိုင်ဇောက်ထိုး ဖြစ်နေတဲ့ သမီး အမည်နဲ့ အရောင် ကြောင့် အလယ်ကတ္တား ၁ က အစွမ်းတော့ ပြမှာပဲ ။

ဒါကြောင့် Green Card အတွက် ပြန်စာရမဲ့ ရက်ကို ခန့် မှန်းပေးရရင်တော့ ၁ လ (သို့ ) ၆ ပတ်အတွင်း သတင်းကြားရမယ် သမီးရဲ့  ။ ယတြာပြုချင်သပ ဆိုရင် နာနတ်သီး စွန့်  ကြဲပေးရမယ် သမီး ။

အမလေး ဆရာရယ် . . . သမီးကို ဗေဒင်ဟောပါဆိုပါမှ ဗေဒင်တွေ သင်နေတာလား ။ သမီးလည်း နားထောင်ရတာ ဘာတွေမှန်းကို မသိတော့ဘူး ။ ဆရာပြောတာအရဆို ရင် ၁ လ (သို့ ) ၆ ပတ်အတွင်းမှာ သတင်းကြားရမယ်ပေါ့ ။

ဟုတ်ပါ့ သမီးရေ . . . အတိအကျပဲ . . . စိတ်အေးအေးသာ ထားပေရော့  . .

ကျေးဇူးတင်ပါတယ်ဆရာရေ့  . . . သမီးကို ခွင့်ပြုပါအုံး . . .

ဂွတ်လပ်ခ် သမီးရေ . . .


You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Eye's Blog] 1 New Entry: Me and Gtalk

Me and Gtalk

ကျွန်တော်နဲ့ ဂျီတော့ခ်

ကျွန်တော်နဲ့ ဂျီတော့ခ်၊ ဂျီတော့ခ်နဲ့ ကျွန်တော်နဲ့ကတော့ ပြဿနာပဲဗျာ။ တကယ်က ဂျီတော့ခ်ဆိုတာ အရမ်းအသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခုပါ။ သူ့မှာ အပြစ်ပြောစရာ မရှိပါဘူး။ သူက သူ့အလုပ်ကိုပဲသူလုပ်ပါတယ်။ သူ့အလုပ်သူ မလုပ်တာက လူတွေပေါ့ဗျာ။ သူ့အလုပ်သူ မလုပ်ပဲ ဘာတွေလုပ်လဲဆိုတော့ သူများ ဘာလုပ်နေလဲ လိုက်ပြီးမေးကြတယ်ဗျာ။

ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုရင်တော့ နားလည်ကြပြီးသားပါ။ တကယ်က မိတ်ဆွေအပေါင်းအသင်းဆိုတာမှာ ပြောမနာ ဆိုမနာဆိုတဲ့ အဆင့်ရောက်ရင် ဘာပြောပြော၊ ဘာဆိုဆို ရတယ်လေ။ နှုတ်ဆက်တာတောင်မှ ဆဲလိုက်မှ တကယ်အားရတယ်ဆိုတဲ့ လူမျိုးတွေလည်း ရှိတယ်မဟုတ်လား။ ဒါပေမယ့် အဲဒါမျိုး သူငယ်ချင်းက အများကြီး မရှိဘူးလေ။ လူတိုင်းကလည်း အဲဒီလောက် ခင်တဲ့ သူငယ်ချင်းတွေ မဟုတ်ကြပါဘူး။ ပြီးတော့ နောက်တစ်ချက်က တကယ်ခင်တဲ့သူတွေဆိုရင် ဘယ်ကောင် ဘာမကြိုက်ဘူးလဲ မေးစရာ မလိုဘူး။ သိတယ်။ မကြိုက်တာကို တမင် စချင် နောက်ချင်မှသာ ပြောမယ်။ ပုံမှန်ဆိုရင်တော့ သူမကြိုက်တာ ကိုယ်မကြိုက်တာ အပြန်အလှန် ရှောင်ကြတယ်။ ဒါကြောင့်မို့လို့လည်း ရေရှည်ခင်ကြတာပေါ့။ ပြောမနာ ဆိုမနာ ခင်ကြတာပေါ့။ ကျွန်တော့်ရဲ့ ဂျီတော့ခ်ပေါ်မှာ ရှိတဲ့ အပေါင်းအသင်းတော်တော်များများကတော့ ဒီလို စိတ်မျိုး ရှိကြတဲ့သူတွေများပါတယ်။

ဒါပေမယ့်ပေါ့ဗျာ..။

ကျွန်တော့်ကို မီးစိမ်းသည်ဖြစ်စေ၊ မီးနီသည်ဖြစ်စေ ဘာလုပ်နေလဲ၊ မအိပ်သေးဘူးလား၊ အမြဲတမ်း မီးနီနေပါလား၊ မီးစိမ်းဆိုတော့ မေးလိုက်ဦးမယ် ဆိုတာမျိုးတွေ ခဏ ခဏ လာလာမေးကြတယ်ဗျာ။ ကျွန်တော့်မှာ ဖြေရ တော်တော်ကျပ်ပါတယ်။ ကျွန်တော် အွန်လိုင်းတက်ပြီး ဘာလုပ်နေလဲ သိချင်သူများကို တစ်ခါတည်း ပြောပါရစေ။ ကျွန်တော် အွန်လိုင်းတက်ရင် Browser ၅ မျိုးလောက် ဖွင့်ထားပါတယ်။ IE, Firefox, Flock, Sea Monkey, Chrome တို့ကတော့ ကျွန်တော် အမြဲ ဖွင့်နေကြ Browser တွေပါ။ (တခါတလေ Safari, Avant, Opera တို့ပါ ဖွင့်ပါတယ်) ဖွင့်ထားတဲ့ Browser တိုင်းမှာ Tab ပေါင်း အနည်းဆုံး အခု ၂၀ ကနေ အခု ၄၀ လောက်ထိ ဖွင့်ထားပါတယ်။ Browser တစ်ခုတည်းဖွင့်ရင် အရမ်းလေးလို့ပါ။ ဘာတွေ ဖွင့်ထားလည်း ဆိုရင်တော့ Email, Blogs, Download Sites, Technology Sites, Forums ဒါတွေကို အဓိက ဖွင့်ပါတယ်။ ဘလော့ဂ်ဆိုရင် မြန်မာ နည်းပညာဘလော့ဂ်ချည်းပဲ အများကြီးပါ။ ဒါတွေမှာ ကိုယ်မသိတာ မတတ်တာတွေ လိုက်လေ့လာရပါတယ်။ နောက်ဆုံးပေါ် Virus တွေကို ဘယ်လိုရှင်းတယ်၊ ဘယ်ဆော့ဝဲလေးက ဘယ်လို အသုံးဝင်တယ် စသည်ဖြင့် မှတ်ရသားရတာတွေ မနည်းပါဘူး။ မြန်မာဘလော့ဂ်ချည်းပဲ ဖတ်ရင်တောင် တစ်နေကုန် ဖတ်လို့ မကုန်နိုင်ပါဘူး။ Download Site တွေမှာ အလုပ်နဲ့ ပတ်သတ်တာတွေ၊ ဝါသနာပါလို့ လေ့လာချင်တဲ့ ဆော့ဝဲတွေ၊ Ebooks တွေ၊ Tutorials တွေ လိုက်ပြီး Download လုပ်ရပါတယ်။ နည်းပညာနဲ့ ပတ်သတ်တဲ့ ဆိုက်တွေဆိုတာ မနည်းပါဘူး။ ကောင်းနိုးရာရာ အသစ်အဆန်းနဲ့ Update တွေ လိုက်ကြည့်ရပါတယ်။ ဖိုရမ်ဆိုရင်လည်း မြန်မာဖိုရမ်တွေကိုပဲ ဖတ်လို့ အလျင်မမီပါဘူး။ ဝင်ရေးဖို့ဆိုတာ တော်တော် အချိန်ယူရပါတယ်။ အင်္ဂလိပ်လိုရေးတဲ့ ဖိုရမ်တွေမှာလည်း တတ်နိုင်သလောက် လိုက်ပြီး လေ့လာပါတယ်။

အဲဒီတော့ ကျွန်တော့်ကို ဘာလုပ်နေလဲလို့ မေးရင် ကျွန်တော် ဘာပြန်ဖြေရမလဲ။ ဒီထဲမှာတစ်ပိုင်းတစ်စ ရေးခဲ့ဘူးသလိုပဲ။ ကျွန်တော့်မှာ အလုပ်မရှိဘူး၊ အဲ.. အချိန်လည်း မရှိဘူးဗျ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ အလုပ်ဆိုတာ ဝန်ထမ်းအလုပ်လိုမျိုး ပုံမှန်အချိန်နဲ့ တာဝန်ကန့်သတ်ထားတဲ့ အလုပ်မျိုးကို ပြောတာပါ။ ကျွန်တော့်မှာ အဲဒါမျိုး အလုပ်မရှိဘူး။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် အချိန်နဲ့ တာဝန် ကန့်သတ်မထားတဲ့ အလုပ်တွေ ကျွန်တော့်မှာ အများကြီးရှိပါတယ်။

အရင်တုန်းက မီးနီနေရင် Busy ဆိုလို့ မီးလေးကို အမြဲ နီထားပါတယ်။ ဒါလည်း မရဘူး။ ဒါနဲ့ မီးကိုစိမ်းပြီး ပြောနိုင်တဲ့ အချိန်မှ ပြန်ပြောတယ်။ ဒီလိုလည်း အပြောခံမလွတ်ဘူး။ ဒါနဲ့ မီးကို ဝါထားလိုက်တယ်ဗျာ။ ဒါလည်း လာပြီး ပြောကြတာပဲ။ ဂျီတော့ခ်ဆိုတာ သူများတွေအတွက်တော့ ဘယ်လို အသုံးဝင်တယ် မသိဘူး။ ကျွန်တော့်အတွက် အများကြီး အသုံးဝင်ပါတယ်။ ကျွန်တော့်မှာ ဆက်သွယ်စရာ ဟန်းဖုန်းမရှိဘူး။ အိမ်ဖုန်းလည်း မရှိဘူး။ အဲဒီတော့ ကျွန်တော်က အများကို ဆက်သွယ်ဖို့၊ အများက ကျွန်တော့်ကို ဆက်သွယ်ဖို့ ဒီဂျီတော့ခ်ပဲ ရှိတယ်။ အဲဒါလေးကို ဖွင့်ထားတယ်ဆိုတာက နေကောင်းလား၊ စားပြီးပလား၊ ဘာလုပ်နေလဲ မေးဖို့ ထားတာ မဟုတ်ပါဘူး။ ကိစ္စရှိလား။ တနေကုန် ထိုင်ပြောပါမယ်။ ကိစ္စမရှိဘူးလား။ ကိုယ့်အလုပ်လေးကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ပါရစေ။ ခင်ဗျားလည်း အခြားသော လုပ်စရာရှိတာကို လုပ်ပါလားဗျာ။ ကျွန်တော် ခင်ဗျားကို ဂျီတော့ခ်မှာ ကောင်းကောင်းမွန်မွန် ဖျော်ဖြေတတ်မယ်လို့ မထင်ဘူး။

ကျွန်တော် တခါတလေ ဂျီတော့ခ်ထဲက သူငယ်ချင်းတွေကို လိုက်ပြီး စလိုက်နောက်လိုက် Custom Message အမျိုးမျိုးနဲ့ ဘရုတ်ကျတတ်ပါတယ်။ ဒါက ဘယ်လို အချိန်မျိုးလဲဆိုရင် တကယ်ကို အားယားနေတဲ့အချိန်၊ ဒါမှမဟုတ် ဘာ Site မှ မတက်လောက်အောင် ကွန်နက်ရှင်ဆိုးနေတဲ့အချိန်မျိုး၊ တစ်ဘက်လူလည်း ကိုယ်စလို့ နောက်လို့ ပျော်မယ်ထင်တဲ့အချိန်မျိုးမှာပါ။ အဓိက ကိုသူတော်တို့၊ မမယ်လိုဒီမောင်တို့၊ မပင့်ဂိုးတို့ကို စပါတယ်။ သူတို့ရဲ့ မတ်စိတွေကို လိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်လိုက်၊ မခံချင်အောင် စလိုက် လုပ်ပါတယ်။ စိတ်ဝင်စားစရာ စကားလက်ဆုံ ကျစရာ ရှိရင်လည်း ပြောပါတယ်။ အဲ.. ဘာမှ မဟုတ်တဲ့ ခုနပြောသလို ASL Please တို့၊ ဘာလုပ်နေလဲတို့တော့ ဘယ်သူ့ကိုမှ သွားမလုပ်ဖူးဘူး။ သိပ်ခင်တဲ့သူတွေကိုတောင် အခြေအနေလေး နည်းနည်းကြည့်ပြီးမှ မပြောမဖြစ်တဲ့ ကိစ္စမျိုးမှ ပြောပါတယ်။ ဂျီတော့ခ်ဟာ ကျွန်တော့်အတွက် ဆက်သွယ်ရေးအဓိကပါ။ ဒါလေးနဲ့ ဆက်သွယ်နေရတာပါ။ ဒါပေမယ့် ဒီအထဲမှာ အချိန်ကုန်နေရတာမျိုး မဟုတ်ပါဘူး။

ဂျီတော့ခ်မှ တဆင့် သိခဲ့၊ တတ်ခဲ့ရတာတွေ၊ ဝမ်းနည်းခဲ့၊ ဝမ်းသာခဲ့ရတာတွေ၊ ခင်မင်ခဲ့ မုန်းတီးခဲ့ရတာတွေ အများကြီးပါဗျာ။ ကြုံတုန်းပြောပါရစေ။ အွန်လိုင်းမှာ စကားပြောရတာ အပြင်မှာလို မျက်နှာကြီး ကြည့်ပြောတာ မဟုတ်တဲ့ အတွက် နားလည်မှုလွဲစရာတွေ အများကြီး ကြုံရတတ်ပါတယ်။ ဒါမျိုးက ဂျီတော့ခ်မှာသာမက ဖိုရမ်မှာဖြစ်စေ၊ ဘလော့ဂ်မှာဖြစ်စေ ကြုံရတာမျိုးပါ။ အွန်လိုင်းစကားမှတဆင့် မမြင်ဖူး မသိဖူးဘဲနဲ့ ရန်ဖြစ်ကုန်ကြတာတွေ နားလည်မှုလွဲကုန်ကြတာတွေ အများကြီးပါ။ မိတ်ဆွေတို့..။ အပြင်မှာ မျက်နှာချင်းဆိုင် စကားပြောတာတောင် စကားအပြောမတတ်ရင် မတတ်သလို၊ မျက်နှာထိမျက်နှာထား မထားတတ်ရင် မထားတတ်သလို အချင်းများတတ်သေးတာပဲဗျာ။ အွန်လိုင်းမှာ စကား ပြောရရင် တစ်ဘက်သားရဲ့ စိတ်အခြေအနေကို မသိပဲနဲ့ ပြောမိရင် ရန်ဖြစ်ဖို့ အရမ်းလွယ်တာပေါ့။

အဲဒီတော့ ကိုယ်အားတိုင်း တစ်ဖက်လူ အားရဲ့လား၊ ကိုယ်ပျော်ရွှင်နေချိန်မှာရော တစ်ဘက်လူ ပျော်နေရဲ့လား နည်းနည်းလေး စဉ်းစားပြီးမှ ပြောကြဆိုကြရင် ဘယ်လောက်ကောင်းမလဲဗျာ။ ဒီစာကို ရေးဖို့ ချိန်နေတာ ကြာပြီ။ အပြင်မှာ သူငယ်ချင်းများနဲ့တော့ စကားစပ်ရင် စပ်သလို ပြောဖြစ်ပါတယ်။ တော်ကြာ ဘလော့ဂ်မှာတင်လိုက်ရင် ငါတို့က ခင်လို့ ပြောတာကို သူက ကြီးကြီးကျယ်ကျယ်နဲ့ဆိုတာတွေ လာမယ်လေ။ မတတ်နိုင်ဘူးဗျာ။ ဒီနေ့မှ ဘာလို့ ရေးဖြစ်သလဲဆိုတာလေးကိုတော့ ပြောပါရစေ။

ဒီနေ့ ကျွန်တော့်မိန်းမရော ကလေးရောက နေမကောင်းဘူးဗျ။ ကျွန်တော့်မှာလည်း လုပ်စရာတွေက တပုံကြီး၊ အကြွေးရှင်ကို အကြွေးဆပ်ဖို့အရေး ပြေးလွှားလှုပ်ရှားနေရတာကတစ်မျိုး။ မိန်းမနဲ့ ကလေးကိုတောင် မပြုစုနိုင်ဘူး။ လူခွဲကလည်း ရှိတာမဟုတ်ဘူး။ အဲဒီအချိန်မှာ အကြွေးရှင်ဆိုတာကလည်း သူရစရာ ရှိတာ ဂျီတော့ခ်မှာ တောင်းမှာပဲ။ သူ့ကို ရှောင်ပြေးသလို ဖြစ်မှာစိုးလို့ အခြေအနေလေး ပြောနိုင်ရင် ပြောရအောင် ဂျီတော့ခ်လေး ဖွင့်ထားတာပေါ့ဗျာ။ ဒါကိုပဲ ဟေ့လူ ဘာလုပ်နေလဲဗျတို့၊ အိပ်သေးဘူးလားတို့ လာမေးတဲ့အချိန်မှာ စိတ်ထဲမှာ မခံစားနိုင်အောင်ဖြစ်လာလို့ ဒီစာ ထွက်လာတာပဲဗျာ။ မသက်ဆိုင်သူများ ခွင့်လွှတ်ကြပါကုန်..။

You received this email because you are subscribed to the real_time feed for http://myatlone.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 8 New Entries: ဒုက္ခသည် စခန်းက လာတဲ့ စာ

ဒုက္ခသည် စခန်းက လာတဲ့ စာ

- အောင်ပန်-

ငါအခု အုန်းဖန် ဒုက္ခသည်စခန်း ကိုရောက်တာ တပါတ်ပြည့်သွားပြီ။ စခန်းကို မရောက်ခင် အဆိုးဆုံး ရဲဂိတ် မှာပိုက်ဆံပေး အပြီးမှာ ကိုဖိုးကျော်နဲ့ဖုန်းအဆက်သွယ်ရတယ်။ အဲဒီရဲဂိတ်ကျော်ရင် ဖုန်းအဆက် အသွယ်မရတော့ဘူး။ အုန်းဖန်ဒုက္ခသည် စခန်းကိုရောက် တော့လည်းအထဲကိုဝင်ဖို့အတွက် ထိုင်းလုံခြုံရေးကိုပိုက်ဆံပေးပြီးဝင်ရတယ်။ သူငယ်ချင်းရဲ့ မိန်းမက လာကြိုပေးတယ်။ ရောက်ရောက်ခြင်းဘဲ Thai-burma border community ကရိက္ခာပေးဖို့ ရောက်နေပြီဆိုတော့ တောင်အောက်ပြန်ဆင်း လူအုပ်ကြီးနဲ့ တန်းဆီစောင့်လိုက်တာညနေ ၅နာရီထိဘဲ။

နိုင်ငံခြားသားနဲ့ကားပေါ်မတက်ခင်ကလေး စကား၂ခွန်းပြောလိုက်ရတယ်။ နောက်နေ့မှ စီစဉ်ပေးမယ် ဆိုတာလေးနဲ့ ဘဲတောင် ပေါ်ပြန်တက်ခဲ့ရတယ်။ တည်းခိုအိမ်ရောက် ထမင်းစားပြီး အိပ်ရာဝင်ခဲ့ပေမယ် အိပ်လို့မရ ပြန်ဘူး။ အရမ်းကိုအေးတယ်။ တဲအိမ်လေးတွေဆိုတော့ လေက၀င်၊ အတူလာသူတွေကစောင်အ ပြည့်အစုံမပါတော့ မျှခြုံရတာပေါ့။ နောက်ရက်မနက်လင်းလင်းခြင်းဘဲ ရိက္ခာဂိုဒေါင်ဆီ သွားရတယ်။ ရိက္ခာဂိုဒေါင်ရှေ့မှာတော့လူအုပ်ကြီးက စောင့်နေကြပြီ။ ရှေ့ဆုံးရောက်အောင် တဖြည်းဖြည်းတိုးရင်း ရှေ့ဆုံးအရောက်မှာတော့ နိုင်ငံခြားသားလည်းတိုးပြီးဝင်လာနေပြီ။ ဒုက္ခသည်တွေကို နိုင်ငံခြားသား က သူအစီအစဉ်ကိုရှင်းပြရမှာ ငါက၀င်ပြီး ဘာသာပြန်ပေးလိုက်ရတာက အခွင့်အရေးဖြစ်သွားတယ်။

(အဲဒီနိုင်ငံခြားသားက ငါနဲ့ မဲဆောက်မှာတွေ့ခဲ့ဘူးတယ်၊ မဲဆောက်မှာတော့ ဘာမှလုပ်မပေးနိုင်ဘူး။ ဒုက္ခသည်စခန်းမှာဆိုရင်တော့ ရိက္ခာစီစဉ်ပေးမယ်လို့ပြောခဲ့ဘူးတယ်။) ဘာသာပြန်အပြီးမှာနိုင်ငံခြား သားကစောင့်နေပါ UN slip holder ကိုစီစဉ်ပေးမယ်ဆိုတော့ စောင့်နေရတာ ညနေပြီးသည်အထိငါ တို့ အလှည့်မရောက်သေးဘူး။ ငါတို့နေတဲ့ရပ်ကွက်မှာ က လူဦးရေ ၁၅၀၀ မှာ ၃၉၀ဘဲရိက္ခာပေးနိုင် တာဆိုတော့ နိုင်ငံခြားသားစီးတဲ့ ကားကို ၀ိုင်းထားကြတာပေါ့။ငါဘဲဘာသာပြန်ပေးရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ကငွေယူပြီး ရက်ပိုင်းအတွင်းရောက်သူတချို့က ရိက္ခာအတွက်ဓါတ်ပုံရိုက်ရတယ်။ TBBC ရိက္ခာပေးအစီအစဉ်က ၂၀၀၆၊ ၂၀၀၇ အတွင်းရောက်တဲ့သူတွေ အတွက်လို့ ကြေညာပေမယ့် ငွေပေးနိုင်သူ တွေက ၂၀၀၈ နောက်ပိုင်းရောက်ပေမယ့် ရိက္ခာရမယ့်စာရင်းထဲပါတော့မကျေနပ်ကြတာ ပေါ့။ နောက်တရက် မနက်လည်းရိက္ခာဂိုဒေါင်ရှေ့မှာလူအုပ်ကြီးကရော့မသွားဘဲပိုပြီးတိုးလာတယ်။ သိပ်မကြာပါဘူး ဆန္ဒပြသလိုဖြစ်လာခဲ့တယ်။ နိုင်ငံခြားသားကလည်းဆန္ဒပြခိုင်းတယ် စခန်းအုပ်ချုပ် ရေးကော်မတီ ရောက်လာပြီးထိမ်းမှ ဘဲငြိမ်သွားခဲ့တယ်။ နေ့လည်စာစားပြီးချိန်မှငါ တို့ UN slip တွေအလှည့် ရောက်တော့တယ်။ ငါလည်း ၂၀၀၈ ဇန္နာဝါရီကစပြီးရိက္ခာရမယ်။ရမယ့်ရိက္ခာကတော့ ဆန် ၈ ကီလို၊စားဆီ ၁လီတာ၊ပဲ၁ကီလိုခွဲ၊ မီးသွေး ၅ကီလိုရမယ်။ ဘတ်ငွေ၄၀၀ဖိုးပေါ့။ စခန်းကိုရောက်ရောက်ချင်းဘဲ တကယ့်ဒုက္ခသည်ဘ၀ကိုသိလိုက်ရတာဘဲ။၂ ရက်လုံးလုံး တနေကုန်မတ်တပ်ရပ်နေကြတဲ့ လူပေါင်းတထောင်ကျော်ဟာ တကယ့်ကိုစားစရာအတွက်လေးကို ဘဲရဖို့မျော်လင့်ချင်းတွေနဲ့ စောင့်နေကြသလို၊ ဒုက္ခသည်စခန်းကိုလေယာဉ်နဲ့လာကြသူတွေကတော့ ရိက္ခာအတွက်မဟုတ်ကြဘဲ
ဒုက္ခသည်စာရင်းဝင်ဖို့အတွက်တယောက်ကို ဘတ်၇၀၀၀ ပေးပြီးစာရင်း ၀င်အောင်လုပ်ကြတယ်။ ငါတော့ငွေမကုန်ဘဲ ဒုက္ခသည်ရိက္ခာစာရင်းဝင်သွားပြီ။ အဲဒီညကတော့ ငါတို့နေတဲ့ရပ်ကွက်မှာ ဘယ်သူမှ အိပ်မရကြဘူး။ တကယ့်ကိုရိက္ခာလိုအပ်သူတွေက ၂၀၀၆၊၂၀၀၇ မှာရောက်ပါလျှက် မရကြတော့ ဆူကြတော့တာပေါ့။ မနက်မှာလူစု၊လက်မှတ်ထိုးပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးဖြုတ်ချရေးလှုပ်ရှားကြတယ်။ အရှိန်တက်နေတုန်းမှာဘဲ ယူအင်အိပ်စီအာကစာရင်းလာကောက်ရော ငြိမ်သွားတယ်လေ။ ငါကတော့ စခန်းအနှံ့လျောက်သွားတယ်။ ဒုက္ခသည်စခန်းမှာ ၁၀ပေ၊၁၅ပေ အခန်းကျဉ်းလေးဈေးနှုန်းက ဒေါ်လာ၂၀၀ အနည်းဆုံးရှိတယ်။ ၄ယောက်လောက်ဖြန့်အိပ်လို့ရတယ်လေ။ ဒီလိုလျှောက်သွားရင်း တွေ့ရတာတွေကတော့အစုံပါဘဲ။ အံသြစရာကောင်းတာကတော့ ဗိုလ်ချုပ်ဈေးမှာ ကျောက်ရောင်းတဲ့ အမျိုးသမီးတယောက်ကို တွေ့လိုက်ရတာဘဲ။ အိမ်အလည် ခေါ်လို့လိုက်သွားတော့ အိမ်ကြီးအိမ်ကောင်းနဲ့ရပ်ကွက်ကို အင်ဂျင်စက်နဲ့မီးပေးတာ၊ဗီစီဒီခွေဆိုင် ဖွင့်တာ စတဲ့စီးပွားရေးတွေလုပ်ရင်း အမေရိကန်သွားဖို့ ၂၀၀ရ ကတည်းကစောင့်နေတယ် ဒုက္ခသည်။ နေ့လည်တည်းတဲ့အိမ်ရှေ့မှာ နေ့လည်စာစားပြီး နေပူစာလှုံနေတုန်း စားစရာမရှိ လို့ အနွေးထည်လိုက်ရောင်းနေတဲ့ ဒုက္ခသည်။ တယ်လီဖုန်းဆက်ဖို့ ပုဂ္ဂလိကဖုန်းရုံလေးထဲရောက် တော့ တတိယနိုင်ငံရောက် ဆွေမျိုးသားချင်းများဆီကိုငွေမှာနေတဲ့ ဒုက္ခသည်။ ကရင်ရွ့ာထဲရောက်တော့ စစ်ပြေးဒုက္ခသည် ပေါင်းများစွာတွေ့လိုက်ရပြီ။ ရာသီဥတုကတော့ဒီရက်ပိုင်း အတွင်း အရမ်းဆိုးတယ်။ နှစ်ရက်ဆက်တိုက် နှင်းမိုးတွေရွာနေတယ်။ ရေချိုးဖို့တောင်မလွယ်ဘူး။ ဒီအပြင် အံသြစရာတိုက်ဆိုင်မှုကတော့ တန်ဆောင်မုန်းလပြည့်ညပါဘဲ။ လွန်ခဲ့တဲ့ ၁၉ နှစ်က ငါအိန္ဒိယဘက်ကို တောခိုတုန်းက မဟာမြိုင်တောထဲမှာ ညအိပ်ခဲ့ရတာကိုပြန်သတိရလိုက်ပြီး တိုက်ဆိုင်ဆိုင်မှုကိုစဉ်းစားပြီး တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ ငါနေတဲ့ ရပ်ကွက်က စခန်းကအခေါ် ၁၆ရပ်ကွက်၊ယူအင်ရပ်ကွက်၊ NGO တွေသတ်မှတ်ပြီးခေါ်တာက Zone A/Section 8 ပေါ့။ မြန်မာအများစုနေတဲ့ရက်ကွက်ပေမယ့် လူမျိုးစုံတော့ရှိတယ်။ကချင်၊ချင်း၊မွန်၊ဂေါ်ရခါး(Nepalse) အစုံစုံပါဘဲ။လက်ရှိလူဦးရေစာရင်းကတော့ ၁၄၀၀ရှိတယ်။ တစခန်းလုံးရဲ့လူဦးရေကတော့၃၅၀၀၀ လောက်ရှိလိမ့်မယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ ငါတို့နေတဲ့ရပ်ကွက်ကတော့ ပြသနာစုံဖြစ်နေတဲ့၇ပ် ကွက်ပဲ။ တနေ့တမျိုးမရိုးရအောင်ပါဘဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရိက္ခာအတွက်ဓါတ်ပုံရိုက်တာမရိုက်လိုက်ရသူတွေကလည်း မကျေမနပ်ဖြစ်ပြီး ဒုရပ်ကွက်လုံခြုံရေးမှုး ၀ိုင်းလက်မှတ်ထိုးဖြုတ်ချသည်အထိဖြစ်သွားခဲ့တယ်။ အဲဒီလူကငွေပေးတဲ့ လူတော့ပါအောင်ထည့်ပေးလို့။ နောက်ဆက်တွဲဂယက်ကတော့ တကယ်ကို ကြီးကြီးမားမားပါဘဲ။ မြန်မာပြည်ထဲကလူငယ် ၃ ယောက်ကို တယောက် သိန်း၆၀ စီနဲ့အမေရိကကို ၆လလောက်အတွင်း ထွက်ရမယ်ဆိုပြီး အခကြေးငွေယူနေတဲ့လူမှောင်ဂိုဏ်းအမှုပေါ်လာခဲ့တယ်။ ငွေပေးပြီးဝင်တဲ့သူတွေက စခန်းအုပ်ချုပ်ေ၇းကော်မတီ၊ ယူအင်ကိုတိုင်လိုက်တော့ လူမှောင်ခိုဂိုဏ်း ပေါ်လာတယ်။ အဲဒီလူကနေ ဆင့်ပါဝင်ပါတ်သက် သူတွေတတမ်းကြီး ဖြစ်သွားတယ်။ အဲဒီလူရဲ့ နောက်မှုကတော့ သူမှာမယားကြီး နဲ့ကလေးရှိတယ်။လွန်ခဲ့တဲ့၂လလောက်က ကောင်မိန်းလေးတယောက်ကို အမေရိကသွားရမယ်ဆို ပြီး သိမ်းပိုက်လိုက်တဲ့အမှုပါ ဆက်ပေါ်လာခဲ့တယ်။ ကာယမိန်းကလေးက ဖြားယောင်းသွေး ဆောင်မှုနဲ့တရားစွဲ၊ ပတာက သူငွေယူပြီးသွင်း လာခဲ့တဲ့ သူတွေကိုသေနတ်တု(ကစားစရာ)ပြ ပြီး ခြိမ်းခြောက်မှုရောပေါ့။ အဲဒီအတွက်ကြောင့် လမ်းခရီးသွားလာရေး ကတော့ အတော်ကိုကြပ်သွား ပြီ။ ဘန်ကောက်၊စက`်ပူ၊ဂျပန်ကနေ ဒုက္ခသည်စခန်းထဲဝင်ကြပြီး အမေရိကားထွက်ရေးကြိုးပမ်းကြ တာတွေကလည်းရှိသေးတယ်။ လူမှောင်ခိုကူးတွေရဲ့လူမဆန်ပုံကတော့ ပြောပြရင်ယုံနိုင်စရာမရှိ ဘူး။ စခန်းထဲရောက် လူစာရင်းသွင်းပြီးရင်ဘာဆိုဘာမှဆောင်ရွက်ပေခြင်းမရှိတော့ဘူး။ စင်္ကာပူကနေUSD 1500နဲ့ အမေရိကားကို ၂လအတွင်း ထွက်ရမယ်ဆိုပြီး ရောက်လာခဲ့တဲ့ လင်မယားဆို ၂နှစ်ရှိသွားပြီ။ နောက်ဆုံးစားဝတ်နေရေးအတွက် တောထဲမှာဝါးခုတ်၊ သစ်ထမ်း အလုပ်ကြမ်းလုပ် ပြီးစားဝတ်နေရေး ဖြေရှင်းနေရတယ်။

ဝါးခုတ်၊သစ်ခုတ်အလုပ်ကအသက်စွန့်ပြီးလုပ်ရတာလေ။ထိုင်းသစ်တောအဖွဲ့နဲ့တွေ့လို့ကတော့ထောင်ကျမလား၊ထွက်ပြေးလို့အပြစ်ခံရမလားတခုခုတော့အသေ အချာဘဲ။ ငါရောက်ပြီးတပါတ်လောက်မှာဘဲ သေနတ်သံတွေကြားရတော့ ဘာဖြစ်တာလဲအိမ်ရှင်ကို မေးကြည့်တော့ သစ်ဝါးခိုးခုတ် သူတွေကို ထိုင်းသစ်တောကလိုက်ပစ်တာတဲ့။အဲဒီအခြေအနေဆိုးတွေ ရင်ဆိုင်ပြီး နေ့စဉ်ဘာထူးလဲ ဆိုတဲ့သတင်းကိုနားစွန့်ရင်း ဒုက္ခသည်စခန်းကထွက်ခွာခွင့်နေ့ကိုမျော် လင့်နေကြရတယ်။ ကောလဟာလသတင်းတွေကလည်း နေ့စဉ်ကြားနေရတယ်။ ဒုက္ခသည်စခန်းမှာ မွေးပြီး ကြီးပြင်းလာကြတယ့် ကလေးတွေ ကစားကြတာကိုစိတ်ဝင်စားကြည့် မိတော့ အမေရိက၊သြ စတြေလျ၊ကနေဒါ၊ နော်ဝေး သွားတမ်းကစားကြတယ်လေ။ ကလေးတယောက်ကဘယ်လိုကစားသလဲ ဆိုရင် အမေရိကန် ရီဂျက်စ် ဖြစ်လို့ သြစတြေလျ သွားတော့ယ်တဲလေ။ သူကြားနေရတာတွေနဲ့ ကစားကြတာလေ။

ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသော ထိုင်း ဒီမိုကရေစီ












ထိုင်းအစိုးရကို ကန့်ကွက်သူတွေနှင့်ထောက်ခံသူတွေ အပြိုင်အဆိုင်ဆန္ဒပြနေကြစဉ်

မြန်မာပြည်မှာဆိုရင်တော့ ၆၅ နှစ်ဘဲ ဗျို့


-ကို-

အစိုးရကိုဖြုတ်ချပစ်ဖို့ တောင်းဆိုဆန့်ကျင်ဆန္ဒပြသူအမြောက်အမြား က
တနင်္လာနေ့မှာ ပြုလုပ်မယ့် ထိုင်းပါလီမန် တွေ့ဆုံအစည်းအဝေးကို မပြုလုပ်နိုင်ရန်၊ ပါလီမန်အဆောက်အဦးကို ဝန်းရံထားတဲ့အတွက် အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ပါလီမန်အဖွဲ့ဝင် တွေဟာ အဆောက်အဦးဆီကိုရောက်ဖို့ မတတ်နိုင်တဲ့ အတွက်ကြောင့် တနင်္လာနေ့ အစည်းအဝေးကို ဖျက်သိမ်း ပစ်ခဲ့ရတယ်လို့ Samart Kaewmeechai ကပြော ပါတယ်။ People's Alliance for Democracy ပါတီမှ ထောင်ပေါင်းများစွာသော ဆန့်ကျင်ဆန္ဒပြသူတွေက အစိုးရကို ဖြုတ်ချပေးဖို့ တောင်းဆိုရန်အတွက်၊ နေထွက်တယ်ဆိုကတဲက ပါလီမန်ဆီသို့ စုဝေး ချီတက် ခဲ့ကြပါတယ်။ အစိုးရကိုဆန့်ကျင်သူတွေ ဟာ ဝန်ကြီးချုပ်ရုံးဝန်း မှာ သုံးလကြာ စခန်းချခဲ့ကြပါတယ်။

ပါလီမန်အစည်းအဝေး ပြန်လည်ကျင်းပဖို့ ကိုတော့ ချက်ချင်း အစီအစဉ်မလုပ်နိုင်ကြသေးပါဘူး။ ဆန္ဒပြသူတွေရဲ့ ဘေးမှာဆိုရင် ဝါးတုတ်တွေ၊ တင်းပုတ်တွေ၊ သံတုတ်တွေ ကိုင်ဆောင်ထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင် အစောင့် အရှောက် တွေလည်း ပါပါသေးတယ်။ ပြီးတော့ ရဲတွေက လူထုကိုထိန်းသိမ်းနိုင်ဖို့ အသုံးပြုမယ်လို့ ဆိုထားတဲ့ မျက်ရည်ယို ဗုံး အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဆန္ဒပြသူအတော်များများဟာ မျက်နှာဖုံးစွပ်တွေ၊ ရေကူးရာမှာသုံးတဲ့မျက်မှန်တွေ ကိုလည်း ယူဆောင်လာကြပါတယ်။





သူတို့က ဖွဲ့စည်းအုပ်ချုပ်ပုံ ပြန်လည်ရေးဆွဲနိုင်ရေးအတွက်၊ ပြုလုပ်နေတဲ့ ပါလီမန် အစည်းအဝေးကို ဖျက်သိမ်းပေးဖို့ ပထမဆုံး တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီအငြင်းပွားဖွယ်ရာ ပြသနာ ဟာ ပေါ်ပေါက်ခဲ့တယ်။

ဆန္ဒပြသူတွေဟာ အရင်ဝန်ကြီးချုပ် တပ်ဆင် ရဲ့ ကြိုးဆွဲရုပ်ဖြစ်တဲ့ အစိုးရကို အလဲထိုးဖို့ ဝန်ကြီးချုပ်ရုံးရဲ့ ဝန်းထဲ မှာ သုံးလကြာ နေရာယူသိမ်းပိုက်ခဲ့ကြပါတယ်။ သူတို့က ၂၀၀၆ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖြုတ်ချခြင်းကိုခံခဲ့ရတဲ့ တပ်ဆင်ကို လာဘ်စားမှု၊ အာဏာအလွဲသုံးစားမှု တွေနဲ့ စွပ်စွဲခဲ့ပြီးတော့၊ ဥပဒေရေးဆွဲသူတွေက တပ်ဆင်ပြန်လာဖို့ မကူညီနိုင်ခင်မှာ၊ အခြေခံဥပဒေ ပေါ်ပေါက်နိုင်ဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။ တပ်ဆင်ကို ဥပဒေ ချိုးဖောက်မှုအတွက် ထောင်ဒဏ် နှစ်နှစ် စီရင်ခဲ့ပြီး နောက်ပိုင်း ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ဆန့်ကျင်သူတစ်ဦးကတော့ "ကျွန်တော်အရမ်းကို တုန်လှုပ် ကြောက်ရွံ့ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ အောင်နိုင်တော့မယ့် အချိန်ပါလို့" ပြောခဲ့တယ်။"ကျွန်တော်တို့ တိုက်ခိုက်ခံခဲ့ရတယ်၊ ကျွန်တော့်သူငယ်ချင်းတွေ အများကြီး သေဆုံးခဲ့ရတယ်၊ ဒါတွေ အားလုံးဟာ ဘာကြောင့်လည်းဆိုရင် သူတို့ဟာ တပ်ဆင်ကို အကာ အကွယ် ပေးချင်လို့ပဲ" လို့ Wimon Srucarak က ပြောခဲ့တယ်။

တနင်္လာနေ့ အာရုဏ်တက်ခါနီးအချိန်က ဆန့်ကျင်သူတွေရဲ့ ရုံးခန်းအနီး မှာ အသေးစား ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရဲအဖွဲ့ က ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မှ မရှိပေမယ့် ဘယ်လိုဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်တယ်ဆိုတာကိုတော့ ချက်ချင်းမသိသေးပါဘူး။

နောက်ဆုံးမှာတော့ ပါလီမန်မှာ စုဝေးနေတဲ့လူစုကြီးကို ဖြိုခွဲဖို့အတွက် ရဲအဖွဲ့ဟာ လမ်းထဲကို အဖွဲ့လိုက်ကြီး ပြေးဝင် ရှင်းခဲ့ရပါတယ်။ အဲဒီမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ လူနှစ်ယောက်ကတော့ နိုဝင်ဘာ(၇) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။အဲဒီအဖြစ်အပျက်ဟာ လမ်းရဲ့ တစ်ဖက် Dusit Zoo မှာရှိတဲ့ တိရစ္ဆာန် တွေကိုလည်း အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။ တိရစ္ဆာန် ထိန်းကျောင်းသူတွေဟာ ထိတ်လန့်တတ်တဲ့ အမျိုးအနွယ်ဖြစ်တဲ့ သားပိုက်ကောင်လို အကောင်တွေကို တော်တော် ထိန်းခဲ့ရပါတယ်။

တနင်္ဂနွေ နေ့မှာတော့ သားပိုက်ကောင်၊ wallaby နဲ့ ဆင်တွေကို တိရစ္ဆာန် ရုံနဲ့ဝေးရာနေရာကို ဘယ်သူမှ မနှောက်ယှက်နိုင်ဖို့အတွက် သူတို့ရဲ့ အစောင့်အရှောက်တွေနဲ့အတူ ရွှေ့ပြောင်းပေးခဲ့ရတယ်။ တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဖြစ်တဲ့ Kanchanachai Saenwong ကတော့ တိရစ္ဆာန်ရုံနေရာသစ်ချထားဖို့အတွက် အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ ပိတ်ဆို့ထားတဲ့ နေရာတွေရှိ အစိုးရ ကျောင်းတွေနဲ့ပတ်သက်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ဝန်ကြီးချုပ်ရုံးဝန်းနဲ့ မိုင်ဝက်မျှဝေးတဲ့ ပါလီမန်ရဲ့ အပြင်ဘက်မှာ ရဲသားပေါင်း ၂၄၀၀ ကိုတာဝန်ချထားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲ နဲ့ စစ်သားတွေဟာ သေစေလောက်တဲ့ လက်နက် တွေ ကိုင်ဆောင်ခြင်းမရှိဘဲ ဒိုင်းနဲ့ တုတ်များကိုသာကိုင်ဆောင် မှာဖြစ်ပါတယ်လို့ အစိုးရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။

ဆန့်ကျင်ပါတီအဖွဲ့ကတော့ သူတို့ရဲ့အခြေစိုက်နေရာအပြင်ဘက်မှာ သံတုတ်ကိုင်တဲ့လူတွေ၊ သေနတ် အသေးစားကိုင်ထားတဲ့လူတွေနဲ့ မကောင်းသတင်းကျော်ကြားသူတွေ ခပ်မိုက်မိုက်လူတွေနဲ့ အမြဲရှိနေပေမဲ့ လည်း အကြမ်းဖက်ခြင်းတော့မလုပ်ပါဘူးလို့ဆိုတယ်။လွန်ခဲ့တဲ့အပတ်က အစိုးရရုံးအနီး ဆန္ဒပြပွဲမှာ ဆန္ဒပြသူနှစ်ယောက်သေဆုံးခြင်းနဲ့ ပတ်သက်လို့ အတိုက်အခံပါတီ က ရဲအဖွဲ့ကို စွပ်စွဲထားပေမယ့်လည်း တာဝန်ရှိသူတွေကတော့ ငြင်းဆန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က အကြီင်္းမားဆုံးသောအင်အားနဲ့ လူထုစုရုံးဖို့ကို ဆောင်ရွက်ခဲ့ပေမယ့်လည်း လူတစ်သိန်းရဲ့ လေးပုံတစ်ပုံကနေ သုံးပုံတစ်ပုံ ထိသာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဆန္ဒပြသူ Chokchuang Chutinaton ကတော့ ဒါဟာ D-Day ပဲ၊ အစိုးရကိုဖြုတ်ချပစ်ဖို့ ငါတို့ရဲ့ နောက်ဆုံးကြိုးပမ်းမှုပဲလို့ ဆိုပါတယ်။ လူထုဆန့်ကျင်မှုကို ထောက်ခံသူ အများစုကတော့ အလယ်အလတ်လူ တန်းစား တွေဖြစ်တယ်။

ထိုင်းနိုင်ငံမှာ ဆန္ဒ မဲ ပေးရာမှာ ၀ယ်ဆားတဲ့ မဲတွေ ရှိတယ်လို့ သံသယရှိကျပြီး၊ ဝေးလံတဲ့ဒေသ တွေမှာ မဲဝယ်၊မဲလိမ်မှုတွေ အများအပြားရှိခဲ့တယ်လို့ အငြင်းပွားကျပါတယ်။ ဆန္ဒပြနေကြတဲ့ အတိုက်အခံအများစုဟာ အများနှစ်သက်တဲ့ ပါလီမန်ကို ရွေးချယ် အစားထိုးဖို့ လိုလားကျတယ်။ ဒါကိုဆန့်ကျင်နေတဲ့သူတွေ ကတော့ လက်ရှိအတိုက်အခံတွေဟာ ပညာတတ်တွေရဲ့ လက်ထဲမှာပဲ အာဏာကို သိမ်းဆည်းထားချင်ကြလို့ ဝေဖန်ပြောဆိုနေကြတယ်။

Ref:
Thai Parliament postpones session


လူကြိုက်များတဲ့ ကိုရီးယားကင်မ်ချီး



-ပက်ထရစ်ရှာလင်း-

ကျမတို့ လည်း ချဉ်ပတ် စား တယ်။ ကိုရီးယားလူမျိုးတွေလည်းစားတယ်။ ဒါပေမဲ့  မြန်မာ့ ချဉ်ပတ် က ဈေးကွက်တခုအဖြစ် အားကောင်းပြီး ဖြစ်မလာဘူး။ ကိုရီးယားကင်မ်ချီး ( Kimchi ) ဆိုတဲ့ ချဉ်ပတ်က ဈေးကွက်မှာ လူကြိုက်များတဲ့ စားသောက်ကုန်ပစ္စည်းတခု အဖြစ် အခိုင်အမာရပ်တည်လာတယ်။ ကျမတို့ မြန်မာ တွေစားတဲ့ ချဉ်ပတ် က အရမ်းချဉ်လွန်းတယ်။

အချဉ်ဓါတ်ကိုလျော့ ချလိုက်မယ်။တချို့ ချဉ်ပတ်တွေကို ပုံစံတမျိုးထည်းမထုတ်ပဲ အချို ဓါတ် (သကြား)၊ အစပ် (ငရုပ်သီး) ထည့် တာတို့အပြင်၊ ထုပ်ပိုးတဲ့နည်းစနစ်၊ ရေရှည်ခံနိုင်မဲ့နည်းစံနစ်တွေကို ခေတ်မှီစေခြင်းဖြင့် ကျမ္မာရေး နဲ့ ညီညွတ်တဲ့အဆင့်ကို ပြုပြင်လာနိင်ရင် စားသုံးမှု ပိုမိုများလာပြီး ဈေးကွက်တခု အဖြစ် ရပ်တည် လာနိင်မှာဖြစ်ပါတယ်။

ကိုရီးယားကင်မ်ချီးကတော့ လူမျိုးတိုင်းလက်ခံစားသုံးနိင်တဲ့အဆင့်ကို ပြုပြင်လာနိင်ကြတယ်။ ဒါကြောင့် ကိုရီးယားလူမျိုးတွေပါမက လူမျိုးတိုင်းစားသုံးလာတဲ့ အဆင့်ကို ရောက်လာတယ်။ ဈေးကွက်ကြီးတခုအဖြစ် ရပ်တည်လာတာဖြစ်တယ်။

ပုံမှာ မြင်ရတာကတော့ နိုဝင်ဘာ ၂၀ရက် နေ့ က တောင်ကိုရီးယားနိင်ငံ ဆိုလ်မြို့ မှာ ဆောင်းရာသီဝင်လာရင် စားသုံးနိင်ဖို့  အိမ်ရှင်မ ၂၂၀၀ က တန်ချိန် ၁၃၀ ခန့် ရှိတဲ့ ကင်မ် ချီ ကို မြို့ တော်ခန်းမရှေ့ မှာ တပျော်တပါး စိမ်ဖို့ ပြင်ဆင် နေကြ ပုံဖြစ်တယ်။ ဒီချဉ်ပတ်ကို နိင်ငံသားတွေကို အခမဲ့ ဝေမှာ ပါ။


သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ

သန်းရွှေ မြေး ဖိုးလှပြည့် (ခ) မျေက်မူးလဲ

သန်းရွှေ မြေး ဖိုးလှပြည့် (ခ) မျေက်မူးလဲ နဲ့  သန်းရွှေ ဆရာဝန် ရဲ့ သား သက်အောင်ချို တို့ နစ်ယောက်ပေါင်း ပြီး Myanmar Asia Glory Trading ဆိုတဲ့ကုမ္ပဏီ ကို တည်ထောင်လိုက်တယ်လို့ သိရပါတယ်။ အမှတ်- ၇၄ ပြည်တော်အေး လမ်း ၊ မရမ်းကုန်းမြို့ နယ်မှာ ဖွင့်ထားပါတယ်။ ဆက်သွယ်ရန် တယ်လီဖုန်းကတော့ + ၉၅-၁-၆၆၂၅၄၆ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို ကုန်သွယ်မှုတွေလုပ်မှာလဲ၊ ဘယ်သူတွေ ပါဝင် ပတ်သက်လဲ နိင်ငံခြားက သူတို့ အဆက်အသွယ်တွေ ကဘယ်သူတွေလဲ ဆိုတာတွေ ကို အသေးစိတ် မသိရသေးပါဘူး။ သူတို့ ကုမ္ပဏီ ရဲ့ လှုပ်ရှားမှုတွေ နိင်ငံခြားဆက်သွယ်မှုတွေကို ထောက်လှမ်းဖေါ်ထုတ်နိင်ဖို့ အတွက် ဖေါ်ပြလိုက်ပါတယ်။ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်နိင်ရန် အတွက် သူတို့ လှုပ်ရှားမှု မှန်သမျှ သတင်းပေးပို့ ကြပါရန် မေတ္တာရပ်ခံပါတယ်။

Rest of your post

မိုးကြိုးပစ်၊ ထန်းလက်နဲ့ကာ၊ မရဘူးကွယ်

ဓာတ်ပုံ- စူစန်မုန်တိုင်း ၂၀၀၈

-ခင်မမမျိုး-

နှစ်ဆယ်ရာစု နှောင်းပိုင်းမှစ၍ ကမ္ဘာတခွင်တွင် ပြိုးပြိုးပြက်ပြက်နှင့် လျှပ်စီးများ လင်းလက်လာသည်။ တိုးတက်လာသော သတင်းနှင့်နည်းပညာ လျှပ်စီးများ။ မည်သို့ဆိုစေ၊ ဤနည်းပညာ အသစ်အဆန်းများဖြင့် ကမ္ဘာကြီးကား နေ့ချင်းညချင်းပင် ရွာကြီးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ အလင်းရောင်သည် မှန်ကန်မှု၊ ခိုင်မာတည်ကြည်မှု၊ တိုးတက်သော အမြင်ရှိမှု တို့အပေါ်တွင် အခြေခံသူများအတွက် အထောက်အကူ ဖြစ်စေသော်လဲ မသမာမှု၊ လိမ်လည်မှု၊ အမှန်တရားများအား ဖုန်းကွယ်လိုမှု တို့အပေါ်တွင် အခြေခံသူများအတွက်ကား ငယ်ထိပ်မိုးကြိုးပစ်သကဲ့သို့နှယ် ဖြစ်သွားသည်။ မိုးကြိုးပစ်တာကို ထန်းလက်နှင့်ကာ၍ မရနိုင်မှန်းသိရက်နှင့်ကာဖို့ ကြိုးစားကြသူများ ပေါ်ပေါက်လာသည်။


ကျွန်မတို့ မြန်မာနိုင်ငံတွင် နအဖဗိုလ်ချုပ်ကြီးများ ငွေကုန်ကြေးကျခံကာ ပြုလုပ်နေရသော စီမံကိန်းတစ်ရပ်ရှိသည်။ ထိုစီမံကိန်းကြီးကား သတင်းမှန်ပြည်သူဆီသို့ မရောက်စေရေး စီမံကိန်း။ အဆိုပါ စီမံကိန်းအောက်တွင်ရှိနေသည့် မြောက်မြားစွာသော စီမံချက်များအတွက် ခန့်အပ်ထားရသော လူသားအရင်းအမြစ်များ၊ အသုံးပြုရသော နည်းပညာစနစ်များကား အများအပြား။ အဆိုပါ လူသားအရင်းအမြစ်များ၊ နည်းပညာစနစ်များကိုသာ မြန်မာပြည် တိုးတက်ရေးအတွက် မှန်ကန်စွာ သုံးစွဲခဲ့မည်ဆိုလျှင် ယခုအချိန်တွင် မြန်မာပြည်ကြီး တိုးတက်ပြီးသား ဖြစ်နေခဲ့လိမ့်မည်။


သို့ပေမယ့် မြန်မာပြည်တိုးတက်ရေးသည် စစ်အုပ်စုတို့အတွက် အရေးကြီးသည်မဟုတ်။ အရေးကြီးသည်က အာဏာတည်မြဲရေး။ အာဏာတည်မြဲဖို့ဆိုရာတွင် ပြည်သူ့ထံမှအာဏာကို မတရားရယူထားသည်မို့ ပိုင်ရှင်များပြန်တောင်းမည်ကို ကြောက်တလန့်လန့် ဖြစ်နေကြရရှာသည်။ ထိုသို့ပြန်မတောင်းစေရန် ပြည်သူများကို သတင်းအမှောင် ချထားမှဖြစ်မည်၊ သတင်းမှန်များကို စိတ်မဝင်စားအောင် လုပ်ထားမှဖြစ်မည်ဟု စစ်အုပ်စုတို့က ယူဆကြသည်။


ဤ စကောလောက်မှ ဇောက်မနေသော အယူအဆအတွေးတို့ဖြင့် ကျောင်းသင်ခန်းစာများ ပြောင်းသည်။ နားမလည်သူ ကလေးငယ်များအား နအဖအာဘော်များ ရိုက်သွင်းသည်။ ၈၈လူသတ်ပွဲမြင်ခဲ့သည့် ပြည်သူများ အာရုံပြောင်းစေရေးအတွက် တနေ့တာလုပ်ငန်းများ မရှုပ်ရှုပ်အောင် ဖန်တီးထားသည်။ ရန်ကုန်မြို့တော်ကြီးတွင် ညမှရေပေးသည်။ ညဘက်တရေးနိုး ရေထတင်နေရသည်နှင့်ကို တိုက်ခန်းနေ ပြည်သူများ ဒုက္ခရောက် နေရတော့သည်။ အထက်တန်းလွှာများ အတွက်ကား ဇိမ်ခံဟိုတယ်များ၊ ကလပ်များကို စစ်အုပ်စုဆွေမျိုးများက ဦးဆောင်ကာ ဖွင့်ပေးသည်။ ညဘက်ကလပ် တက်နေရသည်နှင့်ပင် မအားနိုင်ကြတော့။ လူငယ်များအတွက်လဲ စတိတ်ရှိုးများ မရိုးရအောင်ပင်။ ရှိသူများရော၊ မရှိသူများပါ စတိတ်ရှိုးထဲ အာရုံရောက်ကုန်ကြသည်။


လူလတ်ပိုင်းများအတွက်လဲ အချိန်ကုန်စရာများ ဖန်တီးပေးသည်။ ဘောလုံးပွဲနှင့် ချဲထီလောင်းကစားများ။ ချဲထီက (၁၅)ရက် တစ်ခါဆိုတော့ တစ်နေ့တစ်ခါ လောင်း၍ရသည့် နှစ်လုံးထီများ ထပ်ပေါ်လာပြန်သည်။ တနေကုန်တနေခန်း တကုပ်ကုပ်နှင့် ဆိုက်ကားဂိတ်မှအစ ဘုန်းကြီးကျောင်းများအဆုံး တွက်နေလိုက်ကြသည်မှာ ကမ္ဘာပေါ်တွင် နေ့စဉ်သချာင်္ အတွက်ဆုံး တိုင်းပြည်ကိုသာ ဆုပေးပါက မြန်မာပြည်ပင် ဗိုလ်စွဲပေလိမ့်မည်။ အဆိုပါနှစ်လုံးထီများနောက်တွင် မည်သူများ ကြိုးကိုင်နေသနည်း။ စစ်အုပ်စုအသိဆုံးပင် ဖြစ်ပေလိမ့်မည်။ တချိန်တည်းမှာပင် မြဝတီရုပ်မြင်သံကြား ပေါ်လာပြီး၊ အခန်းဆက် စိတ်ဝင်စားဖွယ် တရုတ်ကားများ၊ ကိုးရီးယားကားများ ဆက်တိုက်ပြတော့သည်။မူလတန်းကလေးမှအစ အသက်ရှစ်ဆယ်ကျော်များ အဆုံး၊ အခန်းဆက် ကိုးရီးယား၊ တရုတ်ကားများ ရူးလိုက်ကြသည်မှာ ကလေးငယ်များ ကျန်စစ်သားကိုပင် မသိတော့။ ကျန်ကျောင်းကိုတော့ အားလုံးသိကြသတဲ့။ နှစ်ပေါင်းတစ်ရာ လောက်ကြာလျှင် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှု ဆိုသည်ပင် ကမ္ဘာမှာ ကွယ်ပျောက်တော့မည်လားမသိ။


ဤမျှနှင့် အမှန်ကို ဖုံးကွယ်မရ၍ မရနိုင်သေးမှန်းသိတော့ ဂျာနယ်များ ထုတ်ကြပြန်သည်။ နာမည်မျိုးစုံနှင့် ဖြစ်သော်လဲ အများစုကား ထောက်လှမ်းရေး ကြိုးကိုင်ဂျာနယ်များ။ မဆီမဆိုင် ဘောလုံးဂျာနယ်ထဲလဲ နိုင်ငံရေးသမားများအား အပုပ်ချသတင်းပါလာသည်။ ဖက်ရှင်ဂျာနယ်ထဲလဲ ကျောင်းသားတပ်မတော်ကို အဖျက်လုပ်ငန်းများ လုပ်သည်ဆိုပြီး သတင်းမှားများ ထည့်ထားပြန်သည်။ သတင်းစာ ရှင်းလင်းပွဲဆိုသည်နှင့် ပြည်သူအားလုံး တပြိုင်နက်တည်း တီဗွီခလုတ်ပိတ်သည်ကို သိထားကြလေတော့ လူအများ စိတ်ဝင်စားသည့်နေရာတွင် ဆွမ်းဆန်ထဲ ကြွက်ချေးရောထည့်သည့် ကိစ္စကို ဦးစားပေး လုပ်လာကြသည်။


ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ ရေဒီယို(၄)ခုမှ တစ်နေ့နှစ်နာရီခန့်စီ ထုတ်လွှင့်သော သတင်းမှန်များကို
လူထုထဲ မပြန့်ပွားစေရန်ကိုလည်း နည်းမျိုးစုံဖြင့် ဟန့်တားကြသည်။ စွပ်စွဲပြောဆိုကြသည်။ အသံသတင်းကိုပင် 'သမီးလင်နောက်လိုက်'သလို ဤမျှ ပျာယာခတ်ခဲ့ရသော နအဖတို့သည် အသံတင်မက၊ ရုပ်ပုံများပင် တွေ့မြင်ရသော လျှပ်စီးများနှင့်အတူ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာသည့် အင်တာနက်ဆိုတာကြီးကိုကား ဒူးတုန်အောင် ကြောက်ကြလေတော့သည်။


ရှောင်၍ရမည်ထင်ပြီး ရှောင်ကြည့်ကြသေးသည်။ မြန်မာလူမျိုးတို့သည် တကမ္ဘာလုံးတွင် အင်တာနက် တော်လှန်ရေးကြီးဖြစ်ပွားပြီး နှစ်ပေါင်းများစွာကြာမှသာ အင်တာနက်ဆိုသော စကားလုံးကို စတင်ကြားဖူး ကြခြင်းသာဖြစ်သည်။ အသုံးပြုခွင့်ပေးပြန်တော့လဲ အဆမတန် ကြီးမားသော စရိတ်များဖြင့် ပြည်သူအများ အလွယ်တကူ မသုံးနိုင်အောင် ပြုလုပ်ထားကြသည်။ စီးပွားရေးလုပ်ငန်း အချို့ကို စပေးသည်။ ပြီးမှတစတစ တိုးတက်၍ အင်တာနက်ကဖီးလေးများ ပေါ်လာသည်။ သုံးစွဲချင်သူများမှာ မွေးစာရင်း၊ သေစာရင်းလုပ်သလို ဘာလုပ်ဖို့သုံးမည်ကအစ မှတ်တမ်းပေးရသည်။ မည်သည့်ဝက်ဘ်ဆိုဒ်များအား မည်သူကဝင်သည်ထွက်သည် လိုက်စစ်နေကြသည်မှာလဲ အမောတကော။ ပိတ်လိုက်ရသည့် အင်တာနက်စာမျက်နှာများမှာလဲ အများအပြား။ နအဖကိုယ်စား ရင်မောလိုက်ပါဘိခြင်း။ လူသတ်သမား အလောင်းမည်သို့ ဖျောက်ရမှန်းမသိပဲ ဗျာများနေသည့်ပုံနှင့် တူလှသည်။


ယခင်က သူတို့ချပေးသည့် အီးမေးလ်ကိုသုံးကြရရာမှ အခြားအီးမေးလ်တချို့ ဖွင့်ပေးသည်။ စကားပြောခွင့်ကို ပိတ်လိုက်ဖွင့်လိုက်။ အချင်းချင်းပေးသည့် ရည်စားစာကအစ လိုက်ဖတ်နေကြရရှာသည့် စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများဘဝမှာလဲ လူ့သိက္ခာနှင့် ချိန်ထိုးကြည့်လျှင် အလွန်ပင်ရွံစရာ ကောင်းသည့်အလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများဘ၀သို့ ရောက်နေကြလေပြီ။ ထမင်းတလုပ်အတွက်နှင့် လူ့စည်းကမ်း၊ လူ့သိက္ခာများကို ချိုးဖောက်နေကြရရှာသည့် ဘဝများပါတကား။


ပြည်ပမှလွှင့်တင်ထားသော အက်တာနက်စာမျက်နှာများအား ဖွင့်ပေးသင့် မဖွင့်ပေးသင့်၊ စစ်ဆေးနေ ကြရသည်မှာလဲ တော်တော်ပင် အချိန်ကုန် လူပင်ပန်းမည့်အလုပ်။ သို့ပေမယ့် မည်မျှဖုံးဖုံး၊ မလုံနိုင်ပဲဖြစ်နေသည်ကတော့ အမှန်ပင်။ မြန်မာလူမျိုးအချို့၏ ဦးနှောက်နှင့် အသိဥာဏ်ထက်မြက်မှုကို မည်သို့သင်းကွပ်၍ ရပါမည်နည်း။ မတရားမှုကို ငြိမ်မခံပဲ အမှန်ဘက်ကရပ်တည်ကာ ကူညီပေးတတ်သော နိုင်ငံတကာမှ နည်းပညာရှင်များ၏ ကျွမ်းကျင်သော ဦးနှောက်များကိုလဲ မည်သို့ယှဉ်နိုင်ပါမည်နည်း။ ကျွမ်းကျင်ပညာရှင်များက ပိတ်ထားသောတံခါးကို မည်သို့ဖွင့်လှစ်ရမည်ကို နည်းစနစ်များပေးလေ့ ရှိကြပါသည်။


နအဖတို့ကဲ့သို့မတရားအစိုးရများ၏ Internet Censorships များကိုကျော်လွှားနိုင်သည့် Psiphon Software ကား ထွက်ပေါ်လာလေသည်။ အသေးစိတ်သိလိုသူများ www.psiphon.ca တွင် လေ့လာ၍အခမဲ့ ဒေါင်းလုပ် လုပ်နိုင်ပါကြောင်း သတင်းကောင်းပါးရင်းဖြင့်----။

(မှတ်ချက်။ နိဂုံးချုပ်ရန် စဉ်းစားရင်း ကက်ဆက်ခလုတ်ကို အမှတ်တမဲ့ ဖွင့်မိတော့ ကိုင်ဇာ၏ သီချင်းသံက လွင့်ပျံလာသည်။'မိုးကြိုးပစ် ထန်းလက်နဲ့ကာ၊ မရဘူးကွယ်'တဲ့။ ဤသည်ကပင် နိဂုံးဖြစ်သွားပြီထင်ပါသည်)

ခင်မမမျိုး
(၉၊ ၁၂၊ ၂၀၀၆)


key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

-နစ်နေမန်း ဘလောက်ခ်-


အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတဲ့ mmcybernet ၀က်ဆိုဒ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီဝက်ဆိုဒ်ကို ကြီးကြပ်နေတဲ့ administrator တွေဟာ ဒီဝက်ဆိုဒ်ထဲမှာ လာရောက်ပြီး register လုပ်ကာသုံးစွဲနေသူတွေရဲ့  စာရေးသားမှုတွေ၊ သွားရောက်ကြည့်ရှူတဲ့ အင်တာနက် စာမျက်နှာတွေကို keylogger သုံးပြီးမှတ်ထားတာကို စစ်ဆေးတွေ့ ရှိရလို့  အဲ့ဒီ ၀က်ဆိုဒ်ကို ရပ်တန့် အောင် လုပ်လိုက်ပြီး သတိပေးစာကို အောက်ပါအတိုင်း ရေးသားထား တွေ့ ရှိရပါတယ်။

နောက်နောင် ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းကို ခိုးကြည့်တာတွေလုပ်မယ်၊ ခိုးမှတ်ထားတာတွေ လုပ်မယ်ဆိုရင် အခုလိုမျိုး ဒဏ်ခတ်ခံရမယ်လို့  သတိပေးထားပါတယ်။

ဒီလို စစ်ဆေးကြည့်ရှူပြီး ဒဏ်ခတ်ဆောင်ရွက်သူတွေကတော့ ကိုယ်ရေးကိုယ်တာမှတ်တမ်းများကို စောင့်ရှောက်ကာကွယ်သူများအဖွဲ့ လို့  ခေါ်ဆိုလို့ ရတဲ့ "Privacy Lover Team" အမည်နဲ့  မည်သူမည်ဝါတွေဆိုတာ မဖေါ်ပြထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။



ဒီလို စစ်ဆေးတွေ့ ရှိရတဲ့ mmcybernet ရဲ့  Admin List ကို ၄င်းတို့ ရဲ့  IP address လိပ်စာများကို ဆက်လက်ကြည့်ရှူတဲ့အခါမှာ နေရာ (၃) ခု ပါဝင်ပတ်သက်နေတာ တွေ့ ရှိရပါတယ်။

ပထမတစ်ခုကတော့ - 203.81.166.10 က ပုဂံနက် (Bagan Cybertech Teleport) ရန်ကုန်က ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ - 220.255.7.248 က စင်နက် (SingNet Pte Ltd) စင်ကာပူက ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ - 213.85.146.5 က အေဗွီကေ (AVK-Systems Ltd) မော်စကိုမြို့ ၊ ရုရှနိုင်ငံက ဖြစ်ပါတယ်။




ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းများကို မသိအောင် ခိုးပြီးမှတ်သားတာဟာ ပြည်တွင်းရော နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာပါ။ ဒီလို ကိုယ်ရေးကိုယ်တာမှတ်တမ်းတွေကို ခိုးယူမှတ်သားတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာလည်း ပြစ်မှူကျူးလွန်တဲ့သူများအဖြစ် အကျူံးဝင်ပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ အင်တာနက်ဥပဒေနဲ့  ကိုယ်ရေးကိုယ်တာမှတ်တမ်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများဟာ နအဖကိုယ်တိုင်က စဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။ ဒီ့အတွက် Electronics Act ဥပဒေတို့  Internet Act ဥပဒေတို့ နဲ့  ထောင်ချရမယ်ဆိုရင် နအဖတွေကို ထိပ်ဆုံးကနေ အပြစ်ပေးရမှာ ဖြစ်ပြီး၊ ယခုလို ကျူးလွန်ဖောက်ဖျက်တဲ့ mmcybernet ရဲ့  administrators တွေကိုလည်း ပြစ်ဒဏ်ပေးရမှာ ဖြစ်ပါတယ်။

အမိန့်မချခင် ၁၀ မိနစ်အလို၌ရေးသားထားသော ကိုဇေယျာသော် နှိုးဆော်ချက်






Call for global collective actions against the Military Junta for the severe convictions and unfair trials in Burma











ဓာတ်ပုံ- ကိုကျော်သန်း
အိန္ဒိယရှိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု

နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အိန္ဒိယရှိ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူများ ပိုစတာများ ကိုင်ဆောင်ပြီးတော့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ အနေဖြင့် လည်း တောင်းဆို ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.