တရုတ် နတ်ရုပ်ထုတွေကို ဘယ်လို စွန့်ပစ်ရမှာလဲ…
ကျမကတော့ အမှိုက်ပုံမှာ၊ ဓာတ်လှေခါးနားမှာ သွားမပစ်သင့်ဘူးလို့ထင်ပါတယ်။ ကိုယ်မယုံကြည်ပေမဲ့ အခြားသူများရဲ့ ကိုးကွယ်ရာလေ။ လွှင့်ပစ်မိလို့ ဖြစ်လာမှာလား၊ မဖြစ်လားဘူးလား မဆိုနှိုင်တဲ့ အကျိုးဆက်တွေကတော့ ဥာဏ်မမီတဲ့ ကိစ္စတွေပါ။
အခုငှားနေတဲ့ အိမ်မှာ ဦးတည်ဘွား (Happy Buddha) ရုပ်ထုကြီး တစ်ခု ရှိခဲ့ဘူးတယ်။ အိမ်ရှင်နေတုန်းက အိမ်အဝင်အဝ ဧည့်ခန်းမှာထားတာ။ အမဲရောင် ပလာစတာ ရုပ်ထု၊ မတ်တပ်ရပ်၊ အထုပ်ကြီးတစ်ထုပ် ကျောမှာလွယ်လို့၊ ခပ်ဝဝ ဗိုက်ရွှဲရွှဲနဲ့ ၊ သုံးပေလောက် မြင့်တယ်။ တစ်ပေသာသာရှိတဲ့ ခုံလေးပေါ်မှာ တင်ထားတော့ လူတစ်ယောက်နီးပါးပဲ။
တစ်အိမ်လုံး ငှားလိုက်တာဆိုတော့ အိမ်ရှင်ကို သူတို့ ပြောင်းရင် ဒီရုပ်ထုကို ယူသွားဘို့ ပြောထားပြီးသား။ ဒါပေမဲ့ တကယ်တန်း ကျမတို့ အိမ်ပေါ် တက်လာတဲ့အခါ စတိုခန်းထဲမှာ တွေ့ရတယ်။ အိမ်ရှင်က နင်တို့ပဲ လွှင့်ပစ်လိုက်ပါတဲ့။
အဲဒီတုန်းက အိမ်မှာ အမြဲ လူမပြတ်တဲ့ အချိန်ဖြစ်တာရယ်၊ နေရာသစ်မို့ အလုပ်ရှုပ်နေတာရယ်ကြောင့် စတိုခန်းထဲက ရုပ်ထုကို မကြိုက်ပေမဲ့ မေ့ထားမိတယ်။
တစ်ချိန်မှာတော့ အိမ်မှာ ကျမ တစ်ယောက်တည်း ရက်ကြာရှည် နေခဲ့ရတယ်။ ကျောင်းပိတ်လို့ ပြန်သွားတဲ့သူ၊ ခရီးသွားတဲ့သူ၊ ညသန်းခေါင်မှ အလုပ်ပြန်လာတဲ့သူတွေကြောင့် အိမ်မှာ လူပြတ်သလောက် ဖြစ်သွားတယ်။ အဲဒီတုန်းက ဘလော့ပိုင်ရှင်လည်း မဖြစ်သေးတော့ ညဘက် အချိန်တွေကပို၊ TV အစီစဉ်တွေက မကောင်း၊ အရင်တည်းက ကြောက်တတ်သူမို့ ရသမျှ ဘုရားစာတွေရွတ်ပြီးမှ အိပ်၊ ဟိုဟိုဒီဒီ စဉ်းစားရင်း စတိုခန်းထဲက ဦးတည်ဘွား ရုပ်ထုအကြောင်း အတွေးထဲ ဝင်လာတယ်။
စတိုခန်းကိုသွား၊ တံခါးဖွင့်၊ မီးခလုပ်ကို နှိပ်လိုက်တယ်။ ရယ်နေတဲ့ မျက်နှာမဲမဲကြီးက စက္ကူပုံးတွေ ကြားမှာ။ လူတစ်ယောက်မျက်နှာ အတိုင်း၊ အနုပညာမြောက်တာလားတော့မသိ၊ ဆက်မကြည့်ရဲတော့ဘူး။ အမြန်ဆုံး အိပ်ခန်းကို ပြန်လာ၊ အဲဒီညကစပြီး ညလံုးပေါက် မီးအလင်းဖွင့်ပြီးအိပ်တော့တာပဲ။
နောက်နေ့က စပြီး ဘယ်သူများ ဒီရုပ်ထုကို လိုချင်မှာလဲလို့ ကြုံသမျှ မေးကြည့်မိတယ်။ အားလုံးကတော့ ပြောတယ်။ ဒီရုပ်ထု အိမ်မှာရှိတာ လဘ်ကောင်းတယ်တဲ့။ ဒါပေမဲ့ အခုချက်ချင်း လိုချင်သူကိုတော့ ရှာမတွေ့နှိုင်ဘူး။ တရုတ်ဘုရားကျောင်း အတော်များများကိုလည်း မေးကြည့်တယ်။ ရုပ်ထုကို လက်မခံပါတဲ့။
အဲဒီလို ရုပ်ထုကို စွန့်ပစ်ဘို့ အပူတပြင်း ရှာနေတုန်းမှာလဲ ညဘက်မှာ ပိုကြောက်မိတယ်။ ဘုရားရှိခိုးရင် သူ့ကိုလည်း ထိပ်ဆုံးက မေတ္တာပို့၊ အိမ်မှာ မထားချင်လို့ မဟုတ်ပါ၊ ဒီထက်ကောင်းတဲ့နေရာကို ပို့ချင်လို့ပါဆိုပြီး စိတ်ထဲက တောင်းပန်၊ မီးအလင်းဖွင့်၊ နံရံကို ကျောကပ်ပြီး အိပ်ခဲ့ရတဲ့ ညတွေလည်း မနည်းဘူး။ အိမ်မက်ထဲထိ ရောက်မလာတာ တော်ပါသေးရဲ့။ ကြောက်လာပြီဆိုရင် တကယ်ရှိ၊ မရှိ မစဉ်းစားနှိုင်တော့ဘူး။ ကြိုတင် တောင်းပန်ထားတာ မမှားဘူးပေါ့နော်။
နောက်ဆုံးတော့ ရောက်ဘူးတဲ့ Kong Meng San ကျေင်းကိုသတိရမိတယ်။ နတ်ရုပ်ထုတွေ အများကြီးနဲ့ ဝင်းအကျယ်ကြီးမို့ ညောင်ပင်အောက်မှာ ထားခဲ့ရင် ရမှာပဲလို့ ထင်မိတယ်။ ဖုန်းဆက်လိုက်တဲ့ အခါ ရုပ်ထုတွေ လက်မခံပါတဲ့။ ဒါပေမဲ့ အဖိုးတန် သတင်းတစ်ခုပေးတယ်။ Shaung Lin ကျောင်းကို ပို့လို့ ရတယ်ဆိုပြီး ဖုန်းနံပါတ်ပေးတယ်။
လမ်းစပေါ်ပြီ ဆိုပြီး ဝမ်းသာအားရနဲ့ Shaung Lin ကျောင်း ကို ဖုန်းဆက်လိုက်တယ်။ လာလှူလို့ ရတယ်တဲ့။ ကောင်းသေးရင် ဆက်ကိုးကွယ်ပြီး ပျက်စီးနေရင်တော့ "Down Grade" လုပ်ပြီး "Crush" လုပ်တယ်တဲ့။ သိက္ခာ၊ power ချပြီး ချေမွ ဖျက်ဆီးပစ်တယ်လို့ နားလည်တာပဲ။
အစောဆုံး ရက်ချိန်းကိုယူ၊ ကားတစ်စီး၊ သယ်မဲ့သူတစ်ယောက် စီစဉ်ပြီး သွားပို့လိုက်တယ်။ ထားခဲ့ပြီးပြီး ဆိုတာနဲ့ တချိုးတည်း နောက်လှည့်မကြည့်ပဲ အမြန်ထွက်လာခဲ့တယ်။ ပြန်ပေးလိုက်မှာ စိုးလို့လေ။
ခုဆို တစ်နှစ်လောက်တော့ ကြာခဲ့ပါပြီ။ အရင်ပိတ်ရက်က Shaung Lin ကျောင်းကိုရောက်သွားလို့ သတိရမိတယ်။ နေရာကျယ်လွန်းလို့ တွေ့အောင် မရှာခဲ့ပါဘူး။ စတိုခန်းထဲမှ မြင့်မြတ်တဲ့ နေရာကို ပို့လိုက်မိတဲ့ အတွက် ကျေနပ် ခွင့်လွှတ်နှိုင်ပါစေ….။
You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.