Monday, October 13, 2008

[ရွှေပြည်သူ] 1 New Entry: ဖြစ်သလိုစားသူအကြောင်း

ဖြစ်သလိုစားသူအကြောင်း

"ကျွန်မချက်တာကို သေချာပေါက် မြိန်ရည်ရှက်ရည်စားနိုင်တဲ့ လူတစ်ယောက်ပဲ ရှိပါတယ်။ အဲဒီလူကတော့ ကျွန်မပါပဲ" လို့ ကျွန်မဟာသလုပ်ပြီး ပြောလေ့ရှိပါတယ်။ "ဖြစ်သလို" စားပုံလေးကို ရေးဖို့ ကိုနေလင်းက TAG တော့ ခေါင်းစဉ်က ကျွန်မနဲ့ကွက်တိပဲလို့ ချက်ချင်းတွေးမိလိုက်ပါတယ်။ ရှက်ရှက်နဲ့ ၀န်ခံရရင် ထမင်းဟင်း အချက်အပြုတ်မှာ ကျွန်မရဲ့အရည်အချင်းက "သုည"မို့လို့ ကိုယ့်ဘာသာချက်စားတဲ့ အကြိမ်တိုင်းဟာ "ဖြစ်သလို" တွေဖြစ်နေတာကြောင့်ပါး) "ဗိုက်ဆာနေရင် ဘာဖြစ်ဖြစ် စားလို့ဝင်တယ်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အစားအသောက်နဲ့ ပတ်သက်ရင်လည်း သိပ်ဂျီးများလေ့ မရှိတာကြောင့် ကျွန်မရဲ့ အချက်အပြုတ်အရည်အချင်းက တိုးတက်မလာခဲ့တာ ကြာပါပြီ။ မိဘနဲ့နေစဉ်တုန်းကလည်း မီးဖိုချောင်ဝင်ခွင့်မရခဲ့တာကြောင့် ကိုယ့်ဘာသာ နေတဲ့အခါမှာ ဒုက္ခတွေ များပါတော့တယ်။ ပထမဆုံးအကြိမ် အိမ်နဲ့ခွဲပြီး နိုင်ငံခြားကို ထွက်လာခါစမှာ အချက်အပြုတ် အင်မတန်တော်တဲ့ ကျွန်မရဲ့ဦးလေးက ချက်နည်းပြုတ်နည်း အခြေခံတွေ သင်ပေးပါတယ်။ ဦးလေး သင်ပေးသလောက်နဲ့ပဲ စိတ်ထင်သလို ချက်စားနေခဲ့တာ ဒီနေ့အထိပါပဲ။

ကျွန်မရဲ့"ဖြစ်သလို"မှာ မပါမဖြစ်က ကြက်ဥပါ။ Corned Beef ပေါပေါများများ ရနိုင်တဲ့အရပ်မှာ နေခဲ့တုန်းက Corned Beef နဲ့ ကြက်ဥကို ရောကြော်ပြီးစားရတာ ကျွန်မအကြိုက်ဆုံးပါ။ မကြာခဏလည်း စားဖြစ်ပါတယ်။ ဟင်းက ကြည့်ရတာ ရုပ်ဆိုးပေမယ့် ကျွန်မအရမ်းကြိုက်လို့ပါ။ အခုတော့ ကြက်သား ၀က်သားအတုံးလေးတွေကို ကြော်စားတာက ကျွန်မရဲ့ "ဖြစ်သလို" ဖြစ်နေပါတယ်။ နောက်ကျွန်မ Singapore ရောက်မှ လုပ်မစားဖြစ်တာကြာပြီဖြစ်တဲ့ ဖြစ်သလို တစ်ခုရှိပါသေးတယ်။ ခေါက်ဆွဲကြော်ပါ။ အားလုံးသိပြီးတဲ့အတိုင်း ခေါက်ဆွဲခြောက်ကိုပြုတ်ပြီး ပျော့ပျောင်းသွားတဲ့အခါ ပုစွန်သေးသေးလေးတွေရယ်၊ ကြက်ဥရယ် (ပါပြန်ပြီနော်း))၊ ဟင်းခတ်အမှုန့်ရယ် ထည့်ပြီး ကြော်စားတာပါ။ ခေါက်ဆွဲအစား ထမင်းထည့်ကြော်ပြီး ထမင်းကြော်လည်း လုပ်စားတတ်ပါသေးတယ်။ အရသာကတော့ စားလို့ရရုံလို့ ထင်ပါတယ်း) ကျွန်မခေါက်ဆွဲကြော်ကို အရမ်းကြိုက်တဲ့ သူငယ်ချင်း(၁)ယောက်ကိုတော့ ရှားရှားပါးပါး တွေ့ဖူးပေမယ့် ကိုယ်ချက်တာကို တခြားလူကို ကျွေးဖို့ယုံကြည်မှုကတော့ အခုထိမရှိသေးပါဘူး။ ပို့စ်နဲ့ သိပ်မသက်ဆိုင်ပေမယ့် အမှတ်တရအနေနဲ့ လွန်ခဲ့တဲ့(၄)နှစ်ကျော်က ကျွန်မပထမဆုံးချက်ခဲ့တဲ့ ဟင်းကို ဓာတ်ပုံရိုက်ယူထားတာလေး အောက်မှာ တင်ပေးလိုက်ပါတယ်။ သိုးရဲ့နှလုံးကို ချက်တာပါ။ မချက်တတ်ရတဲ့ကြားထဲမှာ သိုးရဲ့နှလုံးကိုမှချက်တော့ အညှီနံ့မပျောက်သလို စားလို့လည်း မကောင်းလှပါဘူး။ ဒါပေမယ့် ပထမဆုံးချက်တဲ့ဟင်းကို ကြည့်မ၀ရှုမ၀နဲ့ ကင်မရာပြေးယူပြီး ဓာတ်ပုံရိုက်ခဲ့တာကိုတော့ ပြန်စဉ်းစားရင် မနေ့တနေ့ကလိုပါပဲ။ တမျိုးလေးတော့ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။


ကျွန်မရဲ့"ဖြစ်သလို"ကို ဖတ်ပြီး အားလုံးစိတ်ညစ်နေကြပြီ ထင်ပါတယ်။ ကျွန်မလည်း ကိုယ့်ရဲ့အချက်အပြုတ် အရည်အချင်းအတွက် အားမရဖြစ်မိတာ အကြိမ်ကြိမ်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ အချက်အပြုတ် မကျွမ်းကျင်တာ မြန်မာထမင်းဟင်း မချက်တတ်တာ တကယ်တော့ ရှက်စရာလည်း ကောင်းပါတယ်။ ဟင်းချက်သိပ်ကောင်းတဲ့ အတူနေ သူငယ်ချင်းတွေကိုလည်း အမြဲအားကျမိရင်း ကိုယ့်ဘာသာပြုပြင်မယ်လို့ တွေးရင်းနဲ့ပဲ ကိုယ်ချက်တာကို ကိုယ်ပဲစားတာကြောင့် Complaint တက်မယ့်သူလည်း မရှိလို့ထင်ပါတယ်... အခုထိဒုံရင်းပါပဲ။ ကိုယ့်ကညံ့နေပေမယ့် အခုထိ ထမင်းဟင်း မချက်ဖြစ်သေးတဲ့ ညီမငယ်လေးတွေကိုလည်း ကျွန်မလိုမျိုး မဖြစ်အောင် အချက်အပြုတ်လေးကိုလည်း အချိန်ရရင် အခွင့်အရေးရရင် လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလို ချက်တတ်နေတော့ ကိုယ့်ဘာသာနေတဲ့အခါမှာလည်း ဖွယ်ဖွယ်ရာရာချက်စားနိုင်သလို ခင်တဲ့မင်တဲ့ သူတွေကို အိမ်မှာချက်တဲ့ ထမင်းဟင်းကျွေးရင်လည်း အင်မတန် မျက်နှာပန်းလှမှာပါ။ ကျွန်မလည်း အချိန်ရခဲ့ရင် ကြိုးစားရပါဦးမယ်... အားလုံး ကျွန်မဟင်းကိုကြည့်ပြီး ထမင်းစားမပျက်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်း) အားလုံးပဲ နေ့စဉ်နေ့တိုင်း အာဟာရပြည့်ဝတဲ့ ထမင်းကောင်းဟင်းကောင်းတွေကို အလောတကြီး မဟုတ်ဘဲ အေးအေးဆေးဆေး စားနိုင်သူများ ဖြစ်ကြပါစေရှင်...း)

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.