13.10.2008
ဒီနေ့ပဲ ခရီးက ပြန်ရောက်တယ်။ ဒီတစ်ခေါက် ခရီးသွားရာမှာ အသိလေးတစ်ခု ရလာခဲ့တာ အမြတ်ထွက်တယ်။ ဒါပေမယ့် ကျွန်တော်လည်း ဘာမှ မလုပ်နိုင်လို့ ဒီအတိုင်း ရင်နာနာနဲ့ ကြည့်နေရုံမှတပါး ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကိုယ်သာ ပိုက်ဆံတွေ သိပ်ချမ်းသာရင်တော့ တစ်မျိုးပေါ့။ ဒီလိုအချိန်မျိုးမှာဆိုရင် ကျွန်တော် သိပ်ပိုက်ဆံ ရှိချင်တယ်။ ဟိုမှာ ရှိနေတုန်း သတင်းတွေကနေ Finicial Crisis အကြောင်းတွေ သိနေရတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဒီဒေသလေးမှာ ဘာဖြစ်နိုင်သလဲဆိုတာ ကျွန်တော် တွက်ဆနေမိတယ်။ ဒီကလူတွေကတော့ ဒါတွေမသိဘူး။ သူတို့ ဘောပွဲကြည့်တယ်။ နှစ်လုံးလောင်းနေတယ်။ နိုင်ငံခြားသားတွေ မလာသေးလို့တဲ့ မျှော်နေကြတယ်။ ဆီဈေးတွေ ထိုးကျသွားတာ သူတို့ ပျော်နေတယ်။ အဲဒါရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်ကို သူတို့ မသိကြဘူး။ မသိခြင်းက သိပ်ကောင်းတယ်လို့ ကျွန်တော် တခါတရံ ထင်မိပေမယ့် အခုလိုဟာမျိုးကျတော့ အဲဒီ မသိခြင်းက သူတို့ကို ကောင်းကောင်းကြီး ထိုးနှက်တော့မယ်ဆိုတာ ကျွန်တော် သိနေတော့ စိတ်မကောင်း ဖြစ်မိတယ်။ ဆင်းရဲခြင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ အဖေပြောတဲ့ စကားလေးကိုလည်း အမှတ်တရ ဖြစ်မိတယ်။ လုပ်သင့်တာတွေ မလုပ်တဲ့ လူတွေရဲ့ လက်ထဲမှာ ပိုက်ဆံဆိုတာ စတိတ်စင်ပေါ်က မိန်းမတစ်ယောက်ကို တစ်ညတည်း သိန်း ၅၀ဖိုးလောက် ပန်းကုံးစွပ်ပစ်နိုင်လောက်အောင် ပေါတယ်။ လုပ်ချင်တာလေးတွေ လုပ်ချင်တဲ့ ကျွန်တော်တို့အတွက်တော့ ပိုက်ဆံဆိုတာ အရင်းအနှီးများစွာနဲ့ ရှာယူရတယ်။ ကျွန်တော်ပြောချင်တဲ့ အရင်းအနှီးဆိုတာ အချိန်တွေ၊ ခံစားမှုတွေ၊ ပင်ပန်းမှုတွေ.. အများကြီးပါပဲ။
You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.