Monday, October 13, 2008

[Ywar Thar Lay (YTU)] 1 New Entry: အချစ်ဆိုသည်မှာ ကျနော့အတွက်တော့ ၀ါးဆစ်ထဲကရေ

အချစ်ဆိုသည်မှာ ကျနော့အတွက်တော့ ၀ါးဆစ်ထဲကရေ


မတန်ခူးက မှတ်မှတ်ရရ Tag ပါတယ်။ Tag game ကို စသိတုန်းကတော့ တော်တော်လေးတုန်လှုပ်ရပါတယ်။ ရေးဖို့မ၀ံ့မရဲဖြစ်ရတယ်။ Tag တဲ့လူတွေကို လေးစားခင်မင်စိတ်နဲ့ အမြဲရေးပေးပါတယ်။ ဒါပေမယ့် မ၀ံ့မရဲတော့ ဖြစ်ဆဲ…

အချစ်ဆိုတဲ့ အကြောင်းအရာနဲ့ပါတ်သတ်လို့ နှစ်ပုဒ်မှတ်မှတ်ရရရေးဖူးပါတယ်။ ပထမအပုဒ်က အချစ် = သစ်ပင် ???? နဲ့ ဒုတိယက အချစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ "အဘိုးကလည်း အဖွားကို ချစ်တယ်ပြောမှာပဲ အဖေကလည်း အမေ့ကို ချစ်တယ် ပြောတာပဲ ကိုယ်ကလည်းမင်းကို …….." ဆိုတဲ့ ဦးသုမောင်သီချင်းကို ပြေးဆိုချင်မိတယ်။ အချစ်ဆိုတဲ့ စကားက တဆိတ်လေးနက်လွန်းနေတယ်။ တိမ်မယောင်နဲ့နက် လွယ်မယောင်နဲ့ ခက်ဟန်တူပါတယ်။

ချစ်ခဲ့ဖူးသလား ချစ်တတ်ဖူးသလား ဘယ်မေးခွန်းကိုမှ ကျနော်မဖြေဆိုနိုင်တာ ၀မ်းနည်းစရာအကောင်းသား။ မိဘနဲ့ ခွဲရမှာစိုးလို့ ၅နှစ်သားလောက်မှာ ထိုင်ငိုခဲ့ဖူးတယ်။ ၀န်ထမ်းလောက မှာမို့ ခဏခဏခွဲရတတ်တဲ့ သူငယ်ချင်းတွေအတွက် ငိုခဲ့ဖူးတယ်။ ခင်တတ်မင်တတ်လို့ ပြီးတော့ စိတ်ကို အဆုံးစွန်ထိလွှတ်ပေးတတ်လွန်းလို့ နာကြင်ခဲ့ပေါင်းများလှပါပြီ။

ဘာဖြစ်လို့ နှလုံးသားရဲ့ အရိပ်ကို မမြင်အောင်မသိမ်းခဲ့မိပါလိမ့်။ သူများဖတ်လွယ်မြင်လွယ်တဲ့ စိတ်နှလုံးသားနဲ့ဒီမျက်နှာကို ပိုင်ဆိုင်ရတာ ရိုးသားမှုတစ်ခုလို့ ဆိုသင့်ပါသလား။ အပြစ်တစ်ခုကျူးလွန်မိတိုင်း တခြားမကြည့်နဲ့ မျက်နှာကိုသာစိုက်ကြည့်လိုက် ထိန်းမရသိမ်းမရဖြစ်နေတတ်တယ်။ ယောက်ယပ်ခပ်နေတတ်တာ ကိုယ့်ကိုကိုယ်တောင်မုန်းမိတယ်။ ဒါတောင် ကျနော့ကိုနားမလည်တဲ့ ပုစ္ဆာတစ်ပုဒ် လျှို့ဝှက် အခန်းတစ်ခုအဖြစ် ယူဆတတ်တဲ့လူတွေရှိပြန်ပါသေးတယ်။

မကြာမတင်မှာ ၂၉နှစ်ပြည့်တော့မယ် လူတစ်ယောက်မှာ အချစ်မရှိဘူးလို့ဆိုရင်တော့ တော်တော်လည်း ဖြေရကြပ်ပါလိမ့်မယ်။ ဘ၀အတွက်ပြင်ဆင်ရင်း နောက်ကျသွားပြီဆိုရင်တော့ ဆင်ခြင်ပေးလွယ်လိုက်တာဖြစ်နေအုံးမယ်။ အချစ်တုန်းက ကျနော်မရေးဘဲထားလိုက်တဲ့ အကြောင်းလေးတွေ ထပ်ဖြည့်ပေးလိုက်ပါတယ်။

ကိုယ်ချစ်…………..ကိုယ်ကချစ်ရတယ်။ ဂရုစိုက်မိတယ်။ စိတ်ပူရတယ်။ သူကမသိချင်ယောင်ဆောင်နေရင် တစ်ယောက်တည်း ရင်ထဲမှာ ငိုရှိုက်နာကျင်ရတယ်။ အရိပ်လိုကြည့်ရင်း ရင်ခုန်စွာနှစ်သက်နေမိတတ်ပြန်ပါသေးတယ်။ ကိုယ်အနားမှာ သူရှိပေမယ့် သူ့စိတ်က တစ်ခြား ကမ္ဘာမှာဆိုရင်တော့ ကြွေပွဲ။

သူချစ်………………သူကကိုယ့်ကိုချစ်တယ်။ ဂရုစိုက်တယ်။ အနားမှာစောင့်ရှောက်တယ်။ သူဘာလုပ်လုပ် အကောင်းမြင်တယ်။ ကိုယ့်အတွက် မကြည့်ပဲ ဂရုစိုက်လွန်းတာကြောင့် အချစ်ခံရသူမှာ အနေကြပ်အောင်ဖြစ်ရပါတယ်။ ချစ်တတ်လွန်းတယ်ဆိုပါတော့။

ကိုယ်ချစ်သူချစ်…….တကယ့်ကို လိုက်ဖက်ညီမယ်ထင်ပါတယ်။ အတူသွားအတူစားအတူနေ အေးအတူပူအမျှ။ တစ်ယောက်ကိုတစ်ယောက်ကို နားလည်မှုအပြည့်နဲ့ လင်တစ်ထမ်းမယ်တစ်ရွက်စိတ်ဓာတ်ရှိကြသူတွေပေါ့။

အချစ်နဲ့ပတ်သတ်လို့ ကျနော်သိထားတဲ့ ဗဟုသုတလေးနဲ့လည်းယှဉ်ပြချင်ပါသေးတယ်။ ရေရှားတဲ့ ရေခဲတောင်ပေါ်တက်ဖူးတဲ့ အစ်မတစ်ယောက်က ပြောပြဖူးတယ်။ သူတို့တောင်ပေါ်တက်တော့ သောက်ရေပြတ်တဲ့အချိန်။ ၀ါးပင်ကိုခုတ် ၀ါးဆစ်ထဲမှာ ရောက်နေတတ်တဲ့ မိုးရေတွေကို သောက်ရတယ်။ ရေငတ်နေလေတော့ တရှိန်ထိုးမော့တော့တာပါတဲ့။ ၀ါးဆစ်ကကောင်းတယ်ဆိုရင်တော့ ရေက အေးမြပြီးနေသာထိုင်သာ ရှိတော့တာပါပဲ။ အကယ်၍ ၀ါးဆစ်ကပုပ်နေရင်တော့ တရှိန်ထိုးမော့လိုက်တာမို့ ဗိုက်ထဲကလည်း ရောက်နေပြီ အော်ဂလီဆန်စရာလည်းဖြစ်တာမို့ ပြန်အန်ထုတ်ဖို့လည်း မလွယ်။ ကြိတ်မှိတ်မျိုချရတော့တာပါပဲတဲ့။

ကျနော့အတွက် အချစ်ဆိုတာ ၀ါးဆစ်ထဲကရေလိုပါပဲ။ ရင်ဘတ်ထဲရောက်မှ မထွေးနိုင်မအန်နိုင် ဖြစ်တတ်လွန်းလို့ပါဗျာ…………………

TAG Game သဘောကပြန် TAG ရပါသတဲ့ ဒီတစ်ခါတော့ ကျနော်ပြန် TAG ချင်တဲ့လူတွေကို TAG လိုက်ပါတယ်။ မိတ်ဆွေဆိုတာ ဆိုးတူကောင်းဘက်ရယ်လို့ အဆိုရှိလေတော့ အဆင်ပြေရင်ရေးပေးကြပါဗျာ။

၁။ ကိုရုပ်ဆိုး
၂။ ကိုလင်းဒီပ
၃။ မရွှေပြည်သူ
၎။ မပန်းချစ်သူ

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.