Tuesday, November 4, 2008

[ကျွန်တော့်အိမ်] 1 New Entry: နင် (သို့ ) ရက်စက်သူကြီး

နင် (သို့ ) ရက်စက်သူကြီး

နင်ရှိတဲ့တိုင်းပြည်ကပြေးထွက်လာကြတဲ့
ငါတို့ လေလွင့်လုသားတွေလေ
တစ်ခါတစ်ခါ စိတ်ဓာတ်တွေ မြေကြီးအောက်
တစ်ခါတစ်ခါလည်း မိသားစုကိုတွေးတောစိတ်ပူ
နင့်အကြောင်းစဉ်းစားတိုင်းလည်း မျက်ရည်ဝဲ
ညအိပ်ရာဝင်တိုင်းလည်း နဖူးပေါ်လက်တင်တွေး
ငါတို့ ဘ၀တွေအတွက် တရားမျှတမှုဆိုတာ ဘယ်မှာရှာရမှာလဲ...
ငါတို့ အိမ်ဝေး လူသားတွေ ဘယ်တော့အိမ်ပြန်ရမှာလဲ...
နင်ဘာလို့ ငါတို့ ကိုစိတ်ဆင်းရဲစေတာလဲဟင်....

"လမ်းမသိခွေးနောက်လိုက် "တဲ့
နင်ရော ရမ်းစမ်းပြီး ဘယ်သူ့ လမ်းစဉ်နောက်လိုက်နေတာလဲဟင်....
ငါနင့်ကို စကားပုံတစ်ခုပြောပြချင်တယ်..
"ဘယ်သူသေသေ ငတေမာရင်ပြီးရော" ဆိုသလို
နင့်မက်မောတဲ့အရာတွေအတွက် ငါတို့ ပခုံးကိုဆောင့်နင်းဖို့ 
နင့်ကိုဘယ်သူတွေသွန်သင်ခဲ့တာလဲ...
ငါပြောဆိုနေတာတွေဟာလဲ
"ကျွှဲပါးစောင်းတီး" ဆိုသလိုဖြစ်နေပြီလား....
သတင်းစာပေါ်မှာမရှိတဲ့ ငါတို့ ရင်ဘတ်ထဲက
အမှန်တရားကို နင်ဟန်ဆောင်ပန်ဆောင်နားထောင်မယ်မဟုတ်လားဟင်...

နင်ဟာ ငါတို့ ကို တပါးတိုင်းပြည်တွေ အလယ်မှာ
ညိုးငယ်စေဖို့ အဆမတန်ဥာဏ်ကောင်းခဲ့ပေမယ့်
ငါ့ကိုတော့လာနှိမ်ဖို့ မကြိုးစားနဲ့
နင့်မပါတဲ့ ငါတို့ နိုင်ငံသား ဂုဏ်သိက္ခာကို
အဖတ်ဆယ်ဖို့  ငါနှစ်ဆကြိုးစားပြမယ်...
တရားမျှတစေဖို့  ၀ဋ်ကြွေးဆိုတာနဲ့ လည်း ငါချိန်ထိုးမကြည့်ချင်ဘူး
ငါသိတာက စားပွဲပေါ်က Cappuccino တစ်ခွက်ငါ့ရင်ကို မချိုမြိန်စေဘူး....
ငါအနူးအညွတ်တောင်းပန်နေတာပါ...
နင်ပြင်မယ်မဟုတ်လားဟင်....


ငါ့တစ်သက်ဖြစ်လာတဲ့ နင်တို့ လမ်းစဉ်
ရလဒ်ကတော့ကြောက်ခမန်းလိလိ
ငါချစ်တဲ့ရန်ကုန်ဆိုတာလည်း ပိုမိုအိုစာလာ
ခေါင်းဆောင်ဆိုတာ အရည်အချင်းရှိရတယ်လို့ 
နင့်မိဘတွေ မသွန်သင်ခဲ့ဘူးလား...
ဒါမှမဟုတ် ငါကပဲ နင့်ကို သင်ပေးရမလား....
"ယိုသူမရှက် မြင်သူရှက် " ဆိုသလို
ငါနင့်အစား သိပ်ရှက်တယ်ဟာ....
"ပါးစပ်က ဘုရား လက်ကကားရား" မလုပ်ဖို့ တော့
ငါတောင်းပန်ချင်တယ်ဟာ...
နင်ငါတို့ ကို စိတ်ဆင်းရဲပြီး သေအောင်အနုနည်းနဲ့ သတ်နေတာလားဟင်...


အတွေးတွေအဆုံးမှာ
ငါလည်း"တောက်" တစ်ချက် ကျယ်ကျယ်လောင်လောင်ခေါက်
ညီးညူသံတစ်ခ်ျို့  အံကျ
တောက် ...နင်လေ..... နင်...
သိပ်ရက်စက်လွန်းတယ် ..........ဟာ...........


မှတ်ချက်၊၊ ၊။ ခံစားချက်တစ်ချို့ သက်သက်သာ...

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.