Tuesday, November 4, 2008

[HAPPYCLOUD] 1 New Entry: ကြယ် အ "တေး"

ကြယ် အ "တေး"


ကိုယ့်..အလှည့်လို့ ပြောလိုက်ရင် ရွေးရတာ နည်းနည်းလန့် နေမိပါတယ်။ အရမ်း ကာရော ပတ်တုတ်မရအောင် ရယ်မောပျော်ရွှင် နေရာကနေ... အခုရပ်ဆိုပြီး.. အ ကြိမ်းမောင်း ခံလိုက်ရသူလို မျက်နှာပိုးမသေ ရယ်ရှိန်သတ်လို့ မရဘဲ ကိုယ့်စာတွေ ကို စပ်ဖြီးဖြီးကြီး..ဖတ်ကြရသလို ဖြစ်နေတော့လေ..။ {တိမ်နှစ်မောင်(အထူးသဖြင့်..အငယ်ကောင်) ကတော့ စာအရေးအသား ကိုလဲရွှင်မြူးနေအောင် ရေးတတ်သလို အပြင်မှာလဲ..တော်တော့်ကို.. ဇ၀နဥာဏ် ရွှင်ရွှင်နဲ့..အာဝဇ္ဖန်း ကောင်းကြသူတွေပါ။ ကိုယ့်ခမျာ.. သူတို့နှစ်ယောက်ကြားမှာ.. ပါးစပ်အဟောင်းသားပေါ့..။}

ဒါနဲ့ပဲ....ကိုယ်လဲ....အချစ်ကဗျာ ပေါ့ပေါ့ပါးပါး တစ်ပုဒ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။ တကယ်တော့..ကိုယ်က အချစ်ကဗျာကိုတောင်.. ပျော်စရာကောင်းအောင်..မရေး တတ်တာပါ။

ဒီကဗျာလေးနဲ့..ပတ်သက်ပြီး..ဒီနေရာမှာ..ကိုယ်ကအချစ်အကြောင်း နည်းနည်းလေး ပြောချင်မိပါတယ်။

လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀မှာတော့ ကိုယ်ဇာတ်လိုက်ပါပဲ။ ရုပ်ရှင်တွေ ၀တ္ထု တွေထဲကလို..ဇာတ်သိမ်းခန်းမှာ... ပေါင်းခွင့်ရမှ ဇာတ်လိုက်မှမဟုတ်တာ အသည်း ကွဲ ကျန်ရစ်ခဲ့ရင်လည်း ဇာတ်လိုက်ပါပဲနော….?? ကိုယ်ကတော့.. ဘယ်သူက ဘယ်သူ့ကို ချစ်ချစ်.. တရားမျှတတယ်လို့ ထင်ပါတယ်။
ဒီသတ္တလောကထဲမှာ.. လူ့ဘ၀ဟာ.. ဒုလ္လဘတစ်ခု ဖြစ်သလိုမျိုး..အချစ်စစ်ခြင်း တေ့တေ့ဆိုင်ဆိုင် ကြုံကြိုက်ပြီး.. ချစ်သူခြင်း…ပျော်ပျော်ရွှင်ရွှင် ပေါင်းစည်းခွင့် ဆိုတာကလည်း လူ့ဘ၀ရဲ့.. ဒုလ္လဘ တစ်ခုလိုပါပဲ.. ကိုယ်က.. ချစ်နေခဲ့ရတာကို..ပြောရေးဆိုခွင့်လေးမှ..မရခဲ့ရသူ..ဆို..ရင်..ရော…? ကိုယ်…`ကြယ် အ တေး´..ဆိုတဲ့..ကဗျာလေး..တစ်ပုဒ် ချရေးဖြစ်ခဲ့ပါတယ်..။

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။


အိန္ဒြာ
{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.