Tuesday, November 4, 2008

[May Nyane] 1 New Entry: မြသီလာအလွမ်းပြေ(၁၃)

မြသီလာအလွမ်းပြေ(၁၃)

တခါက (၁၉၉၆အစောပိုင်းလောက်မှာ) ကျမ ဗိုလ်မှူးတယောက်နဲ့ စကားအချေအတင် ပြောဖူးတာလေးကို ဒီနေရာမှာ ဖြတ်ပြီးပြောပြချင်ပါတယ်။ သူက မြန်မာစာတတိယနှစ် အဝေးသင်ကျောင်းသားအဖြစ် ဘားအံကောလိပ်မှာ လာတက်ချိန်။ ကျမက ဘားအံကောလိပ် မှာ ယာယီ တာဝန်ခံ ဌာနမှူးလုပ်နေချိန်။ သူက ကျမကိုပြောပါတယ်။ ကျောင်းသားတွေက ကိုယ့်အလုပ်ကို မလုပ်လို့ ကျနော်တို့က ထိန်းနေရတာတဲ့။ ကျမကသူ့ကို ဆရာမကလည်းဖြစ်နေတော့ ချက်ချင်း ပြန်ပြောလိုက်တယ်။ ဒါဖြင့် ရှင်တို့အလုပ်ကရော လက်နက်မဲ့ကျောင်းသားတွေကို ပစ်သတ်ပြီး ထိန်းဖို့ပေါ့.. ဟုတ်လား.. ပြီးတော့ ကျောင်းသားဆိုတာ ဖြစ်နိုင်ရင် ပျော်ပျော်ပါးပါးနဲ့ ကျောင်းသားဘ၀ကို ဖြတ်ကျော်ချင်တဲ့ သူတွေချည်းပဲ.. မတရားလွန်းလို့.. အနိုင်ကျင့်လွန်း လို့သာ အုံကြွကြရတာ... လို့။

(အဲဒီအချိန်တုန်းက သူက တပည့် ကျမက ဆရာမမို့သာ ကျမ အဖမ်းမခံရတာ ဖြစ်ပါလိမ့်မယ်။ အဲဒီ ဗိုလ်မှူးနာမည် ခုထိ မှတ်မိတုန်း... ပိုပြီး မှတ်မိစရာကောင်းတာက သူ့မိန်းမက RIT က ကျောင်းပြီးတာတဲ့။ ဂျီဟောမှာ နေခဲ့တာတဲ့။ ၁၉၉၄မှာ ကျောင်းပြီးတာတဲ့။ ကျမက ပြောလိုက်သေးတယ်။ ရှင့်မိန်းမက ချီးကျူးစရာပဲ.. ကိုယ့်သူငယ်ချင်းတွေကို ပစ်သတ်ခဲ့တဲ့ စစ်တပ်က လူကို လက်ထပ်နိုင်တာလို့။ သူ ရှူးရှူးရှားရှားဖြစ်သွားတယ်။ ပြီးတော့ ဆရာမ ဒီနေရာမှာ ကျနော်မို့လို့.. တဲ့။ တခြား ဗိုလ်မှူးတွေကို အဲလို မပြောမိပါစေနဲ့တဲ့။ အဲဒီတုန်းက ဘားအံကောလိပ်မှာ ဗိုလ်မှူး ၃ယောက် အဝေးသင်တက်နေတာလေ)။

ကျမ ဒါလေးကို ဖြတ်ပြောရတာ အကြောင်းရှိပါတယ်။ မြသီလာနဲ့ ပတ်သက်ပြီးရေးရင်.. ပျော်စရာတွေ.. လွမ်းမောစရာကောင်းတာတွေ.. ချစ်စရာကောင်းတာတွေပဲ ရေးချင်တာပေါ့။ အထူးသဖြင့် ကျမက ၀တ္ထုတောင် အချစ်အကြောင်းပဲ ရေးချင်တဲ့ စာရေးဆရာ။ ဒါပေမဲ့.. အချစ်အကြောင်းတွေထဲ ဘ၀အမောတွေပါသလို... မြသီလာကို လွမ်းးရင်လည်း သူ့ရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုပါ ထည့်လွမ်းရပေလိမ့်မယ်။ မတရားသဖြင့် နှိပ်စက်ဖျက်ဆီး ခံခဲ့ရတဲ့ဘ၀တွေကို ထည့်ပြီးသတိရရပါလိမ့်မယ်။ ဒါမှပဲ မြသီလာအတွက် တာဝန်ကျေမယ် ထင်ပါတယ်။

+++++

တကယ်တော့ စစ်တပ်က RIT ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာဟာ ဦးနေ၀င်းရဲ့ ကျောင်းသား(အထူးသဖြင့် တက္ကသိုလ်ကျောင်းသား)ဆိုတာအပေါ် မကျေနိုင်တဲ့ ရန်ငြိုးကြောင့်ဖြစ်သလို ၁၉၈၇ စက်တင်ဘာ၅ရက် စနေနေ့ကြီးမှာ ၂၅ကျပ်တန်.. ၃၅ကျပ်တန်.. ၇၅ကျပ်တန် ငွေစက္ကူတွေ ဒုတိယအကြိမ် တရားမ၀င်ကြေငြာခဲ့စဉ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဆူဆူပူပူ အလုပ်ခဲ့ဆုံးမို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီစက်တင်ဘာတုန်း ကလည်း အဆောင်ကျောင်းသားကျောင်းသူတွေဆိုရင် ထမင်းစားဖို့ ပိုက်ဆံ မကျန်တော့တဲ့ အထိ ဖြစ်သွားကြရတာပါ။

အဲဒီတုန်းက အင်းစိန်ဈေးဘက်မှာလည်း လုတာယက်တာတွေဖြစ်ပြီး သမ၀ါယမဆိုင်တဆိုင် မီးရှို့ခံရပါတယ်။ မရှေးမနှောင်းမှာပဲ မဆလအစိုးရရဲ့ တာဝန်မဲ့မှုကို မကျေနပ်တဲ့ RIT ကျောင်းသားတချို့က အစိုးရပိုင် မာဇဒါဂျစ်တစီးကို ကျောင်းရှေ့မှာ မီးတင်ရှို့ပစ်ခဲ့ကြပါတယ်။ အဲဒီဂယက်ကြောင့် မန္တလေးမှာပါ ဆန္ဒပြတာတွေ ရှိလာတဲ့အတွက် စာမေးပွဲဖြေနေတုန်း တန်းလန်း ကျောင်းပိတ်လိုက်ရတာလေ။ အဲဒါကိုလည်း ဦးနေ၀င်းက တေးမှတ်ထားခဲ့ပုံ ရပါတယ်။ ဒါကြောင့်ပဲ ခု မတ်လ၁၃ရက်ကိစ္စမှာ ကျောင်းသားတွေရဲ့ အလွန်လည်း မဟုတ်ဘဲ.. ပါမောက္ခချုပ်ဖြေရှင်းရင်တောင်ရနိုင်တဲ့ ကိစ္စလေးကို အကြောင်းပြပြီး အပြစ်မဲ့တဲ့ ကျောင်းသား တွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာ..။ မေ့နိုင်ပါရိုးလားးးး။

+++++

မတ်လ၁၆ရက်ပြီးနောက်ရက်မှာတော့ ကျောင်းတွေက တစပြင်လိုဖြစ်သွားတယ်။ ဆရာဆရာမတွေက ကျောင်းဝင်း လုံခြုံရေးတာဝန်ယူရမယ် တဲ့။ RIT ကိုတော့ စစ်တပ်က ၀င်စီးလိုက်ပြီ။ ကျောင်းသားတွေကို အိမ်တွေပြန်ခိုင်းတယ် တဲ့။ ဒါပေမဲ့ ကျောင်းပိတ်တယ်လို့တော့ မကြေငြာသေး။ ကျောင်းတွေကိုတော့ စစ်တပ်နဲ့ လုံထိန်းတွေက ၀ိုင်းထားပြီ။ ကျမတို့တွေ စစ်သားတွေကြားကနေ ကျောင်းထဲဝင်ကြရတယ်။ ဒီနေရာမှာ RIT လိုပဲ စစ်တပ်က လှိုင်ကျောင်းထဲပါ တပ်စွဲဖို့လုပ်တာ.. တဲ့။ ဆရာကြီးဦးကောင်းညွန့်က "ကျနော့် ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို တာဝန်ယူတယ်.. ဘာမှမဖြစ်စေရဘူး.. တကယ်လို့ စစ်တပ်သာ ကျောင်းထဲရောက်လာရင်တော့ ကျနော် သူတို့ကို ထိန်းနိုင်မယ်လို့ အာမ မခံဘူး" လို့ တပ်က တာဝန်ရှိသူကိုပြောတယ်လို့ ကျမတို့ အစည်းဝေးကတဆင့် သိရပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ စစ်တပ်က လက်ခံပြီး ကျောင်းကွေ့လို့ခေါ်တဲ့ ပြည်လမ်းထောင့် ကျောင်းအ၀င်လမ်းမှာပဲ စစ်တပ်က စောင့်ပါတယ်။ အဲဒီရက်တွေမှာ မသင်္ကာတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ လွယ်အိတ်တွေကိုတော့ လှန်လှောရှာဖွေပါတယ်။

အဲဒီရက်တွေမှာပဲ ရန်ကုန်မြို့လယ်ခေါင်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ နဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ရဲ့ ပူးတွဲကြေညာချက်တွေ ပျံ့နှံ့ကုန်ပါတယ်။ ကျောင်းသားသမဂ္ဂတွေ ပြန် ဖွဲ့စည်းကြဖို့ လှုံ့ဆော်ထားတဲ့ စာတွေပေါ့။ တကယ်တော့ အဲဒီစာတွေက စက်တင်ဘာ ငွေစက္ကူပြဿနာ နောက်ပိုင်းကတည်းက တဖြည်းဖြည်း ပျံ့နေခဲ့ တာပါ။ ခုရက်ပိုင်းမှာတော့ အရှိန်တော်တော်မြင့်လာတာပေါ့။

မတ်လ၁၇ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို စစ်တပ်က ၀ိုင်းပြီး တပ်စွဲထားပြီ။ ကျောင်းသားကျောင်းသူ တချို့ကတော့ ထီမထင်တဲ့ မျက်နှာပေးတွေနဲ့ စစ်သားတွေရှေ့မှာပဲ ဖြတ်သွားဖြတ်လာလုပ်နေကြပါတယ်။ ကျောင်းဝင်းထဲ အဓိပတိလမ်းမနဲ့ ဂျပ်စင်မှာတော့ ကျောင်းသားတချို့က တရားပွဲတွေလုပ်နေကြသေးတယ်။ လှိုင်မှာလည်း ကျမတို့ ဆရာမတွေ စစ်သားတွေရှေ့က ဖြတ်ပြီး ကျောင်းထဲဝင်ရတာပေါ့။ ညနေ ၃နာရီလောက်မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ၀င်ပေါက်ထွက်ပေါက် အကုန်ပိတ်ပစ်လိုက်ပြီး ကျောင်းထဲမှာ မိသမျှ ကျောင်းသားကျောင်းသူတွေကို ဖမ်းပါတယ်။ ပြီးတော့ ထောင်ကားနဲ့တင်ခေါ်သွားပါတယ်။ အဲဒီညမှာပဲ ကျောင်းတွေရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကြေငြာတယ်ထင်တာပဲ။ အဲဒီနေ့မှာပဲ ပိတ်သွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ၀င်းတံခါးတော်တော်များဟာ ဒီနေ့ထက်ထိ ပြန်ပွင့်မလာကြတော့တာပါ။

တံခါးတွေ အပိတ်ခံထားရတဲ့အထဲ နာဂစ်ကပါ ဒုက္ခပေးတာ ခံထားရတဲ့ မြသီလာ

၁၈ရက်နေ့ သောကြာနေ့မှာ ကျောင်းသားတွေကို ဓာတ်ပုံတွေနဲ့တိုက်စစ်ပြီး ဖမ်းခေါ်တယ် ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ နောက်တော့ ၁၆ရက်နေ့တုန်းက ကျောင်းထဲကနေ အလုံပိတ်ကားနဲ့ အပြည့်အသိပ် ဖမ်းခေါ်သွားခံရတဲ့ ကျောင်းသားကျောင်းသူတချို့ အသက်ရှူကျပ်ပြီး သေဆုံးကုန်တယ်ဆိုတာတွေ ကြားလာရတယ်။ (အဲဒီသတင်းဟာလည်း အမှန်ပါပဲ)။ ကျောင်းဝန်းကျင်မှာ တဖြည်းဖြည်းနဲ့ သွေးပျက်လာ ကြတယ်။ နေ့လယ်ခင်းကျတော့ မြို့ထဲ ဆူးလေတ၀ိုက်နဲ့ မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတချို့ ဆန္ဒပြတယ်.. စာဝေတယ်.. စာကပ်တယ်.. တရားဟောတယ်လို့ အိမ်က ကျမဆီ ဖုန်းဆက်ပြောတယ်။ (ကိုတင်အေးကတော့ မြို့တော်ခန်းမရှေ့မှာ တရားဟောတာ တက္ကသိုလ်ကျောင်းသူ မိုင်နီနီအောင်လို့ ပြောပါတယ်။) နောက်တော့ ပြည်သူ့ကုန်တိုက်ကို မီးရှို့တယ်လို့လည်း ပြောပါတယ်။ ကျမ ညနေ အိမ်ပြန် ရောက်ချိန်မှာတော့ မြို့ထဲ မြင်မြင်သမျှ လူငယ်တွေကို ဖမ်းပြီး ထောင်ကားနဲ့ ခေါ်သွားတယ်ဆိုတာ ကြားရတော့တာပါပဲ။

အဲလိုနဲ့ တနင်္လာနေ့မှာ ဂျူတီအရ ကျမကျောင်းကိုလာတော့ ကျောင်းဝန်းကျင်မှာ အိပ်ငိုက်နေတဲ့ စစ်သားတစုနဲ့ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ကျောင်းဝင်းကြီးကိုသာ ကျမ တွေ့ရပါတော့တယ်။ ကိုဖုန်းမော်အရေးအခင်းဟာ အဲဒီရက်တွေထဲမှာတော့ တိတ်ဆိတ် ပြီးဆုံးသွားခဲ့ပါတယ်။ အဲသလိုပဲ ကိုဖုန်းမော်ရဲ့ ဈာပနဟာလည်း တိတ်ဆိတ်ခြောက်ကပ်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ်။ (မြန်မာနိုင်ငံကျောင်းသားတွေ အဲလိုနဲ့ အမှန်တရားနဲ့ တရားမျှတမှု အတွက် ပေးဆပ်ခဲ့ကြရတာ.. ၆၂၊ ၇၄၊ ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ စက်တင်ဘာ)

ဒါပေမဲ့ ကိုဖုန်းမော်ကတော့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှုတိုက်ပွဲသမိုင်းထဲမှာ ကျည်ကျည်လောင်လောင် မြည်ဟီး ထင်ကျန်ခဲ့တယ်ဆိုတာကတော့ ခုချိန်ထိ အထင်အရှား ပါပဲလေ။

+++++

အဲလိုနဲ့ ကျောင်းထဲမှာ ဆရာဆရာမတွေချည်းပဲ ကျန်ခဲ့ပြီး ပုံမှန် ရုံးးတက်ရမယ်.. စာတမ်းတွေ ဖတ်ရမယ်.. သင်ကြားရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းတွေ လုပ်ရမယ်ဆိုတာတွေ ရှိလာပါတယ်။ စိတ်မကောင်းစရာ ကောင်းတာကတော့ ကိုဖုန်းမော်ရဲ့ ပြဿနာတောင် မှိန်ဖျော့သွားခဲ့တာပါပဲ။ RIT ကျောင်းကြီးတောင် ရုံးသမားတွေ ဆရာဆရာမတွေနဲ့ ပုံမှန်လည်ပတ်နေသယောင်။ ဒါပေမဲ့ ပုံမှန်မဟုတ်တာကိုတော့ ကျောင်းနဲ့မဆိုင်တဲ့ စစ်တပ်ကို ကျောင်းနဲ့ ပူးတွဲတွေ့နေရတာက သက်သေပါပဲ။ ဒါကိုက အလွယ်တကူ မေ့ပျောက်မရဘူးဆိုတဲ့ အမှတ်အသားပဲ မဟုတ်လား။ အဲလိုနဲ့ ဆရာမတွေအတွက် နွေရာသီနားရက် Vacation ကာလ ရောက်လာပါတယ်။ အသီးသီး ကိုယ့်အိမ်ကိုယ်ယာတွေဆီ ပြန်ကြပေါ့။

ဒီနေရာမှာ ပြဿနာကတော့ ကျမပါ။ စီစဉ်ထားတဲ့အတိုင်း မေလမှာ မင်္ဂလာက ဆောင်ရတော့မှာ..။ ဒါပေမဲ့ စိတ်ထဲမှာက လေးလေးလံလံ.. ဘာလို့မှန်းလဲ မသိပါဘူး။ နောက်ဆုံးတော့ ပြောထားဆိုထားတဲ့အတိုင်း မင်္ဂလာဆောင်မယ်ပေါ့။ ကျမက ကျောင်းတွေ ဇွန်မှာတော့ ပြန်ဖွင့်မှာပါ... အဲဒီအခါ သူငယ်ချင်းတွေစုံမှာဆိုပြီး ဇွန်လမှာ မင်္ဂလာပွဲလုပ်ဖို့ ဆုံးဖြတ်ပါတယ်။ ပြီးတော့ မင်္ဂလာဆောင်အတွက် ပြင်ဆင်ပေါ့.. (ခုပြန်တွေးရင်တော့ စိတ်ထဲ မသက်သာ.. အားတုံ့အားနာ)။

+++++

၈၈ရဲ့ သင်္ကြန်ရက်တွေ ရောက်လာတော့ ရန်ကုန်ဟာ အားလုံးကို မေ့ခဲ့ပြီ။ လမ်းပေါ်မှာ ဆူဆူညံညံ ပျော်ပါးမပျက်။

အဲဒီသင်္ကြန်တရက် ကျမမြို့ထဲရောက်တုန်း ကျမအတွက် သတို့သမီးအင်္ကျီချုပ်ပေးတဲ့ အန်တီအေး(အဲဒီတုန်းက ဆရာမင်းသိင်္ခရဲ့ ဇနီးပါ) ဆီ ၀င်ပါတယ်။ သူတို့က ဗိုလ်ချုပ်ဈေးရှေ့နားက လေးထပ်တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ နေပါတယ်။ ကျမ အိမ်ပေါ်ရောက်တော့ ဆရာက ၀ရံတာမှာ ရပ်နေပါ တယ်။ ကျမတို့ သူငယ်ချင်းတွေ အန်တီအေးနဲ့ စကားပြောနေတုန်း ဆရာက ကျမတို့ကို နှုတ်ဆက်ရင်း ဒီနှစ်သင်္ကြန်ထူးတယ်ဆရာမတို့..တဲ့။ ဟုတ်လားဆရာ.. ဘယ်လိုထူးတာလဲလို့ ကျမတို့က ပြန်မေးတော့ ဆရာက.. သင်္ကြန်လည်တဲ့ကားတွေမှာ လူငယ်တွေက နဖူးစီးတွေနဲ့ အော်ဟစ်ပြီး အလံတွေလည်း အမျိုးမျိုးထောင်ကိုင်ကြတယ်... နဖူးစီးတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် အနီကဲတယ်... ကျနော် အဲဒါကို သဘောမကျဘူး... အဲဒါ တိုက်ပွဲဖြစ်နေတာနဲ့ တူနေတယ်... နိမိတ်တခုလိုဖြစ်နေတယ်... တိုင်းပြည်အရေး ကလည်း အေးသေးတာမဟုတ်ဘူး... တဲ့။ အမှန်အတိုင်းပြောရရင် ကျမက အဲဒီတုန်းက ပေါ့ပေါ့ပါးပါးပဲ ဟုတ်လား ဆရာပေါ့.. ။

ဒါပေမဲ့ ပြောရရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ ၈၈ ဟာ မြန်မာတပြည်လုံး အော်ဟစ်ကြွေးကျော်.. အလံတွေ စာတန်းတွေကိုင်ဆွဲ.. နဖူးစီးတပ်ထားတဲ့ လူငယ်တွေက ဦးဆောင်တဲ့ တော်လှန်ရေးတိုက်ပွဲ နွှဲရတဲ့ သမိုင်းဝင် နှစ်ကာလ ဖြစ်ခဲ့ပါရောလား..။

+++++

You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.