နိုင်ငံရေးဟူသည်
ကိုဝမ်း
(အောက်တိုဘာ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်က ဆောင်းပါးရှင် ကိုဝမ်းရဲ့ အတွေးများဖြစ်ပါတယ်။ နိုင်ငံရေးမှာ စည်းရုံးရေး အရေးကြီးမှုကို ဖော်ပြထားပါတယ်။)
ဆရာဒဂုန်တာရာသည် အင်မတန်မှ ချစ်ဖွယ်ကောင်းပြီး ကြည်ညိုစရာပုဂ္ဂိုလ်ကြီးဖြစ်သည်။ ငြိမ်းချမ်းရေးစကားကို တွင်တွင်ကြီး ပြောတတ်၍ဖြစ်သည်။ လောကတွင် မေတ္တာတရားနှင့် ငြိမ်းချမ်းရေးလောက် အရေးကြီးသော အရာမရှိတော့ပါ။ မေတ္တာတရားလွှမ်းခြုံမှ လူ့ဘောင်ငြိမ်းချမ်းမည်။ လူ့ဘောင်ငြိမ်းချမ်းမှ လူနေမှုဘ၀ကြီး ဖွံ့ဖြိုးတိုးတက်မည်။
``မုန်းသူမရှိချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ´´ဆိုသည်က ဆရာ၏ မူဝါဒဖြစ်သည်။ ``နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်ပြုလုပ်ခြင်းပဲဗျ´´ဟု ဆရာကဆိုသည်။ ပြောပြသည်က ရွေးကောက်ပွဲတုန်းက ကျွန်တော် မှော်ဘီမှာဗျ။ မဲရုံကို တပ်ကြပ်ကြီး တစ်ဦးက စက်ဘီးပေါ်မှာတင်နင်းပြီး ကျွန်တော့ကို ခေါ်သွားခဲ့တယ်။ သူ့စက်ဘီးပေါ်မှာ ထိုင်လိုက်သွားရင်း ဒီအတွေးကိုရခဲ့တာဟု ဆရာက ပြောလေသည်။
ဆရာဆိုလိုသည့် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်ခြင်းဆိုသည်က `စည်းရုံးရေး´ကို ပြောခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် စည်းရုံးရေးဖြစ်သည်။ စည်းရုံးရေးသည် နိုင်ငံရေး၏ အနှစ်သာရဖြစ်သည်။ စည်းရုံးရေးမပါသော နိုင်ငံရေးသည် အဆန်မပါသော သင်္ကြန်အမြောက်သာဖြစ်သည်။ စည်းရုံးရေးမပါသော် နိုင်ငံရေးဟုပင် မခေါ်ထိုက်။ နိုင်ငံရေး တွင် အမိန့်ပေး၍မရ။ စည်းရုံးရေးဆို၍ အမှန်တရားနှင့် လွဲဖယ်၍မရ။ အမှန်တရားနှင့် ကင်းကွာ၍မရ။ အမှန်တရား သို့မဟုတ် ပြည်သူအတွက် အကျိုးရှိမည့် အရာကို ပြည်သူက သဘောပေါက်နားလည်ပြီး လက်ခံလာအောင် ရှင်းလင်းပြောပြခြင်းသည် စည်းရုံးရေးဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေးတွင် အမိန့်ပေး၍မရဟု ဆိုခဲ့ရခြင်းပါ။
သိမ်းသွင်းခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်းများသည် စည်းရုံးရေးမဟုတ်ပါ။ စည်းရုံးရေးသဘောမဆောင်ပါ။ မိမိဖြစ်စေချင်သည် ကို တစ်ပါးသူက လိုက်နာအောင် သိမ်းသွင်းသည်။ သွေးဆောင်သည်။ ဖြားယောင်းသည်။ မိမိဖြစ်စေချင် သောအရာတိုင်းသည် ပြည်သူအတွက် အမှန်တရားလော။ အမှန်တရားလည်းဖြစ်ချင်ဖြစ်မည်။ ဖြစ်ချင်မှလည်းဖြစ်မည်။ ပြည်သူ့အတွက် အမှန်တရားဆိုရာ၌ `မိမိ၏ ဆန္ဒ၊ မိမိဖြစ်စေချင်သော´ဟူသော ကဏ္ဍများမထည့်သွင်းပါနှင့်။ မိမိက ကြိုက်ချင်လည်း ကြိုက်မည်။ မကြိုက်ဘဲလည်း ရှိချင်ရှိမည်။ သို့သော် ယင်းမူဝါဒ၏ ဦးတည်ချက်က ပြည်သူအတွက် အကျိုး စီးပွားသာဖြစ်ရမည်။ ဖြစ်သင့်သည်။
နိုင်ငံရေးဆိုသည်နှင့် အများစုက နိုင်ငံရေးပါတီများနှင့် ပါတီနိုင်ငံရေး (Party Politics) ကိုသာ ပြေး၍မြင်တတ်ကြသည်။ တကယ်တော့ နိုင်ငံရေးပါတီအသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်မူဝါဒကို ပြည်သူအားချပြ၍ မိမိတို့မူဝါဒသည်သာ မှန်ကန်ကြောင်း၊ ပြည်သူ့အကျိုးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း စည်းရုံးကြသည်။ ထိုအခါ တစ်ပါတီနှင့် တစ်ပါတီ (အထူးသဖြင့် အာဏာရပါတီနှင့် အတိုက်အခံပါတီတို့) အကြား သဘောထားကွဲပြားခဲ့ကြသည်။ ပြည်သူ၏ ထောက်ခံမှုကို ရရှိရေး အတွက် မသမာသောနည်းများ သုံးကြသည်။ မဲပုံးဖောက်၍ မဲခိုးမှုများ၊ ငွေပေး၍ မဲဝယ်မှုများ၊ နိုင်ငံရေးလူသတ်မှုများဖြစ်ပွားခဲ့ သည်။ တကယ်တော့ နိုင်ငံရေးဆိုသည်က ညစ်ပတ်သည်မဟုတ်။ အင်မတန်မှ ဖြူစင်သောအရာဖြစ်သည်။ နိုင်ငံရေးသမား အချို့နှင့် သူတို့၏ မသမာသော လုပ်ရပ်များကသာ ညစ်ပတ်ခြင်းဖြစ်သည်။
ကျွန်တော်က ၂၀၀၀ ပြည့်လွန်နှစ်စပိုင်းတွင် ဟောင်ကောင်ထုတ်ဆောက်စ်ချိုင်းနားမောနင်းပိုစ့်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဓာတ်ပုံ တစ်ပုံကို သတိရမိသည်။ ယင်းနိုင်ငံတွင် ကွယ်လွန်သူ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးခေါင်းဆောင် ရှိတ်မူဂျီဆာရာမန်၏ သမီး ရှိတ်ဟာစီနာဝါဇက်ဦးဆောင်သော အပါမီလိဇ်ပါတီနှင့် ဘီဂမ်ခါလီဒါဇီယာ၏ နိုင်ငံရေးပါတီနှစ်ခုက အဓိကပါတီတွေဖြစ်သည်။ တစ်ပါတီက အာဏာရလိုက် အတိုက်အခံပါတီက ဆန္ဒပြလိုက်နှင့် နိုင်ငံရေးသပွတ်အူလိုက်နေခဲ့ သည်။ ယင်းသတင်းဓာတ်ပုံပါသည့် အချိန်တွင် အတိုက်အခံပါတီက အစိုးရအား (မည်သည့်ပါတီက အစိုးရဖြစ်၍ မည်သည့် ပါတီက အတိုက်အခံဖြစ်နေခဲ့သည်ကိုမူ ကောင်းစွာမမှတ်မိတော့ပါ) သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြနေချိန်ဖြစ်သည်။ အတိုက်အခံပါတီ အမျိုးသမီးတွေက သူတို့ခိုင်းသည့်အတိုင်း ဆန္ဒမပြရကောင်းလားဆိုပြီး ဆိုက်ကားတစ်စီးကို ရိုက်ချိုးဖျက်ဆီးနေပုံ ဖြစ်သည်။ ကျွန်တော်က ယင်းသတင်းဓာတ်ပုံကို ကြည့်ပြီး များစွာပဲစိတ်ပျက်မိခဲ့သည်။ ဒါဟာ နိုင်ငံရေးလား၊ ဒါဟာ ပါလီမန် ဒီမိုကရေစီကျင့်စဉ်လား။ ဒါဟာ နိုင်ငံရေးနှင့်မဆိုင်၊ ပါလီမန် ဒီမိုကရေစီကျင့်စဉ်နှင့်မဆိုင် နိုင်ငံရေးပါတီတစ်ခု၏ အကြမ်းဖက်မှု သာဖြစ်သည်။
မြန်မာပြည်တွင် အာဏာရ ဖ.ဆ.ပ.လ အဖွဲ့မှ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ကျင့်ဖောက်ပြန်မှုဆိုသော သတင်းကို အိုးဝေ၊ ဟစ်တိုင်စသည့်သတင်းစာများက ရေးသာဖော်ပြခဲ့သည့် လွတ်လပ်ရေးရပြီးကာစ ကာလဖြစ်သည်။ အာဏာရပါတီက ပုဂ္ဂိုလ်များက ယင်းသတင်းစာတိုက်များသို့ ၀င်ကာစာစီခုံများကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။ သတင်းက မမှန်သော် ရုံးတော်တွင် တရားစွဲရုံပဲရှိသည်။ ယခုတော့ ဤသို့မဟုတ်ခဲ့ပါ။ ၁၉၅၈ ခုနှစ်၊ ဖ.ဆ.ပ.လ ကွဲတော့ ကျွန်တော် က အသက် ၁၂နှစ်သားအရွယ် ကောင်းစွာမှတ်မိလို့နေပြီ။ သန့်ရှင်းနှင့် တည်မြဲ (နုတင်နှင့် ဆွေငြိမ်း) ဟူ၍ ကွဲပြားသည်။ လွှတ်တော်တွင် မဲမခွဲမီ နုတင်က ထောင်သွင်းအကျဉ်းချထားသော အတိုက်အခံ ပ.မ.ည.တ အမတ်အချို့ကို လွှတ်ပေးကာ လွှတ်တော်တက်စေခဲ့သည်။ ပါလီမန်တွင် မဲခွဲသောအခါ နုတင်က ပ.မ.ည.တ ထောက်ခံမှုဖြင့် ရှစ်မဲအသာနှင့် အနိုင်ရခဲ့သည်။ လိုရင်လိုသလို မလိုရင် မလိုသလို ကျင့်သုံးမှုသည် နိုင်ငံရေးမဟုတ်ပါ။
နိုင်ငံရေးသည် စည်းရုံးရေးဖြစ်သည်။ စည်းရုံးရေးသည် ပြည်သူဖြစ်သည်။ ပြည်သူ၏ စစ်မှန်သော ထောက်ခံမှုမရဘဲ အောင်ပွဲ အစစ် အမှန်ရလိမ့်မည်မဟုတ်ပါ။ ပြည်သူကိုလှည့်ဖြား၍မရ၊ ကောက်ကျစ်၍မရ၊ လုပ်ကြံဖန်တည်း၍မရ၊ ပြည်သူတွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်သော အသိဉာဏ်ပညာရှိသည်။ ပြည်သူသည် လူ့သမိုင်း အဆက်ဆက်ကို အမွေခံခဲ့ကာ ယင်းမှ ရရှိသော အသိပညာနှင့် ဝေဖန် ပိုင်းခြားနိုင်သည်။
ကိုဝမ်း
You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.