Tuesday, November 4, 2008

[NYI LYNN SECK 18+ DEN] 4 New Entries: အိုစီပေးလ်တွေ သိပ်မပေးနဲ့

အိုစီပေးလ်တွေ သိပ်မပေးနဲ့


အိုစီပေးလ်တွေ သိပ်မပေးနဲ့



ခင်ဗျားတားချင်နေတာကတော့ တစ်ခုပဲ
ဒါပေမယ့် အိုစီပေးလ်တွေ သိပ်မပေးနဲ့
တစ်နေ့တစ်ခြား ကြီးထွားလာတဲ့ ကိုယ်ခန္ဓာက
ခင်ဗျားတားနေတဲ့ဟာ မဟုတ်တော့ ခင်ဗျားတားမရဘူးပေါ့
အကောင်းရှိရင် အဆိုးရှိမယ်
အကြောင်းရှိရင် အကျိုးရှိမယ်
အခိုင်ခန့်ဆုံး တာတမံတွေက ဗြောင်းကနဲ ကျိုးတတ်တယ်
ဆို့ထားတဲ့ ပုလင်းကလည်း ဖောင်းကနဲ ပွင့်တတ်တယ်
စီးတဲ့ရေ ဆယ်တဲ့ကန်သင်း
ကတွတ်ပေါက်မှာ ဗျိုင်းတစ်ကောင် စောင့်နေလည်း
ခင်ဗျားကမမြင်ဘူး
မလိုလားအပ်တာတွေဖြစ်လာလည်း
ခင်ဗျားကမမြင်ဘူး
မဖြစ်ဖူးတာတွေ ခင်ဗျားရှေ့ဖြစ်လည်း
ခင်ဗျားကမမြင်ဘူး

မောင်ချောနွယ်ရဲ့ဖြူးလို
ကိုယ်ခန္ဓာကြီးဝဖီးလာလိုက်တာ

အို
စီ
ပေးလ်
တွေ 
သိပ်
ပေး
နဲ့
။    ။


ကဗျာတွေဖတ်ပြီး ချက်ချင်းဆိုသလိုပဲ ခေါင်းထဲကို စကားလုံးတွေ လျှောခနဲ ရောက်လာတယ်။ ရေးလိုက်တော့လည်း တထိုင်တည်းနဲ့ ပြီးသွားတယ်။ အခုနောက်ပိုင်း ကဗျာတစ်ပုဒ် တစ်ပုဒ် ရေးဖို့ကို တော်တော် ကြာတယ်။ ရေးဖြစ်ရင်လည်း အရင်ကလို ခံစားချက် ဘာညာသာရကာတွေ သိပ်မရေးဖြစ်တော့ဘူး။ ဒီကဗျာ ဆင်ဆာတင်ရင် လွတ်နိုင်မလား။ ကိုယ်ဝန်တားနည်းတွေ ပါတယ်ဆိုပြီး ပယ်ရင်တော့ ဟီးဟီးဟားဟားပဲ နေတော့မယ်။ 


PS: အိုစီပေးလ်= OC Pills

ကိုးကြောင်းလင်္ကာ

ကိုးကြောင်းလင်္ကာ



နှစ်အလီ
ဒွေး ဧက ဒွေး၊ ဒွေး ဒွေး စာရ (ဇယ)၊ ဒွေး တြိ ဆ၊ ဒွေး စာလီ အဌ်၊ ဒွေး ပဉ္စ သုဉ်ဒသ၊ ဒွေး သော ဒွါဒသ၊ ဒွေး သတ္တာ စတုရာဒသ၊ ဒွေး အဋ္ဌ သောဠသ၊ ဒွေး နဝါ အဋ္ဌာရသ။ (အဋ္ဌာဒသ)

သုံးအလီ
တြိ ဧက တြိ၊ တြိ ဒွေး ဆ၊ တြိ တြ နော၊ တြိ စရက (ဇယ) ဒွါဒသ၊ တြိ ပဉ္စ ပဉ္စဒသ၊ တြိ သော အဋ္ဌာရသ (အဋ္ဌာဒသ)၊ တြိ သတ္တာ ဧကာဗီသ၊ တြိ အဋ္ဌ ဇောဗီသ၊ တြိ နဝါ သတ္တာဗီသ။

လေးအလီ
ဇယ ဧက ဇယ၊ ဇယ ဒွေး အဌ်၊ ဇယ တြိက ဒွါဒသ၊ ဇယ ဇော သောဠသ၊ ဇယ ပဉ္စ သုဉ်ဗီသ၊ ဇယ သော ဇောဗီသ၊ ဇယ သတ္တာ အဋ္ဌာဗီသ၊ ဇယ အဋ္ဌာ ဒွါတြိသ (ဒွါတိံသ)၊ ဇယ နဝ ဆတြိံသ။

ငါးအလီ
ဗျဉ်း (ဗျည်း) ဧက ဗျဉ်း (ဗျည်း)၊ ပဉ္စ ဒွေး သုဉ်ဒသ၊ ပဉ္စ တြိနာ ပဉ္စာဒသ၊ ပဉ္စ ဇယ သုဉ်ဗီသ၊ ပဉ္စ ဗျဉ်းပဉ္စာဗီသ၊ ပဉ္စ သော သုဉ်တြိံသ၊ ပဉ္စ သတ္တာ ပဉ္စာတြိံသ၊ ပဉ္စ အဋ္ဌ သုဉ်စာလီသ၊ ပဉ္စ နဝါ ပဉ္စာ စာလီသ။

ခြောက်အလီ
သော ဧက သော၊ သော ဒွေး ဒွါဒသ၊ သော တြိနာ အဋ္ဌာဒသ၊ သော ဇယ ဇောဗီသ၊ သော ပဉ္စ သုဉ်တြိံသ၊ သော သော ဆတြိံသ၊ သော သတ္တာ ဒွေး စာလီသ၊ သော အဋ္ဌ အဋ္ဌစာလီသ (အဋ္ဌစတုရ)၊ သော နဝါ ဇော ပညာသ။

ခုနစ်အလီ
သတ် ဧက သတ်၊ သတ္တ ဒွေး စတုရာဒသ၊ သတ္တ တြိနာ ဧကာဗီသ၊ သတ္တ ဇော အဋ္ဌာဗီသ၊ သတ္တ ပဉ္စ ပဉ္စတြိံသ၊ သတ္တ သော ဗားစာလီသ၊ သတ္တ သတ္တ နဝ စာလီသ၊ သတ္တ အဋ္ဌ ဆပညာသ၊ သတ္တ နဝ တြိံဆ။

ရှစ်အလီ
အဌ် ဧက အဌ်၊ အဋ္ဌ ဒွေး သောဠသ၊ အဋ္ဌ တြိနာ ဇောဗီသ၊ အဋ္ဌ ဇယ ဗားတြိံသ၊ အဋ္ဌ ပဉ္စ သုဉ်စာလီသ၊ အဋ္ဌ သော အဋ္ဌစာလီသ၊ အဋ္ဌ သတ္တာ ဆပညာသ၊ အဋ္ဌ အဋ္ဌ စတုဆ၊ အဋ္ဌ နဝ ဗားသတ်။

ကိုးအလီ
နော ဧက နော၊ နဝ ဒွေး အဋ္ဌာဒသ၊ နဝ တြိနာ သတ္တာ ဗီသ၊ နာ ဇယ ဆတြိံသ၊ နဝ ပဉ္စ ပဉ္စ စာလီသ၊ နဝ သော ဇောပညာသ၊ နဝ သတ္တာ တြိံဆ၊ နဝ အဋ္ဌ ဗားသတ်၊ နဝ နဝါ ဧကာသီတိ မှတ်။
(ဧကာ အသီတိ = အဌ်၊ ဧကာ အာသိ = အဌ်)


***
နှစ် မှ ကိုး အထိ ပါဠိဘာသာအလီ ဤတွင်ရွေ့ ပြီးပါပြီ။

***


ဒါလေးက မမေဓာဝီ ဒီမှာ ရှိနေစဉ်တုန်းက ကျွန်တော် တကူးတက သွားမေးထားဖြစ်တဲ့ ကိုးကြောင်း လင်္ကာလေးပါ။ မမေရဲ့ ဘလောဂ်မှာလည်း တင်ထားခဲ့ဖူးပါတယ်[Link]။ ရှေးခေတ်တုန်းက ဘုန်းတော်ကြီး ကျောင်းတွေမှာ ကျောင်းသားတွေကို သင်္ချာသင်တဲ့ အလီပေါင်း ဂါထာလေး ဆိုပါတော့။ ဒီဟာလေးကို အပြည့်အစုံရဖို့  တော်တော်ခက်ခက်ခဲခဲ ရှာခဲ့ရပါတယ်။ မမေ ဖခင်ရဲ့ မိတ်ဆွေတစ်ဦးဆီက ရခဲ့လို့သာ ကျွန်တော် သိမ်းထားနိုင်ခဲ့တာ။ ကျေးဇူးပါအမ။ 



သုခမိန်လှိုင်ရဲ့ အငြိမ့်




အငြိမ့်
သုခမိန်လှိုင်
စာအုပ်ဈေး
၄၂၀၀၅၆၁၀၀၈
ပကြိမ်
အောက်တိုဘာ၊ ၂၀၀၈
၂၀၀၀ကျပ်


သုခမိန်လှိုင် အသက်ခြောက်ဆယ်ပြည့် မွေးနေ့အတွက် ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာတွေပါတဲ့။ အချိန် ၈နာရီလောက် အတွင်းမှာ ရေးထားတဲ့ ကဗျာ ၂၆ပုဒ် ဖြစ်ပါတယ်။ စိုင်းဝင်းမြင့် ကဗျာတွေဖတ်ပြီး နှလုံးခုန် မြန်နေတဲ့ ကျွန်တော်ဟာ ဒီကဗျာတွေကိုလည်း ဖတ်လိုက်ရရော မီးလောင်ပြင်ကို ရေနဲ့ဖြန်းလိုက်သလို ငြိမ်ကျသွားတယ်။ ပထမတော့ ကျွန်တော်ဟာ ဒီသဘောကို နားမလည်ဘူး။ ဟင် ကဗျာတွေကလည်း ဘယ်လိုကြီးတွေလဲပေါ့။ တကယ်တမ်းက ကျွန်တော့်စိတ် ငြိမ်သွားတာ။ လွန်ခဲ့တဲ့ ၂၀နှစ်လောက်ကို ခုန်ကူးသွားခဲ့တာ စစချင်း မသိခဲ့ဘူး။ နောက်တစ်နေ့ မနက် မိုးလင်းလို့ ဒီစာအုပ်ကို နောက်တစ်ကြိမ် ပြန်ဖတ်တော့မှ ဒါတွေကို ကောင်းကောင်းခံစားလို့ ရခဲ့တယ်။ ကဗျာတွေတိုင်းကို နေမျိုးဆေးရဲ့ နာမည်ကျော် ကချေသည်သည် စီးရီးတွေနဲ့ ဒီဇိုင်းဖွဲ့ထားတယ်။ ဒါကြောင့်လည်း ဖတ်လိုက်ရတဲ့ စိတ်ထဲမှာသာမက မျက်လုံးထဲကိုပါ ကဗျာက တန်းတန်းဝင်သွားတယ်။ ကဗျာတွေကို မောင်သာနိုးက အင်္ဂလိပ်လို ပြန်ဖွဲ့ပေးထား ပါသေးတယ်။ ကျွန်တော့်စိတ်ထဲ စွဲသွားတဲ့ ကဗျာတွေက ပြန်လာပြီတွေ၊ အားလုံးအသင့်ပြင်၊ ခေတ်အငြိမ့်၊ ပြန်မလာအငြိမ့် စတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ပထမဆုံး ကဗျာဖြစ်တဲ့ ပြန်လာပြီတွေနဲ့ နောက်ဆုံးနားက ပြန်မလာအငြိမ့်မှာ ဆက်စပ်မှု တစ်စုံတစ်ရာကို တွေ့ရပါလိမ့်မယ်။ စစချင်းမှာ အငြိမ့်တွေ ပြန်လာပြီလို့ သူပြောပြီးကာမှ နောက်ပိုင်း ဒါတွေဟာ သူထင်နေတဲ့ အရာတွေပါလားလို့ ပြောလိုက်သလိုပါပဲ။ ဒီစာအုပ်လေးလည်း ဖတ်ကြည့်ကြပါဦး။ 




ပြန်လာပြီတွေ

အငြိမ့်ရှိတယ်၊ အငြိမ့်ရှိတယ်
မြို့တော်ပေါစံ ပြန်လာပြီ
ဓာတ်ဆီဓာတ်ဆံ ပြန်လာပြီ
လေဘာတီ မမြရင် ပြန်လာပြီ
ရွာစားကြီး စိန်ဗေဒါ ပြန်လာပြီ
နန်းရှေ့ဆရာတင် ပြန်လာပြီ
ကျွန်တော် ပျော်ပါရစေ
ကျွန်တော် မော်ပါရစေ
ကျွန်တော် ရယ်ပါရစေ။



ခေတ်အငြိမ့်

အငြိမ့်ရှိတယ်
မင်းသမီးက အင်ဂျလီနာဂျိုလီ
လူပြက်ကြီးနှစ်ယောက်က
ဂျော့ဘုရှ်နဲ့ ဘင်လာဒင်
မရယ်ရလို့
ကျွန်တော် အစောကြီး အိပ်ပျော်တယ်။


ပြန်မလာအငြိမ့်

အငြိမ့်ရှိတယ်
လူပြက်ကြီးကပြောတယ်
ငါ့ဘကြီး သေတော့ကွာ
ပြန်မလာတော့ဘူး
ငါက ပြန်လာဦးမယ် မှတ်နေတာ
သြော် တစ်နေ့ တစ်နေ့
အဖေ၊ အမေတွေ
ချစ်တဲ့သူတွေ
ငါက ပြန်လာဦးမယ် မှတ်နေတာ။



များများမြန်မြန်




ဘဝကို ခပ်မြန်မြန်သုံးစွဲ ရန်သူ့အတွက် ချန်မထားနဲ့



လက်ဖျံနဲ့ ဆက်ဆံရမယ့် မနက်ဖြန်
အရသာမတူလည်း ရတာယူလို့
ဝေးရင်ဝင် ပြောရင်ပြီးမယ်
ဘာကိုဘယ်လို
လမ်းကြုံတုန်း ဝင်ရောက်ထိုးကြိတ်သွားရအောင်
တစ်လက်စတည်း တစ်အိမ်လိုနေလို့
အပွင့်လိုနေရင် အပွင့်ဖြည့်ပေးမယ်
အသက်လိုနေရင် အသက်ဖြည့်ပေးမယ်
ချစ်တယ်နော် အလိုမလိုက်ဘူး
သစ်တွက်နည်း ရွှေတွက်နည်း
ကမ္ဘာ့စီးပွားဖက်တွေ
တွဲဖက်မစားသင့်တဲ့ အစာတွေ
ကျွန်တော်တို့ တစ်ယောက်မှ ထလို့ မရဘူး
ပြန်ပြန်ပြုတ်ကျတယ်
ဟိတ်ဆိုဟိတ်
ဓာတ်တိုင်နဲ့ မခိုင်တွေ့နေပြီ
ကမ္ဘာနဲ့ ကဗျာကြား မီးစလေးတစ်စ ချထားခဲ့တယ်
အဟလေးအတိုင်း လိုက်သွားရုံ
ကမ္ဘာခြားပြီ
ဘောလုံးဟာ ကမ္ဘာသုံး ဘာသာစကား
အားလုံးပြုံးပျော်နိုင်ကြပါပြီ
လေတိုက်လို့ ထွားလာတာပါဆိုလည်း
အလကားတော့မဟုတ်
ငါတို့ပိုက်ဆံနဲ့ သူတို့လေညင်းခံ ထွက်သွားတာပါလို့ ဆိုသူကဆို
နောက်တစ်နာရီ ကျွန်တော် ဘယ်သွားနေရမလဲဗျာ
အိမ်ပြန်ချင်တာမောင်ဘ
အမှန်တရားဟာ အမှန်တရားအတိုင်း ဖြစ်စေရမှာပေါ့။


စိုင်းဝင်းမြင့်
စာ-၂၃


မနေ့က စိုင်းဝင်းမြင့်ရဲ့ ကဗျာစာအုပ်အသစ် များများမြန်မြန် ဆိုတဲ့ စာအုပ်လေး ထွက်လာတယ်။ မြန်မာကဗျာ လောကမှာ ကိုယ်ပိုင်ဟန် ထူထောင်နိုင်တဲ့သူ တော်တော်နည်းပါတယ်။ လူတိုင်း ကိုယ်ပိုင်ဟန် ရှိတယ်ဆိုတာ မဟုတ်ပါဘူး။ ထင်ရှားတဲ့ ကဗျာဆရာ အများအပြား ရှိတယ်ဆိုပေမယ့် တကယ်တမ်း သေချာဖတ်ပါ များရင် ဟန်တွေ အသုံးတွေ ဆင်နေကြတာ များတယ်။ လွှမ်းမိုးမှုတွေ အများကြီး ရှိတယ်။ စိုင်းဝင်းမြင့်ကတော့ အဲဒီကဗျာဆရာ များစွာထဲကနေ ခွဲထွက်ခဲ့သူ တစ်ယောက်ပါပဲ။ သူ့ရဲ့ အရင်စာအုပ်တွေ ကတည်းက သူ့ကဗျာဟန်ဟာ သူများနဲ့ကို မတူဘူး။ စကားလုံးတွေဟာ သွက်နေတယ်။ သူ့ကဗျာမှာ လူငယ်တွေကြား အသုံးများတဲ့ ခေတ်ပေါ် စကားလုံးတွေ လှိုင်လှိုင် သုံးတတ်တယ်။ သုံးလိုက်တဲ့ စကားတိုင်းကလည်း အဆက်အစပ် ရှိနေတတ်တယ်။ သူ့ကဗျာတွေဟာ ဖတ်ရတာ ပျင်းဖို့ မကောင်းဘူး။ မလေးလံဘူး ပေါ့ပါးတယ်။ တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ လူတစ်ယောက် ပြောလိုက်တဲ့ စကားလို သူ့ကဗျာကို ဖတ်လိုက်တာနဲ့ ထိထိမိမိ သိရတယ်။ အခု ဒီစာအုပ်မှာတော့ သူ့ရဲ့ ဟန်ဟာ ပိုပီပြင်လာတယ်။ ဒါ့အပြင် ကဗျာစာအုပ် နာမည်ကိုက များများမြန်မြန် ဆိုတဲ့အတိုင်း ကဗျာတွေမှာ သုံးထားတဲ့ စာလုံးတွေဟာ သိပ်မြန်တယ်။ ကဗျာခေါင်းစဉ်တွေကလည်း ဆန်းတယ်။ လာမယ်ကြာမယ်၊ ပြောပြောပြီးပြီး၊ စသည်ဖြင့်ပေါ့ဗျာ..ကောင်းကွာ၊ ပြောပြောပြေးပြေး စတဲ့ ခပ်သွက်သွက် ခေါင်းစဉ်တွေကို တွေ့ရပါလိမ့်မယ်။ ကဗျာစာအုပ် ခေါင်းစဉ်လေးကို တစိမ့်စိမ့် ခံစားရင်း သူ့ကဗျာတွေကို ဖတ်မယ်ဆိုရင် ပိုခံစား မိပါလိမ့်မယ်။ ဖတ်ကြည့်ကြပါဦး။ 



များများမြန်မြန်
စိုင်းဝင်းမြင့်
ကျော်မွှေးစာပေ
စာမူခွင့်ပြု - ၄၂၀၀၅၅၁၀၀၈
ပကြိမ်
အောက်တိုဘာ၊ ၂၀၀၈
တန်ဖိုး - ၁၀၀၀ကျပ်


PS: တောကျောင်းဆရာနဲ့ ကျွန်တော် တိုက်ဆိုင်တာ နှစ်ခါရှိပါပြီ။ ပထမတစ်ခါက ဂျူးအကြောင်း၊ အခုတစ်ခါက စိုင်းဝင်းမြင့် ကဗျာအကြောင်း။ ဒီကဗျာစာအုပ်အကြောင်းကို တောကျောင်းဆရာ ညွှန်းဆို ပြသွားတာတွေက ကျွန်တော့်ထက်ပိုပြီး အသေးစိတ်ပါတယ်။ ပြီးတော့ ကဗျာ ၆ပုဒ်တောင် တင်ထားပေးပါသေးတယ်။ ဒါကြောင့် ဒီပို့စ်လေးကို ဖတ်မိလို့ စိတ်ဝင်စားရင် တောကျောင်းဆရာရဲ့ ပိုစ့်လေးကိုလည်း မဖြစ်မနေ ဖတ်ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကျေးဇူးပါ တောကျောင်းဆရာခင်ဗျား။ [Go>]

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.