Tuesday, November 4, 2008

[Fine Leaves] 1 New Entry: ဒီမိုကရေစီ ခရီး

ဒီမိုကရေစီ ခရီး

စစ်
အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း သိပ်မပြောချင်လှဘူး။
ဘာဖြစ်လို့လဲဆိုတော့ ပြောရတာ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းရသလို ဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေအတွက် ဥပဒေ တွေ က ဘယ်လိုနေမှန်းမသိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေက ဘယ်လိုနေမှန်းမသိ၊ ရွေးကောက်ပွဲရလဒ်က စစ်အစိုးရ ဆန္ဒအတိုင်း ဖြစ်မလာရင် အာဏာပ်-မအပ်ဆိုတဲ့ အာမခံချက်ကလည်း သေချာမရှိဆိုတော့ ထင်မြင် ချက် ပြောဆိုဖို့ရာ အတော်ဝန်လေးလှ ပါတယ်။ [C-Box မှာ ကိုမျိုး (SG) ဆိုသူက မောင်စူးစမ်းဆောင်းပါးကို တုံ့ပြန်ရေးဖို့ ကျနော့်ကို တိုက်တွန်းလာတယ်။ အခု ဆောင်းပါးကတော့ တုံ့ပြန်ရေးသားဖို့ ရည်ရွယ်တာ မဟုတ် သလို အခု အတိအကျပြောဖို့ရာ စောသေးတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ကျနော့်ထင်မြင်ချက်ကို ရေးတာသာ ဖြစ်ပါတယ်။]

ဒါပေမယ့်လည်း ဒေါက်တာတင်မောင်သန်းနဲ့ ကျနော် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှာ ဒီမိုကရေစီခရီးစဉ်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ တနင်္ဂနွေအပတ်စဉ် ၃-ခု ရှိပါပြီ။ (အောက်တိုဘာ ၁၂၊ အောက်တိုဘာ ၁၉၊ နိုဝင်ဘာ ၂) ပညာရှင်တွေရဲ့ ဆွေးနွေးချက်ကို အခြေခံသော်လည်း နိုဝင်ဘာ ၂ ရက်နေ့ ဆွေးနွေးမှုမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စကို ပိုလို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ အခြေခံဆွေးနွေးကြတဲ့ စာတမ်းကတော့ Carsten Q। Schneider and Philippe C। Schmitter, Liberalization, Transition and Consolidation: Measuring the Components of Democratization, Democratization, Vol। 11, No। 5, December 2004, pp। 59-90 ဖြစ်ပါတယ်။ ပါမောက္ခ ကာစတန် ရှနိုက်ဒါနဲ့ ဖိလစ် ရှမစ်တာတို့က ဒီမိုကရေစီသဘောတရားနယ်ပယ်မှာ လူလေး စားတဲ့ ဆရာကြီးတွေလို့ ပြောရင် ရနိုင်ပါတယ်။ သူတို့က ဒီမိုကရေစီအပြောင်းအလဲတွေကို တကမ္ဘာလုံးမှာ လေ့ လာခဲ့ပါတယ်။ ၁၉၇၄ -၂၀၀၀ ကြား ဒီမိုကရေစီ အပြောင်းအလဲဖြစ်တဲ့ နိုင်ငံ ၃၀ ကျော်ကို လေ့လာခဲ့ပါတယ်။ သူတို့က အဖြစ်အပျက်တွေကို ဒေတာသဘော ထုတ်လို့ တွက်ချက်ပြီး၊ သဘောတရားတွေကို သင်္ချာသဘော သက်သေပြကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီစာတမ်းအတွက်လည်း ဥရောပ တက္ကသိုလ် အင်စတီကျု (Europen University Institute) က Ph। D ကျောင်းသား ၃၀ ကျော်ရဲ့ အကူအညီနဲ့ တွက်ချက်ထုတ်ခဲ့တာပါ။ ဒီလိုတွက် ချက်နိုင်ဖို့ သူတို့က နိုင်ငံတွေရဲ့ ပြောင်းလဲပုံကို ၃- ဆင့်ခွဲခြားလိုက်ပါတယ်။

- Liberalization ချုပ်ကိုင်မှုတွေကို လျော့ချလာခြင်း။ ပိုမိုလွတ်လပ် ပွင့်လင်းလာခြင်း
- Transtition အသွင်ကူးပြောင်းခြင်းနဲ့
- Consolidation of democracy ဒီမိုကရေစီကို ပိုမိုခိုင်မာအောင် လုပ်ခြင်းတို့ ဖြစ်ပါတယ်။

နိုင်ငံတွေ ပြောင်းလဲမှု ဖြစ်စဉ်မှာ "ချုပ်ကိုင်ထားတာတွေ လျှော့၊ အကူးအပြောင်းကာလကို ဖြတ်သန်း၊ ဒီမိုကရေစီ ကို ခိုင်မာအောင်လုပ် ဆောင်" ဆိုတဲ့ ကာလသုံးပါး က အလုပ်တွေကို လုပ်ခဲ့ကြရတယ် ဆိုပါတယ်။ နိုင်ငံတွေ ပြောင်းပုံကတော့ ပုံသေ ကားချ တသမတ်တည်း မရှိပါဘူး။ တချို့ ယခင်အာဏာရှင်နိုင်ငံတွေက ချုပ်ကိုင်မှုကို လျှော့ချလာခဲ့တယ်။ ဒါပေ မယ့် ဒီမိုကရေစီအထိ ရောက်အောင် ခရီးမဆက်နိုင်ပါဘူး။ ဒီလိုနိုင်ငံတွေကတော့ ချုပ်ကိုင်မှုလျှော့ချလာတဲ့ အာဏာရှင်နိုင်ငံတွေ (liberalized authoritarian) နိုင်ငံတွေ အဆင့်မှာ တန့်နေကြပါ တယ်။ (အလွယ်ဥပမာပေး ရရင် တရုတ်၊ ဗီယက်နမ် စသဖြင့်) တချို့နိုင်ငံတွေကတော့ ဒီမိုကရေစီ အဆောင် အယောင်လို့ ပြောနိုင်တဲ့ ပါတီ စုံတွေ၊ ရွေးကောက်ပွဲတွေ ရှိလာပါတယ်။ ဒါပေမယ့် လွတ်လပ်ခွင့် သိပ် မရှိ လှသလို ဟန်ပြဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာပါတယ်။ ဒီလိုနိုင်ငံတွေကိုတော့ လွတ်လပ်ပွင့်လင်းမှု မရှိတဲ့ ဒီမို ကရေစီ (illiberal democracy) လို့ ခေါ်ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ ဒီလိုဖြစ်လာဖို့ ပိုများနေပါတယ်။

အဲသည်တော့ စိတ်ဝင်စားစရာက တိုင်းပြည်တခု ဒီမိုကရေစီ သွားမယ်ဆိုရင် လုပ်ရမယ့်အဆင့်တွေကို အခု ပါမောက္ခတွေက ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ပြခဲ့ပါတယ်။

နိုင်ငံတခုက ချုပ်ကိုင်ထားတာတွေ လျှော့ပေါ့လိုက်ပြီ (liberalization) ဆိုပါစို့။ ဒီအချက်တွေ ပါရမယ် ပြောပါ တယ်။

ချုပ်ကိုင်ထားတာတွေ ကို လျှော့ပေါ့လိုက်ခြင်း။ (Liberalization)

၁။ အစိုးရက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်ခံလာတယ်။ အသိအမှတ်ပြုလာတယ်။
၂။ နိုင်ငံရေး အကျဉ်းသားရယ်လို့ မရှိတော့ဘူး။ ဒါမှမဟုတ် မရှိသလောက် နည်းသွားမယ်။
၃။ အစိုးရနဲ့ သဘောကွဲတဲ့ အဖွဲ့အစည်းတွေ၊ အတိုက်အခံတွေကို ပိုလို့ပိုလို့ သည်းခံလာနိုင်တယ်။
၎။ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေးပါတီ တပါတီထက်မက တရားဝင် အသိအမှတ်ပြုမှု ရှိလာမယ်။
၅။ လွှတ်တော်ထဲမှာ အတိုက်အခံပါတီ အနည်းဆုံး တပါတီတော့ ရှိလာမယ်။
၆။ နိုင်ငံတော်က ထိန်းချုပ်မထားတဲ့၊ ဒါမှမဟုတ် အစိုးရ ရဲ့ နိုင်ငံရေးပါတီတွေ က ထိန်းချုပ်ထားတာမျိုး မဟုတ်တဲ့ လွတ်လပ်တဲ့ အသင်းအပင်းတွေ၊ သမဂ္ဂတွေ ရှိလာမယ်။
၇။ သီးခြား လွတ်လပ်တဲ့ စာနယ်ဇင်း မီဒီယာတွေ ရှိရမယ်။ အဲဒီ မီဒီယာတွေကလည်း လွတ်လပ်စွာ ရေးသား တင်ပြနိုင်ကြရပါမယ်။

ဒါပေမယ့် သူတို့ တွေ့ရှိချက်က စစ်တပ် အုပ်ချုပ်ခဲ့တဲ့ (အရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေများတဲ့) ချီလီ၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား စတဲ့ လကတင်အမေရိက နိုင်ငံတွေမှာ အစိုးရ က လူ့အခွင့်အရေး ကို လက်ခံ အသိအမှတ်ပြုဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ မရှိတဲ့ အခြေအနေရောက်ဖို့ ဆိုတဲ့ ကိစ္စတွေက အခက်ဆုံး ဖြစ်နေပြီး၊ အတိုက်အခံပါတီတွေ ပေး ရှိလာတာ၊ သမဂ္ဂ နဲ့ အသင်းအဖွဲ့တွေ ရှိလာခွင့်ပေးတာက ပို လွယ်ပါသတဲ့။

စိတ်ဝင်စားဖွယ်ကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စ အထူးလေ့လာသူ ကုလသံတမာန် မစ္စတာ တောမတ် ကွင်တားနား အကြံပေးချက်တွေက အခု (liberalization) ဖြစ်အောင်လုပ်ဖို့ အကြံပေးချက်တွေ ဖြစ်နေပြီး ကျနော် ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ အတော်တူပါတယ်။

ဒီမိုကရေစီ ကို ခိုင်မာအောင် ဆောင်ရွက်ခြင်း (Consolidation of democracy)
ဒီမိုကရေစီ စနစ်တခု ပိုမိုခိုင်မာအောင်လုပ်တဲ့ အဆင့်တွေကိုလည်း သူတို့က အခုလို ခွဲခြမ်းပြန်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ ကိစ္စ။
၁။ ဒီမိုကရေစီ ခိုင်လာပြီဆိုတဲ့အခါ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြင်မယ်၊ ပြောင်းမယ်၊ အဓိကကျတဲ့ အပြောင်းအလဲတွေ လုပ်မယ်လို့ တောင်းဆိုတာ၊ ပါတီတွေ က ဆော်သြစည်းရုံးတာ မလုပ်ကြတော့ဘူး ဆိုပါတယ်။

ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ ကိစ္စများ။
၂။ ရွေးကောက်ပွဲတွေကိုလည်း မှန်မှန် လုပ်လာပြီး၊ ရလဒ်တွေကိုလည်း အဓိကပါတီတွေနဲ့ အစိုးရပိုင်းက အသိ အမှတ်ပြု လက်ခံလာကြပါသတဲ့။
၃။ အဲဒီ ရွေးကောက်ပွဲတွေကလည်း လွတ်လပ်ပြီး တရားမျှတ လာသတဲ့။
၎။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေတွေကိုလည်း အဓိကကျတဲ့ ဘယ်ပါတီကမှ လက်မခံနိုင်ဘူးလို့ မငြင်းနေ မပြောနေ ကြတော့ဘူး ဆိုပါတယ်။
၅။ မဲပေးသူတွေ က ဒီ တခါ ဒီပါတီအပေါ် မဲပေးရာက နောက်တစခါ နောက် အခြားပါတီကို ပြောင်းပေးတာမျိုးက တော်တော်နည်းလာတယ်။ ရွေးကောက်ပွဲတွေမှာလည်း ဆူဆူပူပူ ရုန်းရင်းဆန်ခတ်မှုတွေ နည်းလာတယ်။
၆။ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်တဲ့ အုပ်စုတွေ (ဥပမာ စစ်တပ်လိုမျိုး) တိုင်းပြည်ထဲမှာ ရှိကောင်း ရှိနေနိုင်တယ်။ ဒါပေမဲ့ အဲဒီ အုပ်စုတွေ မျက်နှာကို ကြည့်လို့ ရွံ့နေရတဲ့ဘ၀ မရှိတော့ဘူး။ ရွေးကောက် ခံရသူတွေက သူတို့ ပြောပုံဆိုပုံ လုပ်ကိုင်ပုံတွေမှာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေကြတော့ဘူး ဆိုတယ်။

အာဏာ ရယူရေး နဲ့ ပတ်သက်တဲ့ ကိစ္စများ။
၇။ အာဏာကလည်း တပါတီကနေ နောက်တစပါတီ ကို ပြောင်းသွားနိုင်တယ်။
၈။ အဲသလိုဖြစ်တာက တကြိမ်မက၊ နောက်ထပ်လည်း ဖြစ်လာနိုင်တယ်။

တာဝန်ခံမှု နဲ့ ပတ်သက်တဲ့ ကိစ္စများ။
၉။ စာနဲ့ ရေးထားထား၊ မရေးထားထား အဖွဲ့အစည်းတွေ ဘယ်လို ဖွဲ့စည်းလုပ်ကိုင်ရမယ် ဆိုတဲ့ သတ်မှတ်ချက် တွေ၊ စည်းမျဉ်းတွေအပေါ် လူတော်တော်များများက သဘောတူညီချက် ရရှိလာကြတယ်။
၁၀။ အလားတူပဲ အုပ်ချုပ်မှု အပိုင်းမှာလည်း ဒီပါတီအာဏာရရ၊ နောက်တပါတီ အာဏာရရ လုပ်ပုံကိုင်ပုံတွေက တသမတ်တည်းလို ဖြစ်လာတယ်။ သိပ်အပြောင်းအလဲ ရှိစရာ အကြောင်းမရှိတော့ဘူး။
၁၁။ အုပ်ချုပ်လုပ်ကိုင်မယ့် နယ်ပယ်တွေကို သတ်မှတ်ရာမှာ၊ ဘယ်လို လုပ်ကိုင်မယ်လို့ သတ်မှတ်ရာမှာလည်း သဘောတူညီချက်တွေ ရလာတယ်။
၁၂။ အများပြည်သူဆိုင်ရာ သတင်းမီဒီယာ လုပ်ငန်းတွေမှာ ပိုင်ဆိုင်မှု၊ လုပ်ကိုင်နိုင်မှုနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်တဲ့ စည်းမျဉ်းတွေကိုလည်း အားလုံးက ယေဘုယျ သဘောတူညီ လာကြတယ် ဆိုပါတယ်။

ဒီလို ဒီမိုကရေစီစနစ် ခိုင်မာလာဖို့ ဆယ်စု ၂ ခုလောက် (နှစ် ၂၀ လောက်) ကြာ အချိန်ယူကြရတယ် ဆိုပါတယ်။ အများစုက ပျမ်းမျှ ၉ နှစ်လောက် အချိန်ယူ ဖြတ်သန်းကြရတယ်လို့ ပါမောက္ခတွေက ဆိုပါတယ်။

အကူးအပြောင်း ကာလ (Transition)
ဒီလို လွတ်လပ်ပွင့်လင်းလာတဲ့ (ချုပ်ကိုင်မှုတွေ လျှော့ချလာတဲ့ အခြေအနေကနေ) ဒီမိုကရေစီ ခိုင်မာလာဖို့ အသွင် ကူးပြောင်းရေးကာလကို ဖြတ်ရပါတယ်။ အကူးအပြောင်း ပုံစံတမျိုးတည်း ရှိတာတော့ မဟုတ်ပါဘူး။
ဒါကိုလည်း သူတို့က အုပ်စုခွဲကြည့်ပြန်တယ်။

၁။ တွေ့ဆုံဆွေးနွေးပြီး ပြောင်းတာ။ တည်ဆဲအစိုးရနဲ့ အတိုက်အခံတွေ၊ လူမှု အဖွဲ့စည်းတွေဖြစ်စေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ ဆွေးနွေးညှိနှိုင်းပြီး ပြောင်းကြတယ်။
၂။ မူဝါဒတွေနဲ့ ပတ်သက်ပြီး အစိုးရကိုယ်တိုင်က ပြဿနာရှိလာတာကို အသိအမှတ်ပြုလာပြီး၊ နိုင်ငံတော် အဖွဲ့ အစည်းတွေ အတွင်းမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလာတယ်။ ဥပမာ -ဗီယက်နမ်မှာ တရုတ်မှာ လာဘ်စားမှု ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာကို အစိုးရကိုယ်တိုင်က ပွင့်လင်းစွာ ပြောဆို ကိုင်တွယ်ပြုပြင်ဖို့ ကြိုးပမ်းလာတာ မျိုးရှိတယ်။ ကွဲပြားတာတွေ ရှိတာကိုလည်း အစိုးရက အသိအမှတ်ပြု ပြောဆိုတယ်။
၃။ အစိုးရက ထင်တိုင်းကြဲ အာဏာသုံးနေတာကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ တရားဝင် ဥပဒေရေးရာ အပြောင်း အလဲတွေကို စတင် ဆောင်ရွက်လာကြတယ်။
၎။ လူထုကို တာဝန်ခံ မဖြေကြားတဲ့ အုပ်စုတွေ ရှိနေတယ်။ ဒီ အုပ်စုတွေ ရဲ့ အခန်းကဏ္ဍကို ဖယ်ရှားနိုင်မယ့် ဥပဒေရေးရာ ဒါမှမဟုတ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ အပြောင်းအလဲတွေကိုလည်း စတင် ဆောင်ရွက်လာတယ်။
၅။ နိုင်ငံသားတွေရဲ့ အခွင့်အရေး နဲ့ လွတ်လပ်ခွင့် တန်းတူရှိတာကို အာမခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို စပြီး ရေးလာ တယ်။ အတည်ပြုတယ်။
၆။ အပြောင်းအလဲကို စမယ့် ရွေးကောက်ပွဲကို ကျင်းပတယ်။
၇။ ဒီရွေးကောက်ပွဲတွေကလည်း တရားမျှတတယ်။ လွတ်လပ်တယ်။
၈။ ဒီ ရွေးကောက်ပွဲ ရလဒ်ကိုလည်း လူအများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြတယ်။

ဒီလို သူတို့ပါမောက္ခတွေ ဆွေးနွေးထားတာကို ကြည့်တော့ လုပ်စရာကိစ္စတွေ အတော်များများ သွားတွေ့ပါတယ်။
အခု ဆွေးနွေးချက်တွေက ရွေးကောက်ပွဲကို ထောက်ခံဖို့ ပြောနေတာ မဟုတ်သလို၊ ဖြစ်ခဲ့ရင် ဆိုပြီး ကြိုစဉ်းစား ကြည့်တာလည်း ဖြစ်ပါတယ်။
ကြိုက်သည်ရှိ- မကြိုက်သည်ရှိ ၂၀၁၀ အပြီး လွှတ်တော်ပေါ်ပေါက်လာပြီ ဆိုပါစို့။ "လွှတ်တော်တွင်း အလုပ်" တွေရှိလာမယ်။ အဓိကကတော့ ဖိနှိပ် ချုပ်ချယ်ရေးဥပဒေတွေ (ဥပမာ ပုဒ်မ-၅၊ ၁၀ ၊ အရေးပေါ်စီမံချက် အက် ဥပဒေ၊ ဆင်ဆာဥပဒေ စသဖြင့်) ဒါတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် အခုကတည်းက ဘယ်ဥပဒေတွေ ပြင်သင့် သလဲ ဆိုတာ ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်သင့်ပါတယ်။
"အစိုးရ အုပ်ချုပ်ရေးယန္တယား ပြင်ဆင်ရေးအလုပ်" တွေလည်း ရှိလာနိုင်ပါတယ်။
" အစိုးရပြင်ပ လူထုလူတန်းစားအဖွဲ့အစည်းတွေရဲ့ အလုပ်" တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဖက်စုံ ထောင့်စုံ ကျနော်တို့ ကြိုတင် မစဉ်းစားသင့်ဖူးလား။ ဒီလိုနဲ့ တတိယအပတ်မှာ ကျနော်တို့ ဒီမိုကရေစီ ခရီးစဉ်မှာ ဆွေးနွေးဖြစ်ကြတယ်။ နားထောင်ကြည့်ဖို့ တိုက်တွန်းပါတယ်။ (ဒေါက်တာတင်မောင်သန်းနဲ့အတူ စဉ်းစား ဆွေးနွေးထားတဲ့အတွက် သူ့ကိုလည်း ဒီဆောင်းပါးအတွက် credit ပေးရပါလိမ့်မယ်။)

ftp://8475.ftp.storage.akadns.net/mp3/voa/eap/burm/burm1130aSUN.mp3

အောင်သူငြိမ်း

You received this email because you are subscribed to the real_time feed for http://fine-leaves.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.