Tuesday, November 4, 2008

[Road to Freedom] 1 New Entry: အပြင်ဖက်မှာ နှင်းတွေကျနေတာကောင်းပါတယ်

အပြင်ဖက်မှာ နှင်းတွေကျနေတာကောင်းပါတယ်

ညတွေက ငါ့ကို အမှောင်တိုက်သွင်းပြီး
နေ့တွေက ငါ့ကို တရားနဲ့ဖြေဖို့ နားချနေကြ
စိတ်ထဲမှာ တစ်စုံတစ်ခု ခံစားရတဲ့အခါ ထုတ်ပြောလိုက်ဖို့
နံဘေးမှာ တစ်စုံတစ်ယောက်ရှိဖို့လိုအပ်သလား
ပြောစရာစကားလုံးတွေမရှိရင်တော့
ပါးစပ်ပိတ်ပြီး တိတ်တိတ်နေဖြစ်မယ်
ဘယ်လိုပဲဖြစ်ဖြစ်
အပြင်ဖက်မှာ နှင်းတွေ ကျနေတာကောင်းပါတယ်…

"ငါတို့စဉ်းစားတွေးခေါ်မူတွေနဲ့
ကမ္ဘာကြီးကို တည်ဆောက်ထားတယ်" တဲ့
အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးအခေါ်တစ်ခု
ကျနော့်ခန္ဒာကိုယ်ထဲမှာရှိနေခဲ့တယ်ဆိုရင်တော့
အပြင်ဖက်မှာ နှင်းတွေ ကျနေတာကောင်းပါတယ်…

နေရာဒေသ အပြောင်းအလဲမှာ
အနေအထိုင်အမူအကျင့်တွေလည်း
ပြောင်းဖို့လိုအပ်ပြီ..
အိပ်ရာစောစောထ
ခန္ဒာကိုယ်မှာတိုးနေတဲ့ အဆီတွေလျှော့ချဖို့
ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ လိုပြီ..
အင်္ဂလိပ်စကားပြောတော့မယ်ဆိုရင်လည်း
အကြောအချဉ်လေးနည်းနည်းလျှော့
မေးရိုးနည်းနည်းလှုပ်
လျှာကိုနည်းနည်းကစားပေး
လိုအပ်ရင်ပုခုံးနည်းနည်းတွန့်ပေါ့..
မြို့ထဲသွားမယ်ဆိုရင်လည်း
တောဂိုက်ကြီးကိုဖျောက်
ကျိုးကြည့်ကြောင်ကြည့်
ပြူးတူးပြဲတဲမလုပ်နဲ့
အထာမနပ်သေးရင်လည်း ခပ်တည်တည်ပေါ့
လိုအပ်မယ်ထင်ရင် ကော်လာနည်းနည်းထောင်ပေး
အိပ်ကပ်များများပါတဲ့ ဘောင်းဘီဝတ်ချင်ဝတ်
ဂျစ်ပစီပုံစံပေါက်ရင်ပေါက်ပလေ့စေ
ဒီမှာ မင်းကိုဘယ်သူမှသိတာမဟုတ်ဘူး
အပြင်ဖက်မှာ နှင်းတွေကျနေတာကောင်းပါတယ်…

တစ်ခါတခါမှာ
ပွဲကြည့်ပရိသတ်လုပ်ရတာကောင်းတယ်
ပွဲကြည့်ပရိသတ်ဆိုတော့
ရှုဒေါင့်ပါင်းစုံက မြင်တွေ့နိုင်တာပေါ့
စတာလင်ပေါင်တစ်ရာ့ငါးဆယ်ပေးပြီး
ရုံထဲမှာဝင်ကြည့်ဖြစ်တဲ့အခါ
စီရော်နယ်ဒိုပဲဖြစ်ဖြစ်
ဘောလက်ပဲဖြစ်ဖြစ်
ရှက်ချင်ကိုပဲဖြစ်ဖြစ်
ကိုယ်ဝေဖန်ချင်တဲ့သူကို
ကိုယ်မြင်တဲ့အတိုင်း
ဝေဖန်လို့ရတာပေါ့
ဒီလိုမဟုတ်ပဲ
ဗလာပွဲဝင်ကြည့်ပြီး
ပြစ်ပြစ်နှစ်နှစ်ဝေဖန်မိရင်တော့
ခဲနဲ့ပေါက်တာခံရနိုင်တယ်
ပါးစပ်ပါတိုင်း ပြောရေးဆိုခွင့်ရှိတာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်ဖြစ်လေ
အပြင်ဖက်မှာ နှင်းတွေကျနေတာကောင်းပါတယ်…..။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.