ဟုန်မှာစိုးတယ်...
`ဒီကောင်တွေကြောင့် ကျုပ်တို့ တိုင်းပြည် ဒီလိုဖြစ်နေရတာဗျ´
ဘယ်ကတည်းက စကားစနေသလဲတော့ မသိ... ...။ နည်းနည်း မြှင့်တက်လာတဲ့ လေသံကြောင့် ကွမ်းယာယာနေတဲ့ ဖိုးအောင်က သူ့ကွမ်းယာဆိုင်ဘေးက ခွေးခြေခုံလေးပေါ်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ဆီ ဖြတ်ခနဲ လှည့်ကြည့်လိုက်တယ်။ နောက်တော့ ယာလက်စ ကွမ်းယာတွေကို ဆက်ယာနေပြန်တယ်။ ခဏကြာတော့ ဟိုပုဂ္ဂိုလ်ဆီကနေ စကားသံ ထပ်ထွက်လာပြန်တယ်။
`ကိုအောင်ပဲ စဉ်းစားကြည့်လေ အခုဆို မြန်မာပြည်မှာ ဘယ်လောက်ငတ်နေလဲ၊ လူတွေ ဘယ်လောက် ဒုက္ခရောက်ရသလဲ၊ ဒါဟာ ဒီ စစ်အာဏာရှင် စနစ်ဆိုးကြောင့်... ... ...´
`ဒီအာဏာရှင် စနစ်ကို အမြစ်ဖြတ်တော်လှန်မှ ကျနော်တို့ တိုင်းပြည်ကောင်းစားမှာ´
ပြောရင်းနဲ့ အရှိန်ရလာပုံရတဲ့ အဲဒီပုဂ္ဂိုလ်ကို ကွမ်းယာတွေ ယာနေတာ လက်စသတ်သွားတဲ့ ဖိုးအောင်က `အကို၊ ရော့...၊ ကွမ်းယာတွေ ပြီးပြီ´ လို့ ပြောလိုက်တယ်။ ဒီဘက်ကို ပြန်လှည့်လာတဲ့ ဖိုးအောင်က ကျနော်နဲ့ မျက်နှာချင်းဆိုင်မိတော့ တခုခုကို ရှဲု့မဲ့ဟန် လုပ်ပြလိုက်သေးတယ်။ မှာထားတဲ့ ကွမ်းယာတွေရသွားပြီးပေမယ့် စောစောက ပုဂ္ဂိုလ်က စကားစက ပြတ်သေးဟန် မတူဘူး။
`ဒီမှာဗျာ၊ ကျနော်တို့ အဖွဲ့က ထုတ်တဲ့ စာစောင်၊ ခင်ဗျားစိတ်ဝင်စားရင် ဖတ်ပေါ့´ ဆိုပြီး ဖိုးအောင်လက်ထဲကို စာစောင် တခု ထိုးပေးတယ်။ ဖိုးအောင်က...
`ဆောရီး အကိုရာ၊ ကျနော် စိတ်မ၀င်စားဘူး´
အဲဒီ ဖြစ်ရပ်လေးကို စတွေ့တွေ့ခြင်းတုန်းကတော့ ကျနော် အဲဒီ ကွမ်းယာရောင်းတဲ့ ဖိုးအောင်ကို စိတ်တိုလိုက်တာများ။ သူ့ကို အားနာလို့သာ ရှေ့တင်မှာ ဘာမှမပြောဖြစ်တာ၊ စိတ်ထဲကတော့ ကောင်းကောင်းကြီးကို ရှုတ်ချတာပေါ့။ အလကားလူ၊ ကိုယ့်နိုင်ငံမှာ ဘာဖြစ်လို့ဖြစ်နေမှန်းတောင် စိတ်မ၀င်စားတဲ့လူ၊ ဒီလိုလူတွေချည်း များနေလို့ အာဏာရှင်တွေ ငါတို့နိုင်ငံမှာ ပိုမြဲနေတာ စသဖြင့် စသဖြင့် အတွေးတွေနဲ့ စိတ်ထဲမှာ အတော်ကြီးကို ဒေါပွခဲ့ဖူးတယ်။
***
`အကို...၊ အကို...၊ အကိုတို့ အမတို့ ဘယ်သူရှိပါသလဲခင်ဗျာ´
`ဒုန်း၊ ဒုန်း၊ ဒုန်း´
အချိန်က ည ၂ နာရီသာသာလောက် ရှိပြီဖြစ်လို့ အားလုံးက အိပ်မောကျနေတဲ့ အချိန်။ ခြံရှေ့က တံခါးကို တစုံတယောက်က တဒုန်းဒုန်းထုလိုက်၊ ၀ုန်းဝုန်းဝုန်းနဲ့ လှုပ်ခါလိုက်၊ ပါးစပ်ကလဲ အော်ဟစ်လိုက်နဲ့မို့ အိမ်ထဲမှာ အိပ်မောကျနေတဲ့ ကျနော်တို့တွေ အကုန် လန့်နိုးကုန်တယ်။ ကိုဖြူက ကျနော့်ဟို...
`ဟေ့လူ၊ လာလာ... ...၊ ခြံရှေ့မှာ ဘာဖြစ်တယ် မသိဘူး´ ဆိုပြီး ပြောလဲပြော အိပ်ရာကနေလဲ အလူးအလဲထလို့ ကျနော်တို့ နှစ်ယောက်သား ခြံရှေ့ကို အမြန်ထွက်လာတော့ ခြံတံခါးနားမှာ အသက် ၂၅ ၀န်းကျင်အရွယ်လောက် လူရွယ် သုံးယောက်လောက် ရပ်နေကြတယ်။ သူတို့နောက် ခပ်လှမ်းလှမ်းမှာက ကောင်မလေး သုံးလေးယောက် ... ... ...။
`ကျနော်တို့ ဒီခြံရှေ့က အထည်စက်ရုံကပါ၊ ကျနော်တို့ထဲက တယောက် ဘာဖြစ်တယ်မသိဘူး၊ ဗိုက်နာတယ်ဆိုပြီး လူးလိမ့်နေတာပဲ၊ နှုတ်ခမ်းတွေလဲ ပြာနေပြီ၊ ဘာလုပ်ပေးရမှန်းလဲ မသိဘူး၊ အလုပ်သမားခေါင်းကို ဖုန်းလှမ်းဆက်တော့လဲ မကိုင်ဘူး၊ အဲဒါ... ... ... ...´
အဲဒါ... ... ... ဆိုပြီး ဆက်ပြောမယ့်စကားတွေက တန့်သွားပေမယ့် သူတို့ ဘာအကူအညီလိုသလဲ ဆိုတာကို ကိုဖြူက ကောင်းကောင်းသဘောပေါက်တယ်။ ချက်ချင်းဆိုသလိုပဲ... ...
`ဟေ့လူ၊ ခင်ဗျားက ဆိုင်ကယ်သွားထုတ်ဗျာ၊ သူတို့ စက်ရုံရှေ့မောင်းသွားလိုက် လိုအပ်ရင် တခါထဲ ဆေးရုံခေါ်သွားရအောင်´
နောက်ပိုင်းမှ သိရတာက ဗိုက်နာနေတယ် ဆိုတဲ့ ကောင်လေးက အစာအဆိပ်သင့်တာပါ။ သူ့ကိုတွေ့တော့ ဘာရယ်ညာရယ်ပြောမနေတော့ဘူး၊ ဘေးက ၀ိုင်းပွေ့တဲ့လူ ပွေ့နဲ့ ဆိုင်ကယ်တစီးမှာ လူသုံးယောက်စီးလို့ အဲဒီကောင်လေးကို အလယ်မှာ ညှပ်ထိုင်ပြီး ကျနော်နဲ့ ကိုဖြူ ဆေးရုံကို ခေါ်သွားတယ်။
ကောင်လေးကို ဆေးရုံမှာ တင်ထားခဲ့ပြီးတော့ ကျနော်တို့ ပြန်လာတော့ ခြံဝမှာ စောစောက လူရွယ်တွေ ရှိနေတုန်းပဲ။ ကိုဖြူက ဘာမှစိတ်မပူဖို့၊ လောလောဆယ် ဆေးရုံမှာ တင်ထားခဲ့တဲ့အကြောင်း၊ မနက်မိုးလင်းရင် သက်သာသွားလိမ့်မှာ ဖြစ်တဲ့ အကြောင်းတွေ ရှင်းပြနေတယ်။ သူတို့တွေကလဲ ကျေးဇူးတွေ အထပ်ထပ်တင်လို့ပေါ့။ အဲဒီလို ပြောနေကြရင်းနဲ့ သူတို့ထဲက တယောက်က ကိုဖြူ့ကို ဗြုန်းဆို မေးခွန်းတခု ရုတ်တရက်မေးလိုက်တယ်။
`ဟို...၊ အကိုတို့က ကျောင်းသားအဖွဲ့တွေလား´
ကိုဖြူက...
`သူပုန်တွေ ဆိုပါတော့ဗျာ´
လို့ ခပ်တိုတို ဖြေပြီး အိမ်ထဲကို ပြန်ဝင်သွားတယ်။
နောက်ပိုင်းတော့...၊ ကျနော်တို့ ခြံရှေ့က စက်ရုံက လူငယ်လေးတွေ တချို့ သူတို့ အလုပ်အားချိန်တွေ၊ အလုပ်နားရက်တွေဆိုရင် မြန်မာပြည်ထဲမှာဖတ်ခွင့် မရနိုင်တဲ့ စာစောင်တွေ၊ သတင်းစာတွေကို လိုလိုလားလားနဲ့ လာတောင်းဖတ်တော့တာပဲ။ ပြီးတော့ သူတို့ ဘာတွေ အခက်အခဲဖြစ်နေလဲ၊ စက်ရုံထဲမှာက ဘယ်လိုဘယ်ပုံ အလုပ်လုပ်နေရတာလဲ၊ လုပ်ခက ဘယ်လောက်၊ အလုပ်ရှင်က ဘယ်ပုံဘယ်လို မတရားလုပ်တာ ဆိုတဲ့ အကြောင်းတွေကို အားကိုးစရာ၊ တိုင်တည်စရာ တခုအနေနဲ့ကို သဘောထားပြီး ရင်ဖွင့်တတ်လာကြပါတော့တယ်။
***
မတွေ့ဖြစ်တာ လနဲ့ချီကြာနေတဲ့ ဘလော့ဂ်ရေးဖော် မိတ်ဆွေ တယောက်နဲ့ တနေ့ကဆုံဖြစ်တော့ စကားတွေ ပြောကြရင်းနဲ့ သူက အဲဒီ ကာတွန်း ကျနော့်ကို ပြဖြစ်တယ်။ ဆရာကြီး ဦးဘဂျမ်းရဲ့ အဲဒီကာတွန်းကို ဖတ်မိတော့ အပေါ်မှာ ကျနော်ရေးပြခဲ့တဲ့ အဖြစ်အပျက်နှစ်ခုကို မျက်စိထဲ ချက်ချင်းဆိုသလို ပြန်လည်မြင်ယောင်မိ၊ သတိရမိပါတယ်။
ပြီးတော့ ဆရာကြီးရဲ့ ကာတွန်းထဲက `ဟုန်နေပြီ´ ဆိုတဲ့ စကားက ပဲ့တင်သံတွေလို မြည်ဟည်းနေတယ်။
***
`ကျနော့်ဘ၀ကို ဒါမျိုးတွေကြောင့် အပျက်မခံရဲဘူး´
`ဟာဗျာ၊ တနေ့တနေ့ ဒါတွေက ဘယ်နေရာမဆို တွေ့နေရတာပဲ၊ ဘာတဲ့ ... ပုရစ်ဖူးတွေ မြေမှာကြွေ၊ စစ်ဘီလူးတွေ မေမှာသေ တို့ ဘာတို့၊ ကြည့်လေဗျာ၊ အခုပဲ ၂၀၀၈ ကို ကုန်နေပြီ။ ဘာတွေများ ဖြစ်လာလို့လဲ´ `နိုင်ငံရေးလား၊ သားသားကြောက်ကြောက်၊ ဟဲဟဲ´
`သြော်...၊ အကိုက အဲဒါတွေ လုပ်နေတာလား၊ အင်းအင်း၊ ညီမတို့တော့ ဆင်ခြင်ရတယ်။ သြော်...၊ မတရားတာတော့ သိတာပေါ့ အကိုရယ်၊ ဒီလိုပဲ မနက်ဖြန်များ ပြောင်းလာမလား၊ သဘက်ခါများ ပြောင်းလာမလားနဲ့ မျှော်ခဲ့တာလဲ မနည်းဘူးလေ´ `ကျနော် ဒေါ်စုကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ... ... ...´
ဆရာကြီး ဘဂျမ်းကာတွန်း၊ `ကြားရတာများတော့ ဟုန်နေပြီ အဘရဲ့´ ... .. ...။
***
`ပြည်သူတွေနဲ့ တသားတည်းဖြစ်ဖို့ အတွက်၊ ကျနော်တို့က ပြည်သူတွေနဲ့ သီးခြားဖြစ်မယ့် အပြောအဆို အပြုအမူတွေ၊ နိုင်ငံရေးတွေချည်းပဲ၊ စကားလုံးတွေချည်းပဲ ပြောနေရင် ကြာတော့ ပြည်သူက ကျနော်တို့နဲ့ မဆက်ဆံရဲတော့တာတွေ မထိတွေ့ရဲတဲ့ ပြဿနာမျိုးတွေ ရှိတယ်´
ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ တောင်တွင်းကြီးမှာ ပြောသွားတဲ့ အဲဒီစကားဟာ အထက်က တင်ပြခဲ့သလို ကြာတော့ ဟုန်လာမှာကို စိုးရိမ်လို့များလား လို့ ခံစားမိပြန်တယ်။
***
`ကျနော်တို့ဆီမှာ ပြဿနာက နိုင်ငံရေးကို လုပ်ကြတယ်ဆိုတဲ့လူတွေက သူတို့ကိုယ်ကိုသူတို့ နိုင်ငံရေးသမား ဆိုတဲ့ လူတန်းစားတရပ်အဖြစ် သူတို့ဘာသာသူတို့ သတ်မှတ်မှန်းမသိ သတ်မှတ်နေကြတာပဲဗျ၊ တချိန်လုံး နိုင်ငံရေးစကားတွေပဲပြောနေတော့ ကြာတော့ လူတွေက နားရည်လျှံကုန်တယ်လို့ ထင်တာပဲဗျာ´
လေးစားရတဲ့ အကိုတယောက်က မှတ်မှတ်ရရ ပြောသွားဖူးတဲ့ စကား။
***
`ဟုန်မသွားကြရအောင်´ ကျနော်တို့ ပါးနပ်မှု ရှိဖို့ အများကြီး လိုအပ်နေပါပြီ။ ဟုန်မှာ စိုးမိပါတယ်။
***
ကလိုစေးထူး
(ဒီပို့စ်ရေးဖြစ်ဖို့ တွန်းအားဖြစ်စေတဲ့ ဆရာကြီး ဦးဘဂျမ်း ရဲ့ ကာတွန်းကွက်ကို ပို့ပေးတဲ့ ဘလော့ဂ်ရေးဖော်မိတ်ဆွေကို ကျေးဇူးတင်ပါတယ်)

လွတ်လပ်မှု Vs ဟိရီသြတ္တပ္ပ
လောကမှာ လူတိုင်းဟာ လွတ်လပ်မှုကို ခုံမင်ကြသူတွေချည်းပါပဲ။
ဒါပေမယ့် လွတ်လပ်မှုဆိုတာကို ကျနော်တို့ ဘယ်လို နားလည်ကြမလဲ။ စည်းလွတ်ဘောင်လွတ် ပြောချင်၊ နေချင်တာကို လွတ်လပ်မှုကို ခုံမင်တာပါလို့ တံဆိပ်ကပ်သင့်သလား။ လွတ်လပ်မှုနဲ့ ပရမ်းပတာနိုင်မှုကို ခွဲခြားနိုင်မှုအတိုင်းအတာဟာ ဘယ်လောက်အထိ လိုအပ်နေသလဲ။
အဲဒီလိုတွေ တွေးမိလိုက်တော့... ... ...။
***
၁၉၉၈ ခုနှစ်လောက်က လို့ ထင်ပါတယ်။
မြန်မာနိုင်ငံ ဂီတလောကကို လှုပ်ခတ်သွားစေမယ့် Hip Hop ဆိုတဲ့ ဂီတကို လူငယ်တစုက သယ်ဆောင်လာခဲ့ကြတယ်။
`အကုန်လုံးထကြ~~~ အကုန်လုံး ထက~~~ သီချင်းတွေက အခုအခါတော့ စိတ်မှာ မြူးကြွ~~~ တချို့တွေက အမုန်း~~~ တချို့တွေက အပြုံး~~~~ နားထောင်ပြီး မင်းတို့ ဝေဖန်ပေးကြဦး´
အက်ဆစ်လို့ အမည်ပေးထားတဲ့ လူငယ်အဖွဲ့ရဲ့ မြူးကြွပြီး ခပ်ဆတ်ဆတ်လေသံဟန် ဆိုပေါက်နဲ့ ဟစ်ဟော့ပ် စာသားတွေဟာ အဲဒီတုန်းက လူငယ်တွေကို သတိပြုမိစေသလို အဲဒီတခွေတည်းနဲ့ အက်ဆစ် အဖွဲ့ဟာလဲ မြန်မာပြည် ဟစ်ဟော့ပ်ရဲ့ သမိုင်းသစ်ကို စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Theory ... ... ...၊ အဲဒီ အဲဒီနောက်ပိုင်း ဒီဘက်တွေမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ရသ၊ ဂျေမီ... ... ...။ အခုများတော့လဲ ဟစ်ဟော့ပ်ဆိုတာ မြန်မာပြည်မှာ တွင်တွင်စီးနေတဲ့ ဂီတမြစ်တစင်းနဲ့ကို တူလို့... ... ...။
***
ပြီးခဲ့တဲ့ တရက်နှစ်ရက်ကပါ။
Bi Weekly Eleven မှာ ထူးထူးခြားခြား သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ `မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှု စနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနှင့်ချီ ပျံ့နှံ့လျက်ရှိ´ တဲ့။
အဲဒီ သတင်းဆောင်းပါးကို ဖတ်ကြည့်တော့ ဒါဟာ ရေးသင့် ရေးထိုက်တဲ့ သတင်း ဖြစ်သလို သတင်းထဲမှာ ပါတဲ့ အချက်အလက်တွေ အရသာဆိုရင် မြန်မာပြည်တွင်းက ဆယ်ကျော်သက်လူငယ်တွေအတွက် ကောင်းတဲ့ အလားအလာ တခု မဟုတ်တာကို သတိပြုနားလည်မိလို့ အဲဒီသတင်းကို ရေးသားတင်ပြသူ ဂျာနယ်တိုက်ကိုပါ ကျေးဇူးတင်မိတယ်။
နောက်တော့ အင်တာနက်တခွင် ပြဲပြဲစင်အောင် လိုက်လံမွှေနှောက်ပြီး အဲဒီ ဂျောက်ဂျက်ဆိုသူရဲ့ သီချင်းတွေကို ရှာဖွေ နားထောင်ကြည့်လိုက်တော့၊ လားလား... ... ...။
သို့သော်... ... ...။
***
နောက် နှစ်ရက်လောက်ကြာတော့ ခေတ်ပြိုင် သတင်း ၀က်ဘ်ဆိုက်ကနေ သတင်းတပုဒ်တက်လာတယ်။ `ဂျောက်ဂျက် ၀န်ခံကတိထိုးရ၊ ဆင်ဆာမဲ့ခွေနှင့် မပတ်သက်ဟုပြော´ ...တဲ့။ စိတ်ထဲကနေ ချက်ချင်းပဲ တွေးမိတာက ကောင်းတာပေါ့၊ ၀န်ခံကတိထိုးရတာထက်စာရင် ထိုက်သင့်တဲ့ သတိပေးတားမြစ်မှုတောင် လုပ်သင့်သေးတယ်လို့ တွေးလိုက်မိပါသေးတယ်။
ဒါတောင် ခေတ်ပြိုင်ရဲ့ သတင်းထဲမှာ `ဟစ်ဟော့နှစ်သက်သူ လူငယ်တဦးက´ လို့ အမည်တပ်ထားတဲ့ ပြောစကားတချို့မှာ ဘ၀င်မကျစရာတွေ ပါနေသေးပေမယ့် ဒါဟာ ဂျာနယ်တိုက်ရဲ့ အာဘော်မဟုတ်တန်ကောင်းပါရဲ့လို့ ဖြေတွေးမိတယ်။
ဒီလိုနဲ့ သတင်းတွေ လိုက်ဖတ်ရင်း Mizzima သတင်းဂျာနယ်ကို ဖတ်မိတဲ့ အခါမှာတော့... ... ...။
***
ဆောင်းပါးရှင် နေသန်မောင် ရဲ့ `စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုညည်းသံများ´ ...တဲ့။
ခေါင်းစဉ်မှာ `စည်းကမ်းပြည့်ဝသော´ လို့ အမည်စတပ်ထားကတည်းကိုက ဆောင်းပါးရှင်ကတော့ ဟိုလူကြီးများရဲ့ လက်သုံးစကားကို ငေါ့ထေ့ထေ့ လုပ်ထားလေပြီလို့ သဘောပေါက်မိတယ်။ သူတို့ကလဲ `စည်းကမ်းပြည့်ဝသော´ ဆိုတာကို ခဏခဏ သုံးကြတာကိုး။ ထားတော့။
အဲဒီဆောင်းပါးတပုဒ်လုံးကို အနုလုံပဋိလုံ ဖတ်ပြီးတော့ ကျနော်နားလည်လိုက်တာကတော့ မြန်မာပြည်မှာ ဟစ်ဟော့ပ် ဆိုတာဟာ တော်လှန်ရေးတခုလို ဆင်နွှဲပြီးတော့ အနှိမ်ခံပြီးမှ နေရာရလာတာ၊ ဟစ်ဟော့ပ်ကို အခုဆိုရင် လူငယ်တွေ အားလုံးကလဲ အားပေးနေပြီ၊ ဂျောက်ဂျက်တို့ဆိုတဲ့ သီချင်း မိုက်ရိုင်းတယ်ထင်ရင် နားမထောင်ဘဲနေရုံရှိတယ်။ နောက်ဆုံး အနှစ်ချုပ်ရရင် ဒီလို သီချင်းတွေ မရှိသင့်ဘူးလို့ ပြောနေ၊ရေးနေကြသူတွေဟာ လူငယ်တွေကို နားလည်မှု မရှိကြသူတွေ၊ ဒီထက်ပိုပြောရရင် နေပြည်တော်အရပ်က `စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ´ ဆိုတာကြီးနဲ့သာ ထိုက်တန်သူတွေ စသဖြင့် စသဖြင့် အငေါ်တူးထားတာတွေကို ရလိုက်၊ နားလည်လိုက်တယ်။
***
ကျနော့် မိတ်ဆွေ အမေအရွယ်၊ အဒေါ်အရွယ် အမအရွယ်၊ နှမအရွယ်များ ခင်ဗျာ။ နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ ကျနော်တို့က `ဒါဟာ လူငယ်တွေရဲ့ ထွက်ပေါက်ပဲ၊ လွတ်လပ်မှု တခုပေပဲလို့ နားလည်ပေးသင့်တယ်´ ဆိုတဲ့ ဂျောက်ဂျက်ရဲ့ သီချင်းတပုဒ်က စာသားတချို့ကို အောက်မှာ ရှုပါ။
`ဘဲတကာနဲ့ ~~~ ပတ်ပြီးတော့ ဗျင်းလိုသည့် ဆော်တွေကိုလဲ ဗွီအိုင်ပီက ~~~ စောက်ထင်ကို မကြီး~~~´
`ဘော်ဒီကြီးက စောက်ရမ်း တောင့်ရဲ့သားနဲ့ ~~~ ရောက်တဲ့နေရာ~~~ စောက်ခွက်ကြီးကို ကောက်မယ့်အထာ~~~´
`သူ့ကိုယ်သူ~~~ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ သူ့ကိုယ်သူ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ အမှန်လေးပါပဲ~~~ အခုတော့ အမှေးလန်နေပြီ´
***
ခေတ်ပြိုင်သတင်းထဲက ဟစ်ဟော့ပ်နှစ်သက်သူ လူငယ်တဦးက ဆိုတဲ့စကားမှာ `ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့ပ်မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ´ လို့ ရေးထားပါတယ်။ အထက်မှာ ကျနော် တင်ပြထားတဲ့ ဂျောက်ဂျက်စာသားတွေဟာ ဘယ်လို အသိုင်းအ၀န်း ဘယ်လိုအရာတွေကနေ ရထားတဲ့ အတွေ့အကြုံတွေပါလဲ။
နေသန်မောင် ဆိုတဲ့ ဆောင်းပါးရှင်ကလဲ `ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲ ရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ´ လို့ ရေးထားပြန်တယ်။
ရှက်ဖို့ကောင်းတယ်ဆိုတာဟာ ဆောင်းပါးရှင်က ဘာကို ဆိုလိုတာပါလဲ။ တကယ်တမ်း ရှက်ဖို့ကောင်းတယ်လို့ သတ်မှတ်သင့်တာက မောင်နဲ့နှမ သားနဲ့အမိ ကြားလို့မှ မတော်တဲ့ စာသားတွေကို ထမင်းစားရေသောက်သလို သီဆိုသွားတဲ့ အဲဒီ ဂျောက်ဂျက်ဆိုတဲ့ လူငယ်မဟုတ်ပေဘူးလား။
တကယ်တော့ အဲဒီ သီချင်းတွေကို ဖန်တီးသူ ဂျောက်ဂျက်ဆိုတဲ့ လူငယ်ဟာ အနုပညာစွမ်းပကား သေးပုံမရတာကို သူ့ရဲ့ ညစ်ညမ်းစာသားတွေ မပါတဲ့ တခြားသောသီချင်းတွေက သက်သေခံနေပါတယ်။ ဒီလောက်တောင် ညစ်ပတ်စုတ်ပြတ်နေတဲ့ စာသားတွေကိုသာ မသုံးစွဲရင် နားထောင်ရအဆင်ပြေပြီး သူသည်လည်း အောင်မြင်တဲ့ ဟစ်ဟော့ပ် အဆိုတော်တယောက်ဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လဲပဲ သူတို့ပထမ (တရားဝင်မဟုတ်ဘဲ) ထွက်ခဲ့တဲ့ အခွေကို အားပေးခဲ့တဲ့ မနည်းလှတဲ့ လူငယ်တွေ ရှိခဲ့တာပါ။ ဒါတောင် `ဗလာကြီး လာမစားနဲ့~~~ မင်းစောက်ခွက်ကြီး ရာသီလာသွားမယ်~~~´ ဆိုတဲ့ စာသားမျိုး `နင်ထမင်းစားပြီး ကြီးတာလား -ီးစားပြီး ကြီးတာလား~~~~ -ီးစားပြီး ကြီးရင်တော့ ~~~ နင်ဖီးလ်အားကြီး ရှိလိမ့်မယ်´ ဆိုတဲ့ စာသားတွေဟာ ရိုင်းစိုင်းတဲ့ အသုံးအနှုံးတွေပါ။ အခု ဒုတိယမြောက်ခွေကတော့ ကမ်းကုန်သွားတယ်လို့ကို ပြောရမှာပါ။
ကျနော်တို့ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်ပါ။ ကျနော်တို့ မအေတွေ၊ နှမတွေကို တယောက်ယောက်ကများ..အဲဒီ အထက်ပါ သီချင်းစာသားတွေနဲ့ လမ်းမှာ ထိကပါးရိကပါးလုပ်ခဲ့ရင် ကျနော်တို့ ဘယ်လိုနေမလဲ။ `အာ...၊ ဒါလူငယ်တွေရဲ့ ထွက်ပေါက်ပဲ၊ ဟစ်ဟော့ပ်ဆိုတာ ရီဗော်လူးရှင်း၊ နင်တို့က ဒါလေးတောင် နားမလည်ဘူးလား´ ဆိုပြီး ကိုယ့်နှမကိုယ် ပြန်နားရင်းရိုက်ပြီး ဟိုသီချင်းဖန်တီးရှင် မောင်တွေကို `မောင်ရင်တို့ သီချင်းတွေ မိုက်တယ်ကွာ၊ ဆက်ချ´ လို့ အားပေးရမှာလား။ နည်းနည်းတော့ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ `စိစစ်ရေးက ပိတ်တာဟေ့´ လို့ ဆိုတိုင်း `ဟာ...၊ ဒါတော့ မတရားတာပဲကွ၊ မြန်မာပြည် စိစစ်ရေး ဒီလိုချည့်ပါပဲကွာ´ လို့ ၀ါးလုံးချေးသုတ်ရမ်းတာမျိုးတော့ ကျနော့် တဦးတည်း အမြင်အရ အားမပေးလိုတာ အမှန်ပါ။
လူမျိုးတိုင်းမှာ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဟိရီသြတ္တပ္ပ ဆိုတဲ့ အရှက်အကြောက် တရားဆိုတာ ရှိပါတယ်။ နိုင်ငံတကာက လူနေမှုကို ခေတ်ရဲ့ အလိုက်အထိုက်နဲ့အညီ မှီရ၊ လိုက်ရတာတွေ ရှိတာကို လက်ခံနိုင်ပေမယ့် ကိုယ့်လူမျိုးရဲ့ `ယဉ်ကျေးမှုစံ´ ဆိုတာလေးကတော့ မမေ့သင့်ပါဘူး။ အဲဒါကို ထိန်းသိမ်းနေတာက ကျနော်တို့ ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်ဖြစ်နေရင်လဲ ဒါဟာ ကောင်းတဲ့အလုပ်မို့ ကျနော်တို့ လက်ခံပေးရပါလိမ့်မယ်။ ကိုယ်တိုင်ကလဲ တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်လူမျိုးဂုဏ် ကိုယ်မြှင့်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် တချိန်ချိန်မှာ အမေဖြစ်သူကို သားဖြစ်သူက `ဗလာကြီး လာမစားနဲ့~~~ စောက်ခွက်ကြီး ရာသီလာသွားမယ်´ ဆိုတဲ့ သီချင်းမျိုးနဲ့ ပြန်ပြီး ကလော်တုတ်လာမယ့် အခြေအနေမျိုးကို မရောက်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
ဒါတွေကို ရေးလို့ `မင်းက ဟစ်ဟော့ပ်ကို ဘယ်လောက်နားလည်လို့တုန်း´ လို့ မေးလာရင်လဲ `ဟုတ်ကဲ့၊ နားမလည်ပါဘူးခင်ဗျာ၊ ဒါပေမယ့် ခံစားလို့ရတဲ့ သီချင်းတွေကိုတော့ အားပေးခဲ့ပါတယ်´ လို့ သာ ပြန်ဖြေရုံရှိပါတယ်။ ဒါပေမယ့် ကျနော် အထက်မှာ ရေးထားတဲ့ စာသားတွေကိုတော့ ဘယ်လိုစိတ်နဲ့မှ ခံစားလို့မရသေးပါ။ အဲဒါကို `ရှက်ဖို့ကောင်းတယ်´ လို့ သတ်မှတ်ရင်လဲ ငြိမ်ခံရမှာပါပဲ။ `မင်း ဒီလောက်ကလေးမှ နားမလည်ဘူးလား၊ ခေတ်မမှီဘူးလား´ ဆိုရင်လဲ အဲဒီလို ခေတ်မျိုးတော့ ကျနော် မမှီချင်တာ အမှန်ပါ။
MFG အဖွဲ့ပေါ်လာတုန်းက အားပေးခဲ့ကြတာပဲလို့ ပြန်ထောက်စရာရှိပါတယ်။ ဒါပေမယ့် MFG အဖွဲ့ကို လူငယ်တွေ အားပေးခဲ့ကြတဲ့ ပုံစံနဲ့ အခု ဂျောက်ဂျက်အဖွဲ့ကို လူငယ်တွေ အားပေးနေကြတဲ့ ပုံစံက အနှစ်သာရခြင်း တခြားစီကွာခြားတာကို သတိထားသင့်ပါတယ်။ စာသားဖော်ကျူးမှုတွေက တခြားစီပါ။
တကယ်ဆို မြန်မာဂီတပရိသတ်ဟာ ရှေးရိုးစွဲတွေ မဟုတ်ပါဘူး။ အက်ဆစ်အဖွဲ့ရဲ့အခွေ ထွက်လာတဲ့ အချိန်တုန်းက `ငါတို့ထဲက တယောက်ကို လာထိရင်~~~ အက်ဆစ်နဲ့ လောင်မြိုက်ခံရမယ်ဆိုတာ~~~ မင်းတို့သိစေချင်´ ဆိုတဲ့ ခပ်မိုက်မိုက်စာသားတွေ၊ ပန့်ခ် အဆိုတော် ဘစ်ဘက်အဖွဲ့ရဲ့ သီချင်းတပုဒ် `စိတ်ညစ်ရပါလား´ ဆိုတဲ့ သီချင်းထဲက `ကျောင်းကို ရောက်တော့လဲ ဆော်တွေက တယောက်မှ မိုက်တာမရှိ´ `ငါ့ကို အဘိုးကြီးက အော်ဆဲ၊ ဘာတွေလဲ စိတ်ညစ်ရပါလား´ ဆိုတဲ့ သီချင်းစာသားလိုမျိုးတွေလောက်ကို ဘယ်သူကမှ စကားထဲထည့်လုပ် ပြောခဲ့တာ မဟုတ်ပါဘူး။ ခေတ်ရဲ့ ရေစီးကြောင်း တခုပဲလေ ဆိုပြီးတော့ပဲ အများစုက လက်ခံအားပေးခဲ့ကြတာချည်းပါ။ မင်းမင်းလတ်တို့ လက်ထက်တုန်းကတောင် `လမ်းကလေးလျှောက်ရင် တင်ကို လှုပ်တယ်´ လို့ ထည့်ဆိုခဲ့ကြသေးတာ မဟုတ်ပါလား။ ဒါပေမယ့် လူအများနားလည်လက်ခံနိုင်တဲ့ ဘောင်ကို ကျော်ပြီးတော့ ရုန့်ရင်းကြမ်းတမ်းလွန်းတဲ့ အဆင့်ထိ ဖြစ်လာရင်တော့ ဒါကို တားရဆီးရမှာပါပဲ။ ခေါ်ယူသတိပေးတာတွေ၊ ၀န်ခံကတိထိုးခိုင်းတယ် ဆိုတာတွေဟာ နေရာတိုင်းမှာ တရားနေတာမဟုတ်သလို နေရာတိုင်းမှာ မတရားလုပ်နေတာလို့လဲ ကျနော်တို့ ပြောနေလို့ မရပါဘူး။
ကျနော်တို့ အက်ဆစ်အဖွဲ့ကနေ သီအိုရီ၊ ရဲလေး၊ စိုင်းစိုင်း၊ ရသ၊ ဂျေမီ တို့အထိတိုင်အောင် ဟစ်ဟော့ပ်ကို အားပေးနေခဲ့ကြတဲ့ အနှစ်သာရဟာ `ဟစ်ဟော့ပ်က ပွင့်လင်းတယ်၊ ဒီလိုလဲ ရိုင်းချင်ရိုင်းမယ်´ ဆိုတဲ့ နားလည်မှုမျိုး မဟုတ်ပါဘူး။ ပွင့်လင်းတာနဲ့ ရိုင်းတာက တခြားစီပါ။ ဒီအခြေခံလေးကိုသာ နားလည်ထားရင် နောက်ထပ် ဘယ်လိုဂီတအသစ်မျိုးတွေ ထပ်ပေါ်လာပါစေဦး၊ လက်ခံနားဆင်လို့ ရနေဦးမှာပါ။
***
ကျနော်တို့အားလုံးဟာ လွတ်လပ်မှုကို လိုချင်ကြပါတယ်။ `စည်းကမ်းပြည့်ဝသော´ လို့ ခေါင်းစဉ်တပ်ပြီး သူများက ဗိုလ်ကျဆရာလုပ်တာကို မခံချင်ရင် ကိုယ်တိုင်ကလဲ `လွတ်လပ်မှု´ ဆိုတာဘာလဲဆိုတာ နားလည်ဖို့တော့ လိုပါလိမ့်မယ်။
ပရမ်းပတာဆန်တာနဲ့ လွတ်လပ်တာဟာ တခြားစီပါ။
***
ကလိုစေးထူး
(ဆောင်းပါးကို ထိထိမိမိဖော်ပြချင်တဲ့အတွက် သီချင်းစာသားတွေကို မူရင်းအတိုင်း တင်ပြရတဲ့အတွက် တောင်းပန်လိုပါတယ်။ ဓာတ်ပုံတွေကိုတော့ ခေတ်ပြိုင်နဲ့ Eleven ၀က်ဘ်ဆိုက်ကနေ ယူငင်ဖော်ပြပါတယ်)

You received this email because you are subscribed to the real_time feed for http://klosayhtoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.