Monday, February 9, 2009

[အတွေးရပ်ဝန်း] 6 New Entries: နေ

နေ

နေ၏အလင်း
တောက်ပခြင်းကား
ကွယ်ပျောက်သွားလဲ
ယာယီခဏ
အခိုက်အတန့်မျှသာ
တစ်နေ့သောခါ
တိမ်ဆိုးတိမ်ညစ်
ပျောက်ကွယ်ရစ်လို့
လောကအမိုးအောက်
နေရောင်တောက်၍
သာယာသည့်နေ့
ရောက်ရမည်မှာ
လောကသဘာဝ
အမှန်တရားတစ်ခုပါ… ။

ဇန်န၀ါရီ ၂၉ က ခိုးသွားတဲ့နေ

ဇန်န၀ါရီရဲ့ ဆောင်းမပီမသနေ့တစ်နေ့မှာ
လောကမိုးသားအောက်
ထွန်းတောက်နေတဲ့ နေတစ်စင်း
ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်
ဒါဟာ သီချင်းတစ်ပုဒ်ထဲက စာသားလို
ဇာတ်ဆရာအလိုကျလား…
လောကကြီးရဲ့ မတရားမှုတစ်ခုလား…
သေချာတာကတော့
ဇန်န၀ါရီ ၂၉ က နေတစ်စင်းကို ခိုးယူသွားခဲ့တာပါပဲ။

သူငယ်ချင်း အိမ်လွမ်းသူသို့…..

သူငယ်ချင်းရေ… နင် ဟိုတစ်နေ့က ငါ့ cbox မှာ ငါတို့ခင်ခဲ့ကြတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားဘ၀ကို သတိရနေတယ်လို့ လာအော်သွားတယ်နော်.. ငယ်သူငယ်ချင်းတွေ အများကြီးရှိတဲ့အထဲက ငါ့ဘလော့မှာ ရေးသမျှစာတွေကို စိတ်ဝင်တစား လာဖတ်တာ နင်တစ်ယောက်ပဲ ရှိမယ်ထင်ပါရဲ့.. ငါ့ရဲ့ ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ ခံစားချက်တွေကို မျှဝေခံစားပေးတဲ့အတွက် ကျေးဇူးပါဟာ.. နင် ငါ့ကို ပေးတဲ့ စကားလက်ဆောင်လေးတွေ အတွက်ရောပေါ့။

နင်ပြောသလိုပဲ ငါတို့ စ,ခင်ခဲ့ကြတဲ့ရက်ကို ငါလဲ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ၀သန်ကာလ မိုးရေစက်တွေကြားမှာ ငါတို့ တပျော်တပါး ကျောင်းသွားခဲ့ကြတယ်။ နှင်းတွေဝေနေတဲ့ ဆောင်းမနက်တွေမှာလဲ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ခဲ့ကြတယ်။ တကယ်တော့ အဖြူအစိမ်းဝတ် ကျောင်းသူဘ၀ဟာ ပူပင်သောက ကင်းစွာနဲ့ ပျော်ခဲ့ရတဲ့ ရွှေရောင်ကာလတွေပါပဲ။ အဲဒီတုန်းက တန်ဖိုးမထားခဲ့မိတဲ့ ငါတို့ရဲ့ ပျော်စရာအချိန်တွေကို အခုမှ နှမျောနေမိတယ်။

ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းတလျှောက်လုံး နင်တို့နဲ့ ကျူရှင်အတူတူ တက်ခဲ့ကြတာကို သတိရတယ်.. စာတိုက်က ဘိုင်အိုကျူရှင်ခန်းလေးကို လွမ်းတယ်.. ငါတို့ကျောင်းတော်ကြီးရဲ့ သပြေခန်းမမှာ စုဝေးခဲ့ကြတာကို အမှတ်ရတယ်.. ငါတောင် ဒီလောက်လွမ်းနေရင် အဝေးရောက်နေတဲ့ နင်က ပိုလွမ်း ပိုသတိရနေမှာပေါ့။

ငါ့ရဲ့ အိပ်မက်တွေတိုင်းမှာ တက္ကသိုလ်ကျောင်းသူဆိုတဲ့ အငွေ့အသက် တစ်စက်လေးမှ မထုံမွှန်းဘဲ အဖြူ အစိမ်းဝတ် ကျောင်းသူဘ၀ရဲ့ ပုံရိပ်တွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်ဆိုတာ နင့်ကို ပြောပြချင်တယ်။ ဆယ်တန်းနှစ်မှာ နင်နဲ့ငါ တစ်ခန်းတည်းတက်ရတော့ အသံကျယ်ပြီး နောက်ပြောင်တတ်တဲ့ နင့်ကြောင့် ငါတို့တွေတင်မကဘဲ ဆရာမတွေပါ ရီရီမောမောနဲ့ စာသင်ချိန်တွေက ပျော်စရာကောင်းခဲ့ပြန်တယ်။

အထူးသဖြင့် အင်္ဂလိပ်စာ ဆရာမကြီးရဲ့ အချိန်မှာ ကဗျာတွေဆိုခိုင်းတိုင်း Man may come and Man may go ဆိုတဲ့ စာတစ်ကြောင်းတည်းကိုပဲ တွင်တွင်ဆိုတတ်လို့ ဆရာမကြီးမှာ ရီရအခက် ငိုရအခက်နဲ့ပေါ့။ နောက်ပြီး Physic အချိန်မှာ Law တွေ ဆိုခိုင်းပြန်တော့လဲ Newton Law အစချီတဲ့ ရူပဗေဒ Law တွေမှာ အင်္ဂလိပ်ဖတ်စာက Khun San Law ကိုပါ ဆက်ဆိုတတ်တဲ့ နင်တို့အုပ်စုကြောင့် မျက်နှာထားအရမ်းတင်းပြီး စည်းကမ်းကြီးတဲ့ Physic ဆရာမလဲ လက်မြောက်အရှုံးပေးခဲ့ရတယ်နော်…။

ပြန်တွေးကြည့်ရင် အားလုံးဟာ လွမ်းစရာတွေပါပဲ သူငယ်ချင်းရယ်..။ တစ်ချိန်မှာ ငါတို့သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြရင် ဒီအကြောင်းတွေကို ပြန်ပြောပြီး ရီကြတာပေါ့။ ဖြစ်နိုင်ရင် ငယ်သူငယ်ချင်းတွေအားလုံးနဲ့ ပြန်ဆုံချင်တယ်ဟာ။ အချိန်မတိုင်ခင် ငါတို့ကို ခွဲသွားတဲ့ ကေသွယ်တစ်ယောက်တော့ မပါနိုင်တော့ဘူးပေါ့။ ငါလေ စိုင်းစိုင်းခမ်းလှိုင်ကို မကြိုက်ပေမယ့် `သူငယ်ချင်းများစွာ´ဆိုတဲ့ သီချင်းကို နားထောင်ရတိုင်း မျက်ရည်ဝဲမိတယ်။ နင်လဲ တစ်နေ့တော့ နင်လွမ်းနေတဲ့ အိမ်ရှိရာ ရွှေနိုင်ငံကြီးကို ပြန်လာခဲ့ပေါ့ဟာ…။

အဲဒီနေ့မှာ ငါတို့တိုင်းပြည်ရဲ့ လေထုထဲမှာ အမှန်တရားရဲ့ ရနံ့တွေ သင်းပျံနေပါစေ.. ငါတို့တိုင်းပြည်ရဲ့ မိုးကောင်းကင်ထက်မှာ လွတ်လပ်ခြင်းရောင်ခြည်တွေ လင်းလက်နေပါစေလို့ ငါ ဆုတောင်းပါတယ်။ ဒီစာဟာ personal ဆန်မှန်း သိပေမယ့် အလုပ်များတဲ့ကြားထဲကနေ ငါ့ဆီကို လာလာနေတဲ့ နင့်အတွက် အမှတ်တရအနေနဲ့ ဘလော့မှာ တင်လိုက်တာပါ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် နင်တစ်ယောက် ဖတ်မိမယ်ဆိုရင် ငါ ကျေနပ်ပါတယ် အိမ်လွမ်းသူဆိုတဲ့ ငါ့ရဲ့သူငယ်ချင်း AP ရေ…။

အပြန်လမ်း

ချစ်သူမှန်းရော့ …..
လာလမ်းကိုထောက်၊ လာချိန်ရောက်တိုင်
သူရောက်မလာ၊ ဘာကြောင့်ပါလိမ့်
စိုးသိမ့်ရင်ထဲ၊ မဝေခွဲတတ်
နေပဲမကောင်း၊ အကြောင်းကြောင်းကြောင့်
နေရာဟောင်းဆီ၊ မရောက်ပြီလား
ဝေ့သီမျက်ရည် ၀ဲပေမယ်။

ချစ်သူတမ်းရော့ …..
လွမ်းနော့နော့နှင့်၊ ဖျော့တော့စိတ်နွမ်း
ပင်ပန်းနုံးချိ၊ လွမ်းမိသည့်ဝန်
အချစ်ကျွန်လို၊ ချစ်နွံနစ်မွန်း
မြည့်ကျွမ်းလောင်မြိုက်၊ အပူတိုက်ပေါ့
မျှော်လိုက်ရှာရော့ အသင်္ချေကွယ်။

ချစ်သူလွမ်းရော့ …..
ကျွန်တော့်အပြစ်၊ ဆိုချင်ဖြစ်ရဲ့
တစ်ဆစ်ကလေး၊ သိမပေးဘဲ
ဝေးနေရက်ကြာ၊ နေ့များစွာလေ
သွေခွာနေခဲ့၊ ခွင့်လွှတ်လှည့်နော်
ချစ်သူပျော်တော့၊ ခေါင်းလေးမော့လျက်
စို့မျက်ရည်ထိန်း၊ လွမ်းရုပ်သိမ်းစမ်း
ရွှင်လန်းကြည်သာ၊ ပျော်စရာချိန်တိုင်း
ကြင်နာသူတွက် ဖြစ်စေမယ်။

စိုးအောင်သစ်

တစ်ချိန်က ရုပ်သံ ရသစုံမဂ္ဂဇင်း မှာ ဖော်ပြခံခဲ့ရတဲ့ ဖေဖေ့ကဗျာလေးတစ်ပုဒ်ပါ။ ဖေဖေ့ကိုလွမ်းလို့ အမှတ်တရအနေနဲ့ တင်လိုက်တာပါ။

မင်းတစ်ယောက်တည်း မဟုတ်ပါ

ကျွန်မက လစ်ဗာပူးလ်အသင်းရဲ့ ပရိသတ်တစ်ယောက်ပါ။ မိုက်ကယ်အိုဝင်နဲ့ စတင်ဗင်ဂျရတ်က ကျွန်မအကြိုက်ဆုံး ကစားသမားတွေပေါ့။ ဒါပေမယ့် လစ်ဗာပူးလ်အသင်းကို ကျွန်မ စ, ကြိုက်မိတာက အသင်းရဲ့ ကစားပုံကြောင့်၊ ကစားသမားတွေကြောင့် မဟုတ်ပါဘူး။ အသင်းရဲ့ ဆောင်ပုဒ်ကြောင့်ပါ။ "You'll Never Walk Alone" ဆိုတဲ့ စာသားလေးကို ကျွန်မ အရမ်းသဘောကျပါတယ်။ အဲဒီဆောင်ပုဒ်လေးကို စိတ်ဝင်စားမိရာကနေ လစ်ဗာပူးလ်အသင်းကို အားပေးမိတာပါ။ နောက်ပိုင်း မိုက်ကယ်အိုဝင်ရဲ့ ဂိုးသွင်းချက်တွေ၊ စတင်ဗင်ဂျရတ်ရဲ့ကစားဟန်နဲ့ စိတ်ဓါတ်ကို ကြိုက်တာတွေကြောင့်သာ လစ်ဗာပူးလ်ရဲ့ အမာခံပရိသတ် ဖြစ်ခဲ့ရတာပါ။

"You'll Never Walk Alone" ကို သူတို့တွေ ဘယ်လိုအဓိပ္ပါယ်နဲ့ ပေးသလဲဆိုတာ မပြောတတ်ပါဘူး။ ကျွန်မကတော့ ကျွန်မကြိုက်တဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားအတိုင်း `မင်းတစ်ယောက်တည်း မဟုတ်ဘူး.. မင်းနဲ့အတူရှိတယ်´ဆိုတဲ့ အဓိပ္ပါယ်မျိုး ခံစားမိပါတယ်။ အင်္ဂလိပ်စာကြောင်းကို ဘာသာပြန်တာ မဟုတ်ပါဘူး။ ကိုယ်ခံစားမိတဲ့အတိုင်း အဓိပ္ပါယ်ဖွင့်လိုက်တာပါ။ တစ်ယောက်တည်း စိတ်ညစ်တဲ့အချိန်၊ စိတ်ဓါတ်ကျနေတဲ့ အချိန်မျိုးမှာ အဲဒီဆောင်ပုဒ်လေးကို စိတ်ထဲမှာ ရွတ်ကြည့်လိုက်ရင် ကိုယ်နဲ့အတူ မျှဝေခံစားပေးမယ့်သူ ရှိသလို စိတ်ထဲမှာ ထင်မိလို့ပါ။

လူ့ဘ၀ဆိုတာ မွေးဖွားလာတာကနေ သေဆုံးချိန်အထိ တစ်ယောက်တည်းပါပဲ။ ဒါပေမယ့် ဘ၀ရပ်တည်တဲ့ နေရာမှာတော့ တစ်ယောက်တည်း ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး။ အနည်းဆုံး ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေကို မျှဝေခံစားပေးမယ့်သူ ရှိဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် ခြောက်ကပ်တဲ့ ဘ၀ကြီးကို အထီးကျန်ဆန်စွာနဲ့ အဓိပ္ပါယ်မဲ့ ဖြတ်သန်းကုန်လွန်သွားရမှာပါ။ ကိုယ်နဲ့အတူ တစ်ဦးတစ်ယောက်ရှိနေတယ် ဆိုတဲ့ အသိက ခွန်အားတွေကို ဖြစ်စေပါတယ်။

ကိုယ်အခက်အခဲတွေနဲ့ ကြုံနေရတဲ့အချိန် မင်းတစ်ယောက်တည်း မဟုတ်ပါဘူးကွာ ဆိုတဲ့ အားပေးစကားလေးတစ်ခွန်းလောက် ပြောပေးမယ့်သူမျိုး လိုအပ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ဘက်ကနေလဲ တစ်စုံတစ်ယောက်ကို အဲဒီလိုမျိုး ပြောပေးသင့်ပါတယ်။ ကိုယ့်ဘက်က ပြောပေးဖို့ဆိုတာက သူ့မှာ အခက်အခဲရှိနေမှန်း သိမှဖြစ်မှာပါ။ ခင်မင်ရင်းနှီးလာတာကြာရင် မျက်နှာရိပ် မျက်နှာကဲ ကြည့်တာနဲ့ သိနိုင်တယ် ဆိုပေမယ့် တိတိကျကျကတော့ ကာယကံရှင်ကိုယ်တိုင် ပြောပြမှ သိနိုင်မှာပါ။ သူ့အခက်အခဲကို သိမှလဲ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အကြံဥာဏ်နဲ့ အားပေးစကားကို ထိထိရောက်ရောက် ပြောနိုင်မှာပေါ့။

အဲဒီနေရာမှာ အရေးကြီးတာက ယုံကြည်မှုနဲ့ ပွင့်လင်းမှု ပါပဲ။ တချို့ကျတော့ စိတ်ညစ်စရာအကြောင်းတွေဆို တခြားသူကို မပြောချင်ကြပါဘူး။ သူများတွေပါ ကိုယ့်ကြောင့် စိတ်ဆင်းရဲမှာစိုးတဲ့ စေတနာနဲ့ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေတတ်ကြပါတယ်။ ဒါဟာ ကိုယ့်အတွက် မကောင်းတဲ့အချက်လို့ ကျွန်မ မြင်ပါတယ်။ ကိုယ်ဘာတွေ ကြုံနေရသလဲဆိုတာကို ငြီးငြူပြတာမျိုး မဟုတ်ဘဲ တစ်ယောက်ယောက်ကို ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေကိုဖြစ်စေ ဒါမှမဟုတ် ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ်ပေါ့။ ဒါမှသာ ကိုယ်မမြင်နိုင်တဲ့ ရှုထောင့်မှာရှိနေတဲ့ ဖြေရှင်းစရာနည်းလမ်းတွေ ထွက်လာမှာပါ။ ကိုယ်တစ်ယောက်တည်း စိတ်ဆင်းရဲခံနေခြင်းဟာ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတဲ့သူကိုပါ စိတ်မချမ်းမသာဖြစ်စေတယ် ဆိုတဲ့အချက်ကိုလဲ နားလည်ထားသင့်ပါတယ်။

ကျွန်မကတော့ ကျွန်မကို ခင်မင်ရင်းနှီးစွာ၊ ယုံကြည်စွာနဲ့ ရင်ဖွင့်လာတဲ့ သူငယ်ချင်းတိုင်းကို ကူညီနိုင်တာရှိရင် ကူညီပေးမယ်။ မကူညီနိုင်ခဲ့ရင်တောင်မှ "မင်းတစ်ယောက်တည်း မဟုတ်ပါဘူး" ဆိုတဲ့ အားပေးစကားနဲ့ မျှဝေခံစားပေးဖို့တော့ ၀န်မလေးပါဘူး။ ကျွန်မကိုယ်တိုင်လဲ စိတ်ညစ်နေတဲ့အချိန်တွေမှာ အဲဒီိလို စကားလေးတစ်ခွန်းလောက်ဖြစ်ဖြစ် တမ်းတမိပါတယ်။

အဲဒီတော့ ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုနဲ့ ပွင့်လင်းလိုက်ကြရအောင်နော်။ ဒါဆိုရင် စိတ်ထဲမှာရှိနေတဲ့ မွန်းကြပ်မှုတွေ အတန်အသင့် လျော့ပါးသွားမှာ သေချာပါတယ်။

You'll Never Walk Alone!

သူငယ်ချင်းအတွက်

ခင်မင်မှုမှာ
နေရာဒေသ မလိုဘူး…
ခင်မင်မှုမှာ
နီးခြင်းဝေးခြင်း မရှိဘူး…
ခင်မင်မှုမှာ
ပတ်ဝန်းကျင်အဆင့်အတန်း မသိဘူး…
ခင်မင်မှုမှာ
အပေါ်ယံပကာသန မကြည့်ဘူး…
ခင်မင်မှုမှာ
တခြားအနှောင်အဖွဲ့တွေ မငြိဘူး…

ခင်မင်မှုမှာ…
ခင်မင်မှုမှာ…
ခင်မင်မှုမှာ…

စစ်မှန်တဲ့ ခင်မင်မှုဟာ
အရောင်အဆင်း ကင်းတယ်
ဟန်ဆောင်ခြင်း ရှင်းတယ်
ပူလောင်ခြင်းတွေ ဘေးဖယ်
မနာလိုခြင်းတွေ ငြင်းပယ်
အဖြူရောင်သက်သက်
စုတ်ချက်တွေနဲ့
ခင်မင်မှုကို ပုံဖော်ကြမယ်
ဘ၀ပန်းချီကားချပ်ထဲမှာ …. ။

( ၂၁.၁.၂၀၀၈ မှာ မှတ်မှတ်ရရ ခင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်အတွက် )


You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.