ကြိုး
ကိုယ့်အသားကိုယ်ဆိတ်ကြည့်နေဖို့ မလိုတော့ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ဆိုးကြီးမှန်းငါသိတယ်။
ကိုယ့်ဦးနှောက်တံခါးကိုယ်ခေါက်ကြည့်နေဖို့ မလိုတော့ဘူး
စိတ်ကူးတွေ အိပ်ပျော်ပြီး ဟောက်နေကြမှန်း ငါသိတယ်။
အီလက်ထရွန်းနစ် ကြေးမုံချပ်တွေပေါ်က
မြင်နေကျ မြစ်ကြီးကို
အလျားလိုက် ဖတ်နေဖို့ လည်းမလိုတော့ဘူး။
မုဆိုးဆိုတာ ရက်စက်တတ်မှန်း နဂိုကတည်းက ငါသိတယ်။
လူဆိုတဲ့ စက်တွေကို နှိုးဖို့ 
စိတ်ကြွဆေးအတင်း ထိုးမပေးချင်တော့ဘူး။
ယဉ်ပါးသွားတဲ့ ရောဂါဟာ
ထိုးနေကျ ဆေးတွေ မတိုးတော့မှန်းနဲ့ 
ကိုယ့်ကိုယ်ကို ထည့်မပေးနိုင်တဲ့ လောင်စာဟာ
ကောက်ရိုးထက်တောင်ညံ့မှန်း ငါသိတယ်။
ငါ့လက်ချောင်းတွေကိုကွေး
မျက်ရည်ကိတ်(ခ်)တွေကိုတော့ ဆက်ကျွေးနေဦးမယ်။
ငါဧည့်ခံထားတဲ့ သစ်သီးတွေကို ဘယ်မျက်လုံးတွေများ လာခူးမလဲ။
ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတစ်ရာကို ကြံ့ ကြံ့ခံဖို့
အမှောင်ရက်ကြီးစိုးတဲ့
ခုလိုတောင်တက် ခရီးမျိုးမှာ
တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ်
ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်။
ကောင်းကင်ကို
အမြစ်
လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းတဲ့
အတွေးပူဖောင်း တွေထဲမှာ
ပေါ်လီယာနာကိုထည့်
မြေပြင်မှာ ပျံဝဲဖို့ လွှတ်လိုက်တာပဲ။
သည်းခံခြင်းတရားကိုပန်
ကစားသူတိုင်း နိုင်စေမယ့် ဂိမ်းသီအိုရီကျမ်းကြီးကိုလှန်ပြီး
ပိတ်ထားတဲ့ နံရံတွေကို မမြင်ချင်ယောင်ဆောင်
ဝဲလာတဲ့ ပုဒ်မတွေကို ဟိုရှောင်ဒီရှောင်နဲ့ 
လက်တွေကို တတ်နိုင်သမျှဆန့် တန်း
ဖယောင်းတိုင်တွေ လိုက်ကမ်းကြည့်မိတယ်။
ဒွါရတစ်ပေါက်မှ မရှိတဲ့ ခန္ဓာကိုယ်ကြီးထဲ
လွှတ်လိုက်တဲ့ ပူဖောင်းတွေသာကွဲ
ပေါ်လီယာနာလေးသာ သွေးတွေရွှဲသွားတော့တယ်။
ရင်ထဲက ထိုးခွဲထွက်လာတဲ့ ရထားဟာ
ဒီဘူတာပဲ ပြန်ဆိုက်တော့တာပဲ။
ကောင်းကင်ကို
မိဘမကောင်း သားသမီးခေါင်း
ကဗျာ အဟောင်းလေးပါ။ ကျွန်တော့် အစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က မိဘဆရာကန်တော့ပွဲမှာ မိဘနေရာကနေ စကားပြောရမှာကို ဒီကဗျာ ထရွတ်လို့  ကျွန်တော် မျက်နှာပူခဲ့ရစေခဲ့တဲ့ ကဗျာလေးပေါ့။
တမင်တကာ စတန့် ထွင်ချင်လို့ မဟုတ်ဘူး။
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်က
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။
သားသမီးတွေ မကောင်းတဲ့အခါ မိဘတွေ နာမည်ပျက်တယ်၊
မိဘတွေမကောင်းတဲ့အခါမှာတော့ သားသမီးတွေ အားလုံး ဘဝပါပျက်တယ်
အတ္တနဲ့ တစ်ဘက်ချို့နေတဲ့ မျက်လုံး
မကြားချင်ယောင်ဆောင်ထားတဲ့နား
ဥာဏ်နီဥာဏ်နက်တွေ ထည့်ထားတဲ့ ဦးနှောက်
ဒုက္ခရောက်သူတွေအချင်းချင်း ချနင်းချင်တဲ့ခြေထောက်
လောဘနဲ့ ထွင်းထားတဲ့ပေတံ
တဆတ်ဆတ်တုန်နေတဲ့ဒူး
လည်စင်းခံဖို့ ဆို အမြဲ အဆင်သင့်ဖြစ်နေတတ်တဲ့ သတ္တိ
အဲဒါတွေဟာ ငါတို့ ရရှိခဲ့တဲ့ အမွေအနှစ်တွေပေါ့။
ခင်ဗျားတို့ က ကိုယ့်ထမင်းအိုးလေးကို သေနတ်ရှပ်မှန်မှာ အရမ်းကြောက်တယ်။
ခင်ဗျားတို့ က ပုဆိန်နဲ့ ပေါက်ရမယ့် အချိန်မှာတောင် အပ်နဲ့ မထွင်းရဲခဲ့ကြဘူး။
ခင်ဗျားတို့ က ရင်သွေးတွေ ကျခဲ့တဲ့ သွေးတွေနဲ့ ခေတ်အဆက်ဆက် ဆက်ကြေးပေးတယ်။
ခင်ဗျားတို့ က အသက်တစ်ရက်ပိုကြီးတယ်ဆိုတဲ့ သံလျက်နဲ့  ကျွန်တော်တို့ လက်ညှိုးတွေကို ဖြတ်တယ်။
ရန်သူက ရက်ရက်စက်စက် ပစ်နေချိန်မှာ
ခင်ဗျားတို့ က တစ်…နေရာယူ၊ နှစ်…နေရာယူ၊ သုံး ….နေရာယူ၊ လေး…နေရာယ၊ူ ငါး….နေရာလု
ဒီလိုနဲ့ 
ရှေ့ ကတွေ့ ရတဲ့ ခြေရာတွေအတိုင်း မကျေမနပ်လိုက်အလျှောက်မှာ
ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ခြောက်လာတယ်။
နောက်မျိုးဆက်တွေ အပင်ပေါက်လာတဲ့အခါ
သူတို့ လက်ညှိုးတွေ ရင်ကို ဖောက်လာ ဦးမှာလား။
ခုတော့
လျှာပေါ်မှာ မြက်ကလေးတစ်ပင်ပေါက်ဖို့ အရေးတောင်
မိုးခါးရေတွေ အလုအယက်သောက်နေရပြီ။
အတွင်းအဇ္ဈတ္တထဲ အထိ လှိုက်စားသွားခဲ့တဲ့ အမွေတွေကို
ခုချိန်မှာ ပြန်အန်ထုတ် ပါရစေတော့။
ခင်ဗျားတို့ ပေးခဲ့တဲ့ ဆင်ခြေအဆိပ်တွေနဲ့ 
ငရဲဘုံပေါ်မှာ ဆက်မအိပ်ချင်တော့ဘူး။
သြော်…
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်ကတော့
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။
ကောင်းကင်ကို
(ပုံက အေပီ ကနေ ယူထားတာပါ။)
You received this email because you are subscribed to the real_time feed for http://kaungkinko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.