Monday, February 9, 2009

[Road to Freedom] 2 New Entries: ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၄)

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၄)

တီဗွီနဲ့ရေခဲသေတ္တာမရှိဘူး
တီဘီနဲ့အေအိုင်ဒီအက်စ်ရောဂါတော့ရှိတယ်

အိုးပိုင်အိမ်ပိုင်မရှိဘူး
ဧည့်စာရင်းတိုင်ရတာတော့ရှိတယ်

အခွင့်အရေးမရှိဘူး
အခွန်အတုတ်တော့ရှိတယ်

လူ့အခွင့်အရေးကြေငြာစာတမ်းမရှိဘူး
မုဒိမ်းကျင့်ခွင့်လိုင်စင်တော့ရှိတယ်

ထောက်ပံ့ကြေးမရှိဘူး
ဖောက်ပြန်ရေးသမားတော့ရှိတယ်

ဘဏ်စာအုပ်မရှိဘူး၊ ခရက်ဒစ်ကဒ်မရှိဘူး
နေ့ပြန်တိုးနဲ့အပေါင်ဆုံးလက်မှတ်တော့ရှိတယ်

အယူခံခွင့်မရှိဘူး၊ ခုခံပိုင်ခွင့်မရှိဘူး
တသက်တကျွန်းထောင်ဒဏ်တော့ရှိတယ်

ဝတ်ပြုဆုတောင်းခွင့်မရှိဘူး၊ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူး
လောင်းကစားဝိုင်းနဲ့လမ်းဘေးအရက်ဆိုင်တော့ရှိတယ်

လူမူဖူလုံရေးမရှိဘူး၊ ဖွံ့ဖြိုးရေးစီမံကိန်းမရှိဘူး
အိုင်ဒီပီတော့ရှိတယ်၊ ဒုက္ခသည်တော့ရှိတယ်

အလုပ်လက်မဲ့တွေမိုလိုပေါက်
အမျိုးကောင်းသားသမီးတွေအရက်ကျွံ၊ လိင်ကျွန်ဘ၀ရောက်
လူငယ်တွေကတိုင်းတပါးရောက်
သက်ကြီးရွယ်အိုတွေကလမ်းဘေးရောက်
အလားအလာကောင်းတဲ့တို့နိုင်ငံ

"သူဌေးလှေမှောက်တာပြဿနာမဟုတ်ဘူး
သူတောင်းစားခွက်ပျောက်တာကမှပြဿနာ"

ဘာတွေယူပြီးဘာတွေပြန်ပေးကြမှာလဲ
လုံခြုံရေးကောင်စီမှာ
ရွှေနိုင်ငံအကြောင်းဆွေးနွေးတိုင်း
ပေါက်ဖော်ကြီးနဲ့ရပ်ရှကြီးတို့ကရူးချင်ယောင်ဆောင်

ကျေးဇူးရှင်ကိုရီးယားသံတမန်ကြီးရေ
တနေ့ကိုထမင်းနှစ်နပ်ပုံမှန်စားနိုင်ဖို့
ကလေးတွေကျောင်းထားနိုင်ဖို့
အမိုးအကာအောက်မှာ
အရှက်လုံအ၀တ်အစားတစ်စုံလောက်ရှိရင်တော်ပါပြီ ။……။

ငြိမ်းချမ်းအောင်
ပြန်ခေါက်ထားပါ...

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၃)

အလုပ်လုပ်ချင်တယ်
အလုပ်ခန့်မယ့်သူမရှိဘူး
ဗိုက်ဆာတယ်
စားစရာမရှိဘူး
ရည်းစားတစ်ယောက်လောက်လိုချင်တယ်
ပိုက်ဆံမရှိဘူး

လမ်းကြိုလမ်းကြားတွေထဲ
အလေအလွင့်တစ်ယောက်လို
လျှောက်သွားနေမိ
အောက်ကိုငုံ့ကြည့်တော့
ပေါက်နေတဲ့
ငါ့ဖိနပ်တစ်ရံကိုတွေ့တယ်
အပေါ်ကိုမော့ကြည့်တော့
အိုဇုံးလွှာပါးနေတဲ့
ကောင်းကင်ကြီးကိုတွေ့တယ်
ဘေးဘီဝဲယာလှည့်ကြည့်တော့
စစ်ဖြစ်နေတဲ့ ကမ္ဘာကြီးကိုတွေ့ရတယ်

မြို့ထဲသွားဖို့ဘတ်စ်ကားလက်မှတ်မရှိဘူး
နယူးရောက်သွားပြီးအရေးဆိုဖို့
အခွင့်အရေးမရှိဘူး
နတ်ပြည်ရောက်ဖို့ကံဇာတာမရှိဘူး
စိတ်ကူးမှာ
ရှန်ပိန်ပုလင်းကိုဖောက်
ဒူဘိုင်းက ဆဲဗင်းစတား ဟိုတယ်တစ်ခုမှာ
တစ်ညလောက်ဇိမ်ခံကြည့်မိတယ်
လက်တွေ့မှာ
မီးမလာဘူး
ရေပိုက်ကရေလာရင် ဒုလဘ္ဘလို့သတ်မှတ်နေရ
ကမ္ဘာကြီးလုံးတာပြားတာ
အကြောင်းမဟုတ်ဘူး
ငါ့တို့ဘ၀လုံးပါးပါးနေရတဲ့ကိစ္စ
ဘယ်လိုလုပ်ကြမှာလဲ
ဒီမှာသူငယ်ချင်းရာ
အိန်ဂျလီနာဂျိုးလီရင်သားအတိုင်းအထွာကိုသိဖို့ထက်
ငါတို့အိမ်တံစက်မြိတ်မှာမီးစွဲလောင်နေတဲ့ကိစ္စ
သိဖို့က ပိုအရေးကြီးပါတယ်ကွာ

သူငယ်ချင်းတွေနဲ့တွေ့တော့
စိတ်ဓါတ်ကျစရာစကားတွေကြားရတယ်
ကောင်မလေးတွေနဲ့တွေ့တော့
ကိုယ့်ကိုကိုယ်သနားရတယ်
ဗိုင်းရပ်စ်ဝင်နေတဲ့ကမ္ဘာကြီးအကြောင်းစဉ်းစားမိတိုင်း
ဒေါသထွက်တာတရားတယ်

ဒုက္ခသစ္စာတရားကိုနာတယ်
ခန္တီစသီးခံခြင်းနဲ့ စိတ်ကိုဖြေကြည့်တယ်
မေတ္တာသုတ်နဲ့တောင်
မန်းမူတ်လို့မရတော့တဲ့အခြေအနေမှာ
ဘယ်တရားဓမ္မမှ
ငါ့ကိုနားမချနိုင်တော့

သေချာတာကတော့
ခွေးတောင် ချောင်ပိတ်အရိုက်ခံရရင်
အသေခံပြီးပြန်ကိုက်တတ်တယ် ။…..။

ငြိမ်းချမ်းအောင်
11 Jan 2009

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.