Monday, February 9, 2009

[စပ်မိစပ်ရာ] 5 New Entries: မင်း ရင်သားတွေ အရင်လို ချိုသေးလား

မင်း ရင်သားတွေ အရင်လို ချိုသေးလား

- - - - - - - - - - - - - - - - -
အခု အပေါ်မှာ ချန်ထားတဲ့ ကွက်လပ်မှာ
မင်း ထင်ထားတဲ့ အချစ်ရဲ့ အဓိပ္ပာယ် ကို ဖြည့်လိုက်
ပြီးရင် ငါ မျက်ရည် တစ်စက် နှစ်စက် စွက်လိုက်မယ်
အရသာ
ဘယ်လို ကွာခြား သွားသလဲလို့
မင်း ပြက်လုံးတွေ မရယ်ရတော့ပါလား
ဒါကိုက ရယ်စရာ တစ်ခု ဖြစ်နေပြီ
အခု ဆက်လက် ဖျော်ဖြေ မှာကတော့
မင်း ရိပ်မိပြီးသား သီချင်း ဖြစ်လိမ့်မယ်
နေ့တွေနဲ့ ညတွေဟာ
လေးလေးလံလံ ဖြစ်နေရတဲ့ အကြောင်း
စိုတိစိုထိုင်း အသွေးအသား နဲ့
ကိုယ့်ဘဝကိုယ် မွှေးခဲ့ရတဲ့ အကြောင်း
အရင်လိုပဲ
ဆံပင်တွေ တိုနေသေးတဲ့ အကြောင်း
ဒီ့ထက်ပိုပြီး
စကားလုံးတွေ အူသိမ်အူမ ဆန်ခဲ့ရတဲ့ အကြောင်း
ငါ့ နားနဲ့ တွေ့မှပဲ
နဂို ပေါ့နေတဲ့ သီချင်းလေးလဲ လေးသွားရတဲ့ အကြောင်း
ငါက ပြည့်တန်ဆာမ ကလေးလို
မင်း နှစ်သက်မလားလို့ ဖြီးလိမ်း ပြင်ဆင် မိတဲ့ အကြောင်း
ဟောင်း ပြီးရင်း ဟောင်းလို့
ဒီလိုပဲ အလွမ်းနဲ့ နေ့သင့်နံသင့် ဖြစ်ခဲ့တယ်
သတိရခြင်း နဲ့ ပတ်သက်ရင်
အချိန်နာရီ တိုင်းဟာ အထူးအစီအစဉ် ဖြစ်ခဲ့
မနိုင်ဝန် ထမ်းရရှာတဲ့ ကမ္ဘာဖြစ်ခဲ့
ရေတွေ စိုနေတဲ့ ခွေးခြေကလေး ဖြစ်ခဲ့
အစ်ကို့ကို မမေ့ဘူးတဲ့
ဘုရားရေ…စကားနောက် တကယ် တရားပါ မှာလား
ပါးစပ်ထဲက ပြဒါးတိုင်က
ဒီဂရီ ၁၀၃ မှာဆုံးတယ်
ဟုတ်တယ်…မင်းထင်ထားတဲ့ အတိုင်း
မေတ္တာနဲ့ဆို
ဘယ်ရင်သားမဆို ချိုခဲ့တယ်
ပူနေတဲ့ ကိုယ်နဲ့ ကယောင်ကတမ်း ။ ။

ညိုထက်ညို

Happy Chinese New Year

Happy Birthday! မောင်မျိုး

ဒီနေ့ဟာ ညီတော်မောင် မောင်မျိုးရဲ့ မွေးနေ့မင်္ဂလာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော် ဘလော့ဂ်လဲ ရေးချင်တယ် ရေးလဲ မရေးတတ်ဘူးဆိုတဲ့ ကောင်းလေးတစ်ယောက်။ အခုတော့ နာမည်ကြီးလူသိများ ဘလော့ဂ်ဂါလေး ဖြစ်နေပါပြီ။ ခင်မင်သူများ မိတ်ဆွေမရှားတဲ့ ညီလေး၊ ရိုးသားပွင့်လင်းပြီး ဟန်ဆောင်ကင်းတဲ့ ညီလေး မောင်မျိုး မွေးနေ့မှာ ပျော်ရွှင်ပါစေကြောင်းနဲ့ ဘ၀ရည်မှန်းချက်များ ပြည့်ဝအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပလောင်ကတော့ တောင်ပေါ်ရောက်ပြီ ငါ့ညီလဲ လုပ်ဦး :P

ဦးပလောင်

အနတ္တ ခရီးစဉ်

စန်း မရှိပြီ မို့
လွမ်းမိတယ် ထာဝစဉ်
မိုးရာသီ ချောင်းကလေး
သူ့ တေး မှန်မှန် ဆိုလို့
ရေညိုညို ဒိုးယို စီးနေကြ
ချစ်ဇနီး ချစ်တဲ့ချောင်း
စောင်းသံလို့ထင်။
ဘဝရေစီး မှာလဲ
နှမအဆွေ အပြီးနှင်
သူ့ ခရီးစဉ် သူ သွား
ရပ်မရ နိုင်တဲ့
အနတ္တ ချောင်းကလေး ဟာမို့
မြားပြေးသလို အရှိန်ပြင်း
စီးဆင်းမြဲ ဓမ္မတာပေါ့
ဘဝရွာ သည် ရေစီးမှာဖြင့်
သူတကာ သည်ခရီးပါပဲ
လွမ်းမီးတောက်များ ။ ။

တင်မိုး

အကြွေးရှင်စနစ်တော်လှန်ရေး (credit revolution)

၂၀၀၉ ခုနှစ်ထဲကိုဝင်ရောက်လာခဲ့ပါပြီ။ ၂၁ရာစုရဲ့ နှစ်ဦးပိုင်းများမှာ စီးပွားရေးဆိုင်ရာ ဂယက်ရိုက်မူများ နိုင်ငံတလွားမှာ လူတိုင်းကြုံတွေ့နေရပါတယ်။ ချမ်းသာတဲ့နိုင်ငံ ဆင်းရဲတဲ့နိုင်ငံ ဘယ်နိုင်ငံမှ မကျန်အောင် စီးပွားရေးတွေထိုးကျ အလုပ်လက်မဲ့တွေတိုးပွား နိုင်ငံတကာက ခေါင်းဆောင်များ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြပါတယ်။ အချို့က အစိုးရကို အပြစ်တင်၊ အစိုးရက ဘဏ်တွေပေါ် အပြစ်ပြော၊ ဘဏ်တွေက စတော့ ဈေးကွက်တွေ လက်ညှိးထိုး၊ စုံလို့ပါဘဲ။ ဒါတွေဘာကြောင့်ဖြစ်တာလဲ။ ဘယ်တော့ပြီးမှာလဲ။ ဘာတွေ ဆက်ဖြစ်မလဲ။ ဘယ်တွေ လုပ်သင့်သလဲ။ ဆွေးနွေးကြည့်ကြရအောင်။

ဘာကြောင့်ဖြစ်တာလဲ…..

အနောက်နိုင်ငံတွေမှာ စီးပွားရေးကောင်းခဲ့တာ ဆယ်စုနှစ်တခုမကတော့ပါဘူး။ အင်္ဂလန်နိုင်ငံမှာ ၁၉၉ရ နောက်ပိုင်းကာလတွေမှာ တိုင်းပြည် စီးပွားရေးဟာ တက်ပြီးရင်း တက်ပါဘဲ။ တိုင်းပြည်မှာ ငွေတွေရွှင်လို့ လူတွေကလည်း သုံးလို့ဖြုန်းလို့ပေါ့။ အမေရိကန်နဲ့ တခြားဥရောပ နိုင်ငံတွေလည်း ထိုနည်းတူစွာပါဘဲ။ အရှေ့မှာဆိုလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကြောက်ခမန်းလိလိ တဟုန်ထိုးတက်ခဲ့ပါတယ်။ အခြား အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း အလုပ်တွေဆိုတာ ပေါမှပေါ။ အဲလိုကောင်းနေရာက ရုတ်တရက်ကြီး ဘာလိုဖြစ်တာပါလဲ။

ပြောရရင်တော့ လောဘ(greed)နဲ့ အသိမဲ့ဂရုမပြုခြင်း(ignorance)တွေပေါ့။ ငွေကြေးတွေ တိုးပွားရင်း တိုးပွားနေတော့ စီးပွားရေး ဖြစ်ရင်ပြီးရောဆိုတဲ့ ပုံစံတွေ လုပ်လာကြပါတယ်။ အမေရိကန်မှာ subprime loan လို့ခေါ်တဲ့ ငွေချေးစနစ်ကနေ စတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုကြပါတယ်။ အဲဒီငွေချေးစနစ်အကြောင်း နည်းနည်းရှင်းပြမယ်။ စီးပွားရေးကောင်းတဲ့ အချိန်ကာလများမှာ အိမ်ယာမြေဈေးတွေ ဟာ တက်ပြီးရင်း တက်ခဲ့ပါတယ်။ အိမ်ဈေးတွေဟာ အဆမတန် မြင့်တက်လေတော့ တော်ရုံလူတွေဟာ အိမ်ဝယ်ဘို့ ဘဏ်ကနေ ငွေချေးလို့မရကြဘူး။ အဲဒီတော့ ငွေကို အတိုးမြင့်မားစွာနဲ့ ငွေးချေးပွဲစားတွေက တဆင့် ချေးရတယ်။ အဲဒီ ငွေချေးပွဲစားတွေဟာလဲ ငွေချေးသူတွေရဲ့ ၀င်ငွေ အလုပ်အကိုင် အစရှိတဲ့ အချက်အလက်တွေကို မတွက်ချက်ဘဲ ငွေတိုးရဘို့လောက်တာ စိတ်ဝင်စားကြတယ်။ အချို့ငွေချေးသူတွေကလည်း စာသိပ်မတတ်ကြဘူး။ အနောက်နိုင်ငံမှာ စာလုံးသေးသေး(small print)နဲ့ ရေးပြီး လူတွေကို လည့်စားကြတဲ့ စာချုပ်တွေအများကြီးရှိတယ်။

ဥပမာဆိုရရင် ငွေသွားချေးတဲ့အခါ ငွေချေးပေးသူက အတိုးနူန်းကို အသေအချာမရှင်းပြဘူး။ တနှစ်ကို ၁၀ရာခိုင်နူန်းပေးရမယ်။ ဒီလောက်ဘဲ။ စာချုပ်ထဲမှာကတော့ ၁၀ရာခိုင်နှူန်းဆိုတာ ၃နှစ်အတွင်းဘဲ။ ၃နှစ်ကျော်ရင် ၂၅ရာခိုင်နူန်း ပေးရမယ်စသည်ဖြင့်ကို ပညာသားပါပါ နဲ့ စာလုံးသေးသေးတွေနဲ့ ရေးထားတယ်ပေါ့။ ငွေချေးတဲ့သူကလည်း စာချုပ်စာတမ်းကို အသေအချာ ဖတ်တယ်မရှိဘူး။ တချို့လည်း ဖတ်ရကောင်းမှန်းကို မသိဘူး။ ၁၀ရာခိုင်နူန်း ဆိုရင်တော့ တတ်နိုင်တယ်ပေါ့ဆိုပြီး လက်မှတ်ထိုးကြတာဘဲ။ ၃နှစ်ကျော်တဲ့ အခါကြတော့ ၂၅ရာခိုင်နူန်း ပေးရမယ်ဆိုတဲ့အခါကြတော့ မပေးနိုင်တော့ဘူး။ မပေးနိုင်တော့ အိမ်သိမ်းကားသိမ်းပေါ့လေ။ အိမ်ဆိုတာကလည်း ကြွေးရှင်က သိမ်းပြီးရင် ငွေပေါ်အောင် ပြန်ရောင်းရတာဘဲ။ ခက်တာက သိမ်းရတဲ့အိမ်တွေက များတဲ့ အခါကြတော့ အကြွေးရှင်တွေလည်း ငွေမပေါ်တော့ဘူး။ သူတို့ကသူများကို ငွေချေးလို့တာ အကြွေးရှင်ဖြစ်နေတာ။ အမှန်ကတော့ သူတို့လည်း ဘဏ်ကြီးတွေက အတိုးနှုံး နည်းနည်းနဲ့ငွေချေးပြီး သူများကို အတိုးနှုံး များများနဲ့ ချေးစားကြသူတွေလေ။ သူတို့လည်း ဒုက္ခရောက်ရော ဘဏ်ကြီးများပါ ဒုက္ခရောက်။ အမေရိကန်က ဘဏ်တွေ ဒုက္ခရောက်တော့ ဥရောပက ဘဏ်တွေကို အရင်ကလို ငွေမချေးနိုင်တော့ဘူး။ ဘဏ်တွေဟာ တရက်တရက်လည်ပတ်တဲ့ ပိုက်ဆံကိုတောင် တဘဏ်နဲ့ တဘဏ်လှည့်ချေးနေရတာပါ။ မြန်မာပြည်ကလို နေပြန်တိုးပေါ့။ ဘဏ်တွေမှာ ငွေမရှိတော့ အရင် ပေါချင်းသောချင်း ပေးခဲ့တဲ့ ပလတ်စတစ်ကဒ် (credit card) အကြွေးတွေကို ထပ်မပေးနိုင်။ ရှိပြီးလူတွေရဲ့ အကြွေးဝယ်ပိုင်ခွင့်တော့ လျှော့ချ၊ အတိုးမှန်မှန် မပေးတဲ့ လူတွေဆီက ပြန်တောင်း။ ပြန်တောင်းလို့မရရင် ကြွေးတောင်းတဲ့ အဖွဲ့ (loan collector) တွေလွှတ်ပြီးတော့ ရတာ အကုန်ယူ ကားသိမ်း အိမ်သိမ်းတွေ ဖြစ်ပြန်ရော။

အကြွေးလဲ မရှိ ဘဏ်မှာ ပိုက်ဆံစုထားတဲ့ လူတွေကလည်း တဖြည်းဖြည်း ကြောက်လာကြတယ်။ ဘဏ်တွေကို ယုံကြည်မူ နည်းပါးလာတယ်။ စုငွေတွေ ပြန်ထုတ်ကြတယ်။ အဲဒီအခါကြတော့ စီးပွားရေးရဲ့ ပင်မ အရင်းအမြစ်ဖြစ်တဲ့ ဘဏ်တွေဟာ ဂျာအေးကို သူ့အမေရိုက်ဆိုသလို ငွေကရှားလိုက် ၊အကြွေးကလဲ ချေးလို့မရ၊ အကြွေးတောင်းလို့ကလည်း အဆင်မပြေ၊ လူတွေကလည်း ရှိတာလေးတွေ ထုတ်သွားလိုက် တခြားကလည်း ပိုက်ဆံရှာမရတော့ ဘဏ်ကြီးတွေဟာ တခုပြီးတခု ပြိုကွဲလာကြတယ်။ အနောက်နိုင်ငံအခေါ်တော့ credit cruch ပေါ့။

ဘဏ်တွေပဲ ဒုက္ခရောက်တာလား ဆိုတော့လည်း မဟုတ်ပါဘူး။ အခြားခြားသော စီးပွားရေးများဟာလည်း ဆိုးဝါးလာကြတာပါဘဲ။ လူတွေဟာ ငွေကို မသုံးတော့ဘူး။ ဘဏ်ကထုတ်လာတဲ့ငွေတွေကို အိမ်မှာဘဲထားပြီး နေကြတယ်။ ဈေးကြီးတဲ့ အသုံးအဆောင် အ၀တ်အထည် ထွက်ကုန်တွေကို ဈေးပေါတဲ့ အမျိုးအစားတွေနဲ့ အစားထိုးသုံးစွဲလာကြတယ်။ စီးပွားရေးကောင်းစဉ်က ပေါ်ပေါက်ခဲ့တဲ့ ရေပေါ်ဆီ ဈေးကွက်များဟာ တစစ ပြိုကွဲလာတယ်။ အလုပ်လက်မဲ့တွေများလာတယ်။ ငွေကြေးလည်ပတ်မူတွေ နှေးလာတဲ့အခါကြတော့ စီးပွားရေးငယ်တွေ စပြီး ပြိုကွဲ။ နောက် စီးပွားရေး အလတ်တွေ။ နောက်ဆုံး ခိုင်မာလှပါတဲ့ဆိုတဲ့ နှစ်ရာချီတည်ရှိလာခဲ့တဲ့ စီးပွားရေးတွေ အစိုးရပိုင်ဘဏ်တွေတောင် ပြိုကွဲကြတယ်။ အဲဒါတွေဟာ အခြေခံ သဘောတရားတွေပေါ့။ လောလောဆယ် အခေါ်အဝေါ်ကတော့ recession period သို့မဟုတ် economic downturn ပေါ့.။ ဘယ်လိုခေါ်ခေါ်ပါ။ စီးပွားရေး ကျဆင်းတယ်ပေါ့။

ဆက်ပါဦးမည်။

မှတ်ချက်။ ။ ကျနော် စီးပွားရေးပညာရှင်မဟုတ်ပါ။ စီးပွားရေးပညာလည်း မသင်ခဲ့ဘူးပါ။ စာထဲပေထဲ ဖတ်ဘူးတာ ကိုယ်တွေ့မြင်တွေ့ကြုံကြိုက်နေတာတွေ ကို ကိုယ်အတွေးအခေါ် အထင်အမြင်များကို သိသလို ပြန်ဆွေးနွေးကြည့်တာပါ။ မှားတာပါရင် ဝေဖန်ပါ။

ဆက်စပ်ပို့စ်။ ။ အကြွေးရှင်စနစ်တော်လှန်ရေး (credit revolution) ၂

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.