Monday, February 9, 2009

[ကိုရင်နော်ခင်လေးငယ်] 2 New Entries: ဤသို့ခရီးထွက်ခဲ့ရာဝယ်... (ဒုတိယပိုင်း)

ဤသို့ခရီးထွက်ခဲ့ရာဝယ်... (ဒုတိယပိုင်း)

ဘေးက အန်ကယ်ကြီးကို မသိမသာ မေးကြည့်လိုက်တယ်..
"အန်ကယ် အခု ဘယ်ရောက်နေပြီလဲ.." လို့

"နေပြည်တော်"
"ဗျာ.......!!! ဟုတ်လားးးးးး..."
ကျနော်လည်း အံသြတကြီးနဲ့ ဟိုကြည့် ဒီကြည့်..

"ဟား.. အန်ကယ်.. အခုမှ လေးနာရီခွဲကျော်ကျော်ပဲ ရှိသေးတယ်.. အစောကြီးရောက်တာပါလား.. ကျနော်က ခုနှစ်နာရီလောက်မှ ရောက်မယ်ထင်နေတာ.."
"ဒါပုံမှန်ပဲလေ.. ဒီအချိန် ရောက်နေကျ.. "
"အော်... ဟုတ်ကဲ့.."

ကားတံခါးကြားက တိုးဝင်လာတဲ့ နေပြည်တော်ရဲ့ အာရုဏ်ဦး လေနုအေးက အေးသလိုလို.. နွေးသလိုလို..။ မြို့အဝင် နှစ်လမ်းမောင်း လမ်းမကြီးကတော့ လှလည်းလှ.. ကျယ်လည်းကျယ်..။ ကျနော်တို့ ကားကြီးတစ်စီးတည်း လမ်းကျယ်ကြီးပေါ်မှာ အားရပါးရကြီး မောင်းနေလိုက်တာများ.. "တဝှီးဝှီး" နဲ့.. လမ်းမီးတိုင်တွေကလည်း ညီညီညာညာ လင်းထိန်နေလိုက်တာများ.. မိုင်ချီရှည်လျားတဲ့ အံ့ဖွယ်မီးချောင်းရှည်ကြီး ထွန်းထားသလို တစ်ဆက်တည်း ဖြောင့်တန်းလို့..။

"ဒါတွေက ဝန်ထမ်း အိမ်ယာတွေလေ.. ဒီဘက်မှာတော့ ဟိုတယ်တွေရှိတယ်.."
"အော်.. ဟုတ်ကဲ့.."
အန်ကယ်ကြီးကလည်း လက်ညှိုးတစ်ထိုးထိုးနဲ့ ရှင်းပြနေပါတယ်.. တောသား မြို့ရောက်ဆိုတော့ သူလည်း ကျနော့်ကို သနားတယ်ထင်ပါတယ်..

ဟိုတယ်တွေက အတွင်းထဲကို နည်းနည်းဝင်ရတယ်ထင်တယ် လမ်းကနေတော့ ဆိုင်းဘုတ်ကြီးပဲ မြင်ရတယ်..။ ဝန်ထမ်းအိမ်ယာတွေကတော့ ကွန်ဒိုတိုက်ခန်း ပုံစံမျိုးတွေလိုလိုပါ.. ဝန်ထမ်းအိမ်တွေကို အပြင်ဖက်ကနေ လှမ်းမြင်လိုက်ရတာကတော့ လှပနေတာပါပဲ.. တကယ်ရော အဆင်ပြေကြသလား.. ပျော်ရွှင်ကြသလား.. ဆိုတာကတော့..!! ထားပါလေ.. မတွေးတာကောင်းပါတယ်..။

နည်းနည်းလေး ထပ်မောင်းလိုက်တော့ အားပါးပါး.. ကြီးမားလိုက်တဲ့အဝိုင်းကြီး.. ရန်ကုန်က အဝိုင်းတွေထက် အဆပေါင်းများစွာကြီးတဲ့ အဝိုင်းပတ် လမ်းဆုံကြီး.. လမ်းငါးခု စုံတယ်ထင်တာပဲ.. ပန်းတွေနဲ့ အလှဆင်ထားလိုက်တာ ခုတော့လှတပတကြီးပေါ့.. လမ်းဘေးပတ်လည်မှာလည်း အလှဆင်ကျောက်တုံးတွေလား.. ကွန်ကရစ်တုံးတွေလားတော့ မသိဘူး အစီအရီနဲ့.. တော်တော်ကို လှတော့လှနေတာ.. လမ်းဘေးနံရံတွေကို မျက်စိထဲ မြင်အောင်ပြောရရင် ဗားဂရာချောက် လမ်းဆုံ လမ်းဘေးနရံတွေကို ကွန်ကရစ်နရံတွေ ကာထားသလိုပေါ့.. အဲ့လို အဲ့လို.. လုပ်ထားတာ...။

ဧရာမအဝိုင်းကြီးကို ကျော်လာပြီးတော့ ဆက်မောင်းလာလိုက်တာ.. ဗဟိုစာတိုက်ကြီး ဆိုတာကိုလည်း လမ်းညာဘက်မှာတွေ့တယ်.. လမ်းရဲ့ ဘယ်ဘက်မှာ ကန်ကြီးလားမသိဘူးဗျ.. ရေတွေတော့တွေ့တယ်.. ကန်တော်ကြီးလိုလို.. အင်းယားကန်လိုလို ကန်ပဲဗျ.. အဲ့ဒီကနေဆက်သွားပြီး ညာဘက် ကုန်းလေးပေါ် တက်သွားလိုက်တော့ မီးတွေ လင်းထိန်နေတဲ့ မြို့မဈေး ဆိုတာကြီးကို ရောက်သွားပါလေရော.. ကားကလည်း ဂိတ်ဆုံးသွားပြီတဲ့... ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ တခြားလိုင်းကားတွေလည်း ဆိုက်လာကြတယ်.. နာရီကြည့်မိတော့ ငါးနာရီ ရှိပြီပေါ့..။

ကျနော့်မှာ အကျင့်တစ်ခုရှိတယ်ဗျ.. ဘယ်အချိန် ဘယ်ကနေဆင်းဆင်း နောက်ဆုံးမှ ဆင်းချင်တာ.. ကားပေါ်ကဆင်းဆင်း၊ ရထားပေါ်ကဆင်းဆင်း၊ လေယာဉ်ပေါ်ကဆင်းဆင်း လူတွေအားလုံးဆင်းပြီးမှ အေးဆေးဆင်းချင်တာလေ.. အခုလည်း အားလုံးဆင်းပြီးမှ အေးဆေးဆင်းတာပေါ့.. (မင်းသား စတိုင်နဲ့).. အဲ့ဒီမှာ စတွေ့တော့တာပါပဲဗျာ..။

(((((( အစ်ကိုလာ.. ဘယ်သွားမလဲအစ်ကို..)))))
(((((( ဆရာလာ.. ဘယ်လိုက်ပို့ရမလဲ ))))

အလိုလို..!!! ခရီးဦးကြိုပြုတဲ့လူတွေ ပေါများလိုက်တာ.. လက်ဆွဲတဲ့လူကဆွဲ... အိတ်ဆွဲတဲ့လူ့ကဆွဲ.. အင်္ကျီဆွဲ.. ပုဆိုးဆွဲ.. ခြေထောက်ဆွဲ.. ခေါင်းဆွဲ.. ရှိသမျှအကုန်ဆွဲတာ.. လူတစ်ကိုယ်လုံး တစ်စစီ ပြုတ်ပျက်ထွက်ကုန်တာ အပိုင်းပိုင်း..။ ကျနော့်ကိုလည်း ဆိုင်ကယ်တွေနဲ့ ဝိုင်းထားလိုက်ကြတာများ လမ်းသရဲဇတ်ကားထဲက မင်းသားကို ဝိုင်းထားတဲ့ အတိုင်းပဲ.. ပြေးပေါက်ကို ပိတ်ရော.. အော်... ဆိုက်ကယ်.. ကယ်ရီဆရာတို့ရယ်.. အသာလုပ်ကြပါ.. ကြောက်စရာ လန့်စရာဗျာ.. ဘယ့်နှယ် ဖြေးဖြေးခေါ်တာ မဟုတ်ဘူး.. အလုအယက်.. အတင်းကာရော...။ အင်းလေ...!! ဟုတ်တော့လည်း ဟုတ်ပါတယ်.. နောက်ဆုံးမှ ဆင်းလာတာက တစ်ကောင်တည်းကျန်တဲ့ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးဆိုတော့လည်း ဝိုင်းလုကြတာ ဆန်းတော့ မဆန်းပါဘူးလေ..။ အဲ့...! ဒါမှမဟုတ် "အချဉ်တစ်ကောင်တော့လာပြီဟေ့" လို့ တွက်နေကြသလားမသိ..။

"နေ..နေ...နေ... ကြ ပါ ဦး ဗျ... ကျ.. ကျ.. ကျနော်.."
"(((ဆရာလာ ((((အစ်ကိုလာ ((((ကျနော်နဲ့လိုက်ပါ ((((တစ်နေကုန်သုံးမလား ((((ဒီကိုလာပါ (((ဈေးလျော့ပေးမယ်"
ဆူညံနေတဲ့ ဆိုက်ကယ် ကယ်ရီဆရာတွေရဲ့ တစ်ယောက် တစ်မျိုး အော်သံ.. ခေါ်သံတွေကြားမှာ ကျနော် တကယ်ကို ရူးချင်ချင်ဖြစ်သွားတယ်..။

"ဟေ့.. ဟေ့.. ငါ့တူ... ဘယ်သွားမလို့လဲကွ အန်ကယ်က မင်းသွားပြီထင်တာ...!!!! "
"ဟားးး...!!! အန်ကယ်.. အန်ကယ် ရှိသေးတာလား ကျနော်က အန်ကယ်သွားပြီထင်နေတာ.."

ကျနော်နဲ့ တစ်ခုံတည်း အတူတူထိုင်ခဲ့တဲ့ အန်ကယ်ကြီးကို ကယ်တင်ရှင်ကြီးအလား ဝမ်းသာအားရ နှုတ်ဆက်လိုက်တာပေါ့.. အားလည်း တော်တော် တက်သွားတယ်.. နေပြည်တော်ဆိုတာကို အခုမှ ရောက်ဘူးတာလေ.. ဘာမှန်းသိတာမဟုတ်ဘူး.. ဘယ်နားဘာရှိ.. ဘယ်လိုသွားရ.. ဘာမှကိုမသိတာ.. အသိမိတ်ဆွေ ဆိုတာကလည်း မရှိဘူးလေ..။

"အေးဟေးး.. အန်ကယ်ကလည်း မင်းသွားပြီထင်နေတာ.. အန်ကယ်က အောက်ဆင်းပြီး အပေါ့ခဏ သွားတာကွ.. ဒီကားနဲ့ ဆက်လိုက်သွားဦးမှာ.. ဒါနဲ့ နေပါဦး မင်းက ဘယ်သွားမှာလဲ.."
"ဟုတ်.. အန်ကယ် ကျနော်က ရေနံရုံးအရင်သွားမလို့.. အခုအရမ်းစောနေလို့.. ဘယ်သွားရမှန်းကို မသိတော့ပါဘူး.."

"အော်.. ဒါဆိုလည်း အန်ကယ်နဲ့ လိုက်ခဲ့ပါလား.. အန်ကယ်က စည်ပင်ရိပ်သာမှာ ခဏသွားနားမယ်.. အဲ့ဒီမှာ အခန်းငှားလို့ရတယ်ကွ.. ဈေးလည်းသက်သာတယ်.. ခဏတော့ အိပ်ရတာပေါ့ကွာ.. အန်ကယ်လည်း ၉ နာရီလောက် ထပြီး ကုန်သွယ်ရေး သွားမှာ.."
"ဟာ.. ကျေးဇူးပါပဲ အန်ကယ်ရာ ဒါဆို ကျနော်လည်း အန်ကယ်နဲ့ လိုက်ခဲ့မယ်.. ဒါနဲ့ ဒီကားက.."

"ဒီကားက ဒီမှာ ဂိတ်ဆုံးတာပဲကွ.. ဒါပေမယ့် သူတို့ကားက ဒီမှာ လူချပြီးရင် ပျဉ်းမနားဘက် သွားတယ်လေ.. အန်ကယ်တို့က လမ်းကြုံ ဆက်လိုက်သွားတာပေါ့ကွာ.. စည်ပင်ရိပ်သာရောက်တော့ ဆင်းလိုက်ကြတာပေါ့.. ဆိုက်ကယ်ကယ်ရီ စီးသွားရင် ထောင့်ငါးရာ လောက် တောင်းလိမ့်မယ်ကွ.."
"အာ.. ဒါဆို အဆင်ပြေတာပေါ့.. ထွက်တော့မယ် ထင်တယ် အန်ကယ်.. တက်ကြရအောင်.."

ကျနော်လည်း ဆိုက်ကယ်သမားတွေဆွဲချက်နဲ့ ပြုတ်ပျက်ထွက်ကုန်တဲ့ ကျနော့် ခန္ဓာအစိတ်အပိုင်းတွေ စုံမစုံ ပြန်စစ်.. လိုနေတာတွေ ပြန်လိုက်ကောက်ပြီးမှ.. ကတုန်ကယင်နဲ့ စီးတော်ယာဉ်ကြီးပေါ်သို့ ပြန်လည် တက်တော်မူလိုက်တယ်..။

ဟူးးးး.. တော်ပါသေးရဲ့.. အန်ကယ်ကြီးကယ်ပေလို့.. မဟုတ်လို့ကတော့ ဆိုက်ကယ်ကယ်ရီသမားတွေ လက်ထဲမှာ ရေတိမ်နစ်တော့မလို့.. အင်း..!! သူတော်ကောင်း နတ်ကောင်း"မ" ဆိုတာ.. ဒါမျိုးကိုပြောတာဖြစ်မယ်..။

အဝေးပြေးကားကြီးက လာလမ်းအတိုင်း ပြန်မောင်းထွက်လာခဲ့တာ ဖြေးဖြေးမှန်မှန်လေးပေါ့..။ ဧရာမ အဝိုင်းကြီးကို ပြန်ပတ်ပြီး တော်တော်လေး မောင်းလိုက်တော့ နေပြည်တော် စည်ပင်သာယာရေး ဧည့်ရိပ်သာကို ရောက်ရော ဆိုပါတော့..။

တကယ်တော့ စည်ပင်ရိပ်သာဆိုတာက...


ဆက်ရန်.......

(ကိုရင်နော်)

ဤသို့ခရီးထွက်ခဲ့ရာဝယ်...

အချိန်ကတော့ ညနေ (၆) နာရီပဲရှိသေးတာ.. စောတောင်စောနေသေးတယ်.. ကားက (၇း၃၀) မှ ထွက်မှာဆိုတော့... ထူးတော့ မထူးပါဘူးလေ စောစောရောက်တော့လည်း လ္ဘက်ရည်ဆိုင် ထိုင်နေရုံပေါ့ ဆိုပြီး စဉ်းလည်း စဉ်းစားရင်း အပြေးအလွှားမောင်းနှင်လာတဲ့ Taxi တစ်စီးကို ဖမ်းတားလိုက်တယ်..။

"ဘယ်သွား မလဲ ဆရာ"
"နေပြည်တော်"

"ဗျာ..!! ဟား ဆရာ ကျနော့်ကား အဲ့လောက် အဝေးကြီးမလိုက်ဘူး.."
"အော်ဟော.. ဆောရီး.. နေပြည်တော်သွားမယ့် ကားဂိတ်ကို ပြောတာဗျ.. အောင်မင်္ဂလာ အဝေးပြေးကားကွင်း.. ဘယ်လောက်ပေးရမလဲ.."

ကားဆရာက နာရီကိုကြည့်.. ခေါင်းကိုညိတ်ရင်း..
"ဟုတ်ကဲ့ ၅၀၀၀ ပဲပေးပါ.."
"ဗျာ.. များတာပေါ့ဗျ.. စီးနေကျဗျ.. နေ့တိုင်းသွားနေကျ ၃၀၀၀ ထား"
တကယ်တော့ တစ်ခါမှ သွားဖူးတာမဟုတ်.. သူများ Taxi ငှားရင် ဒီလိုပဲ ပြောနေကြတာလေ.. ဒီလမ်းကို နေ့တိုင်း စီးနေကျ... သွားနေကျ ဆိုပြီး..

"၄၅၀၀ တော့ ရမယ်ဗျာ.. အဝေးကြီးဗျ ဒီအချိန် ကားကျပ်တယ်.."
"ကယ် ၄၀၀၀ တော့ ထားဗျာ နော်.." တောင်းပန်သလိုလို.. မရရင် မစီးတော့ မလိုလို လုပ်လိုက်တော့မှ..
"တက်.. တက်.." တဲ့...

ကားပေါ်လည်း ရောက်ရော.. မြားနဲ့ပစ်လိုက်သလို "ဝူးးးး.." ကနဲ.. မောင်းထွက်သွားလိုက်တာ.. မင်္ဂလာဈေးနားကနေ.. ပုဇွန်တောင်ကုန်းကျော်တံတား.. ပြီးတော့ စက်စမ်း.. ကြက်ဘဲဈေး... အိုးဟိုးဟိုး.. တွေ့သမျှကား အကုန်ကျော်.. အတင်းကျော်.. မောင်းချက်ကတော့ Transporter ဇတ်ကားထဲကလိုလို.. Tokyo Drift ထဲကလိုလို.. အဲ့လို.. အဲ့လို.. ရက်စက်တယ် မောင်းချက်.. ကြမ်းချက်.. မိုက်ချက်က ဟောလိဝုဒ်ကမင်းသားတွေ ငိုသွားလောက်တယ်..။

ကားကလည်း တော်တော် ကောင်းတယ်.. "ဂလုံး ဂလုံး ဂလွမ်းဂလွမ်း ဒုန်းဒုန်း" နဲ့ အသံကို စုံလို့.. လူလည်း ကားထဲမှာ လူးလှိမ့်ခုန်ပေါက်နေတာပဲ.. ကားတံခါး ပွင့်ထွက်သွားမှာစိုးလို့ လက်တစ်ဖက်က ဆွဲထားရသေးတယ်... ရန်ကုန်မြို့တော်ကြီးရဲ့ လမ်းတွေကလည်း တော်တော်ကောင်းတယ်လေ သိတဲ့အတိုင်း ချိုင့်တွေ ခွက်တွေနဲ့.. ကားတွေကလည်း များမှများ.. ဘယ်က ဘယ်က ကားတွေမှန်းမသိဘူး.. တစ်စီးနဲ့ တစ်စီး ဦးစားမပေး.. သူဦးသူ.. ကိုယ်ဦးကိုယ်.. ကျနော် စီးသွားမိတဲ့ကားက CNG သုံး Van ကား ဆိုတော့ နောက်ခန်းမှာ တင်ထားတဲ့ Gas အိုးကြီးကိုမြင်နေရတယ်.. ကျောနားမှာ ကပ်ထားတာ အသည်းယားစရာဗျာ.. မတော်တဆ ပေါက်များကွဲရင် မတွေးရဲဘူး.. ကြောက်လည်းကြောက်.. လန့်လည်းလန့် ခြေဖျား လက်ဖျားတွေတောင် အေးစက်စက်.. ကားရပ်ခိုင်းပြီး ဆင်းတောင်ပြေးချင်မိတယ်..။

ဝေဇယန္တာလမ်းပေါ် ရောက်တော့ ပိုဆိုးတာပေါ့ လမ်းကဖြောင့်တာကိုး.. မောင်းတာများ "ရွှီးးး.." ကနဲ.. လမ်းက ဖြောင့်သာ ဖြောင့်တာ ကျဉ်းတယ်လေ.. အန္တရာယ်များတာပေါ့... မီးပွိုင့်တွေဖြတ်တော့လည်း အတင်းဗျာ "တဝှီးဝှီး.." နဲ့ တကယ်တကယ်.. တကယ့် အက်ရှင်ဇတ်ကားထဲ ကိုယ်တိုင် ရောက်နေသလိုပါပဲ.. ဘုရားတနေရတယ်.. ယာဉ်စည်းကမ်း.. လမ်းစည်းကမ်း.. အသက်အန္တရာယ် ဘာမှကို ဂရုမစိုက်ပါလားနော်.. ပါရမီလမ်းဆုံ နားလည်းရောက်ရော.. ဒီအတိုင်းဆို မဖြစ်ဘူး.. မဖြစ်ဘူး.. စကားလေးဘာလေးပြောပြီး အာရုံပြောင်းအောင်လုပ်မှဆိုပြီး စကားမရှိစကားရှာရတော့တယ်.. တော်ကြာ နေပြည်တော်မရောက်ပဲ သေပြည်တော် ရောက်နေမှဖြင့်.. ဟုတ်ပေ့ဖြစ်နေမယ်..။

"ကားဆရာ.."
"ဗျာ အစ်ကို"

"ခင်ဗျား ကားက တော်တော် ဆွဲတာပဲဗျနော်.."
"ဟုတ်တယ် အစ်ကို CNG လေ အဆွဲကတော့ ကောင်းသလားမမေးနဲ့ ဒါတောင် အကုန်မနင်းသေးဘူး"
ဘုရားရေ ဒါ.. ဒါတောင်.. အကုန်မနင်းသေးဘူးဆိုပါလား..

" ဟုတ်လား ဓါတ်ဆီထက် ပိုကောင်းမှာပေါ့နော့်"
"ဟုတ်တယ် ဓါတ်ဆီကားထက် ဒီကောင်က အထမြန်တယ်လေ.. နင်းလိုက်တာနဲ့ တန်းပြေးတာပဲ.. ဆီစားလည်း သက်သာတယ်လေ.. ဓါတ်ဆီကား မလိုက်နိုင်တဲ့ဈေးဆို ကျနော်တို့က လိုက်နိုင်တာပေါ့.. တစ်အိုးဖြည့်ထားရင် မောင်းရောပဲ.. ကိုယ့်အတွက် ပိုကျန်တာပေါ့.. အုံနာခ ပေးပြီးရင် တစ်ပုလင်းခွဲလောက်တော့ ကျန်တယ်.. ဆီထုတ်ရတာပဲ စိတ်ညစ်တာ.. မောင်းရတာတော့ကိုက်တယ်.. ဆီဈေးလည်း သိတ်မကြီးဘူးလေ.. ဓါတ်ဆီနဲ့ဆို အစ်ကိုပေးတဲ့ဈေးနဲ့ ဘယ်လိုက်နိုင်မလဲ.."

"အောဟော.. ဒီလိုလား.. ဆီထုတ်ရတာက ဘာလို့ စိတ်ညစ်တာတုန်းဗျ.. မလွယ်ဘူးလား.."
ဆက် ဗျူးထားမှ.. ကားမောင်းတာတော့ နည်းနည်း လျော့သွားပြီ..
"စိတ်ညစ်ဆို တန်းစီရတာလေဗျာ.. တစ်ခါတစ်ခါ ဆီထုတ်ဖို့အရေး တန်းစီရတာ တစ်နေကုန်ရော.. ကားတန်းကြီးကလည်း ရှည်မှရှည်.. ကိုယ်အလှည့်ရောက်မှ မီးပြတ်သွားတာက ရှိသေး.. အဲ့ဒါဆို သေရော.. မီးလာတဲ့ဆိုင် ပြန်သွားတန်းစီရပြန်ရော.. သိတဲ့အတိုင်း ရန်ကုန်က မီးက မှန်တာမှ မဟုတ်တာ.."

"ဟုတ်တာပေါ့.. အင်း.. "
"ဒီလိုပါပဲ အစ်ကိုရာ ခေတ်ကြီးက မကောင်းတော့ ဒီလိုပဲ လုပ်စားရမှာပေါ့.."
အဲ့..! မဖြစ်ဖူး စကားလမ်းကြောင်း ပြောင်းမှ ခေတ်တွေဘာတွေ ပါလာပြီ.. တော်ကြာ ပြောရင်းပြောရင်း ရင်ဘတ်ထဲက ခံစားချက်တွေ ပါလာတော့မယ်ထင်ပါရဲ့.. ဒီပုဂ္ဂိုလ်ကြည့်ရတာ လေရှည်မယ့်ရုပ်..

"အင်း.. ဒါနဲ့.. ရတယ်နော် ကားဆရာ.. အေးဆေး.. ကျနော် အချိန်ရတယ် နေပြည်တော်ကားက (၇း၃၀) မှ ထွက်မှာ.."
"ခင်ဗျားက အေးဆေးတာ ကျနော်က (၆း၃၀) ကားပြန်အပ်ရမှာဗျ.. မအေးဆေးဘူး အခုတောင် ခွဲဖို့ ၅ မိနစ်ပဲလိုတော့တာ.. ဒီနေ့တော့ ကားအပ်ဖို့ တော်တော်တောင်နောက်ကျနေပြီ.. မဖြစ်ဖူး သွက်သွက်နင်းမှ.."

ဟိုက်..!!! သေပြီဆရာ.. သတိသွားပေးလိုက်သလိုဖြစ်သွားပြီ.. မောင်းပါလေရော မိုင်ကုန်.. အမလေး ကျုပ်အတွက်များ မြန်မြန်မောင်းပေးနေသလားမှတ်တယ်.. ဒင်းအတွက် ဒင်းမောင်းနေတာကိုး.. မှားပါတယ် ကားဆရာရယ်..

အဝေးပြေးကွင်းရောက်တော့ (၆း၃၀) ကျော်ကျော် ပဲရှိသေးတယ်..
"ရော့.. ကားဆရာ ဒီမှာ ၄၀၀၀ ကျေးဇူးပါပဲနော်.."
"ဟုတ်ကဲ့.."

ဟူးး.... အခုမှ အသက်ရှုချောင်တော့တယ်.. Taxi ဆရာတွေ ကားမောင်း ကျွမ်းချက် ရမ်းချက်ကတော့ ကမ်းကုန်ပါတယ်.. သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေဗျာ.. တကယ် တကယ်.. ကံကောင်းလို့ ရောက်လာတာပါ.. အောင်မင်္ဂလာ..။

အောင်မင်္ဂလာ အဝေးပြေးကွင်းကြီးကတော့ ပြည့်ကျပ်လို့ ဂိတ်တွေကလည်းများ ကားတွေကလည်းများ အော်.. လူတွေလူတွေ ဘယ်တွေများ သွားသွားနေကြတယ်မသိ.. လမ်းပန်းဆက်သွယ်ရေး ကောင်းလို့လားတော့မသိဘူး ကားကွင်းထဲမှာတော့ ခရီးသွားပြည်သူတွေ ပွစိတက်နေတာပဲ.. ဟုတ်တော့လည်း ဟုတ်ပါတယ် ရထားတွေကလည်း ညဘက် မထွက်တော့ဘူးဆိုတော့ ကားစီးသူတွေ ပိုများသွားမှာပေါ့..။

အခုမှ (၆း၃၀) ကျော်ကျော်ဆိုတော့ လ္ဘက်ရည်ဆိုင်ထိုင်လို့ ရသေးတယ်.. အေးဆေးပေါ့.. ဟိုကြည့် ဒီကြည့်နဲ့ အချိန်ကို ထိုင်စောင့်နေရတာပေါ့.. လက်မှတ်က သူငယ်ချင်းတစ်ယောက် မှာထားပေးတာလေ.. နေပြည်တော်ကို ၆၀၀၀/- တဲ့ .. Air Con: ပါတဲ့ Express ကားကြီးတဲ့.. ဂွတ်တယ်တဲ့.. အေးဆေးပေါ့.. ငြိမ့်ပြီး လိုက်သွားမယ်ပေါ့..။

(၇) နာရီလည်း ခွဲခါနီးရော.. ကားပေါ် ခရီးသည်တွေ တက်ကြတယ်.. ခရီးသည် အများစုက ကြည့်ရတာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ရန်ကုန်ပြန်လာတဲ့ ဝန်ထမ်းတွေ.. နေ့ချင်းပြန် အလုပ်ကိစ္စသွားမယ့် ကုမ္ပဏီဝန်ထမ်းတွေ များမယ်ထင်တယ်.. ကျနော့်လို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့သွားတဲ့သူလည်း ရှိမှာပေါ့လေ.. ကားပေါ်တက်ထိုင်လိုက်တော့ ကျနော့်ခုံဘေးမှာ ခပ်ဝဝ အန်ကယ်ကြီးတစ်ယောက်.. စကြားရတာကတော့ ကားအင်ဂျင်သံ "ဘရောဘရော.." နဲ့ Air Con: တွေဘာတွေ မဖွင့်သေးလို့.. တံခါးတွေဘာတွေ မပိတ်သေးလို့ ဆူညံနေတာ နေမှာပါလေလို့..။

ဘယ်ဟုတ်မလဲဗျာ... ကားက ဒီတိုင်းကြီးဗျ.. ထွက်သာထွက်လာတာ ဘာ Air Con: မှ မဖွင့်ဘူး.. အင်ဂျင်သံကလည်း "ဘရော ဘရော" နဲ့.. တံခါးမှန်တွေကလည်း စက်သေနတ်ပစ်သလို "ဒက်ဒက် ဒက်ဒက်" နဲ့.. ဘာမှမကြားရတဲ့ မြန်မာဇတ်လမ်းကလည်း ဖွင့်ထားသေးတယ်.. သွားပြီ.. ငါတော့ မှားပြီ.. လက်မှတ်ဝယ်ပေးလိုက်တဲ့ သူငယ်ချင်းကိုလည်း ကျိန်ဆဲနေမိတယ်.. မရောက်ဖူးလို့.. ရောက်ဖူးချင်လို့ သွားမလို့ပါဆို နားနားနေနေ သက်တောင့် သက်သာ သွားချင်တာပေါ့နော်.. ကားကြီးက မသက်သာလိုက်တာ.. အိပ်မရပြုမရနဲ့.. စိတ်ညစ်ပါတယ်ဗျာ..။

ဒီလိုနဲ့ နေပြည်တော်ဆိုတဲ့ မြို့တော်ကြီးဆီကို စိတ်လက်မအီမသာနဲ့ ခရီးဆက်လာခဲ့တာပေါ့..

လမ်းမှာ ထမင်းစား နှစ်ခါနားပြီး.. မှေးကနဲ အိပ်ပျော်သွားလိုက်တာ ဘယ်လောက်ကြာသွားတယ်မသိ ..
"အားလုံးအောက်ဆင်းကြပါ.. မပုတင်လေးတွေ ယူပြီးအောက်ဆင်းကြပါ" ဆိုတဲ့ အော်သံကြားတော့ လန့်နိုးသွားရော.. ဘာပါလိမ့် မပုတင်ဆိုတာ..! အော်ဟော.... မှတ်ပုံတင် စစ်တာကိုး.. ကားပေါ်တက်စစ်လိုက် ပြီးရော.. အောက်ဆင်းခိုင်းနေသေးတယ်.. အိပ်ချင်မူးတူး အောက်ဆင်း မှတ်ပုံတင်ပြ ပြီးတော့ ပြန်တက်.. မပုတင်ကိုလည်း သေချာကြည့်တာမဟုတ်ပဲနဲ့များ.. စစ်နေသေးတယ်.. အိပ်ချင်စိတ်က မပြေသေးတော့ မျက်လုံးလေးပြန်မှိတ်ပြီး ပြန်မှိန်းနေတာပေါ့..။

ခဏလေးလည်း မောင်းပြီးရော.. ရုတ်တရက် စူးစူးရှရှ အလင်းရောင်တွေကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့... အလိုလေ.. တောကြီးထဲမှာ လင်းထိန်နေပါ့လား.. ဘုရားဘုရား..!! ဘယ်များရောက်နေတာပါလိမ့်..!! မီးတိုင်ကြီးတွေကလည်း အများကြီးပါလား... လမ်းကြီးကလည်း နှစ်လမ်းမောင်း.. အကျယ်ကြီး.. ဖြူးနေတာပဲ.. မှန်တံခါးရဲ့ "တဒက်ဒက်.." စက်သေနတ်ပစ်သံတောင် မကြားရတော့ပါလား.. တိတ်ဆိတ်ငြိမ်သက်လို့.. ကျုပ်တို့ ရန်ကုန်မြို့ကြီးသာ ဒီလိုလင်းထိန်နေရင်.. လမ်းတွေသာ ဒီလိုကောင်းနေရင်... ။

ဘေးက အန်ကယ်ကြီးကို မသိမသာ မေးကြည့်တယ်..
"အန်ကယ် အခု ဘယ်ရောက်နေပြီလဲ.." လို့

"နေပြည်တော်" တဲ့...။

"ဗျာ.......!!! ဟုတ်လားးးးးး..."

ကျနော်လည်း အံသြတကြီးနဲ့ ဟိုကြည့် ဒီကြည့်..


ဆက်ရန်.....

(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.