ဆံပင်တွေ မွှေးတယ် မိုးဟေကို
လွန်ခဲ့သော
နှစ်များစွာ
အဲဒီတုန်းက
ခန္ဓာကိုယ် အသားလှဆီ တွေအကြောင်း
လူတွေ သိပ်မသိသေးပါ
အဲဒီညက
ဆိုးဆိုးဆတ်ဆတ် မိုးတွေရွာ
အဲဒီညက
ဖျိုးဖျိုးဖျတ်ဖျတ် မင်းဝင်လာ
ဒီဇာတ်ညွှန်း ကို ဘယ်သူရေးခဲ့ပါလိမ့်
ဖျတ်ခနဲ မီးထပျက်တော့
ကတ်လို့လည်း ဘယ်သူမှမအော်
မင်းအသံ အိုခနဲထွက်
ထပ်ခနဲ မီးခြစ်အလက်မှာ
မင်းကိုငါ ဘာခွေယူမလဲ တုန်တုန်ရီရီ မေးတော့
မင်းငါ့ကို ရှိတာပေးလို့ ရှက်ကိုးရှက်ကန်း ပြောခဲ့ဖူးတယ် မိုးဟေကို ။ ။
ညိုထက်ညို
ရိုးစင်းတဲ့ ဘ၀ရဲ. စားသောက်မှု့
လီဗာပူးဖန်တူ မိနှင်းပွင့် က ရိုးစင်းတဲ့ ဘ၀ရဲ. စားသောက်မှု့ ကို ရေးပေးပါတဲ့။ ကျွန်တော်က မိဘနဲ့ပဲ အတူနေတော့ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ကြိုက်လှတယ် ဆိုတဲ့ အစားအစာ လဲ မရှိတော့ ရေးဖို့တော့ ခက်သား ။ work and travel သဘောမျိုး သွားတုန်းက ကြုံတွေ့ခဲ့ရတဲ့ စားသောက်မှု ပုံစံနဲ့ ထမင်းလက်ဆေးစားတဲ့ မိဘအိမ်က စားသောက်မှု ပုံစံကိုပဲ နှိင်းယှဉ် ရေးလိုက်တော့မယ်။
အိမ်မှာ ဆိုရင်တော့ဗျာ…. မနက် ၇-၈ နာရီလောက်မှာ ကော်ဖီ နဲ့ ထမင်းကြော်တို့ မုန့်ဟင်းခါးတို့ တစ်ခုခုပေါ့။ ၁၀ နာရီလောက်ဆိုရင် တီးတိုင်း ဆိုပြီး ကော်ဖီ တစ်ခွက်လောက် သောက်ချင်သောက်တယ်။ နေ့လည် ၁၂ လောက်ဆို နေ့လည်စာစားတယ်။ ဟင်းလုံးဝ စားချင်စိတ်မရှိဘူး ဆိုရင် ကိုယ်တိုင် ကြက်ဥကြော်ပြီး စားလိုက်တာပါပဲ။ ညနေ ၃ နာရီကျတော့ နောက်ထပ် တီးတိုင်း ကော်ဖီ တစ်ခွက်။ ညစာကိုတော့ ၅-၆ နာရီ လောက်မှာ စားကြတယ်။ မိသားစု စုံတဲ့ အချိန်တုန်းကတော့ ညစာအတွက်ကို ပိုမို ချက်လေ့ရှိတယ်။ အခုတော့ မောင်နှမတွေစုံဖို့ကလဲ နှစ်ကူးလောက်ပဲ ရှိတာ ဆိုတော့ ညစာလဲ ဘာမှ သိပ်ထူးထူးခြားခြား ပိုမလုပ်တော့ပါဘူး။ အဲ.. အင်တာနက်ကိုက်ပြီး ညတစ်နာရီ နှစ်နာရီတွေ ဖြစ်သွားရင် ညလယ်စာ က လာလိုက်သေးတယ်။ ခေါက်ဆွဲခြောက်ပြုတ်စားချင်စား မစားချင်ရင် ကျန်တဲ့ဟင်းနဲ့ဆွဲ ဒါမှ မဟုတ်လဲ တစ်ယောက်တည်း အပြင်ထွက်ပြီး တခုခု ၀ယ်စားတတ်တယ်။
work and travel သွားတုန်းက သူဌေးအိမ်မှာ မနက် စောစော ၅ နာရီလောက် ကော်ဖီ မတ်ခွက်ကြီးကြီး နဲ့ တစ်ခွက်ရယ်၊ ကံကောင်လို့ ငှက်ပျောသီး ရှိရင် ငှက်ပျောသီး ပေါင်မုန့်ရှိရင်လဲ ပေါင်မုန့်ပေါ့။ ဘာမှ မရှိဘူး ဆိုရင်တော့ ကော်ဖီ နဲ့ပဲ ပြီးလိုက်ရတယ်။ ပြီးရင် အလုပ်သွား။ ၉-၁၀ နာရီလောက်မှာ အဆာပြေ တစ်ခုခု ၀ယ်စားချင်လဲ စားပေါ့။ မစားရင်လဲ ကော်ဖီတစ်ခွက်တော့ ထပ်သောက်ဖြစ်တယ်။ တောက်လျှောက် ဆက်လုပ်ပြီး နေ့လည် ၂-၃ နာရီမှ ယူလာတဲ့ ထမင်းကို ဆာဆာနဲ့ ကုန်းလွေး ရတော့တာပါပဲ။ ညနေ ၅ နာရီလောက် အိမ်ပြန်ရောက်ပြီး ရေမိုးချိုး ညစာ စားတယ်။ ရှိတာနဲ့ ဖြစ်သလိုပါပဲ ကိုယ့်အိမ်ကိုယ့်ရာ လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ည ၉ နာရီလောက်ဆိုရင် ဘယ်လိုမှ မခံနိုင်တော့ဘူး ကျိုးပြီ။ များသောအားဖြင့် ကိုယ်နေတဲ့ နေရာထက် ပိုမိုတိုးတက်တဲ့ ဒေသ တစ်ခုရောက်သွားရင် ၀လာကြတာကို တွေ့ရတယ်။ ကျွန်တော်ကတော့ တစ်လခွဲအတွင်း 10 ပေါင်တိတိ ကျသွားသဗျ ။
တာဝန်ကျေပြီနော် မိနှင်းပွင့်။ နောက်ကျတာ ခွင့်လွှတ်
တေးသံခါးခါး
ရွေ့နေတာက တိမ်လား စိတ်လား
မြင်နေရတဲ့ နှုတ်ခမ်းသားထဲ
မမြင်ရတဲ့ ဖြားယောင်းမှုတိုင်းမှာ
အကောင်းဆုံး ကစားသမား ဆိုတာ
ဂိုးသွင်း နိုင်သူသာ ဖြစ်လေ့ဖြစ်ထ ရှိတယ်
လူကနေပေမယ့် စိတ်ကစွေခဲ့
ကမ္မဇလေ
ငါ့ နှလုံးသား နာကျင်လေမှ
တရွရွ
စကားလုံးတွေကို ရေးချလိုက်မိတယ်
နာရီတွေကို နေ့ည ရွှေ့ပစ်ရင်း
ငါ ဆိုတာဟာ သေးသေးသိမ်သိမ်နဲ့
မင်း မခံမရပ် နိုင်လောက်အောင် အနံ့တွေ ပြင်းခဲ့ရပြီ ညီမလေး ။ ။
(မြန်မာမိသားစုဂျာနယ် တွင်ဖော်ပြပြီး)
ညိုထက်ညို
No More Google Page
Google Pages မပေးတော့ဘူး ပြောင်းတော့မယ် ဆိုပါလား။ ကျွန်တော့် ဘလော့ဂ် က ဖိုင်တွေ အကုန် အဲဒီမှာ။ url တွေ ပြောင်းသွားရင် ဘယ်လိုလုပ်ကြမလဲ။ အကုန်ပြန်လုပ်ရရင် သေပြီပေါ့။ သိသူတွေ ကူညီကြ ကယ်ကြပါဦးဗျို့
We are no longer accepting new sign-ups for Page Creator because we have shifted our focus to developing Google Sites, which offers many of the capabilities of Page Creator along with new features like site-level navigation, site-level headers, control over who can see and edit your site, and rich embeddings like calendars, videos, and Google docs. If you are currently a Page Creator user, you can continue to use Page Creator and your pages will automatically be transitioned to Google Sites later this year. We are committed to making this transition as smooth and easy as possible, and we will post more details as we get closer to the transition time. You can also manually move your web pages from Page Creator to Google Sites or other service providers at any time.
Learn more about this change.
ညွှန်းဆိုလိုသော စာနှစ်ပုဒ် သို့မဟုတ် "ဖြစ်ပျက်ရှာပုံတော် ခရီးသည်" နှင့် "မင်းဒင် ၏ သက်ခိုင်"
(က) ဖြစ်ပျက်ရှာပုံတော် ခရီးသည် သို့မဟုတ် မိရိုးဖလာ မှသည် ဒိဋ္ဌဓမ္မ ဆီသို့
ဗုဒ္ဓဘာသာ ဟူသည် အဘယ်နည်း။ ဗုဒ္ဓဘာသာ ၏ အန္တိမ ရည်မှန်းချက် နှင့် အနှစ်သာရ တို့ကကော အဘယ်နည်း။ ထို ရည်မှန်းချက် နှင့် အနှစ်သာရ တို့ကို သာမန်လူတစ်ယောက် ကကော အလှမ်းမီနိုင် ပါသလော။ သည်မေးခွန်းတွေကို ကျွန်တော့်ကိုယ်ကျွန်တော် မေးမိချိန်တွင် ကျွန်တော့် အသက်က သုံးဆယ် ၏ ဟိုမှာဘက်သို့ ခြေနှစ်လှမ်း စွန်းဝင်ခဲ့ရပြီ ဖြစ်သည်။ တဆက်တည်းမှာပင် ဗုဒ္ဓဘာသာ နှင့် ကျွန်တော့်ဘဝ စပ်ယှက်ပတ်သက် ခဲ့သမျှ တို့ကိုလည်း ရေးရေးရိပ်ရိပ် ပြန်မြင်ယောင်လာမိသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ကြသော ကျွန်တော့် မိဘဘိုးဘွားများ၊ ငယ်ငယ်က နှုတ်တိုက်ဖွဖွ ရွတ်ခဲ့ ရသော ဘုရားရှိခိုး ဂါထာတော်များ၊ ရှင်သာမဏေ ဘဝ ဖြတ်သန်းခဲ့ရသော ရက်သတ္တပတ်၊ တရားစခန်း ဝင်ခဲ့ဖူးသော ဆယ်ရက်တာ၊ ဖန်ရည်စွန်းသော အဝတ်ကို ဆင်ယင်အပ်သော ရဟန်းသံဃာတော်များ၊ ရွှေရောင်တဝင်းဝင်း နှင့် သပ္ပာယ်ကြသော စေတီပုထိုးများ….ကျွန်တော်၏ အာရုံတွင် ပေါ်လာသည်က သည်မျှလောက်သာ ဖြစ်သည်။ နောက်ထပ် ပေါ်လာသည်က သုတမယ ဥာဏ်အမြင်အားဖြင့် ကျွန်တော် သိနေသော ဗုဒ္ဓ ၏ တရားတော်များ၊ လက္ခဏာရေးသုံးပါး၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ စိတ်၊ စေတသိက်၊ရုပ်၊ နိဗ္ဗာန်၊ ပဋိစ္စသမုပ္ပာဒ် တရားတော်၊ ခန္ဓာငါးပါး၊ ကိလေသာ ဆယ်ပါး စသည်ဖြင့်…သည် မျှလောက်သာ ဖြစ်သည်။ မိရိုးဖလာ မျဉ်းပေါ် တည့်တည့် ရပ်နေမိသည့် ကျွန်တော်။ သည်လောက် ပဲလား။ စကားလုံးအခွံ သက်သက် တို့နှင့်သာ တန်ဆာဆင်ထားသော အပေါ်ယံ ပါးပါးလှပ်လှပ် အသိအမြင် အဆင့်အတန်း နှင့်သာ သည်ဘဝ နိဂုံးချုပ် တော့မည်လား။ မေးခွန်းများစွာ ကို ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မေး နေမိပါသည်။ တခုပဲရှိသည်က သည်မေးခွန်းတွေက မိုးပေါ်ကကျလာ ကြသည်တော့ မဟုတ်။ စာတစ်ပုဒ် က ကျွန်တော့်ကို လှန့်နှိုး လိုက်သောကြောင့် သည်မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် မေးနေမိခြင်း ဖြစ်သည်။ ထိုစာမှာ "mindinn.blogspot.com" တွင် အခန်းဆက် ဖော်ပြခဲ့သည့် စာရေးဆရာ မင်းဒင် ၏ "ဖြစ်ပျက် ရှာပုံတော် ခရီးသည်" ဖြစ်ပါသည်။
တကယ်က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အများစုက မိရိုးဖလာ အဆင့်ထက် တစ်ရွေးသားမှ မပိုခဲ့ကြ သူတွေဖြစ်သည်။ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၍ ဘုန်းကြီး တရားဟောလျှင် နားစိုက်ထောင်ခဲ လှသူ တွေဖြစ်သည်။ အစဉ်အလာ အားဖြင့်သာ လုပ်နေကြရသည်။ မြန်မြန်ပြီးလျှင် ကောင်းသည် ဟု ထင်မိ တတ်ကြ သူတွေဖြစ်သည်။ ဟောကြားသော ပါဠိပါဒ်သား တို့ကိုလည်း ကျွန်တော်တို့ နားမလည်၊ ယောင်ယောင်ဝါးဝါး။ သည်လို ကျွန်တော်တို့ ချဉ်းကပ် ပုံမျိုး နှင့်တော့ ဗုဒ္ဓ ၏ တရားဒေသနာ တို့က ကျွန်တော်တို့ နှလုံးသားထဲ မရောက်ရှိနိုင်။ ကျွန်တော်ကတော့ သည်သို့ပဲ နားလည်နေမိသည်။ သည် အချိန်မှာပင် "ဖြစ်ပျက်ရှာပုံတော် ခရီးသည်" ကို ကျွန်တော် ဖတ်ရှုခွင့် ကြုံရခြင်း ဖြစ်ပါသည်။ ဇာတ်လမ်း ကတော့ အကြမ်းဖျင်းအားဖြင့် ဆိုသော် "ဖြစ်ပျက်" ကို လိုက်လံရှာဖွေ ခဲ့သည့် လူတစ်ယောက်၏ ကိုယ်တွေ့မှတ်တမ်း ကို ရေးခြယ်ထားခြင်း ဖြစ်သည်။ သို့သော် စာရေးသူ က မှတ်တမ်း ကို မှတ်တမ်း သက်သက် အနေနှင့် ရေးသားထားခြင်း မဟုတ်။ ရသအဆင်တန်ဆာ၊ အသိုင်းအဝန်း၊ အခင်းအကျင်း တို့ဖြင့် ယက်ခြယ်တင်ပြ ထားခြင်း ဖြစ်သည်။ ဇာတ်ကောင် ကိုသက်ခိုင် ကိုယ်တိုင်ကလည်း ရဟန်း သံဃာတစ်ပါး မဟုတ်၊ တရားစခန်း တွင် ကျင့်ကြံအားထုတ် နေသူ ယောဂီ တစ်ဦးလည်း မဟုတ်ပြန်။ ရဲဘက်စခန်း တွင် အကျဉ်းကျခံ နေရသော အကျဉ်းသား တစ်ဦးမျှသာ ဖြစ်သည်။ အကျဉ်းသား တစ်ဦး က ဗုဒ္ဓတရားတော် အတိုင်း အစစ်အမှန် ဒိဋ္ဌဓမ္မ ကို လိုက်လံရှာဖွေ ခြင်း။ သည်အချက်ကပင် ဇာတ်ရှိန် ကို ပိုမို မြင့်တက်စေသည် ဟု ကျွန်တော် ယူဆမိသည်။ ပတ်သက်လေ့ ပတ်သက်ထ မရှိတန်ကောင်းရာ ဟု ကျွန်တော်တို့ ယေဘုယျအားဖြင့် သတ်မှတ်ထားသော အရာနှစ်ခု။ လောကငရဲ ဟု ခေါ်ဆိုအပ်သော ရဲဘက်အကျဉ်းစခန်း တွင် ဗုဒ္ဓတရားတော် ကို ကျင့်ကြံအားထုတ် ခဲ့သူ။ နွံထဲကကြာ ဟု ဆိုရမည်လား မသိတော့။ သည်နွံထဲမှပင် ဖြစ်ပျက်ရှာပုံတော် ခရီးသည် တစ်ဦး၏ အတွေ့အကြုံ ပန်းကလေး က ငွားငွားစွင့်စွင့် ပွင့်လန်းလာခဲ့ လေသည်။ ကျွန်တော် ဖတ်ရှုနေရင်း မှပင် စာထဲမှ ကိုသက်ခိုင်က ကျွန်တော့် အနား ရောက်လာသည်။ သူ တွေ့ကြုံ ဖြစ်ပျက် ခဲ့သမျှ ကို ရိုးရိုးရှင်းရှင်း ပင် ကျွန်တော့် ကို ပြောပြသည်။ ကျွန်တော် ဘူးလုံးနားမထွင်း ဖြစ်စေမည့် အသုံးအနှုန်း မပါ။ အရပ်သားအသုံး၊ အရပ်သား ဥပမာ တို့နှင့်သာ သူ ကျွန်တော့် ကို ပြောသည်။ ဘုံခန်း နှင့်လည်း မမြှောက်၊ ငရဲခန်း နှင့်လည်း မခြောက်။ သူ့ကိုယ်သူ ဘယ်အဆင့် ဘယ်သို့ ဘယ်ညာ ဟု ကြွေးကြော် ပြောပြ နေသည် လည်းမဟုတ် ။ သည်မှာပင် သူ့စကားတွေက ကျွန်တော့်နားထဲသို့ ရွှံ့ပျော့ပျော့ ထဲသို့ တစ်လုံးချင်း ပေါက်လိုက်သည့် ခဲလုံးတွေသဖွယ် နစ်မြှပ် သွားခဲ့ရသည်။ သူ ပြောပြသော တရားကိုယ်သဘောတရား တို့ကို ဝေဖန် ပိုင်းခြား ရန်တော့ ကျွန်တော် ဥာဏ်မမီ။ ကျွန်တော်က ဘာမှမဟုတ်။ သာမန်မျှသာ။ လက်တွေ့အကျင့် စခန်းနယ်ပယ် နှင့် ပတ်သက်သော အရာတွေကလည်း စိတ်ကူးဖြင့် "မျက်မှန်းကမ်းဆ" ပြောဆို၍ ရသည်မဟုတ်။ စာဖတ်သူ တို့ကသာ မိမိတို့၏ လက်တွေ့ကိုယ်ပိုင် ဥာဏ်အမြင် အားဖြင့် စောကြော ဖတ်ရှု ကြရန်သာ ဖြစ်ပါသည်။ ဒါဆိုလျှင် စာရေးဆရာ မင်းဒင် ၏ "ဖြစ်ပျက်ရှာပုံတော် ခရီးသည်" မှ မည်သည့် အရာကို ကျွန်တော် ရလိုက်ပါသနည်း။ ကျွန်တော် သေသေချာချာ ရရှိလိုက်သည့် တခုတည်း သော အရာကတော့ "စေ့ဆော်မှု" ပင်ဖြစ်သည်။ ဗုဒ္ဓတရားတော် သည် ကျွန်တော် နှင့် မိုင်တစ်သန်း လောက် ဝေးနေသည်မဟုတ်။ ကျွန်တော့် အတိုင်းအတာ နှင့် ကျွန်တော် ကျင့်ကြံနိုင်လျှင် ကိုယ့် အထွာ နှင့်ကိုယ် ရတန်သလောက် ရနိုင်သည် ဟူသော စေ့ဆော်မှု ဖြစ်သည်။ ပြောရမည်ဆိုလျှင် သည်စာမှ သည်အချက် ကို ကျွန်တော် အနှစ်ခြိုက်ဆုံး ဖြစ်သည်။ သည် စေ့ဆော်မှု တစ်ခုကို စာဖတ်သူ ထံသို့ ပို့ဆောင် ရန်အတွက် စာရေးသူက သုံးစွဲထားသော ရသအယက်အခြယ် အဆင်အကွက် တို့ ကိုလည်း ကျွန်တော် ကြိုက်မိပြန်သည် ( မှတ်တမ်းသက်သက် ဆိုလျှင် နားစိမ်းသူ ပရိသတ် အတွက် ငြီးငွေ့ဖွယ် ဖြစ်သွားရမည် ဖြစ်သည် )။ ကိုသက်ခိုင် ၏ အတွေ့အကြုံ တို့ကို နားထောင်နေရင်း မှာပင် ထိုအချိန်၌ သူ ကျင်လည် ဖြတ်သန်း နေရသည့် ပတ်ဝန်းကျင် ပုံကားချပ် တို့ကိုလည်း စာဖတ်သူက တစေ့တစောင်း တွေ့ရှိ နိုင်ပြန်သည်။ ရဲဘက်စခန်း ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ ဖတ်ရှုခွင့် မရနိုင်သည့် ဝန်းကျင်။ ဒါကိုလည်း ကျွန်တော် ကျေနပ်မိသည်။ စာတစ်ပုဒ် လုံး အနေနှင့် ပြောရလျှင်တော့ စာရေးသူက သူ ပေးလိုသော အချက်အလက်တို့ကို စာဖတ်သူ ထံ "ဒက်ထိ" ပို့ဆောင်နိုင်သော စာတစ်ပုဒ် ဟု ကျွန်တော်ကတော့ ဆိုချင်ပါသည်။ မိရိုးဖလာ မှသည် ဒိဋ္ဌ အစစ်အမှန် ကျင့်ကြံမှု သို့ ပေါင်းကူး ပေးသော တံတားတစ်စင်း ဟုလည်း ကျွန်တော် ညွှန်းဆိုလိုပါသည်။
(ခ) မင်းဒင် ၏ သက်ခိုင် သို့မဟုတ် ပြိုးပြက် ပျားအုံ မှန်ကူကွက်
"ဖြစ်ပျက်ရှာပုံတော် ခရီးသည်" ကို ဖတ်ရှုပြီးပြီးချင်း ပင် "မင်းဒင် ၏ သက်ခိုင်" ကို ကျွန်တော် ဖတ်ရှု ရပြန်သည်။ ဇာတ်ကောင်ကတော့ တစ်ဦးတည်းသာ။ သို့သော် အကြောင်းအရာ ကတော့ တကွဲစီ ဟု ဆိုရမည် ဖြစ်သည်။ "မင်းဒင် ၏ သက်ခိုင်" က ကိုသက်ခိုင် ၏ ဘဝဇာတ်ကြောင်း တစေ့တစောင်း ဖြစ်သည်။ အတ္ထုပ္ပတ္တိ အနေနှင့်တော့ မဟုတ်။ လူတစ်ယောက် က သူ့အကြောင်းသူ စာရေးသူ ကို ပြန်ပြောပြ နေဟန် ဖြင့် ရေးဖွဲ့ထားသည်။ အကြမ်းဖျင်းအားဖြင့်တော့ ၁၉၆၀ တဝိုက်လောက်တွင် မွေးဖွား ကြီးပြင်း လာခဲ့သော လူတစ်ယောက် ၏ ဘဝ။ သာမန်ထဲက သာမန်လူတစ်ယောက်မျှသာ။ ဘာမှမဆန်း ဟု ဆိုချင်လည်း ဆိုနိုင်ပါသည်။ ဆန်းနေသည်က ကျွန်တော်တို့ မြန်မာစာပေ ၏ ဖြစ်နေ ပျက်နေ ရသည့်ဘဝဖြစ်သည်။ ခြေတွေလက်တွေ ကို တုပ်နှောင်ကာ အလွန် ကျပ်တည်း ကျဉ်းမြောင်း စွာ ရေးနေသားနေ ရသော ကျွန်တော်တို့၏ ဘဝဖြစ်သည်။ အမျိုးသားဂုဏ်သိက္ခာ ကို ညှိုးနွမ်းထိခိုက် စေလိမ့်မည် ဟူသော မလျော်သော အကြောင်းပြချက် ဖြင့် ပြည်တွင်းမှ နောင်တော် စာရေးဆရာ တို့သည် အဖြစ်အပျက် အမှန်တို့ကို စာဖတ်ပရိသတ်သို့ မခြွင်းမချန် တင်ပြခြင်း မပြုနိုင်ကြရှာ။ ခေတ် ၏ သရုပ်၊ ခေတ် ၏ ပကတိအရှိတရား တို့ကို အနုပညာလက်ရာ အသီးသီး တို့တွင် ထင်ဟပ် ဖော်ပြခြင်း မစွမ်းနိုင်ကြရှာ။ များစွာသော ထိုထို သူတို့၏ အတွေ့အကြုံ တို့သည် လုပ်တိုင်းကုန်း တွင် နိဂုံးချုပ် ကြရ ရှာသည်။ အကျိုးဆက်အားဖြင့် အစဉ်မပြတ် မွေးဖွားကြီးပြင်း လာကြသော မြန်မာ လူငယ် မျိုးဆက်သစ် တို့သည် တစ်ယောက်စကား တစ်ယောက်နား နှင့်သာ ပြီးကြရရှာသည်။ အခြားအခြားသော သူတို့၏ အတွေ့အကြုံ တို့မှ သင်ခန်းစာ ယူစရာ ကို မယူနိုင်ကြဘဲ ပြုပြီးသော အမှားတို့ကိုသာ ထပ်တလဲလဲ ကျူးလွန်မိကြ ရရှာသည်။ ကောင်းမြတ်သော အလေ့အထုံ အမူအကျင့် တို့ကိုလည်း သူတပါးထံမှ ဆင့်ပွားရယူ နိုင်ခြင်း မရှိတော့ သောကြောင့် တိုင်းပြည်တွင် အထူးနစ်နာ ရပါသည်။ ဆရာကြီး ရွှေဥဒေါင်း က ဆိုခဲ့သကဲ့သို့ ကိုယ်ကျင့်သီလ စရဏ တိုးတက်ကောင်းမွန် ရန်မှာ လောကနီတိ ကျမ်း တွေက စွမ်းနိုင်သည်မဟုတ်။ လူတို့၏ နှလုံးသား အတွင်းသို့ နက်နက်နာနာ ထိခိုက်ခံစား စေရသော ရသစာပေ ကသာ တတ်နိုင်သည့် အလုပ်ဖြစ်ပါသည်။ သည်သို့သည်ပုံ ကျွန်တော်တို့ ဖြတ်သန်း ခဲ့ရသည့် အချိန်ကလည်း နည်းနည်းနောနော မဟုတ်။ နှစ်ငါးဆယ် ချဉ်းခဲ့ရပြီ ဖြစ်သည်။ တိုက်တိုက် ဆိုင်ဆိုင် ဟုပင် ဆိုရမည်လား မသိ။ "မင်းဒင် ၏ သက်ခိုင်" တွင် ဖော်ပြထားသော ကိုသက်ခိုင် ၏ ဖြတ်သန်းမှုကလည်း နှစ်ငါးဆယ် ဖြစ်နေပြန်သည်။ စာပေ သည် တစုံတရာ ကို ကိုယ်စားပြုရမည် ဆိုငြားအံ့။ ထို ကိုယ်စားပြုရမည့် တစုံတရာ သည် အမှန်တရား သာ ဖြစ်သင့်ဖြစ်ထိုက် လှပါသည်။ တစုံတရာ ကို ဦးတည်ရမည် ဆိုငြားအံ့။ ထို ဦးတည်ရမည့် တစုံတရာ သည် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း နှင့် တရားမျှတခြင်း တို့သာ ဖြစ်သင့်ဖြစ်ထိုက် လှပါသည်။ ဒါကိုပင် ကျွန်တော်တို့က စာပေသစ္စာ ဟု ညွှန်းဆို ခေါ်ဝေါ် နေကြသည် မဟုတ်ပါလား။ "မင်းဒင် ၏ သက်ခိုင်" တွင်တော့ ကျွန်တော်တို့ စာပေတွင် လပ်နေဟာနေ သည့်ကွက်လပ်ကို တတ်နိုင်သမျှ ဖြည့်စွက်ရန် စာရေးသူက အားထုတ်ထားသည် ကို ကျွန်တော် အထင်အရှား တွေ့ရသည်။ တစစီ ဖြစ်နေသော သမိုင်းပုံကားချပ် တို့ကိုလည်း စာဖတ်သူက ပြန်လည် ဆက်ရစပ်ရသည်။ ကိုသက်ခိုင်၏ လူတန်းစားလက္ခဏာ ကို မည်သို့ သတ်မှတ်ရမည် ကို ကျွန်တော် ဝေခွဲမရ။ ယေဘုယျ မြို့ပြလူတန်းစား လက္ခဏာ အချို့တော့ သူ့တွင် ရှိကောင်းရှိလိမ့်မည်။ ခေတ်ဆိုသည်ကတော့ ထိုခေတ်တွင် ရှင်သန်ဖြတ်သန်း နေသောသူ ဟူသမျှ ကို ရိုက်ခတ်နေသည်ချည်း။ တခုရှိသည်က ခေတ်၏ရိုက်ခတ်မှု ကို တုံ့ပြန်ပုံချင်း တော့ တစ်ယောက် နှင့် တစ်ယောက် တူနိုင်မည်မထင်။ ဘဝအတွေ့အကြုံ၊ ဖြတ်သန်းမှု၊ ပတ်ဝန်းကျင်အခြေအနေ တို့ကလည်း ထပ်တူညီမျှ နိုင်သည်မဟုတ်။ ကိုသက်ခိုင်ကကော သူ့ခေတ်ကိုသူ ဘယ်လိုတုံ့ပြန်ပါသလဲ။ သူ့ဘဝက စုံတန်သရွေ့စုံသည်။ ဆန်းတန်သရွေ့ဆန်းသည်။ အချိုးအကွေ့၊ အနိမ့်အဝှမ်း၊ အမြင့်အမောက် တို့ကလည်း များသည်။ သူ တွေ့ဆုံ သိကျွမ်း ခဲ့သူတို့တွင် နာမည်ကြီး ရာဇဝတ်သား တို့မှသည် နိုင်ငံ ၏ အမြင့်ဆုံးအာဏာ ကို ချုပ်ကိုင်ထားသူ တို့အထိပါသည်။ စီးပွားရေးလောက တွင် "ဒင်" ဟု ဆိုရလောက် သော လူတန်းစား အလွှာ တစ်ခုနှင့်လည်း သူ ပတ်သက်ခဲ့သည်။ ဒါတွေကို သူ ဘယ်လို တုံ့ပြန်ပါသလဲ။ ဒါကို ကျွန်တော်က စိတ်ဝင်စားမိသည်။ စာရေးသူ က ကိုသက်ခိုင် အကြောင်းကို ရေးဖွဲ့ထားပုံ ကတော့ "ဖြစ်ပျက်ရှာပုံတော် ခရီးသည်" ကဲ့သို့ စကားပြောဟန်ဖြင့် ရေးဖွဲ့ထားသည်။ အတ္ထုပ္ပတ္တိအသွားမျိုး မဟုတ်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို စကားပြောနေသလို ဟိုရောက်ဒီရောက် ဖြစ်သည်။ နှစ်တွေကို ခုန်ပျံကျော်လွှား သွားတာကိုလည်း မကြာမကြာ တွေ့ရသည်။ စကားအလျဉ် မပြတ် လျှင် မပြတ်သလို တစုံတရာ ကို အထူးပြုပြောရာတွင် ဖြစ်တတ်သည့်ပုံမျိုး။ တချို့အဖြစ်အပျက် တို့တွင် ကိုသက်ခိုင် ကြုံတွေ့ခဲ့ရသည့် ပုဂ္ဂိုလ်တွေက တိုင်းသိပြည်သိ ဖြစ်သူများ။ သည် ပုဂ္ဂိုလ်တွေ၏ အမည်တွေကိုလည်း ပုဂ္ဂိုလ်ရေး အာဃာတ မပါဘဲ သူတွေ့သလောက် ကြုံသလောက် ပြောပြ ထားသည်ကို တွေ့ရသည်။ ဒါမှလည်း ဇာတ်လမ်းက ပို၍ အသက်ဝင်လိမ့်မည် ဖြစ်သည်။ ခေတ်ကြီး ကို ဒေါင်လိုက်ကော အလျားလိုက်ပါ မြင်နိုင်စေလိမ့် မည်ဖြစ်သည်။ နေရာတကာ တွင် အမည်တွေကို ထိမ်ချန် နေစရာမလို။ တခုပဲရှိပါသည်။ စာရေးသူ က သူ့စာ အပေါ် တာဝန်ယူရမှု ကတော့ ပို၍ ကြီးလေးသွားခဲ့ ရပြီဖြစ်သည်။ နောက်တစ်ခုက စာရှည်ရှည် ရေးတော့မည့် စာရေးသူ တိုင်း မလွှဲသာ မရှောင်သာ ကြုံတွေ့ရလေ့ရှိသည့် "အီသွားအိုင်သွား" နိုင်သည့် အခက်အခဲ ဖြစ်သည်။ ကျွန်တော်ယခု သည်စာကို ရေးပြီးချိန်အထိတော့ "မင်းဒင် ၏ သက်ခိုင်" က အပိုင်း(၃၀) တိုင်ခဲ့ရပြီ ဖြစ်သည်။ ယခု အထိကတော့ သင့်လျော်ရာ စကားစပ် စကားဆက် တို့ဖြင့် စာက ချောချောမွေ့မွေ့ ဖြစ်နေဆဲ။ နောင် လာမည့် အပိုင်းများတွင်လည်း စာရေးသူက အောင်အောင်မြင်မြင် ဆက် "သယ်" သွားနိုင်မည် ဟု ကျွန်တော် ယုံကြည်နေမိပါသည်။
(ဂ)
စာပေလောက တွင်တော့ ယခုမှ စတင် စာရေးသူ ကို ကလောင်သစ် ဟု ယေဘုယျ သဘောအားဖြင့် ရည်ညွှန်းလေ့ ရှိကြသည်။ ကျွန်တော်ကတော့ သည်စကားလုံးကို သိပ်မကြိုက်။ "ကလောင်သစ်" ဟူသော စကားလုံး၏ နောက်ကွယ်တွင်က အသစ်ဖြစ်ချင်းသာမက အတွေ့အကြုံ နုနယ်သေးသည့် သဘော၊ စမ်းတဝါးဝါး ဖြစ်နေသေးသည့် အသွင်၊ ဒါတွေက တဆက်တည်းပါနေသည်။ ကျွန်တော် ကတော့ ထိုအဓိပ္ပာယ် တို့ကို သိပ်မကြိုက်။ "စာ" ကို ကြည့်၍သာ ဆုံးဖြတ်သင့်သည် ဟု သဘောရ ပါသည်။ ယခုမှ ပရိသတ် ရှေ့မှောက်သို့ ချပြသော်လည်း အတွေ့အကြုံ နုနယ်ချင်မှ နုနယ်ပေလိမ့်မည်။ စမ်းတဝါးဝါး ဖြစ်ချင်မှလည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်တော်ကတော့ ကိုယ့် သတ်မှတ်ချက် နှင့် ကိုယ် (သူက ယခုမှ စာရှည်ရှည် ရေးဖူးပါသည် ဝန်ခံစေကာမူ) စာရေးဆရာမင်းဒင် ကို အရည်အသွေး ပြည့်မီသော ကလောင်တစ်ချောင်း ဟုသာ သတ်မှတ်မိပါသည်။ ယခုမှ စာဖတ်ပရိသတ် ရှေ့မှောက် သူ့ အနုပညာ အခင်းအကျင်း တို့ကို တည်ခင်း ပြသ သော်လည်း သူ့ နှလုံးသား ထဲတွင်မူ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက စာစရေးသားခဲ့သူ ဟု ကျွန်တော် ယူဆမိသည်။ တဆက်တည်းမှာပင် အစားကောင်းစားရလျှင် ချစ်သောခင်သောသူ တို့ကို သတိရသည် ဟူသော စကားကဲ့သို့ စာကောင်း ကို ဖတ်ရသော ကျွန်တော် သည် စာဖတ်ဝါသနာပါသူ ဖခင် နှင့်တကွ မြန်မာပြည်မှ မိတ်ဆွေသူငယ်ချင်း များကိုလည်း အထူးတလည် သတိရမိသည်။ စင်စစ် အင်တာနက် စာမျက်နှာ တွင် စာရေးသားခြင်း ဟူသည် မိမိ ၏ အနုပညာ မျိုးစေ့ကလေးကို ရေခြားမြေခြား တွင် စိုက်ပျိုးလိုက် ရသည် နှင့်တူပါသည်။ တစ်ရာ ရာခိုင်နှုန်း နီးပါးသော မြန်မာပြည်မှ စာဖတ်သူများသည် အင်တာနက် ကို လက်လှမ်းမမီနိုင်။ ဒါကတော့ "ဖြစ်ပျက်ရှာပုံတော် ခရီးသည်" နှင့် "မင်းဒင် ၏ သက်ခိုင်" ကို ဖတ်ပြီး ကျွန်တော့်တွင် ပေါ်လာသော မချင့်မရဲ စိတ်ဖြစ်သည်။ တစ်နေ့တွင်တော့ ရေခြားမြေခြား တွင် အပင်ပေါက်နေပြီ ဖြစ်သည့် အနုပညာ ပင်ပျိုကလေးများကို မိခင်မြေကြီး တွင် ပြောင်းရွှေ့ စိုက်ပျိုး နိုင်ရန် ကျွန်တော်တို့ အားစိုက်ထုတ်ကြရ ဦးမည်ဖြစ်သည်။ လောလောဆယ် တွင်တော့ လက်လှမ်းမီရာ မြေရေ တို့တွင်သာ ကျွန်တော်တို့ စိုက်နေပျိုးနေ ရဦးမည် ဖြစ်ပါသည်။ အခြားသော စာဖတ်သူ တို့ကကော ဘယ်လို ယူဆ ကြပါလိမ့်။ ကျွန်တော် သိချင်နေမိပါသည်။
မြန်မာစာပေပန်းများ မိခင်မြေကြီး တွင် ပြန်လည် ပွင့်လန်း နိုင်ပါစေသတည်း
ညိုထက်ညို
ရည်ညွှန်း။ ။ "ဖြစ်ပျက်ရှာပုံတော် ခရီးသည်" နှင့် "မင်းဒင် ၏ သက်ခိုင်" ( http://mindinn.blogspot.com )
mtj အကြောင်း တစေ့တစောင်း
ကိုယ့်ရဲ့နာမည် ———- ကိုယ့်ကိုကိုယ် မောင်သင်္ကြန် (mtj) လို့မှည့်ထားတယ်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ———- ဟေ့ရောင်၊ ၀င်းနိုင်၊ ၀က်ကလေး၊ ကိုအတာ၊ ဦးစပ်မိ
ကိုယ်ဒီမှာနေတယ် ———- မဲဇာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- ဆက်လေ
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-
အရောင်ဆိုရင် ———- အထွေအထူးမရှိ
အ၀တ်အစားဆိုရင် ———- အထွေအထူးမရှိ
အစားအစာဆိုရင် ———- အထွေအထူးမရှိ
ပစ္စည်းဆိုရင် ———- အီလက်ထရွန်းနစ်ပစ္စည်းများ
သီချင်းဆိုရင် ———- နားထောင်လို့ကောင်းတာ
စာရေးဆရာ ———- ဖတ်လို့ကောင်းအောင် ရေးနိုင်တဲ့သူ
စာအုပ် ———– ဖတ်လို့ကောင်းတာ
Life style ———- ပေါ့ပေါ့နေ ပေါ့ပေါ့စား
ကိုယ့်ရဲ့ဝါသနာ ———- ကွန်ပြူတာ၊ ဓါတ်ပုံ
အလိုချင်ဆုံးလက်ဆောင် ———- ပိုက်ပိုက်
ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- ကိုယ့်ကိုကိုယ်၊ မိဘ၊ စစ်၊ ညီမ အငယ်ဆုံး
ကိုယ့်ရဲ့ အလေးစားဆုံးသူက ———- အထွေအထူးမရှိ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ———- ဟိုလဒ တွေ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ———- ကိုယ်ပဲ
ကိုယ့်ရဲ့ အမုန်းဆုံးသူက ———- ကိုယ်ပဲ
ရင်အခုန်ဆုံးအချိန်———- AIDS စစ်ဖို့ သွေးဖေါက်တဲ့အချိန်
အကြောက်ဆုံးအချိန် ———- သွေးအဖြေ ကြည့်တဲ့အချိန်
အပျော်ဆုံးအချိန် ———- အထွေအထူးမရှိ
အမှတ်တရနေ့ ———- Feb14
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ———- ၀မ်းစာ မရှာရပါလို၏
အချစ်ဆိုတာ ———- သံယောဇဉ် + သာယာမှု
အမုန်းဆိုတာ———- မသိဘူး
အလွမ်းဆိုတာ———- သတိရ နေတာ
သံယောဇဉ်ဆိုတာ———- မမေ့နိုင်တာ
ဘ၀ဆိုတာ ———- ၀မ်းစာရှာရတယ်
သူငယ်ချင်းဆိုတာ ———- ဟိုလဒတွေ
ချစ်သူဆိုတာ ———- စစ်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ———- ငပျင်း
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ———- မရှိ
အပြောချင်ဆုံးစကားတစ်ခွန်း ———- မရှိ
ခေးအောာ့်စ် ရေ ရေးပြီးပြီနော် ။ တတ်ဂ်ဂိမ်းတွေ ထဲမှာ ဒီခေါင်းစဉ် အတော်ပေါက်တယ်။ လူတိုင်းလိုလိုရေးကြတာ တွေ့ရတယ်။ ဒါနဲ့ ဖတ်ခဲ့ ကြုံခဲ့ဖူးတဲ့ တတ်ဂ်ဂိမ်းတွေကို ပြန်စဉ်းစားကြည့်တော့ ပေါ့ပေါ့ပါးပါး ရေးရလွယ်တဲ့ ပါစင်နယ် အကြောင်းလေးတွေဆို ပေါက်ကြတာ သတိထားမိတယ်။ သူကိုယ့်တတ်ဂ် ကိုယ်သူ့တတ်ဂ်နဲ့ ခင်မင်ရင်နှီးမှုလဲ တိုးတတ်လာတယ်။ တတ်ဂ်မယ့်သူတွေရဲ့ ဘလော့ဂ်လင့်ခ် တွေကို ထည့်ပေးခြင်းအားဖြင့်လဲ ဘလော့ဂ်တွေကို လူပိုသိလာတယ် SEO အတွက်လဲ အကျိုးရှိတယ်။ ဒီလို အားလုံးအတွက် ကောင်းတဲ့ တတ်ဂ်ဂိမ်းလေးတွေ ကျွန်တော်တို့ ဘလော့ဂ်ဂါဈေးတန်းမှာ အမြဲပဲ ရှိနေစေချင်ပါတယ်။
ဘယ်သူ့ကိုဆက်တတ်ဂ်ရမလဲ ဆိုတော့ ဟိုလဒ တွေထဲက ရေးချင်တဲ့ကောင်တွေ ရေးကြကွာ
၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)
Aug 27.1998 (ကြာသပတေးနေ့)။ ။ မနက်ဖြန်ကျရင် ကျွန်တော်တို့ တစ်နှစ် နဲ့ ရှစ်လကျော် လုံးလုံး ပိတ်ထားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကို ပြန်ဖွင့်ပါတော့မယ်။ ကျွန်တော်တို့က တတိယအသုတ်ပါ။ ပထမ နဲ့ ဒုတိယ နှစ်တွေပေါ့။ ပထမအသုတ် (နောက်ဆုံးနှစ် နဲ့ ပဉ္စမနှစ်) နဲ့ ဒုတိယအသုတ် (စတုတ္ထနှစ် နဲ့ တတိယနှစ်) တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တစ်သုတ်ချင်း ခွဲဖွင့်ပြီး စာမေးပွဲ စစ်ပြီး သွားပါပြီ။ ခုနစ်ရက်စာသင်၊ ပြင်ဆင်ချိန် ဆယ်ရက်ပေးပြီး စာမေးပွဲစစ်ခဲ့ တာပေါ့။ ကျွန်တော့်ဆီကိုတော့ ကျောင်းပြန်ဖွင့် မယ့်အကြောင်း အသိပေးတဲ့စာက လွန်ခဲ့တဲ့ တစ်လလောက်က ရောက်လာပါတယ်။ ဒါနဲ့ပဲ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး ကျူရှင်တွေတော့ ပြန်တက်နေကြ ပါပြီ။ ဒီတစ်ခါ စာမေးပွဲ စစ်ပြီးရင် ကော ကျောင်းဘယ်လောက်ကြာကြာ ထပ်ပိတ်ဦးမလဲ။ နောက်တစ်ခါ ပြန်ဖွင့်ရင်ကော ကျွန်တော်တို့ မူရင်းကျောင်းတော်ကြီးမှာ တက်ခွင့်မှ ရပါတော့မလား။ ကျောင်းကို လှိုင်သာယာ ရွှေ့တော့မယ်ဆိုတာ တကယ်လား ( ၁၉၉၇ ကတည်းက ကြားနေတဲ့သတင်းပါ )။ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် ဘယ်လိုမှ မဖြေနိုင်တဲ့ မေးခွန်းတွေနဲ့ ထွေးလုံးရစ်ပတ် နေမိတယ်။ တကယ်လို့ ကျောင်းကိုများ ရွှေ့တော့မယ်ဆိုရင် မနက်ဖြန်ကစပြီး လာမယ့်ခုနစ်ရက်ဟာ ကျွန်တော်တို့ ကိုယ့်မိခင် ကျောင်းတော်ကြီးမှာ နောက်ဆုံးတက် ရတဲ့ နေ့တွေ ဖြစ်လာတော့မှာပါ။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC2)၊ ဗိုလ်တထောင်နယ်မြေ(RC1) နဲ့ ကြည့်မြင်တိုင်နယ်မြေ(RC3) က ကျောင်းသူကျောင်းသား တွေဆို ဒီအခွင့်အရေးတောင် မရကြရှာ ပါဘူး။ အခြေခံပညာ အထက်တန်းကျောင်း တွေမှာပဲ သက်ဆိုင်ရာစာမေးပွဲ တွေ သွားဖြေခဲ့ရတယ်။ သူတို့ကိုကျတော့ အဝေးသင် နဲ့ သန်လျင် ဘက်ကို ရွှေ့မယ်ဆိုလားပဲ။ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမလဲ ဆိုတဲ့ အတွေးနဲ့ပဲ ကျွန်တော် တစ်နေ့လုံး ယောက်ယက်ခတ် နေမိတယ်။ ဒီတစ်ခါတော့ နအဖ အစိုးရ ဟာ သတိကြီးကြီး ထားပြီး အစစအရာရာ ပြင်ဆင်ထားပုံ ရတယ် ဆိုတာကိုလည်း ကျွန်တော်သတိထား လိုက်မိတယ်။ ခုနစ်ရက်ကလေး ကျောင်းပြန်ဖွင့် တာတောင် ကျွန်တော်တို့ ခြောက်တန်းစလုံး တပြိုင် နက် မဖွင့်ရဲဘဲ နှစ်တန်းစီ သုံးသုတ် ခွဲဖွင့်တဲ့ အချက်က ဒါကို ပြနေပါတယ်။ ပထမအသုတ် နဲ့ ဒုတိယ အသုတ်ကတော့ ချောချောမောမောပဲ ဘာမှမဖြစ်ဘဲ စာမေးပွဲ စစ်ပြီးသွားပါပြီ။ ကျွန်တော်တို့ နောက်ဆုံး အသုတ်ကကော….။ လွန်ခဲ့တဲ့ နှစ်ရက် (Aug 25 လို့ ထင်ပါတယ်) လောက်ကတော့ ကျွန်တော်တို့ နီးစပ်ရာ ကျောင်းသားတွေစုပြီး လှည်းတန်းလမ်းဆုံမှာ ထိုင်သပိတ်သဘောမျိုး ဆင်နွှဲ ခဲ့ကြပါတယ်။ ချိန်းတဲ့ အချိန် လွဲသွားလို့ ကျွန်တော် ရောက်တဲ့အချိန်မှာတော့ ဘယ်သူနဲ့မှ မတွေ့လိုက်ရဘူး။ မနက်ဖြန် အတွက် စာအုပ်သုံးလေးအုပ် ကို လွယ်အိတ်ထဲထည့်ရင်း ကျွန်တော် တသီတတန်းကြီး တွေးနေမိတယ် ။ နောက်ဆုံးအသုတ်….နောက်ဆုံး အခွင့်အရေး…..ကျောင်းရောက်မှ မီးစင်ကြည့်က တော့မယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော် စောစော အိပ်ရာဝင်လိုက်တယ်။ အိပ်မပျော်ပါဘူး။
Aug 28,1998 (သောကြာနေ့)။ ။ ကျွန်တော် ကျောင်းကိုရောက်တော့ မနက် ကိုးနာရီ ထိုးပါတော့မယ် ။ တစ်နှစ်ရှစ်လကျော်ကျော် လောက် ကွဲကွာနေပြီး ခုမှ ပြန်ဆုံကြတာမို့ ကျွန်တော်တို့ ကျောင်းသူ ကျောင်းသားချင်းတော့ နည်းနည်း စိမ်းနေကြပါတယ်။ နောက်တစ်ခုကလည်း အခုဖွင့်တဲ့ အသုတ်က ပထမနှစ် နဲ့ ဒုတိယနှစ် ဆိုတော့ အတန်းကြီးတွေလို အသိအကျွမ်း မများကြသေးပါဘူး။ ပထမနှစ် ကျောင်းသားတွေဆို စုစုပေါင်း ကျောင်းတက်ရက်မှ ၁၉၉၆ တုန်းက သုံးလလောက်ပဲ ရှိသေးတာပါ။ သူ့ နီးစပ်ရာ အစုကလေးတွေ အလိုက်ပဲ သွားလာနေကြတာကို ကျွန်တော်တွေ့ရတယ်။ အချိန်ဇယား တောင် ကျွန်တော် မကြည့်နိုင်သေးဘဲ ကင်တင်းဘက်ကို အရင်ဆင်းသွားလိုက်တယ်။ ၉၆ တုန်းက သူငယ်ချင်းတွေကို တွေ့မလားဆိုတဲ့ အတွေးနဲ့။ ဘယ်သူနဲ့မှ မတွေ့တာနဲ့ အပေါ်ပြန်တက် လာပြီး စာသင်ခန်းဘက်ကို လာလိုက်ပါတယ်။ အတန်းထဲမှာတော့ လူတော်တော် စုံနေပါပြီ။ နယ်က အဆောင် နေကျောင်းသား တချို့နဲ့တွေ့မှပဲ ကျွန်တော်လည်း အခြေအနေကို တီးခေါက်ကြည့်ရပါတယ်။ စတွေ့တွေ့ ချင်းဆိုတော့ ဘယ်သူကမှ ဘာမှ မပြောနိုင်သေးပေမယ့် နေ့လယ်ထမင်းစားချိန် တွေ့ကြဖို့တော့ ချိန်း လိုက်ကြတယ်။ ကျွန်တော်လည်း တခြားအတန်းတွေ (လူရှစ်ရာကို အေ၊ဘီ၊စီ၊ဒီ ဆိုပြီး ခွဲထားတာပါ) ကို စနည်းနာဖို့ စာသင်ချိန် မပြီးခင်ပဲ အတန်းထဲက ပြန်ထွက်လာလိုက်တယ်။ ကင်တင်းဘက် ပြန်သွားရင် ကောင်းမလား… ရှေ့က Mechanical ဆောင်တွေ ဘက်ကိုငေးရင်း ကျွန်တော် စဉ်းစားနေတုန်းမှာပဲ ကျွန်တော့်နာမည် ခေါ်သံကြားလို့ ကျွန်တော် လှည့်ကြည့်လိုက်တယ်။ ကျွန်တော်တို့ ဒုတိယနှစ်က သူငယ်ချင်း (သူက Architecture ကပါ ) တစ်ယောက်ကို ကျွန်တော် တွေ့လိုက်ရတယ်။ ၁၉၉၆ ကတည်းက ကျွန်တော်တို့ သိကျွမ်းခဲ့တာပါ။ ကျွန်တော်တို့ နှစ်ယောက် ကင်တင်းဘက်ကို ပြန်ဆင်းလာပြီး Mini Hi မှာ ဝင်ထိုင်လိုက်ကြတယ်။ ကျွန်တော်တို့ စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ သူက ကျွန်တော့်ကို ကျွန်တော်တို့ တခုခုလုပ်ရင် ကောင်းမယ် ဆိုတဲ့အကြောင်း စကားစတယ်။ ဒါနဲ့ ကျွန်တော် လည်း သူ့မှာ ဘာအစီအစဉ် ရှိလဲ လို့ သူ့ကို မေးလိုက်တော့ သူက ခဏစဉ်းစားပြီး အခုလောလောဆယ် ရေတိုအနေနဲ့ အခုလုပ်နေတဲ့ ခုနစ်ရက်ပညာရေးကို ကန့်ကွက်ဖို့ သူ စိတ်ကူးရတဲ့ အကြောင်း ကျွန်တော့် ကို ပြောပါတယ်။ ကျွန်တော်တို့ ဆက်ပြောနေတုန်းပဲ ခုနက ကျွန်တော် နဲ့ ချိန်းထားတဲ့ နယ်ကျောင်းသား တွေ ကင်တင်းဆင်းလာတာ တွေ့လို့ ကျွန်တော် လှမ်းခေါ်လိုက်တယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ တိုင်ပင်ပြီး ရှေ့ဆက်လုပ်ဖို့ အစီအစဉ် တွေကို အကြမ်းဖျင်း ချမှတ်လိုက်ကြတယ်။ ကျွန်တော်တို့မှာ စုစုပေါင်းမှ အချိန် ခုနစ်ရက်ပဲ ရတယ်။ ဒီခုနစ်ရက်မှာ လုပ်စရာရှိတာကို မြန်မြန် လုပ်ကြမှ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အစီအစဉ်ကတော့ လက်ရှိစာသင်နေတဲ့ တန်းခွဲရှစ်ခု (ပထမ နဲ့ ဒုတိယနှစ်) ဆီကနေပြီး ခုနစ်ရက် ပညာရေးကို ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းကို လက်မှတ်တွေလိုက်ပြီး ကောက်ခံရမယ်။ တန်းခွဲတစ်ခုကို လူနှစ်ယောက် တာဝန်ယူရမယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ကျွန်တော့်တန်းခွဲအတွက် တာဝန်ယူလိုက်ပါတယ်။ လက်မှတ်စုထိုးကြမယ့် စာရဲ့ခေါင်းစဉ်ကိုတော့ ကျွန်တော်တို့ အမျိုးမျိုး စဉ်းစား ပြီး နောက်ဆုံး "ခုနစ်ရက် ပညာရေး ကို ကန့်ကွက်၍ စာသင်ချိန် တိုးမြှင့်ပေးရန် ပန်ကြားခြင်း" ဆိုတာကို ပဲ အတည်ပြုလိုက်တယ်။ အစပိုင်းတုန်းက ပိုပြီး ပြင်းထန်တဲ့ စကားလုံးတွေ သုံးဖို့ စိတ်ကူးမိပေမယ့် ကျွန်တော်တို့ ကျောင်းသားထုကြား ညီညွတ်ရေးကို ဘာမှ မတည်ဆောက်ရသေးတာမို့ စကားလုံးတွေ ကို ဖျော့ပေးလိုက်တာပါ။ တချို့နုနယ်တဲ့ကျောင်းသားကျောင်းသူတွေ လက်မှတ်ထိုးဖို့ လက်တွန့်သွားမှာ စိုးတာလဲ ပါတာပေါ့။ အားလုံးတိုင်ပင်ပြီးတဲ့ အချိန်မှာတော့ ကျွန်တော်က သူငယ်ချင်းကို (သူပဲ အစီအစဉ်အသေးစိတ် ချပြတာမို့ သူ့ကို ခေါင်းဆောင်အနေနဲ့ သဘောထားလိုက်ပါပြီ) စည်းရုံးရေး ကိစ္စ အတွက်မေးရတယ်။ တကယ်က ကျွန်တော်က ဒီဘာသာရပ်မှာ ကျွမ်းကျင်သူ မဟုတ်လှပါဘူး။ သူ နဲ့ ကျွန်တော်နဲ့ အသေးစိတ် ထပ်ဆွေးနွေးပြီး လောလောဆယ်အနေနဲ့တော့ အလျားလိုက်စည်းရုံးရေး ကိုပဲ ဦးစားပေးလုပ်ဖို့ သဘောတူဆုံးဖြတ်လိုက်တယ်။ ကျယ်ပြန့်ရေးပေါ့ ။ ဒေါင်လိုက်(မြှင့်တင်ရေး) စည်းရုံးရေး ကိုတော့ နောက်မှပဲ လုပ်ရပါတော့မယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အချိန်မရပါဘူး။ ကျွန်တော်တို့ အားလုံး လူစုခွဲတော့ ညနေ သုံးနာရီ ထိုးပါတော့မယ်။ တန်းခွဲတွေက လေးနာရီမှာမှ ပြီးမှာ ဖြစ်ပေမယ့် ကျွန်တော် အိမ်ပြန်ပြီး လိုတာလေးတွေ ပြင်ဖို့ အတွေးနဲ့ ပစ္စည်းမဲ့ ဂိတ်ကလေးဆီ ဦးတည် လိုက်တယ်။ အတန်းမတက်ဖြစ်လိုက်လို့ လွတ်သွားတဲ့ စာတွေကိုတော့ သူငယ်ချင်းတွေဆီကပဲ ဖိုတို ပြန်ဆွဲ လိုက်တော့မယ်။ ဒီလိုတွေးရင်း ကျောင်းဝင်းကအထွက်မှာပဲ ဒီနေ့ဟာ သြဂတ်စ် ၂၈ ရက်နေ့ ဆိုတာ ကျွန်တော် ဖျတ်ခနဲ သတိရလိုက်တယ်။ ကျွန်တော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းတာ ဆယ်နှစ်မြောက်တဲ့နေ့ပါ။ ကျွန်တော့်ရင်တွေ ခုန်နေတယ်….၁၉၉၆ က သွေးတွေနဲ့…..။
Aug 29,1998 (စနေနေ့) ။ ။ ဒီနေ့မနက်တော့ ရှစ်နာရီ လောက်ကတည်းက ကျွန်တော်ကျောင်း ရောက်ပါတယ်။ ကင်တင်းမှာပဲ ကျွန်တော်တို့ လက်မှတ်လိုက်ကောက်ခံမယ့် ကိုယ်စားလှယ်တွေ တွေ့ လိုက်ကြတယ်။ မနက်ကိုးနာရီ စာသင်ခန်းဖွင့်တာနဲ့ ကျွန်တော်တို့ အားလုံး လက်မှတ်ကောက်ခံမယ့် စာရွက်ကိုယ်စီ နဲ့ ကိုယ့်တန်းခွဲကိုယ် သွားလိုက်ကြတယ်။ ပထမ စစချင်း စာရွက်ပေါ်က ကျွန်တော့် ခုံနံ ပါတ်မှာ ကျွန်တော့် အမည် နဲ့ လက်မှတ် ကို ရေးထိုးလိုက်ပါတယ်။ နောက်တော့ ရှေ့မှာ ဆရာစာသင် နေတုန်းပဲ (စာမေးပွဲမှာ ပါမယ့်အပုဒ်တွေကို ရွေးသင်နေတာပါ) ကျွန်တော် နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေ ဆီ တစ်ခုံပြီးတစ်ခုံ ကူးသွားပြီး လက်မှတ်လိုက်စုရတယ်။ တချို့လည်း ချက်ချင်းမထိုးရဲ ကြသေးပါဘူး။ အခြေအနေ စောင့်ကြည့်နေကြ ပါတယ်။ ဒါကြောင့် ကျွန်တော်က လူရင်းတွေဆီ အရင် ချဉ်းကပ်ရတာပါ ။ နေ့လယ် ထမင်းစားချိန်မှာတော့ အတန်းထဲက လူတဝက်ကျော်လောက်ရဲ့လက်မှတ်တွေ ရခဲ့ပါပြီ။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့ ကင်တင်းမှာ ပြန်ဆုံပြီး သူ့အခြေအနေ ကိုယ့်အခြေအနေ ဆန်းစစ်ရတယ်။ နေ့လယ် ကျောင်းပြန်တက်ချိန် မှာတော့ ကျန်နေသေးတဲ့ လက်မှတ်တွေကို ထပ်ပြီး လိုက်စုရပါတယ်။ တချို့ကို လည်း အကျိုးအကြောင်း နားဝင်အောင် ရှင်းပြရတယ်။ တခြားသူတွေရဲ့ လက်မှတ်တွေကို ပြရင်း ကျောင်းသားအားလုံးရဲ့ အရေးမို့ ပါဝင် လက်မှတ်ရေးထိုးပေးဖို့ စည်းရုံးရပါတယ်။ ကျွန်တော်တို့မှာ အချိန် အကန့်အသတ် က အလွန်ကြီးမားနေလို့ တစ်ရက်တည်းနဲ့ ပြီးအောင် ကြိုးစားရတာပါ။ ညနေ ကျောင်းဆင်းချိန်မှာတော့ ကျွန်တော့် တန်းခွဲက အားလုံးနီးပါး ရဲ့လက်မှတ်တွေကို ကျွန်တော် ရရှိ ခဲ့ပါပြီ ။ မနက်ဖြန်ကျရင် လက်မှတ်ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ် ဦးညီလှငယ် နဲ့ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီး ဦးသောင်း ( အသစ်ဖွင့်လိုက်တဲ့ ဌာနပါ၊ ကျွန်တော်တို့ ကျောင်းလည်း ပညာရေး ဝန်ကြီးဌာန လက်အောက်ကနေ ရောက်ခဲ့ရပါတယ်) ဆီကို တင်ပြဖို့ သဘောတူလိုက်ကြတယ်။ ကျွန်တော်တို့ အတွက် မိတ္တူတွေကိုတော့ ရဲဘော်တစ်ယောက်က တာဝန်ယူ ဖိုတိုဆွဲပေးပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့လည်း လူစုခွဲ လိုက်ကြတယ်။ ညနေငါးနာရီ လောက်ပေါ့။
Aug 30,1998 (တနင်္ဂနွေနေ့) ။ ။ ဒီကနေ့ မနက် ကျောင်းရုံးခန်း ဖွင့်ဖွင့်ချင်းပဲ ကျွန်တော့် သူငယ်ချင်း က လက်မှတ်ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ်ဆီ ကိုယ်တိုင်သွားပေးလိုက်ပါတယ်။ ပြောရမယ်ဆိုရင် မနေ့ကအထိ ကျွန်တော်တို့ လှုပ်ရှားမှု က ဘာမှ တရားဝင် မဖြစ်သေးပါဘူး။ ဒီမနက် မှာတော့ လှုပ်ရှားမှုက စပြီး အသက်ဝင်လာခဲ့ပါပြီ။ ကျွန်တော်တို့ ကင်တင်းမှာ ခဏထိုင်ပြီး ရှေ့ဆက် လုပ်မယ့် အစီအစဉ် တွေကို တိုင်ပင်ရတယ်။ ဒီနေ့ နေ့တွင်းချင်းပဲ ပါမောက္ခချုပ်ဆီက တုံ့ပြန်မှု တစ်ခုခု ကပြန်လာတော့မယ်။ ပြန်လာမယ့် အချိန်မှာလည်း ကျွန်တော်တို့ ဘက်က တန်ပြန်ဖို့ အဆင်သင့် ရှိမှ ဖြစ်ပါလိမ့်မယ်။ နေ့လယ် ဆယ့်နှစ်နာရီ လောက်မှာတော့ ပါမောက္ခချုပ်ဆီက အကျိုးအကြောင်း မေး ကြည့်ဖို့ Building one မှာ လူစစုကြပါတယ်။ တစ်နာရီလောက်မှာတော့ ဦးညီလှငယ် ရုံးခန်းထဲက ထွက် လာပြီး စာမေးပွဲအတွက် ပြင်ဆင်ချိန် နည်းလွန်းတဲ့အတွက် တိုးမြှင့်ပေးဖို့ ကျွန်တော်တို့ရဲ့ တောင်းဆို ချက်ကို မဖြစ်နိုင်တဲ့အကြောင်း ရှင်းလင်းပြောပြ ပါတော့တယ်။ ကျွန်တော်တို့ ဘက်ကလည်း ခုနစ်ရက် သင်ကြားရုံ နဲ့ စာမေးပွဲ ဖြေဆိုဖို့ ဘယ်လိုမှ မလုံလောက်တဲ့ အကြောင်း၊ အထူးသဖြင့် နယ်က ကျောင်း သားများအဖို့ ပိုပြီး ထိခိုက်ကြောင်း၊ ရန်ကုန်က ကျောင်းသားတွေက ကျူရှင်ယူဖို့ ဖြစ်နိုင်သေးကြောင်း ပြန်ပြီး တင်ပြပါတယ်။ ဒါပေမဲ့ မရပါဘူး။ ဒီလို ပါမောက္ခချုပ် နဲ့ ကျွန်တော်တို့ အချီအချ ပြောနေကြတုန်း ပဲ ကျွန်တော်တို့ ကျောင်းပြောင်းရမယ့် ကိစ္စ ရောက်လာပါတယ်။ ဒါကိုတော့ ပါမောက္ခချုပ်က သူ့အနေနဲ့ ဘာမှ တရားဝင် မသိရှိရသေးဘူးလို့ပဲ မယုတ်မလွန် ပြောသွားပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဒီနေ့ ညနေ၊ ဒါမှမဟုတ် မနက်ဖြန်ကျရင် ဝန်ကြီး ဦးသောင်း နဲ့ တွေ့ဆုံလိုတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။ ညနေပိုင်းမှာတော့ မနက်ဖြန်ကျရင် ဝန်ကြီး လာလိမ့်မယ် ဆိုတဲ့ သတင်းစကား ကို ကျွန်တော်တို့ ရရှိ ခဲ့ပါတယ်။ လှုပ်ရှားမှုက နောက်တစ်ဆင့် တက်ခဲ့ရပါပြီ။
Aug 31,1998 (တနင်္လာနေ့) ။ ။ ဒီနေ့ နေ့လယ် ဝန်ကြီး ဦးသောင်း ရောက်လာခဲ့ပါတယ်။ ပါမောက္ခ ချုပ်ရုံးခန်း ကနေ ပါမောက္ခချုပ်နဲ့ နှစ်ယောက်တွဲ ထွက်လာပြီး တင်ပြစရာ ရှိတာ တင်ပြကြဖို့ ကျွန်တော် တို့ကို ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော့် သူငယ်ချင်း အပါအဝင် တခြား ကိုယ်စားလှယ်တွေ (နယ်ကျောင်း သားအများစုပါ) တစ်ယောက်ပြီးတစ်ယောက် ထပြီး ( သြဘာလမ်းထိပ်မှာ ကျွန်တော်တို့ စုထိုင်နေကြ တာပါ) ကျွန်တော်တို့ရဲ့ လိုလားချက်တွေကို တင်ပြရပါတယ်။ အဓိက ကတော့ စာသင်ချိန်ကို တိုးမြှင့် ပေးဖို့ပါ။ ဒီတောင်းဆိုချက်ရဲ့ နောက်ကွယ်မှာတော့ ကျွန်တော်တို့ လိုလားချက်တွေ အများကြီး ရှိတာ ပေါ့ဗျာ။ ပင်မ အရေးအကြီးဆုံး အချက်အနေနဲ့က ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီး ပြောင်းရွှေ့ခံရတော့မယ့် အရေးကို ကာကွယ်တားဆီးဖို့ လုပ်နေရတာပါ။ ကျောင်းအရွှေ့မခံ ရတော့မှပဲ ကျန်တဲ့ အရာအားလုံးကို ကျွန်တော်တို့ ဆက်လုပ်နိုင်တော့မှာပါ။ ကျွန်တော်တို့ မနှစ်က အစုလိုက် အပြုံလိုက် အဖမ်းခံရပြီး ထောင်ဒဏ်ကျခံနေရပြီ ဖြစ်တဲ့ ၉၆ ကျောင်းသားလှုပ်ရှားမှု က ရဲဘော် ခေါင်းဆောင်တွေ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုဖို့ကော၊ ကျွန်တော်တို့ ကျောင်းသားလှုပ်ရှားမှု တွေ ကွင်းဆက်မပြတ်၊ မျိုးဆက်မပြတ်ဖို့ကော ဒါတွေအားလုံးဟာ ကျောင်းအရွှေ့မခံရရေး အပေါ်မှာပဲ တည်နေမှီနေပါပြီ။ ဒါကြောင့်မို့ပဲ ပထမဆုံး ခြေလှမ်းအနေနဲ့ စာသင်ချိန်ကို အရင်ကလိုပဲ ပုံမှန် စာသင် နှစ်တစ်နှစ် အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာပါ။ အခြေအနေ တစ်ခုလုံးကို ခြုံပြီး ပြောမယ်ဆိုရင် တော့ လမ်းအားလုံးဟာ ရောမမြို့ကြီးကို ဦးတည်နေတယ် ဆိုသလိုပဲ စစ်အာဏာရှင်စနစ် ကို ကျွန်တော်တို့ တိုက်နေတာပေါ့ဗျာ။ ဒါပေမဲ့လည်း ကျောက်ခဲကို ရေညှစ် နေသလိုပါပဲ။ ဦးသောင်းဆီက ဘာတစ်ခုမှ ရေရေရာရာ စကားထွက်မလာပါဘူး။ နောက်ဆုံးတော့ အထက်က ညွှန်ကြားချက်အရ စာသင်ချိန်ကို တိုးမြှင့် မပေးနိုင်ဘူးလို့ပဲ ယတိပြတ် ပြောချလိုက်ပါတော့တယ်။ စစ်အုပ်စု ရဲ့ သက်တမ်း တလျှောက်လုံး ကျင့်သုံးလာခဲ့တဲ့ တစ်လက်မမှ နောက်မဆုတ်ရေး မူ ကို လက်တွေ့ကျင့်သုံးတာကို ကျွန်တော်တို့ ကြုံရပြန်ပါပြီ။ အရယ်အပြုံး မရှိ၊ ခံစားချက် တစွန်းတစ မထင်၊ လူတစ်ယောက် ရဲ့ မျက်နှာထက် ဖားတစ်ကောင်ရဲ့ မျက်နှာ နဲ့ တူနေတဲ့ ဦးသောင်း ရဲ့ မျက်နှာသေ ကို ကျွန်တော် ငေးကြည့်နေမိတယ်။ အဖြေကို ကြိုသိနေပြီး ဖြစ်လို့လည်း ထူးပြီးတော့ မအံ့သြ တော့ပါဘူး။ တစ်ခုပဲ ရှိပါတော့တယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ကြဖို့ပါ။
Sept 1,1998 (အင်္ဂါနေ့) ။ ။ မနက်ကိုးနာရီ ဝန်းကျင်လောက်မှာပဲ ကျွန်တော် ကျောင်းကို ရောက်ပါ တယ်။ အတန်းဘက် ခဏသွားကြည့်ပြီး ကင်တင်းဆီ ကျွန်တော် ပြန်ဆင်းလာခဲ့တယ်။ ဆယ်နာရီ လောက်ကျတော့ ကျွန်တော်တို့ အဖွဲ့ လူစုံပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု ကို အဆင့်တစ်ခု ထပ်မြှင့်ဖို့ ဆွေးနွေးရတယ်။ နောက်ဆုံး ကျွန်တော် တို့အားလုံး ကိုယ့်တန်းခွဲကိုယ် သွားပြီး ကျောင်းသားထုကြား ဖြစ်နေတဲ့ သဘောထားတွေကို လက်လှမ်းမီသလောက် တီးကြည့်ခေါက် ကြည့်ဖို့ သဘောရကြပါတယ်။ နေ့လယ်နှစ်နာရီ လောက် ပြန်တွေ့ဖို့လည်း ချိန်းလိုက်ကြတယ်။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့်တန်းခွဲ ပြန်သွားပြီး အခြေအနေ ကို လေ့လာကြည့်တော့ ထက်သန်တက်ကြွ မှုတော့ နည်းနည်း လျော့ရဲ နေတာကို သတိထားမိပါတယ်။ ပြောမယ့်သာပြောရတယ်၊ ၁၉၉၆ တုန်းက အခြေအနေ ဝန်းကျင်နဲ့ တော်တော် ကွာခြားသွားပါပြီ။ ဒါကလည်း သဘာဝကျပါတယ်။ ဟိုတုန်းကတော့ အတန်းကလည်း ခြောက်တန်းစလုံး၊ လူကလည်း ငါးထောင်နီးပါး၊ နှစ်ပြည့် ကျောင်းတက်နေရတဲ့ အချိန် ၊ တခြား တက္ကသိုလ် တွေနဲ့ ကျောင်းသူကျောင်းသား တွေကလည်း ကိုယ့်အနီးအနားမှာ၊ အားလုံးက တင်းပြည့်ကျပ်ပြည့်ပါ။ အခုကတော့ အတန်းကလည်း နှစ်တန်းထဲ၊ လူကလည်း တစ်ထောင်ကျော်ကျော် တခြား ကိုယ်နဲ့ တူတူ တိုက်ပွဲဝင်ဖို့ တက္ကသိုလ်တွေကလည်း ပိတ်ထားတော့ အခြေအနေက ကွာခြား ချင်တိုင်း ကွာခြား သွားပါပြီ။ နေ့လယ် နှစ်ချက်ထိုး လောက်မှာတော့ ကျွန်တော့် သူငယ်ချင်း နဲ့ "မေတ္တာ ပေါင်းကူး" မှာ ပြန်တွေ့ ကြပါတယ်။ သူ ကျွန်တော့်ကို ကင်တင်းမှာ စကားပြောချင်ပုံ မရဘူး။ ကျွန်တော် လည်း သူ့လိုပါပဲ။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် ကင်တင်း ဘေးလမ်းက ဖဲ့ထွက်ပြီး ဘောလုံးကွင်း ဘက်ဆီ လျှောက်လာလိုက်တယ်။ ရာသီဥတု က မှိုင်းညို့နေတယ်။ ဟိုးအဝေးက တလိပ်လိပ်တက် နေတဲ့ မီးခိုးတန်း ဖြူဖြူကလေးကို ကျွန်တော် မြင်နေရတယ်။ ကျွန်တော့် ရင်ထဲမှာလည်း အမျိုးအမည် မသိတဲ့ ခံစားချက်တွေနဲ့ လေးလံတင်းကြပ် နေတယ်။ ဘောလုံးကွင်းနားရောက်တော့ ကျွန်တော်တို့ နှစ်ယောက် လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ်။ ခဏ ငြိမ်နေမိကြပြီး သူငယ်ချင်းဆီက စကားသံ တိုးတိုးညင်းညင်း ထွက်လာတယ်။ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ အခြေအနေ အတိုင်းအတာ တွေနဲ့ပဲ ကျွန်တော်တို့ လှုပ်ရှားမှု ကို ရှေ့ဆက်မယ် ဆိုတဲ့ အကြောင်းပါ။ ဟုတ်ပါတယ်။ မနက်ဖြန်မှာ ခုနစ်ရက် ပညာရေး ကို ကန့်ကွက်ဖို့ ကျွန်တော့် သူငယ်ချင်း နဲ့ တခြား ရဲဘော်တွေ တိုင်ပင်ပြီးကြပါပြီ။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော်တို့ အလံကို ဘယ်အဆင့်အထိ လွှင့်မလဲ ဆိုတာ သူ့ကိုမေးတော့ သူက "ခုနစ်ရက် ပညာရေး အလိုမရှိ" ဆိုတဲ့ ကန့်ကွက်ချက် ကိုပဲ ပင်မ အဖြစ်ထားမယ် ဆိုတာ ကျွန်တော့် ကိုပြောတယ်။ တခြား တောင်းဆိုချင်တာတွေကတော့ အရံပေါ့။ ဒါလောက်ဆို ကျွန်တော် နားလည် လိုက်ပါပြီ။ နောက် သူက ကျွန်တော့်ကို အတန်းပြန်ပြီး တတ်နိုင်သမျှ စည်းရုံးထားဖို့လည်း ပြောပါတယ်။ ဒါနဲ့ပဲ မနက်ဖြန် ကိုးနာရီ မှာ ဆုံဖို့ ကျွန်တော်တို့ ချိန်းလိုက်ပြီး အခု လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက် လက်ဆွဲနှုတ်ဆက်တော့ ခါတိုင်းထက်ပိုပြီး သူ ကျွန်တော့်လက်ကို ဖျစ်ညှစ် နှုတ်ဆက်တာ ကျွန်တော် သတိထားမိလိုက်တယ်။ ဒီမှာပဲ ကျွန်တော် သူ့မျက်နှာကို တချက် စိုက်ကြည့် မိတယ်။ ပိုင်းဖြတ်ထားတဲ့ သူ့အသွင်ကို ကျွန်တော် မြင်နေရတယ်။ သူ ပြောချင်တဲ့ စကားအားလုံး ကို ကျွန်တော် ကြားလိုက်ရတယ်။ တိုက်ပွဲ…တိုက်ပွဲ….ဟုတ်တယ်…တိုက်ပွဲ နဲ့ပဲ ကျွန်တော်တို့ အဆုံးသတ် ရတော့မယ်။
Sept 2,1998 (ဗုဒ္ဓဟူးနေ့) ။ ။ ဒီနေ့မနက် အစောကြီး ကျွန်တော် နိုးနေပါတယ်။ အမေ့ကိုတော့ ကျောင်းစောစော သွားမယ့် အကြောင်းပြောပြီး ပြင်ရဆင်ရတယ်။ အားလုံး ပြင်ဆင်ပြီးချိန် မှာတော့ ကျွန်တော့် Drawing board ပေါ်က အောက်ခံ ကတ်ထူပြားကို ကျွန်တော် ဖြုတ်လိုက်တယ်။နောက်ပြီး ၁၉၉၆ တုန်းက ကျွန်တော် ကိုင်ခဲ့တဲ့ ခွပ်ဒေါင်းအလံ ပိုစတာ ကို ကတ်ထူပြားထဲ လိပ်ထည့်လိုက်တယ်။ အတူတူ ကျောင်းသွားနေကျ သူငယ်ချင်းတွေဆီ ဖုန်းခေါ်တော့ တစ်ယောက်မှ ဒီနေ့ ကျောင်းမတက်ဖြစ် ကြပါဘူး။ အိမ်မှာပဲ စာကျက်တော့မယ် လို့ ပြောကြပါတယ်။ ကျွန်တော် နာရီ ကို ကြည့်လိုက်တော့ ခုနစ် နာရီ ကျော်နေပါပြီ။ ကျွန်တော် လူစုဖို့ ဆက်မကြိုးစား တော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်ရပါတယ်။ တော်ကြာ နောက်ကျနေတော့မယ်။ ကျောင်းကိုရောက်တော့ ရှစ်နာရီခွဲ နေပါပြီ။ ကင်တင်းကို ခဏဆင်းသွားလိုက် ပြီး ကိုးနာရီ ထိုးခါနီးမှာ ကျွန်တော် အတန်းထဲ ဝင်ထိုင်နေလိုက်ပါတယ်။ ကိုးနာရီ အတိမှာတော့ ကျွန်တော့် သူငယ်ချင်း ဦးဆောင်တဲ့ ဆန္ဒပြမယ့် ကျောင်းသားတွေ ပိုစတာကိုယ်စီနဲ့ ကျွန်တော်တို့ အခန်းဝရှေ့ ရောက်လာပါတော့တယ်။ "ခုနစ်ရက် ပညာရေး အလိုမရှိ" ဆိုတဲ့ ကြွေးကြော်သံ နဲ့ပေါ့။ ကျွန်တော့် သူငယ်ချင်းက အခန်းထဲ ဝင်လာပြီး ဆရာမကို "ကျွန်တော်တို့ ခုနစ်ရက်ပညာရေး ကို ကန့်ကွက်လိုက်ပါပြီ" လို့ ရိုရိုသေသေပဲ ခွင့်တောင်းရင်း အတန်းထဲ ထိုင်နေတဲ့ ကျောင်းသားတွေကို လှမ်းကြည့်လိုက်ပါတယ်။ ကျွန်တော်လည်း အိတ်ထဲက အသင့်ပါလာတဲ့ ပိုစတာကို ထုတ်ကိုင်ပြီး အခန်း ဝက သူတို့နဲ့ သွားပူးပေါင်း လိုက်တယ်။ ကျွန်တော့်နောက်က ကျောင်းသား နှစ်ဆယ်လောက် ပါလာ ပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း စာသင်ခန်း ရှစ်ခန်းကို လှည့်လည်စည်းရုံး ပြီး တိုင်ကြီး ၁၈ တိုင် အောက်ရောက်လာပါတယ်။ ဒီအချိန်မှာပဲဗျာ "လုံထိန်းတွေ ရောက်လာပြီ လုံထိန်းတွေ ရောက်လာပြီ" ဆိုတဲ့ အသံကို ကျွန်တော် ကြားလိုက်ရတယ်။ ကျွန်တော့် ခန့်မှန်းခြေ ကျွန်တော်တို့ ဆန္ဒပြတဲ့ အချိန်နဲ့ ငါးမိနစ်တောင် မကွာပါဘူး။ ထောက်လှမ်းရေးတွေ သတင်းပို့လိုက်ပြီ လို့ ကျွန်တော်တို့ တွက်ဆလိုက်ပါ တယ်။ သမိုင်းလမ်းဆုံက အဝါရောင် အဆောက်အဦး ကြီးထဲမှာ လုံထိန်းတပ်ရင်း တပ်စွဲထားတာကိုး။ ဒီအချိန်မှာပဲ ပစ္စည်းမဲ့ ဂိတ်ကလေးဆီကနေ "အပြင်ကနေ ကင်မရာတွေနဲ့ ဗီဒီယို ရိုက်နေတယ်ဟေ့" ဆိုတဲ့ အသံ ထပ်ထွက်လာပြန်တယ်။ ကျွန်တော်တို့ နည်းနည်းတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ လုံထိန်းတွေ ရုတ်တရက် ကျောင်းဝင်းထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ပါ။ နောက်တော့ Building One ရှေ့မှာ ရပ်ထားတဲ့ တီအီးကားတစ်စီး ကို ကျောင်းသားတစု တွန်းလာပါတယ်။ ကျွန်တော်တို့ကို အပြင်က မြင်ကွင်း ကွယ်သွားအောင် ဆိုတဲ့ သဘောနဲ့ပါ။ ကျွန်တော် ကိုင်ထားတဲ့ ပိုစတာကို ရဲဘော်တစ်ယောက်ကို ပေးပြီး ပစ္စည်းမဲ့ဂိတ်ကလေးဘက် ကျွန်တော် သွားကြည့်လိုက်တော့ လမ်းပေါ်မှာ အတန်းလိုက် နေရာယူထားတဲ့ လုံထိန်းတွေကို တွေ့ရတယ်။ ဒီအချိန်မှာပဲ လူပေါဂိတ်ဘက် သွားကြည့်တဲ့ ကျောင်းသားတွေ ပြန်ရောက်လာပြီး လူပေါဂိတ်ရှေ့ အင်းစိန်လမ်းမ ပေါ်မှာလည်း လုံထိန်းတွေ ရောက်နေပြီ ဆိုတာ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း အားလုံးရဲ့သဘောတူ ဆုံးဖြတ်ချက်အရ ကျောင်းဝင်းထဲမှာပဲ ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော့် သူငယ်ချင်းဆီက "ရဲဘော်တို့ ခုနစ်ရက် ပညာရေးကို ကျောင်းသားထုတရပ်လုံးရဲ့ ကိုယ်စား ငါတို့ အခုစတင် ကန့်ကွက် မယ်၊ စည်းကမ်းရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း ငါတို့ ဆန္ဒကို ထုတ်ဖော်ကြရမယ်" ဆိုတဲ့ စကားအဆုံးမှာတော့ "သပိတ် သပိတ် မှောက်မှောက်" ဆိုတဲ့ အသံက မြည်ဟိန်းသွားပါတော့တယ်။ တပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့နဲ့ ထပ်လာပူးပေါင်းတဲ့ ကျောင်းသားကျောင်းသူ အချို့ရောက်လာပါတယ်။ ခန့်မှန်းခြေ စုစုပေါင်း ၁၀၀ နဲ့ ၁၅၀ ကြားလောက်ပေါ့။ ဒါနဲ့ ကျွန်တော်တို့လည်း ကျောင်းဝင်းတလျှောက် ကင်တင်း အပါအဝင် လှည့်လည် ဆန္ဒပြကြ ပါတော့တယ်။ အချိန်က မနက် ဆယ်နာရီခွဲ လောက်ရှိပါပြီ။ ဒီအချိန် မှာဆန္ဒပြတဲ့ သတင်းကို မြို့ထဲက ကြားလို့ လာကြတဲ့ ကျောင်းသားတွေကတော့ သမိုင်းလမ်းဆုံ အကျော်မှာပဲ ပိတ်ဆို့ခံလိုက် ရပါတယ် (ကျွန်တော် နောက်မှ ပြန်သိရတာပါ)။ နေ့လယ်ပိုင်းရောက်တော့ ကျွန်တော် အိမ်ကို ဖုန်းဆက်ဖို့ ဆက်သွယ်ရေးရုံးကလေးဘက် ထွက်လာလိုက်တယ်။ ရုံးကကင်တင်း ထောင့်စွန်းမှာပါ။ ကျွန်တော်ရောက်တော့ ဖုန်းဆက်ဖို့ တန်းစီနေတဲ့ ကျောင်းသူကျောင်းသား တွေကို တွေ့ရတယ်။ ဝင်တန်းစီပြီးကာမှ ကျွန်တော်တစ်ခု သတိရလာတယ်။ ခုလောက်ဆို မြို့ထဲမှာ သတင်း တွေ ပျံ့နေတော့မယ်။ ကျွန်တော် ဆက်ရင် အမေက ကျွန်တော့်ကို ပြန်လာခိုင်းတော့မယ်။ ကျွန်တော် သူရဲကောင်းတစ်ယောက် မဟုတ်ပေမယ့် ဒီအချိန်မှာ မပြန်နိုင်ပါဘူး။ ကျွန်တော် ဆုံးဖြတ်လိုက်ပြီး လူတန်းထဲက ပြန်ထွက်လိုက်တော့တယ်။
ကင်တင်းက ကျွန်တော် ပြန်တက်လာပြီး Building One အောက် ကျွန်တော် ပြန်ရောက်တော့ သူငယ် ချင်းတွေ တိုင်ကြီး ၁၈ တိုင်အောက် ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတာ တွေ့ရတယ်။ ပြန်ချင်တဲ့သူ တွေကို ပြန်ခွင့်ပေးလိုက်ပြီ ဆိုတာလည်း ကြားရပါတယ်။ နေ့လယ်နှစ်ချက်ခွဲ လောက်မှာတော့ ပါမောက္ခ ချုပ် ရုံးခန်းထဲက ထွက်လာပြီး ကျွန်တော်တို့နဲ့ တွေ့ပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း စာသင်ချိန် တိုးမြှင့် ပေးဖို့ ကိစ္စကိုပဲ ထပ်ပြီး တင်ပြကြပါတယ်။ ဒါပေမဲ့ ဘာမှမထူးတော့ပါဘူး။ အဖြေကတော့ အရင်အတိုင်း ပါပဲ။ စာသင်ချိန် ခုနစ်ရက်ပဲ ဖြစ်ဖြစ် ခုနစ်လပဲ ဖြစ်ဖြစ် အဆင့်၁ ကနေ ၈၀၀ အထိပဲ ဖြစ်မှာမို့ ဘာမှ မထူးတဲ့ အကြောင်း ထပ်တလဲလဲ လက်ဟန်ခြေဟန် နဲ့ ရှင်းပြနေတဲ့ ဦးညီလှငယ် ကိုပဲ ကျွန်တော် ငေးကြည့် နေမိတော့တယ်။ ညနေလေးနာရီ လောက်မှာတော့ ကျွန်တော်တို့ ဆန္ဒပြ ကျောင်းသားအား လုံး တိုင်ကြီး ၁၈တိုင်အောက် စုထိုင်နေလိုက်ကြတယ်။ တစ်နေ့လုံး မှိုင်းညို့နေတဲ့ ရာသီဥတု အောက် မှာ ကျောင်းကြီးတစ်ကျောင်းလုံး တိတ်ဆိတ်နေပါတယ်။ ဒီအချိန်မှာပဲ ကျောင်းသူကျောင်းသားတွေကို လာခေါ်တဲ့ သူတို့ အိမ်က ကားတွေလည်း အလျှိုအလျှို ရောက်လာကြပါပြီ။ ကားမရှိတဲ့သူ တွေအတွက် တော့ ပြန်ဖို့ ကားနှစ်စီးလားမသိ စီစဉ်ပေးထားပါတယ်။ မိန်းကလေးတွေကတော့ အကုန်လုံး ပြန်ကြ ပါပြီ။ တဖြည်းဖြည်းနဲ့ ညနေ ငါးနာရီလောက်မှာတော့ ကျွန်တော်တို့ တိုင်ကြီး ၁၈ တိုင်အောက်မှာ ထိုင်နေတဲ့ ကျောင်းသား ငါးဆယ်ကျော် ခြောက်ဆယ်လောက်ပဲ ကျန်ကြပါတော့တယ်။ ဒီအထဲကမှ အများစုက နယ်ကလာတဲ့ အဆောင်နေ ကျောင်းသားတွေပါ။ တဆက်တည်း ကျွန်တော်တို့ ခုနစ်ရက် စာသင်ကြားရေး အစီအစဉ်ကိုလည်း ဒီနေ့ပဲ အဆုံးသတ်လိုက်ပြီ ဆိုတဲ့ သတင်းလည်း ကျွန်တော် သိလိုက်ရတယ်။ စာမေးပွဲနေ့ကျမှပဲ လာဖြေဖို့ပဲ ရှိတော့တာပေါ့။ ညနေ ခြောက်နာရီ လောက်မှာတော့ ကျွန်တော်တို့ တိုက်ပွဲ နိဂုံးချုပ်သွားပြီလို့ ကျွန်တော် နားလည်လိုက်တော့တယ်။ မိုးက တဖြည်းဖြည်း မှောင်လာပြီး မိုးစရွာလာပါတယ်။ နောက်ဆုံးကျန်တဲ့ ကားတစ်စီးစ နှစ်စီးစ ကလွဲလို့ ဘာမှ မကျန်တော့ ပါဘူး။ ကျွန်တော့် သူငယ်ချင်း ကိုလိုက်ရှာတော့ တိုင်ကြီး၁၈ တိုင်ရဲ့ထောင့်စွန်းက တရုတ်စကားပင် နားမှာ ရပ်နေတာကို ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော် သူ့ဆီသွားပြီး နှုတ်ဆက်တော့ "အေးကွာ လုပ်စရာရှိတာ အားလုံး လုပ်ခဲ့ပြီးပြီပဲ" ဆိုပြီး သူ့ဆီက စကားသံထွက်လာတယ်။ ကျွန်တော် ကိုယ်တိုင် ကတော့ ဘာမှ မပြောနိုင်တော့ပါဘူး။ တည်တည်ငြိမ်ငြိမ် နဲ့ စိတ်ဓာတ်ကျပုံ မရတဲ့ သူငယ်ချင်း ကို ငေးကြည့် နေမိတယ်။ သြော်…ပန်းချီဆရာ ကျွန်တော့် သူငယ်ချင်း။ တိုက်ပွဲကို ရဲရဲရင့်ရင့် ခေါင်းခံ ဦးဆောင်ခဲ့သူ။ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ကို အိပ်ခန်းထဲမှာ ဆွဲထားသူ…။ ဒီအချိန်မှာပဲ တိုတောင်းပေမယ့် အမှတ်ရစရာ တွေချည်း ဖြစ်ခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကျောင်းသားဘဝ နေ့ရက်တွေဟာ ရုပ်ရှင်အနှေးပြသလို ကျွန်တော့်မျက်လုံး ထဲမှာ တစ်ကွက်ချင်း ပြန်ပေါ်လာပါတယ်။ ရွာကြီး လို့ ကျွန်တော်တို့ ချစ်စနိုး ခေါ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ကင်တင်း၊ ပစ္စည်းမဲ့ ဂိတ်ကလေးက ဝင်လာပြီး ကင်တင်းကို ဆင်းသွားရာက အပေါ် ပြန်မတက်ဖြစ်တော့တဲ့ နေ့တွေ၊ ကျောင်းသားအများစု ရဲ့ မှီခို အားထားရာ ပဲထမင်း နဲ့ မုန့်ဟင်းရည်၊ "နွေးအေး၊အောင်သိပ္ပံ ၊Mini Hi၊ ကန်သာယာ၊ မေတ္တာပေါင်းကူး၊ ဝင်း နဲ့ အင်းဝ" ၊ ကျောင်းထဲမှာ ရှိတဲ့ နောက်ဆုံးနှစ် အစ်ကိုကြီး တွေရဲ့ အဆောင်မှာ စက်ကျခဲ့တဲ့ နေ့တွေ၊ သြဘာလမ်းကလေးထဲ ဖြတ်ပြေးဖူးတဲ့နေ့၊ ဟိုးဝေးဝေးက ဂျီဟောလ်၊ စွယ်တော်လမ်းကလေး၊ အစ်ကိုကြီးတစ်ယောက် နဲ့ မတင်မိုးလွင် နောက် တကောက်ကောက် လိုက်ခဲ့ဖူးတဲ့နေ့၊ ကားနဲ့လာရင် ဝင်လာရတဲ့ ခန့်ခန့်ထည်ထည် လူပေါဂိတ်ကြီး၊ ကျွန်တော်ချစ်တဲ့ တိုင်ကြီး ၁၈ တိုင်၊ ပြီးတော့ ကျွန်တော့် ရဲ့သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေ၊ ကျွန်တော်လာရင် အမြဲ ပြေးပြေး ကြိုတတ်တဲ့ ကင်တင်းက ခွေးမကလေး မြီးတို၊ ဒါတွေအားလုံး…ကျွန်တော့်နှလုံးသားထဲက အရာအားလုံးနဲ့ ကျွန်တော် အခုခွဲရ တော့မယ်…ဘယ်တော့မှ ပြန်ဆုံမယ်မှန်း မသိတော့တဲ့ ခွဲခြင်းနဲ့ကို ခွဲရတော့မယ်။ ကျွန်တော်တင် မကဘူး၊ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံး အနေနဲ့ပါ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ တက္ကသိုလ် ကြီးတွေကို အပြီးတိုင် ခွဲရတော့မယ်။ ကျွန်တော်တို့ ညီ ညီမတွေကော၊ နောက်လာမယ့် ကျွန်တော်တို့ မျိုးဆက်သစ်တွေပါ တက္ကသိုလ်ကြီး တွေဆီ ဘယ်တော့မှ ပြန်ရောက်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင် တော့ပါဘူး။ ဟစ်တလာ က ဂျူးတွေကို အပြီးသတ်ဖြေရှင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးတုံး သတ်ဖြတ်ခဲ့သလိုပဲ၊ ၁၉၆၂ ကစပြီး ကျွန်တော်တို့ ကျောင်းသားတွေကို အငြိုးကြီးကြီး နဲ့ ဖိနှိပ်ချေမှုန်း ခဲ့တဲ့ စစ်အုပ်စုဟာ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ကို တက္ကသိုလ်ကြီးတွေဆီကနေ လယ်ကွင်း ဖုန်းဆိုး မြေကြီးတွေဆီ မောင်းထုတ်တော့မယ်။ တလျှောက်လုံး အကိုင်းအခက်တွေကို ချိုင်ခဲ့ရာက အခု နောက်ဆုံး ပင်စည်ကိုပါ ချိုင်ကြတော့မယ်။ အပြီးသတ်ဖြေရှင်းရေး…ရှေ့မှာကြိုနေတော့မယ့် လွင်တီးခေါင် ကျတ်တီးကုန်း မြေယာတွေ…အစိတ်စိတ် ကွဲပြိုအက် နေတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် တွေ…ဒီအတွေးနဲ့ ကျွန်တော့်ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းလာတယ်။ ဖြန့်ကျက်ထားတဲ့ ကျွန်တော့်လက်ထဲက ခွပ်ဒေါင်းအလံ ပိုစတာကို ကျွန်တော် ပြန်လိပ်လိုက်တယ်။ ထိုင်နေကြတဲ့ ရဲဘော်တွေကို နောက်ဆုံးအနေနဲ့ ကျွန်တော် ကြည့်လိုက်တယ်။ တိုင်ကြီး ၁၈တိုင် နဲ့တကွ ကျောင်းကြီး တစ်ခုလုံးကိုပါ ကျွန်တော် လွှမ်းခြုံကြည့်လိုက်တယ်။ လွယ်အိတ်ကို ပြင်လွယ်ပြီး ကျွန်တော် ချာခနဲ လှည့်ထွက် ခဲ့တော့တယ်။
ကျွန်တော် ကျောင်းဝင်း အပြင်ရောက်တဲ့ အချိန်မှာပဲ စောစောက ဖွဲဖွဲ ရွာနေတဲ့ မိုးစက်တွေက သည်းသည်းထန်ထန် ရွာလာတယ်။ နောက်ဆုံး နှုတ်ဆက်ခြင်း အနေနဲ့ ပဲလား…အိမ်အပြန် လမ်းတလျှောက်လုံးလည်း တခုတည်းသော အတွေးကိုပဲ ကျွန်တော် ထပ်တလဲလဲ တွေးလာမိတယ်။ ကျွန်တော်တို့ ရှုံးနေပြီလား…ကျွန်တော်တို့ ရှုံးသွားပြီလား ဆိုတဲ့ မေးခွန်းတွေကိုပါ။ ကျွန်တော်တို့ ဒီနေ့ သပိတ်တိုက်ပွဲ အနေနဲ့ကတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့…ဒီမှာပဲ ကျွန်တော့် ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ တိုက်ပွဲရှိမှ မျှော်လင့်ချက် ရှိမယ်။ တိုက်ပွဲသေရင် မျှော်လင့်ချက်လဲ သေလိမ့်မယ် ဆိုတဲ့ အတွေးပါ။ အခု အနည်းဆုံး ကျွန်တော်တို့ တိုက်ပွဲရှိနေတယ်။ ဒါဆို မျှော်လင့်ချက်လဲ ရှိသေးတယ်။ ကျွန်တော်တို့ဟာ အာဇာနည်မျိုးတွေ၊ သေရိုးဆိုတာ မရှိဘူး၊ သေတယ်ဆိုတာ မသိဘူး၊ ကျွန်တော်တို့ သေတတ်မှဖြင့် သေခဲ့တာ ကြာရော့မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ မသေခဲ့ဘူး၊ ကျွန်တော်တို့ မှာ သေရိုးမရှိဘူး…ဒီလိုတွေးရင်း ကျွန်တော် အဖြေတစ်ခု ရလာတယ်။ ကျွန်တော်တို့ အခု တရွေ့ရွေ့ သွားနေတာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ ဘယ်ကိုလဲ…အောင်ပွဲ ဆီကိုပါ…အပြီးသတ်အောင်ပွဲ ဆီကိုပါ။ ဒီအတွေးနဲ့ ကျွန်တော့်ရင်ထဲ အားသစ်မာန်သစ် တွေပြန်ဝင်လာတယ်။ ကျွန်တော် ကားအပြင်ကို တချက် လှမ်းကြည့်လိုက်တယ်။ မိုးက သည်းကြီးမည်းကြီး ကို ရွာချနေတယ်။ ခုနစ်နာရီ ခွဲတော့မယ်။
တိုက်ပွဲ အတွေ့အကြုံ သုံးသပ်ချက် နှင့် အကျိုးရလဒ် ။ ။ ၁၉၉၈ ခုနှစ် ခုနစ်ရက် ပညာရေးကို ကန့်ကွက် ခဲ့ကြတဲ့ သပိတ်တိုက်ပွဲ ဟာ ရုပ်ဝတ္ထု အခြေအနေ အကန့်အသတ် အင်မတန် ကြီးမားနေတဲ့ကြားက မဖြစ်မနေ ဆင်နွှဲ ခဲ့ရတဲ့ တိုက်ပွဲ အမျိုးအစား ဖြစ်ပါတယ်။ တိုတောင်းလွန်းတဲ့ အချိန်အတွင်း အကောင်အထည် ဖော်ခဲ့ရတာမို့ ကျောင်းသားထုကြား စည်းလုံးညီညွတ်ရေးကို လုံးဝနီးပါး တည်ဆောက် နိုင်ခဲ့ခြင်း မရှိဘဲ ရှိသမျှ အင်အားနဲ့ တိုက်ပွဲဝင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နောက်ဆုံးနေ့မှာ ရည်မှန်းချက်ကို ရရှိဖို့ တိုက်ပွဲကို အဆင့်မမြှင့် နိုင်ခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာ စစ်အုပ်စု အနေနဲ့ကတော့ ကျောင်းတွေကို နေရာမရွှေ့ခင် နောက်ဆုံး ရင်ဆိုင်ရတဲ့ တိုက်ပွဲ ဖြစ်လို့ သတိအကြီးဆုံး ထားပြီး ကိုင်တွယ်ခဲ့တာ တွေ့ရပါတယ်။ဆန္ဒပြပွဲ ဖြစ်ဖြစ်ချင်းပဲ ကျောင်းသားတွေ လမ်းပေါ် မထွက်နိုင်အောင် လုံထိန်းတပ်ရင်း တွေနဲ့ ကျောင်းပတ်ပတ်လည်ကို ပိတ်ဆို့ခဲ့ပါတယ်။ ဘယ်လောက်တောင် သတိကြီးလည်း ဆိုရင် ကျွန်တော်တို့ သပိတ်တိုက်ပွဲ ကို ဦးဆောင်ဆင်နွှဲ ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်း အပါအဝင် နယ်ကျောင်းသား အချို့ကို စက်မှုတက္ကသိုလ် မှာတောင် စာမေးပွဲ ပေးမဖြေဘဲ အင်းစိန် ဂျီတီအိုင် မှာ အများနဲ့ ခွဲပြီး ဖြေခိုင်းခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လုံးဝ ချွတ်ချော် တိမ်းစောင်းမှု မရှိအောင် အဘက်ဘက်က ကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း သိသာထင်ရှား စေပါတယ်။ စာမေးပွဲ ဖြေအပြီး မှာလည်း ကျောင်းတွေကို နောက်တစ်နှစ်ခွဲ တိုင်တိုင် ဆက်ပိတ်ထား ခဲ့ပြီး ကျောင်းပြောင်းရွှေ့မယ့် အစီအစဉ် ကို အပြီးသတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ကျောင်း တွေကို ပြောင်းရွှေ့လိုက်ခြင်းဟာ မြန်မာပြည် ကျောင်းသားလှုပ်ရှားမှု ကြီး တရပ်လုံး အတွက်ကော မြန်မာပြည် ပညာရေး အဆောက်အအုံကြီး တစ်ခုလုံး အတွက်ပါ အပြင်းထန်ဆုံး ထိုးနှက်ချက် ဖြစ်ခဲ့ရပါတယ်။ အခြေအမြစ် တစ်ခုလုံး ယိုင်လဲပျက်စီး သွားခဲ့ရပါတယ်။ ကျောင်းအားလုံးဟာ မြစ်ကူး ချောင်းခြား အရပ်တွေမှာပဲ ရှိပြီး ရန်ကုန်မြို့ရဲ့ အရှေ့အနောက် တောင်မြောက် တကွဲစီ ရွှေ့ပစ်ခဲ့တဲ့ အတွက် ကျောင်းသားထုကြား တည်ရှိပြီး ဖြစ်တဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲ သွားခဲ့ရပါတယ်။ ဆက်သွယ် ရေးလမ်းကြောင်း အားလုံး ပြတ်တောက် သွားခဲ့ရပါတယ်။ နယ်ကျောင်းသားတွေ အနေနဲ့လည်း ရန်ကုန် မှာ တက်ခွင့် မရှိတော့တာကြောင့် အရေးတော်ပုံ အားလုံးလိုလို ရဲ့ အရှိန်ယူ သန္ဓေတည်ရာ ဖြစ်တဲ့ အဆောင်နေ ကျောင်းသား ကလပ်စည်း တွေ ကွယ်ပျောက် သွားခဲ့ရပါတယ်။ နောက် ပိုပြီး ထိခိုက်စေ တဲ့အချက်ကတော့ ကျောင်းတွေကို ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် တက္ကသိုလ်တွေရဲ့ ယဉ်ကျေးမှု အဆင်တန်ဆာ ဖြစ်တဲ့၊ အခေါင်အထွတ်ဖြစ်တဲ့ အသင်းအပင်း အနုပညာ အဖွဲ့အစည်း အားလုံး ခြေရာ လက်ရာ မကျန်ရစ်အောင် ပြယ်ပျက် သွားခဲ့ရတာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ Atmosphere ပျက်စီး သွားခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ အညွန့်တလူလူ ဖြစ်နေတဲ့ စိတ်တွေအားလုံး အနည်း နဲ့ အများ ဆိုသလို ထိခိုက်ပျက်စီး ခဲ့ရပါတယ်။ ဒီလိုနည်းနဲ့ ၇၅ နှစ်တိုင်တိုင် ထည်ထည်ဝါဝါ ရပ်တည်ခဲ့တဲ့ တက္ကသိုလ်ကျောင်းတော်ကြီး တွေဟာ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်ကျန်ခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ နိုင်ငံရေး ရေချိန်လည်း သိသိသာသာ လျော့နည်း ကျဆင်းသွားခဲ့ ရပါတော့တယ်။ ပေးဆပ်ခဲ့ရမှု အနေနဲ့ကတော့ ကျွန်တော့်တို့ ဆန္ဒပြပွဲ မှာ ဦးဆောင်လှုပ်ရှား ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်း အပါအဝင် ရဲဘော်ကျောင်းသား အားလုံး စာမေးပွဲ အပြီးမှာ ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် ခုနစ်နှစ် နဲ့ အထက် ပြစ်ဒဏ် စီရင်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အကြီးမားဆုံး နဲ့ တစ်ခုတည်း သော အကျိုးအမြတ်ရလဒ် အနေနဲ့ကတော့ သမိုင်းစဉ် တလျှောက်လုံး ဝံ့ဝံ့ကြွားကြွား ရပ်တည်လာခဲ့တဲ့ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံးရဲ့ အမျိုးသားနိုင်ငံရေး ဂုဏ်သိက္ခာ နဲ့ ခွပ်ဒေါင်းအောင်လံ ကို ကျောင်းသားထုကြီး တရပ်လုံးရဲ့ ကိုယ်စား တိုက်ပွဲနဲ့ပဲ ဂုဏ်ရောင်ပြောင်ပြောင် ရှေ့လာမယ့် အနာဂတ် ဆီ လက်ဆင့်ကမ်း သယ်ဆောင် နိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ သပိတ်တိုက်ပွဲ ဟာ ၂၀ရာစု မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု ရဲ့ နောက်ဆုံး ကြိုးပမ်းမှု အနေနဲ့ သမိုင်းထဲကို တိုးဝင်သွားခဲ့ ရပါတော့တယ် ။ ။
ညိုထက်ညို
(မဇ္ဈိမ အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
လေးထောင့်ကွက်ဘ၀များ
အေးစက်စက်အခန်းထဲက
လေးထောင့်အကန့်တွေကြား
အသားကျနေတဲ့ လူစက်ရုပ်တွေပမာ
နှလုံးသားမှာဗလာဖြစ်
အချစ်၊ အမုန်း အသုံးအနှုန်းတွေ
ဇဝေဇဝါဖြစ်ဖြစ်လာတယ်။
တခါတရံမှာ…
ဘာဖြစ်ချင်မှန်းမသိတဲ့ စိတ်
ကိုယ့်နားမှာ အရိပ်လိုရှိနေပေမယ့်
မမြင်နိုင်ခဲ့ပြန်ဘူး။
ဒီလိုနဲ့ပဲ…
ခေါက်ရိုးကြေနေတဲ့ တစ်နေ့တာ
ကဗျာမဆန်ခဲ့လေတော့
ကာရန်မဲ့စွာဖြတ်သန်းကြ
လေးထောင့်ကွက်ထဲက ဘဝတွေ…။
ဘယ်လိုပဲဖြစ်ဖြစ်…
တစ်နေ့နေ့ကိုတော့ မျှော်လင့်မိတယ်
ကျယ်ပြန့်တဲ့ လွင်ပြင်
စိမ်းလန်းတဲ့ မြက်ခင်း
ရင်းနှီးတဲ့ တေးသံ
ကာရန်လှတဲ့ ကဗျာတစ်ပုဒ်
ကြိုးရှုပ်တဲ့ ဂစ်တာတစ်လက်
ပြင်းရှတဲ့ ဝိုင်တစ်ခွက်နဲ့အတူ
လေယူရာလွင့်မျောရင်း
လွတ်လပ်ခြင်း အိပ်မက်ရွာမှာဆုံနိုင်ဖို့။
ကိုဂျွန် (All Together on A Planet…)
ခံစားချက်ခြင်းတိုက်ဆိုင် နှစ်ခြိုက်မိသဖြင့် ကူးယူဖေါ်ပြပါသည်။
မောင်ချောနွယ် စီးကြမလား
အတ္တကို နာနာခွာ
နာနာခွာ
ကင်ပေတိုင် လက်သည်း ခွာသလိုခွာ
ပေါင်းစည်းရင်း ကွဲလွဲကြ
ကွဲလွဲရင်း ပေါင်းစည်းကြ
အနုပဋိလောမ ရုပ်ဝါဒ
ပဋိပက္ခ နဲ့ သမူဟ
သစ်တစ်ပင်လား တောအုပ်လား
တစ်ခါသားက
မှတ်သားဖူးတဲ့စကား
ငါ အခု မေ့သွား ပြန်ပြီလား
အားရင် ရွတ်ရွတ် မနေနဲ့ 
ဘာမှန်းမသိတဲ့ စကားလုံးတွေ
အားရင်ရေးရေး မနေနဲ့ 
အဓိပ္ပာယ်မရှိတဲ့ စာသားတွေ
တစ်ခါသားက
ချစ်သူရဲ့  တားမြစ်စကား
နားမထောင်မိတာ ငါမှားလား
ငှက်ကလေးရဲ့ ဖြည်းဖြည်းပျံ
ငါလွှတ်မယ့် ငှက်ကလေး ဖြည်းဖြည်းပျံ
ခြေတစ်ဖက်ချစာ ပေးပါလို့ 
အခု ဆုတောင်းပါရစေလား
တိုးလို့ တွဲလောင်းလက်သာ မြဲအောင်ကိုင်ထား
ပုဆိုးသာ ခိုင်အောင်ဝတ်ထား
အခု
မောင်ချောနွယ်မောင်းမယ့်
အနုပညာ အမြန်ယာဉ်ကလေး ထွက်တော့မှာလား ။ ။
(စက်တင်ဘာ၃၊ ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော ဆရာ မောင်ချောနွယ် သို့)
ညိုထက်ညို
စပ်မိစပ်ရာ
ဝက်ဝံတစ်ကောင်မှာ သွား၄၂ ချောင်း ရှိတယ်
တွေ့ကရာ ဂျာနယ်ကို ကောက်လှန်လိုက်ရင်
ခေတ်ကြီး တဖြည်းဖြည်း တိုဝင်သွားတာ တွေ့မယ်
ပါးပါးသွားတာ တွေ့မယ်
စက်တင်ဘာ တုန်းက ကျွန်တော်တို့ကို တပ်လှန့်ထားတယ် အစ်ကို
ညီလေးရေ တို့တတွေ ဘယ်နေ့ တစ်ဝိုင်းတည်း သောက်ရမလဲ
မုန်တိုင်းနံ့သင်းသင်း လေပြည်လေညင်းထဲ
မိုးဟေကို သတင်းတောင်
အခု တော်တော် ဟောင်းသွားခဲ့
မင်းသမီး နာမည်က ခင်လေးနွယ်
ဗဟိုစည် မှာတုန်းက အစ်ကို သူ့ကိုသိတယ်
ဝေဖန်မှု ကို ကြိုဆိုနေပါသတဲ့
မေကဗျာ ကတော့ အမေ့ကြောင့် မင်းသမီး ဖြစ်ခဲ့တယ်
ကဗျာ၏ အဓိပ္ပာယ်သည်
မည်သို့မည်ပုံ ဖြစ်သင့်သည် မဖြစ်သင့်သည်
အသံတုဝိဇ္ဇာ နဲ့ ခံစားမှုကထာ
ဒီတစ်လအတွက် ကံကြမ္မာ အကောင်းအဆိုးများ
အရင်အတိုင်းပဲ ရုပ်မပြောင်းဘူး ဆိုတာ
လူမှုရေး ကြေညက်သူတို့ရဲ့
အချိုဆုံး ဘာသာဗေဒပေါ့
အခုလို ကျိုးပဲ့ အလေဏတော ပေါက်ကရ ရှစ်ဆယ်ထဲ
ဦးနှောက်ထဲ ကျန်နေဦးမယ့် ဒေတာ
ကပျာကရာ ကော်ဖီတစ်ခွက် နဲ့ မျှောချခဲ့
ပိန်သူ ဝစေမတဲ့
ဆေးရိုးသည်က ကန့်လန့်ကန့်လန့် တဲ့
ကျည်ဆံကတော့ အမြဲတမ်း စစ်တယ် အစ်ကို
အတုအပ သတိပြုစရာ မလို တဲ့
ကြံကြံဖန်ဖန် ပန်းနာမည်က နာဂစ် တဲ့လားကွာ
လူတစ်သိန်းကျော်ကျော်ဟာ
နောက်နှစ်အတွက် သဘာဝမြေသြဇာတဲ့ ဖြစ်ရမယ်
နောက်ဆုံးတော့လည်း ရုပ်ရှိရေလျှံ ဒီဇိုင်းနဲ့
ပွားစမ်းတော်ကီအမုန်း ပေါ့ ငါ့ညီ
အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမတဲ့
ဟုတ်သလား မဟုတ်ဘူးလား
ဟုတ်တာပေါ့ ညီလေးရာ
မင်းအစ်ကိုဟာ ဒီလိုပဲ တောင်ပြောမြောက်ရောက် ဆိုတာ ။ ။
ညိုထက်ညို
You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.