Monday, September 29, 2008

[NYI LYNN SECK 18+ DEN] 25 New Entries: Blog Directory Updated!

Blog Directory Updated!

ဒီနေ့ အချိန်တော်တော်ပေးပြီး Myanmar Blog Directory လေးကို Update လုပ်ပါတယ်။ ငါးလလောက် ကျွန်တော်လည်း Update မလုပ်နိုင်ခဲ့ဘူး။ နာဂစ်ကိစ္စ ဝင်လာတာရယ်၊ Dial-Up သုံးနေရတာတွေရယ် ကြောင့်လည်း ပါပါတယ်။ ကျွန်တော်တို့ဆီမှာ Blogspot ကိုဘန်းထားတာမို့ တစ်ခုခု ပြင်ရဆင်ရတာ မလွယ်ပါဘူး။ တချို့တွေလည်း သူတို့လင့်တွေ အဒ် လုပ်ထားပြီးမှ အပ်ဒိတ် မဖြစ်တဲ့အတွက် စိတ်ဆိုး ဒေါသထွက်ကြတာ တွေ့ရတယ်။ အဲဒီအတွက်တော့ ကျွန်တော်က တောင်းပန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် အထဲဝင်ပြင်ဖို့ မပြောနဲ့ ဘလော့ကို ပိုစ့်တင်ဖို့တောင် မနည်းလုပ်နေရတာမို့ပါ။ ဒါပေမယ့် အခုကျွန်တော် ကဒ်လေးတွေ ဝယ်သုံးနေတယ်။ Dial-Up ကလည်း တခါတလေ 5kbs အပြည့်မရချင်ဘူး။ ဒါကြောင့် စိတ်ပျက်လက်ပျက်နဲ့ မလုပ်ဖြစ်တာ။ ဒီနေ့လည်း ၂နာရီလောက် ဘလောဂ် အသစ်တွေ စာရင်းသွင်းပြီး Publish လုပ်လိုက်ရော ကွန်နက်ရှင်က လုံးဝကို ပြတ်ကျသွားတာ ပြင်ထားသမျှ အားလုံး ပျက်သွားပြန်တယ်။ ဒါကြောင့် နှစ်ခါတိတိ ပြန်ပြင်ရတယ်။  အပ်ဒိတ် လုပ်ပြီးပြန်တော့လည်း ကိုယ်သွင်းထားတာလေးတွေ မှန်လား မှားလားဆိုတာက ဘန်းထားတာကြောင့် စစ်မရပြန်ဘူး။ ပရောက်ဆီ သုံးမယ် ဆိုရင်ကလည်း လိပ်ကျောပေါ် ဆယ်ပိဿာအလေး တင်သလို ဖြစ်နေတာကြောင့် တော်တော်တောင် စိတ်ပျက်လာတယ်။ ကျွန်တော် Site လေးတစ်ခုမှာ Blogosphere လေးတစ်ခုနဲ့ Directory လေးတစ်ခု ဖြစ်အောင် လုပ်နေတယ်။ အဲဒါလေး ပြီးသွားရင် ဘလော့ဂါတိုင်း Directory မှာကိုယ်တိုင် ထည့်သွင်းနိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက် တော်တော်လေး ကြာသွားတာကိုတော့ ခွင့်လွှတ်ကြပါခင်ဗျား။ 



Canon EOS 5D Mark II


Free Image Hosting at www.ImageShack.us

ကန်နွန်ရဲ့ HD Movie တွေပါ ရိုက်လို့ရတဲ့ DSLR Canon EOS 5D Mark II ကင်မရာ ထွက်လာပါပြီ။ ဈေးနှုန်းက ဘော်ဒီချည်းပဲ US$ 2700 လောက် ရှိပါတယ်။ :( ၂၄-၁၀၅ မှန်ဘီလူးနဲ့ဆိုရင် ၃၅၀၀ ဖြစ်သွားပါတယ်။ ဒီတစ်သက်တော့ ဝယ်နိုင်မယ် မထင်ပါဘူး။ ဒါပေမယ့်လည်း မစားရသွားရည်ယို ကြည့်ရတာနဲ့တင် လိုချင်စိတ်တွေက တဖွားဖွား ပေါ်နေမိပါတော့တယ်။ လက်ထဲက Nikon D70S လေးတောင် ကိုင်ရတာ အားငယ်သလိုလို ဖြစ်နေမိတယ်။ စင်္ကာပူထီလေး လှမ်းထိုးဦးမှ :(



သူမင်းကို ဘယ်တော့မှ

Free Image Hosting at www.ImageShack.us

သူမင်းကို ဘယ်တော့မှ…
ဂျူး
ဂျူးစာပေ
စာမူခွင့်ပြု - ၅၀၁၀၀၉၀၇၀၈
ပထမအကြိမ်
စက်တင်ဘာ၊ ၂၀၀၈
အုပ်ရေ ၁၀၀၀
တန်ဖိုး ၂၀၀၀



တနေ့က ဆရာမဂျူးရဲ့ စာအုပ်အသစ် ထွက်တာမို့ ဝယ်လာဖတ်ဖြစ်တယ်။ ဂျူးဟာ ကျွန်တော်နှစ်သက်မိတဲ့ စာရေးဆရာ တစ်ယောက်ပါ။ ဂျူးရဲ့ စာအုပ်တွေကို ဖတ်တဲ့အခါ ကြည်အေးကိုလည်း သတိရမိတယ်။ ဒဗူးဗွားကိုလည်း သတိရမိတယ်။ ဂျူးကို feminist တစ်ယောက်လို့လည်း ထင်မိတယ်။ ဒါကလည်း သူကတော်တာကိုး။ တော်တဲ့ မိန်းမတစ်ယောက်မှာ ဒီလိုစိတ်မျိုး ရှိကောင်း ရှိမှာပဲ။ သူ့စာအုပ်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးက ပင်လယ်နှင့်တူသော မိန်းမများ၊ အကြိုက်ဆုံး ဝတ္ထုတိုက ချစ်ခြင်း၏အနုပညာနဲ့ စာပို့သမား ဆိုတဲ့ ဝတ္ထုနှစ်ပုဒ်။ အခုနောက်ပိုင်း ဂျူးရဲ့ ဝတ္ထုတွေမှာ ပညာပေးတွေ အများကြီး တွေ့လာရတယ်။ ဂျူးကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ အခြား NGO ပရောဂျတ်တွေ လုပ်နေသူမို့ ဒါတွေရဲ့ လွှမ်းမိုးမှုလို့ ကျွန်တော် ယူဆမိတယ်။ ဒီစာအုပ်အရင် ထုတ်ခဲ့တဲ့ လရောင်ရဲ့အောက်ဘက် မိုင်အဝေးမှာ ဆိုတဲ့ စာအုပ်ကိုတော့ ကျွန်တော် မကြိုက်ဘူး။ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေလည်း မကြိုက်ဘူး။ အရင်စာအုပ်တွေလိုပဲ ဒီစာအုပ်ကိုလည်း ဂရုတစိုက် ဖတ်ဖြစ်ခဲ့တယ်။

သူမင်းကို ဘယ်တော့မှ… ဆိုတဲ့ ဝတ္ထုကို အေးငြိမ်းမေ ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိလို့ ပြောလို့ရတယ်။ အဓိက ဇာတ်ကောင် သုံးယောက် ပါဝင်ပါတယ်။ အေးငြိမ်းမေရယ်၊ သုတဆိုတဲ့ ကောင်လေးတစ်ယောက်ရယ်၊ ထင်လင်းဆိုတဲ့ အကိုကြီး တစ်ယောက်ရယ်။ ထင်ထင်ရှားရှား ဇာတ်ပို့ အနေနဲ့ဆို မမမြတ်ဆိုတဲ့ တရားသူကြီး တစ်ယောက်ပါတယ်။

အေးငြိမ်းမေဟာ သိပ်ဆင်းရဲတယ်။ အမေက ငယ်ငယ်က ဆုံးသွားတာမို့ မိထွေးနဲ့ နေရတယ်။ သူက စာဖတ်တာ သိပ်ဝါသနာပါတယ်။ သူ ခြောက်တန်းမှာ သူ့မိထွေးက သူ့ကို ကျောင်းကထုတ်ပြီး မြို့ပေါ်မှာ အိမ်ဖော် လုပ်ဖို့ ခိုင်းလာတယ်။ အဲဒီအချိန်မှာ ကလေးများအတွက်ရံပုံငွေအဖွဲ့ သူတို့ရွာကို ရောက်လာတယ်။ အဲဒီအထဲက ထင်လင်းဆိုတဲ့ အကိုကြီးက သူစာတော်တာ သူကြိုးစားတာ သိသွားလို့ သူ့အတွက် ပညာသင်ဖို့ စရိတ်အားလုံးကို အဖွဲ့နဲ့ မဆိုင်ဘဲ သူ့လုပ်အားခထဲကနေ ကူညီပေးခဲ့တယ်။ ထင်လင်းရဲ့ ကူညီမှုကြောင့် အေးငြိမ်းဟာ ၁၀တန်းကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ အောင်ခဲ့တယ်။ သူနဲ့ သူငယ်ချင်းက သုတဆိုတဲ့ ကောင်လေး။ ထင်လင်းဟာ အေးငြိမ်းမေကို ဘဝမြင့်မားတိုးတက်ဖို့ စာအုပ်တွေပေးဖတ်တယ်။ နည်းလမ်းတွေပေးတယ်။ ဒါပေမယ့် သူက အေးငြိမ်းနဲ့ ခပ်ကင်းကင်းပဲနေတယ်။ သူ့လိပ်စာကိုတောင် ပြောမပြဘူး။ အေးငြိမ်းကတော့ ထင်လင်းကို သူ့ကျေးဇူးရှင် တစ်ယောက်အနေနဲ့ လေးစားသလို၊ အားလည်းကျတယ်၊ သူပြောတဲ့အတိုင်း လုပ်မယ်လို့ စိတ်ကူးထားတယ်။ နောက်ပိုင်းမှာ သုတနဲ့ အေးငြိမ်းမေ ချစ်သွားတယ်။ သူတို့မြို့လေးမှာ မမမြတ်ဆိုတဲ့ တရားသူကြီး တစ်ယောက်ရှိတယ်။ အလွန်တိကျ၊ လာဘ်မစားဘဲ အမှန်တရားကို မြတ်နိုးသူပေါ့။ ထင်လင်းဟာ အဲဒီကို လာရင်းလာရင်းက မမမြတ်ကို သဘောကျနှစ်သက်ခဲ့တယ်။ မမမြတ်ကလည်း ထင်လင်းကို သဘောကျတယ်။ ဒါပေမယ့် ချစ်သူတွေတော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် သုတကတော့ ထင်လင်းကို လုံးဝမကျေနပ်ဘူး။ ထင်လင်းဟာ အေးငြိမ်းမေကို ချုပ်ကိုင်တဲ့သူ၊ အကြံအစည်နဲ့ ဒါတွေကို ကူညီခဲ့တဲ့လူလို့ ထင်နေတယ်။ ဒါနဲ့ တစ်ရက်မှာ ထင်လင်း ခြံကြီးတစ်ခုထဲမှာ ဓာတ်ပုံရိုက်နေတုန်း သုတက ထင်လင်းကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံး သုတကိုရိုက်မှုနဲ့ ထင်လင်း တရားစွဲ ခံရတယ်။ တကယ်တမ်း ကိုင်ရမယ့် တရားသူကြီးက မမမြတ်ပေမယ့် သူက ထင်လင်းကို ရင်းနှီးနေတာမို့ အခြားတစ်ယောက်ကို လွှဲပေးလိုက်တယ်။ ထင်လင်းက ကျမ်းကျိန်ပြီး သူမရိုက်ဘူးပြောတယ်။ သူမရိုက်ရင် ဘယ်သူရိုက်တယ် ဆိုတာကိုလည်း သူက မသိဘူးလို့ ပြောတယ်။ သုတကလည်း သူမသိဘူးပဲပြောတယ်။ နောက်ဆုံး သက်သေမရှိတာမို့ ထင်လင်း ထောင်ခြောက်လ ကျသွားတယ်။ မမမြတ်ကတော့ သူ့ကို ထင်လင်းက ယုံကြည်ချက်ကို ဖျက်ဆီးသွားတဲ့သူဆိုပြီး အဆက်ဖြတ်လိုက်တယ်။ တကယ်တမ်း သုတကို ရိုက်တဲ့သူက အေးငြိမ်းမေ ဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ အရာအားလုံး ရှင်းလင်းပြီး ထင်လင်းနဲ့ မမမြတ် လက်ထပ်သွားခဲ့ပါတယ်။ ဒါပေမယ့် မရှင်းလင်းခဲ့တာက…

ဂျူးဟာ ဒီဝတ္ထုကို အင်တာဗျူး ပုံစံလေးနဲ့ Story Retold ကိုရောပြီး ရေးသွားတာ တွေ့ရပါတယ်။ အေးငြိမ်းမေဟာ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုမှာ အလုပ်လျှောက်တော့ ဟိုဘက်က သာမန်နဲ့ မတူတဲ့ အင်တာဗျူး မေးခွန်းလေးတွေ မေးရာကနေ ဒီဝတ္ထုတစ်ပုဒ်လုံး ဖြစ်သွားခဲ့တယ်။ ဒီအထဲမှာ ဆရာမဂျူးက မေးခွန်း ၁၀ခု မေးထားပါတယ်။

1. မင်းဘဝမှာ အရေးအပါဆုံးလို့ မင်းထင်တဲ့ အချိုးအကွေ့ တစ်ခု
2. ဘဝမှာ မင်းကိုယ်တိုင် ဖြေရှင်းရပြီး အောင်မြင်ခဲ့တဲ့ အခက်အခဲ ပြဿနာ တစ်ခုအကြောင်း
3. မင်းအပေါ်မှာ ဩဇာအလွှမ်းမိုးဆုံး စာအုပ်တစ်အုပ်အကြောင်း
4. ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုး တစ်ခုခုအကြောင်း
5. မိန်းမတွေ ပညာတတ်စေချင်တဲ့အကြောင်း၊ မိန်းမတွေ ဆင်ခြင်ဉာဏ် ရှိစေချင်တဲ့အကြောင်း
6. မင်းရဲ့ ဘဝဒဿနက ဘာလဲ
7. မြန်မာလူမျိုးတွေရဲ့ နေ့စဉ်အပြုအမူ၊ အပြောအဆိုတွေကို လွှမ်းမိုးထားတဲ့ စကားလုံးက ဘာလဲ
8. ရေရှည် ဖွံ့ဖြိုး တိုးတက်မှုဆိုတာဘာလဲ။ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်ပြီး မင်းကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ခဲ့ဖူးတဲ့ လုပ်ငန်းတစ်ခုအကြောင်း
9. မင်းကို အဖွဲ့အစည်း တစ်ခုခုက၊ တစ်ယောက်ယောက်က ဒေါ်လာနှစ်သိန်း ပေးလိုက်မယ် ဆိုပါစို့။ မင်းနိုင်ငံအတွက် မင်းဒီငွေကို အသုံးချပြီး ဖွံ့ဖြိုး တိုးတက်မှုမှာသုံးတော့ ဆိုရင် မင်းဘယ်နေရာမှာ အသုံးချမလဲ။ ဘယ်လို အသုံးချမလဲ။
10. ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာ ဘာလဲ။ ယုံကြည်မှုကို ဘယ်လို တည်ဆောက်ရသလဲ။

ဒီအင်တာဗျူး မေးခွန်းတွေအတွက် အေးငြိမ်းမေရဲ့ အဖြေတွေဟာ ဒီဝတ္ထုတစ်ပုဒ် ဖြစ်လာတာပါပဲ။ ဒီအဖြေတွေကို အေးငြိမ်းမေက သူ့ဘဝ ဖြတ်သန်းလာတဲ့အထဲက အဖြစ်အပျက်တွေနဲ့ ချိန်ထိုးပြီး ဖြေသွားခဲ့တယ်။ အေးငြိမ်းမေရဲ့ အဖြေတွေဟာ ဆရာမဂျူး ပေးချင်တဲ့ မက်ဆေ့တွေ ဆိုရင်တော့ အဓိကက ဆင်းရဲမှု တိုက်ဖျက်ရေးလို့ ထင်မိတယ်။ အေးငြိမ်းမေကလည်း ဒါတွေအားလုံးဟာ ဆင်းရဲလို့ အသိဉာဏ် မရှိလို့ ဖြစ်ရတာတွေလို့ တော်တော်များများ မီးမောင်းထိုးထားတယ်။

နံပတ်နှစ် မေးခွန်းမှာ အေးငြိမ်းမေရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို ရေးထားတယ်။ ကလေးလေးတစ်ယောက် လမ်းမှာ ငိုနေတာတွေ့လို့ သူက ရွာပြန်ပို့ပေးတယ်။ ကလေးရဲ့ နားကပ်လေးက အလုယက်ခံထားရတယ်။ ကလေးမိဘတွေနဲ့ ရွာကလူတွေက အေးငြိမ်းမေကို စွပ်စွဲကြတယ်။ ပြဿနာ ဖြစ်လာခဲ့တော့ လူတွေက မရှိခိုးနိုး မယုံသင်္ကာ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်တာမို့ တကယ့်တရားခံအစစ်ကို သူရှာဖွေခဲ့တယ်။ အဲဒီတရားခံဟာ အမေအိုကြီး နေမကောင်းဖြစ်နေလို့ ဆေးဖိုးဝါးခ မရှိတာမို့ လုပ်လိုက်ရတဲ့ မိန်းမတစ်ယောက် ဖြစ်နေခဲ့တယ်။ အဲဒီ မိန်းမထောင်ကျသွားပြီး အဲဒီအမေအိုကြီး ဆုံးပါးသွားတယ်။

နံပတ်လေး ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတစ်ခုခုအကြောင်းမှာ မှောင်ကြီးမိုးချုပ် အလုပ်ကနေ အိမ်အပြန် ယောက်ျားသုံးယောက်ပါတဲ့ ကားနဲ့ ကားကြုံလိုက်ခဲ့မိလို့ ရေတိမ်နစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရေးပြထားတယ်။ ဒီလိုဖြစ်တာကို အေးငြိမ်းမေက မိန်းကလေးဟာ ပညာသင်နိုင်လောက်တဲ့အထိ စီးပွားရေး တိုးတက်ခဲ့မယ် ဆိုရင် ဒီကိစ္စမဖြစ်အောင် သူရှောင်တတ် တိမ်းတတ်မှာပေါ့လို့ ယူဆပါတယ်။ တကယ်ဆို ဆရာမဂျူးက အဲဒါနဲ့ တဆက်တည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအရမ်း တင်မထားဖို့ကိုလည်း ညွှန်ပြသင့်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေ သိုင်းသင်ဖို့ကိုလည်း ညွှန်ပြသင့်တယ်။ :)

နံပတ်ငါး မေးခွန်းကို အေးငြိမ်းမေ ဖြေတဲ့အခါ သူ့သူငယ်ချင်း ကောင်မလေး တစ်ယောက်ရဲ့ အဖြစ်အပျက်ကို ပြောပြသွားခဲ့တယ်။ အဲဒီကောင်မလေးက တခြားရွာကလူတစ်ယောက်နဲ့ လွန်လွန်ကျူးကျူး ဖြစ်တယ်။ ဟိုလူက သူ့ကို ယူပါမယ်လို့ပြောလို့ ဒီကောင်မလေးက ကာမကို ပေးလိုက်တယ်။ ဟိုကောင်က တခြားတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ သူကသွားပြီး ကိုယ်ဝန်ကိစ္စပြောတော့ ဟိုကောင်က တာဝန်မယူဘူး။ ဒါနဲ့ တရားတဘောင်တွေ ဖြစ်ကြတယ်။ နောက်ဆုံး အမှုကတော့ နိုင်ပါရဲ့ ကောင်မလေးဟာ အဖေမရှိဘဲ ကလေးမွေးလိုက်ရတယ်။ ဒါဟာ မိန်းမတွေ ဆင်ခြင်ဉာဏ် အသိဉာဏ် မရှိလို့ ယုံလွယ်လို့ ဖြစ်ရတာလို့ အေးငြိမ်းမေက ခံယူတယ်။ အဲဒီအတွက် ဆင်ခြင်ဉာဏ်ရှိအောင် မိန်းမတွေ ပညာတတ်ရမယ်လို့ ဆရာမဂျူးက မီးမောင်းထိုးပြတယ်။ လက်တွေ့ဘဝမှာ ပညာတွေ သိပ်တတ်တိုင်းလည်း ဆင်ခြင်ဉာဏ်ရှိတာ မဟုတ်ပါဘူး။ ပညာတွေ အရမ်းတတ်ပြီး အရမ်းကို ဖောက်ပြန်တဲ့ မိန်းမတွေလည်း ရှိတယ်။ ပြီးတော့ အကြမ်းဖက်မှု မပါတဲ့ ဒီလိုဖြစ်ရပ်တွေမှာ နှစ်ဦးစလုံးနဲ့ ဆိုင်တဲ့ တပ်မက်မှုတွေ လှုံ့ဆော်မှုတွေ ရှိတတ်တဲ့ အကြောင်းကိုတော့ ဆရာမဂျူး ထည့်ရေးသွားတာ မတွေ့ရပါဘူး။

နံပတ်ခြောက် ဘဝရဲ့ ဒဿနမှာတော့ အေးငြိမ်းမေ ရေနစ်တဲ့အကြောင်း ပြောတယ်။ အေးငြိမ်းမေ ရေနစ်သွားတဲ့အခါ သူ့ကို အသက်စွန့် ကယ်တင်ခဲ့တဲ့သူဟာ သူနားကပ်ကိစ္စမှာ ဖမ်းဆီးပေးခဲ့တဲ့ မိန်းမကြီး ဖြစ်နေတာ တွေ့လိုက်ရတယ်။ လူဆိုးနဲ့ လူကောင်းကြား ခြားနားထားတဲ့ အရာက ထာဝရ တည်မြဲတဲ့ တံတိုင်းတစ်ခု မဟုတ်ဘဲ အလွှာပါးပါးလေး တစ်ခုလို့ ဆရာမက ဖွင့်ဆိုတယ်။

ဒီလိုနဲ့ မေးခွန်း တစ်ခုချင်းစီကို အေးငြိမ်းမေ ဖြေသွားခဲ့တယ်။ ဒီဝတ္ထုဟာ စိတ်ဝင်စားဖို့ ကောင်းသလို တွေးစရာတွေ၊ မှတ်သားစရာတွေ များပေမယ့် ဇာတ်ကောင်တစ်ယောက်တည်းရဲ့ အကြောင်းကိုပဲ တဆက်တည်း ဖတ်နေရတာမို့ ဝတ္ထုရဲ့ လေးပုံသုံးပုံလောက်မှာတော့ အနည်းငယ်ပျင်းဖို့ ကောင်းလာပါတယ်။ ထင်လင်း၊ သုတ၊ မမမြတ်တို့ရဲ့ အကြောင်းတွေက တချက်တလေမှ ဆက်စပ် ပေါ်လာတတ်တယ်။ ပြီးတော့ အေးငြိမ်းမေဟာ ဆင်းရဲတဲ့သူမို့လို့ ဒီလို အတွေးအခေါ်တွေ ပေါ်ပေါက်လာတာလားလို့ မေးမြန်းစရာ ရှိလာပါတယ်။ ဥပမာ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ် တည်ထောင်ခဲ့သူတွေဟာ သိပ်ဆင်းရဲတဲ့ အခြေခံ လူတန်းစားက ပေါက်ဖွားလာသူတွေပါ။ သူတို့ ဖန်တီးလိုက်တဲ့ လူတန်းစားညှိရေး၊ အားလုံး သာတူညီမျှ ခံစားရေးစတဲ့ အယူအဆတွေဟာ နောက်ပိုင်းမှာ အလုပ်ကျိုးစားသူနဲ့ အချောင်ခိုတဲ့သူ နှစ်ယောက်ရှိရင် နောက်ပိုင်းမှာ နှစ်ယောက်စလုံး အကျိုးအမြတ် အတူတူ ရမှာမို့ အချောင်ခိုတဲ့လူတွေကို အလကား အားပေးအားမြှောက် ပြုတဲ့အချက် ဖြစ်လာတယ်လို့ မှတ်သားခဲ့ဖူးတယ်။ ဆိုလိုချင်တာက အေးငြိမ်းမေရဲ့ အတွေ့အကြုံ အယူအဆတွေဟာ တကယ့်ဖြစ်ရပ်မှန်တွေတော့ ဟုတ်တယ်၊ ဒါပေမယ့် လူတန်းစား အားလုံးကို ကိုယ်စားပြုတဲ့ အမြင်လို့တော့ ပြောလို့ မရဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် ဆရာမဂျူး ထောက်ပြသွားတဲ့ ဆင်းရဲမှုကို တိုက်ဖျက်ရမယ်၊ ပညာသင်ကြားရမယ်၊ လေလွင့်လူငယ်လေးတွေကို ကူညီကယ်တင်ရမယ်စတဲ့ အချက်တွေဟာ အပြင်မှာ ကျွန်တော်တို့လည်း ကြုံတွေ့ သိရှိနေတာမို့ တကယ်ကို အရေးကြီးတွေ တဲ့ အချက်တွေလို့ ပြောလို့ရပါတယ်။

ဒီဝတ္ထုကို ပညာပေးရုံသက်သက် မဟုတ်ဘဲ အချစ်ဇာတ်လမ်းလေးနဲ့ ရောထားနိုင်တာကတော့ ဆရာမဂျူးရဲ့ ပညာစွမ်းပါပဲ။ ဒီနေရာမှာလည်း ဆရာမဟာ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတဲ့ (Trust Building) ဆိုတာလေးကို ထည့်သွားပါသေးတယ်။ မမမြတ်က သူ့ရဲ့ ယုံကြည်မှုတွေကို ထင်လင်းက ဖျက်ဆီး ပစ်လိုက်တယ်လို့ ထင်ခဲ့တယ်။ တကယ်တော့ ထင်လင်းက ဖျက်ဆီးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ..

ကိုကြီး တရားခွင်မှာ ကျွန်တော့်နာမည်ကို မထွက်ဆိုခဲ့တာ တစ်လုံးမှ မဖော်ပြခဲ့တာ ကျွန်တော့်ကို ငဲ့ညှာလို့လို့ မမမြတ် ထင်နေလား။ ကျွန်တော် ကိုကြီးကို သိပါတယ်။ကျွန်တော့်ကို ငဲ့တာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ငဲ့တာပါ။ သူ့နာမည်နဲ့ ကျွန်တော့်နာမည်နဲ့ တွဲပြီး မှတ်ထားကြမှာကို မခံနိုင်လို့၊ မဟုတ်ဘဲနဲ့ အထင်လွဲ မခံနိုင်လို့ ကျွန်တော့် နာမည်ကို မပြောတာပါ။ သူ့အတွက် ထောင်ခြောက်လဆိုတာ မိန်းကလေးတစ်ယောက်နဲ့ နာမည်ပျက်ရသလောက် မဆိုးရွားဘူး။ ကျမ်းကျိန်စာသင့်တယ် ဆိုဦးတော့၊ ကျွန်တော်နဲ့ တွဲမြင်ခံရမှာလောက် သူကြောက်မှာ မဟုတ်ပါဘူး။ သုတ ကျွန်တော့် နာမည်ကို မပြောတာကမှ ကျွန်တော့်ကို ငဲ့ညှာလို့။ ကျွန်တော် သူ့ကို ရိုက်ထည့်လိုက်တာ သူမသိဘဲ ဘယ်နေပါ့မလဲ မမမြတ်ရယ်။ သူ့အောက်မှာ ကိုကြီးရောက်နေတဲ့အချိန် သူ့ကို ထုလိုက်တာ ဘယ်သူလဲ သူသိမှာပေါ့၊ မသိဘူးလို့ ပြောတာက ကျွန်တော့်ကို ငဲ့ညှာတာ
လို့ရေးထားတဲ့ အေးငြိမ်းမေရဲ့ စာဟာ သေသေချာချာ အထပ်ထပ် ပြန်ဖတ်ကြည့်တဲ့အခါ ကျွန်တော့်ကို အတွေးနှစ်မျိုး ပေးခဲ့ပါတယ်။ အေးငြိမ်းမေဟာ မမမြတ်ကို ထင်လင်းအပေါ်မှာ အထင်မလွဲစေချင်လို့ ရေးခဲ့တာလား၊ ဒါမှမဟုတ် မခံချင်စိတ်နဲ့ ရေးခဲ့တာလား ဆိုတာကိုပါပဲ။ ဒီလို ထင်ရတယ် ဆိုတာကလည်း ဝတ္ထုလေးကို သေချာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ ဝတ္ထုရဲ့ နောက်ဆုံး စာပိုဒ်လေးကတော့ ကျွန်တော်တို့ စာဖတ်သူတွေကို အလွန်ပဲ ဖမ်းစားနိုင်ခဲ့တာမို့ ဆရာမဂျူးရဲ့ စာရေးခြင်းအတတ်ကို ကျွန်တော် အထူးပဲ ချီးကျူးမိပါတယ်။

ကိုကြီး၏ လက်ဝဲဘက်မှာ အတူယှဉ်လျက် မမမြတ်ဆီသို့ လမ်းလျှောက်လာသည့်အခါ ကျွန်မ၏ ကိုယ်ခန္ဓာ၏ လက်ဝဲဘက်ခြမ်းက လုံခြုံမှုဖြင့် နွေးထွေးနေပြီး လက်ယာဘက်တစ်ခြမ်းက အေးစက်နေခဲ့၏။ သို့သော် နှလုံးသား တည်နေရာဟုဆိုကြသော ဘယ်ဘက် ရင်ညွန့်ကတော့ စူးနစ်စွာ နာကျင်လျက် ရှိပါသည်။

အချုပ်ဆိုရရင်တော့ ဒီစာအုပ်လေးဟာ ဂျူးစာဖတ်ပရိသတ်အတွက် ကျေနပ်မှုပေးနိုင်ရုံသာမကဘဲ စဉ်းစားစရာ၊ အသိဉာဏ်တချို့ကိုလည်း လမ်းညွှန်ပြပေးနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် တောမြို့လေးက အလွန် ဆင်းရဲတဲ့ ကောင်မလေးတစ်ယောက်ကနေ ဒီလောက် ထက်မြက်တဲ့ အတွေးအခေါ်တွေ၊ ရိုးရိုးသားသား ကြိုးစားမှုတွေကို ဝတ္ထုထဲမှာ မြင်တွေ့ရတာကတော့ ကျွန်တော်တို့ လက်ရှိ အမြင်နဲ့ဆိုရင် ရှာမှရှားတဲ့ ဖြစ်ရပ်တစ်ခုပဲလို့တော့ ဆိုရပါမယ်။ ဒါပေမယ့် ဒါတွေဟာ မရှိဘူးလို့ ပြောလို့တော့ မရပါဘူး။ ဆရာမဂျူးရဲ့ စာအုပ်ကိုဖတ်ပြီး အားကျကြိုးစားလာမယ့်သူတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်မိပါတယ်။ ဂျူးပရိသတ်တွေ ဝယ်သိမ်းထားသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်သလို ကိုယ်သာ အေးငြိမ်းမေနေရာမှာဆို မေးခွန်းလေးတွေကို ဘယ်လိုဖြေမလဲဆိုတာကလဲ စိတ်ဝင်စားစရာ ကောင်းမှာ အမှန်ပါပဲ။



Recommand: တောကျောင်းဆရာရဲ့ Review လေးကိုလည်း ဖတ်ရှုစေချင်ပါသေးတယ်။


အမှတ်တရ သမိုင်းသုတေသန ဦးစီးဌာန

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us


ကိုးကား 

မြန်မာ့သမိုင်းအဖွဲ့ နောက်ခံသမိုင်းနှင့် အဖွဲဝင်များ၏ အတ္ထုပ္ပတ္တိ
ကြေးမုံသတင်းစာ၊ ၂၅.၀၉.၂၀၀၈

Internet



A bomb balst nearby Yangon City Hall

Yesterday, a bomb was exploded infront of the Yangon City Hall, near bus station, corner of the Garden. Luckily it was not powerful and people were not there much in that time; 10:40am, but 7 innocent people were got minor injuries. Another bomb was also found at bus station and it was timed to blast at 11:45am. Fortunately! that bomb had been neutralized at 11:40. 


Ref: The Mirror, 26.09.2008


နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)

ဒီနေ့ အိုင်ဒီယာ မဂ္ဂဇင်းတိုက်ကိုသွားရင်း သိမ်ဖြူလမ်းက ပြန်ဆက် စာအုပ်အရောင်းဆိုင် ရောက်ဖြစ်တယ်။ နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း ပဉ္စမတွဲ ထွက်နေတာနဲ့ ဝမ်းပမ်းတသာ ဝယ်ခဲ့တယ်။ ၁၉၈၀နောက်ပိုင်း ထုတ်တဲ့ စာအုပ်တွေထဲမှာ တော်တော်များများက သိမ်းထားဖို့ မလိုလောက်အောင်ကို ညံ့ဖျင်းတယ်လို့ ပြောလို့ရတယ်။ ဝယ်ပြီးသိမ်းရတဲ့ စာအုပ် ဆိုရင်လည်း ပြန်ထုတ်တဲ့ စာအုပ်တွေများတယ်။ သုတေသနနဲ့ ပတ်သတ်တာတွေ မြန်မာစာပေနဲ့ ပတ်သတ်တာတွေဆိုရင် တော်တော့ကို နည်းသွားတာ။ သမိုင်းဘက်မှာတော့ ဆရာတင်နိုင်တိုးတို့လို ခေတ်မီမီ စနစ်တကျ ရေးတဲ့သူတွေ ပေါ်လာလို့ ဝမ်းသာမိတယ်။ ဒီနှစ်နှစ်အတွင်း မှတ်မှတ်ထင်ထင် ဂရုစိုက် ဖတ်မှတ်မိတဲ့ စာရေးဆရာတွေက တင်နိုင်တိုး၊ မောင်သန်းဆွေ (ထားဝယ်)၊ ဦးအောင်မွန် (မြတ်ဆုမွန်)၊ ဦးမြတ်ကျော်တို့ ဖြစ်ပါတယ်။ အကောင်းဆုံး စာအုပ်စီးရီးကတော့ အထက်က ကျွန်တော်ဝယ်ခဲ့တဲ့ ပြန်ဆက်ထုတ် အတ္ထုပ္ပတ္တိတွေပါပဲ။ အခု ပဉ္စမတွဲမှာ စာရေးဆရာ ၈၉ဦးရဲ့ အတ္ထုပ္ပတ္တိတွေ ပါဝင်ပါတယ်။ ပထမတွဲကနေ အခုအထိဆိုရင် စုစုပေါင်း ၄၅၀လောက် ရှိနေပါပြီ။ နောက်ထပ်အတွဲတွေလည်း ထွက်လာဦးမယ်လို့ မျှော်လင့်မိတယ်။



နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန
၂၀၀၈၊ စက်တင်ဘာလ (ပထမအကြိမ်)
၂၀၀၀ကျပ်
စာမူခွင့်ပြု - ၄၀၀၆၄၅၀၆၀၈


  1. ကြည်၊ ကို (ပြင်ဦးလွင်)
  2. သန်း၊ ကို (ကြည့်မြင်တိုင်)
  3. ကျော်စောဟန်
  4. ကြီးကြီးစော
  5. ကြည်ခင် (လျှပ်စစ်ဓာတ်အား)
  6. ကြည်မြ
  7. ခင်ဂွမ်းဂွိ
  8. ခင်သန့်စင် (ရေးမြို့)
  9. စိန်ဝင်း၊ ဦး (ဂါးဒီးယန်း)
  10. စဝ်ထွန်းမှတ်ဝင်း
  11. ဏီဏီယဉ်
  12. ညိုညိုလေး (တက္ကသိုလ် -)
  13. တင်စိန် (ပထဝီဝင်)
  14. တင်သန်းဦး
  15. မြင့်၊ ဆရာ (ဒါရိုက်တာ -)
  16. ဘချို၊ ဦး (ဒီးဒုတ် -)
  17. တင်ဦး (ဒေါက်တာ -)
  18. သာဆိုင် (ဒေါက်တာ -)
  19. နိုင်ဇော်
  20. နန်းညွန့်ဆွေ
  21. ပီကျော်ဟန်
  22. ပီမိုးနင်း
  23. မြင့်အောင် (ပန်တျာ -)
  24. သန်းနွယ် (ပြည် -)
  25. ဗကို (ဗိုလ် -)
  26. ကိုလေး (ဗိုလ်မှူးကြီး -)
  27. ဘသန်း (ဓမ္မိက -)
  28. မိုးကြည် (မေမြို့ -)
  29. မင်းဏီ
  30. မင်းရှင်နောင်
  31. မင်းရွှေမင်း (တောင်ကုတ်)
  32. မင်းရွှေမင်း (အင်းစိန်)
  33. မင်းသိဒ္ဓိ
  34. မင်းသျှင်အောင် (တွံတေး)
  35. ခိုင်မာ၊ မောင်
  36. စိုးထိုက်၊ မောင် (သုံးဆယ်)
  37. မိုးယံ၊ မောင်
  38. မိုးသူ၊ မောင်
  39. မောင်မောင်ဖြူ
  40. ရင့်ကျူး၊ မောင် (မြောင်းမြ)
  41. လရောင်၊ မောင်
  42. လွန်းကြင်၊ မောင်
  43. လှိုင်ဝင်း၊ မောင်
  44. ဝင်းရည်၊ မောင်
  45. သာချို၊ မောင်
  46. သာပြည့်၊ မောင်
  47. သုတ၊ မောင်
  48. သော်မော်၊ မောင်
  49. သိက္ခာ၊ မောင်
  50. သန်းဆွေ၊ မောင် (ထားဝယ်)
  51. ဝင်းဖေ (မုံရွာ -)
  52. ခခွေး၊ မယ်
  53. မျိုးမြင့်ဆွေ
  54. မြဇင်
  55. မြမာလာ
  56. မြလှိုင်
  57. မြဝင်း (ဒဿန)
  58. မြတ်ထန်
  59. မှတ်ကျောက်
  60. ရာကျော် (ရဲဘော် -)
  61. ရဲရင့်တင့်ဆွေ
  62. ရွှန်းမြအောင်
  63. လေသူရဲတစ်ဦး
  64. လှိုင်သင်း
  65. တင်မြ (သခင် -)
  66. ဗစိန် (သခင် -)
  67. လေးမောင် (သခင် -)
  68. လွင် (သခင် -)
  69. လှကွန်း (သခင် -)
  70. ရဲလွင်၊ ဦး (သင့်ဘဝ -)
  71. သောင်းဝေဦး
  72. သစ္စာနီ
  73. ဖေသွင် (သန်လျင် -)
  74. ညိုမှိုင်း၊ မောင် (သန်လျင် -)
  75. မောင်မောင်ဦး (သန်လျင် -)
  76. စိုးရင် (သိပ္ပံ -)
  77. စိုးလှ (သိပ္ပံ -)
  78. ဆန္ဒာဓိက၊ အရှင်
  79. အမေ့သား
  80. တင်လှ၊ ဦး
  81. မင်းနိုင်၊ ဦး
  82. သန်းဦး၊ ဦး (ရွှေဥဩ)
  83. ဟန်ထွန်း၊ ဦး (အခွန်)
  84. အုန်း၊ ဦး
  85. အောင်ကောင်း
  86. အောင်ကျည်ထွဏ်း
  87. အောင်ရဲနိုင်
  88. အောင်သင်း
  89. အုန်း၊ ဒေါ် (အမ်အေ)


ဒီရက်တွေမှာ

မနေ့က စာအုပ်ဆိုင် ရောက်ဖြစ်တာနဲ့ စာအုပ်လေးတစ်ချို့ ဝယ်လာဖြစ်တယ်။ ဂျာနယ်သုံးစောင်လည်း ဝယ်လာတယ်။ အိမ်အပြန် နောက်ကျတာမို့ ညက စာမဖတ်ဖြစ်လိုက်ဘူး။ ဒါနဲ့ မနက်ရောက်တော့ နိုးနိုးချင်းပဲ နွားနို့နဲ့ ကွန်းဖလိပ်လေးသောက်၊ ဆေးလိပ်လေးတစ်လိပ်ကို အရသာရှိရှိ ဖွာရှိုက်ရင်း မနေ့က ဝယ်လာခဲ့တာတွေ ဖတ်ဖို့ ပြင်နေတုန်းမှာပဲ သတင်းစာသမားက သတင်းစာ လာပို့တယ်။ ကျွန်တော့် ထုံးစံအတိုင်း မြန်မြန်ပြီးတဲ့ဟာ မြန်မြန်စဖတ်ဖြစ်တယ်။ ကျွန်တော်လည်း တရုတ်စာဖတ်နည်းကို မသင်ဘဲ တတ်နေပါလားလို့တောင် တွေးလိုက်မိသေးတယ်။ သတင်းစာကို နောက်ကနေ စစဖတ်နေမိတတ်လို့။ ကိုယ်နဲ့သိတဲ့လူ နာရေးသတင်း မပါသေးဘူး။ အမွေပြတ်စွန့်လွှတ်ခြင်းထဲ ကိုယ့်နာမည် မပါသေးဘူး။ အိုကေ ဒီလောက်ဆို ရပြီ။ ဂျာနယ်တွေ ဖတ်ပြန်တယ်။ သတင်းတစ်ခုကို အားလုံးက ပြုံရေးရင် ဘယ်လိုမှ စိတ်ဝင်စားစရာ မကောင်းဘူး။ သူများမသိသေးတာ ရေးမှ ဂျာနယ်ပေါင်းစုံ ဝယ်ဖတ်ရင် အရသာမျိုးစုံ ရမှာပေါ့။ ဒါကြောင့် သျှားညိုတို့ရဲ့ Action Times အခုနောက်ပိုင်း တက်လာတာလို့ မြင်မိတယ်။ ဒီလိုနဲ့ ဂျာနယ်လည်း ဖတ်ပြီးသွားရော စာအုပ်လေးတွေ ကောက်ကိုင်ဖြစ်တယ်။ သခင်တင်မြ အင်တာဗျူး၊ ဒဂုန်ဦးစန်းငွေ ဒို့စကား ဒို့စာ ဒို့သဒ္ဒါ။ စာအုပ်တွေက အမြည်းသဘောပဲ ဖတ်ဖြစ်တာပါ။ နောက်ဆုံး ဖတ်ဖြစ်တာက ကိုနေမျိုးရဲ့ လူဖြစ်ရတာ ကောင်းတယ်ဆိုတဲ့ ကဗျာစာအုပ်လေး။ ဟောဒီကဗျာလေး ပါတယ်။


ဒီရက်တွေမှာ

ဒီရက်တွေမှာ မသိချင်တာတွေ သိနေရတယ်။
အနားလေးဖက်ပါတဲ့ တြိဂံအသစ်တစ်ခု ပြုလုပ်နေကြတယ်တဲ့။
ဒဿနိကဗေဒသမားရယ်၊ ကဗျာဆရာတစ်ယောက်ရယ် ပါတယ်ဆိုပဲ။
သင်္ချာပါမောက္ခဟောင်း အဘိုးကြီးက ဦးဆောင်သတဲ့။
ဘဲသားမုန့်ထဲမှာ ဘဲသားမပါဘူးတဲ့။ သိပ်ရောင်းကောင်းတယ်ဆိုပဲ။
အန္တာတိကတိုက်က ရေခဲတွေ အရေပျော်နေသတဲ့။
ပေါင်မုန့်ဟာ မိမွေးတိုင်း ဖမွေးတိုင်းနဲ့ လမ်းထိပ်မှာ ငုပ်တုပ်ထိုင်နေသတဲ့။
မီးရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိကြသတဲ့။
ဖာလူဒါတစ်ခွက် ၄၀၀ ဖြစ်သွားပြီတဲ့။
ဟိုကောင်ငါ့ကို မေးနေသတဲ့။
ကြက်ဥထဲက ဘဲကလေးတစ်ကောင် ပေါက်လာလို့ အားလုံးအံ့ဩနေကြသတဲ့။
ကြိုးတွေ ရောင်းကောင်းနေသတဲ့။
ဘကြီးခွေးကိုက်ခံရပြီး ကြီးဒေါ်ချော်လဲသတဲ့။
မသိချင်တာတွေကို သိနေရတယ်။
သိချင်တာ မသိရဘူး
သူနေကောင်းရဲ့လား။


အနုပညာကို ခံစားခြင်း ဆိုတာမှာ ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ လူတစ်ယောက်ဟာ ရွေ့လျားနေတဲ့ စက်ဝန်း တစ်ခု ဆိုပါတော့။ အနုပညာရှင်က မျက်စိကိုပိတ်ပြီး မြားတစ်စင်းကို လွှတ်လိုက်တဲ့အခါ ကိုယ့်စီမှာ စွဲစေချင်ရင် ကိုယ်တိုင်က လိုက်ရွှေ့ပေးသင့်ရင် ရွှေ့ပေးရမယ်။ အနုပညာရှင်က တစ်ယောက်တည်းအတွက် တစ်နေရာတည်းအတွက် ရည်ရွယ်ချင်မှ ရည်ရွယ်မှာလေ။ တစ်ခါတစ်လေတော့ အထက်ကလို ပါရာဒိုင်းလေးတွေယှဉ်လာတဲ့အခါ အဲဒီ အနုပညာဟာ ပိုအသက်ဝင်လာသလို ခံစားရပါလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာကို အစီအစဉ်တကျ ဖတ်မိမယ် ဆိုရင်ပေါ့။ သူနေကောင်းရဲ့လားဆိုတာ အချစ်ကဗျာလို့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတာပဲ။ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ။ 


Technorati's State of Blogosphere 2008

Technorati's State of Blogosphere 2008




အင်တာနက် သုံးဖြစ်တာနဲ့ သတင်းတွေ လိုက်ဖတ်ကြည့်တော့ Technorati ရဲ့ ၂၀၀၈ဘလောဂ်စစ်တမ်း ထွက်လာတာ တွေ့လိုက်ရတယ်။ မြန်မာပြည်မှာတော့ ဘလောဂ်ဆိုတဲ့ စကားလုံးဟာ Sensitive Word တစ်ခုလို ဖြစ်နေတယ်။ သတင်းဂျာနယ် တချို့မှာ ဘလောဂ်အကြောင်း ရေးလို့မရဘူးလို့ သိရတယ်။ ဘာဖြစ်လို့လဲတော့ မသိပါဘူး။ Technorati က ဖော်ပြထားတဲ့ Blogger နဲ့ Blogging ဆိုတာလေးက ထိမိလွန်းပါတယ်။

Blogging is…

* A truly global phenomenon: Technorati tracked blogs in 81 languages in June 2008, and bloggers responded to our survey from 66 countries across six continents.
* Here to stay: Bloggers have been at it an average of three years and are collectively creating close to one million posts every day. Blogs have representation in top-10 web site lists across all key categories, and have become integral to the media ecosystem.

Bloggers are…

* Not a homogenous group: Personal, professional, and corporate bloggers all have differing goals and cover an average of five topics within each blog.
* Savvy and sophisticated: On average, bloggers use five different techniques to drive traffic to their blog. They're using an average of seven publishing tools on their blog and four distinct metrics for measuring success.
* Intensifying their efforts based on positive feedback: Blogging is having an incredibly positive impact on their lives, with bloggers receiving speaking or publishing opportunities, career advancement, and personal satisfaction.

Techorati ဆိုတာ ဘလော့ဂါတိုင်းနဲ့ မကင်းတဲ့ Social Bookmarking နေရာတစ်ခုပါ။ Technorati ဟာ ၂၀၀၂ခုထဲက ဘလောဂ်တွေကို Indexing လုပ်လာခဲ့တာ အခုအချိန်အထိ Blog Record ပေါင်း ၁၃၃သန်း ရှိခဲ့ပြီလို့ သိရတယ်။ လွန်ခဲ့တဲ့ လေးလအတွင်းမှာတင် ဘလောဂ်စာမူပေါင်း ခုနစ်သန်းခွဲလောက် ရှိခဲ့ပါတယ်တဲ့။

ComScore ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အမေရိကန် တစ်နိုင်ငံထဲမှာတင် ဘလောဂ်တွေရဲ့ Unique Visitor ဟာ ၇၇.၇သန်းခန့် ရှိပါတယ်။ Emarketer ရဲ့ အဆိုအရ ဆိုရင်တော့ ၂၀၀၇ ခုနှစ်မှာ ဘလောဂ်ဖတ်သူ အရေအတွက်ဟာ ယူအက်(စ်) တစ်ခုတည်းမှာ ၉၄သန်းကျော်နဲ့ ဘလော့ဂါ ၂၂.၆သန်းကျော် ရှိတယ်လို့ သိရပါတယ်။ ရဲ့ အဆိုအရ ဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ ဘလော့ဂါ ၁၈၄သန်းနဲ့ ဘလောဂ်ဖတ်သူ ၃၄၆သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အင်တာနက် ပုံမှန် အသုံးပြုသူတွေရဲ့ ၇၇% က ဘလောဂ်တွေကို ပုံမှန် ဖတ်ကြသူတွေပါတဲ့။

Technorati အဓိက ထောက်ပြတဲ့ အချက်တစ်ခုက ဘလောဂ်တွေကနေ ဝင်ငွေ ရနိုင်ခြင်းပါ။ ပုံမှန်လည်ပတ်နေတဲ့ ဘလောဂ်တစ်ခုဟာ တစ်နှစ်မှာ ကြော်ငြာတွေကြောင့် ဒေါ်လာ ၆၀၀၀ ကျော် ဝင်နိုင်ပါတယ်တဲ့။ တစ်နှစ်လုံးအတွက် Unique Visitor တစ်သိန်းကျော်တဲ့ ဘလော့တွေ ဆိုရင်တော့ ဒေါ်လာ ခုနစ်သောင်းငါးထောင် ကျော်နိုင်ပါတယ်တဲ့။

ဘလောဂ်ဆိုတာ ရေစီးကြောင်း တစ်ခုပါ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ထူးခြားတာက သူ့ရဲ့ သက်ရောက်မှုပါပဲ။ မြန်မာပြည်မှာရော ဘလောဂ်တွေ ဘယ်နှစ်ခု ရှိပြီလဲ။ ဘလော့ဂါတွေ ဘယ်နှစ်ရောက် ရှိပြီလဲ။ ကျွန်တော်တို့ဆီမှာလည်း သူတို့လို သုတေသန ပြုနေတဲ့ အဖွဲ့လေးတွေ ရှိရင် သိပ်ကောင်းမှာပဲ။ မြန်မာပြည်မှာ Human Resources ကောင်းကောင်းရှိနေတယ်။ နောင်တချိန် အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တဲ့ တနေ့ကျရင် ကျွန်တော်တို့ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကိုတော့ ကောင်းကောင်း ကျော်တက်နိုင်မှာပဲလို့ ယုံကြည်နေမိတယ်။



References

http://www.technorati.com/blogging/state-of-the-blogosphere/
http://venturebeat.com/2008/09/22/technorati-releases-data-on-state-of-the-blogosphere/
http://news.cnet.com/8301-17939_109-10048448-2.html

Ozymandias

Ozymandias


Percy Bysshe Shelly


I met a traveller from an antique land
Who said: "Two vast and trunkless legs of stone
Stand in the desert. Near them on the sand,
Half sunk, a shattered visage lies, whose frown
And wrinkled lip and sneer of cold command
Tell that its sculptor well those passions read
Which yet survive, stamped on these lifeless things,
The hand that mocked them and the heart that fed.
And on the pedestal these words appear:
`My name is Ozymandias, King of Kings:
Look on my works, ye mighty, and despair!'
Nothing beside remains. Round the decay
Of that colossal wreck, boundless and bare,
The lone and level sands stretch far away.


Civilization Game ဆော့နေရင်းနဲ့ My name is Ozymandias, King of Kings: ဆိုတဲ့ စကားကို ခဏခဏ ကြားရတာမို့ ဒီအကြောင်းလေး ဂူဂယ်မှာ ရှာကြည့်တဲ့အခါ ရှယ်လီ (Percy Bysshe Shelly) ရဲ့ကဗျာ ဖြစ်နေတာ တွေ့ရတယ်။ ၁၈၁၇မှာ ရှယ်လီရေးခဲ့တာပါ။ မိတ်ဆွေဖြစ်သူ Horace Smith ရေးထားတဲ့ ကဗျာကို Compete လုပ်ပြီး ရေးခဲ့တာလို့ သိရတယ်။ အကြောင်းအရာကတော့ တစ်ခုတည်းပါ။ အီဂျစ်ဖာရိုး ဘုရင်တစ်ပါးအကြောင်း ဆိုပါတော့။ ရှယ်လီရဲ့ လက်ရေးမူပွားကိုတော့ National Library of Australia မှာ မြင်လိုက်ရတယ်။ အခုလောလောဆယ်တော့ အဲဒီကဗျာလေး တော်တော်သဘောကျ နေမိတယ်။ ဟစ်ဟော့ ဆိုချင်တဲ့သူတွေ ဒီဆွန်းနတ်တွေသာ ဖတ်မယ်ဆိုရင် သီချင်းကောင်းတွေ အများကြီး ထွက်လာနိုင်တယ်။ အသံလေးတွေ လှတာကိုး။


အနိုင်မခံ

အနိုင်မခံ


ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်တိုက်တွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏ ညွတ်ကားမညွတ်

ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောသ်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။


Invictus


Out of the Night that covers me, black as the pit from pole to pole
I thank what ever Gods may be for My unconquerable soul
In the fell clutch of circumatance I have not winced nor cried aloud
Under the bludgeoning of chance.
My head is bloody, but unbowed.

Beyond the place of wrath and tears, Loom but the horror of the shade.
And yet the meance of the years finds and shall find me unafraid.
It matters not how strait the gate, how charged with punishments in the scroll.

I am the master of my fate.
I am the captain of my soul.



ဒီဘာသာပြန် ကဗျာဟာ Invictus ဆိုတဲ့ အင်္ဂလိပ်ကဗျာကို မြန်မာမှု ပြုထားတဲ့ နာမည်ကျော် အနိုင်မခံ ဆိုတဲ့ ကဗျာပဲ ဖြစ်ပါတယ်။ မူရင်းနဲ့ ဘာသာပြန်ကို ဖတ်ကြည့်တဲ့အခါ မူရင်းကဗျာကို သိပ်မခံစားရပေမယ် မြန်မာပြန်ကတော့ အရမ်းကို မြန်မာ့လေနဲ့ ဟပ်နေပြီး ထိမိတဲ့စကားလုံးတွေကို အကောင်းဆုံး အပြောင်မြောက်ဆုံး အသုံးပြုထားနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီကဗျာကို ဗိုလ်ချုပ်အောင်ဆန်းရေးတယ်၊ ညိုမြရေးတယ်ဆိုပြီး အယူအဆ ကွဲနေကြတာကိုလည်း တွေ့ရပါတယ်။

ချင်းတွင်းချစ်သွေးကတော့ Invictus ကဗျာဘာသာပြန် အနိုင်မခံကို မူရင်းနဲ့ ဘာသာပြန် တစ်ကြောင်းစီ ယှဉ်ဖတ်ပြပြီး ကိုညိုမြရဲ့ ပြောင်မြောက်တဲ့ စကားလုံး ရွေးချယ်သုံးနှုန်းပုံတွေကို ချီးကျူးအံ့သြသွားပါတယ်။

(ညိုမြကိုလွမ်းသူတို့ရဲ့ပွဲ၊ လွမ်းသူ့စာ၊ လူထုဒေါ်အမာ၊ စာ ၁၈၆)


ခေါင်းကြီးဆိုတာ ဘယ်လိုရေးရတာလဲလို့ သူ့ကို ကျွန်မက ပြန်မေးတယ်။ ကိုညိုမြက အဆောင်ပြန်သွားပြီး အဲဒီ အိုးဝေမဂ္ဂဇင်းအတွက် သူရေးထားတဲ့ အနိုင်မခံဆိုတဲ့ ခေါင်းကြီး စာပုံနှိပ်တိုက်က လက်ပရုဖ် ရိုက်ပေးထားတာကို ယူလာပြီး ခေါင်းကြီးဆိုတာ ဒါမျိုး ရေးရတာပဲ၊ ဒါကိုဖတ်ကြည့်တဲ့။ သူ့ခေါင်းကြီးက ကောင်းပါတယ်။ နောင်အခါထိ ကျော်ကြားတဲ့ ခေါင်းကြီးပါ။

(ကိုညိုမြ၊ လွမ်းသူ့စာ၊ လူထုဒေါ်အမာ၊ စာ ၁၈၀)


ဦးညိုမြသည် ကျွန်တော့်ရုံးသို့ စာအုပ်အငှားအရမ်း ရောက်တတ်လေသည်။ ဤတွင် ထိုအနိုင်မခံ စာအကြောင်း စကားစပ်မိကြရာ သူက အောက်ပါအတိုက် မှတ်စု ရေးပေးလိုက်ပါသည်။ ၁၉၃၆ခု တက္ကသိုလ်သပိတ်ကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် ၁၉၃၇ခုနှစ်တွင် ကျွန်တော်သည် တက္ကသိုလ်သမဂ္ဂ မဂ္ဂဇင်း (အိုးဝေ)ကို တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်း နေရာကို ဆက်ခံခဲ့ပါသည်။ ထိုနှစ်က အိုးဝေခေါင်းကြီးပိုင်းတွင် (အနိုင်မခံ)ဟူသော ခေါင်းစဉ်ဖြင့် ရေးသားပါရှိခဲ့ရာ ထိုစာမှာ W.E. Henley ခေါ် အင်္ဂလိပ် စာရေးဆရာ ရေးသားသည့် Invictus ဟူသောကဗျာကို မှီး၍ ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်က ကျွန်တော်သည် တက္ကသိုလ် ထမင်းစားခန်း၌ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နှင့် တစားပွဲတည်းအတူ (ဗိုလ်ချုပ်အောင်ဆန်းလည်းပါသည်) ထမင်းစားခဲ့ရာ မင်းသုဝဏ်က ကျွန်တော်၏ စာမူကို တည်းဖြတ် အချောကိုင်ပေးခဲ့ပါသည်။ ညိုမြ။ ဖေဖော်ဝါရီ ၅၊ ၁၉၇၉

(အနိုင်မခံစာ၊ စာရေးစားပွဲပေါ်မှပုံရိပ်များ၊ တိုက်စိုး၊ စာ ၄၃)


ယင်းကဗျာကို သခင်အောင်ဆန်း ကိုယ်တိုင်ပင်လျှင် ရေးသားကြောင်းကို ကျွန်တော်ရဲရဲကြီး ထောက်ခံတင်ပြလိုပါသည်။ .... တစ်နေ့သော် သခင်အောင်ဆန်းက ကိုချမ်းမြ Captain of the Soul ကို ခင်ဗျား ဘယ်လိုပြန်မလဲဟု မေးပါသည်။ ကျွန်တော်က ပေါရာဏစကားမှာတော့ ကပ္ပတိန်ဆိုတဲ့ ဝေါဟာရမျိုးကို ထမုန်သူကြီးဟူ၍ ဆိုပါတယ်။ ဒါပေမယ့် မာလိန်မှူးဆိုရင် ပိုကောင်းပါလိမ့်မယ် ထင်တယ်ဟူ၍ ပြန်ဖြေလိုက်ပါသည်။ ဤဝေါဟာရကို လည်း သခင်အောင်ဆန်းက သဘောမကျသူပါ။ မကြိုက်သေးဘူးဗျာ၊ လူတိုင်းနားလည်နိုင်မှ ကောင်းမှာဟူ၍ပြောပြီး သူ၏ မှတ်စုအကြမ်းစာအုပ်ထဲတွင် ယင်းကဗျာ ဘာသာပြန်ကို ရေးခြစ်လိုက် ဖျက်လိုက် လုပ်နေသည်ကိုပင် တွေ့ရပါသည်။ ... ခေါင်းကြီးပိုင်းကို ရေးသားသူ၏ အမည်မှာ မဂ္ဂဇင်းတို့၏ ထုံးတမ်းစဉ်လာအရ ပါလေ့ပါထ မရှိကြပါ။ ခေါင်းကြီးပိုင်းကို တာဝန်ခံ အယ်ဒီတာများကသာလျှင် ရေးသားကြရစမြဲ ဖြစ်ပါသည်။

(သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်၊ နှောင်းခေတ်တက္ကသိုလ် ဘဝမှတ်တမ်းများ၊ မြကေတု)



ဒါကတော့ ၁၉၃၆ခုနှစ် အိုးဝေမဂ္ဂဇင်း အတွဲ (၆) အမှတ် (၁) ခေါင်းကြီးပိုင်းမှာ ပါလာတဲ့ အနိုင်မခံဆိုတဲ့ စာနဲ့ ပတ်သတ်ပြီး ထင်ရှားတဲ့ စာပေပညာရှင်တွေရဲ့ ကွဲပြားတဲ့ ထင်မြင်ချက်အချို့ပဲ ဖြစ်ပါတယ်။ ဒီစာကိုပဲ တက္ကသိုလ် ရွှေရတု နှစ်ပတ်လည် မဂ္ဂဇင်းမှာလည်း ထပ်မံ ထည့်သွင်းထားတာ ဖတ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဒီကဗျာ ကျွန်တော် ရေးခဲ့တယ်လို့ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် ညိုမြကတော့ ဆရာတိုက်စိုးကို အထက်ကလို မှတ်ချက်လေး ရေးပေးသွားတယ်။ ဒါဟာ သူရေးတယ်လို့ ဝန်ခံထားတဲ့ သဘောပါပဲ။ ၁၉၃၅-၃၆ ကျောင်းသားသမဂ္ဂရဲ့ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာက သခင်အောင်ဆန်း ဖြစ်ပါတယ်။ ညိုမြရဲ့ ငရဲခွေးကြီး လွတ်လာပြီ ဆိုတဲ့ စာမူကို ဘယ်သူရေးတယ်ဆိုတာ သခင်အောင်ဆန်းက ထုတ်ဖော်မပြောတာမို့ သခင်အောင်ဆန်းကို ကျောင်းထုတ်ပစ်ရာက ၁၉၃၆ တက္ကသိုလ်သပိတ်ကြီး ဖြစ်ပွားခဲ့ရတာပါ။ ၃၆-၃၇ မှာတော့ ညိုမြက သခင်အောင်ဆန်းနေရာ တာဝန်ခံ အယ်ဒီတာ ဖြစ်လာပါတယ်။ ဆရာညိုမြလို ပုဂ္ဂိုလ်ကြီးတစ်ယောက် အနေနဲ့ သူမရေးတဲ့စာကို သူရေးတယ်လို့ ပြောမှာ မဟုတ်လောက်ဘူးလို့ ထင်မိတယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခုက ညိုမြရေးထားတဲ့စာကို အယ်ဒီတာဖြစ်တဲ့ သခင်အောင်ဆန်းက သဘောကျပြီး ခေါင်းကြီးအနေနဲ့ ထည့်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမဟုတ် ဗိုလ်ချုပ်ရေးတဲ့စာကို ညိုမြက ကူညီပြင်ဆင်ပေးတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် တချို့သော စကားလုံး အသွားအလာ အသုံးအနှုန်းကို အယ်ဒီတာတစ်ယောက်အနေနဲ့ ဆန်းစစ် ပြုပြင်တာမျိုး ဖြည့်စွက်တာမျိုးတော့ စာရေးသူနဲ့ ညှိနှိုင်းပြီး ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ လူထုဒေါ်အမာ ကိုယ်တိုင်လည်း ပရုဖ်ဖတ်ထားတဲ့ လက်ရေးမူကို မြင်ဖူးတယ်လို့ ဆိုထားလေတော့ စဉ်းစားသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီစာဟာ အလွန်တရာ ထင်ရှားကျော်ကြားခဲ့တဲ့ စာတစ်ပုဒ် ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူရေးတယ်ဆိုတာ တိကျတဲ့ သမိုင်းနောက်ခံ ရှိသင့်ပါတယ်။ ဒွိဟ ဖြစ်ရတဲ့ နာမည်ကျော် ပုဂ္ဂိုလ် နှစ်ယောက်စလုံးကလည်း ကွယ်လွန်ခဲ့ပြီး ဖြစ်လေတော့ အတည်ပြုချက် ရယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေရှိသော အကြောင်းအရာများ၊ သက်ရှိထင်ရှား ရှိနေဦးမယ့် ဆရာကြီးများကို မေးမြန်းပြီးတော့ တိကျတဲ့ အဖြေတစ်ခုကို ပြဋ္ဌာန်းသင့်နေပါပြီ။ ပုဂ္ဂိုလ်စွဲတွေ မထားပဲ ဒီလောက် လေးနက် ပီပြင် ကောင်းမွန်လွန်းတဲ့ စာတစ်ပုဒ်ကို ဘယ်သူရေးသားခဲ့တယ်ဆိုတာ အမှန်အတိုင်း သိမယ်ဆိုရင်ပဲ ဒီစာရဲ့တန်ဖိုးဟာ ပိုပြီး မြင့်မားလာမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ရော ဒီစာကို ဘယ်သူရေးတယ်လို့ ထင်ပါသလဲ၊ သိထားပါသလဲ။

Myanmar Blogger Society

MBS ထဲမှာ လိုက်ဖတ်ရင်း မခင်မင်းဇော် ဆိုတဲ့ အမျိုးသမီးတစ်ယောက် ရေးထားတာလေးကို ပြန်တင်ထားတာ သွားတွေ့တယ်။ မြန်မာဘလော့ဂါ ဆိုဆိုက်တီး www.myanmarbloggersociety.ning.com အကြောင်းဆိုပါတော့။ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အမြင်ကို ဘာမှတော့ မပြောလိုပါဘူး။ ဒါပေမယ့် ရေးထားတာက မဟုတ်သေးတာမို့ ရင်ထဲမယ် အောက်ဂလိအာ ဖြစ်လာတယ်။

ဒီနတ်ဝေါ့ကို လုပ်မယ်ဆိုပြီး ကျွန်တော်တို့ ကြိုးစားခဲ့ကြတာ ကြာပါပြီ။ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပြီး လုပ်ဖို့ တိုင်ပင်ခဲ့ကြတယ်။ နောက်ပိုင်း အခြေအနေ အရပ်ရပ်ကြောင့် မလုပ်နိုင်ခဲ့ဘူး။ ဒါနဲ့ ဟိုတလောကမှ Ning မှာ ပထမဆုံး ဆုံရပ်တစ်ခု အနေနဲ့ ကျွန်တော် စလုပ်ခဲ့တယ်။ ကျွန်တော်မှ မဟုတ်ပါဘူး တခြားလူ စလုပ်လည်း ရတာပဲ။ သူများ မလုပ်လို့ ကျွန်တော် လုပ်ခဲ့တာပဲ မထူးဆန်းလှပါဘူး။ ဒါပေမယ့် ဒီနတ်ဝေါ့ လုပ်ဆောင်ခြင်းရဲ့ ရည်ရွယ်ချက်လေးတွေ ရှိတယ်။

အဓိကအကျဆုံး ဦးတည်ချက်က ဘလော့ဂါတွေ ကြားထဲမှာ အချင်းချင်း တစ်နေရာထဲကနေ ဆက်သွယ်နိုင်မယ့် Social Network နေရာလေးတစ်ခု ဖြစ်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်လာရင် ကျွန်တော်တို့ အချင်းချင်း ဆက်သွယ်ရေး ပိုကောင်းလာမယ်။ Cooperation ပိုကောင်းလာမယ်။ ရင်းနှီးမှု ပိုလာမယ်ပေါ့။ နောက်တစ်ခုက ဘလောဂ်ပေါင်း ထောင်ချီနေတာကို ကျွန်တော်တို့ လိုက်မဖတ်နိုင်ကြဘူး။ ဒီတော့ အဲဒီဘလောဂ်ပေါင်း များစွာကို တစ်နေရာထဲကနေ ဖတ်နိုင်အောင်၊ ဘယ်သူဟာ ဘယ်လိုစာမျိုး ရေးတယ်ဆိုတာ ခန့်မှန်းနိုင်အောင် ဖြစ်ပါတယ်။ နောက်တစ်ခုက အားလုံး အခမဲ့ ဘလောဂ်ရေးနေကြတာကနေ အင်တာနက် လောကကြီး ဖွံ့ဖြိုးလာတဲ့တစ်နေ့၊ အဲဒီအပေါ်မှာ စီးပွားရေး လုပ်ငန်းတွေ ဖြစ်ထွန်းလာတဲ့တစ်နေ့ ဒီအခမဲ့ ဘလောဂ်တွေကနေ ပိုက်ဆံဝင်လာအောင်၊ ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်လာအောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို Social Network ဆိုတာ မြန်မာလူထုကြားမှာ ခေတ်စားလာတာ သိပ်တောင် ကြာလှသေးတာ မဟုတ်ပါဘူး။ အဲဒီအတွက် လူအားလုံးက Participate လုပ်ပါမှ ဒီ ယဉ်ကျေးမှုက ပြန့်ပွားလာမှာပါ။

နားလည်သင့်တာက ဒါမျိုးလုပ်တာမှာ လူအမျိုးမျိုး စိတ်အထွေထွေ ပါလာကြတာပဲ။ ချက်အောက်ပိုင်းအကြောင်း ရေးတဲ့သူတွေ ပါလာတယ်။ နိုင်ငံရေး ရေးတဲ့သူတွေ ပါလာတယ်။ ဆဲစာဆိုစာ ရေးသူတွေ ပါလာတယ်။ အမျိုးမျိုးပဲ။ ဒါပေမယ့် ဒီနတ်ဝေါ့ဟာ ဒါမျိုးတွေအတွက် မဟုတ်ပါဘူး။ ကိုယ်ပိုင် ဘလောဂ်မှာ ကိုယ့်ဘာသာ ကြိုက်တာရေး ပြဿနာ မရှိပေမယ့် လူပေါင်းများစွာနဲ့ လုပ်နေတဲ့ အလုပ်မှာတော့ ပြဿနာ ရှိပါတယ်။ လူတစ်ယောက် Porn အကြောင်း ရေးတာနဲ့ ဘလော့ဂါတွေ ဒါတွေ ရေးနေတာပဲလို့ အပြောမျိုးတော့ မဖြစ်စေချင်ဘူး။ ဒီတော့ စည်းမျဉ်းတွေ သတ်မှတ်ရတယ်။ ဒီလိုသတ်မှတ်တော့လည်း ဒီမိုကရေစီကို ရေလဲသုံးပြီး ဘာလုပ်လုပ် ယူဇာနဲ့ တိုင်ပင်ရမယ် ဘာညာ လုပ်လာကြတယ်။ အရာအားလုံးမှာ သူ့အကန့်နဲ့ သူရှိတယ်။ သူ့စည်းမျဉ်းနဲ့ သူရှိတယ်။ ဒီနတ်ဝေါ့ကိုလည်း ပါတီစီပိတ် လုပ်သေးတယ်။ ဒီစည်းမျဉ်းကိုလည်း လက်မခံနိုင်ဘူးဆိုတာဟာ Group Project, Group Work မလုပ်တတ်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကို လုပ်ခဲ့ကြတဲ့ လူအားလုံး အစည်းအဝေးတွေတက်၊ ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်ကြတာပါ။ တစ်ခါမှ အစည်းအဝေးလည်းမလာ၊ ဘာ Cooperation မှလည်းမလုပ် တစ်ခါမှ Blog Activities တွေမှာ မပါဝင်ခဲ့ဖူးသူတွေက ဒါမျိုးတွေ ပြောကြတာကတော့ တော်တော့်ကို ရယ်စရာ ကိစ္စပဲ ဖြစ်ပါတယ်။

အဲဒီမှာ မော်ဒီရေတာ လုပ်နေကြသူတွေဟာ အင်တာနက်လောကမှာ တော်တော်ကျင်လည်ခဲ့ကြပြီးသူတွေ ဖြစ်ပါတယ်။ ဖိုရမ်တွေရေး၊ ဘလော့တွေရေး၊ မိုက်ခရိုဘလော့ဂင်းတွေလုပ်ရင်း အတွေ့အကြုံ ရှိဖူးသူပါ။ မော်ဒရေတာတိုင်းမှာ အခက်အခဲတွေ ရှိတယ်။ ဒါကို မော်ဒရေတာ လုပ်ဖူးသူတွေပဲ သိတယ်။ လူပေါင်းများစွာနဲ့ အလုပ်လုပ်ရာမှာ တိကျတဲ့ စည်းမျဉ်း ရှိဖို့ လိုပါတယ်။ အဲဒီစည်းမျဉ်းတွေကို လိုက်နာနိုင်မှလည်း ဒီနတ်ဝေါ့က အရှည်သဖြင့် တည်တံ့မယ်။ အဲဒီအတွက် မည်သူ့ကိုမဆို စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်လာရင် ပထမဆုံး သတိပေးတယ်၊ အဲဒီလို သတိပေးလို့မှ မရရင် ဘန်းပစ်ရပါတယ်။ ဒါဟာ ဝဘ်လောကမှာ ကောင်းကောင်းကြီး ကျင်လည်ဖူးသူတိုင်း သိကြတဲ့ ကိစ္စတွေပါ။ ဒီနေရာမှာ နိုင်ငံခြားနဲ့ မြန်မာကို နှိုင်းယှဉ်လို့တော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ မြန်မာပြည်မှာ အကန့်အသတ်တွေ ရှိတယ်။

ဒီနတ်ဝေါ့ကို စလုပ်ကတည်းက အနှောက်အယှက် အမျိုးမျိုး တွေ့ရပါတယ်။ ကျွန်တော်တို့က Fake User တွေကို မလိုချင်ပါဘူး။ ဒါကြောင့် ဘလော့ဂါဆိုရင် ကိုယ်ပိုင် ဘလောဂ်တစ်ခု နာမည် ထည့်ရမယ်။ ဘလောဂ်ဖတ်သူဆိုရင် Blog Reader ဆိုတာလေး ရွေးရမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ထားပါတယ်။ ဒါမှ အားလုံးက ဘလော့ဂါလား၊ စာဖတ်သူ သက်သက်လားဆိုတာ သိမှာပါ။ ဒါပေမယ့် အဲဒါကို မလိုက်နာဘဲ ပုံစံအမျိုးမျိုး အတုအမျိုးမျိုး လုပ်ပြီး ဝင်လာကြသူတွေ အများကြီးပါ။ ဦးတည်ချက် ရှိရှိနဲ့ ဝင်နှောက်ယှက်သူတွေလည်း အများကြီးပါပဲ။ ဝင်လာတယ် ပြီးတော့ ရေးချင်ရာရေးပြီး ခဏလေးနဲ့ ပြန်ထွက်သွားတယ်။ နောက်ပြန်ဝင်လာတယ်။ ဒီနတ်ဝေါ့မှာ ပြဿနာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဓာတ်ပုံတွေ လာတင်တယ်။ ပြန်ထွက်သွားပြန်တယ်။ ဒါမျိုး အများကြီး ကြုံခဲ့ရတယ်။ အဲဒီအတွက် ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်ခွင့်မပေးတော့ဘူး။ သလာယံဇရပ် မဟုတ်ပါဘူး။ အဲဒီအတွက် ဝင်မယ် ထွက်မယ်ဆိုရင် အသိပေးတဲ့စနစ် ထားလိုက်ရတော့တယ်။ ထွက်မယ်ဆိုတဲ့သူကို မတားထားပါဘူး။ ဒါပေမယ့် မော်ဒရေတာကို အသိတော့ ပေးရပါမယ်။ Just send a message ပါ။ ဒါဆိုရင် မော်ဒိရေတာက လုပ်ပေးပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လို့ ဘယ်အဖွဲ့အစည်းမှာများ ကြားဖူးပါသလဲဆိုတာ မေးချင်မိပါသေးတယ်။ ဘယ်နေရာမဆို Rules and Regulations ရှိပါတယ်။ Myanmar Blogger Society ပါဆိုမှ ဘလော့ဂါ မဟုတ်တဲ့ ဆိုက်ကားသမား လာအဖွဲ့ဝင်တာမျိုး ကျွန်တော်ကတော့ သဘောမကျဘူး ရှင်းရှင်းလေးပဲ။ ဘလောဂ်ဖတ်သူ ခွဲတယ်ဆိုတာက အဆင့်ခွဲတာ မဟုတ်ပါဘူး။ စာရေးဆရာရှိသလို ပရိသတ်ရှိတယ်။ ပရိသတ်ဟာ စာရေးဆရာ မဟုတ်သေးဘူး။ နောင်တချိန် ပရိသတ်က စာရေးဆရာ ဖြစ်လာတဲ့အခါ စာရေးဆရာ အသင်းဝင်လိုက်ပေါ့။ ဒါဟာ ဘာများထူးခြားလို့လဲ။ ဘာလူ့အခွင့်အရေး ချိုးဖောက်နေလို့လဲ။ ဘယ်သူကမှ ဘယ်သူ့ကို မထိန်းချုပ်ထားဘူး။ ဒီနတ်ဝေါ့လေး အရှည်သဖြင့် တည်တံ့အောင် ကြိုးစား လုပ်နေကြတာပဲ ရှိတယ်။

အဆိုးဝါးဆုံးဖြစ်တဲ့ ဒီလိုလူတွေက ဒါမျိုးကို ဦးဆောင်နေရသလားဆိုတဲ့ အပြောမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူတွေအကြောင်း ဘယ်လောက် အသေးစိတ်သိလို့ ဒါမျိုး ပြောနေရတာလဲဆိုတာတော့ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အိုကေ ဒီလူတွေ မကောင်းဘူး ဒါဆိုရင် မခင်မင်းဇော်က ကမကထလုပ်ပြီး တာဝန်ယူ လုပ်မလား။ ဒီလူတွေကို ဒါမျိုးပြောတော့ မခင်မင်းဇော်ကရော ဘာများလဲလို့ သိချင်လာမိတယ်။ ဒီလောကမှာ ဘယ်သူတွေ ဘယ်စိတ်ဓာတ်ရှိတယ်၊ ဘာတွေ လုပ်နေတယ် ဆိုတာ တော်တော်များများ အချင်းချင်းဆို သိကြပါတယ်။ တတ်နိုင်သမျှ အသင်းအဖွဲ့ လုပ်နေရတဲ့ ကိစ္စတွေမှာ အခြေအနေ အရပ်ရပ်ကို နားလည်စေချင်တယ်။ စိုးမင်းဟာ ဒီနတ်ဝေါ့ကြီး တစ်ခုလုံးရဲ့ System ပိုင်းကို အားတက်သရော လုပ်ပေးခဲ့တဲ့၊ လုပ်ပေးနေတဲ့ သူတစ်ယောက်ပါ။ သူ့ကြောင့် ဒီ Ning Network မှာ လုပ်လို့ မရတဲ့ ဖန်ရှင်အချို့ကို ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ သူနဲ့ သိခဲ့ကြတာ အခုမှလည်း မဟုတ်ပါဘူး။ ကြာခဲ့ပြီ။ နောက်တစ်ခုက သူလုပ်တဲ့ ကိစ္စတွေဟာလည်း ကျွန်တော်တို့အားလုံး သိပြီးမှ လုပ်ကြတာပါပဲ။ အဝင်အထွက်တွေ Intentionally အကြိမ်ပေါင်းများစွာ လုပ်နေတာ တွေ့ရလို့ အဲဒီဖန်ရှင်ကို ကျွန်တော်တို့ ခဏ ပိတ်ထားမယ်ဆိုပြီး ပိတ်ထားလိုက်တာပါ။ ခင်မင်းဇော်က ကျွန်တော်တို့ မြန်မာဘလောဂ်လောက ဖွံ့ဖြိုးတိုးတက်တာကို မြင်ချင်တယ်ဆိုရင် စတာတောင် ၁လမရှိသေးဘူး ဒါမျိုး မရေးသင့်ပါဘူး။ အခက်အခဲရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ညှိနှိုင်းတိုင်ပင်လုပ်ယူလို့ ရပါတယ်။ အခုန အခြေအနေတွေကို နားလည်သင့်ပါတယ်။

အပြုသဘောဆောင်တဲ့ အကြံပေးချက် ဆွေးနွေးချက်တွေကို ကျွန်တော်တို့ လက်ခံရပါတယ်။ ဒါပေမယ့် အခွင့်အရေး ဆိုတာ လူတိုင်းလူတိုင်းကို အကုန်ပေးလို့ မရနိုင်ပါဘူး။ ဒီ Culture မှာ ပျော်ဝင်မယ်ဆိုရင် ဒီ Cultureရဲ့ သဘောသဘာဝ၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ သဘောသဘာဝ၊ ကိုယ့်လူတွေရဲ့ သဘောသဘာဝ တွေကိုတော့ သိဖို့ လိုပါလိမ့်မယ်။ ကျွန်တော် တော်တော် စဉ်းစားမိတယ်။ ဘာလို့ မြန်မာတွေဟာ Difficult to deal ဖြစ်ရသလဲလို့။ အဓိကကတော့ အလုပ်သဘောကို နားမလည်လို့ပဲ။ Community နဲ့ မဆက်ဆံ တတ်လို့ပဲလို့ မြင်တယ်။ အိုကေ အမ်ဘီအက်စ်ရဲ့ အခု မော်ဒိရေတာ အဖွဲ့ထဲမှာ ကျွန်တော် မပါပါဘူး။ ဒါပေမယ့် ဒီကိစ္စဟာ ကျွန်တော်အဲဒီမှာ ရှိနေစဉ်က ဖြစ်ခဲ့တာ တစ်ခုမို့၊ ပြီးတော့ ကျွန်တော်ပါဝင် စခဲ့မိတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့ သူများတွေ အဲဒီစာဖတ်ပြီး သို့လောသို့လော ဖြစ်မှာစိုးတာကြောင့် ကျွန်တော် ပြန်ရေးလိုက်တယ်။ ကျွန်တော် သူမကို ပါဆင်နယ် မသိပါ။ ကျွန်တော် ဒါရေးတာဟာလည်း လက်ရှိ အမ်ဘီအက်စ် နတ်ဝေါ့နဲ့ ဘာပတ်သတ်မှုမှ မရှိပါ။


A Dead Bee Make No Honey

ဒီနေ့ နေ့တစ်ဖိုရမ်ထဲမှာ စာအဟောင်းလေးတွေ ပြန်ဖတ်ရင်း ကိုတာရာမင်းဝေ ရေးသွားတဲ့ ခေတ်နေအတွက် စာတစ်ရွက်ဆိုတဲ့ စာအုပ်ထဲက အင်္ဂလိပ် စကားပုံလေး တစ်ခုကို သိပ်သဘောကျမိသွားတယ်။

A Dead Bee Make No Honey

သေနေတဲ့ ပျားတွေကနေ ပျားရည်မရနိုင်ဘူး ဆိုပါတော့။ အဲဒီအထဲမှာ သူက သူ့သားအတွက် ပေးသွားတဲ့ မက်ဆေ့က အလုပ်တစ်ခုကို အကောင်အထည် ဖော်ဖို့ပဲဖြစ်ဖြစ်၊ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ဖို့ပဲဖြစ်ဖြစ် ထပ်ခါထပ်ခါသော လူရွေးချယ်မှုတွေကို သားဘဝမှာ လုပ်နေရဦးမှာပဲ။ ကိုယ်တိုင်က လူမှု အဆောက်အဦရဲ့ အစိတ်အပိုင်း ဖြစ်နေတော့ ဒီအလုပ်ဟာ မသေမချင်း လုပ်သွားရမယ့် အလုပ်ပဲ။ အသင့်တော်ဆုံးဖြစ်အောင် လိုက်ဖက် မှန်ကန်မှုရှိအောင် Opinion Polls လို့ခေါ်တဲ့ တွေးခေါ်ရွေးချယ်မှုကို သားစနစ်တကျ သုံးရလိမ့်မယ်။ ဒီနေရာမှာ ပြတ်သားဖို့လည်း လိုတယ်။

ကျွန်တော် ဒီစကားပုံလေး ဖတ်လိုက်ရတော့ အမြင်နှစ်မျိုး မြင်မိတယ်။ သူပြောတာတော့ ခေါင်းထဲ ရောက်မလာပါဘူး။ ပထမတစ်ခုက ပျားရည်ထုတ်ချင်တဲ့ပျားဟာ အသက်သေလို့မဖြစ်ဘူး ဆိုတာရယ် သောက်သုံးမကျတဲ့ သူတွေဆီကနေ ဘာအကောင်းမှ မရနိုင်ဘူး ဆိုတာရယ် ။

တွန့်နေ ခေါက်နေ ကြေနေတဲ့ စာရွက်တွေကို ဘယ်လို ထိန်းသိမ်းရမလဲ

အရမ်းတွန့်နေ ခေါက်နေ ကြေနေတဲ့ စာရွက်တွေကို ဘယ်လို ထိန်းသိမ်းရမလဲလို့ မိတ်ဆွေ တစ်ယောက်က မေးလာလို့ ကျွန်တော်သိသလောက် ပြောပြပါမယ်။ များသောအားဖြင့် စာအုပ်အဟောင်းတွေဟာ စက္ကူသား မကောင်းကြဘူး။ ဒါကြောင့် တော်တော်လေး ကြာလာရင် စာရွက်တွေ ဆွေးလာတယ်။ တချို့စာရွက်တွေက အဟောင်းဆိုင်တွေမှာ ဒီအတိုင်း ပစ်ထားတာမို့ အစွန်းတွေ ခေါက်နေ တွန့်နေတယ်။ အဲဒီလို ခေါက်တာ တွန့်တာ ကြာလာတော့ အဲဒီ အတွန့်အခေါက်တွေကို ရိုးရိုး သွားပြီး ဖြန့်မယ်ဆိုရင် စာရွက်တွေ ပြတ်ထွက်ကုန်တတ်ပါတယ်။ ပြီးတော့ သာမန် ဖြန့်လိုက်မယ်ဆိုရင် သူ့ရဲ့ ခေါက်ရိုးကျိုး အရာကြီးက အနာဖြစ်သွားတာမို့ နောင်ကြာရှည်ရင် မကောင်းဘူး။ ဒီတော့ ဒီလိုလေး လုပ်ကြမယ်။ လိုအပ်တဲ့ ပစ္စည်းတွေက ဓားထက်ထက်၊ မီးပူ၊ အဝတ်တွေ မီးပူထိုးတဲ့ ကော်ရည် (စီးတီးမတ်မှာရတယ်)၊ တိပ် စတာတွေ ဖြစ်ပါတယ်။ စာရွက်သားကလည်း ဟောင်းမြင်းနေပြီ။ ခေါက်ရိုးကျိုးရာကလည်း အရမ်းကို ကြာနေပြီဆိုရင် ဒီနည်းလမ်းက အကောင်းဆုံးပါ။

ပထမဆုံး ကော်ရည်နဲနဲလောက်ကို ကော်ပြားဖြစ်ဖြစ် တစ်ခုခုပေါ်မှာ ဖြန်းလိုက်ပါ။ ပြီးရင် ကိုယ်ထိန်းသိမ်းမယ့် စာအုပ်ကို ယူပါ။ ခေါက်ရိုးကျိုးနေတဲ့ နေရာတွေ စာမျက်နှာတွေကို မှတ်သားပါ။ မဖြန့်သေး ပါနှင့်။ သင့်လက်ညှိုးဖြင့် ကော်ပြားပေါ်မှာ ကော်ရည်နဲနဲကို တို့ယူလိုက်ပါ။ ထို့နောက် ထိုခေါက်နေသော နေရာများကို တို့ရုံသာ တို့လိုက်ပါ။ ယခင်က ပြားကပ်နေအောင် ကျိုးနေသော စာရွက်အစွန်းလေးများ ပြန်ပြီး ကွာထွက်လာတာ တွေ့ရပါလိမ့်မယ်။ ပြီးရင် အဲဒီ ကွာလာတဲ့ အစွန်းလေးတွေကို ဓားဦးချွန်လေးနဲ့ ဖြေးဖြေး ဖြန့်ယူပါ။ မီးပူကို အပူချိန် ၄-၅ လောက်မှာ ထားပါ။ ပူလာလျှင် ခုနက ဖြန့်ထားသော စက္ကူအစွန်းများပေါ်သို့ ဖိလိုက်ခွာလိုက် သုံးကြိမ်ခန့် လုပ်ပေးပါ။ မီးပူကို မတိုက်ပါနှင့်။ စက္ကူကျွမ်းသွားအောင်လည်း အချိန်မကြာစေပါနှင့်။ ပြီးလျှင် ယခင်က ပျော့ဖတ်တွန့်ကြေနေသော အနားစွန်းများ တောင့်တောင့်လေးနှင့် ပြန်ပြီး အိုကေသွားတာကို တွေ့ရပါလိမ့်မယ်။ အချို့သော ခေါက်ကျိုးတာ မကြာသေးတဲ့ စာရွက်တွေဆိုရင် ခေါက်ကျိုးရာ ပျောက်သွားတာ မြင်ရပါလိမ့်မယ်။

တချို့စာအုပ်တွေက အရမ်းဆွေးနေလို့ ပိုးစားခံရလို့ အနားစွန်းတွေ ပြတ်ထွက်ခါနီး ဖြစ်နေတယ် ဆိုရင်တော့ အဲဒီလို လုပ်ပြီးရင် 3M တိပ်လေးနဲ့ ကပ်ပေးဖို့ လိုပါလိမ့်မယ်။ သာမန် အဝတ်မီးပူတိုက်တာကနေ ရလာတဲ့ အကျိုးရှိတဲ့ နည်းလမ်းလေးပါ။ မခက်ပါဘူး။ အချိန်လေး နဲနဲပေးလိုက်တာနဲ့ ကိုယ့်စာအုပ်လေးတွေ သပ်သပ်ရပ်ရပ် ဖြစ်သွားစေနိုင်ပါတယ်။

Diary 30.08.2008

မိသားစု ပြဿနာကြောင့် အိပ်ရေးပျက်တာတွေများ၊ စိတ်တွေရှုပ်နေတာမို့ နှုတ်ခမ်းမှာ ရေယုန်ပေါက်လာတယ်။ ဒီပိုးကို ဘယ်လိုမှ သတ်လို့ မရဘူး။ ငယ်ငယ်ထဲက စိတ်ညစ်စရာတွေ များလာရင် သိပ်ပင်ပန်းလာရင် ခဏခဏ ဖြစ်တယ်။ နေရထိုင်ရခက်တယ်။ စီဗစ်တွေ အများကြီး သောက်ပစ်လိုက်တယ်။ အန်နာဗွန်စီ ဝယ်ထားတယ်။ ညကျရင် သောက်ရမယ်။

အပြင်ထွက်တော့ တက်စီသမားနဲ့ စကားပြောဖြစ်တယ်။ သူ့ကားက ဓာတ်ဆီကား။ အခုဆို ဓာတ်ဆီကို လိုသလောက် ဝယ်လို့ ရပေမယ့် အက်(ဖ်)အီးစီနဲ့ ဝယ်ရတယ်လို့ ပြောတယ်။ ၃.၇ကျပ် ဆိုလား ပေးရသတဲ့။ လက်ရှိပေါက်ဈေးအတိုင်း ဆိုရင် လေးထောင်ကျော်ပေါ့။ ခက်တာက အက်(ဖ်)အီးစီကို တရားဝင် ဘယ်နေရာကမှ ဝယ်မရလို့ မှောင်ခိုကနေ ဝယ်ရသတဲ့။ အဲဒါဟာ မှောင်ခိုကို အားပေးတာ တစ်မျိုးပဲ မဟုတ်လားလို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော့်မှာ သူပြောတာ ကြားရတော့ ဟိုနေ့က အဖြစ်အပျက်လေး သွားသတိရတယ်။ အိမ်မှာ သူငယ်ချင်းတစ်ကောင် နိုင်ငံခြား မထွက်ခင် ဖုန်းဆက်သွားတာ ၂၁ဒေါ်လာ ကျနေတယ်။ ကိုယ်က မသိတော့ ဖုန်း အပိတ်ခံရပါလေရော။ ဒါနဲ့ အက်(ဖ်)အီးစီ သွားဝယ်ရတယ်။ တစ်ဒေါ်လာ မြန်မာငွေ ၁၂၅၀ ပေးရတယ်။ ငွေစက္ကူပေါ်မှာ မည်သည့် ပျက်စီးဆုံးရှုံးမှုကိုမဆို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံစဉ်းစားမည် မဟုတ်ပါလို့ ရေးထားသေးတယ်။ ထားပါတော့။ ဒါနဲ့ ၂၁ဒေါ်လာ ဝယ်ပြီး ဖုန်းခွန် သွားဆောင်ပါတယ်။

ကျွန်တော် အဲဒီကို ရောက်သွားတော့ ၁၁နာရီခွဲ။ တန်းစီနေတဲ့ လူအုပ်ကြီးက ကြောက်ဖို့တောင် ကောင်းတယ်။ ပထမဆုံး ဘီလ်မိတ္တူ ထုတ်ရတယ်။ ၄၅မိနစ် တိတိကြာတယ်။ လူလည်း ချွေးတွေသံတွေနဲ့ စုတ်ပြတ်သွားတာပဲ။ အဲဒါပြီးတော့ ပိုက်ဆံသွင်းရတယ်။ နောက်တစ်နေရာပြောင်းပြီး တန်းစီရပြန်တယ်။ တစ်နာရီခွဲနီးပါး ကြာတယ်။ ကျွန်တော့် တန်ဖိုးရှိတဲ့ နေ့လည်တစ်ခုလုံး တန်းစီတာနဲ့ အချိန်ကုန်သွားခဲ့တယ်။ နိုင်ငံခြားမှာ ကျွန်တော်တို့ အချိန်လုံးဝ မကုန်ဘူး။ နေရာအနှံမှာ ဘီလ်ဆောင်လို့ရတယ်။ သူတို့ဆီမှာ အချိန်က တန်ဖိုး ရှိတာကိုး။ လူတွေက တန်ဖိုး ရှိတာကိုး။ ဒီမှာတော့ ၂နာရီကို မှီအောင်လည်း သွားရတယ်။ ပြီးတော့ အချိန်တွေ အများကြီး ကုန်တယ်။ လူတွေလည်း ပင်ပန်းတယ်။ အခုနကလို တရားဝင်ပေးတဲ့ ငွေကို မှောင်ခိုကနေလည်း ဝယ်ရသေးတယ်။ နောက်ဆုံးတော့ မှောင်ခိုတွေအတွက် ဂွင်ကြီးကို ဖြစ်လို့။ ဟုတ်တယ်လေ။ သူတို့ကိုတောင် ကျေးဇူးတင်နေရသေးတယ်။ နို့မို့ဆို ဘယ်မှာ သွားဝယ်ရမယ်တောင် မသိတော့ဘူး။

ကားသမားက ဆက်ပြောနေတယ်။ ကျွန်တော့်မှာဗျာ အက်(ဖ်)အီးစီ ဈေးတက်မှာကို ကြောက်နေတယ်၊ ဈေးကျတုန်း ကြိုဝယ်ထားပြန်ရင်လည်း ကိုယ်ဆောင်ခွင့် မရှိလို့ အဖမ်းများ ခံရမလား မသိပါဘူးဗျာတဲ့။ ဆီဆိုင်တွေက ဘာလို့ မြန်မာငွေ လက်မခံရတာလဲတဲ့။ အက်(ဖ်)အီးစီကိုရော ဘာလို့ တရားဝင် ဝယ်လို့ မရတာလဲတဲ့။ သူကလည်း တတွတ်တွတ် ပြောနေတယ်။ ကျွန်တော်လည်း နောက်လ ဖုန်းဘီလ် သွားဆောင်ရမှာကို တွေးပြီး စိတ်ညစ်နေ မိတော့တယ်။


မိုးပေါ်မှာ ကြယ်တလုံး

Image Hosted by ImageShack.us


ဒီစာအုပ်က အလွန်ရှားပါးတဲ့ စာအုပ်တစ်အုပ်ပါ။ ကဗျာစာအုပ် မဟုတ်ပါဘူး။ ဆရာမင်းသုဝဏ် ရှားရှားပါးပါး မြန်မာ့ နက္ခတ်တာရာ အကြောင်းတွေ ရေးထားတဲ့စာအုပ် ဖြစ်ပါတယ်။ အပြင်စာအုပ်အဟောင်း ဆိုင်တွေမှာတောင် သိပ်ရှိလှတာ မဟုတ်ပါဘူး။ စာအုပ်က ပါးပါးလေးပေမယ့် ဝယ်တုန်းက ၄၀၀၀ကျော် ပေးခဲ့ရတယ်။ အရင်က တင်ထားတာ လင့်က ပျက်သွားတယ်။ အသစ်ပြန်တင်ပေးထားပါတယ်။ ကျွန်တော် စမ်းကြည့်တာတော့ အဆင်ပြေတယ်။ မရရင် ပြန်ပြောပါ။


Download Link [Pdf][3.5Mb]
Mirror [download] [3.0Mb]


လိပိဒီပိကာကျမ်း



ဒီစာအုပ်ကတော့ ယောမင်းကြီးရဲ့ ပြောင်မြောက်လှတဲ့ မြန်မာကြေးနန်းရိုက်နည်း ကျမ်းစာအုပ်ပါ။ ဒါဟာ မြန်မာစာကို Encrypt လုပ်ခြင်းရဲ့ အခြေခံအကျဆုံး အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ပထမဆုံး ရေးသားတဲ့ ကျမ်းစာအုပ် ဖြစ်တာမို့ ကျွန်တော် သိပ်သဘောကျပါတယ်။ ယောမင်းကြီးဟာ လယ်တီ ဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကတောင် လေးစားခံရတဲ့သူ ဖြစ်တာမို့ သူ့အတွေးအခေါ် ဉာဏ်ပညာက အလွန်ပဲ ကြီးမားသူပါ။ လိပိဒီပိကာကျမ်းဟာ တိုတိုလေးပေမယ့် ယောမင်းကြီး ရှင်းပြသွားချက်တွေက အလွန်ပဲ ရှင်းလင်း ထင်ရှားတာမို့ သဘောပေါက် လွယ်ကူစေပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီကြေးနန်းရိုက်နည်းကို အခြေခံပြီး မြန်မာစာလုံးတွေကို Encrypt-Decrypt လုပ်ဖို့ ကြိုးစားခဲ့တာ ၉၇% အောင်မြင်ခဲ့ပါတယ်။ နောင်ဆို အီးမေးလ်တွေကို သက်ဆိုင်သူမှတပါး အခြားဘယ်သူမှ ပရိုက်ဗေဆီ ချိုးဖောက်ပြီး ကြားထဲက ဖတ်ရှုလို့ မရနိုင်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဖိုင်ဆိုဒ်တွေလည်း လျှော့ချနိုင်ပါလိမ့်မယ်။


Download : PDF : 152K


ကဝိလက္ခဏာသတ်ပုံသံပေါက်



ဒီစာအုပ်က ကဝိလက္ခဏာ သတ်ပုံသံပေါက်တွေကို မြန်မာသက္ကရာဇ် ၁၂၆၂ မှာ ပါဠိဆရာ ဦးဖြေကနေ တည်းဖြတ် ထားတဲ့ စာအုပ်ပါ။ ယငယ်ရေးသတ်ပုံ၊ သဒ္ဒါနုသာရီ စတာတွေကိုတော့ ကျွန်တော် Digitize လုပ်မထားဘူး။ ကျွန်တော့်ဆီမှာ ဒီသတ်ပုံသံပေါက် မူကွဲ ၄-၅ ခုရှိပါတယ်။ ဆရာဖြေ မှားနေတာတွေလည်း တွေ့ရတယ်။ ဒါပေမယ့် ပြင်မထားပါဘူး။ မူရင်းစာအုပ်အတိုင်းပဲ ကူးထားလိုက်တယ်။ နောက်များကြမှ Different Version တွေကနေ ဖြစ်လာတဲ့ ကွဲပြားမှုတွေကို တင်ပေးပါဦးမယ်။ ဒီအထဲမှာ သတ်ပုံသံပေါက် ၁၇၉၃ခု ပါဝင်ပါတယ်။ ဒီသံပေါက်တွေရဲ့ အနက်ကို အကျယ်ဖွင့်ထားတာက လေးပုံတစ်ပုံတောင် မရှိသေးပါဘူး။ အချို့သံပေါက်တွေက လွယ်ကူပြီး အချို့သံပေါက်တွေကတော့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ သံပေါက်တစ်ခုဟာ တစ်ကြောင်းသာ ရှိပေမယ့် အဲဒီသံပေါက်ကို ဖွင့်ဆိုရတဲ့ အကျယ်ရှင်းလင်းချက်တွေက စာမျက်နှာပေါင်းများစွာ ရှိနေတတ်ပါတယ်။ ဒီစာအုပ်ကို နာဂစ်ဖြစ်ပြီးတဲ့ကာလ လပွတ္တာမြို့မှာ ရှိနေစဉ် ညတွေမှာ ရိုက်ထားတာ ဖြစ်ပါတယ်။

Download : PDF : 278K


Chronicle of Buddha

Image Hosted by ImageShack.us


ဆရာကြီး ဦးဘကြည်ရဲ့ အကောင်းဆုံး လက်ရာတွေပါ။ တန်ဖိုးအလွန်ရှိတဲ့ စာအုပ်ပါပဲ။

Download [Pdf][4.8Mb]

Fuzzy Logic


မုန်တိုင်းကြောင့် သစ်ပင်တွေ လဲကုန်လိုက်တာ မနည်းပါဘူး။ အဲဒါတွေကိုမြင်တော့ ကျွန်တော့်ခေါင်းထဲ အဆိုတော် ဒေါ်မာမာအေးရဲ့ " တစ်ပင်ထီးထီး သစ်ပင်ကြီးဟာ ကြီးမားထယ်ဝါ " ဆိုတဲ့သီချင်း ခေါင်းထဲရောက်လာတယ်။ ဟိုးအရင်က တီဗွီမှာ မုန်းလောက်အောင် လာတဲ့သီချင်း အခုတော့လည်း တခါတလေ ကြားချင်လို့တောင် မလွှင့်တော့ပါဘူး။ အဓိပ္ပာယ်ကတော့ တစ်ပင်ထဲရှိရင် မုန်တိုင်းဒဏ်ကို မခံနိုင်ဘူး၊ အပင်တွေ ယှက်နေရင်တော့ ခံနိုင်တယ်ပေါ့၊ စည်းလုံးမှုရဲ့ အင်အား ဘာညာပေါ့။ အခုလို အင်နဲ့အားနဲ့ တိုက်ထည့်လိုက်တော့ သစ်တောအုပ်တွေလည်း ကုန်တာပဲ။ ထူးဆန်းတာက တချို့ တစ်ပင်ထဲ ရှိနေတဲ့ အပင်တွေက ကျန်နေတယ်။ အဲဒီမှာ ကျွန်တော်တို့ ယေဘုယျ လက်ခံနေကြတဲ့ အယူအဆတွေဟာ ခေတ်တော်တော် နောက်ကျနေပြီလို့ အတွေးစဖြစ်လာတယ်။ ကျွန်တော်တို့ဟာ မတူညီတဲ့ အင်အား ချိန်ခွင်လျှာတွေကိုလည်း ထည့်တွက်ဖို့ လိုတယ်ဆိုတာ သိလာတယ်။ ဘာကိုမှ တရားသေ စဉ်းစားလို့ မရနိုင်တော့ဘူး။ ဒါကြောင့်လည်း Fuzzy Logic လိုဟာမျိုးဟာ ကမ္ဘာကျော်ခဲ့တာ ဖြစ်မယ်။




19 August, 2008


ဘဝမှာ အသက် တစ်ရက်တစ်ရက် ကြီးလာတိုင်း လောကပတ်ဝန်းကျင်ဟာ စိတ်ကုန်စရာ ကောင်းတယ်လို့ မြင်နေမိတယ်။ အတိုက်အခိုက်၊ အငြင်းအခုံ၊ အပြိုင်အဆိုင် ဒါတွေကြားထဲမှာ ကျွန်တော် ဘာကြောင့်များ ရှင်သန်နေရတာလဲလို့ တွေးမိတယ်။ တကယ်တော့ ကျွန်တော် စကားတွေလည်း သိပ်မပြောချင်တော့ဘူး။ များသောအားဖြင့် တစ်ယောက်တည်း နေတာ များပါတယ်။ စိတ်ချမ်းသာတယ်။ အိမ်ကို ပျင်းလို့လာလည်တဲ့ သူငယ်ချင်းတွေကပြောတယ်။ ကျွန်တော့်တို့အိမ်က တော်တော် ပျင်းဖို့ကောင်းတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျွန်တော့်အိမ်မှာ ဘာဖျော်ဖြေမှုမှ မရှိဘူး။ ဒီဗွီဒီစက်လေး ပျက်နေတာလည်း ကျွန်တော် မပြင်ဖြစ်ဘူး (ကိုယ်မှသိပ်မကြည့်ဖြစ်တာ)၊ ရုပ်မြင်သံကြားကတော့ မကြည့်တာ ဘယ်နှနှစ်တောင် ရှိပြီ မသိဘူး။ စလောင်းတပ်မယ် ဆိုတော့လည်း အဖမ်းပဲခံရတော့မလိုလို ဘာလိုလိုဆိုတော့ မတပ်ဖြစ်ပြန်ဘူး။ အခုနောက်ပိုင်း သီချင်းတောင် နားမထောင်ဖြစ်ဘူး။ အဖေကပြောဖူးတယ် တီဗွီတို့ ရေခဲသေတ္တာတို့ အဲယားကွန်းတို့ဟာ ဇိမ်ခံပစ္စည်းမဟုတ်ဘူးတဲ့ အခြေခံပစ္စည်းတဲ့။ ဟုတ်တယ် ကျွန်တော်လည်း အဲဒါကို သဘောကျတယ်။ ကံမကောင်းချင်တော့ ကျွန်တော်က အဲဒါတွေကို မခံစားတတ်ဘူး ဖြစ်နေပြန်ရော။ အဲယားကွန်း အခန်းထဲမှာ တစ်ညအိပ်လိုက်ရင် မနက်ဆို ကျွန်တော် သေတော့မယ်။ ဇာတာကိုက မကောင်းဘူး ထင်ပါတယ်။ ဒါပေမယ့် ဒါတွေမရှိလို့ သူတို့တွေသာပျင်းတာ ကျွန်တော် မပျင်းပါဘူး။ ကျွန်တော် တစ်ယောက်တည်း ရှိတဲ့အခါ စာအုပ်ပုံထဲက စာအုပ်လေးတစ်အုပ်လောက် ကောက်ယူပြီး အိပ်ယာထဲသွား ဖတ်နေဖြစ်ရော။ မှတ်စရာရှိတာလေး၊ အကြံရတာလေး၊ ရှာစရာရှိတာလေးတွေကို မှတ်စုစာအုပ်ထဲ တေးမှတ်ထားလိုက်တယ်။ အဲဒီစာအုပ် ဖတ်ရတာ နဲနဲမောသွားရင် နောက်ထပ်စာအုပ်တစ်အုပ် ယူဖတ်တယ်။ ပြီးသွားရင် ကွန်ပျူတာဖွင့် စာအုပ်စာရင်းတွေလုပ်နဲ့ တစ်ရက်က ကုန်မှန်းမသိ ကုန်သွားပြန်တာပဲ။ တခါတလေကျတော့လည်း တချို့စာအုပ်တွေကို စကန်နာနဲ့ Digitize လုပ်တယ်။ လုပ်ပြီးသား စာအုပ်တွေကို ပြန်သန့်စင်တယ်။ တချို့စာအုပ်တွေ ပြန်ရိုက်တယ်။ စာအုပ်တွေထဲက အကြောင်းအရာတွေကို သီးခြားစီ ပြန်စီတယ်။ ဘယ်စာအုပ်ထဲမှာ ဘာအကြောင်းအရာတွေ ရှိတယ်ဆိုတာ ပြန်ခွဲထုတ်တယ်။ စကန်နာနဲ့ ကွန်ပျူတာက ဒါတွေကို အဓိကလုပ်တဲ့ဟာ မဟုတ်တော့ အချိန်တော့ကြာတယ်။ တကယ်လို့များ ကျွန်တော့်မှာသာ Book Drive လိုစက်မျိုးတွေ ရှိရင်၊ အကောင်းစား စကန်နာတွေရှိရင် ဒါတွေ ခဏလေးနဲ့ ပြီးသွားမှာပဲ။ ဒါပေမယ့်လည်း မဝယ်နိုင်သေးဘူး။

အခုတလောကတော့ အင်တာနက် တော်တော်သုံးဖြစ်တယ်။ သုံးဖြစ်တယ် ဆိုတာကလည်း အကြောင်းရှိလို့ပါ။ ဒါပေမယ့် မတန်ဘူး။ ကျွန်တော် အချိန်ကုန် လူပင်ပန်း ဖြစ်ပေမယ့် ရလာဒ်က အားတက်စရာ မရှိလို့ စိတ်ပျက်မိတယ်။ ဟိုတနေ့ကတော့ သူငယ်ချင်းတစ်ကောင်က အရက်မူးပြီး မင်းတို့ ဘလော့ဂါတွေ တစ်ကောင်မှ ကောင်းတဲ့ကောင်မရှိဘူး။ အရက်သောက်၊ ဖွန်ကြောင် ဒါတွေပဲ၊ အင်တာနက် သုံးနေတဲ့ သူတွေကလည်း ချတ်ရင်းကြူနေကြတာပဲ လို့ပြောလို့ စကားများရတယ်။ အဲဒီလို ကိုယ်သိတာလေးလောက်နဲ့ သိမ်းကြုံး ပြောတာမျိုးကို ကျွန်တော် သိပ်မုန်းတယ်။

ကျွန်တော် အရင်ကတော့ ကိုယ်သိထားတာ၊ ကိုယ်တွေ့တာလေးတွေ သူများကို သိပ်ပြောပြချင် သင်ပေးချင်တယ်။ အခုတော့ အဲဒီလိုမျိုးစိတ်လည်း သိပ်မရှိတော့ဘူး။ ကိုယ်ဘယ်လောက် ကောင်းအောင်လုပ်လုပ် ဘယ်လောက် ကောင်းအောင်နေနေ အမှားနဲ့ အားနည်းချက်ကို မီးခွက်ထွန်း ရှာနေတဲ့သူတွေ တပုံကြီးပဲဆိုတာလည်း သိလာရတယ်။ နာဂစ်ကြောင့် ရွာတွေမှာ လေအားလျှပ်စစ် လုပ်ဖို့ ကြိုးစားမိတာတောင် ယတြာချေတာလို့ အပြောခံရတယ်။ လေအားလျှပ်စစ်တင် မကပါဘူး၊ ဒီရေကနေ လျှပ်စစ်ဓာတ်အား ထုတ်တဲ့ကိစ္စတွေ အထိတောင် အင်ဂျင်နီယာအသင်းက တာဝန်ရှိသူ တစ်ယောက်နဲ့ အသေးစိတ် တိုင်ပင်ခဲ့ကြတာပါ။ ထားပါတော့။

တကယ်တော့ တစ်ယောက်တည်း နေရတာ တော်တော်ကောင်းတယ်။ လူများနဲ့ ဆက်ဆံရတဲ့အခါ စိတ်ဆင်းရဲတယ်။ ခေါင်းရှုပ်တယ်။ နောင်ဘဝတွေသာ ရှိခဲ့လို့ လူဖြစ်ရမယ် ဆိုရင်လည်း မြန်မာပြည်မှာ တကယ်ကို ပြန်မဖြစ်ချင်ဘူး။ မြန်မာလူမျိုးဟာ ကြောက်ဖို့ကောင်းတယ်။ ဘာလိုချင်လို့ လိုချင်နေမှန်း၊ ဘာလုပ်ချင်လို့ လုပ်ချင်မှန်းကို မသိရဘူး။ ကျွန်တော်တို့ဟာ Self Identity ပျောက်နေကြတာလို့ ကျွန်တော်ထင်တယ်။ လောလောဆယ် တွေးနေမိတာကတော့ ကျွန်တော် ဘာကိုမှ မလုပ်နိုင်တာပါပဲ။ စာအုပ်တွေကိုလည်း ရောင်းစားပစ်ချင်နေမိတယ်။ ဒါတွေ မရှိရင် ကျွန်တော် ဒါတွေလုပ်နေစရာ မလိုတော့ဘူးလေ။



တန်ဖိုးရှိသောစာသည် လူတိုင်းအတွက်မဟုတ်

မကောင်းမှုတွေ များစွာထဲက ကျွန်တော့်မှာ ကောင်းမှုလေး အနည်းငယ်တော့ ပါလာခဲ့ပါတယ်။ အဲဒါက စာအုပ်တွေကို ရိုသေစွာ ကိုင်တွယ်တတ်ခြင်းပါ။ ကျွန်တော်တို့ ငယ်ငယ်က အခုခေတ်လို ကျောပိုးအိတ်တွေ သိပ်မသုံးကြသေးဘူး။ လွယ်အိတ်တွေပဲ လွယ်ကြတာ။ အိမ်ပြန်ရောက်ရင် အမေက လွယ်အိတ်ထဲက စာအုပ်တွေကို စစ်တယ်။ စာအုပ်ထောင့်တွေ ခေါက်ကြေနေတာမြင်ရင် လက်ဆစ်ကို ပေတံနဲ့ အခေါက်ခံရတယ်။ စာရွက်တွေ စုတ်ပြဲအောင် ကိုင်ရင်တော့ ဆော်ပလော်တီးတော့တာပဲ။ အဲဒါကြောင့် စာရွက်တွေ ခေါက်နေ ကြေနေရင် အိမ်ပြန်မရောက်ခင် ပြန်ပြန်ဖြန့်ရတာ အမြဲပါပဲ။ ဒီလိုနဲ့ အဲဒီအကျင့်ဟာ အခုချိန်အထိ စွဲထင်လာလိုက်တာ ကျွန်တော့်အတွက်တော့ ကောင်းဖို့ ဖြစ်လာပါတယ်။

တစ်ရက်တစ်ရက် ကျွန်တော် အမြဲတမ်း မပျင်းမရိ လုပ်တဲ့ အလုပ်တစ်ခုက စာအုပ်ဟောင်းတွေကို ပြုပြင်တာပါ။ စာအုပ်တွေကို ဒီအတိုင်းထားတဲ့အခါ စာအုပ်ပိုးတွေ ကိုက်တတ်တယ်။ ဖုံတက်တယ်။ စာရွက်တွေ ခေါက်နေတာကို သတိမထားမိဘဲ မဖြန့်နိုင်ခဲ့ရင် ကြာလာတဲ့အခါ အဲဒီခေါက်ရိုးကျိုး နေရာကနေ စာရွက်က ပြတ်ထွက်တတ်တယ်။ စာရွက်ကြားထဲမှာ သစ်ရွက်တွေ ဘာတွေ ညှပ်တာဟာလည်း မကောင်းဘူး။ ဒီတော့ စစ်ဆေးရပါတယ်။ ဖုံကတော့ အမြဲတက်နေတာမို့ ခါခါပေးရပါတယ်။ တချို့ စာအုပ်အဟောင်းတွေက လမ်းဘေးအပုံထဲက ဝယ်လာတာတွေ။ အပုံမှာ ချရောင်းတဲ့ စာအုပ်တွေက ဈေးပေါပေါနဲ့ ရောင်းကြတော့ သပ်သပ်ရပ်ရပ် ချုပ်လုပ်ထားတာ နည်းပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ပြန်ပြီး ကော်ကပ်၊ ကြိုးချုပ် လုပ်ရတယ်။ ပြဲနေတဲ့ စာရွက်တွေကို စာအုပ်ကပ်တဲ့တိပ်နဲ့ ကပ်ရတယ်။ တွန့်နေတဲ့ ထောင့်တွေကို ဖြေးဖြေးချင်း ဖြန့်ပြီး ဖိထားပေးရတယ်။ ဒီနေရာမှာ အတင်းသွားပြီး ဆွဲဖြန့်လို့ မရပါဘူး။ သူ့မှာက ခေါက်ထားတဲ့ဒဏ် ရှိနေတာမို့ ခပ်ဖြေးဖြေး ကိုင်တွယ်ရပါတယ်။ တချို့ထောင့်တွေ ဖြန့်မရ ဖြစ်နေရင်တော့ တိပ်နဲ့ တွဲကပ်ပေးထားရပါတယ်။

ဒီနေရာမှာ အသုံးပြုသင့်တဲ့ တိပ်အမျိုးအစားက 3M Transperant တိပ်ပဲ ဖြစ်ပါတယ်။ ဒီတိပ်က အကြည်သား ပြောင်ပြောင်လက်လက် မဟုတ်ပါဘူး။ ကြည့်လိုက်ရင်တော့ ခပ်နောက်နောက် အရောင်ပါ။ ဒါပေမယ့် ဒီတိပ်အမျိုးအစားကမှ စာအုပ်ကပ်တဲ့တိပ်ထဲမှာတော့ အကောင်းဆုံးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမန် တိပ်အကြည်တွေက ကာလကြာလာတဲ့အခါ ညိုညစ်ညစ်တွေ ဖြစ်လာပြီး ခိုင်မြဲမှု မရှိတာ တွေ့ရပါတယ်။ ပြီးတော့ တိပ်ကပ်ထားလိုက်ရင် ကပ်ထားတဲ့ အရာကြီးက သိပ်ရုပ်ဆိုးတယ်။ ကျွန်တော်သုံးတဲ့ တိပ်ကတော့ ကပ်လိုက်ရင် ဘယ်စာရွက်မှာမဆို သိပ်မသိသာဘူး။ စာရွက်နဲ့ တသားတည်း ဖြစ်နေတယ်လို့ ထင်ရတယ်။ သူ့ကို ကပ်ပြီးသွားရင် လက်သည်းလေးနဲ့ ဖိပြီး ခြစ်ပေးရပါတယ်။ ဈေးတော့ အနည်းငယ်ကြီးတယ်။ ဒါပေမယ့် စာအုပ်ချစ်သူတွေ မဖြစ်မနေ ဆောင်ထားသင့်တဲ့တိပ်ပါ။

ခဲဖျက်၊ ဓားထက်ထက်တစ်ချောင်း၊ ကတ်ကြေးတစ်လက်၊ ပါးမိနန့် ဘောပင်တစ်ချောင်း၊ ရိုးရိုး ဘောပင်တစ်ချောင်း စတာတွေကိုလည်း ဘေးမှာ ဆောင်ထားရပါတယ်။ တချို့ စာအုပ်တွေက အသစ်စက်စက်ပေမယ့် စာအုပ်တိုက်တွေက အတွင်းဘက် စာမျက်နှာမှာ ခဲတံနဲ့ လျှောက်ရေးထားတာတွေ ရှိတတ်တယ်။ ကျွန်တော် တော်တော်မုန်းတဲ့ ကိစ္စပါ။ စာအုပ်ရဲ့ အနောက်ဘက်မှာရေးရင် ရရဲ့သားနဲ့ ရှေ့စာမျက်နှာတွေမှာ ရေးတတ်ကြပါတယ်။ အဲဒါတွေကို ခဲဖျက်နဲ့ ဖျက်လိုက်ရမှ ကျေနပ်မိတယ်။ ပြီးရင် ကိုယ့်နာမည်နဲ့ လက်မှတ် ထိုးပါတယ်။ တချို့စာအုပ်တွေမှာ မှတ်ချက်ရေးပါတယ်။ တခါတလေ စာအုပ်အဟောင်း ဝယ်ဖြစ်တဲ့အခါ မူလစာအုပ်ပိုင်ရှင်ရဲ့ နာမည်တွေ လက်မှတ်တွေ လိပ်စာတွေ ပါလာတတ်ပါတယ်။ ဒါတွေကိုတော့ ကျွန်တော် မဖျက်ပါဘူး။ ဘယ်သူ့စာအုပ်ဆိုပြီး ကျွန်တော် သေချာမှတ်ထားတယ်။ တချိန်ချိန် အဲဒီလူတွေနဲ့ ဆုံခဲ့မိရင် ကျွန်တော် အမှတ်တရ ပြန်ပေးချင်လို့ပါ။ တချို့ စာအုပ်တွေမှာ စာပိုးတွေ ရှိနေတတ်တယ်။ အဲဒီအကောင်တွေကို နှိမ်နင်းရပါတယ်။ မဟုတ်ရင် စာအုပ်မှာ တွင်းတူးထားသလို ဖြစ်သွားတတ်တယ်။ ပရုတ်လုံး နိုင်မနိုင်တော့ မသိပါဘူး။ ကျွန်တော်ကတော့ စာအုပ်တွေကြားထဲ ပရုတ်လုံးတွေပါ ပစ်ထည့်ထားလိုက်တယ်။

ဒီအလုပ်လုပ်ရတာ အချိန်တော့ အတော်ကုန်ပါတယ်။ စိတ်လည်း ရှည်ရတယ်။ ကိုယ်က ဘယ်လောက် ဂရုစိုက်စိုက် တချို့သူငယ်ချင်းတွေက စာအုပ်ငှားပြီး ပြန်ပေးတဲ့အခါ စာရွက်စွန်းတွေခေါက်၊ ညစ်ပတ်လာရင် လည်ပင်း ညှစ်ပစ်ချင်မိတယ်။ အဲဒီလိုမျိုးလူတွေကို ကျွန်တော် စာအုပ်ငှားရမှာ သိပ်ကြောက်တယ်။ တချို့စာအုပ်တွေက နှစ်၇၀ နှစ်၈၀ ကျော်တွေပါ။ စာရွက်တွေက နဲနဲအကိုင်ကြမ်းတာနဲ့ ပြုတ်ထွက် သွားနိုင်တယ်။ အဲဒီလိုမျိုး စာအုပ်လေးတွေကိုတော့ သေချာ သိမ်းထားရပါတယ်။ ကျွန်တော် အားတဲ့အခါ ကိုယ်တန်ဖိုးထားတဲ့ စာအုပ်လေးတွေမှာ မှတ်ချက်လေးတွေ ရေးထားမိတယ်။ တန်ဖိုးရှိသောစာသည် လူတိုင်းအတွက်မဟုတ် လို့။


ရယ်စရာမောစရာ

ရယ်စရာမောစရာ



မိုးလွန်လေလွန်လူတွေထဲ
ဦးတည်ရာမဲ့ စကားသံတွေက
ရယ်စရာမောစရာ
နေ့စဉ်မြင်နေရသောစာ နေ့စဉ်ကြားနေရသော အကြောင်းအရာတွေက
ရယ်စရာမောစရာ
သူတို့တွေကမေးတယ် ကျွန်တော်ကနှာစေးနေတယ်
ဥာဏ်နည်းသူတွေကြားမှာ ဥာဏ်များသူတွေကသာ
ရာဇဝင်တွင်အောင် လူဆိုးဖြစ်ကျန်ခဲ့ရ
သူတို့တွေအတွက်တော့ ကျွန်တော်က
ရယ်စရာမောစရာ
ကျွန်တော့်အတွက်တော့ သူတို့တတွေက
ရယ်စရာ မောစရာ။


၂၀၀၄

ကြာပါပြီရေးထားတာ။

ငြီးငွေ့ခြင်း

ငြီးငွေ့ခြင်း



ငါ့လှေငယ်
လူမရှိသောကမ်းသို့ ငါ့ကိုဆောင်ယူပါ
ငါ့ညကိုငါမီးထွန်းမယ်
ငါ့ဂီတကိုငါသာနားထောင်မယ်
ငါ့ကဗျာကိုငါသီကျူးမယ်
ငါ့ဥယျာဉ်ကိုငါခုတ်ထွင်မယ်
တောင်လေလာပါ
မြောက်လေနှိုးပါ
ငါ့ဖြူစင်ခြင်းတိမ်ခိုးတို့ကို
မိုးစက်များစွာနဲ့အတူရွာချခွင့်ပြုပါ
အိပ်မက်တစ်ဆယ့်သုံး
အမှောင်ဖုံးနေခဲ့သောကမ္ဘာ
အရုဏ်ချိန်မှာကွယ်ခဲ့သောအလင်း
အသက်ရှင်သန်နေထိုင်ခြင်းဆိုသောအဓိပ္ပာယ်
ငါနားမလည်နိုင်ခဲ့ဘူး
သူတို့တွေက ငါ့ဆီက အနာဂတ်ကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက စွဲလမ်းတတ်မှုကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက အားနာတတ်မှုကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက ခံစားမှုများစွာကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက ငါ့ဘဝတစ်ခုလုံးကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက အဖြေတွေကိုပါ ယူသွားကြတယ်
လျှောက်နေရသောလမ်းများ
ငါလည်းမောလှပြီ
ငါ့မျက်ရည်နဲ့ ပွင့်ဝေခဲ့သောပန်းတွေ
သင်တို့ ပျော်ရွှင်စွာ ပန်ဆင်နိုင်ကြပါစေ
အရောင်တွေ အရောင်တွေ အရောင်တွေ
များနေလိုက်တာ
ငါမနေထိုင်ချင်တော့သောကမ္ဘာ



ဆိပ်ကလေး ရွာကွက်ချ တည်ဆောက်ခြင်း




From: Franky Monkey <lynnseck@gmail.com>
Date: 2008/8/11
Subject: ဆိပ်ကလေး ရွာကွက်ချ တည်ဆောက်ခြင်း
To: lynnseck.myanmar@blogger.com



ကျွန်တော်တို့ အဖွဲ့ရဲ့ အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းတွေကို ရပ်နားခဲ့ပါပြီ။ မိုးလေဝသနဲ့ အခြားသော အကြောင်းအမျိုးမျိုးတွေကြောင့် နောက်ဆုံးဆောက်ခဲ့တဲ့ ဆိပ်ကလေး ရွာအကြောင်းကို အခုမှ တင်ပြနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။ ဒီရွာလေးဟာ ကျွန်တော်တို့ ဆောက်ခဲ့သမျှမှာ စိတ်တိုင်းအကျဆုံး၊ အပင်ပမ်းဆုံးနဲ့ အခက်အခဲအများဆုံး ရွာဖြစ်ပါတယ်။ စုစုပေါင်း အိမ်ခြေ ၃၈လုံး ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရွာမှာ တံတားတစ်ခု တည်ဆောက်ခြင်း၊ ဘုန်းကြီးကျောင်း ပြုပြင်ခြင်း၊ ဝါဆိုဆွမ်းကပ်လှူခြင်း၊ ၈ပေအကျယ် လမ်းဖောက်လုပ်ခြင်း စတာတွေကိုလည်း ပြုလုပ်ပေးခဲ့နိုင်ပါတယ်။ ဒီရွာမှာ ဆောက်ခဲ့ကြစဉ်က ကျွန်တော်တို့ အဖွဲ့တွေ အဲဒီမှာ အလှည့်ကျ ညအိပ်ပြီးတော့ကို ကိုယ်တိုင်ပါဝင် လုပ်ကိုင်ခဲ့ကြတာပါ။ နောက်တစ်ခုက အဲဒီမှာဆောက်တဲ့ အိမ်တွေအတွက် သစ်တွေကို အင်ကညင်သစ်တွေ အကုန်ပေးပြီး ဆောက်လုပ်စေခဲ့တာပါ။ အရင်ရွာတွေမှာ အိမ်တိုင်တွေကို ကိုယ်တိုင် စိုက်ထူစေခဲ့ပေမယ့် ဒီရွာမှာတော့ တစ်အိမ်လုံးအတွက် သစ်အကုန်ပေးခဲ့ပါတယ်။ ဒီရွာ ဆောက်လုပ်နိုင်ဖို့ အတွက် ငွေလှူဒါန်းခဲ့သူတွေကတော့ စင်္ကာပူက ပုညကုသလ အသင်းနဲ့ ဂျပန်နိုင်ငံ နာဂိုရာက Myanmar Student Association of Nagaoka University of Technology, Japan ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို လုပ်အားကုသိုလ် ပါဝင်ခွင့်ရအောင် ကူညီ လှူဒါန်းခဲ့ကြသူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ပုံတွေ မြင်ရရဲ့လား မသိဘူးဗျာ အီးမေးလ်ကနေ တင်လိုက်ရတာ။ :(
--
Nyi Lynn Seck


--
Nyi Lynn Seck

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.