Monday, September 29, 2008

[ကာရန်မဲ့ အတွေးစများ] 25 New Entries: သစ်တစ်ပင် အတွေး

သစ်တစ်ပင် အတွေး


မင်းက နာကျင်စေချင်တာလား။
ဒါဏ်ရာအပြည့် ဖြစ်နေတဲ့
ငါ့ နေရောင်ခြည်တွေ
ကျိုးကြေကျ...
မကျေနပ်နိုင်သေးဘဲကိုး။

မြားသွားထက် ပူလောင်တဲ့
စကားလုံးစစ်စစ်တွေကြား
အလင်းမရှိတဲ့ နေ့ကောင်းကင်ကြီးဖြစ်လို့။
ချိန်ခွင်လျှာတွေ မှားနေရော့လား။

အရောင်ပြောင်းမှာ ကြောက်တဲ့
မိုးစက်ပြာတွေ
ဆောက်တည်ရာမဲ့
ပဲ့ကြွေကျတဲ့အခါ
သက်ညှာဖို့တော့ ကောင်းပါရဲ့။

နားလည်မှုနဲ့ တည်ဆောက်ရမယ့်
သက္ကရာဇ်တခုမှာ
အနိုင်လိုခြင်းတွေ ကြီးစိုးနေတာ
ဆုံးမရတဲ့ ချည်ခင်ထွေးတွေဖြစ်လို့။

ဒါပေမဲ့...
တစ္ဆေတစ်ကောင်ရဲ့
ငိုရှိုက်သံတော့ ငါ မကြားခဲ့ရဘူး။
ဝတ်ရုံနက်ကြားက
မှော်ဝင်အပြုံးတော့ မင်း တွေ့လိမ့်မယ်။

ငါ ၀န်ခံပါတယ်လေ...။
ပြင်းပြတဲ့ တုန်လှုပ်မှုနဲ့
အဲဒီနေ့က လ မသာခဲ့ဘူးဆိုတာ...။

ဘာ့ကြောင့်ပဲ ဖြစ်ဖြစ်
ငါ ပျော်ရွှင်ချင်တယ်
နေမ၀င် ပုံပြင်လိုပေါ့။...။

s0wha1
27 Sept 2008


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

မြန်မာစာ၊ မြန်မာစကား (၄)


ပဲ နှင့် ဘဲဖူး နှင့် ဘူးဖက် နှင့် ဘက် အရေးအသား မတူပုံတွေကို မြန်မာစာ၊ မြန်မာစကား စာအုပ်ထဲမှာ တွေ့ရပေမယ့် ကျွန်မ သိချင်တဲ့ မဲ့ နှင့် မယ့် ရေးသားပုံ ကွာခြားနည်းကိုတော့ ဒီစာအုပ်ထဲမှာ မတွေ့မိပါဘူး။ တကယ်လို့ သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး ပြောပြစေချင်ပါတယ်။

******* ***** ***


ကာ
နှင့် ခါ


ကာ နှင့် ခါ သည် အရေးမတူသော်လည်း အသံထွက် တူတတ်သောကြောင့် ရေးရာ၌ ရောထွေးတတ်သည်။

တပြိုင်နက်ဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ ဖြစ်ပျက်ကြောင်းကို ပြလိုသော် ကာ ကို သုံးသည်။
အိပ် ကာ၊ စား ကာ နေသည်။
ရယ် ကာ၊ မော ကာ ပြောသည်။
ဆေးလိပ်ကိုက် ကာ စာဖတ်သည်။

အချိန်၊ အခါ၊ ကာလ တို့ကို ပြလိုသော် ခါ ကို သုံးသည်။
ငယ်စဉ်အခါ ပညာမရှာလျှင် ကြီးခါမှ နောင်တရမည်။
ပန်းများကို ဆုပ်ကာ၊ ကြဲပြီးသောအခါလျှင်...
ဘ၀ မွန်းတိမ်းချိန်ရောက်ခါမှ...
လက်ဖျားကိုင်ကာ၊ လှူသောခါလည်း၊ မျက်ပါမရှိ...
အလွမ်းထပ်ကာ၊ ခုချိန်ခါကို၊ လေပါမိုးနှင့်...
ရွှေချဉ်ပေါင်တုံးခါမှ၊ မောင်ဖုန်းပြန်ခဲ့မယ်။
ရောက်ခါနီး
ဖြစ်ခါနီး
ခါမှ ခက်မည်။

******* ***** ***

မှားတတ်သော ပါဠိပါဌ်ဆင့် စာလုံးများ

'ဏကြီး၊ နငယ်' တို့အောက်က 'ဋ၊ ဌ၊ ဍ၊ တ၊ ဒ' တို့ကို ဆင့်၍ ရေးရသော ပါဠိစကားလုံးများရှိသည်။ ထိုပါဠိစကားလုံးများကို ရေးရာတွင် ပါဠိဘာသာနှင့် အကျွမ်းမ၀င်သည့်အတွက် စားလုံးပေါင်း မှားတတ်သည်။

ကဏ္ဋကောစ = ဆူးငြောင့်၊ ရန်လုပ်ခြင်း၊ နှောင့်ယှက်ခြင်း
ကဏ္ဌဌာန် = လည်ချောင်းအရပ်
ကဏ္ဍ = အပိုင်း၊ အခန်း
ကဏ္ဍကမြင်း = သိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော်မြင်း
ကဏ္ဏသုခ = နားဝင်ချိုခြင်း
ကန္တာရ = ခက်ခဲသော ခရီး၊ ခရီးခဲ
ကန္ဒရ၀တီ = ချောက်၊ ဂူ၊ လိုဏ် ပေါများသော ဒေသ
ဂဏ္ဌိ = ခက်ဆစ်အဖွင့်ကျမ်း
ပဏ္ဍိတ = ပညာရှိ
ပဏ္ဍုကမ္ဗလာ = သိကြားမင်းစံရာ ကျောက်ဖျာ

******* ***** ***

ရောထွေးတတ်တဲ့ မှ နှင့် က ကတော့ နောက်တပတ်မှပဲ ကူးပြီး တင်တော့မယ်။


မြန်မာစာ၊ မြန်မာစကား နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...




ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၈)


လာရှိုးမြို့။ တချို့ပုံတွေက ဘာကို ရိုက်လို့ ရိုက်ထားမှန်း မသိဘူး။ ဒါမဲ့ သည်းခံလိုက်ပါနော်။ :D











ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာစာ၊ မြန်မာစကား (၃)


ပဲနှင့်ဘဲ ခွဲခြား သတ်မှတ် ရေးသားတာကိုတော့ တက္ကသိုလ်နည်းပြဖြစ်တဲ့ ကျွန်မရဲ့ ၉တန်း၊ ၁၀တန်း မြန်မာစာဆရာ ဦးဥာဏ်ထွန်း ကျေးဇူးကြောင့် သိခဲ့ရတယ်။ ဒါပေမဲ့ တချို့တလေက မှားရေးထားတာ တွေ့မိတာနဲ့...

******* ***** ***

ပဲ နှင့် ဘဲ

ပဲ နှင့် ဘဲ ကို ကွဲကွဲပြားပြား ခွဲခြား သတ်မှတ် ရေးတတ်ကြဖို့ လိုသည်။ ပဲ ကား အနက်စွဲအရေး ဘဲ ကား ဖဲ ၏ အသံစွဲအရေး ဖြစ်သည်။ ပဲ နှင့် ဘဲ(ဖဲ)တို့ အနက်လည်း မတူ၊ အရေးလည်း မတူ။ ထို့ကြောင့် အသုံးအနှုန်း ရေးထုံး မတူနိုင်ပေ။ ပဲ ကို ပက် ဟုလည်း ရှေးက သုံးစွဲရိုးရှိသည်။ ပင် နှင့်လည်း အနက်တူပင်ဖြစ်သည်။ ပဲပက်ပင် သည် အနက်တူဖြစ်သည်။ သို့ရာတွင် ပဲ ကို အောက်ပါအတိုင်း သုံးကြရသည်။

၁။ လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ၊ သူပဲ၊ ငါပဲ၊ ဆရာပဲ၊ ကျောင်းသားပဲ၊ စာအုပ်ပဲ၊ အိမ်ပဲ၊ ကျောင်းပဲ၊ မြစ်ပဲ၊ ချောင်းပဲ စသည်...

ဤတွင် ပဲ ကို ပင် နှင့် ဖလှယ်လျှင် လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်၊ သူပင်၊ ငါပင်၊ ... စသည်အတိုင်း ဖြစ်လာမည်။ဲ၊ ပင် ၏အနက်မှာ ပေါင်းစည်းနက်ဖြစ်သည်။ စင်စစ် ဟု အနက်ဖွင့်လျှင် ရနိုင်သည်။
သာဓက။ ။လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ
လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်
လူစင်စစ်၊ နတ်စင်စစ်၊ ဗြဟ္မာစင်စစ်

၂။ စားပဲစားနိုင်လွန်း၊ တတ်ပဲတတ်နိုင်လွန်း၊ ပြောပဲပြောနိုင်လွန်း၊ သောက်ပဲသောက်နိုင်လွန်း စသည်...
ဤ၌လည်း ပဲ ကို ပင်ပင်လျှင် တို့နှင့် ဖလှယ်နိုင်သည်။
ဥပဒေသ။ ။ပင်ပင်လျှင် တို့နှင့် ဖလှယ်နိုင်ပြီး စင်စစ် ဟု အနက် ပေး၍ရလျှင် ပဲ ကို သုံးရန်။

ဘဲ ကား ဖဲ ၏ အသံစွဲအရေးဖြစ်သည်။ ဖဲ ကား ဖဲကြဉ်ခြင်းအနက်၊ ဖဲခွာခြင်း အနက်ရှိသည်။ ရှောင်ကြဉ်ခြင်း၊ တားမြစ်ခြင်း၊ ငြင်းပယ်ခြင်း အနက်ရှိသည်။

သို့ဖြစ်ရာ ဘဲ ကို တားမြစ်ခြင်း၊ ငြင်းပယ်ခြင်းအနက်ရှိသည့် နှင့် တွဲ၍ သုံးကြရသည်။
သိဘဲစားဘဲသွားဘဲ၊ မလာဘဲကျက်ဘဲဖတ်ဘဲ စသည်...
ဆိုလိုသည်မှာ နှင့် ဘဲ အကြားတွင် ကြိယာကို ထား၍ သုံးခြင်းမျိုးဖြစ်သည်။ အနက်အဓိပ္ပါယ်အားဖြင့် ဤသို့ မှတ်ယူနိုင်သည်။

သိဘဲ မသိမူ၍၊ သိခြင်းကို ဖဲကြဉ်၍
စားဘဲ မစားမူ၍၊ စားခြင်းကို ဖဲကြဉ်၍
ဖတ်ဘဲ မဖတ်မူ၍၊ ဖတ်ခြင်းကို ဖဲကြဉ်၍
ဥပဒေသ။ ။ နှင့် တွဲ၍ ဖဲကြဉ်သောအနက်ကို သုံးလိုသော် ဘဲ ကို သုံးရန် (_ဘဲ)

အောက်ပါ ဆောင်ပုဒ်ဖြင့် မှတ်နိုင်သည်---
ပင်နှင့် လှယ်လျက်၊ ပေါင်းစည်းနက်၊ ဆက်ဆက် မလွဲ ပစောက်ပဲ။
နှင့် ယှဉ်လျက်၊ ဖဲကြဉ်နက် မယွက်စေဘဲ ဘကုန်းပဲ။

******* ***** ***

ကျွန်မ ရောထွေးတတ်တဲ့ ကာ နှင့် ခါ ကိုတော့ နောက်တပတ်မှပဲ ကူးပြီး တင်တော့မယ်။

မြန်မာစာ၊ မြန်မာစကား နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Prison Break


ဟိုတခေါက် အမေရန်ကုန်က ပြန်လာတော့ စာအုပ်တွေအများကြီး ၀ယ်ပြီး သယ်လာပေမဲ့ လေဆိပ်မှာ အိတ်ချင်းမှားလာလို့ အမေ့မှာ ၀မ်းနည်းပက်လက်ဖြစ်ရတယ်။ ဒီတခါလည်း အမေ စာအုပ်မျိုးစုံကို ဆာလာအိတ်ကြီးနဲ့ သယ်လာပြန်တယ်။ အဲဒီတော့ စာအုပ်တွေကလည်း ဖတ်ဖို့ အများကြီး ဖြစ်နေရော။ ဟိုစာအုပ်လည်း ဖတ်ချင်၊ ဒီစာအုပ်လည်း ဖတ်မပြီးနဲ့ တစ်ယောက်ထဲ ဗျာများနေလို့ ခုတလော ဘလော့ဂ်မှာ စာရေးဖြစ်မယ် မထင်ဘူး။ :D

ပြီးတော့ ဒီရက်ပိုင်း Prison Break series DVD ကို နေ့မအိပ်၊ ညမအိပ် ကြည့်နေတာနဲ့ ဘာမှလည်း မလုပ်ဖြစ်ဘူး။ Prison Break season 1, 2, 3 ရော ခုလက်ရှိ ယူအက်စ်မှာ ပြလက်စ season4 ရောကို ဒီဆိုဒ်မှာ သွားကြည့်လို့ရပါတယ်။ ဂူဂယ်ကနေ ရှာထားတာ။:P ကျွန်မကတော့ တော်တော်ကြိုက်တယ်။ တီဗွီမှာ ပြတုန်းက မကြည့်ဖြစ်တာကို နောင်တ ရလို့ မဆုံးဘူး။ အိပ်ရေးမ၀ရင် ခေါင်းကိုက်တတ်လို့ အိပ်ရေးပျက်မခံတဲ့ ကျွန်မအဖေတောင် မအိပ်ဘဲ ညလုံးပေါက်ကြည့်တဲ့ကားဆိုတော့ rolleyes...။ လောလောဆယ် Prison Break က သရုပ်ဆောင်တွေ ဓာတ်ပုံပဲ ကြည့်ကြပါဦး။ :)





















ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံများကို အသုံးပြုထားခြင်းဖြစ်သည်။

မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၇)


ရန်ကုန်မြို့ ရွှေတိဂုံ၊ ဘိုကလေးမြို့ ကံ့ကော် တစ်ထောင်၊ မန္တလေး မဟာမြတ်မုနိ၊ ပြင်ဦးလွင်က မဟာအံ့ထူးကံသာ။

















ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၆)


လားရှိုးမြို့က ဘုရားပုံတော်တွေ။ ဘုရားဘွဲ့အမည်တွေတော့ မမှတ်မိဘူး။ လူပုံပါတဲ့ ရှူခင်းပုံတွေက ပိုလှပြီး နေရာ ပိုစုံတယ်။:P ဒါပေမဲ့ ရှိတဲ့ ရှူခင်းပုံလေးတွေပဲ တင်ရတာပေါ့လေ။











ပြင်ဦးလွင်က ဘုရားနဲ့ အနီးစခန်းနားက နှီးဘုရား။






ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာစာ၊ မြန်မာစကား (၂)


ဒီတခါတော့ ကျွန်မ အလွန်သိချင်တဲ့ ဖူး နှင့် ဘူး အသုံးပြု ရေးသားပုံ၊ ရေးသားနည်းပါ။ ဒါလေးတွေ ဖတ်လိုက်ရတော့ ခုနောက်ပိုင်းက စပြီး ဖူးနဲ့ ဘူး၊ ဖက်နဲ့ ဘက်ကို မှားရေးမိတော့မယ် မထင်ဘူး။

***** *** *****

ဖူးဘူး

မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာ အဘိဓာန်တွင် ဖူး ကို ဖူးတွေ့၊ ဖူးမြော်၊ ဖူးရောင်၊ ဖူးထွက် ဟူသော အနက်များကို ပြပြီးနောက် "ဖူး၊ စည်း---ကြုံတွေ့သိမြင် ဖြစ်ပျက်ခဲ့ပြီးကြောင်း ထင်ရှားစေသည့် စကားလုံး" ဟု ဖွင့်ဆိုထားသည်။ စည်း မှာ ပစ္စည်း ဟု ဆိုလိုသည်။

ဘူး ကို ဘူးသီး၊ ထည့်စရာဘူး ဟူသော အနက်များကို ပြပြီးနောက် "ဘူး၊ စည်း---ငြင်းပယ်သော အနက်ဖြင့် ကြိယာကို ထောက်ကူသော စကားလုံး" ဟု ဖွင့်ဆိုထားသည်။

ဤတွင် အခြား ဖူး အနက်၊ ဘူး အနက်များအကြောင်း ရှင်းပြလိုရင်း မဟုတ်ပါ။ ပစ္စည်းစကားလုံးဖြစ်သော ဖူး နှင့် ပစ္စည်းစကားလုံးပင်ဖြစ်သော ဘူး တို့ အသုံးမတူကြောင်း ခွဲခြားမှတ်သားရန်အကြောင်းကို ရှင်းပြလိုရင်းဖြစ်သည်။

ဖူး ၏ မူလအနက်မှာ ပူးယှဉ်ခြင်း၊ ထိတွေ့ခြင်း၊ ကြုံကြိုက်ခြင်း၊ ပေါင်းစည်းခြင်းပင် ဖြစ်သည်။ ဖူး ကို ပစ္စည်းအဖြစ် သုံးသောအခါ ထိုမူလ အနက်များဖြင့်ပင် ဆိုင်ရာကြိယာကို ထင်ရှားအောင် အထောက်အကူပြုနေသည်ကို တွေ့ရသည်။
သာဓက။ ။စားဖူးသည် ဆိုသည်မှာ စားသည့်အလုပ်နှင့် စားခြင်းနှင့် ပူးယဉ်၊ ထိတွေ့၊ ကြုံကြိုက်၊ ပေါင်းစည်းခဲ့သည်မှာ အမှန်ဖြစ်ကြောင်း၊ စားခဲ့သည်မှာ ထင်ရှားကြောင်း ဆိုလိုခြင်းဖြစ်သည်။

မြင်ဖူးသည် ဆိုသည်မှာလည်း မြင်သည့်အဖြစ်နှင့် မြင်ခြင်းနှင့်ပူးယှဉ်၊ ထိတွေ့၊ ကြုံကြိုက်၊ ပေါင်းစည်းခဲ့သည်မှာ အမှန်ဖြစ်ကြောင်း၊ မြင်ခဲ့သည်မှာ ထင်ရှားကြောင်း ဆိုလိုခြင်းဖြစ်သည်။

တွေ့ဖူးသည်၊ မြင်ဖူးသည် ကဲ့သို့သော ရူပါရုံဆိုင်ရာ
ကြားဖူးသည်၊ နားထောင်ဖူးသည် ကဲ့သို့သော သဒ္ဒါရုံဆိုင်ရာ
နမ်းဖူးသည်၊ အနံ့ရဖူးသည် ကဲ့သို့သော ဂန္ဓာရုံဆိုင်ရာ
စားဖူးသည်၊ သောက်ဖူးသည် ကဲ့သို့သော ရသာရုံဆိုင်ရာ
ပူလောင်ဖူးသည်၊ နာကျင်ဖူးသည် ကဲ့သို့သော ဖောဋ္ဌဗ္ဗာရုံဆိုင်ရာ
ကြံစည်ဖူးသည်၊ စိတ်ကူးဖူးသည် ကဲ့သို့သော ဓမ္မာရုံဆိုင်ရာ
ကြိယာများစွာ၏ နောက်မှနေ၍ ကြိယာကို အထောက်အကူပြုနိုင်ပေသည်။

ဘူး ၏ မူလအနက်ကို ရှာလိုလျှင်လည်း ဖူး ၏ မူလအနက်မှာပင် ရှာရမည် ဖြစ်ပါသည်။ ဖူး မှာ အနက်စွဲအရေး၊ မူလအနက် ရှိသည်။ ဘူး မှာ အသံစွဲအရေး၊ မူလအနက်မရှိ။

ပစ္စည်းစကားလုံးဖြစ်သော ဘူး ၏ မူလအနက်မှာလည်း ဖူး ၏ အနက်ပင် ဖြစ်သည်။ ဖူး ၏အနက် ပူးယှဉ်၊ ထိတွေ့၊ ကြုံကြိုက်၊ ပေါင်းစည်းအနက်များပင် ဖြစ်သည်။ ထိုမူလအနက်မှ ဆင့်ပွားလာကာ အမှန်တကယ်ဖြစ်သည်၊ ထင်ရှားသည် ဟူသော အနက်ကို ဆောင်လျက် ပစ္စည်းစကားလုံးအဖြစ် တာဝန်ယူရသည်။ ဖူး လည်း သေချာသည့်အနက်၊ ထင်ရှားသည့်အနက်ဖြင့်ပင် ကြိယာကို အထောက်အကူပြုသည်။

သို့ရာတွင် ဖူး ကား အဖြစ် သေချာခြင်းကို ပြသည်။ ဘူး ကား ငြင်းပယ်ခြင်း အနက်ရှိသည့် နှင့်ယှဉ်၍ မဖြစ်ကြောင်း သေချာခြင်းကို ပြသည်။ ဖူး ကား အဖြစ် မှန်ကန်ထင်ရှားခြင်းကို ပြသည်။ ထို့ကြောင့်လည်း ဘူး ကို ငြင်းပယ်သော အနက် အမှန်ထင်ရှားသေချာခြင်းကို ပြလိုသောအခါ သုံးခြင်းဖြစ်သည်။
သာဓက။ ။မမြင်ဘူး ဆိုသည်မှာ မမြင်သည်မှာ မှန်ကန် ထင်ရှား သေချာခြင်း၊ မြင်မှုကို ငြင်းပယ်ခြင်းအနက် ရှိသည်။
မစားဘူး ဆိုသည်မှာ မစားသည်မှာ မှန်ကန် ထင်ရှား သေချာခြင်း၊ ပြောမှုကို ငြင်းပယ်ခြင်းအနက် ရှိသည်။
မပြောဘူး ဆိုသည်မှာ မပြောသည်မှာ မှန်ကန် ထင်ရှား သေချာခြင်း၊ ပြောမှုကို ငြင်းပယ်ခြင်းအနက် ရှိသည်။
မမြင်၊ မစား၊ မပြော ဟု "ဘူး" မပါဘဲ သုံးလျှင်လည်း ရသည်ပင်ဖြစ်သည်။

သို့ရာတွင် မမြင်ဘူး၊ မစားဘူး၊ မပြောဘူး ဟု ဆိုသဖြင့် မမြင်၊ မစား၊ မပြော သည်မှာ မှန်ကန်ထင်ရှား သေချာကြောင်း ပို၍ လေးနက်လာသည်။ ထို့ကြောင့် ဘူး ကို ငြင်းပယ်နက်ဖြစ်သော နှင့် တွဲ၍ သုံးရသည်။ (မ_ဘူး)

အချုပ်အားဖြင့်ဆိုသော်---
ကြုံတွေ့သိမြင် ဖြစ်ပျက်ခဲ့ပြီး ထင်ရှားစေလိုက ဖူး ကို သုံးရန်၊ ငြင်းပယ်သော အနက်ဖြင့် ကြိယာအထောက်အကူ ဖြစ်စေလိုက ငြင်းပယ်ခြင်းအနက်ရှိသည့် နှင့်ယှဉ်၍ ဘူး ကို သုံးရန် ဖြစ်ပါသည်။

မြင်ဖူးဘူး
စားဖူးဘူး
ပြောဖူးဘူး။ စသည်တို့တွင် ဖူး နှင့် ဘူး ခွဲထား အသုံးကို လေ့လာ မှတ်သားနိုင်ပါသည်။

ဤမျှဖြင့် မှတ်မိရန် ခက်သေးသည် ဆိုငြားအံ့၊ "ချစ်ဖူးတယ် ချစ်ဖူးတယ်၊ အို လွယ်ဘူး၊ ရူးနိုင်တယ်" သီချင်းဖြင့် ခွဲထား မှတ်ထားကြပါဘိ။

***** *** *****

အသုံးပြု ရေးပုံရေးနည်းကို လူတော်တော်များများ ကွဲပြားမယ်ထင်တဲ့ ပဲ နှင့် ဘဲ ကတော့ နောက် တရက်ပေါ့နော်။

မြန်မာစာ၊ မြန်မာစကား နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

ဝါးရင်းတုတ် နောက်ဆက်တွဲ


ဆရာမန်းတင်ရဲ့ ၀ါးရင်းတုတ်ဆိုတဲ့ ၀တ္ထုတိုကို ကူးတင်ထားတဲ့ ပို့စ်မှာ ကိုပေါက ကွန်မန့်ခပ်ရှည်ရှည်လေးနဲ့ မှတ်ချက်လာပေးထားပါတယ်။ အားလုံး ဖတ်သင့်တယ်လို့ သူငယ်ချင်းတစ်ယောက်က ယူဆပြီး အကြံပေးတဲ့အတွက် ကိုပေါ ကွန်မန့်ကို ပို့စ်တခုအနေနဲ့ ပြန်တင်လိုက်ပါတယ်။

Blogger little moon said...

အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ ဆရာမန်းတင်၏ အချို့စာများကို ဖတ်ဖူးသော်လည်း ယခု ၀ထ္ထုတိုလေးကို မဖတ်ဖူးပါ။

September 13, 2008 1:04 PM


Blogger s0wha1 said...

ဟုတ်ကဲ့ ကိုlittle moon, ဒီတိုင်း kick ရတာ အားမရလို့ အွန်လိုင်းပေါ်မှာရော၊ ဘလော့ဂ်တွေပေါ်မှာရော ဘက်ချင်းတူလျက်နဲ့ (ထင်တာပဲ) အချင်းချင်း ဆော်ပလော်တီးနေတာ မြင်ရ၊ ကြားရတော့ ဒီဝတ္ထုလေးနဲ့ အဲကိုက်ပဲဆိုပြီး တင်မိတာ။;)
ကိုယ်တိုင်ကတော့ အေးဆေးပဲ နေတော့မယ်။ ၀ါးရင်းတုတ်ဆိုင် ဖွင့်ရင်တောင် ကောင်းမလား စဉ်းစားနေတာ။:D

September 13, 2008 1:16 PM


Blogger Ko Paw said...

ညီမ ဆိုးဝှပ်ရေ...

လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်တုန်းက စကားဝိုင်းတခုမှာ ကျနော်မေးခွန်းတခုကို မေးဘူးပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအောင်မြင်ဘို့ရာမှာ အများအကျိုးဆောင်တဲ့လူတွေ ပိုလိုအပ်သလား၊ ဒါမှမဟုတ် ကိုယ့်အခွင့်အရေးကို ဆတ်ဆတ်ထိမခံ ကာကွယ်လိုသူတွေ ပိုလိုအပ်သလားဆိုတဲ့ မေးခွန်းကိုပါ။ အများစုက ၀ိုင်းရယ်ကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့အဆိုအရ "ရှင်းနေတာဘဲ။ အများအကျိုးကို ဆောင်တဲ့လူ ပိုလိုတာပေါ့၊ မေးနေရသေးလား" ဆိုတာပါဘဲ။ ဒါပေမယ့် အဲသည်ထဲက နှစ်ယောက်သုံးယောက်ကတော့ ကိုယ့်အခွင့်အရေးကို ထိပါးလာရင် ဆတ်ဆတ်ထိမခံ ကာကွယ်ရမယ် ဆိုတဲ့အတွေးအခေါ်ကို လက်ခံကြတယ်။

ဒီကနေ့ပြန်ကြည့်ရင် အများအကျိုးဆောင်မယ်ဆိုတဲ့လူတွေဟာ ဒီကနေ့ နောက်ကို အသာပြန်လျှိုသွားပြီ။ ကိုယ့်အခွင့်အရေးကို ထိပါးလာရင် ဆတ်ဆတ်ထိမခံ ကာကွယ်မယ်ဆိုတဲ့ လူနှစ်ယောက်သုံးယောက်ကတော့ အခုအချိန်အထိ ဘယ်လိုအခက်အခဲ ကြုံကြုံ စိတ်မပျက်ဘဲ ကြံ့ကြံ့ခံပြီး သူ့တို့ရည်မှန်းချက်လမ်းကြောင်းအတိုင်း ဆက်လျှောက်နေတုန်း။

ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကျနော်စဉ်းစားကြည့်မိတယ်။

ပထမတချက်က အများအကျိုးဆောင်ချင်တယ်ဆိုတဲ့ လူတွေဟာ ယုံကြည်ချက်တခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတာမရှိတဲ့အတွက် သူတို့ရဲ့ ဆောင်ရွက်ချက် မအောင်မြင်တဲ့အခါ အလွယ်တကူ နောက်ဆုတ်ချင်တယ်။ အကျိုးရလဒ်ကို ကြည့်ပြီး လုပ်ချင်တယ်။ ချက်ချင်း လက်ငင်း ရလဒ်ကို မမြင်ရရင် အလွယ်တကူ အားလျော့တတ်တယ်။

သူများက သူတို့လုပ်ရပ်ကို ဝေဖန်လာတဲ့အခါမျိုးမှာ ငါက အများအတွက် လုပ်ပေးနေတာကို သူတို့က ဝေဖန်သေးတယ်၊ လုပ်နေလည်း အလကားပါဘဲ ဆိုတဲ့ စိတ်မျိုး ၀င်လာတယ်။ နောက်ပြီးတော့ ကိုယ်က ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကို ကျောင်းပေးနေရတာဘဲ၊ ကိုယ်လုပ်နိုင်သလောက်ဘဲ လုပ်မှာပေါ့...ဆိုတဲ့ စိတ်မျိုးထားလေ့ရှိတာကို တွေ့ရတယ်။ နောက်ဆုံး ကြောက်စရာအကောင်းဆုံးကတော့ သူက အများအကျိုးဆောင်တယ်ဆိုပြီး လုပ်ငန်းစဉ်ကို သေချာသဘောပေါက်နားမလည်တဲ့အခါ သူ့လုပ်ရပ်ကိုယ်တိုင်က သူတပါးအခွင့်အရေးကို ထိပါးတဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်မျိုးဖြစ်နေတတ်တာကို တွေ့ရပါတယ်။
ကိုယ့်အခွင့်အရေးကို ထိပါးလာရင် ဆတ်ဆတ်ထိမခံဘူးဆိုတဲ့လူကကျတော့ ခုနက လူမျိုးနဲ့မတူဘူး။ သူ့အခွင့်အရေးကို တိုက်ရိုက်မထိပါးလာသေးရင်တောင် သူများကိုထိပါးလာတာမြင်ရင် တချိန်မှာ ငါ့ကိုလည်း ထိပါးလာမှာဘဲလို့ သိမြင်တဲ့အတွက် ကြိုးစားကာကွယ်ပေးတတ်တယ်။ သူ့မှာ ယုံကြည်ချက်နဲ့ အလုပ်လုပ်တဲ့အတွက် တော်ရုံတန်ရုံ စိတ်ပျက်အားလျော့ခြင်းမရှိတတ်ဘူး။ ဇွဲလုံ့လအပြည့်နဲ့ လုပ်တတ်တယ်။ လတ်တလော သူ့တသက်တာမှာ အောင်မြင်မှုရလဒ်မမြင်ရစေဦးတော့ သူ့ယုံကြည်ချက် သက်သက်အတွက် စိတ်မပျက်ဘဲ အလုပ်လုပ်တယ်။ ကျနော်တို့ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိတိ ပါရမီဖြည့်ခဲ့တဲ့ ကျနော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓကို အတုယူသင့်ပါတယ်။

မြန်မာပြည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေစဉ်အတွင်းမှာလည်း အယူအဆပေါင်းစုံ၊ ပဋိပက္ခပေါင်းစုံကို ကျော်ဖြတ်ရမှာ မုချဘဲ။ ဒီလိုကာလမျိုးက ကျနော်တို့တင် ကြုံရတာမဟုတ်။ အခု ဒီမိုကရေစီဘိုးအေကြီးလို့ ခေါ်ဆိုရမယ့် အမေရိကားနဲ့ ဥရောပမှာလည်း ဒီလိုကာလမျိုးကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာပါဘဲ။

ကျနော်တို့ဟာ အဲသည်လို အမြင်မတူမှုတွေ၊ အယူအဆပေါင်းစုံကို လက်သင့်ခံနိုင်ဘို့အရေးကြီးတယ်။ အယူအဆတွေ ထိပ်တိုက်တွေ့တဲ့အခါမျိုးမှာ အပြင်းအထန် ငြင်းခုန်ကြတာလည်း ဓမ္မတာဘဲ။ အဲဒါကို ကြောက်ရွံ့ပြီး ရှောင်လွှဲလို့မရဘူး။ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာ ငြင်းခုန်နေသရွေ့ အဲဒါဟာ ဒီမိုကရေစီဘဲ။ တသွေးတသံတမိန့်ဟာ အာဏာရှင်စနစ်မှာဘဲ လုပ်လို့ရတယ်။ ဒီမိုကရေစီမှာ အဲသည်လို တသွေးတသံတမိန့် လုပ်လို့မရဘူး။ အားလုံး အယူအဆတခုတည်းကိုဘဲ တချိန်လုံးကိုင်စွဲထားတယ်ဆိုရင် အဲသည်လူ့အဖွဲ့အစည်းမှာ တခုခုတော့ မှားယွင်းနေပြီ။ တိုးတက်မှုမရှိတဲ့ လူ့အဖွဲ့အစည်းလို့တောင် ဆိုနိုင်ပါတယ်။ အကောင်းဆုံးအတွေးအခေါ်၊ အယူအဆ ဆိုတာ မတူညီတဲ့ အယူအဆပေါင်းစုံထဲမှာ ယှဉ်ပြိုင်ပြီး နောက်ဆုံး ဆန်ကာတင်ကျန်ရစ်တဲ့အတွေးအခေါ်မျိုးပါ။

အဲ...တခုတော့ ရှိတာပေါ့လေ။ အယူအဆ မတူညီတာကို လွတ်လပ်စွာ ငြင်းခုံရုံနဲ့ မပြီးဘဲ တဖက်သားကို လက်နက်အားကိုး၊ အာဏာအားကိုး၊ ငွေကြေးအားကိုး နဲ့ ကန့်သတ်ချုပ်ချယ်လာပြီဆိုရင်တော့ အဲဒါဟာ ဒီမိုကရေစီရဲ့ နိဂုံး၊ လွတ်လပ်ခြင်းရဲ့ နိဂုံး၊ တိုးတက်ခြင်းရဲ့ နိဂုံးဘဲ။ အဲဒီအနေအထားကို မြန်မာစစ်အစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်တဲ့နေရာမှာ၊ ရုရှားအစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်ရာမှာ၊ ဇင်ဘာဘွေအစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်တဲ့နေရာမှာ၊ စင်္ကာပူအစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်တဲ့နေရာမှာ အထင်အရှားတွေ့မြင်ရတယ်။

ကျနော်တို့ဟာ မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ အယူအဆတွေ၊ နောက်ပြီး ၄င်းတို့ အချင်းချင်းအကြား ဆွေးနွေးငြင်းခုန်ကြတဲ့ ပဋိပက္ခတွေကို ခံနိုင်ရည်ရှိရပါမယ်။ အဲဒါတွေကို ခံနိုင်ရည်မရှိသရွေ့တော့ ဒီမိုကရေစီကို ကျနော်တို့ လိုချင်တယ်လို့ ကြွေးကြော်နေတာဟာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်း အမမှန်းမသိသလို ဖြစ်နေပါလိမ့်မယ်။ ကျနော်တို့ဟာ ကျနော်တို့နဲ့ ဆန့်ကျင်ဘက်အတွေးအခေါ်ရှိသူတွေကို တူညီတဲ့ အခွင့်အရေးတွေ (Level playground) ကို ပေးနိုင်ဘို့အထိ ရင့်ကျက်ပါမှ ဒီမိုကရေစီရဲ့ အနှစ်သာရကို ခံစားရပါမယ်။

ဒီတော့ ကျနော်တို့လိုချင်တာ ဒီမိုကရေစီစနစ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ လွတ်လပ်မှုရဲ့ အနှစ်သာရမှာ တကယ့်ကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲနဲ့ နှစ်ဝင်ပြီး လုပ်ကြတာပေါ့။ ဗုဒ္ဓဘာသာမှာတော့ ယုံကြည်မှုဆိုတာ သဒ္ဒါဘဲ။ ယုံကြည်မှုအားကောင်းရင် ဘယ်အခက်အခဲဆိုရင် ကျော်လွှားနိုင်မယ်။ ယုံကြည်မှုအားနည်းရင် အလွယ်တကူ အားပျက်လွယ်မယ်။

ကျနော်တို့မှာ ကျော်လွှားစရာတွေ အများကြီးကျန်ပါသေးတယ်။ ကိုယ့်အခွင့်အရေးတွေနဲ့ လွတ်လပ်မှုအတွက် ရှေ့ဆက်တိုက်ပွဲဝင်နိုင်ဘို့ ကျနော်တို့ရဲ့ ယုံကြည်ချက်ကို ခိုင်မာအောင် တည်ဆောက်ကြပါစို့။ အနှစ်နှစ်ဆယ်ကျော်သည့်တိုင် အလံမလှဲဘဲ ဇွဲသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်နေတဲ့ ဘဘဦးဝင်းတင်တို့ အန်တီစုတို့ကို ကျနော်တို့ အတုယူကြစို့လား။ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့စာရင် ကျနော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲဟာ ခြင်ကိုက်ဖုလောက်ဘဲ ရှိပါတယ်။ ကျနော်တို့ သူတို့ကို ချစ်ရင် ဘယ်လိုဘဲ အခက်အခဲ အတားအဆီးနဲ့ ကြုံကြုံ စိတ်မပျက်တမ်း ဇွဲအပြည့်နဲ့ ရှေ့ဆက်ကြပါစို့လား။

သစ္စာဖြင့်
ကိုပေါ

September 13, 2008 10:10 PM


Blogger s0wha1 said...

ကိုပေါရေ... ကိုပေါ comment အတွက် ကျေးဇူးပါ။ ကိုပေါပြောတဲ့စကားအတိုင်း စိတ်ပျက်နေတဲ့ အပေါင်းအသင်းတွေကိုလည်း ပြန်ပြောပြနိုင်တာပေါ့။

("သူများက သူတို့လုပ်ရပ်ကို ဝေဖန်လာတဲ့အခါမျိုးမှာ ငါက အများအတွက် လုပ်ပေးနေတာကို သူတို့က ဝေဖန်သေးတယ်၊ လုပ်နေလည်း အလကားပါဘဲ ဆိုတဲ့ စိတ်မျိုး ၀င်လာတယ်။ နောက်ပြီးတော့ ကိုယ်က ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကို ကျောင်းပေးနေရတာဘဲ၊ ကိုယ်လုပ်နိုင်သလောက်ဘဲ လုပ်မှာပေါ့...ဆိုတဲ့ စိတ်မျိုးထားလေ့ရှိတာကို တွေ့ရတယ်။")

အဲဒီလို စိတ်ဝင်လာကြတာတော့ အမှန်ပါပဲ။

("ကျနော်တို့ဟာ မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ အယူအဆတွေ၊ နောက်ပြီး ၄င်းတို့ အချင်းချင်းအကြား ဆွေးနွေးငြင်းခုန်ကြတဲ့ ပဋိပက္ခတွေကို ခံနိုင်ရည်ရှိရပါမယ်။ အဲဒါတွေကို ခံနိုင်ရည်မရှိသရွေ့တော့ ဒီမိုကရေစီကို ကျနော်တို့ လိုချင်တယ်လို့ ကြွေးကြော်နေတာဟာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်း အမမှန်းမသိသလို ဖြစ်နေပါလိမ့်မယ်။")

ဒီမိုကရေစီစနစ်မှာ မတူညီတဲ့ အတွေးအခေါ်၊ အယူအဆတွေနဲ့ လွတ်လပ်စွာ ပေါင်းစည်းထားတယ်လို့ ယူဆထားတဲ့အတွက် မတူညီတာတွေ ဆွေးနွေးငြင်းခုန်ရုံနဲ့တော့ စိတ်ပျက်၊ စိတ်ကုန်စရာ မရှိပါဘူး။ အဲလို အယူအဆ၊ ယုံကြည်ချက်တွေ ငြင်းခုန်နေတာကမှ တော်သေးတယ်။ ဒါမဲ့ ဟိုလူကတော့ ဘာ၊ ဒီလူကတော့ ဘယ်လို ပရော့ဂျက်တွေနဲ့ လိမ်လည် စားသောက်တာနဲ့ ငယ်ကျိုးငယ်နာတွေ ပြောကြဆိုကြ။ ဘယ်သူပြောတာ ယုံလို့ ယုံရမှန်းမသိနဲ့။ အဲလိုမျိုးတွေ တိုက်ကြ၊ ခိုက်ကြတာကိုကျ ဘယ်လိုမှ သည်းမခံနိုင်အောင် စိတ်ပျက်မိပါတယ် ကိုပေါရေ။ ကိုပေါရော ဘယ်လို မှတ်ချက်ပေးမလဲ။

September 13, 2008 10:43 PM


Blogger Ko Paw said...

မဆိုးဝှပ်ရေ...

အင်း....ပရောဂျက်နဲ့ ခွက်စောင်းခုတ်သူတွေအကြောင်းတော့....မဆိုးဝှပ်နည်းတူ ကျနော်လည်း စိတ်ပျက်မိပါတယ်.....ဟီး။း-)

ဒါပေမယ့် အတိုက်အခံတွေဟာ နယ်စပ်မှာ (သို့မဟုတ်) တတိယနိုင်ငံမှာ အချိန်ပြည့်နိုင်ငံရေးကို ဆက်လက်လှုပ်ရှားတယ်ဆိုရင် သူ့ဘ၀ ရပ်တည်မှုအတွက် ပရော့ဂျက်အပါအ၀င် တချို့သော ငွေကြေးအကူအညီ ရယူမှုတွေအပေါ်မှာ ကျနော့်အနေနဲ့ နားလည်ပေးလို့ရပါသေးတယ်။ သူတို့ဟာ ပရော့ဂျက်ကို လုပ်နေတဲ့တချိန်တည်းမှာဘဲ မူလရည်မှန်းချက်ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီအရေးတွက် တစိုက်မတ်မတ်လုပ်နေဆဲ၊ ဒါမှမဟုတ် ပရော့ဂျက် ကိုယ်တိုင်ကိုယ်က မြန်မာ့ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်တဲ့ ပရော့ဂျက်တွေဖြစ်နေခဲ့ရင် ကျနော်တို့အနေနဲ့ အားပေးဘို့ အဆင်သင့်ရှိပါတယ်။

ဒါပေမယ့် ခုနင်ကပြောသလို မြန်မာ့ဒီမိုကရေစီအရေးကို ခုတုံးလုပ်ပြီး လုပ်စားနေသူတွေကိုတော့ အသည်းထဲ နှလုံးထဲကပါ အော့နှလုံးနာလှပါတယ်။ အဲလိုလူစားတွေ အများကြီးလည်း ကြုံဘူးပါတယ်။ သူတို့ကတော့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဘဲ ဆုတောင်းနေမှာပေါ့လေ။

ဒါပေမယ့်လည်း လူတိုင်းဟာ ကိုယ့်သမိုင်းကိုယ် ရေးကြမှာမို့ သူတို့ဘာလုပ်လုပ် ကိုယ်လုပ်စရာရှိတာကိုဘဲ ကျနော်တို့ လုပ်ကြစို့လား။

ခင်မင်စွာဖြင့်
ကိုပေါ။

September 13, 2008 11:18 PM


Blogger s0wha1 said...

ကိုပေါရေ...
မှတ်သားလောက်ပါတယ်။ ဒါပေမဲ့ အရေခွံထူဖို့တော့ လိုမယ်နော်။
ဟုတ်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြတာလို့ပဲ စိတ်လျှော့လိုက်ရတော့မှာပေါ့။ ကြေးမုံဦးသောင်ရဲ့ သရော်စာတွေ ဖတ်မိရင် ပိုဆိုးတယ်။

September 14, 2008 1:23 AM

Delete
Blogger dare2fight said...

Yo Yo !!

The comments of Ko Paw is a really nice comment and should be read by all.

I suggest you make post Ko Paw's comment as seperate post as some of the people rarly read comments.

Thanks,

September 14, 2008 12:22 PM


Blogger s0wha1 said...

ကောင်းပါပြီ။ ကိုပေါဆီက ခွင့်ပြုချက် တောင်းလိုက်ဦးမယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ။

s0wha1

ဆရာမန်းတင်


ဆရာမန်းတင်ရေးတဲ့ ၀ါးရင်းတုတ်ဆိုသော ၀တ္ထုတိုကို ဖတ်ပြီးသူများ စာရေးဆရာရဲ့ ကိုယ်ရေးအကျဉ်းကို သိချင်ကြမလားလို့ပါ။ စာအုပ်မှာ ပါတဲ့ ကိုယ်ရေးအကျဉ်းအတိုင်း ကူးတင်လိုက်ပါတယ်။ ကျွန်မကတော့ ဆရာမန်းတင်စာတွေကို ခုမှ ဖတ်ဖူးတာပါ။ ဒီဝတ္ထုတိုပေါင်းချုပ်ထဲက နောက်ထပ် ၂ ပုဒ်၊ ၃ ပုဒ်လောက်ကိုလည်း ကျွန်မဘလော့ဂ်မှာ ကူးယူတင်ထားချင်ပါသေးတယ်။

စာအုပ်အဖွင့်မှာ ဒီကဗျာကို ရေးထားပါတယ်။
ကန်တော့ပန်း
ရွှေဘိုအညာ
ထန်းကုန်းရွာဝယ်
တဲအိမ်ငယ်၌
အရွယ်ပျိုမျစ်
သုံးသုံးနှစ်တွင်
စွန့်ပစ်ခန္ဓာ
ဖဲလေရှာသည်
မာတာမိခင်
ကျေးဇူးရှင်အား
ဦးတင်ကြာမုဒ်
ဤစာအုပ်ဖြင့်
ကျွန်ုပ်ကော်ရော်
ရှိပူဇော်၏။ ။

ပြီးတော့ အမှာစာတွေနဲ့ ဆရာမန်းတင်ရဲ့ ကိုယ်ရေးအကျဉ်း၊ ထုတ်ဝေပြီး စာအုပ်တွေ ရေးထားပါတယ်။

မန်းတင်
(၁၉၁၆-၁၉၉၇)

မန္တလေးမြို့ ကုန်သည်ကြီး ဦးကံကြီး၊ ဒေါ်ဖွားကြီးတို့မှ ၁၉၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်း ဦးထွန်းတင် ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းများတွင် စတင်ပညာသင်ကြားခဲ့ရသည်။ ၁၂နှစ်အရွယ်တွင် မိဘများ ကွယ်လွန်၍ ဘခင်ဘက်မှ အမျိုးများ၏ စောင့်ရှောက်မှုနှင့် ပညာဆက်လက် သင်ကြားခဲ့သည်။ ၁၉၃၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။ ၁၉၄၁ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ရပြီး မော်လမြိုင်မြို့ နယ်ပိုင် ဦးဘသန်း၏သမီးဖြစ်သူ ဒေါ်သန်းတင်နှင့် အိမ်ထောင်ကျခဲ့သည်။ အချိန်ပိုင်း နည်းပြဆရာလုပ်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်။ ၁၉၄၂ခုနှစ် မြောင်းမြမြို့ရှိ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ထုတ်ဝေသော မြစ်ဝကျွန်းပေါ်သတင်းစဉ်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရန်ကုန်စစ်ရုံးချုပ်၌ စစ်သားစုဆောင်းရေးနှင့် သတင်းဖြန့်ချိရေး တာဝန်ကို ထမ်းဆောင်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲ ဖွဲ့စည်းသောအခါ အုပ်ချုပ်ရေးဘက်သို့ ၀င်ရောက်ခဲ့သည်။ သာယာဝတီခရိုင်တွင် အလုပ်သင်မြို့ပိုင်အဖြစ် အမှုထမ်းရင်း ဖက်ဆစ်တော်လှန်ရေး၌ ပါဝင်ခဲ့သည်။ ၁၉၄၆ခုနှစ် ဗြိတိသျှအုပ်ချုပ်ရေးတွင် သာရဝေါ၊ စစ်ကွင်း၊ သာယာဝတီတို့၌ မြို့ပိုင်အဖြစ် အမှုထမ်းခဲ့သည်။ သာယာဝတီမှ ထုတ်ဝေသော မြန်မာ့တက်လမ်း သတင်းစာကို တာဝန်ယူ တည်းဖြတ်သည်။ ငြိမ်းချမ်းရေးဝန်ထမ်းမှူး (၁၉၅၀)၊ သမ၀ါယမမဂ္ဂဇင်း အယ်ဒီတာ (၁၉၅၁)၊ မတ္တရာနယ်ပိုင် (၁၉၅၁-၁၉၅၂)၊ ကျောက်ဆည်မြို့မ ၀န်ထောက်နှင့် ငွေတိုက်အရာရှိ (၁၉၅၂) ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အမှုဆောင်အရာရှိ၊ ဒုတိယ အတွင်းဝန်၊ ခရိုင်ဝန်၊ တိုင်းမင်းကြီး၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပါကစ္စတန်နှင့် အီရန်နိုင်ငံ သံအမတ်ကြီးတို့အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် စာပေလုပ်သားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၈၅ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ကွယ်လွန်သည်။ စာအုပ်ထဲမှာ ပါတဲ့ ကိုယ်ရေးအကျဉ်း ပြီးပါပြီ။

မြို့ပိုင်မောင်ပြုံးချို ကို ဇာတ်ကောင်ပြု၍ ဆရာမန်းတင် ရေးသားခဲ့သော ဆောင်းပါး ၀တ္ထုများသည် ထိုသုံးနှစ် (၁၉၄၅)၊ ပြုံးတမဲ့မဲ့ (၁၉၄၉)၊ မြို့ပိုင်မောင်ပြုံးချို (၁၉၆၁၊ ၁၉၆၈)၊ မောင်ပြုံးချို၏ ဘ၀အထွေထွေ (၁၉၇၄) တို့၌ ပါဝင်ခဲ့ရာ ယင်းစာများကို မန်းတင်စာစုစာရင်း နှင့် တိုက်ဆိုင် ညှိနှိုင်း၍ ဖြည့်စွက်စုပေါင်းကာ မြို့ပိုင်မောင်ပြုံးချိုဆောင်းပါးဝတ္ထု ၄၂ ပုဒ်ကို ဆရာမောင်ထင်၊ ဆရာဒဂုန်တာရာတို့၏ အမြင်များနှင့်အတူ တင်ဆက်လိုက်ပါသည်။ ဟု စာအုပ်နောက်ဖုံးတွင် ရေးထားပါတယ်။

စာအုပ်စာရင်းတွေကတော့---
၁။ ထိုသုံးနှစ် ၁၉၄၅
၂။ အနိုင်မခံ ၁၉၄၈
၃။ ပြုံးတမဲ့မဲ့ ၁၉၄၉
၎။ ဖရိုဆို (ဘာသာပြန်) ၁၉၄၉
၅။ ဇင်းဒါးအကျဉ်းသား (ဘာသာပြန်) ၁၉၅၀၊ ၁၉၆၆
၆။ မြ ၁၉၅၀
၇။ တောင်လေသွေးတော့ (ဘာသာပြန်) ၁၉၅၂၊ ၁၉၆၅
၈။ မော်စကိုမှ ရန်ကုန်သို့ (စာပေဗိမာန်ဆုရ) ၁၉၅၆
၉။ ကိုဖိုးလုံး ၁၉၅၆၊ ၁၉၅၇
၁၀။ လယ်ယာမြေ ၁၉၅၇၊ ၁၉၅၈
၁၁။ ကောက်သိမ်းချိန် (ဘာသာပြန်) ၁၉၅၉
၁၂။ မြို့ပိုင်မောင်ပြုံးချို ၁၉၆၁၊ ၁၉၆၈၊ ၂၀၀၁
၁၃။ နယ်ပိုင်မောင်ပြုံးချို ၁၉၆၃၊ ၁၉၆၉
၁၄။ အမြင်သစ် (ဘာသာပြန်) ၁၉၆၅
၁၅။ ဂျူလိယက်ဆီဇာ (ဘာသာပြန်) (အမျိုးသားစာပေဆုရ) ၁၉၉၆၊ ၂၀၀၀
၁၆။ ပထမအရွယ် ၁၉၇၀၊ ၁၉၈၅
၁၇။ ဘ၀ဟူသည် တိုက်ပွဲ (ဘာသာပြန်) ၁၉၇၄
၁၈။ မီလျှံနှင့် ရေသီတာ (ဘာသာပြန်) ၁၉၇၆၊ ၁၉၇၄
၁၉။ မောင်ပြုံးချို၏ ဘ၀အထွေထွေ ၁၉၇၄
၂၀။ မောင်ပြုံးချို၏ ဆောင်းပါးအထွေထွေ ၁၉၇၅
၂၁။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ၁၉၇၆
၂၂။ သံကြီးတမန်ကြီး ၁၉၈၅၊ ၂၀၀၁
၂၃။ ဒုတိယအရွယ် ၁၉၈၆
၂၄။ ခရီးသည် မောင်ပြုံးချို ၁၉၈၉
၂၅။ ဒုတိယအရွယ် (၂) ၁၉၉၀
၂၆။ သံအမတ်ကြီး (ဘာသာပြန်) (၂ တွဲ) ၁၉၉၀
၂၇။ ပြည်သူကြားမှ ပြည်သူ့ဝန်ထမ်းတစ်ဦး
A People's Servent among the People
အင်္ဂလိပ် မြန်မာ တွဲလျက် ၁၉၉၄



ရွှင်လန်းချမ်းမြေ့ကြပါစေ။

s0wha1

ဆရာ မန်းတင်ရဲ့ မြို့ပိုင်မောင်ပြုံးချို ၀တ္ထုတို ပေါင်းချုပ်ထဲမှ

သင်္ဃသူ


Post ၃၀၀ ပြည့် အမှတ်တရအဖြစ် ကျွန်မတို့ရဲ့ တစ်ဦးတည်းသော ချစ်တူမလေးအကြောင်း ရေးချင်လို့။ ခု သူက ဒီမှာ မရှိဘူး။ ဟိုရက်ကပဲ ရန်ကုန်ကို အလည် ၁ လလောက် သူ့အမေနဲ့ ပြန်သွားတာ ခုမှ ပြန်တာ နှစ်ပတ်တောင်မရှိသေးဘူး။ တူမလေးကို ကျွန်မတို့ အရမ်းလွမ်းနေရတယ်။ အသက်က ၁နှစ်နဲ့ ၃ လသာ ရှိသေးတဲ့ တူမလေးက ကျွန်မတို့ အဒေါ်တွေ လက်ဖျားခါရအောင် အရွယ်နဲ့မမျှ အရမ်းပဲများတတ်တဲ့ တူမလေးပါ။ သူ့ဓာတ်ပုံတွေ ကြည့်တာနဲ့ သိနိုင်ပါတယ်။


များသောအားဖြင့် ကလေးသေးသေးလေးတွေဟာ ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ကင်မရာကို မျက်လုံးနဲ့ ပြူးကြည့်ရုံလောက်သာ ကြည့်ကြတာပါ။ တချို့ကောင်မလေး ပိစိကွေးလေးတွေကလည်း လူကြီးခိုင်းတဲ့အတိုင်း ဒါမှမဟုတ် သူတို့ဖာသာ အိုင်တင်ပေးတဲ့အနေနဲ့ လက်ကို မေးထောက်ပြီး မျက်နှာသေလေးတွေနဲ့ ဓာတ်ပုံအရိုက်ခံကြတာပဲ ရှိပါလိမ့်မယ်။ တူမလေးကတော့ အဲလိုမဟုတ်ပါဘူး။ သူ့ကို ဘယ်သူမှလည်း သင်မပေးရပါဘဲ ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ မျက်နှာကို အစွမ်းကုန်ပြုံးပြီး အိုက်တင်မျိုးစုံပေးတော့တာပါ။ သူ့ပုံတွေကြည့်ရင် မျက်လုံးတွေကပါပြုံးနေပြီး တကယ်ရယ်နေသလိုမျိုးတွေပဲ တွေ့ရပါလိမ့်မယ်။ ခေါင်းကို စောင်းလို့ တမျိုး၊ နှုတ်ခေါင်းရှုံ့လို့ တဖုံ၊ နှုတ်ခမ်းစူလို့ တနည်း၊ ခေါင်းပေါ်လက်တင်လို့ တသွယ် ပုံသဏ္ဌာန်မျိုးစုံနဲ့ ဓာတ်ပုံအရိုက်ခံပါတယ်။ သူ့ပုံတွေ အကုန်လုံးက "မီးမီးရေ ဓာတ်ပုံရိုက်မယ်"လို့ ပြောလိုက်တာနဲ့ လုပ်ပြတဲ့ အမူအရာတွေပါပဲ။ ဘယ်လောက်တောင်လဲဆို သူ စိတ်အလိုမကျလို့ ငိုနေတာတောင် ဓာတ်ပုံရိုက်မယ်ဆိုတော့ မျက်နှာကို ချက်ချင်းပြုံးလိုက်ပြီး ဓာတ်ပုံအရိုက်ခံပါတယ်။ ပါးပြင်ပေါ်က မျက်ရည်တွေ မခြောက်သေးဘဲ မျက်လုံးမှာတော့ မျက်ရည်လေးတွေ ဝေ့လို့ပေါ့။ အဒေါ်တူ တူမလို့ ပြောရမယ်။ :P

လသားအရွယ်တုန်းက အဲလို ၀တုတ်လေး

တူမလေးကို မမွေးခင်ထဲက နာမည်ပေးထားပြီးသားပါ။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဒီနာမည်ပဲ ပေးရမယ်လို့ အမေက မှည့်ထားတာ။ ဒါမဲ့ အမေက မိန်းကလေးဆိုတာကိုလည်း သိနေသေးတယ်။ အဲဒါက ဘာမှ မခက်ပါဘူး။ ဖခင်မွေးနေ့နဲ့ မိခင်မွေးနေ့ပေါင်းပြီး ၃ နဲ့စားကြည့်တာပါ။ စုံဂဏန်းကြွင်းရင် ယောက်ျားလေးပေါ့။ မဂဏန်းကြွင်းရင် မိန်းကလေး။ ပထမဆုံးသားဦးကိုပဲ တွက်လို့ရတယ်။ ဒုတိယကလေးဆိုရင် ပထမကလေး မွေးနေ့နဲ့ မိခင်မွေးနေ့နဲ့ကို ပေါင်းပြီး ခုနလိုပဲ ၃ နဲ့စား တွက်ကြည့်ကြတာပေါ့။ မှန်တဲ့သူများသလို၊ မှားတဲ့သူတွေလည်း ရှိပါတယ်။ သူ ကျွန်မတို့ မိသားစုဝင် ဖြစ်လာတော့မယ်ဆိုတာ သိတဲ့အခါ ကျွန်မအမေက သူ့မြေး မွေးမယ့် နေ့ရော၊ ရက်ရော၊ အချိန်ရော၊ နာမည်ရောကို အတိအကျ ဗေဒင်တွက်ချက်ပြီး ဗိုက်ခွဲမွေးခိုင်းတာ။ အဲဒီတော့ သူ ဘယ်နေ့မွေးမယ်ဆိုတာလည်း သိပြီးသားလေ။ ကျွန်မအမေက ဗေဒင်ကောင်းကောင်း တွက်တတ်သလို အရမ်းလည်း ယုံတယ်။


တူမလေးက စကားတော့ သိပ်မပြောတတ်သေးဘူး။ ဒါပေမဲ့ မြန်မာစကားကိုတော့ တော်တော် နားလည်လာပြီ။ ကျွန်မတို့ ပြောသမျှစကား သူအကုန် သိတယ်။ ပြန်မပြောတတ်တာ တခုပဲ။ "ဟိုဟာ၊ ဒီဟာ"နဲ့တော့ ကောင်းကောင်း ပူဆာတတ်နေပါပြီ။ KFC ကြက်ကြော် ကြော်ငြာကို မြင်တာနဲ့ "ဒီဟာ"လို့ အော်အော်ပြီး ၀ယ်ကျွေးခိုင်းတတ်ပါတယ်။ ပြီးရင်တော့ သူက သိပ်မစားဘဲ လူကြီးတွေပဲ စားနေရလို့ ခုဆို မုန်းတောင် မုန်းလာပေါ့။ မုန့်တွေ၊ အစားအစာတွေ တွေ့ရင် လက်ညှိုးတထိုးထိုးနဲ့ "မုန့်မုန့်"တို့၊ "ဒီဟာ ဒီဟာ"တို့ပြောပြီး ပူဆာတတ်ရုံတင်မက ရွှေလက်ကောက်၊ ရွှေလက်စွပ်လို လက်ဝတ်ရတနာတွေနဲ့ လှတပတပစ္စည်းကြော်ငြာစာရွက်လေးတွေ မြင်ရင်လည်း လက်နဲ့ ထောက်ပြီး ပူဆာတတ်ပါသေးတယ်။ သူ့အဖေနဲ့ အမေကို ဘယ်တော့မှ မပူဆာဘဲ သူ့အဘိုးနဲ့ အဒေါ်တွေကိုသာ ပူဆာတတ်တာကလည်း ဒီအရွယ်လေးနဲ့ သူ့မိဘကို တော်တော် သိတတ်ပါကလားလို့။:)) ပစ္စည်းပစ္စယ တခုခု ၀ယ်လို့ သူ့အဖေက ပိုက်ဆံထုတ်ရင် "အမ်း... အမ်း" နဲ့ သူက ကန့်ကွက်သလိုမျိုး အော်တတ်ပြီး တခြားသူတွေက ရှင်းလိုက်၊ ပေးလိုက်ရင်တော့ သူက မသိချင်ယောင် ဆောင်နေတတ်ပါသေးတယ်။ ကျွန်မတို့မှာ အဲဒါလေးကိုပဲ ချစ်နေရတာ။


သူရှိနေရင် မအိပ်မချင်း တီဗွီကို ၂၄နာရီ ဖွင့်ထားရပါတယ်။ တီဗွီပိတ်ထားရင် လက်ညှိုးထိုးပြီး "ကြည့်မယ်"လို့ ပြောတတ်ပါတယ်။ ပြီးရင်လည်း ကြည့်တာ မဟုတ်ပါဘူး။ သူ "ကြည့်မယ်"လို့ ပြောတာကလည်း စိတ်လိုမှပါ။ ထပ်ပြောခိုင်းရင် မပြောတော့ဘူး။ "ရယ်ရတယ်"တို့၊ "ကြည့်ချင်တယ်"တို့၊ "မအိပ်ချင်ဘူး"တို့ ဆိုတဲ့ စကားလုံး အတွဲလိုက်တွေကို သူက အိပ်နေရင်း ယောင်နေတဲ့ အခါမျိုး၊ စိတ်လိုလို့ ရုတ်တရက် ပြောချလိုက်တဲ့အခါမျိုးတွေမှာပဲ ကြားရတတ်ပါတယ်။ အဲဒီလို ပီပီသသ စကားလုံးအတွဲလိုက်ကြီးတွေ သူ ထပြောလိုက်ရင် သူ့အဒေါ်အငယ်က ကြောက်အားလန့်အားနဲ့ သူ့အနားကနေ ထွက်ပြေးတတ်ပါတယ်။ စကားသိပ်မပြောတတ်သေးတဲ့ ကလေးငယ်ငယ်လေးက စကား ထ ထပြောလို့၊ ကြောက်လို့တဲ့။ ဟီဟီ။ အဲဒီလို တူမနဲ့ အဒေါ်တွေလေ။


ကျွန်မအဖေကို "ဘဘ"လို့ ခေါ်ပြီး သူ့အဖေကိုတော့ "ဖဖ"တဲ့။ "ဖေဖေ"လို့ သိပ်မပီသေးပါဘူး။ သူ့အမေကိုတော့ ခေါ်သံ မကြားမိသေဘူး။ သူ့ကြီးတော် ကျွန်မအမကို "ကာကာ"လို့ ခေါ်ပြီး ကျွန်မညီမ သူ့အဒေါ်အငယ်ကိုတော့ "မမ"တဲ့။ ဟိုတစ်ယောက်ကလည်း ကလေးက သူ့ကို အဲလို ခေါ်တာ ကျေနပ်နေတယ်။ ;)) သူ့ဦးလေးအငယ်ဖြစ်တဲ့ ကျွန်မမောင်လေးကိုတော့ "ကိုကို"တဲ့။ တခါတလေကျ "လေးလေး"တဲ့။ ကျွန်မကိုကျ "တီတီ"လို့ ခေါ်ခိုင်းထားတယ်။ ကျွန်မက အဒေါ်အရမ်းဖြစ်ချင်တာလေ။ ခုမှ ဖြစ်ရတာ။ သူက သူ့ကြီးတော်ရဲ့ အသဲစွဲပေါ့။ စွဲဆို သူ့နှာခေါင်း ရုပ်ဆိုးဆိုးလေးက သူ့ကြီးတော်နဲ့ သွားတူနေတာကိုး။ ဟိ...။

တူမလေးနဲ့ ခဏတဖြုတ်ခွဲရရင် သူ့အဖေက "ငါ့သမီးကို လွမ်းတယ်"၊ "ငါ့သမီးကို လွမ်းလိုက်တာ။ အား အီး"နဲ့ "ငါ့သမီးလေး ငါ့သမီးလေး" ဆိုပြီး ဖြစ်နေတတ်ပါတယ်။ ကြာတော့ ကျွန်မအဖေက အမြင်ကပ်လာဟန်နဲ့ "မင်းကလည်း သမီးတစ်ယောက်ထဲနဲ့ ဒီလောက်တောင် ဖြစ်နေရလား၊ ငါတို့ဆို ဘယ်လိုလုပ်မလဲ"လို့ ပြောပါတယ်။ ကျွန်မအစ်ကိုက မှတ်သားလောက်ဖွယ် စကားပြန်ပြောတယ်။ "ဟာ... အဖေတို့က သားသမီး ငါး ယောက်တောင် မွေးထားတာ။ အဲလိုမျိုးဆို ဘယ်သူ့ လွမ်းလို့ လွမ်းရမှန်းတောင် သိမှာ မဟုတ်ဘူး။ ကျွန်တော်က တစ်ယောက်ထဲရှိတာ၊ လွမ်းတာပေါ့" တဲ့။ ဒါနဲ့ ကျွန်မတို့က အစ်ကို့ကို ကွယ်ရာမှာ နာမည်ပေးထားတယ်။ "ငါ့သမီး၊ ငါ့မယား"လို့။


တူမလေးကို smile လို့ ပြောရင် နှာခေါင်းကို ရှုံ့ပြီး ရယ်ပြတတ်သလို၊ ရယ်ပြပါဆိုရင်တော့ "ဟားဟား ဟား" ဆိုပြီး ယောက်ျားသံလို အသံဩကြီးနဲ့ သူ့အဖေ ရယ်သလို ရယ်ပြတတ်ပါတယ်။ ခုအရွယ်က လူကြီးလုပ်သမျှအကုန် လိုက်အတုခိုးနေချိန်ဆိုတော့ ရှေ့က လူကြီး လုပ်သမျှ နောက်ကနေ အကုန်လိုက်လုပ်တော့တာပဲ။ သူ့အဖေ လုပ်တာကို မြင်ဖူးနေတော့ အဲကွန်းခလုတ်ကို ဟန်ပါပါနဲ့ နှိပ်ပြီး လေအေး လာ၊ မလာ လက်ကလေးနဲ့ ဖြန့်စမ်းတတ်တာကလည်း သူ့ရဲ့ တမူထူးခြားတဲ့ ဟန်ပန်ပါ။ သူ့ကို နာမည်ခေါ်ရင် "ကျင်"လို့ ထူးပြတယ်။ ပြီးရင် "ဟေး"ဆိုပြီး လက်ခုပ် ထထတီးပါတယ်။ "ရှင်"လို့ ထူးတတ်တဲ့အတွက် သူ့ကိုယ်သူ တော်တယ်ဆိုပြီး အားပေးတဲ့ သဘောပေါ့။ အဲဒါက "ရှင်"လို့ တခါထူးပြီးတိုင်း သူလုပ်လေ့ လုပ်ထရှိတာပါ။ အရင်တုန်းကဆို "ရှင်" မထူးဘူး။ လိမ္မာယဉ်ကျေးစွာ "ဟင်"တို့၊ "ဟမ်"တို့ ထူးပါတယ်။ မနည်း ပြန်သင်ပေးထားရတာ။ :P

ကားကိုလက်ညှိုးထိုးပြီး "ကား"လို့ ခေါ်ကြောင်း ပထမဆုံး သင်ပေးပြီးထဲက မြင်မြင်သမျှ စက်တပ်ယာဉ်တိုင်းကို "ကား"လို့ပဲ ခေါ်ပါတော့တယ်။ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ မီးရထား(MRT)၊ လေယာဉ်ပျံ အားလုံးကို သူက လက်ညှိုးလေးထိုးကာ "ကား၊ ကား" လို့ ပြောတတ်ပါတယ်။ မဟုတ်ဘူးပြောလည်း လက်မခံပါဘူး။ အဲဒီလိုပဲ "ငါး"လို့ ခေါ်တယ်ဆိုပြီး ငါးအကောင်လေးကို ပြကာ သူ့ကို သင်ပေးမိပါတယ်။ တွေ့သမျှ တိရစ္ဆာန်ကို "ငါး၊ ငါး" လို့ပဲ ပြောပါတော့တယ်။ "မဟုတ်ပါဘူး အဲဒါ "ဆင်" ပါ" လို့ ပြောလည်း မရတော့ပါဘူး။ "ငါး၊ ငါး"ကို ပါးစပ်ဖျားကနေ မချလို့ ကျွန်မတို့မှာ လက်မှိုင်ချနေရတယ်။


သူမ တနှစ်ပြည့် မွေးနေ့တုန်းက

ဟိုရက်ကမှ ရိုက်ထားတဲ့ပုံ ကျွန်မ မန္တလေးကနေ သူ့အတွက် ၀ယ်လာတဲ့ အင်္ကျီနဲ့ပေါ့
စိတ်မပါလက်မပါနဲ့ ဓာတ်ပုံအရိုက်ခံနေတာတောင် ခေါင်းလေးတော့ စောင်းထားသေးတာ

သူ့အရုပ်ပုံတွေကြားထဲမှာ (အမှန်တော့ ကျွန်မတို့ညီအမ အရုပ်တွေက ခပ်များများ)

အာပြဲစိန်လေး ပဲပေးပုံ

ဓာတ်ပုံရိုက်နေလို့ တမင် ဂိုက်ပေးနေတာ

အဲလို ရယ်ပြတယ်

ဓာတ်ပုံအရိုက်ခံနေတာ

မလေး မလေးနဲ့ တူမတူတော့ မသိဘူး။ ပဲကတော့ အသေများ။

Vivo City မှာ ရေဆော့နေတယ်

ရေဆော့အပြီးပေါ့

sentosa မှာ

အဲလို ငပြောင် အမူအရာကလည်း လုပ်တတ်သေးတာ

၁နှစ်သမီးလေး ဒီလို ဓာတ်ပုံအရိုက်ခံနေတာ ဘယ်သူ ယုံမလဲ

ရပ်နေပုံလေးကိုက ကြည့် အိုက်တင် အပြည့်နဲ့

ဘာလေးမှန်းကို မသိဘူး

မှန်ကြည့်ပြီး အအေးသောက်နေတာ။ သူက မှန်လည်း အသားကုန်ကြိုက်တယ်။


ငယ်ငယ် အသက် တစ်နှစ် မပြည့်ခင် အရွယ်တုန်းကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ "အိုးလေး လှုပ်ပါဟေ့... ရေအိုးလေး လှုပ်ပါဟေ့" သီချင်းကို ဆိုပြရင် ခြေထောက်တစ်ဘက်ကို နိမ့်ခါ၊ မြင့်ခါ လုပ်ပြီး သူ့တင်ပါးလေးလှုပ်အောင် ကပြတတ်ပါတယ်။ အခုတော့ အဲလို ကခိုင်းလို့ မရတော့ဘူး။ မေ့သွားပုံရတယ်။ ခု သူ့ကပုံ ကနည်းက ခေါင်းနဲ့ပါ။ အင်္ဂလိပ်သီချင်း ခပ်မြူးမြူးကို ဖွင့်ပြလိုက်ရင် ခေါင်းကို ပြုတ်မတတ် ငြိမ့်ကာ၊ ခါကာနဲ့ သံစဉ်အလိုက်အတိုင်း ခန္ဓာကိုယ်လေးအနည်းငယ်လှုပ်ပြီး ကပါတော့တယ်။

မီးခလုပ်တွေ ဘာတွေကို အရမ်းကလိချင်တဲ့ ဒီကလေးကို လူကြီးက "ဟေ့... မလုပ်နဲ့"လို့ ပြောလိုက်ရင် သူက ရပ်မသွားဘူး။ အဲဒီမီးခလုပ်ရှိတဲ့နေရာကို ဂဏန်းလို ဘေးတိုက်တရွေ့ရွေ့သွားပြီး လူအလစ်မှ လှမ်းကိုင်တတ်တယ်။ ၀ါးနုက ၀ါးရင့် ပြန်ပက်တဲ့ ပုံစံမျိုးပေါ့လေ။ တစ်ယောက်ယောက်က တွေ့သွားလို့ "ဟေး" လို့ အော်လိုက်ရင်တော့ အော်ငိုတော့တာပဲ။ တခါတလေ အဲလို ပြောမရ၊ ဆိုမရတဲ့ ကလေးလေးလည်း ဖြစ်သေးတယ်။


ကျွန်မတို့က သူ့ကို ဂါဖီးလို့လည်း ချစ်စနိုးနဲ့ ခေါ်တတ်တယ်။ သူက ကြောင်ကြီး ဂါဖီးလို အစားပုတ်ပြီး အပျင်းထူသေးတာကိုး။ ခုတော့ ထမင်းကျွေးလည်း သိပ်မစား၊ နို့လည်း မစို့နဲ့ နည်းနည်းတောင် ပိန်သွားပြီ။ ဒါပေမဲ့ သူ့ကို ဘာမှ သိပ်ခိုင်းလို့ မရဘူး။ ဥပမာ- ပစ္စည်းတခုခု သူလုပ်လို့ပဲ ဖြစ်ဖြစ်၊ တခြားသူကြောင့်ပဲ ဖြစ်ဖြစ် ကျသွားရင် သူ့ကို ကောက်ခိုင်းလို့ မရတတ်ပါဘူး။ သူကတောင် လက်ညှိုးလေးထိုးပြီး "ကောက်၊ ကောက်" နဲ့ ကိုယ့်ကို ပြန်ခိုင်းတတ်သေးတာ။ သူ့ခြေရင်းနားက ပစ္စည်းတောင် လုံးဝ မကောက်ဘဲ ကိုယ်က ကောက်ပေးမှ ယူတယ်။ သူကတော့ တကောက်၊ ကောက်နဲ့သာ အော်နေပြီး ထိကို မထိဘူး။


သူရှိနေရင် အိမ်သိမ်းလို့ကို မရအောင် သူက ဖွပါတယ်။
အ၀တ်တောင်းထဲက အ၀တ်တွေကို တခုချင်းဆွဲထုတ်ပြီး ကြမ်းပြင်ပေါ်ချတယ်။ စာအုပ်တွေ စီပြီး တင်ထားရင် တခုချင်း အောက်ကို ပစ်ချတယ်။ တစ်ရှူးလိပ်က တစ်ရှူးတွေကို တစစီ ဆွဲဆွဲဖြုတ်ပြီး အိမ်ကို ကြမ်းတိုက်တဲ့အနေနဲ့ ကြမ်းပြင်ကိုပွတ်တယ်။ ဒါနဲ့ပဲ တအိမ်လုံးလည်း တစ်ရှူးတွေ၊ သူ့အရုပ်တွေ၊ စာအုပ်တွေနဲ့ မွစာတက် ပွကျဲနေတော့တာပေါ့။ သူ့ကိုဆူရင် သူက ၀ူးဝူးဝါးဝါးနဲ့ ကိုယ့်ကို ပြန်ပြောတတ်သေးတယ်။ သူ စကားပြောနေတာကို ကိုယ်က မသိချင်ယောင်ဆောင်နေရင် သူ့မျက်နှာကို မကြည့်မချင်း အော်နေတတ်ပါတယ်။ သူ့ကို ကြည့်ပြီး "ဘာလဲ"လို့ ပြောလိုက်မှပဲ သူ့အသံ စူးရှရှနဲ့ အော်နေတာ ရပ်သွားတတ်တယ်။ သူလုပ်ပုံ တခုခုက ရယ်စရာဖြစ်နေလို့ လူကြီးတွေက ရယ်ကြရင် သူကပါ တဟားဟားနဲ့ လိုက်ရယ်တော့တာပဲ။ အဲလို တူမဆိုးဆိုးလေးပါ။


သူ့အမေက အသားဖြူသလောက်၊ သူ့အဖေက အသားညိုတဲ့အတွက် သူ့အသားက မဖြူမညိုလေးဖြစ်နေရတဲ့ကြားထဲ မွေးခါစတုန်းက အသားဝါပါလာတယ်ဆိုပြီး မီးကင်ခံရတော့ ပိုဆိုးရော။ အဲဒီတုန်းက ရုပ်ကလေးဆိုးဆိုး၊ အသားလေးညိုတိုတိုနဲ့ ဒီရုပ်မှ ထွက်လာပါ့မလားလို့ ကျွန်မတို့မှာ စိတ်ပူရတယ်။

မျက်ခုံး၊ မျက်လုံးတွေ အရမ်းလှတဲ့ ကျွန်မတူမလေးဟာ လူတစ်ယောက်မျက်နှာရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ (ကျွန်မအမေ အဆိုအရ :P) နှာခေါင်းလေးက ရုပ်ဆိုးပါတယ်။ တိုတိုလေးနဲ့ လန်လန်လေးဖြစ်နေလို့ပါ။ သူ့ကြီးတော်က တိုရုံတိုပေမဲ့ သူက လန်တာပါ အစစ်ပါနေသေးတာ။:P မျက်ခုံး၊ မျက်လုံးလှတာကတော့ သူ့အမေနဲ့ တူလို့ဖြစ်ပေမဲ့ ကျွန်မတို့ကတော့ ငါ့တူမလေး ချောတယ်၊ လှတယ်နဲ့ ပြောမဆုံးပေါ့။ :D ဒီကြားထဲ တူမပုံတွေ မြင်တဲ့ သူငယ်ချင်း ယောက်ျားလေးတွေက "နင့်တူမလေးက ချောတယ်"ဆိုကာ တူမနဲ့ ပတ်သက်ပြီး အဒေါ်တော်ချင်လို့ အန်တီလေး ခေါ်သူခေါ်၊ တတီတီထဲ တီတဲ့ သူက တီနဲ့။ ဒီလိုမျိုး မျက်နှာပွင့်လန်းရတာတော့ မကောင်းဘူးလို့ ထင်မိပါတယ်။ ;))

ဟားးး... ပြောရင်းနဲ့ ကျွန်မ တူမလေးကို လွမ်းလာပြီ။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1
(post ၃၀၀ ပြည့်အမှတ်တရ)

ဝါးရင်းတုတ်


ဆရာမန်းတင်ရဲ့ ကိုယ်ရေးအကျဉ်းကို နောက်တရက်မှ ကူးတင်ပါတော့မယ်။ ဒီဝတ္ထုတိုလေး ကူးရေးရတာနဲ့တင် လက်ညောင်းလို့။

-------------------------------------------------

ဝါးရင်းတုတ်

အတန်ငယ် မိုးချုပ်မှ မောင်ပြုံးချို ရုံးမှ ပြန်လာလေသည်။

"ဒီနေ့ တယ်မိုးချုပ်ပါလား။ ဒါလောက်တောင် အလုပ်တွေလုပ်လို့ ဘွဲ့ထူး ဂုဏ်ထူးတွေလည်း ရမှာ မဟုတ်ပါဘူး"
သူ့ဇနီးက အိမ်ဝမှ ကြို၍ နှုတ်ဆက်လေသည်။

"ရတာ မရတာ အပထား၊ ၀တ္တရားကျေအောင်တော့ လုပ်ရတာပဲ ရှင်မရဲ့။ ဒီနေ့တော့ အမတော်ကြေးတွေ ထုတ်ပေးရတာက တမျိုး၊ ရာဇ၀တ်မှုတွေ ချိန်းထားတာကများတော့ နည်းနည်း မိုးချုပ်သွားတယ်ကွဲ့"
မောင်ပြုံးချိုက လေပြည်လေး မှုတ်လိုက်သည်။

"အလကားပါ၊ ဒီအလုပ်လည်း မမက်မောပါနဲ့တော့၊ အိမ်နေရတာ မရှိဘူး။ ပင်ပန်းလိုက်တာလည်း လွန်ရော၊ အလုပ်သာ ထွက်လိုက်ပါ မောင်ရယ်။ အခုနေအခါ ၀ါးရင်းတုတ် ရောင်းစားတာက ဟန်ပါလိမ့်မယ်"
"ဟင် ဘယ့်နှယ့် ၀ါးရင်းတုတ် ရောင်းစားရမလဲ။ ပြောစမ်းပါဦး အလုပ်ထွက်တန်လည်း ထွက်ရတာပေါ့"
"အခု ၀ါးရင်းတုတ်တွေ သိပ်ခေတ်စားနေတယ်။ ဟောဒီ သတင်းစာတွေ ဖတ်ကြည့်"
သူ့ဇနီးသည် သတင်းစာများကို လှမ်းပေး၍ အတွင်းခန်းသို့ ၀င်သွားလေသည်။

မောင်ပြုံးချိုသည် သူ့ဇနီးလှမ်းပေးလိုက်သော သတင်းစာများကို လှန်လှောကြည့်ရှူနေစဉ် ၀ါးရင်းတုတ်ဈေးကောင်းမည့် အရိပ်အယောင် အတိတ်နိမိတ်များကို တွေ့ရလေ၏။

' အလံနီနှင့် အလံဖြူ ကွဲပြီ '

' အလံနီက ပုလိပ်ကို ရိုက်ခြင်း '

' အလံနီကို ပုလိပ်က ရိုက်ခြင်း '

' ပြည်သူ့ရဲဘော်နှင့် အလံနီရိုက်ပွဲ '

' အလုပ်သမား အချင်းချင်း ၀ါးရင်းတုတ်ပွဲ ဆင်ခြင်း '

' ဂဠုန်ဦးစော၏ ၀ါးရင်းတုတ်တပ် ဖွဲ့စည်းပြီးစီးခြင်း '

မောင်ပြုံးချိုသည် သတင်းစာ အသီးသီးတို့မှ ၀ါးရင်းတုတ်သံများကို ကြားနာရင်း လာဘ်မြင်လှသည့် ဇနီးသည်အား ချီးကျူးမိလေသည်။ စီးပွားရေးဆိုသည်မှာ နိုင်ငံရေးကို အယောင်ပြ၍ ရှာကြရသည်ကိုလည်း သတိမူမိသည်။ အမျိုးသားအောင်ပွဲနေ့များတွင် အလံရောင်းသူများ စီးပွားဖြစ်ပုံ၊ ဗိုလ်ချုပ်ဆေးပြင်းလိပ်၊ လွတ်လပ်ရေးမုန့်ထုပ်ကြီးတို့ကိုလည်း သတိရမိလေသည်။

ဟုတ်သည် မှန်သည်။ ၀ါးရင်းတုတ်တွေ ခုတလော အလွန် အသုံးဝင်နေသည်။ ၀ါးရင်းတုတ်သည် တို့မြန်မာတို့ စွဲကိုင်အပ်သော လက်နက်ပေတကား။ အလောင်းဘုရားလက်ထက်က ၀ါးရင်းတုတ်နှင့် အနိုင်ယူခဲ့သည် မဟုတ်ပါလား။ ဦးစောလည်း ၀ါးရင်းတုတ်နှင့်ပင် တန်ခိုးထွားခဲ့သည်တကား။

ယခုလည်း နေ့စဉ်သတင်းစာတွေထဲတွင် ၀ါးရင်းတုတ်တွေ အစွမ်းပြနေပုံကို မကြာခဏ တွေ့ရသည်။ မိမိဇနီး ပြောသကဲ့သို့ ၀ါးရင်းတုတ်ဆိုင်ကြီးတည်ရသော် ကောင်းလေစွ။ အရင်းလည်း နည်းသည်။ ငွေဝင်လမ်းလည်း ဖြောင့်မည်။ မောင်ပြုံးချို၏ အတွင်းသန္တာန်တွင် ၀ါးရင်းတုတ်ဆိုင် ဖွင့်လိုစိတ်တို့ဖြင့် ပြည့်လျှမ်းနေလေသည်။

***

ရန်ကုန် ကုန်သည်လမ်းရှိ ခမ်းနားသည့်အဆောက်အအုံကြီးရှေ့တွင် '၀ါးရင်းတုတ် ကုမ္ပဏီ' ဟူသော ထည်ဝါသည့် ဆိုင်းဘုတ်ကြီးကို တွေ့နိုင်ပါသည်။ ဆိုင်ရှေ့တွင်လည်း ထန်းလုံးလောက်ရှိသည့် ၀ါးရင်းတုတ်ကြီးကို ကြော်ငြာအဖြစ်ဖြင့် ထောင်ထားသည်ကို တွေ့ရမည်။ '၀ါးရင်းတုတ် အမျိုးမျိုး လက်လီလက်ကား ရနိုင်ပါသည်' ဟူသော ဆိုင်းဘုတ်လေးတခုကိုလည်း တွေ့ရသည်။ အတွင်းသို့ ၀င်သွားလျှင် ၀ါးရင်းတုတ်အစားစားကို သူ့အခန်းနှင့်သူ စီရရီ လှပစွာ ဆင်ပြင်ထားသည်ကိုလည်း တွေ့ရလေသည်။ ၀ါးရင်းတုတ်အမျိုးအစားတွေကလည်း စုံလှပါသည်။ အချို့ဝါးရင်းတုတ်များမှာ ၀ါးရင်းတုတ်အစစ်များ ဖြစ်သည်။ အချို့မှာကား အင်းသားကို သုံးတောင်ခန့်ဖြတ်၍ အဖျားရှူးသည့် ချောမွေ့သောတုတ်များ ဖြစ်လေသည်။ အချို့ကျွန်းသား၊ အချို့ပျဉ်းကတိုးသားများနှင့် ပြုလုပ်ထားလေသည်။

အခန်းတခုအတွင်း၌ စားပွဲတခုတွင် ထိုင်နေသူကား ကုမ္ပဏီပိုင်ရှင် ဦးပြုံးချို ဖြစ်လေသည်။ အခြားစားပွဲတွင် လက်နှပ်စက် ရိုက်နေသူကား သူ့ဇနီး ဒေါ်တင်မကြီး ဖြစ်လေသည်။

"တင်ရဲ့၊ တို့သာယာဝတီက သခင်နီ့ဆီ စာရေးလိုက်ပါဦး။ အခေါင်းမပါတဲ့ ကြခတ်ဝါး နှစ်တွဲလောက် ဒီလမကုန်မီ အရောက်ပို့ပါလို့"
ဦးပြုံးချိုက သူ့ဇနီးကို လှမ်း၍ ပြောလိုက်လေသည်။

"အမယ်လေး ရေးလိုက်ရတဲ့ စာကလည်း လွန်ပါရော။ ကျောအောင့်လှပြီ။ နက်ဖြန်ခါမှ ရေးတော့မယ်။ အခု ကျွန်းသားတုတ် မှာစာတောင် ရေးမပြီးသေးဘူး"
သူ့ဇနီးက ကျောကိုကော့ရင်း ပြန်ပြောလေသည်။

"သည်းခံပါ ရှင်မရာ၊ အခုလည်း လက်နှိပ်စက် စာရေးမလေးတွေ ရှာနေတုန်းမို့ပါ"

"အမယ်၊ ဒီတိုက်မယ် လက်နှိပ်စက်စာရေးမတွေ မထားရဘူးဆရာ။ ကိုယ် ပင်ပန်းရင် ပင်ပန်းပါစေ။ ကြည့်စမ်း သူ သိပ်ဥာဏ်များတာပဲ။ စာရေးမလေးတွေ နောက်ပိုးချင်ပြီ ထင်တယ်။ မရဘူး။ ဟင်း ဒါပဲ"
တင်မကြီးသည် နှုတ်ခမ်းစူ၍ မျက်စောင်းခဲလိုက်လေသည်။
' ၀ါးရင်းတုတ်၊ ၀ါးရင်းတုတ် '
' တိုင်းလုံးကျော်တဲ့ ၀ါးရင်းတုတ် '
' ယိုးဒယားကို နိုင်ခဲ့တဲ့ ၀ါးရင်းတုတ် '
' တချက်ထိရုံနှင့် မဏိကွဲမည့် ၀ါးရင်းတုတ် '
' ကျွန်တော်တို့တိုက်မှ အထူးစီမံ လုပ်ကိုင်ထားသော ၀ါးရင်းတုတ်များကို သုံးကြည့်စမ်းပါ။ မည်မျှ လက်ဆကောင်း၍ လူတစ်ဦးခေါင်းကို ဖြောင်းခနဲ မြည်အောင် ခွဲနိုင်ကြောင်း သိရှိရပါလိမ့်မည်။ '
အထက်ပါကြော်ငြာများကို နေ့စဉ်သတင်းစာများတွင် မကြာခဏ တွေ့ရှိနိုင်ပါသည်။ မြန်မာသတင်းစာများကလည်း မြန်မာကုမ္ပဏီကြီးတခု ဖြစ်ထွန်းကြီးပွားလာသည်ကို တွေ့ချင်မြင်ချင်ကြသော အာသာဆန္ဒ ပြင်းပြလှသောကြောင့် မောင်ပြုံးချိုတို့ ကုမ္ပဏီအား အထူးအရေးပေး မြှောက်စားကြသည်။

' ယမန်နေ့ညက သာယာဝတီခရိုင် ပေါက်တောစုကျေးရွာတွင် အရှေ့ကျောင်း ဘုန်းတော်ကြီး၏ ဒကာများနှင့် အနောက်ကျောင်း ဘုန်းတော်ကြီး ဒကာများ ရိုက်ကြရာ၊ အရှေ့ကျောင်းဘက်မှ လူပေါင်းငါးဆယ်ခန့် ဒဏ်ရာရရှိ၍ အနောက်ကျောင်းဘက်မှ သူငယ်တစ်ယောက်သာ ပွန်းပဲ့သွားသည်ဟု သိရှိရကြောင်း။ အနောက်ကျောင်းဘက်မှ ပါဝင်ရိုက်နှက်သူများသည် မြန်မာအမျိုးသား ဦးပြုံးချိုပိုင် ၀ါးရင်းတုတ်ကုမ္ပဏီမှ ရှားနှစ်တုတ်များကို အသုံးပြုကြသည်ဟု သိရှိရကြောင်း။'

ထိုကဲ့သို့ သတင်းမျိုးကို သတင်းစာများက ထည့်သွင်းဖော်ပြပေးရာ ၀ါးရင်းတုတ်ကုမ္ပဏီကြီးသည် တဖြည်းဖြည်း နာမည်ကြီးလာလေသည်။ နာမည်ကြီးလာသည့်အားလျော်စွာ ၀ါးရင်းတုတ်ဆိုင်ကြီးတွင်လည်း ၀ယ်သူတွေနှင့် တိုးမပေါက်အောင် စည်ကားလာလေရာ ဦးပြုံးချိုသည် အလုပ်သမားပေါင်း မြောက်မြားစွာနှင့် အလုပ်ကို တိုးချဲ့လုပ်ကိုင်ရလေသည်။

ဦးပြုံးချိုသည် သူ့အခန်းကလေးတွင် အထူးအလုပ်များလျက်ရှိသည်။ အပြင်တွင်လည်း ၀ါးရင်းတုတ်ဝယ်ယူသူတွေနှင့် ပြည့်နှက်လျက်ရှိသည်။ သူတို့ စကားပြောသံတွေကလည်း ဆူညံလျက်ရှိသည်။

လူငယ်တယောက်သည် ဖိနပ်သံပြင်းပြင်းနှင့် ဦးပြုံးချို အခန်းတွင်းသို့ ၀င်လာလေသည်။
"ဦးပြုံးချို ဆိုတာ ခင်ဗျားလား" လူငယ်က ခပ်ဆတ်ဆတ် မေးလေ၏။
"ဟုတ်ပါတယ်" ဦးပြုံးချိုက ခပ်အေးအေး ဖြေ၏။
"ကျုပ်တို့ တပ်ဖွဲ့အတွက် ၀ါးရင်းတုတ် ၅၀၀ လိုချင်တယ်"
"ရပါစေ့မယ်"
"ဘယ်ဈေးလဲ"
"တစ်ချောင်း နှစ်ကျပ်၊ ငါးရာဆိုတော့ ၁၀၀၀"
"ကောင်းပါပြီ၊ ဒီလမကုန်ခင် လိုချင်တယ်"
"ရပါစေ့မယ်"
လူငယ်သည် စရန်ပေးပြီးနောက် ထွက်သွား၏။

သူငယ်မတစ်ယောက် လုံချည်တိုတို အင်္ကျီလက်မောင်းပင့်လျက် ၀င်လာပြန်သည်။
"ခုတင်က ဟိုလူ ၀ါးရင်းတုတ် ဘယ်လောက် မှာသွားသလဲ"
"ငါးရာ" ဦးပြုံးချိုက ဖြေ၏။
"ကျွန်မတို့ အမျိုးသမီးတပ်ဖွဲ့အတွက် ၁၅၀၀ မှာချင်တယ်။ ရှားနှစ်တုတ်၊ အရင်းတုတ်တုတ် လိုချင်တယ်"
"ကောင်းပါပြီ၊ ရပါစေ့မယ်။ တစ်ချောင်းကို သုံးကျပ်ကျမယ်"
"ကိစ္စမရှိပါဘူး၊ လုပ်ထားပါ၊ ရော့ စရန်ငွေ တစ်ထောင်"

မိန်းမပျိုထွက်သွားပြီးနောက် ပုလိပ်အရာရှိတစ်ယောက် ၀င်လာပြန်လေ၏။
"ဦးပြုံးချိုဆိုတာ ဦး လား"
"မှန်ပါတယ်"
"ကျွန်တော်တို့ ပုလိပ်အဖွဲ့ကြီးအတွက် အနံနှစ်တောင်၊ အရင်း နှစ်လက်မ၊ အဖျား တစ်လက်မခွဲရှိတဲ့ ပျဉ်းကတိုးသားတုတ် လိုချင်ပါတယ်"
"ဘယ်လောက်ယူမလဲ"
"သုံးထောင်"
"ပျဉ်းကတိုးသားက ရှားတယ်၊ ဒီတော့ ဈေးနည်းနည်းကြီးလိမ့်မယ်"
"အမိန့်ရှိပါဦး"
"တစ်ချောင်း ငါးကျပ်"
"လုပ်သာလုပ်ပါ၊ ကျွန်တော်တို့မယ် ရန်ပုံငွေ တောင့်ပါတယ်"
"မောင်တို့မယ် နံပါတ်တုတ်တွေ ရှိသားပဲ"
"အဲဒါတွေက တိုတယ်။ လက်ဆ မကောင်းဘူး။ ကျွန်တော်တို့ဟာ တကယ့်လွတ်လပ်ရေးကို အမိအရတိုက်နေတဲ့ လူထုပုလိပ်တွေပါ။ ဒီလို လွတ်လပ်ရေးလမ်းကြောင်းမယ် အနှောင့်အယှက်လုပ်တဲ့လူတွေ အဲဒီ ပျဉ်းကတိုးသားတုတ်နဲ့ နှက်ရမှာပဲ"

သူ ထွက်သွားပြီးနောက် လူငယ်တစ်ယောက် ၀င်လာကာ အလျားလေးတောင်ရှိ ၀ါးရင်းတုတ်စစ်များကို လာမှာပြန်သည်။ ထိပ်တွင် သံချွန်များ တပ်ပေးရန်ကိုလည်း တိုးတိုးညွှန်ကြားလေသည်။

ဦးပြုံးချိုသည် အထူးဝမ်းသာလျက် ရှိတော့သည်။ မှာထားသော ၀ါးရင်းတုတ်များကိုလည်း ရက်ချိန်းတွင် အဆင်သင့်ဖြစ်ရန် အထူးကြိုးပမ်းလျက် တပည့်လက်သား စုံလင်စွာနှင့် လုပ်ကိုင်လျက်ရှိသည်။ ချိန်းရက်တွင် ၀ါးရင်းတုတ်အသီးသီးကို သက်ဆိုင်ရာ အသင်းအဖွဲ့များသို့ အပ်လိုက်ပြီးသော် ရရှိသော ငွေပေါင်း မြောက်မြားစွာတို့ကို ဘဏ်တိုက်သို့ အပ်နှံရန် ကားကြီးကို ကိုယ်တိုင်မောင်း၍ ထွက်လာစဉ် အတွင်းဝန်ရုံးအနီးသို့ ရောက်လာသောအခါ ဆူညံသော အသံများကို ကြားရလေသည်။ သူသည် လမ်းထောင့်တခုတွင် ကားကိုရပ်၍ အရိပ်အခြည်ကို ကြည့်နေစဉ် လက်ဝဲဘက်မှ အလံပေါင်းမြောက်မြားစွာကို လွှင့်ထူ၍ ချီတက်လာသော လူထုကြီးကို တွေ့ရလေသည်။ သူတို့သည် ကြွေးကြော်သံအမျိုးမျိုးကို အော်ဟစ်လာကြလေသည်။

ထိုစဉ်တွင် လက်ယာဘက်မှ ချီတက်လာသော အလားတူ လူထုကြီးကို တွေ့မြင်ရပြန်သည်။ သူတို့လည်း အလံအမျိုးမျိုးကို လွှင့်ထူ၍ ကြွေးကြော်သံအမျိုးမျိုးကို ဟစ်ကြွေးလာကြလေသည်။ ကြည့်နေစဉ်ပင် တပ်ဦးနှစ်ခု ဆုံမိကြရာ နှစ်ဖက်သောလူထုသည် ဆူညံသောအသံများကို ပြုကာ တဖက်နှင့် တဖက် ရိုက်ကြလေတော့သည်။ သူတို့လက်ထဲတွင် ပါလာသော ၀ါးရင်းတုတ်အမျိုးမျိုးတို့နှင့် တစ်ဦးကိုတစ်ဦး အသနားအညှာတာ ကင်းမဲ့စွာ ဦးခေါင်းများကို ရိုက်ခွဲကြကုန်သည်။ မောင်ပြုံးချိုသည် မိမိဆိုင်မှ ၀ါးရင်းတုတ်တို့၏ စွမ်းရည်ကို အကဲခပ်ကြည့်ရှူနေစဉ် ဖြောင်ဖြောင်မြည်သော အသံတို့သည် ပဲ့တင်ထပ်လျက် မြေပေါ်တွင် သွေးရဲရဲ သံရဲရဲနှင့် အတုံးအရုံး လဲကြကုန်သည်။

"ဟင် ဘယ့်နှယ်ပါလိမ့်။ နှစ်ဖက်စလုံးက 'လွတ်လပ်ရေး၊ လွတ်လပ်ရေး' နဲ့ အော်နေတယ်။ အော်နေတာချင်းတူလျက်နဲ့ ဘာပြုလို့ ရိုက်နေကြပါလိမ့်"
သူ့အနားတွင် ရပ်နေသော အမယ်အိုကြီး တစ်ယောက်က ညည်းညူလေသည်။

ဦးပြုံးချိုသည် သူ့ကို လှည့်ကြည့်၍ မျက်နှာလွှဲလိုက်ကာ ရိုက်ပွဲကိုပင် ကြည့်မြဲ ကြည့်နေပြန်လေသည်။ ထိုကဲ့သို့ တဖြောင်းဖြောင်း ရိုက်နေကြစဉ် ပုလိပ်တို့သည် အလျှိုအလျှို ထွက်ပေါ်လာကြပြန်ကာ နှစ်ဖက်သော လူထုကြီးကို ပျဉ်းကတိုးတုတ်နှင့် ရိုက်ခွဲကြပြန်လေသည်။

လူထုကြီးကလည်း ပြန်လှန်ခုခံကြရာ ပုလိပ်ရော လူထုပါ ထွေးလုံးရစ်ပတ်လျက် အတုံးအရုံး လဲကုန်ကြလေသည်။ မောင်ပြုံးချိုလည်း အထိတ်တလန့်ဖြစ်ကာ ကားပေါ်မှ ဆင်း၍ အနီးမှ အမယ်အိုကြီးကို သတိရသဖြင့် လှည့်ကြည့်ရာ သူသည် ထိပ်ကွဲ၍ လဲနေသည်ကို တွေ့ရလေသည်။ သူသာမက မောင်ပြုံးချိုအနားရှိ လူအပေါင်းတို့သည် တစ်ယောက်မကျန် ထိပ်အက်လျက် ပက်လက်တမျိုး မှောက်လျက်တဖုံ သွေးအိုင်ထဲတွင် လဲနေကြသည်ကို တွေ့ရလေ၏။ မောင်ပြုံးချိုသည် အနီးအနား ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ အထူးတုန်လှုပ်ချောက်ချားသွားလေသည်။ မကြာသေးမီက အသံကုန်အော်ဟစ်နေသူအပေါင်းသည် ၀ါးရင်းတုတ်ကိုယ်စီနှင့် အတုံးအရုံး လဲနေကြလေသည်။ ပတ်ဝန်းကျင်တခုလုံးသည် လူသေတို့ စွန့်ပစ်ရာ သုသာန်တစပြင်ကြီးနှင့် တူနေလေသည်။ သူသည် ငွေထုပ်ကြီးကို ပိုက်ကာ တွေဝေလျက်ရှိစဉ် လေယာဉ်အုပ်ကြီး ပျံသန်းလာသကဲ့သို့ အသံများကို ခပ်သဲ့သဲ့မျှ ကြားရလေရာ ငွေထုပ်ကြီးကို ပစ်ချကာ မြောင်းထဲသို့ ဆင်း၍ ၀ပ်နေလေသည်။ သူကြားနေရသော အသံများသည် တစတစ နီးကပ်လာလေရာ ကျယ်ကျယ်၍ လာလေသည်။ နောက်ဆုံး၌ မောင်ပြုံးချို၏ ဦးခေါင်းထက်သို့ ရောက်ရှိလာလျက် '၀ုန်း ၀ုန်း' ဟူသော အသံများကို ကြားရလေရာ ဗုံးချနေပြီဟု အောက်မေ့ကာ မျက်နှာမဖော်ရဲအောင် ရှိလေသည်။ အတန်ကြာသောအခါ အသံငြိမ်သွား၍ အမှတ်တမဲ့ ကြည့်လိုက်ရာ လေယာဉ်ပျံများကိုကား မမြင်ရ။ သိန်းသန်းမက မရေတွက်နိုင်သော လင်းတအပေါင်းတို့သည် အတုံးအရုံး လဲနေကြသည့်ခန္ဓာကိုယ်တို့ပေါ်တွင် ရပ်နားထိုးဆိတ်နေကြသည်ကို တွေ့မြင်ရလေသည်။ ထိုအခါကျမှ သူကြားရသော အသံကား လင်းတတို့၏ အတောင်ပံသံဖြစ်၍ '၀ုန်း ၀ုန်း' ဟူသော အသံကား မြေသို့ ထိုးဆင်းချသော အသံဖြစ်ကြောင်းကို သိရှိရလေသည်။

သူသည် ထိုနေရာမှ "ကမ္ဘာကြီး ပျက်စီးတော့မည်။ ကမ္ဘာကြီး ပျက်စီးတော့မည်" ဟု လောကဗြူဟာ နတ်သားကဲ့သို့ အသံကုန် ကြွေးကြော်ရင်း တဟုန်ထိုး ပြေးလေတော့သည်။ တစ်လမ်းလုံး ၀ါးရင်းတုတ်ဒဏ်ရာနှင့် ဟက်တက်ပြဲကာ ခန္ဓာကြွေနေကြကုန်သော အာဇာနည်အပေါင်းကိုပင် ဦးညွှတ်ကာ အရိုအသေ မပြုနိုင်တော့ဘဲ ခုန်ကျော်ပြေးလွှားနေလေသည်။ သူသည် အမောဆိုက်မတတ် မရပ်မနား ပြေးလွှားနေသော်လည်း လမ်းပေါ်တွင် အဖော်ဟူ၍ တစ်ယောက်မျှ မတွေ့ရကား စိတ်အားငယ်လာလေသည်။ ၀ါးရင်းတုတ်ဒဏ်ရာဖြင့် တစ်မျိုးလုံးပင် ပြုတ်ပြုတ်ပြုန်းကုန်ပြီလော။ တစ်မျိုးလုံးပင် လင်းတတို့၏ အစာ ဖြစ်ကုန်ပြီလော။ သူသည် သည်းတုန်အူတုန် ယူကျုံးမရ ဖြစ်လာလေသည်။ ထိုအချိန်တွင် လမ်းဘေးတိုက်ကြားထဲမှ လူတစ်ယောက်သည် အလံကြီးကိုကိုင်၍ ထွက်လာကာ မောင်ပြုံးချိုအား အလံတိုင် ၀ါးရင်းတုတ်နှင့် တအားလွှဲရိုက်လိုက်ရာ ရှောင်ကောင်းသဖြင့်သာ ထိပ်မကွဲဘဲ ပခုံးကို ထိလေသည်။

***

"အမယ်လေးဗျ" မောင်ပြုံးချိုသည် အလန့်တကြား အော်မိလေသည်။
"ဘယ့်နှယ် ဖြစ်နေတာလဲ။ ညနေကြီး အိပ်နေလိုက်တာ ထပါ။ ရေချိုးပြီးရင် ထမင်းစားကြမယ်"
မောင်ပြုံးချို၏ ဇနီးသည် ပခုံးကိုပုတ်၍ နှိုးလေသည်။ ထိုအခါကျမှ မောင်ပြုံးချိုသည် သတင်းစာတွေ တပုံကြီး ပေါင်ပေါ်တင်လျက် အိပ်ပျော်နေရာမှ ကယောင်ကတမ်း ထကာ ရေချိုးခန်းရှိရာသို့ လှမ်းလေသည်။

သူသည် ခပ်သွက်သွက် ရေချိုးပြီးလျှင် ထမင်းပွဲရှိရာသို့ ရောက်လာလေသည်။

ထမင်းပွဲတွင်ကား ခဲဖွယ်ဘောဇဉ်တို့ကို သူမမြင်နိုင်။ အိပ်မက်ထဲမှ ၀ါးရင်းတုတ်များ၊ ထိပ်ဟက်တက်ကွဲများနှင့် လင်းတများကိုသာ မြင်ယောင်နေတော့သည်။

စင်စစ်အားဖြင့် မောင်ပြုံးချိုသည် အလုပ်မှထွက်၍ ၀ါးရင်းတုတ်ဆိုင်လည်း မတည်ထောင်ရသေးပါ။ အချင်းချင်းလည်း အိပ်မက်ထဲမှာကဲ့သို့ အကြီးအကျယ် မရိုက်သတ်ကြသေးပါ။ ဂိဇ္ဈကုတ်တောင်မှ သိန်းသန်းမက မြားမြောင်လှစွာသော လင်းတအပေါင်းတို့လည်း တို့မြန်မာများ၏ အသားအသွေး အူသည်းအစုံတို့ စားသုံးသောက်မျိုရန် မရောက်လာကြသေးပါ။

မန်းတင်
[ဂျာနယ်ကျော် ၁၉၄၇ ဖေဖော်ဝါရီ]

---------------------------------------------------

ဝတ္ထုတိုပါအကြောင်းအရာကတော့ လွတ်လပ်ရေးမရခင်၊ ရခါနီးအချိန်လောက်က အခြေအနေပါ။ လွတ်လပ်ရေးရခါစနဲ့ ရပြီး နှစ်ပေါင်း ၆၀ ကျော်အကြာမှာလည်း ဒီဝတ္ထုတိုလေးနဲ့ ထပ်တူညီပဲနော်။
ကြွေးကြော်သံအချို့ကိုသာ ပြောင်းလဲထည့်လိုက်ရုံ။ ခုထိ ခေတ်မီနေသေးတဲ့ ၀တ္ထုတိုလေးလို့ ဆိုရမှာပေါ့။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။


စိတ်ပျက်ခြင်းများစွာဖြင့်
s0wha1

ဆရာ မန်းတင်ရဲ့ မြို့ပိုင်မောင်ပြုံးချို ၀တ္ထုတို ပေါင်းချုပ်ထဲမှ ကူးယူ ဖော်ပြသည်။

Blog ဋ္ဋီကာ


Blog ဆိုတာကို သူများတွေ ဘယ်လို နားလည်၊ ယူဆကြလဲတော့ မသိဘူး။ ကျွန်မ သိထား၊ နားလည်ထားတဲ့ Blog ကတော့ အင်မတန် ရိုးရှင်းတယ်။ ကျွန်မအတွက် Blog ဆိုတာ စိတ်အပန်းဖြေမှု တခု။ အင်တာနက်ဆိုတဲ့ ပုံရိပ်ယောင်လောကမှာ ကိုယ့်အတွေး ကိုယ့်အမြင်၊ ကိုယ့်အကြောင်း၊ ကိုယ့်ယုံကြည်ချက်တွေ အမှတ်တရ သိမ်းဆည်းထားရာ နေရာလို့ ကျွန်မက မှတ်ယူတယ်။

ကျွန်မ ဒီ Blog ကို စရေးထဲက ကျွန်မအကြောင်းတွေနဲ့ မြင်တွေ့ကြားသိရတာတွေကိုပဲ တစိုက်မတ်မတ် ရေးလာခဲ့တာ။ လူတစ်ယောက်မှာ ခံစားချက်ဆိုတာ အမြဲ ပြောင်းလဲ နေတတ်တဲ့ သဘောရှိတယ်။ အဲဒီ လတ်တလော ခံစားချက်ပေါ် မူတည်ပြီးလည်း ရေးတဲ့ အကြောင်းအရာတွေက ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မဟာ ကျွန်မကိုပဲ ကိုယ်စားပြုပြီး မည်သူ တဦးတယောက်၊ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုဘူးဆိုတာတော့ လက်ခံထားရပါလိမ့်မယ်။

စာဖတ်တာသာ သဘောကျပြီး (တခါတလေလည်း အပျင်းထူတတ်ပါတယ်) စာရေးဖို့ အရည်အချင်း သိပ်မမှီတဲ့ ကျွန်မက Blog ပေါ်မှာ စာရေးနေရခြင်းကို နှစ်သက်ပါတယ်။ တနေ့ တနေ့ အယောက် ၇၀ ကျော်၊ ၁၀၀ ကျော် လာဖတ်နေတဲ့ ကျွန်မ Blog လေးကို ကြည့်ပြီးလည်း ကျေနပ်နေသူလေ။ တခြားသူတွေလို မိတ်မဖွဲ့တတ်၊ ဧည့်ဝတ်မကျေတတ်တာကတော့ ဘယ်လိုမှ ပြုပြင်လို့မရတဲ့ ကျွန်မရဲ့ အပျင်းရောဂါကြောင့်ပါ။ ကျွန်မ စကားပြောဖို့ အင်မတန် ပျင်းပါတယ်။ သူများ Blog လေးတွေ သွားဖတ်ပြီး ကြည်နူးရ၊ ပြုံးပျော်ရပေမဲ့ အဲဒီလို လူတွေနဲ့ စကားပြော နှုတ်ဆက်ရမှာကိုလည်း ကျွန်မ အလွန် ၀န်လေးမိပါတယ်။ အိမ်မှာနေရင်းတောင် တနေ့နေလို့ စကား တခွန်း မပြောဖြစ်ခဲ့တာ ကြာပါပြီ။ ဘယ်လိုကြောင့် လူတွေနဲ့ စကားပြောချင်စိတ်တွေ ကုန်ခန်းနေမှန်းတော့ မသိပါဘူး။

ခုနောက်ပိုင်း ကျွန်မက စကားမပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နေချင်တာ။ အဲဒီတော့ မြင်ရတာ ရိုးအီလာပြီဖြစ်တဲ့ ဘလော့ဂ်တန်းပလိတ်ကို ထိုင်ပြင်နေမိပါတယ်။ အဲဒီအတွက် ဒေတာတချို့လည်း ပျောက်ဆုံး ပျက်စီးပေါ့။ ဒီလို ပုံပန်းသဏ္ဌာန် ထွက်လာအောင်ပဲ တော်တော်လုပ်ယူထားရတယ်ဆိုတာ HTML ကို သိပ်မကျွမ်းကျင်သူတိုင်း သိကြမှာပါ။ ခုတော့ ဒီဘလော့ဂ် တန်းပလိတ်လေးကို နေ့မအိပ်၊ ညမအိပ် ကျွန်မ ပြင်ထားပေမဲ့ စာလုံးလေးတွေ သေးနေတာကြောင့် ကျွန်မ နောက်တခု ထပ်ပြောင်းဖို့ စဉ်းစားနေမိတယ်။ စာလုံးဖောင့်ကို ကြီးလို့ရရင်တော့ တော်တော် ကောင်းမှာပဲလို့။ ကိုယ့်ဘလော့ဂ်က စာလေးတောင် ကိုယ်မနည်း ပြူးပြဲဖတ်နေရတာ မနိပ်သေးဘူး။ ခဏနေ စာလုံးဖောင့်ကြီးအောင် နည်းနည်း ကလိလိုက်ဦးမယ်။ ဒါက ကျွန်မ ဘလော့ဂ်တန်းပလိတ်နဲ့ ပတ်သက်ပြီး ပြောချင်တဲ့စကား။

တခြားသူတွေအတွက်တော့ မပြောတတ်ဘူး။ ကျွန်မအနေနဲ့တော့ ဒီဘလော့ဂ်လေးမှာ စာရေးရတာတောင် မလွယ်ပါဘူး။ စာရေးဖို့ ဈာန်ဝင်နေချိန်ပဲ စာတွေက ရှောရှောရှူရှူရေးလို့ရပြီး စိတ်မပါရင်တော့ ရေးစရာ အကြောင်းအရာရှိလျက်၊ စာရေးဖို့ ကြိုးစားနေလျက်နဲ့ စာတလုံးမှ ထွက်မလာလို့ ရေးမရတဲ့နေ့တွေ အများကြီးပဲ။ စာကြောင်း တစ်ကြောင်း ရေးတိုင်း၊ ရေးတိုင်း ဖတ်လို့ ချော၊ မချောကို အခေါက်ခေါက်အခါခါ ပြန်ဖတ်ရတာလည်း မနည်းပါဘူး။ စာ တစ်ပုဒ်အတွက် အကြိမ် ၅၀ ထက်မနည်း၊ ဖတ်ရတာများ ထောက်နေမလားဆိုပြီး ထပ်ခါ ထပ်ခါ ပြန်စစ်ရတာ ကျွန်မ တစ်ယောက်ထဲ ရှိမယ် ထင်ပါရဲ့။ တခါတလေလည်း မချောမွေ့တဲ့ စာကြောင်းမှန်း သိသိကြီးနဲ့ ဘယ်လို ပြန်ပြင်ရေးရမလဲ စဉ်းစားမရလို့ ဒီအတိုင်း ထားလိုက်ရတယ်။ တခါတခါကျတော့လည်း ပို့စ်တင်ပြီး ၃၊ ၄ ရက်ထိကို စာကြောင်းပြင်လို့ မဆုံးနိုင်အောင် ရှိတတ်ပါသေးတယ်။ :D

စာရေးလို့ ကောင်းတဲ့ နေ့ဆိုရင်တော့ စာ တပုဒ်လုံး မနားတမ်း အေးအေးဆေးဆေး ရေးလို့ပြီးပါတယ်။ အလွန်မြန်သလို၊ အလွန်လည်း လွယ်ကူနေပြန်ပါတယ်။ သုံးထားတဲ့ စာလုံးတွေ ထပ်နေမလား၊ အဆုံးသတ်ကို ဘယ်လို ဆုံးရင် ကောင်းမလဲ၊ ခေါင်းစဉ် ဘယ်လိုပေးရပါ့ ဆိုပြီး ခေါင်းခြောက်ရတာကလည်း အမြဲတမ်းလိုလိုပါပဲ။ အနုပညာမြောက်အောင် ရေးဖွဲ့တာ မဟုတ်ဘဲ ဒီလို အလ္လာပ သလ္လာပအကြောင်းအရာတွေ ရေးနေရလို့သာ တော်သေးတာပေါ့။ ဒါက ကျွန်မ ဘလော့ဂ်ရေးရင် တွေ့ရတဲ့ အခက်အခဲ။

ကဒေါင်းရဲ့ နိုင်ငံရေးဘလော့ဂါဆိုပါလား ပို့စ်ကို မဖတ်ရသေးခင်ထဲက ရေးဖို့ စဉ်းစားထားတဲ့ အကြောင်းအရာကို ခုတော့ ကဒေါင်းက ကွက်တိ ရေးထားတယ်။ သူက ဘယ်လို အကြောင်း၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ရေးလည်းတော့ မသိဘူး။ သူ ရေးထားတာနဲ့တင် တော်တော်လေး ပြီးပြည့်စုံနေပါပြီ။

ကျွန်မ Blog မှာ ကျွန်မ ယုံကြည်ချက်၊ ခံယူချက်တွေ ရေးတယ်၊ ကျွန်မ မိသားစုနဲ့ ကျွန်မအကြောင်းတွေ ရေးတယ်၊ ချစ်ခြင်း အကြောင်းရေးမယ်၊ လွမ်းခြင်းအကြောင်း ရေးမယ်၊ ပြီးတော့ လတ်တလော ခံစားချက်တွေ ရေးပါမယ်၊ စာရေးပျင်းရင် ဟိုဟာကူးထည့်၊ ဒီဟာကူးရေး လုပ်တယ်ပေါ့။ ကျွန်မရဲ့ Blog အတွေးက ဘာကန့်သတ်ချက်မှမရှိဘဲ အင်မတန်ကို လွတ်လပ်ပါတယ်။ ကျွန်မကတော့ ဒီလိုပဲ ထင်တယ်။ အဲဒီအတွက်လည်း ကျွန်မက ကျေနပ်တယ်။ ကျွန်မက လူမသိခံနိုင်စရာအကြောင်း မရှိတဲ့အတွက် ဘယ်သူဆိုတာကို မကြေငြာခဲ့သလို၊ ဖုံးကွယ်ခြင်းလည်း မရှိခဲ့ပါဘူး။ ကျွန်မ ဘယ်သူလဲဆိုတာ လူအများစု သိသလို၊ ကျွန်မ ဘာတွေလုပ်နေလဲဆိုတာလည်း ကျွန်မ မိတ်ဆွေတိုင်း သိကြပါတယ်။ ကျွန်မလုပ်ရပ်တိုင်း၊ ကျွန်မရေးတဲ့ ပို့စ်တိုင်းကို တာဝန်မယူနိုင်စရာအကြောင်း (လုံးဝ) မရှိပါဘူး။ Blog ရေးခြင်းမှာ ကျွန်မ ခံစားချက်လေးတွေ ရေးနေရဖို့သာ လိုအပ်ပါတယ်။

Blog ရေးတဲ့ Blogger တယောက်ကို celebrity တယောက်ကို စိတ်ဝင်စားသလို စိတ်ဝင်စားခံရတယ်ဆိုတာ သိလိုက်ရတဲ့အခါ ကျွန်မ ပြုံးမိပါတယ်။ ဒါဆို ကိုယ်ရေးချင်တာ မရေးရတော့ဘူးလားဆိုပြီးလည်း စိတ်ညစ်သလိုလိုဖြစ်မိပါတယ်။ အဲဒီလိုဆိုရင် ကိုယ့် Blog လေး လူမသိတာကမှ ပိုမကောင်းဘူးလားလို့ တွေးမိပါတယ်။ နောက်ဆုံး အဖြေကတော့ ကိုယ် စိတ်ချမ်းသာသလို ရေးပိုင်ခွင့်ရှိသည်လို့ ကိုယ့်ဖာသာကိုယ် မှတ်ချက်ချလိုက်ပါတယ်။

ကျွန်မကို ဒီအကြောင်းတွေ၊ ဟိုအကြောင်းတွေ မရေးတော့ဘူး၊ ဘာညာ @#$&!*@ ပြောတာ ပြန်ကြားတဲ့အခါ ကျွန်မရေးတဲ့ ပို့စ်တွေကို ပြန်ဆန်းစစ်မိတယ်။ ကျွန်မ ဘလော့ဂ်စရေးထဲက ခုချိန်ထိ ကျွန်မ ရေးတဲ့ပို့စ်တိုင်း၊ အကြောင်းအရာတိုင်းလိုလိုဟာ ကိုယ့်ခံစားချက်၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်အကြောင်းကိုပဲ ရေးတာတွေပါ။ ဘယ်လိုကြောင့် အဲလိုတွေ ရေးတယ်၊ မရေးဘူးတွေ ပြောပါလိမ့်လို့ မတွေးတတ်အောင်လည်း ဖြစ်မိတယ်။ တခုတော့ ရှိတယ်။ ကျွန်မ ရပ်တည်ချက် မပြောင်းလဲပေမဲ့ အရင်ကထက်စာရင် လက်ရှောင်တာတွေ ရှိတယ်။ တိတိကျကျပြောရရင် မတ်လနောက်ပိုင်း ဧပြီလလောက်ထဲကပေါ့။ "ဘယ်လိုကြောင့်လဲ"လို့ အမေးရှိရင် ကျွန်မ ဘက်ကလည်း "စိတ်ကုန်"လို့ ဆိုတဲ့ အဖြေ ပြန်ဖြေရမှာပဲ။ "ဘာလို့ စိတ်ကုန်တာလဲ" ဆိုရင်တော့ ခုလက်ရှိ ကျွန်မ ဖတ်နေတဲ့ ဆရာ မန်းတင်ရဲ့ "မြို့ပိုင် မောင်ပြုံးချို" ၀တ္ထုတိုပေါင်းချုပ်ထဲက "၀ါးရင်းတုတ်" ဆိုတဲ့ ၀တ္ထုတိုလေးကို နောက်ရက်မှာ ပြန်ကူးပြပါ့မယ်။ အဲဒါဟာ ကျွန်မ စိတ်ကုန်ရခြင်း အကြောင်းရင်းပါပဲ။

နောက်ဆုံး ပြောချင်တာကတော့ "တကယ်တော့ ဘလော့ဂါဆိုတာကို ပုံရိပ်ယောင်လောကမှာပဲ မြင်စေချင်ပါတယ်။" ဆိုတဲ့ ကဒေါင်းရဲ့ စကားကိုပဲ ပြန်ယူသုံးပါရစေ။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၅)


မန္တလေး သင်္ကြန်တုန်းက ကျုံးဘေးနာမှာ ဆိုင်ကယ်ပျက်တုန်း ရိုက်ထားတာ။ တောင်ငူမြို့က လယ်ကွင်းတွေရယ်၊ နေ၀င်ပုံတွေရယ်။ ပြီးတော့ ရန်ကုန်လေဆိပ်နဲ့ လေယာဉ်ပျံပေါ်က မြင်ကွင်း။


















ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာစာ၊ မြန်မာစကား


မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာကို မှန်အောင် မရေးနိုင်မှာ ကျွန်မ အလွန်ပဲ စိုးရိမ်မိပါတယ်။ တခါမှလည်း မြန်မာစာ သတ်ပုံကျမ်းတွေ၊ ဘာတွေ မဖတ်ဘူးတဲ့အတွက် ကိုယ်ရေးသမျှ အမှန်လို့ စိတ်မချနိုင် ဖြစ်ရပါတယ်။ အဲဒီအတွက် (ပြီးခဲ့တဲ့ တနှစ်လောက်က) အန်တီငြိမ်းက "မြန်မာစာ သတ်ပုံကျမ်း"စာအုပ်ကို pdf ဖိုင်နဲ့ ပို့ပေးသော်လည်း ကိုယ်ရေးတာ မှန်မှာပါလို့ ယုံကြည်ချက်အနည်းငယ်နဲ့ သတ်ပုံကျမ်းကို တခါပဲ ဖွင့်ဖတ်ဖူးပါတယ်။ မနေ့ကမှ အန်တီငြိမ်းပေးထားတာ ကြာပြီဖြစ်တဲ့၊ မြန်မာစာ သတ်ပုံကျမ်းလိုပဲ ကျွန်မ တခါမှ ဖွင့်မကြည့်ဖြစ်တဲ့ "မြန်မာစာ၊ မြန်မာစကား"ဆိုတဲ့ pdf ဖိုင်ကို ဋ္ဋီကာ(တီကာ)ရဲ့ အသံထွက် ရှာတွေ့လို၊ ရှာတွေ့ငြား ဖွင့်ဖတ်မိတယ်။ အရင်က ဋ္ဋီကာ ကို ကျွန်မက ဏီကာတို့၊ လီကာတို့ အသံထွက်ပါတယ်။ အခုမှ တီကာလို့ အသံထွက်ရမှန်း သိတယ်။ :D ဋ္ဋ(တသလင်းချိတ်) ပါဆိုမှ တ(တ၀မ်းပူ) အသံထွက်ရမှာကို ကျွန်မ သတိမမူမိဘူးလေ။ ဒီလိုနဲ့ ကျွန်မ သိလိုတာတွေ ရှိဦးမလား ဆက်ဖတ်ရင်းနဲ့ ကျွန်မ အမြဲ မသဲမကွဲဖြစ်ရတဲ့ အရေးအသားတချို့ကို တွေ့ရတော့ ကျွန်မလိုပဲ ဇဝေဇ၀ါ ဖြစ်နေသူများအတွက် ပြန်လည် မျှဝေချင်လာပါတယ်။

*** ***** ***

ဖက် နှင့် ဘက်
အနက်သဘောအားဖြင့် ဖက် မှာသာ အနက်ရှိပေသည်။ ဘက် မှာ အနက် မရှိပါ။ သို့ရာတွေ အရာဌာနတိုင်း အနက်စွဲရေးပြီး၊ ရေးသည့်အတိုင်း အသံထွက်ရိုး မရှိပါ။ ရေးတော့ အမှန်၊ ဖတ်တော့ အသံ ဟု ပြောစမှတ်ပြုသည်။ ဤသည်ကို လိုက်၍ အသံအတိုင်း ရေးကြရသည်လည်း ရှိသည်။ အသံစွဲ အရေး ဟုဆိုနိုင်သည်။ ဖက် နှင့် ဘက် လည်း သည်အတိုင်းပင်ဖြစ်သည်။ ဖက် ကား အနက်စွဲအရေး၊ ဘက် ကား အသံစွဲအရေး။

ဖက် ကို အောက်ပါတို့၌ သုံးသည် ---
၁။ ကြိယာ ဖက်
သာဓက။ ။စုံဖက်၊ စွက်ဖက်ဖက်စပ်၊ ဖက်တွဲ၊ လိုက်ဖက်၊ ယှဉ်ဖက်၊ ဆွဲဖက်၊ တွဲဖက် စသည်တို့ကဲ့သို့သော ကြိယာများ။


၂။ အဖော်အဖက်
သာဓက။ ။ကူဖော်လောင်ဖက်၊ ကြင်ဖော်ကြင်ဖက်၊ ဆေးဖော်ကြောဖက်၊ ဆေးဖော်ဝါးဖက်၊ လုပ်ဖော်ကိုင်ဖက်၊ သွားဖော်လာဖက် စသည်တို့ကဲ့သို့သော ဖော်_ဖက် တွဲလုံးများ။


၃။ သင်္ချာနှင့်တွဲသော ဖက်
သာဓက။ ။တဖက်တချက်၊ နှစ်ဦးနှစ်ဖက်၊ သုံးဖက်မြင်၊ လေးဖက်နာ၊ အနားငါးဖက်ပဉ္စဂံ၊ လေးလုံးခြောက်ဖက် စသည်ဖြင့် ရှေ့တွင် အရေအတွက် သင်္ချာပါသော အရေးအသားများ။

ဘက် ကို အောက်ပါတို့၌ သုံးသည်---
၁။ အရပ်မျက်နှာနှင့်တွဲလျှင် ဘက်
သာဓက။ ။အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်


၂။ တည်နေရာနှင့်တွဲလျှင် ဘက်
သာဓက။ ။အိမ်ဘက်မှာ၊ ဈေးဘက်မှာ၊ မြစ်ဘက်မှာ၊ ရွာဘက်မှာ၊ တောဘက်မှာ၊ ၀ဲဘက်၊ ယာဘက်


၃။ သူ၊ ငါ၊ ကျား၊ မ စသည်နှင့်တွဲလျှင် ဘက်
သာဓက။ ။ သူ့ဘက်၊ ငါ့ဘက်၊ ကိုယ့်ဘက်၊ ယောက်ျားဘက်၊ မိန်းမဘက်၊ လင်ဘက်၊ မယားဘက်၊ အဖေ့ဘက်၊ အမေ့ဘက်၊ ဆရာ့ဘက်၊ တပည့်ဘက်


၎။ အာဒိစကားလုံး (အစ စကားလုံး) ဖြစ်လျှင် ဘက်
သာဓက။ ။ဘက်ကန်၊ ဘက်စုံ၊ ဘက်ပေါင်းစုံ၊ ဘက်လိုက်၊ ဘက်မလိုက်။


ဤတွင် ခြွင်းချက် တခုရှိသည်။ အဖော်ဖက်မှန်သမျှကို ဖော်_ဖက်ဟု ဖဦးထုပ်နှင့် ရေးသော်လည်း ရဲဘော်ရဲဘက်၊ ရဲဘော်၊ ရဲဘက် တို့ကိုမူ ဘကုန်းနှင့်ပင် ရေးရန်ဖြစ်သည်။ အရေးတွင်ကျယ်မှုအရ ခြွင်းချက်ဟု မှတ်နိုင်သည်။

အောက်ပါ ဆောင်ပုဒ်ဖြင့် မှတ်နိုင်သည်---
အရပ်မျက်နှာ၊ တည်နေရာ၊
သူငါကျားမ၊ အာဒိစ၊ ရေးကြဘကုန်းနှင့်။
ကြိယာဖက်၊ အဖော်ဖက်၊
ယှဉ်လျက်သင်္ချာ၊ ရေတွက်ခါ၊ ရေးပါဦးထုပ်နှင့်။
ရဲဘော်ရဲဘက်၊ မျှသာပက်၊
ခြွင်းချက်ထားကုန်လင့်။

*** ***** ***
နောက်ရက်မှ ဖူး နှင့် ဘူး ကွဲပြားရေးသားပုံကို ကူးယူပြပါဦးမယ်။

မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Excellent Thoughts


ကျွန်မ မှတ်သားထားဖို့ စကားလေးတွေ မစနိုးက မေးလ်နဲ့ ဖော်ဝှက် လုပ်ပေးလို့။














ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၄)


ပြင်ဦးလွင်ပုံတွေက နည်းနည်းပိုများတယ်။ ဓာတ်ပုံတွေက သေသေချာချာကြီး ရိုက်လာတာ မဟုတ်တော့ သိပ်မလှဘူး။ လူနဲ့ ရိုက်ထားတဲ့ ရှူခင်းပုံတွေက ပိုလှပြီး ပိုစုံတယ်။ လူပုံဖျက်လိုက်ရင်လည်း ကြည့်မကောင်းမှာ စိုးလို့ မတင်ဖြစ်ဘူး။














ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1


ငါ့ Blog လေး သွားရှာပြီ။ အိ... အိ... :((


မနေ့ညက ကျွန်မဘလော့ဂ်ကို အကလိလွန်သွားတာ ဒီမနက် ကြည့်မိတော့ ငိုချင်းရှည်ချမိတယ်။ ဘာတွေ ဖြစ်ကုန်မှန်းကို မသိဘူး။ ဘလော့ဂ်ကို မထိမကိုင်တာ ကြာပြီဖြစ်လို့ ဘလော့ဂ်ဒီဇိုင်းကိုလည်း မပြောင်းမိ။ တခုခုကို စွဲစွဲမြဲမြဲ ဒါဆိုဒါပဲ ဆိုတာမျိုး မရှိဘဲ ကြာလာရင် ရိုးအီလာတတ်တဲ့ အကျင့်ကြောင့် ကိုယ့်ဘလော့ဂ် ကိုယ်ကြည့်ရင်း တော်တော်ပျင်းလာတာ အမှန်။ ဒါနဲ့ အပြောင်းအလဲလေး ဖြစ်လို ဖြစ်ငြား တန်းပလိတ်ပြောင်းမယ်ဆိုပြီး ဟိုစမ်း၊ ဒီစမ်း လျှောက်လုပ်ရင်းနဲ့ ခုလိုဖြစ်သွားတယ်။ အပြောင်းအလဲ အလွန်ကြိုက်တတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလို ဖြစ်နေပြီ။ ကျွန်မအကြိုက် တန်းပလိတ်လေးတွေ ဂူဂယ်မှာ လိုက်ရှာရင်း မနက် ၅ နာရီကျော်ထိ အိပ်ရေးပျက်ခံပြီး ကြိုးစားထားရတာလေး အလကား ဖြစ်သွားတယ်။

ခုချိန်ထိတော့ ဘာဆက်လုပ်ရမလဲ မသိသေးဘူး။ Backup လုပ်ထားတဲ့ ဖိုင်လေးတောင် ပြန် upload လုပ်မရအောင် Settings တွေက ပြောင်းကုန်ပြီ။ အဓိက တရားခံကတော့ Blog Skin လှလှလေး change ကြည့်မယ်ဆိုပြီး အဲဒီဆိုဒ်က ပြောတဲ့အတိုင်း Revert to Classic Template ကိုနှိပ်ပြီး copy, past တွေ လုပ်လိုက်တာ။ ဘာတွေ ဖြစ်ကုန်မှန်းကို မသိဘူး။ Backup File လည်း ထည့်မရ၊ New Template လည်း ထည့်မရမှတော့ ဒီအတိုင်း ခဏငြိမ်နေလိုက်တာ ကောင်းပါတယ်လေ။
တကယ်ဆို New function ကနေ Old Template ကြီး ဖြစ်သွားမှန်း သိပေမဲ့ အဲဒီ New Function Template ပြန်ရအောင် ဘယ်လိုလုပ်ရမလဲ မသိသေးတာ။ ဒါတောင် နည်းနည်းကြည့်ပျော်၊ ရှူပျော်ဖြစ်အောင်တော့ ပြန်လုပ်ထားပါတယ်။ ညနေမှ ဟိုမေး၊ ဒီမေးနဲ့ နည်းနည်း ထပ်ကလိကြည့်လိုက်ဦးမယ်နော်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

လတ်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု...


အန်တီ ခင်မင်းဇော်က စာရေးစေချင်လို့ Tag တာနဲ့ အားရပါးရ ရေးလိုက်မယ်ဆိုကာမှ မေးခွန်းလေးတွေက လွယ်မယောင်နဲ့ ဖြေရခက်တယ်။ စာမရေးတာ ကြာပြီဖြစ်တဲ့ ကျွန်မလည်း သူများရေးတဲ့စာတွေ ဖတ်ပြီး ခုတော့ စာပြန်ရေးချင်လာပြန်ပေါ့။ :)

***************************


ကိုယ့်ရဲ့ နာမည် -------------------------------------- s0wha1 ပေါ့လေ။ (အဲလိုပဲ ပြောရမှာပေါ့နော်) :P

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် --------- "ET" တဲ့ (သူက)၊ "ကြွက်စုတ်" လို့ အမ ၀မ်းကွဲက ခေါ်တယ်။ သွားတွေက ချွန်နေလို့တဲ့။ (ငယ်ငယ်ကဆို မောင်နှမတွေ ရန်ဖြစ်ရင် အဲဒီသွားတွေနဲ့ ကိုက်လွန်းလို့ လူတိုင်းက ကြောက်ကြတယ်။ ဟိ) အမေကတော့ "နှာရှည်မ" လို့ စိတ်မလိုရင် ခေါ်တတ်ပြီး စိတ်လိုရင် "ဂျပန်မလေး"တဲ့။ ;)) မွေးခါစတုန်းက ရတနာတို့၊ သိဂီင်္တို့ဆိုတဲ့ နာမည်တွေ အမေတို့က ပေးဖူးလို့ ဦးလေး အငယ် (လေးလေးလေး)က "ဂီဂီ" လို့ ခေါ်တယ်။
မောင်နဲ့ညီမက "မလေး"လို့ ခေါ်ပြီး စိတ်မထင်ရင် မထင်သလို ကက်ကက်လန်အောင် ရန်တွေ့တတ်တဲ့အတွက် "နှုတ်သီးကောင်းလျှာပါးနဲ့ စွာတာပါတေးကိုလန်နေတဲ့ စွာတေးမ" လို့ မကြီးက ခေါ်တတ်တယ်။ ကျန်သူငယ်ချင်းတွေကတော့ NickName မရှိတဲ့ ကျွန်မကို နာမည်အရင်းပဲ ခေါ်ကြပါတယ်လေ။

ကိုယ် ဒီမှာ နေတယ် ----------------------------- နွေးထွေးတဲ့ အမေနဲ့ အဖေ့အိမ်။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် ---------------------- ၉ - ၈ - ၄ ၇ - ၁။ (နံပါတ်တွေကတော့ အမှန်လေးတွေပါကွယ်... ဒါမဲ့ စကားပြောရမှာ ပျင်းတယ်။)

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင် ဆိုရင် --------------------------------- အပြာရောင်...။ ဘလော့ဂ် ရောက်လာ မိတ်သဟာတိုင်း ကျွန်မကြိုက်တဲ့ အရောင်ကို သိကြမယ် ထင်ရဲ့။ :))

အ၀တ်အစား ဆိုရင် ----------------------------- အချိန်နဲ့ နေရာအလိုက် ကျွန်မကြိုက်တဲ့ အ၀တ်အစားပုံစံက ပြောင်းသွားတတ်တော့
ကျွန်မ၀တ်တာ အကုန်ကြိုက်ပါတယ်။

အစားအစာ ဆိုရင် --------------------------- ကြေးအိုးဆီချက်၊ ခေါပုတ်၊ မုန့်လက်ဆောင်း၊ ...။ (အသားမျိုးစုံနဲ့ ကျွန်မ စားကောင်းတဲ့ အစားအစာတိုင်း ကြိုက်၏။)
ဟီးးး...။

ပစ္စည်း ဆိုရင် ---------------------------------- အ၀တ်အစား၊ အရုပ်၊ ဖိနပ်၊ ကွိစိကွစလေးများ၊ ...။

သီချင်း ဆိုရင် ----------------------------------- သီချင်း အမျိုးအစားမရွေး နားထောင်ကောင်းတဲ့ သီချင်းတိုင်း အားလုံး ကြိုက်။ (မြန်မာ သီချင်းကြီးမှ ခုခေတ် ဟစ်ဟော့သီချင်းထိ...။)

စာရေးဆရာ ------------------------------------- ကျွန်မ ဖတ်ပြီး သဘောကျတဲ့ စာရေးဆရာတိုင်း...။

စာအုပ် ------------------------------------------- ကျွန်မ ဖတ်ပြီး နှစ်သက်တဲ့ စာအုပ်တိုင်း...။

Life style --------------------------------------- လူမချမ်းသာရင် နေပါ။ စိတ်ချမ်းသာစွာ သူနဲ့အတူ နေရရင် တော်ပါပြီ။ (အချစ်တခုတည်းနဲ့ ဘ၀ကြီးက ပြည့်စုံမယ်ဆိုရင်ပေါ့လေ။ :) )

ကိုယ့်ရဲ့ ၀ါသနာ ------------------------------ စူးစမ်း လေ့လာခြင်း။ (ပြီးရင်တော့ ဘာမှ မတတ်၊ မသိ၊ နားမလည်။ သူကတော့ အဲလို မှတ်ချက်ချတာပဲ။ ဟိ...။)

အလိုချင်ဆုံး လက်ဆောင် --------------------- လစာကောင်းပြီး Electronic Engineering နဲ့ပတ်သက်တဲ့ အလုပ်တစ်ခုကွယ်။ =))

ကိုယ့်ရဲ့ အချစ်ဆုံးသူက -------------------------- s0wha1 ဆိုတဲ့ me...။ (ချစ်ရတဲ့သူတွေများနေတော့ အဲလိုဖြေလိုက်တာ ၀ိနည်းလွတ်တယ်နော်...:P)
razzrazzrazz

ကိုယ့်ရဲ့ အလေးစားဆုံးသူက --------------------- အဖေ။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ------------------ သူ။

ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက -----
ကိုယ်ကိုယ်တိုင်၊ ပြီးတော့ သူ...(လို့ ထင်ရတာပဲ။)

ကိုယ့်ရဲ့ အမုန်းဆုံးသူက ----------------------- မရှိ၊ မည်သူ့ကိုမျှ ဘယ်လိုအကြောင်းနဲ့မှ ကြာကြာ မမုန်းတတ်သောကြောင့်။

ရင်အခုန်ဆုံး အချိန် -------------------------------- အလုပ်အတွက် အင်တာဗျူး ၀င်ရတဲ့အချိန်။ ဟဲ...။

အကြောက်ဆုံး အချိန် -------------------------- သရဲကား ကြည့်နေချိန်နဲ့ သရဲအကြောင်း နားထောင်နေရချိန်။

အပျော်ဆုံး အချိန် ---------------------------------- သူနဲ့ အတူရှိနေချိန်။

အမှတ်တရနေ့ -------------------------------------- ၁၉၉၈ခုရဲ့ တခုသော ကျောင်းဖွင့်ရက် မနက်ခင်း၊ နှစ်တနှစ်ရဲ့ ဇူလိုင် ၁၇၊ ၂၀.၀၈.၀၇၊ ၀၉.၀၄.၀၈။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု --- ဖြစ်ချင်တာတွေ (အမြန်ဆုံး) ဖြစ်ရပါစေ။

အချစ် ဆိုတာ ------------------------------------- အရာအားလုံး ဆန့်ကျင်ဘက်ဖြစ်နေလည်း အမုန်းမရှိ အချိန်တိုင်း ပေးဆပ်ချင်နေမှု။
(မကြာ မကြာ စကားများ၊ ရန်ဖြစ်နေရပြီး သူမရှိရင်လည်း မဖြစ်ဘူး ဆိုတာမျိုးကြီးပေါ့ :D)

အမုန်း ဆိုတာ -------------------------------------- မမုန်းဘူးလို့ မသိပါကွယ်။ (ဒါမဲ့ ပူလောင်မယ်လို့တော့ ထင်ပါတယ်။)

အလွမ်း ဆိုတာ ------------------------------------- တော်တော် ခံစားရခက်တဲ့ ဝေဒနာ။ (ဖြစ်ချင်တိုင်းလည်း မဖြစ်ရတဲ့ဘ၀မှာ ဖြစ်နိုင်ရင်တော့ မလွမ်းချင်ပေါင်။)

သံယောဇဉ် ဆိုတာ ----------------------------------- ဖြတ်မရတဲ့ ကြိုးတမျှင်။

ဘ၀ ဆိုတာ ------------------------------------------ ပြီးပြည့်စုံတယ်လို့ မရှိတဲ့၊ ဘာမှန်းမသိတဲ့ အရာကြီး။

သူငယ်ချင်း ဆိုတာ --------------------------------- လိုအပ်ရင် ကိုယ့်ကို ပိုက်ဆံချေးမယ့်သူပေါ့ကွယ်။ ဟိဟိ...။

ချစ်သူ ဆိုတာ ------------------------------------
ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်၊ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ အားပေးဖော် အားပေးဖက်။

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် ------------------------ လက်ရှိ အခြေအနေကနေ ခဏခဏ ထွက်ပြေးချင်နေသူ။ (ထွက်ပြေးမိနေသူ။)

ကိုယ့်ရဲ့ လက်ဆွဲဆောင်ပုဒ်က ----------------------- "Face your past without regrets. Handle your present with confidence. And prepare for the future without fear!" ။

အပြောချင်ဆုံး စကားတစ်ခွန်း ----------------------- ဘယ်တော့မှ၊ ဘာအကြောင်းနဲ့မှ နောင်တ မရနဲ့။

***************************

ကျွန်မ ပြန်တက်ဂ်မယ့်သူတွေက ------------------- အန်တီ မေငြိမ်း (မအားမှန်း သိသော်လည်း)၊ မောင်လေး ပြည့်စုံ (သူလည်း ဘယ်ပျောက်နေမှန်း မသိ)၊ မောင်လေး မင်းမင်း (စာမရေးတာ ကြာနေပြီ)၊
ငယ်မညီမလေး လင်းလက်ကြယ်စင်၊ ခုမှ ဘလော့ဂ် စရေးတဲ့ နန်းစုသက်


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၃)


ရိုက်ထားသမျှပုံတွေ အကုန်တင်ဖို့ စိတ်ကူးထားလို့။ အပိုင်းတွေတော့ နည်းနည်းများမယ်။ :P ဒါက ပြင်ဦးလွင်မြို့၊ အနီးစခန်းနဲ့ ၂၁မိုင်က ပုံတွေပါ။















ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1


မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၂)


သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံတွေကို တမြို့စီ အစီအစဉ်တကျ တင်တာ ပိုကောင်းမယ်လို့ အကြံပေးတာနဲ့ စုထားလိုက်တယ်။ ဒါက ဧရာဝတီတိုင်းထဲက မြို့တမြို့ရဲ့ မြစ်ချောင်းရှူခင်းပုံတွေပေါ့။












ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

မြန်မာ့ ရှူခင်း ဓာတ်ပုံများ


ကိုယ်တိုင်ရိုက် ဓာတ်ပုံလေးတွေပါပဲ။ ဓာတ်ပုံပညာ အလင်း၊ အမှောင်တွေ မသိတော့ လှမယ်တော့ မထင်ဘူး။ ဒါပေမဲ့ အမှတ်တရပေါ့။ ဘန်နာပုံတွေ လုပ်ဖို့ စိတ်ကူးထားပါတယ်။ နေရာဒေသတွေကိုတော့ မရေးထားတော့ဘူး။ သိတဲ့သူတွေက ကွန်မန့်တွေ ရေးသွားကြည့်ပေါ့။ :) ဓာတ်ပုံတွေ ကြည့်ပြီး မျိုးစုံခံစားနိုင်အောင် နေရာဒေသတွေ သီးသန့် မခွဲခြားထားဘဲ ရောသမမွှေလိုက်တယ်။













ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ခေတ်အဆက်ဆက် ဘုရားများ


ဘုရားတဆူမှာ ခေတ်အဆက်ဆက် တည်ထားကိုးကွယ်ခဲ့တဲ့ (နာမည်ကြီး ဘုရားများ) တန်ခိုးကြီးစေတီတော်တွေရဲ့ သက်တမ်းတွေကို တွေ့မိတာနဲ့ ဗဟုသုတရပြီး ကြည်ညိုနိုင်အောင် ဓာတ်ပုံရိုက်ကူးလာခဲ့တာ။



ပုံ ၁။ သမိုင်းမတင်မီ ဘီစီ ၅၈၀ လောက်က တည်ထားခဲ့တဲ့ ရွှေတိဂုံဘုရားနဲ့ ဗုဒ္ဓဂယာက ဘုရား (အမည် ဖတ်မရ)။

ပုံ ၂။ သမိုင်းမတင်မီ ဘီစီ ၅၇၂ လောက်က တည်ထားခဲ့တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗိုလ်တထောင်နဲ့ ဆူးလေ၊ ဘီစီ ၅၇၄ လောက်က တည်ထားခဲ့တဲ့ ကျိုက်ထိုမြို့ ကျိုက်ထီးရိုး၊ ဘီစီ ၅၇၀ ခန့်က တည်ခဲ့တဲ့ ကျိုက်ထိုမြို့ရှိ မူလ ကမ္ဘာအေး စေတီတော်။

ပုံ ၃။ သမိုင်းမတင်မီ ဘီစီ ၅၄၂ က တည်ထားခဲ့တဲ့ မကွေး မြသလွန်၊ ဘီစီ ၅၆၄ က သထုံမြို့ရှိ မြသပိတ်၊ သန်လျင် ကျောက်တန်းရှိ ကျိုက်မှော်ဝန်းစေတီတော်၊ မကွေး မန်းရွှေစက်တော်၊ သီပေါမြို့ ဘော်ကြိုစေတီတော်။

ပုံ ၄။ ပုဂံခေတ် ညောင်ဦးမြို့ ရွှေစည်းခုံ စေတီ၊ ပုဂံမြို့ မနူဟာစေတီ၊ သမ္ဗူလ၊ ဗူးဘုရား၊ (အမည် ဖတ်မရ)။

ပုံ ၅။ ပုဂံခေတ်

ပုံ ၆။ ပုဂံခေတ်

ပုံ ၇။ ပုဂံခေတ် ညောင်ဦးမြို့(အမည် ဖတ်မရ)၊ ပုဂံမြို့ရှိ သမ္ဗုညု၊ လောကနန္ဒာ စေတီတော်၊ အမည် ဖတ်မရ

ပုံ ၈။ ပင်းယခေတ် ပင်းယမြို့ရှိ (အမည် ဖတ်မရ) နှင့် မြစည်းခုံ စေတီတော်။

ပုံ ၉။ ပင်းယခေတ် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် စေတီတော်

ပုံ ၁၀။ စစ်ကိုင်းခေတ် မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေနှင့် စစ်ကိုင်းမြို့ စစ်ကိုင်းတောင် စေတီတော်

ပုံ ၁၁။ အင်းဝခေတ်

ပုံ ၁၂။ တောင်ငူခေတ် ပြည် ရွှေဆံတော်

ပုံ ၁၃။ တောင်ငူခေတ် တောင်ငူမြို့ မြစောညီနောင်၊ ရခိုင် ရှစ်သောင်းပုထိုးတော်ကြီး၊ မြောက်ဦးမြို့...

ပုံ ၁၄။ ညောင်ရမ်းခေတ် စစ်ကိုင်းမြို့ မြသိန်းတန်၊ ကောင်းမှုတော်၊ ပုထိုးတော်ကြီးနှင့် ပဲခူးမြို့ ရွှေသာလျောင်း။

ပုံ ၁၅။ ကုန်းဘောင်ခေတ် မန္တလေးမြို့ မဟာမြတ်မုနိနှင့် ...။

ပုံ ၁၆။ စစ်ကြိုခေတ် မန္တလေးမြို့ ကျောက်တော်ကြီး ဘုရားနှင့် ပုပ္ပါးမြို့ ပုပ္ပါးတောင် စေတီတော်

ပုံ ၁၇။ စစ်ပြီးခေတ် ရန်ကုန်မြို့ မယ်လမု စေတီတော်နှင့် ကမ္ဘာအေး စေတီတော်

ပုံ ၁၈။ မျက်မှောက်ခေတ် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ စွယ်တော်မြတ် စေတီတော်၊ ပြင်ဦးလွင်မြို့မှ မဟာအံ့ထူးကံသာ ဘုရားကြီး။

ပုံ ၁၉။ မျက်မှောက်ခေတ် ပုလိပ်မြို့ မြွေဘုရားနှင့်

ပုံ ၂၀။ မျက်မှောက်ခေတ် ကန့်ဘလူမှ ရွှေစည်ကြီး၊ ကျောက်ဆည်မြို့ လေးမျက်နှာဘုရား။

ပုံ ၂၁။ လားရှိုးမြို့ရှိ ထင်ရှားသော သာသနိက အဆောက်အအုံများ... မြို့ဦးစေတီ၊ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်၊ ရန်အောင်မြင်စေတီ၊ ရန်အောင်မြင် ရုပ်ပွားတော်မြတ်။


ဒီပုံတော်တွေကို လားရှိုးမြို့အ၀င် မြို့ဦးစေတီကနေ ဓာတ်ပုံရိုက်ယူလာတာပါ။ အစကတော့ ခုနှစ်တွေ၊ ဘုရားဘွဲ့အမည်နဲ့ တည်နေရာတွေ ရေးမယ်လို့ အားခဲထားတာပဲ။ ဒါပေမဲ့ ဓာတ်ပုံသာ ရိုက်ခဲ့ပြီး ခုနှစ်တွေ၊ စာတွေကို ပုံထဲကနေ ပြန်ကြည့်နိုင်မယ် အထင်နဲ့ ဘာမှ မမှတ်လာတော့ ကိုယ်မသိတဲ့ ဘုရားအမည်တွေလည်း မရေးနိုင်တော့ပါဘူး။ ဓာတ်ပုံထဲမှ စာသားတွေက ၀ါးဝါးလေးပဲ မြင်ရတာကြောင့် ထင်ရာ၊ မြင်ရာ ဘုရားနာမည်အချို့သာ ရေးနိုင်ပါတော့တယ်။ သိတဲ့သူများကပဲ ကွန်မန့်မှာ ပုံ နံပါတ်နဲ့တကွ ရေးပေးသွားကြပါလို့။:D


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Singapore Flyer စီးတုန်းက


ဘာရယ်မဟုတ်၊ ဒီက Flyer စီးတုန်းက ပုံလေးတွေ တင်ချင်လို့။ ကြာတော့ ကြာပါပြီ။ ဇူလိုင်လဆန်းလောက်တုန်းက ပုံတွေ။ မှတ်မိသေးတယ် အဲဒါ စီးတုန်းက ညီအမတတွေ ထိုင်ခုံမှာ အလုအယက် ၀င်ထိုင်ကြပြီး တကယ့်တကယ်ကျ ထိုင်ချိန်တောင် မရဘဲ ဟိုဘက်ပြေး ဓာတ်ပုံရိုက်လိုက်၊ ဒီဘက်သွား ဓာတ်ပုံရိုက်လိုက်နဲ့ တစ်ယောက် ၃၀ ပေးစီးရ တန်အောင်ဆိုပြီး သူများ မျက်စိနောက်မတတ် ဓာတ်ပုံရိုက်ခဲ့ကြတာလေ။:P














အဲဒီနေ့က ဩဂုတ် ၉ ရက်နေ့မှာ ကျရောက်မယ့် စင်္ကာပူ အမျိုးသားနေ့အတွက် ၀တ်စုံပြည့် လေ့ကျင့်နေတဲ့ နေ့ဆိုတော့ ပိုစည်ကားနေတယ်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

အင်တာနက် အသက် ၁ စက္ကန့်


အရင်က ကွန်ပျူတာတို့၊ အင်တာနက်တို့ မရှိခင်က ဘယ်လိုနေခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကို မမှတ်မိတော့ပါဘူး။ ခုချိန်မှာတော့ ကွန်ပျူတာ မရှိရင် နေမထိ၊ ထိုင်မသာ ဖြစ်တတ်ပြီး အင်တာနက်မရလျှင်တော့ ဖျက်ဖျက်လူးနေတော့တာပဲ။

ပြီးခဲ့တဲ့ရက်တွေက အင်တာနက်က ဘယ်လို ဖြစ်တယ်မသိ။ ခုတော့ အင်တာနက်ရော၊ ကျွန်မရဲ့ တခုတည်းသော လက်ပ်တော့လေးရော အိုကေနေပါတယ်။

တံခွန်မရှိသောဘုရား ၊ အလံမရှိသောရထား လင်မရှိသော မိန်းမ မတင့်တယ်ဟု ဆိုစကားရှိ၏ ။ အလားတူ အင်တာနက်မရသော ကွန်ပျူတာမှာလည်း ၊ Core 2 Duo ပင်ဖြစ်လင့်ကစား မတင့်တယ်ပေ၊ ထိုနည်းတူ အင်တာနက်မရသော ကွန်ပျူတာမှာ ၊ အတောင်ပါပြီး မပျံသန်းနိုင်သော ပင်ဂွင်းငှက်ကဲ့သို့ ယက်ကန်ယက်ကန်ဖြစ်နေကြောင်း ထပ်လောင်းသိစေချင်ပါသည် ။

ကိုရင်ညိန်း အင်တာနက်မရလို့ ရေးထားတဲ့ ပို့စ်တခုက စာပိုဒ်လေး တစ်ပိုဒ်လိုပါပဲ။ ဟာသဖတ်ပြီး ရယ်မောချင်သူများ သွားဖတ်ကြည့်ကြပါ။ စကားစပ်မိလို့ ပြောရရင် ကျွန်မရဲ့ အကျင့်တမျိုးက ဘလော့ဂ်တခုကို ဖတ်မိလို့ ကျွန်မ ကြိုက်သွားရင် တနေ့ထဲနဲ့ အပြီး ရေးထားသမျှ ပို့စ်တွေအကုန် လိုက်ဖတ်မိတာပါပဲ။ မနက် ၄ နာရီထိတိုင် မအိပ်ဘဲ ဖတ်နေတတ်ပါတယ်။ စာဖတ် လောဘကြီးတယ်ပဲ ပြောရမလား မသိဘူး။ ခုရက်ပိုင်း ကျွန်မ ဖတ်ဖြစ်တဲ့ ဘလော့ဂ်တွေက မမိုးချိုသင်းနဲ့ မတန်ခူးတို့ ဘလော့ဂ်က ပို့စ်တွေပါ။ အပျင်းကြီးတတ်တဲ့ ကျွန်မက ကွန်မန့်တွေတော့ မရေးဖြစ်ခဲ့ပါဘူး။ ကျွန်မက စာသာ ဖတ်ချင်ပြီး ရေးဖို့ အင်မတန် ပျင်းတဲ့သူမို့ ဂျီတော့ခ်မှာ ကျွန်မကို စကားလာပြောရင်တောင် တော်ရုံဆို ကျွန်မက ပြန်မပြောဘူး။ အဲလောက်ထိ... ဒီလိုနဲ့ပဲ ကျွန်မ ဘလော့ဂ်မှာ စာမရေးဖြစ်တာ ကြာခဲ့ပြီကော။

အိမ်မှာ ရှိနေချိန်ဆို ကွန်ပျူတာကို ဖွင့်၊ ရှိသမျှ messenger တွေ ၀င်ထားပြီး လူကတော့ ကွန်ပျူတာရှေ့မှာ ရှိချင်မှ ရှိတယ်။ အိမ်ရှေ့ထွက်လိုက်၊ အိမ်နောက်သွားလိုက် လုပ်နေတတ်ပေမဲ့ တခါတလေ လိုင်းကြောင်ပြီး အင်တာနက် မရတဲ့အခါကျ ထိုင်မရ၊ ထမရနဲ့ အင်တာနက် မရ ရအောင် connect လုပ်နေတတ်တာက ဘာအကျင့်မှန်း မသိပါဘူး။ web page တွေ ခုချက်ချင်း ဖွင့်မရရင်ဘဲ သေတော့မယ့်ပုံမျိုး
ကွန်ပျူတာရှေ့မှာ မခွာတမ်း ထိုင်နေတော့တာ။ အားလုံး အဆင်ပြေသွားရင်တော့ ခုနက ငိုမလို၊ ရယ်မလိုဖြစ်နေတဲ့လူလည်း ကွန်ပျူတာရှေ့ကနေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားတော့တာပဲ။ ဒါမှမဟုတ်လည်း ဟိုကြည့်၊ ဒီဖတ်နဲ့ ကွန်ပျူတာရှေ့ ငုပ်တုပ်ထိုင်နေတော့တာပေါ့။

လက်ပ်တော့နဲ့ အင်တာနက်လေး မရှိရင် ကျွန်မအတွက် ဘာအဓိပ္ပါယ်မှ မရှိတော့တာလည်း မပြောနဲ့လေ။ တခါတလေ အိမ်မှာ ဖတ်စရာစာအုပ်ကုန်သွားတဲ့အခါ အိမ်သာတက်တဲ့အချိန် အရမ်းဒုက္ခရောက်တတ်တာ မဟုတ်လား။ ကျွန်မတို့ တမိသားစုလုံးက အိမ်သာထဲဝင်ရင် ဖတ်စရာ စာအုပ်တအုပ်လောက်တော့ ယူသွားရမှ။ စာအုပ် တစ်အုပ်လောက်မှ ရှာမရရင် အိမ်သာထဲဝင်ချင်တဲ့ ဒုက္ခကို ခဏအောင့်ထားပြီး စာအုပ် ပတ်ရှာနေတတ်တဲ့ အမျိုး။ ကျွန်မကတော့ ခုံတလုံးနဲ့ လက်ပ်တော့ကို သယ်ချသွားတာပဲ။ လက်ပ်တော့ထဲမှာ ဖတ်ချင်စရာ စာအစုံ ရှိတယ် မဟုတ်လား။ ကျွန်မလို အိမ်သာထဲထိ လက်ပ်တော့ယူသွားတဲ့သူတော့ မရှိလောက်ဘူး ထင်ရဲ့နော်။:P

မနေ့က သူငယ်ချင်းတစ်ယောက်က လာမေးတယ်။ "နင်ဘလော့ဂ် မရေးတော့ဘူးလား"တဲ့။ "ရေးမှာပေါ့၊ ဘာလို့လဲ"လို့ ပြန်ပြောတော့၊ "အေး... မြန်မြန် ပြန်ရေး၊ ပျင်းလို့"တဲ့ "ပြီးတော့ မြန်မာဓာတ်ပုံတွေနဲ့ ဇာတ်လမ်းလေးတွေ ကြည့်ချင်၊ ဖတ်ချင်လို့"တဲ့။ သူကလည်း သူ ဖတ်ချင်ရာ ပြောသွားတာပဲ။ ကျွန်မသာ ဘာရေးရမှန်း မသိတယ်။ ဒါပေမဲ့ ကျွန်မ ရိုက်ထားတဲ့ ရှူခင်းပုံအချို့တော့ ဘလော့ဂ်မှာ တင်မယ် စိတ်ကူးရသွားတာ။

ကျွန်မလည်း ဘလော့ဂ်မှာ အရင်တုန်းကလို နေ့တိုင်း စာမရေးနိုင်တော့။ အစက ကျွန်မအတွက် "မရှိမဖြစ် ဘလော့ဂ်" ဖြစ်ခဲ့ပေမယ့် ခုတော့ မေ့နေနိုင်ပြီ (သံယောဇဉ်လေးတော့ ကျန်နေသေးတာပေါ့)။ အင်တာနက်နဲ့ ကွန်ပျူတာကတော့ မရှိမဖြစ် ဖြစ်နေဆဲပဲ။ ဘယ်တော့များမှ ကျွန်မအတွက် မလိုအပ်တော့ဘူးဆိုတာ ဖြစ်လာမလဲ သိချင်လိုက်တာ။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.