Monday, September 29, 2008

[ညီလင်းသစ်] 25 New Entries: အသိအမှတ်ပြုမှု

အသိအမှတ်ပြုမှု



ဒီနေ့ သတင်းစာကို ဟိုဟိုဒီဒီ လျှောက်လှန်နေရင်းနဲ့ သတင်းတိုလေးတစ်ပုဒ် ကိုအမှတ်မထင်မြင် လိုက်တယ်၊ ကော်လံ ၂ ကော်လံစာနဲ့ စာကြောင်းရေ ၇ ကြောင်းလောက်ပဲ ရှိတဲ့အဲဒီသတင်းလေး ကဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဗုံးထောင်ထားတယ်လို့ သတင်းအမှားကို ပေးတဲ့အ တွက် လူတစ်ယောက် အရေးယူခံရ တဲ့သတင်းပါ၊

ဖြစ်တာက မနေ့က၊ ဇူးရစ်ခ်(Zurich) မြို့မှာ...၊ အသက် ၅၉ နှစ်အရွယ် လူတစ်ယောက်က ကုန် တိုက်ကြီး တစ်ခုအတွင်းမှာ ဗုံးရှိပါတယ် ဆိုပြီး ရဲဌာနကို အကြောင်းကြားသတဲ့၊ ဒီတော့ ရဲက လည်းထိတ်ထိတ် ပြာပြာနဲ့ ကုန်တိုက်ထဲမှာ ရာနဲ့ချီပြီး ရှိနေတဲ့ လူတွေကို ဘေးကင်းရာကို ထွက်ခိုင်းတယ်၊ ပြီးတော့မှ သူတို့ရထားတဲ့ သတင်းဟာ သတင်းအမှားဆိုတာ သိသွားတော့ အဲဒီ သတင်းပေးတဲ့ အမျိုးသားကို အရေးယူဖို့ ပြင်တယ်၊ အများပြည်သူ ထိတ်လန့်စေမှု ပေါ့လေ၊ ဇတ်လမ်းက ဒါပါပဲ၊ ဒါဖြင့် အဲဒီလူက ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလို လုပ်ကြံဖန်တီးထားတဲ့ သတင်းကို ပေးရတာလဲ၊ သူ့အဖြေက ရှင်းရှင်းလေးပါပဲ၊ အဲဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ပြီး သူဟာမွေး နေ့နှုတ်ခွန်းဆက်စကား တွေကို စောင့်နေခဲ့ပါတယ်-တဲ့၊ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းစွာနဲ့ပဲ ဘယ် သူတဦး တစ်ယောက်ကမှ သူ့မွေးနေ့ကို သတိမရကြဘူး၊ ဒါနဲ့ စိတ်ပျက်ကြေကွဲ မှုတွေရဲ့အဆုံး သူ ဟာအခုလို သတင်းမှားကို ထုတ်လွှင့်လိုက်တယ်၊ ဒီနည်းအားဖြင့် ဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ကြောင်း၊ သူဟာ သက်ရှိထင်ရှား ရှိနေတဲ့ မွေးနေ့ရှင်တဦး ဖြစ်ကြောင်း လူတွေသိစေဖို့ ရည်ရွယ်ပါတယ်-တဲ့၊

' အသိအမှတ်ပြုမှု '...၊ ဒီစကားလုံးလေးဟာ တိုတောင်းကျစ်လစ် လှပေမယ့် သူပါဝင်ပတ်သက်နေ တဲ့နယ်ပယ်ကဏ္ဍကတော့ ကျယ်ပြောလွန်းလှတယ်၊ အသိအမှတ်ပြုမှုဟာ ကျနော်တို့ရဲ့ လူနေမှု ဘဝတွေထဲမှာ အရေးပါလှတဲ့ အမူအကျင့်တရပ် ဖြစ်ပါတယ်၊ လူဟာ အထီးတည်းနေတဲ့ သတ္တဝါ မဟုတ်တဲ့အတွက် တဦးနဲ့တဦး အပြန်အလှန် အသိအမှတ်ပြုမှုဟာ အရေး ကြီးတယ်၊ လူမှု ဆက်ဆံရေး နယ်ပယ်မှာ ဖြစ်စေ၊ နိုင်ငံရေးနယ်ပယ်မှာ ဖြစ်စေ၊ စီးပွားရေးနယ်ပယ်မှာ ဖြစ်စေ ဒီ အသိအမှတ်ပြုမှုဟာ အောင်မြင်ရေး လမ်းစရဲ့ ပထမဦးဆုံးသော တခါးပေါက်လည်း ဖြစ်ပါတယ်၊ တကယ်တော့ အသိအမှတ်ပြုမှု ဆိုတဲ့စကားစုရဲ့ နောက်ကွယ်မှာ လေးစားခြင်း၊ ခင်မင်ခြင်း၊ ယုံကြည်အားထားခြင်း၊ ချစ်ခြင်း စတဲ့ စိတ်သဘောထား၊ ခံစားမှုတွေဟာ ကြောင်းကျိုးဆက်နွယ်ပြီး ပါလာလေ့ ရှိတယ်၊ ဒါ့ကြောင့်လည်း ခင်မင်ခြင်း၊ ချစ်ခြင်းဟာ နွေးထွေးတဲ့ နေချင့်စဖွယ် အိမ်လေး တစ်လုံးဆိုရင် အဲဒီအိမ်ထဲကိုဝင်ရောက်ဖို့အတွက် အသိအမှတ် ပြုမှုဆိုတဲ့ တံခါးပေါက်ကို အရင် ဦးဆုံးခေါက်ဖို့ လိုပါလိမ့်မယ်၊

အသိအမှတ်ပြုမှု ရဲ့ဆန့်ကျင်ဖက်ကတော့ ဥပေက္ခာပါ၊ လူမှုပတ်ဝန်းကျင်မှာ အခြေခံအဆင့် ဖြစ်တဲ့ အသိ အမှတ်ပြုခြင်းကို သိသိကြီးနဲ့ ရှောင်လွှဲလိုက်တယ် ဆိုရင်တော့ အဲဒါကို ဥပေက္ခာပြုခြင်းလို့ သတ်မှတ်ရမှာပါပဲ၊ ဒီအဆင့်ကို ရောက်ခဲ့ပြီဆိုရင်တော့ ရင်ကြားစေ့ ဖျန်ဖြေရေး ဆိုတာ တော်တော့်ကို ခဲယဉ်းသွားပြီ လို့ပဲဆိုရမှာပါ၊ ဒီနေ့ဖြစ်နေတဲ့ နိုင်ငံနဲ့ချီတဲ့ အကျပ်အတည်းတွေမှာ ဖြစ်စေ၊ တဦးတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ဘဝ အခက်အခဲ တွေမှာဖြစ်စေ သူ့ရဲ့ယုံကြည်ချက်ကို ကိုယ်ကအသိအမှတ်မပြုလို့၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကို သူကအသိအမှတ် မပြုလို့ စတဲ့အသေးဆုံး အချက်လေးတွေကစပြီး နောက်ဆုံးမှာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဖက် ဖြစ်သွားကြတဲ့ သာဓကတွေ အများကြီးရှိပါတယ်၊

လူ့လောကထဲမှာ နေတဲ့လူသားတစ်ယောက်ဟာ သူနဲ့မျိုးတူ အခြားလူသားတွေရဲ့ အသိအမှတ် ပြုခြင်းကို ခံယူ လိုတာက သဘာဝကျပါတယ်၊ ဒီစိတ်ဟာ ကျနော်တို့ဆီမှာ ကလေးဘဝ ကတည်း က ဖြစ်တည်၊ ကိန်းအောင်းနေ ခဲ့တာ ဖြစ်ပါတယ်၊ လူမှန်းသိတတ်စ ကတည်းက အဖေ အမေရဲ့ အသိအမှတ်ပြုမှုကို အငိုနဲ့အရယူခဲ့သလို ကြီးလာတော့လည်း ကစားဖော်တွေရဲ့ အသိ အမှတ်ပြုမှုကို လိုချင်တာပါပဲ၊ ဒါ့ကြောင့်လည်း ကလေးတွေကစားကြ တဲ့အခါ နဲနဲငယ်သေးတဲ့ ကလေးတစ်ယောက်က အကြီးတွေနဲ့ အတူတူဝင်ကစား ချင်တယ်ဆိုရင် အကြီးတွေက ထမင်းချိုး ဟင်းချိုး ဆိုပြီး သူ့ကိုပါဝင်ခွင့် ပေးလိုက်လေ့ရှိတယ်၊ ဒီကလေးဟာ ငယ်သေးတဲ့အတွက် ကောင်း ကောင်း မကစားနိုင်ပေမယ့် သူ့ရဲ့ပါဝင်ခွင့်ကို ကလေးကြီးတွေက ဒီနည်းနဲ့ အသိအမှတ်ပြု ရပါ တယ်၊ ရဲရင့်တည်ကြည်ပြီး လူတောတိုးရဲတဲ့ လူတစ်ယောက်ဖြစ်ဖို့ရာမှာ သူ ငယ်စဉ် ကလေးဘဝ တုန်းက သူ့မိဘ၊ သူ့ပတ်ဝန်းကျင်က သူ့ကို ဘယ်လောက်နေရာပေးခဲ့လဲ၊ သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လောက်အသိအမှတ်ပြုခဲ့လဲ ဆိုတဲ့ပေါ်မှာလည်း မူတည်နေလေ့ ရှိပါတယ်၊

ဂရုမစိုက်တာ၊ အသိအမှတ်မပြုတာဟာ ရန်စခံရတာ၊ အမုန်းခံရတာထက် ပိုဆိုးပါတယ်၊ တစုံတယောက်ကို မုန်း တယ်ဆိုရင်တောင် ယုတ်စွအဆုံး သူ့အပေါ်မှာ ခံစားချက်တစုံတရာ ရှိပါသေးတယ်၊ နှစ်လိုဖွယ်ရာခံစားမှုမဟုတ် သည့်တိုင် အမုန်းဟာ ဥပေက္ခာထက်စာရင် မျှော်လင့်နိုင်စရာ လမ်းစလေးတွေ ရှိသေးတယ်၊ နားလည်မှုဆိုတဲ့ လေပြေလေးသာ ညင်ညင်သာသာ တိုက်ခတ်မယ်ဆိုရင် အမုန်းဟာ သစ်ရွက်ပါးပါးလေး တစ်ရွက်လိုပါပဲ၊ လေ အဝေ့မှာ မြောက်ကနဲ လွင့်ပြီး အချစ်ဖက်အခြမ်းနဲ့ သိမ်မွေ့စွာ ပြန်ကျလာနိုင်ပါတယ်၊ အသိအမှတ်မပြုခြင်းက တော့ဒီလို မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ ကိုယ့်ရဲ့ ယုံကြည်ချက် ဆိုတာတွေကို တဖက်သားက ဂရုလည်းမစိုက်၊ စိတ်လည်းမဝင်စားတဲ့ နောက်တော့ သူနဲ့ကိုယ်နဲ့ကြားမှာ နားလည်မှု တည် ဆောက်ဖို့၊ သူနဲ့ ခင်မင်ရင်းနှီးလာဖို့ ဆိုတာ မလွယ်နိုင်ပါဘူး၊ ပတ်ဝန်းကျင်က အသိအမှတ်ပြုခြင်း မခံရတဲ့ လူတစ်ယောက်ဟာ အဲဒီပတ်ဝန်းကျင်မှာ ရှင်လျက်နဲ့ သေနေသလိုပဲ၊ အဲဒီအခါ လူစွမ်းလူစ ကျဆင်းလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ယုတ်လျော့လာ ပါတော့တယ်၊

ဒီလိုအရေးကြီးလှတဲ့ လူ့ပတ်ဝန်းကျင်ဆိုင်ရာ အမူအကျင့်ကို နေ့စဉ်ဘဝမှာ တခါတလေ ကျနော်တို့ အမှတ်မဲ့စွာ ဖြတ်သန်းမိတတ် ပါတယ်၊ အနောက်တိုင်း ထုံးစံမှာတော့ အပြုအမူလေးတခု၊ ချီးမွမ်းစကားလေးတခု၊ သေးငယ် တဲ့လုပ်ဆောင်ချက်လေး တခုကအစ ' Thank you ' ဆိုတဲ့ အသိအမှတ်ပြုစကားနဲ့ တုံ့ပြန် တတ်ကြတယ်၊ အခြေအနေနဲ့ အချိန်အခါကို လိုက်လို့ တဖက်သားအပေါ်မှာ မိမိရဲ့ နှစ်သက်ကျေနပ်မှု၊ အပြန်အလှန် လေးစား မှု၊ လူအချင်းချင်း ဂရုတစိုက်ရှိမှု စတာ တွေကိုပေါ်လွင်စေတဲ့ ဒီစကားစုလေးဟာ သာမန် ကျေးဇူးတင်ပါတယ် ဆိုတဲ့အဓိပ္ပါယ်ထက် နက်ရှိုင်းကျယ်ဝန်း တတ်ပါတယ်၊ အသိအမှတ်ပြုမှုကို ရိုးရိုးလေးနဲ့ ဖော်ပြတာ ပါပဲ၊

မြန်မာ့ဓလေ့မှာတော့ သားနဲ့အဖေကြားမှာ၊ ဇနီးနဲ့ခင်ပွန်း ကြားမှာ၊ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ကြား မှာ ' ကျေးဇူးတင်တယ် ' လို့ပြောဖို့ကျတော့ အတန်ငယ် သူစိမ်းဆန်ကောင်း ဆန်နေနိုင်ပါတယ်၊ ဒါပေမယ့် မိမိ ရဲ့ အသိအမှတ်ပြုမှုကို ဖော်ထုတ်ဖို့ တခြား နည်းလမ်းတွေ ရှိပါတယ်၊ ဥပမာ-ညစာထမင်းဝိုင်းမှာ ခင်ပွန်းက ဇနီးသည်ကို ' ဒီညစာ အတွက် ကျေးဇူးတင်တယ်ကွာ ' ဆိုရင် ထောင့်တောင့်တောင့်နဲ့ သူစိမ်းဆန်သယောင်ရှိ ပေမယ့် ' မင်းဒီနေ့ ချက်တဲ့ ချဉ်ရည်ဟင်းက အတော့်ကို ထမင်းမြိန်စေတာပဲ၊ ငါးသလဲထိုး ကြော်လေးနဲ့ တွဲလိုက် တော့ ကိုယ်ဖြင့် ဘယ်လိုစားလို့ကောင်းမှန်း မသိဘူးကွာ ' ဆိုရင် ခင်ပွန်းရဲ့ အသိအမှတ်ပြုမှုဟာ ဇနီးသည်ရဲ့ နှလုံးသားကို နူးညံ့ကျေနပ်စေမှာပါ၊ ထို့အတူ...ပုံမှန်အချိန်ထက် နဲနဲစောပြန် လာတဲ့သားကို အဖေကမသိလိုက် မသိဖာသာ နေမယ့်အစား ' ဟော...သားတောင် ပြန်လာပြီ၊ ကောင်းတယ်ကွာ...ဒီညချမ်းကတော့ အဖေတို့ မိသားစုတွေ စုံစုံညီညီရှိမယ့် ညချမ်း ပဲဟေ့ ' လို့ ပြောနိုင်ပါတယ်၊ သားအပေါ်မှာထားတဲ့ အဖေ့ရဲ့အလေးဂရုပြုမှု ဟာ လှလှပပ ပေါ်လွင် စေတာပေါ့၊ ဒ်ီလိုမျိုး စကားလေးတွေက ပြောရမှာ ဘာမှအပန်းမကြီးသလို၊ လူတိုင်းလည်း ပြောနိုင်ပါတယ်၊ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ်ဖြစ်ထွန်း ရှင်သန်ရာ ကိုယ့်ရဲ့ ဥယျာဉ်လေးပါပဲ၊ ကိုယ့် ပတ်ဝန်းကျင်က အပင်ကြီးငယ်တွေ စိုစိုပြေပြေရှိဖို့ဆိုတာ ကိုယ်,ကိုယ်တိုင်က ရေလောင်း ပေါင်းသင်ပေးဖို့ လိုတာပေါ့၊

တခုတော့ ရှိပါတယ်၊ ဒီလို အသိအမှတ်ပြုတဲ့ စကားတွေကို နှလုံးသားဗလာကျင်းပြီး ဝတ်ကျေတန်း ကျေပြောရင်တော့ အပြောခံရသူက ဒါကိုဘာမှခံစားရမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်ကလည်း စိတ်မပါတဲ့ အရာတခုကို ထုံးတမ်းစဉ်လာလို လုပ်နေရတဲ့အတွက် စိတ်ညစ်ညူးမိနိုင်ပါတယ်၊ ဘယ်သူ့အတွက်မှ မကောင်း ပါဘူး၊ အကောင်းဆုံးကတော့ ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်ရဲ့ ပြုမူပုံလေးတွေကို သတိကပ်ပြီးကြည့်မယ်ဆိုရင် ကိုယ့်နှလုံးသား ကနေ အဲဒီလုပ်ရပ်အပေါ် အသိအမှတ်ပြုတဲ့ တကယ့်စကားလေးတစ်ခွန်း သူ့အလိုလို ထွက်ကျလာပါလိမ့်မယ်၊

သူ့မွေးနေ့ကို လူတွေအသိအမှတ်ပြု စေချင်လွန်းလို့ ဗုံးသတင်းအမှားကို ပေးခဲ့တဲ့ ဇူးရစ်ခ်မြို့က လူအကြောင်း ဖတ်ရင်းနဲ့ ကျနော်လည်း အတွေးတွေ သီနေခဲ့မိတယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အသိအမှတ် ပြုမှုတွေ များလာတာနဲ့အမျှ ကျနော်တို့ရဲ့ တခုတည်းသော ကမ္ဘာကြီး ဟာလည်း တဖြည်းဖြည်း ပြန်လည်ကျန်းမာ လာပါလိမ့်မယ်၊ ကျနော့်ရဲ့ ဒီပို့စ်လေးကို လည်း ဒီစာကြောင်းရောက်တဲ့အထိ အသိအမှတ် ပြုပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား ။ ။


ညီလင်းသစ်
၂၅ စက်တင်ဘာ၊ ၂၀၀၈

ပန်း

တကယ်တော့ ကျနော်က ရုက္ခဗေဒနဲ့ သိပ်နီးစပ်တဲ့လူတော့ မဟုတ်ပါဘူး၊ ပန်းဆိုရင်ဂေါ်ဖီပန်း လောက်ကိုပဲ စိတ်ဝင်တစားနဲ့ ရှိနေတတ်တဲ့လူမျိုး...၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ အတွက် မိမိနှစ်သက်ရာ ဘာသာရပ်တွေကို နံပါတ်စဉ်တပ်ပြီး ချရေးရတော့ ရုက္ခဗေဒ ဘာသာရပ်ကိုကျနော် နောက်ဆုံးမှ ချရေးဖြစ်တယ်၊ ပန်းတွေကို ကျနော်သေသေချာချာ မသိပေမယ့် အရောင် အသွေးစိုတဲ့ ပန်းလေးတွေကိုတော့လည်း စိတ်ဝင်စားပြန်ပါတယ်၊

သူတို့တွေကို ကျနော်က အရောင်စပ်ဟပ်ပုံ ရှုထောင့်ကနေ ပိုစိတ်ဝင်စားဖြစ်ပါတယ်၊ ဒီတော့လည်း ခရီးသွားတုန်း ဟိုတကွေ့ ဒီတကွေ့ တွေ့မိတဲ့အခါ ဟိုတစ်ပွင့် ဒီတစ်ပွင့် ရိုက်ဖြစ်တယ်ပဲ ဆိုပါတော့ လေ...၊ နေရောင်ခြည်ရတုန်းလေး အလုအယက် ပွင့်ရတဲ့ သူတို့ခမျာ အလှပေါ်အယဉ်ဆင့်ချိန်က သိပ်တော့ မရှည်ကြာလှပါဘူး၊ အချိန်မတိုင်မီ စောစီးစွာ ရောက်လာတတ်တဲ့ ဆောင်းကြိုအအေး ဒဏ်ရဲ့ လက်ကြမ်းကြီးတွေ အောက်မှာ နွမ်းလျော့ မှိန်ဖျော့စွာနဲ့ တိတ်တဆိတ် ထွက်ခွာသွား ရလေ့ရှိပါတယ်၊ ရိုက်ထားတာတွေ အခုပြန်ကြည့်တော့လည်း သူတို့လေးတွေ ပျော်ရွှင်နေတဲ့ အဲဒီခဏတာလေးကို ပါမြင်ယောင် မိပြန်ရော...၊















ပွင့်ချိန်က မကြာပါဘူး၊ ဒါပေမယ့် သူတို့အလှဆုံး ပွင့်သွားခဲ့ကြတယ်...။ ။


ညီလင်းသစ်
၂၃ စက်တင်ဘာ၊ ၂၀၀၈

စာသင်ခန်း



အရောက်အပေါက်နည်းတဲ့
ခြေသံအချို့တဝက်နဲ့
အခန်းတံခါးကို ဆွဲအဖွင့်
" ဝမ်းစာတဖက် ပညာတဖက်နဲ့
ဘဝကို စလွယ်သိုင်းပြီး
အရိုင်းစိတ် ဝင်ကုန်ပြီလား " တဲ့၊
ကျောက်သင်ပုန်းက
သူ့ပါးစပ်ကို
တအားဖြဲပြီး အော်နေတယ်၊

ဘဝရဲ့ခတ်ကွင်းထဲမှာ
ဒုက္ခနဲ့ အလီလီနာကျင်ပျော်ပါးလို့
မီးကျိုးမောင်းပျက် အသိသညာလေးနဲ့
ကတိမ်းကပါး မဖြစ်ခင်
" မျှော်လင့်ချက်ကိုသာ ချွတ်ချလိုက်ရင်
မိမွေးတိုင်း ဖမွေးတိုင်းကလွဲပြီး
ဘာကျန်မှာလဲ " တဲ့၊
………………………………
………………………
တိတ်ဆိတ်မှုဟာ ခေါင်းလောင်းထိုးပြီး
ရောက်လာတယ်၊

အမှိုက်စတွေ ရှုပ်ပွကျန်ရစ်... ...
သူ့ရင်ခေါင်းကိုသော့ခတ်ပြီး
သင်ခန်းစာတွေအားလုံး
အိမ်ပြန်သွားတဲ့ ညနေ... ။ ။


(ဝေမိုးအောင်
ဇန်နဝါရီနောက်ဆုံးနေ့၊ ၂၀၀၃)

မွန်းတည့်ချိန်၏သွားများ (၂)

ကျနော်တို့သွားခဲ့တဲ့ ကျေးရွာလေးနာမည်က Champéry လို့ခေါ်ပြီး၊ တောင်ပေါ်အမြင့်မီတာ တစ်ထောင်ဝန်းကျင်ခန့်မှာ တည်ရှိပါတယ်၊ Switzerland မှာရှိတဲ့ တောင်ပေါ်ရွာလေးတွေရဲ့ ထုံးစံ အတိုင်း ဆောင်းရာသီမှာ Ski စီးသူတွေနဲ့ ပြည့်နေပြီး နွေရာသီမှာတော့ ခရီးကြမ်းစက်ဘီးစီးသူတွေ ရယ်၊ trekking သွားသူတွေရယ်နဲ့ စည်ကားနေတတ်တဲ့ ရွာလေးတစ်ရွာပါပဲ၊ ကျနော်တို့ရောက်တဲ့ အချိန်က Swiss အမျိုးသားနေ့နဲ့လည်း တိုက်ဆိုင်နေတော့ ကျေးလက်အကတချို့နဲ့ ပျော်ပွဲရွှင်ပွဲ တွေလည်း တွေ့ခဲ့ရတယ်၊ အဲဒီတုန်းက ရိုက်ခဲ့တဲ့ပုံအချို့ကို တင်လိုက်ပါတယ်၊ ကြည့်စရာ ရှုစရာပုံ သိပ်မရှိတဲ့ ကျနော့်ဘလောဂ်လေးလည်း နဲနဲ စိုစိုပြေပြေဖြစ်သွားတန်ကောင်းပါရဲ့... ။ ။


Champéry ကျေးရွာ။


ရွာလယ်လမ်းမ...၊ အိမ်တွေမှာထူထားတဲ့ ပြည်နယ်အလံတွေက အမျိုးသားနေ့အထိမ်းအမှတ်အတွက်ပါ၊


သီဆို တီးမှုတ်ဖို့ ပြင်ဆင်နေသော ရွာသားများ...။


ရိုးရာဝတ်စုံကိုယ်စီဖြင့် ကျေးလက်အကဖော်ကျူးနေသည့် champéry ရွာသူရွာသားများ။


တောင်ပေါ်မှာ trekking သွားဖို့အတွက် cable car နဲ့တက်ရပါတယ်၊ ဒီကမှတဆင့် ကိုယ်လျှောက်နိုင်မယ့်လမ်း ကြောင်းကို ရွေးလို့ ၁ နာရီခရီး၊ ၂ နာရီခရီး၊ ၅ နာရီခရီး အစရှိသဖြင့် သွားလို့ရတယ်၊


Cable car ပေါ်ကနေမြင်ရတဲ့ Champéry ရွာမြင်ကွင်း၊ ရွာကနေတောင်ပေါ်ကို အမြင့်မီတာတစ်ထောင်ဝန်း ကျင်လောက်ကွာတယ်၊ ဒါပေမယ့် Cable car နဲ့တက်ချိန်က ၅ မိနစ်ပဲ ကြာပါတယ်။


ဒီလမ်းကြောင်းက ကြာချိန် ၁ နာရီပဲ ရှိပါတယ်၊ ခဲရာခဲဆစ်ကုပ်ကပ် တက်စရာလည်း မလိုဘူး၊ ဒါပေမယ့်အမြင့် ကြောက်တတ်ရင်တော့ ခြေဖဝါးတွေ နဲနဲအေးလာနိုင်တဲ့ ခရီးပါ၊


တောင်ကမ်းပါးယံတွေပြီးရင်တော့ အခုလိုစမ်းချောင်းလေးရဲ့ဘေးမှာလျှောက်ရင်း လွတ်လပ်ကျယ်ပြောတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ သန့်စင်တဲ့လေတွေ တဝကြီးရှူလို့ အဝေးကတောင်တန်းတွေကို ခံစားလို့ရပါပြီ။


ကွင်းပြင်ကျယ်ကြီးထဲမှာ သူလည်း အပူအပင်ကင်းစွာနဲ့ပေါ့၊

တောင်ပေါ်က ကျေးလက်စားသောက်ဆိုင်လေးတစ်ဆိုင်...၊ ဒီဆိုင်က သူတို့ရဲ့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ခြံကထွက်တဲ့ လတ်လတ်ဆတ်ဆတ်ကုန်တွေနဲ့ လုပ်ထားတဲ့အစားအသောက်တွေကို ရောင်းပါတယ်။


မြို့ပြရဲ့မွန်းကျပ်မှုတွေက ကင်းဝေးရာတောင်ပေါ်ရိုးရာ အိမ်ကလေး...၊


ပုဇွန်ဆီရောင်အလှဖြင့်နာမည်ကြီး Les Dents du Midi (မွန်းတည့်ချိန်၏သွားများ)၊ ဒီနေရောင်ကညနေ ၈ နာရီ ၅၃ မိနစ်မှာရိုက်ထားတဲ့ ဝင်လုဆဲဆဲနေရဲ့ နောက်ဆုံးရောင်ခြည်တန်းတွေပေါ့...။

တခါတရံ မြို့ပြရဲ့မွန်းကျပ်မှုတွေက သိပ်ဖိစီးလာပြီဆိုရင် အခုလိုကျေးလက်ကဓါတ်ပုံလေးတွေက ကျနော့်ကို အတော်အတန် အမောပြေစေပါတယ်၊ မာကျောကြံ့ခိုင်တဲ့ တောင်တန်းကြီးတွေကိုကြည့်ရင်း ရှေ့ဆက်လှမ်းဖို့ ကိုယ့်ကိုယ်ကို တည်ဆောက်ယူဖြစ်ပါတယ်။ ။



ညီလင်းသစ်
၁၁ စက်တင်ဘာ၊ ၂၀၀၈

ကျနော်နှင့် မန္တလေး


တစုံတယောက်က ကျနော့်ကို 'ခင်ဗျား မန္တလေးကို ကြိုက်လား' လို့မေးခဲ့မယ်ဆိုပါစို့၊ ကျနော့် အနေနဲ့တော်တော်ကြာကြာ စဉ်းစားပြီးတော့မှ 'အင်း...ကြိုက်ပါတယ်' လို့ ခပ်ဖြေးဖြေးပြန်ဖြေမိမယ် ထင်ပါတယ်၊ ဆရာကြီးမြသန်းတင့်ကတော့ 'ဖုန်ထူခြင်ကိုက် ပူအိုက်စွတ်စိုတာကလွဲလို့ မန္တလေးကို ကျနော်ကြိုက် ပါတယ်' လို့ပြောခဲ့ဖူးပါတယ်၊ မန္တလေး... ...မြန်မာနိုင်ငံရဲ့နောက်ဆုံး မင်းနေပြည် တော်ဖြစ်ခဲ့ရာမြို့၊ မြန်မာနိုင်ငံရဲ့ဒုတိယမြို့တော် (အဲ..ဒုတိယမြို့တော်ဟောင်း လို့များခေါ်ရမလား ပဲ၊ ရန်ကုန်က မြို့တော်ဟောင်းဖြစ်သွားတော့ သူကကောလက်ရှိ ဒုတိယမြို့တော်ပဲလား၊ ဒါမှ မဟုတ်တဆင့်ကျပြီး တတိယမြို့တော်ဖြစ်သွားလား)...၊ သူနဲ့ပတ်သက်လို့ ဆရာမြကြီး ပြောသွား တာကိုတော့ ကျနော် သဘောတူပါတယ်၊ အဲဒီမြို့က ကျနော့်ကိုစိတ်ခံစားမှုတွေ တော်တော်ပေးနိုင် တဲ့မြို့ပါပဲ၊

ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးတဲ့ကျနော်က မန္တလေးကို အသက် ၂၃ နှစ်ပြည့်တဲ့အထိ မရောက်ဖူး ပါဘူး၊ တကယ်တော့ ကျနော် ၁၀ တန်းအောင်ကတည်းက မန္တလေးကို သွားချင်နေခဲ့တာပါ၊ ဒါပေ မယ့်ကျနော့်အမျိုးထဲမှာ မန္တလေးမှာနေတဲ့လူ တစ်ယောက်မှမရှိတဲ့အပြင် ဘယ်မန်းသားကမှလည်း ကျနော်နဲ့လာပြီး သူငယ်ချင်းမဖြစ်ခဲ့ပါဘူး၊ ဒီလိုပဲသွားပြီး ဟိုတယ်မှာတည်းဖို့ဆိုတာတော့ ဝင်ငွေ ကောင်းကောင်းမရှိတဲ့ ကျနော့်လိုကောင်အတွက် အိပ်မက်တောင် မမက်ခဲ့ဖူးဘူး၊ မန္တလေးနဲ့ကျနော် နဲ့တပြည်ထဲနေပြီး အဝေးကြီးဝေးနေခဲ့ပုံက အဲဒီလို...၊

ဒီလိုနဲ့ ၂၃ နှစ်ကျော်မှပဲ မန်းသားကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ပြီး သူ့ကောင်းမှုနဲ့မှ ရောက်ခဲ့တော့ တယ်၊ နောက်ပိုင်း ကျနော်ဧည့်လမ်းညွှန်အလုပ်,လုပ်တော့မန္တလေးနဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်၊ အဲဒီ လိုကျတော့လည်းရောက်ဖြစ်လိုက်တာ တစ်လထဲမှာပဲ အကြိမ်ပေါင်းများစွာ၊ ဒါပေမယ့်ရောက်တိုင်း လိုလိုမှာ မန္တလေးက ကျနော့်ကိုစိတ်ခံစားမှုမျိုးစုံ ပေးလေ့ရှိတယ်၊ တခါတရံတော့ ကျနော်ဟာအေး အေးလူလူနဲ့ မန္တလေးရဲ့ အငွေ့အသက်မှာ ပျော်ဝင်နေတတ်ပေမယ့် တခါတလေတော့ မန္တလေးမှာ ကျနော်က ကော်တင်ထားတဲ့ပုဆိုး အသစ်စက်စက်ကို ရေမလျှော်ဘဲ ခါးပုံစထုတ်ပြီး ဝတ်ထားရတဲ့ လူလိုပဲ၊ နေရတာ ထောင့်တောင့်တောင့်နဲ့...၊ တခြားမြို့တွေမှာလို တင်းပြည့်ကျပ်ပြည့်မဟုတ်ဘဲ မန္တလေးမှာ ကျနော်ဟာ ပျော်သလိုလို၊ မပျော်သလိုလို၊ တခုခုလိုနေသလိုလို၊ မလို သလိုလို၊ ကြိုက် သလိုလို၊ မကြိုက် သလိုလိုနဲ့...၊ ဈေးသည်က ကိုယ့်ကိုအလေးခိုးထားလိုက်မှန်းသိသိကြီးနဲ့လက် ဆုပ်လက်ကိုင် မပြနိုင်ဘဲ တနုံ့နုံ့နဲ့ အိမ်ပြန်လာရတဲ့ ဈေးဝယ်တစ်ယောက်လိုပဲ ခံစားရလေ့ရှိတယ်၊

မန္တလေးမှာ ကျနော်တို့လို တနယ်သားတွေ ကြုံရတာတစ်ခုကတော့ တက္ကစီပြဿနာပါ၊ ဧည့်သည် တွေနဲ့ ခရီးသွားရတဲ့အတွက် မန္တလေးရောက်ရင် တောင်ခြေက Novotel ဟိုတယ်မှာအများအားဖြင့် တည်းရလေ့ရှိပါတယ်၊ အဲဒီမှာတည်းရတဲ့အတွက် ဧည့်သည်တွေနဲ့ ဟိုတယ်တစ်ခုတည်းဖြစ်လို့ အ လုပ်လုပ်ရာမှာ အဆင်ပြေပေမယ့် မပြေတာက သွားရေးလာရေးပါ၊ တချို့ Tour Program တွေမှာ နေ့လယ်ခင်းကို အားလပ်ချိန်ပေးထားတာ ရှိပါတယ်၊ အဲဒီအခါ ဧည့်သည်တွေက ဟိုတယ်မှာအနား ယူပေမယ့် ကျနော်တို့ကတော့ ရောက်တုန်းရောက်ခိုက် အချိန်အားလေးရတုန်း ဟိုနားဒီနားထွက် လည်ဖို့ ကြံပါတယ်၊ ဒီတော့ စီးစရာက တက္ကစီပေါ့၊ မန္တလေးက တက္ကစီတွေရဲ့ ဈေးနှုန်းဟာတော် တော့်ကိုများပါတယ်၊ ခရီးတိုလေးတစ်ခုကိုပဲ မတန်တဆပေးရတယ်၊ တကယ်တော့သူတို့လည်း မတောင်းချင်ပါဘူး၊ ရန်ကုန်လိုမဟုတ်ဘဲ ဆီကိုအပြင်ကနေဝယ်ရတဲ့အတွက် ဒီလိုမှမတောင်းရင် မ ကာမိလို့ပါလို့ ကားဆရာတစ်ယောက်က ကျနော့်ကိုရှင်းပြ ဖူးပါတယ်၊ ဒီတော့လည်း ရောက်တုန်း ရောက်ခိုက်သွားရအောင် ပေးရတာပါပဲ၊ ဒါပေမယ့် ခက်နေတာက အဲဒီလိုပေးပါ့မယ်ဆိုရင်တောင် တက္ကစီတစ်စီးရဖို့ အတော်ကို မလွယ်တဲ့ကိစ္စပါ၊ စဉ်းစားကြည့်တော့လည်း လူတိုင်းကိုယ်စီက အ နည်းဆုံး စက်ဘီးလေးတစ်စီးတော့ ရှိကြတဲ့မြို့မှာ တက္ကစီရှားတာဟာ သဘာဝကျပါတယ်၊ သက္ကရာဇ် ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ မန္တလေးကျုံးတဝိုက် သဲကြီးမဲကြီးလမ်းလျှောက်နေတဲ့ဧည့်လမ်း ညွှန်တစ်ယောက်ကိုများ အမှတ်တမဲ့တွေ့ဖူးမယ်ဆိုရင် အဲဒါကျနော်ပါပဲ၊

Novotel မှာတည်းတိုင်း ညစာတစ်နပ်ကိုတော့ တောင်ခြေကဆိုင်လေး တစ်ဆိုင်ဆိုင်မှာကျနော်စား လေ့ရှိပါတယ်၊ အဲဒီမှာ ရိုးရိုးစင်းစင်း ထမင်းသုပ်လေးဖြစ်ဖြစ်၊ အာလူးထမင်းလေးဖြစ်ဖြစ် စားရတာ ကိုကြိုက်သလို တခြားသွားဖို့စက်ဘီး၊ ဆိုင်ကယ်မရှိတာလည်း ပါ,ပါတယ်၊ တခါတလေမန်းသား ကားဆရာတွေ စေတနာကောင်းရင်တော့ အကင်တန်းဖက်ကို ရောက်ဖြစ်ပေမယ့် များသောအား ဖြင့်ကတော့ တောင်ခြေပါပဲ၊ တစ်ရက်မှာတော့ ညဖက် ၈ နာရီခွဲလောက် ခြင်္သေ့ကြီးနှစ်ကောင်မျက် စောင်းထိုးက ဆိုင်လေးမှာ ကျနော်တစ်ယောက်ထဲ ထိုင်နေတယ်၊ မြေပဲထမင်းတစ်ပွဲမှာစားရင်း မန္တလေးအကြောင်းကို ကျနော်စဉ်းစားနေမိတယ်၊ ကျနော့်ကိုတွေးစေတဲ့မန္တလေး၊ ငေးစေတဲ့မန္တ လေး၊ အုတ်ကျစ်ကျော်အေးမန္တလေး၊ သီပေါကင်းဝန်တို့ရဲ့မန္တလေး၊ ဒေါ်အမာရဲ့မန္တလေး၊ ဆိုင်ကယ် ကိုခေါင်းထောင်စီးတဲ့မန္တလေး၊ အသားဖြူလာတဲ့မန္တလေး၊ ... ... မန္တလေး၊ ... ... မန္တလေး၊

ထမင်းဆိုင်က ပြန်လာတော့ ကဗျာလေးတစ်ပုဒ် ကျနော်ရေးဖြစ်တယ်၊ ရင်ထဲမှာ နဲနဲတော့ပေါ့သွား သလိုပဲ၊ မန္တလေးအကြောင်းက ပြောမကုန်အောင် ရှိနေမှာပါ၊ သူနဲ့ပတ်သက်ရင်တော့ခပ်လေးလေး စဉ်းစားပြီးမှ `ကြိုက်ပါတယ်' လို့ခေါင်းညိတ်နေမိ ဦးမယ်ထင်ပါရဲ့ ။ ။


မန္တလေး

ဟိုအရင်တုန်းကတော့
'သိပ်စကားတတ်တဲ့ကောင်…' လို့
ညီအစ်ကိုတွေနဲ့ယှဉ်ပြီး အပြောခံရနေကျ
အခုတော့ သူ့မှာ
စကားပီအောင်ကိုပဲ အနိုင်နိုင်ရယ်၊

သူ့ပတ်ဝန်းကျင်မှာ
အသားကင်နံ့တွေ မွှန်ထူနေလည်း
သူကတော့ စတီးလ် ထမင်းချိုင့်လေးကိုပဲ
အာသာငမ်းငမ်း ရှိတုန်း
'ရွှေသွားတွေမရှိမှတော့ မကိုက်နိုင်ပါဘူး' တဲ့၊

ဘီးလေးဘီးကို ဂီယာထိုးမစီးနိုင်ပေမယ့်
ဘီးနှစ်ဘီးနဲ့ လေထုညစ်ညမ်းမှုကို သူကာကွယ်နေဆဲ
ဝမ်းမနည်းပါဘူး
အစ,ကတည်းက သူ့အသားကနီစပ်စပ်မှ မဟုတ်ဘဲ-တဲ့၊

တကယ်တော့ သူနေချင်တာက
ဒီလိုမဟုတ်ပါဘူး တဲ့၊
ယဉ်ကျေးမှုကြွေဇလုံထဲ ဝင်စိမ်ရင်း
'မှန်လှပါဘုရား' လို့ သွားလေသူကြီးကို
တ, နေချင်သေးတာ၊

အခုတော့
နေ့ချင်းညချင်း ဘောင်းဘီဆွဲချွတ်ပြီး
လုံချည် အတင်းစည်းပေးခံရတဲ့ကောင်လေ၊
ခုန်ပေါက်ပြေးလွှားချင်တိုင်း
ခါးပုံစကို ပြန်ပြန်စမ်းနေရ၊

ရှိသေးတယ်...
သူ့နာမည်နဲ့ ဗြစ်ရည်ကအကောင်းဆုံးပါ ဆိုပြီး
ခဏခဏ နာမည်အလွဲသုံးစားခံရတဲ့ကောင်
လက်တွေ့မှာတော့
အကိုကာလသားတို့ရဲ့ ဥပေက္ခာကို
ခါးစီး ခံနေရသူပါ၊

ဧည့်သည်ပေါင်းစုံ ဝင်,ထွက်နေလည်း
တောမရောက် မြို့မရောက်ကောင်လို့
အကြောင်းသိသူတွေက မေးငေါ့တုန်း၊

အရိုးကွဲအောင်အေးပေမယ့်
အရေစုတ်အောင် ပူတတ်လို့
အပြောင်းအလဲ မြန်လွန်းတဲ့ကောင် တဲ့၊
ဥပုသ်နေ့မနက်ခင်းတိုင်း ဘုရားတော့သွားပါရဲ့
ညနေခင်းကျတော့ ခပ်ထွေထွေရှိပြန်တာမို့
ဗြဟ္မစိုရ်တရားနှစ်ပါး လက်ကိုင်ထားပေမယ့်
'အစွန်းနှစ်ပါး မလွတ်ဘူး' လို့ ဝေဖန်ခံရတဲ့ကောင်ပေါ့ ။



ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၀၈

မြို့ကလေးရဲ့ မိုးတိမ်တိုက်



ဝေးဝေးကစိုက်ခင်းစိမ်းစိမ်းတွေမှာ
လေဟုန်စီးနေတာ ကိုယ့်ဝိညာဉ်ပေါ့၊

တပိုင်းသေညနေခင်းတွေမှာ
အနီရောင်နှင်းဆီတစ်ပွင့်နဲ့
ယစ်မူးပါရစေ ကောင်မလေးရယ်...

လေရိုင်းတွေက သူစိမ်းဆန်သွားတဲ့
မစိမ်းတစိမ်း စိုက်ခင်းထဲမှာ
အရိုးကျွတ်ပေါက်ပြားတစ်လက်ကတော့
အလွမ်းပွင့်ဝေဝေနဲ့ ကြေကွဲနေဆဲ

ဝေါဟာရဆင်းရဲတဲ့ မြို့ကလေးရေ...
မင်းရဲ့ကျေးလက်ယဉ်ကျေးမှုတွေကို
ငါ့ကောင်မလေးအား သွန်သင်ပေးပါ
ဆွံ့အအနွေညတွေရဲ့
ချော်ရည်မျက်ဝန်းတွေ
ခြောက်သွေ့သွားစေဖို့ပေါ့ ။ ။


ညီလင်းသစ်
၅ စက်တင်ဘာ၊ ၂၀၀၈

စိတ်ကူးနရီ


ကျောင်းသားဘဝကတည်းကနေ အခုထက်ထိအဆက်အသွယ်မပျက်တဲ့ကျနော့်သူငယ်ချင်းတွေထဲမှာ ဝေမိုး အောင်လည်း တစ်ယောက်အပါအဝင်ပါ၊ သူနဲ့ကျနော်နဲ့ ဘယ်တုန်းကတည်းက စ,သိခဲ့ကြတာလည်းလို့ အခုပြန် စဉ်းစားတော့ ခပ်ဝါးဝါးရယ်...၊ ကျနော်မှတ်မိသလောက်ဆိုရင် ၅ တန်းလောက်ကတည်းက စပြီးမျက်မှန်းတန်းမိ နေကြတာဖြစ်မယ်၊ ကျနော်က ကျောင်းဘင်ခရာတပ်ဖွဲ့ထဲလည်း ဝင်ခဲ့ဖူးတော့ အဲဒီမှာသူနဲ့ စ,သိခဲ့တာပဲဖြစ် မယ်၊ သူက ဘင်ခရာထဲမှာ ကျနော့်ထက်စောပြီး ရောက်နေတာကိုး...၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေဖြစ်လာတာကတော့ ၁၀ တန်းရောက်မှပါ၊ အဲဒီကျမှ သူနဲ့ကျနော်နဲ့ တစ်ခန်းထဲ၊ ရှေ့ဆင့်နောက် ဆင့်ထိုင်ဖြစ်ကြတာ...၊

ထားပါ၊ ပြောချင်တာက ကဗျာ...၊ ဒီကောင်နဲ့ကျနော်နဲ့ အတူတူရင်ခုန်ကြတာတွေထဲမှာ ကဗျာလည်းပါတယ်၊ သူရေးတဲ့ မော်ဒန်ကဗျာတွေကို ကျနော်ကြိုက်တာများတယ်၊ ကျနော်က လေးလုံးစပ်နဲ့ နဘေထပ်တွေကြားမှာပဲ ရှိနေတုန်း ဒီကောင်ကကျစ်လစ်တဲ့ စကားလုံးတွေနဲ့ လှပလွန်းတဲ့ နမိတ်ပုံတွေကို သုံးနေပြီ၊ မှတ်မှတ်ရရသူ့ ကဗျာတစ်ပုဒ် ခေါင်းစဉ်က " မုဆိုးမကျီးကန်း " တဲ့၊ ခေါင်းစဉ်က ကျနော်တို့သူငယ်ချင်းတွေကြားထဲမှာအတော် လေးကို စိတ်ဝင်စားစရာ ကောင်းနေတော့ အားလုံးကဝိုင်းမေးကြတာပေါ့၊ ပထမတော့ ဒီကောင်ကသိပ်မပြော ချင်ဘူး၊ နောက်ပိုင်းအတင်းမေးကြတော့မှ အဲဒါသူ့အကြောင်းသူရေးထားတဲ့ ကဗျာပါ-တဲ့၊ သူဟာငှက်ဆိုရင် တောင် လှလှပပငှက်တစ်ကောင် မဟုတ်ဘဲ အပုပ်အသိုးနဲ့ စွန့်ပစ်ပစ္စည်းတွေကို ခိုးသုတ်စားရတဲ့ ကျီးကန်းတစ် ကောင်ပါ-တဲ့၊ ဘဝနာလိုက်ပုံများ ကျီးကန်းတောင်မှ လင်မရှိတဲ့မုဆိုးမကျီးကန်း-တဲ့၊ ကျနော်ကတော့သဘော ကျတယ်၊ ဒါပေမယ့်ကျန်တဲ့ကောင်တွေကတော့ သူ့ကိုတွေ့တိုင်းမုဆိုးမကျီးကန်းလို့ပဲ ခေါ်တော့တယ်၊ ဒီကောင့် မှာ နာမည်တွင်တော့မလို့ မနည်းပြန်တောင်းပန်ယူရတယ်၊

နောက် ရှိသေးတယ်၊ ဒီကောင်ထိရှခံစားလွယ်ပုံများ ကျနော်တို့သူငယ်ချင်းတွေ အကြောင်းတိုက်ဆိုင်လို့ ဗျစ် ရည်မှီဝဲကြတဲ့အခါတိုင်း သူ့မှာအမြဲလိုလို ငိုရတယ်၊ နဲနဲလေးရီဝေလာပြီဆိုရင် သူ ကလေးဘဝတည်းက လက်ရှိ ကာလအထိ ကြားဖူး၊ ကြုံဖူးခဲ့တဲ့ ဝမ်းနည်းစရာတွေက ခေါင်းထဲရောက်လာရော...၊ အဲဒီအခါမှာ မျက်ရည်လေး စမ်းစမ်း၊စမ်းစမ်းဖြစ်ရာကနေ မျက်ရည်ပေါက်ပေါက်ကျ၊ ဒီကမှတဆင့် ရှိုက်ကြီးတငင်ငိုပါလေရော၊ သူမှီရုံလေးပဲ မှီလိုက်တဲ့ အဖွားကိုသတိရလို့၊ သူတို့လမ်းထဲက ဦးလေးကြီးတစ်ယောက်က ထမင်းတစ်နပ်စားရဖို့အရေး မိုင် ပေါင်းများစွာ လမ်းလျှောက်သွားရဖူးတဲ့ အကြောင်းကိုသတိရလို့၊ သူမူလတန်းကျောင်းသားဘဝတုန်းက အမြတ် တနိုးကိုင်ခဲ့တဲ့ ခဲတံလေးပျောက်သွားတဲ့ အဖြစ်ကိုပြန်တွေးမိလို့၊ စသဖြင့်ပေါ့လေ...သာမန်အချိန်မှာ ဘယ်လိုမှ သူ မစဉ်းစားတဲ့ အကြောင်းတွေကို ခပ်ထွေထွေလေးနဲ့စဉ်းစားပြီး ငိုတော့တာပါပဲ၊ ပထမပိုင်းတွေတုန်း ကတော့ အားလုံးက လန့်သွားကြတာပေါ့လေ၊ သူ ဘာများ ဖြစ်လို့လဲပေါ့၊ နောက်ပိုင်းတော့ သူ့ကြောင်းကိုအားလုံးကသိ သွားတော့လည်း ရိုးသွားတာပေါ့လေ၊ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က သူ့ကိုနာမည်ကောက်ပေးလိုက်တယ်၊ ဒီ ကောင်က ကဗျာလည်းရေးတယ်၊ ငိုလည်းငိုတယ်ဆိုတော့ 'ကဗျာငို' တဲ့...၊

စိတ်ကူးနရီ ဆိုတာကျနော်ကြိုက်တဲ့ သူငယ်ချင်းဝေမိုးအောင်ရဲ့ကဗျာတစ်ပုဒ်ပါ၊ တစ်ရက် ဒီကောင်လှည်းတန်း ကားမှတ်တိုင်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း နေ့လည်ခင်း နေရောင်ခြည်တန်းတွေရဲ့ ပြုစားမှုအောက် မှာ ဗြုန်းဆိုရလိုက်တဲ့ အတွေးစ,လေးပေါ့၊ လှပ,ကျစ်လစ်,သိမ်မွေ့တဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ၊ ခံစားကြည့်ပါဦး။


စိတ်ကူးနရီ

ကျစ်ဆံမြီးရဲ့ သမီးပျိုရေ
ဟောဒီ...ဆည်းဆာရဲ့ စိတ်ကူးပွဲတော်မှာ
ငါ မင်းကိုဖိတ်ခေါ်ပါရစေကွဲ့၊

နူးညံ့တဲ့ မြေလွှာ
ငါ့ရဲ့နံဘေး
စင်္ကြာဝဠာရောင်စဉ်ချည်ပန်းပွင့်တွေနဲ့
ကိုယ့် ဥယျာဉ်ဆီကိုပေါ့
ငါ့မျက်ဝန်းကောင်းကင်ထဲ
ဆည်းဆာရဲ့အလင်းမှော်တွေ
နုသွယ်သွယ်မင့်ခန္ဓာမှာ
ကိန်းဝပ်တောက်ပဖို့
ဟန်တပြင်ပြင်နဲ့
အတွေးတွေကတော့ မင်းလာမယ့်လမ်းအထက်
ဖွေးဖွေးလှုပ်
မိုးကုပ်စက်ဝိုင်းရဲ့အနောက်တံခါးဟာ
ခေါင်းလောင်းထိုးနေပြီပ...၊

ခန္ဓာအနှံ့ တဖျပ်ဖျပ်လူး
ပြေးလွှားဟစ်အော်လို့
မင်းရဲ့ အကြည့်တွေနဲ့ ကြပ်စီးခံရဖို့
နှလုံးသားက ဖိတ်ခေါ်နေပါရဲ့...
ပန်းနုသွေးတွေ နစ်မြုပ်နေတဲ့
မင်းရဲ့ပါးပြင်မှာ
ငွေရည်ပါးကွက်လူးဖို့
ငွေလဝန်းလည်း ရောက်လာမယ်
ဒါဟာ ညဦးရဲ့အိမ်ပြန်လက်ဆောင်ပေါ့၊

လှမ်းခဲ့စမ်းပ
ကျစ်ဆံမြီးရဲ့ သမီးပျိုရေ...။

(ဝေမိုးအောင်)
(2nd December 1995, 2:04 pm)


ညီလင်းသစ်
၎ စက်တင်ဘာ၊ ၂၀၀၈

ရင်မှဖြစ်သောသစ်တစ်ပင်

သူတို့ ဆေးရုံကို ရောက်တော့ ည ၁၀ နာရီခွဲ ပြီးနေပြီ။

ဆေးရုံဧည့်ကြိုကောင်တာမှ ဝန်ထမ်းက အမည်ကို မေးမြန်းရင်း တကယ်ချိန်းထားတာ ဟုတ်မဟုတ် ဖုန်းဆက် မေးမြန်းနေသေးသည်၊ သူ အနည်းငယ် စိတ်တိုသွားသည်၊ တကယ်ဆို အခြေအနေက မြင်တာနှင့်ပင်သိသာနိုင် သည်၊ သူတို့အနေနှင့် ဘာ့ကြောင့်လူနာ ဟန်ဆောင်ပြီး လာရမည်နည်း၊ သို့သော်ချက်ချင်းပင် သူစိတ်ပြန်လျှော့ ချလိုက်သည်၊ 'အင်းလေ...ဝန်ထမ်းက သူ့တာဝန်သူဆောင်ရွက်တာပဲ၊ မင်းစိတ်ကို ငြိမ်အောင်ထားစမ်း'...၊ကမ္ဘာ ပေါ်မှာယောင်္ကျား ဘယ်နှစ်ယောက်ကများ သူ့လိုအခြေအနေမှာ စိတ်ငြိမ်ငြိမ်ထားနိုင်မလဲ၊ သူမသိ၊ သူကတော့ အတော် ပင်စိတ်လှုပ်ရှားလျက်ရှိသည်။

တာဝန်ကျဆရာမက မြင်လိုက်တာနှင့် အခြေအနေ၏ အတိမ်အနက်ကို ချက်ချင်းသဘောပေါက်လိုက်သည်၊

" အိုး...ရှင်တော်တော် နာနေလားဟင် "...၊

သူ့အမျိုးသမီးက ခေါင်းသာညိတ်ပြနိုင်သည်၊ သူကတော့ မအိမ်သူ၏ ကျောနောက်မှရေနွေးအိတ်ကို အသာ ထိန်းကိုင်ပေးရင်း သားဖွားဆရာမကို အားကိုးတကြီး ကြည့်လိုက်သည်၊ ဆရာမက မအိမ်သူကိုကြည့်ရင်း... ...

" ဘာမှမစိုးရိမ်နဲ့၊ ရှင်ဒီမှာပဲ နေလိုက်တော့နော် "ဟုပြောသည်၊

ထိုအခါကျမှပဲ သူနှင့်မအိမ်သူတို့ တစ်ယောက် ကိုတစ်ယောက် ကြည့်ဖြစ်ကြသည်၊ အတန်ငယ် သက်သာရာ ရသွားသော စိတ်နှင့်အတူ သူပင့်သက်တချက် ရှိုက်ဖြစ်လိုက်သည်။ 'အင်း...ငါစောင့်စားနေခဲ့တဲ့နေ့ဟာ ဒီတခါ တော့ တကယ်ကိုရောက်လာခဲ့ပြီပဲ၊ ဘယ်လိုမှ မလွဲနိုင်တော့ဘူး'...၊ သူ့ရင်ထဲမှာ ခပ်ဆန်းဆန်း ခံစားမှုလေးတခု ဖြတ်ပြေးသွားပြန်သည်၊ သူတို့၏ကိုယ်ပိုင်ဥယျာဉ်လေးမှ သစ်ပင်လေးတစ်ပင်သည် မကြာမီအချိန်အတွင်း တကယ်ပင် အညှောင့်ပေါက်လာတော့မည်ဖြစ်သည်။

တာဝန်ကျဆရာမက သူတို့ကို ခေတ္တနားနေရန် အခန်းတစ်ခန်းပေးပါသည်၊ ထိုအခန်းထဲမှာပင် လိုအပ်သောစမ်း သပ်စစ်ဆေးမှုတွေကို ဆက်လုပ်သည်၊ မအိမ်သူကတော့ မခံမရပ်နိုင်အောင် နာကျင်နေခဲ့ပြီ၊ မနာကျင်ဘဲလည်း မနေနိုင်၊ Contraction က ၂ မိနစ်ခွဲနှင့် ၃ မိနစ်တခါလာနေသည်၊ ပြီးတော့ Intense Contraction၊ လက်သီးကို ဆုပ်လျက် အံတင်းတင်းကြိတ်ထားသော သူ့အမျိုးသမီးကိုကြည့်ကာ သူပင်ဇောချွေးများပျံလာခဲ့သည်၊

တကယ်တော့ Contraction ကမနေ့ကတည်းက စ,ခဲ့သည်၊ ဒီတုန်းကတော့ သူတို့နှစ်ယောက် စိတ်လှုပ်ရှားစွာ ဖြင့်ဆေးရုံကို ဖုန်းဆက်တော့ ဆေးရုံက Contraction သဘောသဘာဝကိုမေးကာ လိုလိုမယ်မယ်လာပြကြည့် ပါဟုဆိုသည်၊ ဟိုရောက်တော့ Contraction က ၁၂ မိနစ်ခြားတခါပဲ ရှိသေးသဖြင့်ပြန်လွှတ်လိုက်သည်၊ ဒီနေ့ နေ့လည်မှာကျတော့ Contraction က ၆ မိနစ်တခါလောက် ဖြစ်လာသဖြင့် ဆေးရုံကို သူတို့ပြန်လာခဲ့ ပြန်သည်၊ ဆေးရုံမှာ ကလေးရဲ့နှလုံးခုန်နှုန်းကိုတိုင်း၊ Contraction Intensity ကိုတိုင်း၊ Frequency ကိုတိုင်း စသဖြင့်စစ် ဆေးကြသည်၊ သို့သော် ဒီတခါမှာလည်း စောနေသေးသဖြင့် သူတို့ပြန်လာခဲ့ရ ပြန်သည်၊ အခုတော့ သူတို့ကို ဆေးရုံက ခေါ်ထားလိုက်ပြီ၊

စမ်းသပ်နေဆဲမှာပဲ မွေးဖွားရန်အတွက် အတော်နီးစပ်နေပြီဖြစ်ကြောင်း ဆရာမလေးက ပြောသည်၊ တဆက် တည်းမှာပဲမအိမ်သူကို မွေးခန်းထဲခေါ်သွားတော့ သူကလည်းနောက်က တကောက်ကောက်၊ မွေးခန်းသည် ခေတ်မီကိရိယာ တန်ဆာပလာအစုံအလင်ဖြင့် ကြောက်တတ်သောမွေးလူနာများကို အားပေးနေသယောင် ရှိသည်၊ မအိမ်သူကတော့ မခံမရပ်နိုင်အောင်ပင် လွန့်လူးနာကျင် လျက်ရှိသည်၊ သူ့အနေဖြင့်လည်း အားပေးရုံ အပြင် ဘာမှပိုပြီး မတတ်နိုင်...၊ နောက်ဆုံးတော့ ဝေဒနာသက်သာအောင် မွေးလမ်းကြောင်းဆိုင်ရာ ထုံဆေး ထိုးဖို့ ရွေးချယ်လိုက်ကြသည်၊

မေ့ဆေးဆရာဝန်အမျိုးသမီးက ပြုံးရွှင်စွာဖြင့် အခန်းထဲဝင်လာသည်၊ ကြင်နာသောမျက်ဝန်းများဖြင့်ကြည့်ရင်း...

" အားလုံးကောင်းသွားပါလိမ့်မယ်၊ မစိုးရိမ်နဲ့နော် " ဟု သူတို့ကိုအားပေးသည်၊

ကျောရိုးထဲကို ထိုးမည်ဖြစ်သောကြောင့် မအိမ်သူက ဘေးတစောင်း နေပေးရသည်၊ ထုံဆေးထိုးမည့်အပ်ကို မြင်သောအခါ သူစိတ်ဝင်စားသွားသည်၊ အပ်သည် သူ့စိတ်ထင် အနည်းဆုံး ၆ လက်မခန့်တော့ရှိမည်၊ ဆရာဝန် ကလိုအပ်သောပစ္စည်းများ ပြင်ဆင်နေချိန်တွင် ရိုးတွင်းခြင်ဆီထဲ ဆေးထိုးတာကို သူကြည့်ချင်နေခဲ့သည်၊ သို့သော် သူ့အမျိုးသမီးကို တာဝန်ယူသည့် သားဖွားဆရာမလေးက တဖက်တွင်သွားနေဖို့ ယဉ်ယဉ်ကျေးကျေး လေးတောင်းဆိုလိုက်သောအခါ သူ့အတွက်ကြည့်ဖို့် အခွင့်မသာတော့ပေ၊ တကယ်တော့လည်း ထိုမွေးခန်းထဲ တွင်အရေးအကြီးဆုံးမှာ မွေးလူနာ သူ့အမျိုးသမီးဖြစ်သည်၊ သူ့အမျိုးသမီးနှင့် ပတ်သက်၍ ဆရာဝန်၊ ဆရာမ အားလုံးကတာဝန်ကိုယ်စီဖြင့် အလုပ်များနေကြသည်၊ လူတိုင်းမှာ လုပ်စရာကိုယ်စီနှင့်...၊ လူပိုဆို၍ သူတစ်ဦး သာရှိလေသည်၊ သို့နှင့်အမျိုးသမီးကို အားပေးရင်း သူ့ကြောင့် ကန့်လန့်ကန့်လန့် မျက်စိမနောက်ရအောင် ငြိမ် ငြိမ်ပဲထိုင်နေ လိုက်တော့သည်၊

ခဏအတွင်းမှာပင် မအိမ်သူမှာ သက်သာသွားခဲ့သည်၊ သူ့ကိုယ်ပေါ်တွင် တပ်ဆင်ထားသည့် တိုင်းတာသော စက်အရ Contraction လာနေတာကို ဂရပ်ဖ်လိုင်းများပေါ်မှာ မြင်နေရသော်လည်း အခုတော့သူမ ပြုံးရယ်ကာ စကားပြောနေ နိုင်ခဲ့ပြီ၊ သူကလည်း တချိန်လုံး ထိုင်ရမလို ထ,ရမလို ဖြစ်နေရာမှ အခုမှပင် သက်ပြင်းချနိုင်တော့ သည်၊ ထိုဝေဒနာ,ထိုခံစားမှု၏ အတိုင်းအတာပမာဏကို သူ့လိုယောင်္ကျားသားတွေ မသိနိုင်ပါ၊ သူ့အမျိုးသမီးကဲ့ သို့ဖြေဆေး ထိုးခွင့်မကြုံသော အခြားမိခင်လောင်းတို့ ဒီကာလကို ဘယ်လိုဖြတ်သန်းကြမလဲဟု သူတွေးမိသော အခါ ကျောထဲမှ စိမ့်ကနဲနေအောင် အေးသွားမိသည်၊ မအိမ်သူကတော့ ပင်ပန်းသွား၍ထင့်၊ ခဏမှိန်းနေသည်၊ သူကလည်း အခုမှအသက်ဝဝ ပြန်ရှူရင်း သူတို့ဥယျာဉ်၏ ပထမဆုံးသော သစ်ပင်ကလေးအတွက်ရေလောင်း ပေါင်းသင်ခဲ့ကြသော နေ့ရက်များအကြောင်းကို ပြန်တွေးနေမိသည်၊

(သစ်ပင်ကလေး သစ်စေ့ဘဝတုန်းက)


ရောက်လာရမည့်အချိန်ထက် တစ်ပတ်တိတိနောက်ကျနေခဲ့သော ထိုသစ်ပင်ကလေးအကြောင်းကိုသူတစေ့တ စောင်းတော့သိပါသည်။ ထိုအကြောင်းကို အခုပြန်တွေးတော့လည်း အင်မတန်မှ ရိုးစင်းလှသည်။ သို့သော် ထိုစဉ်ကတော့ သူတို့အတွက် တကယ့်မေးခွန်းကြီးပင်၊ ရင်သွေးလေးက ဘာလေးလဲဆိုတာ ကြိုပြီးသိသင့် မသိသင့် သူတို့တိုင်ပင်ကြသည်၊ သူ့အမျိုးသမီးက သိချင်သည်၊ သူကမသိချင်၊ တစ်ယောက်ကသိပြီး နောက် တစ်ယောက်ကမသိဘူးဆိုသည့်အဖြစ်ကိုတော့ သူတို့နှစ်ယောက်လုံးမလိုချင်၊ ရှေ့လျှောက်တိုင်ပင်ရမည့် ကဏ္ဍ များစွာအတွက်သူတို့ ဘက်တစ်ဖက်တည်းမှာ အတူရပ်ဖို့တော့ လိုပါသည်၊ နောက်ဆုံးတော့ သိပ်မကျေနပ် ပေမယ့် သူ့အမျိုးသမီးက အလျှော့ပေးလိုက်သည်၊

သို့နှင့် ပုံမှန်စမ်းသပ်ဖို့ ချိန်းဆိုသော ပထမဆုံးအကြိမ်တွင်ပင် သူကပဲ သွားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးကို ပြောလိုက်သည်၊ 'ကျနော်တို့ ကလေးရဲ့ လိင်ကိုသိဖို့ စိတ်ကူးမရှိဘူး ဆရာ၊ ဒါကို အံ့သြစရာတခု အဖြစ်နဲ့ပဲ ကျနော်တို့ စောင့်စားချင်တယ်'၊ ဆရာဝန်ကြီးကလည်း 'ခင်ဗျားတို့ သဘောပါပဲဗျာ'ဟု ဆိုပြီး,ပြီးသွားခဲ့သည်။ သို့ သော် ထိုအံ့သြစရာလေးကို အချိန်မတိုင်မီမှာပဲ သူတို့မတော်တဆ သိလိုက်ရသည်၊ လက်မှတ်ထိုးစရာကိစ္စတစ် ခုအတွက် ဆရာဝန်ကြီး၏ လက်ထောက်ဆရာမက သားဖွားမီးယပ်ဖိုင်တွဲကို သူတို့ရှေ့မှာ ဖွင့်ပေးသောအခါ သူ့ အမျိုးသမီး လက်မှတ်ထိုးနေချိန်၌ သူ့မျက်စိက ခရိုမိုဆုမ်း XY ဆိုတာကို မြင်ဖြစ်အောင် မြင်လိုက်လေသည်၊ ပထမတော့ သူအတန်ငယ် စိတ်ပျက်သွားသော်လည်း နောက်ပိုင်းမှာ ပျော်ရွှင်ကျေနပ်လာခဲ့သည်၊ ဘာမှန်းမသိ ရဘဲရင်သွေးတစ်ဦးအဖြစ်သာ ယေဘုယျစောင့်စားရတာထက် အခုတော့ သူနှင့်သားကလေး၏ကြားကသံယော ဇဉ်ကြိုးကို ပီပီပြင်ပြင်ကျစ်ခွင့် ရလာခဲ့သည်၊ အခု 'သား' လို့ တိတိကျကျ သူခေါ်နိုင်ပြီ၊ သူ့အမျိုးသမီးနှင့်အတူ သားအတွက် အဝတ်အစားတွေ ကြိုဝယ်လို့ရပြီ၊ နာမည်ရွေးရာမှာ ယောကျာင်္းလေးနာမည်တွေပဲ စဉ်းစားဖို့လို တော့သည်၊ အခုတော့ မတော်တဆဖြစ်စေသည့် ဆရာမကိုပင် သူကျေးဇူးတင်နေမိလေသည်၊

" ရှင်နေရတာ အဆင်ပြေရဲ့လားဟင်? "

အနီးကပ်မေးလိုက်သော အသံကြောင့်အတွေးလွန်နေသော သူလန့်သွားသည်၊ ကြည့်လိုက်တော့... သားဖွား ဆရာမလေး၊ သူ့ကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်။

" ဟာ...ပြေပါတယ်၊ အားလုံးအဆင်ပြေပါတယ် " ဟု သူလည်း ကြောင်တောင်တောင်နှင့် ပြန်ဖြေလိုက်သည်၊

ဆရာမက သူနားမလည်မှန်း အကဲခတ်မိစွာဖြင့် ဆက်ပြောသည်၊

" တချို့အမျိုးသားတွေက မွေးခန်းထဲကို လိုက်လာပြီးတော့ နေလို့မကောင်းတာ၊ ခေါင်းမူးလာတာ၊ မျက်လုံးတွေ ပြာလာတာမျိုးတွေ ရှိတတ်လို့ပါ၊ တခါဆိုရင် ယောင်္ကျားတစ်ယောက်များ လန့်ပြီးမူးလဲသွားတာတောင် ကျမကြုံ ဖူးတယ်ရှင့်၊ သူ့မိန်းမကို ဘာမှမလုပ်ခင် သူ့ကိုအရင် နှာနှပ်နေရသေးတယ် ဟင်း ဟင်း "... ...။

သူတို့အားလုံးရယ်မော ဖြစ်သွားကြသည်၊ ဖြစ်နိုင်ပါသည်၊ လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား...၊ သို့သော် သူကတော့ သွေးလန့်ပြီး မူးလဲမည့်သူ မဟုတ်ပါ၊

" ရှင်လဲငြိမ်နေတာနဲ့ သေချာအောင် ကျမက ရှင့်ကိုခေါ်ကြည့်တာ... ... " ဟု ဆရာမလေးက ဆက်ပြောသည်၊

" ကျေးဇူးပါဗျာ၊ ကျနော်ကတော့ နေလို့ကောင်းပါတယ်၊ သူ့ကိုသာ ဂရုစိုက်ပါ "ဟု မအိမ်သူကို ညွှန်ပြရင်းသူ ပြောလိုက်သည်၊ ထိုအခါ ဆရာမလေးက... ... ...

" အို..ရှင့်အမျိုးသမီးက အားလုံးကောင်းပါတယ်၊ ဒီနေ့ညရှိတဲ့ မွေးလူနာ ၃ ယောက်စလုံးအေးဆေးဆေးဆေးပဲ၊ ကျမမှန်းတာ မလွဲရင် မနက် ၂ နာရီကျော်ကျော်မှာ ဖြစ်လိမ့်မယ် " ဟုဆက်ပြောသည်၊


ထိုအခါမှ သူလည်းနာရီကို ကြည့်ဖြစ်သည်၊ `ကြည့်စမ်း...၁ နာရီတောင် ထိုးတော့မှာပဲ၊ အင်း...အင်္ဂါနေ့မနက် ၂ နာရီဆိုတော့ ခြင်္သေ့ကလေး တစ်ကောင်ပါလား' ဟုတွေးမိပြီး သူပြုံးလိုက်မိသည်၊


(တစ်ရက်သားသစ်ပင်ကလေး)


သူ့ဇနီးသည်ကိုယ်ဝန်ရင့်မာလာသောကာလမှာ သားကလေးမွေးဖွားလာပုံနှင့်ပတ်သက်ပြီး မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးရကောင်းမလားဟု သူစဉ်းစားမိသေးသည်၊ ထိုဗီဒီယိုသည် တသက်မှာတခါသာ ရိုက်ကူးနိုင်မည့်ဗီဒီယို ဖြစ်ပြီး တချိန်မှာသူတို့၏ သားကလေး ပြန်ကြည့်နိုင်လိမ့်မည်၊ သို့သော်တဖက်ကလည်း သူ့အမျိုးသမီးကိုအား ပေးနှစ်သိမ့်ရမည့်အချိန်တွင် ဗီဒီယိုကင်မရာတစ်လုံးဖြင့် သူအလုပ်ရှုပ်မနေချင်ပါ၊ နောက်ဆုံးတော့ဇနီးသည်ကို သူမေးမြန်းကြည့်ရင်း သူမ၏ဆန္ဒအတိုင်း ဗီဒီယိုရိုက်ဖို့စိတ်ကူးကို သူစွန့်လွှတ်လိုက်တော့သည်၊ ကင်မရာနောက် ကွယ်မှာနေမည့်အစား မအိမ်သူ၏ဘေးမှာနေ၍ အားပေးခြင်းသည်သာ အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မည်၊

သားဖွားဆရာမလေး၏ ခန့်မှန်းချက်သည် တကယ်လက်တွေ့မှာလည်း ကွက်တိနီးပါး မှန်ပါသည်၊ အခြားမွေးလူ နာနှစ်ယောက်ဆီ သွားကြည့်လိုက်၊ ဒီဖက်ပြန်လာလိုက်ပြီးစမ်းသပ်လိုက်နှင့် ကူးချည်သန်းချည်လုပ်နေသော ဆရာမလေးသည် တကြိမ်မှာတော့ အချိန်ကျပြီဟု ဆိုသည်၊ သူကပင် မအိမ်သူအား အသက်ရှုပုံရှုနည်း၊ ညှစ်ပုံ ညှစ်နည်းများကို ပြောပြသည်၊ တချိန်တည်းမှာပင် ကလေးကိုကိုယ်လက်သန့်စင်ပေးဖို့ သူနာပြုဆရာမတစ်ဦး လည်းရောက်လာသည်၊ အဲဒီနောက်မှာတော့ ရုပ်ရှင်တွေထဲမှာ အကြိမ်ပေါင်းများစွာ မြင်ဖူးသောပြကွက်တစ်ခု ကို သူကိုယ်တိုင်ဝင်ရောက်သရုပ်ဆောင်ရလေသည်၊ မီးဖွားခြင်းဆိုင်ရာ ပြင်ဆင်မှုသင်တန်းများ တက်ခဲ့စဉ်က အမျိုးသမီးအား ဘေးမှနေ၍ ရေစိုအဝတ်ဖြင့် ချွေးသုတ်ပေးရန် မှတ်သားခဲ့ဖူးသော်လည်း တကယ်တမ်းနဖူးတွေ့ ဒူးတွေ့ကာလမှာတော့ သူကပါဘေးကနေ ရောယောင်အသက်ရှုလိုက်၊ အားစိုက်ညှစ်လိုက်ဖြင့် မောပန်းနေလေ သည်၊

ထိုအခိုက် အမျိုးသမီးဆရာဝန်တစ်ဦးနှင့် ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးတို့ အခန်းထဲဝင်ရောက်လာကြ သည်၊ ဝင်,ဝင်လာချင်းမှာပင် သူတို့သည် ပုံမှန် ရောင်းဒ်လှည့်ရင်း ဝင်လာခြင်းဖြစ်ကြောင်း၊ သူတို့ကိုမြင်၍ လူနာ အခြေအနေမကောင်းဘူးထင်၍ စိတ်မပူစေလိုကြောင်း သူ့အားရှင်းပြသည်၊ သူတို့ပြောသကဲ့သို့ပင် သူမြင်ရသ လောက်အခြေအနေသည် ပုံမှန်ပင်ဖြစ်၍ အရာအားလုံးသည် ကျွမ်းကျင်သူများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေ လေသည်၊

၉ လကျော်ကျော်စောင့်ဆိုင်းခဲ့ရသော သူတို့၏သားကလေးသည် နောက်ထပ် ၁၀ မိနစ်အတွင်းမှာပဲ သူတို့၏ ရှေ့မှောက်သို့ရောက်လာခဲ့တော့သည်၊ အင်္ဂါသား ခြင်္သေ့ကလေးသည် အပြင်ရောက်,ရောက်ချင်းမှာပဲ 'ဝါး'ကနဲ ငိုချလိုက်သည်၊ ဘေးမှ သူနာပြုဆရာမက 'မနက် ၂ နာရီ ၁၂ မိနစ်' ဟုအားလုံးကြားအောင် ခပ်ကျယ်ကျယ် ကြေညာလိုက်သည်၊ သူကလည်းစိတ်ထဲမှာ တခါတည်းမှတ်သားလိုက်သည်၊ '၂၀၀၇ သြဂုတ်လ ၂၁ ရက်၊အင်္ဂါ နေ့မနက် ၂ နာရီ ၁၂ မိနစ်'...၊ ထို့နောက်ချက်ချင်းပင် ကလေးကို အနှီးဖြင့်ထွေးကာ အမေ့ရင်ဘတ်ပေါ်သို့ တင် ပေးလိုက်သည်၊ ထိုအခါ မအိမ်သူက 'သားကလေး...အမေ့ဆီမှာ တချိန်လုံးရှိနေခဲ့တဲ့ သားကလေးရယ်'ဟုဆိုပြီး ဖက်ထားလိုက်တော့သည်၊ အမေနှင့်သား၏မြင်ကွင်းသည် ဝဲလာသော မျက်ရည်များကြောင့် ရုတ်ချည်းပင် ဝေဝါးသွားသောအခါ သူလည်း အမေနှင့်သားကလေးကို အသာအယာပင် ထွေးပွေ့ထားလိုက်သည်၊ သူနာပြု ဆရာမကပင် အသင့်ဆောင်ထားသော ကင်မရာဖြင့် ဓါတ်ပုံတစ်ပုံရိုက်ပြီး သူတို့အားပြကာ 'ကြိုက်ရဲ့လား'ဟု မေးသည်၊ သူတို့၏ပထမဆုံး မိသားစု ဓါတ်ပုံလေးပင် ဖြစ်သည်၊

(မနေ့တနေ့က သစ်ပင်ကလေး)

ထို့နောက်မှာတော့ ဘေးတဖက်ရှိစားပွဲပေါ်မှာ ဆရာမနှင့်သူ သားကလေးကို ကိုယ်လက်သန့်စင်ခြင်း၊ ပေါင်ချိန် ခြင်း၊ အရပ်တိုင်းခြင်း၊ နာမည်လက်ပတ်တပ်ခြင်းတို့ကို ပြုလုပ်ကြသည်၊ ဆရာမက ပြောလိုက်သေးသည်၊ 'ကျမ တို့က ဒါတွေလုပ်ရင် အဖေတွေကို အမြဲတမ်းပါဝင်ကူညီစေတယ်လေ၊ သူတို့ဘေးထုတ်ခံထားရတယ်လို့ မခံစား ရတော့ဘူးပေါ့' တဲ့၊ သူ သဘောတူပါသည်၊ သူ့သားကလေးကို ဖခင်တစ်ယောက်အနေဖြင့် ယခုလိုခရီးဦးကြိုပြု ရခြင်းအတွက် သူကျေနပ် ဂုဏ်ယူမိသည်၊ တနေ့ သားကလေးအရွယ်ရောက်လာသောအခါ သူ့ကိုဘယ်လိုကြို ဆိုခဲ့ကြောင်း သူပြန်ပြောချင်ပါသည်၊ သူတို့နှစ်ဦး၏ ဥယျာဉ်အလယ်မှာ ပေါက်လာခဲ့သောထိုသစ်ပင်ကလေး အတွက်သူတို့ ဘယ်လိုရေလောင်းပေါင်းသင်ခဲ့ကြောင်း၊ ဘယ်လိုပျိုးထောင်ခဲ့ကြောင်းစသဖြင့် ထိုသစ်ပင် ကလေး အရွက်ဖားဖားဝေလာသော တနေ့တွင် အေးအေးလူလူ ပြောပြချင်ပါသည်၊

သူဆေးရုံမှ ပြန်လာတော့ မနက် ၄ နာရီခွဲလုပြီ၊ အမေနှင့်သားကတော့ ခရီးရှည်ကြီးကို အပြေးလာခဲ့ကြရသူများ ပမာမောပန်းလျက် အနားယူကျန်ရစ်ခဲ့သည်၊ ကားပြတင်းမှ အပြင်ကိုကြည့်လိုက်တော့ ကောင်းကင်မှာ လ,သာ နေသည်၊ ထိန်ထိန်မသာသော်လည်း လင်းလင်းချင်းချင်း ရှိပါသည်၊ လ,ရောင်သည် သူ့ရင်ထဲထိတိုင် ပေါက်ကျ စီးဆင်းလာလျက် သူ့တကိုယ်လုံးသည် အေးမြလန်းဆန်းနေတော့သည် ။ ။


ညီလင်းသစ်
၂၀ သြဂုတ်၊ ၂၀၀၈

Continuous Pedalling

(Pic is from here)

ဒီနေ့ကစပြီး Rafael Nadal က ကမ္ဘာ့ တင်းနစ်ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ၊ အများစု ထင်ကြေးပေးထား တဲ့အတိုင်း Roger Federer ရဲ့နေရာကို Nadal ပဲဆက်ခံခဲ့တာဖြစ်တယ်၊ သူတို့နှစ်ယောက်ကစားပုံ အတက်နဲ့အကျကို ကြည့်ရင် ဒီနေ့ဟာ မလွဲမသွေကို ရောက်လာရမယ်လို့ ကျနော်မျှော်လင့်ထား ပြီးသားပါ၊ ဒီနေ့မှာ စပိန်တင်းနစ်ကစားသမား Nadal ဟာပျော်ရွှင်နေမှာ ဖြစ်သလို ဆွစ်တင်းနစ် ချန်ပီယံဟောင်း Federer ကတော့ အနည်းနဲ့အများ စိတ်ပျက် ကြေကွဲနေမှာ အသေအချာပါပဲ၊

Tennis ကိုကျနော် အရင်ကဒီလောက်စိတ်မဝင်စားခဲ့ဘူး၊ အရှေ့တောင်အာရှရဲ့ လူကြိုက်များတဲ့ အားကစားတွေထဲမှာ တင်းနစ်မပါသလို ကမ္ဘာ့နာမည်ကြီး တင်းနစ်သမားတွေလည်း သိပ်မရှိပါဘူး၊ ဒီဖက်ကိုရောက်လာတော့ တင်းနစ်ဘောလုံးတွေဟာ ကျနော့်ရဲ့နေ့စဉ်ဘဝထဲကို တဖြည်းဖြည်းနဲ့ ကျရောက်ထိမှန်လာခဲ့ပါတော့တယ်၊ အထူးသဖြင့် Federer ဟာ Swiss လူမျိုးဖြစ်တော့ သူ့နိုင်ငံမှာ သူ့အကြောင်းကို အခြားဒေသတွေမှာထက် ပိုပြီးသိလာရာကနေ သူ့ပွဲတွေကိုလည်း ကြည့်ဖြစ်လာခဲ့ ပါတယ်၊ ဒီလိုနဲ့ပဲ ကျနော်ဟာ တင်းနစ်ကွင်းတွေရဲ့ အလယ်ကိုရောက်မှန်းမသိ ရောက်လာခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော်တဲ့နှုန်းနဲ့ တဝီဝီလွန်းထိုးသွားနေတဲ့ အစိမ်းရောင်ဘောလုံးလေး တွေကို မလွတ်တမ်း ကြည့်ဖြစ်လာတော့တာပါပဲ၊

Federer ဟာ ၂၀၀၄ ဖေဖော်ဝါရီ ၂ ရက်ကတည်းကနေ မနေ့ကအထိ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပေမယ့် ထိပ်သီး Grand Chelem ပွဲကြီးတစ်ပွဲဖြစ်တဲ့ Roland Garros ပွဲကိုတခါမှ မနိုင်ခဲ့ဖူးပါဘူး၊ အများသိ ကြတဲ့အတိုင်း သူဟာ Wimbledon လိုမြက်ခင်းကွင်းတွေမှာ ပြိုင်ဖက်မရှိကောင်းမွန်သလောက်ပြင် သစ်နိုင်ငံမှာ ကျင်းပတဲ့ Roalnd Garros ရဲ့အုတ်နီခဲမှုန့်ကွင်းမှာတော့ သူ့ရဲ့အမြဲတမ်းပြိုင်ဖက် Nadal ကိုမကျော်နိုင်ခဲ့ဘူး၊ ဒီတော့ Roalnd Garros မှာ Nadal ကနိုင်လိုက်၊ သူ့ရဲ့နောက်မှာကျင်း ပတဲ့ Wimbledon မှာ Federer ကနိုင်လိုက်နဲ့ ရှိနေရာက ဒီနှစ်မှာတော့ Nadal က Federer ရဲ့ ကွင်းဖြစ်တဲ့ Wimbledon မှာပါနိုင်လိုက်ပြီးတဲ့ အခါမှာတော့ Federer ရဲ့ခေတ်ဟာလည်း ဆုံးခန်း တိုင်သွားခဲ့တာပါပဲ၊

ပိုဆိုးတာက ဒီအရှုံးကို ပြန်အဖတ်ဆယ်ဖို့အတွက် Federer ဟာအခုလက်ရှိ Olympic Games မှာ အနိုင်ကစားဖို့ အားခဲထားပေမယ့် ကွာတားဖိုင်နယ်မှာတင်ပဲ ရှုံးသွားခဲ့ရပြန်တယ်၊ သတင်းစာရှင်း လင်းပွဲမှာ သူ့ကိုသတင်းထောက်တွေက မေးတယ်၊

" ဒီ ၂၀၀၈ မှာခင်ဗျားတချိန်လုံး ရှုံးနေတာပဲ၊ ခင်ဗျားမှာ ဘာများလိုအပ်နေလို့လဲ " တဲ့၊

Federer ကပြန်ဖြေတယ်၊

" ကျနော့်မှာ လိုအပ်နေတာက Training ပဲ၊ ဒီဖက်ပိုင်းတွေမှာ ကျနော့်ရဲ့လေ့ကျင့်မှုအတွက် အချိန် ကောင်းကောင်းမရနိုင်ဘူး ဖြစ်နေတယ် " တဲ့...၊

ကျနော်စဉ်းစားကြည့်မိတယ်၊ သူ့လို နားရက်မရှိ တနှစ်ပတ်လုံးနီးပါး ကစားနေတဲ့ ကမ္ဘာ့ချန်ပီယံ တစ်ယောက်က လေ့ကျင့်မှုလိုနေတယ်တဲ့၊ လေ့ကျင့်မှု မရှိလို့ ရှုံးပွဲတွေဆက်ခဲ့တယ်တဲ့၊ လေ့ကျင့်မှု ဟာမရှိမဖြစ် လိုအပ်နေတာပဲ၊ ကျနော်တို့လည်း ဘဝမှာတခါတလေ သတိလက်လွတ်ဖြစ်ပြီး လေ့ ကျင့်မှုနဲ့ ပြတ်လပ်ခဲ့တဲ့အချိန်တွေ အများကြီးပါ၊ အထူးသဖြင့် လုပ်နေကျ၊ ပြောနေကျ၊ ကျင့်သားရ နေတဲ့ အရာတွေနဲ့ပတ်သက်ရင် ပိုတောင်လစ်ဟာတတ်ပါတယ်၊ ဘယ်လိုပဲတော်နေ၊ ကောင်းမွန် နေပါစေ..လေ့ကျင့်မှုမရှိရင် ကျစ်လစ်သေသပ်မှုနဲ့ ပြီးပြည့်စုံကောင်းမွန်ခြင်းအပိုင်းမှာတော့လျော့တိ လျော့ရဲနိုင်နေ နိုင်ပါတယ်၊

အိုင်းစတိုင်း ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို သတိရမိတယ်၊

' ဘဝဟာ စက်ဘီးနဲ့တူတယ်၊ စဉ်ဆက်မပြတ် နင်းနေဖို့လိုတယ်၊ ရပ်လိုက်ရင်တော့ လဲပြီပဲ ' တဲ့၊

အနိမ့်အမြင့်၊ အတက်အကျတွေ ကြုံရပေမယ့်လည်း ကျနော်တို့ ဆက်နင်းနေဖို့ပဲ လိုပါတယ် ။ ။


ညီလင်းသစ်
၁၈ သြဂုတ်၊ ၂၀၀၈

အရိုးသားဆုံးသီချင်းတစ်ပုဒ် (သို့) ကိုငှက်


( ဒီက ပုံပါ )

ဒီနေ့ဟာ ကိုငှက် (ထူးအိမ်သင်) ဒီလောကထဲက ထွက်သွားခဲ့တာ ၄ နှစ်ပြည့်တဲ့ နေ့ပါ၊ မြန်မာ့ဂီတ လောကဟာ သူ့ရဲ့အစားထိုးမရတဲ့ ဒီဆုံးရှုံးမှုကို ကြေကွဲခြင်းကြေးမုံထဲမှာ ၄ နှစ်မြောက် နာနာကျင် ကျင် ပြန်ကြည့်ရခြင်းလည်း ဖြစ်တယ်၊ တကယ့်ကို တန်ဖိုးရှိတဲ့ ရှားရှားပါးပါး မြန်မာဂီတ ပညာရှင် တစ်ယောက် စောစီးစွာ တိမ်းပါးသွားရတဲ့အဖြစ်ဟာ တွေးလိုက်တိုင်း ဝမ်းနည်းစရာတွေအတိနဲ့ပါပဲ၊ ဝေးသွားတဲ့အခါ... နှလုံးသားမှာ အမြဲတမ်းသတိရ နေဆဲပါ... ...၊

နာရီပေါ်မှ မျက်ရည်စက်တွေ စီးကျလာတာကို ကျနော်တအံ့တသြနဲ့ မြင်လိုက်ရချိန်က ၆ တန်း ကျောင်းသားဘဝကပါ၊ တကယ်ကို လှပလွန်းတဲ့ မျက်ရည်စက်တွေ ပါပဲ၊ အများသူငါ စီးလေ့စီးထ မရှိတဲ့ ပုံစံသစ်နဲ့ သိမ်မွေ့ခမ်းနားစွာ စီးလာလိုက်ပုံများ...သူပန်ထားတဲ့ ပန်းနီနီနဲ့ သူဆင်မြန်းတဲ့ဖိနပ် နီနီတို့ကို တိုးဝှေ့ပွတ်တိုက်၊ နောက်...ကျေးလက်က ကျောင်းဆရာလေးရဲ့ စေတနာတွေနဲ့ အတူ သူ့ရဲ့ခေါင်းလောင်းကြီးလည်း တဒေါင်ဒေါင်တဒင်ဒင် နိုးထလာခဲ့ရပြီပေါ့၊

ကိုငှက်ရဲ့ ပထဆုံးအခွေနဲ့ပဲ ကျနော်ဂစ်တာတီး သင်ဖို့ဆုံးဖြတ်လိုက်တယ်၊ သူ့ရဲ့သီချင်းတွေကို ရေချိုးရင်း၊ လမ်းသွားရင်း၊ မိုးရွာထဲမှာ လျှောက်ပြေးရင်း အော်ဆိုရတာထက် ဂစ်တာတစ်လက်နဲ့ တလေးတစား တီးဆိုချင်လာတယ်၊ အဲဒါကြောင့်ပဲ ဂစ်တာစ,တီးတဲ့အခါ သိရမယ့်ကော့ဒ်တွေ အား လုံးကို အရင်မသင်ဘဲ ကျနော်ဆိုချင်တဲ့ သူ့သီချင်းမှာ ပါတဲ့ ကော့ဒ်တချို့ကိုပဲ အရင်သင်တယ်၊ ဒီ လိုနဲ့ ကိုငှက်ရဲ့ သီချင်းတချို့ကို မတောက်တခေါက် တီးဆိုရင်း ကျေနပ်နေခဲ့တယ်၊ ဆိုနေကျသီ ချင်းတချို့ကို နည်းနည်းအားရသွားတော့ နောက်ထပ်ပိုခက်တဲ့ သီချင်းတွေကို တီးဖို့အတွက်ဂစ်တာ ကော့ဒ်အသစ်တွေ ထပ်သင်၊ ရတော့ အဲဒီသီချင်းတွေ ထပ်ဆို၊ ဒါနဲ့ပဲ ကျနော်လည်း ဂစ်တာတီးဖြစ် သွားပြီး နာရီပေါ်ကစီးလာတဲ့ မျက်ရည်စက်တွေက ကျနော့်နှလုံးသားကမ်းပါး ကိုပါ တိုက်စားသွား ရော ဆိုပါတော့...၊

ကိုငှက်နဲ့ပတ်သက်ပြီး ကျနော်မှတ်မိနေသေးတဲ့ အဖြစ်အပျက်တစ်ခုက အင်းစိန်အ.ထ.က(၁)မှာ လုပ်တဲ့ စတေ့ခ်ျရှိုးပွဲမှာပါ၊ အဲဒီတော့ကျနော်က ၁၀ တန်းဖြေပြီးစ၊အဲဒီခေတ်က ပွဲတစ်ခုစီစဉ်ပြီ ဆို ရင် အဆိုတော်ပေါင်းစုံ ဝိုင်းဆိုကြတဲ့ ခေတ်ပေါ့၊ ရောခ့်၊ ပေါပ့်၊ ဂျပ်ဇ်၊ အဆူ၊ အနှေး၊ သီချင်းပေါင်းစုံ၊ စတိုင်ပေါင်းစုံပါပဲ၊ ဒါပေမယ့် အဲဒီပွဲတွေဟာ အခုနောက်ပိုင်းအလုံပိတ် အခန်းတွေထဲမှာ လုပ်တဲ့ပွဲ တွေထက်တော့ ပိုပြီးရင်ခုန်စရာ ကောင်းတာအမှန်ပါပဲ၊ အခုအင်းစိန်က ပွဲမှာလည်း အဆိုတော်က ကျနော်မှတ်မိသလောက် ၄၀ လောက်ရှိမယ်၊ ပွဲလုပ်မယ့် ညနေရောက်တော့ ကျနော်နဲ့ သူငယ်ချင်း တချို့ အဲဒီကိုချီတက်ကြတာပေါ့၊

စတေ့ခ်ျရှိုးကို သွားမယ့်သာ သွားတာပါ၊ ကျနော်တို့မှာ တစ်ယောက်မှ လက်မှတ်မရှိဘူး၊ လက်မှတ် ဆိုတာ အသာထားပါဦး၊ အဲဒီကိုသွားဖို့ ကားခတောင် မရှိပါဘူး၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ ကျနော်တို့ တပျော်တပါး လမ်းလျှောက်ကြတယ်၊ ဟိုရောက်တော့ အ.ထ.က(၁)ကျောင်းဝင်းထဲကစင်မြင့်ဟာ ထရံအမြင့်ကြီးတွေရဲ့ နောက်မှာ...၊ အပြက်ဖက်ကနေ ဘယ်လိုမှ မမြင်ရပါဘူး၊ ဒါပေမယ့်ကိစ္စမရှိ ဘူး၊ ဒါကို ကျနော်တို့ ကြိုတွေးထားပြီးသား၊ ကျနော်တို့အတွက်ကလည်း ရှိုးကသီချင်းသံတွေကို အရင်းအတိုင်းကြားရတဲ့ နေရာမှာ လာပြီးရင်ခုန်ဖို့သက်သက်ပါပဲ၊ အင်းစိန်မင်းကြီးလမ်းပေါ်မှာ တော့ လူတွေကအပြည့်ပဲ...၊

ပွဲစ,တော့ အဆိုတော်အသစ်တွေ၊ သိပ်နာမည်မကြီးတဲ့သူတွေ၊ နောက်...အတော်အတန်နာမည်ရှိ တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆိုကြတာပေါ့၊ သိပ်တော့ မမှတ်မိတော့ဘူး၊ ည ၁၁ နာရီ လောက်ရှိတော့ ချစ်ကောင်းနဲ့ ခင်မောင်တိုး ဆိုကြတယ်၊ အဲဒီအချိန်မှာပဲ ဆိုဖို့နောက်ဆုံးကျန်နေတဲ့ အဆိုတော် ရောက်လာခဲ့တယ်၊ "ဟာ...ထူးအိမ်သင်ဟေ့"...ဆိုတဲ့အသံတွေနဲ့အတူ လူအုပ်ကြီးက လည်း ကျောင်းဝင်းတံခါးဆီကို ပြိုဆင်းကျလာတယ်၊ ကျနော်တို့က ကံကောင်းချင်တော့အဲဒီအချိန် ဝင်းတံခါးပေါက်မှာ ရှိနေတယ်၊ ခဏနေတော့ လူအုပ်ကြားထဲကနေ စူပါကပ် ဆိုင်ကယ်လေးပေါ် လာတယ်၊ ကိုငှက်ကဆိုင်ကယ်မောင်းပြီး နောက်မှာသူငယ်ချင်းတစ်ယောက်နဲ့၊ လှစ်ကနဲပဲမြင်လိုက် ရပြီး ချက်ချင်းအထဲရောက်သွားတယ်၊

မကြာပါဘူး၊ စင်ပေါ်ကနေ 'ရွှေ'သီချင်းရဲ့ drum intro ကိုစ,ကြားရတာပါပဲ၊ ခဏကြာတော့အထဲက ပရိသတ်ရဲ့ လက်ခုပ်သံတွေနဲ့အတူ ကိုငှက်အသံပေါ်လာတယ်၊ ကြယ်တွေစုံတဲ့ ကောင်းကင်ယံ အောက်မှာ ကိုငှက်ရဲ့အသံဟာ ပြီးပြည့်စုံခြင်းအတိနဲ့ တည်ငြိမ်အေးချမ်း နေလိုက် တာ...၊ ပြီးတော့ ဒုတိယတစ်ပုဒ် 'ရက်စက် စွာပြုံးတတ်သော'ကို ဆက်ဆိုတယ်၊ အဲဒီအချိန်မှာ အပြင်က ပရိသတ်က ထိန်းမရတော့ဘူး၊ ကိုငှက်က ပွဲရဲ့နောက်ဆုံးအဆိုတော်လည်းဖြစ်၊ အစောင့်မျှော်ဆုံး လည်းဖြစ် တော့ အားလုံးကအထဲဝင် ချင်လာကြတယ်၊ ဒါနဲ့ပဲ စီစဉ်သူတွေက ဝင်းတံခါးကြီးကို ဖွင့်ပေး လိုက်ရတော့တယ်၊ ထိပ်ဆုံးက ပြေးဝင်သွားသူတွေထဲမှာ ကျနော်လည်း တစ်ယောက် အပါ အဝင် ပေါ့၊ အဲဒီအချိန် ကိုငှက်က 'တနေ့နေ့တော့ချစ်လာလိမ့်မည်' ကိုဆို နေခဲ့တယ်၊ အထဲကို ရောက် သွားတော့ တချိန်လုံးကျောဖက်ကပဲ မြင် နေခဲ့ရတဲ့ စတေ့ခ်ျစင်ကြီးကို တမက်တမော ကြည့်ပစ် လိုက်တယ်၊ ပြီးတော့...ကျနော်အကြည့် ချင်ဆုံး အဆိုတော်က အဲဒီစင် ပေါ်မှာ...၊ ကိုငှက်က နောက်ထပ် ၇ ပုဒ်၊ ၈ ပုဒ်လောက် ဆက်ဆို သေးတယ်၊ ညနေ ၆ နာရီက နေ ည ၁၁ လောက်အထဲ မင်းကြီးလမ်းပေါ်မှာ တချိန်လုံး မတ်တပ် ရပ် စီးမျောခဲ့ရပေမယ့် နောက်ဆုံး မှာတော့ ကျနော့် ရင်ခုန်သံတွေက ချိုမြိန်စွာနဲ့ အဆုံးသတ်ခဲ့ရတယ်၊ ကျနော့်အတွက် အင်မတန်မှ ထိုက်တန်တဲ့ ဆုလဒ်ပါပဲ...၊

အခုတော့လည်း ဒါတွေက ဟိုးခပ်ဝေးဝေးဆီမှာ..၊ ဒါပေမယ့် ပြန်တွေးတိုင်း ရင်ဘတ်ထဲမှာနွေးထွေး တဲ့ဆွတ်ပျံ့မှုလေးတစ်ခုက တိုးတိုးဝှေ့ဝှေ့ ဖြတ်သန်းသွားဆဲပါပဲ၊ ကိုငှက်ဆုံးတဲ့သတင်းကို ဧရာဝတီ မဂ္ဂဇင်းမှာ ဖတ်ရတဲ့ နေ့တုန်းက ကျနော်ကိုယ့်မျက်စိကို ကိုယ်မယုံကြည်နိုင်ဘဲ တကိုယ်လုံးတုန် ယင်နေခဲ့တယ်၊ ညနေစောင်းမှာတော့ ဘယ်လိုမှ မနေနိုင်တော့တာနဲ့ မြန်မာပြည်က သူငယ်ချင်း တွေဆီကို ဖုန်းဆက်ပြီး ရင်ဖွင့်ဖြစ်တယ်၊ ဒီမှာ နေစဉ်ကာလမှာ နာရေးနဲ့ ပတ်သက်လို့ မြန်မာပြည် ကို အဖြစ်နိုင်ဆုံးနည်းနဲ့ အမြန်ဆုံး ပြန်သွားချင်စိတ် ၂ ခါ ဖြစ်ဖူးတယ်၊ ကိုငှက်ဆုံးတုန်းကနဲ့ ဆရာ ကြီးဒေါက်တာသန်းထွန်း ကွယ်လွန်တုန်းကပါပဲ၊ ကျနော်လေးစား တန်ဖိုးထားရတဲ့ ပညာရှင်တွေ လွင့်ပါးသွားချိန်မှာ အဝေးကနေ တိုးတိတ်စွာ ဝမ်းနည်းရုံကလွဲရင် ဘာမှပိုပြီး မလုပ်နိုင်ခဲ့ပါဘူး၊ တနေ့မှာပေါ့လေ...ကိုငှက်ရဲ့ အုတ်ဂူဆီ အရောက်သွားပြီး ဒီလောကကြီးကို သင်ကြားပေးခဲ့တဲ့ သီချင်းတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါသေးတယ်၊ တကယ်တော့ ကိုငှက်ကိုယ်တိုင် ကိုက ဘယ်တော့မှ အိုမင်းသွားမှာ မဟုတ်တဲ့ အရိုးသားဆုံး သီချင်းလေးတစ်ပုဒ်ပါပဲ ။ ။


ညီလင်းသစ်
၁၄ သြဂုတ်၊ ၂၀၀၈

မွန်းတည့်ချိန်၏သွားများ (၁)

ဒီနာမည်ကတော့ ကျနော်တို့ဆီက နာမည်ကြီးတောင်ကြော တစ်ခုရဲ့ ပြင်သစ်နာမည်ကို တိုက်ရိုက် မြန်မာမှု ပြုလိုက်တာပါ၊ ဒီတောင်က သူ့ရဲ့ကွဲပြားတဲ့ပုံသဏ္ဍာန်နဲ့ ဆန်းပြားတဲ့နာမည်ကြောင့် လူသိ များပါတယ်၊ Les dents du midi လို့ခေါ်တဲ့ ဒီတောင်ကို မကြာခဏ မြင်ဖူးနေပေမယ့် အခုလောက် အထိ နီးနီးနားနားကို မရောက်ဖူးပါဘူး၊ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ခွင့်ယူပြီး တောင်ပေါ်ခရီးတစ်ခု ထွက်ဖြစ်တယ်။

ကျနော်တို့တည်းတဲ့ အိမ်က မီတာ ၁၂၀၀ အမြင့်မှာ ရှိပြီး အဲဒီတောင်ရဲ့ ရှေ့တည့်တည့်မှာ ရှိတော့ ကျနော်လည်း ဓါတ်ပုံတချို့ လက်တည့်စမ်းဖြစ်တယ်ပဲ ဆိုကြပါစို့ရဲ့၊ ရိုက်ဖြစ်တော့လည်း အမှတ်တ ရဖြစ်သွားတာပေါ့လေ...၊ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး၊ ခံစားပေးကြည့်ပါဦး...။



နေ့လည်ဖက်ဆိုရင် ကျနော်တို့ တည်းခိုတဲ့ Chalet သစ်လုံးအိမ်ရဲ့ တဖက်ခြမ်းမှာ နေရောင်သိပ်မရှိတော့ပေ မယ့် Les dents du midi ကတော့ လင်းလင်းထင်းထင်း ပါပဲ။



မွန်းတည့်ချိန်၏သွားများဟာ ကျနော့်မျက်စိထဲမှာ တခါတခါ တခုခုကို ကြိတ်ဝါးတော့မယ့် အံသွားတစ်စုံနဲ့ တူနေ ပြန်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရာသီဥတုကြည်လင်တဲ့ နေ့လယ်ခင်းတွေမှာတော့ ဒီတောင်တန်းတွေဆီကနေ မမြင်မသိ နိုင်တဲ့ တစုံတခုက ကျနော့်ကို ညှို့ယူလေ့ရှိတာတော့ အသေအချာပါပဲ။

ဒါ့ကြောင့်ပဲလားတော့မသိဘူး၊ တောင်တန်းတွေဟာ ကျနော်အမြဲတမ်း စူးစမ်းချင်တဲ့၊ ထိတွေ့နင်းလျှောက်ချင်တဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ၊ တောင်တက်သမားတွေ ပြောလေ့ရှိတဲ့ 'ဘာ့ကြောင့်တောင်တွေကို လိုက် တက်နေရတာလဲ ဆိုတာသိချင်ရင် အနီးဆုံးတောင်တစ်ခုပေါ်ကို ခင်ဗျားတက်ကြည့်လိုက်ပါ' ဆိုတဲ့စကားကို ဒီလိုတောင်တွေ မြင်ရတဲ့ အခါမှာ ကျနော်ပိုပြီး သဘောပေါက်လေ့ ရှိပါတယ် ။ ။

ညီလင်းသစ်

၁၁ သြဂုတ်၊ ၂၀၀၈

ခေါက်ရိုးကျိုး ခန္တီ


တခါအလိမ်ခံရရင်
လိမ်တဲ့သူအပြစ်
နှစ်ခါအလိမ်ခံရရင်
အလိမ်ခံတဲ့သူအပြစ်...တဲ့၊

လိမ်တဲ့ကောင်တွေကပဲ
ပါးနပ်လွန်းနေတာလား
ငါတို့ကိုယ်နှိုက်ကပဲ
ထုံအ,လွန်းလှတာလား
ဒီအပြစ်နဲ့သွား
ဒီအပြစ်နဲ့စား
ဒီအပြစ်နဲ့ ညားခဲ့တာပဲ
ကြာ, ကြာလှပေါ့၊

အခုတော့
ငါတို့ သမာဓိအားကောင်းလာပုံများ
လိမ်နေတယ်ဆိုတာ အသာထား
အလိမ်ခံရတော့မယ်ဆိုတာတောင်
ကြိုပြီး သိနေတဲ့အဖြစ်၊

နှစ်ပတ်လည်နေ့တိုင်း
ဖန်တရာတေအောင် ထုတ်လွှင့်နေကျ
ပညာပေးဇတ်ကားတွေထဲကလို
ဘယ်စကားလုံး ပြီးရင်
ဘယ်စကားလုံးနဲ့
ပညာပေးတော့မယ်ဆိုတာ
ငါတို့မှာ အလွတ်ရနေကြပြီ ။ ။


ညီလင်းသစ်
၁၈ ဇူလိုင်၊ ၂၀၀၈

စက်ခေါင်း


ငါ့ရင်ထဲမှာ
မီးရထားစက်ခေါင်းတစ်ခု ရှိတယ်၊
အမြဲတမ်းလိုလို
မီးပေါင်လျော့နေတဲ့ စက်ခေါင်းတစ်ခုပါ၊

ဒါပေမယ့်
မီးပေါင်မပြည့်တာကို
စက်ခေါင်းက သူ့ဟာသူတောင်
မသိရှာဘူး၊
သူသိတာက
တဂျုံးဂျုံး တဂျက်ဂျက် အော်မြည်ရင်း
ဘူတာစဉ်တွေ ကုန်အောင်ခုတ်မောင်းမယ်၊
သံလမ်းတွေပေါ်မှာ
မမောနိုင်မပန်းနိုင် လွန်းထိုးမယ်၊
ဒါပဲ...၊
အလံသာ ချိုးထားပလေ့စေ
စက်ခေါင်းက ထွက်ခွာဖို့ အသင့်ပဲ၊

လက်တွေ့မှာတော့
မီးပေါင်မပြည့်တဲ့ စက်ခေါင်းတစ်ခုဟာ
အမြဲလိုလို
စိတ်ပျက်လက်ပျက် စောင့်ဆိုင်းခဲ့ရတာချည်းပါပဲ၊
သူ့နောက်မှာ
သူဆွဲချင်လွန်းတဲ့ တွဲပေါင်းများစွာကို
ချိတ်ထားရင်း
ဘူတာထဲမှာတင်
ငုတ်တုတ်မိုးလင်းသွားလေ့ ရှိတယ်၊

ဒီလိုနဲ့ တစ်ရက်မှာ
စက်ခေါင်းဟာ
မြစ်ဝကျွန်းပေါ်ဒေသဆီ
ခုတ်မောင်းချင်လာတယ်၊
ရွှေဝါရောင်လယ်ကွင်းတွေ ရှိခဲ့ဖူးရာ
မြစိမ်းရောင်တောအုပ်တို့ ရှိခဲ့ဖူးရာဆီ
ထွက်ခွာဖို့ စက်ကုန်ဖွင့်တယ်၊
တဝုန်းဝုန်း စက်သံတွေကြားမှာ
အမည်းရောင်မီးခိုးတွေသာ
တလုံးပြီးတလုံး အူထွက်လာရဲ့
စက်ခေါင်းကတော့
ဘူတာထဲကကို မရွေ့ဘူး၊

အမြဲတမ်းလိုလို မီးပေါင်လျော့နေတဲ့
စက်ခေါင်းတစ်ခုကတော့
ဘူတာထဲကကို မရွေ့ခဲ့ဘူး ။ ။


ညီလင်းသစ်
၁၄ ဇူလိုင်၊ ၂၀၀၈

Nargis



အစ်မမေငြိမ်းဆီကယူပါတယ်။

မျက်စိနဲနဲဖွင့်မယ်ဆိုရင်...

(ပုံက ဒီက ပါ)

သတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဂျပန်နိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူတစ်ယောက် ပြောသွားတာ ဖတ်လိုက်ရပါတယ်။

" ကန့်ကွက်မဲပေးလို့ရှိရင် ကိုယ့်ကိုမှတ်ထားရင် ဘယ့်နှယ့်လုပ်မလဲ၊ သူတို့ကို ထောက်ခံမဲတော့မ ပေးပါဘူး၊ စိတ်ချ...၊ ဒါပေမယ့် ကန့်ကွက်မဲပေးရင် တခုခုဖြစ်မှာ စိုးလို့၊ ကြောက်လို့..." ။

ဒါ့ကြောင့် သူကဘာမဲမှ သွားမပေးပါဘူးတဲ့၊ ဒီစကားကို ကြားရတော့ ကျနော်အံ့သြရသလို စိတ်မ ကောင်းလည်း ဖြစ်ရပါတယ်၊ တကယ်တော့ မဲပေးတယ်ဆိုတာ ကိုယ့်ရဲ့ဆန္ဒကို တရားအဝင်ဆုံး နည်းနဲ့ လွတ်လွတ်လပ်လပ် တင်ပြတာပဲ ဖြစ်ပါတယ်၊ မဲပေးတယ် ဆိုကတည်းက ခေါင်းညိတ်၊ ခေါင်းခါ ၂ ခုကို စိတ်ကြိုက် ရွေးချယ်ခွင့် ပါပြီးသားပဲဖြစ်တယ်။ ကိုယ့်ကို ရွေးပါလို့ ခွင့်ပေးတယ်၊ အဲဒီတော့ ခွင့်ပေးတဲ့အတိုင်း ကိုယ်ကြိုက်တာ ကိုယ်ရွေးတယ်၊ ဒါပါပဲ။ ဘာအကြောင်းနဲ့မှ ကြောက် စရာမလိုပါဘူး။

မှားနေတာတစ်ခု တွေ့ရင် မှားတယ်လို့မပြောရဲတာ၊ မှန်တဲ့ဟာကို မှန်တဲ့အတိုင်း မပြောရဲတာဟာ ကိုယ်ရည်ကိုယ်သွေး နိမ့်ကျစေပါတယ်၊ မဟုတ်မှန်းသိလျက်သားနဲ့ မပြောလိုက်တဲ့အတွက်၊ မပြော ရဲတဲ့အတွက် စိတ်ထဲမှာ ရှုံးနိမ့်ခြင်းကို ခံစားရပါတယ်၊ ဒါကိုပြန်တွေးတိုင်း တနုံ့နုံ့နဲ့ ခံစားရမယ်၊ ငါ ဘာလို့ မပြောလိုက်တာပါလိမ့်လို့ အားမလို အားမရဖြစ်မယ်၊ မပြောရဲခဲ့တဲ့ အတွက်ကိုယ်ရဲ့အ ကြောက်တရားကို ကိုယ်ကိုယ်တိုင် တချိန်လုံးပြန်မြင်နေရမယ်၊ အဲဒီအခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့ပါးလာပြီး ကိုယ့်ကိုယ်ကိုလေးစားမှုလည်း ကျဆင်းလာပါတယ်၊ ဒီလိုနဲ့ပဲ တဦးချင်းစီရဲ့ ကိုယ် ရည်ကိုယ်သွေးဟာ ယုတ်လျော့ကျဆင်း လာလေ့ရှိပါတယ်။

စကားစပ်မိလို့ တခါတုန်းက subway မြို့ပတ်ရထားပေါ်မှာ ကျနော်ကြုံရတာလေးတခုကို အမှတ်ရ မိပါတယ်၊ ရထားကို ကျနော်က ဂိတ်စကနေစီးပြီး အိမ်ပြန်မလို့ပေါ့၊ ဘူတာကနေ စ, ထွက်ဖို့ အချိန် စေ့တော့ ရထားတံခါးတွေက အလိုအလျောက်ပိတ်ပါရော...၊ အဲဒီမှာ ကျနော့်ရှေ့ခပ်လှမ်းလှမ်းက တံခါးမှာ လူငယ်တစ်ယောက်က အမောတကောနဲ့ ပြေးလာပြီး ဝင်ရပ်လိုက်တယ်၊ ဒီတော့ ပိတ်မယ့် တံခါးက သူ့ခန္ဓာကိုယ်နဲ့ထိပြီး ပြန်ပွင့်သွားတယ်၊ အဲဒီလူငယ်က နောက်ကလိုက်လာဟန်တူတဲ့ သူ့ အဖော်ပါ စီးနိုင်အောင်ရထား တံခါးကို တွန်းထားရင်း စောင့်နေတာပါ၊ တံခါးက အလိုအလျောက် ပိတ်လာလိုက်၊ လူငယ်ရဲ့ ကိုယ်နဲ့ထိတော့ လူကိုအန္တရာယ်မရှိအောင် လုပ်ထားတဲ့စနစ်ကြောင့် ပြန် ပွင့်သွားလိုက်၊ တခါ ပြန်ပိတ်လာလိုက်... ပြန်ပွင့်သွားလိုက်နဲ့...ပေါ့၊ တခါးရဲ့ ဟိုက်ဒရောလစ်စနစ် ကြောင့် တဝုန်းဝုန်းနဲ့ ဆူညံနေတော့ ရထားတတွဲလုံးက ဝိုင်းကြည့်နေတာပေါ့၊ သူ့အဖော်ကလည်း မရောက်လာနိုင်သေးဘူး၊ လူငယ်ကလည်း ဇွဲရှိရှိနဲ့ တွန်းထားတုန်း... ...။

အဲဒီအခိုက်မှာ ကျနော့်ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကြီးက လှမ်းအော်ပြောလိုက်ပါတယ်၊

" ဟေ့ သူငယ်...ဒီလောက်ဆို တော်ရောပေါ့၊ ရထားတံခါးလည်း ပျက်တော့မယ် "...တဲ့၊

သူ့အဖော်ရောက်မလာနိုင်လို့ စိတ်မော၊ စိတ်တိုနေတဲ့ လူငယ်က ဆတ်ကနဲ ဖြစ်သွားပြီး...

" ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ၊ ဒီမှာ ကျနော့်သူငယ်ချင်း မလာနိုင်ရတဲ့အထဲ... "လို့ပြန်ပက်ပါတယ်၊

လူငယ်က အဲဒီလိုလည်း ပြောလိုက်ရော၊ ကျနော့်ရဲ့ တစ်ခုံကျော်က ဦးလေးတစ်ယောက်က...

" မင်းသူငယ်ချင်း မလာတာနဲ့ပဲ ရထားတစ်စင်းလုံးက စောင့်ရမှာလားကွ " လို့ အပြော၊ ကျနော့်ရဲ့ နောက်ဖက် တစ်ယောက်ခြားမှာ ထိုင်နေတဲ့ လူငယ်နဲ့ ရွယ်တူကောင်မလေး တစ်ယောက်က...

" ဒီရထားကို စီးချင်ရင် ဒီရထားချိန် မှီအောင်လာမှပေါ့၊ ရှင်တို့နောက်ကျနေတာနဲ့ပဲ တခြားလူတွေ ကိုပါ နောက်ကျအောင်လုပ်တာတော့ မကောင်းဘူး " လို့ ဝင်ပြောပါတယ်။

တခြားလူ ၂ ယောက်လောက်ကလည်း 'ဟေ့ နဲနဲတော့ အသိစိတ်ဓါတ် ရှိဦးကွ' တို့၊ 'ဒီလောက်ဆို ရင်တော့ နားလည်ဖို့ ကောင်းပြီကွာ' တို့ ဝင်ပြောလိုက်ကြ ပါသေးတယ်၊ အဲဒီတော့ တံခါးဝက လူ ငယ်လည်း မနေသာတော့ဘဲ တံခါးအပြင်ဖက် ထွက်ရပ်လိုက်ရ ပါတော့တယ်၊ ဒီတော့မှ ပိတ်ချင် လွန်းလို့ တဝုန်းဝုန်းဖြစ်နေတဲ့ တခါးလည်း စိတ်ချမ်းသာစွာနဲ့ အားရပါးရ ' ဂျိုင်း ' ကနဲပိတ်သွားပြီး ရထားဟာလည်း ဇောင်းကလွတ်တဲ့ မြင်းလို ' ဝေါ ' ကနဲထွက်လာပါတော့တယ်။ ကျနော်လည်း တရိပ်ရိပ်ပြေးနေတဲ့ ရထားပေါ်မှာ မြန်ဆန်လွန်းတဲ့ ဒီအဖြစ်အပျက်တွေကို ပြန်တွေးနေမိပါတယ်။

ဝင်ပြောခဲ့ကြတဲ့ လူတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့ ခရီးသွားတွေပါပဲ၊ ဒါ ပေမယ့် သူတို့ရှေ့မှာ မဟုတ်တာတခုတွေ့တဲ့အခါ မတိုင်ပင်ရပါဘဲနဲ့ ညီညီညွတ်ညွတ်ဝိုင်းပြီး တိုက် ဖျက်ကြတယ်၊ သူတို့ခရီးဖင့်နွှဲမှာ စိုးလို့ဝင်ပြောတဲ့ လူလည်းပါချင် ပါမှာပေါ့လေ၊ ဒါပေမယ့် လူငယ် တားထားတဲ့ အချိန်က တစ်မိနစ်တောင် မကြာပါဘူး၊ ဘယ်လောက်မှနောက်မကျနိုင်ပါဘူး၊ အဓိက က ရထားဟာ ထွက်သင့်တဲ့အချိန်မှာ မထွက်နိုင်ဘဲ တဝုန်းဝုန်းနဲ့ ဆူညံနှောင့်နှေးနေတယ်၊ သူလိုငါ လိုခရီးသွား လူငယ်တစ်ယောက်က သူ့လိုအခြားခရီးသွားတွေကို မလေးစား၊ မငဲ့ညှာဘဲတဦးတည်း စိတ်ထင်တိုင်း ပြုမူနေတာဟာ မှန်ကန်မှုမရှိဘူးလို့ သူတို့အားလုံး လက်ခံထားကြတာပါပဲ။

ရထားပြတင်းမှန်ကနေ မြင်နေရတဲ့ လမ်းဘေးမြင်ကွင်းတွေကို ကြည့်ရင်း ဇာတိချက်ကြွေ မွေးရပ် မြေက တအူတုံဆင်းတွေအကြောင်းကို ကျနော်ဆက်တွေး နေမိပါတယ်၊ သူတို့တွေဆို ဘယ်လို တုံ့ ပြန်ကြမလဲ၊ 'နေပါစေလေ...သူနောက်ကျ နေလို့ပဲ၊ သနားပါတယ်၊ ငါလည်း ဘယ်လောက်မှနောက် မကျနိုင်ပါဘူး'၊ လို့တွေးမလား။ ဒါမှမဟုတ် 'ကြည့်စမ်း၊ တဝုန်းဝုန်းနဲ့ တံခါးတော့ ပျက်စီးတော့မှာပဲ၊ နေနှင့်ဦးပေါ့...ဒင်းတော့လား၊ ရထားမောင်းတဲ့သူ လာပြောမှ သိမယ်, ဟင်း'လို့ တွေးမလား။ ဒါမှမ ဟုတ် 'ခရီးသွားချင်းတွေပဲလေ...၊ မရှိလို့လုပ်စားတာပဲ၊ အေးဆေးပေါ့'လို့ တွေးမလား။ ကျနော်မသိ နိုင်ပါဘူး။ ထောင်က လွတ်လာခါစက အင်တာဗျူးတစ်ခုမှာ ကိုကိုကြီးပြောဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိပြန်ပါတယ်၊ ' ကျနော်တို့ပြည်သူတွေက အရမ်းကို ကြောက်နေကြတယ်၊ မကြောက်သင့် တဲ့နေရာမှာပါ ကြောက်နေကြတယ်၊ ကားပေါ်မှာ စပါယ်ရာကဟောက်ရင် ငြိမ်ကုပ်ပြီး ပြန်မပြောရဲ ကြဘူး၊ ကိုယ်က ပိုက်ဆံပေးစီးတဲ့ ခရီးသည်၊ သူတို့ရဲ့ ထမင်းရှင်၊ ဒါကိုသိသိကြီးနဲ့ စပါယ်ရာလို လူ မျိုးကဟောက်တာတောင် မှားမှားမှန်မှန် ပြန်မပြောရဲကြဘူး ' တဲ့။

ကျနော်ဘတ်စ်ကား စီးတုန်းကလည်း ဒီလိုအဖြစ်အပျက်တွေ နေ့တဓူဝ တွေ့ဖူးပါတယ်၊ တခါတ လေမှာတော့ တစ်ယောက်စ,နှစ်ယောက်စက မရဲတရဲ ပြန်ပြောပါရဲ့၊ အဲဒီအခါ စပါယ်ရာက နင်ပဲ ငဆ ရင့်ရင့်သီးသီး ပြန်ပြောတော့ ကားတစ်စီးလုံးမှာ ကိုယ့်တစ်ယောက်တည်း အဆဲအဆိုခံရတဲ့ အဖြစ်ကို ရောက်သွားတော့တာပါပဲ၊ ကားတစ်စီးတည်းစီးတဲ့ တခြားခရီးသွားတွေက ဝင်ပြောဖို့ဆို တာတော့ ဝေလာဝေးပါ၊ ဒါကို စပါယ်ရာက ကောင်းကောင်းသိလို့လည်း နဲနဲချွန်လာတဲ့လူကို ဖိပြီး ဟောက်လေ့ရှိတာပေါ့၊ ဒီလို ဖာသိဖာသာ နေတတ်တဲ့ စိတ်ဓါတ်မျိုးတွေက စပါယ်ရာထက် အဆ ပေါင်းများစွာ ပိုပြီးဥာဏ်နီ ဥာဏ်နက်များတဲ့ လူတွေအတွက်တော့ အကြိုက်ပါပဲ။

တခါတလေ ကျနော်စဉ်းစားမိပါတယ်၊ မြန်မာလူမျိုးဟာ သူတပါးကို အင်မတန်မှ ကူညီတတ်တဲ့လူ မျိုး...။ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သူများကို ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အထိခိုက်ခံပြီး ကူညီဖို့အ သင့်ရှိတဲ့ လူမျိုး၊ အင်မတန် ဖော်ရွေပျူငှာပြီး ခင်လွယ်မင်လွယ် သူတပါးကို သနားလွယ်တဲ့လူမျိုး၊ ဒီလိုစိတ်ဓါတ်တွေ ရှိတဲ့လူတွေက တကယ့်တကယ် အရေးကြုံတဲ့အခါ၊ ကိုယ့်ရှေ့မှာတဖက်သား မတရားစော်ကား ခံနေရတဲ့အခါ၊ အမှားကိုအမှားမှန်းလည်း သိနေရဲ့သားနဲ့ ဘယ်လိုဖြစ်ပြီး မျက်နှာ လွှဲခဲပစ် နေနိုင်သွားရတာလဲ။ တကယ်တမ်းမှာ စကားနဲတိုင်း ရန်စဲပါရဲ့လား၊ ကြောက်တတ်တိုင်း ရန်ကင်းပါရဲ့လား၊ တတိတိနဲ့ ကျဆင်းနေတဲ့ ကျနော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြန်လည် မြှင့်တင်နိုင်ဖို့အတွက် မှန်ကန်တဲ့သိမြင်မှုနဲ့ အမှန်ကိုမြတ်နိုးရဲတဲ့ သတ္တိတော့လိုအပ်ပါတယ်။

အန်တီစုကတော့ ပြောပါတယ်၊ ' ကြောက်တာတော့ ကြောက်ပါ၊ ဒါပေမယ့် မျက်စိဖွင့်ပြီးတော့ ကြောက်ကြပါ ' တဲ့၊ စုံမဖွင့်ရဲရင်တောင် ကျနော်တို့ တဖက်ပြီးတဖက် ဖွင့်ကြည့်ကြရအောင်လား။ ။


ညီလင်းသစ်
၁၈ ဧပြီ၊ ၂၀၀၈

ကိုယ်လေးလက်ဝန် အလွမ်း



' အမေနဲ့အိမ်ကို သတိရလိုက်တာ ' တဲ့...။
ရွှေမန်းသူက
အလွမ်းတဝက်နဲ့ ပြောတယ်၊

လူက
မပေါ့မပါးမှာ
အလွမ်းတွေကပါ
ဖရုံဆင့်နေသေးတော့
ခမျာမှာ
ပိကျလေးလံလွန်းတဲ့ရက်တွေထဲ
ဒရွတ်ဆွဲဖြတ်သန်းရင်း
ရတနာဂီရိကနေ
မန္တလေးကို လှမ်းပြီးလွမ်းရတဲ့
စုဖုရားလတ်ရဲ့ လွမ်းခြင်းမျိုးနဲ့
လွမ်းလို့ပေါ့၊

ဟောဒီတောင်တန်းတွေကြားထဲ
ဘယ်သူကများ ပစ်ချထားခဲ့တာပါလိမ့်၊
ဒီအရပ်မှာ
နှင်းတောင်၊ ကျောက်တောင်၊ မြေသားတောင်
တောင်ညို၊ တောင်ဝါ
တောင်ချွန်း၊ တောင်မွတ်
အားလုံးနီးပါး ရှိရဲ့၊
ဒါပေမယ့် အာသာမပြေပါဘူးကွယ်...
အရိပ်ကလေးခိုစရာ မန်းတောင်ကို
ရမ်းယောင်လို့ပဲ တမ်းတမိနေတော့
အလွမ်းတစ်ထောင်ပြည့်ပေါင်းလဲ များလှပေါ့၊

အခုနေ
အမေသာဘေးမှာ ရှိရင်
လိုလေသေးမရှိ ဂရုစိုက်မှာ...
အခုနေ
သူငယ်ချင်းတွေသာ အနားမှာရှိရင်
အားပေးစကားတွေ ကြားရမှာ...
အခုတော့
မန်းရိပ် မန်းငွေ့ကင်းတဲ့အရပ်မှာ
မန်းသူ မန်းသားတွေကို
အလွမ်းထူ အလွမ်းပါးတွေနဲ့ပဲ
ရတနာပုံဆန်ဆန် လွမ်းနေရပြန်ရဲ့၊

မကြာခင်မှာ ရောက်လာတော့မယ့်
၃၇ ပတ်သား
သမီးကလေးရေ...၊
သမီးကလေးဟာ
အိမ်လွမ်းသူ အမေ့အတွက်တော့
အကောင်းဆုံး
အိမ်ပြန်လက်ဆောင်လေးပါပဲကွယ်။ ။


ညီလင်းသစ်
၁၃ ဧပြီ၊ ၂၀၀၈


(မိဝေး ဖဝေးမှာ သမီးကလေးနဲ့အလွမ်းတွေကို သယ်ပိုးထားတဲ့ မအုန်းအတွက်...)

အကွဲ...


အတန်ငယ်အုံ့မှိုင်း၍ နေရောင်ခြည်တောက်ပစွာ မရှိသောနေ့တစ်နေ့တွင် ဤစာကိုကျနော်ရေးနေသည်။ ဤစာ သည်မည်သူ့အတွက် ရေးသည်ဟုကျနော်မသိပါ၊ ဤစာတွင် စာဖတ်သူတစ်ယောက်အတွက် ပေးစရာသတင်း စကားတစ်ခုပါလိမ့်မည်ဟု ကျနော်အာမ မခံနိုင်ပါ၊ ဤစာကို ဘာ့ကြောင့်ရေးမှန်းပင် ကျနော်မသိပါ၊ အပြုအမူ တခုစီတိုင်းအတွက် လိုက်ပြီးအဓိပ္ပါယ်ဖွင့်ဆိုနေစရာ မလိုဟု ကျနော်ယုံပါသည်။ မယုံသည့်သူများကတော့ ပြော ခဲ့ကြသည်။ အနုပညာသည် ပြည်သူအတွက် ဟု၊ သို့မဟုတ် အနုပညာသည် အနုပညာအတွက် ဟု၊ သို့မဟုတ် အနုပညာသည် ဘာအတွက်မှမဟုတ် ဟု...။ ကျနော်ကမူ ထိုအရာများကို ပြောရန်ပါးစပ်ဖွင့်ခြင်းထက် ပန်းသီး တစ်လုံးကိုစားရန်သာ ပါးစပ်ဖွင့်လိုပါသည်။

ကျနော်တို့ကမ္ဘာတွင် သဘောကွဲလွဲမှုများ များလွန်းလှသည်။ ရိုးစင်းအခြေခံကျလှသည့် အကြောင်းအရာလေး များကိုပင် သဘောမတူနိုင်ကြပါ၊ ဥပမာ- ဘုန်းကြီးတစ်ပါး၏ ဦးခေါင်းသည် ကျမ်းဂန်စာပေများ သိုမှီးရာနေရာ ဖြစ်သည်ဟု ကျနော်ဆိုလျှင် သင် သဘောတူကောင်းတူမည် ဖြစ်သော်လည်း သဘောမတူမည့် သူများရှိနိုင်ပါ သည်။ ထိုသူများက ဝါးရင်းတုတ်များ ကိုင်ကြလိမ့်မည်။ ဝါးတစ်ပင်လုံး အသုံးချနည်းစာအုပ်တွင် ထိုကဲ့သို့အသုံး ချနည်းပါလိမ့်မည်ဟု ကျနော်မထင်ပါ၊ ကျနော့်အမေက ပိန္နဲသီးကို ခွဲသောအခါ အထဲမှအမွှာများကို ကျနော်တို့ စားသုံးကြသည်။ ကျနော့်ညီမလေးက စုဗူးကိုခွဲသောအခါ အထဲမှ ပိုက်ဆံများဖြင့် ဂါဝန်လှလှလေးများ ဝယ်ခဲ့ သည်။ ကွဲသွားသော ရဟန်းတစ်ပါး၏ ဦးခေါင်းထဲမှ အသိ၊အလိမ္မာ ယဉ်ကျေးမှုများသည် ခွဲသူကို မည်သို့အကျိုး ပြုသလဲဟု ကျနော်မသိပါ။ ကွဲတာကတော့ ကွဲခဲ့ပြီ ဖြစ်သည်။

လူ့သမိုင်းတလျှောက်မှာ ကွဲတာတွေများ လွန်းလှသည်။ ဆိုဗီယက်ယူနီယံ ကွဲခဲ့သည်။ အရှေ့ဂျာမနီနှင့်အ နောက်ဂျာမနီ ကွဲခဲ့သည်။ ကျနော်တို့ခေါင်းရင်းအိမ်မှ ကိုသန်းဖေနှင့် မမြင့်မြင့်အေး ကွဲခဲ့သည်။ ဖဆပလ ကွဲခဲ့ သည်။ အင်းဝနှင့်ဟံသာဝတီ ကွဲခဲ့သည်။ တွမ်ခရုစ်နှင့် နစ်ကိုးလ်ကစ်ဒ်မန်င်း ကွဲခဲ့သည်။ ဒဂုံစင်တာ ကွဲခဲ့သည်။ နောက်...ကျနော်၏နှလုံးသား ကွဲခဲ့သည်။ အာရ်စီတူး၊ ဗိုလ်တစ်ထောင်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်သို့ သင်ရောက်ဖူးသည်ဆိုလျှင် တချိန်မဟုတ်တချိန်တော့ ကျနော့်နှလုံးသား အကွဲစများပေါ်က သင်လမ်းလျှောက် ခဲ့ပေလိမ့်မည်။ မြေမှုန်များ၊ ကွန်ကရိချပ်များ၊ ကတ္တရာစေးများကြားတွင် ရုပ်ပျက်ဆင်းပျက် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ကျနော့်နှလုံးသားအား သင်မမှတ်မိခဲ့ခြင်းအတွက် အားတုံ့အားနာ ဖြစ်ရန်မလိုပါ၊ ဤသည်မှာ ပတ် ဝန်းကျင်နှင့် ကျနော့်နှလုံးသား တသားတည်းဖြစ်ခြင်း၏ လက္ခဏာကြောင့်ပင်ဖြစ်သည်။

တခါတရံ ကွဲစေခြင်းအလို့ငှာ ကျနော်ကိုယ်တိုင် နှလုံးသားကို လွှတ်ချရသလို တခါတရံမှာတော့ ထိန်းသိမ်းနေ သည့်ကြားမှ နှလုံးသားက လွတ်ကျ ကွဲတတ်ပြန်လေသည်။ ကြည့်မှန်တစ်ချပ်သည် ပုံရိပ်များကို ထင်စေသည်။ သိုးဆောင်းဓလေ့အရ မှန်တစ်ချပ်ကွဲခြင်းသည် ၇ နှစ်တာကံဆိုးမိုးမှောင် ကျစေသည်။ အတိတ်၏ပုံရိပ်များ ထင် ကျန်နေသော ကျနော့်နှလုံးသား ကွဲသောအခါ နှစ်ပေါင်းမည်မျှ ကံဆိုးမိုးမှောင်ကျ ရမည်လဲ၊ ကျနော်မသိပါ။ သေချာသည်ကတော့ ပလာစတာများအကြောင်း ကျနော်ပိုသိလာခြင်း ဖြစ်သည်။ စ,ကတည်းက စွဲမြဲစွာကပ် တတ်သော ပလာစတာများ၊ အစမှာ ကပ်သော်လည်း အချိန်ကြာလာသောအခါ ပြန်ကွာလာတတ်သော ပလာစ တာများ၊ ပတ်ဝန်းကျင် အပူအအေးကို လိုက်၍ ကပ်လိုက်ခွာလိုက် ဖြစ်တတ်သော ပလာစတာများ၊ ကပ်ချင် ယောင်ဆောင်တတ်သော ပလာစတာများ...ကျနော်သိခဲ့ရသည်။ သင်သည် ပလာစတာများအကြောင်း ကောင်း ကောင်းမသိသေးဘူးဆိုလျှင် ဤစာကြောင်းဆုံးသည်နှင့် ပလာစတာတစ်ခုကို ပြေးဝယ်၍ ဆောင်ထားစေချင်ပါ သည်။ လမ်းထွက်သောအခါ ပလာစတာသည် မကြာခဏလိုသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သင်တွေ့လိမ့်မည်။

မြောက်ဝင်ရိုးစွန်းတွင် ရေခဲတောင်များ ကွဲထွက်လာနေကြသည်။ သင်ရော ကျနော်ပါ လောလောဆယ် တိုင် တန်းနစ်သင်္ဘောပေါ်မှာ ရှိမနေသည့်အတွက် ကံကောင်းသော်လည်း ကမ္ဘာကြီး ပိုမိုပူနွေးလာကြောင်း ခိုင်မာ သည့် အထောက်အထား ဖြစ်သည့်အတွက် ကံဆိုးလာနိုင်ကြောင်း သဘောကွဲစရာ လိုမည်မထင်ပါ။ ထိုအခါ ဗန်းမော်တင်အောင်၏ 'ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း' ဟူသော စာသားကို ကျနော်တို့အားလုံး ရွတ်ဆိုကြမည်။ အသံကွဲသော်လည်း အကြောင်းတူဖို့သာ လိုပါသည်။ လှည်းပေါ်ကလူများ ကျနော်တို့ထံ လာ ရောက်ပူးပေါင်းသောအခါ ဝန်ပေါ့ပြီး အားများလာမှာ သေချာပါသည်။ နောက်တကြိမ် မတွန်းခင်မှာတော့ ဇွန် ပန်းရနံ့လေး ရှုရှိုက်ကြမည်၊ ကျနော့်ကောင်မလေးထံမှ ချစ်ခြင်းမေတ္တာများ ပျော်ကျစီးဆင်းလာစေရန် သူမ၏ ကမ္ဘာလေး ပိုမိုပူနွေးလာဖို့ လိုသည်။ ဟန်ဆောင်ခြင်း မြူနှင်းတို့ ကွဲသည့်အချိန်တွင် မျှော်လင့်ခြင်း အလင်းတန်း တို့ ဖြာဆင်းနွေးထွေး လာလိမ့်မည်။ ထိုအခါ အသည်းကွဲလမ်းဆုံမှ ကျနော် ဖုတ်ဖက်ခါပြီး ထခဲ့မည်။

အတန်ငယ် အုံ့မှိုင်းမြဲအုံ့မှိုင်း၍ နေရောင်ခြည်မတောက်ပခဲ့သော ထိုနေ့တွင် ဤစာကို ကျနော်အဆုံးသတ်သည်။


ညီလင်းသစ်
၁၁ ဧပြီ၊ ၂၀၀၈

နှစ်ကိုယ်ခွဲ



သူဟာ
မင်းသားဖြစ်ချင်လွန်းတဲ့
ဝမ်းတွင်းရူးတစ်ယောက်ဖြစ်တယ်၊

ခေတ်ပျက်ကြီးထဲ
အရှိန်အဝါ အားကိုးနဲ့
မင်းသား ဝင်လုပ်ချင်သူ...၊

ပါရမီ ချို့ငဲ့ရှာတော့
လူကြမ်းသာ ဖြစ်လာခဲ့တယ်၊

အဲဒီဖက်မတော့
အကျိုးပေးကောင်းပုံများ
ပရိတ်သတ် အော့နှလုံးနာလောက်အောင်
ထူးချွန်ရဲ့၊

ရက်စက်ကောက်ကျစ်မှုကအပြည့်
မိုက်ကန်းကန်း သရုပ်သကန်နဲ့
တဒိုင်းဒိုင်း ခြိမ်းခြောက်
ဗိုလ်အောင်ဒင်လောက်တော့
သူက ပျင်းတယ်၊
" ဟေ့ ဒီမှာ...ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ... ... "

ဒါပေမယ့်
လူကြမ်းဆိုတာ
မင်းသားကို နိုင်ရိုးထုံးစံမရှိ
အဆုံးသတ်မှာ
အရှုံးပေးရသကွဲ့၊

အချိန်တန်ရင်
သူ နေရာပေးရမယ့်မင်းသား
ဝေးဝေးမှာ ရှာစရာ
မလိုပါဘူး၊
သူ့စိတ်ကြိုက် သူဆင်
သူတင် သူရိုက်တဲ့ကား
သူပဲ မင်းသား
သူပဲ လူကြမ်း
ဇတ်လမ်းက ကွက်တိ
သူ့ဟာသူတော့ အဟုတ်ကြီးဟုတ်လို့ပေါ့၊

မင်းသမီးမပါ ဘာမပါနဲ့
အဲဒီကားမှာ
ကောင်းတာဆိုလို့
စိတ်ညစ်ဖို့ပဲ ရှိသတဲ့၊

ဇတ်သိမ်းကို ကြိုသိနေတဲ့
ပရိတ်သတ်ကတော့
ပိတ်ကားကို
ပြောင်းဖူးရိုးနဲ့ ပစ်ချင်စိတ်နဲ့
အံတွေ တင်းတင်းကြိတ်လို့...။ ။


ညီလင်းသစ်
၃၁ မတ်၊ ၂၀၀၈

Soil study တခန်းရပ်


ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက စ,လုပ်လာခဲ့တဲ့ soil study ကဒီနေ့မှပဲ အဆုံးသတ်နိုင်တော့တယ်၊ ပထမ တော့ဒီအလုပ်ကို ဒီလောက်ကြာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့လည်း ဒီလိုလက်ဝင်လိမ့်မယ်လို့ ဘယ် သိပါ့မလဲ၊ လိုအပ်တဲ့ Organic matter data တွေရရင် ပြီးပြီလို့ ထင်ထားခဲ့တာ...၊ တကယ်တမ်းမှာတော့ အပို တွေအများကြီး ထပ်လုပ်လိုက်ရပါတယ်။

တကယ့်,တကယ်တမ်းပြောရရင် အခုလို soil study ဆိုတဲ့မြေလွှာအကြောင်း လေ့လာတဲ့ဘာသာရပ်က ကျနော်နဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး၊ ဒီလိုသုတေသနမျိုးက pedology ကလူတွေ လုပ်ရမယ့်ဟာ...။ ဒါပေမယ့် ဒီ soil analysis ကကျနော် စ,ခဲ့တဲ့ အလုပ်ရဲ့ တစိတ်တပိုင်းဖြစ်နေခဲ့တော့ အဆုံးထိ ဆက်လျှောက်ဖို့ ဖြစ်လာခဲ့တော့တာပေါ့။ မနှစ်က ကျနော်တို့ column experiment တစ်ခု စ,ခဲ့ကြတယ်၊ ၆၀ စင်တီမီတာ အမြင့်ရှိတဲ့ စတီးလ် ပိုက်ထဲကို သဲတွေထည့်၊ ဘေးမှာ sample ထုတ်ယူလို့ရအောင် အပေါက် ၄ ခုဖေါက်ထား၊ အဲဒီထဲကိုမှ အနီးမှာရှိတဲ့ ရေကန်ထဲကရေတွေ မပြတ်စီးနေအောင် လုပ်ထားတာပါ၊ ဒီတော့ ရေထဲမှာ သဘာဝအတိုင်း ရှိနေကြတဲ့ ဘက်တီးရီးယားတွေကသဲတွေ ထဲကို ရောက်လာပြီး နေထိုင်ကြရော...၊ ဒီတော့မှ အဲဒီသဲတွေထဲကို pharmaceutical compounds တွေပါတဲ့ ရေကို ဖြတ်သန်း စီးဆင်းခိုင်းတယ်၊ အဲဒီရေက ပေါင်းခံရေပါ၊ အဲဒီပေါင်းခံရေထဲကိုမှ Diclofenac, naproxen, ketoprofen, ibuprofen အစရှိတဲ့ ဆေးတွေကို ထည့်တယ်။ သူတို့ရဲ့ concentration ကိုသေသေချာချာ တိုင်း ယူထားရပါတယ်၊ ဒီ molecules တွေက သာမန် အိမ်သုံးဆေး၊ အကိုက်အခဲပျောက်ဆေး အစ,ရှိတဲ့ ဆေးတိုင်း လိုလိုမှာ ပါလေ့ရှိတယ်၊ လူတွေစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက တဆင့် ဒီဆေးတွေက သဘာဝမြစ်၊ ချောင်းတွေထဲမှာ တနေ့တခြား များများလာတဲ့ အတွက်သူတို့ကို ဖယ်ရှားဖို့ရည်ရွယ်ပြီး လုပ်တဲ့သုတေသန ဖြစ်ပါတယ်။

ဆိုတော့ ၆ လကြာတဲ့ ဒီ experiment အပြီးမှာ data တွေအများကြီး ရလိုက်တယ်၊ ကျနော်တို့ ထည့်လိုက်တဲ့ ဆေးတချို့က အဝင်နဲ့အထွက် concentration မတူကြဘူး။ အဓိပ္ပါယ်က ဒီပိုက်ထဲကို ဖြတ်စီးနေတုန်းမှာ သဲထဲ မှာ removal ဖြစ်တယ်ပေါ့၊ ဒါပေမယ့် တချို့ molecules တွေကျတော့ ဒီအတိုင်း ပြန်ထွက်လာတယ်၊ သဲထဲမှာ ဘယ်လို ပြောင်းလဲမှုမှ မဖြစ်ဘူး၊ ဘာ့ကြောင့်ဒီလို မတူညီတဲ့ adsorption တွေဖြစ်ရတာလဲ? ဒါနဲ့ သဲထဲမှာ ရှိတဲ့ organic matter အရေအတွက်၊ သဲပွင့်တွေရဲ့ size နဲ့ surface area ကိုတဖန် လေ့လာဖို့ ဖြစ်လာပြန်ပါတယ်။

Organic matter ကိုသိအောင် လုပ်ရတာက သိပ်မခက်ပါဘူး၊ လုပ်ရိုးလုပ်စဉ် method က Loss on Ignition method ဖြစ်ပါတယ်၊ ပထမ သဲပွင့်တွေကို ၁၀၅ ဒီဂရီ စင်တီဂရိတ်မှာ အခြောက်ခံ၊ mass ကိုချိန်တွယ်ထား၊ ပြီး တော့ ၅၅၀ ဒီဂရီစင်တီဂရိတ်မှာ ၁၆ နာရီကြာ အပူပေးပြီး mass ကို တခါပြန်ချိန်၊ ပြီးတော့မှ သူတို့ရဲ့ mass difference ကိုတွက်ယူတဲ့ နည်းဖြစ်ပါတယ်။

အဲဒီမှာ အဖြေထွက်လာတော့ organic matter သိပ်နည်းနေတာကို တွေ့ရတယ်၊ ၁% တောင်မရှိဘူး၊ ထင်ထား တဲ့အတိုင်းပါပဲ၊ ဒါနဲ့ တခါဆက်ပြီး သဲပွင့်တွေရဲ့ အရွယ်အစားနဲ့ သူတို့ရဲ့ မျက်နှာပြင်ဧရိယာကို analyze လုပ်ရ ပြန်ပါတယ်။ ဒီလို analysis တွေက ကျနော်ပြောခဲ့သလို pedologist တွေလုပ်လေ့ရှိတဲ့ သုတေသနပါ၊ ဒါပေ မယ့် ရလာမယ့်အဖြေက စိတ်ဝင်စားဖို့ ကောင်းနေတာကတကြောင်း၊ တခါမှ မလုပ်ဖူးတဲ့ analysis ဖြစ်နေတာမို့ လုပ်ကြည့်ချင်တာက တကြောင်းကြောင့် ကျနော်လုပ်ဖြစ်သွားပါတယ်၊ (အမှန်တော့ စိတ်မဝင်စားလည်း လုပ်ရ မှာပါပဲ၊ ကျနော့်ကို တာဝန်ပေးထားတာကိုး)။

သဲပွင့်တွေရဲ့ size ကိုတော့ particle size analyzer ဆိုတဲ့ စက်နဲ့တိုင်းတာပါတယ်၊ ဒီစက်က သဲပွင့် အရွယ် အစား ၄၀ နာနိုမီတာကနေ ၂ မီလီမီတာအထိ တိုင်းတာနိုင်တယ်၊ (1 m = 1 000 mm = 1 000 000 um = 1 000 000 000 nm)၊ ဒီ စက်ရဲ့ တိုင်းတာပုံက sample သဲပွင့်တွေပေါ်ကို polarized light beam၊ ဒါမှမဟုတ် laser light beam ထိုးပြီး ဖြာထွက်လာတဲ့ ပြန်လင်းတန်းတွေကို စုစည်းတွက်ယူတဲ့ နည်းဖြစ်ပါတယ်၊ ဒီလိုနည်း နဲ့ သူဟာ sample တစ်ခုထဲမှာပါတဲ့ ကွဲပြားတဲ့ အရွယ်အစားအားလုံးကို ပြောနိုင်တယ်။ analytical time က လည်း အတော် မြန်ပါတယ်။

မျက်နှာပြင်ဧရိယာကိုတော့ surface area analyzer ဆိုတဲ့ စက်နဲ့တိုင်းတာပါတယ်၊ အဲဒီစက်ပေါ့ ကျနော့်ရဲ့အ ချိန်တွေကို အများကြီးဖဲ့ယူသွားခဲ့တာ၊ ဒီစက်က တိုင်းတာရာမှာ တိကျပေမယ့် အင်မတန်ကြာတယ်၊ sample တွေထဲမှာ ခိုအောင်းနေနိုင်တဲ့ ရေ molecule တွေကို အခြောက်ခံဖို့အတွက် ၂ နာရီကြာ အပူပေးရတယ်၊ ပြီး တော့တခါ တိုင်းတာချိန်ကလည်း အနည်းဆုံး ၁ နာရီကြာတယ်၊ အဆိုးဆုံးကတော့ သူကတကြိမ်ကို sample ၄ ခုထက်ပိုပြီး မလုပ်နိုင်တာပါပဲ၊ ကျနော့်မှာက sample အခု ၃၀ တောင်ရှိတော့ ကြာပြီပေါ့ဗျာ။ ဒီစက်ရဲ့ concept ကတော့ နိုက်ထရိုဂျင် (nitrogen)ပါပဲ၊ သဲပွင့်တွေကို ဖန်ပြွန်ရှည်ထဲကိုထည့်၊ အဲဒီပြွန်ထဲကို နိုက်ထရိုဂျင်ဓါတ် ငွေ့လွှတ်ပြီး တိုင်းတာ,တာပါ၊ sample မပါတဲ့ဖန်ပြွန်ထဲကို နိုက်ထရိုဂျင် ဘယ်လောက် ထည့် လို့ရတယ် ဆိုတာ စက်ကသိပါတယ်၊ ဒီတော့ sample ထည့်ထားလို့ လျော့သွားတဲ့ နိုက်ထရိုဂျင်ပမာဏဟာ sample ရဲ့ပမာဏပါပဲ၊ ပြီးတော့ နိုက်ထရိုဂျင် molecule တစ်ခုဟာ 1.62 nm2 ရှိတဲ့ ဧရိယာကို ဖုံးအုပ်နိုင် တယ်၊ ဒီတော့ ပြွန်ထဲမှာ ရှိ တဲ့ molecule အရေအတွက်ကိုသိရင် သူ့ရဲ့ မျက်နှာပြင်ဧရိယာကို သိမယ်၊ အဲဒါ ဟာ sample ရဲ့ မျက်နှာပြင်ဧရိယာပါပဲ။

အခုတော့ လုပ်ရမယ့် measurement တွေအားလုံးလည်း ပြီးပြီ၊ အဖြေတွေကို စစ်ပြီးရင် graph တွေဆွဲရမယ်၊ ပြီးရင်တော့ ကျနော့်ရဲ့ အရာရှိနဲ့ ဆွေးနွေးရမှာပေါ့၊ ဒီကမှတဆင့် နောက်ထပ်လုပ်ရမယ့် experiment အသစ် တခုကို ဆက်သွားနိုင်မှာ ဖြစ်ပါတယ်၊ လောလောဆယ်တော့ လူကနဲနဲ ပင်ပန်းသွားလို့ ရှေ့တပတ်မှာ ခွင့်ယူ ထားလိုက်တယ်...အဟဲ၊ အဲဒီခွင့်ကလည်း ၂၀၀၇ ကကျန်တဲ့ နောက်ဆုံးလက်ကျန် ခွင့်တစ်ပတ်ပါပဲ၊ ဧပြီလ ကုန်အထိမှ မယူရင် အဲဒီခွင့်ဆုံးမှာမို့ ကိုယ့်ခွဲတမ်းတော့ အထိအခိုက်မခံဘဲ ယူလိုက်ရတယ်ပေါ့လေ၊ ဒီတစ်ပတ် မှာတော့ အထိုက်အလျောက် နားခွင့်ရမယ်လို့ မျှော်လင့်တာပါပဲ...။ ။


ညီလင်းသစ်
၂၈ မတ်၊ ၂၀၀၈

နှင်းတောင်တွေပေါ်မှာ (၂)

သူ့ရှေ့မှမြေသားသည် မျက်စိတဆုံး ဖွေး ဖွေး ဖြူလျက်ရှိသည်။ တနွေလုံး စိမ်းလန်း ခဲ့ ကြ သော သစ်ပင်တို့သည် ယခုတော့ နှင်း ပွင့် တို့ ဖြင့် ဆွတ်ဆွတ်ဖြူလျက် မလှုပ် မ ယှက် အေး ခဲ စွာ ရပ်နေကြသည်။ ဘေး ဖက် ကိုကြည့် လိုက်တော့ မြင့်မား သော တောင် တန်း တွေကို မြင်ရသည်။ သူတို့ သည် လည်း အဖြူ...၊ မြင်နေကျ ကျောက် ဆောင် ကျောက် ခဲ မြေသားတို့၏ အရောင် မဟုတ် ဘဲ နှင်းတို့ဖြင့် ဖြူဖွေးနေ သော ကြောင့် တောင်တန်းများသည် ပင် မာ ကျော ခြင်း အဆင်းကင်းလျက် နူးညံ့နေ သ ယောင် ထင်ရသည်။ ကောင်းကင်ပြာ အောက်မှာ အဖြူရောင် ပိုးသားဝတ်စုံသစ်တို့ဖြင့် လတ် ဆတ်နေသော တောင်တန်းများ၊ ပတ်ဝန်းကျင်သည် ကြည့်လေရာရာမှာ ပကတိ အဖြူ...။

သူ ရှေ့ဆက်လှမ်းရန် ပြင်လိုက်စဉ် ခပ်လှမ်းလှမ်း၌ ငှက်ကလေးနှစ်ကောင် ပျံဝဲနေသည်ကို တွေ့လိုက်ရသဖြင့် ဆက်မသွားသေးဘဲ စောင့်ကြည့်နေမိသည်၊ သူ ရပ်နေရာ နေရာမှ အတော်လှမ်းသဖြင့် ဘာငှက်မှန်း သဲကွဲစွာ မမြင်ရပေ၊ နေစမ်းပါဦး...သေချာမြင်ရတော့ရော သူကဘယ်လောက်သိနိုင်လို့လဲ၊ သူ့အဖြစ်ကို သူပြုံးမိသွား သည်၊ ငှက်တွေအကြောင်း သူသိပ်မသိပါ၊ သို့သော် သူတို့အတွက် သူပူပန်စွာ တွေးနေမိပြန်သည်၊ နေရာ တိုင်း နှင်းဖုံးနေတဲ့ မြေပြင်ပေါ်မှာ ပိုးကောင်လေးတွေ သူတို့တွေ့နိုင်ပါ့မလား၊ အင်းလေ...တွင်းထဲမှာ အကြာကြီး မနေချင်တဲ့ ပိုးကောင် တစ်ကောင်တလေများ ထွက်လာရင် ထွက်လာမှာပေါ့၊ ဒီနေရာထက် အများကြီး ပိုအေး တဲ့ မြောက်ဝင်ရိုးစွန်းလို နေရာမှာတောင် ပိုလာဝက်ဝံတွေ ရအောင်အစာရှာနိုင်သေးတာပဲ၊ တွေးမိပြီးမှ သူ့ဟာ သူရယ်ချင်သွားပြန်သည်၊ ဘာဆိုင်လို့လဲ..၊ ဒီနေရာက မြောက်ဝင်ရိုးစွန်းလောက် မအေးပေမယ့် ဒီငှက်လေး တွေကတော့ ပိုလာဝက်ဝံတွေလောက် အဆာခံနိုင်မည် မထင်ပါ၊ သူတို့တွေ အစာမြန်မြန် တွေ့ပါစေလို့ သူဆု တောင်းမိသည်။

အဲ့လ်ပ်စ်(Alps) တောင်တန်းများ၏ တောင်ကြောတစ်ခုပေါ်တွင် သူရောက်နေခြင်းဖြစ်သည်။ သူလမ်းလျှောက် နေခဲ့သည်မှာ စ,ထွက်လာသည့် အချိန်မှတွက်လျှင် အနည်းဆုံး ၄၅ မိနစ်ခန့်တော့ ရှိပြီ။ ဒါပေမယ့် နှင်းတောထဲ မှာဆိုတော့ ခရီးက လျှောက်သလောက် မတွင်၊ ဖြူလွလွ နှင်းထုပေါ်မှာ လမ်းလျှောက်နိုင်ဖို့ နှင်းတောစီးဖိနပ် တမျိုးကို စီးထားရသည်။ ဖိနပ်ဆိုသော်လည်း တကယ်တော့ ပလပ်စ
တစ်ပြား ခပ်ကြီးကြီးတစ်ခု သာဖြစ်သည်။ ထိုပလပ်စတစ်ပြား ပေါ်မှာမှ လမ်းလျှောက်ဖိနပ်ကို ကလစ်ဖြင့် ညှပ်ကာစီးရခြင်း ဖြစ်သည်။ ထိုမှသာ ခြေလှမ်း လိုက်သောအခါ လူကနှင်းထုပေါ်မှာ ရှိနေလိမ့်မည်။ မဟုတ်လို့ကတော့ တခါလှမ်းလိုက်၊ နှင်းထုထဲ ကျွံဝင်သွား သောခြေထောက်ကို ဆွဲထုတ်လိုက်၊ နောက်တစ်လှမ်းလှမ်းလိုက်၊ တခါဆွဲထုတ်လိုက်နှင့် ဘယ်တော့မှ ရှေ့ရောက်တော့မည် မဟုတ်ချေ။


ခန္ဓာကိုယ်တခုလုံးကတော့ ထူထဲသော အနွေးထည်တို့အောက်မှာ ချွေးတစို့စို့ဖြင့်..၊ နှင်းထုထဲမှာပေမယ့် အတန် ငယ်အိုက်နေသည့် အဖြစ်ကို သူ အံ့သြနေမိသည်။ တကယ်တော့ ခွန်အားစိုက်ထုတ်ရသည့် အလုပ်ဘာတစ်ခုမှ သူ မလုပ်ခဲ့၊ နှင်းတောစီး ဖိနပ်ဖြင့် သူ အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။ သို့သော် သူကသာ သတိ မပြုမိပေမယ့် ခြေတစ်လှမ်းလှမ်းတိုင်း ခြေထောက်မှ ပလပ်စတစ်ဖိနပ်ကြီးက တရွတ်ဆွဲပါနေတော့ သာမန် မြေပြင်ပေါ်မှာထက် ပိုအားစိုက်ရတာတော့ အမှန်။ ပြီးတော့ နှင်းထူထပ် သည့်နေရာမှာဆိုလျှင် ပလပ်စတစ် ဖိနပ်ပြား စီးထားသည့်တိုင် ခြေထောက်တွေက နှင်းထဲသို့ ကျွံချင်ချင်...။

လမ်းလျှောက်နေရင်းမှ သူငယ်စဉ်က သင်ခဲ့ဖူးသော အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်တစ်ခု အကြောင်း တွေးနေမိသည်။ သူငယ်စဉ်ကတည်းက နှစ်ပေါင်းတော်တော်ကြာကြာအထိ မည်သူမျှ မတက် ရောက်ဖူးသော Virgin Peak အဖြစ် ခမ်းနား ကြီးကျယ်သော တောင်၊ ခါကာဘိုရာဇီ တဲ့။ နာမည်လှသလောက် ဝေးလံခေါင်ဖျားသော အရပ်မှာ လျှို့ဝှက်သိပ်သည်းစွာ တည်ရှိနေသည့်တောင်။ တစ်နှစ်ပတ်လုံး နှင်းဖွေးဖွေးတို့ ဖြင့်အေးခဲ ကြမ်းတမ်းကာ တောင်တက်သမားများစွာတို့ လက်လျှော့ခဲ့ရသောတောင်။ ကလေးပီပီ ထိုနှင်းဖုံး တောင်တန်းကြီး အကြောင်းကို ကြိမ်ဖန်များစွာ သူ စိတ်ကူးယဉ်ကြည့်ဖူးသည်။ ၅၈၈၁ မီတာမြင့်သောထိုတောင် ခြေမှာ သူက မောင်နှမတွေနှင့်အတူ ပြေးလွှားဆော့ကစားလို့...၊ တစ်ယောက်နှင့် တစ်ယောက် နှင်းဆုပ်တွေ ဖြင့်ပစ်ပေါက်၊ မောသွားတော့ နှင်းတွေဖြင့် နှင်းအရုပ်တွေလုပ်၊ တောင်ကုန်းဆင်ခြေလျှောတွေမှာ ပျဉ်ချပ်တွေ ဖြင့် နှင်းလျှောစီး...။ သူ၏ကလေးဘဝ အိပ်မက်များသည် ခါကာဘိုရာဇီ၏ နှင်းမှုန်တို့ဖြင့် လိမ်းကျံစိုလူးကာ အေးမြဖွေးဖြူ နေခဲ့သည်။

တကယ်တော့ သူကသာ စိတ်ဝင်စားနေပေမယ့် ခါကာဘိုရာဇီကို ဓါတ်ပုံပင်မမြင်ဖူးချေ။ ကျောင်းသုံးစာအုပ်ထဲမှ ခါကာဘိုရာဇီကတော့ တည်နေရာ၊ အမြင့်စသော အချက်အလက်သက်သက်ဖြင့်သာ စက္ကူပေါ်မှာ ပြားချပ်ချပ်။ ပထဝီဝင်ဖတ်စာအုပ်ထဲမှ ပုံပင်မမြင်ဖူးသော အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်အကြောင်း သူသိချင် နေမိခဲ့သည်။ ဘာ့ကြောင့်လူတွေ ဒီတောင်ပေါ်ကို မတက်နိုင်တာလဲ၊ ကမ္ဘာပေါ်က ဒီထက်မြင့်တဲ့ တောင်တွေ ပေါ်တောင် လူတွေရောက်နေကြတာပဲ၊ သူ့ရဲ့ထူးခြားချက်က ဘာလဲ၊ သို့နှင့် တနေ့မှာတော့ သူ့ကို ခါကာဘိုရာဇီ အကြောင်း အနည်းငယ်ပြောပြ နိုင်မည့်သူနှင့် ဆုံခဲ့ရသည်။ သူက အဖေ့မိတ်ဆွေ ရဝမ်လူမျိုး သင်းအုပ်ဆရာ ကြီး...။ ပူတာအိုမှ အတော်လှမ်းသော မထင်မရှား ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့သူ ရဝမ် သင်းအုပ်ဆရာကြီးက စကားခပ်ဝဲဝဲဖြင့် သူ့ကိုတတ်နိုင်သလောက် ရှင်းပြခဲ့သည်။ အင်မတန်ခက်ခဲ ကြမ်းတမ်းသော ခရီးလမ်းက ခါကာဘိုရာဇီကို ချဉ်းကပ်နိုင်ဖို့အတွက် တားဆီးထားလျှက်ရှိသည်။ သူတို့လို ရဝမ်ဒေသခံတွေပင် အလွယ် တကူ မရောက်ဖြစ်သော ခရီး၊ ပြီးတော့ ဆိုးရွားလွန်းလှသော ရာသီဥတု၊ ကြိုတင်ခန့်မှန်း၍ မရသော ဆီးနှင်း မုန်တိုင်းများ၊ အဆိုးဆုံးကတော့ ဘယ်လိုမှ ကြိုတင်တွက်ဆ၍ မရနိုင်သည့် ကူးရန်ခက်ခဲလှသော ရေခဲမြစ် ကြီးများ...။ ခါကာဘိုရာဇီသည် ဂုမ္ဘာန်တစ်ထောင်စောင့်သည့် နတ်ပန်းတစ်ပွင့် လေလား...။

ဒါပေမယ့် နောက်ဆုံးမှာတော့ ထိုနတ်ပန်းကို ရအောင်နမ်းရှိုက်နိုင်ခဲ့ ကြသည်။ သူ အမှတ်မမှားဘူးဆိုလျှင် ၁၉၉၆ ခုနှစ်ဝန်းကျင်က ဂျပန်လူမျိုးတောင်တက်သမားနှင့် ဒေသခံရဝမ်လူမျိုးတစ်ဦးတို့ အရှေ့တောင်အာရှ၏ အမြင့်ဆုံး ထိုတောင်ပေါ်သို့ ခြေချနိုင်ခဲ့ ကြသည်။ ဆိုးလွန်းလှသည့် ရာသီဥတုကို အံတုကာ အကြိမ်ပေါင်း များစွာ ဇွဲရှိရှိနှင့် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ ဒါတောင်မှ သူတို့နှစ်ယောက် တောင်ထိပ်မှာ ကြာရှည် မနေ နိုင်ခဲ့ကြ၊ နေ့လည် ၃ နာရီမှာ ရောက်သွားခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်၊ မှတ်တမ်းယူ၊ ဓါတ်ပုံရိုက်၊ နှစ် နိုင်ငံ အလံ များစိုက်၊ ပြီး သည်နှင့် တိုက်ခတ်လာသော နှင်းမုန်တိုင်းကိုလွတ်အောင် ၃ နာရီ ၂၀ မှာ အနီးဆုံး အခြေစိုက် စခန်းသို့ပြန် ဆင်းလာခဲ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ခါကာဘိုရာဇီ၏ နှင်းထုလွှာထဲမှာ လူသားခြေရာ တို့ ထင်ကျန် နေခဲ့ဖူးပြီ ဖြစ်သည်။

အခု သူရောက်နေသည့် အမြင့်ကတော့ ခါကာဘိုရာဇီ၏ လေးပုံတစ်ပုံသာသာပဲ ရှိပါသည်။ ဒါပေမယ့် သူက တော့အတော်လေး ဟောဟဲလိုက်နေခဲ့သည်။ ကိုယ်လက်လှုပ်ရှားမှု နည်းတာရော၊ ပင်လယ်ရေမျက်နှာပြင် အမြင့်မှာရောက်နေတာရော စုပေါင်းကာ သူ မောဟိုက်နွမ်းနယ် နေခဲ့သည်။ စ,ထွက်ကာစမှာ လန်းလန်းဆန်း ဆန်းနှင့်ရှိနေခဲ့သလောက် အခုတော့အတော်ပင် ပင်ပန်းလာသည်။ ဒါတောင်မှ ဟိုနားနဲနဲရပ်လိုက်၊ ဒီနားနဲနဲရပ် လိုက်လုပ်နေခဲ့သေးသည်။ လျှောက်ရသည့် မြေပြင်ကအပြန့်မို့လို့ တော်သေးသည်။ ပြီးတော့ ခါကာဘိုရာဇီနှင့် ယှဉ်လျှင် ဘာအန္တရာယ်မှ မရှိပါ။ သူရပ်နေသည့် နှင်းထုအောက်မှာ ရေခဲမြစ်တစ်စင်း ရှိမနေတာ ရာနှုန်းပြည့် သူ သေချာပါသည်။ နှင်းမုန်တိုင်းဆိုတာဝေးလို့ ပြာလဲ့သောကောင်းကင်နှင့် နေရောင်ခြည်ဖွေးဖွေးသာ ရှိသည်။


သူ့ကို အလွန်ဆုံးဒုက္ခပေးနိုင်တာဆိုလို့ မြေခွေးတစ်ကောင်တလေပဲ ရှိမည်။ ဒီနိုင်ငံမှာ မြေခွေးပေါတာတော့ သူ သိသည်။ မြေခွေးကို ကာတွန်းစာအုပ်ထဲမှာသာ နှုတ်သီးရှည်ရှည်နှင့် ကောက်ကျစ်သောသတ္တဝါအဖြစ် သိထား သောသူသည် အပြင်မှာပထမဦးဆုံးအကြိမ် မြင်လိုက်ရသောအခါ ပြေး၍ပွေ့ချီလိုက်ချင်စိတ် ပေါက်သွားခဲ့ သည်။ မြေခွေးသည် သူထင်ထားတာထက် အဆပေါင်းများစွာ သေးငယ်သည်။ ပြီးတော့ စာအုပ်တွေထဲကလို စုတ်ချွန်းချွန်းမဟုတ်...၊ အမွေးပွပွနှင့် အတော်ပင်ချစ်စရာ ကောင်းသည်။ သို့သော် သူကချစ်ချင်သလောက် သူ့ ပတ်ဝန်းကျင်ရှိလူများကမူ မြေခွေးကို ရောဂါပိုးမွှားများ သယ်ဆောင်သူ၊ ညဖက်တွင် အမှိုက်ပုံးများ လာ,လာဖွ သည့် ရွံ့စရာအကောင်တစ်ကောင် အဖြစ်သာ သဘောထားကြသည်။

ဒီကို သူရောက်ခါစက တညမှာ မြို့လယ်ခေါင်မီးပွိုင့်မှာ မီးနီရပ်နေတုန်း မြေခွေးတစ်ကောင် ကားရှေ့မှဖြတ်ပြေး သွားတာ ပထမဦးဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။ သူ့ဘေးမှ မိတ်ဆွေက 'ဟိုမှာ မြေခွေးတစ်ကောင်' ဟု လက်ညှိုးထိုးလျှက် ပြောသည်။ သူ အတော်အံ့သြသွားသည်။ မြို့ကြီးပြကြီး၏ မီးပွိုင့်မှ ခပ်တည်တည်ဖြင့် ကား လမ်းဖြတ်ကူးသွားသော ထိုသတ္တဝါသည် မြေခွေးတစ်ကောင် ဖြစ်လိမ့်မည်ဟု သူလုံးဝထင်မထားပါ။ မိတ်ဆွေ ကမြေခွေးတွေ ဒီလိုပဲ သောင်းကျန်းတတ်ကြကြောင်း၊ စည်ပင်သာယာက လာသိမ်းမည့်အမှိုက်ကို ညကတည်း ကကြိုထုတ်ထားမိလျှင် ၄င်းတို့အကြိုက် စိတ်ကြိုက်ဖွသွား တတ်ကြကြောင်း၊ ဒီနှစ်ပိုင်းတွေမှာ ပိုလို့ပင်များလာ သေးကြောင်း ပြောပြသည်။ မြေခွေးကို တော သတ္တဝါအဖြစ်သာ သိထားသောသူက တစ်ခွန်းမေးကြည့်မိသည်။

" ခင်ဗျားတို့ ဒီမြေခွေးတွေကို ဖမ်းပြီးမစားကြဘူးလားဗျ"...။

မိတ်ဆွေက သူ့ဖက်လှည့်ကာ 'မင်းနှယ်ကွာ...စားစရာ ရှားရန်ကော' ဟူသည့်အကြည့်ဖြင့် ကြည့်လေသည်။ သူ လည်း အသာငြိမ်နေလိုက်ရသည်။ လူတွေက မြေခွေးကို မစားကြပေမယ့် မြေခွေးတွေကတော့ လူတွေထံမှ စား စရာကို လာရောက်ရှာဖွေ စားလေ့ ရှိသည်။ အင်း...ဒီကောင်တွေဟာ အမြဲလိုလို ဆာလောင်နေတဲ့ ကောင် တွေနဲ့တူပါရဲ့။

အင်း...အခုလည်း အဲဒီလို ဆာလောင်နေတဲ့ မြေခွေးတစ်ကောင်တလေများ ထွက်မလာဘူးလို့ မပြောနိုင်ဘူး။ သူတွေးမိသွားပြီး ဘေးဘီကို ကြည့်မိသည်။ သူဖြတ်နေသည့် နေရာက ထင်းရူးပင်တွေ ခပ်စိပ်စိပ်ပေါက်သည့် တောအုပ်လေးတခု ဖြစ်သည်။ ဒီလို တောအုပ်တွေထဲမှာ မြေခွေးတွေနေလေ့ရှိသည်ဟု သူကြားဖူးသည်။ အခု လို နှင်းထူထပ်ပုံမျိုးနဲ့ မြေခွေးတွေ အစာမှ ရှာလို့ရပါ့မလား၊ ရှာလို့မရရင်တော့ ဒီကောင်တွေ ဗိုက်ဆာနေမှာ ကျိန်း သေတယ်။ ထိုသို့တွေးမိသွားပြီး သူ့အနီးပတ်ဝန်းကျင်မှ မြေပြင်ကို ကြည့်မိသည်။ လတ်လတ်ဆတ်ဆတ် ကျထားသော နှင်းပြင်ပေါ်မှာ မြေခွေးခြေရာ သူမတွေ့မိပါ။ ထိုအခိုက် လေကသုတ်ကနဲ တိုက်လိုက်သည်။ ထင်းရူးတောကို ဖြတ်တိုက်လာသောလေက ချွေးစို့နေသော သူ့မျက်နှာပေါ်ကို အေးကနဲပက်ဖြန်းသွားသည်။ သူ နဲနဲတော့ အမောပြေသွားသည်။ ခြေလှမ်းကို ရပ်လျှက်နားစွင့်ကြည့်တော့ မြေခွေးခြေသံနှင့် ဆင်ဆင်တူတာ ဘာသံမှမကြားရ၊ လေတိုးသံ သဲ့သဲ့မှအပ ပတ်ဝန်းကျင်သည် ပကတိ သက်ငြိမ်...။

နောက်ပြန်လှည့်ကြည့်တော့ ဖြတ်သန်းလာခဲ့သည့် နှင်းပြင်ပေါ်မှာ သူ့ခြေရာများ၊ တော်တော်ဝေးဝေးအထိ မြင် နေရသည်။ နှင်းမှုန်ဖွေးဖွေးတို့က နံနက်ခင်း၏ နေရောင်ခြည်အောက်မှာ တဖိတ်ဖတ်တောက်ပလျှက်၊ သူ အ သက်ပြင်းပြင်း တချက်ရှုလျှက် ရှေ့ဆက်လျှောက်လာခဲ့သည်။ အင်း...အခုနေ ဆာလောင်နေတဲ့ မြေခွေးတစ် ကောင်နဲ့တွေ့ရင် ဘာလုပ်ရမလဲ ဟုစဉ်းစားကြည့်သည်။ သူမသိပါ။ ထွက်ပြေးရမလား၊ အင်း...မြေခွေးလိုက်လို့ ထွက်ပြေးရတဲ့ အဖြစ်ကတော့ လူကြားကောင်းမှာ မဟုတ်တာ သေချာသည်။ နေပါဦး၊ မြေခွေးတွေဟာ ဘယ် လောက်ပဲဆာဆာ လူကိုတော့ အမြဲရှောင်လေ့ရှိတယ်ဟု သူကြားဖူးသည်။ ဘယ်သူပြောသွားတာပါလိမ့်။ ပြော တဲ့လူဟာ သတ္တဗေဒ ပညာရှင်တစ်ယောက်လား၊ ဒါမှမဟုတ် မုဆိုးတစ်ယောက်လား၊ ဒါမှမဟုတ် သူ့လိုပဲ ထင်းရူးတောထဲ ဖြတ်လျှောက်ရင်း ကိုယ့်ကိုယ်ကို အားပေးစကားပြောဖူးတဲ့ သာမန်လူတစ်ယောက်လား။



ဘယ်လိုပဲဖြစ်ဖြစ် သူကြောက်မနေပါ။ အိမ်မွေးခွေးထက်ပင် သေးငယ်သော အမွေးစုတ်ဖွားနှင့် တိရိစ္ဆာန်တစ် ကောင်ကို သူမကြောက်ပါ၊ ပြီးတော့ မြေခွေးတွေဟာ များသောအားဖြင့် တစ်ကောင်တည်း အစာရှာထွက်လေ့ ရှိသည်။ ရင်ဆိုင်ခဲ့ရရင်တောင် အုပ်စုလိုက် ရှေ့နောက်ဝဲယာမှ ဝိုင်းဝန်းကိုက်ဆွဲတတ်သော ခွေးအ,များလောက် ကြောက်စရာမကောင်းတာ အမှန်ပင်ဖြစ်သည်။ ဒီနိုင်ငံမှာ ခွေးအ,တွေ မရှိသည့်အတွက် သူ အတော်လေး စိတ် သက်သာရာ ရသွားသည်။

တကယ်တမ်းမှာတော့ လောလောဆယ် အလွန်အမင်း ဆာလောင်နေသူမှာ သူဖြစ်သည်။ မနက်က စားလာခဲ့ သောပေါင်မုန့်မီးကင် နှစ်ချပ်နှင့် ကော်ဖီတစ်ခွက်က ဘယ်ဆီနေမှန်းပင် မသိတော့...၊ ကျောပိုးအိတ်ထဲမှာက ရေငတ်ပြေသောက်ရအောင် ထည့်လာသည့် ရေနွေးဓါတ်ဗူးတစ်ခုပဲ ပါသည်။ သူတကယ့်ကိုဆာနေသည်။ အခု နေသာ မြေခွေးတစ်ကောင်နှင့် တွေ့ရလျှင် ထွက်ပြေးရမည့်သူမှာ မြေခွေးပင် ဖြစ်သွားနိုင်သည်။ လူသည် ဆာ လောင်မွတ်သိပ်လာသောအခါ စားလို့ရတာ အကုန်စားမည့် သတ္တဝါဖြစ်သည်။ ၁၉၇၂၊ အောက်တိုဘာ ၁၃ ရက် က လေယာဉ်ပျက်ကျခဲ့သော အဖြစ်အပျက်သည် သူ့ခေါင်းထဲ ရောက်လာသည်။

ထိုရက်က ဥရုဂွေးနိုင်ငံမှ ချီလီနိုင်ငံ သို့ပျံသန်းလာသော လေယာဉ်တစ်စင်းသည် အင်းဒီးစ်တောင်တန်းများ ပေါ်မှာ ပျက်ကျသွားခဲ့သည်။ လေယာဉ်က စင်းလုံးငှားလေယာဉ်၊ လိုက်ပါလာသည့် ရပ်ဂ်ဘီကစားသမား ၄၅ ယောက် မှာ ၁၆ ယောက်က ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သည်။ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးစားရှာ ဖွေသော်လည်း ဘယ်လိုမှ မတွေ့တော့သည့်အဆုံး လက်လျှော့လိုက်ကြသည်။ လေယာဉ်ပျက်ကျ ခဲ့သည့် နေရာက မီတာ ၄၀၀၀ အမြင့်၊ ညဖက် ဆိုလျှင်အပူချိန်က သုညအောက် ၃၀ ဒီဂရီစင်တီဂရိတ်၊ နှင်းမုန် တိုင်းတွေက မကြာခဏတိုက်ခတ် သည့်နေရာ..။ ဆိုးရွားလှသော ရာသီဥတုနှင့် ထူထပ်သိပ်သည်း လှသော နှင်းတောင်တန်းတွေကြားမှာ သူတို့တွေ ပိတ်မိနေကြသည်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စားစရာကမရှိတော့၊ ရပ်ဂ်ဘီကစားသမား ၁၆ ယောက်ခမျာ လေယာဉ် ပျက်ကျလို့မသေဘဲ အစာငတ်လို့ သေရမည့်ကိန်းဆိုက်လာ သည်။ အားလုံးကလည်း အားအင်တွေ ချိနဲ့ ဆုတ်ယုတ်ကုန်ပြီ။ နောက်ဆုံးမှာတော့ ဆက်လက် အသက်ရှင်ရပ် တည်ရေးအတွက် တခုတည်း သောနည်းလမ်းကို ရွေးလိုက်ကြရသည်။ သေဆုံးသွားကြသော ကစားဖော် တို့၏ အသားများကို စားသောက်ဖို့ပင် ဖြစ်သည်။ နှင်းတောင်ပေါ်မှာဆိုတော့ အလောင်းတွေက မပုပ်မသိုး ဒီအတိုင်း ရှိနေကြသည်။ ထိုအလောင်းမှ အသားတွေကို သူတို့စားသောက်ခဲ့ ကြရသည်။

ထိုသို့စားသောက်ရင်းမှ အားအင်အနည်းငယ် ပြည့်လာသည့်အခါ သူတို့ထဲမှ နှစ်ယောက်က ချီလီပိုင်နက်ထဲမှ အနီးဆုံးရွာကို ရောက်အောင်သွားကာ အကူအညီတောင်းခဲ့နိုင်သည်။ ထိုမှတဆင့် ၇၂ ရက်ကြာ ပိတ်မိနေသည့် သူတို့ ၁၆ ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ကြသည်။ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့လူသားစားခဲ့ ရသည့် အ ဖြစ်ကို ပြန်ပြောပြသည့်အခါ တကမ္ဘာလုံးက ထိတ်လန့် တုန်လှုပ်သွားကြသည်။ ထိုဖြစ်ရပ်အပေါ် အမြင်ဝိဝါဒ အ မျိုးမျိုးကွဲခဲ့ကြသည်။ စာနာ သူတွေရှိသလို စက်ဆုပ်ရွံရှာသူတွေလည်း ရှိခဲ့သည်။ မည်သို့ဆိုစေ အခြေအနေ တ ခု အောက်မှာစားခဲ့ရသည့်တိုင် သူတို့လွယ်လွယ်ကူကူ မျိုကျခဲ့သည် မဟုတ်မှန်းတော့ သူနားလည်နိုင်ပါ သည်။

လောလောဆယ် သူ့အခြေအနေက ထိုမျှမဆိုးသော်လည်း မြေခွေးတစ်ကောင်ကို သတ်စားချင်လောက်အောင် တော့ သူဆာလောင်နေပါသည်။ သို့သော် သူကြည့်ထားခဲ့သော မြေပုံအရ မကြာခင်မှာ စားသောက်ဆိုင်လေး တစ်ဆိုင်ကို ရောက်ရမည် ဖြစ်သည်။ အစီအစဉ်က ထိုဆိုင်မှာ နေ့လည်စာစား၊ ပြီးတော့ လာလမ်းအတိုင်း လမ်း လျှောက်ပြန်လာ..။ ဒါပေမယ့် အခုထိမရောက်နိုင်သေး...၊ ဘာဖြစ်သလဲ? လမ်းများလွဲသလား? မဖြစ်နိုင်ပါ၊ လမ်းလွဲရအောင် သွားစရာက ဒီတစ်လမ်းပဲရှိသည်။ နေ့လည်စာ စားချိန်လည်းကျော်ခဲ့ပြီမို့ လူလည်း မောပန်း နွမ်းဟိုက်နေခဲ့ပြီ။ သူ ဘာလုပ်ရမလဲ၊ ရှေ့ဆက်သွားရမလား၊ နောက်ပြန်လှည့်ရမလား၊ ဒီအထိ လျှောက်လာ ပြီးမှတော့ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်ပါ။ သို့နှင့် အားတင်းကာ သူဆက်လျှောက်လာခဲ့သည်။


နှင်းတောင်ကုန်းလေး တစ်ခုအလွန်မှာတော့ သူရှာနေသော စားသောက်ဆိုင်လေးကို တွေ့လိုက်ရတော့သည်။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း...။ အမှန်တော့ သူလမ်းမမှားပါ၊ သူလမ်းလျှောက်ချိန်က တွက်ထားသလောက် မမြန်၍သာ သူခန့်မှန်းသည့်အချိန်တွင် ဆိုင်လေးကို မတွေ့ရခြင်း ဖြစ်သည်။ အခုတော့ လူက ပြန်အားတက် လာပြီး ခြေလှမ်းတွေပင် သွက်လာခဲ့သည်။ နှင်းတောင်တန်းတွေ၏ အလယ်မှာ ခေါင်မိုးပေါ် နှင်းတွေပုံနေသော စားသောက်ဆိုင်အိမ်ကလေးက အအေးဒဏ်ကို ကြံ့ကြံ့ခံရပ်လျက်..။ အေးမြသောနှင်း ပွင့်တို့၏ အလယ်မှာ ပေမယ့် နွေးထွေးပျူငှာစွာ ဖိတ်ခေါ် နေသယောင်၊ သူသိထားသလောက် ဒီဆိုင်ပိုင်ရှင်တွေက ဆောင်းတွင်းမှာပဲ ဆိုင်လာဖွင့်ကာ နွေရာသီမှာတော့ မြို့မှာနေကြသည်တဲ့။ သူတို့ စီးပွားဖြစ်မဖြစ် တော့မသိ၊ ဒီတောင်ကြော တဝိုက်မှာတော့ ဒါကတစ်ခုတည်းသော စားသောက်ဆိုင်လေးပဲ ဖြစ်သည်။

သူ အထဲဝင်လိုက်တော့ မီးလင်းဖို၏ အနွေးဓါတ်ဖြင့် ဆိုင်ကလေးက နွေးထွေးနေခဲ့သည်။ ဆိုင်ထဲမှာ လူများများ စားစား ရှိမနေပါ။ စားပွဲဝိုင်း နှစ်ဝိုင်းပဲ တွေ့ရသည်။ ကလေးတွေနှင့်ဆိုတော့ မိသားစုတွေနဲ့ တူပါရဲ့၊ အားလုံးက သူ့လိုပဲ လမ်းလျှောက်ကြသူများ...။ လွတ်နေ သည့် စားပွဲတစ်ခုမှာ ဝင်ထိုင်ကာ ခန္ဓာကိုယ်ပေါ် ဖိစီးလေးလံ နေသည့် အနွေးထည်တွေကို တထပ်ပြီးတထပ် ချွတ်ပစ်လိုက်သည်။ လူက လွတ်လပ်ပေါ့ပါးသွားကာ ဆိုင်က လေး၏ ဖော်ရွေသော အခင်းအကျင်းမှာ ချက်ချင်း ပင်နေသားတကျ ဖြစ်သွားခဲ့သည်။ ဆိုင်ရှင်၏ သမီးဖြစ်ဟန် တူသူ ကောင်မလေးက ဘာမှာမလဲဟု လာမေးသည်။ သူ့အနေနှင့် စားသောက်စာရင်း ကြည့်ရန်ပင် မလိုပါ၊ ဒီ ဆိုင်က ကြက်သားစွပ်ပြုတ် နာမည်ကြီးတာ သူသိသည်။ အပြန်လမ်းအတွက် ခွန်အားတွေကို ထိုကြက်သားစွပ် ပြုတ်ပူပူလေးဖြင့် ဖြည့်တင်းရမည်။ ပြီးတော့ စိတ်စောရတာတွေရော၊ မောပန်းတာတွေပါ စုပေါင်းကာ လူက တော်တော် ရေငတ်နေခဲ့သည်။ ဒါအတွက်လည်း သူစဉ်းစားထားပြီး ဖြစ်ပါသည်။ အစားအသောက်အော်ဒါ မှတ် ဖို့စောင့်နေသော ကောင်မလေးကို ပြုံးပြလိုက်ကာ သူပြောလိုက်သည်။

" ကျနော့်ကို ကြက်သားစွပ်ပြုတ်တစ်ခွက်နဲ့ ဟန်နီကဲင်တစ်ပုလင်း ပေးပါခင်ဗျာ "... ... ...။


ညီလင်းသစ်
၁၈ မတ်၊ ၂၀၀၈

Carbamazepine


ကာဘာမာဇေပီးန် (carbamazepine) ဆိုတာ ဝက်ရူးပြန်ရောဂါနဲ့ စိတ်ငြိမ်ဆေးတွေအတွက် ထုတ်တဲ့ဆေး တွေမှာပါတဲ့ မော်လီကျူး (molecule)ရဲ့ နာမည်ပါ။ ဈေးကွက်ထဲမှာတော့ Tegretol, Biston, Epitol အစရှိတဲ့ နာမည်တွေနဲ့ တွေ့ရပါတယ်။ ဒီဆေးကို မကြာသေးခင်ကပဲ schizophrenia လို့ခေါ်တဲ့ စိတ်ကစင့်ကလျား ဖြစ်မှု အတွက်ထုတ်တဲ့ ဆေးတွေမှာ စတင်ထည့်သွင်း အသုံးပြုခဲ့သလို bipolar disorder အတွက်လည်း အသုံးပြု ကြပါတယ်၊ Bipolar disorder ဆိုတာ စိတ်အတက်အကျပုံမှန် မဟုတ်တဲ့ ရောဂါတမျိုးလို့ ဘာသာပြန်ရမယ် ထင်တယ်။ Carbamazepine ရဲ့ mood-stabilizing property တွေကြောင့် ဒီဆေးတွေမှာ အသုံးတည့်ပါ တယ်။ ဟိုတလောကမှ ကျနော်သိရတာက carbamazepine ကို အရက်ဖြတ်ရာမှာလည်း တခြားဆေးတွေနဲ့ အတူ ရောပြီးအသုံးပြုတတ်တယ်တဲ့။

ပြောရရင်တော့ ဒီ carbamazepine က neuro system အတွက်အတော်လေးကို အရေးပါတဲ့ molecule ပါပဲ။ ဒါပေမယ့် အဲဒီ carbamazepine ကပဲ သဘာဝပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ပေးတယ်။ ဈေးကွက်မှာ ရှိတဲ့ ဆေးတမျိုးမျိုးကို သုံးလိုက်ပြီးတဲ့အခါ အဲဒီဆေးတွေမှာပါတဲ့ carbamazepine က လူကနေ စွန့်ထုတ်တဲ့ အညစ်အကြေးတွေကနေ တဆင့် ရေထဲကိုရောက်သွားတယ်။ ရေဆိုရာမှာ ရေဆိုးရေပုပ်၊ ချောင်းရေ၊ မြေ အောက်ရေ အားလုံးပါဝင်ပါတယ်။ ဒီလိုနဲ့ ရေထဲမှာ အဲဒီ molecule တွေဖြည်းဖြည်းနဲ့ များလာရော...။ ခက်တာ ကဒီ carbamazepine က biodegradable လို့ခေါ်တဲ့ သူ့အလိုလို ပျက်စီးပျောက်ကွယ်လေ့ မရှိတာပဲ။

ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ သုံးတဲ့ပစ္စည်းတွေဟာ စွန့်ပစ်လိုက်တဲ့အခါ အမျိုးအစားပေါ်မူတည်ပြီး သူ့အလို လိုပျက်စီးချိန်တွေ ကွာလေ့ရှိပါတယ်။ ဥပမာ-စက္ကူတစ်ရွက်ဆိုရင် လွှင့်ပစ်လိုက်တဲ့အခါ ဝါး၊ သစ်ခေါက် စ,တာ ကနေ လုပ်ထားတဲ့ အတွက် ၂ လကနေ ၅ လအတွင်း ပျောက်ကွယ်သွားလိမ့်မယ်။ Chewing-gum တစ်ခုဆို ရင် ၅ နှစ်ကြာမယ်၊ စီးကရက်အစီခံ တစ်ခုဆိုရင် ၅ နှစ်ကနေ ၁၂ နှစ်အထိ ကြာနိုင်တယ်၊ နေရာတကာမှာ သုံး ကြတဲ့ ပလပ်စတစ်အိတ် တစ်အိတ်ဆိုရင် နှစ် ၄၀၀ ကြာတယ်၊ ဓါတ်ခဲတစ်လုံးဆိုရင်တော့ နှစ်ပေါင်း ၇၈၀၀ ကျော်အထိကို ကြာပြီးမှ လုံးဝပျောက်ကွယ် လိမ့်မယ်။ ဒါကြောင့်လည်း တိုးတက်တဲ့ နိုင်ငံတွေမှာ အမှိုက်တွေကို မပစ်ခင် ခွဲခြားတဲ့ စနစ်ကို ကျင့်သုံးကြလေ့ ရှိတာပေါ့၊ ဒီလို biodegrade ဖြစ်တယ်ဆိုတာက ဘက်တီးရီးယားပိုး တွေက တတိတိနဲ့ လှိုက်စားလို့ ဖြစ်တာပါ။ ဒါပေမယ့် carbamazepine လို pharmaceutical molecule မျိုးကျ တော့ ဒီလို မပျက်စီးပါဘူး။

အကျိုးဆက်ကတော့ ရေထဲရောက်သွားတဲ့ molecule တွေဟာ ဒီအတိုင်းပဲ ရှိနေပြီးတော့ water cycle ထဲမှာ လည်နေမယ်။ ဒီရေကို နောက်တခါသုံးမိတဲ့အခါ လူ့ကိုယ်ခန္ဓာကိုယ်ထဲကို ရောက်လာမယ်။ အဲဒီလို ဖြစ်ရပ်တွေ များလာတဲ့ အခါ ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တာပါပဲ။ အခုတောင် ဒီလို molecule တွေ အတွေ့ရများတဲ့ ရေထဲမှာရှိတဲ့ ငါးတချို့ဟာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနေတယ်။ ဒီလိုဖြစ်ရပ်တွေ ဟာလွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက်ကမှ စခဲ့တာမို့ လူ့အသိုင်းအဝိုင်းဟာ တားဆီးကာကွယ်ဖို့ အဆင်သင့် မဖြစ်သေးဘူး၊ ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံတွေမှာရှိတဲ့ ရေသန့်စင်တဲ့ စက်ရုံတွေမှာတောင် ခေတ်မှီ တဲ့ filtration system တွေကောင်းကောင်း မရှိပါဘူး။

ဒီဖက်ပိုင်း နှစ်တွေမှာတော့ ဒီအကြောင်းကို အသားပေးပြီး အထူးလေ့လာတဲ့ လူတွေတဖြည်းဖြည်းများလာပါပြီ၊ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို စာတမ်းတွေနဲ့ တင်ပြကြတယ်၊ ဒီ carbamazepine ဟာလည်း ကျနော်လုပ် နေတဲ့ ပရော့ဂျက်တွေထဲက တစ်ခုပါ။ ဟိုတနေ့က ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ် peterborough မြို့မှာ ရှိတဲ့ Trent university၊ ရေအရင်းအမြစ်ဌာနမှာလုပ်တဲ့ သုတေသီနှစ်ယောက်က carbamazepine အကြောင်း ရေးထားတဲ့ စာတမ်းတစ်စောင် ဖတ်ရပါတယ်၊ အခုလောလောဆယ်အထိ ဖတ်ရသမျှထဲမှာတော့ သူတို့ရဲ့ တွေ့ ရှိချက်က အပြည့်စုံဆုံးပါပဲ။ ကျနော်လည်း တော်တော်ပျော်သွားတယ်၊ Degradation ဖြစ်လာနိုင်တဲ့ လမ်း ကြောင်းတွေကို ပြထားပြီးတော့ ဘယ်လို analyse လုပ်ရမလဲဆိုတာ အကိုးအကားများစွာနဲ့ အကျယ်တဝင့် ဆွေးနွေးထားတယ်၊ အနည်းဆုံးတော့ theory အရ လုပ်နိုင်တာတွေ တွေ့ထားပြီပေါ့လေ...။ မကြာခင်မှာတော့ လက်တွေ့ပိုင်းကို ကူးဖို့ရှိပါတယ်၊ တကယ်တော့ carbamazepine ဟာပတ်ဝန်းကျင်ကို ဒုက္ခပေးနိုင်တဲ့ ဆေးဝါး များစွာထဲက တစ်ခုပါ၊ သူ့လိုမျိုး molecule တွေအများကြီး ရှိပါသေးတယ်၊ တဖြည်းဖြည်းတော့ ဒီလိုပဲ ရှာဖွေ စမ်းသပ်လုပ်ကြည့် သွားရမှာပါပဲ၊ လောလောဆယ်တော့ carbamazepine analysis အတွက် ကျနော် စိတ် လှုပ်ရှား ပျော်ရွှင်နေမိပါတယ်။ ။


ညီလင်းသစ်
၁၂ မတ်၊ ၂၀၀၈

ကုန်ပါတော့ဆောင်းရယ်...


ဒီနှစ်ဆောင်းကတော့ နဲနဲစံချိန်တင်ရမယ့် ဆောင်းထင်တယ်၊ ကုန်ပဲမကုန်နိုင်တော့ဘူး။ ပြီးခဲ့တဲ့ရက်အနည်းငယ် ကတော့ အပူချိန်တွေပြန်တက်လာ၊ နေရောင်ခြည်တွေဆက်တိုက်ပွင့်လာ ဆိုတော့ သာယာတဲ့ရက်တွေ နီးလာ ပြီလို့ထင်ခဲ့မိတာ...၊ သိပ်မကြာပါဘူး နေ့စဉ်ရက်ဆက်ပြန်အေးလာတာ အရင်အတိုင်းပါပဲ။

ကျနော်ဒီကို ရောက်ခါစ,က ဆောင်းတွင်းရောက်ရင် တော်တော်ပျော်တယ်။ အပူပိုင်းဒေသက လာတဲ့လူပီပီ တုန်ခိုက်နေအောင်အေးတဲ့ အအေးဓါတ်ကိုရော၊ တဖွဲဖွဲကျတဲ့ နှင်းတွေကိုရော၊ ခဲနေတတ်တဲ့ ရေတွေကိုရော၊ အားလုံးကအထူးအဆန်း ဖြစ်နေခဲ့တာကိုး...။ ဒေသခံတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားကြတယ်၊ ကျနော်ခေါင်းစဉ်တင်ထားတဲ့ စကားမျိုးကို သူတို့တွေဆီက ခဏခဏကြားရတော့ ကျနော်သိပ်နားမလည် နိုင်ခဲ့ ဘူး၊ အခု ဒီနှစ်မှာတော့ ရှည်ကြာလွန်းလှတဲ့ ဆောင်းတွင်းကို နဲနဲအပျော်လျော့လာပြီ လို့ပဲပြောရတော့မယ်။

ပိုဆိုးတာက ဒီနှစ်ဆောင်းမှာခေါင်းမာတဲ့ တုပ်ကွေးက ဒုက္ခပေးတာပါပဲ၊ တခါနှာစေး အအေးမိလိုက်ရင် တော်တော်နဲ့ မပျောက်တော့သလို ပျောက်ပြီးရင်လည်း အချိန်မရွေး အလွယ်တကူပြန်ဖြစ်တတ်တယ်။ မီဒီယာ တွေကတောင် တော်ရုံတန်ရုံနဲ့ မပျောက်တဲ့တုပ်ကွေးလို့ ပြောယူရတယ်၊ အဲဒီလို ပေတီးပေကတ်နဲ့ ဘယ်သူ့ကို မှကောင်းကျိုး မပေးတဲ့ တုပ်ကွေးဟာ ကျနော့်ကိုလည်း ချမ်းသာမပေးခဲ့ဘူး၊ တော်ရုံတန်ရုံ ဖျားလေ့မရှိတဲ့ ကျနော်ကဒီနှစ်မှာတော့ တုပ်ကွေးကို ကန်ထရိုက်ဆွဲထားသလား အောက်မေ့ရအောင် နှာတစိုစို၊ ချောင်းတ ဟွတ်ဟွတ်နဲ့... ...။ ပြီးတော့ ကျနော်တစ်ယောက်ထဲတင် မဟုတ်ပြန်ဘူး။ သားငယ်လေးက သူ့ကျောင်းက နေ အဖျားကူးလာ၊ ပြီးတော့ သူ့အဖျားကို ကျနော့်ကို လက်ဆင့်ကမ်း၊ သူ နေကောင်းသွားချိန်မှာ ကျနော်က ဖျား၊ တခါကျနော်က အဲဒီအဖျားကို မအိမ်သူကို လက်ဆင့်ကမ်း၊ ကျနော် နေကောင်းသွားချိန်မှာ မအိမ်သူ ကဖျား...။ အားလုံးနေကောင်း သွားချိန်မှာ သားငယ်လေးက သူ့ကျောင်းကနေ နောက်တခါ အဖျားထပ်ကူး လာ..၊ ဒီလိုနဲ့ပဲ ဂျာအေး မဟုတ်တဲ့ ကျနော်တို့တွေဟာ အမေမဟုတ်တဲ့ အဖျားရဲ့ ရိုက်ခြင်းကို ခံနေခဲ့ရ ပြန်ပါရော... ...။

အကျိုးဆက်က အလုပ်ထဲမှာလည်း အာရုံစိုက်လို့မရ၊ စာလည်းမဖတ်ချင်၊ ဘလော့ဂ်လည်း မရေးချင်နဲ့၊ ဒေသခံ တချို့ကဆောင်းတွင်းဆိုရင် ကာကွယ်ဆေးတွေဘာတွေ သောက်ကြ၊ ထိုးကြတာ အခုတော့နဲနဲ သဘောပေါက် လာခဲ့ပြီ။ ပြီးတော့ အသက်ကလည်း ကြီးလာခဲ့ပြီကိုး၊ ဇရာရဲ့ သဘောကို ရေးတေးတေးတော့ ပေါက်လာပြီလို့ ဆိုရမယ်။ ဒီနေ့လည်း အေးရတဲ့ကြားထဲ မိုးကပါ ရွာချင်ချင်၊ ပြင်သစ်စကားမှာ ပြောလေ့ရှိတယ်။ On ne voit pas encore le bout du tunnel. တဲ့၊ မဲမှောင်နေတဲ့ လှိုဏ်ခေါင်းထဲမှာပဲ ရှိတုန်း၊ ထွက်ပေါက်ကို မမြင်ရသေး ဘူး ဆိုတဲ့အဓိပ္ပါယ်။ ကျနော်လည်း ရှည်လျားလှတဲ့ ဆောင်းလှိုဏ်ခေါင်းကြီးထဲမှာ စမ်းတဝါးဝါးနဲ့ ချမ်းနေဆဲပါပဲ ဗျာ။ ။


ညီလင်းသစ်
၁၀ မတ်၊ ၂၀၀၈

ကွတ်ကီးတစ်ထုပ်အကြောင်း


ကြီးမားကျယ်ပြန့်လှသော လေဆိပ်ခန်းမကြီးထဲမှာ ရပ်ဝေးရပ်နီးသွားကြမည့် ခရီးသွားတို့ဖြင့် လှုပ်ရှားဆူညံ လျက်ရှိသည်။ အချို့ကဝန်စည်စလယ်များ တနင့်တပိုးဖြင့် ဖိစီးလေးလံနေသလောက် အချို့ကတော့ လက်ဆွဲ အိတ်များဖြင့် ပေါ့ပေါ့ပါးပါး ရှိနေကြသည်။ ဝမ်းနည်းရိပ်စွက်သော မျက်နှာများဖြင့် လိုက်လံပို့ဆောင် နှုတ်ဆက် သူများ၊ ပြုံးပျော်ရွှင်မြူးသော မျက်နှာများဖြင့် လာကြိုသူများ၊ ခံစားမှုတစုံတရာ မရှိသော သာမန်မျက်နှာများဖြင့် လေဆိပ်ဝန်ထမ်းများ...၊ မြင်ကွင်းတခုလုံးက ပြဇတ်ဆန်ဆန်အသက်ဝင်လျက်ရှိသည်။

ခရီးသွားသေတ္တာကို လေကြောင်းလိုင်းကောင်တာမှာ အပ်နှံပြီးပြီမို့ သူမအနေဖြင့် ပေါ့ပါးလွတ်လပ်စွာ လူဝင်မှု ကြီးကြပ်ရေးကောင်တာသို့ လျှောက်လာခဲ့သည်။ ကောင်တာရှေ့မှာ တန်းစီနေသူ များများစားစားမရှိ၊ စုံတွဲဖြစ် ဟန်တူသူ နှစ်ယောက်ကိုသာ တွေ့ရသည်။ သူမလည်း နောက်မှဝင်ရပ်လိုက်ရင်း ခရီးဆောင်လက်ဆွဲအိတ်ထဲမှ နိုင်ငံကူးလက်မှတ်ကို အသင့်ထုတ်ကိုင် ထားလိုက်သည်။ သူမအလှည့်ရောက်သောအခါ ကောင်တာရှေ့မှာရပ် ရင်း ပတ်စ်ပို့စာအုပ်ကို ထိုးပေးလိုက်သည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိအမျိုးသမီးက သူမကိုတချက် မျက်လုံး လှန်ကြည့်ရင်း ပတ်စ်ပို့ကို ဟိုဟိုဒီဒီ လှန်လှောကြည့်သည်။ ပြီးတော့ အပြုံးမြမြဖြင့် ပြန်ပေးရင်း...

" ကောင်းသောခရီးဖြစ်ပါစေရှင် "...။
" ကျေးဇူးတင်ပါတယ် " ဟုအပြုံးတဝက်ဖြင့် ပြန်ပြောရင်း သူမ လှည့်ထွက်လာခဲ့သည်။

လေကြောင်းလိုင်းဆိုင်ရာ ကိစ္စတွေတော့ ပြီးသွားပြီ၊ လက်မှနာရီကို ကြည့်တော့ လေယာဉ်ပေါ်တက်ရဖို့ အချိန် အတော်လိုသေးသည်။ ပျင်းရိစွာဖြင့် အချိန်တွေဖြုန်းရဦးမည့် အရေးတွေးနေခိုက် ဗိုက်ထဲမှ ဆာသလိုလိုဖြစ်လာ သည်။ 'ဟုတ်သားပဲ...လေဆိပ်ကို အချိန်မှီရောက်ဖို့ စိတ်စောနေတာနဲ့ မနက်ကဘာမှ မစားခဲ့ရဘူး'။ စား သောက်ခန်းမှာ သွားစားဖို့ကျပြန်တော့ တစ်ယောက်တည်းမို့ သိပ်စိတ်မပါ၊ ဘေးဘီကိုကြည့်လိုက်တော့ခပ်လှမ်း လှမ်းမှာ စူပါမားကက်အသေးလေးတစ်ခု...။ အဲဒီမှာပဲ တစ်ခုခုဝယ်စားဖို့တွေးရင်း လျှောက်လာခဲ့သည်။

ဆိုင်ထဲရောက်တော့ မုန့်တွေထားသော စင်ပေါ်မှာ ကွတ်ကီးမုန့်ထုပ်တွေ တွေ့ရသည်။ ကွတ်ကီးကြိုက်သော သူမအဖို့ ရှည်ရှည်ဝေး ဝေးလိုက်ရှာနေစရာ မလိုတော့၊ အရွယ်ခပ်လတ်လတ်တစ်ထုပ်ကိုသူမ ရွေးလိုက်သည်။ စူပါမားကက်မှ လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမဖက် ပြန်လျှောက်လာရင်း ဆိုင်ခန်းများကို သူမ ငေးလာခဲ့သည်။ အကောက်ခွန်ကင်းလွတ်ခွင့် ပစ္စည်းများရောင်းချသော ဆိုင်ပေါင်းစုံဖြင့် လေဆိပ်ခန်းမ စင်္ကြန်သည် သူမလို စောင်းဆိုင်းရမည့် သူတွေအဖို့ အချိန်ဖြုန်းစရာ နေရာကောင်းတခုဖြစ်သည်။ အရက်ပုလင်း မျိုးစုံ ရောင်းသည့်ဆိုင်၊ ရေမွှေးများ ရောင်းသည့်ဆိုင်၊ အမှတ်တရပစ္စည်းများ ရောင်းသည့်ဆိုင်၊ အစုံပါပဲလေ..။ ထိုသို့လျှောက်လာရင်းမှ စာအုပ်ဆိုင်ခပ်သေးသေး တစ်ခုကို သူမသတိပြုမိသွားသည်။ 'ဟုတ်ပြီ၊ ဒီလို လျှောက် သွားနေမယ့်အစား စာအုပ်တစ်အုပ်ဝယ်ပြီး တနေရာရာမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေတာ ပိုကောင်း မယ်'ဟုတွေးလိုက်ရင်း စာအုပ် ဆိုင်ဖက်ကို သူမခြေဦးလှည့်လိုက်သည်။

စာအုပ်ဆိုင်လေးသည် သေးငယ်သော်လည်း နောက်ဆုံးထုတ်မဂ္ဂဇင်းများ၊ ဝတ္ထုစာအုပ်များဖြင့် စုံလင်လှသည်။ ဖတ်နေကျ ကျန်းမာရေးမဂ္ဂဇင်းတစ်အုပ်ဝယ်လိုက်ရင်း ကောင်တာမှာငွေရှင်းတော့ အရောင်းတာဝန်ခံ ကောင်မ လေးက သူမ ကိုပြုံးပြရင်း 'ကောင်းသောခရီးဖြစ်ပါစေ'ဟု နှုတ်ဆက်ပြန်သည်။ သူမကလည်း ပြန်ပြုံးပြလိုက်ရင်း ကျေနပ်စွာ လှည့်ထွက်လာခဲ့သည်။ သူမ၏ ထူးခြားချက်မှာ မြင်သူတိုင်းက သူမအား ခင်မင်လိုစိတ်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သွယ်ပျောင်းသောကိုယ်ဟန်၊ ကျော့ရှင်းသောမျက်နှာထားတို့ဖြင့် သူမသည်နှစ်လိုဖွယ်ရာ ရှိသူတစ် ယောက်ပင်၊ သူမကလည်း အတတ်နိုင်ဆုံး မျက်နှာကိုကြည်စင်အောင်ထားခဲ့သည်။ စိတ်ညစ်စရာ၊ ဒေါသထွက် စရာပေါ်သည့်တိုင် အပြင်ပန်းတွင် မပေါ်လွင်စေရ..၊ လူတဖက်သားမသိအောင် မျိုသိပ်ထိန်းချုပ်နိုင်လေ့ရှိသည်။

**********

လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမထဲရောက်တော့ ခန်းမက တဝက်နီးပါးခန့်ပြည့်နေခဲ့ပြီ။ အစွန်ဖက် ကျကျထိုင်ခုံ တစ်ခုမှာဝင်ထိုင်လိုက်ရင်း ပစ္စည်းများကို နေရာချသည်။ ကွတ်ကီးတစ်ကိုက် စာတစ်ပိုဒ်ဖြင့် အချိန်တွေကို နှစ်ခြိုက်စွာဖြတ်သန်းဖို့ပြင်သည်။ ဘေးကို ဘာရယ်မဟုတ် ကြည့်မိတော့ ကွတ်ကီးထုပ်တင်ထား သည့် ခုံဘေးမှာ သူမလိုပဲ စာဖတ်ဖို့ ပြင်နေသည့် လူရွယ်တစ်ဦးကို တွေ့ရသည်။ သူမက လတ်တလော ဝယ်လာသည့် ကျန်းမာရေးမဂ္ဂဇင်းကို ဖွင့်လိုက်ရင်း ဘေးထိုင်ခုံပေါ်မှာ ချထားသည့် ကွတ်ကီးထုပ်ကို လက်လှမ်းလိုက်သည်။ ထိုစဉ် သူမ၏စိတ်ထဲမှာ တစုံတယောက်ကကြည့်နေသည်ဟု ခံစားရသောကြောင့် ဘေးကိုကြည့်လိုက်ရာ စောစောကလူရွယ်နှင့် အကြည့်ချင်း ဆုံသွား သည်။ ထိုအခါ သူက သူမကို ပြုံးပြရင်း ကွတ်ကီးတစ်ချပ်ကို ယူစားလိုက်တာ တွေ့လိုက် ရသည်။ သူမလည်း မကောင်းတတ်၍ အူကြောင်ကြောင်ဖြင့် ပြန်ပြုံးပြရင်း စာဆက်ဖတ်ဖို့ ကြိုးစားလိုက်သည်။

သို့သော် စိတ်ထဲမှတွေးနေမိသည်။ 'ဒီလူကလည်း...အနဲဆုံးတော့ ခွင့်လေးဘာလေး တောင်းဖို့ကောင်းတာပေါ့၊ အခုတော့ မပြောမဆိုနဲ့'...၊ ထို့နောက် စာထဲမှာ အာရုံနှစ်ထားလိုက်သည်။ ခဏအကြာ ဒုတိယကွတ်ကီးတစ်ချပ် ကိုသူမ ယူစားလိုက်သည်။ မရှေးမနှောင်းပင် ဘေးမှလူရွယ်ကလည်း တစ်ချပ်ယူစားလိုက် ပြန်သည်။ သူမ အတန်ငယ် အံ့သြသွားသည်။ 'ဟင်..ဘယ်လိုလူပါလိမ့်၊ ပိုင်စိုးပိုင်နင်းနဲ့...'၊ သို့သော် တဆက်ထဲ သူမ တွေးမိ သွားပြန်သည်။ 'အင်းလေ...သူလဲ ငါ့လိုဘာမှ မစားခဲ့ရလို့နဲ့တူတယ်၊ တော်တော် ဗိုက်ဆာနေရှာတယ်ထင်ပါ့'၊ ထို့နောက် ဖတ်လက်စ ဦးနှောက်အမြှေးပါးရောင် ရောဂါအကြောင်း ဆောင်းပါးကို ဆက်ဖတ်နေလိုက်သည်။

"... ဦးနှောက်အတွင်းမှ ပုံမှန်မဟုတ်သော ဆဲလ်ပွားနှုန်းများကြောင့် ဦးနှောက်၏ မူလအခြေခံလုပ်ငန်းရပ်... " ဖတ်လက်စ စာကြောင်းမှ မျက်လုံးမခွာဘဲ နောက်ထပ်ကွတ်ကီးတစ်ချပ် သူမ ယူစားလိုက်သည်။ စက္ကန့်မဆိုင်း တဖက်မှလူကလည်း တစ်ချပ်ယူစားလိုက်တာ သူမ မျက်ဝန်းထောင့်မှ မြင်ဖြစ်အောင်မြင်လိုက်သည်။ ဒီတစ်ခါ တော့ သူမ အတော်လေး ဒေါသထွက်သွားသည်။ 'ဘယ့်နှယ့်...စားတာတော့စားပေါ့၊ ဒါပေမယ့် ပိုင်ရှင်ကိုခွင့် လေးဘာလေး တောင်းဖို့ကောင်းတယ်၊ ဒါသက်သက် စော်ကားတာပဲ...'၊ မျက်ဝန်းထောင့်မှ မသိမသာငဲ့ကြည့် တော့ ကိုယ်တော်ချောက စာဖတ်မပျက်..၊ သူမ ဘာတွေဖြစ်နေလဲဆိုတာ သိပုံပင်မပေါ်၊ 'ကြည့်စမ်း...လုပ်နေ တဲ့ပုံက...ကွတ်ကီးတစ်ထုပ်ကို နှစ်ယောက်အတူ မျှစားနေတဲ့ စုံတွဲပုံစံမျိုးနဲ့...၊ ဟွန်း..တော်တော်လူပါးဝတယ်'။

ထိုနောက်တော့ သူမ ဘယ်လိုမှ စာဆက်ဖတ်လို့မရတော့၊ သူမ ကွတ်ကီးတစ်ချပ်စားတိုင်း ထိုလူက တစ်ချပ်ယူ စားလိုက်၊ သူမက ဒေါသတွေ အကြီးအကျယ်ထွက်လိုက်၊ ဟိုလူ့ကို စိတ်ထဲမှ ကျိန်ဆဲလိုက်...၊ ထိုလူက ဘာမှ မဖြစ်သည့်အလား စာဆက်ဖတ်လိုက်...၊ မခံချိမခံသာ ဖြစ်သည့်စိတ်တို့ဖြင့် သူမစိတ်တိုလျက် ရှိသည်။ ဒါပေမယ့် သူမ၏ထုံးစံအတိုင်း ဒေါသအမျက် အပြင်မထွက်စေရ။ ဤ အခန်းထဲမှ လူတွေကတော့ သူမဘာတွေ ဖြစ်နေလဲဟု သိပုံမပေါ်၊ အခန်းထဲက လူတွေမပြောနှင့်, ဘေးနားမှ ထိုလူသည်ပင် မသိ၊ သူ့ဟာသူ အေးအေး လူလူ စာဆက်ဖတ်နေဆဲ...။

သူမကတော့ တစ်ယောက်တည်း ဒေါသတွေနှင့် အကြီးအကျယ် ပူပြင်းလောင်မြိုက် နေပြီဖြစ်သည်။ 'ဒီမှာ..ရှင် ဒါဘာအချိုး ချိုးတာလဲ၊ ကျမကဘာမှမပြောတိုင်း ရှင်ရောင့်တက်မလာနဲ့နော်၊ အစောကြီးကတည်းက ဘာမှ မ ပြောချင်လို့ ကြည့်နေတာ, နားလည်လား' ဟုပြောလိုက်မည် ကြံရွယ်လိုက်သည်။ သို့သော် ချက်ချင်းပဲ သူမ စဉ်း စားမိသွားသည်။ 'နေဦး...ဒီလူက သူမနဲ့ရင်းနှီးဖို့ လမ်းစ ရှာနေတာများလား'၊ အင်း, ပြောလို့မရ..။ ဖြစ်ချင်ဖြစ်နိုင် သည်။ ဒီလိုနည်းနဲ့ စကားပြောခွင့်ရအောင် ရည်ရွယ်တယ်ပေါ့လေ...။ သူမ စိတ်ထဲမှ ပြုံးမိသွားသည်။ 'ဒါဆိုရင် တော့ ရှင်အကြီးအကျယ် မှားသွားပြီ၊ ကျမကို စိတ်အနှောင့်အယှက် ပေးပြီးမှ ဒီလိုအခွင့်အရေးရမယ်လို့ ရှင်ထင် နေလား၊ စိတ်ချ...ဘယ်တော့မှ ရှင်မရစေ ရဘူး'။ သူမ၏မာနတို့ ရုန်းကြွလာခဲ့သည်။

ထို့နောက်..စိတ်အာရုံပြောင်းသည့် အနေဖြင့် မှန်နံရံ၏ အပြင်ဖက်မှ မြင်ကွင်းများကို သူမ ငေးနေလိုက်သည်။ အချက်အချာကျသည့် လေဆိပ်ဖြစ်သည့်အတိုင်း လေယာဉ်အတက်အဆင်းတို့ကို မိနစ်မခြား မြင်နေရသည်။ ကေအယ်လ်အမ် လေကြောင်းပိုင် ကြီးမားသော ဘိုးအင်းလေယာဉ်ကြီးတစ်စင်း အရှိန်ဖြင့် ပြေးလမ်းပေါ်သို့ ဆင်းချလာသည်။ ထိုလေယာဉ်ကြီးကို လိုက်ကြည့်နေခိုက် ဟိုလူကွတ်ကီးတစ်ချပ် ယူစားလိုက်တာ မျက်ဝန်း ထောင့်စွန်းမှ သူမ မြင်လိုက်ပြန်သည်။ ဒီတခါတော့ သူ့ဖက်ကို စိတ်မှတ်မဲ့ သူမ လှည့်ကြည့်လိုက်မိသည်။ ထိုလူ ကသူမ လှမ်းကြည့်သည်ကို သိဟန်မတူပါ၊ စာကိုသာ စူးစူးစိုက်စိုက် ဆက်ဖတ်နေသည်။ တလောကလုံးမှာ သူရယ်၊ စာအုပ်ရယ်၊ ကွတ်ကီးတစ်ထုပ်ရယ်သာ ရှိသည့်ပုံမျိုး...။

ရှေ့တူရှုကို ပြန်လှည့်လိုက်ရင်း သူမ စဉ်းစားနေမိသည်။ အကယ်၍သူသာ သူမနှင့် မိတ်ဖွဲ့ချင်ရိုး မှန်လျှင် သူမ သူ့ဖက်ကို လှည့်သည်နှင့် သူစကားပြောရမည်။ အခုတော့ ထိုသို့မဟုတ်..။ ထိုသူသည် သူမထက် ကွတ်ကီးကို သာ ပို၍စိတ်ဝင်စား သည့်ပုံ...။ ဒါဖြင့်လျှင်လည်း ကိစ္စမရှိ၊ ဗိုက်ဆာနေသူ တစ်ယောက်နှင့် ကွတ်ကီးဝေစားဖို့ တွန့်တိုရလောက်သည်အထိတော့ သူမ စိတ်မပုပ်ပါ။ သို့သော် သူမ စဉ်းစားမိသွားပြန်သည်။ 'နေစမ်းပါဦး..အခု ကိစ္စက ကွတ်ကီးဝေစားဖို့ ဆန္ဒရှိလား မရှိဘူးလား သိဖို့မဟုတ်ဘူး၊ အခုကိစ္စက အသိအမှတ်ပြုမှု...၊ ဟုတ်တယ် အသိအမှတ်ပြုမှု၊ လေးစားမှု၊ ပိုင်ရှင်ရှိတဲ့ ပစ္စည်းတစ်ခုကို ခွင့်တောင်းပြီးမှ သုံးစွဲရတဲ့ ယဉ်ကျေးမှု...'။ ဒါတွေ မရှိ ရင်တော့ ပစ္စည်းပိုင်ရှင်ကို စော်ကားရာ ကျတာပဲ၊ ထို့ကြောင့်ပင် သူမ ဒေါသထွက်နေရ ခြင်းဖြစ်သည်။

အရေးထဲမှာ ဗိုက်က ဆာလာပြန်သည်။ သူမ ကြိုက်နှစ်သက်သည့် ကွတ်ကီးများ...၊ ထိုကွတ်ကီးများသည် လက်တကမ်းမှာသာ ရှိနေကြသည်။ သို့သော် တဖက်ကလည်း သူစိမ်းယောက်ျားလေးတစ်ယောက်နှင့် မုန့်ဝေ စားရမည့် အဖြစ်..၊ အို...ဘာဖြစ်လဲ၊ ငါ့ကွတ်ကီး ငါစားတဲ့ကိစ္စ ဘာဖြစ်လို့ လက်တွန့်နေရမှာလဲ၊ ထို့သို့ တွေးပြီး သူမ ကွတ်ကီးတစ်ချပ် ယူစားလိုက်သည်။ မရှေးမနှောင်းမှာပဲ ထိုလူကလည်း တစ်ချပ်ယူစားလိုက်ပြန်သည်။ အခုအချိန်မှာတော့ သူမ ဒေါသအကြီးအကျယ် ထွက်နေပြီဖြစ်သည်။ 'တောက်...ဒါတော့တရားလွန် လွန်းနေပြီ၊ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်..၊ ဘယ်တော့ရပ်သွားမလဲ လို့စောင့်ကြည့်နေတာ၊ အခုတော့ သူက ရလေလိုလေ အိုတစ္ဆေပါလား၊ ပြောမှသိတဲ့ လူတော့လား... ...ကဲ,လာစမ်း'၊ ထိုသူကို တုန့်ပြန်ရန် သူမ စဉ်းစား ပြီးတဖက်သို့လှည့်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပဲ အတွေးတခုဝင်လာသည်။ 'နေဦး..ခေါင်းအေးအေးထားစမ်း၊ အခုဖြစ်နေတာက ဘာမှကြီးကျယ်တာ မဟုတ်ဘူး၊ ကွတ်ကီးတစ်ထုပ်ကို အတူဝေစားတယ်၊ ဟုတ်တယ်..အဲဒါ ဘာဖြစ်လဲ၊ ပြီးရင် ကိုယ့်လမ်းကိုယ်ဆက်သွားကြမှာပဲ၊ ဒါလေးအတွက်နဲ့ ရန်တွေ့မလို့လား၊ ဘာမဟုတ်တဲ့ မုန့် တစ်ထုပ်အတွက်နဲ့ လူပုံအလယ်မှာ ခွန်းကြီးခွန်းငယ် စကားများရမှာ နင်မရှက်ဖူးလား'...၊ သူမတုန့်သွားသည်။ သူမသည် ရန်ဖြစ်ရမည့် ကိစ္စများကို ရှောင်လေ့ရှိသူ၊ ဒေါသကို မျိုသိပ်တတ်သူ၊ စိတ်ထားကို သိမ်မွေ့အောင် ကြိုးစားထားလေ့ရှိသူ...၊ ဟုတ်သည်၊ မုန့်တစ်ထုပ်အတွက်နှင့် သူမ ရန်မဖြစ်ချင်ပါ...။

ရှိစေတော့...၊ 'ခွင့်မတောင်းဘဲ စားတာက သူ့အဆင့်အတန်းကို သူပြတာပဲ၊ ဒီလိုလူမျိုးနဲ့ ဖက်ပြီးရန်မဖြစ်တာပဲ ကောင်းပါတယ်'ဟု သူမ တွေးလိုက်သည်။ ထို့နောက် စာထဲမှာ အာရုံဝင်စားဖို့ ကြိုးစားကြည့်သည်။ မရ...။ သို့နှင့် သူမ က ကွတ်ကီးယူစားလိုက်၊ ထိုခရီးသွားလူစိမ်းက ကွတ်ကီးယူစားလိုက်နှင့် များစွာသော ခရီးသွားတို့ အလယ်တွင် သာမန်အတိုင်းပဲ ရှိနေကြသည်။ ထိုအခိုက် သူမ အကြည့်က ကွတ်ကီးထုပ်ပေါ်သို့ ရောက်သွား သည်။ ကွတ်ကီးထုပ်ထဲမှာက နောက်ဆုံးလက်ကျန် ကွတ်ကီးတစ်ချပ်...။ သူမ ဘာလုပ်ရမလဲ စဉ်းစားကြည့် သည်။ ဟိုလူ့ထက်ဦးအောင် ယူစားလိုက်ရမလား? သို့သော် ချက်ချင်းပဲ စိတ်ပြောင်းသွားသည်။ ဟိုလူဘာလုပ် မလဲ သိချင်လာသည်။ 'ကဲ...ဒီလောက်တောင် ငတ်ကြီးကျတဲ့လူ၊ သူဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့'...။

သူမ မသိမသာ စောင့်ကြည့်နေခိုက် ထိုလူစိမ်းက စာအုပ်မှ မျက်နှာမခွာဘဲ ကွတ်ကီးထုပ်ဆီ လက်လှမ်း လိုက်သည်။ သူ့လက်က ကွတ်ကီးတစ်ခု လွယ်လွယ်ကူကူ ရှာမတွေ့သည့်အခါ အထုပ်ပေါ်သို့ အကြည့်ရောက် လာသည်။ သူမ ကသူဘာလုပ်မလဲ သိချင်လှစွာနှင့် စာဖတ်ချင်ယောင်ဆောင်လျက် စောင့်ကြည့်နေမိသည်။ ကိုလူစိမ်းက ထိုနောက်ဆုံးလက်ကျန် ကွတ်ကီးကို အေးဆေးစွာ ကောက်ယူလိုက်သည်။ ထို့နောက် ထက်ခြမ်း ခြမ်းလိုက်ပြီး တခြမ်းကို အထုပ်ထဲပြန်ထည့်လိုက်ကာ ကျန်တခြမ်းကို စားလိုက်လေသည်။ ထို့နောက် စာကိုသာ ဆက်ဖတ်နေသည်။

ထိုနောက်ဆုံး အပြုအမူကတော့ သူမ အတွက်မျက်နှာကို ဖြတ်ရိုက်တာထက်ပင် အခံရခက်သွားလေသည်။ 'ဟား...ဒါကတော့ အပြောင်မြောက်ဆုံး စော်ကားမှုပဲ၊ တချိန်လုံး စိတ်ကြိုက်ယူစားနေပြီး အခုမှ မျှတသလိုလို ဘာလိုလို လာလုပ်မနေနဲ့၊ နင်သနားမှ ငါက စားရမယ့်သူ မဟုတ်ဘူး၊ ဒီလူဟာ မယုံနိုင်လောက်အောင် ရင့်သီးစော်ကားလှပါလား'...။ ဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း၊ အခံရခက်ခြင်း၊ စိတ်တိုခြင်း...စသည့် ခံစားမှု ပေါင်းစုံကို သူမ တပြိုင်နက်ခံစားလိုက်ရသည်။ သူမ၏ အတ္တနှင့်မာနကို တိုက်ရိုက်ထိပါး ခံလိုက်ရခြင်းဖြစ်သည်။ သူမ ဘယ်လိုမှ ဆက်ပြီးသည်းမခံနိုင်တော့။ ဒီလူရဲ့ ဘေးမှာ နောက်ထပ်တစ်စက္ကန့်တောင် ဆက်ပြီးမရှိ ချင်တော့ပါ။ တော်လောက်ပြီ၊ တခါမှ သိကျွမ်းခြင်းမရှိတဲ့ လူတစ်ယောက်ရဲ့ အစော်ကားကို ဒီလောက်ခံရရင် လုံလောက်ပြီ။ ခရီးဆောင်လက်ဆွဲအိတ်ကို ကောက်ယူလျက် ထွက်ခွာရမည့် ဂိတ်နားသို့သူမ ထွက်လာခဲ့ တော့သည်။ စိတ်လှုပ်ရှားမှုကြောင့် လူက နုံးချိတုန်ယင်လျက်။

**********

လေယာဉ်ထိုင်ခုံမှာ ထိုင်ပြီးသည်အထိ စိတ်လှုပ်ရှားမှုက မပြေချင်သေး၊ ဘေးက လေယာဉ်ပြတင်းမှတဆင့် အပြင်ဖက် မြင်ကွင်းများကို ငေးနေလိုက်သည်။ လူက တာဝေးခရီးတစ်ခုကို ပြေးလာခဲ့ရသူ တစ်ယောက်ပမာ မောဟိုက်နွမ်းလျလို့ နေသည်။အင်း...အခုအချိန်မှာတော့ မျက်နှာက အတော်ပျက်ယွင်း နေလိမ့်မည်ထင်သည်။ ထိုစဉ် ခရီးဆောင်အိတ်ထဲမှာ အမြဲပါလေ့ရှိသော မှန်ကလေးကို သူမ သတိရသွားသည်။ မှန်ကလေးကို ထုတ် ယူရန် လက်ဆွဲအိတ်ကို ဖွင့်လိုက်သည်။ အဲဒီမှာ သူမ အရမ်းအံ့သြသွားသည်။

အထဲမှာ ကွတ်ကီးမုန့်ထုပ်ကလေး... ... ...။

အသစ်ကျပ်ချွတ်..မတို့မထိရသေး။ ဟင်...ဘယ်လိုဖြစ်တာဘာလိမ့်၊ သူမချက်ချင်းပဲ သတိရသွားသည်။ စူပါ မားကက်မှ ထွက်လာတော့ မုန့်ထုပ်ကို လက်ဆွဲအိတ်ထဲ ချက်ချင်းထည့်လိုက်မိသည်။ ထိုစဉ်ကတည်းက ပြန်မ ထုတ်ဖြစ်ခဲ့...။ ဟာ... ဒါဆို ခုနက ငါစားနေခဲ့တဲ့ ကွတ်ကီးတွေက... ...၊ သွားပြီ...အကြီးအကျယ်တော့ မှားကုန် ပြီ။ ဘယ်လိုဖြစ်ပြီး အိတ်ထဲကပြန်ထုတ်ဖို့ မေ့သွားရတာလဲ၊ လေဆိပ်ခန်းမထဲမှာ ဘေးထိုင်ခုံမှ လူရွယ်၏ ကွတ်ကီးများကို သူမက ကိုယ့်ဟာအထင်နှင့် တလျှောက်လုံး စားနေခဲ့ခြင်း ဖြစ်သည်။ ရှက်ရွံ့စိတ် ကြောင့် သူမ တကိုယ်လုံး ချက်ချင်းပဲ ထူပူသွားသည်။ အမျိုးအမည် မသိသောခံစားမှုတခုက ရင်ထဲမှပျို့တက်လာပြီး လည်ချောင်းဝမှာ လာဆို့သည်။

ထိုစဉ်မှာပဲ စောစောကဖြစ်ခဲ့သော စိတ်ခံစားမှုတို့က အစီအရီ ပြန်ပေါ်လာကြသည်။ ထိုလူရွယ်အပေါ် ထားရှိခဲ့ သောအာဃာတများ...၊ စိတ်ထဲမှ ကျိန်ဆဲခဲ့မှုများ၊ ယဉ်ကျေးမှု မရှိသည့် အောက်တန်းကျသူ တစ်ယောက် အဖြစ် တွေးတောယိုးစွပ်ခဲ့မှုများ၊ လူမှုရေးနားမလည်, လေးစားသမှု မရှိသည့် ငတ်ကြီးကျတစ်ယောက်အဖြစ် တွေးထင်ခဲ့မှုများ...၊ အို... ... အခုတော့ ဒါတွေအားလုံးကို ကျူးလွန်ခဲ့သူက သူမ ကိုယ်တိုင်ပါပဲလား၊ သူမ က သာလျှင် သူတပါး၏ပစ္စည်းကို ခွင့်မတောင်းဘဲ သုံးစွဲခဲ့ပြီး ပိုင်ရှင်အပေါ်မှာပင် ပြန်ပြီးရန်လိုနေခဲ့မိပါလား။ လူရွယ်သည် သူ၏မုန့်ထုပ်အား အဆုံးထိတိုင် သူမနှင့် ဝေမျှစားသောက်ခဲ့သည်။ နောက်ဆုံးကွတ်ကီးတစ်ချပ် ကိုပင် ထက်ခြမ်း,ခြမ်းကာ စားသောက်ခဲ့သည်အထိ သူမအပေါ် ငြိုငြင်မှု မပြခဲ့ပေ၊ ထို့ပြင် သူမ အနေခက်မည် စိုး၍ သူမဖက်ကို အနည်းငယ်မျှပင် လှည့်မကြည့်ခဲ့။ ပုံမှန်အတိုင်းပင် အေးအေးလူလူ ကျော်ဖြတ်သွားခဲ့သည်။

ထိုလူရွယ်၏ စိတ်ထဲမှာ မည်ကဲ့သို့ ရှိခဲ့မည်လဲ ? သူမ တွေးပင်မတွေးရဲတော့၊ သူအခု ဘယ်ရောက်သွားပြီလဲ ? သူ့ကို ဘယ်လိုရှင်းပြရမှာလဲ ? ရှင်းပြလို့ကော အဓိပ္ပါယ်ရှိပါ့ ဦးမလား ? မေးခွန်းပေါင်းများစွာ ခံစားမှုပေါင်းများစွာဖြင့် မွန်းကျပ်လျက် သူမ မူးဝေနောက်ကျိ လာခဲ့သည်။ ဒီတခါ ဖြစ်ရသည့် စိတ်ခံစားမှုက စောစောကဟာနှင့်ယှဉ် လျှင်အဆပေါင်းများစွာ ပိုပါသည်။ သူမသည် လူရွယ်အပေါ် တဖက်သတ် စွပ်စွဲချက်များဖြင့် တလျှောက်လုံး ပူလောင်နေခဲ့ပြီး ထိုစွပ်စွဲချက်များ မိမိအပေါ်ပြန်ကျရောက် လာသောအခါ ထပ်မံ၍ပူလောင် ရပြန်သည်။ ဖြစ်ပြီး ခဲ့သမျှ အဖြစ်အပျက်တို့သည် သူမ အတွက်တော့ ရေမျက်နှာပြင်ပေါ် ရှပ်ပြီးပစ်လိုက်သော ကျောက်ခဲပြားတစ်ခု ပမာ မြန်ဆန်တုန်ခါလျက် ပြန်လည်ဆည်ယူရန်မှာမူ မဖြစ်နိုင် တော့ပြီ ဖြစ်သည်။ ။


ညီလင်းသစ်
၈ ဖေဖေါ်ဝါရီ၊ ၂၀၀၈
(ကျနော်ကြားဖူးထားတဲ့ ဇတ်လမ်းလေးကို ဆင့်ပွားခံစား ရေးဖွဲ့ပါတယ်...)

ပို့ဆောင်ရေးဝန်ကြီးနှင့် ပြားငါးဆယ်


ဒီနေ့ သတင်းစာထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းလေးတခု ဖတ်ရပါတယ်၊ သတင်းလို့ဆိုတာထက် ဘယ်သူမဆို ကြုံတွေ့နိုင်တဲ့ အဖြစ်အပျက်လေးတခု အကြောင်းဆိုရင် ပိုမှန်မယ်ထင်တယ်၊ လူတစ်ယောက်က ကားပါ့ကင်မှာ ကားရပ်ခဲ့ပြီး ယာဉ်ရပ်နားခပေးဖို့ မေ့သွားတဲ့အကြောင်းပါ၊ ဘာမှအထူးအထွေ မဟုတ်ပါဘူး၊ ဒါပေမယ့် မေ့သွားတဲ့လူက သယ်ယူပို့ဆောင်ရေးဝန်ကြီး ကိုယ်တိုင်ဖြစ်နေပြီး ဒီအကြောင်းကို သူကိုယ်တိုင်ကပဲ ရိုးသားစွာ ဝန်ခံပြောဆိုလိုက်တဲ့အခါ နောက်ကွယ်မှာ ဂယက်အချို့ထ သွားပါတော့တယ်...။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Moritz Leuenberger ကသူ့ရဲ့ ကိုယ်ပိုင် ဘလော့ဂ် မှာ ဒီအကြောင်းလေးကိုရေး သားခဲ့တာပါ၊ တရက်မှာ သူဈေးသွားဝယ်ပါသတဲ့...၊ ဈေးဆိုင်ရောက်တဲ့အခါ ကားပါ့ကင်မှာ ကားရပ်ခဲ့ပြီး ဈေး ထဲကိုသွားတယ်၊ ဝယ်ခြမ်းစရာတွေပြီးလို့ ကားဆီပြန်လာတဲ့အခါ ကားပါ့ကင်မှာ ယာဉ်ရပ်နားခ မပေးတဲ့ကား တွေကို လိုက်စစ်တဲ့ရဲနဲ့ ပက်ပင်းတိုးပါတယ်၊ သူရောက်သွားတဲ့ အချိန်မှာ အဲဒီရဲက ဝန်ကြီးကားရပ်နားခ မပေး ထားတာကိုမြင်တော့ ဝန်ကြီးကိုယ်စား သူက ပိုက်ဆံပေးစက်ထဲကို ပိုက်ဆံထည့်လိုက်ချိန်ပါ၊ သိပ်များများစား စားတော့ မဟုတ်ဘူး၊ ပြားငါးဆယ်ထဲပါ၊ အဖြစ်အပျက်က ဒါပါပဲ...။

ဒီအကြောင်းကိုအဲဒီဝန်ကြီးကိုယ်တိုင်က သူ့ဘလော့ဂ် မှာရေးတယ်၊ (တခြားရေးစရာ မရှိတော့လို့ ဆားချက်တာ များလား...)၊ အဲဒီမှာတင်ပဲ အစိုးရရဲ့အမှားစောင့်နေတဲ့ သတင်းစာတွေနဲ့ တိုးပါတော့တယ်၊ ဝန်ကြီးကို ကားစီးပြီး ကားရပ်ခ မပေးချင်တဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဆိုပြီး ဝိုင်းရေးကြသလို ကားပါ့ကင်ကရဲကိုလည်း ရိုးသားစွာကူညီမှုလား၊ မျက်နှာသာပေးမှုလား ဆိုပြီးမေးခွန်းထုတ်ကြတယ်။

တခြားဘလော့ဂါတွေကလည်း ဝန်ကြီးရဲ့ ဘလော့ဂ် မှာဝိုင်းပြီး မှတ်ချက်ရေး ဝေဖန်ကြတယ်၊ အများစုက နိုင်ငံ့အကြီးအကဲ ဖြစ်ပြီး တော့ ဥပဒေကို လေးစားမှုမရှိတာ အံ့အားသင့်တုန်လှုပ်ရကြောင်း မှတ်ချက်ရေးကြတယ်၊ တချို့ကတော့ သယ် ယူပို့ဆောင်ရေးဝန်ကြီးလုပ်နေပြီး ကိုယ်ပိုင်ကားစီးတာကို အပြစ်ပြောကြတယ်၊ 'ဘာဖြစ်လို့ ဘတ်စ်ကားမစီးတာ လဲ၊ တိုင်းပြည်ရဲ့ပိုက်ဆံနဲ့ပေးထားရတဲ့ တနှစ်စာယာဉ်စီးခွင့်လက်မှတ်ကို ဘယ်ချောင်ထိုးထားလဲ'စသဖြင့်ဝိုင်း ပြီးလက်စွမ်းပြကြတယ်၊ တစ်ယောက်ကဆိုရင် 'ခင်ဗျား နှုတ်ထွက် သင့်တယ်'လို့တောင် ပြင်းပြင်းထန်ထန်ဝေဖန် ပါတယ်၊ ဝန်ကြီးတစ်ယောက်တော့ ပြားငါးဆယ်ဖိုးနဲ့ မတန်အောင်အပြောခံလိုက်ရလေရဲ့...။

သတင်းစာတွေက ဒါနဲ့တင်အားမရသေးဘဲ တခြားအတိုက်အခံအမတ်အချို့ကိုပါ သဘောထား တောင်းခံလိုက် ပါသေးတယ်၊ အမတ်အများစုကတော့ ဝန်ကြီးအတွက် ပြားငါးဆယ်ပေးလိုက်တဲ့ ရဲကိုပဲ အပြစ်တင်ကြတယ်၊ တကယ်ဆိုရင် အားလုံးကို တပြေးညီဆက်ဆံသင့်တဲ့ အကြောင်း၊ သူ့အခုလုပ်ရပ်ကြောင့် ဥပဒေဟာအာဏာပိုင် တွေအတွက်ဆိုတမျိုး၊ အများပြည်သူအတွက်ဆိုရင်တမျိုးလို့ အထင်ရောက်စေကြောင်း၊ ဥပဒေရဲ့အထက်မှာ မည်သူမျှ မရှိသင့်ကြောင်း မှတ်ချက်ပေးကြတယ်။

ဥပဒေကို ပြားငါးဆယ်ဖိုး ချိုးဖောက်လိုက်တဲ့ ဝန်ကြီးတစ်ယောက်ကြောင့် တော်တော်လေးတော့ ပွဲဆူသွားခဲ့ တယ်၊ ဒီနေရာမှာ 'ပြားငါးဆယ်လောက်ကိုများကွာ အရေးလုပ်ပြီး စကားထဲထည့်ပြောနေရသေးတယ်'လို့မမြင် ဘဲ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ပတ်သက်လာရင် အာဏာပိုင်တွေရဲ့အမှားကို အချက်ကလေးမှ အလျှော့မပေး လစ်လျူမရှုတဲ့ သူတို့နိုင်ငံသားတွေရဲ့ သဘောထားကို သတိပြုမိပါတယ်၊ ဒီကိစ္စက 'ငါနဲ့မဆိုင်ဘူး၊ အားအား ယားယား သူ့ရဲ့ဘလောဂ်မှာလည်း သွားရေးမနေနိုင်ပါဘူး၊ သူလဲ တမင်လုပ်တာမှ မဟုတ်ဘဲ'လို့တွေးလိုက် မယ်ဆိုရင် မတော်တဆမေ့လျော့တာကနေ တမင်တကာချိုးဖောက်မှုတွေ ဆက်ဖြစ်လာမှာ အသေအချာပါ၊ ပြည်သူက ပြုပြင်ထိန်းသိမ်းမှု မရှိတဲ့ဒီမိုကရေစီ စနစ်တခုဟာ မိုးမလုံတဲ့ခေါင်တစ်ခုလိုပါပဲ၊ လျော့တိလျော့ရဲနဲ့ နေရာတကာမှာ ယိုပေါက်များစွာကို တွေ့ရမှာပါ၊ အဲဒီအမိုးအောက်မှာနေတဲ့ လူတွေမှာလည်း တချိန်လုံးစိုရွှဲပြီး အိပ်ကောင်းခြင်း၊ စားကောင်းခြင်းနဲ့ နေရမှာ မဟုတ်ပါဘူး။

ဒီအဖြစ်နဲ့ ပတ်သက်ပြီး ဥပဒေအထက်မှာ မည်သူမျှမရှိစေရ ဆိုတဲ့စကားရပ်နဲ့ သူ့ရဲ့နက်ရှိုင်းကျယ်ဝန်းတဲ့ အဓိပ္ပါယ် ကိုစဉ်းစားနေမိပါတယ်။ ။

ညီလင်းသစ်
၂၅ ဇန်နဝါရီ၊ ၂၀၀၈

ကသိကအောင့်ဖြစ်စရာ ဥပဒေသများ


ကျနော့်မှာ အီးမေးလ်ကနေ ဟာသတွေ၊ ပုံတွေ၊ တွေးတောစရာတွေ၊ ဗီဒီယိုအပိုင်းအစတွေ ပို့ပေးလေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်၊ သူက သူ့ဆီရောက်လာတဲ့ အဲဒီလို attachment မှန်သမျှကို ဆက်ပြီး လက် ဆင့်ကမ်း ဖြန့်ဝေလေ့ ရှိတယ်၊ အင်တာနက်ထဲမှာ တစ်ယောက်ဆီကနောက်တစ်ယောက်ဆီကို လှည့်ပတ် ပို့နေ ကြတဲ့ ဒီလိုဟာတွေကို ကျနော်တို့ မကြာခဏရလေ့ ရှိပါတယ်၊ အခုလည်း သူပို့လိုက်တဲ့ထဲက တစ်ခုကို စိတ်ကူး ရတာနဲ့ ဘာသာပြန်လိုက်တာပါ...။

ဒီလောကထဲက နေ့စဉ်ဘဝတွေမှာ ဖြစ်ပျက်လေ့ ရှိတာတွေပေါ့၊ စိတ်ပျက်စရာ, ကသိကအောင့်ဖြစ်စရာ အဖြစ် အပျက်တွေကို ကြောင်းကျိုးဆက်စပ်ပြီး ဥပဒေသပုံစံ သတ်မှတ်ပြောဆိုကြတဲ့ စကားစု၊ အတွေးစလေးတွေပါ၊ အကုန်လုံးတော့ မမှန်ပါဘူး၊ တချို့ဟာတွေက ပြုံးစရာကောင်းပြီး၊ တချို့ဟာလေးတွေကတော့ တွေးစရာ ကောင်းပါတယ်၊ မူရင်းစာအုပ်ကဘာလဲ ဆိုတာတော့ သူ့မေးလ်ထဲမှာ မပါပါဘူး။

(အိမ်မှာ Modem ကပျက်နေလို့ အင်တာနက်မဝင်နိုင်ဘဲ အသစ်မတင်နိုင်တာကြောင့် ကျနော့်ဘလော့ဂ်လေး ကို အသက်ဆက်ဖို့အရေး ဒီပို့စ်လေးကိုအလုပ်ကနေ အချိန်လုပြီး တင်လိုက်ပါတယ်...)

*******

မာဖီ ဥပဒေသ (Loi de Murphy)
ရေချိုးကန်ထဲဝင်စိမ်လိုက်သော ခန္ဓာကိုယ်တိုင်းသည် တယ်လီဖုန်းကို မြည်အောင်စွမ်းဆောင်နိုင်ကြသည်။

ရူဘီစည်းမျဉ်း (Principe de Ruby)
တစုံတစ်ယောက်နှင့် တွဲသွားတွဲလာလုပ်ရင်း အများမမြင်စေလိုသော အချိန်တွင်မှ အသိအကျွမ်းတစ်ယောက် မဟုတ်တစ်ယောက်နှင့်ဆုံရန် အခွင့်အလမ်း ပိုများလေ့ရှိသည်။

မာဖီကိန်းသေ (Constante de Murphy)
အရာဝတ္ထုများသည် တန်ဖိုးကြီးကြီးပေးရလေလေ ပျက်စီးမှုပိုမြန်လေလေ ဖြစ်သည်။

ဂမ်ပါဆန် ဥပဒေသ (Loi de Gumperson)
အဖြစ်အပျက်တခု ဖြစ်စေသော အခွင့်အလမ်းသည် ၄င်းအားဖြစ်စေလိုသော ဆန္ဒရှိမှုနှင့် ပြောင်းပြန်အချိုးကျ လေ့ရှိသည်။

ဘုပ် ဥပဒေသ (Loi de Boob)
ပျောက်နေသော မည်သည့်အရာဝတ္ထုမဆို မထင်ထား၍ နောက်ဆုံးမှရှာသော နေရာတွင် တွေ့ရစမြဲဖြစ်သည်။

မြေဆွဲအား၏ရွေးချယ်မှု ဥပဒေသ (Loi de la Gravité sélective)
ဤကမ္ဘာ၏မည်သည့်နေရာတွင်မဆို ပေါင်မုန့်ထောပတ်သုတ်တစ်ချပ်သည် ထောပတ်သုတ်ထားသော အခြမ်း ဖက်မှ ကျလေ့ရှိသည်။

ကားပါ့ကင်၏ ထုံးတမ်းစဉ်လာ (Postulat du Parking)
နေရာရှာမတွေ့၍ ၂ ကီလိုမီတာ အဝေးမှာကားရပ်ပြီးပြီဆိုလျှင် သင်သွားချင်သော အဆောက်အဦးရှေ့မှ ကား ၄ စီးသည် ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသည်ကို မြင်ရလိမ့်မည်။

ဖလပ်ဂ်နှင့်ပို့စ် စည်းမျဉ်း (Règle de Flugg & Post)
လူတန်းထဲမှာ တန်းစီနေသောအခါ သင်အလျင်စလိုဖြစ်လေလေ ကောင်တာမှဝန်ထမ်းသည် နှေးကွေးလေလေ ဖြစ်သည်။

မရွေ့နိုင်သောလူတန်းထဲမှာ စိတ်မရှည်စွာစောင့်လေလေ သင်၏ဘေးမှ လူတန်းသည် ပိုမြန်လေလေဖြစ်သည်။

ထိုလူတန်းသို့ ပြောင်းလဲတန်းစီလျှင် သင်ရှိနေခဲ့သောလူတန်းသည် လျှင်မြန်စွာ ရွေ့သည်ကိုတွေ့ရလိမ့်မည်။

ရောဂျာ ဥပဒေသ (Loi de Roger)
လေယာဉ်မယ်က ကော်ဖီဝေငှပြီးချိန်ကျမှ လေယာဉ်ကတုန်ခါလေ့ ရှိသည်။

မိုးဇက် ဥပဒေသ (Loi de Moses)
ဘောလုံးပွဲကြည့်သောအခါ သင်မျက်နှာလွှဲလိုက်သော အခိုက်အတန့်လေးတွင်မှ ဂိုးဝင်သွားလေ့ရှိသည်။

မာမီ ဥပဒေသ (Loi de Mamie)
အိပ်သောအခါ ဆူညံစွာဟောက်တတ်သူသည် အားလုံးထဲမှာ အရင်ဆုံးအိပ်ပျော်လေ့ ရှိသည်။


ညီလင်းသစ်
၂၅ ဇန်နဝါရီ၊ ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyilinnthit.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.