Monday, September 29, 2008

[ညိမ်းညို] 25 New Entries: ဂျုံရိုးဦးထုပ်လေးတွေ

ဂျုံရိုးဦးထုပ်လေးတွေ

တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကို ငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ၊
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကို ပေးစွမ်းနိုင်တယ်ဆိုတာ...။

ညိမ်းညို

တစ္ဆေ

ဆံချည်မျှင်လေးနဲ့ ထိခတ်မိရုံနဲ့တင်
အလန့်တကြား ပေါက်ကွဲသွားနိုင်ပါတယ်
ဘ၀အရေခွံက ပါးလျနုနယ်လွန်းရဲ့လေ
ကံကြမ္မာက ကမ်းပေးလိုက်တိုင်း
ဓားရိုးက သားဘက်မှာရှိမနေခဲ့ပါဘူး
ရှိနေခဲ့မယ်ဆိုရင်လဲ
အဲဒီဓားရိုးကို မဖမ်းဆုပ်ချင်ပါဘူး
အခြားတစ်ဖက်ကိုလဲ မထိုးခုတ်ချင်ပါဘူး
သားကိုသာ ထိုးခုတ်သွားပါစေတော့
မကျွတ်မလွတ်ရင်လဲ နေပါစေတော့
ဒီဘ၀ဒီမျှသာ ရှိပါစေတော့
ယူနီဖောင်းဝတ်ပြီး ကဗျာမရေးခဲ့ပါဘူး အမေရယ်
ရိုးသားခြင်းဝတ်ရုံကိုခြုံပြီး ကဗျာရေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်
သားကဗျာတွေထဲမှာ မောက်မာခက်ထန်ခဲ့တယ်ဆိုရင်
အနုပညာအလွဲသုံးစားမှုနဲ့ သားကိုဒဏ်ခတ်လိုက်ပါတော့
သားကဗျာတွေကို စုတ်ဖြဲပစ်လိုက်ပါတော့
ကဗျာလေးတွေစုတ်ပြဲသွားပြီဆိုရင်ပဲ
အရှင်လတ်လတ်သေသွားမဲ့ကောင်ရယ်ပါ
ဒီအိမ်အိုကြီးကိုမှ
သားက စွဲစွဲလမ်းလမ်းချစ်နေရတာပါ အမေရယ်..။

ညိမ်းညို

ပုံဆောင်ခဲများ

ပုဂ္ဂိုလ်ခင်၍ တရားမမင်ခဲ့ပါ
တရားကိုမင်၍ ပုဂ္ဂိုလ်ခင်ခဲ့ပါသည်
တဖန် တရားမမင်သော်ငြား ပုဂ္ဂိုလ်ခင်ချင်ခင်ပါမည်
ပုဂ္ဂိုလ်မခင်သော်ငြား တရားကိုလဲ မင်ချင်မင်ပါမည်။

အနုပညာသည် ပြည်သူအတွက်
အနုပညာသည် အနုပညာအတွက်
အနုပညာသည် ဘာအတွက်မှမဟုတ်
အနုပညာသည် အရာအားလုံးအတွက်
ထိုသဘောတရားလေးမျိုးနှင့်
ထို့ထက်ပိုသော ကျန်သဘောတရားများအားလုံးအတွက်
လွတ်လပ်မျှတစွာ အသင့်အတင့်နှလုံးသွင်းတတ်လိုပါသည်။

မြစ်ကျဉ်းတစ်နေရာမှကြည့်၍
ဧရာဝတီကို ရေစီးသန်လှသည်၊ ကြမ်းတမ်းလှသည်ဟု မဆိုချင်ပါ။
ဒိုက်သရောတို့ကိုကြည့်၍
ဧရာဝတီညစ်ပတ်နေပြီဟု မစွပ်စွဲလိုပါ။
ကျယ်ပြန့်သောသဲသောင်၊ တည်ငြိမ်သောရေစီးနှင့်
လတ်ဆတ်ဝဖီးနေသော နုန်းမြေနုစိုက်ကွင်းစိုက်ကွက်များကို တ၀ကြီးငေးမော၍
ဧရာဝတီ၏ အသုံးဝင်မှုတန်ဖိုးနှင့် အိနြေ္ဒကြီးမားသော အလှတရားကို
တဆုံးတဖျား ရူးသွပ်ချင်ပါသည်။

ရပ်၍လည်း မနေချင်ပါ
ပြေး၍လည်းမနေချင်ပါ
အဆိုးဆုံးမှာ ပြိုင်ဆိုင်၍ မနေချင်ပါ
ဆရာမောင်ချောနွယ်ကို အားကျပါသည်
မာယာကော့စကီးကို အားကျပါသည်
ကိုခင်ဝမ်းကို အားကျပါသည်
ဗန်ဂိုးကို အားကျပါသည်
နယ်ပယ်ကဏ္ဍအသီးသီးမှာ
အားကျလေးစားရသော ပုဂ္ဂိုလ်ပေါင်းများစွာရှိပါသည်
သို့သော်
ညိမ်းညိုသည် ညိမ်းညိုစစ်စစ်ဖြစ်ခဲ့လျှင်ပဲ ကျေနပ်ပါသည်။

ကိုယ်နှင့်မတူ ရန်သူဟုယူဆလျှင်
နောက်ဆုံး ကမ္ဘာကြီးပေါ်တွင် ကိုယ်တယောက်တည်း ကျန်ခဲ့လျှင်ပင်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ရန်သူဖြစ်နေဦးမည်ထင်ပါသည်။

ဖြစ်ပြီးတိုင်း ပျက်ရမယ်ဆိုမှဖြင့်
ဒီကဗျာကို ကျနော်ရေးမနေတော့ပါ
တည်တံ့နေဦးမည့် ကြားကာလကလေးလဲ
ရှိမည်ဟု ထင်ပါသည်။
(တရားသဘောကို စစ်ကြောရန်မရည်ရွယ်ပါ)

အခြားသူတစ်ဦးတစ်ယောက်နှင့် နှိုင်းယှဉ်ပြောဆိုခြင်းခံရအောင်
လူသည် ကုန်ပစ္စည်းမဟုတ်ဟု ထင်ပါသည်
ဟုတ်သည်ဟု ယူဆလျှင်
လူတကိုယ်စာဆန့်သည့် ချိန်ခွင်အကြီးကြီးများ ထုတ်လုပ်ပေးစေချင်ပါသည်။
(နှိုင်းယှဉ်သမှုပြုကြသော ပုဂ္ဂိုလ်များကို မလိုအပ်ဘဲ အပန်းမကြီးစေချင်ပါ)

ဖန်တီးမှုက ရှေ့ကသွားသည်
ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်မှု(သီဝရီ)က နောက်ကလိုက်သည်
ထိုသို့ပင် အစဉ်တစိုက်ရှိခဲ့ပါသည်
ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်မှု(သီဝရီ)က ရှေ့ကသွားသည်
ဖန်တီးမှုက နောက်ကလိုက်သည် ဟု
တစ်စုံတစ်ယောက်က သို့မဟုတ် အချိန်ကာလတခုခုက ထုတ်ဖော်ပြောဆိုလာခဲ့သော်
အသာတကြည် ခေါင်းညိမ့်နိုင်ပါသည်
ညိမ်းညိုသည် မင်းတုပ်အားလုံးဖြုတ်ထားသော ခပ်ညံ့ညံ့ဦးခေါင်းတလုံးကို ပိုင်ဆိုင်သူဖြစ်ပါသည်။

ချီးကျူးခံရခြင်းသည် ကောင်းပါသည်၊ ထို့ကြောင့် နှစ်လိုစွာ လက်ခံပါသည်
အဆဲခံရခြင်းသည် မကောင်းပါ၊ သို့သော် နှစ်လိုစွာ လက်ခံပါသည်
တစ်ပါးသူရဲ့ ပါးစပ်ပေါက်ကျဉ်းကျဉ်းလေးထဲမှာ
ကိုယ့်ဘ၀တစ်ခုလုံးကို ပစ်ထည့်မထားပေးနိုင်ပါ။

ပညာတတ်ခြင်းသည် ကောက်ကျစ်ဖို့မဟုတ်ပါ
အတွေးအမြင်ကျယ်ပြန့်ခြင်းသည် ဆင်ခြေလှလှပေးတတ်ဖို့မဟုတ်ပါ
ကလောင်သွားသည် ဓားသွားထက် ထက်ပါသည်
တစ်ဖက်လူကို ထိုးခုတ်မျိုးဖြုတ်ဖို့တော့ ဟုတ်မယ်မထင်ပါ။

အပြောကောင်းဖို့မလို၊ အကောင်းပြောဖို့ လိုသည်
လူငယ်စိတ်ဖြင့် တချိန်က နားယောင်ခဲ့ဖူးသည်
အကောင်းလဲပြော၊ အပြောလဲကောင်း
ထိုသို့ဆိုလျှင် ပို၍ကောင်းမည်ထင်ပါသည်

မုန့်ကျွေး၍ မနှစ်သိမ့်လိုပါ
ကိုယ်တိုင်လည်း ဘုမသိဘမသိနှင့် မုန့်ကျွေး၍ နှစ်သိမ့်မခံလိုပါ
အခြေအနေကို ဂဃနဏ သိလိုပါသည်
ထိုသို့ နှစ်သက်ကျေနပ်စွာ သိရလျှင်
ကျောတစ်ရာရင်တစ်ရာခတ်၍ မြိုင်ရပ်သို့နှင်လိုကနှင်
ပျော်ပျော်ရွှင်ရွှင် သွားပါမည်။

လေယာဉ်ပျံကြီးစီးရတာ ကောင်းလှပါသည်
ခရီးလမ်းပန်း ချောမွေ့မြန်ဆန်ခဲ့ပါသည်
ထိုသို့ဖြစ်ရုံမျှနှင့်
လှည်း၊ လှေအပေါင်းကို ထုထောင်းပုတ်ခတ်မပြုလိုပါ။

မရှိသောစည်းများ၊ မရှိသောဘောင်များကို ပင်ပန်းတကြီးခဲကတ်ရှာဖွေ၍
ဝင်းတွေခြံတွေ ပြုလုပ်နေကြပါသည်
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုသောစကားလုံးကြီးကို
တခါတခါ ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်ချင်ပါသည်။

သမ္မတကြီးခေါင်းကိုက်ခြင်းသည်
ဆိုက်ကားသမားကိုတင်ကြည် ခေါင်းကိုက်ခြင်းနှင့်
ရောဂါအမျိုးအစား တူညီပါသည်
ကုထုံးမှာကား မတူညီပါ။

ဘယ်သူမရှိလို့မှ ဘာမှမဖြစ်ပါ
မတော်မဆဖြစ်ရပ်များသည်
မတော်မတရားဖြစ်မသွားဖို့ အရေးကြီးပါသည်။

သူတစ်ပါးလက်မောင်းပေါ်
ခေါင်းအုန်းနေရသော အချိန်အခါမို့ အားငယ်ဖို့မလိုပါ
ကိုယ့်လက်မောင်းပေါ်
သူတစ်ပါးခေါင်းအုန်းနေသော အခြေအနေမို့လဲ မာန်တက်ဖို့မလိုပါ
လောကပါလတရားသည်
စာရွက်ပေါ်မှာရေးထားသော မစားရ၀ခမန်းသြ၀ါဒကြီးများထက်
ပို၍ ချိုမြိန်ပါသည်။

မျက်မှန်စိမ်းတပ်ထားမှ မဟုတ်ပါ
အချို့သော ကာလာဘလိုင်းတို့သည်
ညိုမွဲခြောက်သွေ့နေသောအရောင်ကို အစိမ်းရောင်ဟုမြင်တတ်ကြပြီး
စိမ်းစိုသစ်လွင်သောအရောင်ကို ညိုမွဲခြောက်သွေ့နေသည်ဟု မြင်တတ်လေ့ရှိပါသည်။

မြန်မာဖြစ်ရသောကြောင့် (အချို့ပုဂ္ဂိုလ်များခံစားနေရသလို) ထူးပြီးမရှက်မိပါ
ထူးပြီးလဲ ဂုဏ်မယူမိပါ
လူမျိုးအားလုံး၊ လူသားမျိုးနွယ်စုအားလုံး
တူညီသောအရည်အသွေး၊
တူညီသော လူ့ဂုဏ်သိက္ခာရှိသည်ဟု စွဲမှတ်ယုံကြည်ပါသည်
ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ အမှတ်အသားတွေ
ဘယ်တိုင်းပြည်က ပိုရှေးကျပြီး တွေ့ရသည်ဖြစ်စေ၊ မတွေ့ရသည်ဖြစ်စေ
ဘယ်နေရာက လူအဖြစ်ကို စတင်တွေ့ရှိသည်ပဲဖြစ်စေ
လူမျိုးတစ်မျိုးဖြစ်ရခြင်းအပေါ် ရှက်ခြင်းမရှက်ခြင်း သက်ရောက်မည်မထင်ပါ
မြန်မာလူမျိုးတစ်မျိုးလုံးယဉ်ကျေးနေစေ
ညိမ်းညိုမိုက်ရိုင်းလျှင် ညိမ်းညိုမိုက်ရိုင်းသည်သာ ဖြစ်ပါမည်
မြန်မာလူမျိုးဟုဆိုလိုက်ရုံနှင့်
ညိမ်းညို၏မိုက်ရိုင်းမှုသည် ရောယောင်၍ ယဉ်ကျေးသွားမည်မဟုတ်ပါ
ဘ၀တစ်ခုအတွက် လူမျိုးတစ်မျိုး၏ အရေခွံကို
နှစ်၁၀၀ထက် ပိုခြုံထားချင်၍ ရမည်မထင်ပါ။

ဂိုဏ်းဂဏများဖွဲ့၍လည်း အနုပညာကို မတူးဆွလိုပါ
အယူမှားရှာပြီဆိုလျှင်လည်း
ဒီတစ်သက် အနုပညာမရဘဲ နေရပါတော့မည်။

ပြေးလမ်းကြောင်းများ ကိုယ်စီရှိပြီးဖြစ်ပါသည်
ခြေထိုးခံဖို့တွေးမိလျှင်ပဲ တွေးမိသည့်ဦးခေါင်းကို
ခြောက်ပေါင်တူနှင့် ပြားနေအောင်ထုပစ်လိုက်ဖို့ ကောင်းပါသည်။

အရိုးထုတ်ပါ၊ အရေစုတ်ပါ၊ အသားနွှာပါ
ဝိညာဉ်ကိုရပြီဟု မဆိုပါနှင့်။

ညိမ်းညို

ကျိုးကျိုးနွံနွံ

ပြင်းပြင်းထန်ထန်ကြီး
တိုက်ခတ်လိုက်မှ မဟုတ်ပါဘူး
ညင်ညင်သာသာလေး တို့ထိလိုက်ရုံနဲ့
ရင်ခွင်တရိုး ညှိုးဖတ်နွမ်းရော်
ချစ်သူရယ်...
မင်းမျက်ဝန်းမှာ
ဥပက္ခာမိုးသားတွေ ညှို့တက်လာပြီဆိုမှဖြင့်
ဘာကြောင့်မှန်းမသိ
ကိုက ထိကရုန်းပင်လေး ဖြစ်ဖြစ်သွားတယ်...။

ညိမ်းညို

မယ်ဖ

ကဗျာဆရာဟာ ချစ်သူကို မြတ်နိုးတွယ်တာသလို
မယ်ဖကို မြတ်နိုးတွယ်တာတယ်
သူ့ရင်အုံအတွင်းသားထဲမှာ
သံတောင်ကြီးနဲ့ကျောက်ထီးပမာ ထီးထီးကြံ့ခိုင်နေတဲ့
ရာဇ၀င်စာမျက်နှာတစ်ချပ် ရှိတယ်ဆိုပါစို့
ဘယ်နေရာက စဖတ်ဖတ် မယ်ဖကို တွေ့နိုင်တယ်။

မယ်ဖဟာ
သူ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကို
သူကိုယ်တိုင်ရေတွက်ဖို့ အခွင့်မသာတဲ့အခါ
ကဗျာဆရာကို ချောဆင့်တယ်၊
မယ်ဖကို မယ်ဖဆန်စေချင်လှတဲ့ကဗျာဆရာဟာ
ဒဏ်ရာတွေကို မျက်ရည်အစက်စက်နဲ့ ရေတွက်ခဲ့တယ်။

ကွေ့သောကောက်သောလမ်းတို့ရဲ့အဆုံးမှာ
နှလုံးသားဖြောင့်တဲ့မယ်ဖကိုတွေ့ရမယ်။

ထူအမ်းနီစွေး
မြေစေးဖျော်ရည်ပျစ်ပျစ်တွေ
ရက်လွန်လက်ဖက်ရည်တစ်ခွက်လို
ညိုညစ်ညစ် ကနယ်မှုန်အနယ်အနှစ်တွေ
ပျော်ဝင်ပြည့်သိပ် ဘ၀တူလူသားတွေ
မယ်ဖကိုတန်ဆာဆင်ကြ
မြို့ရဲ့နံရိုးထဲ
အကြိုအကြားမကျန်
ပတ္တရောင်လှည့် ရစ်ခွေစီးဆင်းနေကြ။

အနိမ့်အမြင့် ချိုင့်ဝှမ်းလျှိုမြောင်အသွယ်သွယ်
ခြေချင်းခေါင်းချင်းဆက် ယှက်နွယ်အိမ်စဉ်အိမ်တန်းများ
မယ်ဖဟာ အသက်ငွေ့ငွေ့လေး ရှိနေသေးတယ်။

ခြံတွေထဲမှာ တောင်ကုန်းတွေပေါ်မှာ
သစ်တော်ပင် သစ်တော်သီးတွေ
စိမ်းဖန့်ဝင်းပ ကိုင်းညွှတ်ပြွတ်ခဲ
ဖွံ့ဖွံ့ကားကားနဲ့ အလုံးထွားလှချည့်
မြို့နေလူထုကိုများ လှောင်နေရော့သလား။

ကော်ဖီပင်တွေပေါ့
မာနကြီးတခွဲသားနဲ့
ထည်ထည်ဝါ၀ါတောင်ကတုန်းကြီးတွေပေါ်ကနေ
ပြောင်ပြောင်ရောင်ရောင် စီးမိုးကြည့်နေကြသေး
မယ်ဖဟာ သနားစရာလား။

လက်ဖက်ပင်ပျိုစိမ်းအုပ်အုပ်တို့
သင်္ကြန်ယိမ်းတိုက်နေသလို ညီလှစီလှ
တောင်ပေါ်လေညှင်းသွဲ့သွဲ့မယ်
မယ်ဖက ကွက်ကျားမိုးရွာတယ်။

တိုက်တာအိုးအိမ်ကြီးတွေ ထည်ဝါလှချည့်
ကားကြီးကားငယ်တွေ ဆန်းသစ်တောက်ပြောင်လှချည့်
ပွဲနေပွဲထိုင်အ၀တ်အစားတွေနဲ့ ဂုဏ်ရည်ကြီးမြင့် အသရေတင့်လှချည့်
"ကျွန်တော့ခန္ဓာအိမ်ထဲမှာ ဒီလူလေးတစ်စုထဲ
ကွက်ပြီးနေတာမဟုတ်ဘူးလေဗျာ" တဲ့
လီရှောမီးတောက်အရက်နဲ့ ခပ်ထွေထွေဖြစ်လာပလားဆိုရင်
မယ်ဖဟာ လက်ဖက်ပင်လေးကို ဒီလိုပြောရှာရဲ့။

ဆန်မထွက် ဆီမထွက်ရှာတဲ့မယ်ဖ
ဂေါ်ရခါးသီးနဲ့မုန်ညှင်းကိုသာ ပေါပေါလောလောရနိုင်တဲ့ မယ်ဖရယ်လေ
ဘုစုခရုတံတားလေးတွေအများကြီးထဲက တစ်စင်းတစ်လေ ပျက်ယွင်းသွားရင်ကိုပဲ
ကမောက်ကမကုန်ဈေးနှုန်းနဲ့ တအုန်းအုန်းရိုက်ပုတ်ခံရတတ်သေးတာ။

ရှေးအဘိုးအဘွားတို့က ပြောကြတယ်
မြို့သူမြို့သားတို့ ဆင်းရဲကျပ်တည်းလာပြီဆိုရင်
ကြည့်ရှုစောင့်ရှောက်ပေးတတ်လို့
ပြင်ပေးဆင်ပေးတတ်လို့
ကြမ္မာကောင်း လာဘ်ကောင်းတွေကို ဆောင်ကြည်းပေးတတ်လို့
"မယ်ဖ" လို့တွင်သတဲ့၊
အဲဒီလို ရာဇ၀င်အခင်းအကျင်းနဲ့ မယ်ဖဟာ
သူ့လည်မြိုမှာ တစ်စုံတစ်ရာ ဖိညှစ်ခံထားရပေါ့
အသံမထွက်နိုင်ရှာတော့ဘူး
ကိုယ်ကျပ်အင်္ကျီသေးသေးလေးနဲ့
သူကိုယ်တိုင်မှာ ကျပ်ထုပ်လို့နေပေါ့
လူရိုးလူကောင်းကြီး မယ်ဖ
မြို့သူမြို့သားတို့ရဲ့ ဟီးရိုးကြီး မယ်ဖ
ခွန်အားရှိသမျှ ရုန်းခဲ့လှုပ်ခဲ့တယ်(သူဟာ သူ့ရာဇ၀င်ကို တန်ဖိုးထားတယ်)
၁၉၉၄ အလွန်နှစ်များမှာ အငိုက်မိသွားရရှာသူ မယ်ဖဟာ
၂၀၀၀ ပြည့်နှစ်အလွန် ကာလများမှာတော့
ရုန်းလေနစ်လေ၊ လှုပ်လေမြုပ်လေနဲ့
သူဟာ တုပ်ချည်စည်းနှောင်ခြင်းခံလိုက်ရတော့တယ်။

၁၉၉၅ အလွန်နှစ်များမှာ
မယ်ဖဟာ အချိုးအကွေ့တွေ များလွန်းခဲ့တယ်
သက်ရှိတွေကိုပါ ခါးပိုက်ထဲထည့်ထားလို့ရတယ်ဆိုတာ သိလိုက်ရတော့
မယ်ဖဟာ အံ့သြလှပေါ့
သက်ရှိအကြီးကြီးတွေ၊ သက်ရှိပေါက်စနလေးတွေကလဲ
ခါးပိုက်ထောင်တွေထဲမှာ ပြုံးလို့ပျော်လို့
ဆိုတော့....
မယ်ဖဟာ ထပ်ဆင့်အံ့သြရပြီပေါ့။

ငြိမ်းချမ်းရေး...ငြိမ်းချမ်းရေး
ဒီလိုပဲ စူးစူးဝါးဝါး အော်ခဲ့ကြ
လက်သီးလက်မောင်းတန်းကြ
သစ်သစ်လွင်လွင်ဆိုင်းဘုဒ်ကလေးတွေထောင်ကြ
မယ်ဖနဲ့ဘယ်လိုမှ မအပ်စပ်လှတဲ့
ကိရိယာတန်ဆာပလာတွေ ယူဆောင်လာကြ
(လူတွေက အဲဒီကိရိယာတန်ဆာပလာတွေကို မြင်ရုံနဲ့ကြောက်တယ်)
စာနာစိတ်ပလပ်ခေါင်းအဖြုတ်ခံထားရတဲ့ လူလိုအကောင်ကြီးတွေ
အမည်းတွေကို အဖြူလုပ်ဖို့
မယ်ဖရဲ့ရင်ခေါင်းထဲ ဒရကြမ်းဖြိုဖျက်တွန်းဝင်လာကြ
အူ၊ အသဲ၊ အဆုတ် ကလီစာအမှုန်အမွှားလေးတွေမကျန်
ပုဝါမကူ ရေမရှူစတမ်း စုပ်ယူဝါးမြိုကြ
ဗီဇာသက်တမ်းတွေ အလီလီတိုးကြ
သဘောတူညီမှုတွေ အထပ်ထပ်ယူကြ
အခု မယ်ဖဟာ
ငြိမ်းချမ်းရေးအသံကြားရင်ကိုပဲ
ခြေတွေလက်တွေတုန်လို့...။

နေကြာပန်းပန်ချီကားထက် လှပတဲ့တင့်တယ်မှုမျိုး
နေကြာပန်းရုပ်ရှင်ဇာတ်ကားထက် သာလွန်တဲ့စွဲမက်ဖွယ်ရာမျိုး
တောင်နေကြာတွေ ၀ါရွှေထိန်တောက်လို့
တောတွေအဆင့်ဆင့် တောင်တွေအထပ်ထပ်
နနွင်းရည်တွေ လိမ်းကျံပက်ဖြန်းထားသလို
ဟည်းဟည်းထရွှေတောင်ကြီးတွေကြားမှာ
မယ်ဖဟာ ဖော်ဖော်ရွေရွေပြုံးလို့
မယ်တော်ကြီးတောင်၊ ဆင်ဖြူတောင်
တောင်တော်အထွတ်အမြတ်တို့မှာ
တရားဓမ္မသံတို့ ငြိမ်းအေးကြည်သာစွာ ပျံ့လွင့်လို့
ဆည်းလည်းသံလေးတွေ တေးဆိုလို့
ကျေးငှက်ကလေးတွေ ပျံဝဲလှုပ်ရှားလို့
လက်ဖက်ရနံ့လေးတွေ သင်းပျံ့လို့
ရှမ်းဇီးသီးအ၀ါကလေးတွေ ပျောင်းအိညွှတ်တွဲလို့
ဗမာ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်၊ ဂေါ်ရခါးနဲ့ ငါတို့ရဲ့မိတ်ဆွေများဟာ
သာရေးနာရေး အစုစုအမှုမှု၊ ဒေသရိုးရာပွဲတော်အသီးသီးမှာ
ချစ်ခင်စည်းလုံးစွာ ညီညွှတ်စုဝေးလို့
မြို့သူမြို့သားတွေက ဘုရားသွားကျောင်းတက်ပြုလို့
မယ်ဖဟာ လူ့ဂုဏ်သိက္ခာမီးရှူးတန်ဆောင်ကို အမြင့်မားဆုံးထွန်းညှိလို့
မယ်ဖဟာ စားဝတ်နေရေး အမှုကြီးသုံးပါးကို နိုင်နိုင်နင်းနင်း ထမ်းပိုးလို့
မယ်ဖဟာ နှင်းမြူဖွေးဖွေးကြားမှာ နွေးထွေးလုံခြုံလို့
မယ်ဖဟာ ဇာပုဝါပါးပါးလေး ခြုံလို့
ကမ္ဘာကြီးနဲ့လဲ အဆက်အဆံမပျက်ခဲ့ဘူး
အမျိုးကောင်းပီသမို့ အိနြေ္ဒလဲမကလက်ခဲ့ဘူး
ယိုးဒယား၊ လန်ဒန်၊ အမေရိကား မြို့ကြီးပြကြီးတွေနဲ့
ရိုးရိုးဖြောင့်ဖြောင့် ကူးလူးဆက်သွယ်လို့
မယ်ဖဟာ တကယ်ကိုနူးညံ့သိမ်မွေ့စွာ လှပခဲ့ပါတယ်လေ။

အခုတော့
ည ၈နာရီကျော်ရုံလေးနဲ့
မယ်ဖဟာ အိပ်မောကျသွားရှာပြီ
မယ်ဖကလမ်းတွေဟာ
မယ်ဖကလူတွေအတွက် ပျော်ရွှင်ဖွယ်မကောင်းတော့
မယ်ဖကပွဲလမ်းသဘင်တွေဟာ
မယ်ဖကလူတွေအတွက် သိုက်သိုက်ဝန်းဝန်းမရှိတော့
မယ်ဖကထွက်ရှိသမျှတွေဟာ
မယ်ဖကလူတွေအတွက် မဟုတ်တော့
ယုတ်စွအဆုံး
လက်ဖက်ရည်ဆိုင်က သီချင်းသံတောင်
မယ်ဖကလူငယ်တွေအတွက် ပီပီသသမရှိတော့
နေ့စဉ်နဲ့အမျှ လူငယ်တွေဟာ
ကျောက်ဖျာကြီးကို ကျော်ခွခုန်ထွက်ပြီး
မယ်ဖနဲ့ဝေးရာဆီကို ပြေးနေကြပြီ။

သန္တာ၊ မြ၊ ဥဿဖယား၊ ဂေါ်မိတ်၊ ကြောင်
သွေးရဲ့အဆင်းလိုလှပ
နီစွေးပတ္တမြားနဲ့ မိုးပြာရောင်နီလာညီနောင်တို့လဲရှိ
တွင်းထွက်ကျောက်မျက်ရတနာတွေ အမျိုးစုံလင်လှချည့်
ရတနာတွေဖင်ခုထိုင်ထားတဲ့မယ်ဖဟာ
အထည်ကြီးပျက်တစ်ယောက်လို
ရွှေထီးဆောင်းဇာတ်လမ်းတွေနဲ့ နှစ်သိမ့်ခံထားရပြီ။

ခွေးတွေကြက်တွေလို မြေကြီးကို နာနာယက်ကြ
ကြွက်တွေလို ဂလိုင်တွေတူးဆွကြ၊ လိုဏ်ခေါင်းတွေဖောက်ကြ
စစ်ပွဲကြီးတစ်ပွဲဆင်နွှဲနေသလို
ဒိုင်းနမိုက်တွေ၊ ယမ်းအားပြင်းပြင်းတွေနဲ့ ဖောက်ခွဲလိုက်ကြ
တောင်တန်းတွေကို အပိုင်းပိုင်းခုတ်ထစ်လိုက်ကြ
မယ်ဖရေ....
စမ်းချောင်းကလေးရေ.......
စိမ်းညို့တောအုပ်တို့ရေ.........
ဒဏ်ရာတွေနိုင်းချင်းနဲ့ အားတင်းလို့ဆိုကြ
ငါတို့ အနိုင်ကျင့်ခံရတယ်
ဒါ..မတရားမှုသက်သက်ကြီးပါကွယ်။

သရဲသဘက် မြေကော်စက်ကြီးတွေ
တစ္ဆေလက်တံအရှည်ကြီးတွေ
ယမ်းပေါက်ဖော် လွန်ပူသေနတ်ကြီးတွေ
ဖွတ်ချက်ဖွတ်ချက်နဲ့ မယ်ဖရဲ့ရင်သားတွေကို
၂၄နာရီ ထိုးဆွမွှေနှောက်နေတဲ့
အစားကြူးသူ စက်ယန္တရားကြီးတွေ
ကျွန်တွေလိုမောင်းနှင်တတ်တဲ့ ခရာတွတ်သံတွေ
ရမ်းရမ်းကားကားမောင်းတတ်တဲ့ ဘီးခွံထူထူနဲ့ ကားအမြင့်ကြီးတွေ
နူးညံ့မှုကိုရှာဖွေကြည့်ဖို့
ကျောက်မျက်ရတနာထက်တောင် ရှားပါးခက်ခဲနေတဲ့ လူသေမျက်နှာကြီးတွေ
တရားစီရင်ခွင့်ကို လိုအပ်သလိုပိုင်ဆိုင်နေတဲ့ ဧရာမပုဂ္ဂိုလ်ကြီးတွေ
ကိုယ့်ကြီးထွားမှုကလွဲရင် အခြားဘာကိုမှ မြင်နိုင်စွမ်းမရှိတဲ့
ပြူးကျယ်သောမျက်ပေါက်ကျဉ်းကျဉ်းတွေ.....။

အဲဒီထောင်ချောက်တွေထဲမှာ
အိမ်တွေကျွံကျ မြေတွေကျွံကျ
ကတ္တရာလမ်းမကြီးတွေ ကျွံကျ
စည်ကားအပ်သောနေရာတွေကျွံကျ
ဈေးတွေကျွံကျ၊ လူနေရပ်ကွက်တွေကျွံကျ
ဘုရား၊ ကျောင်း၊ ကန် အကာအရံတံတိုင်းတွေ ကျွံကျ
အဆိုးရွားဆုံးကတော့
လူနေမှုဘ၀အာမခံချက်တွေ ကျွံကျခဲ့ရတာပဲ မယ်ဖရေ။

"စေတနာဆိုမှပဲ
ဖြူပြီပေါ့ဗျာ၊ မည်းပါဦးမလား" လို့ဆိုကြ
စေတနာတစ်ဆကို အခွင့်အရေးဆယ်ဆနဲ့ရော
ငွေကြေးနဲ့နာနာဖျော်
အကျော်အမော်လူတော်ကြီးတွေ ကျက်စားတဲ့နေရာ
မယ်ဖမှာ ဖျာတစ်ချပ်စာအတွက်
ဘွာခတ်နိုင်သူတွေ နေရာရမယ်။

လင်သားကစွန့်ပစ်ခြင်းခံထားရတဲ့ မိန်းမတစ်ယောက်လို
ဝမ်ဗိုက်ဟောင်းလောင်းနဲ့မယ်ဖဟာ
ဆရာကြီးဆိုသူတွေရဲ့ သူကောင်းပြုပေးခြင်းအမှုကို
အတင်းရော ဇွတ်ရော အဓမ္မရော ခံစားကြုံတွေ့နေရပေါ့။

မယ်ဖမှာ ဦးချရမဲ့လူတွေကများတယ်
ဒါကြီးတွေကိုပဲ
ဖူးမ၀ဖြစ်နေတဲ့ ပုပုရွရွဝေနေယျတွေကလဲ ဒုနဲ့ဒေး
ဟေးးးမယ်ဖ
လူရည်လည်ကြီးတွေက မင်းကိုနေ့ပြန်တိုးနဲ့ ချေးစားနေကြပြီကွ
စိတ်မရှည်ကြတော့ဘူးတဲ့ မစောင့်နိုင်ကြတော့ဘူးတဲ့
အမြီးကျက်ဖို့လဲ မလိုတော့ဘူး၊ ခေါင်းကျက်ဖို့လဲ မလိုတော့ဘူးတဲ့
သူတို့ မင်းကိုအစိမ်းလိုက် ၀ါးစားနေကြပြီ မယ်ဖ။

ခံစားနေရတာကို ခံစားနေရတယ်ပြောလို့
ကြုံတွေ့နေရတာကို ကြုံတွေ့နေရတယ်ပြောလို့
ယဉ်ကျေးမှုမရှိဘူးဆိုရင်
ငါ လူရိုင်းပဲလုပ်တော့မယ် မယ်ဖ။

မယ်ဖရေ
မင်းဒဏ်ရာတွေကို ငါဆေးထည့်မယ်
မျက်ရည်တွေကို သုတ်လိုက်တော့
ဒဏ္ဍာရီထဲကဖီးနစ်ငှက်လို ပြာပုံထဲကနေတိုးထွက်ပျံသန်းကြစို့
ဒီတွင်းနက်ကြီးထဲကနေ ငါတို့ အတူတူခုန်တက်ကြစို့။

ညိမ်းညို
(၇-၁၁၊ ၉၊ ၂၀၀၈)

အမာရွတ်နဲ့လူ



အမာရွတ်နဲ့လူ

ကျလောက်အောင်ပြောတိုင်း
အလွယ်မယုံတတ်တာ ဖက်ရှင်တစ်မျိုးဆိုရင်
အဲဒါ ဒီလူရဲ့မွေးရာပါအမှတ်တံဆိပ်။

ဒီလူကပြောတယ်
မျက်ခုံးမွှေးတကာပေါ်စင်္ကြန်လျှောက်
ခြေဖျားလေးထောက်ထောက်ပြီးရပ်နေတတ်သော ငနဲသားများကို
မင်းတို့ဖြဲခြောက်သမျှဟန် ကျွဲခလောက်ကအသံသာသာရယ်တဲ့လေ
ဒီလူက ကဗျာရေးနေတဲ့ကောင်
ငကြောက်မဟုတ်ဘူး။

ကဗျာဆရာဆိုတာ
အစီးအပိုးများတဲ့ကံကြမ္မာမေးရိုးကို ကိုယ့်လက်သီးနဲ့ကိုယ်ထိုး
ရိုးသားဖို့အကြောင်းတစ်ခုကိုပဲ အထပ်ထပ်ထုံးဖွဲ့လို့
ရို့ရို့ကျိုးကျိုး ရဲရင့်ကြသူတွေဖြစ်တယ်
လူတန်းစားမြေပြန့်လွင်ပြင်မှာ
လောကပါလသီးပင်စားပင်တို့ လှိုင်လှိုင်ကြီးသီးပွင့်ဝေဆာစေ..
ကဗျာထွန်သွားဖွေးဖွေးနဲ့ ထယ်ရေးညက်စေသူတွေလဲဖြစ်ရဲ့...။

ကွဲလွဲရင်းပေါင်းစည်း၊ ပေါင်းစည်းရင်းကွဲလွဲဖို့
အရောင်တွေဖျော့ထားပေးခဲ့တယ်
တစ်နေ့တစ်နေ့ ထိပ်ပုတ်ခေါင်းပုတ်အလုပ်ခံရတာပဲအဖတ်တင်
သိပ်တော့ မနိပ်ဘူး
ဘိုတင့်ရေ…သူငယ်ချင်းရေ
မင်းအိမ်လေး အဆင်တန်ဆာတွေမစုံလင်တော့တာကို ငါဝမ်းနည်းတယ်
မင်းကဗျာတိုင်းမှာ အရိပ်အယောင်တွေပက်ဖျန်းခွင့်မရှိတော့တာကို နှမျောတယ်
သူငယ်ချင်းရေ ဘိုတင့်ရေ…
ဒီကနေ့ပေါ့ အခုပေါ့
မင်းသူငယ်ချင်းညိမ်းညိုကလေ
ရင့်ရာကနေ မာကျောလာရတာကို ကြိုက်တယ်တဲ့
ဒီလူ အခုတလော သိပ်ရင့်နေတယ်
လူအဖြစ်ရှင်သန်နေတယ်ဆိုတဲ့ သက်သေပြချက်ထဲမှာ
အဲဒီ မာန်ကလေးကလဲ တစ်ချို့တစ်စိတ်ပါနေသေးထင်ပါရဲ့ဘိုတင့်ရာ…။

ကဲ…ပြော
ကိုယ့်ဘ၀ကိုယ်မီးမြှိုက်ပြီး ကဗျာနဲ့ဘယ်သူပျော်ပါးရဲသလဲ
လန်ထွက်ပျံတက်နေတယ်ဆိုရင်
အနုပညာဝမ်းတွင်းစုန်းနဲ့
ငါ့တစ်ကိုယ်လုံး ပြာကျသွားအောင် ပြုစားခဲ့
ပလိန်းကြီးတော့ မလုပ်နဲ့
"ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"

ညိမ်းညို

မောင်ချောနွယ် စီးကြမလား

မောင်ချောနွယ်
၁၉၄၉ - ၂၀၀၂

မောင်ချောနွယ် စီးကြမလား

ညိုထက်ညို

အတ္တကို နာနာခွာ
နာနာခွာ
ကင်ပေတိုင် လက်သည်း ခွာသလိုခွာ
ပေါင်းစည်းရင်း ကွဲလွဲကြ
ကွဲလွဲရင်း ပေါင်းစည်းကြ
အနုပဋိလောမ ရုပ်ဝါဒ
ပဋိပက္ခ နဲ့ သမူဟ
သစ်တစ်ပင်လား တောအုပ်လား
တစ်ခါသားက
မှတ်သားဖူးတဲ့စကား
ငါ အခု မေ့သွား ပြန်ပြီလား
အားရင် ရွတ်ရွတ် မနေနဲ့ 
ဘာမှန်းမသိတဲ့ စကားလုံးတွေ
အားရင်ရေးရေး မနေနဲ့ 
အဓိပ္ပာယ်မရှိတဲ့ စာသားတွေ
တစ်ခါသားက
ချစ်သူရဲ့  တားမြစ်စကား
နားမထောင်မိတာ ငါမှားလား
ငှက်ကလေးရဲ့ ဖြည်းဖြည်းပျံ
ငါလွှတ်မယ့် ငှက်ကလေး ဖြည်းဖြည်းပျံ
ခြေတစ်ဖက်ချစာ ပေးပါလို့ 
အခု ဆုတောင်းပါရစေလား
တိုးလို့ တွဲလောင်းလက်သာ မြဲအောင်ကိုင်ထား
ပုဆိုးသာ ခိုင်အောင်ဝတ်ထား
အခု
မောင်ချောနွယ်မောင်းမယ့်
အနုပညာ အမြန်ယာဉ်ကလေး ထွက်တော့မှာလား ။ ။

(စက်တင်ဘာ၃၊ ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော ဆရာ မောင်ချောနွယ် သို့)

ညိုထက်ညို

ရထား၊ သမိုင်းဖတ်စာနှင့် ၅၆ပုဒ် ကဗျာစုစည်းမှု

ဆရာမောင်ချောနွယ်ကို ချစ်တဲ့၊ ဆရာ့ကဗျာတွေကို မြတ်နိုးတဲ့ ကဗျာရောင်းရင်းများအတွက် ရည်ရွယ်ပါတယ်။ ကျနော့်မှာရှိနေတဲ့ ဆရာ့ရဲ့ ကဗျာလုံးချင်း ၂အုပ်နဲ့ ဆရာ့ကဗျာတွေကို လှမ်းမီရာစုဆောင်းထားတဲ့ ကဗျာစာအုပ်တစ်အုပ်ကို တင်ပေးပါရစေ။ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က ဆရာမောင်ချောနွယ်ကို ဒေါသကို သိင်္ဂါရဖြစ်အောင်ရေးဖွဲ့နိုင်တဲ့ တစ်ဦးတည်းသောကဗျာဆရာလို့ ကင်ပွန်းတပ်ကြောင်း မှတ်သားဖူးပါတယ်။ လူငယ်ကဗျာဆရာအများစုကလည်း ဆရာ့ကို ကလပ်စစ်ခေတ်ပေါ်ကဗျာဆရာရယ်လို့ အမည်နာမပြု ချီးကျူးခေါ်ဆိုခဲ့ကြပါတယ်။ ကျနော်ကတော့ ဘယ်လိုခေါင်းစဉ်မျိုးတပ်ရမှန်းမသိအောင်ကို ဆရာ့ကဗျာတွေကို စွဲစွဲလန်းလန်းခုံခုံမင်မင် နှစ်သက်မြတ်နိုးမိပါတယ်။ မျိုးဆက်ကွာလှတဲ့အပြင် ဆရာမောင်ချောနွယ်ကို တစ်ကြောင်းခြစ် ရုပ်ပုံကောက်ကြောင်းမှလွဲ၍ ဓာတ်ပုံသော်မျှ မမြင်ဖူးပါ။ ဆရာ့ကဗျာတွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြောခြင်းဖြစ်ပါတယ်။ ကဗျာဓာတ်တွေ အမိအရမှုတ်ထုတ်နေတဲ့ အရပ်သားလေသံ၊ ပထမတန်းစား အာဇ္ဇ၀န်းနဲ့ ဆရာမောင်ချောနွယ်ရဲ့ခေတ်ပေါ်ကဗျာ မြို့ရွာသိမ်းပိုက်မှုများကိုမိတ်ဆွေတို့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ဆီမှာရှိတဲ့ ကဗျာစာအုပ်များ၊ ကဗျာမှတ်စု စာမှတ်စုများကိုလဲ ကျေးဇူးပြု၍ လက်တို့ပေးခဲ့ကြပါဦးခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ... :) :)

၁။ ရထား(ကဗျာရှည် ၄ပုဒ် စုစည်းမှု) download ယူရန်
၂။ သမိုင်းဖတ်စာ (ဆရာအောင်ချိမ့်နှင့် တွဲဖက်၍) download ယူရန်
၃။ ဆရာမောင်ချောနွယ်ကဗျာများ ( ၅၆ ပုဒ်) download ယူရန်
၎။ မောင်ချောနွယ် ကဗျာပြပွဲ (မြန်မာကျူးပစ်ဖိုရမ်မှ) download ယူရန်

ညိမ်းညို

မြစ်သင်္ချိုင်း



မြစ်သင်္ချိုင်း

မြစ်အစင်းစင်းလေ
သူတို့ရဲ့လားရာအရပ်ဟာ
သူတို့ရဲ့သင်္ချိုင်းမြေဆိုတာ သိသိကြီးနဲ့
ယုံကြည်ချက် မီးတောက်ကိုယ်စီမွှေး
မသေဆေးတွေ မျိုမျိုချပြီး
သမိုင်းနံရံကို အဆက်မပြတ်ထွင်းဖောက်စီးဆင်းနေကြ
မြစ်တို့ရဲ့ ပင်လယ်ဆီ...။

ညိမ်းညို

ဗြောသံ

[၁]

ဗြောသံ

ပလုတ်ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့
သာသနာ ၀ါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။

အလို နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲ မက
အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီးလှပါဘိ၊
"တစ်လတာ သည်အရေးကိုလ
မဟ၀ှာ ကြည်ကြည်ပေးပါ" တဲ့
ရတုချို စိတ်ကိုသွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက်မတည်။

မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောအခါ
ကညာလုံ ကြာမုံညွှတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
"မတွယ်တာ ဆယ်ခါလွှတ်မယ်" တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့မဆုံး။

ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်၊
"လှောင်ချက်ကယ်နာ
မောင်မျက်နှာ တစ်ရွာမှတ်ပေမဲ့
သာသနာ ၀ါဝါ၀တ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီခိုရပါ့
တစ်လဆို ရက်ကို ချဉ်းပါဖျာ့"
ဘွာခတ်ကာ ခမျာငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီးကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။

မင်းသုဝဏ်

[ ၂ ]
ဗြောသံကား အဝေးဆီမှပင် ကြားနိုင်သောအစွမ်း ရှိချေ၏။ ပီလှမြည်လှ စည်လှသော ဗြောသံပါပေ။ အလှူတော်မင်္ဂလာနှင့် တွဲဖက်၍ ပွဲထွက်လာချေပြီကော။ အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကား၊ အလှပေါ်အယဉ်ဆင့် တင့်လှပါ၏။ တဗြုန်းဗြုန်းရွှမ်းစည်၍ ပီသကြည်မြ ခန့်ညားလှပါဘိ။ ဗြောသံကား ဆင့်၍ဆင့်၍ ထွက်ပေါ် လာချေပြီ။

ထိုပီလှမြည်လှသော ဗြောသံသည် အဘယ်အရပ်မှလာသနည်း။ အဘယ်ကြောင့် ဤမျှထိုမျှ ခန့်ထည်စည်ကား၍ နေပါသနည်း။

တောင်ကုန်းရွာနေ ဦးရေချမ်း၊ ဒေါ်ရွှေမေတို့၏ အလှူတော်မင်္ဂလာမှ ထွက်ပေါ်လာသော ဗြောသံပင်ဖြစ်ပါတော့သည်။ သားတော်မောင် ကိုရင်လောင်းကို သာသနာ့ဘောင်သို့ သွပ်သွင်းချီးမြှင့်သော ပွဲဖြစ်သည်။ သာသနာတော်တင့်လန်းစေခြင်းငှာ ဆန်းညွှန့်ဝေစည်သော ဗြောသံဖြစ်ပေရကား ဤမျှထိုမျှ ခန့်ထည်နေရခြင်းပါပေ။

ဗုဒ္ဒဘာသာ မြန်မာယောက်ျားလေးများအဖို့ ရှင်ပြုပွဲသည် အရေးပါလှပါသည်။ ရှင်မပြုရသေးပါက ကြီးကြီးငယ်ငယ် လူဘော်မ၀င်သေးဟုပင် အသိအမှတ်ပြုကြလေ့ရှိသည်။
မိဘနှစ်ပါးအဖို့မှာလဲ "မင်းတို့သား ရှင်ပြုပီးပလား" ဟု မေးလာပါက ရင်ကော့၍ ဖြေလိုကြသည်။ သားယောက်ျားလေးမွေးထားပြီဆိုလျှင် ဤတာဝန်ကို မကျေကျေအောင် ထမ်းကြတော့သည်။ ဦးရေချမ်း၊ ဒေါ်ရွှေမေတို့သည်လည်း သားတော်မောင် ရှင်ပြုပွဲအတွက် အားခဲ၍ နွှဲခဲ့ကြသည်။ ကြိုးစားပမ်းစား လုပ်ကိုင်ရှာဖွေ၍ ချွေချွေတာတာ စုဆောင်းပြင်ဆင် ခဲ့ကြသည်။ သို့ဖြစ်လင့်ကစား မိုးမမှန်လေမမှန် ကျေးလက်တောနေ သမရိုးကျမိသားစုလေးဖြစ်သော သူတို့အဖို့ သားလေးလူပျိုပေါက်ဖြစ်မှပင် ရည်မှန်းချက်ပြည့်မြောက်၍ ခရီးပေါက်ရတော့သည်။ ၁၅နှစ်၊ ၁၆နှစ်အရွယ် သားလေးပင် လူပျိုပေါက်ကြီးဖြစ်နေပြီဆိုတော့ ရှင်လောင်းအ၀တ်အစားများနှင့် ရှက်၍များ နေလေမလား။ မိဘနှစ်ပါးမှာ တွေး၍များ ပူမိသေးတော့။ ဘယ်သို့ပင်ဖြစ်စေ ဦးရေချမ်းနှင့် ဒေါ်ရွှေမေတို့ ရှင်လောင်းအမိအဖ ဖြစ်ကြလေပြီ။ "သစ်ပင်အမြင့်မတက်နဲ့ လူလေးရဲ့၊ မြစ်ကူးချောင်းကူး မသွားလေနဲ့ကွဲ့" စသည်စသည် မှာရပြောရတာကိုက အရသာရှိလှပါ၏။ ရပ်ဝေးရပ်နီး အသီးသီးမှာရှိနေကြတဲ့ ဆွေမျိုးညာတိ၊ မိတ်ဆွေ သင်္ဂဟအပေါင်းကိုလဲ လူကြုံနှင့်တစ်မျိုး စာနှင့်တစ်တန် အသိပေးဖိတ်ကြားလိုက်ပြီ ဖြစ်သည်။

သားတော်မောင်ကိုမူ ရွာဦးကျောင်းဆရာတော်ထံသို့ အပ်နှံလိုက်ပြီ။ ဆရာတော်က ပုတီးစိပ်၊ သင်္ကန်းတောင်း၊ သေခိယ စသည်တို့ကို သင်ကြားပေးမည်။ သာသနာတော်စည်းကမ်းတို့ကို ညွှန်ကြားပြသပေးမည် ဖြစ်သည်။

သို့နှင့် ဦးရေချမ်း၊ ဒေါ်ရွှေမေတို့၏သားလေး ကိုရင်လောင်းဘ၀ရောက်တော့မည်။ အလှူတော်မင်္ဂလာကား နီးသထက် နီးခဲ့လေပြီ။

ကိုရင်လောင်းတစ်ယောက် နား၊ မျက်စိတို့လည်ရလေပြီ။ မဏ္ဍပ်ကြီးမှာ ခမ်းနားလှပါကလား။ သင်္ဃာစင်မှာလည်း မှိုင်းလုံးကော်ဇောကြီးတွေကာလို့။ ပွတ်လုံးပုံတွေ၊ ပန်းရာဇမတ်ပုံတွေနှင့် ၀င့်ထည်ခန့်ငြားနိုင်လွန်းပါဘိ။ ရောင်စုံစက္ကူ ဖြူနီညိုပြာတို့ဖြင့် မဏ္ဍပ်တိုင်များကို အလှဆင်ထားသည်မှာ နတ်ဘုံနတ်နန်းသို့ ရောက်နေပြီလောဟု ထင်မှတ်စေ၏။ ငှက်ပျောခိုင်၊ အုန်းခိုင်နှင့် ဓနိခိုင်များကိုလည်း ဆွဲထားသေး၏။ အလို မဏ္ဍပ်တိုင်တစ်ခုမှာ ဆွဲထားတဲ့ ငှက်ပျောပွဲက ထူးခြားလှပါကလား၊ သြော်.. မိုးမရွာအောင် ကိုးထားတာတဲ့။ အဲ သည်ပွဲထဲမှာ ငွေမတ်စေ့တစ်စေ့လဲ ပါသေးသဗျ။

ကိုရင်လောင်းလူပျိုပေါက်မှာ မျက်နှာတွင် သနပ်ခါးအဖွေးသားနှင့် နေရထိုင်ရ ခက်လှချည့်။ ၀တ်လဲတော်ပုဆိုးက အသစ်စက်စက်၊ ထိုင်းမသိမ်းအင်္ကျီဆိုတာကြီးကလည်း အသားကပ်နေသေး။ ဘယ်နှယ့်ပါလိမ့်နော်။ ကြွက်နီတို့ ခွေးပုတို့ကလည်း တစ်ချိန်လုံး ကိုရင်လောင်းကို စ,နေကြတော့တာပဲ။

ဟော..အရုဏ်တက်ကတည်းက တီးမှုတ်နေကြတဲ့ ဗြောဆရာကြီးတို့ ရောက်လာကြပြီ။ မြင်းဖြူကြီးကလည်း ၀င့်ဝင့်ကြွားကြွား မြင့်မြင့်မားမားနှင့် အသင့်ရှိနေပြီ။ ဘုန်းကြီးကျောင်းမှ ရွှေထီးလဲ ငှားလာကြပြီ။ အဘယ်သော အမှုကျန်သေးသနည်း။

ကျန်ပါသေး၏။ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်ကိစ္စ...။

မဏ္ဍပ်အ၀န်းအ၀ိုင်းထဲသို့ ကိုရင်လောင်း မျက်စိကစားရလေပြီ။ အဒေါ်ကြီးတစ်ဦးသည် မိန်းမပျိုလေးများကို အကျွေးအမွေးကိစ္စအတွက် စီမံညွှန်ကြားနေဟန်ရှိ၏။ ဟော..ဟော ကွမ်းတောင်၊ ပန်းတောင်ကိုင်ရန် ခန့်ခွဲနေပြီ။ ဟင်..အဒေါ်ကြီး မျက်နှာလိုက်လိုက်တာ၊ သူဌေးသမီးကို ကွမ်းတောင်ကိုင်ရမတဲ့။ လှလဲမလှဘဲနဲ့။ ဟိုမိန်းမပျိုလေးကို မကိုင်ခိုင်းရကောင်းလော။ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ကလေး။ မျက်နှာကလေးကလည်း ယဉ်ပါဘိသနဲ့။ စိန်တွေရွှေတွေမဆင်နိုင်ပေမဲ့ စံပယ်ပန်းကုံးလေးပန်ထားပုံများ အလှပေါ်အယဉ်ဆင့်လို့ တင့်လှပါဘိ။ သူ့ကိုပဲ ကွမ်းတောင် ကိုင်ပါစေတော့လား။ အဒေါ်ကြီး မျက်နှာကိုလိုက်တယ်။ ကိုရင်လောင်းမျက်နှာ လငပုပ်ဖမ်းရလေပြီ။ ညိုညိုမှောင်၍ မည်းပြီတကား။ သူဌေးသမီး၊ ပွဲစားသမီး၊ သူကြီးသမီးတို့ ကွမ်းတောင်အစေ့အငှ ရကြလေပြီ။ အမယ် ကွမ်းတောင်တစ်ခု ပိုနေပါသေးကလား။ မျက်နှာလိုက်တဲ့ အဒေါ်ကြီး သည်တစ်ခါဖြင့် ဘယ်သူ့ကို ပေးမှာပါလိမ့်။

"ရော့..ညည်းကောင်းကောင်းကိုင်ခဲ့၊ လွတ်မကျစေနဲ့"

ကိုရင်လောင်း၏ မျက်နှာသည် တိမ်ကင်းစင်သော လနှယ်၊ ကြည်လင်ဝင်းပလာ၏။ ရိုးရိုးယဉ်ယဉ် မိန်းမပျိုကလေးသည် ကွမ်းတောင်ကို ဣနြေ္ဒရရ လက်ခံယူ၏။ ယင်းနောက် သင်္ဃာစင်ဘက်သို့ ကြည့်လိုက်ရာ ဘသားချော ကိုရင်လောင်းနှင့် အကြည့်ချင်းဆုံမိကြသည်။ ဘာကြောင့်မှန်းမသိ၊ သူတို့နှစ်ဦး မျက်နှာနွေးသွားသည်။ လူအများနှင့် အုတ်အုတ်သဲသဲ စည်ကားကျယ်ဝန်းလှသော မဏ္ဍပ်ကြီးသည် နှစ်ဦးသားအဖို့ ခဏမျှေ၀၀ါးသွားရလေ၏။

မြင်းဖြူကြီး ကဏ္ဍိကသည် ကကြိုးတန်ဆာ စုံလင်စွာဖြင့် မဏ္ဍပ်ဝတွင် အသင့်ရှိနေလေပြီ။ ဗြောဆရာကြီးတို့သည် ဗြောသံနှင့်အတူ ကိုရင်လောင်းကို မြင်းပေါ်သို့ တင်ကြလေ၏။ "ကဏ္ဍိကရေ၊ မောင်ရင်လောင်း သာသနာ့ဘောင်အတွင်း သက်ဆင်းတော့မှာမို့ ပါရမီဖြည့်ဖော်ဖြည့်ဖက်အနေနဲ့ ကောင်းမွန်စွာ လိုက်ပို့ပါ" ဟု အဓိပ္ပါယ်ရသော လင်္ကာရှည်ကြီးဖြင့် အမိန့်တော်ပြန်၏။

ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ်၊ ယောက်ျားမိန်းမ အစုစုတို့သည် ဗြောသံကို နာခံရင်း မဏ္ဍပ်မှ စီရရီ ညီညာစွာ ထွက်ကြလေပြီ။

ပလုတ်ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့
သာသနာ ၀ါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။

နေမင်းသည် တောကိုလည်းကျော်၊ တောင်ကိုလည်း ကျော်ခဲ့လေပြီ။ ၀ါရွှေသောအလင်းတန်းတို့ကို တောင်ကုန်းရွာလေးအပေါ်သို့ သွန်းပက်ဖြန့်ကြဲလေပြီ။ နေရောင်ဝယ် ရွှေထီးတို့သည် ၀င်းဝင်းပြက်ပြက်။ ရွာသူရွာသားတို့သည် ၀တ်ကောင်းစားလှများဖြင့် တင့်လှယဉ်လှပါ၏။ အတင့်ဆုံးအ၀င့်ဆုံးကား သူတို့ဆင်မြန်းထားသည့် ရိုးဂုဏ်မြင့်သော အပြုံးပွင့်လေးများပင်။

အလို နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲ မက
အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီးလှပါဘိ၊

ဗြောဆရာကြီးတို့က လက်စွမ်းပြ၏။ ကာလသားတို့က ချပ်၍ညှပ်၍ ရတုဆို၏။ "စာပုလွေရှေ့မှာခင်းပါလို့ ရုပ် တွက်ရင်းရယ်တဲ့ မောင်ကငို" ဟု ရတုသမားကတိုင်လျှင် ကာလသားတို့က တိုင်ပင်ကျယ်ကျယ်ခေါ်၍ "ရွှဲ" လိုက်ကြ၏။ ရတုအမျိုးမျိုးရှိသည့်အနက် ကိုရင်လောင်းနှင့် စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင် မိန်းကလေး၏ စိတ်ကို အထိခိုက်ဆုံးသောရတုကား သာသနာ့ဘောင်မှာ သာသနာ့ဝန်ကို ထမ်းလိုတာမို့ တစ်လလောက်ခွင့် ပြုဖို့အရေး အခွင့်တောင်းသော ရတုပင်ဖြစ်သည်။ ဤရတုသည် ကိုရင်လောင်း၏ စိတ်ကို ထိခိုက်လှချေ၏။ မြင်းပေါ်မှ ကိုရင်လောင်းသည် ရုတ်ချည်းပင် မျက်နှာညှိုးနွမ်း၍ ဦးခေါင်းငိုက်စိုက် ကျရလေပြီ။ မြင်းဖြူကြီး ကဏ္ဍိကသည်ပင် သူ့သခင်စိတ်နှလုံးညှိုးနွမ်း၍ ဣနြေ္ဒမဆည်နိုင် ဖြစ်ရလေပြီ။

"တစ်လတာ သည်အရေးကိုလ
မဟ၀ှာ ကြည်ကြည်ပေးပါ" တဲ့
ရတုချို စိတ်ကိုသွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက်မတည်။

ကိုရင်လောင်းသည် တစ်ပူပေါ်နှစ်ပူ ဆင့်ရလေပြီ။ အမိအဖတို့၏ ရင်ငွေ့မှခွဲခွာ၍ ကျောင်းကြီးပေါ်မှာ နေရတော့မည်။ ကစားဖော်ချင်း သူငယ်ချင်းများနှင့်ခွဲ၍ ဆရာတော်ကြီးရှေ့ဝယ် ပုတီးစိပ်ရတော့မည်။ သားတော်မောင် ကိုရင်လောင်းကား အတော်လေး လူလားမြောက်၍ လူပျိုပေါက်ကြီးဖြစ်ခါစ။ အလှူတော်မင်္ဂလာပွဲကို ဆင်နွှဲနေရလင့်ကစား သူ့မှာလဲ နှလုံးသားရေးရာ ပြဿနာလေးများက ရှိနေပြန်ပါသေး၏။ ကိုရင်လောင်းအဖို့ စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင်မိန်းမပျိုလေးဆီမှ တစ်လတာဝေးကွာရမည်မှာ အဆိုးဆုံး ဖြစ်ချေတော့သည်။ ကိုရင်လောင်းသည် စိတ်နှလုံး ကြေကွဲလျက် ကွမ်းတောင်ကိုင်ကလေး ရှိရာသို့ ငဲ့စောင်း၍ ကြည့်မိလေသည်။

မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောအခါ၊

ကွမ်းတောင်ကိုင်မလေးသည်လည်း ကိုရင်လောင်းနည်းတူ ထိုရတုကို ကြားရပါ၏။ အကယ်စင်စစ် ထိုရတုကို မိန်းမပျိုလေး မကြားလိုပါလေ။ တစ်လတောင် ခွင့်ပေးရမတဲ့။ များလွန်းလှချည့်။ ခွဲထွက်ရှောင်သွေ နေနိုင်လွန်းလှချည့်။ တကထဲ သည်လောက်တောင် ရှိလှမင့်ဟာ...။ တစ်လမဟုတ်ဘူး၊ ဆယ်လ။ တစ်ကြိမ်မဟုတ်ဘူး၊ ဆယ်ကြိမ်။ ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်။ ကြွတော်မူပါတော်ရေ...။ မိန်းမပျိုလေး၏ စိတ်ထဲဝယ် ဂရုဏာဒေါသတို့ လှိုင်းထလျက်ရှိသည်။ သည်လောက်တောင် ရက်ရက်စက်စက် ခွင့်တောင်းရပါမည်လားဟု ရှက်လဲရှက်မိ၊ ဒေါသစိတ်ကလေးလဲ ဖြစ်မိရကား ခမျာမှာ လက်ထဲမှကွမ်းတောင်ကလေးပင် မြေသို့ ခ,ရရှာတော့ သည်။

ကညာလုံ ကြာမုံညွှတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
"မတွယ်တာ ဆယ်ခါလွှတ်မယ်" တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမြက်ရည်
လည်တယ်လို့မဆုံး။

ခမျာလေးမှာ လူကသာ ရှင်လောင်းလှည့်နေရသော်ငြား စိတ်ဝယ် တိတ်တိတ်ကလေး ပူဆွေးနေရချေပြီ။ သြော်...သူတို့တွေ ပျော်နိုင်ရက်ပါပေ့နော်...။ ဗြောဆရာကြီးတွေကလဲ တီးလိုက်ခေါက်လိုက်ကြတာ၊ နှဲဆရာကြီးကလဲ မှုတ်နိုင်ပါပေ့။ ကာလသားတသိုက်ကလဲ "ရွှဲ" လိုက်သံ တညံညံနဲ့ မစာနာ၊ မသနား အငြိုးနဲ့များ လှောင်ကြလေသလားနော်..။ ဒီမှာဖြင့် မပူရုပ်နဲ့ ဟန်လုပ်နေရပါတယ် တော်ရယ်..။

ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်၊

စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင်လုံမလေးမှာ ၀မ်းနည်းစိတ်တို့ တလိပ်လိပ်..။ မျက်ရည်ကလေးများပင် လည်ရှာလေပြီ။ အမယ်မင်း ကိုရင်လောင်းကြီးဘုရား။ ကျွန်တော်မျိုးမကို ဒီလူရှုပ်လူပွေတွေကြားထဲ စိတ်ချလက်ချ ထားခဲ့တော့မှာလားတော်။ တစ်ကောင်ကြွက် တစ်မျက်နှာ မျက်စိသူငယ် နားသူငယ်မို့ များလွန်းလှတဲ့ ရက်သုံးဆယ်ကို လျှော့တော်မူပါဦးလားတော်ရယ်..။ စောစောကလေ ကျွန်တော်မျိုးမ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောခဲ့မိပါတယ်။ တစ်လမဟုတ် ဆယ်လလွှတ်မယ်ဆိုတဲ့စကား၊ ဘွာခတ်လို့ ပြန်လည်ရုတ်သိမ်းပါရစေလား တော်ရယ်..။

"လှောင်ချက်ကယ်နာ
မောင်မျက်နှာ တစ်ရွာမှတ်ပေမဲ့
သာသနာ ၀ါဝါ၀တ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီခိုရပါ့
တစ်လဆို ရက်ကို ချဉ်းပါဖျာ့"
ဘွာခတ်ကာ ခမျာငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီးကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။

ဗြောသံသည် တဖြေးဖြေး ဝေး၍ဝေး၍ သွားလေပြီ။ ပီသကြည်မြလှသော ဗြောသံသည် တောင်ကုန်းရွာလေးကို တစ်ပတ်ပတ်မိချေပြီတကား။ မကြာမီ ရွာဦးကျောင်းသို့ တစ်ကျော့ဝင်လာတော့မည်။ အလို...ပီလှမြည်လှ စည်လှသော ဗြောသံဝယ် ရှိုက်သံသဲ့သဲ့ကလေးသည် ဘဇာကြောင့် ကပ်ငြိ၍ ပါလာရပါသနည်း။

ညိမ်းညို

ငါတို့ပေါ့

ငါတို့ပေါ့
မူးမူးနဲ့ ပွေးစုံ့တွေကို အနံ့ခံခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဂျုံခင်းတွေထဲတိုးဝင်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မျက်နှာစိမ်းတွေကို ရန်ပြုခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဖွတ်တွေပုတတ်တွေ လိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ တရွာသားတွေနဲ့ ရန်ဖြစ်တိုက်ခိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ၀ါပင်လေးတွေကို ပွတ်တိုက်နင်းချေခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ပဲကြီးပွင့်ဖြူဖြူလေးတွေကို နမ်းရှိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ကင်းတားလက်ဝဲမြောင်းကို တမြုံ့မြုံ့ကူးခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မြေနီသဲဝင်းနှမ်းတလင်းမှာ ပုလင်းတူဘူးစို့ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဖရဲခင်းပယ်သီးတွေကြား ခုန်ပေါက်ပြေးလွှားခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မန်ကျည်းပင်ရိပ်နွေအတိတ်မှာ အော်ဟစ်ငိုယိုခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နာနတ်ရိုင်းကွင်း လိပ်ကျင်းတွေထဲ ချော်လဲရောထိုင်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ပြောင်းရိုးတွေကြား လွန်းထိုးလွန်းတင် ကြင်နာသတ်ပုတ်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နှင်းရည်မွှေးမြ မြေပဲခင်းစိမ်းရင့်ညိုမှောင်တွေပေါ် လူးလှိမ့်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ညွှတ်သီးဖြာကျ ပဲတီပင်တွေအောက် တမေ့တဆွေး အိပ်မောကျခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ထနောင်း၊ သနပ် တံလှပ်အရိပ်တွေထဲ ဘ၀ကို ပွဲတော်လိုတွေးခေါ်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မည်းမှောင်ခဲသိပ်တိမ်တလိပ်ကို ဖြိုင်ဖြိုင်သဲသဲရွာလေမလားလို့ မျှော်တော်ဇောနဲ့မောခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နေရောင်သွေ့သွေ့ လေပြေစွေ့စွေ့မှာ တရွာသူပျိုဖြူချောတို့ကို ပိုးပန်းခဲ့ကြတာ
(ဟဲ့ ဟိုဟာမလေး ဘုန်းကြီးကျောင်းမှာ နေတယ်မို့လား)

ငါတို့ပေါ့
မူးမူးနဲ့ ရွာရဲ့ကွမ်းတောင်ကိုင်အလှပဂေး ကောင်မလေးကို ခပ်မြူးမြူး ကြည့်ခဲ့ကြတာ
(သလုံးသားအိအိလေးတွေက ခဲထားချင်စရာ)

ဟေးး အောင်နက်
တို့သခင်တိုက်တဲ့ ထမင်းရည်ထဲမှာ
အရက်တွေများ ပါရော့သလားကွာ
မူးလိုက်တာ တအားပဲ
ဒီနှစ်နွေလဲ ပူတာပါပဲကွာ။

ညိမ်းညို

မီးခတ်ကျောက်

"ရာဇ၀င်ကား
နှလုံးသားမရွှေ့လျှင်
ရွေ့ရိုးထုံးစံမရှိချေ".....ဖော်ဝေး

သမိုင်းတစ်ခေတ်
တိုးတက်ဖြစ်တည်
ရှေ့သို့ချီလော့
ညီနောင်ဆွေရင်း
သူငယ်ချင်းတို့။

ခုချိန်ခါမှာ
ဘယ်သူကဘာ
အပေါ်ယံအလွှာ
မာယာများလွန်း၏
မနက်ဖြန်ခါ
သဘက်ခါ
အရေပြားတွေကွာကျ
အခွံတွေကွာကျ
အဲဒီတစ်နေ့မှာ
ဘယ်သူကဘာ
ပကတိမျက်နှာ
ကွင်းကွင်းကွက်ကွက်
ပြက်ပြက်ထင်ထင်
မင်းတို့ငါတို့
မြင်ရမယ်။

ငရုတ်မှန်ရင် ရဲရဲစပ်
မြွေမှန်ရင်တော့ တွင်းဝင်ဖြောင့်စမြဲ။

အမှန်တရား၏မျက်နှာမှတစ်ပါး
အခြားသောမျက်နှာတို့အား
ထောက်ရှုငဲ့ညှာခြင်းငှာ
မပြုစကောင်း။

အို...
သန္ဓေမှန်သော အလင်းငှက်တို့
သမိုင်းအမှန်ကို မြွက်ကြားဖို့
ငါတို့ ပန်ကြား၏။
အပေးအယူ အလျဉ်းကင်း၍
ဖေးကူခြင်းတို့ လင်းစေပွင့်စေသား။

ညိမ်းညို

မိုးထဲလေထဲမှာ ငါတို့ဟာ တစ်ယောက်လည်းပင်းတစ်ယောက်ဖက်လို့

အသွေးအသားထဲမှာ
အသွေးအသားထဲမှာ
အသွေးအသားထဲမှာ
..................
..................
..................
ကဗျာ
ကဗျာ
ကဗျာ
.......
.......
.......
ဒီလို..ရူးသွပ်ခုံမင်စွာ
တမ်းမက်တွယ်ဖက်ထားလိုက်မိတော့ရဲ့
ကဗျာရေ ..
မိုးထဲလေထဲမှာ ငါတို့ဟာ တစ်ယောက်လည်ပင်းတစ်ယောက်ဖက်လို့
ခရီးတွေအများကြီးဆက်ရဦးမယ်
ရှေ့မှာ
ရန်သူတစ်ထောင်
ငါတို့ချစ်ခြင်းကို ပိုမိုခိုင်မြဲစေဖို့..။

ညိမ်းညို

ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလား

ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ
ကြိတ်ဖြတ်ဝါးမြို စက်ကြီးထဲ
မမြင်ရတဲ့နှောင်ကြိုးတွေတောင်
စုတ်ဖွာကွဲအက်လို့နေပေါ့
ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ
ဂါဂါရေ..သူငယ်ချင်းရေ
ရေကများသလောက်
ငါတို့ ငါးမရခဲ့ကြပါဘူးကွာ
သူငယ်ချင်းရေ..ဂါဂါရေ
ဒဏ်ရာမကင်းသေးသမျှတော့
သံသရာအသင်းမှာ
ဖန်တရာတေအောင် ရုန်းကြကန်ကြဦးစို့
ဖြစ်ရဲ့မဟုတ်လား
ရာသီတစ်လျှောက်ပွဲကြပ်တွေထဲ
ငါတို့ ရဲရဲတိုးဝင်ကြစို့
မြင်ရဲ့မဟုတ်လား
ငါတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မဲ့
ခပ်ဆိုးဆိုးနောက်တန်းကောင်တွေ
တွေ့ရဲ့မဟုတ်လား
ငါတို့ဘ၀နဲ့သွင်းထားတဲ့ဂိုးတွေကို
စုတ်ဝင်လာဘ်ဝင်ဂါထာတစ်ပုဒ်လို မန်းမှုတ်ပစ်မဲ့
လူကြီးလူကောင်း လောင်းကစားသမားတွေ
ကြားရဲ့မဟုတ်လား
ငါတို့ထွက်သက်ဝင်သက်တွေကို
သွက်သွက်လည်အောင် ဆွဲခါလှုပ်ရမ်းပစ်လိုက်မဲ့
မာယာတညံညံ ၀ီစီသံတွေ
အလို...
ကိုယ့်အရိုးနဲ့ ကိုယ်စိုက်ထူ
ကိုယ့်အဖီကိုယ် ပြန်မတ်ကူဖို့
ဒိုင်တစ်ယောက်ရဲ့
ဆုံးဖြတ်ခွင့် မှော်ပန်းတစ်ပွင့်
ကိုယ့်ရင်မှာ ကိုယ်ပြန်ပျိုးကြရင်း
ငါတို့ရဲ့ခရီးကြမ်းကို ၀က်သိုးချုပ်ချုပ်လိုက်ပါပေါ့လား
ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ...။

ညိမ်းညို

- ဂါဂါနဲ့ သူငယ်ချင်းမျှားပြာတို့အတွက် ကျနော့်ရဲ့ ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလားကို အပ်နှင်းလိုက်ပါတယ်။

သံတူကြောင်းကွဲ ဖျားနာမှု

အမှောင်ထဲ
မျက်လုံးများ
မီးစုန်းစုန်းတောက်
လူငယ်
အသွေးအားကောင်းကောင်း
အသက်ဓာတ်ပြင်းပြင်း
အမှန်တရားစစ်စစ်
အသက်ထက်ပိုချစ်ခဲ့ကြ
လက်မောင်းချင်းတိုက်ခဲ့ကြ
လက်ဖျံချင်းရိုက်ခဲ့ကြ
အရိုးအရိုးချင်း ခိုက်မိ
နှလုံးသည်းပွတ်ချင်း ဓာတ်လိုက်မိ
အဲဒါ လူငယ်
ရာဇ၀င်ထဲမှာ ထားခဲ့မိကြပေါ့
ဒီလိုနဲ့
နံရံ
မျက်နှာကြက်
ကြမ်းပြင်
အခန်းထဲ
နွယ်ရှင်တွေ
တမဟုတ်ချင်း အသက်ဝင်လာနေခဲ့
ခင်ဗျားတို့ ကျွန်တော်တို့
အလေအလွင့်လမ်းမတစ်လျှောက်
အဖိတ်အစင်များသော နေ့ရက်များ။

ညိမ်းညို

ငါတို့နဲ့ ခေတ်ကြီးနဲ့

"လမ်းတွေက
ငါတို့ထင်သလောက်
ဖြောင့်တန်းမနေပါဘူး ဘိုညိမ်းရာ"
ဟေး ဘိုတင့်
အမြိုက်တရားမှာ
အမိုက်အမှားတွေမလာရဘူးလို့ ဘယ်သူပြောလဲကွ
လာ...
ငါတို့
ကဗျာပြိုင်စပ်ကြစို့
ငါတို့
တရားထိုင်မှတ်ကြစို့
လမ်းကကောက်တယ်
ဖြောင့်အောင်လျှောက်မယ်
ဒါဆို
ငါတို့ သိဒ္ဓိပေါက်ပြီပေါ့ကွာ
ဆင်သွားတိုင်း လမ်းမဖြစ်ဘူး
ဆင်နင်းလို့ ပျက်သွားတဲ့လမ်းတွေအတွက်
ငါတို့ စာနာတတ်ရဦးမယ်
လမ်းကြောင်းကျန်ဖို့
လမ်းကြောင်းမမှန်ကောင်းလားဘိုတင့်
လမ်းမှန်မှ လမ်းကျန်မယ်
ဟောဒီ ဆုပ်ချည်ဖြန့်ချီငါတို့လက်များ
ပန်းခူးဖို့ တင့်တယ်ကောင်းတင့်တယ်ပေလိမ့်
ပန်းခြွေဖို့ မသင့်ပေဘူး
ခေတ်ကြီးထဲ ဒိုင်ဗင်ထိုးချဖို့
ခေတ်ကြီးကို ငါတို့ချစ်ကြစို့ရဲ့။

ညိမ်းညို

လူတောမတိုးတဲ့ကောင်

ပါးစပ်ကြီးနဲ့ အရေးကြီးနေတဲ့
ပါးစပ်ကြီးနဲ့ စေတနာထားနေတဲ့
ပါးစပ်ကြီးနဲ့ မခံမရပ်နိုင်ဖြစ်နေတဲ့
ပါးစပ်ကြီးနဲ့ ကြေကွဲနေတဲ့
ပါးစပ်ကြီးနဲ့ ခံစားနေတဲ့
ပါးစပ်ကြီးနဲ့ စာနာနေတဲ့
ပါးစပ်ကြီးနဲ့ ကူညီနေတဲ့
ပါးစပ်ကြီးနဲ့ တက်ကြွနေတဲ့
ပါးစပ်ကြီးနဲ့ ပညာရှိနေတဲ့
ပါးစပ်ကြီးနဲ့ ဆော်သြနေတဲ့
ပါးစပ်ကြီးနဲ့ ဦးဆောင်နေတဲ့
ပါးစပ်ကြီးနဲ့ အနစ်နာခံနေတဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
အဲဒီလို……
ပါးစပ်ကြီးသမားတွေကို တူးတူးခါးခါးမုန်းတတ်တဲ့
သူ့စိတ်ကလေးကိုသာ ပြုပြင်လိုက်မယ်ဆိုရင်
အင်း…မဆိုးပါဘူး
ဒီကောင်လေး လူတောတိုးနိုင်တယ်။

ညိမ်းညို

အစိမ်းသေ

ရက်စက်တယ်
ဒီလောက် ခြွေချပေးခဲ့တာတောင်
ဘယ်လိုနှလုံးသားနဲ့
အပင်ကိုခုတ်လှဲပစ်လိုက်တာလဲ။

ညိမ်းညို

အရိုင်းကဗျာ

နားကွင်းတစ်ဖက်နဲ့ အရိုးခေါင်းခါးပတ်ပတ်တယ်
ရင်ဘတ်ကြီးကတော့ ခင်ဗျားတို့လိုပဲ ထိလွယ်ရှလွယ်
အနံ့အသက်မခံနိုင်ရင် မဆလာဖြူးလိုက်
လူငယ်တစ်ယောက်ရဲ့အသွေးအသား
တစ်ပြားလျော့နှစ်ပြားလျော့ လာမလုပ်နဲ့
ဆင်ဖမ်းမယ်ကျားဖမ်းမယ် နောက်မှပြော
ခြေလှမ်းတွေ စမှတ်ကအရင်ရွေ့ရအောင်
အမှန်တရားဆိုတာ
ချိန်းဆိုထားတဲ့အချိန်ထက်
နောက်ကျပြီးမှ ရောက်လာတတ်သလေးဘာလေး
တွေးဆသယောင် ဖေးမသယောင်
ဘေးကမလှောင်နဲ့
သွေးမရှိရင် ဝေးဝေးသွားရှောင်
အဲဒီ အမှန်တရားဆိုတဲ့ငနဲ
ဂုတ်ဆွဲပြီးခေါ်ခဲ့
နောက်ကျပြီးမှရောက်လာမဲ့ ဒင်းမှာ
ရိုးသားမှုဂုဏ်ဒြပ်တွေ စုတ်ပြတ်နေမှာအသေအချာ
စောင့်နေဖို့ အချိန်မရှိ
လက်ဝှေ့ကျော်ကြီးတော့ မဟုတ်ဘူး
ယုံကြည်ထားတာ တစ်ခုရှိတယ်
ထိုးချက်တိုင်းဟာ
မြင်းကန်သလို ပြင်းထန်နေရမယ်
ဒါပဲ။

ညိမ်းညို

ps- MSU ကျောင်းသွားလည်တော့ မျှားပြာကြီးက နားပေါက်ဖောက်ပေးမယ် တကဲကဲလုပ်နေလို့ သူမဖောက်ခင်
ကိုယ်ကအရင်ဦးအောင် ကဗျာထဲမှာ နားကွင်းဆွဲပစ်လိုက်တယ်။ ကိုင်း…မှတ်ကရော :P

အာဇာနည်ဗိမာန်

" မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်းအောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏ "
(ဗိုလ်ချုပ်အောင်ဆန်း)


(ပုံကို ဒီက ယူပါတယ်)

အာဇာနည်ဗိမာန်
သခင်ကိုယ်တော်မှိုင်း


သြော်၊ အဆောင်ဆောင်နန်းတွေ၊ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဘို့၊ အောင် ပန်းညို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ၊ ၎င်းကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါ အုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်။

သြော် တပည့်ရင်းတွေမို့၊ က၀ိမတင်းနိုင်ဘုကွယ့် သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ် မကွယ့် မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်သူမြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊ လူကြမ်း ဓပြတွေ ကြမ်းလာ ရမ်းလာတဲ့အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာ ပုံရဲ့ပြင် ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ် ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင် ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဗ္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရန္တမိတ် ခမျာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည် တခွင်မတော့၊ ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန် လျှမ်းပေတဲ့၊ သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ် အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊ သြော် ဖွေဖွေရှာရှာ မကျေစရာ ပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက်အခါတူမို့လို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာ အဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့် ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော်တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသတဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းဖွဲ့တွေနဲ့၊ မှိုင်းရဲ့စိတ်ထင်။

မင်းစိတ်မင်းမာန် အကြံအဖန်ကင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာ နှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ (အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊ ၀သီလို တဖြေး ဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊ ခွေးဘီလူးလိုအကောင်မိုက်တွေက၊ သြော် အမှောင်စရိုက်ကယ်နှင့်၊ ပြောင် ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန် ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တ ခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုဿန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်၊ အလွန် ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာဆရာကန် တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင် ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော် တောင်နန်း မြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။

(မူရင်းသတ်ပုံအတိုင်း)

လူသားဘဝ

ပျော်ဖို့လည်းကောင်း၊ စိတ်ဝင်စားဖို့လည်းကောင်းလှတဲ့ တက်ဂိမ်းတွေနဲ့ အချိန်အတန်ကြာ ကင်းကွာဆိတ်ငြိမ် နေတဲ့ ဘလော့ရပ်ဝန်းကို ကျနော်တို့၏စပ်မိစပ်ရာမှ လူပျိုကြီးများက(အမလေးမကတော့ လူပြိုကြီးများလို့ သုံးတာတွေ့ဖူးရဲ့ :P )လူသားဘ၀ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်နှိုးလိုက်ပါတယ်။ လူသားဘ၀ကို အစပျိုးခေါင်းစဉ်ပေးသူ ကိုသင်္ကြန်ရေးထားကို တအားနှစ်သက်မိပါတယ်။ "မှတ်မှတ်ရရ ဖြစ်လောက်တဲ့အထိ အကြီးအကျယ် ပျော်ရွှင် ခြင်း၊ အလွန်အမင်း ကြောက်လန့်ခြင်း၊ မျက်ရည်တောက်တောက်ကျတဲ့အထိ ၀မ်းနည်းခြင်း စတဲ့စိတ်ခံစားမှု အာရုံအားလုံးကို ပြင်းပြင်းပြပြ ရသွားချင်တယ်" ဆိုတဲ့ နံပါတ်(၃) အချက်ကိုဖြင့် မှတ်မှတ်ထင်ထင် သဘောကျမိ ပါတယ်။ အဲသည် နံပါတ်(၃)အချက်နဲ့ပတ်သက်လို့ နောက်ဆက်တွဲမှာ ကိုသင်္ကြန်ပြန်ရှင်းပြထားတာကလည်း စိတ်ဝင်စားစရာပါ။

အမလေးမရဲ့ လူသားဘ၀ပို့စ်ထဲက သည်ဖွင့်ဆိုချက်ကို တအားနှစ်ခြိုက်မိပါတယ်။

လူသားဘ၀ ဆိုတာ … ဘာသာရေး..ပတ်ဝန်းကျင်… အသိတရား.. လူပုဂ္ဂိုလ်တွေရဲ့ လွှမ်းမိုး တိုက်တွန်းမှုမပါဘဲ … ကိုယ်စိတ်အားထက်သန်နေတဲ့ အလုပ်.. အနည်းဆုံး တစ်ခုလောက်တော့ ကျေကျေနပ်နပ် နောင်တမရဘဲ လုပ်လိုက်နိုင်ရင် အဓိပ္ပါယ် ရှိလိမ့်မယ် …။

ကိုလင်းဦးရဲ့ "ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေထိုင်သွားချင်တယ်။ ပြီးတော့ မေမြို့ကခြံတစ်လုံးမှာ အေးအေးဆေးဆေးနေချင်တယ်" ဆိုတဲ့ နံပါတ်(၄) အချက်ကိုတော့ ကျနော်လည်း မကြာမကြာ စိတ်ကူးမိသားဗျ။ အဲ...ဒါလေးတစ်ခုတော့ ထပ်မံဖြည့်စွက်ပါရစေ။ ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွှင်စရာ မိသားစုလေးနဲ့ပေါ့ခင်ဗျာ..။

ရေးသာရေးနေရတယ်။ တက်အကြွေးတွေရှိခဲ့ဖူးတော့ ရေးရတာ လက်အတွန့်သားဗျ :) တော်ပါသေးရဲ့ အကြွေးရှင်တွေက လူရင်းကြီးတွေမို့.. :P

ကဲ..တက်ခံထိဖက် အကိုအမတွေရေးတဲ့အထဲက ကိုယ်ကြိုက်မိတာလေးတွေတော့ ပြောပြီးသွားပြီ။ ကိုယ်တိုင်ရေးဖို့ပဲ ကျန်တော့တယ်ဗျို့ :)

ကျနော့်ဘ၀မှာ သည်အချက်လေးတွေ ဖြစ်ချင်ပါတယ်။

(၁) ပုဂံကို ဆယ်ရက်လောက် အေးအေးဆေးဆေး သွားလည်ချင်ပါတယ်။

(၂) ဒါရိုက်တာအဖြစ်နဲ့ ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ကားတစ်ကား ရိုက်ဖူးချင်ပါတယ်။

(၃) "ကျနော် ကဗျာတွေစပ်နေတာ တရားထိုင်နေတာပေါ့ဗျာ" လို့ ဆရာမကြီးဒေါ်ခင်နှင်းယုကို ပြန်ဖြေခဲ့ဖူးတဲ့ ဆရာဇော်ဂျီလို ကဗျာဆရာတစ်ဦးဖြစ်ချင်ပါတယ်။(သည်လို မရေးကောင်း၊ မရေးအပ်ဖူးဆိုရင် ခွင့်လွှတ်စေ လိုပါတယ်။ ကျနော့်စိတ်ထဲက ဆရာကြီးကို အားကျတဲ့စိတ်နဲ့ တအားဖြစ်ချင်တဲ့ ဆန္ဒသက်သက်ရယ်ပါ)

(၄) ဖြစ်နိုင်မယ်ဆိုရင် ဘယ်လို အသင်းအဖွဲ့၊ ဂိုဏ်းဂဏထဲမှ မပါချင်ပါဘူး။ ဘယ်ဂိုဏ်း၊ ဘယ်ဝါဒ၊ ဘယ်အဖွဲ့ အစည်းရဲ့ သြဇာလွှမ်းမိုးမှုမှမပါပဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် သီးခြားကင်းလွတ်စွာ ပြုမူပြောဆို နေထိုင်လှုပ်ရှား လိုပါတယ်။ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက်၊ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။ ဘယ်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့မနေရတဲ့၊ စိတ်ရောကိုယ်ပါ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။

(၅) မိရိုးဖလာသဘောမျိုးမဟုတ်ဘဲနဲ့"ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ဆည်းကပ်လာသူ တစ်ယောက်အ ကြောင်း" ထဲက ဆရာဦးဆန်းလွင်ရဲ့ နားလည်သိမြင် လက်ခံယုံကြည်သွားတဲ့ စိတ်နှလုံးမျိုးနဲ့ ဗုဒ္ဓ၀ါဒကိုလှိုက် လှိုက်လှဲလှဲ နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်တတ်ချင်ပါတယ်။

(၆) ကိုယ့်အချင်းချင်းရော၊ တခြားသူတွေအပေါ်မှာရော စာနာနားလည်တတ်တဲ့၊ ကူညီဖေးမတတ်တဲ့ ပျော်ရွှင်ချမ်းမြေ့စရာမိသားစုလေးနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေသွားချင်ပါတယ်။ (မကြာမကြာ စိတ်ကူး ယဉ်ခဲ့ဖူးတဲ့ ကိုလင်းဦးရဲ့ နံပါတ်လေးအချက်ကနေ ရွေ့လျောလာခဲ့ရခြင်းပါ။ လူဟာ ကိုယ့်လိုအင်ဆန္ဒတွေအ ကုန်လုံးအတွက် အဆင်မသင့်နိုင်တဲ့အခါ တခုခုကို အလျော့ပေးရတတ်ပါတယ်။ အခု နေရာဒေသဆိုတာကြီးကို ကျနော်အလျော့ပေးလိုက်ပါပြီ။ ကိုယ်မြတ်နိုးတွယ်တာရတဲ့ ချစ်သူနဲ့၊ မိသားစုလေးနဲ့ဆိုရင် ဘယ်အရပ် ဘယ် ဒေသမှာ ဖြစ်ဖြစ် ပန်းတွေဟာ ပွင့်မြဲပွင့်နေကြလိမ့်မယ်လို့ နှလုံးသွင်းတတ်ခဲ့ပါပြီ)

အသက်ရှင်နေထိုင်စဉ် သက်တမ်းတစ်လျှောက် သည်အချက်လေးတွေကို လုပ်နိုင်ခဲ့ရင် ကျနော် ကိုယ့်ကိုယ် ကိုယ်ကျေနပ်မိမှာပါ။

(၁) ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်သောစစ်ပွဲကြီးငယ် တစ်ပွဲကိုဖြစ်စေ၊ တစ်ပွဲထက်ပိုလို့ဖြစ်စေ (ကြိုက်သ လောက်ပိုပါစေ) ကျနော့်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းကြောင့် တားဆီးနိုင်ခဲ့မယ်ဆိုရင်...။

(၂) စာပေစီစစ်ရေး၊ စာအုပ်ထုတ်ဝေရေးကိစ္စတွေမှာ စာပေပညာရှင်တွေ၊ စာပေလုပ်သားတွေ (စာပေလော ကသားတွေပေါ့ခင်ဗျာ) ကျေနပ်နှစ်သက်ပြီးတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင် တစ်စုံတစ်ခုသော နည်းလမ်းနဲ့ဖြစ်စေ၊ အကြောင်းချင်းရာနဲ့ဖြစ်စေ စိတ်ရောကိုယ်ပါ တရားသဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့မယ် ဆိုရင်....။

(၃) သူငယ်ချင်းမိတ်ဆွေတွေအပေါ် ဘယ်သောအခါမှ ငြူစူတဲ့စိတ်မဖြစ်ပေါ်ဘဲ၊ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လဲ မိမိစိတ် ကို ချက်ချင်းသိ၍ ပြုပြင်နိုင်ခဲ့မယ်ဆိုရင်...။

(၄) အသားအရောင်၊ ဆင်းရဲချမ်းသာ၊ ဘာသာအယူဝါဒ၊ ပညာဂုဏ်ရှိန်၊ နေရာဒေသ ကွဲပြားခွဲခြားမှုမထားဘဲနဲ့ လူနဲ့လူချင်း သာတူညီမျှ လေးစားချစ်ကြည်စွာ ဆက်ဆံနိုင်ခဲ့မယ်၊ ကူညီဖေးမနိုင်ခဲ့မယ်ဆိုရင်...။

(၅) ကိုယ့်ရဲ့ချစ်သူအပေါ်၊ သားသမီးတွေအပေါ်၊ မိသားစုအပေါ်၊ အခြားသူတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတတ် တဲ့အကျင့်မျိုးကို အမြစ်တွယ်ခွင့်မပေးဘဲ ရှိနေတယ်ဆိုရင်တောင် တစ်နေ့ထက်တစ်နေ့ ပါးလျားကွယ်ပျောက် သွားအောင် ပြုပြင်နေထိုင်နိုင်ခဲ့မယ်ဆိုရင်...။

ကျနော့်စိတ်ထဲမှာ အောင်းနေတာကြာပြီဖြစ်တဲ့အကြောင်းအချက်လေးတွေကို အခုလိုပို့စ်အဖြစ်နဲ့ စာတစ်ပုဒ် ရေးဖြစ်သွားအောင် တိုက်တွန်းနှိုးဆော်ပေးတဲ့ စပ်မိစပ်ရာမှ လူပျိုကြီး ကိုသင်္ကြန်ကို ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်းတွေ၊ ညီအကိုမောင်နှမတွေအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ :) :)

ညိမ်းညို

မိုးပြဇာတ်

ဇွန်လရဲ့ မိုးကောင်းကင် ခဲသားမှိန်မှိန်က
မိုးတိမ်တွေကို အန်ချလိုက်တာ
စံပယ်ပွင့်ကြွေသံတွေ တဖျောက်ဖျောက်၊

မိုးလေ၀သ သတင်းအပြီး
မိုးကာအင်္ကျီနဲ့ ထီးတစ်လက်
သားသမီးတွေတွက် ၀တ္တရားတွေ တဖြုတ်ဖြုတ်ကြွေ
မြင့်မိုရ်တောင်ကြီး ရေငတ်နေတယ်၊

ကမ္ဘာကြီးရဲ့အစီအစဉ်ကို သိချင်လို့
စလောင်းတပ်ဆင် ကြည့်မြင်နေချိန်မှာ
အရိုးတီဘီအိမ်လေးရဲ့ ကျန်းမာရေးက
နောက်ဆုံးမေးခွန်းတစ်ခုပဲ လိုတော့တယ်၊

ဘယ်သူသိသိ မသိသိ
ငါသိနေတဲ့ ခါးသီးမှုတွေထဲမှာ
မိုးရွာတာကလွဲရင်
အရမ်းပူတာပဲ။

နောင်ဝင်းထွန်း

သက်ရှိသက်မဲ့

(က)
အသက်ရှိသေးရဲ့လား

ငါ သွားနေတယ်
ငှက်တွေရဲ့အတောင်ပံနဲ့ မရောက်နိုင်တဲ့အရပ်
ပင်လယ်ငါးတွေ မနေထိုင်နိုင်တဲ့အရပ်ကို
ငါစီးမဲ့ရထားနဲ့ လွဲမှာစိုးလို့
ငါနောက်ကျမှာစိုးလို့
ငါ ကတိဖျက်ရာ ရောက်မှာစိုးလို့
မကြာမကြာ ငါပြေးရတယ်
အစွမ်းကုန်သိမ်မွေ့တဲ့လူတွေ
သူတို့မှာရှိတဲ့ အကောင်းဆုံးအပေါ်အင်္ကျီတွေကို
လျှော်ဖွတ်ပြီးစ ရှပ်အင်္ကျီတွေရဲ့အပေါ်ကနေ ထပ်ဝတ်ချင်ကြလို့
ငါ့ကို ဆွဲခေါ်တယ် ဒရွတ်ဆွဲခေါ်တယ်
စာတစ်စောင်မှ လက်ခံမရကတည်းက
ငါ ဘာသတင်းကိုမှ မရတော့ဘူး
ငါ့ခန္ဓာဟာ ငြိမ်ငြိမ်သက်သက်လဲကျလို့
ငါ့မိတ်ဆွေ တခြားလိပ်ပြာတွေနဲ့အတူ
ပင်အပ်တစ်ချောင်းနဲ့ ထိုးစိုက်ခံထားရတယ်
ငါ အသက်ရှိသေးရဲ့လား။

(ခ)
အသက်မရှိတော့ဘူး

အိပ်ယာပေါ်က ပစ္စတို
တွေးတောဆင်ခြင်နေတဲ့ကြောင်
ကြိုးတစ်ချောင်းလို ပါးလျားတဲ့အရိပ်
ငါ့ဘ၀ကို ငါမေ့တယ်
ဘုရားသခင်ဟာ သူ့လူတွေကို မေ့သလိုပေါ့
သမ္မာကျမ်းကို
ငါစားချင်လိုက်တာ
ဘယ်သူများကျွေးပ
နံရံမှာ လိပ်ပြာတစ်ကောင်ကို
ငါ ပင်အပ်နဲ့စိုက်တွယ်ထားတယ်
ငါ့ရဲ့ပျော်ရွှင်ခြင်းကိုလဲ အဲသလို
ပင်အပ်နဲ့ စိုက်တွယ်ထားချင်တာမျိုး
ပြီးတော့..မီးတောက်လိုတောက်လောင်နေတဲ့
အရက်သောက်လိုစိတ်နဲ့
အရက်ကို ရေလိုသောက်ခဲ့တယ်
လူငယ်မျက်မမြင်တစ်ယောက်ရဲ့ အမှတ်ရစရာတွေများတဲ့
အေးစက်စက် ပျက်စီးနေတဲ့မျက်လုံးတွေ ငါလိုချင်တယ်
ငါရောက်ချင်နေတဲ့နေရာတွေအကြောင်းကို
ငါတွေးတောနေချင်လို့
တစ်ဝက်မူးနေတဲ့အပြုံးနဲ့
ငါ..နောက်ပြန်ကြည့်တဲ့အခါ
တောင်ကအုပ်မိုးနေတဲ့ ပင်လယ်ကိုတွေ့ရတယ်
(အဲဒါ ငါ့အမေရဲ့ ဂူသင်္ချိုင်းနေရာပဲ)
(ငါ့အမေနဲ့အတူ ပင်လယ်ခရုခွံတွေကောက်ခဲ့တယ်)
ငါ...နောက်ပြန်မကြည့်တော့ဘူး
ငါ...နောက်ပြန်မကြည့်တော့ဘူး
(ကျွန်တော်တို့လဲ မလွဲမသွေ သွားကြရမှာမို့
တခြားလူတွေကို ခွင့်ပြုလိုက်ကြပါစို့)
ငါ အသက်မရှိတော့ဘူး။

ညိမ်းညို

ဝန်ခံချက် ။ သက်ရှိသက်မဲ့၊ အသက်ရှိသေးရဲ့လား - ငါအသက်ရှိသေးရဲ့လား၊ အသက်မရှိတော့ဘူး - ငါ အသက် မရှိတော့ဘူး မှလွဲ၍ ကဗျာတစ်ပုဒ်လုံးကို ဆရာသစ္စာနီဘာသာပြန်ဆိုသော ဂျပန်ခေတ်ပေါ်ကဗျာအပုဒ် ၂၀ မှ စာသားများ၊ ၀ါကျများဖြင့် ရောစပ်ဖန်တီးပါသည်။(စီစဉ်တကျသဘောမျိုး ပေါင်းစပ်ခြင်းမဟုတ်ဘဲ အခြားသော အကြောင်းအရာသစ်တစ်ခု၊ ခံစားမှုအသစ်တစ်ခုဆီသို့ ရည်ညွှန်း၍ ရောစပ်ပါသည်)၀ါကျအထားအသို၊ ပါဒအဖြတ်အတောက်၊ ရှေ့နောက်ဝဲယာ လွတ်လပ်စွာ စီပါသည်။ ကိုရင်ညိန်း စတင်မိတ်ဆက်ပေးသော "မာစယ်ဒူးချမ့်" ရဲ့ "ရေပန်း" မှ သက်ရောက်သော အားတစ်ခုဖြင့် ဤကဗျာကို တင်ဆက်ပါသည်။

ဇူလိုင်(၅)ရက်နေ့က ကျွန်တော်ဖျားနာခဲ့တယ်


အပြင်မှာနှင်းတွေမကျတော့ဘူး
လူသူလေးပါးကင်းလွတ်ရာအရပ်မှာမှ မော်စကိုရဲ့နွေဦးက
ကျွန်တော့်ရင်အုံကို တစ်စုံတစ်ခုနဲ့ တည့်တည့်ပစ်ပေါက်လိုက်တယ်
ဒီလိုချစ်မိသွားပြီဆိုတဲ့နောက်
စိတ်နဲ့ကိုယ်ဟာ ကျွန်တော့်အပေါ်ရက်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့အိပ်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့ နေထိုင်စားသောက်တယ်
အမြဲတစေ သတိရခြင်းနဲ့ သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်
အမြဲတစေ..အမြဲတစေ..အမြဲတစေ
အဲဒီလို အမြဲတစေ သတိရခြင်းနဲ့ယဉ်ပါးနေရတာကို ကျေနပ်တယ်
နွေးထွေးတယ်ဆိုတဲ့ အသိတစ်ခုက
နှလုံးသားရဲ့ ဥပဒေကို သူ့အလိုလို ပြဌာန်းပစ်လိုက်တယ်
ကျွန်တော်သယ်ဆောင်ထမ်းပိုးခွင့်ရတဲ့ ရွက်တိုင်ထိပ်ဖျားမှာ
သူ့နာမည်လေးကို ဦးဦးဖျားဖျား ရေးထိုးထားချင်တယ်
လေကိုပဲဆန်ဆန်.. ရေကိုပဲဆန်ဆန်..
မညှိုးတဲ့ပန်းလေးတစ်ပွင့်ကို သစ္စာတရားနဲ့မန်းမှုတ်လို့
သူ့ကေသာဦးမှာ ပန်ပေးချင်တယ်
ကျွန်တော့်လက်တစ်ဖက်ရဲ့အားမာန်မှာ
သူနှစ်သက်တဲ့တေးတစ်စနဲ့ လင်းပလိုက်ချင်သေးတယ်
တိတ်တဆိတ်ချဉ်းကပ်လာတဲ့ ချစ်ခြင်းမေတ္တာမှာ မိုးတွေစွေခဲ့တယ်
အချစ်နဲ့ ဖျန်းပက်ခြင်းခံရတဲ့အခါ ကျွန်တော် နှစ်ခြိုက်စွာဖျားနာတတ်ခဲ့ပြီ။

ညိမ်းညို

လယ်စောင့်တဲ

ကျနော့်ရဲ့ ပထမဆုံး ပုံနှိပ်စာမူလေးကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြပါရစေ။ ကျနော့်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက ဟိုး..အညာဒေသ အုန်းတပင်ဆိုတဲ့ ရွာလေးဗျ။ အမေဘက်မျိုးရိုးကတော့ တောင်သူလယ်လုပ် ဓားမခုတ်ပေါ့။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ အဖေ့ဘက်မျိုးရိုးကတော့ ၀န်ထမ်းပေါ့ခင်ဗျာ။ ၁၉၉၁ ၊ ကျနော်ပထမတန်းတက်ရမဲ့နှစ်မှာပဲ တောင်ပေါ်မြို့လေးတစ်မြို့ကို မိသားစုလိုက် ပြောင်းရွေ့ခဲ့ကြတယ်။ စာရေးဆရာရူး ရူးနေတဲ့ကောင်လေးတစ်ယောက်ပေါ့ဗျာ..။ သူငါးနှစ်သားအရွယ်လောက်ထိ လက်ပွန်းတတီး ရင်းနှီးထိတွေ့ခဲ့ရတဲ့ ကျေးလက်ပုံရိပ်လေးတွေကို လွမ်းလွမ်းဆွေးဆွေးရှိတိုင်း ကဗျာလေးတွေ၊ ၀တ္ထုတိုလေးတွေထဲ ထည့်ထည့်ရေးမိသပေါ့။ သူ ဒီဝတ္ထုတိုလေးကို ရှစ်တန်းကျောင်းသားဘ၀မှာရေးခဲ့ပြီး၊ ဆယ်တန်းရောက်တော့မှ မြန်မာစာဆရာက တိုက်တွန်းအားပေးတာနဲ့(အမှန်တော့ ဖြစ်ချင်စိတ်ကလေး ရှိမှန်း သိလို့ ဆရာက ကိုယ့်တပည့်ကိုယ် မြှောက်ပေးလိုက်တာဖြစ်မယ်ဗျ :P ) န၀ဒေးမဂ္ဂဇင်းကို ပို့ဖြစ်သွားတယ်။ ကံအားလျော်စွာပဲ အဲဒီဝတ္ထုတိုကလေး န၀ဒေးမဂ္ဂဇင်းမှာ ပါလာပါရောလား..။ စာရေးဆရာရူးရူးနေတဲ့ ကောင်လေးတစ်ယောက် တအားကို ပျော်သွားတာဗျာ။ မှတ်မိသေးတယ်၊ တောင်ပေါ်မြို့ကလေးရဲ့ မိုးသဲသဲအောက်မှာ ဘာနဲ့မှမတူအောင်ကို အဲဒီကောင်လေး တအားပျော်သွားတာ။ စာမူက သြဂုတ်လထုတ်မဂ္ဂဇင်းမှာ ပါတာဆိုတော့ သူနေတဲ့မြို့ကလေးမှာ မိုးသိပ်ကောင်းတဲ့ ရာသီကြီးလေ။ အဲဒီကောင်လေးက ပြောသေးတယ်၊ "ကမ္ဘာပေါ်က ရှိရှိသမျှအလုပ်တွေထဲမှာ ကဗျာရေး၊စာရေးရတဲ့ အလုပ်ကို ငါအကြိုက်ဆုံးပဲကွာ"တဲ့။ သူကတော့ ပျော်လို့မြူးလို့ပေါ့လေ။ အချိန်တိုင်း တက်တက်ကြွကြွနဲ့ကို ပြောနေတတ် တာ။ ကျနော့်အဖို့တော့ သူ့ဝဋ်တွေကို ရှေ့လျှောက် ဒီထက်ပိုခံရဦးတော့မယ်။ အဲဒီ ညိမ်းညိုဆိုတဲ့ ကဗျာရူး စာရူးကောင်လေးကို တခြားသူတွေ မျက်စိမစူးရလေအောင် ကျနော့်ရင်ဘတ်ထဲ ထည့်ထည့်ဝှက်လာ ရတာပဲ အနှစ် ၂၀ ကျော်ခဲ့ပေါ့ဗျာ.. :) :)





(၁)
ကတွတ်ပေါက်မှ ရေ၀င်သံသဲ့သဲ့ကို အတိုင်းသား ကြားနေရသည်။ တတွေတွေစီးဆင်းနေသော ရေသံလေးက တသဲ့သဲ့၊ ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် ဘယ်အရာနှင့်မှ မလဲလှယ်နိုင်သော အရသာထူးကြီးကို လယ်စောင့်တဲပေါ်မှ အခန့်သားထိုင်ရင်း ခံစားနေမိ၏။

အဖေကမူ တဲအတွင်းရှိ ၀ါးကွပ်ပျစ်လေးပေါ်တွင် ဆေးတံကြိးကို အသာဖွာရှိုက်ကာ မှိန်းနေရင်း အမိုးပြုထားသော ထန်းရွက်ချပ်ကြီးများကို သေချာစွာ စူးစိုက်ကြည့်နေသည်။ အဖေ၏ မျက်လုံးကြီးများမှာ အမှောင်ထဲ၌ပင် အရောင်လက်နေသည် ထင်ရ၏။

တဲအပြင်ဘက်ဝယ် အမှောင်ထုသည် တဖြည်းဖြည်း ကြီးစိုးလာချေပြီ။ လကွယ်ညဖြစ်သဖြင့် အလင်းရောင်မှာ ပျောက်ချင်းမလှ ပျောက်နေသည်။ ကြယ်ပွင့်ကလေးများ၏ မှိန်ဖျော့ဖျော့ အလင်းရောင်ကသာ လယ်တောတစ်ခွင်နှင့် လယ်စောင့်တဲလေးများအပေါ် လွှမ်းခြုံထားသည်။ မပျောက်တပျောက်ထိုးထားသော အလင်းရောင် ဖျော့ဖျော့လေးအောက်တွင် လယ်စောင့်တဲလေးများကလည်း ငြိမ်ချက်သားကောင်းလှသည်။

အချိန်မနည်းရော့ပြီ။ ခုနစ်စဉ်ကြယ်ပင် အမြီးထောင်နေပေပြီ...။

ဗိုက်ဟာသလိုလိုရှိတာမို့ တဲပေါ်မှ အသာဆင်းကာ လယ်ပုစွန်လုံးကြီးတစ်ကောင်ကို ထင်းမီးဖိုတွင် ကင်လိုက်သည်။ အတန်ငယ်ကြာသောအခါ အဆီတ၀င်ဝင်းနှင့် ရှိနေသော လယ်ပုစွန်လုံးကြီးမှ မွှေးကြိုင်သောရနံ့တို့သည် တဲကလေးအတွင်းဝယ် လှိုင်တက်လာတော့သည်။ ကျွန်တော်က လယ်ပုစွန်လုံးကင်ကြီးကို အသာလှမ်းယူရင်း၊ အဖေ့အားကြည့်လိုက်ရာ တဲခေါင်မိုးကို သေချာစွာ စူးစိုက်ကြည့်နေသောအဖေသည် ရုတ်တရက် ထ,ရပ်လိုက်သည်ကို တွေ့မြင်ရလေသည်။ ကျနော်ပင် လန့်သွားမိသည်။ အဖေက ပုဆိုးကို တိုတိုပြင်ဝတ်ပြီး ပေါက်ပြားဆွဲကာ တဲအပြင်သို့ ထွက်သွားတော့သည်။

ကျနော်လည်း အဖေမရှိတော့မှ တဲခေါင်မိုးကို သေချာစွာကြည့်လိုက်ရာ ထန်းရွက်ချပ်ကြီးများအကြားမှ မောင်ရင်ဆိုင်းထမ်းကြယ်သုံးလုံးကို ထင်းခနဲ တွေ့လိုက်ရသည်။ မှန်ပေသည်။ မောင်ရင်ဆိုင်းထမ်းကြယ်သုံးလုံး ဤနေရာသို့ရောက်လျှင် မူးရေတက်ပေပြီ။ လယ်ထဲသို့ ရေယူရန် အဖေထွက်သွားခြင်း ဖြစ်ပါသည်။

အဖေပြန်လာလျှင် စားရန်အတွက် လယ်ပုစွန်လုံးကြီးတစ်ကောင်ကို ထပ်၍ မီးကင်လိုက်ပြီး သာယာလှသော မိုးကောင်းကင်ကြီးကို တဲပေါက်ဝမှ ကြည့်နေမိသည်။ ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ်နှင့် ကျနော့်အား မျက်စပစ်ပြနေသည်ဟု ထင်ရသည်။ ကျနော်မှာ သာယာလှသော မိုးကောင်းကင်ကြီးကို တမေ့တမော ငေးမောကြည့်နေမိရာ မီးကင်ထားသော လယ်ပုစွန်လုံးကြိးမှ မွှေးရနံ့တို့ တလှိုင်လှိုင်ထွက်လာမှပင် သတိပြန်ဝင်လာသည်။

ထိုစဉ်....

"ဟေ့..ထွန်းခင်..ထွန်းခင်၊ ဖိုးလှရေ ထွန်းခင် ရှိသလား"

ကျနော် နားစွင့်လိုက်သည်။ နှစ်ကွက်ခြားလယ်မှ ဦးကြီးမြ၏ အသံပင်။ ခေါ်ပုံက ရေးကြီးသုတ်ပျာ နိုင်လှသည်။

"အဖေမရှိဘူး ဦးကြီးရေ၊ ရေယူသွားတယ်"

ကျနော်က အားကုန်ဟစ်၍ ပြန်ထူးလိုက်သည်။

"ဟေ မင်းတစ်ယောက်ထဲလား ဖိုးလှ"

တစ်ဖက်မှ ဦးကြီးမြအသံက စိုးရိမ်မှုပါလာသည်။ ဘယ်သို့သော အကြောင်းများကြောင့်ပါချိမ့်။

"အေး..အေး၊ ငါ ဖိုးထွန်းကို လွှတ်လိုက်မယ်"

ကျနော့်မှာ ပြန်၍သာ ထူးလိုက်ရသည်။ အကြောင်းအရာ ဇစ်မြစ်ကို မသိသေး။ ဘယ့်နှယ်...၊ ခါတိုင်းလဲ အဖေရေယူသွားရင် ကျနော်တစ်ယောက်ထဲပါပဲ။ ဤညမှ ဦးကြီးမြက ကျနော့်အတွက် စိုးရိမ်နေသည်ဆိုတော့ ...။ ကျနော်တွေး၍မှမဆုံးခင် ဖိုးထွန်း ရောက်ချလာသည်။ တစ်တောင်ထွာခန့်ရှိသော ရှားနှစ်တုတ်ကိုလည်း ကိုင်ထားသေးသည်။ သူ့ပုံစံက တစ်ယောက်တည်းရှိနေသော ကျနော့်အတွက် စိုးရိမ်နေသည့်ပုံ။

"ဟေ့ ..ဖိုးထွန်း၊ ဘာဖြစ်လို့လဲကွ"

ကျနော်က အဖေ့အတွက်ကင်ထားသော လယ်ပုစွန်လုံးကြီးကို ဖဲ့၍ကျွေးရင်း မေးလိုက်သည်။ ဖိုးထွန်းက မဖြေသေး၊ သူ့ရှားနှစ်တုတ်ကို ခပ်ဆဆ လုပ်နေသည်။ ပြီးမှ လေသံတိုးတိုးလေးနှင့် ကပ်၍ ပြောရှာသည်။

"မင်း မကြောက်နဲ့နော်"

"ငါက ဘာကိုကြောက်ရမှာလဲကွ"

ကျနော်က ရင်ကလေးကော့၍ ဆိုလိုက်မှ ဖိုးထွန်းက ဆက်ပြောသည်။

"ငါတို့ရွာ သူခိုးဝင်တယ်။ တစ်ယောက်ထဲ မကဘူး၊ သုံးယောက်ကြီးများတောင်ကွ။ နှစ်ယောက်က ဓားရှည်နဲ့ဟေ့။ ဓားပြလောက်နီးနီး ကြောက်စရာ ကောင်းတယ်တဲ့ကွ။ ရွာလယ်ဘက်ကို ရေယူသွားတဲ့ ဦးသာဒိုးကြီးက ပြောတာပဲ။ ဒီကောင်တွေ တို့ဘက်ကို ပြေးလာတယ်ဆိုပဲ"

ကျနော် ထိတ်ခနဲ စိတ်ပူသွားမိသည်။ ရွာကို သူခိုးဝင်သည် ဆိုပါလား။ ကျတော်တို့ ရွာလေးဝယ် ဤသို့တစ်ခါမျှ မဖြစ်ဖူး။ ပြီး..ဤအချိန်တွင် ယောက်ျားသားကြီးများမှာ ရေယူရန်စောင့်ရသည့်အတွက် လယ်စောင့်တဲလေး များထိုးကာ လယ်တော၌ပင် အိပ်ကြရသည်။ ရွာ၌ကျန်ရစ်ခဲ့သူ အများစုမှာ မိန်းမတွေချည်းသာ ဖြစ်သည်။ ယောက်ျားသားဆို၍ အိမ်အလုပ်ရှိသူ ကာလသား တစ်ယောက်စ၊ နှစ်ယောက်စသာ ကျန်ရစ်သည်။ သူခိုးက လည်း သုံးယောက်၊ ဓားရှည်တွေနဲ့၊ ဓားပြလောက်နီးနီး ကြောက်စရာကောင်းဆိုပဲ။ ထို့ကြောင့်ပင် ဆူဆူညံညံ လိုက်သံများ မကြားရခြင်း ဖြစ်ပေလိမ့်မည်။ ဖိုးထွန်းက ငြိမ်ကျသွားသော ကျနော့်ကို ကြည့်ကာ-

"ဘာလဲ..မင်းကြောက်သွားပြီလား" ဟုမေးလာသည်။

ကျနော်က ဖိုးထွန်း၏အမေးကို မဖြေသေး။ တဲထောင့်တွင်ချိတ်ထားသော လေးခွနှင့်လောက်စာအိတ်ကို သွားဖြုတ်၍ ဖိုးထွန်းအား ထောင်ပြလိုက်သည်။

"ဒီကောင်တွေကို ငါ ဒါနဲ့ဆော်မယ်ကွ၊ မင်းက ရှားနှစ်တုတ်နဲ့ရိုက်"

"ဟာ...ဘယ်ဖြစ်မှာလဲ၊ သူတို့က သူခိုးဓားပြတွေ၊ သုံးယောက်တောင်။ တို့က ကလေးနှစ်ယောက်ထဲ။ အခုတောင် မင်းကိုစိုးရိမ်လို့ ဦးကြီးမြက ငါ့ကို လွှတ်လိုက်တာ"

"ဒါဖြင့် ငါတို့က ဘာလုပ်ရမှာလဲကွ"

"ကိုယ့်ရွာကို လာခိုးပြီး ကိုယ့်ကို ဒုက္ခပေးမဲ့ကောင်တွေကို တို့ကလည်း ဒီအတိုင်းကြည့်မနေပါဘူး ဖိုးလှရ။ တဲတိုင်းက လူတွေအားလုံး ဦးကြီးမြတဲမှာ စုပြီး ဒီသူခိုးတွေကို ဖမ်းလိမ့်မယ်ကွ။ ဦးကြီးမြကတော့ ဒီအတိုင်းပြောတာပဲ"

"အေး..ကောင်းပါ့ကွာ။ ငါတော့ ဒီကောင်တွေကို လေးခွနဲ့ နာနာထုမယ်"

ဖိုးထွန်းက ကျနော့်အား ဘာမျှပြန်မပြောဘဲ မီးကင်ထားသော လယ်ပုစွန်လုံးကြီးကိုသာ တကြွပ်ကြွပ် ၀ါးနေတော့သည်။ ထိုစဉ် ထန်းရွက်ခြောက်နင်းသံကို ကြားလိုက်ရသည်။ တရှပ်ရှပ်မြည်နေသော ခြေသံက တဲပေါက်ဝသို့ ကပ်လာသည်။ ဖိုးထွန်းမှာ လယ်ပုစွန်လုံးကြီးအား တကြွပ်ကြွပ်ဝါးလျက်မှပင် မျက်လုံးပြူးသွားပြီး သူ့ရှားနှစ်တုတ်ကို ကပျာကရာ ကောက်ကိုင်လိုက်သည်။ ကျနော်လည်း လောက်စာအိတ်အတွင်း၌ ကျောက်စရစ်ခဲတစ်လုံးကို သွင်းထားပြီး တဲပေါက်ဝသို့ အဆင်သင့် ချိန်လိုက်သည်။ ခြေသံရှင်က တဲပေါက်ဝသို့ပင် ရောက်ရှိလာချေတော့မည်။ ဖိုးထွန်းနှင့် ကျနော်ကား အဆင်သင့် ဖြစ်နေပေပြီ။ အချက်ပေးပြီးသည်နှင့် ပစ်လိုက်ကြ၊ ရိုက်လိုက်ကြရုံသာ။

သို့သော်....။

တဲအတွင်းသို့ဝင်လာသော ခြေသံရှင်ကို မြင်တွေ့လိုက်ရသည်နှင့် ဖိုးထွန်းရောကျနော်ပါ လက်နက်အသီးသီးကို တပြိုင်နက် ချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုခြေသံရှင်မှာ ရေမရောသော ကျနော့်အဖေ စစ်စစ်ကြီးပါတည်း။ ရွှံ့တွေရေတွေနှင့် ရွှဲရွှဲစိုနေသောအဖေက ပေါက်ပြားကို အသာချထားလိုက်သည်။ ပြီးမှ..

"ရွာကို သူခိုးတွေ ၀င်တယ်တဲ့ဟေ့။ ဟိုဘက်တဲက ပြောလိုက်တာ၊ ငါ့သားတစ်ယောက်ထဲ စိတ်မချလို့ အဖေပြန်လာတာပဲ။ ဖိုးထွန်းလဲ ရောက်နေတာကိုး။ ကြောက်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီကောင်တွေ တို့ဘက်ကို ပြေးလာတယ် ဆိုပါလားကွဲ့"

"ဟုတ်တယ် ဦးလေးထွန်းခင်။ ဒါကြောင့် ဦးကြီးမြက သူ့တဲမှာ အားလုံးလူစုပြီး ဒီသူခိုးတွေကို ဖမ်းမယ်တဲ့"

"အေး..ကောင်းတယ်၊ ဖိုးထွန်းရေ။ တို့ သိမ်းစရာရှိတာသိမ်းပြီးရင် ဦးကြီးမြတဲကို သွားကြတာပေါ့။ ကဲ..ငါ့သား မင်းလည်း လေးခွလေးဘာလေး ယူခဲ့ဦး"

အဖေက ပြောပြောဆိုဆိုပင် ပုဆိုးတစ်ကွင်းကို စလွယ်သိုင်းလိုက်ရင်း ဓားမတိုတစ်ချောင်းအား ခါးကြားသို့ ထိုးလိုက်သည်။ ထို့နောက် လက်နှိပ်ဓာတ်မီးအား ဖွင့်ချည်၊ မှိတ်ချည်ပြုလုပ်ကာ အလင်းအားကောင်းမကောင်း စမ်းသပ်သည်။ ဖိုးထွန်းကလည်း အားကျမခံ၊ သူ့ရှားနှစ်တုတ်ကို ဆကာ၊ ဆကာဖြင့် ပုဆိုးတိုတို ပြင်ဝတ်နေသည်။ ကျနော်လည်း မနေသာ။ လေးခွမှ သားရေပင်ကို ဆွဲချည်ဆန့်ချည် ပြုလိုက်သည်။

"ကဲ..သွားကြစို့ဟေ့"

အဖေက ရှေ့မှဦးဆောင်၍ ထွက်သွားသဖြင့် ကျနော်နှင့် ဖိုးထွန်းလည်း အမှောင်ထဲဝယ် ခပ်သုတ်သုတ်လေး လိုက်သွားရသည်။ အဖေက ယူဆောင်လာသော လက်နှိပ်ဓာတ်မီးကို လုံးဝ အသုံးမပြု။ သူခိုးများအား ပိရိသေသပ်စွာ ဖမ်းနိုင်ရန်အတွက် အလင်းရောင်ကို ဤမျှ ချွေတာနေရခြင်း ဖြစ်ပါလိမ့်မည်။

*** *** ***

(၂)
ကျနော်တို့ ရောက်သွားချိန်မတော့ ဦးကြီးမြတို့ တဲအတွင်း၌ အားလုံးလူစုံတက်စုံပင်။ ကျနော်တို့ ရောက်လျှင် ရောက်ချင်း ဦးကြီးမြက....

"ကဲ..ထွန်းခင်ရေ သိပ်ကြာနေလို့ မဖြစ်ဘူးဟေ့။ ဒီကောင်တွေလွတ်သွားမှာလည်း စိုးရသေးတယ်။ တို့ မြန်မြန်သာ စီမံကြစို့" ဟုဆော်သြလိုက်သည်။

အဖေလည်း ခါးကြားမှ ဓါးမတိုကို ဆွဲထုတ်လိုက်ကာ-

"ကိုင်း..ဒါဖြင့် ပြောနေကြာရော့မယ်၊ အခုပဲ စကြစို့လား။ မောင်ထွန်း မင်းက လူငယ်တွေကို ဦးဆောင်ပြီးတော့ အရှေ့ဘက် ကန်သင်းရိုးတွေဘက်ကနေစောင့်၊ လေးသာဒိုးကြီးတို့ လူစုက ရွာဘက်လမ်းကို သွားပိတ်။ ကျနော်တို့အဖွဲ့က လယ်ကွက်တွေဘက်က ညှပ်ပိတ်လိုက်မယ်။ ဒီကောင်တွေ ပြေးပေါက် မရှိတော့ပါဘူး"

အဖေ၏ စကားအဆုံးတွင် ကိုမောင်ထူးနှင့် လေးသာဒိုးကြီးတို့သည် ကိုယ့်လူကိုယ်စုကာ အသီးသီး ထွက်ခွာသွားကြတော့သည်။ အဖေဦးဆောင်သော ကျနော်တို့လူစုလည်း လယ်ကွင်းတွေဘက် ထွက်လာခဲ့ကြသည်။ ဦးကြီးမြလယ်ကွက်၏ ကန်သင်းဘောင်အနီးသို့ ရောက်သောအခါ အဖေက လက်ကာပြပြီး ကန်သင်းဘောင်အောက်သို့ တိုးဝင်ခိုလိုက်သဖြင့် ကျနော်တို့လည်း အသာကပ်လိုက်ရသည်။

"ငါတို့ ဒီမှာ ခဏညှပ်ပိတ်ကြမယ်။ မောင်ထူးတို့ လေးသာဒိုးကြီးတို့ဆီက အခြေအနေကိုလည်း နားစွင့်လို့ရတယ်။ ပြေးပေါက်ပိတ်ဖို့လည်း ဒီနေရာဟာ အကွက်အကွင်း အကောင်းဆုံးပဲ။ အတော်ကြာလို့ အကြောင်းမထူးတော့မှ ရှေ့တိုးပြီး ညှပ်ပိတ်ကြမယ်"

အဖေက ကျနော်တို့လူစုကို လေသံကလေးဖြင့် ရှင်းပြလိုက်ရင်း ရွာအထွက်လမ်းဘက်ဆီသို့ မျက်လုံးအစုံကို အစွမ်းကုန်ဖွင့်ကာ စူးစူးစိုက်စိုက် ကြည့်နေသည်။ ဤသို့စောင့်ကြည့်နေရင်းနှင့်ပင် အချိန်တို့မှာ ကုန်မှန်းမသိ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လေးသာဒိုးကြီးတို့ လူစုထံမှလည်း ဘာသံမျှ မကြားရချေ။ မှက်၊ ဖြုတ်၊ ခြင်တို့ကလည်း ကိုက်လွန်းလှသဖြင့် ရှေ့သို့တိုး၍ ညှပ်ပိတ်ကြရန် ကြံကြပြန်၏။

ဤသို့ဖြင့် ရှေ့လယ်နှစ်ကွက်ကျော်သို့ တိုး၍ ညှပ်ပိတ်ပြီးသောအခါ အဖေက ကိုမောင်ထူးတို့ လူစုနှင့်ဖြစ်စေ၊ လေးသာဒိုးကြီးတို့ လူစုနှင့်ဖြစ်စေ ဆက်သွယ်ရန် ကြိုးစားကြည့်သည်။ သို့ရာတွင် အသံကို လျှို့ဝှက်စွာ အသုံးပြုနေရသဖြင့် ထင်သလောက် အရာမရောက်ချေ။ ဤလိုနှင့်ပင် အချိန်ကလည်း သန်းခေါင်တိုင်လာပြီ ဖြစ်၏။

ကျနော်တို့လူစုလည်း အဖေ၏ ဦးဆောင်မှုဖြင့် ရှေ့သို့ တိုး၍တိုး၍ ညှပ်ပိတ်လာခဲ့ကြရာ တဖြည်းဖြည်း နယ်ကျဉ်းလာ၏။ ဤသည်ကိုပင် အဖေက သဘောကျနေသည်။ ရွာကို ဒုက္ခပေးသော သူခိုးဓားပြသုံးယောက် အား သုံးဖက်သုံးတန်ညှပ်၍ ဖမ်းရတော့မည်ဟု ဆို၏။ ကျနော်နှင့် ဖိုးထွန်းမှလည်း လေးခွလေးပြင်လိုက်၊ ရှားနှစ်တုတ်လေး ဆလိုက်ဖြင့် မျက်လုံးများကို ကျီးကန်းတောင်းမှောက် ကြည့်ထားကြသည်။ နားကိုလည်း တတ်နိုင်သမျှ စွင့်ထားရသေး၏။ ထိုစဉ် ဖိုးထွန်းက-

"ဦးလေး..ဦးလေး ရှေ့လယ်ကွက်က ဆီးချုံမှာ ဆေးလိပ်မီးမြင်ရတယ်ဗျ" ဟု ပျာပျာသလဲ လေသံလေးဖြင့် ပြောလိုက်ရာ အဖေလည်း ချက်ချင်းပင် နေရာမှထ၍ ရှေ့လယ်ကွက်ဆီသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွား တော့သည်။ ကျနော်တို့လူစုလည်း နောက်မှ အသာအယာ တိုးကပ်သွားကြသည်။ ထိုဆီးချုံအနီးသို့ရောက် သောအခါ ဆေးလိပ်မီးခိုးတို့မှာ တထောင်းထောင်းထ၍ နေ၏။

"သူတစ်ပါးအိမ်ကို ခိုးဆိုးနေပြီး သတိနည်းနည်းလေးမှ မရှိတဲ့ကောင်တွေ၊ ဒီတစ်ခါဖြင့် သိကြရောပေါ့ကွာ" အဖေက ကျိတ်၍ကြိမ်းလိုက်ရင်း ကျနော်တို့လူစုကို ထိုဆီးချုံအား ၀ိုင်းစေလိုက်သည်။ အဖေက ဓားမတိုကို ဆီးချုံပေါ်သို့ ၀ဲ၍ မြှောက်ထား၏။ "ကဲ..အထဲကကောင်တွေ အသာတကြည် ထွက်ခဲ့ကြပေတော့" ဟူသည့် အဖေ၏ ခပ်မာမာ ဟောက်သံနှင့်အတူ "ဟာ..ဦးလေးထွန်းခင်၊ ကျုပ်တို့ပါဗျ..မောင်ထူးတို့အဖွဲ့ပါဗျ" ဟူသော ဆီးချုံအတွင်းမှ ပျာပျာသလဲထူးသံကိုပါ တစ်ဆက်တည်း ကြားကြပေရာ ကျနော်တို့ လူစုမှာ မျက်လုံးပြူးသွားရပါသည်။ ကံကြီးပေလို့ပါလား။ ကိုယ့်လူအချင်းချင်းများ လက်လွန်ကုန်ကြရင်ဖြင့်..။ ကျနော့်မှာ ကလေးတွေးတွေးကာ စိတ်ပူလိုက်ရသေးသည်။

ထိုအခါမှပင် အဖေက သူ၏ ဓားမတိုကိုချကာ-

"ဟာ... မောင်ထူးတို့ပါလား။ တို့လည်း မင်းတို့ဆီက ဘာသံမှမကြားရလို့ ရှေ့ကို တိုးရင်းတိုးရင်းနဲ့ ရောက်လာကြတာပဲဟေ့။ တွေ့မဲ့တွေ့တော့ မင်းတို့ တွေ့ပါရောလား ..ဟာ..ဟ" ဟု အရယ်လေးတစ်ဝက်နှင့် ပြောရှာသည်။ ပြီး... ကိုမောင်ထူးတို့လူစုနှင့် ကျနော်တို့လူစုပေါင်း၍ သူခိုးဖမ်းပွဲကျင်းပရာတွင်လည်း မအောင်မြင်ခဲ့ပေ။

အရှေ့ဆီမှ အရုဏ်တက်ရန် လင်းရောင်ခြည်တန်းများပင် ပျို့တက်လာချေပြီ။ အချို့သူများ ငိုက်မျဉ်းနေကြ၍ အချို့သူများ ဖြစ်သလိုပင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေကြပေပြီ။ ဤအချိန်ထိ လေးသာဒိုးကြီးတို့လူစုကို အရိပ်အယောင်မျှ မတွေ့ရသေး။

*** *** ***

(၃)
"ကဲ...မောင်ထူးရေ၊ မင်းလူတွေသာ နှိုးပေတော့ဟေ့။ ဆက်စောင့်နေလည်း အကြောင်းထူးမယ် မထင်ပါဘူး။ တဲသာ ပြန်ကြပါစို့ရဲ့။ လေးသာဒိုးကြီးတို့ဆီကလည်း ဘာသံမှ မကြားရဘူး။ သူတို့လည်း အကြောင်းမထူးဘူး ထင်ပါရဲ့ကွာ။ လူသုံးယောက် ဓားရှည်နှစ်လက်နဲ့ဆိုတာကလည်း သူများ မျက်စိမှားလေသလားမှ မသိတာ"

"လေးသာဒိုးကြီး မျက်စိမှားတာ ဖြစ်ပါလိမ့်မယ် ဦးလေးထွန်းခင်ရာ။ နို့မို့ရင် ဒီကောင်တွေ ကျနော်တို့လက်က ဘယ်ပြေးလွတ်ပါ့မလဲ"

"ကိုင်း..ကိုင်း ကိုယ့်တဲကိုယ်ပြန်ပြီး သိမ်းစရာရှိတာသိမ်း၊ ရွာထဲဝင်ကြတာပ။ ရောင်နီလည်း ပျို့လာပြီပဲ။ ရွာရောက်မှ အခြေအနေမှန်ကို သိရမှာ"

ထိုသို့ဖြင့်ပင် အခြားသူများလည်း မိမိတို့တဲများရှိရာဆီသို့ အသီးသီးထွက်ခွာသွားကြ၍ ကျနော်တို့ သားအဖနှစ်ယောက်လည်း တဲဆီသို့ပြန်လာခဲ့ကြသည်။ တဲအတွင်းမှ မီးခိုးအူနေသည်ကို မြင်တွေ့ရသဖြင့် တဲဘက်ဆီသို့ ခပ်သုတ်သုတ် လျှောက်ခဲ့ကြသည်။

လား..လား၊ တဲအတွင်း၌ကား ၀ါးကွပ်ပျစ်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေပါသော ရွာတောင်ပိုင်းမှ ကိုဖိုးတုတ်။ ပျော်ရွှင်ကြည်နူးစွာ တစ်ယောက်ခါးကို တစ်ယောက်ဖက်လျက် မီးမှုတ်ကာ ရေနွေးအိုးတည်နေ ကြသော ကိုလေးမောင်နှင့် မထွေးညိုတို့နှစ်ယောက်။

"ဟေ"

အဖေ့ထံမှ အံ့သြလွန်းလှသဖြင့် ထွက်ပေါ်လာသည့် "ဟေ" ဟူသော အာမေဍ္ဍိတ်အသံကြီးကို ကြားရသောအခါ တစ်ယောက်ခါးကို တစ်ယောက်ဖက်ထားကြသော ကိုလေးမောင်နှင့် မထွေးညိုတို့မှာ လန့်၍ လွှတ်လိုက်ကြ သည်။ ပြီးမှ ရှက်သွားဟန်ဖြင့် ကိုလေးမောင်က-

"ကန်တော့..ကန်တော့ ဦးလေး။ ကျနော်တို့ ညက ကြံရာမရဖြစ်နေတာနဲ့ ဦးလေးတို့တဲဝင်လာတာ။ ဒါနဲ့ ညက ဦးလေးတို့လည်း မရှိပါလား။ ဘယ်များသွားနေကြပါသလဲခင်ဗျာ" ဟု ရည်မွန်စွာ မေးလိုက်သည်။

အဖေက ကိုလေးမောင်၏အမေးကို ပြန်မဖြေနိုင်သေးဘဲ တဲထောင့်တွင် ထောင်ထားသော ဓားရှည်ကြီးနှစ် လက်ကို မြင်ရသောအခါတွင်မှ ဟက်ဟက်ပက်ပက် ရယ်နေပါတော့သည်။ ထိုအခါမှပင် ကျနော်လည်း ဇာတ်ရည်လည်သွားပါတော့သည်။ ကိုလေးမောင်မှာမူ ကျနော်တို့ သားအဖနှစ်ယောက် အဘယ်ကြောင့် ဤမျှရယ်မောနေရသည်ကို မသိရသဖြင့် ကြောင်ငေးကြည့်နေရာ အဖေက ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်တော့မှပင် အူတက်မတတ် ရယ်မောလေတော့သည်။ မထွေးညိုမှာမူ ရှက်ပြုံးကလေး ပြုံးနေရှာ၏။

"ကံကြီးလို့ပါလားဗျာ...ဦးလေးတို့က ကျနော်တို့ကို သူခိုးတွေ ထင်နေတာကိုး။ ဘယ်လိုကနေဘယ်လို လမ်းလွဲသွားတယ်တော့ မပြောတတ်ဘူးဗျို့။ အရီးခင်က သဘောမတူသေးဘူးဆိုလို့ ကျနော်လည်း ဖိုးတုတ်ခေါ်ပြီး ထွေးညိုကို ခိုးပြေးလာတာ။ ရွာပြင်ရောက်တော့မှ ဘယ်သွားလို့ သွားရမှန်းမသိတာနဲ့ 'လယ်စောင့်တဲတွေဘက် သွားကြတာပေါ့။ မနက်ကျမှပဲ ဦးကြီးမြတို့၊ ဦးလေးထွန်းခင်တို့ခေါ်ပြီး မိသားဖသားပီပီ ရွာပြန်ဝင်ကြတာပ' ဆိုပြီး လာတာပဲခင်ဗျ။ တဲရောက်တော့မှ ဦးလေးတို့မရှိမှန်း သိရတာပဲ။ ဘယ်သွားလို့ ဘာလုပ်နေတယ်ဆိုတာဖြင့် ကျနော်တို့လည်း အခုမှ သိရတော့တာပဲ ဦးလေးရေ..။ ကျနော်တို့အတွက်နဲ့ ဦးလေးတို့ တစ်ဖွဲ့လုံး အိပ်ရေးပျက်ရတာ တောင်းပန်ပါတယ်ဗျာ။ မင်္ဂလာဆောင်ကျတော့မှပဲ အ၀ကျွေးရမယ်ဗျို့"

အိပ်ချင်မူးတူးဖြင့်ထလာသော ကိုဖိုးတုတ်မှာလည်း ဇာတ်ကြောင်းကုန်စင် သိရသောအခါ တသောသော ရယ်မောလေတော့သည်။ သူ၏ နှမ၀မ်းကွဲ မထွေးညိုအားလည်း စလိုက်နောက်လိုက်သေးသည်။ မိမိနှမကိုပင် လိုက်၍ခိုးပေးသည့် အလွန်သဘောကောင်းသော ရွှေယောက်ဖပေတကား။

*** *** ***

(၄)
နံနက်မိုးသောက် အလင်းရောက်ချိန်ဝယ် လယ်စောင့်တဲများမှ လူအားလုံးတို့သည် ဖြစ်ကြောင်းကုန်စင် စုံလင်အောင် သိသွားကြပြီ ဖြစ်သည်။

ထို့နောက် လယ်စောင့်တဲများမှ လူစုကြီးမှာ ဦးကြီးမြနှင့် အဖေတို့၏ ဦးဆောင်မှုကိုခံယူကာ သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့အား ခြံရံလျက် ရွာဘက်သို့ ပျော်ရွင်စွာ ထွက်ခွာလာခဲ့ကြလေတော့သတည်း။

ညိမ်းညို
န၀ဒေး၊ သြဂုတ်၊ ၂၀၀၀

အိမ်ထဲက ပြက္ခဒိန်

နားပေါက်ဟောင်းလောင်း
သနပ်ခါးမဲ့ ပါးပြင်ပေါ်
ဘာအထင်ကရမှ ထိုးစိုက်မထားဘူး
တစ်ခါကျပ်တည်းတယ်ဆိုရင်
တစ်ခါရောင်းထုတ်ပစ်လိုက်တာပဲ
"မရှိဝမ်းစာ၊ ရှိတန်ဆာ" တဲ့
ရှိရှိမရှိရှိ အခုတော့ဝမ်းစာပဲ
အဲဒီဝမ်းကလည်း ကြီးလိုက်ပုံများ
ဘယ်လောက်ဖြည့်ဖြည့်
ပြည့်တယ်ကို မရှိဘူး
အိမ်ထဲက ရွက်စုတ်ပြက္ခဒိန်လေး
တစ်နေ့တစ်ရွက် မှန်မှန်လွင့်တယ်
အစွမ်းထက်သူတို့ စည်းချထားလေတော့
မုသားက ဘုရားဟောလို လေးနက်နေရဲ့
နေ့စေ့လစေ့ ရင်ကွဲနာဟာ
ပေါက်ကွဲခွင့် မရရှာဘူး
အိမ်ထဲက ပြက္ခဒိန်လေးမှာသာ
တစ်နေ့တစ်ခြား လုံးပါးပါး ..။

ညိမ်းညို

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.