Monday, September 29, 2008

[Sawlinux] 22 New Entries: ပျောက်ကွယ်တော့မည့် ကရင်ဂန္ထ၀င်တေးတစ်ပုဒ်

ပျောက်ကွယ်တော့မည့် ကရင်ဂန္ထ၀င်တေးတစ်ပုဒ်

27 September 2008

ကိုယ်တိုင်ရေးစပ်သူများမဟုတ်ကြသောကြောင့်ကရင်အမျိုးသားတို၏ဂန္ထ၀င်ဆယ့်နှစ်လရာသီတေးသီချင်းကြီးနှင့်တေးသံစဉ်တို့ကိုမည်သူတွေအားထုတ်ဖန်တီးခဲ့ကြကြောင်း၊ကရင်ယဉ်ကျေးမှု မြတ်နိုးသူများအနေနှင့်ရောသုတေသနပညာရှင်အချို့ပါမသိလိုက်ချင်းကိုဝန်ခံကြရပေမည်။ကရင်ယဉ်ကျေးမှုအကြောင်း ရေးဖွဲ့တတ်သူကွယ်လွန်သွားပြီး ဖြစ်သည့် ကရင်စာရေးဆရာကြီးတစ်ဦးက မုက္ကဒိအောက်ကျောင်းဆရာတော် ရေးစပ်ခဲ့ကြောင်းကို အပ်ါယံ သာမန်အားဖြင့်သာ မဂ္ဂဇင်းတစ်စောင်တွင် မထင်မရှား အမွှန်းတင်ဖေါ်ပြခဲ့ဖူးသည်ကို အမှတ်တမဲ့ ဖတ်ရှုမိသည့်နောက်ပိုင်း ဖြစ်စဉ်အမှန်ကို ဖေါ်ထုတ်တင်ပြလိုသောဆန္ဒသည် စာရေးသူ၏ ရင်မှ တဖွဖွတိုးတက်ခဲ့ဖူး၍ တိုက်တိုက်ဆိုင်ဆိုင် သည်နှစ်သည်အချိန်အခါတွင် ဤစာစုဖြင့် ဖြစ်စဉ်အမှန်နှင့် အဓိကအကြောင်းရင်းများကို နှောင်းလူများအတွက် ရည်ရွယ်ရင်းအတိုင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

အမှန်စင်စစ် ထိုအချိန်အခါက ကရင်အမျိုးသားတို့သည် ဒေသတိုင်းနေရာတိုင်းတွင် ကရင်ရှေးဟောင်းစာပေကို ပြန်လည်ဖေါ်ထုတ်သော ကာလဖြစ်၍ နှောင်းလူငယ်များ သည့်ကြ မှတ်ကြ သီဆိုနိုင်ကြရေးကို အဓိကရည်ရွယ်လျက် ဒေသအနှံ့ ရှေးလူကြီးသူမ များထံမှ လိုက်လံစုဆောင်း စုပေါင်းဖေါ်ထုတ်ကြခြင်းကို ဖေါ်ပြလိုသော အချက်ပင်ဖြစ်ပါသည်။

၁၉၆၄-ခုနှစ်၊ ၀န်းကျင်လောက်က ကရင်ပြည်နယ် ကောင်စီဥက္ကဋ္ဌဒေါက်တာစောလှထွန်းနှင့် ဦးစီးအဖွံ‎ဲ့ဝင်များ ဒေသအတွင်းရှိ သံဃာတော်ကြီးများ ရှေ့မှီနောက်မှီ ကရင်ပညာရှင်များ စုပေါင်းလျှက် ကရင်ယဉ်ကျေးမှု သံဃာ့ကော်မတီနှင့် ကရင်ယဉ်ကျေးမှု ကော်မတီကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စီးခဲ့ကြရာ မုက္ကဒိအောက်ကျောင်းဆရာတော် အရှင်ဥတ္တမ(ဆုရကရင်စာရေး စ၀်အဲဆိုဒ်္ဘုံးက်ုတိက်)နှင့် ကမော့ကစင်ရွာသစ်ကျောင်းဆရာတော် အရှင်စန္ဒန (စာရေးဆရာ မန်းနဲစန် ဘာ.အံ) တို့သည် ထိုသံဃာ့ကော်မတီတွင် တာဝန်ရှိသော အဖွဲ့ဝင်များ စာဆိုရှင် ကရင်စာပေကျွှမ်းကျင်သူများအဖြစ် ပါဝင်လာခဲ့ကြပါသည်။

ကရင်အမျိုးသားတို၏ ဆယ့်နှစ်လရာသီ တေးသီချင်း ပြန်လည်အသက်ဝင်လာသည့် အကြောင်းကို ပြန်လည်ဆန်းစစ်လိုက်ရလျှင် ခန့်မှန်းခြေ ၁၉၅၇-၅၈-ခုနှစ် ခန့်လောက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အနောက်ဘက်မုဒ် ကွင်းပြင်အတွင်း မွန်အမျိုးသားယဉ်ကျေးမှု ညီလာခံ ကျင်းပခဲ့စဉ်က မွန်အမျိုးသားတို့၏ ဆယ့်နှစ်လ တေးသီချင်းကြီးကို မွန်ရိုးရာအကနှင့် ယှဉ်တွဲကပြသကဲ့သို့ မြန်မာတို့၏ ဆယ့်နှစ်လရာသီ တေးသီချင်းတစ်ပုဒ်သည်လည်း ရှေးမြန်မာမင်းလက်ထက်ကတည်းကပင် ရှိခဲ့ဖူးပါကြောင်း လေ့လာသိရှိရသောကြောင့် ဘာသာ၊သာသနာ၊ယဉ်ကျေးမှု ဆက်နွယ်နေသော ကရင်အမျိုးသားတို့၏ ဆယ့်နှစ်လရာသီ တေးသီချင်းသည်လည်း အမှန်ရှိခဲ့ဖူးရမည်ဟု ယုံကြည်ခဲ့ကြရသည့်အလျှောက် ယခုဖေါ်ပြမည့် ကရင်ဆယ့်နှစ်လရာသီတေးသီချင်းသည် ဒေသအနှံ့အပြားမှ ကရင်ပညာရှင်များထံမှ ကရင်ပြည်နယ်ယဉ်ကျေးမှု ကော်မတီသို့ လူပုဂ္ဂိုလ်ဖြင့်တစ်မျိုး၊ စာဖြင့်တစ်ဖုံ ကရင်ဘာသာ မြန်မာဘာသာပြန်ဖြင့် အမျိုးစုံအောင် ပေးပို့လာကြသည်။ တစ်ချို့ပေးပို့လာသော စာသားတစ်ချို့တို့တွင်ပင်လျှင် စကောကရင်ဘာသာဖြင့် ရေးသားဖေါ်ပြထားသောကြောင့် ပိုမိုပြည့်စုံသော ကရင်အမျိုးသားတို့၏ ကန္ထ၀င်တေးသီချင်းတစ်ပုဒ်ကို တန်းဖိုးမြင့်မြင့် ထိုက်ထိုက်တန်တန် ပြန်လည်ရရှိလိုက်ဖြင်းဖြစ်ပါသည်။ လွယ်ကူလျင်မြန်သော အလုပ်တစ်ခုတော့ လုံးဝမဟုတ်နိုင်သကဲ့သို့ ထိုခေတ်အခြေအနေနှင့် နှိုင်းဆပါက အထူးသိသာလာနိုင်ပါသည်။

ပေးပို့လာသော ကရင်အမျိုးသားတို့၏ ဆယ့်နှစ်လရာသီတေးသီချင်းကို သူ့လနှင့်သူ ကရင်ယဉ်ကျေးမှု ကော်မတီက ၁၉၆၉-ခုနှစ်ထုတ် ကရင်အမျိုးသားပြက္ခဒိန်တွင် ထည့်သွင်းဖေါ်ပြလိုက်ပြန်ရာ ကရင်ဒေသတိုင်းသို့ ထပ်မံပြန့်နှံ့ ရောက်ရှိသွားပြန်သော်လည်း မူလတေး၏ မူလသံစဉ်များ ပါမသွားနိုင်ခဲ့ခြင်းကြောင့် အဓိကစာသားများကိုသာ အားမလိုအားမရ ဖေါ်ပြနိုင်ခဲ့ရပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟုပင် ဆိုရပေတော့မည် မသိနိုင်ပါ။ နှစ်စဉ်သွားရောက် တင်ဆက်ကပြရလေ့ရှိသည့် ပြည်ထောင်စုနေ့ အခမ်းအနားတိုင်းသို့ လွန်ခဲ့သော နှစ်များစီက တင်ဆက်ခဲ့ကြသော ကရင်ယဉ်ကျေးမှု ဒုံး တေးသီချင်းတိုင်းသည် နိုင်ငံတော်၏ မူဝါဒများ တိုင်းရင်းသားအချင်းချင်း စည်းလုံးရေးဝါဒဖြန့် တေးသီချင်းများကိုသာ ဖွဲ့နွဲ့သီဆို ကပြခဲ့ကြရသည်။ယခုနှစ်ကျင်းပမည့် (၂၃) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ကရင်အမျိုးသားတို့၏ ပြန်လည်ပေါ်ထွန်းစ ဆယ့်နှစ်လရာသီ တေးသီချင်းနှင့် သွားရောက်တင်ဆက်ကပြရန် အတော်များများက အကြံပြုလာကြသောကြောင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့၏ဦးဆောင်မှုကို ခံယူလျက် ထိုစဉ်က ကရင်ပြည်နယ်ယဉ်ကျေးမှု ဌာနမှ ဆက်လက်တာဝန်ယူစီမံခဲ့ပေရာ အောက်ပါကရင် ယဉ်ကျေးမှုဆိုင်ရာ ကျွှမ်းကျင်သူဌာနဆိုင်ရာ ပုဂ္ဂိုလ်များကို ဖွဲ့စည်းတာဝန်ယူဆောင်ရွက်စေခဲ့ပါသည်။

ထိုစဉ်အခါက ပြည်နယ်ယဉ်ကျေးမှုဌာန၊ ပြည်နယ်ပြန်ကြားရေးဌာနတို့သည် ပြည်နယ်ကောင်စီဥက္ကဋ္ဌမှ တိုက်ရိုက်အုပ်ချုပ်သောဌာနများဖြစ်ကြ၍ ပြည်နယ်ယဉ်ကျေးမှုဌာနမှ ဌာနအကြီးအကဲ ဦးစောမောင်ဝင်း၊ပြည်နယ်ပြန်ကြားရေးဌာနမှ မန်းဟန်သိန်းတို့က ကြီးကြပ်သူများအဖြစ် တာဝန်ယူကြရသည်။နောက်တစ်ဆင့် ယဉ်ကျေးမှုဌာနမှ စောနေရင်၊ပြည်နယ်ပြန်ကြားရေးဌာနမှ စောကျော်တင့်(နောင်အခါ ဇွဲကပင်ကျော်လေးအဖြစ် ကရင်အနုပညာလောကတွင် ကျော်ကြားလာသူ) ပညာရေးဌာန ရသေ့ပျံကျေးရွာ ကျောင်းအုပ် ဦးစောသောင်းရွှေ(စောဖထီး) အမှတ်(၇) မူလတန်းကျောင်းမှ ဆရာမန်းလှတင် (မုက္ကဒိ) ရသေ့ပျံကျေးရွာမှ ရှေးမှီ နောက်မှီ ဒုံးအကနည်းပြ မန်းစိုးသန်း(နဲာခါ.လူ)နှင့် လှိုင်ဘွဲမြို့စိုက်ပျိုးရေးဌာနမှ ဆရာမန်းကံစိန်(ရသေ့ကျေးရွာသား)တို့ကို တေးသီချင်းသံစဉ်များရေးစပ်ခြင်း၊ဒုံးအကလေ့ကျင့်ပေးခြင်း၊ဒုံးအကအဖွဲ့ဝင်များကို ဒေသအလိုက် ရွေးချယ်ပေးရခြင်း၊ဆိုင်းအဖွဲ့ဝင်များ၊ဆိုင်းပစ္စည်းများ၊ရှာဖွေစုဆောင်းခြင်းများကို ပြီးမြောက်သည်အထိ ဆောင်ရွက်ပေးကြရသည်။


(၁၀)နှစ်ပြည့် ကရင်စာပေသင်တန်းအထိမ်းအမှတ်
ဒုံလီကျေးရွာ၊ကြာအင်းဆိပ်ကြီး မဂ္ဂဇင်း၊ (စ၀်ထ၀့်ဗျဝ်)မှ ပြန်လည်ဖေါ်ပြသည်။

တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ်တင်ပြောဆို

25 September 2008

မဇ္ဈိမသတင်းဌာန

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမတ ဂျော့ဘုရှ်က အင်္ဂါနေ့က အပြည်ပြည်ဆိုင်ရာသို့ ပြောကြားသော မိန့်ခွန်းထဲတွင် ကုလသမဂ္ဂ၏ လုပ်ဆောင်နိုင်စွမ်းသည် အချုပ်အချာ အာဏာကို အကြောင်းပြ တားဆီးနေသော နိုင်ငံအုပ်စုအချို့ကြောင့် ကျဆင်းနေရပြီး ကမ္ဘာ့အခင်းအကျင်း ပုံစံကို ပြောင်းလဲပစ်ရန် လိုအပ်နေသည်ဟု ပါရှိသည်။

မြန်မာပြည်သူလူထုကို ကူညီရန် ယခုထက် ပိုပြီး လုပ်ဆောင်ခဲ့သင့်သည်ဟု ပြောကြားရင်း ပြီးခဲ့သည့်နှစ်က စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများအား အထောက်အကူ ကောင်းကောင်း မပေးနိုင်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအား အပြစ်တင်လိုက်သည်။

"ကမ္ဘာကြီးက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဦးဆောင်မှုကို လိုအပ်ပါတယ်။" ဟု မကြာသေးခင်က မြန်မာနိုင်ငံနှင့် ဆူဒန်တို့တွင် ဖြစ်ပွားသော ထင်ရှားလှသော ပဋိပက္ခများနှင့် ပတ်သက်၍ ဘုရှ်က ပြောသည်။" ဒါပေမယ့် ဒီအဖွဲ့က လိုအပ်သလို မလုပ်ဆောင်ပေးနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့နိုင်ငံတွေက လုပ်ထုံးလုပ်နည်းတွေ၊ အမျိုးသားရေး အချုပ်အချာပိုင်ခွင့် ဆိုတဲ့ အကာအကွယ်တွေ နောက်မှာပဲ ပုန်းခိုနေနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ အဲဒါက ယူအန်ကို မလှုပ်နိုင်အောင် လုပ်တာပဲ"

၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သော တရုတ်နှင့်ရှရုတို့က အတိုက်အခံများကို ဖိနှိပ်မှုများ လျော့ချရန်နှင့် နိုင်ငံရေး အကျဉ်းသားများအပေါ် ပြန်လွတ်ပေးရန်အတွက် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချရန် ကိစ္စကို ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

အထွေထွေ ညီလာခံ၏ ရှေ့မှောက်တွင် ဆက်လက်အပြစ်တင် ပြောကြားရင်း ဘုရှ်က "အကြမ်းဖက်သမားကို ကျနော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်သလိုပဲ ဒီအဖွဲ့ထဲက နိုင်ငံတွေဟာ အာဏာရှင် အစိုးရတွေကိုလည်း စိန်ခေါ်နိုင်ရမယ်" ဟု တက်ရောက်လာသော အဆင့်မြင့် ခေါင်းဆောင်များကို ပြောကြားသည်။

သမတက ပြင်းထန်သော စကားလုံးများဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်ဟု ပြောသည်။

"လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ကာကွယ်ပေးသလို ဖြစ်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ချက်ချင်းပြန်ပြီး သုံးသပ်သင့်တယ်။"ဟု အထွေထွေ ညီလာခံကို ဘုရှ်က ပြောသည်။

ကျုးဘား၊ ရှရု၊ တရုတ် နှင့် ဆော်ဒီအာရေဗီးယား နိုင်ငံများသည် လူ့အခွင့်အရေးကောင်စီ၏ လက်ရှိအဖွဲ့ဝင် နိုင်ငံများဖြစ်၍ ၎င်းတို့၏ ထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို အမေရိကန်နိုင်ငံက ပြစ်တင် ဝေဖန်ထားသည်။

သိုသော် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ၊ ဆူဒန်နိုင်ငံ တို့နှင့် ပတ်သက်၍ ထင်ရှားသိသာသော မအောင်မြင်သည့် ခြေလှမ်းများ ရှိနေလင့်ကစား သမတသည် မကြာသေးခင်က ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ဖွံ့ဖြိုး တိုးတက်လာခဲ့သော အာဖဂန်နစ္စတန်၊ ဂျော်ဂျီယာ နှင့် အီရတ် အပါအဝင် နိုင်ငံများ အကြောင်းကိုမူ ချီးမွမ်း ပြောကြားသွားသည်။

အဖိနှိပ်ခံ မြန်မာလူထု လွတ်မြောက်ရေး ကုလသမဂ္ဂက ပိုကြိုးပမ်းသင့်ဟု သမ္မတဘုရှ် တိုက်တွန်း

24 September 2008


သမ္မတဘုရှ် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်။
စက်တင်ဘာ ၂၃၊ ၂၀၀၈။


ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတအဖြစ် နောက်ဆုံးပြောတဲ့မိန့်ခွန်းလို့ခန့်မှန်းနိုင်တဲ့ သမ္မတဘုရှ်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံအကြောင်း အပါအ၀င် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ လက်ရှိ အမေရိကန် ဘဏ္ဍာရေး
အကျပ်အတည်းတွေကို အလေးထားပြောဆိုခဲ့ပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အထွေထွေညီလာခံမှာ အင်္ဂါနေ့က သမ္မတဘုရှ် မိန့်ခွန်းပြောကြားတာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကညီညီညွတ်ညွတ်လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကို အမေရိကန်အစိုးရနဲ့ ကွန်ဂရက်စ်လွှတ်တော်တို့က ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်
ဆိုတာကို သမ္မတဘုရှ်က အဓိကပြောကြားခဲ့ပါတယ်။လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င်တခြားနိုင်ငံတွေကလူ့အခွင့်အရေးတွေ တိုးတက်လာရေးအတွက် ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ဆောင်ရွက်သင့်တာကိုလည်း သမ္မတဘုရှ်က ခုလိုပြောခဲ့ပါတယ်။

"၂၁ ရာစုမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ကမ္ဘာကြီးရဲ့ ယုံကြည်မှုရှိဖို့လိုအပ်လာပါတယ်။ အောင်မြင်မှုတွေ၊ ပိုမိုကောင်းမွန်လာတဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ အခြေခံထားသင့်တဲ့ အဖွဲ့ကြီးမှာ အုပ်ချုပ်ရေးပိုင်းအရ အမှားတွေရှိရင်လည်း
ပြင်ဆင်ရမှာဖြစ်ပါတယ်။

"ဥပမာအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့သူတွေကို ပုံမှန် အကာအကွယ်ပေးနေတဲ့ လူ့အခွင့်အရေးကောင်စီကို အမြန်ဆုံး ပြန်လည်သုံးသပ်သင့်ပါတယ်။ နှစ်ရှည်လများ ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုပမ်းမှုတွေကို
ဒီ့ထက်ပိုပြီး အားထုတ်ဆောင်ရွက်သင့်ပါတယ်။"

အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ပါလက်စတိုင်း ပိုင်နက်ဒေသ၊ တခါ ယူကရိန်းနဲ့လိုက်ဘေးရီးယားနိုင်ငံတွေမှာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်လာကြဖို့အတွက်လည်းအားပေးထောက်ခံကြဖို့ သမ္မတဘုရှ်က တိုက်တွန်းခဲ့ပါတယ်။ ရုရှနိုင်ငံဘက်ကနေ
သြဂုတ်လမှာ ၀င်ရောက်ကျူးကျော်ခံခဲ့ရတဲ့ ဂျော်ဂျီယာနိုင်ငံက ပြည်သူတွေနဲ့ တသားထဲရှိကြဖို့ကိုလည်း သမ္မတဘုရှ်က တောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အပါအ၀င် တခြား ကမ္ဘာ့အဖွဲ့အစည်းတွေအနေနဲ့ ဖြစ်လာပြီးမှ ဆုံးဖြတ်ချက်ချမှာထက် ကြိုတင်ကာကွယ်ရေးတွေလုပ်ဖို့ အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံစုံပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့စိတ်ဓာတ်ရေးအရ တညီတညွတ်တည်း တုံ့ပြန်သင့်ပါတယ်။ အပြစ်မဲ့သူတွေအပေါ်တမင်သက်သက် တိုက်ခိုက်တာကိုတော့ ဘယ်လိုနည်းနဲ့မှ ခြွင်းချက်ပေးလို့ မရပါဘူး။
အသေခံဗုံးခွဲတာ၊ ဓားစာခံတွေကို ဖမ်းဆီးထားတာ၊ ပြန်ပေးဆွဲတာ စတဲ့လုပ်ရပ်တွေဟာ ဘယ်လိုမှ တရားမ၀င်ဘူးဆိုတာကို အခု အထွေထွေညီလာခံမှာ တက်ရောက်နေကတဲ့ နိုင်ငံအများစုက လက်ခံထားကြပါတယ်။"

ကုလသမဂ္ဂအဖွဲ့နဲ့ Global Fund အဖွဲ့ကြီးတို့ ဆောင်ရွက်နေကြတဲ့ အာဖရိကတိုက်နဲ့တခြားဒေသတွေက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာဘီလီယံနဲ့ချီ ထောက်ပံ့ခဲ့တာကိုလည်းသမ္မတဘုရှ်က အလေးထားပြီး ပြောခဲ့ပါတယ်။ ထို့အတူ တခြားနိုင်ငံတွေကလည်းထောက်ပံ့မယ်လို့ ပြောထားတဲ့ ကတိတွေအတိုင်း အကောင်အထည်ဖော်ကြဖို့ကိုလည်း
အမေရိကန်သမ္မတဘုရှ်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ တိုက်တွန်းသွားပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားပြီးတက်ရောက်တဲ့ သမ္မတဘုရှ်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ သီးသန့်တွေ့ဆုံတဲ့အခါ အလေးထားဆွေးနွေးကြမယ့် ကိစ္စရပ်တွေထဲမှာ မြန်မာ့အရေးကိုလည်း
ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။

မနေ့ အင်္ဂါနေ့ကတော့ သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush)တို့ဟာ မြန်မာနိုင်ငံက သံယာတော်တပါး အပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံပြီး နေ့လယ်စာ စားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်
ရွှေဝါရောင်လှုပ်ရှားမှုတုန်းက သံယာ့ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် လှုပ်ရှားခဲ့သူအရှင်ကောဝိဒဟာ အမေရိကန်သမ္မတရဲ့ ဖိတ်ကြားခံရတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ဆရာတော်ကိုဆက်သွယ်ပြီး တွေ့ဆုံပွဲမှာ ဘာတွေပြောပြခဲ့သလဲလို့ မေးတဲ့အခါမှာဆရာတော် အရှင်ကောဝိဒက အခုလိုမိန့်ပါတယ်။

"မြန်မာစစ်အစိုးရဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး။ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ထားတဲ့ အန်န်အယ်လ်ဒီပါတီအပေါ် လျစ်လျူရှုပြီး ၂၀၁၀ ခုနှစ်မှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီး လုပ်နေကြတယ်။ ဒါတွေကို အသိအမှတ်မပြုဖို့ ဦးဇင်း
တောင်းဆိုပါတယ်။

"နောက်တခုက ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာခုံရုံးမှာ နအဖစစ်အစိုးရကို အရေးယူဖို့တောင်းဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကလုံးဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးပြည်သူတွေကို အကြောင်းမကြားတာ၊ သူတို့သိလျက်သားနဲ့ ပြည်သူတွေကို အကြောင်းမကြားဘူးဆိုတာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်တယ်။

"ဆိုင်ကလုံးဖြစ်ပြီးနောက်ပိုင်းမှာလည်း ပြည်သူတွေက နေရေးထိုင်ရေး၊ စားရေးသောက်ရေးတွေက အရမ်းခက်ခဲနေတယ်။ အဲဒါတွေ ဦးဇင်းတင်ပြပါတယ်။ ပြီးတော့UN Security ကလည်း ဦးဇင်းတို့ မြန်မာပြည်သူတွေအတွက် အခုအချိန်မှာ အင်မတန်
ရွံမုန်းစရာ ဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘာရီကလည်း မြန်မာနိုင်ငံကိုအခေါက်ခေါက်အခါခါ သွားတယ်။ ဒါပေမယ့် ဦးဇင်းတို့ ဆင်းရဲသားပြည်သူတွေ၊ ဦးဇင်းတို့ရဲ့ လူ့အခွင့်အရေး၊ ငတ်မွတ်နေတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်
ဆိုတာ ဘာမှပေါ်မလာဘူး။ နအဖနဲ့ပဲ စကားတွေပြော၊ အပေးအယူတွေလုပ်ပြီးပြန်သွားတယ်။

"ဘန်ကီမွန်းကလည်း ဆိုင်ကလုံးဖြစ်တဲ့ အတော်အတွင်းမှာ ရောက်လာတယ်၊ သန်းရွှေနဲ့တွေ့တယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားဖို့ သူက နအဖကိုတိုက်တွန်းခဲ့သေးတယ်။ ဦးဇင်းတို့ ကန့်ကွက်ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို၊
ဦးဇင်းတို့မလိုချင်တဲ့ နအဖစစ်အစိုးရကိုတောင်မှ သူတို့က အားပေးခဲ့တယ်ဆိုတာဒီမိုကရေစီ လိုချင်နေကြတဲ့ ပြည်သူတွေကို စော်ကားတယ်။ နိုင်ငံရေးတက်ကြွတဲ့သူတွေကိုလည်း စော်ကားတာဖြစ်တယ်လို့ ဦးဇင်းပြောပြခဲ့ပါတယ်။"

အဲဒီလို အရှင်ဘုရားရဲ့ ပြောဆိုချက်တွေအပေါ်မှာရော အမေရိကန်သမ္မတဘုရှ်ကဘယ်လိုများ တုံ့ပြန်ပြောဆိုခဲ့ပါသလဲ။

"သူတို့ကလည်း တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတာ ပြောပါတယ်။ ဦးဇင်းကလည်းအပြောသက်သက် မလိုချင်ဘူး၊ လုပ်တာပဲလိုချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်သူတို့လုပ်တယ်ဆိုတာလည်း ဦးဇင်းတို့ သိပ်တော့ မျှော်လင့်ချက်မရှိပါဘူး။ ဦးဇင်းထင်မြင်ချက်က သမ္မတသက်တမ်းလည်း သူက ကုန်တော့မှာ။ အဲတော့ သူ သမ္မတသက်တမ်း မကုန်ခင်လေးမှာ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီကိစ္စတွေကို စိတ်ဝင်စားတယ်ဆိုပြီး နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခေါ်ပြီးတွေ့ဆုံတာလို့ပဲဦးဇင်းမြင်ပါတယ်။

"ဒါပေမယ့် သူတတ်နိုင်သလောက်တော့ သူ့သက်တမ်းမကုန်ခင်လေးမှာ နည်းနည်းပါးပါး လုပ်သွားလိမ့်မယ်လို့တော့ ဦးဇင်းမျှော်လင့်တာပေါ့။ အဲဒီပွဲပြီးတဲ့အခါ သမ္မတကတော် လော်ရာဘုရှ်နဲ့ ဦးဇင်းတို့ ဓာတ်ပုံတွေ အများကြီးတွဲရိုက်ကြပါတယ်။ ရိုက်တဲ့အခါ သမ္မတရယ်၊ သမ္မတကတော်ရယ်၊ ဦးဇင်းရယ် တတန်း။ ဦးဇင်းက ဂျာနယ်လစ်တွေရှေ့မှာ မြန်မာပြည်အကြောင်း စကားထပြောရပါတယ်။ လော်ရာဘုရှ်ကလည်းဦးဇင်းတို့ မြန်မာပြည်အကြောင်း အလေးပေးပြီး အများကြီးပြောသွားပါတယ်။တခြားနိုင်ငံအကြောင်းတောင် မပြောဘဲနဲ့ မြန်မာပြည်အကြောင်းပဲ သူက ပြောသွားပါတယ်။

"အရင်တုန်းကတော့ လော်ရာဘုရှ်က လာဖို့အစီအစဉ် မရှိပါဘူး။ ဦးဇင်းနဲ့တွေ့ချင်တယ်ဆိုပြီး ညကမှ လောလော လောလောနဲ့ လုပ်လိုက်တာဖြစ်တယ်။ သူကတော့အများကြီးကူညီနိုင်မယ်ထင်ပါတယ်။ ဦးဇင်းပြောပြတာကတော့ မြန်မာနိုင်ငံမှာ
အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ပြောပါတယ်။ သူတို့ကတော့ မိန်းမသားချင်း ကိုယ်ချင်းစာပြီးတော့ အများကြီးကူညီနိုင်လိမ့်မယ်လို့ ဦးဇင်းမျှော်လင့်ပါတယ်။"

အမေရိကန်သမ္မတဘုရှ်၊ သမ္မတကတော် လော်ရာဘုရှ်တို့နဲ့ အင်္ဂါနေ့ကနယူးယောက်ခ်မြို့မှာ တွေ့ဆုံခွင့်ရခဲ့သူ အရှင်ကောဝိဒ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

အလင်းမဲ့ လမင်း

23 September 2008

မိမိစာပေကို သင်ယူကြ ၊ မိမိဘာသာစကားကိုပြောဖို့ မမေ့ကြပါနဲ့

ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူသားတို့သည် နေ၏အလင်းရောင်ကြောင့် နေ့နှင့်ညဟု ခွဲခြား၍ သိနိုင်သည်။ နေ၏အလင်းရောင်မရှိလျှင် နေ့နှင့်ညဟူ၍ ခွဲခြားသိနိုင်လိမ့်မည် မဟုတ်ပေ။ လူသားတို့အနေဖြင့် အရှေ့က နေ၏အလင်းရောင်ကို မြင်ရသော အချိန်မှာ နေ့ဟု သတ်မှတ်ကာ အလုပ်လုပ်ခဲ့ကြသည်။ အနောက်သို့ နေ၀င်သွား၍ အမှောင်ကျလာလျှင် ညဟုသတ်မှတ်ကြသည်။ အလင်းရောင်သည် လူသားတို့အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်သည်။

လ၏သဘာဝသည် ကိုယ်ပိုင်အလင်းရောင် (ရောင်ပြန်ဟမှု) မရှိချေ။ သို့သော် နေ၏အလင်းရောင်
(ရောင်ပြန်ဟမှု)ကြေင့် မှောင်နေသောအချန်ကို လူသားတို့အတွက် လသည် ပြန်ပြီး လင်းလက်စေသည်။ အေးမြသော အလင်းရောင်ကြောင့် လူသားတို့ အနားယူအပန်းဖြေဖို့ အကောင်းဆုံးအချန်ဖြစ်လေသည်။ လသည် နေရောင်ကို မရသောအခါများမှာ ညသည် မှောင်မြဲ မှောင်နေပြန်တော့သည်။ ထို့ကြောင့် မှောင်နေသော ညအချိန်ကို အလင်းရောင်ပြန်ရအောင် လူသားတို့ ကြိုးစားအားထုတ်ခဲ့ရလေသည်။ ပညာတတ်မှသာလျှင် အလင်းရောင်ရပြီး တီထွင်နိုင်မည်ဖြစ်လေသည်။

လူ့လောကတွင် ပညာတတ် မတတ်ကို စာပေနှင့် တိုင်းတာကြသည်။ စာမတတ်လျှင် ပညာမတတ်ဟု သတမှတ်သော ခေတ်ကာလဖြစ်နေသည်။ ထိုခေတ်ကာလအတွင်းမှာ နေထိုင်ကြသော လူသားတို့သည် မိမိလူမျိုးနှင့် တိုင်းပြည်အတွက် အလင်းရောင်ရဖို့ စာပေကို အရင်သင်ယူကြရသည်။ စာတတ်မှာသာ စာပေမှာ လာသည့်အတိုင်း အလင်းရောင်ကို တီထွင် ပြုလုပ်နိုင်မည် ဖြစ်ပေသည်။ နေ၏ အလင်းရေင် မရှိသော ညအချိန်မှာ အလင်းရောင်ကို ဖြစ်စေနိုင်သော မီးစက်၊ စသည်ဖြင့် တီထွင်ကြရတော့သည်။ စာပေသည် လူသားများအတွက် အလင်းရောင်သဖယ်ဖြစ်နေပေသည်။ အမှား အမှန်ကိုလည်း ခွဲခြားသိနိုင်ခွင့် ရလေသည်။ စာပေမရှိလျှင် လူသားတို့၏ ဘ၀သည် အလင်းမဲ့သော ညကမ္ဘာကြီးထဲမှာ နေထိုင်ရသည့်နှင့် တူပါသည်။
ယနေ့ တိုးတက်သော နိုင်ငံများရှိ လူမျိုးတို့သည် သူတို့ရဲ့စာပေအဆင့်အတန်း တိုးတက် မြင့်သောကြောင့် ကမ္ဘာမှာ ထိပ်တန်းရောက်ခဲ့သည်။ ထိုလူမျိုးတို့သည် သူတို့၏စာပေကို တိုးတက်သည်နှင့်အညီ သိပ္ပံပညာကို ထွန်းကာလာအောင် ပြုလုပ်နိုင်ခဲ့သည်။ ဘယ်လို့မှ မဖြစ်နိုင်သောအရာကို ဖြစ်လာအောင် ထိုလူမျိုးများက လုပ်ပြနိုင်ခဲ့သည်။ ထိုလူမျိုးတို့၏ စာပေနှင့် နည်းစနစ်ကို ကရင်လူမျိုးများ အတုယူသင့်ပေသည်။
ကရင်လူမျိုးများသည် ဤကမ္ဘာပေါ်မှာ နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်ရှိခဲ့ပြီးဖြစ်သည်။ သို့သော် ထိုလူမျိုးများကဲ့သို့ ကရင်လူမျိုးများက ထိပ်တန်းရောက်အောင် မလုပ်နိုင်ခဲ့ကြချေ။ မလုပ်နိုင်ခြင်း၏ အကြောင်းမှာ ဟိုတုန်းက ကရင်လူမျိုးသာရှိခဲ့ပြီး ကရင်စာပေကို တီထွင်မည့်သူ မရှိသေးသောကြောင့် တိုးတက်မှု နှေးကွေးရခြင်းဖြစ်လေသည်။

ရှေးကရင်လူမျိုးတို့သည် ထိုအချိန်တုန်းက စာပေမသုံးသေးသောကြောင့် အလင်းမဲ့လမင်းကဲ့သို့ ဘ၀ကိုဖြတ်သန်းခဲ့ကြရသည်။ ကရင်ပညာရှိ ဖူ့ဒိုက်ကော် မှ ပိဋကသုံးပုံကို ကရင်ဘာသာဖြင့် ပြန်ဆိုခဲ့သည်။ ပုဂံ - သထုံ မွန် - ဗမာအရေးအခင်းကြောင့် ကရင်စာပေတစ်ခေတ် မှေးမှိန်ခဲ့ရသည်။

ဖူ့ကျိုက်တာမိုက် (အရှင်နန္ဒမာလာ)ခေတ်သို့ ရောက်သောအခါ ကရင်တိုင်းရင်းသားများ ဖိနှိပ်မမှု မခံရလေအောင် ကရင်စာပေကို ပြန်လည်အသက်သွင်းခဲ့ပြန်သည်။
ထိုအခါမှစ၍ ကရင်အမျိုးသား ရဟန်း ရှင် လူများ အဆင့်အဆင့်ထိန်းသိမ်းလာခဲ့ကြရာ ယနေ့ သုတရသ ရေးသားဖတ်ရှု စာစောင် ထုတ်ဝေနိုင်သည့်အထိ တိုးတက်လာခဲ့သည်ဟု ဆိုရပေမည်ဖြစ်သည်။ မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်း ဖေါ်ထုတ်ရန်သာ လိုအပ်ပါတော့သည်။
ထို့ကြောင့် ကရင်ဖြစ်နေလျှင် မိမိလူမျိုး၏ စာပေကို မဖြစ်မနေ တတ်မြောက်ဖို့လိုအပ်ပါသည်။ သို့သော် တိုးတက်မှုမရှိသေးသော ရွာတွေမှာ ကရင်စာပေကို ပို့ချသူနှင့် သင်ယူသူ အားနည်းနေသေးသည်ကို တွေ့ရပါသည်။

မြို့နေ ကရင်ဆိုလျှင် စာပေကို မသင်ယူသည်သာမက ကရင့်စကားကိုလည်း မပြောကြတော့ချေ။ ကြာလာသည့်နှင့်အမျှ မပြုပြင်နိုင်လျှင် မျိုးဆက်သစ်ကရင်လူငယ်များ၏ ဘ၀သည် ကရင်စာပေနှင့် ပတ်သက်လာလျှင် နေရောင်ခြည်မရေသော =အလင်းမဲ့လမင်းဘ၀=ဖြစ်နေပါလိမ့်မည်။

ဤကမ္ဘာမှာ မိမိတို့ကရင်လူမျိုးကို ကြာရှည်တည်တံ့နိုင်ဖို့ မိမိတို့၏မျိုးဆက်သစ် ကလေးများကို ကရင်စာပေနှင့် စကားကို သင်ပေးကြပါဟု တိုက်တွန်းလိုက်ရပေသည်။

လမင်း (ဇွဲကပင်)

မြန်မာ့အရေး၊ ထိုင်းနိုင်ငံရေး တစေ့တစောင်းနှင့် အသက်ရှူချင်းကွဲသူများ

19 September 2008

စိုးနေလင်း

(ဤဆောင်းပါးသည် ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူပြီး အမိမြန်မာနိုင်ငံရှိ တပ်မတော်သားများသည် ထိုင်းစစ်ဗိုလ်ချုပ်ကြီးရဲ့ သူ့ပြည်သူနဲ့ပတ်သက်ပြီး သူ့သဘောထားများကို အတုယူစေချင်သည် + အသက်ရှင်လျှက်နဲ့ ပြည်သူမေတ္တာမရရှိခြင်းသည် သေတာနဲ့ဘာထူးမည်နည်း)

ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုက တရားဝင် ရွေးကောက်တင်မြှောက်ခဲ့တဲ့ လူထုက အုပ်ချုပ်ခွင့် အခွင့်အာဏာ ပေးထားခဲ့တဲ့ တရားဝင်အစိုးရ (dejure government) တရပ် မရှိခဲ့တာ အခုဆို ၄၆နှစ်ရှိခဲ့ပါပြီ။ ရာစုနှစ်ထက်ဝက်နီးပါးကို တရားဝင်မဟုတ် လူထုက အခွင့်အာဏာ ပေးထားတာမဟုတ်တဲ့ အစိုးရ (defacto government) တနည်းအားဖြင့် စစ်အာဏာရှင်တွေ လက်လွှဲလက်ပြောင်းလုပ် မတရားအုပ်ချုပ်တာကို ခံခဲ့ကြ ရ၊ ခံနေကြရဆဲ ဖြစ်ပါတယ်။

အသက်ရှူချင်းကွဲသူများ

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို အဖောက်ဖောက် အပြန်ပြန် အလွဲသုံး စားပြုထားရုံသာ မဟုတ်ဘဲ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင် သတင်းစာနဲ့ စာနယ်ဇင်း မီဒီယာတွေ အားလုံးရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးပြီး ပြည်သူတွေကို နား မျက်စိပိတ်၊ တိုင်းပြည်ကို သံမဏိကန့်လန့်ကာ နောက် ပိတ်ဆီးကာရံထားခဲ့တာ ကာလကြာလာတာနဲ့အမျှ တိုင်းပြည်ရဲ့ အခြေခံစီးပွားရေး အဆောက်အအုံ ကြီး အမှားမှား အယွင်းယွင်းနဲ့ ချွတ်ခြုံကျဖြစ်ခဲ့ရပါတယ်။

အဲဒီတော့ တခြား ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေဟာလည်း ချို့ယွင်းအား နည်း တစစ ပျက်စီးယိုယွင်းလာခဲ့တယ် ဆိုတာကတော့ သာမန်တွေးခေါ်နိုင်စွမ်းရှိတဲ့ သူတွေတောင် မြင်သာ ထင်ရှား ဖြစ်ခဲ့ပါပြီ။ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတဲ့သူတိုင်း ကြေကွဲဝမ်းနည်းမဆုံး နှမျော တသ ယူကျုံးမရ ဖြစ်မဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအဆိုးသံသရာကြီးဟာ မပြီးဆုံးသေးပါဘူး။ အဆုံးစွန် ဆုံး ပျက်သုဉ်းမှုဆီကိုတောင် ဦးတည်စပြုနေပြီလို့ ပြောလို့ရနေပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာရဲ့ အဓိကလက်သည် တရားခံကတော့ တိုင်းပြည်ကို ခုထိ အတင်းအဓမ္မ အုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဓိက တရားခံကိုပဲ ကျနော် ဆိုလိုတာပါ။ တခြားဆက်နွယ် တရားခံတွေ၊ ကြံရာပါတွေ၊ ချို့ယွင်းအားနည်းချက် တွေလည်း အများကြီးရှိနေမှာပါ။ ဒါတွေကိုလည်း ပညာရှင်တွေ၊ စာရေးဆရာ ကဗျာဆရာတွေ၊ နိုင်ငံရေးသ မားတွေက အခါအခွင့်သင့်တိုင်း ဝေဖန်သုံးသပ် ထောက်ပြခဲ့ကြပါတယ်။

ကျနော်ကတော့ ကိုယ့်အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံရေး ဖြစ်စဉ်တွေကို တစေ့တစောင်း စောင့်ကြည့် လေ့လာရင်း၊ တခြားနိုင်ငံတကာ နိုင်ငံရေးအလှည့်အပြောင်းနဲ့ ဖြစ်စဉ်တွေကို စိတ်ဝင်တစား ဖတ်ရှူလေ့လာ ရင်းနဲ့ ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာအတွက် စိတ်မသက်မသာ ဖြစ်ရသလို မခံချိမခံသာလည်း ဖြစ်နေ မိပါတယ်။ တကယ်တော့ တိုင်းပြည်တပြည်ကို အုပ်စိုးနေတဲ့ အစိုးရနဲ့ အဲဒီအစိုးရကို ကျောထောက်နောက်ခံ ပေး ထားတဲ့ စစ်တပ်၊ ရဲနဲ့ အကျဉ်းထောင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သိပ်အရေးကြီးပါတယ်။

ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စံနစ်ကို စတင်ကျင့်သုံးပြီး ဒီမိုကရေစီ အစိုးရတရပ်နဲ့ ဒီမိုကရေစီ နိုင်ငံတခုအ ဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်လာခဲ့တာ နှစ်ပေါင်း (၇၆) နှစ်ရှိခဲ့ပါပြီ။ ကြားမှာ ဒီမိုကရေစီလမ်း ကြောင်းကနေ တိမ်းစောင်းသွေဖီ ပျက်ယွင်းသွားတာ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ဒီမိုကရေစီစံနစ်ရဲ့ အဆင့်အခြေအ နေတရပ်ကနေ နိမ့်ကျတဲ့ အဆင့်အခြေအနေတရပ်ကို လျှောကျခဲ့ရဖူးခဲ့ပြီ။ ဒါပေမယ့် တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့ရော၊ အစိုးရအဖွဲ့ ကို ကျောထောက်နောက်ခံပေးထားတဲ့ စစ်တပ်ရော မှားယွင်းခဲ့ကြပေမယ်။

ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အာဏာရေးထက် ဦစားပေး အလေးအနက် ထားခဲ့ကြပါတယ်။ အစောပိုင်းကာလ (၇၀ စုနှစ်ကာလ/၁၉၉၂) ကသောင်းကနင်း ဖြစ်ရပ် တွေမှာ ပြည်သူလူထုနဲ့ ကျောင်းသားတွေ သေကြေပျက်စီးဒဏ်ရာရ ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်ခဲ့ပါ တယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်း ဖြစ်ရပ်တွေမှာတော့ အစောပိုင်းက ရရှိခဲ့တဲ့ သင်ခန်းစာတွေကို ဆင်ဆင်ခြင်ခြင် အသုံးချပြီး ရှေ့ကအမှားမျိုး မမှားရအောင်၊ ရှေ့ကအဖြစ်ဆိုးမျိုး မကြုံတွေ့ကြရအောင် သတိကြီးကြီးနဲ့ ရှောင်ရှားနိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ၂၀၀၆ခုနှစ် စက်တင်ဘာ ၀န်ကြီးချုပ် မစ္စတာတပ်ဆင် လက်ထဲကနေ စစ်တပ်က အာဏာသိမ်းယူမှုကို အနီးဆုံး ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် ဒီမိုကရေစီစံနစ်ရဲ့ အဆင့်တရပ် ကနေ နောက်ဆုတ် လျှော့ကျသွားခဲ့တာ မှန်ပေမယ့် အာဏာသိမ်းယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟာ ပြည်သူလူထုကို ရန်သူလို သဘောမထားခဲ့သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအောင် ဘာတခုမှမလုပ် ခဲ့ပါဘူး။ ဆန့်ကျင်ဖက်အားဖြင့် ကာကွယ်စောင့်ရှောက်ပေးသွားခဲ့တာ တွေ့ရပါတယ်။

ဒီအပြင်မှာ အများပြည်သူရဲ့ ဆန္ဒသဘောထားနဲ့ တောင်းဆိုချက်ကို လေးစားလိုက်နာပြီး တနှစ်အတွင်း ပြည်သူလူထုလက်ထဲကို အာဏာပြန်အပ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲခဲ့တာ ရှိခဲ့ပေမယ့် တတ်နိုင်သမျှ အာဏာသိမ်း စစ်ကောင်စီက ပါဝင်စွက်ဖက်မှု မလုပ်ရ အောင် ရှောင်ရှားခဲ့တာ တွေ့ရပါတယ်။ နောက် ပေးထားတဲ့ ကတိစကားအတိုင်း (အာဏာသိမ်း စစ်ဗိုလ်ချုပ် ကြီး တယောက်အနေနဲ့ အာဏာကို ဆက်ပြီးရယူဖို့ ကြိုးစားရင် ရယူနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တာတောင်) ပြည်သူလူထု လက်ထဲကို အာဏာပြန်အပ်ဖို့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သလို ဂုဏ်သိက္ခာရှိရှိ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ၀င်မစွက်ဘဲ နောက်ဆုတ်ပေးခဲ့ပါတယ်။

အာဏာသိမ်းကာလ တနှစ်နဲ့တင် တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့တာ တွေ့ရပါ တယ်။ ကောက်ချက်ချရရင် အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟာ တိုင်းပြည်နဲ့ ပြည်သူလူထု ထိခိုက် နစ်နာမှာကို အမှန်တကယ် စိုးရိမ်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာ အမှန်တကယ် ရှိခဲ့ပါတယ်။ လူကြီးလူကောင်း ပီသသလို စစ်သားကောင်း ပီပီသသနဲ့ သူပေးထားခဲ့တဲ့ ကတိစကားကို ထိန်း သိမ်းခဲ့ပါတယ်။ တခြားစစ်တပ်အရာရှိ ကြီးငယ်တွေ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကလည်း လူ လိမ္မာသား ယဉ်ပါးဆိုတဲ့အတိုင်း၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတဲ့အတိုင်း ပြည်သူလူထုအပေါ် ယဉ်ယဉ်ကျေးကျေး ပြုမူဆက်ဆံပြီး လုံခြုံရေးကို ထိန်းသိမ်းပေးနိုင်ခဲ့ကြတာ တွေ့ရပါတယ်။

ကိုယ့်ပါတီ အာဏာရရေး၊ ကိုယ့်အာဏာရရှိရေးအတွက် အဓိက အားထုတ်ခဲ့ ခြစားဖောက်ပြန်ခဲ့တဲ့ နိုင်ငံရေး သမားတွေဟာ ပြည်သူလူထုရဲ့ အမျက်ဒေါသသင့်တာခံခဲ့ရပြီး အာဏာသိမ်း ဗိုလ်ချုပ်ကြီးနဲ့ တပ်မတော်သား တွေကို လူထုက အပြုံးနဲ့ ပန်းကုံးနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ခုကျနော်တင်ပြနေတာက ဖြစ်ရပ်ပါ။ (အာဏာသိမ်းတဲ့ ကိစ္စနဲ့ တချို့လူထုရဲ့ တွေးခေါ်ပြုမူပုံတွေနဲ့ ပတ်သက်လို့တော့ ဒီမိုကရေစီရေးအရ စိတ်ဓာတ်ရေးရာအရ ပြော ဆိုဝေဖန် ထောက်ပြစရာတွေ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဘန်ကောက်မြို့မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား စာရေးသူအနေနဲ့ ကျနော်တို့နိုင်ငံနဲ့ အာဏာသိမ်းမှုချင်း၊ စစ်တပ်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံချင်း ယှဉ်ကြည့်ပြီး မြန်မာနိုင်ငံက အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့၊ မတရားတဲ့ အမိန့်အာဏာအတိုင်း နာခံဆောင်ရွက်ပြီး ကိုယ့်ပြည်သူလူထုကို ပြန်ပစ်ခတ်သတ်ဖြတ် နှိပ်စက်ခဲ့တဲ့ တပ်မတော်သား ဆိုသူတွေကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာခဲ့မိပါတယ်။ ကံကောင်းကြတဲ့ ထိုင်းပြည်သူလူထုအတွက် ၀မ်းသာပီတိဖြစ်ခဲ့ရသလို ကံမကောင်း ရှာကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် ၀မ်းနည်းကြေကွဲရပါတယ်။

ခု ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ထပ်တခါ ကြုံတွေ့ရပြန်တဲ့ ထိုင်းနိုင်ငံရေး အလှည့်အပြောင်းကို တစေ့တ စောင်း ကြည့်လိုက်တဲ့အခါလည်း ထိုင်းကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paochinda ရဲ့ ရပ်တည်ချက်၊ စေတနာနဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ၀န်ကြီးချုပ် မစ္စတာ စမတ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုထက် ကိုယ့်ပါတီနဲ့ ကိုယ့်အတ္တ မာန်မာနတွေပေါ်မှာ ပိုပြီးအလေးထား ခဲ့ပါတယ်။ အကျယ်တ၀င့်တော့ ဝေဖန်သုံးသပ် မနေတော့ပါဘူး။ ဝေဖန်သုံးသတ်မယ်ဆိုရင် ပီအေဒီ (People's Alliance for Democracy) ရဲ့ နိုင်ငံရေးသစ်ဆိုတာပေါ်မှာပါ ဒီမိုကရေစီရဲ့ အခြေခံမူတွေအရ ဝေဖန်သုံး သပ်စရာတွေလည်း ရှိနေပါလိမ့်မယ်။

ဒီနေရာမှာ ကျနော့်ရဲ့တင်ပြလိုရင်းနဲ့ အလှမ်းဝေးသွားမှာစိုးတဲ့အတွက် ကျနော်တင်ပြလိုရင်းကိုပဲ ဆက်ပြီး တင်ပြပါမယ်။ ၀န်ကြီးချုပ် မစ္စတာစမတ်က ဘန်ကောက်မြို့တော်မှာ အရေးပေါ်အခြေအနေ(The State of Emergency) ကြေငြာခဲ့ပေမယ့် ကြည်းတပ် ဗိုလ်ချုပ်ကြီးဟာ အစိုးရအိမ်တော်ဝန်းအတွင်းက ပီအေဒီ အဖွဲ့ဝင် တွေ၊ ထောက်ခံသူတွေနဲ့ ပြည်သူလူထုတွေကို အင်အားသုံး ဖယ်ရှားပစ်ဖို့ မလုပ်နိုင်ဘူးလို့ ယတိပြတ်ငြင်းဆန် ခဲ့တာ တွေ့ရပါတယ်။

အရေးပေါ် အခြေအနေကို အကောင်အထည်ဖေါ် ကြီးကြပ်အုပ်ချုပ်ရတဲ့ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီး တ ယောက်အနေနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အားကို သူ့စိတ်တိုင်းကျ အသုံးပြုခွင့်ရှိသလို လမ်းတွေပေါ်က ငါး ယောက်ထက်ပိုပြီး စုဝေးနေကြတဲ့သူတွေ၊ ဆန္ဒပြပွဲမှာ ပါဝင်ပူးပေါင်းဖို့ ချီတက်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေကို အင်အားသုံး ဖြိုခွဲတားဆီး၊ ဖမ်းဆီးချုပ်နှောင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟာ အဲဒီလို မလုပ်နိုင်ကြောင်း ကြံ့ကြံ့ခံ ငြင်းဆန်ခဲ့ပါတယ်။ သတင်းမီဒီယာတွေက မေးမြန်းလာတာကို ဖြေကြား သွားတဲ့ ဗိုလ်ချုပ်ကြီးရဲ့ အဖြေကို သတင်းစာမှာ ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paochinda ကို ကျနော် အကြိမ်ကြိမ် ဦးညွှတ် အရိုအသေပြုလိုက်ပါတယ်။

ထိုင်းပြည်သူတွေကိုယ်စား "ကျေးဇူးအများကြီး တင်ပါတယ် ဗိုလ်ချုပ်ကြီးခင်ဗျား" လို့ စိတ်ထဲက ကျေးဇူးစ ကား ဆိုခဲ့မိပါတယ်။ ဗိုလ်ချုပ်ကြီးက …

"စစ်တပ်က အာဏာသိမ်းလိုက်ရင် ပြဿနာတွေ ပိုပြီးဖြစ်လာလိမ့်မယ်။ အာဏာသိမ်းဖို့ဆိုတဲ့ တံခါးပေါက်ကို ပိတ်ထားလိုက်ပြီးပါပြီ။"

"တကယ်လို့ စစ်တပ်က အရေးယူဆောင်ရွက်မှု တခုခုလုပ်ရမယ်ဆိုရင် ကျနော်တို့က ပြည်သူတွေဘက်က ရပ်ရမှာပဲ။ ပြည်သူလူထုကို ဆန့်ကျင်ပြီး တပ်အင်အားကို ကျနော်မသုံးဘူး"

"ကျနော်တိုက်တွန်းချင်တာက လွှတ်တော်က ပိုပြီးတာဝန်ယူသင့်တယ်။ နိုင်ငံတကာက စစ်တပ်က၀င်ပြီး ဆောင်ရွက်တာကို လက်ခံမှာမဟုတ်ဘူး" လို့ ပြတ်ပြတ်သားသား ဖြေကြားသွားပါတယ်။ လူထုကို အကြမ်း ဖက်နှိမ်နှင်းဖို့ သေနတ်နဲ့ပစ်ဖို့ သူ့ကို ဘယ်တော့မှ မခိုင်းနဲ့ မလုပ်နိုင်ဘူး။ သူ့တာဝန်က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့သာ ဖြစ်တယ်" လို့ ပြောလိုက်တာပါပဲ။ အခုအိမ်စောင့်ဝန်ကြီးချုပ်ကို အရေးပေါ် အခြေ အနေ ပြန်ရုပ်သိမ်းပေးဖို့ တိုက်တွန်းပြောဆိုခဲ့တာလည်း ဗိုလ်ချုပ်ကြီး Anupong ပါပဲ။

ကျနော်တို့တိုင်းပြည်မှာတော့ ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသား ပြည်သူလူထုတွေကို စစ်တပ်နဲ့ လုံထိန်း တပ်ဖွဲ့ဝင်တွေက ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ပစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ ခုဆို တနှစ်ပြည့် မြောက်ခဲ့ပါပြီ။

စစ်ဗိုလ်ချုပ်ချင်း တူပေမယ့် အသက်ရှူချင်း ကွဲပါတယ်။ စေတနာ မေတ္တာချင်း တခြားစီပါ။ စစ်သားချင်း တူပေ မယ့် အသက်ရှူချင်း ကွာပါတယ်။ စေတနာ မေတ္တာချင်း တခြားစီပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေအပေါ် ဒီလောက်ထိ စေတနာကင်းမဲ့ ရက်စက်ကြမ်းတမ်းတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မျှော်မြင် ပုံတွေကို ကျနော်အများကြီး ထိတ်လန့်အံ့သြရသလို နားမလည်နိုင်အောင်လည်း ဖြစ်ရပါတယ်။

ပေးလိုက်တဲ့ အမိန့်ဟာ တရားမျှတရဲ့လား၊ မှန်ရဲ့လားဆိုတာ လုံးဝမစဉ်းစားဘဲ နာခံပြီး ကိုယ့်မိဘပြည်သူတွေ
ညီအကို မောင်နှမတွေကို ပြန်ပြီးဖိနှိပ်ညှင်းပမ်း ပစ်ခတ်သတ်ဖြတ်နေတဲ့ တပ်မတော်သားဆိုသူတွေရဲ့ စိတ်နေ စိတ်ထားနဲ့ တွေးခေါ်မျှော်မြင်ပုံကိုလည်း ထိတ်လန့်အံ့သြ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမှားကို ပြင်ဆင်တာ၊ အမိုက်ပျောက်ပြီး အလင်းရောက်တာဟာ ကောင်းပါတယ်။ နောက် ကျတယ်လို့ မရှိပါဘူး။ မမျှော်လင့်သင့် မမျှော်လင့်ရဲတော့ပေမယ့် ဗုဒ္ဒဘာသာဝင်ဆိုသူ မြန်မာစစ်ဗိုလ်ချုပ် ကြီးများ အမြန်ဆုံး သတိသံဝေဂရပြီး တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အလိုဆန္ဒကို အလေးဂရုပြု၊ အာဏာကို ပြည်သူတွေလက်ထဲ ပြန်အပ်ပြီး စစ်တန်းလျားကိုပြန်တာ အကောင်းဆုံး ဖြစ်မယ်လို့ တိုက်တွန်းချင်ပါတယ်။

မိဘမကောင်းတဲ့ သားသမီးတွေ၊ ဆရာမကောင်းတဲ့ တပည့်တွေဖြစ်တဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေအနေနဲ့လည်း ကိုယ့်ထမင်းရှင်စစ်စစ်ဖြစ်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားစေတနာထားပြီး ပြည်သူ့ဖက်က ရပ်တည်ခြင်းသည်သာ ဗုဒ္ဒဟောကြားခဲ့တဲ့ မင်္ဂလာတရားတော်နဲ့ ပြည့်စုံပါလိမ့်မယ်။ အချိန်မီ သတိသံဝေဂရ၊ ပြုပြင်တည့်မတ်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

စိုးနေလင်း

ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး

17 September 2008

ရေးသားသူ -- ဒေါနမြေ

မိမိကရင်လူမျိုးအကြောင်း တစေ့ဆောင်း သိရှီနိုင်စေရန် ရည်သန်၍

ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး

တစ်နေ့ တော့ လမ်းလျှောက်လာရင်း သူငယ်ချင်းတစ်ယောက်က (ပွာပို့  နေယကွတနေ့ ဘာ) လို့ သူ့ ပါးစပ်ကနေထွက်လာတယ်။ ကျနော်ပိုးတစ်ယောက်ဖြစ်မှန်း သူမသိလို့ ပဲပြောမိတာလာ၊ သိသိရင်းနဲ့ တမင်သက်သက်ပြောတာလားတော့ မသိဘူး။ ဒါပေ့မယ် ဒီလိုပညာတတ် လူငယ်တစ်ယောက်စီမှာ ဒီအတွေးအခေါ်တွေ ရှိနေတာကတော့ ကျနော်တို့  ကရင့်အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်မှန်း ကျနော်သိနေပါတယ်။

ထို့ နည်းတူစွာပဲ တစ်နေ့ တော့ လူတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြော ဖြစ်တယ်။ သူက (ယှင်ဏှ် ယ်ုယေါဝ်ဏှေ်အေး) လို့  ပြောခဲ့တယ်။ သူဘာကြောင့် ဒါတွေပြောထွက်လည်းဆိုတာတော့ သူ့ ကိုဆက်မမေးတော့ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးခေတ်ပညာ တတ်လူငယ်တွေစီမှာ ဒီလိုမျိုး အတွေးအခေါ်ဝင်နေတာကတော့ ကြောက်စရာကောင်းတယ်လို့  ကျနော် သုံးသပ်မိပါတယ်။

ပြီးတော့ (ယာနေကညော၊ အော်နေပို့ ) (ယ်ုဏှ်ဖလုံ၊ အဝေ့ဏှ် ယှင်) ဆိုတဲ့အသုံးအနှုန်းတွေကိုလည်း ထင်ထင်ရှားရှားသုံး နေတာကိုလည်း တွေ့ နေရတယ်။ ဒီလိုမျိုးအသုံးအနှုန်းတွေရဲ့ အနှစ်သာရ၊ ထိရောက်မှု ဘယ်လောက်ရှိလဲဆိုတာကို သိလို့ ပြောသည်ဖြစ်စေ၊ မသိပဲနဲ့  ပြောသည်ဖြစ်စေ အဲ့ဒါတွေကို ဆက်သုံးခြင်းအားဖြင့် ကျနော်တို့  မမြင်နိုင်တဲ့ခွဲခြားမှုအက်ကြောင်း တဖြည်းဖြည်းနဲ့  ကြီးထွားလာနိုင်တယ်ဆိုတာကို သုံးသပ်မိပါတယ်။

ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို ပြန်ပြီးပြောပြရမယ်ဆိုရင် -- တစ်နေ့  တော့ သူငယ်ချင်းအိမ်မှာ ပါတီလာဖို့ ဖိတ်ခြင်းခံရတယ်။ ကျနော်တို့  သူငယ်ချင်းတစ်စုပျော်ပျော်ပါးပါးသွားကြတယ်။ အဲ့ဒီညနေ ကျနော်တို့ သူငယ်ချင်းတစ်စုဟာ ဖြစ်ချင်တော့လည်း (ဖလုံမေါဝ်ထါင်) သက်သက်ပဲ။ သူငယ်ချင်းအိမ်ရောက်တော့ တစ်ခြားလူတွေလည်းရောက်နေတာ တွေ့ ရတယ်။ သူတို့ တွေက အများအားဖြင့် (ဖလုံဖါ.ထါင်) တွေပါ။ ကျနော်တို့  ရောက်တော့ ကျနော်တို့ တွေက သက်သက်တစ်စု စုဝေးထိုင်ပြီး သူတို့ တွေက သက်သက်တစ်စု ထိုင်တယ်။ စကားပြောတော့လည်း ကိုယ့်အစုနဲ့  ကိုယ်ပဲ ပြောကြတယ်။ ပါတီတစ်လျှောက်လုံး အဲ့ဒီလိုပဲ။ ကျနော်တို့ အစုမှာ (ဖလုံဖါ.ထါင်) ပြောတတ်တဲ့သူတွေပါပါတယ်။ ကျနော်က ဖလုံဖါ.ထါင်ရော၊ ဖလုံမေါဝ်ထါင်ရောပြောတတ်ပါတယ်။ အဲ့ဒီပါတီ အစအဆုံး ကျနော်သတိထားမိပါတယ်။ ဖလုံဖါ.ထါင်နဲ့ ဖလုံမေါဝ်ထါင် တွေက သူစိမ်းလိုဖြစ်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ရယ်ရယ်မောမော စကားပြော၊ ဆက်ဆံရေး (Communication) သိပ်မရှိကြဘူး။ သူများတွေ သတိထားမိလား၊ မထားမိဘူးလားတော့ မသိဘူး။ ကျနော်ကတော့ အစအဆုံးသတိထားမိပါတယ်။ ဒီအချင်းအရာတွေက ဆိုးတဲ့လက္ခဏာ မဟုတ်ရင်တောင် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးလို့  ကျနော် သုံးသပ်မိပါတယ်။

ပို့ နဲ့ ယှင် နဲ့ ပတ်သက်ပြီးတော့ နောက်တစ်ခုက တစ်ချို့ လူတွေက ပို့ လို ခေါ်ရင် နှိမ်တယ်လို့ ခံစားရတယ်။ ထို့ နည်းတူစွာပဲ ယှင်လို့ ခေါ်ရင် မကြိုက်တဲ့လူတွေလည်း ရှိတယ်။ ဒီအခေါ်အဝေါ်တွေက သတိမထားမိရင် ဘာမှမဖြစ်သလိုနဲ့  တကယ်တော့ အန္တရာယ်ရှိ ပါတယ်။ တကယ်တော့ (ဖလုံ) ဆိုတာ ကရင် လို့ အဓိပါယ်သက်ရောက်ပြီး (ကညီ) လည်း ကရင် လို့ ပဲ အဓိပါယ်ရပါတယ်။ တစ်မျိုးလုံး ကို ဖလုံ ခေါ်ခေါ်၊ ကညီ ခေါ်ခေါ် ခေါ်လို့ ရပါတယ်။ ဒါပေမယ့် အမျိုးအစားလေး ခွဲခြင်လာတယ်ဆိုရင် ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး လို့ ခေါ်ဝေါ် ရင် ပိုပြီးညီညွတ်မှုစီကို ဦးတည်သလို၊ တစ်ယောက်နဲ့ တစ်ယောက်စိတ် ထဲမှာ ရှိနေတဲ့ (Tension) လေးတွေလည်း ပျောက်ကွယ်သွားမယ်လို့  ယုံကြည်ပါတယ်။

ဒါကြောင့် ကျနော်တို့ ကရင်တွေ (ကညီနဲ့ ပို့ ၊ ဖလုံနဲ့ ယှင်) အသုံးအနှုန်းတွေကို ပယ်ဖျက်ပြီး (ကညီမို့ ထံး၊ ကညီပါ့ထံး။ ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင်) ဆိုတဲ့ အသုံးအနှုန်းတွေကို အစားထိုးသုံးရင် ပိုပြီးသင့်လျော်ပြီး ညီညွတ်မှုအတွက် အားအင်တစ်ရပ်လို့  ကျနော်ဆင်ခြင် မိပါတယ်။ ပြောချင်တာက စကောတွေအနေနဲ့  သူတို့  ကိုယ်ကို ကညီပါ့ထံးလို့ ခေါ်ပြီး ပိုးတွေကို ကညီမို့ ထံး လို့ ခေါ်ဖို့  ဖြစ်ပါတယ်။ ထို့ နည်း တူစွာပဲ ပိုးတွေကလည်း သူတို့ ကိုယ်ကို ဖလုံမေါဝ်ထါင်လို့  ခေါ်ပြီး စကောတွေကို ဖလုံဖါ.ထါင် လို့ ခေါ်ဖို့  ဖြစ်ပါတယ်။ ဒီလိုမျိုး ခေါ်ခြင်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် လေးစားတာကိုဖေါ်ပြပြီး တန်းတူမှုကိုလည်း အရောင်ဟပ်စေတယ်လို့  ကျနော်ယုံကြည် ပါတယ်။

ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး လို့ ပြောတဲ့ နေရာမှာ တစ်ချို့ က (မို့ ထံး) ကို အနောက်ပိုးလို့ ပဲ ထင်ကြတာ လည်း ရှိပါတယ်။ ဒီလိုဆိုရင် အရှေ့ပိုးက ကရင်စာရင်းထဲမှာမ၀င်သလိုဖြစ်နေတယ်။ ကရင်က အဖေဖက်နဲ့  အမေဘက် နှစ်မျိုးထဲရှိတာ ဘယ်ဖက်မှ မပါရင် ကရင်မဟုတ်သလိုဖြစ်နေတာပေါ့။ နယ်စပ်က လူကြီးတစ်ယောက်ပြောဖူးပါတယ်။ ကရင်က သုံးမျိုးရှိတယ်တဲ့။ ဖလုံရယ်၊ မို့ ထံးရယ်၊ ပါ့ထံးရယ် တဲ့။ သူက မြစ်ဝကျွန်းပေါ်ကလာတဲ့ ဖလုံမေါဝ်ထါင် တစ်ယောက်ပါ။ သူပြောတာကို ကျနော်က ပြန်ပြော ချင်ပေမယ့် သူ့ ကို လူကြီးတစ်ယောက်အနေနဲ့ သဘောထားပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲနေ လိုက်တယ်။ ဒီအတွေးအခေါ်က သူတစ် ယောက်တည်းမှာပဲရှိတာ မကဘူး လို့ ကျနော်ယုံပါတယ်။ ဘာလို့ လဲဆိုတော့ ကျနော်ကြုံခဲ့ဖူးတဲ့လူတွေ (လူကြီး၊လူငယ်၊ လူလတ်) က အဲ့ဒီလိုမျိုးယူဆတွေးခေါ်နေတာ အများကြီးရှိပါတယ်။ ဒါတွေက ကောင်းတဲ့လက္ခဏာမဟုတ်တဲ့အပြင် ခွဲခြားခြင်းကို သဘောသက် ရောက်နေတယ်လို့  ယူဆမိပါတယ်။

ဒါတွေက ပြင်လို့ မရတဲ့အရာတွေတော့ မဟုတ်ပါဘူး။ ပြင်လို့ ရပါတယ်။ ပြင်ဖို့ လည်းနည်းလမ်းတွေရှိပါတယ်။ ဒါဆို ဘာကြောင့်ကျနော် တို့ အခုက နေစပြီး ဒီအခေါ်အဝေါ်အသုံးအနှုန်းတွေကို သုံးသပ်ပြီး ပြန်ပြင်ခေါ်ရင် မကောင်းဘူးလားလို့ မေးချင်ပါတယ်။ တန်းတူမှု၊ တစ်ယောက်နဲ့ တစ် ယောက်လေးစားမှု၊ ညီညွတ်မှုကို ရှေးရှုတဲ့ အခေါ်အဝေါ်ဖြစ်တဲ့ (ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး) ကို ပြောင်းလဲခေါ်ကြရင် အများကြီးကောင်းမယ်လို့  ကျနော်ယုံကြည်ပါတယ်။ ဒီအသုံးအနှုန်းတွေကို သုံးနေကျတဲ့သူတွေ လည်းရှိနေပါပြီး။ ဒါပေမယ့် အရမ်းနည်းနေပါသေးတယ်။ တစ်မျိုးလုံးကို ဖလုံ (သို့ ) ကညီ လို့  ခေါ်ရင်ရပါတယ်။ ဒါပေမယ့် ပိုပြီး အသေး စိတ်ပြောချင်ရင်တော့ (ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီပါ့ထံး၊ ကညီမို့ ထံး) ကိုသုံးရင် ပိုပြီး တန်းတူမှုကို ထင်ဟပ်စေပါတယ်။

ညီညွတ်မှုကို ရှေးရှုလျှက် --
ဒေါနမြေ (၀၄၊၀၃၊၀၈)

အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံဒီမိုကရေစီရဖို့လမ်းမမြင်ဟုပြော

15 September 2008

The NEJ

ဝါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်ရဲ့ ပြောဆိုချက်များကို နိုင်ငံရေးလောကသားများအားလုံးသို့ ဝေငှစေချင်တဲ့ဆန္ဒနဲ့ ဤသတင်း၊ အမေး + အဖြေကို တင်ပြခြင်းဖြစ်ပါသည်

မြန်မာနိုင်ငံ ဒီမိုကရေစီရရန် လမ်းမမြင်တော့သည့်အတွက် နိုင်ငံရေးလောကမှ အနားယူပြီ ဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်က ခေတ်ပြိုင်နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။
၎င်းက "အဲဒီတော့ ဒီနေ့နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့ အချက်ကလေး တွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမိုကရေစီရဖို့ဆိုတာ သိပ်ပြီးလမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်" ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် မည်သည့် နိုင်ငံရေးပါတီကိုမျှ ကိုယ်စားမပြုသော်လည်း ရန်ကုန် ဒီမိုကရေစီ အင်အားစုများ ညီညွတ်ရေးကို စဉ်ဆက်မပြတ် ဆော်သြခဲ့သူဖြစ်သည်။ နိုင်ငံရေးမှ အနားယူရာတွင် နိုင်ငံရေးသမားများကို အားမရသည့် အပိုင်းနှင့် ပတ်သက်၍ "တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်း ခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော်လွှမ်းမိုးလာ တယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ" ဟု ပြောသည်။

နိုင်ငံရေးမှ အနားယူရာတွင် စစ်အစိုးရဘက်မှ ဖိအားပေးမှုရှိမရှိ ခေတ်ပြိုင်က မေးရာ အမျိုးသား ရေး ဦးဝင်းနိုင်က "နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက်တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်တွေရဲ့ ရွှေဝါ ရောင်တော်လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲ ဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော် ထားတာဗျာ။ ပြီးတော့ တနေ့တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့ စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက်မခံနိုင်တော့ဘူးပေါ့ဗျာ။ ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ" ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် ဒီမိုကရေစီထူထောင်ရာတွင် မုသာဝါဒနှင့် အာဒိန္ဒဒါနာနှစ်ပါး သီလ လုံခြုံရန်လိုသည်ဟု ယူဆသူဖြစ်သည်။ နှစ်ပါးသီလဆောက်တည်ရေးကို ဟောပြောနေသူ လည်း ဖြစ်သည်။ ထိုအပိုင်းနှင့် ပတ်သက်၍ပြောရာ၌ "တိုင်းပြည်ထဲကလူတွေ ခိုးနေသမျှကာလ ပတ်လုံး အရပ်သားကလည်း ခိုးမယ်၊ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်၊ နိုင်ငံရေးသမားတွေက လည်း ခိုးမယ်၊ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကိုပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် လေးဆယ်ကောင်းနေလည်း မရဘူး။ လူ (၁၀၀) မှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလို ပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော်တသက်လုံး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့်အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန် မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွား ချင်တယ်" ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးလောကမှ အနားယူရန် ဆုံးဖြတ်ချက်ကို ထောင်မှထွက်ပြီး (၄-၅) လ အချိန် ယူ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရေး ဦးဝင်းနိုင်က ပြောသည်။ နိုင်ငံရေးမှ အနားယူပြီ ဖြစ်သည့်အတွက် နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောဆိုချက်များ၊ ခန့်မှန်းချက်များ ပြောဆိုတော့မည် မဟုတ်ဘဲ ခေတ်ပြိုင်နှင့် မေးမြန်းခန်းသည် နောက်ဆုံးအကြိမ် တွေ့ဆုံ မေးချက်ဖြစ်မည်ဟုပါ ပြောသည်။ သို့သော် ဘာသာရေးနှင့် လူမှုရေးကိစ္စများကိုမူ ဆက်လက် လုပ်ကိုင်သွားမည်ဟုပါ ဆက်ပြောသည်။

(နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံ)

နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေးဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း

(အသက် (၇၁) ရှိပြီဖြစ်သည့် အမျိုးသားရေး ဦးဝင်းနိုင်သည် နိုင်ငံရေးမှ အနားမယူခင်ထိ ဒီမိုကရေ စီရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့သည့် ၀ါရင့်နိုင်ငံရေးသမားကြီးများအနက် တဦးအပါ အ၀င်ဖြစ်သည်။ ပါတီတခုခုကို ကိုယ်စားမပြုဘဲ တသီးပုဂ္ဂလိက နိုင်ငံရေးသမားအသွင်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Bangkok Post သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။ ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းအပြီးတွင် တလကျော် အဖမ်းခံခဲ့ရသည်။ နိုင်ငံရေးလောကမှ အနားယူသွားသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်ကို နိုင်ငံရေးလောကမှ အနားယူ လိုသည့် အကြောင်းရင်းကို မေးမြန်းရာ အမျိုးသားရေး ဦးဝင်းနိုင်က ယခုကဲ့သို့ စတင်ဖြေကြားသည်)



ဖြေ။ ။ ကျနော်နိုင်ငံရေးလုပ်တာ (၁၄) နှစ်အရွယ် ကျောင်းသားဘဝကတည်းက။ အဲဒီတုန်းကတော့ ဖဆပလ ခေတ်ပေါ့ဗျာ။ အဲဒီမှာ ကျောင်းသားသမဂ္ဂတွေမှာပါခဲ့၊ ကျောင်းထုတ်ခံခဲ့ရနဲ့ လုပ်လာ ခဲ့တာ အခုအသက် (၇၁) နှစ်အရွယ်ထိပေါ့ဗျာ။ ဒီနေရာမှာ တခုပြောချင်တာက နိုင်ငံခြားမှာ သွားနေ ခဲ့တဲ့နှစ်တွေ နုတ်လိုက်ရင် ကျန်ခဲ့တဲ့အချိန်မှာ နိုင်ငံရေးလောကနဲ့ အဆက်ပြတ်တယ် မရှိပါဘူး။
တောက်လျှောက် ဒီမိုကရေစီသမား တယောက်အနေနဲ့ ရပ်တည်ခဲ့တယ်။ ဘယ်ပါတီမှမဝင်ခဲ့ဘူး။
ဘယ်ခြံစည်းရိုးမှ မခုန်ခဲ့ဘူး။ ဒီမိုကရေစီကို အမြဲတမ်း သေတဲ့အထိ မြတ်နိုးတွယ်တာသွားမှာပဲဗျ။
အဲဒီတော့… ဒါပြောရတဲ့ အကြောင်းရင်းက ဒီနေ့နားမယ်လို့ ပြောရတဲ့အကြောင်းခံက ဒီမိုကရေစီကို မြတ်နိုးလွန်းလို့ နားတာပဲ။ ဒီလိုပြောလိုက်လို့ ရုတ်တရက် နားရှုပ်ရင်ရှုပ်သွားမယ်။ ဆိုလိုတာက အဓိက ယုံကြည်စွာနဲ့ လုပ်လာခဲ့တဲ့ ဒီမိုကရေစီရေးဟာ ဒီနေ့ဒီအချိန်မှာ လုပ်လို့ ရနိုင်ဦးပါ့မလားဆိုတဲ့ သံသယစိတ်လေး ဝင်လာတယ်ဗျ။ ဒါကလည်း ကျနော့်ကို နားစေချင်တဲ့ တချက်ပေါ့။

မေး။ ။ ဒီမိုကရေစီရဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယ ဝင်သွားပြီပေါ့။

ဖြေ။ ။ ဟုတ်ကဲ့။ အဲဒီသံသယ ကျနော့်မှာ ဝင်သွားပြီ။ အဲဒီတော့ ဒီမိုကရေစီ တနေ့တော့ ရမှာ ပေါ့ဗျာ။ ဒီနေရာမှာလည်း တချို့ကပြောတယ်။ အဘရာ သူများတွေ စိတ်ပျက်အောင် မပြောပါနဲ့။ အဘတို့က စရင် နောက်ကလိုက်ပြီး စိတ်ပျက်သွားကြလိမ့်မယ် ဆိုပြီးတော့ပေါ့ဗျာ။ ဒါပေမယ့် ကျနော်ယုံကြည်တာက လူဟာ ကိုယ့်ကိုယ်ကိုယ်လည်း မညာနဲ့။ သူများကိုလည်း မညာနဲ့တဲ့။ အခြေအနေမှန်ကို အခြေအနေအမှန်အတိုင်း သုံးသပ်တတ်ရမယ်။ အခြေအနေအမှန်အတိုင်း မသုံးသပ်ဘဲနဲ့ စိတ်ကူးယဉ်နဲ့ လုပ်နေရင် အချိန်တွေသာ ကုန်သွားမယ်။ လူသာ အရိုးဆွေးသွားမယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်မှာ မဟုတ်ဘူး။ ဒါက နိုင်ငံရေးရော၊ လူမှုရေးရော၊ စီးပွားရေးရော ဒီအတိုင်းပဲ။ အဲဒါကြောင့် ကျနော်ဘယ်တော့မှ စိတ်ကူးမယဉ်ဘူး။


လက်တွေ့အကျဆုံး အခြေအနေတွေကို အချက်အလက် အပြည့်အစုံဆုံးရအောင် ကြိုးစားနေတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ကျနော်သုံးသပ်တယ်။ ပြီးတော့မှ ဆုံးဖြတ်ချက်ချတယ်။ အဲဒီတော့ ဒီနေ့ နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့…အချက်ကလေးတွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမို ကရေစီ ရဖို့ဆိုတာ သိပ်ပြီး လမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်။ (၂) အချက်က ကျနော်တို့နိုင်ငံမှာ အင်မတန်စိတ်ထိခိုက်စရာကောင်းတဲ့ အပြောင်းအလဲတခု ဖြစ်လာတယ်။ အဲဒါက ဘာလဲဆိုတော့ လူတွေ သီလပျက်လာတယ်။ သီလပျက်တာနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်လဲဆိုရင် သိပ်ဆိုင်တယ်။

သီလမရှိတဲ့နိုင်ငံမှာ ဒီမိုကရေစီထောင်လို့မရဘူး။ ပြောရမယ်ဆိုရင်တော့ တခြား ဘာစနစ်ပဲထောင်ထောင်၊ ကောင်းတဲ့စနစ်မှန်သမျှ သီလကို အရင်ထောင်ရတယ်။ သီလမရှိတဲ့ နိုင်ငံမှာ ဘာစနစ်ပဲထောင်ထောင် မအောင်မြင်ဘူး။ မကောင်းတဲ့စနစ်ပဲအောင်မြင်မှာပဲ။ အဲဒီတော့ ဒါကိုအခြေခံပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ခြောက်ထပ်ကြီးဘုရားပွဲမှာ နှစ်ပါးသီလ စောင့်တည်ရေးဆိုပြီး ကျနော်ဟောပြောခဲ့ဖူးပါတယ်။ ဒီမိုကရေစီထူထောင်ချင်ရင် နှစ်ပါးသီလတော့ စောင့်မှဖြစ်မယ်ဆိုပြီး ပြောပြတာ။ အဲဒီနှစ်ပါးက မုသာဝါဒနဲ့ အာဒိန္ဒဒါနာပေါ့။ တိုင်းပြည်ထဲက လူတွေ ခိုးနေသမျှကာလပတ်လုံး အရပ်သားကလည်း ခိုးမယ်။ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်။ နိုင်ငံရေးသမားတွေကလည်း ခိုးမယ်။ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံ ဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကို ပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် (၄၀) ကောင်းနေလည်း မရဘူး။ လူတရာမှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလိုပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော် တသက်လုံး ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့် အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန်မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွားချင်တယ်။ အဲဒီတော့ လူတွေ သီလပျက်လာတာကိုလည်း ကျနော်စိတ်ပျက်တယ်။


နောက်တခုက ကျနော်တို့နိုင်ငံမှာ စည်းလုံးညီညွတ်မှု မရှိကြဘူး။ ကျနော်တို့နိုင်ငံရေးသမား အချင်းချင်းလည်း စည်းလုံးညီညွတ်မှု မရှိကြတော့ဘူး။ ကျနော် လွန်ခဲ့တဲ့ (၆) နှစ်၊ (၇) နှစ် လောက်ကတည်းကိုက တဖွဖွနဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးသမားတွေကို တောင်းပန်တိုးလျှိုး ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်အောင် ကျနော်တို့ ဒီမိုကရေစီသမားအချင်းချင်း စည်းလုံး ညီညွတ်ကြရအောင်။ နိုင်ငံရေးပါတီစုံပါဝင်တဲ့ တပ်ပေါင်းစုလေးဖွဲ့ကြရအောင်။ နိုင်ငံရေး ခေါင်းဆောင်အချင်းချင်းလည်း ညီရင်းအစ်ကိုလို တယောက်နဲ့တယောက် အမှားတွေ ခွင့်လွှတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်းကြရအောင်ဆိုပြီး အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ လက်မခံဘူးပေါ့ဗျာ။ ဒီနေ့ ကျနော်တို့ဆီမှာ ဘယ်မလဲဗျာ။ ညီညွတ်တဲ့ တပ်ပေါင်းစုတစု။ သူကလည်းတဖွဲ့၊ ကိုယ်ကတဖွဲ့၊ ဟိုလူကတဖွဲ့နဲ့ ဒီလိုဖြစ်နေတယ်ဆိုတော့ဗျာ။ အဲဒီအတွက်လည်း ကျနော်စိတ်ပျက်တယ်။ တခြားသောအကြောင်းလေးတွေလည်း ရှိတာပေါ့။ အဲဒါက နိုင်ငံရေးပုဂ္ဂိုလ်တွေကိုလည်း ပုတ်ခတ်ပြောသလိုဖြစ်ချင်ဖြစ်နေမယ်။

ဒါပေမယ့် တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်းခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော် လွှမ်းမိုး လာတယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ။ ငါဟာသေဖို့ပဲပြင်ဆင်ရမယ့် အချိန်ရောက်နေပါပြီဆိုပြီးတော့ပေါ့လို့ အဲဒါတွေကို အခြေခံပြီးတော့ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။

မေး။ ။ စောစောကပြောသွားတဲ့အထဲမှာ ဒီမိုကရေစီရရှိရေးအတွက် သံသယဝင်လောက်အောင် အချက်တွေ တွေ့လာရတယ်ဆိုတာ ပြောသွားပါတယ်။ အဲဒီအချက်တွေဟာ ဘာဆိုတာကို ပြောပြလို့ ရပါသလား။

ဖြေ။ ။ အခုနပြောသလိုပါပဲ။ ဟိုဘက်၊ ဒီဘက်ပေါ့ဗျာ။ တိုင်းပြည်မှာ သီလ ပျက်လာတယ်။ သီလ မရှိရင် ဒီမိုကရေစီ ထောင်လို့မရဘူး။ ဒါက သေသေ ချာချာ အားလုံး စဉ်းစားသင့်ကြတဲ့ အချက်ပဲဗျ။ အဲဒီလို ဗမာပြည်မှာ သီလပျက်နေတဲ့ သူတွေ များလာတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ နောက် ခိုးနေကျ လူတွေဆိုလည်း ဒီအတိုင်းပဲပေါ့ဗျာ။ ဟောပြောပွဲမှာ ခိုးတယ်ဆိုတာ သူများ မပေးတဲ့ပစ္စည်းဥစ္စာကို မသိအောင် ယူခြင်းဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ အထဲမှာ နည်းနည်း လိုနေတဲ့အချက် ရှိတယ်။ ဘာလဲဆိုရင် လမ်းမှာ လူတယောက်ကို အာဏာရှိတဲ့ လူတယောက်က ခြိမ်းခြောက်ပြီး ဟေ့…ခင်ဗျားဘာလုပ်တယ်။ ခင်ဗျားကို ကျုပ်ဖမ်းနိုင်တယ်ဆိုပြီး ငွေတောင်းတာဟာလည်း ခိုးတာပဲ။ လာဘ်စားတာလည်း ခိုးတာပဲ။ ပြောရရင်တော့ဗျာ ကျနော် လည်း နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဆိုပေမယ့် သိပ်ပြီးတော့ ထူးချွန်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ စွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ အဲတော့ရင် ဒီလောက် ဖြစ်နေတဲ့ တိုင်းပြည်ကြီးကို လူတွေကို ကျနော်လည်း ဘယ်လိုမှ ကောင်းရာ ကောင်းကြောင်း လမ်းစဉ် လိုက်ဖို့ မဆွဲဆောင်နိုင်ဘူး။ ပြောဆိုနိုင်တဲ့ အရည်အချင်းလည်း အပြည့်အ၀ရှိမှာ မဟုတ်ဘူးလို့ မြင်မိတယ်။ အဲတော့ ကျနော်ရှိသလောက်လေးနဲ့ အသက် (၇၁) နှစ်အထိ ကျနော်လုပ်လာခဲ့တာက တော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တာပါပဲ။

မေး။ ။ ဒီမိုကရေစီအင်အားစုတွေနဲ့ မီဒီယာတွေက ခန့်မှန်းနေကြတာက ဦးဝင်းနိုင် နိုင်ငံရေးက အနားယူတော့မယ်ဆိုတာဟာ နအဖရဲ့ ဖိအားတွေကြောင့်မို့လို့လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ အဲဒီအမြင်တွေအပေါ်ကိုရော ဦးဝင်းနိုင် ဘယ်လို တုံ့ပြန်မလဲ။

ဖြေ။ ။ နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက် တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်များရဲ့ ရွှေဝါရောင်တော် လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော်ထားတာဗျာ။ ပြီးတော့ တနေ့ တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက် မခံနိုင်တော့ဘူးပေါ့ဗျာ။

ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ။ ကျနော့်အသက်အရွယ်နဲ့ အဲလို ဒဏ်တွေကိုလည်း နောက်ထပ် မခံနိုင်တော့ဘူးဗျာ။ အဲတော့ ဒီအစိုးရကတော့ ကျနော့်တင် မဟုတ်ပါဘူးဗျာ။ တခြားလူတွေကိုလည်း ဒီလိုဆက်ဆံတာပါပဲ။ လူငယ်တွေ ခံနိုင်ပေမယ့် လူကြီးတွေဆိုတော့လည်း မခံနိုင်ကြတော့ဘူးဗျ။ အဲဒါကလည်း ဖိအား ပေးတဲ့ နည်းတနည်းပေါ့ဗျာ။ နောက်ပြီး ကျနော့် တယ်လီဖုန်း ဖြတ်ထားတာ တနှစ်ကျော်ပြီ။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရဘူး။ ဒါလည်း ဖိအားတမျိုးပေါ့ဗျာ။ နောက်တခါ ကျနော်တို့ ဇနီးမောင်နှံ နိုင်ငံခြားသွားဖို့ ပတ်စပို့လျှောက်တာလည်း မရဘူ။ ဇနီးကလည်း နေမကောင်းတော့ သူဆေးကုရင်းနဲ့ သွားချင်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ (၃) နှစ်လောက်က အီးယူက ကျနော့်ကို ဖိတ်တယ်။ ဥရောပခေါင်းဆောင်တွေနဲ့ လာတွေ့ပါဆိုပြီး ဖိတ်တဲ့အခါ ကျနော်သွားမယ်ဆိုတာကို အစိုးရကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။ ဒီမိုကရေစီထူထောင်ရေးနဲ့ ပတ်သက်ပြီး ဟိုဘက်၊ ဒီဘက် မျှမျှတတ ပြောပါ့မယ်၊ သွားပါရစေဆိုတာလည်း ပတ်စပို့ မပေးခဲ့ဘူး။ အဲတော့ လူမှုရေး ဆုံးရှုံးမှုတွေ ပေါ့လေ။ ကျနော်တို့မှာ သားသမီးလည်းမရှိ၊ အဘိုးကြီးအဘွားကြီး နှစ်ယောက်တည်းနေရတယ်။ အရေးအကြောင်းဆိုရင်တောင်မှ တယ်လီဖုန်းဆက်စရာမရှိတော့ ဒုက္ခ။ အဲတော့ အဲဒီလို လူမှုရေး ဒုက္ခတွေလည်း ခံရတယ်ဆိုတော့ ဖိအားတော့ ရှိတာအမှန်ပဲဗျ။



မေး။ ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်မိသလဲခင်ဗျ။ အဲဒီမှာ အန်အယ်လ်ဒီရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမယ်လို့ သုံးသပ်မိပါသလဲ။

ဖြေ။ ။ အဲဒါကိုတော့ ကျနော်မပြောတော့ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်လည်း နိုင်ငံရေးက နားပြီဆိုတဲ့ အခါကျတော့ ရှေ့ရေးမှာ ဘာတွေဖြစ်ကြမလဲဆိုတာ၊ ဘာတွေလုပ်သင့်ကြ သလဲဆိုတဲ့ မေးခွန်းတွေတော့ မဖြေတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေကိုးဗျ။ အဲတော့ အခု ကျနော်ဖြေတာတောင်မှ တော်တော်ပြင်းထန်သွားတယ်။ ဒါပေမယ့် တိုင်းပြည်ကို သိစေချင်ခဲ့တယ်။ ကျနော်နဲ့ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်နေကြတာတွေ ကြားပါတယ်။ ဦးဝင်းနိုင်ကြီးတော့ ဒီမိုကရေစီသစ္စာဖောက်သွားပြီ။ အစိုးရဘက် ရောက်သွားပြီနဲ့ အမျိုးမျိုးပေါ့ဗျာ။ စိတ်မှန်းနဲ့ လျှောက်ပြီး ပြောကြဆိုကြတာတွေ၊ စိတ်မကောင်းစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် လုပ်ကြည့်ကြပါ။ ကိုယ်ကိုယ်တိုင် ထိုင်ကြည့်ကြပါ။ နောက်ပြီး အချက်အလက်အမှန်တွေကိုလည်း စုံစမ်းကြပါ။ ဒီလူကြီးကို ဝေဖန်လိုက်လို့ ငါတော့ လူတွေက အမှတ်ပေးမလားဆိုတဲ့ ပုံစံမျိုးနဲ့ ရမ်းပြီး မလုပ်ကြပါနဲ့။ ဒါတော့ မကောင်းပါဘူး။ ညီလာခံမှာ ဘုရင်က အာရုံစိုက်စေချင်လို့ ဘေးနားရှိတဲ့ လူကို တံတောင်နဲ့ ထတွက်တဲ့ ဗန္ဓုလ လိုပေါ့။ ကျနော်က အဲဒါမျိုးတော့ မကြိုက်ဘူး။ ဗန္ဓုလရဲ့ သတ္တိ ဗျတ္တိတော့ လေးစားပါတယ်။ အင်မတန် ချီးကျူးပါတယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ကောင်က သက်သက် အထောင်းခံရတယ်။ သူက အသုံးချ ခံသွားရတယ်။ ဒါမျိုး ကျနော်မကြိုက်ဘူး။ ကျနော်တို့ နိုင်ငံရေးမှာလည်း အဲဒါမျိုးတွေ လုပ်တတ်ကြတယ်။ ကျနော်တို့ နိုင်ငံရေးသမားတွေထဲမှာ အချင်းချင်း ရိုင်းပင်းတာတွေလည်း အားနည်းသေးတယ်။ ကျနော် အဓိက ၀မ်းနည်းတာက ကျနော် ထောင်ထဲရောက်သွားတော့ အဘွားကြီးက အိမ်မှာ တယောက်တည်း ကျန်ခဲ့တာ။ ဘယ်သူမှ မလာဘူးဗျ။ ပြန်လာတော့ ကျနော့်ဇနီးက ကျနော့်ကို အကျိုးအကြောင်းပြောပြတယ်။ ၀မ်းနည်းစကား ပြောတယ်ပေါ့ဗျာ။ ရှင်ထောင်ထဲရောက်တော့ တယောက်ပဲလာတယ်လို့ပြောတယ်။ ဒါလည်း တခေါက်လားပဲလာတာပါ။ နိုင်ငံရေးသမားတွေလည်း မလာဘူးဗျာ။ ဆွေမျိုးတွေလည်း မလာဘူးဗျာ။ အဲဒီတော့ အဲဒီလောက် အထိအောင် ကျနော်တို့မှာ ဒဏ်တွေ အများကြီးခံရပါတယ်ဗျာ။ လူထုကတော့ ဒါတွေကို သိမှာ မဟုတ်ဘူးဗျ။ အဲဒီလိုဟာမျိုးတွေလည်း နိုင်ငံရေးက အနားယူရတဲ့အထဲမှာ ပါတာပေါ့ဗျာ။ ထောင်ကထွက်လာပြီး လေးငါးလလောက် စဉ်းစားပြီးမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး။ ။ ဒါဆိုရင် နိုင်ငံရေးမှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်ပေမယ့် မီဒီယာတွေက အင်တာဗျူး လုပ်တာမျိုး၊ ပြောသင့်ပြောထိုက်တဲ့ အချိန်တွေမှာ ၀င်ရောက်ပြောဆိုမှုတွေကိုလည်း မလုပ်တော့ ဘူးလို့ ဆုံးဖြတ်လိုက်တော့တာမျိုးလား။

ဖြေ။ ။ အမှန်ပဲဗျ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရှေ့လျှောက် ကျနော် မပြောတော့ပါဘူး။ ဒါတောင်မှ အားနာလွန်းလို့ တကြောင်း၊ လူထုလည်း သိသင့်သိထိုက်တာလေးတွေ သိရစ်ကြစေချင်တဲ့ စိတ်နဲ့ ပြောတဲ့ နောက်ဆုံးအင်တာဗျူးလို့သာ မှတ်ထားပါ။ ကျနော် ဘာသာရေးနဲ့ ပတ်သက်ရင်တော့ လုပ်မယ်။ ဘာသာရေးတော့ ကျနော် ၀ါသနာပါတယ်။ ကျနော်ကိုယ်နှိုက်လည်း ကျင့်ကြံအားထုတ် နေတာကြာပြီ။ ရှေ့လျှောက်လည်း ဒါပဲလုပ်မယ်။ ဘာသာရေးနဲ့ ပတ်သက်ရင်ပြောမယ်၊ ဆိုမယ်။ လူမှုရေးနဲ့ ပတ်သက်ရင် ပြောမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘာမှကို မပြောတော့ပါဘူး။

မေး။ ။ ဒီမိုကရေစီအရေးအတွက် ဘာမှ မလှုပ်ရှားတော့ဘူး။ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့ မယ်ဆိုတော့ အနာဂတ်မြန်မာ့ဒီမိုကရေစီအရေးအတွက် အင်အားလျော့နည်းမသွားပေ ဘူးလား ခင်ဗျ။

ဖြေ။ ။ ဗမာမှာ စကားပုံ ခပ်ကြမ်းကြမ်းလေးတခု ရှိပါတယ်ဗျာ။ ငကန်းသေ ငစွေပေါ်မှာပါဆို တာပါ။ သိပ်တော့ မကောင်းဘူးပေါ့။ ငကန်းကလည်း မကောင်းဘူး။ ငစွေကလည်း မကောင်းဘူး ပေါ့ဗျ။ ဒါပေမယ့် အပေါ်ယံအဓိပ္ပာယ်လေးယူရင်တော့ ဟို….အဓိပ္ပာယ်ကတော့ တယောက်မရှိလည်း တယောက်ရှိလာမှာပါပဲ။ အင်္ဂလိပ်လိုမှာကတော Nobody is Indispensable ဆိုတာပေါ့ဗျာ။ အဲတော့ ကျနော် နားတဲ့အတွက်တော့ ဘာမှ ထိခိုက်စရာမရှိဘူးလို့ ကျနော်ထင်တယ်လေ။

ရှက်မိသည်

14 September 2008

အသိစိတ် နောက်ကျခဲ့လား
ကိုယ့်ရေမြေ ကိုယ်ဒေသမှာ
ကိုယ်စာပေ ကိုယ်စကားကို
ကမှအအထိ ဘာလဲမသိ။

သင်အံခဲ့လည်း တွဲဖက်မတတ်
အဓိပ္ပါယ်မဲ့ ကိုယ်စာပေ
ကိုယ်မသိ။

ယဉ်ကျေးမှုအစ
စီးဆင်းရာမြေ သမိုင်းနောက်ခံ
ကရင်ရိုးရာ ဓလေ့ထုံးတမ်း
ကိုယ်မသိ။

အမည်ခံကရင်
ကိုယ့်သမိုင်းကြောင်း နောက်လှည့်ပြန်ကြည့်
ကရင်လူမျိုး ဟုတ်ပါလေစ
တွေးစဉ်တွေးတိုင်း ရှက်မိသည်။


သီအိုရို

ကျွှန်…တော်

12 September 2008


ကျွှန်တော်ဟာ ရောင်ဆင်းကင်းမဲ့
ခပ်နွှဲ့နွှဲ့ ဇရပ်တစ်ဆောင်ဖြစ်တယ်
ကျွှန်တော့်ဆီမှာ နားခို
မိုးပေါက်တို့ မစိုစေရဘူး ။



ကျွှန်တော်ဟာ အထစ်စုံမဟုတ်တဲ့
ခပ်နုံနုံ လှေကားတစ်စင်းဖြစ်တယ်
ကျွှန်တော့်ပေါ်နင်းတတ်
အပေါ်ထပ်ရောက်အောင် သွားပါ

ကျွှန်တော်ဟာ အေးဆေးမှုကိုပေးတဲ့
နွေးထွေးထွေး မွေ့ယာလေးတစ်ခင်းဖြစ်တယ်
ကျွှန်တော့်ပေါ် မှေးစက်
စိတ်ပျက်စရာအိပ်မက် မမက်စေရဘူး

ကျွှန်တော်ဟာ အကိုင်းကြိုးကြဲ
ပင်ရွက်ထူထဲထဲကို အံခဲထမ်းပိုးထားတဲ့
သစ်ပင်တစ်မျိုးဖြစ်တယ်
ကျွှန်တော့်အောက်မှာနားနေ
နေပူပူတွေ မလာစေရဘူး။

ကျွှန်တော်ဟာ ချောမွေ့ပြေဆင်းတဲ့
ပေတရာလမ်းကျဉ်းလေးဖြစ်တယ်
ကျွှန်တော့်ပေါ် ဖြတ်လျှောက်
ပန်းတိုင်ရောက်အောင်ကြိုးစားပါ။

ကျွှန်တော်ဟာ မုန်တိုင်းကင်းမဲ့ဇုံက
တသုန်သုန်စီးဆင်းနေတဲ့ မြစ်တစ်စင်းဖြစ်တယ်
ကျွှန်တော့်ပေါ် ရွက်လွင့်
မှတ်တိုင်အဆင့်ဆင့်ကိုဖြတ်သန်းပါ။


ကျွှန်တော်ဟာ မာယာကြွယ်တဲ့
ငွေပင်လယ် တစ်စင်းဖြစ်တယ်
ဆိုတာကိုတော့ မစိုးရိမ်ပါနဲ့
ဒါပေမယ့် ကျွှန်တော်ဟာ
အဆုံးပိတ်နဲ့ အထွဋ်အထိပ်ကို
ရောက်ပြီးသားဆိုတာတော့သတိထားပါ။

နိုင်ဂျာစော

ကရင်ပြည်နယ်တခုတည်းအတွက် တိုက်နေခြင်းမဟုတ် အဖိနှိပ်ခံအားလုံးအတွက်တိုက်ပွဲဝင်နေခြင်းဟု ကေအန်အယ်လ်အေ အရာရှိပြော

NEJ/ ၁၂ စက်တင်ဘာ ၂၀၀၈။ ။


နိုင်ငံရေးကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းသည် ယာယီသာဖြစ်သည့်အတွက် နိုင်ငံရေးကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ် အေ) တပ်မဟာ (၇) တာဝန်ခံက ခေတ်ပြိုင်သို့ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) တာဝန်ခံ ဗိုလ်မှူးချုပ်ဂျော်နီနှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံ မေးမြန်းရာတွင် ဗိုလ်မှူးချုပ်ဂျော်နီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရတပ်များက ဆက်သွယ်လာသည့်အခါတိုင်း နှစ်ဖက်တိုက်နေ၍ အကျိုးမထူးကြောင်း ပြန်လည်ဖြေကြားသည်ဟု ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။

၎င်းက "အခုရှေ့တန်းမှာ ရောက်တဲ့ တပ်မတွေ၊ တပ်ရင်းတွေ၊ ဗမာကိုတိုက်တာ မဟုတ်ဘူး။ အာဏာရှင်ကို တိုက်တာ။ ကရင်လည်း ဗမာပဲ။ တိုင်းရင်းသား ညီအစ်ကိုတွေပဲ။ ဟိုးအရင်တုန်းက ပြီးခဲ့တာတွေကိုလည်း ကျနော်တို့က သင်ပုန်းချေလိုက်ပြီ။ ခွင့်လွှတ်လိုက်ပြီပေါ့။ မေ့တော့မမေ့ဘူး ပေါ့။ အဓိကက ကျနော်တို့ အလံကိုင်တိုက်တာ ကရင်အတွက်၊ ကရင်ပြည်နယ်အတွက်ချည်း မဟုတ်ဘူး။ ကရင်ပြည်နယ်တခုတည်း အေးမယ်ဆို ဗမာပြည် ဘယ်တော့မှမအေးဘူး။ ဒါကြောင့်မို့ ကျနော်တို့ လက်နက်ကိုင်တိုက်တာ အဖိနှိပ်ခံတိုင်းရင်းသားအားလုံးအတွက် ပါတယ်။ လူတန်းစား အားလုံးအတွက်ပဲ" ဟု ပြောသည်။

သို့သော် စစ်အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒပြသည့် သံဃာတော်များကိုပါ ရက်ရက်စက်စက် နှိမ်နင်း သတ်ဖြတ်သည့်အတွက် အကြမ်းမဖက်မူကို ပြန်စဉ်းစားရန်လိုသည်။ စစ်အစိုးရသည် ဖက်ဆစ်အစိုး ရကဲ့သို့ ရက်စက်သည့်အတွက် လူထုကို လက်နက်တပ်ဆင်ပေးပြီး ဖက်ဆစ်တော်လှန်ရေးအသွင် စရန်လိုပြီဟု ယူဆသည့် တိုင်းရင်းသားခေါင်းဆောင်အချို့လည်းရှိသည်။ သို့သော် တော်လှန်ရေး အဖွဲ့အစည်းကြီးညီပါက ဘုံရန်သူ အာဏာရှင် ပြုတ်ကျရမည်၊ ဒီမိုကရေစီအဖွဲ့များ လက်တွဲရန် လိုပြီဟု ကေအန်အယ်လ်အေ တပ်မဟာ (၇) တာဝန်ခံ ဗိုလ်မှူးချုပ်ဂျော်နီက ထောက်ပြသည်။

ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကလည်း စစ်အစိုးရက လက်နက်မဲ့ ပြည်သူကို ရက်ရက်စက်စက် သတ်သည့်အချက်ကို ကန့်ကွက်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကေအန်ယူ မိခင်အဖွဲ့အစည်းက ကြိုးပမ်းနေသည့်တိုင် မိမိကိုယ်မိမိ ခုခံကာကွယ်ရေး အတွက် လက်နက်ကိုင်ထားရန်လိုသည်ဟု ခေတ်ပြိုင်နှင့်တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကပြောသည်။

ကရင်အမျိုးသားအစည်းအရုံးသည် လက်နက်ကိုင် တိုက်ပွဲဆင်နွှဲခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီ (၃၁) ရက်ဆိုလျှင် နှစ် (၆၀) တင်းတင်း ပြည့်ပြီဖြစ်သည်။

မြန်မာပြည်က ကလေးအလုပ်သမားများ

အောင်သက်ဝိုင်း/ ရန်ကုန် | စက်တင်ဘာ ၁၁၊ ၂၀၀၈

ညနေ ၆ နာရီခွဲ မှောင်ရီပျိုးစအချိန် ရုတ်တရက် သဲသဲမည်းမည်းရွာချလိုက်တဲ့ မိုးကြောင့် ရန်ကုန်မြို့ရဲ့ အချက်အချာကျ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ကုန်စိမ်းတွေ ရောင်းဝယ်ရာ သီရိမင်္ဂလာဈေးရုံကြီး ပြင်ပမှာ ဈေးဝယ်သူတွေ၊ ကုန်စိမ်း ရောင်း သူတွေ၊ အထမ်း အလုပ်သမားတွေ နဲ့ လူပေါင်းများစွာ မိုးလွတ်ရာ အမိုးအကာ တွေအောက် ပြေးလွှား ၀င်ရောက်ရင်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်။


ရန်ကုန်မြို့တွင်းတနေရာတွင် တံမြက်စည်းရောင်းနေရသော မြန်မာကလေးငယ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)

ဒါပေမယ့် ဈေးရုံအနောက်ဘက် ဟင်းသီးဟင်းရွက် အနာအဆာတွေ၊ သစ်သီးပုပ်တွေ၊ ဟင်းရွက်ကုန်စိမ်း အပုပ်အနာ အဆာတွေ လွှင့်ပစ်ရာ အမှိုက်ပုံကြီးပေါ်မှာတော့ ညစ်ထေးထေး အ၀တ်အစားတွေနဲ့ ကလေးငယ် တစုက ရွာနေတဲ့ မိုးကို ဂရုမစိုက်အားဘဲ တစုံတခုကို အပြင်းအထန် ရှာနေကြတယ်။

သူတို့တတွေဟာ နံစော်ညစ်ပတ်နေတဲ့ အမှိုက်ပုံထဲမှာ အမှိုက်တွေကို ဟိုလှန်ဒီလှော လုပ်ရင်း ဟင်းရွက်ပုပ်၊ သစ်သီးပုပ် တွေရဲ့ အကောင်းပိုင်းတွေကို အလုအယက်ချိုးဖဲ့ယူပြီး ပါလာတဲ့ လွယ်အိတ်စုတ်တွေ ကျောပိုး အိတ်တွေထဲ ထည့်ကြတယ်။ သူတို့တွေနဲ့အတူ လူကြီးပိုင်း အရွယ်တွေလည်း တွေ့ရတယ်။

အမှိုက်ပုံမှာ သစ်သီး၊ ဟင်းသီးဟင်းရွက် ရှာဖွေနေသူအများစုက ကလေးငယ်တွေဖြစ်ပြီး အရေအတွက်အားဖြင့် သုံးဆယ် ကျော်လောက် ရှိပါတယ်။ သူတို့လေးတွေဟာ ပညာ သင်ယူရမယ့် အရွယ်တွေ ဆိုပေမယ့် ၀မ်းရေး အတွက် ရရာ ကြုံရာ ကျပန်း အလုပ်လုပ်နေရတဲ့ ကလေး အလုပ်သမားတွေပါပဲ။

"သမီးက လှိုင်သာယာက လာတာ။ ဒီနေရာမှာ မနက် ၄ နာရီ နဲ့ ညနေ ၆ နာရီခွဲလောက် ဆိုရင် ကုန်ကားနဲ့ ကုန်စည်ဒိုင် တွေက သစ်သီးနဲ့ ဟင်းရွက်အနာအပုတ်တွေ လာပစ်တယ်။ အဲဒီပစ်တဲ့ အမှိုက်တွေထဲက ကောင်းတဲ့ အပိုင်းတွေ ချိုးဖဲ့ပြီး ယူတယ်။ ပြီးတော့ ဈေးမှာ ရောင်းတယ်။ တနေ့ကို ကျပ် ၁၀၀၀ လောက်ရတယ်" လို့ သီရိမင်္ဂလာဈေး အမှိုက်ပုံမှာ လွှင့်ပစ် တဲ့ ဟင်းသီးဟင်းရွက် တွေထဲက အကောင်းပိုင်းတွေရှာပြီး လှိုင်သာယာ ပျံကျဈေးတွေမှာ ပြန်ရောင်းရတဲ့ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးငယ်က ရှင်းပြပါတယ်။

သူ့နာမည် ယွန်းအိစံပါလို့ မိတ်ဆက်တဲ့ အဲဒီမိန်းကလေးက ဒီလို အမှိုက်ပုံမှာ ကုန်စိမ်းရှာတဲ့ အလုပ်ကိုလုပ်တာ ၁ နှစ်ကျော် ရှိပြီဆိုတဲ့ အကြောင်းနဲ့ ဒီအလုပ်က ရတဲ့ ၀င်ငွေ ၁၀၀၀ က သူ့အတွက် လောက်ငှတဲ့အကြောင်း ရှင်းပြပါတယ်။

သာမန်အားဖြင့် ကလေးငယ်တဦးကို "ဘာလိုချင်သလဲ" လို့မေးရင် "အရုပ်လိုချင်တယ်" "မုန့်လိုချင်တယ်" လို့ ဖြေကြမှာ ဖြစ်ပေမယ့် ယွန်းအိစံကတော့ "သမီးလိုချင်တာ အပုပ်အနာအဆာနည်းတဲ့ ဟင်းသီးဟင်းရွက်တွေ" လို့ ကျနော့်ရဲ့မေးခွန်းကို ညှိုးနွမ်းတဲ့ မျက်နှာ အသွင်အပြင်နဲ့ ပြန်ဖြေပါတယ်။

ယွန်းအိစံဟာ ဒီအမှိုက်ပုံမှာ နေ့စဉ် လာအလုပ်လုပ်ရင်း နည်းပါးလှတဲ့ လုပ်ခငွေနဲ့ ဘ၀ကို ကိုယ်ထူကိုယ်ထ ရုန်းကန်နေရ တဲ့ ကလေးအလုပ်သမားတဦး ဆိုရင် မမှားနိုင်ပါဘူး။

ရန်ကုန်မြို့တော်အပါအ၀င် မြို့ပြဒေသကြီးတွေမှာ ရှိတဲ့ ဈေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အလုပ်ရုံ စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်းတွေ၊ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ တခြားအမျိုးမျိုးသော လုပ်ငန်း တွေနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပေါင်းများစွာမှာ ယွန်းအိစံလို လုပ်ခနည်းနည်းနဲ့ ကိုယ်ထူ ကိုယ်ထ ဘ၀ကို ရုန်းကန်လှုပ်ရှား နေရတဲ့ ကလေးအလုပ်သမားတွေ များစွာ ရှိနေပါတယ်။

မိုး သည်းသည်းမည်းမည်း ရွာနေတဲ့ မနက် ၄ နာရီ၊ ရန်ကုန် - အင်းစိန် လမ်းမကြီးပေါ်မှာ ကား အသွားအလာမရှိ ငြိမ်သက် နေပြီး လူအများ အိပ်မောကျနေချိန်ဖြစ်ပေမယ့် မရမ်းကုန်းမြို့နယ် ထဲက `၀င်း´ လက်ဖက်ရည် ဆိုင်မှာတော့ ဆယ်ကျော် သက်အရွယ် ကလေးငယ် ၈ ဦး ငိုက်မြည်း နှေးကွေးစွာနဲ့ လုပ်ငန်းခွင်စတင်ဝင်နေကြပြီ ဖြစ်ပါတယ်။

ရေးနွေးအိုးနဲ့ လက်ဖက်ရည်ပန်းကန်လုံးတွေကို တိုက်သူတိုက်၊ အီကြာကွေးကြော်တဲ့ မီးဖိုထဲ ထင်းထိုးသူက ထိုး၊ ခုံတွေခင်း ဖုန်သုတ်တဲ့သူကသုတ် ကလေးငယ်တွေအားလုံး အလုပ် ကိုယ်စီ လုပ်နေကြတယ်။ သူတို့တတွေဟာ တခြားကလေးငယ် တွေလို မိဘရင်ခွင်မှာကွေးပြီး အနွေးဓာတ်ခိုလှုံရင်း အိပ်မောကျသင့်တဲ့ အရွယ်လေးတွေ ဖြစ်ပေမယ့် အဲဒီအခွင့်အရေး မရကြတဲ့သူတွေ ဖြစ်ပါတယ်။

"မနက် ၃ နာရီခွဲထ၊ ခုံတွေသုတ်၊ ထင်းခွဲ၊ ရေခပ်နဲ့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ပြင်ရတယ်။ မနက် ၅ နာရီခွဲမှာ ဆိုင်စဖွင့်တယ်။ ၆ နာရီကျော်လောက်ဆိုရင် လူစကျတာနဲ့ စားပွဲထိုးတယ်။ မနက် ၈ နာရီခွဲဆိုရင် မနက်စာ ဆိုင်ကကျွေးတယ်" လို့ `၀င်း´ လက်ဖက်ရည်ဆိုင်က အသက် ၁၂ နှစ်အရွယ် မောင်သော်ကောင်းဆိုတဲ့ စားပွဲထိုးငယ်လေးက ပြောပြတယ်။

မောင်သော်ကောင်းရဲ့ မျက်ဝန်းတွေက ၀ါကျင်ဖျော့တော့နေပြီး ကလေးငယ်ရဲ့ခန္ဓာာကိုယ်က အရိုးပေါ်အရေတင် ပိန်လှီ လွန်းလှတယ်။ သူ့ဆံပင်တွေက နီကျင်ကျင်အရောင်ပေါက်နေပြီး သူ့လက်ကလေးတွေက အရွယ်နဲ့ မလိုက်အောင် အသား မာတွေတက် ကြမ်းတမ်းနေတယ်။


"တနေကုန် စားပွဲထိုးပြီး ည ၁၀ နာရီခွဲဆိုရင် ဆိုင်ပိတ်တယ်။ ဆိုင်ပိတ်ပြီး သိမ်းစရာရှိတာ သိမ်းနဲ့ ည ၁၂ နာရီလောက်မှ အိပ်ရတယ်။ ကျနော်က ဒီမှာလုပ်တာ ၃ နှစ်ရှိနေပြီဆိုတော့ တလ ၈၀၀၀ ရတယ်။ ဖိုးလုံးနဲ့ ၀ဲထူ (မောင်သော်ကောင်းနှင့် အတူ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးနေသည့် ကလေးငယ် ၂ ဦး) တို့လို အခုမှ အလုပ်စ၀င်တဲ့ သူတွေကျတော့ တလ ၄၅၀၀ ပေါ့။ ဆိုင်က ထမင်း ၂ နပ်ကျွေးတယ်။ အိပ်တာက တော့ ဒီခုံတွေစီပြီး အိပ်ကြတာ" လို့ သော်ကောင်းက ပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ အရွယ်ရောက်ပြီး အလုပ် သမားတဦး ရဲ့ အလုပ်ချိန်ကို တောင် တနေ့ ၈ နာရီပဲလို့ သတ်မှတ်ပြဌာန်းထားပေမယ့် ကလေးအရွယ်သာရှိသေးတဲ့ မောင်သော်ကောင်းတို့ ကလေးငယ် တစုကတော့ လက်ဖက်ရည်ဆိုင်မှာ တနေ့ အလုပ်ချိန် ၁၇ နာရီကျော် အလုပ်လုပ် နေရပါတယ်။

မောင်သော်ကောင်းတို့လို တနေ့ ၁၇ နာရီကျော် အလုပ်လုပ်နေရတဲ့ ကလေးငယ်တွေ မြန်မာနိုင်ငံတ၀န်း လက်ဖက်ရည် ဆိုင်နဲ့ စားသောက်ဆိုင် တော်တော်များများမှာ ရှိနေတယ်။ သူတို့ တွေအားလုံးက လုပ်ခလစာနည်းနည်းသာရပြီး အရွယ်နဲ့ မမျှတဲ့ အလုပ်တွေကို လုပ်နေကြရတာပါ။

"ဆိုင် စဖွင့်တုန်းက လူကြီးစားပွဲထိုး ၅ ယောက်နဲ့ တောက်တိုမယ်ရခိုင်းဖို့ ကောင်လေး (အသက် ၁၀ နှစ် ကျော်အရွယ် ကိုဆိုလိုခြင်းဖြစ်သည်) ၂ ယောက်ခေါ်ထားတယ်။ နောက်တော့ လူကြီးတွေက ခိုင်းလို့ မကောင်းဘူး။ ကောင်လေးတွေက တော့ အကောင်းအဆိုး မပြောဘူး ခိုင်းတာအကုန်လုပ်ကြတာနဲ့ ဆိုင်မှာ သူတို့အရွယ် ကောင်လေးတွေကိုပဲ ခေါ်ခိုင်းတော့ တယ်" လို့ ၀င်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် အမျိုးသမီးကြီးက ပြောတယ်။

လူကြီးတွေလို အကောင်းအဆိုး ခွန်းတုန့် မပြန်တတ်ကြဘဲ လစာအနေနဲ့လည်း အလုပ်ရှင်တွေ ပေးသလောက်သာ ယူကြတဲ့ အတွက် မြန်မာပြည်ရဲ့ လုပ်ငန်းခွင် တော်တော်များမှာ ကလေးအလုပ်သမားတွေ အများအပြားရှိနေရခြင်း ဖြစ်ပါတယ်။

"ကလေးအလုပ်သမားတွေက ဘာမှပြန်မပြောတဲ့သူတွေဆိုတော့ အလုပ်ရှင်တွေက အကြိုက်ပေါ့။ အခုနေရာတိုင်း အိမ်ဖော် အလုပ်က အစ ဆောက်လုပ်ရေးလုပ်ငန်းခွင်လို အကြီးစား လုပ်ငန်း ခွင်တွေထိ ကလေးအလုပ်သမား မရှိတဲ့နေရာက ခပ်ရှားရှားဖြစ်လာပြီ။ ဒါ အနာဂတ် တိုင်းပြည် အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူး" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောတယ်။

မြန်မာနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချူပ် ကို ၁၉၉၁ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ ပေမယ့် ကလေးသူငယ် အရေး ကိစ္စတွေမှာ အစိုးရရဲ့ဆောင်ရွက်ချက်တွေက အားရစရာမရှိ ကြောင်း ပြည်တွင်း ကလေး သူငယ်အရေး ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်း တခုရဲ့ တာဝန်ရှိသူတဦးကပြောပြတယ်။

"ကုလသမဂ္ဂ သဘောတူထားတဲ့ အခွင့်အရေးတွေကို ဒီက ကလေးတွေ မရနိုင်ကြဘူး။ ဥပဒေတွေတော့ ရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ တော်တော်ခက်နေတယ်" လို့ သူက ဆိုတယ်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူညီချက် မှာ ကလေးငယ်အားလုံး ဘ၀ရှင်သန်ခွင့်နဲ့ ပြည့်စုံတဲ့ အဓိက အခြေခံလိုအပ်ချက်ရှိရေး အပါအဝင် ခံစားခွင့်တွေ အများကြီး ရှိနေပေမယ့် မြန်မာစစ်အစိုးရက ဒီတာဝန် တွေကို အရေးယူ ထမ်းရွက်ဖို့ လုံးဝပျက်ကွက်နေတယ်လို့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းမှာ ရုံးခန်းဖွင့်လှစ် ထားတဲ့ ၀ါရင့် တရားရုံးချူပ်ရှေ့နေကြီးတဦးကပြောပါတယ်။

စစ်အစိုးရအနေနဲ့ ကလေးငယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ပျက်ကွက်နေရုံမက သူတို့ကိုယ်တိုင်က ကလေးငယ်တွေကို စစ်သား အဖြစ် အသုံးပြု ခိုင်းစေတာတွေ ရှိနေကြောင်း သိရပါတယ်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးနဲ့ သီရိမင်္ဂလာဈေး အနီးမှာ ကြုံရာ ကျပန်း လုပ်စားနေကြတဲ့ ကလေး အလုပ်သမားနဲ့ လေလွင့်ကလေးငယ်တွေကို စစ်သား အဖြစ် ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ ကြည့်မြင်တိုင် မြို့ခံတွေက ဆိုပါတယ်။

"သီရိမင်္ဂလာဈေးနဲ့ ငါးဈေးမှာက လမ်းပေါ်မှာ ကလေးတွေ တော်တော်များ ရှိတယ်။ တချို့လည်း မိဘရှိပေမယ့် ဆင်းရဲ လွန်းတော့ မကျွေးနိုင်လို့ လမ်းပေါ်မှာ ပစ်ထားရင်း လေလွင့်ကုန်တယ်။ တချို့ကတော့ လုံးဝကို မိဘဆွေမျိုး မရှိတာတွေ ပေါ့။ အဲဒီကလေး တွေက ကြုံရာကျပန်းလုပ်၊ လမ်းပေါ်မှာနေ၊ လမ်းပေါ် စားရင်း စစ်သားအဖြစ် စုဆောင်း တာတွေ မကြာ ခဏဆိုသလို ရှိနေတယ်" လို့ ကြည့်မြင်တိုင် ဗဟိုငါးဈေးအနီးက ဒေသခံ တဦးက ပြောပြတယ်။
ဒါပေမယ့်လည်း စစ်အစိုးရ သတင်းမီဒီယာတွေမှာတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားမရှိသလို စုဆောင်းမှုတွေကိုလည်း ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူနေတယ်လို့ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုနေတာ တွေ့ရပါတယ်။

မယ်လစခန်းမှာ ဒုက္ခသည် လူသစ်စာရင်းကောက် ဒုက္ခသည်မှတ်ပုံတင်ပေးမည်ထင်ပြီးလူတွေဝရုန်းသုံးကားဖြစ်

NEJ/ ၁၁ စက်တင်ဘာ ၂၀၀၈။ ။

မယ်လဒုက္ခသည်စခန်းတွင် စခန်းကော်မတီအဖွဲ့က တရားမဝင် လာရောက်နေထိုင်သည့် လူသစ်စာရင်းများအား စာရင်းကောက်ယူခဲ့ရာ ဒုက္ခသည် အသိအမှတ်ပြု မှတ်ပုံတင်ပေးမည်ထင်ပြီး မဲဆောက်မှ မယ်လစခန်းသို့ ညတွင်းချင်း အပြေးအလွှား လာရသဖြင့် ငွေကုန်လူပန်းဖြစ်သူများရှိသကဲ့သို့ အချို့လည်း အဖမ်းခံရပြီး မဲဆောက်ပြန်ပို့ခံရသည်ထိ ရုတ်ရုတ်ရက်ရက် ဖြစ်သွားသည်။

လူသစ်စာရင်းကောက်ခြင်းသည် ဒုက္ခသည် အသိအမှတ်ပြု မှတ်ပုံတင် ပြုလုပ်ပေးရန် စာရင်းကောက်ယူခြင်း မဟုတ် သည့်အတွက် တလွဲတွေးကာ ငွေကုန်လူပန်းမခံသင့်ဟု စခန်းကော်မတီ တာဝန်ရှိသူများကပြောသည်။

လူဦးရေစာရင်း စစ်ဆေးရာတွင် ဒုက္ခသည်စခန်း ကော်မတီတံဆိပ် ပါရှိသည့် အဝါရောင်လက်မှတ်များ ဝေငှခဲ့ရာ လူသစ် များက ယခုဝေငှသည့်လက်မှတ်သည် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရရေးအတွက် မှတ်ပုံတင်ခွင့်ရရန် ပဏာမ ထုတ်ပေးသည့် လက်မှတ်ဟု ယူဆကြသောကြောင့် စခန်းတွင်း မလိုလားအပ်သော ပြဿနာများ ရှုပ်ထွေးစေခဲ့သည်ဟု မယ်လစခန်း၏ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက "အားလုံးကို သိစေချင်ပါတယ်။ မနေ့မနက်က လူသစ်တွေကို ခေါ်စစ်ပြီး အဝါရောင် လက်မှတ်ပေါ်မှာ စခန်း စည်း တံဆိပ်ထု၊ စီနီယာနံပါတ်ထည့်ပြီး ဝေပေးတာက စခန်းကော်မတီအနေနဲ့ လူအင်အားစာရင်း သိချင်လို့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒီကိစ္စဟာ လူသစ်တွေကို ဒုက္ခသည်မှတ်ပုံတင် ရိုက်ပေးမယ်ဆိုပြီးတော့ တလွဲတွေးနေကြတယ်။ တချို့ဆို ညတွင်းချင်း ကားငှားပြီးလာတာတို့၊ ခြံစည်းရိုးကျော်ပြီး ခိုးဝင်တာတို့၊ အများကြီးပဲ။ တချို့ဆို ဒီကတ်ပြားကို ဘတ် (၁,၀၀၀-၁,၅၀၀) အထိ ပြန်ရောင်းတာတွေလည်း ကြားသိရတယ်။ အဲဒါကြောင့်မို့ အခြေအနေမှန်ကို အားလုံးကို သိစေ ချင်တယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက "ဒီနှစ်နောက်ဆုံး ယူအန်အိတ်ခ်ျစီအာကိုတင်တဲ့ လူသစ်စာရင်းဟာ (၁၃,၀၀၀) ဖြစ်တယ်။ မကြာသေးခင်က စခန်းမှာရှိတဲ့ ရပ်ကွက်မှူးတွေကို စာရင်းပြန်ကောက်ခိုင်းတော့ စခန်းထဲမှာရှိတဲ့ လူသစ်စာရင်းဟာ (၃၀,၀၀၀) လောက် ရှိတယ်။ အဲဒါကို စာရင်းအတိအကျရအောင် မနေ့မနက်က ရှောင်တခင် ထပ်စစ်လိုက်တော့ ဘောလုံးကွင်းထဲမှာ အားလုံး (၂၄,၂၀၀) ဖြစ်သွားတယ်။ လူသစ်မှတ်ပုံတင်တဲ့ကိစ္စကို ၂၀၀၈ နှစ်ကုန်ပိုင်းမှာ လုပ်ဖို့ အစီအစဉ်ရှိပေမယ့် အခုတော့ ယူအန်အိတ်ခ်ျစီအာရဲ့သဘောထားနဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဒီနှစ်ထဲမှာတော့ မဖြစ်နိုင်ဘူးလို့ သိရတယ်။ ဒီကိစ္စ ထိုင်းအစိုးရမှာပဲ မူတည်တယ်။ လက်ရှိအခြေအနေအရ ဒီကိစ္စကို ထိုင်းဘက်က အတော်လေး စည်းကမ်းတင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ရှိတယ်။ လူသစ်မှတ်ပုံတင် ရိုက်ဖြစ်ခဲ့ရင်လည်း လက်ရှိ လူတွေထဲက သုံးပုံတပုံရဖို့ အကြိတ်အနယ်ပဲ။ လူသစ်တွေကို ဒုက္ခသည်မှတ်ပုံတင် ရိုက်ဖို့ကိစ္စ ထိုင်းအစိုးရက နောက်ဆုံးအဆင့် အတည်ပြုဖို့လိုသေးတယ်" ဟု ပြောသည်။

ယမန်နေ့နံနက်က လူသစ်များ စစ်ဆေးမည့်အစီအစဉ်ကို ၎င်းရက်မတိုင်ခင် မွန်းလွဲ (၃) နာရီအချိန်က အသိပေးခဲ့သော် လည်း မဲဆောက်အပါအဝင် ဒေသတွင်းမှ မြန်မာများ ညတွင်းချင်း လူ (၅,၀၀၀) ခန့် မိမိတို့အစီအစဉ် အဆက်အသွယ် များဖြင့် စခန်းသို့ ရောက်ရှိလာကြသည်။

အဆိုပါလူစာရင်းစစ်ရာတွင် မိမိအမည်ပါရှိရေးအတွက် လူတဦးလျှင် ဘတ် (၂,၀၀၀) ခန့် အကုန်အကျခံ၍ စခန်းသို့ ညတွင်းချင်း ရောက်ရှိရေးအတွက် မဲဆောက်မှ ကားငှားကာ သွားရောက်ခဲ့ကြသည်။ စစ်ဆေးရေးဂိတ်များ ချထားသည့် အတွက် ဒုက္ခသည်စခန်းအထိ သွားရောက်ခွင့်မရှိဘဲ စခန်းအနီးတွင်ဆင်းပြီး တောထဲမှ ဂျောင်တိုးကာ စခန်းအတွင်း ဝင်ရောက်ကြရသည်။

အချို့မှာ အခြေအနေမှန်ကိုမသိဘဲ မိမိအစီအစဉ်ဖြင့် စခန်းအနီးသို့ရောက်ရှိလာရာ စစ်ဆေးရေးဂိတ်မှဖမ်းဆီးကာ မဲဆောက်ပြန်ပို့ခံရသူ ရာဂဏန်းအထက်ရှိပြီး ဒုက္ခသည်စာရင်း ဝင်ခွင့်ရရှိရေးအတွက် စခန်းတွင်း ဝင်ရောက်ရန် ကြိုးပမ်းသူများထဲတွင် ဘုန်းကြီး၊ သီလရှင်နှင့် အလွှာအသီးသီးမှ လူမျိုးပေါင်းစုံပါဝင်သည်။

ဒေသတွင်းရောက် မြန်မာနိုင်ငံသားများသည် ဒုက္ခသည်စခန်းမှတဆင့် တတိယနိုင်ငံတခုခုသို့ ဒုက္ခသည်အဖြစ် အသိ အမှတ်ပြုခံကာ သွားရောက်ခွင့်ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ငွေကုန်ကြေးကျခံကာ ကြိုးပမ်းကြသည်။
မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး ကရင်ဒုက္ခသည်ကော်မတီ၏ နောက်ဆုံးစာရင်းအရ ဒုက္ခသည် (၄၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

By NEJ

သံစဉ်အက်တဲ့ည

09 September 2008

တိရိစ္ဆာန်အချင်းချင်းညှင်းဆဲတယ်၊ တိရိစ္ဆာန်ကိုလူကညှင်းဆဲတယ်၊ လူအချင်းချင်း ညှင်းဆဲတယ်၊ တွေ့ဖူးမှာပါ တိရိစ္ဆာန်တွေက အနိုင်ရသူကို ဗိုလ်တင်တယ်၊ ဗိုလ်ဖြစ် သူကိုတွေ့လို့ရှောင်ကြတယ်၊ မတော်လို့ ရှေ့မှာဖြတ်သွားမိရင် အမြီးပါတဲ့သတ္တ၀ါဆို အမြီးကုတ်ပြတယ်၊ ကျောက်တဲ့အမူအယာသင်္ကေတ တစ်ခုခုဖြင့်ပြလေ့ရှိတယ်၊ ထိုအခါ ဗိုလ်သတ္တ၀ါက မညှင်းဆဲမသတ်ဖြတ်တော့ဘူး၊ အန္တရာယ်မပြုတော့ဘူး၊ အားမတန်သူကို အင်းအားနဲ့အနိုင်မယူတာ သတ္တ၀ါတွေမှာတောင် ရှိတယ်၊ စားကျက်ထဲအတူတူတွေ့ကြရင် တော့ တိုက်ခိုက်ကြမယ်၊ ရန်ဖြစ်ကြမယ်၊ ဒါက တိရိစ္ဆာန်ဆိုတော့ ဖြစ်ကြမှာပဲ၊ သို့သော်

အချို့သော ကောက်ကျစ်စဉ်းလဲတဲ့ ၀ံပုလွေ၊ ကျား၊ မြေခွေးလိုမျိုးသတ္တ၀ါကြတော့ လူများစားကျက်ထဲကိုလာပြီး ချောင်းမြောင်းသတ်ဖြတ်တယ်၊ စားကျက်လုတယ်၊ အပြေးသန်လို့ ပြေးနိုင်သူမှလွတ်တယ်၊ ကိုယ့်စားကျက်ထဲ ကိုယ့်အစာရှာတာတောင်မှ မနာလို မရှု့စိတ်နဲ့ အနိုင်ကျင့်ဖို့ ယုတ်မာတတ်ကြတယ်၊ တိရိစ္ဆာန်မျိုးမှာ ထိုသို့သော ၀ံပုလွေ၊ ကျား မြေခွေးများကို ကောက်ကျစ်စဉ်းလဲသော သတ္တ၀ါလို့ လူတွေခေါ်ဝေါ်ကြတယ်၊

လူ့လောကမှာလည်း ထိုကဲ့သို့ ၀ံပုလွေ၊ ကျား မြေခွေးလိုမျိုး ကောက်ကျစ်စဉ်းလဲသော လူသတ္တ၀ါတွေကိုလည်း နေရာတော်တော်များများမှာ တွေ့ရတတ်ပါတယ်၊ သူတို့ဟာ မျိုးတူမျိုးကွဲ မရှောင် ကိုယ့်အတ္တအတွက်သော်လည်းကောင်း၊ ကိုယ့်အရှိန်ဝါ အာဏာအတွက် သော်လည်းကောင်း ကိုယ့်လူမျိုးအပေါ်ယုတ်မာရဲတယ်၊ သတ်ဖြတ်အနိုင်ကျင့်ရဲတယ်၊ တစ်ဖက်သားရဲ့ ဆင်းရဲ သောကအတွက် ဘယ်တော့မှ ထည့်စဉ်းစားပြီး ကိုယ်ချင်းမစာတတ် ဘူး၊ သနားညှာတာဖို့ဝေးစွ၊ ကိုယ့်အမှားကိုယ်မမြင်တတ်ပဲ အမှားကို တင်ပြလာရင်လည်း တင်ပြသူကို အပြစ်ပေးအရေးယူတတ်ပြန်တယ်၊ အဲဒီလိုမျိုးကို တရားမျှတမှုမရှိ မတရားတဲ့ အဖွဲ့အစည်းတွေမှာ အမြဲတိုင်းကျင့်သုံးနေကြတယ်၊

လူတိုင်းမှာ မွေးရာပါ အခွင့်အရေးပါပါလျက် လူသားရဲ့ အခွင့်အရေးကို ရိုက်ချိုး ဗိုလ်ကျစိုးမိုးတဲ့ လူယုတ်မာတွေရဲ့ ခြေဖ၀ါးအောက်မှာ လူသားတစ်ဦးရဲ့ ကိုယ်ပိုင်အခွင့်အရေး ဟာ နာကျည်းစွာ ဆုံးရှုံးပျောက်ကွယ်နေရတယ်၊
လောကကြီးသည် အကောင်းအဆိုးနှစ်မျိုးတို့ ဒွန်တွဲနေတာမှန်ပါ၏၊ ထိုအကောင်း အဆိုးနှစ်မျိုးတို့သည် မျှတနေဖို့တော့လိုပါ၏၊ မှန်ကန်စွာဒွန်တွဲနေဖို့တော့လို၏၊ အကောင်းကို အဆိုး အဆိုးကိုအကောင်းလို့ မမှန်မကန်ဒွန်တွဲနေလျှင် အမြင်ချင်းလည်းမတူနိုင်တော့ပါ၊ အချင်းချင်းလည်း မမှန်နိုင်တော့ပါ၊ ကမောက်ကမအားဖြင့် မြင်ကြ ကြည့်ကြတော့မည်၊ ထိုအခါ လူမျိုးတစ်မျိုးသည်လည်းကောင်း၊ တိုင်းပြည်တစ်ပြည်သည်လည်းကောင်း၊ လောက ကြီးတစ်ခုလုံးသည်လည်းကောင်း ဖယိုဖရဲဖြစ်ကုန်မှာသေချာ၏၊ လူသည်လူအချင်းချင်း ငြှိနှိုင်း လို့မရသောအခါ မည်သည့်တိရိစ္ဆာန်ကမှ လာပြီးငြှိနှိုင်းပေးနိုင်မည်မဟုတ်ပါ၊
ကောက်ကျစ်လျှင် တိရိစ္ဆာန်တွေထက် ပိုကောက်ကျစ်တတ်သောလူသားများသည် မပြေလည်နိုင်အောင်ကိုလည်းဖန်တီးသည်၊ ပြေလည်အောင်လည်းဖန်တီးသည်၊ မမှားခင်မှာ လည်းမှားသည်၊ မှားပြီးတော့လည်းဆက်မှားသည်၊ ကိုယ့်မာန်မာနကို လာထိလျှင် မှန်မမှန်စဉ်း စားခွင့်မပေး ချက်ခြင်းပင် တုန့်ပြန်ဖြေရှင်းတတ်သည်၊ လူသည်အတွေးအခေါ် အမျှော်အမြင် တို့ခေါင်းပါးလာလျှင် ကိုယ်နဲ့ပတ်သက်သော တစ်စုံတစ်ခုအဆင်ပြေဖို့အတွက်သာ ရဖို့ အတွက်ဆိုလျှင် ဘာမဆိုလုပ်ရဲသည်၊ လူသားတစ်ယောက်ကိုလည်း တိရိစ္ဆာန်တစ်ကောင်လို သတ်ရသတ်ရ သတ်ရဲသည်၊ ဘာကြောင့်လည်း ဘာအတွက်လည်း ဘာဖြစ်သွားမလဲ ဒါကို သူမစဉ်းစားတတ်တော့ပါ၊ ခွေးရူးတစ်ကောင်ရဲ့ တစ်မွန်းတည့်ကောင်းစာတာကို အားကျမိရင်း ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်၊ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ကျင့်သုံးတတ်သောလူတွေရှိနေပါသည်။

ချစ်သောစာဖတ်သူအားလုံး ငြိမ်းချမ်းသောဘ၀တစ်ခု ကိုယ်စီဖန်တီးနိုင်ကြပါစေ။

သမ္မာဆန္ဒဖြင့်- စောမျိုးထွန့်သလာဖောင်

ထိုင်းဝန်ကြီးချုပ်အား ရာထူးမှနုတ်ထွက်ရမည်ဟု ထိုင်းတရားရုံးဆုံးဖြတ်

Agencies/ ၉ စက်တင်ဘာ ၂၀၀၈။ ။
The NEJ

ထိုင်းဝန်ကြီးချုပ်စမတ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချိုးဖောက်၍ အစားအစာ ချက်ပြုတ်ရေး ရုပ်သံအစီအစဉ်တခုကို ထုတ်လွှင့်ခဲ့သောကြောင့် အပြစ်ရှိသဖြင့် ၀န်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပေးရမည်ဟု ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။

ထိုင်းနိုင်ငံ ၂၀၀၇ ခု ဖွဲ့စည်းပုံဥပဒေ၌ ရွေးချယ်ခံ မည်သည့်နိုင်ငံရေးသမားမဆို တာဝန်ထမ်းဆောင်နေစဉ် အခြားလခစားအလုပ်များ လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားခြင်းဖြစ်သည်။ ယခုစွပ်စွဲချက်ကို လွှတ်တော် အမတ်အချို့က ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါစွပ်စွဲချက်ကို ယမန်နေ့က စတင်စစ်ဆေးစဉ် အသက် (၇၃) နှစ်ရှိ ၀န်ကြီးချုပ်စမတ်က Face Media Co.,Ltd. မှ ချက်ပြုတ်ရေးအစီစဉ် ထုတ်လွှင့်ရာ၌ သွားရေးလာရေး ခရီးစရိတ်မျှသာရပြီး လခအနေဖြင့် မရရှိသဖြင့် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။

၎င်းက "ကျနော် ၀ါသနာပါလို့ အဲဒီလိုလုပ်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဖြစ်ပြီးနောက် ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်တော့လည်း ကုမ္ပဏီတခုအတွက် ပုံမှန်လစာယူ လုပ်ပေးတာမဟုတ်ဘူးဆိုရင် ဖွဲ့စည်းပုံဥပဒေနဲ့ မငြိစွန်းဘူးလို့ သူတို့အားလုံးက ပြောကြပါတယ်" ဟု ထွက်ဆိုသည်။

အဆိုပါကုမ္ပဏီ စီမံခန့်ခွဲရေးမှူး ဆက်ချိုင်း ကယောက်ဝနီဆကွန်ကမူ ၎င်းတို့ကုမ္ပဏီက မစ္စတာစမတ်အား ရုပ်သံ ကြော်ငြာ (၄) ခု အတွက် ဘတ်ငွေ (၈၀,၀၀၀) ပေးခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သို့သော် ယင်းသို့ပေးခြင်းသည် ၀န်ထမ်းအဖြစ်ပေးခြင်းမဟုတ်ဘဲ ဂုဏ်ပြုမှုတခုအနေဖြင့်သာ ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

မစ္စတာစမတ်၏ ပြည်သူ့စွမ်းအားပါတီ (PPP) အဖွဲ့ဝင်များကလည်း တရားရုံး၏ဆုံးဖြတ်ချက်ကို လိုက်နာမည် ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အနေဖြင့် မစ္စတာစမတ်အား ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။

မစ္စတာစမတ်နုတ်ထွက်ပေးလိုက်ရသဖြင့် လစ်လပ်သွားသည့် ၎င်းနေရာအား အစားထိုးရန် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ပါတီ (၆) ခုအတွင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မစ္စတာစမတ်သည် လွှတ်တော်အမတ် ဖြစ်နေသေး သောကြောင့် အစိုးရအဖွဲ့ဝင် အခြား (၅) ပါတီက လက်ခံပါက ၀န်ကြီးချုပ်ပြန်လည် အရွေးခံနိုင်သေးကြောင်း PPP အဖွဲ့ဝင် မစ္စတာ ၀ိထယာက ပြောသည်။

ယခုအခါ ထိုင်းနိုင်ငံရေးအနေအထားသည် ရှုပ်ထွေးလျက်ရှိပြီး မစ္စတာစမတ်၏ ရုံးသည်လည်း ၎င်းအား နုတ်ထွက်ပေးရန် တောင်းဆိုနေသော ဆန္ဒပြသူများ၏ သိမ်းပိုက်ခြင်းကို ယခင်လ (၂၆) ရက်မှစ၍ ယခုအထိ ခံထားရဆဲဖြစ်သည်။ ယခုလဆန်းပိုင်းတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသော်လည်း ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (PAD) ဦးဆောင်သော ဆန္ဒပြ သူများက ဆက်လက်စုဝေးနေဆဲဖြစ်သည်။

ယခင်သီတင်းပတ်ကလည်း ၀န်ကြီးချုပ်ရုံးသို့ ချီတက်ဆန္ဒပြသည့် ဘန်ကောက်မြို့ ရမ်ခဲန်ဟမ်တက္ကသိုလ်မှ ကျောင်းသားများကို အမည်မသိ သေနတ်သမားများက ပစ်ခတ်သဖြင့် ကျောင်းသား (၂) ဦး ဒဏ်ရာရ သွားပြီးနောက် ဆန္ဒပြမှုများအတွင်း ကျောင်းသားများလည်း ပိုမိုပါဝင်လာကြပြီ ဖြစ်သည်။

By Komyo

ကရင်သတင်းစဉ်

07 September 2008

ကရင်သံတော်ဆင့် သတင်းစာမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ လေ့လာဖတ်ရှုနိုင်ပါသည်။

Read this document on Scribd: KIC Aug-08


ကရင်သတင်းစဉ် အဖွဲ့သူ အဖွဲ့သားများအားလုံး ကျေးဇူးအထူးတင်ရှိပါသည်။

ပညာရေးနဲ့ ကရင်လူမျိုး

04 September 2008

ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့ဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ဓလေ့ရိုးရာရှိကြပါတယ်။ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုတွေဟာ ထိုလူမျိုးရဲ့ အသက်သွေးကြောသဖွယ် တည်ရှိနေပါတယ်။ဒါကြောင့် ကိုယ့်လူမျိုး ကိုယ်ဘာသာတွေကို တစ်ခြား လူမျိုးဘာသာထက် ပိုပြီးချစ်မြတ်နိုးတတ်ကြတယ်။ဒါဟာလည်း လူသားမျိုးနွယ်ရဲ့ သမိုင်းပေး သဘာဝဓလေ့တစ်ခုပါပဲ။

ကိုယ်ယဉ်ကျေးမှု၊ ဘာသာစကားတွေကို ကိုယ်က မချစ်မြတ်နိုးတတ်ရင် အဲဒီပုဂ္ဂိုလ်ဟာ ကိုယ့်လူမျိုး အစစ်ရယ်လို့ မသတ်မှတ်တော့ပါဘူး။ဘယ်သူက လာပြီးတော့လည်း ကိုယ့်ဘာသာစကား၊ ထုံးတမ်းစဉ်လာတွေကို ဂရုစိုက်ပေးမှာ မဟုတ်ပါဘူး။ကိုယ်တိုင်ပဲ ထိန်းသိမ်းချစ်မြတ်နိုးနိုင်ရပါမယ်။တစ်ချို့က ပြောတတ်ကြပါတယ်။ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာမှ၊ကိုယ့်ယဉ်ကျေးမှုမှ၊ အစွဲကြီးတယ်လို့ ကဲ့ရဲ့တတ်ပါတယ်။

ဒါဟာ သဘာဝမကျပါဘူး။တစ်ချို့ အစွန်းရောက်သမားတွေကတော့ သဘာဝကျပါလိမ့်မယ်။"တန်ဆေး လွန်ဘေး" ဆိုတဲ့ မြန်မာစကားပုံ အတိုင်း ဘယ်ဟာမှ လွန်ရင် မကောင်းသလို တစ်အားပျော့လွန်းပြန်ရင်လည်းမကောင်းပါဘူး။ သဘာဝကျကျတွေးတော့ ဆင်ခြင်တတ်ဖို့ပဲ အရေးကြီးပါတယ်။လူတိုင်းလတိုင်းဟာ ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေး စတဲ့အရေးတွေကို သူတစ်ပါးထက် သာစေချင်၊ တိုးတက်စေချင်ကြတာချည်းပါပဲ။ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်က ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ၀ိုင်းဝန်းချီးမြင့်တာ အပြစ်မဆိုသာပါ။လုပ်သင့်လုပ်ထိုက်တဲ့ သမိုင်းပေး တာဝန်တစ်ခုပါ။

ဒါကြောင့် ကရင်လူမျိုးဟာ "ထီ့ဆေ၀်.မှေ်ယွာ" ဆိုတဲ့ ကရင်စကားပုံအရ ဟိုးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာတဲ့ လူမျိုးပါ။ယဉ်ကျေးမှု၊ ဘာသာစကား၊ရိုရာဓလေ့ သေသေချာချာ ရှိပါတယ်။တစ်ချို့က ဘာသာစကားကွဲပေမယ့် လူမျိုးစုကတော့ တစ်ခုတည်းပါ။ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုတည်းသော တို့လူမျိုးစုဟာ မကွဲပြားသင့်တာ အမှန်ပါ။"နွားကွဲရင် ကျားစွဲ" ဆိုတာ အားလုံး သတိထားသင့်ပါတယ်။ တို့အချင်းချင်း မညီညွတ်ရင်၊ ကွဲပြားသွားရင်၊ အသိပညာ၊ အတတ်ပညာမရှိရင်အဲဒီလူမျိုးဟာ ဘယ်တော့မှ ကြီးပွါးနိုင်မယ် မဟုတ်ပါ။

စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် အချင်းချင်း ကူညီလိုစိတ် ရှိကြမယ် မဟုတ်ပါ။ကရင်လူမျိုးတို့ဟာ ပင်ကိုယ်စိတ်က အင်မတန်မှ ဖြူစင်ကြပါတယ်။ ရိုးသားကြိုးစာကြပါတယ်။ ဒါပေမယ့် လိုတာတစ်ခုက အသိပညာနဲ့ အတတ်ပညာပါ။လူမျိုး တစ်မျိုးရဲ့ တိုးတက်မှု စံနှုန်းဟာ ပညာရေးက ရေသောက်မြစ်ပါပဲ။ဒါကြောင့် ပညာသင်ဖို့က မပျင်းကြဖို့၊ ပညာရေးကို တန်ဖိုးထားဖို့ လိုပါလိမ့်မယ်။တို့ ကရင်လူမျိုးတွေဟာ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားဖို့ သိပ်အလေးမထားကြပါဘူး။စာရေးသူ ကိုယ်တိုင်အတွေ့အကြုံအရ ဆိုရင် မိဘတွေကိုက ပညာရေးအတွေ့အကြုံ မရှိတော့ ကိုယ့်သားသ္မီးတွေကို ဘယ်လို အားပေးကြရမှန်းမသိကြပါ။မိမိကြီးပြင်းရာ ဒေသမှာလည်း ပညာရေးစံနှုန်း မတိုးတက်တဲ့အခါကျတော့ ဒါမှမဟုတ် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း မပြုနိုင်တဲ့ အခြေအနေကျတော့ ပညာရေးကို တန်ဖိုးထားရမှန်း မသိကြတော့ပါဘူး။

ဒါပေမယ့် အခုတိုးတက်လာတဲ့ခေတ်မှာ ပညာရေးဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ တော်တော်များများ နားလည်လာကြပါပြီ။ဒါဟာ အကောင်းဘက်ကို ဦးတည်လာတဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် လယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ပညာရေးကို ဦးစားပေးပါ၊ အလေးထား သင်ဖို့ မမေ့လျှော့သင့်ပါ။ပညာမရှီလျှင် အသိဥာဏ်လည်း မရှိနိုင်သလို ကိုယ့်လူမျိုးတိုးတက်အောင် မစွမ်းဆောင်နိုင်ပါ။အရာရာတိုင်းမှာ ဟုတ်မဟုတ်၊ ကောင်းမကောင်း၊ လုပ်သင့်မလုပ်သင့်၊ မှန်မမှန် မဆင်ခြင်မတွေးတောတတ်လျှင် ဆုတ်ယုတ်ဖို့သာ များနေတယ်။အလုပ်တစ်ခုကို အောင်အောင်မြင်မြင် ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်ရင် အဖွဲ့အစည်း သို့မဟုတ် ပညာရှင်အသိုင်းအ၀ိုင်း ရှိဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် "အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ "ဆိုတဲ့ မြန်မှာ စကားပုံလို ခိုင်ခိုင်မာမာ ထောက်ပံ့မှု မရှိရင် ပရမ်းပတာ ဖြစ်နေမှာပဲ။တို့ကရင်တွေဟာ တစ်ချို့က ပိုက်ဆံရှိကြပါတယ်။ဒါပေမယ့် တန်ဖိုးရှိတဲ့ ပညာရေးထောက်ပံ့မှုမျိုးလို မသုံးကြပဲ ဘာမှ ဘ၀အတွက်အကျိုးမရှိတဲ့နေရာမျိုးမှာ သုံးလိုက်တာပဲ။

ဒီလိုပြောတာက မနာလိုလို့ ပြောတာမဟုတ်ပါ။ သူတစ်ပါးလည်း အကျိုးရှိ၊ မိမိမှာလည်း အကျိုးရှိတဲ့ နေရာမျိုးမှာ ရွေးချယ်တတ်တဲ့ အမြင်ရှိစေချင်လို့ပါ။တစ်ချို့ကျတော့လည်း အသက်ကြီးလာမှ၊ ဒါမှမဟုတ် သူတစ်နိုင်ငံတိုးတက်မှုတွေဟာ ပညာရေးနဲ့တည်ဆောက်ထားပါလားလို့ သိလာကြတယ်။ဘာပဲဖြစ်ဖြစ် တို့ကရင်တွေဟာ တို့လူမျိုးရဲ့စာပေ၊ အနုပညာ အတတ်ပညာ၊ ယဉ်ကျေးမှု စတဲ့ ဓလေ့တွေကို ပညာရေးနဲ့ အဆင့်မှီအောင် တည်ဆောက်နိုင်ရမယ်။ ကရင်လူမျိုးအားလုံး ပညာသင်ဖို့ မပျင်းပါနဲ့။ ကိုယ့်လူမျိုးတွေကို ချစ်ခင်မြတ်နိုးတတ်ပါစေ။ ကိုယ့်စာပေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားတတ်ပါစေ။

ငါ့စာဖတ်၍ မမြတ်တိုင်စေ၊ မရှုံးစေသား
ပျင်းပြေနှစ်ခြိုက် တစ်ပုဒ်တစ်လေ၊ ပါငြားပေမူ
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ။
စာဖတ်သူ့ပေါ် ခေါင်းကိုကျောက်၍
ငါသော်ဆရာ မလုပ်ပါတည်း။

တက္ကလိုလ် ဘုန်းနိုင်ရဲ့ စာပေအဓိဌာန်နဲ့ နိဂုံးချုပ်လိုက်ပါရစေ။

စောအောင်ဟိန်း (ဘားအံ-ကိုကူး)

ပအို့ဝ်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်သား ၈ ဦး သေ

04 Sept 2008

သန်းထိုက်ဦး
Mizzima News

အစိုးရ စစ်တပ်ဖွဲ့ဝင်များနှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးတပ် (PNLO) အကြား ပြီးခဲ့သည့်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ တပ်သား ၈ ဦး သေဆုံးသွားသည်ဟု သူပုန်ဘက်က ပြောသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ ထီးတမောင်နှင့် နန့်အောကျေးရွာကြား၌ ညနေ ၄ နာရီခွဲခန့်တွင် ခြေမြန်တပ်ရင်း (ခမရ) ၄၂၅၊ ၄၂၆ တပ်များနှင့် ဖြစ်ပွားခြင်း ဖြစ်သည်။

"ဆီဆိုင်ကနေ တောင်ကြီးကို အပြန် ဆီဆိုင်ကနေ ထွက်ရင်တော့ ၆ မိုင်လောက်ပဲ ရှိမယ်။ အဲဒီနေရာမှာ ရောက်တော့ ကျနော်တို့လူ ဗိုလ်မှူး ကျော်ထင် အဖွဲ့နဲ့ သွားတိုးတယ်။ တိုးတော့ အဲဒီမှာ တိုက်ပွဲဖြစ်သွားတာ။ နအဖ ဘက်က ၈ ယောက်ကျတယ်။ ဒဏ်ရာတွေလည်း ရကြတယ်" ဟု PNLO စည်းရုံးရေး တာဝန်ခံ စွဲထူက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "တောင်ကြီးက (ကနည) ကုန်းလမ်း ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာန အဖွဲ့တွေက တောင်ကြီး ဆီဆိုင်မြို့ကို လာတယ်။ ဆိုင်ကယ်လိုင်စင်တို့၊ ကားလိုင်စင်တို့ လာလုပ်သွားတယ်လေ။ သူတို့လာတော့ အဲဒီမှာ ပန်းယင်ကျေးရွာက ၄၂၅ ၊ ၄၂၆ တပ်ရင်းပေါ့။ အဲဒါတွေ ပါတယ်။ သူတို့ ဆီဆိုင်မြို့မှာ အဲဒီ မှတ်ပုံတင်ကိစ္စတွေ၊ လိုင်စင်ကိစ္စတွေ လုပ်ပြီးတော့ အပြန်မှာ တိုက်ပွဲဖြစ်တာ" ဟု ပြောသည်။

နှစ်ဖက် တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့သော်လည်း လုံခြုံရေး အခြေအနေအရ PNLO တပ်ဖွဲ့ဝင် အင်အား မည်မျှရှိသည်ကို ပြောခွင့် မရှိကြောင်းနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည့် အစိုးရတပ်တွင် အင်အား ၃ဝ ခန့် ရှိကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် ဇွန်လအတွင်းက ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ် (ရလလဖ) တပ်ဖွဲ့မှ ခွဲထွက်ခဲ့ပြီး ယင်းအဖွဲ့အား ပြန်လည်၍ PNLO အဖွဲ့ဟု အမည်ပြောင်းလဲကာ နယ်စပ်တနေရာတွင် အခြေချကာ စစ်အစိုးရအား ဆန့်ကျင် တော်လှန်နေခြင်း ဖြစ်သည်။

ဆီဆိုင်မြို့နယ်ရှိ ဦးတာကလယ် ဦးဆောင်သော ရလလဖ တပ်ဖွဲ့အား စစ်အစိုးရက က လက်နက်ချရန် ဖိအားပေးခဲ့ရာ ပြီးခဲ့သည့်လ ၃ ရက်နေ့တွင် အောင်မြင်သွားပြီ ဖြစ်သည်။

ကရင်စာပေ ပညာအစ

04 September 2008

(မိမိလူမျိုးစာပေကိုချစ်ခင်မြတ်နိုးတန်ဖိုး
ထားပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အလို့ငှါ ရည်သန်၍ ဤဆောင်းပါးကိုတင်ပြခြင်းဖြစ်ပါသည်)


ကရင်လူမျိုးတို့သည်နေထိုင်လာခဲ့သော မက်ဆိုပိုတေးမီးယားဒေသနှင့် ရှိနလွင်ပြင်မြစ်နှစ်မွာဒေသတွင် ကရင်လူမျိုးတို့သည် စာရေးခြင်းအတတ်ပညာကို တတ်မြောက်ခဲ့ကြပြီဟု သမိုင်းသုတေသီတို့က ဆိုကြ၏။

အစောဆုံးကမ္ဘာ့စာပေ

ဘီစီ (၄၀၀၀)နှင့် (၃၀၀)ခန့်တွင် ဆူမာရီးယန်းလူမျိုးသည် မျှားသွားပုံ အက္ခရာနှင့် စာရေး၍ အီဂျစ်လူမျိုးတို့သည် အရုပ်စာဖြင့် ကမ္ဘာ့ပေါ်တွင် အစောဆုံးစာရေးနည်း ရေးသားကြသည်ကို သမိုင်းပညာရှင်တို့ကဆို၏။

ကမ္ဘာ့အနှံ့ဆူမားရီးယန်းလူမျိုးတို့သည် ကျူနီဖေါင်းစာရေးနည်းကို ဆီမိုက်အနွယ်ဝင် ဘက်ဘီလုံးနီးယန်းလူမျိုးနှင့် အဆီးနီးယန်းလူမျိုးတို့က ဘီစီ (၂၅၀၀)ခန့်တွင် လက်ခံရယူခဲ့ပြီး ၄င်းတို့ထံမှ တစ်ဆင့် အင်ဒိုဥရောပအနွယ်ဖြစ်သော ဟစ်တိုက်နှင့် ပါရှန်းလူမျိုးတို့ထံမှ ဘီစီ (၁၅၀၀) နှင့် (၆၀၀)ခန့်တွင် အသီးသီးပြန့်နှံ့ခဲ့သည်။

အနောက်ဆီမင်းတစ်အနွယ်သည် ဖီနီရှန်ကုန်သည်များထံမှတစ်ဆင့် ဂရိလူမျိုးတို့က စာရေးနည်း အတတ်ပညာကို ဘီစီ (၉၀၀)ရာစုခန့်တွင် ရရှိကြပြီးလျှင် ဂရိတို့ထံမှတစ်ဆင့် လက်တင်၊ ပြစ်သစ်၊
ဂျာမန်စသော ဥရောပဘာသာစပေများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပေသည်။ ၁၅-ရာစုနှင့် စာပုံနှိပ် အတတ်ပေါ်ပေါက်လာခြင်းနှင့် သာသနာပြုပုဂိုလ်တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် စာရေးခြင်းအတတ်သည် ကမ္ဘာ့အနှံ့အပြားပျံ့နှံ့ခဲ့ပေ၏။

အာရှရောက်စာပေအက္ခရာအရှေ့တောင်အာရှနိုင်င့များဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါလ်၊ တိဗက်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၏ အသုံးပြုလျှက်ရှိသော အက္ခရာများမှာ အိန္ဒိယနိုင်ငံ၏ ဘီစီ (၇)ရာစုနောက်ပိုင်းတွင် ထွန်းကားလာသည့် ဗြဟ္မီအက္ခရာများဖြစ်၏။

ဆိမိတစ်အက္ခရာမှ ဗြဟ္မီအက္ခရာ

ဗြဟ္မီအက္ခရာသည် ဘီစီ (၈၉၀)ခန့်က ဖီနီရှန်ကျောက်စာများတွင် တွေ့မြင်ရသော မြောက်ပိုင်း ဆိမိတစ်အက္ခရာမှ ဆင်းသက်လာခဲ့ကြောင်းတွေ့ရှိရသည်။ ၄င်းတို့အက္ခရာများကို မက်ဆိုပိုတေးမီးယားဒေသမှရှိသော လူမျိုးစုများက ယူဆောင်လာခဲ့ရာမှ ဘီစီ (၃)ရာစုခန့်က အသောကဘုရင်ကျောက်စာများကို ရေးထိုးထားသော အချိန်မှစ၍ ဗြဟ္မီအက္ခရာဟု အမည်တွင်လာခဲ့ခြင်းဖြစ်၏။

မြန်နိုင်ငံရှိ အက္ခရာ

မြန်မာနိုင်ငံတွင် ယနေ့ရေးသားသောအက္ခရာသည် အိန္ဒိယနိုင်ငံ ဘီစီ (၆)ရာစုခန့်တွင် စတင်ထွန်းကားခဲ့သော ဗြဟ္မီအက္ခရာပွားများဖြစ်ခဲ့ကြောင်း ပညာရှင်တို့က လက်ခံကြသည်။ အေဒီ (၄)ရာစုနှစ်ခန့်က သရေခေတ္တရာ ပျူလူမျိုးတို့ ရေးသားလျှက်ရှိသော အက္ခရာသည် အိန္ဒိယမြောက်ပိုင်းသုံး -ကဒမ္ဘ-အက္ခရာ-ဖြစ်ကြောင်း ပညာရှင်များက လက်ခံကြသည်။
(ခင်ဘကုန်း - ရွှေပေချပ် (၂၀) ကို လေ့လာပါ)

ကရင်လူမျိုး ပလ္လ၀အက္ခရာ

ကရင်တို့သည် မက်ဆိုပိုတေးမီးယားဒေသရှိ ရှနလွင်ပြင် မြစ်နှစ်မွှာဒေသမှ ရေးသားတတ်မြောက်သော စာပေကို မြန်မာနိုင်ငံသို့ ရောက်ရှိသောအခါ အက္ခရာသစ်များရေးသားတီထွင်လာ၍ မူလရေးသားသော -ဆိမိတစ်အက္ခရာ- ကို အသုံးမပြုတော့ဘဲ -ပလ္လ၀အက္ခရာ-ကို ဆန်းသစ်တီထွင်ကာ ရေးသားလာခဲ့ကြသည်ဟု စာပေအက္ခရာသမိုင်းပညာရှင်တို့က ဆိုကြ၏၏။

မွန်နှင့်ကရင် အက္ခရာတူကြ

ကရင်တို့သည် မြန်မာနိုင်ငံတွင်ရေက်ရှိနေထိုင်သောအခါ ကရင်တို့ရေးသားသော -ပလ္လ၀အက္ခရာ-ဖြင့်ပင် မွန်လူမျိုးတို့သည်လည်း ၄င်းအက္ခရာစာနှင့် ရေးသားခဲ့ကြသည်ကိုတွေ့ရသည်။
ဘုရင်ရေးသော အက္ခရာ
ပလ္လ၀အက္ခရာ-ဆိုသည်မှာ အိန္ဒိယနိုင်ငံတွင် ရှေးအကျဆုံး အသုံးပြုသော -ဗြဟ္မီအက္ခရာ-မူကွဲဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် ဂုတ္ထဘုရင် အုပ်ချုပ်စဉ် ဂုတ္ထအက္ခရာ၊ ကဒမ္ပဘုရင်အုပ်ချုပ်လျှင် ကဒမ္ပအက္ခရာ၊ ပလ္လ၀ဘုရင်အုပ်ချုပ်လျှင် ပလ္လ၀အက္ခရာသုံးကြောင်း သုတေသီတို့က ဆိုကြ၏။

အထက်မြန်မာနိုင်ငံ စာပေအင်အားစာအုပ်က

ယနေ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်း၇င်းသားအားလုံးတို့ရဲ့ ရေးသားတဲ့စာပေဟာ -ပလ္လ၀အက္ခရာ-တွေပါဘဲ၊ ဒီအက္ခရာဟာ အိန္ဒိယကုန်သည်ထံမှ တစ်ဆင့် မြန်မာတိုင်းရင်းသားများ
လက်ထဲကို ရောင်ခဲ့တယ်လို့ သမိုင်းပညာရှင်တွေကဆိုတယ်။
မြန်မာနိုင်ငံမှာ ရေးသားတဲ့စာပေအများစုဟာ အက္ခရာသုံးတဲ့ သမိုင်းနဲပကြည့်ရင် ရခိုင်ပြည်နယ် ဘက်မှာ -ဂုတ္ထအက္ခရာ-နဲ့ သက္ကဋဘာသာကျောက်စာတွေမှာ တွေ့ရှိရပါတယ်။ ဟန်လင်းဘက်မှာက -ဂုတ္ထအက္ခရာ-နဲ့ ပျူဘာသာကျောက်စာတွေ တွေ့၇တယ်။ မြန်မာနိုင်ငံ -ဂုတ္ထအက္ခရာ-၀င်ရောက်လာတာဟာ အေဒီ (၄၀၀)ထက်မစောဘဲ (၆၀၀)ထက် နောက်မကျဘူးလို့ သမိုင်းပညာရှင်တွေပြောပါတယ်။

သရေခေတ္တရာပျို့မှာရှိတဲ့ ပျူလူမျိုးတွေက ကဒမ္ပအက္ခရာသုံးတယ်။ (ဟန်လင်းပျူက - ဂုတ္ထအက္ခရာသုံးတယ်) သထုံနဲ့ မုတ္တမဘက်က မွန်လူမျိုးနဲ့ ကရင်လူမျိုးတို့မှာတော့ -ပလ္လ၀အက္ခရာ-နဲ့ ခရစ်အေဒီ (၇၀၀)လောက်က စတင်ပြီးတော့ အသုံးပြုတယ်လို့ ခန့်မှန်းကြတယ်။ ဒီထက်စောရင်လည်း စောနိုင်တယ်။

ကရင်များကလည်း အဲဒီခေတ်လောက်ဘဲ ကရင်စာကို ပလ္လ၀အက္ခရာနဲ့ ကရင်အသံထွက်အတိုင်း ပွားပြီတော့ သုံးတယ်လို့ အချို့သုတေသီများက ဆိုတယ်။

ကျောက်စာမှတ်တမ်းတွေကို ကြည့်ရင်…

(၁) အနိရုဒ္ဒါ(အနော်ရထာ) ဘုရင်ဟာ ခရစ်နှစ် အေဒီ (၁၀၄၇-၇၇) နှစ်မှာ ဘုရင်မှတ်တမ်းကို သက္ကဋ၊ ပါဠိဘာသာရေးတဲ့စာနဲ့ ရေှးမှတ်တယ်။
(၂) ကျန်စစ်သား(ထီးလှိုင်ရှင်)ဟာ ခရစ်နှစ်အေဒီ (၁၀၄၄-၁၁၁၃) ခုနှစ်မှာ မွန်ဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။
(၃) အလောင်းစည်(၁) ဟာ ခရစ်နှစ်အေဒီ (၁၁၁၃-၁၁၆၃) ခုနှစ်မှာ ပါဠိဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။
(၄) ရာဇကုမာရ(ကျန်စစ်သား) ရဲ့ သားဟာ ခရစ်နှစ်အေဒီ (၁၁၁၃) ခုနှစ်မှာ ပါဠိ+မွန်+ပျူ+ဗမာ(၄)မျိုးပါတဲ့ မြတ်စေတီကျောက်စာကို ပလ္လ၀အက္ခရာနဲ့ ရေးထိုးထားပါတယ်။
(၅) နရပတိစည်သူမင်းဟာ ခရစ်နှစ်အေဒီ (၁၁၇၄-၁၂၁၉) ခုနှစ်မှာ ဗမာ (မြန်မာ)ဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။
ရှေးဟောင်း ကရင်လူမျိုးတွေရဲ့ ရေးသားတဲ့ ပလ္လ၀အက္ခရာဟာ မွန်လူမျိုးနဲ့ တပြိုင်တည်းအသုံးပြုခဲ့တယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများအားလုံး ရေးသားတတ်ကြတဲ့ -မြန်မာစာ-ဟာ ခရစ်နှစ်အေဒီ (၁၁၁၃) ခုနှစ်လောက်မှ အစောဆုံးပေါ်ပေါက်လာတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
မွန်စာပေဟာ ခရစ်နှစ်အေဒီ (၁၀၄၄) ခုနှစ်မှာ သားတော်စောလူမင်း ခေတ်အဆုံး (၁၀၈၄) အေဒီ အထိနှင့် ကျန်စစ်သားမင်းလက်ထက် ခရစ်နှစ် အေဒီ (၁၀၈၄ မှ ၁၁၁၃)အေဒီနှစ်အထိ မွန်ဘာသာအစွမ်းကုန် ထွန်းကားသော အခါသမယလို့ ပါမောက္ခဒေါက်တာလု(စ်)က ဆိုပါတယ်။
ခရစ်နှစ်အေဒီ (၁၁၁၃ မှ ၁၁၇၃) ခုနှစ် အထိဟာ နှစ်ပေါင်း (၆၀)အတွင်း -မွန်စာပေနဲ့ မြန်မာစာပေ ကူးပြောင်းရေးကြားကာလ- လို့ မှတ်ယူကြတယ်။
နရပတိစည်သူမင်းလက်ထက် ခရစ်နှစ်အေဒီ (၁၁၇၄-၁၂၁၁)နှစ်အတွင်းမှာ မြန်မာစာပေ အရေးအသားဟာ ထီးသုံးနန်းသုံးဖြစ်လာခဲ့ပြီး အဲဒီအချိန်ကို မြန်မာဘာသာ အစွမ်းကုန်ထွန်းကား
သော အခါသမယလို့ ပါမောက္ခဒေါက်တာလု(စ်)က ဆိုပါတယ်။

ယေဓမ္မာတွင် ပါသောစာ
အေဒီ (၄၀၀-၆၀၀)ခန့်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့ဟောင်း (ဝေသာလီမြို့ဟောင်း) တောင်ခါးပန်းမှ တွေ့ရှိသော -ယေဓမ္မာ-ပါစာသည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ ဂုတ္ထမင်းအက္ခရာဖြစ်ပြီး သက္ကဋဘာသာဖြင့်ရေးသည်။
အေဒီ (၅၀၀-၆၀၀)ခန့်တွင် သရေခေတ္တရာကုန်းဘောင်ခေတ်တွင် တူးဖေါ်ရရှိသော ရွှေလွှာချပ် (၂၀) -ယေဓမ္မာ-ပါသောစာသည် ပျူအက္ခရာ(သို့မဟုတ်)ပလ္လ၀အက္ခရာပါဠိဘာသာဖြင့်ရေးသည်။
အေဒီ (၅၀၀-၆၀၀)ရာစု ထိုင်းနိုင်ငံတောင်ပိုင်း ပရပထုံစေတီတော်ကြီးအနီး ကျောက်တုံးနှစ်ခုပေါ်တွင် -ယေဓမ္မာ-ဂါထာနှစ်ခုပါသော ပလ္လ၀အက္ခရာဟာ မွန်ဘာသာဖြင့်ရေးသားသည်။

အစောဆုံးကရင်စာပေ

ကရင်လူမျိုးတို့ ရေးသားထားသောစာတွင် အစောဆုံး ရေးသားထားသောပေစာမှာ မြန်မာသက္ကရာစ် (၁၀၀၀- ၁၂၀၀)ခုနှစ်ခန့်လောက်က ရေးသားခဲ့သည်ဟု ဆို၏။ တနည်း (၁၈၇၃)
ခုနှစ်က ကရင်ပေစာ စတင်ထွက်ပေါ်လာခဲ့။
ကရင်စာပေ (၅) မျိုး
၁. လ်ုဝါ် (လ၀ိုက်) ကဗျာ
၂. လင်္ကာ (လင်ကာ) အလင်္ကာ
၃. သုပတ် (သလပတ်) စကားပြေအကျယ်
၎. အ်ုခ၀့် (အခေါ့) အနက်အဓိပ္ပါယ်
၅. လိက်အိင်း (လိုက်အိန်း) စကားပြေအကျဉ်း ဟူ၍ (၅)မျိုးရှိ၏။

အေဒီ (၁၈၃၂) ခုနှစ်သို့ ရောက်သောအခါ စကောကရင်ဘာသာဖြင့် အမေရိကန် နှစ်ခြင်းသာသ
နာပြု ရောက်လာသော ဒေါက်တာဂျွန်နသန်ဝိတ်က ပလ္လ၀အက္ခရာ (တနည်းအားဖြင့်) မြန်မာအက္ခရာစာလုံးများကို အသုံးပြု၍ စကောကရင်အသံထွက် စာရေးနည်းကို တီထွင်ပေးခဲ့၏။ ထိုနောက် အေဒီ (၁၈၃၅)ခုနှစ်သို့ ရောက်သောအခါ ၄င်းပုဂိုလ်ကပင် ဂရိနှင့် ရောမအက္ခရာများကို
အသုံးပြုပြီး ပိုးကရင်အသံထွက် စာရေးနည်းကို တီထွင်ပေးခဲ့သည်။ ။

တောမှီရဟန်း (တောင်ကလေးအေးရိပ်သာ-ဘားအံ)

ရင်နာစရာအဖြစ် ---ဘယ်သူတွေဖန်တီးကြသလဲ.......

04 September 2008

("ရွှေတံခါး" ဆိုတဲ့ ဉာဏ်ဦးမောင်ရဲ့ ပင်မဆောင်ပါးကို အခြားခေါင်းစဉ်တစ်မျိုးဖြင့် ပြန်လည်တင်ပြခြင်းသာဖြစ်သည်။်)

အမေ့အိမ်တံခါးပေါက်ကိုရောက်တော့ လွမ်းလောက်စရာဒေါ်နတောင်ကြီးကို မှိုင်းပျပျ၊ လှမ်းလို့မြင်ရတယ်။
သြော်...ဒီမြေဟာ အမိရေ၊ ဒီရေဟာ အမိရေ၊ ဒီလေဟာလည်း အမိလေလို့ မှန်းဆမိတော့ လွမ်းစိတ်ကပိုမိ
တယ်။ ဒီဒေါနတောင်ကြီးမှာ ဒို့ညီ၊ အကို၊ မောင်၊နှမတွေ ဘယ်လောက်များ အသက်တွေဆတေးခဲ့ကြသလဲ
လို့ တွေးမိပြန်တော့ ၀မ်းနည်းစိတ်မကောင်းဖြစ်မိပြန်တယ်။

တမြေတည်းနေ၊ တရေတည်းသောက်၊ သွေးရင်း သားရင်း ညီနှောင်အချင်းအချင်း နှစ်ပေါင်းတွေကြာ စစ်ပွဲ
တွေ ခင်းလာကြခဲ့တာက ခုထိတိုင် မပြီးဆုံးနိုင်လေစွ။ အဖြေကိုရဖို့ အဆုံးမရှိမှန်း သိနေတဲ့နည်းတွေနဲ့ အချိန်
တွေကို ဖြုန်းတီးလာကြတာ နှစ်ပေါင်းမနည်းတော့ပေ။ တိုက်ခိုက်ခြင်းတွေ၊ ချေမှုန်းခြင်းတွေ၊ အငြင်းပွားခြင်း
တွေ၊ အချင်းများခြင်းသံသရာတွေနဲ့သာ ရဟတ်လည်တာ။

ရန်ကြားမှာ "မြေစာပင်" ဖြစ်သွားသူအများစုကတော့ ကလေးသူငယ်၊ လူမမယ်တွေ၊ သက်ကြီးရွယ်လွန် ဇရာ
ကျွန်တွေ၊ ပွင့်သစ်သွေးစို မိန်းမပျိုတွေ။

သားနာမည်ဆိုတော့ " ထရန်ဆပ်" တဲ့။
" ဘာဖြစ်လို့ သားက ဗမာဖြစ်ပြီး ဗမာနာမည် မမှည့်တာတုန်း"
သားက ဗမာနာမည်ကို မကြိုက်ဘူးတဲ့။
ဗမာစစ်စစ်ကလေးတစ်ယောက်က ဗမာနာမည်ကို မုန်းသတဲ့လေ။ ဘယ်လောက်များ နားကြည်းစရာကောင်း
လဲ။ ဗမာနာမည်ကို မုန်းဖို့ နှလုံးသားနုနုလေးမှာ ဘယ်လောက်ဒဏ်များ သင့်ခဲ့ပါသလဲ။

" သားကျောင်းမတက်ဘူးလား" မေးတော့။
" သားကျောင်းတက်ဖို့ ပိုက်ဆံမရှိဘူး" တဲ့။
" ပိုက်ဆံရှိရင်ရော တက်မှာလား" ဆိုတော့
" မရှိနိုင်ဘူး ။ ရှိရင်တော့ တက်မယ်" တဲ့
(၇) နှစ်သား ဗမာကလေးတစ်ယောက်ရဲ့အဖြေပါ။ အဖေနာမည်က မသိ၊ အမေခေါ်စရာလည်း မရှိ။ သူ့အ
ဖွားလို့ သူထင်နေတဲ့ အဖွားအိုတစ်ယောက်နဲ့သာ နေရရှာတဲ့ ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်အံကြလာ
တဲ့ အရိုးသားဆုံး ဗမာကလေးတစ်ယောက်ရဲ့ စကားများပါ။

မြန်မာပြည်တံခါးဝ " မဲဆောက် " ဆိုတဲ့ ထိုင်းမြိုးလေးရဲ့ သောင်ရင်းမြစ် ကမ်းစပ်မှာ တွေ့ခဲ့ရတဲ့ ကလေး
တစ်ယောက်ရဲ့ ဘ၀ပုံရိပ်အစ တစ်စပါ။ ညစ်ပတ်ပေရေနေတဲ့ ဘောင်ဘီတိုလေးကို ၀တ်ပြီး အထက်ပိုင်း
ကိုယ်ဗလာနဲ့ ကလေးတစ်ယောက်ရဲ့ ပုံကိုမြင်ကြည့်လိုက်စမ်းပါ။ ဒါလူသားတစ်ယောက်ရဲ့ "ဘ၀" တဲ့လား။
စားစရာလည်း အစာမရှိ၊ နေစရာလည်း အိမ်မရှိ။ ကုန်ကုန်ပြောရလျှင် ပြေးလွှားကစားစရာတောင်မှ မြေမ
ရှိတဲ့ ကလေးတစ်ယောက်ရဲ့ဘ၀။

ကိုယ်တိုင်မကြုံခဲ့လျှင် ပုံပြင်တစ်ပုဒ်အလား ထင်မှတ်မှားစရာပါ။
" သားဘယ်မှာ နေသလဲ" ဆိုတော့
" ဒီမှာ နေတယ်" တဲ့
ထိုင်းနိုင်ငံဖက်ခြမ်း သောင်ရင်းမြစ်ကမ်းစပ်က လူသွား ကွန်ကရစ်စင်္ကြံအောက်က နေ၊ မိုးမလုံတဲ့ (၃)ပေ
လောက်နေရာလေးကို လက်ညိုးထိုးပြတယ်လေ။ ဒါကလေးတစ်ယောက်ရဲ့ နားခိုရာတဲ့။ ဒါတောင် ဒီမှာရှိ
တဲ့ ထိုင်းရဲက နားလည်းမှု ပေးထားလို့ နေခွင့်ရှိတာတယ်တဲ့။ ကွန်ကရစ် စင်္ကြံပေါ်မှာထိုင်ပြီး လာသမျှ ခရီး
သည်တွေကို စီးကရက်နဲ့ အရက်ကိုရောင်းနေတဲ့ ဒေါ်မြက ရှင်းပြပါတယ်။

" အမတို့ ဒီလိုရောင်းနေတာ ရဲတွေမဖမ်းဘူးလား " ဆိုတော့
" ရဲလာရင် သောင်ရင်းမြစ်ထဲ ဆင်းပြီး ခဏရှောင်နေလိုက်တာပေါ့" တဲ့

ဒီနေရာ ဒီဒေသဟာ လူကြီးရော၊ ကလေးပါ လုံခြုံစိတ်ချရတဲ့ နေရာမဟုတ်ပါ။ ဒါပေမယ့် ဒီနေရာကနေ တစ်
ဖက်ခြမ်းမှာ ရှိတဲ့ မြ၀တီဆိုတဲ့ နာမည်လှလှ မြို့ကလေးနဲ့စာလျှင်တော့ ၀မ်းဗိုက်အတွက် အစာလေးနည်း
နည်းဖြည့်တင်းဖို့ ပိုရှိတာမို့ နေရတာပါတဲ့။

" မြန်မာပြည်ဘက် မပြန်ဘူးလားလို့" ထရန်ဆပ်ကို မေးကြည့်တော့...
" မြန်မာပြည်ဘက်မှ စားစရာမရှိဘူး။ မပြန်ဘူး" တဲ့လေ
ဒီမြေဟာ ဒို့မြေ။ မြေကြီးက ရွှေသီးတယ်လို့ ၀င့်ကြွားခဲ့တဲ့ မြေ။ ကျောက်သံ ပတ္တမြားတွေပေါများ၊ ရေနဲ့ ဓာတ်
ငွေ့တွေလည်း အလျှံပယ်၊။ ကျွန်းသစ် သစ်တောထွက်ပစ္စည်းတွေနဲ့ ပြည့်ဝပြီး အာရှရဲ့ ဆန်အိုးကြီးလို့ တင်
စားခေါ်ဝေါ်ကြတဲ့ ရွှေနိုင်ငံတော်ကြီး။ အခုတော့ ဒီနိုင်ငံဘက်မှာ ဘာမှစားစရာမရှိဘူးတဲ့။ ကြားရတော့ ရင်
ထဲမှာ အတိုင်းအဆမရှိ နာကျဉ်မိတယ်။

" သားမှာ သူငယ်ချင်းတွေ မရှိဘူးလား" ဆိုတော့
" သူတို့ စားဖို့ သွားရှာနေကြတယ် " တဲ့
သြော်.....ညနေ ကျောင်းဆင်းချိန်ရောက်တော့........
ခမ်းနားထည်ဝါလှတဲ့ အဆောက်အဦးကြီးထဲက ၀တ်စုံအပြည့်နဲ့ ထိုင်းလူမျိုးကျောင်းသာလေးတွေ ထွက်လာ
ကြတယ်။ ကျောင်းအ၀မှာ အဖိုးတန်မော်တော်ကား၊ အဖိုးတန်မော်တော်ဆိုင်ကယ်တွေနဲ့ မိဘတွေက လာ
ကြိုဆိုနေကြတယ်။ ကျောင်းထဲမှာ သူတို့လေးတွေရဲ့ မျက်နှာတွေမှာတော့ ပြုံးလို့ ပျော်လို့။ အပူမရှိ၊ သောက
မရှိ။ အေးချမ်းမှုအပြည့်။ သူတွေဟာ ထိုင်းနိုင်ငံသားစစ်စစ်လေးတွေ။

အခြားတစ်ဖက်မှာတော့---မှားမယ်ထင်ပြီးမေးကြည့် မနေပါနဲ့။ ရွှေပြည်အ၀င် " မဲဆောက် " ဆိုတဲ့ နယ်စပ်
မြို့လေးက အမှိုက်ပုံးတွေမှာ ၊ လမ်းဘေးတစ်နေရာရာမှာ ၊ ခွက်ကောက်၊ ဘူးကောက်၊ ပလတ်စ်တစ်ကောက်
နေသူလေးတွေဟာ " ဘယ်နိုင်ငံကလဲလို့ " မေးမနေပါနဲ့။
သူတို့တစ်တွေ ရွှေနိုင်ငံကလာတဲ့ ရွှေဗမာစစ်စစ်လေးတွေပါ။ ပညာရေးလည်း မရှိ၊ ကျမ်းမာရေးလည်း မရှိ၊
စားစရာမရှိ၊ နေစရာ မရှိ။ ဆင်းရဲခြင်းကလွဲလို့ ဘာမှမရှိ။ ပူပင်မှု အပြည့် ၊ သောကအပြည့်။

ဒါတွေ ဘယ်သူတွေ ဖန်တီးခဲ့ကြပါသလဲ။ ဖန်တီးနေကြပါသလဲ။ သူတို့လေးတွေ ကိုယ်တိုင်ဖန်တီးခဲ့ကြတာ
မဟုတ်တာတော့ လုံးဝသေချာနေပါတယ်။
တကယ့်ကို နက်နက်ရှိုင်းရှိုင်းရင်နာမိပါတယ်။ ။

ရင်နာစရာအဖြစ် ဖန်တီးသူတွေဟာ ဘယ်သူ...????????


စောလင်းနက်စ်

ဒေါ်စု ဒန်ဒီ လွတ်မြောက်ရေးဆုရ

04 September 2008









နေအိမ်မှာ အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှနိုင်ငံ စကောတလန်နယ် ဒန်းတီးမြို့ ကောင်စီ ကနေ Dundee Freedom Award လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် လိုက်ပါ တယ်။

မနေ့ ဗုဒ္ဒဟူးနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ ဒန်းတီးမြို့မှာပဲ မြို့တော်ဝန်ကနေ ဆုကိုချီးမြင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အင်္ဂလန်မှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က Anna Roberts က ဆု လက်ခံယူခဲ့ပါတယ်။ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ Anna Roberts က ဒီဆုနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလို ရှင်းပြ ပါတယ်။

"ဒန်းတီး မြို့တော်ကောင်စီကနေ ဒီကနေ ဒေါ်အောင်ဆန်းစုကြည်ကို မြို့တော်ရဲ့ လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် ပါတယ်။ ဒီဆုဟာ မြို့တော်ရဲ့ တန်ဖိုးထားတဲ့ ဆုတဆုပါ။ လူအတော်များများကို သူတို့ ပေးလေ့မရှိပါဘူး။ ဒါကြောင့် ဒီဆုတကယ်ကို ဂုဏ်ယူစရာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လူအများစိတ်ဝင်တစား သိလာစေဖို့ အခွင့်အလမ်း တရပ် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်၊ စစ်အစိုးရဆိုတာ ဘာလဲ စသဖြင့် အများသိရှိလာစေဖို့ အခွင့်အလမ်းကောင်းပါ။"

ဆုပေးပွဲမျာတော့ ဒန်းတီးမြို့တော် ကောင်စီဝင်တွေ စကောတလန်နယ်ခံ လွှတ်တော်အမတ်တွေ နယ်ခံ မြန်မာ့အရေး လှုပ်ရှားသူတွေ စုစုပေါင်း ၁၀၀ကျော် တတ်ရောက်ခဲ့ကြပါတယ်။ ပွဲမှာ ကိုယ်စား ဆုလက်ခံခဲ့တဲ့ Anna Roberts က ကျေးဇူးတင်စကားပြောပါတယ်။ မြန်မာ့အရေး လက်ရှိအခြေအနေတွေ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ တတ်ရောက်လာသူတွေကို ရှင်းပြခဲ့တယ်လို့ သူမက ပြောပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်မိတယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ ကျမတို့ အမြဲတမ်း စိုးရိမ် ပူပင်နေရပါတယ်။ အခုအချိန်မှာ သူ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ သတင်းမျိုး အခြား မရေမရာ သတင်းမျိုးတွေ ကြားနေရပါတယ်။ ဒါပေမယ့် ကျိန်းသေတာတခုကတော့ - မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဆောင်ရွက်နေတာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အရမ်း ဒေါသထွက်နေတယ် စိတ်ပျက်နေတယ် ဆိုတာကတော့ မြင်သာပါတယ်။ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ လာတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဖို့ ငြင်းပယ်ဆိုတာလည်း ကုလသဂ္ဂဘက်က ဆောင်ရွက်ချက်တွေဟာ ဘာမှ ရလာဒ်ထွက်မလာဘူးလို့ မြင်တဲ့သဘောလို့ ထင်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆက်ပြီး ဆောင်ရွက်မယ်ဆိုရင် အချိန် သတ်မှတ်မှုရှိရမယ်၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်လာစေရမယ်၊ တကယ့်ကို စစ်မှန်တဲ့ နိုင်ငံရေး အသွင် ကူးပြောင်းမှုမျိုး ဖြစ်ရမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြနေပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လွတ်မြောက်ရေးဆုတွေ လူ့အခွင့်အရေးဆုတွေ ပေးကြတာ အတော်များပါပြီ။ အခုလို ဆုတွေ ပေးကြတာ၊ အခုလည်း ဒီ ဒန်းတီး လွတ်မြောက်ရေးဆုရတာတွေဟာ ဘယ်လောက် လေးနက်မှုရှိတယ်၊ မြန်မာနိုင်ငံအတွက် ဘယ်အတိုင်းအတာ ထိရောက်မှုရှိတယ်လို့ ယူဆသလဲခင်ဗျ။

"ဒါဟာ တကယ့်ကို စိတ်အားတတ်စရာပါ။ ဒန်တီးမြို့ရော ဗြိတိသျှနိုင်ငံတ၀ှမ်းမှာရော တကမ္ဘာလုံးမှာပါ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ စွမ်းဆောင်မှုနဲ့ ပိုင်းဖြတ်မှုတွေအပေါ် ဒီလိုဆုတွေ ပေးပြီး အသိအမှတ် ပြုကြတာပါ။ မြန်မာနိုင်ငံ ကိစ္စကို အလေးပေးလာဖို့ အများစိတ်ဝင်စားလာကြဖို့ အခွင့်အလမ်းကောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပြည်သူတွေအဖို့လည်း သူတို့ကို ကမ္ဘာက မေ့မထားဘူး၊ သူတို့နဲ့အတူ ကျမတို့ ရှိနေတယ်၊ ကျမတို့ လှုပ်ရှားဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံ လွတ်မြောက်သည်အထိ ကျမတို့ ဆက် လှုပ်ရှား သွားကြမယ်ဆိုတာ သိစေပါတယ်။"

ဒါကတော ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒန်းတီးလွတ်မြောက်ရေးဆုကို လက်ခံယူခဲ့တဲ့ Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Anna Roberts ပြောသွားတာတွေ ဖြစ်ပါတယ်။ မနေ့ညပိုင်း ဆုပေးပွဲမှာတော့ မြန်မာနိုင်ငံအကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀နဲ့ ပတ်သက်လို့ မှတ်တမ်းတင် ဗွီဒီယိုကိုလည်း ပြသခဲ့ပါတယ်။

ကမ္ဘာ့ သြဇာတိက္ကိမကြီးသူ အမျိုးသမီးများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အဆင့် ၃၈ ချိတ်

04 September 2008

Forbes မဂ္ဂဇင်းကြီးက မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာပေါ်တွင် သြဇာ တိက္ကိမ ကြီးမားသူ အမျိုးသမီးများ စာရင်း၌ အဆင့် ၃၈ အဖြစ်သတ်မှတ် ဖေါ်ပြလိုက်ပါသည်။

နှစ်စဉ် ထုတ်ပြန်လေ့ရှိသော ဤစာရင်းသည် မီဒီယာများက ဖေါ်ပြမှု၊ ဘဏ္ဍာရေး အင်အားနှင့် အလုပ်အကိုင် ရာထူး စသည်တို့ကိုမူ တည်တွက်ချက်ခြင်း ဖြစ်ပြီး နိုဘယ်လ်ဆုရ မြန်မာခေါင်းဆောင်သည် သြဇာတိက္ကိမ ကြီးမားသော အမျိုးသမီး နိုင်ငံရေးသမားများ စာရင်းတွင် အဆင့် ၁၂ ချိတ်သည်။

ဤစာရင်းနှင့်အတူ တွဲ၍ပါသော ဆောင်းပါးတွင် နာမည်ကြီး အမျိုးသမီးများကို မိမိတို့၏ ထိပ်ဆုံးအဆင့် အမျိုးသမီး ၃ ဦးကို ရွေးချယ်ပေးပါရန် မေးမြန်းခဲ့ရာ Vogue မဂ္ဂဇင်းအယ်ဒီတာ ဂျုံးဂျူလီယက်ဘတ်ခ် (Joan Juliet Buck) က ဒေါ်အောင်ဆန်းစုကြည်ကို "အကျယ်ချုပ် ကျခံနေရတဲ့ သက်ရှိ အာဇာနည် အမျိုးသမီးဖြစ်၍" ဟု ဆိုကာ အဆင့် ၁ အဖြစ် ရွေးချယ်ခဲ့သည်။

ဤရွေးချယ် သတ်မှတ်မှုနှင့်အတူ ပူးတွဲပါရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိအကျဉ်းတွင် ရိုးတိုးရိပ်တိတ် ဖေါ်ပြထားချက်အရ ဤအဆင့် ရရှိခဲ့ခြင်းသည် လွန်ခဲ့သော လများအတွင်း မြန်မာနိုင်ငံကို မီဒီယာများက အာရုံစိုက် ဖေါ်ပြခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အထူးသဖြင့် နာဂစ်ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်အပြီး မီဒီယာများတွင် မြန်မာနိုင်ငံ အကြောင်းများများ ပါလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။

မည်သို့ပင်ဖြစ်စေ သူမ၏ အဆင့်အတန်းသည် မဂ္ဂဇင်း၏ အဓိက အရေးထားရာဖြစ်သော အလုပ်အကိုင် ရာထူး အဆင့်အတန်းနှင့်လည်း သက်ဆိုင် ရောင်ပြန်ဟပ်မှု ရှိနေသည်။ သူမကို တိုက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အဖြစ်၎င်း၊ "ရာထူးမှ ဖြုတ်ချခံရသော ဝန်ကြီးချုပ်" အဖြစ်၎င်း ဖေါ်ပြထားခြင်းကြောင့်လည်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ အထက်လွှတ်တော် အမတ်လည်းဖြစ်၊ သမတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သော မစ္စ ဟီလာရီ ရော့ဒမ် ကလင်တန် သည် "မီဒီယာ" အမှတ်အများဆုံး ရခဲ့ပြီး အဆင့် ၂၈ ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အထက်မှ ကပ်လျက် နေရာ ရသွားသည်။

လက်ရှိ သမတကတော်နှင့် ထိန်းသိမ်းခံ နိုဘယ်ဆုရှင်ကို စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ထောက်ခံသူတဦးဖြစ်သူ လော်ရာဘုရှ် မှာမူ Forbes မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၄၄ အဖြစ် ရွေးချယ်ခံရသည်။

ဤအဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာချိန်သည် အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာစစ်အစိုးရကို ကုလ လုံခြုံရေးကောင်စီ ဥက္ကဌ၏ ကြေငြာချက်တွင် ဖေါ်ပြပါရှိသော အစိုးရ၊ အခြား အတိုက်အခံ အင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အချိန် သတ်မှတ်ချက်ရှိသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် စသည့် တောင်းဆိုချက်များကို လေးစားလိုက်နာရန် ပန်ကြားချက်နှင့် မရှေးမနှောင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

"ကုလအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ၏ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် တိုးတက်မှုများကို မြှင့်တင်ရန် ကြိုးပန်းမှုများကို မြန်မာအစိုးရက ပူးပေါင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် အမေရိကန် ပြည်ထောင်စုသည် နောက်တဖန် အလွန်အမင်း စိတ်ပျက်မိကြောင်း" ဟူ၍ နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) က ယမန်နေ့က ကြေငြာချက်ကို ဖတ်ကြား၍ ပြောကြားသွားခဲ့ပါသည်။ မစ္စတာ ဂမ်ဘာရီသည် ယခင်အပတ်က မြန်မာနိုင်ငံသို့ ၆ ရက်ကြာ လာရောက် လည်ပတ်ခဲ့သည်။

"မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေး တိုးတက်မှုသည် မြန်မာအစိုးရက ဤလမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ ရိုးရိုးသားသား လိုက်ပါ လျှောက်လှမ်းနိုင်မှုအပေါ်တွင် မူတည်နေသည်" ဟု နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ဆွေးနွေးပွဲ ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး လိုအပ်ချက်ကို ရည်ညွှန်းကာ သတင်းထုတ်ပြန်ချက်ကို အဆုံးသတ်ခဲ့ပါသည်။

၂ဝဝ၆ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ်များကမူ Forbes မဂ္ဂဇင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို အဆင့် ၄၇ နှင့် ၇၁ အဖြစ် အသီးသီး သတ်မှတ် ဖေါ်ပြထားခဲ့သည်။

ဂျာမဏီနိုင်ငံ အဓိပတိ အင်ဂျလာမာကယ်လ် (Angela Merkel) မှာ ယခုတကြိမ်တွင်လည်း သုံးနှစ်ဆက်တိုက် အဖြစ် အမြင့်ဆုံးအဆင့် အဆင့် ၁ အဖြစ် သတ်မှတ် ဖေါ်ပြခံခဲ့ရပါသည်။

Mizzima News

ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ရန် မြန်မာညွန့်ပေါင်းအဖွဲ့က ကမ္ဘာကိုတိုက်တွန်း

04 September 2008

နယူးဒေလီ – ထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေသည် ဆိုသည့် ကောလာဟလအပေါ် ကမ္ဘာတဝှမ်းရှိ မြန်မာလူထု အခြေပြု ညွန့်ပေါင်း အဖွဲ့အစည်းတရပ်က စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြလိုက်ပြီး၊ သူမ၏ အသက်ကို ကယ်တင်နိုင်ရန် ချက်ချင်း ကြားဝင် ဆောင်ရွက်ပေးပါမည့် အကြောင်းလည်း နိုင်ငံတကာအသိုင်း အဝိုင်းကို တောင်းဆိုလိုက်သည်။
အစားအစာများ ပေးပို့ခြင်းကို လက်မခံတော့ဘဲ ငြင်းပယ်လိုက်သည် ဟူသော အရပ်ပြော စကားများ ထွက်ပေါ်လာပြီးနောက် အသက် ၆၃ နှစ်အရွယ်ရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ကျန်းမာရေး အခြေအနေမှာ အလွန် စိုးရိမ်စရာ ကောင်းသော အခြေအနေတွင် ရှိနေသည်ဟု မြန်မာအဖွဲ့အစည်း ၂၈ ခုဖြင့် ဖွဲ့စည်းထားသော ညွန်ပေါင်းအဖွဲ့ တရပ်ဖြစ်သည့် "စားနပ်ရိက္ခာနှင့် လွတ်လပ်ရေး အမျိုးသား လှုပ်ရှားမှု" (National Campaign for Food and Freedom – NCFF) က ကြာသပတေးနေ့က ပြောဆို သွားခဲ့ပါသည်။

"အစာငတ်ခံ ဆန္ဒပြနေသည်မှာ ရက်သတ္တ ၂ ပတ်ရှိနေပြီ ဆိုသည့်သတင်းသာ တကယ် မှန်ကန်ခဲ့လျှင် သူမ၏ ကျန်းမာရေး အခြေအနေမှာ အလွန် အန္တရာယ်ကြီးသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်" ဟု အဆိုပါ ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။

သြစတြေလျအခြေစိုက် စိုးရိမ်ပူပန်လျက် ရှိသော မြန်မာသမားတော်များနှင့် ပညာရှင်များအဖွဲ့ (Concerned Burmese Physicians and Professionals – CBPP) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရေမွန်တင့်ဝေ က ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုလုပ် ကျူးလွန်လျက်ရှိသော လုပ်ဆောင်ချက်များအတွက် မြန်မာ စစ်အစိုးရကို ပြင်းထန်သည့် ဖိအားတရပ် ပေးပါရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့ တောင်းဆိုထားသည်ဟု ပြောဆိုသွားခဲ့ပါသည်။ ဤအဖွဲ့သည် အထက်ပါ ညွန့်ပေါင်းအဖွဲ့၏ အဖွဲ့ဝင် အဖွဲ့အစည်းတခု ဖြစ်ပါသည်။

"သူမသည် တိုင်းပြည်၏ ခေါင်းဆောင်တဦး အနေဖြင့် စစ်အစိုးရ၏ တရားမျှတမှု မရှိသော လုပ်ရပ်များအတွက် ဆင်းရဲဒုက္ခ ခံစားရလျက် ရှိပါသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဤကိစ္စကို တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်မနေသင့်ပါ" ဟု ဦးတင့်ဝေက ပြောဆိုသွားခဲ့ပါသည်။

ကုလ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် ပြီးဆုံးသွားပြီးနောက် ထိန်းသိမ်းခံ နိုဘယ်ဆုရှင်က သူမထံ ပုံမှန် ပေးပို့နေသော အစားအစာများကို လက်မခံတော့ဘဲ ငြင်းပယ်လိုက်သည် ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ရာ မြန်မာပြည်သူများရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းပါ ထိတ်လန့် တုန်လှုပ်သွားခဲ့ရသည်။

သူမနှင့် အဆက်အသွယ် မရှိသောကြောင့် ဤသတင်းကို အတည်ပြုမပေးနိုင်ကြောင်း သူမပါတီ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သော်လည်း ပြည်ပရောက် သူမပါတီအဖွဲ့ခွဲ တခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (NLD-LA) ကမူ သူမသည် အစားအစာများကို သြဂုတ်လ ၁၅ ရက်နေ့က နောက်ဆုံး လက်ခံခဲ့ပြီးနောက် နောက်ထပ် လက်ခံရယူခြင်း မရှိတော့ဟု ပြောဆိုသွားခဲ့ပါသည်။

"သူမ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်၊ ဒါကြောင့်လဲ ခုလိုသာ ဆက်ဆန္ဒပြနေတယ် ဆိုရင် သူမရဲ့ ကျန်းမာရေးအတွက် ကျနော်တို့ စိုးရိမ် ပူပန်မိပါတယ်" ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

သို့သော် အဆိုပါ သတင်းကို စစ်အစိုးရကမူ ကောလဟလ တရပ်သာ ဖြစ်သည်ဟုဆိုကာ ခါးခါးသီးသီး ငြင်းပယ်သွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ရှေ့နေဖြစ်သူ ဦးကြည်ဝင်းနှင့် နောက်တကြိမ် ရှားရှားပါးပါး တွေ့ဆုံခွင့်ရခဲ့သည် ဟု ဦးဥာဏ်ဝင်းက တနင်္လာနေ့က ပြောကြားသွားခဲ့ပြီး သူမ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး သူမ အနေဖြင့် အနားယူရန် လိုအပ်နေကြောင်းဖြင့်လည်း ပြောဆိုသွားခဲ့ပါသည်။

လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကြာမျှ ထိန်းသိမ်းခံနေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရှေ့နေနှင့်၎င်း၊ မိသားစု ဆရာဝန်နှင့်၎င်း သြဂုတ်လအတွင်းက တွေ့ဆုံခွင့် ရခဲ့ပါသည်။

"အစိုးရအနေဖြင့် သူမအား ဆရာဝန်များ၊ ဧည့်သည်များ၊ သံတမန်များ နှင့် သူမပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုစေလိုပါသည်" ဟု ဒေါက်တာရေမွန်က ပြောဆို သွားခဲ့ပါသည်။

နိုင်ငံတကာ အသိုင်းအဝန်းက ဤကိစ္စတွင် ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းသည့် အနေဖြင့် ကမ္ဘာ တဝှမ်းရှိ အဓိကမြို့ကြီးများတွင် ဆန္ဒပြပွဲများကို ကျင်းပပြုလုပ်သွားမည်ဟု (NCFF) က ပြောဆိုသွားခဲ့ပါသည်။

Mizzima

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.